← Chapters

အမှောင်ထု၏သားတော် + ငါက သူရဲကောင်းဖြစ်ချင်ရုံပါ NXM Chapter 6 – နှုတ်ဆက်ခြင်း-ဇာတ်သိမ်းခန်း

Vol. 13 Ch. 6

အမှောင်ထု၏သားတော် + ငါက သူရဲကောင်းဖြစ်ချင်ရုံပါ NXM Chapter 6 – နှုတ်ဆက်ခြင်း-ဇာတ်သိမ်းခန်း

Vol. 13 Ch. 6

အချိန်အားဖြင့်တော့ ညပိုင်း။

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တစ်နေရာရှိ ရပ်ကွက်လေးတစ်ခုမှာ အပြိုင် စကြဝဠာပေါ်တယ်တစ်ခုပွင့်လာပြီး မိန်းကလေးတစ်ယောက်နဲ့ ယောက်ျားလေးတစ်ယောက် အတွင်းထဲကနေ ထွက်လာကြတယ်။ လူငယ်လေးက အနက်ရောင်ဘောင်းဘီ၊ အနက်ရောင်ဂျာကင်ကို ဝတ်ဆင်ထားခဲ့ပြီး အပြာရောင်မျက်လုံးတွေနဲ့ကွေးကောက်တဲ့ ဆံပင်နက်ပါးပါးတချို့ရှိပါတယ်။

မိန်းကလေးကတော့ ဂုတ်ဝဲဆံပင်ရှိပြီး အသားညိုပေမဲ့ နှုတ်ခမ်းတွေသွေးမရှိသလို ဖျော့တော့နေတာကိုတော့ ဖုံးဖိထားလို့မရခဲ့ဘူး။ သူ့ခန္ဓာကိုယ်ကနေ အေးစိမ့်တဲ့ အငွေ့အသက်တချို့ထွက်ပေါ်နေပြီး သာမန်လူတွေမှာ မရှိနိုင်တဲ့အငွေ့အသက်မျိုးပါ။

“မင်းအပေါ်မှာ အဆင့်မြင့်ရေခဲမှော်တစ်မျိုး ငါသုံးပေးထားတယ်။ မင်းရဲ့ခန္ဓာကိုယ်ကို ကူညီပေးနိုင်အောင်လို့ပေါ့။ ဒါပေမဲ့ အချိန်မစေ့ခင် အိမ်ကနေထွက်သွားဖို့ မင်းဆုံးဖြတ်ထားတာကို ငါမယုံနိုင်သေးဘူး။”

ခိုင်နေခြည်က နက်ဆန်ရဲ့ဂရုစိုက်တတ်တဲ့ပုံစံကြောင့် ပြုံးပြရင်း အခုလိုပြောလိုက်လေရဲ့။ “ကျွန်မ မိဘတွေရှေ့မှာ ကျွန်မပြိုလဲသွားတာမျိုး မမြင်ချင်ဘူး။”

“ငါနားလည်ပြီ၊ ဒါဖြင့်သွားပါ။”

မိန်းကလေးက ခေါင်းညိတ်ပြလိုက်ပြီး ရင်းနှီးနေတဲ့အိမ်လေး ရှိတဲ့နေရာဆီကို လျှောက်သွားခဲ့တယ်။

...

ကျွန်မတစ်ကိုယ်လုံး အေးစက်ပြီးတောင့်တင်းနေသလိုမျိုး ခံစားရတယ်။ ညမင်းသားက ကျွန်မကိုယ်ပေါ်မှာသုံးခဲ့တဲ့ မှော်ပညာကြောင့်ထင်တယ်။ ဒါပေမဲ့ အဲဒီလိုမှမဟုတ်ရင်လည်း ကျွန်မခန္ဓာကိုယ်က အိမ်ပြန်မရောက်ခင်မှာတင် ပြိုလဲကျသွားဖို့ ရှိနေတယ်။

ကျွန်မရဲ့သွေးကြောတွေမည်းနေပြီး လှုပ်ရှားမှုတွေက ဇွန်ဘီလိို ဖြစ်နေခဲ့ပေမဲ့ မရောက်တာကြာပြီဖြစ်တဲ့ နှစ်ထပ်အိမ်လေးကို မြင်လိုက်ရတဲ့အခါမှာတော့ ကျွန်မပြုံးလိုက်မိပါတယ်။ အဲဒီနောက် သော့ခတ်မထားတဲ့ သံပန်းတံခါးကိုဖွင့်ပြီး ခြံထဲဝင်လိုက်တာပေါ့။

ကလင်.... ကလင်....

တံခါးမှာချိတ်ထားတဲ့ ခေါင်းလောင်းလှုပ်ရှားရာကနေ နားဝင်ချိုတဲ့ မြည်သံထွက်လာတယ်။ အကြာကြီးနေခွင့်မရတော့ဘူးဆိုတဲ့ အသိကြောင့်ဝမ်းနည်းမိပေမဲ့ အိမ်ရဲ့ရင်းနှီးနေတဲ့အသံကို ကြားရတဲ့အခါမှာတော့ ကျွန်မရင်ထဲနွေးသွားသလိုပဲ။ နှလုံးသားဆိုတဲ့အရာက အေးစက်ပြီးသေဆုံးနေခဲ့တာ ကြာခဲ့ပြီဆိုပေမဲ့ပေါ့။

ညှောင်....

ကျွန်မကိုခါတိုင်းလာကြိုပြီး အစာတောင်းနေကျ ကြောင်မလေး မိဝါလည်းအနားရောက်လာတယ်။ အရင်လိုပဲအနားကပ်လာခဲ့ပေမဲ့ ကျွန်မအနားကိုရောက်တော့ ထိတ်လန့်သွားပုံရပြီး အမြီးကိုထောင် အော်ဟစ်ပြီးအိမ်နောက်ဖေးကို ပြေးသွားတော့တာပဲ။

“မိဝါ...” ဒီအချက်က ကျွန်မဟာ အသက်ရှင်နေသူတွေရဲ့ လောကနဲ့ မသက်ဆိုင်တော့ကြောင်း သတိပေးလိုက်သလိုပါပဲ။

...

“ဟုတ်ကဲ့ရှင့်၊ ဟုတ်ကဲ့... ရဲစခန်းမှာတော့ အမှုဖွင့်ထားပြီးပါပြီ။ ကျွန်မက အစ်မတို့ဆီမှာရောက်နေမလားဆိုပြီး မေးကြည့်တာပါ။ ကိုတင်ဝင်းလည်း သမီးလေးသွားတတ်တဲ့နေရာတွေ လိုက်ကြည့်ပြီးပြီမလို့ပါ။”

အားတင်းထားပေမဲ့ တုန်ယင်နေတဲ့အမေ့အသံကို ကြားရတဲ့ အခါမှာတော့ ကျွန်မမမေ့နိုင်ဘဲ အိမ်ထဲပြေးဝင်သွားမိတယ်။ တောင့်တင်းနေတဲ့ခြေထောက်တွေနဲ့ အသားမကျသေးတာမလို့ လဲကျသွားတော့မလိုဖြစ်ခဲ့ပေမဲ့ ဖုန်းကိုကိုင်လျက်သားကနေ ကျွန်မကိုကြောင်ကြည့်နေတဲ့ အမေ့ကိုပြုံးပြဖြစ်ခဲ့တယ်။

“အမေ.... အဖေ....”

အမေ့ဘေးမှာတော့ လက်နှစ်ဖက်ကိုဆုပ်ကိုင်ပြီး ကြမ်းပြင်ကို ငုံကြည့်နေခဲ့တဲ့အဖေလည်းရှိတယ်။ အဖေကလည်းကျွန်မရဲ့ ကွဲအက်စပြုနေတဲ့အသံကိုကြားတော့ မော့ကြည့်လိုက်ပါတယ်။ အစကတော့ အဆူခံရပြီလို့ထင်ပြီး မျက်လုံးကိုမှိတ်ထားခဲ့ပေမဲ့

“သမီးလေး... ဘယ်ရောက်နေတာလဲ။”

“သမီးတစ်ခုခုဖြစ်သွားမှာ စိုးရိမ်နေခဲ့တာ။”

အမေက ကျွန်မဆီကိုပြေးလာပြီး ဖက်ထားခဲ့တယ်။ ကျွန်မကို နောက်ထပ်တစ်ခါ မျက်စိရှေ့ကနေ ပျောက်သွားမှာကို စိုးရိမ် နေခဲ့သလိုပါပဲ။

“သမီး၊ အိမ်ပြန်လမ်းကို မေ့နေခဲ့လို့ပါ။” ကျွန်မမထိန်းနိုင်ဘဲ ငိုချခဲ့လိုက်မိတယ်။ အမေလည်းကျွန်မကိုဖက်ထားပြီး ငိုနေခဲ့တာ။ အဖေကဘာမှမပြောပေမဲ့ နှုတ်ခမ်းကိုကိုက်ထားခဲ့တယ်။ တစ်ခွန်းမှ မပြောခဲ့ပေမဲ့ သူဘယ်လောက်စိတ်ပူနေလဲ တွေးကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။

“သမီးပြန်လာလို့ တော်သေးတာပေါ့။ နှစ်ရက်တောင် ပျောက်နေခဲ့တာမလို့ သမီးတစ်ခုခုဖြစ်နေပြီထင်နေတာ။”

ကျွန်မအမေ့ရင်ခွင်ထဲကနေ ရုန်းထွက်လိုက်တယ်။ ပြုံးဖို့ ဆက်ပြီးကြိုးစားနေပေမဲ့ ကျွန်မမျက်နှာတစ်ခုလုံးအေးခဲနေသလို ခံစားရပြန်တယ်။

“သမီးကိုယ်တွေ အေးစက်နေတာပဲ။ နေရောကောင်းရဲ့လား...”

ထူပူနေတဲ့စိတ်တွေပျောက်သွားပြီးတဲ့နောက် အမေက ကျွန်မလက်ကို ကိုင်ကြည့်ရင်းနဲ့မေးတယ်။ ကျွန်မကတော့ စိတ်မပူအောင်လို့ အမေ့လက်ကို ကျွန်မလက်နောက်တစ်ဖက်နဲ့ ပြန်ပြီးဆုပ်ကိုင်ထားဖြစ်တယ်။ သူကျွန်မကို သွေးခုန်နှုန်းစမ်းမိသွားရင် မခက်ပေဘူးလား။

“သမီးဘာမှမဖြစ်ပါဘူး... ဒါနဲ့သမီးဗိုက်ဆာတယ်အမေ။”

ကျွန်မဒီလိုပြောပြီးမကြာခင်မှာပဲ မိသားစုထမင်းဝိုင်းလေးတစ်ခု ပေါ်လာခဲ့ပါတယ်။ အဖေက ဘာမှမဖြစ်သလိုဟန်ဆောင်ရင်း ခါတိုင်းလိုပဲ ထမင်းစားရင်းတီဗီကြည့်မယ်ကြံတော့ ကျွန်မလည်း တီဗီရီမုကိုအတင်းလုပြီး အောက်စက်ထဲ ကျွန်မသူငယ်ချင်းတွေနဲ့ ရိုက်ထားတဲ့အခွေ ထည့်ပေးလိုက်တယ်။

“အမေတို့ သမီးသရုပ်ဆောင်တာကို တစ်ခါမှမကြည့်ဖူးဘူး မဟုတ်လား။”

အဖေက လက်သီးကိုတင်းတင်းဆုပ်ထားတာ မြင်လိုက်ရတယ်။ နေ့ာက်တော့ ပထမဆုံးအနေနဲ့ အဖေ့ဆီကစကားသံ ထွက်လာ ပါတော့တယ်။

“သမီးသရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတိုလေးကို အဖေလိုင်းပေါ်က ခဏခဏကြည့်ဖြစ်ပါတယ်။ အဖေ့သမီး ဒီလောက်တော်မယ်မှန်း မသိခဲ့ဘူး။”

ကျွန်မ ပထမဆုံးအနေနဲ့ အံ့ဩသွားခဲ့တယ်။ ဒါကြောင့် ကျွန်မ မနေနိုင်ဘဲပြောခဲ့မိတာပေါ့။

“ဘာကြောင့် သမီးကို အခုလိုစောစောမပြောခဲ့ရတာလဲ။” အဖေနဲ့ အမေသာ ကျွန်မကိုစောစောအသိအမှတ်ပြုခဲ့ရင်....

ငိုချလိုက်ဖို့ကြိုးစားခဲ့ပေမဲ့ အမေက ကျွန်မမျက်ဝန်းက မျက်ရည်တွေကိုသုတ်ပြီး ဓာတ်ဆားရည်တစ်ပုလင်း လာချပေးတယ်။

“သမီး၊ အရမ်းငိုတာမကောင်းဘူးနော်။ သမီးက ရုပ်ရှင်မင်းသမီးလုပ်မယ့်သူလေ။ ငယ်ငယ်ရွယ်ရွယ်နဲ့ အရေးအကြောင်းတွေ ထင်ကုန်လိမ့်မယ်။”

“အင်း....”

အဲဒီနောက်တော့ အမေချက်ထားတဲ့ငါးဖယ်ဟင်းကို ကျွန်မတို့ စားဖြစ်ကြတယ်။ ရှေးဟောင်းနှောင်းဖြစ်တွေပြောကြရင်းနဲ့ ငိုတစ်လှည့်ရယ်တစ်လှည့်ပေါ့။ ကျွန်မနားမှာ သူတို့နှစ်ယောက် အတူတူရှိနေတာမလို့ ကျွန်မခန္ဓာကိုယ်က မူမမှန်မူတွေကို သူတို့သတိထားမိလား သတိမထားမိတာလား ကျွန်မမသိပေမဲ့ အနည်းဆုံးတော့ အဲဒီအကြောင်းကို ကျွန်မတို့မပြောဖြစ်ခဲ့ဘူး။

အရာအားလုံးက ကျွန်မတို့အတွက် သာမန်နေ့ရက်လေး တစ်ရက်လိုပါပဲ။ ဒါပေမဲ့ ကျွန်မရင်ထဲမှာ အပြစ်ရှိသလို ခံစားရတဲ့စိတ်တွေနဲ့ပြည့်နှက်လာခဲ့တယ်။

“သမီးကျောင်းမှာ စာမေးပွဲခဏခဏကျတဲ့အတွက် တောင်းပန်ပါတယ်။ သမီးက သမီးဖြစ်ချင်တာပဲ သိခဲ့မိတာလေ။”

အမေကတော့ ကျွန်မခေါင်းကိုဖွဖွပုတ်ပေးလိုက်တယ်။ နောက်တော့ သူကိုယ်တိုင်ပဲကျွန်မကို ခွင့်လွှတ်ပေးခဲ့တယ်။

“တကယ်တော့ အမေတို့လည်း ကိုယ်ဖြစ်ချင်တာပဲကိုယ် သိခဲ့ကြတာလေ။ သမီးလေးကျောင်းပြီးမှ ရုပ်ရှင်ရိုက်ရင်လည်း နောက်မကျသေးဘူးလို့တွေးခဲ့တာ။ အတောင်မစုံသေးဘဲ အနုပညာလောကထဲရောက်သွားပြီး ဒုက္ခရောက်မှာကိုစိုးရိမ်ခဲ့ကြတာ။”

“အခုတော့ သမီးနားလည်သွားပါပြီ။”

ညစာစားပြီးတဲ့အချိန်မှာတော့ အိပ်ချိန်ရောက်လာခဲ့ပါတယ်။ အစကတော့ ကျွန်မအခန်းကို ကိုယ်တိုင်ပြန်သွားဖို့အတွက် တွေးဖြစ်ခဲ့ပေမဲ့ ရင်ထဲမှာဟာတာတာဖြစ်နေပြီးတော့ တစ်ယောက်တည်း အမှောင်ထဲမှာထပ်နေရမယ့်ခံစားချက်ကို သတိရမိတော့ အရွယ်ရောက်ပြီးတဲ့ သမီးမိန်းကလေးတစ်ယောက် မတောင်းဆိုသင့်တဲ့အရာတစ်ခုကို ကျွန်မတောင်းဆိုခဲ့မိတယ်။

“အဖေ... အမေ... သမီးအမေတို့နဲ့အတူတူအိပ်လို့ရမလား။”

အမေရောအဖေရော အံ့ဩသွားခဲ့ပေမဲ့ သူတို့ကအတူတူနီးပါး ခေါင်းညိတ်ပြကြတယ်။ အဖေက သက်ပြင်းချရင်းနဲ့

“ငါ့သမီးလေး တက္ကသိုလ်အဆောင်မှာ တစ်ယောက်တည်း ဖြစ်နေခဲ့တာဆိုတော့ အထီးကျန်နေမှာပဲ။” လို့ပြောပြီး ခွင့်ပေးလိုက်ပါတယ်။

ဟုတ်တယ်၊ တက္ကသိုလ်မှာ ကျွန်မတစ်ယောက်တည်း အထီးကျန် နေခဲ့တာပါ။ အကြိမ်ကြိမ်စာမေးပွဲကျပြီးတဲ့နောက် ကျွန်မဟာ ကျောင်းမှာ မဝင်ဆန့်တဲ့လူတစ်ယောက်ဖြစ်လာခဲ့တယ်။ အတန်းထဲက လူတွေပြောင်းသွားခဲ့ပြီး ကျွန်မသိတဲ့သူတွေ မရှိတော့သလို ထုံကျဥ်နေခဲ့တဲ့ စိတ်ခံစားချက်တွေကြောင့် မိတ်ဆွေအသစ်ဖွဲ့ဖို့လည်း ကျွန်မမစဥ်းစားဖြစ်တော့ဘူး။

နောက်ဆုံးမှာတော့ အခန်းနောက်ဆုံးကထောင့်ခုံမှာထိုင်ရင်း လူတွေရဲ့မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားခဲ့တယ်။ စိတ်မဝင်စားတဲ့ စာတွေကိုဒီအတိုင်းကြည့်နေရင်း အတန်းထဲမှာပဲ ဖုန်းခိုးသုံးလိုက်၊ မုန့်ဝယ်စားလိုက်နဲ့ လူငယ်ဘဝရဲ့ရွှေရောင် နှစ်ကာလတွေကို ကျွန်မဖြုန်းတီးပစ်ခဲ့မိတယ်။

အိပ်ရာထဲရောက်တော့ အဖေနဲ့အမေက ကျွန်မကိုအလယ်မှာ နေရာချပေးခဲ့တယ်။ တကယ့်ကလေးလေးတစ်ယောက်လိုမျိုး စောင်ခြုံပေးပြီးတဲ့နောက်မှာတော့ အမေက ကျွန်မကိုပြောခဲ့တယ်။

“အိပ်မက်လှလှ မက်ပါစေသမီး။”

...

နောက်တစ်နေ့မနက်...

ကျွန်မအစောကြီးနိုးနေခဲ့တယ်။ တကယ်တော့ တစ်ညလုံး အိပ်ပျော်မသွားခဲ့ဘူး။ အိပ်ရာကနေထလိုက်တော့ ဆံပင် အမြားအပြားဟာ အိပ်ပျော်နေတဲ့အဖေနဲ့အမေရဲ့ကြားထဲမှာ ကျွတ်ကျန်နေရစ်တယ်။

ရေချိုးခန်းထဲကိုရောက်တော့ ကျွန်မရဲ့မျက်လုံးနဲ့နားတွေကနေ သွေးမည်းမည်းတွေစိးကျနေတာ မြင်ရတယ်။ မျက်နှာသစ်၊ ကိုယ်လက်သန့်ရှင်းရေးလုပ်ပြီး ကိုယ့်ကိုယ်ကိုယ်လန်းဆန်းတဲ့ ပုံစံမျိုးဟန်ဆောင်ထားပေမဲ့ ကျွန်မမှာအချိန်မကျန်တော့မှန်း သိနေခဲ့ပြီးသားပါ။

ဒါကြောင့် ကျွန်မအခန်းဆီသွားပြီး အလှဆုံးဆိုတဲ့အဝတ်တွေကို ဝတ်စား၊ မိတ်ကပ်ကို အလှဆုံးပြင်ပြီး အောက်ထပ်ကို ဆင်းလာဖြစ်ပါတယ်။ အံ့ဩစရာက ကျွန်မအဝတ်ရွေးနေတဲ့ တစ်ခဏလေးမှာတင် အဖေနဲ့အမေလည်း နိုးနေပြီဖြစ်ပြီး မနက်စာစားဖို့အသင့် စောင့်နေကြတာပါပဲ။

“သမီး၊ ကျောင်းသွားတော့မလို့လား။ မနက်စာစားသွားဦးလေ။”

“ဟုတ်... မစားတော့ပါဘူးအမေ။ ဒီနေ့တော့ ကျောင်းကို စောစောသွားမလို့လားလို့ပါ။”

အမေက ကျွန်မနောက်ကိုရောက်လာပြီး ကျွန်မကိုနောက်ကနေ သိုင်းဖက်လိုက်တယ်။ အမေ့ခန္ဓာကိုယ်က တသိမ့်သိမ့်တုန်ခါလို့။

“ဒီတစ်ခါထွက်သွားပြီးရင် သမီးဘယ်တော့မှ ပြန်မလာတော့ဘူး မဟုတ်လား။”

ကျွန်မခေါင်းထဲမှာ ဗလာဟင်းလင်းဖြစ်သွားသလိုပါပဲ။ ကျွန်မ သူတို့ကိုလျှော့တွက်ခဲ့မိတယ်။ ဒါကြောင့် အမေ့လက်ကို ကျွန်မ ပြန်ပြီးဆုပ်ကိုင်ထားမိတာပေါ့။

“အမေသိနေခဲ့တာလား....”

“သမီး... သမီးရဲ့ပုံစံက အမေတို့ဆရာဝန်တွေအတွက် အရင်းနှီးဆုံးအရာပဲ။ ဘယ်လိုကံကြမ္မာမျိုးနဲ့တွေ့ပြီး အမေတို့ဆီကိုပြန်ရောက်လာလဲမသိပေမဲ့ အမေတို့ သမီးကိုမကာကွယ်လိုက်နိုင်မှန်း သမီးကို မြင်လိုက်ရကတည်းက အမေတို့သိတယ်။”

“ဟုတ်သားပဲနော်...” ကျွန်မ ပြုံးလိုက်မိပါတယ်။ ပြီးတော့ ကျွန်မ ကျေးဇူးတင်မိတယ်။ မိဘတွေကိုရော၊ ဒီလိုပြန်လာဖို့အတွက် ဆုံးဖြတ်ခဲ့မိတဲ့ကျွန်မကိုရော၊ ပြန်လာခွင့်ပြုခဲ့သူကိုရောပေါ့။ ဒီလိုမှမဟုတ်ရင် ကျွန်မဟာ သိသင့်တာတွေကိုမသိသွားဘဲ သေခဲ့ရမှာ။

“ကျွန်မ အမေတို့ကိုအရမ်းချစ်တယ်။ အမေတို့ကလည်း သမီးကိုချစ်တယ်ဆိုတာ သိပ်နောက်ကျပြီးမှ ကျွန်မသိခဲ့ရတာ။”

အမေက ကျွန်မကို ပိုတင်းတင်းဖက်ထားခဲ့တယ်။ ပြီးတော့ “ထွက်မသွားပါနဲ့လား”လို့ပြောခဲ့ပေမဲ့ ကျွန်မသူ့လက်ကို ဖယ်ရှားခဲ့မိတယ်။

“အမေ... ဒီတစ်ခါတော့ ကျွန်မကိုသွားခွင့်ပေးပါ။”

ကျွန်မရဲ့အားအင်တွေ နည်းပါးလာခဲ့ပြီ။ ဒီလိုနည်းလမ်းမျိုးနဲ့ အမေတို့ကို မနှုတ်ဆက်ချင်ဘူး။ အဖေလည်းရောက်လာပြီး အမေ့လက်ကိုဖယ်လိုက်ပါတယ်။

“စန္ဒာ... သမီးလေးက ပိုကောင်းတဲ့နေရာတစ်ခုမှာနေရဖို့ ထိုက်တန်ပါတယ်။”

အမေက ကျွန်မကိုလွှတ်ပေးလိုက်တယ်။ ကျွန်မလည်း သူတို့ကို လက်ပြပြီးနောက် အိမ်ကနေထွက်လာဖြစ်ခဲ့တယ်။

“အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ အဖေနဲ့အမေ...”

...

ကျွန်မ လမ်းမပေါ်မှာ ဒယိမ်းဒယိုင်လျှောက်နေခဲ့မိတယ်။ တင်းထားခဲ့သမျှ စိတ်ဓာတ်အင်အားတွေမရှိတော့တဲ့နောက် ကျွန်မရဲ့ခန္ဓာကိုယ်က အားအင်တွေရှိမနေတော့ဘူး။ တစ်ကိုယ်လုံး ပေါ့လွတ်နေသလိုမျိုးခံစားရပြီး လွယ်အိတ်က ကျွန်မပခုံးပေါ်က လျှောကျသွားခဲ့တယ်။ နောက်တော့ ပန်းခြံခုံတန်းမှာထိုင်နေတဲ့ သူ့ကိုမြင်ရတဲ့အခုမှာတော့ ကျွန်မယဲ့ယဲ့လေး ပြုံးလိုက်မိတယ်။

“ရှင်က ကျွန်မကို တစ်ညလုံး ဒီမှာစောင့်နေခဲ့တာလား။”

“အပန်းမကြီးရင် စကားခဏလောက် ပြောကြဦးမလား။”

နက်ဆန်က သူ့ဘေးက နေရာလွတ်ကို လက်နဲ့ပုတ်ပြတယ်။ ကျွန်မ ရောက်ခါနီးမှ ခြေချော်ပြီး သူ့ပခုံးကိုမှီမိလျက်သားဖြစ်သွားတယ်။ ဒါပေမဲ့ သူက ကျွန်မကို သူ့ပခုံးပေါ်ကနေ မဖယ်ရှားခဲ့ပါဘူး။

“မင်း သူတို့ကို ကောင်းကောင်းနှုတ်ဆက်ခဲ့ရဲ့လား။”

“အင်း၊ ကျွန်မတော့ ကောင်းကောင်းလုပ်နိုင်ခဲ့တယ် ထင်တာပဲ။”

ကျွန်မပြန်ဖြေခဲ့တယ်။ နောက်တော့ သိပ်ကို ပင်ပန်းလွန်းတယ်ဆိုတဲ့ခံစားချက်က ကျွန်မကိုလွှမ်းမိုး လာခဲ့တယ်။ ဒါပေမဲ့ စိတ်လက်ပေါ့ပါးနေတဲ့အတွက်ကြောင့် ကျွန်မမျက်လုံးတွေကို စိုးရိမ်စိတ်ကင်းကင်း မှိတ်နိုင်ခဲ့တယ်လေ။

“ငြိမ်းချမ်းစွာ အနားယူပါတော့။”

ဒါကတော့ ကျွန်မနောက်ဆုံးကြားခဲ့ရတဲ့ သူ့ဆီက စကားပါပဲ။

All Chapters