ရတနာများရယူခြင်း...
Vol. 65 Ch. 921
လင်းယွမ်က အချိန်လေဟာနယ်ကို ဖြတ်သန်းသွားသည့်အကြိမ်တိုင်း ရွှမ်ဟွမ်သားရဲများ ရှိမရှိ သတိထားပြီး စောင့်ကြည့်ခဲ့သည်။ ရွှမ်ဟွမ်သားရဲများရှိနေလျှင် သူက အလွယ်တကူ ရှင်းလင်းပြီး ရွှမ်ဟွမ်သလင်းကျောက်ကို ယူဆောင်သွားခဲ့သည်။
ရွှမ်ဟွမ်သလင်းကျောက်များက ရွှမ်ဟွမ်ရုပ်ခန္ဓာကို ကျင့်ကြံရန်အတွက်သာ အသုံးဝင်ပြီး အခြားသူများအတွက် ဖရိုဖရဲသလင်းကျောက်များလောက်သာ တန်ဖိုးရှိလေသည်။
" ဒီနေရာပဲ။ " လင်းယွမ်က အစိမ်းရောင်ဂြိုလ်တစ်ခုပေါ်သို့ ဆင်းသက်လိုက်သည်။
ထိုအစိမ်ရောင်ဂြိုလ်က မည်သည့်အော်ရာမှ ထွက်ပေါ်ခြင်းမရှိဘဲ ရွှမ်ဟွမ်စကြာဝဠာအတွင်းရှိ အသက်မဲ့သော အခြားဂြိုလ်များနှင့် ကွာခြားမှုမရှိပေ။ သို့သော် သားရေချပ်မြေပုံတွင် ထိုအစိမ်းရောင်ဂြိုလ်ကို အသက်မူလကြယ်ဟု မှတ်သားထားပြီး အသက်ကျောက်တုံးများ ထွက်ပေါ်သောနေရာဖြစ်သည်။
အသက်ကျောက်တုံးက ဖရိုဖရဲဟင်းလင်းပြင်မှ ရတနာတစ်ခုဖြစ်သည်။ လက်ဝါးအရွယ်ရှိသော ကျောက်တုံးတစ်တုံးက ဒဏ်ရာအပြင်းအထန်ရထားသော မဟာသူတော်စင်တစ်ယောက်ကို အချိန်တိုအတွင်း ကုသပေးနိုင်စွမ်းရှိသည့် အသက်စွမ်းအားများပါဝင်သည်။
ပြန်မကောင်းနိုင်သော ထိခိုက်မှုမျိုးရှိလျှင်တောင် အသက်ကျောက်တုံးများရှိနေလျှင် သေဆုံးနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် အသက်ကျောက်တုံးများက ဖရိုဖရဲဟင်းလင်းပြင်တွင် အလွန်တန်ဖိုးကြီးပြီး အရောင်းအဝယ်မရှိသလောက် ရှားပါးသည်။
" အသက်ကျောက်တုံးတွေက အသက်ပင်လယ်ကနေ ကျဆင်းလာတဲ့ ရတနာတွေပဲ။ အသက်ပင်လယ်က ဖရိုဖရဲဟင်းလင်းပြင်က လျို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခုပဲ။ ပုံမှန်အတိုင်းဆို အဲ့ဒီကို သွားလိုမြရဘူး။ "
" သီအိုရီအရတော့ အသက်ပင်လယ်ကပဲ ဒီကျောက်တုံးတွေကို ထုတ်ပေးနိုင်တာ။ အရေအတွက်ကလည်း အရမ်းနည်းတယ်။ " လင်းယွမ်က အစိမ်းရောင်ဂြိုလ်ကို ကြည့်လိုက်သည်။
ပြိုင်ဘက်ကင်းမဟာသူတော်စင်များက စကြာဝဠာများကို အပင်ပန်းခံတည်ဆောက်ကြခြင်းမှာ ၎င်းတို့အတွင်း၌ သူတို၏ ကိုယ်ပိုင်နိယာမများကို သတ်မှတ်နိုင်သောကြောင့်ဖြစ်သည်။ ဥပမာ ထိုအသက်မူလကြယ်ကို ဧကရာဇ်ရွှမ်ဟွမ်က အသက်ပင်လယ်ကို အတုယူပြီး အသက်ကျောက်တုံးများ ထွက်ပေါ်လာနိုင်အောင် ဖန်တီးထားခြင်းဖြစ်သည်။
ဧကရာဇ်ရွှမ်ဟွမ်ဖန်တီးထားသော အသက်မူလကြယ်က အသက်ပင်လယ်ကို မယှဉ်နိုင်သကဲ့သို့ ကျောက်တုံးထွက်ရှိမှုကလည်း ထိုပင်လယ်လောက် မမြန်ဆန်ပေ။ သို့သော် စကြာဝဠာခေတ်ပေါင်းများစွာ ကြာပြီးနောက် အသက်ကျောက်တုံးများ ထွက်ရှိမှုက နည်းနေလျှင်တောင် မည်သူမှလာမယူကြသဖြင့် အသက်ကျောက်တုံးများ စုပုံနေပေလိမ့်မည်။
" သွားကြည့်ရမှာပေါ့။ " လင်းယွမ်က အသက်မူလကြယ်ကို ဝင်ရောက်ရန် ကိုယ်ပွားတစ်ခုကို ခွဲထုတ်လိုက်သည်။
သားရေချပ်မြေပုံတွင် ထိုနေရာက အန္တရာယ်မရှိဟုဆိုသော်လည်း လင်းယွမ်က သူကိုယ်တိုင် ဝင်ရောက်မည်မဟုတ်ပေ။ အချိန်ကအလွန်ကြာပြီဖြစ်သောကြောင့် ထိုကြယ်အတွင်း၌ မည်သည့်ပြောင်းလဲမှုများ ဖြစ်ပေါ်နေမည်ကို မသိနိုင်ပေ။ အသက်မူလကြယ်အတွင်း၌ လင်းယွမ်၏ ကိုယ်ပွားက လျင်မြန်စွာ ဆင်းသက်သွားပြီး အလယ်ဆီသို့ တိုက်ရိုက်ဦးတည်သွားသည်။
ထိုနေရာတွင် အသက်စွမ်းအားများ စုစည်းနေပြီး မြူနှင်းများကဲ့သို့ ပတ်ဝန်းကျင်ကို ပျံ့နှံ့နေသည်။ ထိုသို့သော ပတ်ဝန်ကျင်တွင် မည်မျှပြင်းထန်သော ဒဏ်ရာဖြစ်စေ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာပေလိမ့်မည်။
" အဲ့ဒါဘာလဲ။ " လင်းယွမ်က ကြယ်၏ အနက်ရှိုင်းဆုံးနေရာသို့ ကြည့်လိုက်သောအခါ အသက်ပင်လယ်အတွင်း၌ သုံးမီတာနီးပါး ကြီးမားသည့် သလင်းကျောက်တစ်ခုကို သတိပြုမိလိုက်သည်။ မြူခိုးများက ထိုသလင်းကျောက်မှ ထွက်ပေါ်နေခြင်းဖြစ်သည်။
" အသက်ကျောက်တုံးလား။ သုံးမီတာနီးပါးတောင်ကြီးတယ်။ " လင်းယွမ်က မှင်သက်သွားသည်။
လက်ဝါးအရွယ်ရှိသော အသက်ကျောက်တုံးတစ်ခုကပင် သေခါနီးမဟာသူတော်စင်တစ်ယောက်ကို ကုသပေးနိုင်လျှင် သုံးမီတာနီးပါးရှိသော အသက်ကျောက်တုံး၏ စွမ်းအားကို စိတ်ကူးကြည့်နိုင်ပေသည်။ ၎င်းက လက်ဝါးအရွယ်ကျောက်တုံးပေါင်း သောင်းနှင့်ချီ၍ ရှိနေခြင်းနှင့်တူညီသည်။
" ဒီလောက်ကြီးတဲ့ အသက်ကျောက်တုံးနဲ့ဆို ပြိုင်ဘက်ကင်းမဟာသူတော်စင်တွေ ငါ့ကို ဝိုင်းတိုက်ရင်တောင် ငါ ချက်ချင်း သေမှာမဟုတ်ဘူး။ " လင်းယွမ်က ကျေနပ်စွာ တွေးလိုက်သည်။
ထိုကျောက်တုံးအတွင်းရှိ အသက်စွမ်းအားများ ရှိနေသရွေ့ လင်းယွမ်က မသေနိုင်သူဟု သတ်မှတ်နိုင်သည်။ ၎င်းမှာ သွေးပြန်လည်မွေးဖွားခြင်းနတ်စွမ်းရည်ထက်ပင် သာလွန်ပေသည်။
" ဒါက ဖရိုဖရဲသလင်းကျောက်တွေနဲ့ဆိုရင် ဘယ်လောက်တောင် တန်ဖိုးရှိမလဲ။ " လင်းယွမ်က သူ၏ စိတ်ကို ထိန်းချုပ်လိုက်သည်။
အမှန်တိုင်းပြောရလျှင် များပြားသော ဖရိုဖရဲသလင်းများက အသက်ကျောက်တုံးကို အစားထိုးနိုင်မည်မဟုတ်ပေ။ ၎င်းက မဟာသူတော်စင်များအတွက်ပင် အသက်ကယ်ဝှက်ဖဲ ဖြစ်နိုင်သောကြောင့်ဖြစ်သည်။
လင်းယွမ်က တွန့်ဆုတ်ခြင်းမရှိဘဲ အသက်ကျောက်တုန်းကို သိမ်းဆည်းလိုက်သည်။
ဝုန်း...
အသက်မူလကြယ်တစ်ခုလုံး တုန်ခါသွားပြီး အပြင်ဘက်မှ လင်းယွမ်၏ မူလခန္ဓာကိုယ်ကလည်း ကိုယ်ပွားကို ကျောက်တုံးသိမ်းဆည်းနိုင်ရန် ကူညီပေးလိုက်သည်။ နောက်ဆုံးတွင် သုံးမီတာနီးပါး ကြီးမားသော အသက်ကျောက်တုံးက လင်းယွမ်၏ လက်ထဲသို့ ဖြည်းညင်းစွာ ရောက်ရှိလာသည်။
" ငါတော့ ပွတာပဲ။ " လင်းယွမ်က အလွန်ဝမ်းသာသွားသည်။ ရွှမ်ဟွမ်စကြာဝဠာခရီးစဉ်တွင် သူက ဘာမှမရခဲ့လျှင်တောင် ထိုအသက်ကျောက်တုံးတစ်ခုတည်းနှင့်တင် လုံလောက်နေပြီဖြစ်သည်။
" အသက်ကျောက်တုံးက အဆင့်မြင့် အသက်ကယ်ရတနာသာမဟုတ်ဘူး။ ဒီထဲမှာ အသက်နိယာမရဲ့ အနှစ်သာရတွေ ပါဝင်နေတယ်။ ဒါက ငါ့အတွက် အသက်နဲ့ ဆိုင်တဲ့ နိယာမတွေကို နားလည်ဖို့ အရမ်းအထောက်အကူဖြစ်တယ်။ " လင်းယွမ်က အသက်ကျောက်တုံးကို အတွင်းစကြာဝဠာထဲသို့ ထည့်လိုက်သည်။
အသက်မူလကြယ်ပေါ်တွင် အသက်ကျောက်တုံးများ မကျန်တော့သည်ကို အတည်ပြုပြီးနောက် လင်းယွမ်က ထွက်ခွာသွားသည်။ ထို့နောက် လင်းယွမ်က သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း ဆက်လက်သွားနေရင်း ရတနာများနှင့် ထူးဆန်းသောအရာများရှိသည့် နယ်မြေများသို့ သွားရောက်ပြီး ၎င်းတို့ကို သိမ်းဆည်းခဲ့သည်။
သူ စုဆောင်းမိသော ရတနာများက ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်ကိုပင် မနာလိုဖြစ်သွားစေရန် လုံလောက်ပေသည်။ ရွှမ်ဟွမ်စကြာဝဠာထဲတွင် ခေတ်ပေါင်းများစွာ စုဆောင်းထားသောရတနာများက လင်းယွမ်၏ လက်ထဲသို့ ကျရောက်သွားခဲ့သည်။
" မဟာသူတော်စင်အဆင့် ရတနာ..." လင်းယွမ်က စိတ်ဝိညာဉ်ရတနာကြယ်ဟု အမည်ရသော ဂြိုလ်တစ်ခုမှ ရရှိခဲ့သော ရတနာများကို စစ်ဆေးနေသည်။
စိတ်ဝိညာဉ်ရတနာကြယ်ဆိုသည်မှာ ရတနာများကို ပျိုးထောင်သော နေရာဖြစ်ပြီး ဂြိုလ်တစ်လုံးတည်းသာ ရှိနေခြင်းမဟုတ်ပေ။ ဖရိုဖရဲဟင်းလင်းပြင်ရှိ လျို့ဝှက်ရတနာများသွန်းလုပ်သည့် ပုံမှန်နည်းလမ်းများနှင့်မတူဘဲ ရွှမ်ဟွမ်မျိုးနွယ်၏ နည်းလမ်းက ပျိုးထောင်ခြင်းကို အဓိကထားသည်။
ပထမဆုံး လျို့ဝှက်ရတနာလက်နက်၏ သန္ဓေလောင်းကို သွန်းလုပ်ပြီးနောက် ၎င်းကို သတ်မှတ်ထားသော စိတ်ဝိညာဉ်ရတနာကြယ်အတွင်း ထည့်သွင်းပြီး နှစ်ပေါင်းများစွာကြာအောင် ပျိုးထောင်ခြင်းဖြစ်သည်။
ထိုပျိုးထောင်နည်းတွင် အားသာချက်နှစ်ခုရှိသည်။ ပထမမှာ အလွန်သက်သာခြင်းဖြစ်သည်။ လက်နက်ပုံကြမ်းကို ပြုလုပ်ပြီးလျှင် အားလုံးပြီးစီးသွားပြီဖြစ်သည်။ ဒုတိယအချက်မှာ ထွက်ပေါ်လာသော လက်နက်၏ စွမ်းအားက အဆင့်တူလက်နက်များထက် သာလွန်ခြင်းဖြစ်သည်။
အားနည်းချက်မှာ လူသားများ ကြားဝင်လုပ်ဆောင်ခြင်းမရှိသောကြောင့် အချိန်အလွန်ကြာမြင့်ခြင်းဖြစ်သည်။ သို့သော် အလွန်အစွမ်းထက်သော လက်နက်တစ်ခုကို ရရှိနိုင်မည်ဆိုလျှင် အချိန်ပိုပေးရလည်း ပြဿနာမရှိပေ။
" မဟာသူတော်စင်အဆင့် စိတ်စွမ်းအား ကာကွယ်ရေးရတနာလား။ " လင်းယွမ်က သူ၏ ရှေ့မှ လက်မအရွယ်ရှိသော အဝါရောင်အစက်လေးကို ကြည့်ပြီး စကြာဝဠာကြီးတစ်ခုကို ကြည့်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
မဟာသူတော်စင်အဆင့် လျို့ဝှက်ရတနာဖြစ်စေ ကာကွယ်ရေးရတနာများက တိုက်ခိုက်ရေးရတနာများထက် ပိုမိုတန်ဖိုးကြီးကြသည်။ တိုက်ခိုက်ခြင်းနည်းလမ်းများထက် ကိုယ့်အသက်ကို ကာကွယ်ခြင်းက ပိုအရေးကြီးပေသည်။ ကာကွယ်ရေးရတနာများထဲတွင် စိတ်စွမ်းအားကာကွယ်ရေးရတနာများက ပို၍ တန်ဖိုးကြီးမားသည်။
" မဆိုးဘူး မဆိုးဘူး။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ထိုမဟာသူတော်စင်အဆင့် ကာကွယ်ရေးရတနာက အသက်ကျောက်တုံးလောက် တန်ဖိုးမရှိသော်လည်း မဟာသူတော်စင်များပင် မရရှိနိုင်သောအရာဖြစ်သည်။
" အခု ရွှမ်ဟွမ်စကြာဝဠာရဲ့ အတွင်းပိုင်းနယ်မြေနဲ့ နီးကပ်လာပြီ။ " လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
ရွှမ်ဟွမ်စကြာဝဠာသို့ ဝင်ရောက်သူတိုင်းက စကြာဝဠာ၏ အစွန်းပိုင်းတွင်သာ ပေါ်လာကြခြင်းဖြစ်သည်။ လင်းယွမ်က ဆက်တိုက်ရှာဖွေလာသည်နှင့်အမျှ ရွှမ်ဟွမ်စကြာဝဠာ၏ အတွင်းပိုင်းနယ်မြေနှင့် တဖြည်းဖြည်း နီးကပ်လာခဲ့သည်။
ထို့အပြင် လင်းယွမ်က အခြားမဟာသူတော်စင်များ၏ အော်ရာများကို အနည်းငယ် အာရုံခံမိခဲ့ခြင်းဖြစ်သည်။ မဟာသူတော်စင်များ၏ အော်ရာက အစွမ်းကုန်ထုတ်ဖော်ထားလျှင် ဟင်းလင်းပြင်နယ်မြေများစွာ ခြားနားနေလျှင်တောင် အာရုံခံနိုင်သော်လည်း ရွှမ်ဟွမ်စကြာဝဠာ၏ နိယာမဖိနှိပ်မှုများကြောင့် အတွင်းပိုင်းနယ်မြေနှင့် နီးကပ်မှသာ လင်းယွမ်က အာရုံခံမိခဲ့ခြင်း ဖြစ်သည်။
" ငါ့လမ်းကြောင်းပေါ်မှာ ဘယ်သူမှမရှိဘူး။ " လင်းယွမ်က ခဏအာရုံခံပြီးနောက် ကောက်ချက်ချလိုက်သည်။
အခြားမဟာသူတော်စင်များက သားရေချပ်မြေပုံမရှိသောကြောင့် စကြာဝဠာအတွင်းမှ နယ်မြေများကို မသိနိုင်ပေ။ ရွှမ်ဟွမ်စကြာဝဠာ၏ ကျယ်ပြောမှုကြောင့် ထိုမဟာသူတော်စင်များက လင်းယွမ်နှင့် လမ်းကြောင်းတူရန် ဖြစ်နိုင်ခြေအလွန်နည်းပါးသည်။
" အတွင်းပိုင်းနယ်မြေကစပြီး အန္တရာယ်ရှိလာလိမ့်မယ်။ " လင်းယွမ်၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။
အပြင်ဘက်နယ်မြေများမှ ရတနာများကို အခက်အခဲမရှိ ရယူနိုင်သည်။ ၎င်းတို့က တန်ဖိုးသိပ်မကြီးမားပေ။ သုံးမီတာနီးပါးကြီးမားသော အသက်ကျောက်တုံးက ခြွင်းချက်ဖြစ်သည်။
" အန္တရာယ်ရှိရင်တောင် ငါက အခြားမဟာသူတော်စင်တွေထက် ပိုပြီးအားသာချက်ရှိတယ်။ " လင်းယွမ်က တွေးလိုက်သည်။ သားရေချပ်မြေပုံက သူ့ကို များစွာ အထောက်အကူပေးနိုင်လေသည်။