ရုတ်တရက် အပြောင်းအလဲ
Vol. 17 Ch. 194
ကုန်သွယ်ရေးအသင်းများကို ဝယ်ယူရေးအစီအစဉ် မှာ မီးဟုန်းဟုန်းတောက်သကဲ့သို့ အရှိန်အဟုန်ဖြင့် စတင် အကောင်အထည်ဖော်နေပြီ ဖြစ်သည်။
ထန်ထျန်းကဲ့သို့သော ငွေရှင်ကြီးတစ်ဦး၏ ကျောထောက်နောက်ခံ ရှိနေခြင်းက အာမခံချက်တစ်ခု ဖြစ်နေသဖြင့် ဝမ်ကန်းတို့အဖွဲ့မှာ လက်ရဲဇက်ရဲ ရှိလာကြပြီး အခြားကုန်သွယ်ရေးအသင်းများကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် ချဲ့ထွင်တော့သည်။
သို့သော် ထိုသို့ ချဲ့ထွင်ခြင်းမှာ ထိုးစစ်ဆင်သည်ဟု ဆိုရသော်လည်း အမှန်တကယ်တွင်မူ ရှယ်ယာပိုင်ရှင်များမှာ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြပြီး ကိုယ်တိုင်ကိုယ်ကျ တက်ကြွစွာ ပူးပေါင်းကြခြင်းဖြစ်သည်။
ယခုအခါတွင် အမြင်ရှိသူတိုင်း သိနေကြသည်မှာ ထျန်းဖူနန်းတော်၏ လက်အောက်ခံ မဟုတ်သော အခြားမည်သည့် အင်အားစုမှ ရေရှည် ရပ်တည်နိုင်မည် မဟုတ်တော့ခြင်းပင် ဖြစ်သည်။ ဤနွံထဲမှ အမြန်ဆုံး ရုန်းထွက်နိုင်ခြင်းကသာ အသိဉာဏ်ရှိသော လုပ်ရပ် ဖြစ်သည်။
ထို့ကြောင့် ဤအချိန်တွင် တစ်ဦးဦးက ဝယ်ယူမည်ဟု ဆိုလာသောအခါ သူတို့၏ ဆန္ဒနှင့် ကွက်တိပင် ဖြစ်နေသည်။
ဤသို့သော အနေအထားအောက်တွင် ကုန်သွယ်ရေးအသင်းများ ချဲ့ထွင်မှုမှာ အလွန်ချောမွေ့စွာ တိုးတက်နေပြီး နေ့စဉ်နှင့်အမျှ ထန်ထျန်း၏ စနစ်အတွင်းသို့ ရှန့်ထန်းတာအိုကျောက်စိမ်းများနှင့် သုံးစွဲမှုအမှတ် များ အမြောက်အမြား ဝင်ရောက်လာခဲ့သည်။
ရှန့်ထန်းတာအိုကျောက်စိမ်း သိန်းချီ စုမိသည့်အခါတိုင်း ထန်ထျန်းက ဝမ်ကန်းထံသို့ ထပ်မံ ပေးပို့လိုက်သည်။
မကြာမီအချိန်အတွင်း ပြင်ပရှိ ကုန်သွယ်ရေးအသင်း အများစုမှာ 'ထျန်းရှထုန်' လက်အောက်သို့ ရောက်ရှိလာတော့မည် ဖြစ်သည်။
မဟာအင်အားကြီး လုပ်ငန်းစုတစ်ခုမှာ တဖြည်းဖြည်း မွေးဖွားလာနေပြီ ဖြစ်သည်။
ချင်းယွဲ့ဂိုဏ်းအတွင်းသို့ ပြန်ကြည့်မည်ဆိုလျှင် ဂိုဏ်းပေါင်းစုံတိုက်ပွဲ ပြီးဆုံးသွားပြီးနောက် ကုရှောင်းရွှယ် မှာ ခရမ်းရောင်ဝါးခြံဝင်းသို့ ပြန်ရောက်လာခဲ့ပြီး လီဟုန်၊ လန်ယွီ ညီအစ်မတို့နှင့်အတူ ထန်ထျန်းအတွက် ဂိုဏ်းတွင်းကိစ္စများကို ကူညီဆောင်ရွက်ပေးနေသည်။
ထို့ပြင် သူတို့၏ ကျင့်ကြံခြင်းမှာလည်း ရပ်တန့်မသွားပေ။
ထန်ထျန်းက သူတို့အတွက် လုံလောက်သော ရှန့်ထန်းတာအိုကျောက်စိမ်းများနှင့် ပုတီးစေ့ များကို ထောက်ပံ့ပေးထားသဖြင့် သူတို့၏ ကျင့်ကြံမှုအဆင့် မှာ ထိတ်လန့်ဖွယ်ကောင်းသော နှုန်း ဖြင့် တိုးတက်လာခဲ့သည်။
လီဟုန်မှာ ပြောင်းစည်းခြင်း နှောင်းပိုင်း အဆင့်သို့ ရောက်ရှိသွားပြီး အခြေခံကို ခိုင်မာအောင် ပြုလုပ်နေသည်။
လန်ယွီ ညီအစ်မမှာလည်း နတ်အသွင်ပြောင်းခြင်း အထွတ်အထိပ် အဆင့်သို့ ရောက်ရှိကာ ပေါင်းစည်းခြင်း အဆင့်သို့ တက်လှမ်းရန် ပြင်ဆင်နေပြီဖြစ်သည်။
သို့သော် ကုရှောင်းရွှယ်မှာမူ ယခင်ကကဲ့သို့ပင် ထူးဆန်းသော နှုန်း ဖြင့် တိုးတက်လာပြန်သည်။
ထန်ထျန်း၏ ဘေးနားတွင် ရှိနေသည့်အခါ သူမ၏ နဝမအာရုံ မှာ အတားအစီးမရှိ ပွင့်သွားသကဲ့သို့ ကျင့်ကြံရသည်မှာ ရေသောက်ရသလောက် လွယ်ကူနေပုံရသည်။ အဆင့်တက်ရသည်မှာလည်း လက်ဝါးဖြန့်ပြသကဲ့သို့ပင်။
မကြာမီ လတစ်ဝက် အတွင်းမှာပင် လန်ယွီ ညီအစ်မ၏ အဆင့်ကို မှီသွားပြီး နောက်ထပ်ရက်အနည်းငယ်အတွင်းမှာပင် သူတို့ကို ကျော်တက်ကာ ပေါင်းစည်းခြင်း အဆင့်သို့ တရားဝင် ရောက်ရှိသွားခဲ့သည်။ ထို့ပြင် သူမ၏ အခြေခံမှာလည်း အလွန်ခိုင်မာလှသည်။
ဤအခြေအနေနှင့် ပတ်သက်၍ ကုရှောင်းရွှယ်ကိုယ်တိုင်လည်း အကြောင်းရင်းကို မသိပေ။ သူမ ပြောပြနိုင်သည်မှာ ထန်ထျန်း၏ ဘေးနားသို့ ပြန်ရောက်သည့်အခါ တစ်ကမ္ဘာလုံးက ကြည်လင်သွားသကဲ့သို့ ခံစားရပြီး တာအိုနိယာမများမှာ မျက်စိရှေ့မှောက်သို့ ရောက်လာသကဲ့သို့ ခံစားရခြင်း ဖြစ်သည်။
ထန်ထျန်းမှာမူ ဤကိစ္စကြောင့် အတော်လေး ဝေခွဲမရ ဖြစ်နေသည်။ အကြောင်းမှာ သူကိုယ်တိုင်လည်း ဘာကြောင့်လဲဆိုတာကို မသိသောကြောင့် ဖြစ်သည်။
ဇာတ်လိုက် အရှိန်အဝါ လား
မဟုတ်ပေ။ ဤကမ္ဘာတွင် ထိုကဲ့သို့သော အရာမျိုး မရှိပေ။
အကယ်၍ သူသာ အမြဲတမ်း ခြေလှမ်းမှန်မှန်ဖြင့် မလျှောက်လှမ်းခဲ့ပါက အစောကြီးကတည်းက အသတ်ခံလိုက်ရလောက်ပြီဖြစ်သည်။
ဒါဆို အခြားဘာအကြောင်းရင်း ရှိဦးမည်နည်း။
သူ့ကိုယ်သူ ပြန်လည် စစ်ဆေးကြည့်သောအခါ ထူးခြားချက် နှစ်ခုကိုသာ တွေ့ရသည်။
ပထမမှာ သူ၏ ဝိညာဉ်မှာ အခြားကမ္ဘာမှ လာခြင်းဖြစ်ပြီး၊ ဒုတိယမှာ သူ၏ စနစ် ဖြစ်သည်။
သို့သော် ကုရှောင်းရွှယ်၏ ထူးဆန်းသော အခြေအနေမှာ ဤအချက်နှစ်ခုကြောင့်ဟု ဆိုပါကလည်း တော်တော်လေး အဓိပ္ပာယ်မရှိသလို ဖြစ်နေသည်။
အချင်းချင်း လုံးဝ မသက်ဆိုင်လှပေ။
သူ အတော်ကြာ အဖြေရှာသော်လည်း ရှာမတွေ့သဖြင့် နောက်ဆုံးတွင် တိုက်ဆိုင်မှုဟုသာ သတ်မှတ်လိုက်ရသည်။
သို့မဟုတ်လျှင် ကုရှောင်းရွှယ်၏ ကိုယ်ပေါ်တွင် တစ်ခုခု ရှိနေသော်လည်း ရှာမတွေ့သေးခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် မည်သို့ပင်ဆိုစေကာမူ ရှောင်းရွှယ်၏ လျင်မြန်သော တိုးတက်မှုနှုန်း မှာ ကောင်းမွန်သော ကိစ္စဖြစ်သည်။
အကြောင်းမှာ ထန်ထျန်း၏ တိုးတက်မှုနှုန်းမှာ အလွန်လျင်မြန်လွန်းလှသဖြင့် အဆင့်တစ်ခု ရောက်တိုင်း ထိုအဆင့်နှင့် ကိုက်ညီသော သစ္စာရှိလက်အောက်ငယ်သားကို အသစ်ရှာနေဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။
အကယ်၍ ရှောင်းရွှယ်သာ အင်အားရှိလာပါက သူ အရေးကြီးသော အခြေအနေများကို ရင်ဆိုင်ရသည့်အခါ အားကိုးရမည့်သူ တစ်ဦး ရှိလာမည်ဖြစ်သည်။
လောလောဆယ်တော့ ဤမျှသာ။
လက်အောက်ငယ်သား လေးဦး၏ တိုးတက်မှုမှာ ပြဿနာမရှိသလို ဂိုဏ်းအတွင်း သူ တည်ဆောက်ထားသည့် အသာစီးရနေသော အခြေအနေမှာလည်း မပျက်စီးပေ။
လုချန်းကျီက ဟန်ဟိုင်နှင့် ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း ထန်ထျန်းကို တစ်စုံတစ်ရာ ပြုလုပ်လာမည်ကို ထန်ထျန်း စိုးရိမ်ခဲ့သော်လည်း ယခုအခါ နောက်ဆုံးအချိန်သို့ နီးကပ်လာသော်လည်း လုချန်းကျီဘက်မှ ဘာလှုပ်ရှားမှုမှ မရှိပေ။
အမှန်တကယ်တွင်မူ လုချန်းကျီဘက်မှ အခြေအနေများမှာ ပြဿနာတက်နေပြီဖြစ်သည်။
အစောပိုင်းက အကြီးအကဲများနှင့် အဆင့်မြင့်ပုဂ္ဂိုလ်များမှာ လုချန်းကျီ အနိုင်ရမည်ဟု ယူဆကာ ထောက်ခံခဲ့ကြသော်လည်း ယခုအခါ ထန်ထျန်းက အပြတ်အသတ် အသာစီးရနေသဖြင့် သူတို့၏ သဘောထားမှာ ယိမ်းယိုင်လာခဲ့သည်။
လုချန်းကျီက ယခုရက်ပိုင်းအတွင်း စိတ်တိုလွယ်လာပြီး အများရှေ့တွင် သူ၏ လက်အောက်ငယ်သားများကို အော်ဟစ်ဆဲဆိုခြင်းများ ပြုလုပ်လာသည်။
၎င်းမှာ ယခင်က ဘယ်သောအခါမှ မဖြစ်ဖူးသည့် ကိစ္စဖြစ်သည်။
လူအတော်များများက လုချန်းကျီမှာ ထန်ထျန်းကို မယှဉ်နိုင်တော့သဖြင့် စိတ်ပျက်အားငယ်နေပြီဟု ထင်မှတ်ကြသည်။
သို့သော် ထန်ထျန်းကမူ သတိကို လုံးဝမလျှော့ပေ။
သူက ပို၍ပင် သတိထားကာ အရာရာကို ကိုယ်တိုင် ကြီးကြပ်နေသည်။
လုချန်းကျီက အရှုံးကို အလွယ်တကူ လက်ခံမည့်သူ မဟုတ်ကြောင်း သူ ကောင်းကောင်းသိသည်။
သို့သော် မည်သို့ပင်ရှာဖွေစေကာမူ လုချန်းကျီဘက်မှ တိုက်ခိုက်မည့် အရိပ်အယောင် လုံးဝရှာမတွေ့ပေ။
ထိုသို့ ရှာမတွေ့လေ ထန်ထျန်း၏ ရင်ထဲတွင် စိတ်မချ မှုက ပို၍ ကြီးထွားလာလေ ဖြစ်သည်။
တစ်ခုခုကို သူ လျစ်လျူရှုမိနေသလို ခံစားနေရသည်။
အချိန်တွေ ကုန်ဆုံးသွားပြီး ဂိုဏ်း၏ ဒုတိယအာဏာရှိသော နေရာကို ဆုံးဖြတ်မည့်နေ့ မတိုင်မီ တစ်ညအလိုသို့ ရောက်ရှိလာခဲ့သည်။
ထန်ထျန်းက ရှေးဟောင်းသစ်ပင်ကြီးအောက်တွင် ထိုင်ကာ လက်ဖက်ရည်ကို တစ်ခွက်ပြီးတစ်ခွက် သောက်နေသော်လည်း ရင်ထဲမှ စိုးရိမ်စိတ်မှာ ပျောက်ကွယ်မသွားပေ။
လုချန်းကျီ... သူ ဘာကို ကြံစည်နေသနည်း။
"တောက်..." ( မိုးစက် ကျသံလို့ မှတ်လိုက်ပါ😅)
ရုတ်တရက် ကောင်းကင်မှ မိုးစက်တစ်စက်က ထန်ထျန်း၏ လက်ဖမိုးပေါ်သို့ ကျလာသည်။
ထို့နောက် မိုးမှာ သည်းထန်စွာ ရွာချလိုက်တော့သည်။ မိုးစက်များမှာ သစ်ပင်၏ သစ်ရွက်များကြားမှ တိုးဝင်ကျလာသော်လည်း သစ်ပင်၏ ပင်စည်နှင့် နီးကပ်သော နေရာတစ်ခုမှာမူ လုံးဝ ခြောက်သွေ့နေဆဲ ဖြစ်သည်။
ထိုနေရာမှာ လုချန်းကျီ ဤနေရာသို့ လာတိုင်း ထိုင်လေ့ရှိသော နေရာဖြစ်သည်။
သူက ထိုင်ခုံတွင် မထိုင်ဘဲ သစ်ပင်ပင်စည်ကို မှီထိုင်ရသည်ကို ပိုနှစ်သက်သူ ဖြစ်သည်။
တကယ့်ကို ထူးဆန်းသော ဝါသနာပင်။
ထန်ထျန်းက ထိုခြောက်သွေ့နေသော နေရာကို စိုက်ကြည့်ရင်း ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။
သူ၏ လက်ထဲမှ လက်ဖက်ရည်ခွက်မှာလည်း သတိမထားမိဘဲ ညှစ်ခြေမိသွားသဖြင့် ကွဲအက်သွားခဲ့သည်။
"ဂျိမ်း..."
ကောင်းကင်တွင် လျှပ်စီးများ လက်သွားပြီး မိုးခြိမ်းသံကြီးက ဟိန်းထွက်လာသည်။
"သောက်ကျိုးနဲ..."
ထန်ထျန်း၏ မျက်လုံးထဲတွင် ပြတ်သားသော အလင်းတန်းများ လက်သွားပြီး လက်ထဲမှ ခွက်အကြွင်းအကျန်များကို ခါချကာ တံခါးဝသို့ အပြေးသွားလိုက်သည်။
ထိုအချိန်မှာပင် အပြင်ဘက်မှ လီဟုန်က တုန်လှုပ်ခြောက်ခြားနေသော မျက်နှာဖြင့် ပြေးဝင်လာသည်။
"သခင်လေး... မကောင်းတော့ဘူး"
လီဟုန်က အော်ဟစ်ကာ သတင်းပို့သည်။ "တောင်ထိပ်သခင် ချီယွမ် ရုတ်တရက် ရူးသွပ်သွားပြီး အဓိကတောင်ထိပ်ကို ပြေးတက်သွားကာ မဟာအကြီးအကဲ နဲ့ တိုက်ခိုက်နေပါပြီ
သေခြင်း ရှင်ခြင်း တိုက်ပွဲ ဖြစ်နေတာ"
"ဂျိမ်း..."
ကောင်းကင်ယံမှ ပိုမိုတောက်ပသော လျှပ်စီးတန်းကြီးက ကန့်လန့်ဖြတ် ဖြတ်သန်းသွားတော့သည်။