ရတနာရှာဖွေမှုတွင် အခြေအနေ ပြောင်းလဲခြင်း
Vol. 45 Ch. 613
ဖုန်း
ဧရာမလိပ်၏ တောင်ကဲ့သို့ ခန္ဓာက မြောက်တက်သွားပြီး စတင်လွင့်ထွက်သွားတော့၏။ ၎င်း၏လိပ်ခွံ့ကလည်း အက်ကွဲကြောင်းကြီး ပေါ်လာကာ ဝမ်းဗိုက်တွင်လည်း ဒဏ်ရာကြီး ပေါ်လာတော့သည်။ ၎င်း၏ဧရာမ ခန္ဓာသည် ခပ်ဝေးဝေးသို့ လွင့်ထွက်သွားသည်နှင့် သူ၏ မြူသာ ကျန်ရစ်ခဲ့တော့၏။ မူလက ငြိမ်းချမ်းနေသော ရေအိုင်သည် ယခုဆို ရေအိုင်၏မျက်နှာပြင်၌ နက်ရှိုင်းသော မြောင်းရာကြီးတစ်ခု ပေါ်လာတော့သည်။ လှိုင်းကြီးများကလည်း ဗွမ်းခနဲ တက်လာလေပြီး ဘေးတစ်ဖက် တစ်ချက်ဆီသို့ ပန်းထွက်ကုန်၏။
ဖုန်း
လိပ်အိုကြီး၏ ခန္ဓာသည် မီတာသုံးရာ အကွာတွင်ရှိသော ရေအိုင်၏ကမ်းစပ်ပေါ် ပြင်းထန်စွာ ကျရောက်သွားပြီး မြေပြင်မျက်နှာပြင်ပေါ်ရှိ ရေခဲများကို အပိုင်းပိုင်းအစစ ဖြစ်စေကုန်ကာ တွင်းနက်ကြီးက မြေပြင်ပေါ်တွင် ကျန်ရစ်သည်။ လိပ်အိုကြီးက ပက်လက်လန် လဲကျနေစဉ် သူ၏ဝမ်းဗိုက်၌ သွေးများစွန်းထင်နေ၏။ လတ်လတ်ဆတ်ဆတ် သွေးများက ဝမ်းဗိုက်ပေါ်ရှိ နက်ရှိုင်းသော ဒဏ်ရာမှ ပန်းထွက်လာနေသေးဆဲဖြစ်သည်။
ဘီး
ဆန်းကြယ်ဧကရာဇ်က အောင်းလူဟု အမည်တပ် ခေါ်ဝေါ်သော လိပ်အိုကြီးသည် ၎င်း၏ခန္ဓာကိုယ်၌ အနက်ရောင်အလင်း ဖျတ်ခနဲပေါ်လာသည်။ အလိုလိုပင် သူ၏အရာမှာ ခန္ဓာကိုယ်မှ ပျောက်ကွယ်သွားပြီး တွင်းနက်ကြီးဘေး၌ ဝတ်ရုံနက်ဖြင့် အဘိုးအိုတစ်ဦး ပေါ်လာတော့၏။ အဘိုးအို၌ အစိမ်းရောင် ဆံပင်ရှိပြီး ဒူးတစ်ဖက် ထောက်ထားလျက် ရင့်ရော်သော မျက်နှာက ဖြူဆုတ်နေသည်။ မျက်လုံးမှိတ်ထားသော်ငြား သွေးများက နှုတ်ခမ်းထောင့်မှ ဆက်တိုက် စီးကျနေလေသည်မှာ သူ၏အရှိန်အဝါ တည်ရှိမှုကလည်း အလွန်အားနည်းလေ၏။
“ဖူး”
အောင်းလူသည် ရုတ်တရက် သွေးတစ်ပွက်အန်ပြီး မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ရာ ကြောက်လန့်မှုများ၊ သတိအနေအထားတို့ ပြည့်နေလေ၏။ သူ၏မျက်လုံးက မလှမ်းမကမ်းရှိ သက်ငယ်အိမ်ကို ကြည့်ပြီး သက်ပြင်းချလျက် ပြောလိုက်တော့သည်။
“ခင်ဗျားက ကောင်းကင်ကို ဖီဆန်နိုင်တဲ့ သိုင်းပညာရှင် တစ်ယောက်ဖြစ်ဖို့ ထိုက်တန်ပါပေတယ်။ ကြွင်းကျန်ဝိညာဉ် တစ်စက ဒီဧကရာဇ်ကို ဒဏ်ရာပြင်းပြင်းထန်ထန် ရအောင်လုပ်နိုင်တယ်။ ဆန်းကြယ်ဧကရာဇ် ခင်ဗျားရဲ့ခွန်အား အစစ်အမှန်က ဘယ်လောက်တောင်များ ကြောက်ဖို့ကောင်းလိုက်သလဲ”
“ဟမ်း ဟမ်း”
အောင်းလူက မနှစ်မြို့စွာ ခါးသက်စွာ ပြုံးလိုက်ပြီး အဖော်ကင်းမဲ့မှု၊ နာကျင်မှု၊ ကူကယ်ရာမဲ့မှုတို့က အပြုံးထဲ ပြည့်နေလေသည်။
ဆန်းကြယ်နတ်ဘုရား နန်းတော်ထဲတွင် အနှစ်၇သိန်းကျော် ချုပ်နှောင်ခံထားရပြီးနောက် မကျေမချမ်းဖြစ်မှု အမုန်းတရားနှင့် သူ၏ရင်ထဲရှိ အမျက်ဒေါသများ အားလုံးသည် ထိုဓားသွားကြောင့် လွင့်ပြယ်ကုန်၏။
ဆန်းကြယ်ဧကရာဇ်သည် အစောပိုင်းက ဓားသွားကိုသုံးပြီး သူ့ကိုသတ်ဖြတ်ရခြင်းက ပိုးမွှားတစ်ကောင်ကို သတ်ဖြတ်ရခြင်းနှင့် မခြားဟူ၍ ပြောပြခဲ့တာပဲဖြစ်သည်။ ထိုစဉ်က ဆန်းကြယ်ဧကရာဇ်သည် အောင်းလူကို မသတ်ခဲ့ခြင်းမှာ သူ၏ရှိန်လောက်သော ခုခံမှုကြောင့် မဟုတ်ဘဲ ဆန်းကြယ်ဧကရာဇ်က မသတ်ချင်သောကြောင့် ဖြစ်သည်။ သူက ဆန်းကြယ်နတ်ဘုရား နန်းတော်ကို ကာကွယ်ပေးရန် အောင်းလူကို ခွင့်ပြုထားပြီး သူ့ကို မဟာအခွင့်အရေးတစ်ခု ပေးခဲ့၏။ ဆန်းကြယ်ဧကရာဇ်၏ နှလုံးသားကို အောင်းလူ နားမလည်ခဲ့တာ နှမြောစရာ ကောင်းလှပေသည်။
“ဟူး”
အောင်းလူက ခါးသက်စွာပြုံးလျက် အသက်ရှုထုတ်လိုက်တော့သည်။ သူက ယိုင်တိယိုင်တိုင်ဖြင့် ထရပ်စဉ် သူ၏အရှိန်အဝါ တည်ရှိမှုက ငြိမ်းချမ်းသွားတော့သည်။ တည်ငြိမ်သော အမူအရာ ပေါ်လာစဉ် ရေရွတ်ပြောလိုက်တော့၏။
“လွတ်မြောက်သွားပြီ နောက်ဆုံးတော့ လွတ်မြောက်ပြီ။ အဆုံးမဲ့ နက်ရှိုင်းခြင်း ပင်လယ်ဆီ နောက်ဆုံးတော့ ငါပြန်လို့ရပြီ။ အနှစ်၇သိန်းတောင် ကျော်လွန်သွားတာ ငါ့ရဲ့မျိုးဆက်တွေ ရှိသေးရဲ့လားဆိုတာ သိချင်မိတယ်”
“ဟူး”
အတော်ကြာ ရပ်နေပြီး သူ၏ခန္ဓာကိုယ်ထဲ သွေးများတစ်လိမ့်လိမ့် ဆန်တက်လာကာ လတ်လတ်ဆတ်ဆတ် သွေးတစ်ပွက် ထပ်အန်တော့၏။ မျက်နှာက ပိုတောင်ဖြူဆုတ်သွားပြီး ခန္ဓာကိုယ်က ယိမ်းထိုးကာ လဲကျလုနီးပါး ဖြစ်သွားတော့သည်။
ခဏအကြာတွင်သူက တင်ပျဉ်ခွေချိတ် ထိုင်ပြီးနောက် ကူကယ်ရာမဲ့လျက် သက်ပြင်းချလိုက်တော့၏။
“ကြည့်ရတာ ငါ့ရဲ့ဒဏ်ရာကို အရင်ဆုံးကုတာ ပိုကောင်းမယ်နဲ့ တူတယ်။ မဟုတ်ရင် ဆန်းကြယ်နတ်ဘုရား နန်းတော်ကို ဆန်းကြယ်နတ်ဘုရား တောင်တန်းဆီ ယူသွားတဲ့အချိန် လူသားမျိုးနွယ်စုရဲ့ ထိပ်သီးသိုင်းပညာရှင်သတ်တာ ခံရလောက်တယ်”
အောင်းလူသည် ဆန်းကြယ်ဧကရာဇ်၏ ဓားသွားကြောင့် ကြောက်လန့်နေသေးဆဲဖြစ်သည်။ ဆန်းကြယ်ဧကရာဇ်သည် လွန်ခဲ့သည့် အနှစ်၇သိန်းကျော်တွင် အထက်တက်သွားပြီမှန်း သူ မသိတာ ဖြစ်နိုင်သည်။ လွတ်လပ်မှု ပြန်ရရှိသောကြောင့် ဆန်းကြယ်ဧကရာဇ်သည် သူ့ကိုမည်ကဲ့သို့ သတ်တော့မည်နည်း။ သို့သော် အစောပိုင်းက ဓားသွားသည် သူ့ကိုဖော်ပြ၍ မစွမ်းသာသော ခံစားချက်များ ပေးစွမ်းနေလေရာ ဆန်းကြယ်ဧကရာဇ်၏ အမိန့်ကို သူမနာခံလျှင် သေချာပေါက် သေမှာပဲဖြစ်သည်။ ထို့ကြောင့် ရွေးချယ်စရာမရှိဘဲ သူအဆုံးမဲ့ နက်ရှိုင်းခြင်း ပင်လယ်ထဲသို့ မပြန်ခင် ဆန်းကြယ်နတ်ဘုရား တောင်တန်းဆီသို့ ဆန်းကြယ်နတ်ဘုရား နန်းတော်ကို လိမ်လိမ်မာမာ ယူသွားပေးရမည်။
သူက နတ်ဆိုးမျိုးနွယ်စုဝင်ဖြစ်ပြီး ဆန်းကြယ်နတ်ဘုရား တောင်တန်းက အရှေ့ပိုင်း တော်ဝင်နယ်မြေတွင် ရှိနေလေ၏။ လက်ရှိတွင်သူက ဒဏ်ရာပြင်းပြင်းထန်ထန် ရနေရာ သူ၏တိုက်ပွဲဝင်ခွန်အား မည်မျှကြီးမားစေကာမူ သိုင်းပညာရှင်များ ပူးပေါင်းတိုက်ခိုက်လျှင် သူအသက်ခံရနိုင်သေးသည်။ ထို့ကြောင့် ထွက်မသွားခင် အရင်ဆုံး ကုသရန် ဆုံးဖြတ်လိုက်၏။ ဆိုရလျှင် ဤဆန်းကြယ်နတ်ဘုရား နန်းတော်က လောကထဲတွင် အလုံခြုံဆုံးနေရာ ဖြစ်နေသည်။ မျက်လုံးကို ဖြည်းဖြည်းချင်း မှိတ်လိုက်တော့၏။ သူသည် အချိန်အတော်ကြာယူပြီး ပြန်ကောင်းလာပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရကာ မျက်လုံးဖွင့်လိုက်တော့သည်။ သူက ကောင်းကင်ကို ထိုးဖောက်သွားနိုင်သော အဖြူရောင်အလင်းကို ပစ်ထုတ်လျက် ထိုအလင်းက ပျောက်ကွယ်သွားတော့သည်။ သူက ရေရွတ်ပြောကာ မျက်လုံးထပ်မှိတ်လိုက်၏။
“အမ် ဒီဧကရာဇ်က လဝက်လောက် ကုစားရမှာပဲ။ အဆင့်တွေက အဲဒီအချိန် အဆုံးသတ်လောက်ပြီ။ အဲ့ဒီကလေးက ဆန်းကြယ်ဧကရာဇ် ထားရစ်တဲ့ ပုန်းကွယ်အပိုင်းအစတွေထဲက နှစ်ခုကို အာနိသင် ပြယ်စေလောက်ပြီ။ ဒီတော့ အဆင့်တွေကို ကျော်ဖြတ်ဖို့ ကြိုးပမ်းအားထုတ်တာက အဓိပ္ပာယ် မရှိလောက်ဘူး”
ဘီး
အောင်းလူသည် အဖြူရောင် အလင်းတန်းကို ပစ်ထုတ်လိုက်စဉ် ဆန်းကြယ်နတ်ဘုရား နန်းတော် တစ်ခုလုံးက အဖြူရောင်အလင်းဖြင့် ဖျတ်ခနဲ လက်သွားပြီး မျက်စိကြိမ်းစေသော ရောင်ခြည်မျိုး ထွက်ပေါ်လာတော့သည်။
ချူလောင် အမျိုးမျိုးသော လျှို့ဝှက် သက်တော်စောင့်များနှင့် ရတနာရှာဖွေမှုအပြီး တိုက်ပွဲအတွက် စောင့်ဆိုင်းနေကြသော လူများအားလုံးက ထိတ်လန့်ကုန်၏။
ဝှစ် ဝှစ် ဝှစ်
အမျိုးမျိုးသော လျှို့ဝှက် သက်တော်စောင့်များသည် သူတို့ပုန်းနေသည့် နေရာမှ ပြန်ထွက်လာပြီး ဆန်းကြယ်နတ်ဘုရား နန်းတော်ကို သံသယများဖြင့် ကြည့်နေလိုက်၏။
ရတနာ ရှာဖွေမှု စတင်တာ လဝက်မပြည့်သေးပေ။ မည်ကဲ့သို့ အဆုံးသတ်နိုင်မည်နည်း။ ရတနာများအားလုံး ရသွားကြပြီလော။ သို့တည်းမဟုတ် အဆင့်ကို ကျော်ဖြတ်ရန် ကြိုးစားနေသည့်သူများ အားလုံးသေကုန်ပြီလော။
သေကုန်သည့် အကြောင်းကို တွေးမိချိန်၌ လူတိုင်းရင်ထဲ သံသယဖြစ်သွားတော့သည်။ ထိုသခင်လေးများနှင့် သခင်မလေးအားလုံး ပျောက်ကွယ်သွားလျှင် သူတို့၏ အရှင်သခင်များ မည်မျှ ဒေါသထွက်မည်မှန်း သူတို့မမှန်းဆနိုင်တော့ပေ။
ဘီး
ရုတ်တရက် ဆန်းကြယ်နတ်ဘုရား နန်းတော်၏ တံခါးအပြင်ဘက်ရှိ လေဟာနယ် နယ်မြေက တုန်ယင်လာလေရာ လူတိုင်းကိုပိုတောင် စိတ်ပူပန်သွားစေတော့သည်။ သို့သော် သူတို့က စိတ်ပျက်ကုန်၏။ သခင်လေးများ သခင်မလေးများ မပါဘဲ သူတို့အားလုံးက အပြင်ဘက်သို့ ပို့ဆောင်ခံလိုက်ရသည်။
“ပထမမင်းသား”
ချူလောင်နှင့် သူ့လူများက နတ်မြင်းပျံကိုစီးနေပြီး ခွန်အားသစ်တို့လည်း ရှိနေသည်။ ဖေးထျန်းကို တွေ့စဉ် မျက်လုံးလက်သွားတော့သည်။ မြန်မြန်ဆန်ဆန်ပင် သူက နတ်မြင်းပျံကို ထိန်းချုပ်ရန်အတွက် တစ်စုံတစ်ယောက်ကို အမိန့်ပေးလိုက်တော့သည်။ ကျောက်စိမ်းဖြူ ရင်ပြင်ထဲရှိ ဖေးချီနှင့် ကျန်သည့်လူတစ်ရာကျော်က အပြင်ဘက်သို့ ပို့ဆောင်ခံလိုက်ရသည်။
“အစ်ကိုကြီး ဘာဖြစ်တာလဲ”
ဖေးထျန်းသည် မလှမ်းမကမ်းကနေ အော်လိုက်တော့၏။
“ရတနာ ရှာဖွေမှုက ပြီးသွားပြီလား။ နဂါးညှိုးရော်မြက်ကို ဘယ်သူရသွားတာလဲ”
အမှန်တကယ်ပင် ဖေးချီနှင့် ကျန်သည့်သူများက ပတ်ဝန်းကျင်ကိုကြည့်ပြီး စိတ်ရှုပ်ထွေးနေကြ၏။ သူတို့အကြည့်များကလည်း ကျုံ့သွားပြီး တစ်စုံတစ်ယောက်က ထုတ်ဖော်ပြောလိုက်တော့သည်။
“ဘုရားရေ မီးတိမ်ဓား၊ ကောင်းကင်ရှောင်တိမ်းခြင်း နတ်ဘုရားသိုင်းနဲ့ နဂါးညှိုးရော်မြက်တို့ကို ဘယ်သူမှ မရသွားဘူး။ ဒါပေမဲ့ ဘာကြောင့်ငါတို့ကို အပြင်ကို ပို့ခံလိုက်ရတာလဲ။ ဖြစ်နိုင်တာက”
“ဘာ”
မရေမတွက်နိုင်သော သိုင်းပညာရှင်များကလည်း ထအော်မိကြသည်။ အေးစက်သည့် သတ်ဖြတ်လိုခြင်း အရှိန်အဝါများဖြင့် ပြည့်နေသော ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်တစ်ဦးက ထိုလူ၏လည်ပင်းကို ဆုပ်ကိုင်ကာ ဟိန်းဟောက်လိုက်တော့သည်။
“မီးတိမ်သံချပ်ကာ၊ ကောင်းကင်ရှောင်တိမ်း နတ်ဘုရားသိုင်းနဲ့ နဂါးညှိုးရော်မြက်ကို ရသွားတဲ့လူ တကယ်ပဲ မရှိဘူးလား”
ဖေးချီ၏ မျက်လုံးထဲတွင် အကြောက်တရားများ ပေါ်လာသည်။ လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်နေပြီး အံ့သြသည့် အမူအရာ ရှိနေလေ၏။ အစောတုန်းက ရှီးဖေး၊ ရီချန်းနှင့် ကျန်သည့်သူများက စတုတ္ထအဆင့်တွင် ပိတ်မိနေသောကြောင့် မည်သူမှ အဆင့်မတက်နိုင်ပေ။ လျိုရှင်းတောင် အဌမအဆင့်ကို မကျော်ဖြတ်ရသေးပေ။ မျက်မြင်သက်သေများ ရှိနေလေရာ မမှားနိုင်ချေ။ ဆိုလိုသည်က ထိုရတနာများကို မည်သူမှ မရတာဘဲဖြစ်သည်။ သူတို့အပြင်ဘက်သို့ ရုတ်တရက် ပို့ဆောင်ခံလိုက်ရသောကြောင့် ဖြေရှင်းနည်းက တစ်ခုထဲသာရှိသည်။ ရတနာရှာဖွေမှု အဆုံးသတ်သွားတာပဲ ဖြစ်၏။ အတိတ်တုန်းက ရတနာ ရှာဖွေမှုသည် တစ်နှစ် အကန့်အသတ်ရောက်လျှင် ပြီးဆုံးသွား၏။ သို့မဟုတ် ရတနာများအားလုံး ရယူခံလိုက်ရလျှင် သို့တည်းမဟုတ် အဆင့်ကျော်ဖြတ်နေသည့် လူများအားလုံး သေဆုံးသွားခဲ့လျှင် ပြီးသွားသည်။
ဆန်းကြယ်နတ်ဘုရား နန်းတော်၏ တံခါးပွင့်ပြီး ရတနာရှာဖွေမှု စတင်တာ လဝက်မပြည့်သေးပေ။ မရယူရသေးသော ရတနာသုံးမျိုး ရှိသေး၏။ ထို့ကြောင့် ဖြေရှင်းချက်က တစ်ခုသာရှိသည်။ လူတိုင်း ပျောက်ကွယ်သွားတာပဲ ဖြစ်မည်။ ထိုအချက်ကို တွေးမိသောအခါ ဖေးချီ၏ ခန္ဓာကိုယ်က မရပ်မနား တုန်ယင်လာ၏။ ဓားဧကရာဇ်၏မြေး ကျန့်ဝူယင်က အထဲတွင် ရှိနေသေးပြီး နှစ်တစ်သောင်းလျှင် တစ်ယောက်သာ ပေါ်ထွန်းလာသော အစစ်အမှန် နက္ခတ်ခန္ဓာ ပိုင်ရှင်ဖြစ်ရာ ဓားဧကရာဇ်၏ အမြတ်နိုးရဆုံး မြေးဖြစ်သည်။ နတ်မြင်းပျံ နယ်မြေထဲ၌ အမှန်တကယ် ပျောက်ကွယ်သွားသည်လော။ ဆန်းကြယ်နတ်ဘုရား နန်းတော်အတွင်းရှိ ရတနာ ရှာဖွေမှုအတွက် မည်သူမှ အပြစ်တင်မှာ မဟုတ်သော်ငြား ဓားဧကရာဇ် ဒေါသထွက်လျှင် ဖေးမျိုးနွယ်စုက ရှင်သန်နိုင်လောက်သေးသည်။ သို့သော် ဖေးချီ၊ ဖေးထျန်း၊ ချူလောင်နှင့် ကျန်သည့်သူများက ချမ်းသာရာ ရမှာမဟုတ်ပေ။
အချိန်က တတိတိ ကုန်ဆုံးသွားပြီး ဆန်းကြယ်နတ်ဘုရား နန်းတော် အပြင်ဘက်ရှိ လေဟာနယ် နယ်မြေက မည်သည့်လှုပ်ရှားမှုမှ မရှိတော့ပေ။ လူတိုင်း၏ မျက်နှာ၌ အံ့သြသည့် အမူအရာများ ပေါ်နေပြီး ရင်ထဲတွင်မူ စိတ်ပျက်အားငယ်မှုများ ပြည့်နေတော့၏။ ဆန်းကြယ်နတ်ဘုရား နန်းတော်အပြင်ဘက်၌ လူပေါင်းများစွာ ရှိနေသည်။ ပွဲကြည့်ပရိသတ်များ အမျိုးမျိုးသော မျိုးနွယ်စုများ၏ အစောင့်များ အပါအဝင် အနည်းဆုံးတော့ ယခုအချိန်တွင် လူတစ်သောင်းကျော် ရှိလောက်သည်။ မည်သူကမှ အသံတစ်သံ မထွက်ရဲချေ။ မဟာမျိုးနွယ်စုများ၏ လျှို့ဝှက် သက်တော်စောင့်များ၏ အမျက်ဒေါသကို နိုးဆွမိမှာ စိုးရိမ်သောကြောင့်ဖြစ်သည်။ ထိုအချိန်ရောက်လျှင် ဆန်းကြယ်နတ်ဘုရား နန်းတော်အပြင်ဘက်ရှိ အရာအားလုံးက သွေးမြစ်အဖြစ် ပြောင်းလဲသွားပေမည်။
နာရီဝက်၊ တစ်နာရီ၊ တစ်နာရီခွဲ
လူတိုင်းက ယခုအချိန်တွင် စိတ်ပျက်အားငယ်နေပြီ ဖြစ်သည်။ အပြင်သို့ ပို့ဆောင်ခံရမည်ဆိုလျှင် သူတို့ယခုလောက်ဆို ရောက်နေလောက်ပြီဖြစ်သည်။ ဆန်းကြယ်နတ်ဘုရား နန်းတော်သည် နှစ်တစ်ထောင်လျှင် တစ်ကြိမ်သာ ပေါ်ပေါက်လာတတ်ပြီး မျိုးနွယ်စုဝင်တိုင်းက ရတနာရှာဖွေမှု ပြီးဆုံးသည်နှင့် အပြင်သို့ ပို့ဆောင်ခံရကြောင်း မျိုးနွယ်စုတိုင်းသည် မှတ်တမ်းတင်ထားကြသည်။ သို့သော် တစ်နာရီခွဲကျော် ကြားသွားသည့်တိုင် မည်သူမှ ထွက်မလာပေ။
“မဟုတ်သေးဘူး”
သိုင်းပညာရှင်တစ်ဦးက ရုတ်တရက် ထအော်လိုက်၏။
“တစ်ခုခုတော့ မဟုတ်သေးဘူး။ သခင်လေးနဲ့ တစ်ခြားလူတွေ မသေသေးတာ ဖြစ်လောက်တယ်။ ဆန်းကြယ်နတ်ဘုရား နန်းတော်ရဲ့ ရတနာရှာဖွေမှု ပြီးသွားရင် အဲ့ဒီလူတွေက အပြင်အပို့ခံရရုံတင်မကဘူး ဆန်းကြယ်နတ်ဘုရား နန်းတော်ကလည်း ချက်ချင်း ပျောက်သွားတာလေ”
“ဟုတ်သားပဲ”
လူတိုင်းက ယင်းကို ရုတ်တရက် သဘောပေါက်သွားပြီး မှိန်ဖျော့ဖျော့ မျက်လုံးများ၌ ရုတ်တရက် တောက်ပလာပြန်သည်။ တစ်နာရီခွဲ ကြာသွားသော်ငြား ဆန်းကြယ်နတ်ဘုရား နန်းတော်က ရှိနေသေး၏။ ဆိုလိုသည်က အခြေအနေ ပြောင်းလဲမှုတစ်ရပ် ရှိနေ၏။ ရှီးဖေး၊ ရီချန်း၊ ဝူနီနှင့် ကျန်သည့်သူများ အသက်ရှင်လောက်သေးသည်။
***