← Chapters

အခန်း (၃၆၇-၃၆၉)

Vol. 25 Ch. 367-369

အခန်း (၃၆၇-၃၆၉)

Vol. 25 Ch. 367-369

အပိုင်း ၃၆၇ : ဂိမ်း၏ပထမဆုံးအတွေ့အကြုံ

ယဲ့ချန်းလည်း ခဏမျှစဉ်းစားခန်းဝင်ပြီးနောက် စုဝမ်ယိကို ဖုန်းဆက်လိုက်သည်။

"ဝမ်ယိ.. အားလား။ ကိုယ် မင်းကို စိတ်ဝင်စားဖို့ကောင်းတာလေးတစ်ခု ပြမလို့"

ယဲ့ချန်းက ပြောလိုက်သည်။

"ဘာစိတ်ဝင်စားစရာလဲ"

စုဝမ်ယိမှာမူ နားမလည်နိုင်သဖြင့် မေးခွန်းထုတ်လိုက်သည်။

"ဟားဟား... ရောက်ရင်သိရမှာပေါ့"

"ကောင်းပြီလေ။ ကျွန်မက ကုမ္ပဏီမှာ။ ကျွန်မကိုလာခေါ်လှည့်လေ"

စုဝမ်ယိက ခွန်းတုံ့ပြန်လာချေသည်။

ယဲ့ချန်းလည်း စီလက်ရှယ်အော်ရဂျင်နည်းပညာကုမ္ပဏီသို့ မောင်းလာခဲ့လိုက်သည်။ ဤကုမ္ပဏီကား သူ့မိုတုစင်တာတွင် တည်ရှိ၏။

ထိုနေရာသို့ ရောက်သွားသောအခါ လင်းဝမ်ယိုက သူ့အား စောင့်ဆိုင်းနေသည်။

"ဆရာ.. မိန်းကလေးစု ရောက်လာပြီလား"

စုဝမ်ယိကလည်း သိချင်စိတ်ပြင်းပြစွာ မေးလိုက်လေသည်။

"ယဲ့ချန်းက စိတ်ဝင်စားစရာကောင်းတာတစ်ခုပြမယ်လို့ပြောတယ်။ ကျွန်မ သူ့ကို တစ်လမ်းလုံးမေးလာတာ။ ဒါပေမဲ့ သူက ပြောမပြဘူး"

လင်းဝမ်ယိုလည်း တခစ်ခစ်ရယ်လိုက်မိသည်။

"စမ်းကြည့်ပြီးတာနဲ့ သိပါလိမ့်မယ်။ ဒါပေမဲ့ တအားလန့်မသွားနဲ့နော်။ အဲဒါ ဆရာကိုယ်တိုင် ဒီဇိုင်းဆွဲထားတာ"

"ဘာမို့လို့ ဒီလောက်တောင် လျှို့ဝှက်ဆန်းကြယ်နေတာလဲ"

စုဝမ်ယိ၏သိချင်စိတ်က ပိုပြင်းပြလာသည်။

ထိုအချိန်မှာပင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က အပြင်ထွက်လာပြီး ပြောလိုက်၏။

"ဥက္ကဋ္ဌယဲ့.. ဂိမ်းကို ပြင်ဆင်သွားပါပြီ။ ကိရိယာကိုလည်း သေချာချိန်ညှိထားပါတယ်။ အခု သုံးလို့ရပါပြီ"

ယဲ့ချန်းလည်း ခေါင်းညိတ်ပြပြီး ပြောလိုက်လေသည်။

"ဝမ်ယိ.. ငါ့ရဲ့အဆင့်မြင့်ထုတ်ကုန်ဒီဇိုင်းကို ပြပေးမယ်"

သူတို့သုံးယောက်သား ဂိမ်းစမ်းသပ်ရေးအခန်းထဲကို သွားလိုက်သည်။

စုဝမ်ယိလည်း အထဲဝင်လာပြီးနောက် ဖန်သားပြင်မှတစ်ဆင့် ကိရိယာများကို မြင်လိုက်ရ၏။ ထိုကိရိယာများမှာ လေယာဉ်တစ်စီး၏ ထိပ်တန်းအဆင့် လေယာဉ်ခန်းတစ်ခုနှယ်။

ထိုကိရိယာများ၏ ပတ်ပတ်လည်တွင် ရောင်စုံအလင်းများဖြင့် တောက်ပနေသဖြင့် နည်းပညာပိုင်းဆိုင်ရာ အငွေ့အသက်များကို အပြည့်အဝပေးစွမ်းနေပေသည်။

စုဝမ်ယိလည်း နားမလည်နိုင်ဟန်ဖြင့် မေးလိုက်လေသည်။

"ယဲ့ချန်း.. ဒါက ဘာကြီးလဲ"

ယဲ့ချန်းကတော့ ပြုံး၏။

"ဒါက ကိုယ်ဒီဇိုင်းဆွဲထားတဲ့ ဗွီအာဂိမ်းလေ။ မင်းက ပထမဆုံးစမ်းသပ်သူပဲ။ ဘယ်လိုနေလဲ"

စုဝမ်ယိလည်း စိတ်လှုပ်ရှားတက်ကြွစွာ အော်ဟစ်လိုက်၏။

"အား... ဗွီအာဂိမ်းကိုး။ ကျွန်မ ဒါကို လိုင်းပေါ်မှာမြင်ဖူးတယ်။ ဒီနေ့ခေတ် ဗွီအာနည်းပညာက ပုံကြမ်းအဆင့်ပဲရှိသေးတာမဟုတ်ဘူးလား။ ရှင်တို့ ဘယ်လိုလုပ်ပြီး ဒီဇိုင်းဆွဲခဲ့တာလဲ"

ယဲ့ချန်း တဟားဟားရယ်လိုက်လေည်။

"ဟားဟား.. ဂိမ်းကစားကြည့်ပြီးရင် သိလိမ့်မယ်"

အနားရှိ ဝန်ထမ်းတစ်ယောက်က ပြောလိုက်သည်။

"မိန်းကလေးစု.. ကြွပါ"

စုဝမ်ယိလည်း အခန်းထဲသို့ လျှောက်လာပြီးနောက် ဂိမ်းအခန်းထဲတွင် ဝင်ထိုင်လိုက်သည်။

ထို့နောက် ယဲ့ချန်းကိုယ်တိုင် စုဝမ်ယိကို ကိရိယာမျာ တပ်ဆင်ပေးပြီးနောက် ပြောလိုက်သည်။

"ခဏနေရင် မင်း ဂိမ်းကမ္ဘာကြီးထဲကို ဝင်သွားတော့မှာ။ ဒါပေမဲ့ မင်းရဲ့အပြုအမူတွေကတော့ တကယ့်အပြင်လောကမှာ တစ်ပုံစံတည်းဖြစ်နေမှာနော်။ ဒီကိရိယာရဲ့အောက်မှာ လမ်းလျှောက်စက်တစ်ခုရှိတယ်။ သူက မင်း လမ်းလျှောက်တဲ့အချိန် ဒါမှမဟုတ် ပြေးတဲ့အချိန်မှာ မင်းရဲ့ခြေလှမ်းအတိုင်း အရှိန်ကို ညှိပေးထားမှာ"

ယဲ့ချန်းက ဆက်ပြောလိုက်သည်။

"မင်းရဲ့နဖူးမှာတပ်ထားတဲ့ ကိရိယာက ဂိမ်းရဲ့ဗဟိုချက်ပဲ။ အဲဒါက မင်းရဲ့ဦးနှောက်အသိစိတ်အပေါ် မူတည်ပြီး တကယ့်အစစ်အမှန်လို ခံစားရအောင်လုပ်ပေးမှာ"

စုဝမ်ယိကို ဂိမ်းအကြောင်း အကျဉ်းချုပ်ရှင်းပြပေးပြီးနောက် ယဲ့ချန်း ဆက်ပြောလိုက်သည်။

"ကောင်းပြီ။ ဒီလောက်ပဲ။ သွားကစားကြည့်လိုက်တော့"

စုဝမ်ယိလည်း ခေါင်းညိတ်ပြလိုက်သည်။

"အင်း.. ကျွန်မ အရမ်းဆော့ကြည့်ချင်နေပြီ"

ယဲ့ချန်းလည်း တဟားဟားရယ်လျက် စုဝမ်ယိကို ဗွီအာမျက်မှန်တပ်ပေးလိုက်ပြီးနောက် ဂိမ်းစတင်နိုင်ရန် ကူညီပေးလိုက်သည်။

စုဝမ်ယိမှာ သူ(မ)ရှေ့ရှိမြင်ကွင်းများ ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။

အနာဂတ်ကမ္ဘာတစ်ခုသို့ ရောက်သွားလေဟန်ပင်။

ကောင်းကင်သို့ တက်လုမတတ် မြင့်သွန်းလှသော မျှော်စင်များ...။

လေထဲရှိ ကားပျံများ...။

အနာဂတ်ကမ္ဘာကြီးထဲသို့ ရောက်သွားဟန်တူသည်။

စုဝမ်ယိလည်း စနစ်၏ညွှန်ကြားချက်အတိုင်း ဇာတ်ကောင်တစ်ခုကို ဖန်တီးလိုက်သည်။

သူ(မ) လက်မြှောက်ကြည့်လိုက်လေရာ အစစ်အမှန်အတိုင်း ခံစားရသည်။

စုဝမ်ယိမှာ စူးစမ်းလိုစိတ်ကြောင့် အေးစက်စက်နံရံကို ထိကြည့်လိုက်သည်။ ထိုခံစားချက်ကား အစစ်အမှန်အတိုင်းပင်။

ဘုရားရေ.. ဒီဂိမ်းက အရမ်းလက်တွေ့ဆန်တာပဲ...

စုဝမ်ယိလည်း အခန်းထဲသို့ ဝင်သွားလိုက်သည်။ ၎င်းမှာ ကိရိယာအခန်းတစ်ခန်းပင်။ အထဲတွင် လိုအပ်သော ပစ္စည်းကိရိယာအမျိုးမျိုး ရှိ၏။

သူ(မ) ဓားတစ်ချောင်း ကောက်ကိုင်လိုက်သည်။ သူ(မ)လက်ထဲတွင် လေးလံလာသလို ခံစားလိုက်ရသည်။

"ဝမ်ယိ.. အပြင်ထွက်ကြည့်လိုက်"

စုဝမ်ယိလည်း ခေါင်းညိတ်၍ အပြင်ထွက်လာခဲ့လိုက်သည်။

ဂိမ်းထဲရှိ အတွေ့အကြုံများက အပြင်ကမ္ဘာနှင့် တစ်ထပ်တည်းပင်။

ဂိမ်းထဲရှိ မြင်ကွင်းများကို ဖန်သားပြင်မှတစ်ဆင့် လူတိုင်း မြင်နေရသည်။

ယဲ့ချန်းမှာ စိတ်ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။

"အင်း... ဂရက်ဖစ်ဒီဇိုင်းက အရမ်းမိုက်တယ်"

ထိုအချိန်မှာပင် စုဝမ်ယိက ဥယျာဉ်တစ်ခုသို့ ရောက်သွားသည်။

နေက တောက်ပနေပြီး ပန်းပွင့်များကလည်း အစုလိုက်အပြုံလိုက် ဖူးပွင့်နေကြသည်။

လိပ်ပြာများလည်း နေရာအနှံ့ ပျံသန်းနေကြသည်။

ဂိမ်း၏လက်တွေ့ဆန်မှုကြောင့် စုဝမ်ယိ လုံးဝအံ့ဩသွားသည်။

ဤဂိမ်း၏ဒီဇိုင်းက အလွန်လက်တွေ့ဆန်လွန်းလှသည်။

ယဲ့ချန်းက ဖန်သားပြင်ကိုကြည့်ရင်း ပြောလိုက်၏။

"အသေးစိတ်တွေ အကုန်လုပ်ပြီးသွားပြီ။ ဒီရက်ပိုင်း အကုန်ပင်ပန်းသွားပြီ။ မင်းတို့တွေကို ခုနစ်ရက်နားရက်ပေးမယ်။ ကုမ္ပဏီဘက်ကလည်း နည်းပညာပိုင်းဆိုင်ရာဝန်ထမ်းတွေအကုန်လုံးအတွက် လည်ပတ်စရိတ်တစ်သိန်းပေးမယ်။ သွားလည်ပြီး အပန်းဖြေခဲ့ကြ။ တခြားဝန်ထမ်းတွေလည်း တစ်ယောက်ကို ဘောနပ်စ်တစ်သောင်းရမယ်"

ယဲ့ချန်း၏ရက်ရောမှုကြောင့် ဝန်ထမ်းများမှာ ဝမ်းသာလုံးဆို့သွားချေသည်။

"ကျေးဇူးတင်ပါတယ် ဘော့စ်"

"ဘော့စ်က အရမ်းစွမ်းတာပဲ"

"ဘော့စ်.. ချစ်တယ်နော်"

ဤကဲ့သို့သော ဘောနပ်စ်များကို အခြားကုမ္ပဏီတွင် မတွေ့ရပေ။

ဤသည်မှာ ယဲ့ချန်းထံမှ လက်ဆောင်များပင်။

ယဲ့ချန်းက ခပ်ပြုံးပြုံးဖြင့် ပြောလိုက်၏။

"စိတ်ချပါ။ ငါ့နောက်သာလိုက်ခဲ့.. မင်းတို့သာကြိုးစားရင် အကုန်ဖြစ်နိုင်ပါတယ်။ ဂိမ်းကို စတင်ထုတ်လွှင့်တာနဲ့ လူတိုင်း ဘောနပ်စ်ရမှာပါ"

"မစောင့်နိုင်တော့ဘူး။ အခုကစပြီး ငါတို့ အလုပ်ကြိုးစားပြီး အချိန်ပိုဆင်းရမယ်"

"ဒီလိုသူဌေးမျိုးအတွက် အလုပ်လုပ်ပေးရတာ အရမ်းအားတက်တာပဲ"

"ဘော့စ်က အရမ်းမိုက်တာပဲ။ ကျွန်မက ရှင့်အပိုင်ဖြစ်သွားပါပြီ"

ယဲ့ချန်း : "မင်းတို့တွေ ညုတုတုမလုပ်ကြပါနဲ့ကွာ။ ငါ ကြက်သီးထလို့"

...

ယဲ့ချန်းက ပြောလိုက်၏။

"ကောင်းပြီ။ ဂိမ်းအကြောင်း အကဲဖြတ်ကြတာပေါ့"

စုဝမ်ယိကို ရွေးချယ်လိုက်ရသည်မှာ အကြောင်းအရင်းတစ်ခုရှိ၏။

အကြောင်းမှာ စုဝမ်ယိက ဂိမ်းနှင့်ပတ်သက်လာလျှင် လူသစ်တစ်ယောက်ဖြစ်လေရာ သူ(မ)၏တုံ့ပြန်မှုက ပိုစစ်မှန်ပေသည်။

သူတို့အားလုံး၏အာရုံက စုဝမ်ယိထံသို့ ရောက်သွားလေသည်။

စုဝမ်ယိလည်း လမ်းမတစ်လျှောက် လျှောက်လာခဲ့သည်။ သူ့အနားတွင် လူအုပ်ကြီးက ဝိုင်းနေချေသည်။

သူ(မ)၏စိတ်ထဲ ဂိမ်းထဲသို့ ရောက်နေသလို ခံစားနေရသည်။

ဤခံစားချက်ကား အလွန်မှော်ဆန်လှသည်။ ဤသည်မှာ သရုပ်ပြရုံသက်သက်ဖြစ်သောကြောင့် ဘယ်မကောင်းဆိုးဝါးကမှ လာမတိုက်ခိုက်ကြပေ။

စုဝမ်ယိလည်း တစ်ပတ်ပတ်ပြီးနောက် ထွက်လာခဲ့လိုက်သည်။

"ဘုရားရေ ယဲ့ချန်း.. ဒီလောက်လက်တွေ့ဆန်တဲ့ဂိမ်းတစ်ခုကို ဖန်တီးနိုင်တာ ရှင် အရမ်းတော်တာပဲ"

ယဲ့ချန်းက ရယ်လိုက်၏။

"ဘယ်လိုလဲ။ ကစားပြီးတော့ ဘယ်လိုခံစားရလဲ"

"အရမ်းအံ့ဩဖို့ကောင်းတယ်။ ရှင် ကျွန်မကို ဒီလိုကိရိယာတစ်စုံလောက် ပေးလို့ရမလား။ ကျွန်မ အိမ်မှာ နေ့တိုင်းကစားမလို့"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

"မင်း သဘောကျရင် မနက်ဖြန်ကျရင် တစ်စုံပို့ပေးလိုက်မယ်။ ဂိမ်းကို ထုတ်လွှင့်ပြီဆိုတာနဲ့ ပတ်ပတ်လည်မှာ ဂိမ်းဇာတ်ကောင်တွေတင်မကဘူး လူအစစ်တွေကိုပါ တွေ့ရနိုင်တယ်"

"ဘုရားရေ.. ကျွန်မ မျှော်နေမယ်နော်"

စုဝမ်ယိက စိတ်လှုပ်ရှားတက်ကြွစွာ ပြောလိုက်လေသည်။

ယဲ့ချန်းက မေးလိုက်၏။

"ဒီကိရိယာက တစ်စုံကို ဘယ်လောက်ပေးရလဲ"

လင်းဝမ်ယိုကလည်း ပြန်ဖြေသည်။

"ဒီလိုတစ်စုံစာကို တစ်သိန်းဝန်းကျင်ကျပါတယ်"

"အဲဒီလောက်တောင် ဈေးကြီးတာလား"

ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်လေသည်။

ဗွီအာဂိမ်းများမှာ သာမန်ကစားသမားများအတွက် ပစ်မှတ်ထားခြင်းဖြစ်လေရာ ဤမျှဈေးကြီးနေပါက ဝယ်နိုင်ရန် ခက်ခဲလှပေသည်။

"ဒါက ပထမအသုတ်ဆိုတော့ လေ့လာစူးစမ်းတဲ့အဆင့်မှာပဲ ရှိပါသေးတယ်။ ဒါတွေကို နောက်ပိုင်းမှာ အရေအတွက်အများကြီး ထုတ်လုပ်နိုင်သွားရင် ကုန်ကျစရိတ်လည်း သက်သာမှာပါ။ အဲဒီကျရင် ဈေးနှုန်းကို သုံးသောင်းလေးသောင်းအထိ ထိန်းချုပ်နိုင်ပါပြီ"

လင်းဝမ်ယိုက ပြောလိုက်၏။

ယဲ့ချန်းကလည်း ‌ခွန်းတုံ့ပြန်လိုက်သည်။

"အင်း.. အဲဒီဈေးနှုန်းကတော့ လက်ခံနိုင်ပါတယ်။ ငါတို့ဈေးကွက် သာမန်ကစားသမားတွေကြားမှာ တည်ဆောက်ထားတယ်ဆိုတာ မမေ့နဲ့။ ငါတို့ အရေအတွက်နဲ့ ပြန်စားမှဖြစ်မှာ"

အားလုံးလည်း ခေါင်းညိတ်ပြလိုက်သည်။

သူတို့ဘေးရှိ စုဝမ်ယိမှာ အော်ရယ်လိုက်လေသည်။

ယဲ့ချန်း တုံ့ခနဲရပ်သွားလေသည်။

"ဝမ်ယိ ဘာလို့ရယ်တာလဲ"

စုဝမ်ယိက ‌ပြောလိုက်သည်။

"ရှင်က စီးပွားရေးအကြောင်း နောကျေနေလိမ့်မယ်လို့ ထင်မထားဘူး။ ဟွားနိုင်ငံမှာ ဂိမ်းကစားတဲ့လူငယ်တွေမှ အများကြီးပဲ။ ဒီဂိမ်းသာ ကျယ်ပြန့်သွားရင် ရှင် အချီကြီးရှာနိုင်တော့မှာမဟုတ်ဘူးလား"

ယဲ့ချန်းလည်း စုဝမ်ယိ၏နှာခေါင်းလေးကို လိမ်ဆွဲလိုက်သည်။

"ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး။ ကိုယ်တို့ပါ"

••••••••••••••••••

အပိုင်း ၃၆၈ : ပြိုင်ပွဲစတင်ခြင်း

ဤဂိမ်းကို ယခင်ဘဝတုန်းက "ထိပ်တန်းကစားသမား"ဟူသော ဇာတ်လမ်းကို အခြေခံ၍ ယဲ့ချန်းကိုယ်တိုင် ဒီဇိုင်းဆွဲထားခြင်းဖြစ်၏။ ထို့ကြောင့် ဤဂိမ်းကို ဈေးကွက်ထဲတွင် ထုတ်လွှင့်လိုက်သည်နှင့် ဤမျှလက်တွေ့ဆန်လှသော အတွေ့အကြုံကြောင့် ကမ္ဘာတစ်ဝှမ်း အုန်းအုန်းကျက်ကျက်ဖြစ်သွားမည်မှာ သေချာသည်။

သို့သော် ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများကလည်း များလှပေသည်။

ဥပမာအားဖြင့် ကွန်ယက်ချိတ်ဆက်မှုများကို တည်ဆောက်ခြင်းနှင့် ဂိမ်းလုပ်ဆောင်ချက်များကို စီမံခန့်ခွဲခြင်းတို့ပင်။ လုပ်စရာများကလည်း များမြောင်လှသည်။

ယဲ့ချန်းကိုယ်တိုင်ပင် အခြားကစားသမားများနှင့်အတူ ဂိမ်းထဲသို့ ဝင်ရောက်ကစားနိုင်ဖို့ မျှော်လင့်နေမိပြီဖြစ်၏။

…..

စုဝမ်ယိကို အိမ်ပြန်ပို့ပေးပြီးနောက် ယဲ့ချန်းကို လင်းရှစ်ယင်က ဖုန်းဆက်လာသည်။

စတားတက္ကသိုလ်၏ ပြိုင်ပွဲကား စတင်ပေတော့မည်။

လွန်ခဲ့သည့်ရက်ပိုင်းကပင် ကမ္ဘာတစ်ဝှမ်းရှိ အသင်းများမှာ စတားတက္ကသိုလ်တွင် စုဝေးရောက်ရှိနေကြသည်။

စုစုပေါင်းအသင်းပေါင်းသုံးရာကျော်ကို ရွေးချယ်စိစစ်ထားပြီး အကုန်လုံးကလည်း တစ်ပြိုင်တည်းစာရင်းသွင်းခဲ့ကြသည်။

ဤအသင်းများမှာ အလွန်စိတ်အားထက်သန်နေကြသည်။ အသင်းပေါင်းသုံးရာလုံးက ဤပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ချက်ချင်းတင်ပြခဲ့ကြသည်။

ပြိုင်ပွဲခန်းမထဲတွင် နယ်မြေဆယ်ခု ခွဲခြားထားသည်။

ပွဲစဉ်တစ်ခုချင်းစီတွင် အသင်းငါးဆယ်ခန့် တစ်ပြိုင်တည်း ယှဉ်ပြိုင်ရမည်ဖြစ်၏။ ပြိုင်ပွဲကိုလည်း ပွဲစဉ်သုံးခုအဖြစ် ခွဲခြားထားပြီး သုံးပွဲတွင် နှစ်ပွဲနိုင်စနစ်ဖြင့် ကျင်းပမည်ဖြစ်၏။

ထိုအသင်းသုံးရာကို အုပ်စုအဆင့်အတွက် နယ်မြေငါးခုခွဲကာ စတင်ယှဉ်ပြိုင်စေသည်။

အုပ်စုအဆင့်တွင် အနိုင်ရသောအသင်းများက နောက်ဆုံးဗိုလ်လုပွဲအတွက် ရှုံးထွက်ပွဲစဉ်သို့ တက်ရောက်ရမည်ဖြစ်၏။

ဤပြိုင်ပွဲမှာ သုံးရက်ကြာမြင့်မည်ဖြစ်ပြီး မောင့်ယာကွန်ရက်မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်၏။

အားကစားခန်းမတစ်ခုလုံးတွင် ပွဲကြည့်ပရိသတ်များဖြင့် ပြည့်နှက်နေသည်။ လူတစ်သောင်းဆံ့သော ခန်းမကြီးမှာ ရုံပြည့်ရုံလျှံပင်။

ယဲ့ချန်းကိုယ်တိုင်ပင် ပရိသတ်အများကြီး လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

လှေကားထစ်များပေါ်မှာပင် လူပြည့်နေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ယဲ့ချန်းလည်း သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိသည်။

ပွဲကြည့်ပရိသတ် များပြားခြင်းမှာ ပြိုင်ပွဲ၏ ရေပန်းစားမှုကို သက်သေပြနေသည်။ ဤသည်မှာ ပြိုင်ပွဲအောင်မြင်မည့် လမ်းစပင်။

ဤပြိုင်ပွဲက E-sportsအပေါ် ထားရှိသော လူတိုင်း၏အမြင်ကို လုံးဝပြောင်းလဲပစ်လိမ့်မည်သာ။

ယဲ့ချန်းက ဘလူးဟိုးကုမ္ပဏီမှ ဒီဇိုင်နာများကို ဒိုင်လူကြီးများအဖြစ် အထူးတလည်ဖိတ်ကြားထားသည်။

ဂိမ်းဒီဇိုင်နာများ ဖြစ်သည့်အတွက် ဂိမ်းစည်းမျဉ်းစည်းကမ်းများကို သတ်မှတ်ရာတွင် သူတို့၌ လုပ်ပိုင်ခွင့်အပြည့်ရှိသည်။

ပုံမှန်ဆိုလျှင် ဤပညာရှင်များကို ဖိတ်ကြားရန် မလွယ်ကူသော်လည်း ယဲ့ချန်းက ဘလူးဟိုးကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သဖြင့် စကားတစ်ခွန်းပြောရုံမျှဖြင့် သူတို့လည်း ရောက်လာကြသည်။

ပြိုင်ပွဲစတင်သည်နှင့် စတားတက္ကသိုလ်ကလည်း အသင်းတစ်သင်းကို စေလွှတ်ခဲ့သည်။

အခြားအသင်းများနှင့်ယှဉ်လျှင် စတားတက္ကသိုလ်အသင်းက လေ့ကျင့်မှုများစွာ ပြုလုပ်ထားပြီးဖြစ်လေရာ အသင်းအဖွဲ့စိတ်ဓာတ်နှင့် စွမ်းဆောင်ရည်ပိုင်းတွင် သာလွန်နေသည်။

သို့သော် အခြားအသင်းများကလည်း အင်အားတောင့်တင်းလှသဖြင့် ပြိုင်ပွဲက အလွန်ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းလှသည်။

ကစားပွဲစတင်သည်နှင့် ဖန်သားပြင်ထက်တွင် အုပ်စုအသီးသီး၏ ပွဲစဉ်အခြေအနေများကို ဖန်သားပြင်ဆယ်ခုခွဲ၍ ပိုင်းခြားပြသထားသည်။

လိမ်ညာခြင်းမရှိစေရန် ပြိုင်ပွဲတစ်ခုလုံးကို ဉာဏ်ရည်တုစနစ်ဖြင့် စောင့်ကြည့်နေပေသည်။

လောလောဆယ်တွင် မောင့်ယာတိုက်ရိုက်ထုတ်လွှင့်မှုသာမက အခြားဝက်ဘ်ဆိုက်များနှင့် မီဒီယာများကလည်း သတင်းထောက်များ စေလွှတ်ထားကြသည်။

ဤပြိုင်ပွဲကြီးမှာ မကြုံစဖူး ခမ်းနားလှပေသည်။

ပြိုင်ပွဲဝင်များကလည်း ပရိသတ်များကို စိတ်မပျက်စေဘဲ အကြိတ်အနယ်ယှဉ်ပြိုင်နေကြသည်။

သူတို့ကိုယ်သူတို့ သတိမထားမိကြသော်လည်း သူတို့က ခေတ်သစ်တစ်ခုကို ဖန်တီးနေကြခြင်းပင်။

အုပ်စုအဆင့် ပြီးဆုံးသောအခါ ရှုံးထွက်ပွဲစဉ်များ စတင်ခဲ့သည်။

စတားတက္ကသိုလ်အသင်းကလည်း သူတို့အုပ်စုတွင် ပထမနေရာကို အေးအေးဆေးဆေး တက်လှမ်းနိုင်ခဲ့သည်။

တိုက်ပွဲတိုင်းတွင် အသင်းတိုင်းက အစွမ်းကုန်ကြိုးစားကြသဖြင့် ပရိသတ်များ၏လက်ခုပ်သံများကလည်း ဆူညံနေတော့သည်။

ထို့ပြင် ဤပြိုင်ပွဲကို မောင့်ယာကွန်ရက်တွင် တိုက်ရိုက်ထုတ်လွှင့်နေပေသည်။

တိုက်ရိုက်ထုတ်လွှင့်မှု၏ ကြည့်ရှုသူအရေအတွက်မှာ တစ်သန်းကျော်သွားသဖြင့် အားလုံးမျှော်လင့်ထားသည့်ပမာဏထက် အတိုင်းထက်အလွန် ကျော်လွန်သွားချေသည်။

ဤအချက်က လုပ်ငန်းရှင်အချို့ကို E-sports၏ အနာဂတ်အလားအလာကို မြင်လာစေသည်။

လွန်ခဲ့သောရက်အနည်းငယ်က ယဲ့ချန်း E-sportsအကြောင်း ပြောခဲ့စဉ်က လူအများအပြား လှောင်ပြောင်ခဲ့ကြသော်လည်း ယနေ့တွင်မူ သူတို့ တကယ်ယုံကြည်သွားကြပြီဖြစ်၏။

စွန်းကျယ်နှင့် အခြားသူများလည်း သူတို့၏ အိပ်မက်များ တကယ်ဖြစ်လာသည့်အတွက် အလွန်စိတ်လှုပ်ရှားနေကြသည်။

ယဲ့ချန်းကမူ ရုံးခန်းထဲတွင်ထိုင်ရင်း ပြိုင်ပွဲမှတ်တမ်းများကို ကြည့်နေသည်။

ပြိုင်ပွဲဝင်များ၏ ပျော်ရွှင်ကြည်နူးနေသော မျက်နှာများကို မြင်ရသောအခါ ယဲ့ချန်း အလွန်ကျေနပ်မိသည်။

ဂိမ်းကစားခြင်းမှာ အနာဂတ်မရှိသဖြင့် လူငယ်များကို ပျက်စီးစေသော အရာဟုသာ အမြဲအထင်ခံခဲ့ရသည်။

ဂိမ်းကစားသူများကိုလည်း 'ကလေးဆိုး'များအဖြစ် တံဆိပ်ကပ်လေ့ရှိ၏။

ယနေ့တွင်မူ ယဲ့ချန်းက ထိုအမြင်ကို ပြောင်းလဲပေးချင်မိသည်။

အုပ်စုအဆင့်မှ တက်လာသော အသင်းများအားလုံးက အစွမ်းထက်ကြသည်။ အသင်းတိုင်းတွင် နတ်ဘုရားအဆင့် ခေါင်းဆောင်များစွာ ရှိကြသည်။

အနိုင်ရသည့်အခါတိုင်း သူတို့အချင်းချင်း ပွေ့ဖက်၍ အောင်ပွဲခံကြသည်။

ယခင်က ပြိုင်ပွဲနိုင်လျှင် ပျော်ရုံသာပျော်ခဲ့ရသော်လည်း ယခုမူ ဂုဏ်ယူစရာကောင်းသော အောင်မြင်မှုတစ်ခုအဖြစ် ခံစားရသည်။

ဤအတွေ့အကြုံမျိုးကို သူတို့ တစ်ခါမှမခံစားဖူးပေ။

အချို့ကျွမ်းကျင်ကစားသမားများမှာ ပရိသတ်များစွာ ရကုန်ကြသည်။

အထူးသဖြင့် ဂိမ်းထဲတွင် လန်ယွီဟု လူသိများသော စွန်းကျယ်တစ်ယောက် ကွင်းထဲသို့ဝင်လာလိုက်လျှင် "မိုးနတ်ဘုရား"ဟု ဝိုင်းဝန်းအားပေးသံများဖြင့် ဆူညံသွားတတ်သည်။

ဤအငွေ့အသက်မှာ သွေးပွက်ပွက်ဆူလောက်အောင် ရင်ခုန်စရာကောင်းလှသည်။

ရှုံးထွက်အဆင့်သို့ ရောက်လာသောအခါ အသင်းများ၏ ခွန်အားအစွမ်းအစကြောင့် ပြိုင်ပွဲက ပိုပြီးရင်ခုန်စရာကောင်းလာသည်။

ပရိသတ်များကလည်း အသက်ပင်မရှူနိုင်ဘဲ ပြိုင်ပွဲကို စိတ်ဝင်တစားကြည့်နေကြသည်။

အရှုံးအနိုင်ပေါ်သွားသည့်အခါ အနိုင်ရအသင်းနှင့်အတူ ဝိုင်းဝန်းအားပေးကြသည်။

အထူးသဖြင့် တိုက်ရိုက်ထုတ်လွှင့်ခန်းတွင် ဒုတိယမြောက်နေ့၌ ကြည့်ရှုသူအရေအတွက်မှာ သုံးသန်းအထိရှိလာပြီး ဆက်လက်မြင့်တက်နေဆဲပင်။

ပြိုင်ပွဲ၏ ပထမနေ့မှာပင် ကစားသမားများ၊ ပွဲကြည့်သူများနှင့် ပွဲစီစဉ်သူများအားလုံး ကျေနပ်ခဲ့ကြသည်။

မောင့်ယာတိုက်ရိုက်ထုတ်လွှင့်ရေးပလက်ဖောင်းကလည်း ဤထုတ်လွှင့်မှုကြောင့် အကျိုးအမြတ်များစွာ ရရှိခဲ့သည်။

ယခင်က ကွန်ပျူတာနောက်ကွယ်တွင် လူမသိသူမသိနေခဲ့ရသော ကစားသမားများမှာ ယခုမူ စင်မြင့်ထက်ရှိ မီးရောင်အောက်တွင် အိုင်ဒေါများ ဖြစ်လာကြသည်။

အချို့လုပ်ငန်းရှင်များမှာ E-sportsအဖွဲ့ချုပ်တစ်ခု ဖွဲ့စည်းရန် ယဲ့ချန်းကို စတင်ဆက်သွယ်ကြလေတော့သည်။

အရာအားလုံးမှာ ယဲ့ချန်း၏အစီအစဉ်အတိုင်း ချောမွေ့လျက်ရှိသည်။

လက်ရှိတွင် သူ့၌ အကြံတစ်ခုရှိထားပြီးသားပင်။

ယဲ့ချန်းအနေနှင့် E-sportsလောကကို လျင်မြန်စွာ တိုးတက်လာစေချင်ပြီး ဂိမ်းဝါသနာရှင်များကိုလည်း ပရော်ဖက်ရှင်နယ်ကစားသမားများ ဖြစ်လာစေရန် ရည်မှန်းထားသည်။

ဒုတိယနေ့တွင် ပြိုင်ပွဲကို စိတ်ဝင်စားသူများ ပိုများလာပြီး ခန်းမကလည်း အယောက်တစ်သောင်းသာ ဆံ့သောကြောင့် လက်မှတ်များကို အွန်လိုင်းကတစ်ဆင့် ကြိုတင်မှာယူရသည်။

ထိုအချိန်တွင် နောက်ဆုံးဆယ်သင်းက ဗိုလ်လုပွဲသို့ တက်ရောက်လာသည်။

သူတို့ ဝင်ရောက်လာသည်နှင့် ပွဲကြည့်ပရိသတ်များထံမှ လက်ခုပ်သြဘာသံများ ညံနေချေသည်။

ဤပြိုင်ပွဲတွင် ပရိသတ်များက စတားအသင်းကို အဓိကအာရုံစိုက်ကြသည်။

သူတို့၏ကစားဟန်မှာ အခြားအသင်းများထက် ပိုရင့်ကျက်ပေသည်။ အဖွဲ့လိုက်တိုက်ခိုက်လှုပ်ရှားမှုကလည်း အလွန်ကောင်းမွန်လှသည်။

ဤသည်မှာ သူတို့၏ ပရော်ဖက်ရှင်နယ် လေ့ကျင့်မှုရလဒ်ပင် ဖြစ်ချေသည်။

ပြိုင်ပွဲတစ်လျှောက် အသင်းများမှာ တစ်ခုပြီးတစ်ခု ထုတ်ပယ်ခံလိုက်ရသည်။

ပြိုင်ပွဲက အလွန်ပြင်းထန်လှသဖြင့် အချို့ပွဲစဉ်များကို နောက်ဆုံးစက္ကန့်အနည်းငယ်အထိ အကြိတ်အနယ်ယှဉ်ပြိုင်ကြရသည်။

ဤသို့သောပြင်းထန်မှုမျိုးကြောင့် အသက်ရှူပင် ကျပ်လှသည်။

ဤပြိုင်ပွဲတွင် စတားတက္ကသိုလ်တစ်ခုတည်းသာ ယှဉ်ပြိုင်ကြသည်မဟုတ်။ အခြားတက္ကသိုလ်များမှ ကျွမ်းကျင်သူများလည်း အများကြီးပါရှိသည်။

ဥပမာအားဖြင့် ဟွားချင်းတက္ကသိုလ်၊ ဟန်တက္ကသိုလ်နှင့် ကျယ်ကျန်းတက္ကသိုလ်တို့ကလည်း ထိပ်တန်းအဆင့် အသင်းများကို စေလွှတ်ခဲ့သည်။

ဗိုလ်လုပွဲတက်ရောက်ရမည့် အသင်းလေးသင်းကလည်း ဤအသင်းလေးသင်းသာ ဖြစ်၏။

သူတို့ ဗိုလ်လုပွဲစဉ်ကို ယှဉ်ပြိုင်တော့မည့်ဆဲဆဲမှာပင် နားချိန်အတွင်း ယဲ့ချန်းက စင်မြင့်ပေါ်သို့ တက်လာခဲ့သည်။

ယဲ့ချန်းက မိုက်ခရိုဖုန်းကိုကိုင်၍ ပြုံးပြပြီးနောက် ပြောလိုက်သည်။

"ကျောင်းသားတို့... ကျွန်တော်က စတားတက္ကသိုလ်ရဲ့ကျောင်းအုပ် ယဲ့ချန်းပါ"

ယဲ့ချန်းကို မြင်လိုက်ရသောအခါ ကျောင်းသားတော်တော်များများ မှင်တက်သွားကြလေသည်။

"ဝိုး... စတားတက္ကသိုလ်ကျောင်းအုပ်ကြီးက ဒီလောက်တောင်ချောတာလား"

"ငါတော့ ချစ်မိသွားပြီ"

"စတားတက္ကသိုလ်က ကျောင်းသားတွေတော့ အရမ်းကံကောင်းတာပဲ"

"ငါလည်း စတားတက္ကသိုလ်ကို ပြောင်းချင်လိုက်တာ"

...

ယဲ့ချန်းက ပြုံးစစဖြင့် ဆက်ပြောချေသည်။

"ဒီနေ့ အားလုံးကို အသိပေးချင်တာလေးတစ်ခု ရှိပါတယ်။ ကျွန်တော် ဒီပြိုင်ပွဲကို ဘာလို့ကျင်းပရလဲဆိုတာ တော်တော်များများလည်း သိချင်နေကြပါလိမ့်မယ်။ အခု အဲဒီအကြောင်းပြချက်ကို ပြောပြပါရစေ"

•••••••••••••

အပိုင်း ၃၆၉ : ခိုင်မာသောကျောထောက်နောက်ခံ

လူတိုင်း ယဲ့ချန်းကို ကြည့်လိုက်ကြသည်။

ဤပြိုင်ပွဲအတွက် လိုအပ်သော အဖွဲ့အစည်းများ၊ ဆုကြေးများနှင့် စက်ပစ္စည်းများအတွက် ယဲ့ချန်းက သူ့ပိုင်ဆိုင်မှုထဲမှ ယွမ်ဆယ်သန်းခန့်ကို ထုတ်သုံးခဲ့ခြင်းဖြစ်နိုင်သည်။

ယဲ့ချန်းတွင် သုံးမကုန်ဖြုန်းမကုန်လောက်အောင် အလွန်အမင်းငွေပေါနေ၍လား။

လုံးဝမဟုတ်ပေ။

မည်သည့်အရာတွင်မဆို အရှိန်အဟုန်ကို အရယူရမည်ဖြစ်ကြောင်း ယဲ့ချန်း ကောင်းကောင်းသိသည်။

ဤတစ်ခေါက်တွင် လူအများ၏ အာရုံစိုက်မှုကို ရရှိရန်အတွက် တက္ကသိုလ်အဆင့်E-sportsပြိုင်ပွဲတစ်ခုကို သူ ဖန်တီးခဲ့သည်။

ယခု အာရုံစိုက်မှုများ ရရှိနေပြီဖြစ်ရာ နောက်တစ်ဆင့်ကို ဆက်မလှမ်းပါက ယခုရရှိထားသော ရေပန်းစားမှု အရှိန်အဟုန်မှာ သေချာပေါက်ကျဆင်းသွားမည်ဖြစ်၏။

အရာအားလုံးလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားလိမ့်မည်။

E-sports၏ အနာဂတ်က တိုးတက်လာမည်မှာ သေချာသော်လည်း နောက်ထပ်သုံးနှစ် သို့မဟုတ် ငါးနှစ်ခန့် ကြာနိုင်သည်။

သို့သော် ယဲ့ချန်းကတော့ မစောင့်ချင်ပေ။

ယခုအချိန်ကား အကောင်းဆုံးအခွင့်အရေးပင်။

တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကြည့်ရှုသူငါးသန်းကျော် ရှိနေပြီး လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ဤပြိုင်ပွဲသတင်းများက ဖုံးလွှမ်းနေသည်။

ဤကဲ့သို့သော အခွင့်အရေးမျိုးကို ယဲ့ချန်းက အဆုံးရှုံးခံမည်မဟုတ်ပေ။

ယဲ့ချန်းက ကစားသမားများနှင့် ပရိသတ်များကိုကြည့်၍ ပြောလိုက်သည်။

"ကိုရီးယားမှာ ကမ္ဘာ့အဆင့်ပြိုင်ပွဲတစ်ခု ကျင်းပတော့မှာပါ။ အဲဒါကြောင့် ကျွန်တော့်အနေနဲ့ ဒီပြိုင်ပွဲရဲ့အနိုင်ရရှိသူတွေနဲ့ အသင်းတစ်သင်းဖွဲ့ပြီး အဲဒီပထမဆုံးကမ္ဘာ့ပြိုင်ပွဲကို သွားပြိုင်မှာပါ။ အားလုံးကို ပြည်ပထွက်ပြီး ကမ္ဘာ့စင်မြင့်ထက်မှာ ကျွန်တော်တို့ဟွားနိုင်ငံက E-sportsကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို တစ်ကမ္ဘာလုံးမြင်အောင် ပြသစေချင်ပါတယ်"

ယဲ့ချန်း၏စကားကို ကြားလိုက်ရသည့်အခါ လူတိုင်း ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။

"ဘာ... ကမ္ဘာ့ပြိုင်ပွဲမှာ သွားပြိုင်မယ် ဟုတ်လား။ ဒါကြီးက တကယ့်ကို မယုံနိုင်စရာပဲ"

"ဒီပြိုင်ပွဲက နိုင်ငံကိုယ်စားပြုရွေးချယ်ပွဲ ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ အံ့ဩဖို့ ကောင်းလိုက်တာ"

ယဲ့ချန်း၏စကားကြောင့် လူတိုင်း ထိတ်လန့်ကုန်ကြသည်။

ဂိမ်းပြိုင်ပွဲတစ်ခုတွင် နိုင်ငံ့ကိုယ်စားပြုအဖြစ် ဝင်ပြိုင်ရမည်ဆိုသည်မှာ လူတော်တော်များများ၏အမြင်တွင် စိတ်ကူးယဉ်အိပ်မက်တစ်ခုနှယ် ဖြစ်နေသော်လည်း ယဲ့ချန်းကမူ ၎င်းကို လက်တွေ့အကောင်အထည် ဖော်ပစ်လိုက်သည်။

ထိုသတင်းကြောင့် လူတိုင်း၏ရင်ခုန်သံများ မြန်ဆန်လာခဲ့သည်။

ငါတို့နိုင်ငံရဲ့ E-sportsကစားသမားတွေက ကမ္ဘာ့စင်မြင့်ထက်ကို တက်လှမ်းနိုင်ပြီး ကမ္ဘာ့အဆင့်မီ ကစားသမားတွေနဲ့ ယှဉ်ပြိုင်နိုင်တော့မှာပါလားဟုတွေးကာ စိတ်လှုပ်ရှားနေကြသည်။

လူတိုင်း၏ အံ့ဩမှင်တက်နေသော အမူအရာများကိုကြည့်ရင်း ယဲ့ချန်း၏နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။

အမှန်စင်စစ်တွင် သူ့အတွေးအခေါ်များမှာ ခေတ်ရှေ့ပြေးလွန်းနေသည်။

ဤကမ္ဘာ့ပြိုင်ပွဲကိုလည်း သူကိုယ်တိုင် တစ်ဦးတည်းအားဖြင့် စီစဉ်ထားခြင်းသာဖြစ်၏။

သူ့အနေနှင့် E-sportsမီးတောက်ကို ဟွားနိုင်ငံတွင်သာမက တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားစေချင်သည်။

ထို့ကြောင့်လည်း ဤE-sportsပြိုင်ပွဲကို စီစဉ်ခဲ့ခြင်းပင်။

ဤပြိုင်ပွဲက တကယ်တော့ ကမ္ဘာ့ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် မိမိအသင်းသားများကို ရွေးချယ်သည့် ပွဲတစ်ခုပင်။

နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ဤကဲ့သို့ ကမ္ဘာ့အဆင့်မီပြိုင်ပွဲမျိုးက ဟွားနိုင်ငံ၏မီဒီယာများနှင့် ကစားသမားများကို ပွက်လောရိုက်သွားစေမည်မှာ အမှန်ပင်။

ထိုအချိန်တွင် ကစားသမားများအားလုံး အံ့သြမှင်တက်ကုန်ကြသည်။

ယခင်က သူတို့သည် ခိုးကြောင်ခိုးဝှက် ဂိမ်းကစားခဲ့ရပြီး တာဝန်မဲ့သူများဟု ကဲ့ရဲ့ရှုတ်ချခံခဲ့ရသော်လည်း ယခုအခါတွင်မူ ဟွားနိုင်ငံကိုယ်စားပြုအဖြစ် ပြိုင်ပွဲဝင်ရတော့မည်ဖြစ်ရာ အလွန်အံ့သြဖို့ကောင်းလှသည်။

ယဲ့ချန်း၏ ကြေညာချက်ကြောင့် အားလုံး တုန်လှုပ်သွားကြသည်။

ထိုနေရာရှိ သတင်းထောက်များလည်း အလွန်စိတ်လှုပ်ရှားနေကြ၏။

ဤသည်မှာ ဟိုးလေးတကျော်ကျော် ဖြစ်သွားမည့် သတင်းတစ်ပုဒ်ပင်။

ပြင်းထန်သည့် ယှဉ်ပြိုင်မှုများအပြီးတွင် ပြိုင်ပွဲမှာ ပြီးဆုံးသွားခဲ့သည်။

စတားတက္ကသိုလ်အသင်းက သူတို့၏အရည်အချင်းဖြင့် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

ထိပ်တန်းအသင်းလေးသင်းစလုံးမှာ ကမ္ဘာ့အဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ကြသည်။

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ရေးအခမ်းအနား ကျင်းပခဲ့သည်။

စွန်းကျယ်က ဆုဖလားကို မြှောက်ကိုင်ရင်း စိတ်လှုပ်ရှားပျော်ရွှင်နေသည်။

ဤသည်မှာ သူ့အိပ်မက်ဖြစ်၏။ တကယ်ဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။

တီဗွီရှေ့တွင်မူ စွန်းကျယ်၏ မိဘများမှာ အလွန်ဝမ်းသာနေကြသည်။

"မြန်မြန်ကြည့်စမ်း။ ငါတို့သား ဆုရပြီဟေ့"

"ဟုတ်တယ်။ ငါတို့သားရဲ့အသင်းက ဟွားနိုင်ငံကိုကိုယ်စားပြုပြီး သွားပြိုင်ရဦးမှာ"

"ဟွန်း... တလောတုန်းက အဲဒီအမျိုးတွေက စတားတက္ကသိုလ်ဆိုတာ နာမည်မရှိတဲ့ ကျောင်းလေးပါဆိုပြီး လှော​င်ခဲ့ကြတာ။ အခု ဘယ်သူက ငါတို့သားကို လှောင်ရဲသေးလဲဆိုတာ ကြည့်ကြသေးတာပေါ့"

...

ထိုအချိန်တွင် ကျောင်းအုပ်ရုံးခန်းထဲ၌ ထိပ်တန်းအသင်းလေးသင်းရှိ ကစားသမားများမှာ ယဲ့ချန်းရှေ့တွင် ရပ်နေကြသည်။

စွန်းကျယ်မှာ အလွန်စိတ်လှုပ်ရှားနေပေသည်။

အစောတုန်းက စင်ပေါ်တွင် လူအများထံမှ အာရုံစိုက်ခံရသည့် ခံစားချက်မှာ ကောင်းလှသည်။

အထူးသဖြင့် လူတိုင်းက သူ့ကို 'မိုးနတ်ဘုရား'ဟု စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြချိန်ပင်။

ထိုအခိုက်ဝယ် သူသည် ကမ္ဘာ့ထိပ်ဆုံးသို့ ရောက်ရှိသွားသလို ခံစားခဲ့ရသည်။

သူ့ခမျာ ယဲ့ချန်းကို ကျေးဇူးတင်လေဟန် အကြည့်များဖြင့် ကြည့်နေမိသည်။ ဤအရာအားလုံးမှာ ယဲ့ချန်းကြောင့် ဖြစ်လာကြောင်း သူ ​ကောင်းကောင်းနားလည်သည်။

စွန်းကျယ်ကို ပိုစိတ်လှုပ်ရှားစေသည်မှာ စတားတက္ကသိုလ်တွင် ပိုမိုကြီးမားသော အစီအစဉ်တစ်ခု ရှိနေခြင်းပင်။ သူတို့ကို ကမ္ဘာ့ပြိုင်ပွဲသို့ စေလွှတ်မည့်အစီအစဉ်ပင်။

ကမ္ဘာ့အဆင့်မီ E-sportsပညာရှင်များနှင့် ယှဉ်ပြိုင်ရမည့်အကြောင်း တွေးမိရုံဖြင့် အလွန်စိတ်လှုပ်ရှားမိသည်။

ကမ္ဘာ့ပြိုင်ပွဲတွင် အနိုင်ရရန်မှာ စွန်းကျယ်၏အိပ်မက်ပင်။

ထိုအိပ်မက်က လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာနိုင်ကြောင်း စွန်းကျယ် ထင်မှတ်မထားချေ။

ယဲ့ချန်းက ထိုကစားသမားများကိုကြည့်၍ ပြောလိုက်သည်။

"အားလုံးပဲ.. ငါ ခုနကပြောခဲ့တဲ့စကားကို ကြားလိုက်တယ်မလား။ ပြိုင်ပွဲအတွက် စာရင်းလက်ခံမှုက ပိတ်တော့မယ်။ အခု မင်းတို့တွေ သေချာပေါက်ဝင်ပြိုင်မှာလားဆိုတာ အတည်ပြုချင်တယ်"

စတားတက္ကသိုလ်အသင်းအတွက် သူကိုယ်တိုင် ဆုံးဖြတ်ပေးနိုင်သော်လည်း အခြားအသင်းများကိုမူ သူတို့၏သဘောထားကို မေးမြန်းရန် လိုအပ်ပေသည်။

အခြားကျောင်းများမှ ကျောင်းသားများမှာ ခဏငြိမ်သက်သွားကြသည်။

"ဥက္ကဋ္ဌယဲ့... ကျွန်တော်တို့ တကယ်သွားပြိုင်ချင်ပါတယ်။ ဒါပေမဲ့ ပြည်ပကိုသွားဖို့ ခရီးစရိတ်၊ တည်းခိုစရိတ်နဲ့ လေယာဉ်လက်မှတ်ဖိုးတွေအတွက် ကျွန်တော်တို့ မတတ်နိုင်ပါဘူး"

ထိုကျောင်းသားများမှာ အလုပ်မရှိကြသေးသလို သူတို့၏မိဘများကလည်း တက္ကသိုလ်ကျူရှင်ကြေးများ ပေးသွင်းထားပြီးဖြစ်ရာ ပြိုင်ပွဲဝင်ပြိုင်ရန်အတွက် ပိုက်ဆံထပ်တောင်းရန် သူတို့ အားနာနေကြသည်။

ထို့ပြင် တချို့ကျောင်းသားများက ဆင်းရဲချို့တဲ့သော မိသားစုများမှ ဆင်းသက်လာကြသူများပင်။

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။

"အဲဒီအတွက် စိတ်မပူပါနဲ့။ ပြိုင်ပွဲသွားပြိုင်မယ့် ကုန်ကျစရိတ်အားလုံးကို စတားတက္ကသိုလ်ကပဲ အကုန်အကျခံမှာပါ"

ယဲ့ချန်း၏စကားကို ကြားသောအခါ လူတိုင်း သက်မချလိုက်မိကြသည်။

ဤသို့ဆိုလျှင် သူတို့တွင် စိုးရိမ်စရာမရှိတော့ပေ။

"စတားအသင်းက ဝင်ပြိုင်မှာပါ"

"ကျိုတိုတက္ကသိုလ်လည်း ဝင်ပြိုင်မှာပါ"

"ဟန်တက္ကသိုလ်လည်း ဝင်ပြိုင်မှာပါ"

"ကျယ်ကျန်းတက္ကသိုလ်လည်း အသင့်ပါပဲ"

ထိပ်တန်းအသင်းလေးသင်းစလုံးက တစ်ပြိုင်နက်တည်း သူတို့၏ဆန္ဒကို ထုတ်ဖော်လိုက်ကြသည်။

ဤသည်မှာ သူတို့ဘဝ၏ တစ်ဆစ်ချိုးဖြစ်လာနိုင်ကြောင်း နားလည်ထားကြသည်။

ကမ္ဘာ့အဆင့်မီ ကစားသမားများနှင့် ယှဉ်ပြိုင်ရမည့် အခွင့်အရေးမှာ သူတို့၏အိပ်မက်ပင်။

ဤအခွင့်အရေးကိုသာ လက်လွှတ်လိုက်ပါက နောက်တစ်ကြိမ် ထပ်ရနိုင်တော့မည်မဟုတ်ပေ။

ထို့ကြောင့် သူတို့ ဤအခွင့်အရေးကို လက်မလွှတ်ချင်ပေ။

ယဲ့ချန်းကလည်း ကျေကျေနပ်နပ် ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ။ အဲဒါဆိုရင် ငါ မင်းတို့ကို စာရင်းသွင်းပေးမယ်။ ကျန်တာကတော့ မင်းတို့အပေါ်မှာပဲ မူတည်တယ်။ သေချာပြင်ဆင်ပြီး နိုင်ငံအတွက် ဂုဏ်ဆောင်ခဲ့ကြ။ မင်းတို့ ဆုဖလားနဲ့အတူ ပြန်လာမှာကို ငါ မျှော်နေမယ်"

"ဟုတ်ကဲ့"

အသင်းလေးသင်းစလုံးရှိ ကစားသမားများအားလုံးက ခိုင်မာပြတ်သားသော မျက်နှာထားများဖြင့် တစ်ညီတစ်ညွတ်တည်း ပြန်ပြောလိုက်ကြသည်။

ထိုအခိုက်ဝယ် သူတို့မှာ နိုင်ငံ့ဂုဏ်ဆောင်နိုင်တော့မည်ဖြစ်လေရာ စိတ်အားထက်သန်နေကြသည်။

ယဲ့ချန်းက စာရင်းသွင်းပေးရန်အတွက် လင်းရှစ်ယင်နှင့်အတူ သူတို့ကိုပါ ခေါ်သွားခိုင်းလိုက်သည်။

ထို့နောက် သက်ဆိုင်ရာကျောင်းများနှင့် ဆက်သွယ်ရမည့်ကိစ္စများ ကျန်ရှိနေသေးသည်။

...

နောက်တစ်နေ့တွင် စတားတက္ကသိုလ်က ကျောင်းသားများကို E-sportsပြိုင်ပွဲသွားပြိုင်ရန် စီစဉ်ပေးနေသည့်သတင်းက ဟွားနိုင်ငံတစ်ဝန်း ပျံ့နှံ့သွားသည်။

မီဒီယာကြီးများကပင် အဓိကသတင်းအဖြစ် ဖော်ပြခဲ့ကြသည်။

စတားတက္ကသိုလ်မှာ ယခုအချိန်တွင် နာမည်ကြီးကျောင်းတစ်ခု ဖြစ်လာပြီး သတင်းစာမျက်နှာများတွင် မကြာခဏပါဝင်လာခဲ့သည်။

ထိုအချိန်တွင် မိဘအများအပြားမှာမူ မကျေမနပ်ဖြစ်နေကြသည်။

"ဂိမ်းကစားတာကိုတောင် ပြည်ပအထိ သွားခိုင်းတယ်ဆိုတော့ လွန်လွန်းနေပြီ"

"စတားတက္ကသိုလ်ကို ဘယ်သူမှ မထိန်းနိုင်တော့ဘူးလား။ ကလေးတွေအကုန် လမ်းမှားရောက်ကုန်တော့မယ်"

"ဂိမ်းဆော့တာက နိုင်ငံဂုဏ်ဆောင်နိုင်တယ်တဲ့လား။ ရယ်ချင်စရာကြီး"

"ကျောင်းသားဆိုတာ ကျောင်းသွားပြီး စာသင်ရမှာလေ။ ဂိမ်းဆော့တာတဲ့လား။ ဟာသပဲ"

"ဒီတက္ကသိုလ်ပဲဟ။ ဒီလိုကျောင်းမျိုးကို ပိတ်ပစ်လိုက်သင့်တယ်"

...

အင်တာနက်ပေါ်တွင် ဝေဖန်မှုများဖြင့် ပြည့်နှက်နေသည်။

ယဲ့ချန်းကတော့ သံသယဖြစ်နေကြသည့် ထိုစကားသံများကို လျစ်လျူရှုထားလိုက်သည်။

သူ့ကို ဝေဖန်နေသူများမှာ မိဘများနှင့် ဆရာအနည်းစုသာဖြစ်ကြောင်း သူသိသည်။

သူတို့အမြင်တွင် ဂိမ်းကစားခြင်းမှာ အနာဂတ်မရှိသော အပျော်အပါးသက်သက်သာဖြစ်၏။

နိုင်ငံ့အတွက် ဂုဏ်ဆောင်သည်ဆိုခြင်းမှာလည်း သူတို့အတွက်တော့ အဓိပ္ပာယ်မရှိပေ။

သို့သော် ယဲ့ချန်းက ထိုဝေဖန်မှုများကို လုံးဝဂရုမစိုက်ပေ။

အကြောင်းမှာ သူ့နောက်တွင် ခိုင်မာသော ကျောထောက်နောက်ခံအဖြစ် သန်းနှင့်ချီသော E-sportsဝါသနာရှင်များ ရှိနေကြောင်း ကောင်းကောင်းသိထားသောကြောင့်ပင်။

All Chapters