← Chapters

အခန်း (၃၇၃-၃၇၅)

Vol. 25 Ch. 373-375

အခန်း (၃၇၃-၃၇၅)

Vol. 25 Ch. 373-375

အပိုင်း ၃၇၃ : နာမည်ကြီးတက္ကသိုလ်မှ ကျောင်းပြောင်းကျောင်းသား

[တင်! တက္ကစီရွေးချယ်ရေးစနစ်ကို စတင်လိုက်ပါပြီ။ အပတ်တိုင်းမှာ အထူးအရည်အသွေးရှိတဲ့ ခရီးသည်တစ်ယောက်နဲ့ ကျပန်းတွေ့ဆုံပြီး ရွေးချယ်ထားတဲ့ တာဝန်ကို ပြီးမြောက်အောင်ဆောင်ရွက်ကာ ဆုလာဘ်များကို ရယူရင်း ကမ္ဘာကျော်သူဌေးတစ်ယောက်ဖြစ်လာအောင် ကြိုးစားလိုက်ပါ]

[ခရီးသည်၏အလုပ်အကိုင် : ပရော်ဖက်ရှင်နယ်ဂိမ်းကစားသမား]

[ရွေးချယ်စရာနံပါတ်တစ် : ချန်းရှောင်နန်ကို ဂိမ်းကစားတာက အနာဂတ်မရှိတဲ့အတွက် စာလုပ်တာကိုသာ အာရုံစိုက်ဖို့ ပြောပြီး စနစ်ရဲ့ဆုလာအဖြစ် အတွေးအခေါ်ပညာရှင်ဖြစ်ခွင့်နဲ့ ယွမ်တစ်ဆယ်ဘီလျံကို ရယူလိုက်ပါ]

[ရွေးချယ်စရာနံပါတ်နှစ် : ချန်းရှောင်နန်ကို ဘာမှဝင်မစွက်ဖက်ဘဲ သူ့လိုရာခရီးအတိုင်း လိုက်ပို့ပေးပြီး တက္ကစီမောင်းနှင်ရေးတာဝန်ကို ပြီးမြောက်အောင်ဆောင်ရွက်ရင်း စနစ်ရဲ့ဆုလာဘ်ဖြစ်တဲ့ လေနတ်ဘုရားစူပါကားတစ်စီးကို ရယူလိုက်ပါ]

[ရွေးချယ်စရာနံပါတ်သုံး : ချန်းရှောင်နန်ရဲ့အဖေကိုနားချပြီး ချန်းရှောင်နန်ကို ပရော်ဖက်ရှင်နယ်e-sportsကစားသမားဖြစ်လာအောင် ကူညီပေးပြီး စနစ်ရဲ့ဆုလာဘ်ဖြစ်တဲ့ ဂိမ်းကျွမ်းကျင်ပညာရှင်ဖြစ်ခွင့်နဲ့ ပင်ဂွင်းလုပ်ငန်းစုရဲ့ရှယ်ယာသုံးဆယ်ရာခိုင်နှုန်းကို ရယူလိုက်ပါ]

ပထမရွေးချယ်မှုက အတွေးအခေါ်ပညာရှင်ဖြစ်ခွင့်နှင့် ယွမ်တစ်ဆယ်ဘီလျံကို ဆုလာဘ်အဖြစ် ပေးထားလေသည်။ ဆုလာဘ်က ရက်ရောလှသော်ငြား ယဲ့ချန်းက ကိုယ့်အကျိုးအမြတ်အတွက် သူများကို ဒုက္ခရောက်အောင်လုပ်တတ်သူတစ်ယောက် မဟုတ်ပေ။

ချန်းရှောင်နန်၏အိပ်မက်ကလည်း သူ့အိပ်မက်ပင်။ သို့ဖြစ်လေရာ သူ့အနေနှင့် ကောင်လေးတစ်ယောက်၏အိပ်မက်ကို ယွမ်တစ်ဆယ်ဘီလျံအတွက်နှင့် ဖျက်ဆီးပစ်နိုင်မည်နည်း။

ဒုတိယရွေးချယ်မှုကား ချန်းရှောင်နန်ကို လိုရာခရီးသို့ရောက်အောင် ပို့ပေးရုံမျှဖြင့် လေနတ်ဘုရားစူပါကားတစ်စီးကို ရနိုင်မည်ဖြစ်၏။ လေနတ်ဘုရားက လမ်ဘော်ဂီနီ၏ နောက်ဆုံးပေါ်မော်ဒယ်လ်ဖြစ်ပြီး တန်ဖိုးအားဖြင့် ၁.၈သန်းရှိ၏။ လက်ရှိအချိန်တွင် ကမ္ဘာပေါ်၌ အမြန်ဆုံးကားဟုလည်း လူသိများသည်။

အရေးအကြီးဆုံးမှာ ဤမော်ဒယ်ကို ဝယ်မရတော့ခြင်းပင်။ နောက်ဆုံးကျန်သည့် တစ်စီးကလည်း လမ်ဘော်ဂီနီရုံးချုပ်တွင် ရောင်းချခြင်းမရှိချေ။

အကယ်၍ ယဲ့ချန်းသာ ရွေးချယ်စရာနံပါတ်နှစ်ကို ရွေးလိုက်လျှင် အလွန်ဝင့်ထည်လှသော ကားတစ်စီးကို ရနိုင်ပေမည်။ သို့ဖြစ်လေရာ ယဲ့ချန်းအနေနှင့် စိတ်မဝင်စားဘဲ မနေနိုင်ချေ။

သို့သော် အဆုံးတွင်မူ နံပါတ်သုံးကိုသာ ရွေးချယ်လိုက်သည်။

အမှန်ပင်။ နံပါတ်သုံးက အကောင်းဆုံးဆုလာဘ်များကို ကမ်းလှမ်းထားသည်။

ယဲ့ချန်းက ဂိမ်းကစားရခြင်းကို သဘောကျပြီး e-sportsကိုနှစ်သက်ပေသည်။ သို့သော် သူသည် လူသစ်အဆင့်သာရှိ၏။

အမည်မသိစစ်မြေပြင်ဂိမ်းတွင် သူ့သတ်ဖြတ်နိုင်စွမ်းက တစ်ဆယ်ကို လုံးဝမကျော်ပေ။ ဘုရင့်အာဏာဂိမ်းကို mageအဖြစ်ကစားလျှင်လည်း သူက အလွန်အားနည်းသည်။ စစ်သည်တော်အနေနှင့်ဆိုလျှင် ရှေ့မဆက်နိုင်တော့ပေ။ ထောက်ပံ့သူအနေနှင့်ဆိုပါက အဆူခံရသည်။ ထို့ကြောင့် ဂိမ်းကျွမ်းကျင်သူတစ်ယောက် ဖြစ်လာခြင်းအားဖြင့် သူလည်း ခေါင်းမော့ရင်ကော့နိုင်ပြီဖြစ်၏။

ပင်ဂွင်းလုပ်ငန်းစု၏ ရှယ်ယာသုံးဆယ်ရာခိုင်နှုန်းကို ယဲ့ချန်း ပိုတန်ဖိုးထားသည်။

ပင်ဂွင်းလုပ်ငန်းစုက နောင်အနာဂတ်တွင် ဂိမ်းဘုရင်ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ယဲ့ချန်း ကောင်းကောင်းသိသည်။

ငြိမ်းချမ်းရေးဂိမ်းနှင့် ဘုရင့်အာဏာဟူသော ဂိမ်းနှစ်ခုမှာ ဟွားနိုင်ငံတွင် နာမည်ကြီးလှပေသည်။

ပင်ဂွင်းလုပ်ငန်းစုကို ပိုင်ဆိုင်ထားခြင်းအားဖြင့် သူလည်း ဩဇာအရှိန်အဝါ ပိုကြီးမားလာလိမ့်မည်။

ထို့ပြင် စတားတက္ကသိုလ်၏ လက်ရှိအင်အားက အားမနည်းပါသော်ငြား ယဲ့ချန်းကတော့ သူတို့၏အားနည်းချက်ကို မြင်ထားသည်။

သူတို့တွင် စံပြပုဂ္ဂိုလ်မရှိပေ။

စွန်းကျယ်က တော်ပါသော်ငြား တစ်ယောက်ချင်းပွဲစဉ်များတွင်သာ ပိုသင့်တော်သည်။ အဖွဲ့လိုက်တိုက်ပွဲတွင်မူ သူ့တွင် အမိန့်ပေးနိုင်စွမ်းမရှိချေ။

စနစ်က ချန်းရှောင်နန်ကို ဂိမ်းကျွမ်းကျင်သူတစ်ဦးဟု သတ်မှတ်ထားသည်ဖြစ်ရာ သူ့အရည်အချင်းက အားမနည်းလောက်ပေ။

ထို့ကြောင့် ယဲ့ချန်းလည်း ချန်းရှောင်နန်ကို သူ့အသင်းထဲကို ခေါ်သွင်းချင်မိသည်။

ထို့ကြောင့် နံပါတ်သုံးကို ရွေးချယ်လိုက်သည်။

[တင်.. စနစ်ရဲ့ဆုလာဘ်ကို လက်ခံရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ "ဂိမ်းကျွမ်းကျင်သူ"ဂုဏ်ပုဒ်နဲ့ ပင်ဂွင်းလုပ်ငန်းစုရဲ့ရှယ်ယာ၃၀ရာခိုင်နှုန်းကို ရရှိလိုက်ပါပြီ]

သားအဖနှစ်ယောက်၏ စကားစစ်ထိုးပွဲက ဆက်ဖြစ်နေဆဲပင်။

"ရှောင်နန်.. သေချာစဉ်းစားနော်။ ဂိမ်းကစားတာက အလုပ်အကိုင်တစ်ခု ဖြစ်လာနိုင်တယ်ဆိုတာကြီးက အဓိပ္ပာယ်မရှိဘူး"

"ဦးလေး အဲဒါတော့မမှန်ပါဘူး။ လူ့အဖွဲ့အစည်းကြီးက တိုးတက်နေပြီ။ လုပ်ငန်းနယ်ပယ်အသစ်တွေကလည်း အမြဲပေါ်လာနေတာ။ အရင်တုန်းကဆိုရင် လူတွေ အွန်လိုင်းရှော့တွေ လုပ်ကြလို့လား။ အခုကြည့်လေ.. အွန်လိုင်းရှော့တွေက အခုရေပန်းစားနေပြီ"

ယဲ့ချန်းက ရုတ်တရက်ဝင်ပြောလိုက်သည်။

ချန်းကျုံးလည်း အံ့အားသင့်သွားရပြီးနောက် ယဲ့ချန်းကို မကျေမနပ်ဖြစ်သွားလေသည်။

သူက သူ့သားကို ဆုံးမနေခြင်းသာ။ ဤလူက ဘာကြောင့်ဝင်ရှုပ်နေရသလဲ...

"ဟမ့်.. ပြောတော့သာလွယ်တာ။ မင်းလည်း ဂိမ်းကစားရတာကို သဘောကျလို့ အခု တက္ကစီဒရိုင်ဘာဖြစ်လာတာမလား"

"အဖေ.. သူများကို ဘာလို့လိုက်စော်ကားနေတာလဲ"

ယဲ့ချန်းက ရယ်မောလျက် ပြောလိုက်လေသည်။

"ဟုတ်ပါတယ်။ ကျွန်တော်က တက္ကစီဒရိုင်ဘာတစ်ယောက်ပါ။ ဒီတော့ ဘာဖြစ်လဲ။ တက္ကစီဒရိုင်ဘာတစ်ယောက်မှာရော အနာဂတ်မရှိဘူးလား"

ချန်းကျုံးက သရော်လိုက်လေသည်။

"တက္ကစီဒရိုင်ဘာတစ်ယောက်မှာ ဘာအနာဂတ်ရှိရမှာလဲ။ ဒီအတိုင်း တက္ကစီမောင်းနေရုံပဲပေါ့။ မဟုတ်ဘူးလား။ ငါတို့ရှောင်နန်က အားနည်းချက်တစ်ခုရှိထားပြီးသား။ သူသာ မထူးချွန်ဘူးဆိုရင် လူ့အဖွဲ့အစည်းထဲမှာ သူ ဘယ်လိုဆက်ရှင်သန်မလဲ"

ယဲ့ချန်းက ချန်းရှောင်နန်၏ခြေထောက်ကို တစ်ချက်ကြည့်လိုက်သည်။

"သူ့ခြေထောက်က ဘာဖြစ်တာလဲ"

ယဲ့ချန်း မေးလိုက်လေသည်။

"ငယ်ငယ်တုန်းက ကားမတော်တဆမှုဖြစ်ထားတာ။ အခု ကြွက်သားတွေက အင်္ဂါသိမ်သွားပြီ။ ဘာမှခံစားလို့မရတော့ဘူး"

ချန်းရှောင်နန်က ပြောလိုက်လေသည်။

"ဪ.. ဒါဆို မင်းရဲ့ခြေထောက်က မျှော်လင့်ချက်ရှိပါသေးတယ်"

ယဲ့ချန်းက ပြောလိုက်သည်။

ယဲ့ချန်း၏စကားကို ကြားသောအခါ ချန်းရှောင်နန်လည်း တုန်လှုပ်သွားရသည်။

"တကယ်ပြောတာလား"

ချန်းကျုံးကမူ အေးစက်ခက်ထန်စွာ ပြောလိုက်သည်။

"တက္ကစီဒရိုင်ဘာ.. ငါတို့ တိုင်းရင်းဆေးဆရာတွေကိုရော အနောက်တိုင်းဆရာဝန်တွေကိုရော ပြပြီးပြီ။ ဘာမျှော်လင့်ချက်မှမရှိဘူးတဲ့။ မင်း ငါ့သားကို ဂိမ်းကစားဖို့ ဆက်သိမ်းသွင်းနေမယ်ဆိုရင် ငါ မင်းကို ရဲတိုင်လိုက်မယ်"

ယဲ့ချန်းကမူ တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်၏။

"ဦးလေး လောင်းမလား။ ကျွန်တော်သာ ရှောင်နန်ရဲ့ခြေထောက်ကို ကုသပေးပြီး တက္ကစီမောင်းတာက အလားအလာရှိတဲ့အကြောင်း သက်သေပြနိုင်ရင် ခင်ဗျား ရှောင်နန့်ကို စတားတက္ကသိုလ်မှာ တက်ခွင့်ပေးမလား"

ချန်ကျုံးလည်း ခဏမျှတုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်လေသည်။

"ကောင်းပြီလေ"

ယဲ့ချန်းလည်း စတားတက္ကသိုလ်လို့ မောင်းလာခဲ့လိုက်သည်။

သူတို့နှစ်ယောက် ကားပေါ်က ဆင်းသွားသောအခါ ယဲ့ချန်းလည်း သူတို့နောက်သို့ လိုက်သွားချေသည်။

ယဲ့ချန်းကပါ ကားပေါ်က ဆင်းလာကြောင်း မြင်လိုက်ရသောအခါ ချန်းကျုံးက ပြောလိုက်သည်။

"မင်းက ဘာလို့ဆင်းလာတာလဲ"

ယဲ့ချန်းကမူ ခပ်ဖွဖွပြုံးလိုက်သည်။

"ကျွန်တော်က စတားတက္ကသိုလ်ရဲ့ဥက္ကဋ္ဌလေ။ ကျွန်တော့်ခွင့်ပြုချက်မရရင် ခင်ဗျားသားက စတားတက္ကသိုလ်ထဲကို ဘယ်လိုလုပ်ပြီး ဝင်လို့ရမှာလဲ"

"မင်းက စတားတက္ကသိုလ်ရဲ့ ဥက္ကဋ္ဌလား"

ချန်းကျုံးခမျာ ချက်ချင်းဆိုသလို ကြောင်အသွားပေသည်။

ယဲ့ချန်းကမူ ရယ်သည်။

"အခု တက္ကစီဒရိုင်ဘာတွေက ဘာအနာဂတ်မှမရှိဘူးလို့ ပြောလို့မရတော့ဘူးနော်"

ယဲ့ချန်းက ထိုသို့ပြောပြီးနောက် ကျောင်းထဲရှိ ကားပါကင်ထဲက လိုင်ကန်ကားကို လက်ညှိုးထိုးပြလိုက်သည်။

"အဲဒီလိုင်ကန်ကားကို တွေ့လား။ သန်းတစ်ရာတန်တယ်။ ကျွန်တော့်ကားလေ"

"ပြီးတော့ ဒီစတားတက္ကသိုလ်က အနည်းဆုံးတစ်ဆယ်ဘီလျံတန်ဖိုးရှိတယ်။ ဒါလည်း ကျွန်တော့်အပိုင်ပဲ"

"တက္ကစီဒရိုင်ဘာတစ်ယောက်မှာ ဘာအနာဂတ်မှမရှိဘူးလို့ ပြောနိုင်သေးလား"

ယဲ့ချန်းက လှောင်ပြောင်ထေ့ငေါ့ဟန်ဖြင့် ချန်းကျုံးကို ကြည့်လိုက်လေသည်။

ချန်းကျုံးခမျာ ချက်ချင်းပင် ကြောင်အသွားသည်။

ချန်းရှောင်နန်က စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။

"ခင်ဗျားက စတားတက္ကသိုလ်ရဲ့ ဥက္ကဋ္ဌယဲ့ပေါ့"

ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။

"စတားတက္ကသိုလ်က ကြိုဆိုပါတယ်"

ချန်းကျုံး၏အမူအရာကား မူမမှန်ဖြစ်သွားသော်ငြား ဝင်ပြောလိုက်လေသည်။

"နေဦး.. မင်း ငါ့သားရဲ့ခြေထောက်ကို ကုပေးနိုင်တယ်လို့ ပြောခဲ့တယ်မလား"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

"ဒါပေါ့။ ကျွန်တော့်ရုံးခန်းထဲကို လိုက်ခဲ့"

သူတို့သုံးယောက်သား ကျောင်းအုပ်ရုံးခန်းထဲသို့ ရောက်လာကြသည်။

ယဲ့ချန်းက ငွေအပ်များကိုထုတ်ယူပြီး ချန်းရှောင်နန်ကို ခုတင်ပေါ်တွင် လှဲခိုင်းလိုက်သည်။

"ခဏနေဦး။ မင်းမှာ ဆေးကုသခွင့်လိုင်စင်ရှိလား"

ချန်းကျုံးက တစ်စုံတစ်ခုကို ရုတ်တရက်သတိရလိုက်သည်။

"မရှိဘူး။ ကျွန်တော်က ကိုယ့်ဘာသာသင်ယူထားတာ"

ယဲ့ချန်းကမူ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေသည်။

"အဓိပ္ပာယ်မရှိတာ။ မင်းမှာ ဆေးကုသခွင့်လိုင်စင်တောင် မရှိဘဲနဲ့ ငါ့သားကို ဘယ်လိုလုပ်ပြီး အပ်စိုက်ကုသနိုင်မှာလဲ"

ချန်းရှောင်နန်က ပြောလိုက်လေသည်။

"အဖေ.. ကျွန်တော့်ခြေထောက်က အခုလည်း သုံးစားမရတော့ပါဘူး။ ဆရာဝန်တွေအများကြီးကတောင် ဘာမှလုပ်မပေးနိုင်တာ။ ဘာများကြောက်စရာရှိလဲ။ ကျွန်တော် ဥက္ကဋ္ဌယဲ့ကို ယုံတယ်"

သူ စတားတက္ကသိုလ်သို့ ပြောင်းချင်ရသည့် အကြောင်းအရင်းမှာ ယဲ့ချန်းကို လေးစားအားကျမိသောကြောင့်ပင်။

ချန်းရှောင်နန်၏ ဂိမ်းပါတနာများက စတားတက္ကသိုလ်တွင် တက်ရောက်နေကြသည်။

စတားတက္ကသိုလ်က လွတ်လပ်မှု၏နိဗ္ဗာန်ဘုံတစ်ခုဖြစ်ကြောင်း သူတို့က ချန်းရှောင်နန်အား ပြောပြကြသည်။

ဤနေရာတွင် မိမိအိပ်မက်ကို စိတ်ကြိုက်ပုံဖော်ခွင့်ရသည်။

ထို့ကြောင့် သူ့မိဘများ ကန့်ကွက်နေသည့်ကြားက ချန်းရှောင်နန်မှာ စတားတက္ကသိုလ်ကိုတက်ချင်ကြောင်း အတိုက်အခံငြင်းနေခြင်းပင်။ သူ့အသက်ကိုပင် ခြိမ်းခြောက်လိုက်သေးသည်။

ချန်းကျုံးက သူ့သား၏မျက်ဝန်းထဲရှိ ထိုအကြည့်ကို မြင်သောအခါ သက်ပြင်းချလိုက်လေတော့သည်။

"ကောင်းပြီလေ။ မင်းက ဒီလိုရွေးချယ်လိုက်မှတော့ အဖေ မင်းစကားကို နားထောင်ပေးပါ့မယ်"

ချန်းရှောင်နန်က ယဲ့ချန်းကို ပြောလိုက်၏။

"ဥက္ကဋ္ဌယဲ့ ဆက်လုပ်ပါ။ ကျွန်တော် နာရမှာမကြောက်ပါဘူး"

ယဲ့ချန်းမှာ ကြံ့ကြံ့ခံနိုင်စွမ်းရှိသော ဤလူငယ်လေးကို အလွန်သဘောကျမိသည်။

ထို့နောက် ငွေအပ်များကိုကိုင်၍ ချန်းရှောင်နန်၏ခြေထောက်ကို ထိုးစိုက်လိုက်လေတော့သည်။

အစတုန်းက ယဲ့ချန်း၏ငွေအပ်များမှာ သစ်သားတုံးတစ်တုံးကို ထိုးစိုက်လိုက်သည့်အလား ချန်းရှောင်နန်၏မျက်နှာထက်တွင် ဘာအမူအရာမှ မရှိပါချေ။

ဤအခြင်းအရာကိုမြင်သော် ချန်းကျုံး သက်ပြင်းချလိုက်မိသည်။

သူ့သား၏ခြေထောက်က ခံစားမှုများ ပျောက်ဆုံးသွားပြီဖြစ်၏။ အာရုံကြောများကလည်း ထုံထိုင်းသွားလေပြီ။ အကယ်၍ ဓားတစ်ချောင်းနှင့် ထိုးလိုက်မည်ဆိုလျှင်ပင် ဘာခံစားမှုမှမရှိပေ။

ထိုအခိုက်ဝယ် ရုတ်ခြည်းဆိုသလို ချန်းရှောင်နန်၏အမူအရာကား ပြောင်းလဲသွားသည်။

"နာတယ်"

ဘာ?

ချန်းရှောင်နန် နာကျင်စွာ အော်ဟစ်လိုက်သည့်အသံကို ကြားလိုက်ရချိန်ဝယ် ကျန်းချုံးခမျာ ချက်ချင်းဆိုသလို အံ့ဩမှင်တက်သွားသည်။

••••••••••••••••••

အပိုင်း ၃၇၄ : အိပ်မက်အတွက်

ချန်းကျုံးခမျာ ချန်းရှောင်နန်တစ်ယောက် နာကျင်စွာ အော်ဟစ်လိုက်သည့်အသံကြောင့် ထိတ်လန့်သွားလေသည်။

ချန်းရှောင်နန်၏ခြေထောက်ရှိ အာရုံကြောများက လုံးဝပျက်စီးသွားပြီဖြစ်သောကြောင့် သူ့အနေနှင့် ဘာမှခံစား၍မရတော့ပေ။

ယဲ့ချန်း၏အပ်စိုက်ကုထုံးက အလုပ်ဖြစ်သွားလေသလား။

ဤသည်မှာ သိပ္ပံနည်းမကျပေ။

လွန်ခဲ့သည့်နှစ်အနည်းငယ်က ချန်းကျုံးမှာ ချန်းရှောင်နန်ကို အထူးကုအများကြီးနှင့် ပြပေးခဲ့သည်။

သူတို့က ချန်းရှောင်နန်၏ခြေထောက်ကို မြင်သောအခါ ခေါင်းတခါခါသာလုပ်ကြသည်။

သူတို့အတွက်တော့ ချန်းရှောင်နန်၏ခြေထောက်က ပြန်ကောင်းနိုင်စရာမရှိပေ။

ယခုမူ ယဲ့ချန်းက အပ်နည်းနည်းစိုက်လိုက်ရုံဖြင့် ချန်းရှောင်နန်၏ခြေထောက်များမှာ တစ်စုံတစ်ခုကို ခံစားလိုက်ရပေသည်။

ဤသည်မှာ အလွန်အံ့ဖွယ်ကောင်းလွန်းလှသည်။

ထိုအခိုက်ဝယ် ချန်းရှောင်နန်၏မျက်နှာထက်၍ နာကျင်နေဟန်အမူအရာတစ်မျိုးကို ပြသလာသည်။

ချွေးစက်များကလည်း သူ့ပါးပြင်ထက်သို့ ကျဆင်းနေသည်။

ချန်းရှောင်နန်၏အမူအရာကို ကြည့်လိုက်ရုံဖြင့် ဤသည်မှာ ဟန်ဆောင်နေခြင်းမဟုတ်ကြောင်း ချန်းကျုံး အတပ်သိသည်။

ဘုရားရေ.. ရှောင်နန်ရဲ့ခြေထောက်က ပြန်ကောင်းနိုင်တာများလား...

ထိုအချိန်တွင် ယဲ့ချန်းကိုကြည့်သော ချန်းကျုံး၏အကြည့်ကား လုံးဝပြောင်းလဲသွားလေတော့သည်။

ယဲ့ချန်းကမူ ချန်းရှောင်နန်ကိုကြည့်၍ မေးလိုက်၏။

"မင်း သည်းခံနိုင်သေးလား"

ချန်းရှောင်နန်ကလည်း ခေါင်းညိတ်ပြသည်။

"ကိစ္စမရှိပါဘူး"

"ကောင်းပြီ။ နည်းနည်းလောက်တောင့်ခံထားဦး။ ပိုနာလိမ့်မယ်။ ဒါပေမဲ့ အဆင်ပြေသွားမှာပါ"

စကားအဆုံးတွင် ယဲ့ချန်းလည်း အပ်များကို ထပ်စိုက်လိုက်သည်။

ဤတစ်ခေါက်တွင်မူ ချန်းရှောင်နန်ခမျာ နာနာကျင်ကျင်အော်ဟစ်လာသည်။

သို့သော် မကြာခင်မှာပင် သူ့ခြေထောက်ထက်ရှိ ယားကျိကျိခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

ထို့ကြောင့် ခြေထောက်ကို လက်ဖြင့် အသာဆွဲဆိတ်ကြည့်လိုက်သည်။

အမှန်တကယ် နာကျင်ပေသည်။

ဘုရားရေ ငါ့ခြေထောက်!

ချန်းကျုံးက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"ရှောင်နန်.. မင်း ခံစားမိလား"

"အဖေ.. ကျွန်တော့်ခြေထောက်တွေက တစ်ခုခုကို ခံစားရတယ်"

ဘာ?

ချန်းရှောင်နန်၏စကားကို ကြားလိုက်ရချိန်ဝယ် ချန်းကျုံးမှာ အစပိုင်းတော့ ကြက်သေသေသွားသော်ငြား နောက်တွင်မူ ဝမ်းမြောက်ဝမ်းသာဖြစ်သွားလေသည်။

ယဲ့ချန်းကတော့ ငွေအပ်များကို ပြန်နှုတ်ပြီး ချန်းရှောင်နန်၏ခြေထောက်ကို အသာနှိပ်ပေးလိုက်သည်။

"ရပြီ။ အပ်စိုက်ကုထုံးနဲ့ မင်းခြေထောက်က အာရုံကြောတွေကို ပြန်ကုပေးထားတယ်။ ဒါပေမဲ့ အချိန်အကြာကြီးပျက်စီးထားတာဖြစ်တဲ့အတွက် ပြန်သက်သာဖို့ အချိန်ယူရဦးမှာ။ မင်း လေ့ကျင့်ခန်းပုံမှန်လုပ်ရမယ်။ တစ်လနေရင်တော့ လမ်းပြန်လျှောက်နိုင်ပါပြီ"

ယဲ့ချန်း၏စကားကြောင့် ချန်းရှောင်နန်နှင့် ချန်းကျုံးတို့မှာ ဝမ်းသာလုံးဆို့သွားကြသည်။

ဘုရားရေ.. တကယ်ပါလား.. ဒါကြီးက မယုံနိုင်စရာပဲ...

ချန်းရှောင်နန်က စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်ချေသည်။

"ဥက္ကဋ္ဌယဲ့.. ကျေးဇူးအများကြီးတင်ပါတယ်"

ယဲ့ချန်းကတော့ ခပ်ဖွဖွသာပြုံး၏။

"ဒါက မင်းရဲ့ကံကြမ္မာမို့လို့လေ"

ချန်းကျုံးကမူ အားနာနေဟန်တူသည်။

"ဥက္ကဋ္ဌယဲ့.. ခုနတုန်းက ကျွန်တော်စော်ကားခဲ့မိတာတွေအတွက် တောင်းပန်ပါတယ်"

ယဲ့ချန်းကတော့ လက်ခါယမ်းပြပြီး ပြောလိုက်သည်။

"ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် esportsဆိုတာက လုပ်ငန်းနယ်ပယ်အသစ်တစ်ခုလေ။ လူတွေလက်ခံလာဖို့အတွက် အချိန်တစ်ခုတော့ ယူရဦးမှာပေါ့။ ခင်ဗျား အထင်လွဲနေတာလည်း နားလည်ပေးလို့ရပါတယ်"

"ကဲ.. အခု ရှောင်နန် ကျုပ်တို့ကျောင်းမှာ လာတက်မှာကို ခင်ဗျားသဘောတူပြီမလား"

ချန်းကျုံးလည်း ခေါင်းညိတ်ပြလိုက်လေသည်။

"သဘောတူပါတယ်"

အစတုန်းက ချန်းကျုံးမှာ ယဲ့ချန်းအပေါ် အမြင်ကောင်းမရှိပေ။

တစ်ဖက်လူက ပေါက်ကရစကားများ ပြောနေသည်ဟုသာ ထင်ခဲ့မိသည်။

သို့သော် သူ့သား၏ခြေထောက်ကို ယဲ့ချန်းက ကုသပေးလိုက်ချိန်မှာတော့ ယဲ့ချန်းအပေါ်ထားသော အမြင်များလည်း ပြောင်းလဲသွားသည်။

ထို့ပြင် ယောကျ်ားတစ်ယောက်က ကတိတည်ရပေမည်။

သူတို့နှစ်ယောက် လောင်းထားကြသည်။ ယခု ယဲ့ချန်းနိုင်သွားပြီဖြစ်ရာ နောက်ပြန်ဆုတ်၍ မရတော့ပေ။

ထိုအခါ ယဲ့ချန်းက ချန်းရှောင်နန်ဘက်သို့ လှည့်လိုက်သည်။

"ရှောင်နန်.. မင်း ငါတို့စတားတက္ကသိုလ်မှာ တက်ချင်လား"

ချန်းရှောင်နန်ကလည်း အားတက်သရောခေါင်းညိတ်ပြသည်။

"တက်ချင်ပါတယ်"

တကယ်တမ်းတွင် တက္ကသိုလ်ထဲသို့ ဝင်လိုက်သည်နှင့် ဤနေရာရှိ ပတ်ဝန်းကျင်အနေအထားကို ချန်းရှောင်နန် အလွန်စိတ်ဝင်စားသွားသည်။

ဖုတန်တက္ကသိုလ်က အစဉ်အလာကြီးမားသော ကျောင်းတစ်ကျောင်းဖြစ်သော်ငြား ထိုနေရာရှိကျောင်းသားများမှာ အသက်ကင်းမဲ့နေဟန်ပင်။

သူတို့က စာကြမ်းပိုးများနှယ် စာမေးပွဲများစွာကို ဖြတ်ကျော်နေရသည်။

သို့သော် စတားတက္ကသိုလ်ကတော့ မတူပေ။ ဤနေရာရှိ ကျောင်းသားတိုင်းက တက်ကြွပြီး စိတ်အားထက်သန်နေကြသည်။ သူတို့၏မျက်နှာထက်တွင် ပျော်ရွှင်မှုနှင့် ယုံကြည်မှုပြည့်ဝသော အပြုံးများဖြင့် ပြည့်နှက်နေပေသည်။

ဤသည်မှာ သူလိုချင်သော ခံစားချက်ပင်။

ချန်းရှောင်နန်မှာ ကျောင်းထဲသို့ဝင်လိုက်သည့်အချိန်ကတည်းက ပြန်ထွက်ချင်စိတ်မရှိတော့ပေ။

ယဲ့ချန်းက ပြောလိုက်သည်။

"မင်း esportsမေဂျာကို တက်ချင်တာလား"

ချန်းရှောင်နန်လည်း ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ပါတယ်။ ဒါက ကျွန်တော့်အစ်ကိုနဲ့ ကျွန်တော့်ရဲ့အိပ်မက်ပါ။ ဒီအိပ်မက်ကို သူ့အစား ဖြည့်ဆည်းပေးချင်ပါတယ်"

"မင်းအစ်ကိုလား"

ယဲ့ချန်း အတန်ငယ်အံ့အားသင့်သွားရသည်။

"ကျွန်တော့်အစ်ကိုရဲ့နာမည်က ချန်းပေ့တဲ့။ ကျွန်တော် မူလတန်းတက်နေရတဲ့အရွယ်တုန်းက ကျွန်တော့်အတွက် မွေးနေ့လက်ဆောင်ဝယ်ရင်း ကားတိုက်ခံလိုက်ရတာ"

ထိုအချိန်မှာပင် ချန်းရှောင်နန်၏မျက်နှာထက်၌ မျက်ရည်များ ဝေ့သီနေပေသည်။

သူသာ သူ့အစ်ကိုကို PUBGဂိမ်းလက်ပ်တော့တစ်လုံး ဝယ်ပေးရန် အတင်းမပူဆာခဲ့လျှင် သူ့အစ်ကိုလည်း သေဆုံးရမည်မဟုတ်ပေ။

"ချန်းပေ့ဆိုတာ PUBGဂိမ်းထဲက မြောက်ပိုင်းနတ်ဘုရားလား"

ယဲ့ချန်း PUBGကစားခါစတွင် 'မြောက်ပိုင်းနတ်ဘုရား'ဟူသည့် နာမည်ကို ကြားဖူးသည်။

သူသည် PUBGဂိမ်းလောကတွင် အတော်ဆုံးလက်ဖြောင့်တိုက်ခိုက်ရေးသမားတစ်ယောက် ဖြစ်၏။

ထိုစဉ်က ယဲ့ချန်း သူ့ကစားကွက်ဗီဒီယိုများကို ကြည့်ဖူးသည်။ ထိုကစားကွက်များမှာ အလွန်မိမိုက်လှသည်။

ချန်းရှောင်နန်က ခေါင်းညိတ်ပြလိုက်၏။

"ကျွန်တော့်အစ်ကိုရဲ့ အကြီးမားဆုံးအိပ်မက်က PUBGကို အသိအမှတ်ပြုခံရတဲ့ E-sportsတစ်ခု ဖြစ်လာစေချင်တာတဲ့။ သူ့အိပ်မက်ကို အကောင်အထည်ဖော်ပေးတဲ့အတွက် ဥက္ကဋ္ဌယဲ့ကို တကယ်ကျေးဇူးတင်ပါတယ်"

ချန်းရှောင်နန်က ထိုသို့ပြောရင်း ယဲ့ချန်းကို ဦးညွှတ်လိုက်သည်။

ယဲ့ချန်းက ချက်ချင်းပင် လက်ခါပြပြီး ပြောလိုက်၏။

"ဒီလောက်အထိ လုပ်စရာမလိုပါဘူး။ ဒါက ငါတို့အားလုံးရဲ့အိပ်မက်ပဲ။ အတူတူကြိုးစားကြတာပေါ့"

"ဒါနဲ့... မင်းက PUBGထဲမှာ နာမည်အကြီးဆုံး 'တောင်ပိုင်းနတ်ဘုရား'မဟုတ်လား"

ယဲ့ချန်း၏မျက်လုံးများ တောက်ပသွားသည်။

PUBGဂိမ်းထဲတွင် 'တောင်ပိုင်းနတ်ဘုရား'ဟုခေါ်သော ထိပ်တန်းအဆင့် ကစားသမားတစ်ယောက်ရှိသည်။

သူသည် စနိုက်ပါဖြစ်စေ အခြားလက်နက်ပင်ဖြစ်စေ အလွန်ကျွမ်းကျင်လှသည်။

သူသည် ဟွားနိုင်ငံရှိ ဂိမ်းကစားသမားများထဲတွင် စွယ်စုံရကစားသမားတစ်ယောက်ဟုပင် ဆိုနိုင်သည်။

"ဟုတ်တယ်။ အဲဒါက ကျွန်တော့်အိုင်ဒီပါ"

ချန်းရှောင်နန်က ပြန်ဖြေလိုက်သည်။

"ဟေး... ဒါဆို ဒီတစ်ခေါက် E-sportsပြိုင်ပွဲမှာ မင်း ဘာလို့ဝင်မပြိုင်တာလဲ"

ယဲ့ချန်းက စူးစမ်းမေးမြန်းလိုက်သည်။

"ကျောင်းက အသင်းဖွဲ့ခွင့်မပေးလို့ပါ။ ကျွန်တော်တို့ စာလေ့လာတာကို ထိခိုက်လိမ့်မယ်ဆိုပြီး တားမြစ်ထားတာ။ အဲဒါကြောင့်လည်း ကျွန်တော့်အိပ်မက်ဖြစ်တဲ့ စတားတက္ကသိုလ်ကိုပြောင်းဖို့ ဆုံးဖြတ်လိုက်တာလေ"

ယဲ့ချန်းလည်း ထိုစကားကိုကြား​သော် ခေါင်းညိတ်ပြလိုက်သည်။

အွန်လိုင်းပေါ်တွင် 'တောင်ပိုင်းနတ်ဘုရား'အကြောင်း သူ ဖတ်ဖူးသည်။

သူသည် ကျွမ်းကျင်ရုံသာမက ဗျူဟာခင်းကျင်းမှုနှင့် အမိန့်ပေးသည့်အပိုင်းများတွင်လည်း အလွန်ထက်မြက်လှသည်။

သူ၏နိုင်ခြေက ၁၀၀ရာခိုင်နှုန်းအထိ ရှိနေခြင်းမှာ အမှန်တကယ် ထိတ်လန့်ချင်စရာပင်။

ချန်းရှောင်နန်သာ အသင်းထဲသို့ ရောက်လာလျှင် စတားအသင်း၏ အဆင့်အတန်းမှာ သိသိသာသာမြင့်တက်လာမည်ဟု ယဲ့ချန်း ယုံကြည်ထားသည်။

"စတားတက္ကသိုလ်က ကြိုဆိုပါတယ်"

ယဲ့ချန်း ပြုံးလျက် ချန်းရှောင်နန်ကို လက်ဆွဲနှုတ်ဆက်လိုက်သည်။

ထိပ်တန်းတက္ကသိုလ်တစ်ခုမှ "စာညံ့သူများကျောင်း" ဟု သတ်မှတ်ခံထားရသည့် တက္ကသိုလ်ကို ပြောင်းလာသူကား ချန်းရှောင်နန်မှာ ပထမဆုံးဖြစ်ပေလိမ့်မည်။

သို့သော် ဤသည်မှာ အစပျိုးမှုတစ်ခုမျှသာ ဖြစ်ပြီး နောင်တွင် တစ်နိုင်ငံလုံးရှိ ထူးချွန်သူပေါင်းများစွာကပါ စတားတက္ကသိုလ်သို့ ရောက်လာကြလိမ့်မည်ဟု ယဲ့ချန်း ယုံကြည်နေသည်။

လင်းရှစ်ယင်က ချန်းရှောင်နန်အတွက် ကျောင်းအပ်လက်ခံရေး လုပ်ငန်းစဉ်များကို ကူညီဆောင်ရွက်ပေးခဲ့ပြီးနောက် ယဲ့ချန်းလည်း သူ့ကို E-sportsလေ့ကျင့်ရေးအခန်းထဲသို့ ခေါ်သွားခဲ့သည်။

စတားတက္ကသိုလ်၏ လေ့ကျင့်ရေးအခန်းကို မြင်လိုက်ရသောအခါ ချန်းရှောင်နန်၏သွေးများ ဆူပွက်လာသည်။

ဤသည်မှာ သူ့အိပ်မက်ထဲက E-sportsလေ့ကျင့်ရေးအခန်းပင်။

သူ့မှာ မစောင့်နိုင်တော့ဘဲ လေ့ကျင့်ရေးတွင် ချက်ချင်းပါဝင်ချင်မိသည်။

ယဲ့ချန်းက လက်ခုပ်တီးလိုက်ပြီးနောက် စတားအသင်းထဲရှိ အသင်းသားများကို ပြောလိုက်သည်။

"အားလုံးပဲ ခဏလောက်ရပ်လိုက်ကြဦး။ မင်းတို့ကို အသင်းသားအသစ်တစ်ယောက်နဲ့ မိတ်ဆက်ပေးချင်လို့"

သူတို့အားလုံးလည်း လေ့ကျင့်ရေးကိုရပ်ပြီး ယဲ့ချန်းကို စူးစမ်းလိုဟန်ဖြင့် ကြည့်လိုက်ကြသည်။

ယဲ့ချန်းက ပြောလိုက်၏။

"အားလုံးပဲ... ဒီကျောင်းသားရဲ့နာမည်က ချန်းရှောင်နန်တဲ့။ သူက ဖုတန်တက္ကသိုလ်ကနေ ငါတို့စတားတက္ကသိုလ်ကို ပြောင်းလာတာ။ ဒီနေ့ကစပြီး သူက ငါတို့ရဲ့ E-sportsအတန်းထဲကို ရောက်လာမှာ"

ချန်းရှောင်နန်က ဖုတန်တက္ကသိုလ်မှ ပြောင်းလာခြင်းဖြစ်ကြောင်း ကြားလိုက်ရသောအခါ သူတို့အားလုံး အံ့ဩမှင်တက်သွားကြသည်။

ထိပ်တန်းတက္ကသိုလ်မှ စတားတက္ကသိုလ်သို့ ပြောင်းလာသည်ဖြစ်ရာ ဤလူမှာ အမှန်စင်စစ် ထူးခြားလှသည်မဟုတ်ပါလား။

စတားတက္ကသိုလ်တွင် အများအားဖြင့် တက္ကသိုလ်ဝင်ခွင့်မရသူများသာ ရှိသော်လည်း ဖုတန်တက္ကသိုလ်ဆိုသည်မှာ ပြည်နယ်နှင့် မြို့ကြီးများတွင် အဆင့်တစ်ရာအတွင်း ရှိသူများသာ တက်ရောက်နိုင်သည့် နေရာတစ်ခုပင်။

ဇဝေဇဝါဖြစ်နေသော သူတို့၏အမူအရာများကို မြင်လိုက်ရသဖြင့် ချန်းရှောင်နန်က ပြောလိုက်သည်။

"ကျွန်တော်က အိပ်မက်တစ်ခုအတွက် စတားတက္ကသိုလ်ရဲ့ E-sportsအတန်းကို ရောက်လာတာပါ"

•••••••••••••••••

အပိုင်း ၃၇၅ : စုဝမ်ယိနှောင့်ယှက်ခံရခြင်း

အိပ်မက်တစ်ခုအတွက် ရောက်လာခြင်းဟူသည့် ချန်းရှောင်နန်၏စကားကြောင့် အသင်းသားများအားလုံး စိတ်လှုပ်ရှားသွားကြသည်။

"ဟုတ်တယ်။ သူတို့တွေလည်း ကိုယ်စီအိပ်မက်တွေအတွက် ဒီကိုရောက်လာကြတာပဲ"

စွန်းကျယ်က မေးလိုက်၏။

"မင်းလည်း PUBGကစားတာလား"

"ဟုတ်တယ်။ ဒီဂိမ်းကို အရမ်းကြိုက်တာ"

"မင်းရဲ့ကျွမ်းကျင်မှုက ဘာလဲ"

စွန်းကျယ်က ဆက်မေးလိုက်၏။

"သတ်သတ်မှတ်မှတ်တော့ မရှိပါဘူး။ ဟိုနည်းနည်းဒီနည်းနည်း အကုန်ကျွမ်းပါတယ်"

ချန်းရှောင်နန်၏စကားကို ကြားသောအခါ စွန်းကျယ် အတန်ငယ်စိတ်ပျက်သွားသည်။

အကြောင်းမှာ PUBGဆိုသည်မှာ အထူးပြုဂိမ်းတစ်ခုဖြစ်သောကြောင့်ပင်။

ပုံမှန်ဆိုလျှင် ကစားသမားတစ်ယောက်အနေနှင့် အထူးပြုကျွမ်းကျင်သော ဇာတ်ကောင်တစ်ခုသာရှိသည်။

ချန်းရှောင်နန်၏အဖြေက သူသည် လူသစ်တစ်ယောက်ဖြစ်ကြောင် ပြသလိုက်ပေသည်။

အကုန်လုံးတွင် နည်းနည်းစီကျွမ်းကျင်သည်ဆိုခြင်းမှာ ဘယ်ဇာတ်ကောင်ကိုမှ မကျွမ်းဘူးဟု ဆိုနေခြင်းပင်။

"ကျွန်တော့်ရဲ့ဂိမ်းအိုင်ဒီက တောင်ပိုင်းနတ်ဘုရားတဲ့။ ကျွန်တော်က စနိုက်ပါပစ်တာ သတ်ဖြတ်တာအပြင် ကျန်တာတွေအကုန် ကျွမ်းပါတယ်"

တောင်ပိုင်းနတ်ဘုရားလား...

ချန်းရှောင်နန်က သူ့နာမည်ကို ထုတ်ပြောလိုက်ချိန်မှာ လူတိုင်း ကြက်သေသေကုန်သည်။

"ဝိုး.. မင်းက နာမည်ကြီးတဲ့ အဲဒီလူလား"

"မိုက်လိုက်တာ။ တကယ်ကြီးလား။ တောင်ပိုင်းနတ်ဘုရား.. မင်းက ငါ့အိုင်ဒေါ"

"ငါ PUBGထဲကိုရောက်လာတာက တောင်ပိုင်းနတ်ဘုရားရဲ့ ဗီဒီယိုတွေကြောင့်ပဲ"

...

တောင်ပိုင်းနတ်ဘုရားက PUBG၏ ဟွားနိုင်ငံနယ်မြေထဲတွင် အမြဲတမ်း ပထမအဆင့်ကိုသာ ယူထားသည်။

သူသည် ဟွားနိုင်ငံကစားသမားများအကြား နတ်ဘုရားနှင့်တူလှသော ဖြစ်တည်မှုတစ်ခုပင်။

ထို့ကြောင့် PUBGကစားသူတိုင်း တောင်ပိုင်းနတ်ဘုရားကို သိကြသည်။

တောင်ပိုင်းနတ်ဘုရားက သူတို့အသင်းထဲကို ဝင်ရောက်လာခြင်းမှာ သူတို့အသင်း၏ခွန်အားကို နောက်တစ်ဆင့်သို့ တွန်းတင်ပေးလိုက်ခြင်းဖြစ်ကြောင်း သံသယဖြစ်စရာမရှိပေ။

စွန်းကျယ်လည်း အလွန်စိတ်လှုပ်ရှားသွားသည်။

တောင်ပိုင်းနတ်ဘုရားက သူ့အိုင်ဒေါပင်။ ယခုမူ သူ့အိုင်ဒေါနှင့် တစ်ဖွဲ့တည်းအတူကစားရပေတော့မည်။ သို့ဖြစ်လေရာ သူ့အနေနှင့် စိတ်မလှုပ်ရှားဘဲ နေနိုင်ရိုးလား။

စွန်းကျယ်က ပြောလိုက်လေသည်။

"အားလုံးပဲ.. တောင်ပိုင်းနတ်ဘုရားကို ကြုဆိုလိုက်ပါဦး"

နွေးထွေးလှသော လက်ခုပ်ဩဘာသံတစ်သံ ထွက်ပေါ်လာသည်။

စွန်းကျယ်သည် သူ့စွမ်းရည်များကို တောင်ပိုင်းနတ်ဘုရားထံမှ သင်ယူလေ့လာထားခြင်းဖြစ်၏။ ထို့ကြောင့် တောင်ပိုင်းနတ်ဘုရား၏အစွမ်းအစကို သူ ကောင်းကောင်းသိသည်။

တောင်ပိုင်းနတ်ဘုရားပါ အဖွဲ့ထဲသို့ ရောက်လာပြီဖြစ်ရာ ကမ္ဘာ့အဆင့်ပြိုင်ပွဲတွင် သူတို့၏ခွန်အားကလည်း သိသိသာသာတိုးတက်လာပေလိမ့်မည်။

ချန်းရှောင်နန်မှာ ဂိမ်းထဲတွင် စိတ်နှစ်ထားလိုက်သည်။

ဤဂိမ်းကို ကစားရန်အတွက် လူတိုင်း စုဝေးလိုက်ကြသည်။ ဘုံစုရပ်ကို ရှာဖွေရန် အလွန်လွယ်ကူလှသည်။

အစတုန်းက ချန်းရှောင်နန်မှာ အလွန်တက်ကြွနေသည်။ သာလွန်မြင့်မြတ်လှသော သူ့စွမ်းရည်ကြောင့် လူတိုင်း၏အသိအမှတ်ပြုမှုကို ရရှိလိုက်သည်။

စွန်းကျယ်ကလည်း အသင်းသားများအားလုံးကို ချန်းရှောင်နန်နှင့် မိတ်ဆက်ပေးပြီး အသင်း၏လေ့ကျင့်ရေးအစီအစဉ်များအကြောင်း ဆွေးနွေးလိုက်သည်။

ချန်းရှောင်နန်က PUBGဂိမ်းထဲတွင် နတ်ဘုရားအဆင့်ကစားသမားတစ်ယောက် ဖြစ်သော်လည်း သင်ယူလိုစိတ်ထက်သန်ပြင်းပြသည်။

ချန်းရှောင်နန်က စွန်းကျယ်နှင့် အထူးပွဲစဉ်တစ်ခု ကစားခဲ့ကြသည်.

ရလဒ်မှာမူ ချန်းရှောင်နန်သာ အနိုင်ရခဲ့သည်။

လေ့ကျင့်ရေးအခန်း၏ အပြင်ဘက်တွင် ချန်းကျုံးက ပျော်ရွှင်ဝမ်းသာနေသော သူ့သား၏အမူအရာကို ပြုံးတုံ့တုံ့ဖြင့် ကြည့်နေချေသည်။

ဤအခိုက်အတန့်ကား သူ့သား၏ အပျော်ရွှင်ရဆုံးအခိုက်အတန့်များ ဖြစ်သည်ဟု ခံစားမိသည်။

"ကျောင်းအုပ်ယဲ့ ကျွန်တော် တကယ်ကျေးဇူးတင်ပါတယ်"

ယဲ့ချန်းကတော့ ပြုံး၏။

"ကျောင်းဆိုတာက ပညာသင်ကြားရမဲ့နေရာတစ်ခုပဲ။ စတားတက္ကသိုလ်နဲ့ပတ်သက်ပြီး လူတော်တော်များများက အထင်မှားနေကြတယ်။ ဒါပေမဲ့ စိတ်ချပါ။ ရှောင်နန် ဒီနေရာမှာ သူ့ခွန်အားတွေကို အကုန်ထုတ်သုံးနိုင်လိမ့်မယ်။ စတားတက္ကသိုလ်က ကျောင်းသားတွေရဲ့အိပ်မက်တွေကို ဖြည့်ဆည်းခွင့်ပေးတဲ့နေရာလေ"

ကျောင်းထဲက ထွက်လာခဲ့ပြီးနောက် ယဲ့ချန်းလည်း လေဆိပ်သို့ မောင်းလာခဲ့လိုက်သည်။

စုဝမ်ယိ၏လေယာဉ်က ဆင်းသက်တော့မည်ဖြစ်၏။

ထိုအချိန်မှာပင် ယဲ့ချန်း၏ဖုန်းက အသံမြည်လာသည်။

"အချစ်... လေယာဉ်ဆိုက်ပြီ။ ကျွန်မ ခရီးဆောင်အိတ်စောင့်နေတာ"

ယဲ့ချန်းလည်း ပြုံးပြလိုက်သည်။

"သိပြီ။ ကိုယ် မင်းကို ထွက်ပေါက်မှာ စောင့်နေမယ်"

"ကောင်းပြီလေ။ ခဏနေမှ တွေ့မယ်နော်"

ဖုန်းချပြီးနောက် ယဲ့ချန်း ပြုံးလိုက်မိပြန်သည်။

စုဝမ်ယိနှင့် မတွေ့ရသည်မှာ ရက်နည်းနည်းကြာသွားပြီဖြစ်ရာ သူ(မ)ကို နည်းနည်းလွမ်းမိသည်။

စုဝမ်ယိမှာ လေယာဉ်ပေါ်က ဆင်းလာသောအခါ လက်ဆွဲသေတ္တာကြီးတစ်ခုကိုပါ သယ်လာလေသည်။

မိန်းကလေးတစ်ယောက်အတွက် ဤမျှကြီးမားသော လက်ဆွဲသေတ္တာတစ်လုံးကို ဆွဲလာရသည်မှာ ဒုက္ခများလှသည်။

ထိုအချိန်တွင် လူငယ်လေးတစ်ယောက်က အနားသို့ ချဉ်းကပ်လာသည်။

"မိန်းကလေး.. အကူအညီလိုသေးလား"

တကယ်တမ်းတွင် စုဝမ်ယိမှာ လေယာဉ်ပေါ်ကတည်းက ဤလူ သူ(မ)ကို ဆက်တိုက်ခိုးကြည့်နေကြောင်း သတိထားမိသည်။

လေယာဉ်ဆိုက်သည်နှင့် ထိုလူက သူ(မ)ကို ချဉ်းကပ်လာပြီး ဝေ့ရွှင်းနံပါတ်လည်း တောင်းလာလေသည်။ သို့သော် စုဝမ်ယိကတော့ ငြင်းလိုက်သည်။

မည်သို့ပင်ဖြစ်စေ စုဝမ်ယိတွင် ချစ်သူရှိပြီးသားပင်။ ဤလူငယ်လေးက ချောမောပါသော်ငြား စုဝမ်ယိကတော့ လုံးဝစိတ်မဝင်စားပေ။

"မလိုပါဘူး။ ကျွန်မဘာသာသယ်နိုင်ပါတယ်"

စုဝမ်ယိ ငြင်းလိုက်လေသည်။

သို့သော် ထိုလူက သူ(မ)၏အငြင်းစကားကို စောင့်မနေတော့ဘဲ သူ(မ)၏လက်ထဲက လက်ဆွဲသေတ္တာကို ယူလိုက်လေသည်။

"မင်းလို မိန်းမလှလေးတစ်ယောက်က ဒီလောက်ကြီးတဲ့ လက်ဆွဲသေတ္တာကြီးကို ဘယ်နိုင်မှာလဲ"

စုဝမ်ယိလည်း မတတ်သာတော့ပေ။ တစ်ဖက်လူက အတင်းအကျပ်ပြောနေသဖြင့် ငြင်းလိုက်လျှင် ကိုးရိုးကားရားနိုင်နေမည်ဖြစ်သောကြောင့် ​"ကျေးဇူးပဲ"ဟုသာ ပြောလိုက်ရသည်။

ထိုလူက လက်ဆွဲသေတ္တာကိုကိုင်ထားရင်း မာန်တက်နေသည်။

​ချောမောခန့်ညားသော သူ့ရုပ်ရည်ဖြင့်ဆိုလျှင် ဘယ်မိန်းမမှ သူ့လက်က မလွတ်နိုင်ပေ။

သူ(မ)ကို လိုက်ပိုးခြင်းမှာ အောင်မြင်သွားပြီဟု သူ့ကိုယ်သူ ထင်နေချေသည်။

"ဟားဟား... မိန်းမလှလေးတစ်ယောက်ကို ကူညီပေးရတာ ဝမ်းသာစရာပါပဲ"

ထိုလူက သူ့ကိုယ်သူ မိတ်ဆက်လေသည်။

"ကိုယ့်နာမည်က လီရှန်းပါ။ ကိုယ့်အ​ဖေက အငှားယာဉ်လုပ်ငန်းစုရဲ့ ပင်မရှယ်ယာရှင်တစ်ယောက်လေ။ ရှယ်ယာ၁၀ရာခိုင်နှုန်းပိုင်တယ်။ ကိုယ်က ဒုတိယမျိုးဆက်အမွေဆက်ခံသူလို့လည်း ပြောလို့ရတယ်"

"သြော်"

စုဝမ်ယိကတော့ သူ့ကြွားဝါမှုကို ခပ်ပေါ့ပေါ့သာ တုံ့ပြန်လေသည်။

ပုံမှန်ဆိုလျှင် ဤမိတ်ဆက်စကားကို ကြားလိုက်သည်နှင့် မိန်းကလေးများက ထိတ်လန့်သွားတတ်ကြသည်။ သို့သော် စုဝမ်ယိ၏တုံ့ပြန်မှုကြောင့် လီရှန်း စိတ်ပျက်သွားရသည်။

သို့သော် စိတ်ထဲမထားဘဲ ပြုံးပြုံးလေးဖြင့် ဆက်ပြောလိုက်သည်။

"အလှလေး.. မင်းရဲ့အိမ်က ဘယ်မှာလဲ။ ကိုယ် မင်းကို ညစာဖိတ်ကျွေးပြီးမှ အိမ်ပြန်ပို့ပေးမယ်ဆိုရင် ဘယ်လိုလဲ"

စုဝမ်ယ်ကတော့ ဆောင့်ကြွားကြွားနိုင်သော ပိုးပန်းစကားများကြောင့် ရယ်လိုက်မိလေတော့သည်။

ဤလူက ပိုးပန်းရာတွင် ကျွမ်းကျင်သူတစ်ယောက်ဖြစ်ဟန်တူသည်။ သူနှင့်အတူ ညစာစားမိလျှင် ဟိုတယ်သို့ ရောက်သွားနိုင်သည်။ သူ(မ)က ဤအထာများကို နောကျေနေပြီဖြစ်၏။

စုဝမ်ယိ ပြုံးလိုက်မိသည်။

"အဲဒါတော့ စဉ်းစားကြည့်လိုက်ဦးမယ်"

စုဝမ်ယိ၏လက်ဆွဲသေတ္တာက အလွန်းလေးလှသဖြင့် လီရှန်းပင် အားစိုက်၍ သယ်နေရသည်။

သို့သော် စုဝမ်ယိက မြန်မြန်လမ်းလျှောက်နေသဖြင့် လီရှန်းခမျာ သူ(မ)နောက်သို့ ခွေးပေါက်လေးတစ်ကောင်နှယ် လိုက်နေရသည်။

ထွက်ပေါက်နားသို့ ရောက်သောအခါ စုဝမ်ယိလည်း ခြေလှမ်းကို ခပ်သွက်သွက်လှမ်းလိုက်သည်။ ယဲ့ချန်းကိုမြင်လိုက်ရချိန်တွင်မူ သူ့အနားသို့ အမြန်ပြေးသွားပြီး ပွေ့ဖက်လိုက်၏။

"ယောကျ်ား... အရမ်းလွမ်းနေတာ"

"ဝမ်ယိ.. ကိုယ်လည်း မင်းကို လွမ်းနေတာ"

ထိုအချိန်တွင် စုဝမ်ယိ၏အနောက်မှ တကောက်ကောက်လိုက်ပါလာသော လီရှန်းမှာ ကြောင်အသွားလေသည်။

စုဝမ်ယိ ယဲ့ချန်းကို 'ယောကျ်'ဟု ခေါ်လိုက်သောအသံမှာ ကျယ်လောင်ပြတ်သားလှသည်။

သူ့မှာ သူ(မ)၏လက်ဆွဲသေတ္တာကို တစ်လျှောက်လုံး သယ်လာပြီး သူ(မ)ကို အလိုလိုက်အကြိုက်ဆောင်ခဲ့ရသော်လည်း အထမ်းသမားသက်သက်သာ ဖြစ်ခဲ့ရသည်။

သေစမ်း...

သူသည် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဖြစ်သော်ငြား ယနေ့တွင်မူ လှည့်စားခံလိုက်ရသည်။

လီရှန်းလည်း ထိုလက်ဆွဲသေတ္တာကို ဒေါသတကြီးလွှတ်ချပစ်ပြီး အော်ဟစ်မာန်မဲလေတော့သည်။

"ကောင်မ.. မင်းမှာ ချစ်သူရှိရဲ့သားနဲ့ ငါ့ကို အီစီကလီလာလုပ်နေတာလား"

လီရှန်း၏စကားကြောင့် ယဲ့ချန်း၏မျက်နှာကား ချက်ချင်းဆိုသလို အေးစက်ခက်ထန်သွားသည်။

စုဝမ်ယိ မျက်မှောင်ကြုတ်လိုက်မိသည်။

"ဒီမှာ.. လေးစားသမှုလေးတော့ ထားပေးပါ။ ကျွန်မ ရှင့်ကို ဘယ်တုန်းကများ အီစီကလီလုပ်ခဲ့မိလို့လဲ။ ရှင်ပဲ ကျွန်မကို အတင်းကူညီပေးချင်ခဲ့တာလေ။ မဟုတ်ဘူးလား"

"ဒီလောက်လေးတဲ့အိတ်ကို မင်းအစား သယ်ပေးခဲ့တာ ငါ ရူးနေတာပဲဖြစ်မယ်။ ငါက ငပေါကြီးလား"

လီရှန်းလည်း ဒေါသတကြီးပြန်ပက်လိုက်၏။

ဤစကားကြောင့် ယဲ့ချန်း မကျေမနပ်ဖြစ်သွားပေသည်။

"စကားပြောဆင်ခြင်နော်"

ယဲ့ချန်းကိုမြင်သောအခါ လီရှန်း၏ရင်ထဲ မနာလိုစိတ်များဖြင့် ပြည့်နှက်သွားသည်။

လီရှန်းမှာ သူ့ရုပ်ရည်ကို အမြဲယုံကြည်မှုအပြည့်ရှိခဲ့သည်။ သို့သော် ယဲ့ချန်းကိုမြင်သောအခါ ယဲ့ချန်းက သူ့ထက်ပိုချောကြောင်း သဘောပေါက်လိုက်သည်။

ထိုအချိန်မှာပင် ယဲ့ချန်း၏ဖုန်းထဲမှ ​အသိပေးသံတစ်သံ ထွက်ပေါ်လာသည်။

"တက္ကစီအော်ဒါအသစ်တစ်ခု တက်နေပါပြီ"

ယဲ့ချန်း၏စကားကိုကြားသော် လီရှန်းမှာ ရုတ်တရက်သရော်လိုက်သည်။

"ဒီတော့ မင်းက တက္ကစီဒရိုင်ဘာကိုး"

လီရှန်းခမျာ ယဲ့ချန်း၏နောက်ခံကို မသိသောကြောင့် စိုးရိမ်ပူပန်ခဲ့မိသည်။

ယခုမူ ယဲ့ချန်းက တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသည်။

"အပျက်မ... ငါ့ကိုများ လှည့်စားရဲတယ်ပေါ့။ ငါ ဒီနေ့ နင့်ကို ဆုံးမပြမယ်"

လီရှန်းသည် မိသားစု၏ကျောထောက်နောက်ခံကို မှီခိုပြီး အမြဲမောက်မာနေခဲ့သည်ဖြစ်ရာ ယခုလည်း စုဝမ်ယိကို ပါးရိုက်ရန် လက်ရွယ်လိုက်သည်။

All Chapters