အခန်း (၃၇၀-၃၇၂)
Vol. 25 Ch. 370-372
အပိုင်း ၃၇၀ - လင်းယောင်ယောင်၏ ချိန်းဆိုမှု
ယဲ့ချန်းက ကျောင်းကိစ္စများကို စီစဉ်ပြီးနောက် ကားမောင်းပြီး ထွက်လာခဲ့သည်။
ခရီးမထွက်ခင် သုံးရက်အလိုတွင် ပြိုင်ပွဲဝင်အသင်းများမှာ နောက်ဆုံးပြင်ဆင်မှုများ ပြုလုပ်ရန်အတွက် စတားတက္ကသိုလ်တွင် ဆက်နေခဲ့ကြသည်။
သူ ထွက်လာသည်နှင့်တစ်ပြိုင်နက် လင်းယောင်ယောင်ထံမှ ဖုန်းဝင်လာခဲ့သည်။
"ဥက္ကဋ္ဌယဲ့ အားရဲ့လား"
"သြော်... မနက်ဖြန်ညနေပိုင်းကျရင် လေဆိပ်ကို လူသွားကြိုရမှာ။ ဒါပေမဲ့ မနက်ပိုင်းလောက်တော့ အားပါတယ်။ ဘာလို့လဲ... ကိုယ့်ကိုလွမ်းလို့လား"
"ဟွန်း... ရှင့်ကိုလွမ်းရမှာလား။ ရှင်ကဖြင့် ကျွန်မကို ဂရုမစိုက်တာ ကြာလှနေပြီ။ ကုမ္ပဏီကို တခြားသူတွေလက်ထဲ ပစ်ထားခဲ့ပြီး အပြင်မှာပဲ လျှောက်သွားနေတယ်"
ယဲ့ချန်းလည်း ကသိကအောက်ဖြင့် ရယ်မောလိုက်၏။
"ကောင်းပါပြီဗျာ... ဘာကိစ္စရှိလို့လဲ။ ကိုယ် လိုက်ခဲ့ပေးရမလား"
"ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကျိုတိုမှာ စီးပွားရေးကိစ္စ ဆွေးနွေးတုန်းက ကျန်းမိသားစုက ကျန်းကျန့်ဆိုတဲ့ လူတစ်ယောက်နဲ့ ဆုံခဲ့တယ်။ သူက တော်တော်စိတ်ရှုပ်ဖို့ကောင်းတာ။ ကျွန်မနောက်ကို တကောက်ကောက်နဲ့ လိုက်နှောင့်ယှက်နေတာ"
ထိုစကားကို ကြားလိုက်ရသောအခါ ယဲ့ချန်း မျက်ခုံးပင့်လိုက်မိသည်။ လင်းယောင်ယောင်က သူ့မိန်းကလေးဖြစ်လေရာ အခြားယောက်ျားတစ်ယောက်က သူ(မ)ကို မျက်စိကျနေသည်ကို သူ သဘောမကျသည်မှာ သဘာဝကျပေသည်။
"ကောင်းပြီလေ။ ကိုယ် ခဏနေရင် ကုမ္ပဏီမှာ မင်းကိုလာကြိုမယ်"
"အင်း။ အသိတရားလေးတော့ ရှိသေးသားပဲ"
စတားကုမ္ပဏီ၏ စီအီးအိုဖြစ်သူ လင်းယောင်ယောင်မှာ စီးပွားရေးလောကတွင် ထက်မြက်လှသည့် ဘုရင်မတစ်ပါးအဖြစ် လူသိများထင်ရှားပေသည်။
ယခုဆိုလျှင် သူမကို လိုက်ပိုးနေသူများမှာ မနည်းမနောပင်။
သို့သော် လင်းယောင်ယောင်၏ မျက်လုံးထဲတွင် ယဲ့ချန်းတစ်ယောက်သာရှိ၏။
ထို့ကြောင့်လည်း စီးပွားရေးလောကတွင် သူမကို "ရေခဲဘုရင်မ"ဟု တင်စားကြခြင်းဖြစ်၏။
ယဲ့ချန်းလည်း ကုမ္ပဏီအောက်ထပ်သို့ ကားမောင်း၍ ရောက်လာခဲ့သည်။
ပုံမှန်အားဖြင့် လင်းယောင်ယောင်က အေးတိအေးစက်နေတတ်သော်လည်း ယနေ့တွင်မူ အလွန်ပျော်ရွှင်နေချေသည်။
သူ(မ) နေ့ညမပြတ်သတိရနေမိသည့် အမျိုးသားနှင့် တွေ့ရတော့မည်ဖြစ်ရာ စိတ်အခြေအနေက အလွန်ကောင်းမွန်နေတော့သည်။
လင်းယောင်ယောင် ကုမ္ပဏီထဲက ထွက်လာသောအခါ ဝန်ထမ်းများက တစ်ယောက်ပြီးတစ်ယောက် သူ(မ)ကို နှုတ်ဆက်ကြသည်။
"မင်္ဂလာပါ ဥက္ကဋ္ဌလင်း"
"အင်း... ယွမ်ယွမ် ဒီနေ့ဝတ်ထားတဲ့အင်္ကျီလေးက လှသားပဲ"
လီယွမ်ယွမ်ခမျာ အံ့ဩမှင်တက်သွားသည်။
'အမလေး... ဒီနေ့ ဥက္ကဋ္ဌလင်းက ငါ့ကို စကားတွေတောင် ပြန်ပြောနေပါလား'
ပုံမှန်ဆိုလျှင် လင်းယောင်ယောင်က အများရှေ့တွင် အမြဲတမ်း အေးစက်စက်နေတတ်သူပင်။
"ဟေ့... ဒီနေ့ ဥက္ကဋ္ဌလင်း ထူးခြားနေတာ သတိထားမိကြလား"
"ဟုတ်တယ်... သူ ဒီနေ့ တော်တော်ပျော်နေပုံပဲ"
"ဟုတ်ပါရဲ့။ ပုံမှန်ဆိုရင် သူက ဘာအမူအရာမှ မလုပ်တတ်ဘူး။ ဒီနေ့ကျတော့ ပြုံးတောင် ပြုံးနေလိုက်သေးတယ်"
"ငါများ အမြင်မှားတာလား"
"မနေ့က ဥက္ကဋ္ဌလင်းနဲ့ အပြင်သွားတုန်းက ကျိုတိုက သူဌေးသားတစ်ယောက်က သူ့ကို ချိန်းသေးတယ်။ ဒါပေမဲ့ သူက ငြင်းပစ်လိုက်တာပါပဲ"
"တကယ်လား... အင်း... ငါကြားတာတော့ အဲဒီသူဌေးသားက မိုတုအထိလိုက်လာပြီး ဒီမှာ ကုမ္ပဏီတစ်ခုထောင်ဖို့တောင် စီစဉ်နေတာတဲ့"
"အမလေး... ငါများ နားကြားမှားတာလား။ ဒါကြီးက အရမ်းဒရမ်မာဆန်တာပဲ"
"ချမ်းသာတဲ့လူတွေကတော့ စိတ်ကူးပေါက်သလို လုပ်နိုင်တာပဲလေ"
လင်းယောင်ယောင်၏ကျောပြင်ကို ကြည့်ကာ ဝန်ထမ်းများက တီးတိုးပြောနေကြသည်။
ထိုအချိန်တွင် ယဲ့ချန်းကလည်း ကုမ္ပဏီအဝင်ဝသို့ ရောက်လာချေပြီ။
လင်းယောင်ယောင်က ပြုံးလျက် ပြောလိုက်လေသည်။
"ယဲ့ချန်း... မတွေ့ရတာကြာပြီနော်"
ယဲ့ချန်းကလည်း ပြန်ပြုံးပြသည်။
"နှစ်ရက်သုံးရက်ပဲ ရှိသေးတာကို။ အကြာကြီးတော့မဟုတ်ပါဘူး"
"ဟွန်း... ဒါဆို ရှင်က ကျွန်မကို မလွမ်းဘူးလို့ ပြောချင်တာပေါ့"
ယဲ့ချန်းခမျာ ကိုးရိုးကားရား ရယ်မောလိုက်မိသည်။
"ကိုယ်က မင်းကို မလွမ်းဘဲနေပါ့မလား"
လင်းယောင်ယောင်က အေးစက်စက်နှာမှုတ်လိုက်၏။
"ဟွန့်... လူတစ်ယောက်က ကျွန်မကို စိတ်ဝင်စားနေတယ်။ ရှင်ပဲ ဖြေရှင်းပေးတော့"
ယဲ့ချန်းက ဒေါသထွက်ချင်ယောင်ဆောင်ပြလိုက်သည်။
"ဘယ်သူက ကိုယ့်ကောင်မလေးကို လိုက်ပိုးရဲတာလဲ။ စိတ်မပူနဲ့... ဒီလိုစိတ်ရှုပ်ဖို့ကောင်းတဲ့ ယင်ကောင်တွေကို ရိုက်ထုတ်ပစ်ရမှာပေါ့"
ယဲ့ချန်း၏စကားကြောင့် လင်းယောင်ယောင်လည်း အော်ရယ်လိုက်မိသည်။
ယနေ့ ယဲ့ချန်း ကူလီနန်ကားကို မောင်းလာခဲ့သည်။ ကားပေါ်သို့တက်ပြီးနောက် ယဲ့ချန်းက မေးလိုက်သည်။
"ဘယ်သွားကြမလဲ"
"ဂရန်းယူနီဗာ့ဟိုတယ်"
"အဲဒီကိုလား"
ယဲ့ချန်း ခဏမျှ တွေဝေသွားသည်။
"ဘာဖြစ်လို့လဲ"
လင်းယောင်ယောင်က မေးလိုက်သည်။
"ဘာမှမဖြစ်ပါဘူး... ဟားဟား အစားအသောက်ကောင်းကောင်းလေးသာရှိရင် ဘယ်နေရာဖြစ်ဖြစ် အဆင်ပြေပါတယ်"
ယဲ့ချန်းကတော့ ရယ်ကာမောကာဖြင့် ပြန်ဖြေလိုက်၏။
လင်းယောင်ယောင်က အေးတိအေးစက်နှာမှုတ်လိုက်၏။
"ဟွန်း...ရှင့်ကို အကာအကွယ်အဖြစ်နဲ့ ခေါ်သွားရမှာပဲ"
လင်းယောင်ယောင်က အလုပ်ထဲတွင် "ရေခဲဘုရင်မ"ဖြစ်သော်လည်း ယဲ့ချန်းရှေ့တွင်မူ နူးညံ့သိမ်မွေ့သော မိန်းကလေးတစ်ဦးအဖြစ် ပြောင်းလဲသွားတတ်သည်။
ဤပုံစံကိုသာ မြင်လိုက်ရပါက အကုန်လုံး အံ့အားသင့်သွားကြပေလိမ့်မည်။
"ဒါနဲ့ ကိုယ် အခုလိုကူညီပေးတာကို မင်း ဘယ်လိုပြန်ဆပ်မှာလဲ"
ယဲ့ချန်းက ပြုံးစစဖြင့် မေးလိုက်သည်။
"ပြန်ဆပ်ရမယ်တဲ့လား။ ဟွန်း... ရှင်မလုပ်ချင်ဘူးဆိုရင်လည်း ဒီအခွင့်အရေးကို စောင့်နေတဲ့လူတွေမှ အများကြီးပဲ"
ယဲ့ချန်းကလည်း ပခုံးတွန့်ပြလိုက်၏။
"ကောင်းပြီလေ... ဒါဆိုရင်လည်း ဟိုတယ်ရောက်ရင် မင်းက စင်ဂယ်ပါလို့ အဲဒီလူကို ပြောပြလိုက်မယ်"
လင်းယောင်ယောင်က ယဲ့ချန်းကို စိုက်ကြည့်လိုက်၏။
"ရှင်မလုပ်ရဲပါဘူး"
နှစ်ယောက်သား စနောက်ကျီစယ်ရင်း မောင်းလာခဲ့လိုက်လေရာ မကြာခင်မှာပင် ဂရန်းယူနီဗာ့ဟိုတယ်သို့ ရောက်လာခဲ့သည်။
ကားပေါ်ကဆင်းပြီးသည်နှင့် သူတို့နှစ်ယောက်သား အထဲသို့ ဝင်လာခဲ့ကြသည်။
"ယောင်ယောင်... ဒီလူက ဘယ်သူလဲ"
လင်းယောင်ယောင်က ပြန်ဖြေသည်။
"သူ့နာမည်က ကျန်းကျန့်တဲ့။ ကျိုတိုမြို့က ကျန်းမိသားစုရဲ့ အကြီးဆုံးသားပေါ့။ ကျန်းမိသားစုက လက်လီလုပ်ငန်းတွေကို အဓိကလုပ်တာ။ ကျိုတိုမှာ စူပါမားကတ်တွေနဲ့ ကုန်တိုက်ကြီးတွေ အများကြီးပိုင်တယ်။ သူက ဈေးကွက်ချဲ့ထွင်ဖို့ မိုတုမြို့ကိုရောက်နေတာလေ"
ယဲ့ချန်းက ရယ်မောလိုက်၏။
"သူက မင်းနောက်ကို လိုက်လာတာများလား"
လင်းယောင်ယောင်က ဘာမှမပြောသော်လည်း ဤသည်မှာ အဓိကအကြောင်းအရင်းဖြစ်ကြောင်း သိသာလှသည်။
နှစ်ယောက်သား ဟိုတယ်ထဲသို့ ဝင်လာချိန်မှာ လင်းယောင်ယောင်က သဘာဝကျကျပင် ယဲ့ချန်း၏လက်မောင်းကို ချိတ်တွယ်ထားသည်။
ယဲ့ချန်း၏ဘေးနားရှိ လှပလွန်းလှသော အမျိုးသမီးကို မြင်သောအခါ ဟိုတယ်ဝန်ထမ်းများမှာ အံ့အားသင့်သွားကြသည်။
'ဥက္ကဋ္ဌယဲ့ကတော့ တစ်ခါလာရင် မိန်းကလေးတစ်ယောက်ပါလား... အကုန်လုံးကလည်း အလှလေးတွေချည်းပဲ'
ဝန်ထမ်းများ၏ တီးတိုးပြောသံကို ကြားလိုက်ရသဖြင့် လင်းယောင်ယောင်မှာ ယဲ့ချန်းကို စိုက်ကြည့်လိုက်၏။
"မိန်းမပွေတဲ့လူ"
ယဲ့ချန်းလည်း ခါးသက်သက်ပြုံး၍ သက်ပြင်းချလိုက်မိသည်။
"ကျန်းကျန့်က ဂရန်းယူနီဗာ့ဟိုတယ်ကိုမှ ဘာလို့ရွေးရတာလဲ"
ထိုအချိန်တွင် ဧည့်ကြိုမန်နေဂျာက ယဲ့ချန်းအနားသို့ ချဉ်းကပ်လာပြီး တလေးတစားပြောလိုက်လေသည်။
"ဥက္ကဋ္ဌယဲ့... ဧကရာဇ်အဆင့်ဟိုတယ်ခန်းကို စီစဉ်ပေးရမလားဗျ"
ယဲ့ချန်းကတော့ ခေါင်းယမ်းလိုက်၏။
"မလိုဘူး... ဒီတစ်ခေါက် ငါက ဧည့်သည်အနေနဲ့ လာတာ။ မင်းတို့ လုပ်စရာရှိတာဆက်လုပ်ကြ။ ငါ့ကို ဂရုစိုက်မနေနဲ့"
"ဟုတ်ကဲ့ပါ ဥက္ကဋ္ဌယဲ့"
ယဲ့ချန်းနှင့် လင်းယောင်ယောင်တို့လည်း သီးသန့်ခန်းထဲသို့ ရောက်လာခဲ့သည်။
ထိုနေရာရှိ တံခါးဝတွင် လူငယ်တစ်ယောက် ရပ်နေပြီး ထိုလူက လင်းယောင်ယောင်ကို မြင်လျှင်မြင်ချင်း ဝမ်းသာသွားသော်ငြား သူ(မ)က ယဲ့ချန်း၏လက်ကို ချိတ်ထားကြောင်း မြင်လိုက်ရသည့်အခါ မျက်နှာပျက်သွားလေသည်။
ကျန်းကျန့်ခမျာ လင်းယောင်ယောင်ကို အပြင်၌ စောင့်နေခဲ့သည်။ သူ(မ)ကမူ အခြားယောက်ျားတစ်ယောက်၏ လက်ကိုတွဲလျက် ရောက်လာလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
လင်းယောင်ယောင်က သူ သူ(မ)ကို လိုက်ပိုးနေကြောင်း သိသိချည်းနှင့် ယခုလိုလုပ်ပြနေခြင်းမှာ သူ့ကို တမင်တကာ မျက်နှာပျက်အောင်လုပ်ခြင်းပင်။
ပိုအရေးကြီးသည့်အရာမှာ လင်းယောင်ယောင်၏ ဘေးနားရှိ အမျိုးသားမှာ အလွန်ချောမောခန့်ညားပြီး သူ့ထက် အဆပေါင်းများစွာ သာလွန်နေသဖြင့် ပိုစိတ်တိုသွားသည်။
ကျန်းကျန့် ဇဝေဇဝါဖြစ်သွားလေသည်။ လင်းယောင်ယောင်တွင် ရည်းစားမရှိကြောင်း သူ စုံစမ်းထားပြီးဖြစ်လေရာ ယခု ရုတ်တရက်ပေါ်လာသည့် အမျိုးသားက မည်သူလေလဲ။
စိတ်ထဲတွင် မကျေနပ်သော်ငြား ကျန်းကျန့်လည်း ခပ်ပြုံးပြုံးသာ လုပ်နေလိုက်သည်။
"ယောင်ယောင်... နောက်ဆုံးတော့ ရောက်လာပြီပေါ့။ ကိုယ် တံခါးဝမှာ စောင့်နေတာကြာပြီ"
လင်းယောင်ယောင်မှာမူ အေးစက်ခက်ထန်စွာ ပြန်ပြောလိုက်သည်။
"ဥက္ကဋ္ဌကျန်း... ကျွန်မတို့က အဲဒီလောက်အထိ မရင်းနှီးဘူးထင်တယ်နော်။ ကျွန်မချစ်သူ အထင်လွဲမှာစိုးလို့ ကျွန်မနာမည်ကို အပြည့်အစုံပဲခေါ်ပေးပါ"
ထိုသို့ပြောရင်း လင်းယောင်ယောင်က ယဲ့ချန်းကို တောက်ပစွာ ပြုံးပြလိုက်သည်။
ထိုအခြင်းအရာကိုမြင်သော် ကျန်းကျန့် မျက်လုံးမှေးကျဉ်းလိုက်မိသည်။
သူနှင့်အတူရှိစဉ်က လင်းယောင်ယောင်သည် အမြဲအေးစက်နေခဲ့သော်လည်း ယခုမူ အခြားယောက်ျားတစ်ယောက်ကို ပြုံးပြနေခြင်းမှာ သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလို ခံစားရသည်။
သို့သော် ကျန်းကျန့် တွေးလိုက်မိသည်။ ယဲ့ချန်းကဲ့သို့ ရုပ်ရည်ချောမောသူတစ်ယောက်ကသာ လင်းယောင်ယောင်၏ချစ်သူဆိုလျှင် စီးပွားရေးလောကထဲ၌ သတင်းထွက်နေလောက်သည်။
ဤလူ့အကြောင်းကို မည်သူမှမကြားဖူးသဖြင့် လင်းယောင်ယောင်၏ ဟန်ပြချစ်သူဖြစ်ဖို့များသည်။
ထိုသို့တွေးမိလိုက်ချိန်ဝယ် ကျန်းကျန့်လည်း လှောင်ပြုံးပြုံးလျက် ယဲ့ချန်းကို ဟန်ဆောင်အပြုံးဖြင့် မေးလိုက်သည်။
"ဟေး... မင်းနာမည်က ဘာလဲ။ ပြီးတော့ ဘာအလုပ်လုပ်တာလဲ"
ယဲ့ချန်းက ပေါ့ပေါ့ပါးပါးပြုံးပြလိုက်သည်။
"သြော်... ကျွန်တော်က ယဲ့ချန်းပါ။ လင်းယောင်ယောင်ရဲ့ ချစ်သူပေါ့။ အလုပ်ကတော့ တက္ကစီမောင်းပါတယ်"
တက္ကစီဒရိုင်ဘာလား....
ကျန်းကျန့်မှာ အံ့ဩမှင်တက်သွားချေသည်။ သူ့ကိုယ်သူ ထိပ်တန်းအဆင့် ပြိုင်ဘက်တစ်ယောက်နှင့် ရင်ဆိုင်ရတော့မည်ဟု ထင်ထားသော်ငြား တကယ်တမ်းတွင်မူ တက္ကစီဒရိုင်ဘာ တစ်ယောက်သာ ဖြစ်နေပေသည်။
တက္ကစီဒရိုင်ဘာတစ်ယောက်က သူနှင့် လာပြိုင်ရဲသည်မှာ အလွန်ရယ်ချင်စရာကောင်းလှသည်။
•••••••••••••••••
အပိုင်း ၃၇၁ - မရိုးရှင်းသော အထောက်အထား
ကျန်းကျန့်က ယဲ့ချန်း၏ဝတ်စုံကို တစ်ချက်ကြည့်လိုက်သည်။
"ကိုယ့်လူ... နောက်နေတာမလား။ မင်းဝတ်ထားတာတွေအကုန်လုံးက ဒီဇိုင်နာဝတ်စုံတွေလေ။ တက္ကစီဒရိုင်ဘာတစ်ယောက်က ဒီလိုအဝတ်အစားတွေကို ဝယ်နိုင်ပါ့မလား"
ယဲ့ချန်းက အေးတိအေးစက်ပင် ပြန်ပြောလိုက်သည်။
"သခင်လေးကျန်း... ဒါက ခင်ဗျား ဧည့်သည်ကိုဆက်ဆံတဲ့ ပုံစံလား။ ကျွန်တော်တို့က ဒီကို ဧည့်သည်အနေနဲ့ လာတာနော်။ ခင်ဗျားကတော့ ရာဇဝတ်သားကို စစ်မေးနေသလိုပုံစံနဲ့ တံခါးဝမှာ ပိတ်ရပ်နေတယ်။ ဒါက ဘာသဘောလဲ"
ကျန်းကျန့်ခမျာ ခဏလောက် ဆွံ့အသွားပြီးနောက် ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းသွားသည်။
သို့သော် သူက လင်းယောင်ယောင်ကို လိုက်ပိုးနေသူဖြစ်ရာ စိတ်တိုသော်လည်း အပြုံးမပျက်ထိန်းထားရသည်။
တက္ကစီမောင်းတဲ့ ရည်းစားအတုကများ.. ငါ့ရှေ့မှာ လာဟန်ဆောင်ချင်နေသေးတယ်.. ကောင်းကင်နဲ့မြေကြီးက ဘယ်လောက်အတိုင်းအဆရှိလဲဆိုတာတောင် မသိဘဲ မာန်တက်ပြနေတယ်…
ကျန်းကျန့်၏အမူအရာက အေးစက်ခက်ထန်သွားပြီး ပြောလိုက်လေသည်။
"ယောင်ယောင်.. ကိယ် ဒီနေ့ မင်းကို လူကုံထံအသိုင်းအဝိုင်းက လူတချို့နဲ့ မိတ်ဆက်ပေးမလို့။ မင်းလည်း အဆက်အသွယ်တွေရတာပေါ့"
သူသည် မိုတုမြို့ရှိ ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်တချို့ကို ဖိတ်ထားသဖြင့် လင်းယောင်ယောင် သူ့ကို အထင်ကြီးသွားမည်ဟု ထင်ထားပေသည်။
ကျန်းမိသားစုက ကျိုတိုရှိ စူပါမားကတ်လုပ်ငန်းများကို လွှမ်းမိုးချုပ်ကိုင်ထားသော်ငြား သူတို့၏လုပ်ငန်းက တရုတ်နိုင်ငံမြောက်ပိုင်းတွင် အခြေစိုက်ထားသည်။
ယခုမူ တောင်ပိုင်းဈေးကွက်ထဲသို့ ချဲ့ထွင်ရန် ကြိုးစားနေခြင်းဖြစ်ပြီး ကျန်းကျန့်ကလည်း လင်းဝမ်ယိုကို သဘောကျနေသောကြောင့် မိုတုကို သူကိုယ်တိုင် လာရောက်ခဲ့သည်။
မိုတုဈေးကွက်ကိုသာ အရယူနိုင်ပါက ကျန်းမိသားစု၏ အမွေဆက်ခံသူနေရာက သူ့အတွက်ပင်။ ထို့ပြင် လင်းယောင်ယောင်နှင့်ပါ အကြောင်းပါသွားလျှင် အတိုင်းထက်အလွန်ပင်။
သူတို့သုံးယောက်သား သီးသန့်ခန်းထဲသို့ ဝင်လာခဲ့လိုက်လေရာ အထဲတွင် လူအပြည့်ပင်။
ယဲ့ချန်းက အထဲရှိ လူနှစ်ယောက်ကို ချက်ချင်းမြင်လိုက်သည်။ ချန်းဝမ်နှင့် ဝေ့ရန်တို့ပင်။
ယဲ့ချန်းကိုမြင်သောအခါ ထိုလူနှစ်ယောက်၏ အမူအရာကား အနည်းငယ်ပြောင်းလဲသွားသည်။
သူတို့လည်း မတ်တတ်ရပ်၍နှုတ်ဆက်တော့မည့်ဆဲဆဲမှာပင် ယဲ့ချန်းက သူတို့အား ခေါင်းယမ်းလျက် တားမြစ်လိုက်သည်။
ယဲ့ချန်းက သူတို့၏အထက်လူကြီးဖြစ်သောကြောင့် အစောတုန်းက ဆောင့်ကြွားကြွားနိုင်နေခဲ့သော သူတို့နှစ်ယောက်လည်း ချက်ချင်းဆိုသလို ရိုကျိုးသွားပေသည်။
"ဆရာကြီး"ကိုယ်တိုင်ရောက်လာမှတော့ ဘယ်သူက ကြွားလုံးထုတ်ရဲတော့မှာလဲ..
ကျန်းကျန့်ကမူ သူတို့သုံးယောက်ကြားရှိ အကြည့်ချင်းဖလှယ်မှုများကို သတိမထားခဲ့ပေ။
သီးသန့်ခန်းထဲသို့ ရောက်သည့်အခါ လင်းယောင်ယောင်က လူတစ်ယောက်ခေါ်လာလိမ့်မည်ဟု ကျန်းကျန့်ထင်မထားသဖြင့် ထိုင်ခုံက ဆယ်ခုံတည်းသာ ရှိ၏။
သူက ယဲ့ချန်းကို လှောင်ပြုံးပြုံးလျက် ကြည့်လိုက်လေသည်။
မင်းက ဒီထဲကို ဝင်လာရဲတဲ့သတ္တိရှိပေမဲ့ ထိုင်ခုံက လောက်မနေဘူး.. မင်း ဆက်နေရဲဦးမလားဆိုတာ ကြည့်ကြသေးတာပေါ့…
ကျန်းကျန့်က လင်းယောင်ယောင်ကို ဝင်ထိုင်ခိုင်းလိုက်ပြီး သူကိုယ်တိုင်လည်း နေရာယူလိုက်သည်။
သို့သော် ထိုအချိန်မှာပင် ချန်းဝမ်နှင့် ဝေ့ရန်တို့နှစ်ယောက်စလုံး မတ်တတ်ထရပ်လိုက်ကြသည်။
ကျန်းကျန့်ခမျာ ကျေနပ်နေရာမှ ရုတ်တရက်ကြောင်အသွားသည်။
ဘာတွေဖြစ်နေတာလဲ….
ချန်းဝမ်နှင့် ဝေ့ရန်တို့က ဤစားပွဲတွင် အရေးအကြီးဆုံးဧည့်သည်တော်များ ဖြစ်၏။ သို့တိုင် သူတို့က ဘာကြောင့် မတ်တတ်ထရပ်နေရသလဲ။
"မစ္စတာယဲ့.. ကျေးဇူးပြုပြီး ကျွန်တော့်နေရာမှာ လာထိုင်လိုက်ပါ"
ချန်းဝမ်က တလေးတစားပြောလိုက်လေသည်။
ယဲ့ချန်းကလည် ခေါင်းညိတ်ပြ၍ ပြောလိုက်၏။
"ယောင်ယောင်.. ဥက္ကဋ္ဌဝေ့နဲ့နေရာချင်းလဲပြီး ကိုယ့်ဘေးမှာလာထိုင်လှည့်"
ကျန်းကျန့်ခမျာ ဝေ့ရန်နှင့် ချန်းဝမ်တို့က သူတို့နေရာကို ယဲ့ချန်းအား ပေးလိမ့်မည်ဟု လုံးဝထင်မထားချေ။
မည်သို့ပင်ဖြစ်စေ သူတို့နှစ်ယောက်က မိုတုမြို့ရှိ ဒိတ်ဒိတ်ကြဲသူဌေးကြီးများ ဖြစ်ကြသည်။ သို့ဖြစ်လေရာ သူတို့အနေနှင့် တက္ကစီဒရိုင်ဘာတစ်ယောက်ကို ဘာကြောင့်များ နေရာပေးလိုက်ရလေသလဲ။
သူတို့တွေက ယဲ့ချန်းရဲ့သရုပ်မှန်ကို မသိဘဲ နားလည်မှုလွဲသွားတာများလားဟု ကျန်းကျန် တွေးလိုက်မိသည်။
သို့သော် မကြာခင်မှာပင် အလုပ်ကိစ္စဘက်သို့ အာရုံပြန်လှည့်လိုက်သည်။
မိုတုမြို့တွင် အကြီးစားသဘောတူညီမှုတစ်ခုသာ လုပ်နိုင်ပါက တောင်ပိုင်းဈေးကွက်ကို ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး သူလည်း ကျန်းမိသားစု၏ အကြီးအကဲလောင်း ဖြစ်လာနိုင်ပေသည်။
သို့သော် ချန်းဝမ်နှင့် ဝေ့ရန်တို့က ယဲ့ချန်းအပေါ် အလွန်လေးစားနေကြသဖြင့် ကျန်းကျန့်မှာ စိတ်မသက်မသာဖြစ်သွားရသည်။
အစပိုင်းတွင် ယဲ့ချန်းက သူ့ကိုယ်သူ တက္ကစီဒရိုင်ဘာဟု ပြောခဲ့သဖြင့် သူ တကယ်ယုံခဲ့မိသည်။
သို့သော် ချန်းဝမ်နှင့် ဝေ့ရန်တို့၏အမူအရာကို မြင်ပြီးနောက် ယဲ့ချန်း၏နောက်ခံမှာ မရိုးရှင်းကြောင်း သိလိုက်ရသည်။
ထို့ပြင် ယဲ့ချန်းက မဆိုင်းမတွ ချက်ချင်းဝင်ထိုင်လိုက်သည်။ အစတုန်းက လင်းယောင်ယောင်သည် သူ့ဘေးတွင် ရှိနေသော်လည်း ယခုမူ ဝေ့ရန်နှင့် ချန်းဝမ်တို့က သူတို့ကြားတွင် ရောက်နေသဖြင့် သူလည်း ထိုနေရာတွင်သာ ဒေါသတကြီး ဆက်ထိုင်နေလိုက်ရတော့သည်။
စားပွဲထိုးက ထိုင်ခုံနှစ်လုံး ထပ်ယူလာပေးသဖြင့် ထိုနှစ်ယောက်လည်း ပြန်ထိုင်လိုက်ကြသည်။
ကျန်းကျန့်က ပြုံးလျက် အရက်တစ်ခွက်ငှဲ့ပေးပြီး မတ်တတ်ထရပ်လိုက်သည်။
"အားလုံးပဲ... ခင်ဗျားတို့အားလုံး ဒီကိုလာပေးကြတာ ကျွန်တော့်အတွက်တော့ ဂုဏ်ယူစရာပါပဲ။ ကျွန်တော့်ရဲ့လေးစားမှုကို ပြတဲ့အနေနဲ့ ဒီတစ်ခွက်ကို အရင်သောက်ပါရစေ"
"မစ္စတာကျန်းကတော့ နောက်နေပြန်ပြီ။ ကျွန်တော်တို့ကို ဖိတ်ကြားပေးတာကိုပဲ ဂုဏ်ယူနေရမှာပါ"
"ဟုတ်ပါတယ်။ ကျေးဇူးတင်ပါတယ် သခင်လေးကျန်း"
အခြားလူများက မတ်တတ်ထရပ်လိုက်ကြသော်လည်း ယဲ့ချန်း၊ ချန်းဝမ်၊ ဝေ့ရန်နှင့် လင်းယောင်ယောင်တို့ကတော့ ထိုင်မြဲအတိုင်း ထိုင်နေကြသည်။
အခြေအနေကလည်း အနည်းငယ်ကသိကအောက်ဖြစ်သွားသည်။
ကျန်းကျန့်လည်း တစ်ခုခုတော့လွဲနေပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။
"ကောင်းပါပြီ... အားလုံး ထိုင်ကြပါ"
အစောပိုင်းတုန်းက တချို့က သူ့ကို မြှောက်ပင့်ပြောဆိုနေကြသဖြင့် ကျန်းကျန့် ကျေနပ်နေခဲ့သည်။
သို့သော် ယဲ့ချန်းနှင့်အတူ ဝေ့ရန်၊ ချန်းဝမ်နှင့် လင်းယောင်ယောင်တို့က သူ့ကိုလျစ်လျူရှုထားသဖြင့် အကြီးအကျယ်ဒေါသထွက်သွားသည်။
အမှန်တကယ်တွင် ချန်းဝမ်နှင့် ဝေ့ရန်တို့လည်း မတတ်နိုင်ပေ။
ကျန်းကျန့်က အရည်အချင်းရှိသည်ဆိုသော်ငြား ယဲ့ချန်းမှာမူ သူတို့၏အထက်လူကြီးဖြစ်သည်။
ယဲ့ချန်း စကားတစ်ခွန်းဟလိုက်သည်နှင့် သူတို့ အလုပ်ပြုတ်သွားနိုင်သည်။
ထို့ကြောင့် ကျန်းကျန့်ကို စိတ်ဆိုးအောင်လုပ်မိခြင်းမှာ သူတို့အတွက် အရေးမကြီးလှပေ။
ထိုအချိန်တွင် စားစရာများ ရောက်လာသည်။
ကျန်းကျန့်က ရယ်မောလိုက်၏။
"အားလုံးပဲ အားမနာကြပါနဲ့။ ညနေပိုင်းရောက်နေပြီဆိုတော့ စားရင်းသောက်ရင်း စကားပြောကြတာပေါ့"
အားလုံးက ခေါင်းညိတ်ကြသော်လည်း မည်သူကမှ စားစရာများကို မနှိုက်ကြပေ။ သူတို့၏ အဓိကရည်ရွယ်ချက်မှာ စီးပွားရေးကိစ္စ ဆွေးနွေးရန်ပင်။
သို့သော် ယဲ့ချန်းကတော့ စားပွဲထိုးကို လှမ်းခေါ်လိုက်သည်။
"စားပွဲထိုး... ငါ့အတွက် ထမင်းနှစ်ပန်းကန်လောက် ယူလာခဲ့"
"ဟုတ်ကဲ့"
စားပွဲထိုးက တလေးတစားခေါင်းညိတ်ပြပြီး ထမင်းနှစ်ပန်းကန်ကို ချက်ချင်းယူလာပေးသည်။
ထမင်းရောက်လာသည့်အခါ ယဲ့ချန်း ပြုံးလိုက်လေသည်။
"ခင်ဗျားတို့ ပြောစရာရှိတာ ပြောကြပါ။ ကျွန်တော်ကတော့ စားတော့မယ်။ ကျွန်တော့်ကြောင့် အားနာမနေပါနဲ့"
ယဲ့ချန်း၏စကားကို ကြားသောအခါ ကျန်းကျန့်လည်း ဒေါသပေါက်ကွဲတော့မတတ် ဖြစ်သွားပေသည်။
'မင်းက ဘာကောင်မို့လို့ ဒီနေရာမှာ အိမ်ရှင်လို လုပ်ပြနေတာလဲ'
ယဲ့ချန်းကတော့ အခြားလူများကို ဂရုမစိုက်ဘဲ မြိန်ရည်ယှက်ရည် စားသောက်နေတော့သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး လူတိုင်း ကြောင်အမ်းအမ်းဖြစ်သွားကြသည်။
ဤသည်မှာ ပတ်ဝန်းကျင်အခြေအနေကို ထိခိုက်စေသည်။
လင်းယောင်ယောင်က ယဲ့ချန်း၏စရိုက်ကို သိထားသဖြင့် ရယ်ချင်စိတ်ကို ထိန်းထားရသည်။
ယဲ့ချန်းကြောင့် လူတိုင်းမှာ အနည်းငယ်ချုပ်တည်းနေကြရသည်။
ကျန်းကျန့်လည်း ဆွံ့အသွားရသည်။
'ဒီကောင်က ဘယ်လောက်တောင်မျက်နှာပြောင်လိုက်သလဲ။ ငါက ယဉ်ကျေးသမှုနဲ့ ပြောလိုက်တာကို တကယ်မှတ်နေတာလား'
ဤလူက အားနာရကောင်းမှန်းမသိဘဲ တစ်ယောက်တည်း စားသောက်နေပေသည်။
ကျန်းကျန့်လည်း အသက်ပြင်းပြင်းရှူသွင်း၍ စိတ်ထိန်းပြီး ပြောလိုက်သည်။
"လူကြီးမင်းတို့... ကျွန်တော် ဒီနေ့ဖိတ်ကြားရတဲ့ အကြောင်းအရင်းကတော့ ဆွေးနွေးစရာလေးတစ်ခု ရှိလို့ပါ။ ကျွန်တော်တို့ကျန်းလုပ်ငန်းစုက မြို့တော်မှာရှိတဲ့ စူပါမားကတ်လုပ်ငန်းမှာ ထိပ်တန်းပါပဲ။ အခုလည်း မိုတုဈေးကွက်ကို ဝင်ရောက်ဖို့ ရည်ရွယ်ထားပါတယ်။ ခင်ဗျားတို့တွေအားလုံးက အရောင်းလောကရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေ ဖြစ်ကြတဲ့အတွက် ကျွန်တော်တို့ကျန်းမိသားစုကို ကူညီပေးကြဖို့ မျှော်လင့်ပါတယ်"
ကျန်းကျန့်၏စကားက ယဉ်ကျေးသည်ဟု ထင်ရသော်လည်း ကျန်းမိသားစု၏အရှိန်အဝါကို အသုံးချပြီး အခြားလူများကို ဖိအားပေးနေကြောင်း သိသာလှသည်။
လူတိုင်း၏မျက်နှာအမူအရာမှာလည်း အနည်းငယ် ပျက်ယွင်းသွားကြသည်။
သို့သော် ကျန်းကျန့်က ဂရုမစိုက်ဘဲ ဆက်ပြောသည်။
"ကျွန်တော်တို့အနေနဲ့ ခင်ဗျားတို့ရဲ့ကုန်တိုက်တွေထဲမှာ ဆိုင်ခန်းတွေဖွင့်ချင်ပါတယ်။ ငွေကိစ္စက ပြဿနာမရှိပါဘူး။ ခင်ဗျားတို့ရဲ့ အကျိုးအမြတ်အတွက် ကျန်းလုပ်ငန်းစုဘက်က ဆယ်နှစ်ဆက်တိုက် စာချုပ်ချုပ်ဖို့အသင့်ပါပဲ"
"ဆယ်နှစ်လား"
ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း မျက်မှောင်ကြုတ်လိုက်မိသည်။
အပေါ်ယံကြည့်လျှင် ကျန်းကျန့်က ရက်ရောလှသည်ဟု ထင်ရသော်ငြား တကယ်တမ်းမှာမူ အခွင့်ကောင်းယူနေခြင်းပင်။
ဆိုင်ခန်းငှားခက နှစ်တိုင်းမြင့်တက်နေကြောင်း လူတိုင်းသိကြသည်။ ဆယ်နှစ်စာချုပ် ချုပ်လိုက်ပါက ငှားခကလည်း မပြောင်းလဲဘဲ တစ်သမတ်တည်းသာ ရှိနေပေလိမ့်မည်။
ပွင့်ပွင့်လင်းလင်းပြောရလျှင် ဤသည်မှာ လိမ်လည်လှည့်ဖြားခြင်းပင်။
ကျန်းကျန့်ကလည်း သူတို့၏စိုးရိမ်ပူပန်မှုကို နားလည်ဟန်တူသည်။
"လူကြီးမင်းတို့... ကျန်းမိသားစုက စီးပွားရေးလုပ်တဲ့အခါ ဘယ်သူ့ကိုမှ မတရားမလုပ်ဖူးပါဘူး။ ကျွန်တော်က ကျွန်တော့်ရဲ့အတွေးကို ပြောပြတာပါ။ ကျန်တာကိုတော့ ညှိနှိုင်းလို့ရပါတယ်"
အခြားလူများကလည်း သူတို့လက်ခံနိုင်သော သက်တမ်းမှာ နှစ်နှစ်မှ ငါးနှစ်အထိသာ ဖြစ်ကြောင်း ပြောကြသည်။
ဝေ့ရန်နှင့် ချန်းဝမ်တို့ကမူ စကားတစ်ခွန်းမှ မဟကြပေ။
သူတို့အထက်လူကြီးက ဤနေရာတွင် ရှိနေသဖြင့် သူတို့အနေနှင့် ဝင်မပြောသင့်ပေ။
ယဲ့ချန်းက ထမင်းစားရင်း ပြောလိုက်၏။
"ခင်ဗျားတို့နှစ်ယောက် ကျုပ်ကို ကြည့်မနေနဲ့။ ခင်ဗျားတို့ညှိနှိုင်းချင်သလိုသာ ညှိနှိုင်းကြ"
ယဲ့ချန်း၏စကားကို ကြားလိုက်ရသောအခါ ကျန်းကျန့်၏ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားသည်။
သူ စိုးရိမ်နေသည့်အတိုင်း အမှန်တကယ်ဖြစ်လာလေပြီ။ ယဲ့ချန်း၏နောက်ခံက အမှန်တကယ် ထူးခြားနေပေသည်။
•••••••••••••••••
အပိုင်း ၃၇၂ - ခင်ဗျားမှာ အရည်အချင်းမရှိဘူး
ဤစီးပွားရေးစာချုပ်ကို ချုပ်ဆိုနိုင်ရန် ယဲ့ချန်းကို စည်းရုံးရမည်ဖြစ်ကြောင်း ကျန်းကျန့် နောက်ဆုံးတွင် သဘောပေါက်သွားသည်။
သို့သော် အစောပိုင်းက သူပြုမူခဲ့သည့် လုပ်ရပ်များကို ပြန်တွေးမိသောအခါ ပူပန်သွားသည်။
အစောတုန်းက သူသည် ယဲ့ချန်းကို စကားလုံးများဖြင့် လှောင်ပြောင်သရော်ခဲ့မိသည်။ သို့ဖြစ်လေရာ ယဲ့ချန်းကို မည်သို့ ချဉ်းကပ်ရတော့မည်နည်း။
သူသည် ကျိုတိုမြို့၏ သခင်လေးဖြစ်သောကြောင့် သူ့သိက္ခာကို မချနိုင်ပေ။
ထို့ပြင် ယဲ့ချန်းက သူ့အချစ်ပြိုင်ဘက်ဖြစ်နေသေးသည်။ သူ့ပြိုင်ဘက်ကို မြှောက်ပင့်ခယရမည့်လုပ်ရပ်မျိုးကို မလုပ်နိုင်ပေ။
ယဲ့ချန်းကတော့ စားရင်းသောက်ရင်း ချန်းဝမ်နှင့် ဝေ့ရန်တို့ကို အမှုမဲ့အမှတ်မဲ့ဖြင့် ကြည့်လိုက်လေသည်။
"ကျုပ်ကိုလာမကြည့်နဲ့။ ကျုပ်က ဒီငွေလောက်ကို ဂရုမစိုက်ဘူး"
ယဲ့ချန်း၏စကားကြောင့် ဝေ့ရန်နှင့် ချန်းဝမ်တို့လည်း ယဲ့ချန်း၏ရပ်တည်ချက်ကို နားလည်သွားသည်။
ချန်းဝမ်က ပြောလိုက်၏။
"တောင်းပန်ပါတယ် သခင်လေးကျန်း.. ခင်ဗျားဘက်က အကျိုးတူပူးပေါင်းချင်တယ်ဆိုရင် ကျွန်တော်တို့ဘက်က နှစ်နှစ်စာချုပ်ကို ချုပ်ပေးပါ့မယ်။ ဒါက ကျုပ်တို့ကုမ္ပဏီရဲ့စည်းမျဉ်းပါ။ ပြောင်းလို့မရပါဘူး"
ဝေ့ရန်ကလည်း ပြောလိုက်လေသည်။
"ကျုပ်တို့လည်း အတူတူပါပဲ။ နှစ်နှစ်စာချုပ်ပါပဲ။ ခင်ဗျားပေးတဲ့ ဈေးနှုန်းက သင့်တင့်တယ်ဆိုရင် ကျုပ်တို့ဘက်ကလည်း ပူးပေါင်းနိုင်ပါတယ်"
ချန်းဝမ်နှင့် ဝေ့ရန်တို့၏စကားကို ကြားသောအခါ ကျန်းကျန့်လည်း မျက်မှောင်ကြုတ်လိုက်လေသည်။
သူ့မိသားစုက အနည်းဆုံးလေးနှစ်သက်တမ်းရှိသည့် စာချုပ်ကိုသာ ချုပ်ဆိုခဲ့ရန် ပြောထားသဖြင့် နှစ်နှစ်ဆိုသည်မှာ အနိမ့်ဆုံးသတ်မှတ်ချက်ကိုပင် မယှဉ်နိုင်ပေ။
ချန်းဝမ်နှင့် ဝေ့ရန်တို့က မိုတုမြို့ရှိ ပင်မကုန်တိုက်ကြီးများနှင့် စူပါမားကတ်များကို ထိန်းချုပ်ထားသည်။ သူတို့ဘက်ကသာ သဘောမတူပါက မိုတုမြို့တွင် ဈေးကွက်ချဲ့ထွင်မည့် ကျန်းမိသားစု၏အစီအစဉ်များလည်း ကျရှုံးရပေလိမ့်မည်။
ကျန်းကျန့်က ငတုံးမဟုတ်ပေ။ ချန်းဝမ်နှင့် ဝေ့ရန်တို့က ဘာညှိနှိုင်းခွင့်မှမပေးဘဲ ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချလိုက်ခြင်းမှာ ယဲ့ချန်းကြောင့်ဖြစ်ကြောင်း သူ ကောင်းကောင်းနားလည်သည်။
ကျန်းကျန့်မှာ အင်တင်တင်ဖြစ်နေပါသော်ငြား အသက်ပြင်းပြင်းရှူသွင်း၍ သူ့ဖန်ခွက်ကို မြှောက်လိုက်လေသည်။
"မစ္စတာယဲ့... ဒါက ကျွန်တော်တို့ရဲ့ ပထမဆုံးတွေ့ဆုံမှုလေ။ ဒီတော့ ကျွန်တော် ခင်ဗျားကို ခွက်မြှောက်ပြီး ဂုဏ်ပြုပါတယ်"
သို့သော် ယဲ့ချန်း၏တုံ့ပြန်ပုံမှာ အလွန်အေးစက်လှသည်။
"ဆောရီးပဲ။ ကျုပ်က ကားမောင်းလာတာမို့ အရက်သောက်လို့မရဘူး"
ကျန်းကျန့်ခမျာ ဝိုင်ခွက်ကိုကိုင်ထားရင်း မျက်နှာတစ်ခုလုံး စပ်ဖျဉ်းဖျဉ်းဖြစ်သွားလေသည်။
သခင်လေးကျန်းက ခွက်မြှောက်ဂုဏ်ပြုသည့်အခါ ဂုဏ်ယူစရာကိစ္စတစ်ရပ်ဟု အခြားလူများက ယူဆကြသည်။ သို့သော် ယဲ့ချန်းကတော့ ဗြောင်ကျကျငြင်းဆန်လိုက်ပေသည်။ ဤသည်မှာ သူ့မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင်။
ကျန်းကျန့်၏အမူအရာကား ချက်ချင်းပျက်ယွင်းသွားရသည်။
ယဲ့ချန်းက အရှိန်အဝါကြီးမားပါသော်ငြား ကျန်းမိသားစုထက် ပိုအစွမ်းကြီးနိုင်မည်လော။
ယဲ့ချန်းက ကျန်းကျန့်ကို နည်းနည်းမှမျက်နှာသာမပေးကြောင်း လူတိုင်း မြင်လိုက်သည်။ ထို့ကြောင့် အလန့်တကြားပင့်သက်ရှိုက်ကုန်ကြသည်။
ဤမျှအထိ ရဲတင်းနေရလောက်အောင် ယဲ့ချန်းက မည်သူလေလဲ။
ကျန်းကျန့်ကိုပင် မျက်နှာသာမပေးဘဲ နေနိုင်ခြင်းမှာ အလွန်ရဲတင်းလှသော လုပ်ရပ်ပင်။
"ယဲ့ချန်း လွန်မလာနဲ့နော်။ ငါခွက်မြှောက်ဂုဏ်ပြုတာကို ဘယ်သူမှမငြင်းဖူးဘူး"
ကျန်းကျန့်က မှိုင်းညှို့နေသော အမူအရာဖြင့် ပြောလိုက်၏။
"အဲဒီလိုလား။ တကယ်တော့ ငါ အရက်မသောက်ရတဲ့ အကြောင်းပြချက်က ကားမောင်းလာလို့မဟုတ်ဘူး"
ယဲ့ချန်းကလည်း အမှုမထားဟန်ဖြင့် ပြောလိုက်လေသည်။
ကျန်းကျန့်ခမျာ တဒင်္ဂမျှ ကြက်သေသေသွားသည်။ အခြားလူများလည်း ယဲ့ချန်း၏ဆိုလိုရင်းကို နားမလည်နိုင်လောက်အောင် ဖြစ်သွားကြသည်။
ယဲ့ချန်းကမူ တည်ငြိမ်အေးဆေးစွာဖြင့် ပြောလိုက်သည်။
"ငါအရက်မသောက်ရတဲ့ အကြောင်းပြချက်က မင်းက အဲဒီလောက်အထိ အရည်အချင်းမပြည့်မီလို့ပဲ"
ဟစ်...
အခန်းတစ်ခန်းလုံး တစပြင်အလား တိတ်ဆိတ်သွားသည်။
ဂုဏ်သတင်းကြီးမားသော ကျန်းမိသားစု၏ သခင်လေးက သူ့ကို ခွက်မြှောက်ဂုဏ်ပြုပေးဖို့ အရည်အချင်းမပြည့်မီဘူးဟု သိရသောအခါ လူတိုင်း ကြောင်အသွားကြသည်။ ထိုစကားလုံးများမှာ အလွန်မောက်မာလှသော စကားများပင်။
ထိုအချိန်တွင် ကျန်းကျန့်၏မျက်နှာကား ဒေါသကြောင့် ပျက်ယွင်းနေတော့သည်။
ကျန်လူများလည်း ယဲ့ချန်းကို ကြည့်လိုက်ချိန်မှာ အမူအရာများက ထူးဆန်းနေပေသည်။
ယဲ့ချန်းက တစ်ဖက်လူကို အပြတ်အသတ်ရင်ဆိုင်တော့မည့်ပုံပင်။
ယဲ့ချန်းက တည်ငြိမ်စွာ စကားဆိုလိုက်သည်။
"ကဲ ဗိုက်ပြည့်သွားပြီ။ ယောင်ယောင်.. သွားကြစို့"
လင်းယောင်ယောင်လည်း နာခံစွာခေါင်းညိတ်ပြပြီး မတ်တတ်ထရပ်လိုက်သည်။ ထို့နောက် နှစ်ယောက်သား လက်ချင်းတွဲ၍ ထွက်သွားလေတော့သည်။
ကျန်းကျန့်၏မျက်နှာကား သုန်မှုန်သွားချေသည်။
ယဲ့ချန်း ထွက်သွားသောအခါ ချန်းဝမ်နှင့် ဝေ့ရန်တို့လည်း မတ်တတ်ထရပ်လိုက်သည်။
"သခင်လေးကျန်း.. ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ လုပ်စရာလေးရှိသေးလို့ သွားလိုက်ပါဦးမယ်"
ချန်းဝမ်နှင့် ဝေ့ရန်တို့ ထွက်သွားသည်ကို မြင်သောအခါ ကျန်လူများလည်း ထိုင်မနေနိုင်တော့ဘဲ တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်သွားကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် စားပွဲတစ်ခုလုံး ရှင်းလင်းသွားချေသည်။ အစားအသောက်များကိုမူ တစ်စက်မှပင် တို့မသွားကြပေ။
တကယ်တမ်းတွင် ဤလူများကလည်း ကျန်းမိသားစုကို ဆိုင်ခန်းများ မငှားချင်ပေ။
လတ်တလောနှစ်များအတွင်း ဟွားနိုင်ငံ၏စီးပွားရေးက ကောင်းမွန်သည်ထက် ကောင်းမွန်လာပြီး နှစ်စဉ်ငှားရမ်းခများကလည်း နှစ်ဆမြင့်တက်နေချေသည်။
ဆယ်နှစ်စာချုပ်ဆိုသည်မှာ အမြတ်ထုတ်ခြင်းသာဖြစ်၏။
ယခုမူ ယဲ့ချန်းက ပွဲဖျက်လိုက်သဖြင့် ကျန်လူများအားလုံး ဤအခွင့်အရေးကို အမိအရဆုပ်ကိုင်၍ လစ်ထွက်လာခဲ့လိုက်သည်။
ထိုလူအများစုမှာ ယဲ့ချန်းက ဘယ်သူလဲဆိုသည်ကိုပင် မသိကြပေ။
သို့သော် ကျန်းမိသားစုကို မကြောက်ရွံ့သလို ချန်းဝမ်နှင့် ဝေ့ရန်တို့ကဲ့သို့ မိုတုမြို့ရှိ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကြီးများကိုပင် နာခံအောင်လုပ်နိုင်သူတစ်ယောက်က အမှန်စင်စစ်ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။
အစတုန်းက သူတို့ မလုပ်ရဲရခြင်းမှာ ကျန်းမိသားစုကို ကြောက်ရွံ့သောကြောင့်ပင်။ ယခုမူ ယဲ့ချန်းကဲ့သို့ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တစ်ယောက်က ကျောထောက်နောက်ခံအဖြစ် ရှိနေသည်ဖြစ်ရာ သူတို့အနေနှင့် ဘာကြောက်စရာလိုမည်နည်း။
ကျန်းကျန့်လည်း ဗလာကျင်းသွားသော သီးသန့်ခန်းကိုကြည့်ရင်း ဒေါသူပုန်ထသွားပြန်သည်။
သူက စားပွဲကို မှောက်ချလိုက်ပြီးနောက် ယဲ့ချန်းကို လက်ညှိုးထိုး၍ ဆဲဆိုလေတော့သည်။
"ယဲ့ချန်း.. မင်းကများ ငါ့အစီအစဉ်တွေကို ဖျက်ဆီးရဲတယ်ပေါ့။ တွေ့ကြသေးတာပေါ့"
ထိုအချိန်တွင် ယဲ့ချန်းနှင့် လင်းယောင်ယောင်တို့ကတော့ ပြန်သွားလေပြီ။
ကျိုတိုမြို့၏သခင်လေး ကျန်းကျန့်နှင့် ကျန်းရွှေတို့က တစ်ဆင့်တည်းပင်။ သို့သော် ဤဒုတိယမျိုးဆက်သခင်လေးများက ယဲ့ချန်းကို မခြိမ်းခြောက်နိုင်ချေ။
ဟိုတယ်ထဲက ထွက်လာပြီးနောက် လင်းယောင်ယောင်က ပြောလိုက်သည်။
"ရှင် ကျန်းကျန့်ကို အပြစ်ပြုမိလို့ အဆင်ပြေပါ့မလား"
ယဲ့ချန်းကမူ တဟားဟားအော်ရယ်သည်။
"ဘာဖြစ်လို့လဲ။ သူက သူဌေးသားတစ်ယောက်အဆင့်ပဲရှိတာပါ။ သူ့အဖေရှိနေရင်တောင် ကိုယ်သာ အရေးမလုပ်ချင်ရင် အရေးမလုပ်ဘဲ နေလို့ရတယ်"
ယဲ့ချန်း၏စကားများကို ကြားလိုက်ရချိန်ဝယ် လင်းယောင်ယောင်ခမျာ ရင်ထဲ နွေးထွေးသွားရသည်။
ထင်ထားသည့်အတိုင်း သူ(မ) သဘောကျရသည့် အမျိုးသားက စင်စစ်အထင်ကြီးချင်စရာပင်။
လင်းယောင်ယောင်က ပြုံးလျက် ပြောလိုက်လေသည်။
"ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်"
ယဲ့ချန်းက ရယ်ကျဲကျဲလုပ်လိုက်သည်။
"မင်း ကိုယ့်ကို ဘယ်လိုကျေးဇူးတင်မှာလဲ။ ကျေးဇူးတင်စကားတစ်ခွန်းတည်းနဲ့တော့ မရဘူးနော်"
လင်းယောင်ယောင်၏ပါးပြင်ကား အတန်ငယ်နီမြန်းသွားချေသည်။
ဟိုတယ်ထဲက ထွက်လာခဲ့ပြီးနောက် ယဲ့ချန်းလည်း လင်းယောင်ယောင်ကို ကုမ္ပဏီသို့ ပြန်ပို့ပေးလိုက်သည်။
ညနေပိုင်းတွင် အရေးကြီးအစည်းအဝေးတစ်ခု ရှိ၏။
လင်းယောင်ယောင်မှာ ကားထဲက ထွက်လိုက်ပြီးနောက် ယဲ့ချန်းကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်တစ်ခု ပေးလိုက်သည်။
[တင်.. ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ ပဉ္စမမြောက်ကြယ်ငါးပွင့်ကို ရရှိတဲ့အတွက် အငှားယာဉ်လုပ်ငန်းစုရဲ့ ရှယ်ယာခြောက်ဆယ်ရာခိုင်နှုန်းကို ဆုလာဘ်အဖြစ် ရရှိလိုက်ပါပြီ]
ဝိုး.. ဒီတစ်ခေါက်ရလိုက်တာက အငှားယာဉ်ကုမ္ပဏီတဲ့လား...
ရှယ်ယာခြောက်ဆယ်ရာခိုင်နှုန်းဆိုလျှင် ယဲ့ချန်းက အငှားယာဉ်လုပ်ငန်းစု၏ အကြီးဆုံးရှယ်ယာရှင်ဖြစ်သွားချေပြီ။ သူသည် သူ့ကုမ္ပဏီအတွက် အလုပ်လုပ်ပေးနေရခြင်းပင်။ ဤခံစားချက်ကား ကောင်းမွန်လှသည်။
လင်းယောင်ယောင်ကို လိုက်ပို့ပေးပြီးနောက် ယဲ့ချန်းတစ်ယောက် အငှားယာဉ်အော်ဒါများကို လိုက်ပို့ရန် ဟန်ပြင်လိုက်ချိန်မှာပင် စုဝမ်ယိက ဖုန်းဆက်လာသည်။
"အချစ်.. ကျွန်မ ကျိုတိုကနေ မိုတုကို ပြန်လာတော့မှာ။ သုံးနာရီနေရင် ရောက်မယ်နော်။ ရှင် ကျွန်မကို လေဆိပ်မှာ လာကြိုပေးလို့ရမလား"
"ရတာပေါ့"
ယဲ့ချန်းလည်း သဘောတူလိုက်သည်။
အချိန်ကို တစ်ချက်စစ်ဆေးပြီးနောက် အချိန်သုံးနာရီရသေးသဖြင့် ယဲ့ချန်းလည်း အငှားယာဉ်အော်ဒါများကို လက်ခံရန် ဆုံးဖြတ်လိုက်သည်။
ယခုလေးတင် ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိထားသည့်အတွက် အလုပ်အကိုင်အသစ်တစ်ခုကို ဖွင့်လိုက်နိုင်သည်။ ဤအလုပ်အကိုင်က ဘာများဖြစ်မလဲဆိုသည်ကို အလွန်သိချင်နေမိသည်။
ယဲ့ချန်းလည်း မိုတုတက္ကသိုလ်သို့ ရောက်လာခဲ့သည်။
ထိုအခိုက်ဝယ် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ဝှီးလ်ချဲကို တွန်းလာသည်။ ထိုဝှီးလ်ချဲပေါ်တွင် ကောင်လေးတစ်ယောက် ထိုင်နေပေသည်။
အစတုန်းက ယဲ့ချန်းမှာ ထိုကောင်လေးကို ကားထဲသို့ ကူသွင်းပေးချင်ပါသော်ငြား ထိုကောင်လေးက ခေါင်းမာမာဖြင့် ဆိုလာလေသည်။
"ကျွန်တော့်ဘာသာ ဝင်နိုင်တယ်"
"ဪ"
ထိုကောင်လေးက ခေါင်းမာမာဖြင့် ဝှီးလ်ချဲပေါ်မှ ကိုယ်တိုင်ထကာ ကားထဲသို့ ဝင်နေသည်ကို မြင်သောအခါ ယဲ့ချန်းလည်း နားလည်သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်လိုက်မိသည်။
ထိုကောင်လေးက မသန်စွမ်းဖြစ်နေပါသော်ငြား စိတ်နှလုံးကတော့ မာကျောလှသည်။
ထိုကဲ့သို့သော ကောင်လေးမျိုးကို ယဲ့ချန်း အလွန်လေးစားသည်။
ထိုကောင်လေးက ပြောလာလေသည်။
"မင်္ဂလာပါ။ ကျွန်တော်က စတားတက္ကသိုလ်ကို သွားချင်လို့ပါ"
"စတားတက္ကသိုလ်လား"
ယဲ့ချန်းမှာ အံ့အားသင့်သွားလေသည်။ ဤသည်မှာ သူ့တက္ကသိုလ်ပင်။
သက်လတ်ပိုင်းအရွယ် အမျိုးသားကြီးက မျက်မှောင်ကြုတ်၍ ပြောလိုက်လေသည်။
"ရှောင်နန်.. မင်း သေချာစဉ်းစားပြီးပြီလား။ မိုတုတက္ကသိုလ်က ဟွားနိုင်ငံမှာ နာမည်ကြီးတက္ကသိုလ်နော်။ မင်းသာ ဒီလိုအဆင့်နိမ့်တက္ကသိုလ်တစ်ခုကို ပြောင်းလိုက်ရင် နောင်တမရမှာသေချာလား"
ချန်းရှောင်နန်က တည်ကြည်လေးနက်စွာ ပြောလိုက်၏။
"ကျွန်တော့်အိပ်မက်ကို အရောက်လှမ်းဖို့အတွက် ကြိုးစားတာက နောင်တရစရာလား"
"အီလက်ထရောနစ်အားကစားတဲ့။ ဒါက ဘယ်လိုအမှိုက်မျိုးလဲ။ ရှောင်နန်.. မင်းရဲ့ရွေးချယ်မှုကို ငါ သဘောမတူဘူး။ ပြန်စဉ်းစားဦး"
ချန်းရှောင်နန်ကမူ ခေါင်းခါယမ်းလိုက်သည်။
"ကျွန်တော် စဉ်းစားပြီးပြီ။ ကျွန်တော့်ရွေးချယ်မှုမှန်သမျှကို လေးစားပေးပါ့မယ်လို့ ကတိပေးထားပြီးပြီနော်။ ပြီးတော့ အီလက်ထရောနစ်အားကစားက ကျွန်တော့်ရဲ့အိပ်မက်ဆိုလည်း ဟုတ်သလို ကျွန်တော့်အစ်ကိုရဲ့အိပ်မက်ဆိုလည်း ဟုတ်တယ်"
"မင်း..."
ထိုလူခမျာ ချန်းရှောင်နန်၏စကားကြောင့် သက်ပြင်းချလိုက်လေသည်။
"တင်..."
ယဲ့ချန်း၏စိတ်အာရုံထဲဝယ် စနစ်၏အချက်ပေးသံတစ်သံ ထွက်ပေါ်လာသည်။ သူ ပျော်သွားရသည်။ အလုပ်အကိုင်အသစ်တစ်ခု ထပ်ရလိုက်ပြန်လေပြီ။