← Chapters

ရုတ်တရက်

Vol. 17 Ch. 191

ရုတ်တရက်

Vol. 17 Ch. 191

ရှောင်းရွှယ်၏ မမျှော်လင့်ထားသော ရှုံးနိမ့်မှုနှင့်အတူ ချင်းယွဲ့ဂိုဏ်းအတွက် ယခုအကြိမ် ဂိုဏ်းပေါင်းစုံတိုက်ပွဲမှာ လုံးဝပြီးဆုံးသွားခဲ့ပြီဖြစ်သည်။

နှမြောစရာကောင်းလှသည်မှာ အနည်းငယ်မျှသာ လိုတော့သော်လည်း ရှောင်းရွှယ်က သမိုင်းသစ်ရေးထိုးမည့် အံ့ဖွယ်စွမ်းရည်ကို မလုပ်နိုင်ခဲ့ပေ။

သို့သော် ချင်းယွဲ့ဂိုဏ်းအတွက်မူ ဤရလဒ်မှာ အလွန်ပင် ပြီးပြည့်စုံနေပြီဖြစ်သည်။

နောက်ဆုံး အဆင့်သတ်မှတ်ချက်များ ထွက်ပေါ်လာချိန်တွင် ချင်းယွဲ့ဂိုဏ်းက အားကောင်းသော အရှိန်အဟုန်ဖြင့် ထိပ်တန်းဆယ်ဂိုဏ်းစာရင်းထဲသို့ ဝင်ရောက်နိုင်ခဲ့ပြီး မူလက နံပါတ် (၉) နေရာတွင်ရှိသော ဟေးကျီဂိုဏ်း ၏ နေရာကို အစားထိုး သိမ်းပိုက်လိုက်သည်။

ဟေးကျီဂိုဏ်းမှာမူ နံပါတ် (၁၀) နေရာကိုပင် မထိန်းထားနိုင်တော့ဘဲ နံပါတ် (၁၁) သို့ ကျဆင်းသွားတော့သည်။

သို့သော် ထိုကဲ့သို့ ဝါရင့်ဂိုဏ်းကြီးများအတွက် ဤအခြေအနေမှာ ခေတ္တခဏသာ ဖြစ်ပေလိမ့်မည်။ သူတို့၏ ထိပ်တန်းပါရမီရှင် အချို့ကို ထုတ်သုံးလိုက်ရုံဖြင့် အချိန်မရွေး ထိပ်တန်းဆယ်ဂိုဏ်းစာရင်းသို့ ပြန်လည်ဝင်ရောက်နိုင်မည်ဖြစ်သည်။

သို့သော် မည်သို့ပင်ဆိုစေကာမူ ဤအကြိမ်တိုက်ပွဲတွင် အတောက်ပဆုံးမှာ ချင်းယွဲ့ဂိုဏ်းပင် ဖြစ်သည်။

တပည့်များ၏ စွမ်းဆောင်ရည်က ထူးချွန်လှသလို ဂိုဏ်းမှာလည်း ထိပ်တန်းဆယ်ဂိုဏ်းစာရင်းဝင်သွားခဲ့သည်။ ထို့ပြင် ကုရှောင်းရွှယ်ကဲ့သို့ သမိုင်းသစ်ရေးထိုးရန် လက်တစ်ကမ်းအလိုအထိ စွမ်းဆောင်နိုင်သူလည်း ရှိခဲ့သည်။

နောင်တွင် ချင်းယွဲ့ဂိုဏ်းက ထျန်းဖူနန်းတော်၏ ပိုမိုဂရုစိုက်မှုကို ခံရမည်ဖြစ်ပြီး အရင်းအမြစ်များလည်း ပိုမိုရရှိလာမည်ဖြစ်ရာ အနာဂတ်တိုးတက်မှုမှာ ပို၍ပင် ကောင်းမွန်လာတော့မည်ဖြစ်သည်။

ဤရလဒ်မှာ တစ်လတာ ကြိုးစားမှုကြောင့်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် ချင်းယွဲ့ဂိုဏ်းသားအားလုံး၏ ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုကြောင့်ပင် ဖြစ်သည်။

ထို့ကြောင့် လူတိုင်း အလွန်ပျော်ရွှင်နေကြပြီး ယွင်ခုံးကလည်း ဂိုဏ်းသို့ ပြန်ရောက်သည့်အခါ အားလုံးကို ထိုက်ထိုက်တန်တန် ဆုလာဘ်များ ချီးမြှင့်မည်ဖြစ်ကြောင်း ကတိပေးလိုက်သည်။

ဤသို့ဖြင့် ဂိုဏ်းပေါင်းစုံ တိုက်ပွဲကြီးမှာ တရားဝင် ပြီးဆုံးသွားခဲ့လေပြီ။

တည်နေရာ ကူးပြောင်း အစီအရင် ကိုလည်း ပြန်အသက်သွင်း လိုက်ရာ ယွင်ခုံး၏ ဦးဆောင်မှုဖြင့် ချင်းယွဲ့ဂိုဏ်းသားအားလုံး ဂိုဏ်းသို့ အောင်မြင်စွာ ပြန်ရောက်လာခဲ့ကြသည်။

အော်... ပြောဖို့ မေ့နေတာက "ခိုးလိုက်ပါလာသူ" တစ်ယောက်လည်း ပါလာခဲ့သည်။

၎င်းမှာ ဧကရာဇ် မြို့သို့ စောစောစီးစီး လာရောက်ကာ အပျော်ရှာနေသည့် ဝမ်ကျီယွီပင် ဖြစ်သည်။

ထန်ထျန်း၏ လက်ရှိအဆင့်အတန်းအရ လူတစ်ယောက် ခေါ်လာခြင်းမှာ ဘာပြဿနာမှ မရှိပေ။ ထို့ပြင် ဝမ်ကျီယွီကိုယ်တိုင်ကလည်း ချင်းယွဲ့ဂိုဏ်း၏ ဂုဏ်ထူးဆောင်တပည့် တစ်ဦးပင် မဟုတ်ပါလား။

မဟာအကြီးအကဲ လီထျန်းဟွာက သတင်းကို ကြိုတင်ရရှိထားပြီး ဖြစ်သည်။

အောင်ပွဲရသူများ ပြန်ရောက်လာချိန်တွင် သူက ဂိုဏ်း၏ အဆင့်မြင့်ပုဂ္ဂိုလ် အမြောက်အမြားနှင့်အတူ ကူးပြောင်းခြင်းအစီအရင် အပြင်ဘက်၌ စောင့်ကြိုနေခဲ့သည်။

ထို့နောက် ဤဝမ်းသာစရာ သတင်းကောင်းကို တစ်ဂိုဏ်းလုံးသိအောင် ချက်ချင်းပင် ကြေညာလိုက်တော့သည်။

နောက်ရက်အနည်းငယ်အတွင်း ချင်းယွဲ့ဂိုဏ်းတစ်ခုလုံး ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားနေခဲ့သည်။

ဂိုဏ်း၏ အဆင့်အတန်း မြင့်မားလာခြင်းက လူတိုင်းနှင့် သက်ဆိုင်နေသဖြင့် ပြင်ပအင်အားစုများ၏ သွေးထိုးမှုမရှိလျှင် မည်သူကမျှ ဤပျော်ရွှင်မှုကို လာရောက်ဖျက်ဆီးမည် မဟုတ်ပေ။

သို့သော် ထိုသို့ စည်ကားသိုက်မြိုက်နေသည့် နောက်ကွယ်တွင်မူ အခြားသော မုန်တိုင်းငယ်လေးအချို့လည်း စတင်နေပြီဖြစ်သည်။

ယွင်ခုံးက ပြန်ရောက်လာသည်နှင့် ကုရှောင်းရွှယ်၏ မတော်တဆ ရှုံးနိမ့်မှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများကို ချက်ချင်းစတင်ခဲ့သည်။

ထန်ထျန်း ထင်ထားသည့်အတိုင်းပင် သူတို့က လျိုတန်းယွဲ့ကို လျင်မြန်စွာ စုံစမ်းတွေ့ရှိသွားသည်။ သူမ ကုရှောင်းရွှယ်ကို ပေးခဲ့သည့် ကျောက်စိမ်းပြားက ရှုံးနိမ့်ရခြင်း၏ တစ်ခုတည်းသော အကြောင်းရင်း ဖြစ်နေသည်။

ဂိုဏ်း၏ စည်းမျဉ်းအရ ဆုံးဖြတ်ပိုင်ခွင့်အားလုံးမှာ ရှောင်းရွှယ်၏ လက်ထဲသို့ ရောက်ရှိသွားသည်။

ဤတစ်ကြိမ်တွင်မူ ရှောင်းရွှယ်က ဆက်လက်ပြီး သနားညှာတာမနေတော့ဘဲ အပြင်းထန်ဆုံးသော နည်းလမ်းကို ရွေးချယ်လိုက်သည်။

"သေခြင်း ရှင်ခြင်း တိုက်ပွဲ "

မည်သူကမျှ ကန့်ကွက်ခြင်း မရှိပေ။

ဟန်ဟိုင် ပင်လျှင် နှုတ်ဆိတ်နေပြီး မည်သည့်အကြံပြုချက်မျှ မပေးခဲ့ပေ။

အကြောင်းမှာ ထိုတိုက်ပွဲက အနာဂတ်လမ်းကြောင်းအတွက် အလွန်အရေးပါသော တိုက်ပွဲဖြစ်သောကြောင့်ပင်။

ကျင့်ကြံသူများအတွက်မူ တစ်ဖက်လူ၏ အခွင့်အလမ်းကို ဖျက်ဆီးခြင်းမှာ သေခြင်းရှင်ခြင်း နှင့်လဲရမည့် ရန်ငြိုးရန်စနှင့် မခြားပေ။

သေခြင်းရှင်ခြင်း တိုက်ခိုက်ခြင်းမှာလည်း ကျိုးကြောင်းဆီလျော်လှသည်။

ဤသို့ဖြင့် လျိုတန်းယွဲ့ကို အမှောင်အကျဉ်းထောင်ထဲမှ ပြန်ထုတ်ပေးခဲ့သည်။

သုံးရက်အကြာတွင် သူတို့နှစ်ဦး သေခြင်းရှင်ခြင်း တိုက်ခိုက်မည့် စင်မြင့်ထက်၌ ဆုံတွေ့ခဲ့ကြသည်။ လျိုတန်းယွဲ့၏ ကျင့်ကြံခြင်းအဆင့်မှာ ရှောင်းရွှယ်ထက် မြင့်မားနေသော်လည်း တိုက်ခိုက်ရေးစွမ်းရည်မှာမူ အလှမ်းဝေးလှသည်။

ရှောင်းရွှယ်က လက်မနှေးခဲ့ဘဲ လျိုတန်းယွဲ့ကို သူမ၏ဓားအောက်၌ အဆုံးစီရင်လိုက်သည်။

လျိုတန်းယွဲ့က သနားစရာကောင်းသောသူ ဖြစ်နိုင်သလို သူမ လုပ်သမျှမှာလည်း အကြောင်းပြချက် ရှိကောင်းရှိပေလိမ့်မည်။

သို့သော် မည်သည့်အကြောင်းပြချက်ကမျှ အခြားသူတစ်ဦးကို ထိခိုက်စေရန် လုပ်ပိုင်ခွင့် မရှိပေ။

ရှောင်းရွှယ်က လျိုတန်းယွဲ့ကို သတ်ဖြတ်ခြင်းဖြင့် အတိတ်က သူမကိုယ်သူမကိုလည်း လုံးဝ စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။

ယနေ့မှစ၍ သူမက နာကျင်မှုများကို ဖုံးကွယ်ထားပြီး မကောင်းမှုများကို ရွေးချယ်မေ့လျော့ကာ ကြင်နာတတ်သည့် တစ်ဖက်တည်းကိုသာ ပြသတော့မည် မဟုတ်ပေ။

သူမက ဤကမ္ဘာကြီးကို ရိုးသားစွာ ရင်ဆိုင်မည်၊ အရာအားလုံးကို လက်ခံမည်၊ အရာအားလုံးကို ဆုံးဖြတ်မည်။

ဤအခိုက်အတန့်မှစ၍ သူမက အမှန်တကယ်ပင် "အရွယ်ရောက်လာခဲ့ပြီ" ဖြစ်သည်။

လျိုတန်းယွဲ့၏ ကိစ္စကို ဖြေရှင်းပြီးနောက် ရှောင်းရွှယ်က ဟန်ဟိုင်ထံမှ ထွက်ခွာခွင့်ကို တရားဝင် တောင်းဆိုလိုက်သည်။

ဟန်ဟိုင်က ရှောင်းရွှယ်ကို ဂိုဏ်းသို့ ခေါ်ဆောင်လာရခြင်းမှာ သူမကို အသုံးချကာ ဂိုဏ်းပေါင်းစုံ တိုက်ပွဲတွင် ရလဒ်ကောင်းများ ရရှိရန်နှင့် ဂိုဏ်းအတွင်း သူ၏ အာဏာကို ခိုင်မာစေရန်သာ ဖြစ်သည်။

ယခုအခါ ထိုရည်ရွယ်ချက်မှာ အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။

ရှောင်းရွှယ်က ဟန်ဟိုင်၏ ကိုယ်ပိုင် တပည့် မဟုတ်သဖြင့် လွတ်လပ်စွာ ထွက်ခွာခွင့် ရှိသည်။

ဟန်ဟိုင်ကိုယ်တိုင်လည်း လွန်ခဲ့သည့် နှစ်များအတွင်း သူလုပ်ခဲ့သည့် ကိစ္စများမှာ မှားယွင်းနေသည်ဟု ခံစားမိပုံရကာ ရှောင်းရွှယ်၏ တောင်းဆိုချက်ကို ကန့်ကွက်ခြင်း မရှိသည့်အပြင် ကျင့်ကြံခြင်း အရင်းအမြစ်များစွာကိုပါ လက်ဆောင်ပေးခဲ့သည်။

ထိုအရင်းအမြစ်များကို ရှောင်းရွှယ်က ငြင်းပယ်ခဲ့သော်လည်း ဤလုပ်ရပ်မှာ ချစ်ကြည်ရင်းနှီးမှုကို ပြသလိုက်ခြင်းပင် ဖြစ်သည်။

ဟုတ်ပါသည်... ထန်ထျန်း၏ အရှိန်အဝါက အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်ရာ ဟန်ဟိုင်ကလည်း ထန်ထျန်းကို ဆက်လက် ရန်မစချင်တော့သဖြင့် ဤသို့ ရွေးချယ်လိုက်ခြင်းလည်း ဖြစ်နိုင်ပေသည်။

မည်သို့ပင်ဆိုစေ ကုရှောင်းရွှယ်က ထန်ထျန်း၏ ဘေးနားသို့ တစ်ဖန် ပြန်လည်ရောက်ရှိလာခဲ့သည်။

ပြန်ရောက်လာသည့်အခါ သူမက ထန်ထျန်းနှင့် "နောက်လိုက်စာချုပ်" ပြန်လည်ချုပ်ဆိုရန် ဆန္ဒရှိသော်လည်း ထန်ထျန်းက ငြင်းပယ်လိုက်သည်။

ယခု ထန်ထျန်းအတွက်မူ သူ့ အခွင့်အရေးကို ကာကွယ်ရန် ထိုကဲ့သို့ နည်းလမ်းများကို အသုံးချနေရန် မလိုတော့ပေ။

သူတို့နှစ်ဦးမှာ ထိုကဲ့သို့သော ဆက်ဆံရေးမျိုး ရှိနိုင်သော်လည်း စာချုပ်မှာမူ လုံးဝ မလိုအပ်တော့ပေ။

ဤသို့ဖြင့် ကုရှောင်းရွှယ်က ခရမ်းရောင်ဝါးခြံဝင်း သို့ ပြန်လည်ဝင်ရောက်လာခဲ့ပြီး လီဟုန်၊ လန်ယွဲ့ ညီအစ်မတို့နှင့်အတူ ထန်ထျန်း၏ ဆဋ္ဌမ'တောင်ထိပ်နှင့် တောင်'တောင်ထိပ်ရှိ ကိစ္စရပ်အချို့ကို ကူညီစီမံပေးခဲ့သည်။

ထန်ထျန်းကမူ ထိုနေ့ရက် ရောက်လာမည့်အချိန်ကို စောင့်မျှော်ရင်း တိတ်ဆိတ်စွာ ဆက်လက် ကျင့်ကြံနေခဲ့သည်။

.....

အဓိက တောင်ထိပ်ရှိ ဆိတ်ငြိမ်သော နေအိမ်တစ်ခုတွင်...

"ရှောင်းရွှယ်ရဲ့ တကယ့်ပါရမီက ဒီလောက်အထိ ထူးချွန်လိမ့်မယ်လို့ တကယ်ကို မထင်ထားခဲ့ဘူး... ဟူး..."

ဟန်ဟိုင်က သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။

လုချန်းကျီက လှည့်ကြည့်ကာ ခပ်ပြုံးပြုံးဖြင့် "ဘာလဲ... နောင်တရနေတာလား"

ဟန်ဟိုင်က သူ့ကို တစ်ချက်ကြည့်ကာ "ဟုတ်တယ်၊ ငါ နောင်တရတယ်။

သူမက ဒီလောက် တော်မှန်းသိရင် ငါ့ရဲ့ ကိုယ်ပိုင် တပည့်အဖြစ် အစောကြီးကတည်းက လက်ခံလိုက်မှာပေါ့။ ဒါဆိုရင် ထန်ထျန်းနဲ့ ဘာမှဆိုင်မှာ မဟုတ်တော့ဘူး။

ဒါပေမဲ့... အရင်တုန်းကတော့ ရှောင်းရွှယ်က ဒီလောက် တော်တယ်လို့ ငါ မတွေ့ခဲ့ရပါဘူး။ သူမက စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ရှိတဲ့ 'ကံကြမ္မာ သားတော်' တစ်ယောက်ပဲလေ၊ သာမန် ကိုးလွှာ ပါရမီရှင်တွေနဲ့ သိပ်မကွာပါဘူး"

လုချန်းကျီက ပခုံးတွန့်ပြလိုက်သည်။

"ဒါဆိုရင်တော့ ရေစက်မပါဘူးလို့ပဲ ပြောရမှာပေါ့"

ဟန်ဟိုင်က ထပ်မံသက်ပြင်းချကာ "ငါ သူမကို ဂိုဏ်းကို ခေါ်လာခဲ့တာ ၆ နှစ်တောင် ရှိပြီ။

၆ နှစ်တာ အချိန်က ပိုက်ဆံချမ်းသာတဲ့ ဂုဏ်ထူးဆောင်တပည့် တစ်ယောက်ကိုတောင် မယှဉ်နိုင်ဘူးလား။

ငါ့မှာသာ အလျှံပယ် သုံးလို့ရတဲ့ ငွေကြေးတွေရှိရင် သူမက ငါ့ကို ဒီလောက် ပြတ်ပြတ်သားသား စွန့်ခွာသွားမှာ မဟုတ်ဘူး"

လုချန်းကျီက ခဏမျှ ရပ်တန့်သွားပြီးနောက် ခေါင်းယမ်းလိုက်သည်။ "မင်းက ရှောင်းရွှယ် ဘာကြောင့် စွန့်ခွာသွားလဲဆိုတဲ့ တကယ့်အကြောင်းရင်းကို အခုထိ သဘောမပေါက်သေးဘူးပဲ"

အမှန်တကယ်တော့ သူ ပြောချင်နေသည်မှာ "မင်းက ဒီလောက်နှစ်ပေါင်းများစွာ အသက်ရှင်လာတာ အလကားပဲလား။ မင်း သူမအပေါ် ဘယ်လို ဆက်ဆံခဲ့လဲဆိုတာ ကိုယ့်ဘာသာကိုယ် မသိဘူးလား"

အချို့သော ကျင့်ကြံသူများသည် ငယ်စဉ်ကတည်းက ကျင့်ကြံခြင်းလောကထဲတွင်သာ နှစ်မြှုပ်နေခဲ့သဖြင့် အခြေခံအကျဆုံးသော လူမှုဆက်ဆံရေး သဘောတရားများကို နားမလည်ကြပေ။

ထိုစကားကို ကြားသောအခါ ဟန်ဟိုင်မှာ အံ့အားသင့်သွားသော်လည်း သူ၏ မှားယွင်းမှုကို အခုထိ တွေးမရသေးပေ။

လုချန်းကျီကလည်း ဘာမှ ထပ်မရှင်းပြတော့ပေ။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဟန်ဟိုင်က ထပ်မံ ပြောလိုက်သည်။ "သခင်လေးလု... အခု ထန်ထျန်းရဲ့ အရှိန်အဝါက အထွတ်အထိပ် ရောက်နေပြီ။ ကျွန်တော်တို့မှာ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူးလား"

လုချန်းကျီက သူ့ကို စိုက်ကြည့်နေသည်။

ကိစ္စရပ်များစွာ ဖြစ်ပွားပြီးနောက် ဟန်ဟိုင်က သူ၏ ယုံကြည်မှုများကို လုံးဝ ဆုံးရှုံးသွားပုံရသည်ကို သူ တွေ့ရှိလိုက်သည်။

သို့မဟုတ်လျှင်လည်း ဆင်ခြင်တုံတရားများ ပျောက်ဆုံးနေခြင်း ဖြစ်ပေလိမ့်မည်။

သူ၏ ရှေ့မှောက်မှာတင် ရပ်တည်ချက် ပြောင်းလဲချင်သည့် စကားမျိုးကို ပြောရဲနေသည် မဟုတ်ပါလား။

သက်ပြင်းတရှုံ့ရှုံ့ ချနေသော ဟန်ဟိုင်ကို လုချန်းကျီက ခဏမျှ ကြည့်နေပြီးနောက် ပြုံးလိုက်ကာ ပြောလိုက်သည်။ "ဟုတ်တယ်...

ငါ တို့မှာ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး"

"အဲဒါကြောင့်..."

"မင်းကလည်း ဘာမှ အသုံးမဝင်တော့ဘူး"

ပြောပြီးသည်နှင့် သူ၏မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားကာ လက်ထဲမှ ယပ်တောင်ကို ရုတ်တရက် ပိတ်လိုက်ပြီး ဟန်ဟိုင်ထံသို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

All Chapters