အနက်ရောင်မျှော်စင်၏ နဝမအထပ်...
Vol. 65 Ch. 922
ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာတွင် လင်းယွမ်၏ ထိုက်ယင်မူလစိတ်ဝိညာဉ်က ထိုင်နေသည်။ ရွှမ်ဟွမ်စကြာဝဠာအတွင်း မူလခန္ဓာကိုယ်က ချောမွေ့စွာ သွားလာနေပြီး အခြားမဟာသူတော်စင်များနှင့် မတွေ့ဘဲ ရွှမ်ဟွမ်သားရဲများကိုသာ တွေ့ရသည်။
" အခုက ရှာဖွေရေးအဆင့်ပဲ ရှိသေးတယ်။ တိုက်ခိုက်မှုတွေ ဖြစ်ဦးမှာမဟုတ်ဘူး။ " လင်းယွမ်က တွေးလိုက်သည်။
အတွင်းပိုင်းနယ်မြေသို့ မရောက်သေးသောကြောင့် မဟာသူတော်စင်များက တစ်ယောက်နှင့်တစ်ယောက် ထိပ်တိုက်တွေ့ကြဦးမည်မဟုတ်သဖြင့် တိုက်ပွဲများလည်း မဖြစ်သေးပေ။
" ငါ့ရဲ့ လက်ရှိစွမ်းအားနဲ့ဆို အနက်ရောင်မျှော်စင်ရဲ့ နဝမအထပ်ကို စမ်းသပ်ကြည့်လို့ရပြီ။ " လင်းယွမ်က ရုတ်တရက် တွေးလိုက်သည်။
လင်းယွမ်က အလွှာဆယ့်နှစ်သို့ မတက်လှမ်းမီ အနက်ရောင်မျှော်စင်၏ အဋ္ဌမအထပ်ကို ဖြတ်ကျော်နိုင်ခဲ့သည်။ နဝမအထပ်က ယခင်ရှစ်ထပ်နှင့် လုံးဝမတူပေ။ ၎င်းက နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင် ချန်ထားခဲ့သော အမှတ်အသားတစ်ခုကို ရင်ဆိုင်ကျော်ဖြတ်ရန် လိုအပ်သည်။
ထိုအမှတ်အသားတွင် ဉာဏ်ရည်မရှိသော်လည်း ပြိုင်ဘက်ကင်းမဟာသူတော်စင် နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်ထံမှ ဆင်းသက်လာခြင်းဖြစ်သည်။ လင်းယွမ်၏ အမြင်တွင် မိုယွီသခင်က ဧကရာဇ်ရွှမ်ဟွမ်ထက် များစွာ အားနည်းမည်မဟုတ်ပေ။
လမ်းစဉ်တစ်သောင်းမျက်လုံး၏ အဆိုအရ ဧကရာဇ်ရွှမ်ဟွမ်က အနှိုင်းမဲ့မဟာသူတော်စင်အဆင့်နှင့် နီးစပ်နေသူဖြစ်သည်။ ဆိုလိုသည်မှာ နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်ကလည်း ထိုကဲ့သို့ အစွမ်းထက်ပြီး သူချန်ထားခဲ့သော အမှတ်အသားကို အနိုင်ယူရန် အနည်းဆုံး မဟာသူတော်စင်အဆင့်ရှိသူမှသာ ယုံကြည်မှုရှိရှိ လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။
အလွှာဆယ့်နှစ်သို့ ဝင်ရောက်ပြီးနောက် လင်းယွမ်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့်သာ ရှိသေးပြီး အထွတ်အထိပ်သို့ ရောက်လျှင်တောင် သာမန်ဖရိုဖရဲအရှင်သခင်အဆင့်ကိုသာ ယှဉ်နိုင်မည်ဖြစ်သောကြောင့် နဝမအထပ်ကို ဖြတ်ကျော်ရန် မျှော်လင့်ချက်မရှိခဲ့ပေ။
လင်းယွမ်က သူ၏ စိတ်အသိအပိုင်းအစကို ခွဲထုတ်ပြီး နတ်ဆိုးကျောက်စိမ်းနေရာသို့ ဆင်းသက်သွားသည်။ အနက်ရောင်မျှော်စင်၏ ရှေ့တွင် လင်းယွမ်၏ ပုံရိပ်က ပေါ်လာသည်။
ကျောက်ရုပ်တုရှန်းကျိက ပေါ်လာပြီး လင်းယွမ်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ လင်းယွမ်က ဤနေရာသို့ မလာသည်မှာ ကြာပြီဖြစ်သောကြောင့် ယခုလာခြင်းမှာ နဝမအထပ်ကို စိန်ခေါ်မည်ဖြစ်ကြောင်း ထင်ရှားနေသည်။
ရှန်းကျိက လင်းယွမ်အကြောင်းနားလည်ထားပြီး သူက ယုံကြည်မှုမရှိလျှင် လာမည်မဟုတ်ပေ။ အထူးသဖြင့် နဝမအထပ်တွင် နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်၏ အမှတ်အသားရှိနေသည်ကို လင်းယွမ်က သိထားသောကြောင့် ဖရိုဖရဲအဆင့် အထွတ်အထိပ်သို့ မရောက်မချင်း သူက လာရောက်စိန်ခေါ်မည်မဟုတ်ပေ။
" ဖရိုဖရဲအဆင့် အထွတ်အထိပ်လား။ ဟိုတုန်းက ကောင်လေးက ဒီလောက်အထိ ကြီးထွားလာပြီပေါ့။ " ကျောက်ရုပ်တုရှန်းကျိ၏ အတွေးများက လွင့်ပျံသွားသည်။
သူက လင်းယွမ် ယခုအထိ ကြီးထွားလာသည်ကို စောင့်ကြည့်ခဲ့ရပြီး လင်းယွမ်ကို ပထမဆုံး တွေ့စဉ်က အလွှာခြောက် သို့မဟုတ် အလွှာခုနှစ်သာရှိသေးသည်။ မျက်စိတစ်မှိတ်အတွင်း သူက ဖရိုဖရဲအဆင့် အထွတ်အထိပ် စွမ်းအားကို ပိုင်ဆိုင်သွားခဲ့သည်။
" ကျွန်တော် နဝမအထပ်ကို စမ်းကြည့်ချင်တယ်။ " လင်းယွမ်က ပြောလိုက်သည်။
" သွားပါ။ " ကျောက်ရုပ်တုရှန်းကျိက အံ့ဩခြင်းမရှိဘဲ ပြောလိုက်သည်။
လင်းယွမ်က နဝမအထပ်သို့ ဝင်ရောက်သွားသည်။ ယခင် အဋ္ဌမအထပ်မှ နေရာအနှံ့ဖိအားများနှင့် ယှဉ်လျှင် နဝမအထပ်က ဘာမှမရှိဘဲ ဗလာဖြစ်နေသည်။ သို့သော် လင်းယွမ်က အလွန်သတိထားနေဆဲ ဖြစ်သည်။
ထိုအချိန်တွင် ကမ္ဘာကြီးတစ်ခုလုံး မှောင်မိုက်သွားပြီး ကြီးမားသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ အေးစက်သော မျက်ဝန်းများက မဟာတာအို၏ နိယာမများ ကိန်းအောင်းနေသည်။
လင်းယွမ်က နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်၏ အမှတ်အသားကို ပထမဆုံး ရင်ဆိုင်ခဲ့ရစဉ်က တစ်ချက်ကြည့်ရုံနှင့် သူ၏ စိတ်ဓာတ်များ ပြိုလဲသွားလဲသွားခဲ့ပြီး မည်သို့ရှုံးနိမ့်သွားသည်ကိုပင် မသိလိုက်ရပေ။
သို့သော် ယခုအချိန်တွင် သူ၏ စွမ်းအားများက အဆပေါင်းများစွာ တိုးတက်လာပြီး မျှော်စင်သခင်၏ အကြည့်က သူ၏ စိတ်စွမ်းအားကို တုန်လှုပ်စေနိုင်ခြင်းမရှိတော့ပေ။
မျှော်စင်သခင်က လင်းယွမ်ကို ခံစားချက်မဲ့စွာ ကြည့်လိုက်ပြီး သူ၏ လက်ကို မြှောက်၍ အောက်သို့ ဖိချလိုက်သည်။ ခဏအတွင်း ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး မှောင်မိုက်သွားပြီး ထိုအမှောင်က အလွန်သန့်စင်နေသည်။
" ကမ္ဘာနတ်စွမ်းရည်။ " လင်းယွမ်က လီယန်နေမင်းအဖြစ် တိုက်ရိုက်ပြောင်းလဲသွားပြီး သူ၏ ပြင်ပကမ္ဘာကို ဖြန့်ကျက်ကာ မျှော်စင်သခင်၏ အမှောင်စွမ်းအားကို ခုခံလိုက်သည်။
" တော်တော်သန်မာတာပဲ။ မဟာသူတော်စင်အဆင့်မဟုတ်ရင် ဘယ်လိုမှ ယှ်ဉ်နိုင်မှာမဟုတ်ဘူး။ "
ယခုအချိန်တွင် လင်းယွမ်က ဖရိုဖရဲအဆင့် အထွတ်အထိပ်ပင် နဝမအထပ်ကို ဖြတ်ကျော် မဖြစ်နိုင်ဟု ယုံကြည်သွားသည်။
" အချိန်လား။ " လင်းယွမ်က ပတ်ဝန်းကျင်ရှိ အချိန်မှာ ပြောင်းလဲသွားသည်ကို အာရုံခံစားမိလိုက်သည်။ ၎င်းက အချိန်ကို မြန်ခြင်းနှေးခြင်းမဟုတ်ဘဲ ပိုမိုနက်ရှိုင်းသော အရာတစ်ခုဖြစ်သည်။
" မျှော်စင်သခင်က အချိန်သွေးမျိုးဆက် ပါဝင်တဲ့ အထူးသက်ရှိကို သတ်ပြီးတဲ့နောက်မှာ သူ့ရဲ့ စွမ်းအားအများကြီး တိုးတက်လာတာပဲ။ သူ အဲ့ဒီကနေ အကျိုးအမြတ်အများကြီး ရခဲ့တာ ဖြစ်နိုင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
အဋ္ဌမအထပ်ကို ဖြတ်ကျော်နိုင်သောအချိန်တွင် သူက မျှော်စင်သခင်ချန်ခဲ့သော အချိန်သွေးတစ်စက်ကို ရရှိခဲ့သည်။ မျှော်စင်သခင်က အချိန်သွေးစက်ကို ကိုယ်တိုင်မကျင့်ကြံဘဲ အနက်ရောင်မျှော်စင်တွင် ထားခဲ့ခြင်းမှာ အချိန်သွေးစက်က သူ့အတွက် အကျိုးမရှိကြောင်း ဖော်ပြနေသည်။
ဝုန်း ဝုန်း ဝုန်း....
လီယန်နေမင်း၏ အလင်းတန်းများက ဖြာထွက်လာပြီး ပြင်ပကမ္ဘာ၏ စွမ်းအားက မျှော်စင်သခင်၏ အမှောင်စွမ်းအားကို ဖိနှိပ်ရန် ကြိုးစားနေသော်လည်း လင်းယွမ်က အလွန်ခက်ခဲနေသည်။
ထိုခက်ခဲမှုက မျှော်စင်သခင်ကို မယှဉ်နိုင်သောကြောင့်မဟုတ်ပေ။ အော်ရာအရ ယခုမျှော်စင်သခင်က အမွှာရင်းမြစ်နှင့် ဟေးယောင်မဟာသူတော်စင်တို့လောက် မသန်မာပေ။ သို့သော် လင်းယွမ်အပေါ် သက်ရောက်နေသော ဖိအားက ထိုနှစ်ယောက်ထက် များစွာ သာလွန်လှသည်။
" ကောင်းကင်ဆုတ်ဖြဲခြင်း " လင်းယွမ်က သူ၏ ညာလက်ကို ဆုပ်လိုက်ပြီး မျှော်စင်သခင်၏ အမှောင်စွမ်းအားများကြားတွင် အက်ကြောင်းကြီးငါးခုကို ဆုတ်ဖြဲလိုက်သည်။ သို့သော် ချက်ချင်း အမှောင်စွမ်းအားများက ထိုအက်ကြောင်းများကို ဖုံးလွှမ်းသွားသည်။
" ဒီနည်းနဲ့တော့ မရတော့ဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
ကောင်းကင်ဆုတ်ဖြဲခြင်းနတ်စွမ်းရည်က သူ၏ လက်ရှိ အစွမ်းထက်ဆုံး တိုက်ကွက်များထဲတွင် ပါဝင်သော်လည်း မလုံလောက်သေးပေ။ ထိုစွမ်းရည်က မျှော်စင်သခင်ကို အနိုင်မယူနိုင်သဖြင့် လင်းယွမ်က နောက်ထပ် တိုက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်သည်။
" ပြင်ပကမ္ဘာ ပေါက်ကွဲစမ်း။ " လင်းယွမ်၏ ပတ်ဝန်းကျင်ရှိ ပြင်ပစကြာဝဠာက ရုတ်တရက် စတင်ပြိုကွဲသွားသည်။
သူ၏ အတွင်းစကြာဝဠာက လီယန်နေမင်းနှင့် ပေါင်းစည်းထားပြီး ပြင်ပကမ္ဘာကို ဖောက်ခွဲလိုက်ခြင်းက ကောင်းကင်ဆုတ်ဖြဲခြင်းထက် ပိုမိုအစွမ်ထက်သွားခဲ့သည်။
ဝုန်း....
ပြင်ပကမ္ဘာက ပြိုကွဲသွားပြီး လီယန်နေမင်းကလည်း ပျက်စီးသွားသောကြောင့် ကြောက်စရာကောင်းသော စွမ်းအားများက နဝမအထပ်၏ နေရာတိုင်းကို ဆုတ်ဖြဲသွားသည်။ မျှော်စင်သခင်၏ အဆုံးမဲ့ အမှောင်စွမ်းအားများကလည်း လျင်မြန်စွာ ပျက်စီးသွားပြီး မျှော်စင်သခင်၏ အမှတ်အသားပင် ပျော်ဝင်သွားသည်။
အချိန်အတော်ကြာပြီးနောက် လင်းယွမ်က အချိန်လေဟာနယ်၏ အနက်ရှိုင်းဆုံးနေရာမှ ထွက်လာပြီး သူ၏ အော်ရာက အားနည်းသွားခဲ့ပြီဖြစ်သည်။
" ပြီးသွားပြီလား။ " လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်လ်ုက်ပြီး မျှော်စင်သခင်၏ အော်ရာကို မခံစားမိတော့သဖြင့် သက်ပြင်းချလိုက်သည်။
" ဟင် " လင်းယွမ်၏ အမူအရာက ပြောင်းလဲသွားပြီး တစ်နေရာသို့ ကြည့်လိုက်သည်။
အမှောင်စွမ်းအားများက ပြန်လည်စုစည်းလာပြီး မျှော်စင်သခင်၏ ပုံရိပ်က တဖန်ပြန်လည်ထွက်ပေါ်လာသည်။ သို့သော် ယခင် အေးစက်သော ပုံရိပ်နှင့်မတူဘဲ ယခုတစ်ကြိမ် ပေါ်လာသော မျှော်စင်သခင်က သိသိသာသာ ကွာခြားနေသည်။ လင်းယွမ်ကို ကြည့်နေသော သူ၏ အကြည့်များက အံ့အားသင့်သော အရိပ်အယောင်များ ပါဝင်နေသည်။
လင်းယွမ်က မျှော်စင်သခင်ကို သေချာလေ့လာနေသည်။ သူက အချိန်မရွေး အရှုံးပေးပြီး နဝမအထပ်မှ ထွက်သွားရန် အဆင်သင့်ဖြစ်နေသည်။ ပထမအချက်မှာ သူက ကမ္ဘာနတ်စွမ်းရည်ကို ဖောက်ခွဲလိုက်သောကြောင့် ယခုအချိန်တွင် အားနည်းနေပြီဖြစ်သည်။
ဒုတိယအချက်မှာ ယခုပေါ်လာသော မျှော်စင်သခင်က အော်ရာများ ထွက်ပေါ်လာခြင်းမရှိသော်လည်း လင်းယွမ်အပေါ် ပို၍ ခြိမ်းခြောက်မှုပေးနိုင်သည်။ သူက ဘာမှမလုပ်ဘဲ ရပ်နေရုံနှင့် အချိန်လေဟာနယ်ကို လွှမ်းမိုးနိုင်လေသည်။
" မဆိုးဘူး။ " နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က လင်းယွမ်ကို စိုက်ကြည့်ပြီး ပြုံးလိုက်သည်။
" မဆိုးဘူးလား။ " လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
" အရမ်းတော်တယ်။ " နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က ထပ်ပြောလိုက်သည်။
" စီနီယာ " လင်းယွမ်က စမ်းသပ်သည့်အနေဖြင့် ခေါ်လိုက်သည်။
နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က မည်သည့်အခြေအနေတွင် ရှိနေသည်ကို သူမသိသော်လည်း တစ်ဖက်က တိုက်ခိုက်ခြင်းမရှိသောကြောင့် ရန်လိုစိတ်မရှိဟု သူယူဆလိုက်ခြင်းဖြစ်သည်။
" စိတ်မပူနဲ့။ မင်းက အနက်ရောင်မျှော်စင်ရဲ့ နဝမအထပ်ကို အောင်မြင်သွားပါပြီ။ " နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က ပြုံးလိုက်သည်။ " ငါက အတိတ်မှာ ချန်ခဲ့တဲ့ စိတ်အသိအပိုင်းအစလေးတစ်ခုပဲ။ မူလခန္ဓာကိုယ်နဲ့ လုံးဝအဆက်အသွယ်ပြတ်သွားပြီ။ ဒါပေမယ့် အခု နိုးထလာတဲ့အချိန်မှာ အဆက်အသွယ်ပြန်ရသွားပြီဆိုတော့ နောက်ထပ်အချိန်စက်ဝန်းထဲကို ပြန်မကျသေးဘူးထင်တယ်။ "
လင်းယွမ်က ထိုးကားကြောင့် ထိတ်လန့်သွားသည်။ ယခုနတ်ဆိုးကျောက်စိမ်း မျှော်စင်သခင်က အမှတ်အသားတစ်ခုထက် ပိုနေပြီဖြစ်သည်။ ထိုစိတ်အသိက ထော်လုံမဟာသူတော်စင်ချန်ခဲ့သော စိတ်ဝိညာဉ်အပိုင်းအစနှင့်မတူပေ။
သို့သော် ယခု ပေါ်လာခြင်းက နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်၏ ကိုယ်ပိုင်စိတ်အသိဖြစ်သည်။ ထိုစိတ်အသိက သူ၏ စိတ်အသိဖြစ်သောကြောင့် ခဏပြန်လည်နိုးထလာလျှင်တောင် အချိန်စက်ဝန်းထဲသို့ လျင်မြတ်စွာ ပြန်လည်ကျဆင်းသွားပေလိမ့်မည်။
အလွှာဆယ့်နှစ်မှ အလွှာဆယ့်သုံးသို့ တက်လှမ်းရန် ကြိုးစားချိန်တွင် ကြုံတွေ့ရသော အချိန်စက်ဝန်းက စမ်းသပ်မှုတစ်ခုဖြစ်ပြီး မည်သည့်နည်းလမ်းနှင့်အမျှ ရှောင်လွှဲ၍မရပေ။