အမှောင်ကောင်းကင်နန်းတော်...
Vol. 65 Ch. 926
" သခင် အခုဘယ်လိုခံစားရလဲ။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက မေးလိုက်သည်။
" အရမ်းကောင်းတယ်။ " လင်းယွမ်က ပြုံး၍ ပြန်ပြောလိုက်သည်။
သူက တစ်ခါမှမခံစားဖူးသော စွမ်းအားမျိုးကို ခံစားနေရသည်။ အကယ်၍ သူက ထိုစွမ်းအားကိုသာ အပြည့်အဝ ထုတ်သုံးလိုက်လျှင် ရွှမ်ဟွမ်စကြာဝဠာ၏ ဖိနှိပ်မှုကိုပင် ချိုးဖျက်နိုင်သည်ဟု ထင်ရသည်။ ၎င်းကအမှန်ဖြစ်လျှင်တောင် လင်းယွမ်က ထိုသို့လုပ်မည်မဟုတ်ပေ။
" အရမ်းကောင်းရုံတင်မကဘူး။ အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ပြောလိုက်သည်။ အဆုံးမဲ့ဟင်းလင်းပြင်ရဲ့ ဒုတိယအဆင့်ကို အောင်မြင်သွားလို့ သခင်ရဲ့ အတွင်းစကြာဝဠာက အတိတ်က ကျင့်ကြံသူတွေအားလုံးထဲမှာ လုံးဝ နံပါတ်တစ်ပဲ။ "
အဆုံးမဲ့ဟင်းလင်းပြင်ကို ကျင့်ကြံသူများထဲတွင် တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်သို့ပင် ရောက်ခဲ့ကြသည်။ သို့သော် ဒုတိယအဆင့်တွင်မူ ဘယ်သူမှ သူ့ကို မယှဉ်နိုင်ပေ။
" အဆုံးမဲ့ဟင်းလင်းပြင်ရဲ့ အတိတ်က ကျင့်ကြံသူတွေလား။ " လင်းယွမ်က မအံ့ဩပေ။
အဆုံးမဲ့ဟင်းလင်းပြင်က အလွန်ရှေးကျလှပြီး သူတစ်ယောက်တည်း ကျင့်ကြံခဲ့ခြင်းမဟုတ်သည်မှာ ထင်ရှားသည်။ လင်းယွမ် မတိုင်မီ နှစ်ပေါင်းများစွာအတွင်း ထိုအမွေအနှစ်ကို ကျင့်ကြံခဲ့သူများစွာ ရှိခဲ့သည်။
သို့သော် ထိုကျင့်ကြံသူများ သေဆုံးသွားလျှင် သို့မဟုတ် အလွှာဆယ့်သုံးသို့ ရောက်သွာလျှင် အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ကျောက်စိမ်းဘူးသီးခြောက်ကို ယူဆောင်ကာ ထွက်သွားပြီး ဖရိုဖရဲဟင်းလင်းပြင်ရှိ အခြားနေရာများတွင် ပြန်ပေါ်လာလေ့ရှိသည်။
အနီရောင်ဝတ်စုံနှင့် မိန်းကလေးက စစ်မှန်သော သက်ရှိမဟုတ်သောကြောင့် စကြာဝဠာအတွင်းသို့လည်း ဝင်ရောက်နိုင်သည်။
" သခင်က အခု လွှမ်းမိုးခြင်းအဆင့်မှာပဲ ရှိသေးတော့ အတွင်းစကြာဝဠာက တိုးတက်ဖို့ နေရာတွေ အများကြီး ရှိပါသေးတယ်။ " သူမက ပြောလိုက်သည်။
ပထမအချက်မှာ ဖရိုဖရဲအဆင့်သို့ ဝင်ရောက်ချိန်တွင် အတွင်းစကြာဝဠာက အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုကို ကြုံတွေ့ရမည်ဖြစ်ပြီး အထွတ်အထိပ်သို့ ရောက်လျှင်လည်း ထပ်မံပြောင်းလဲသွားမည်ဖြစ်သည်။ မဟာသူတော်စင်ဖြစ်လာလျှင်လည်း အတွင်းစကြာဝဠာက ဆက်လက်တိုးတက်နေဦးမည်ဖြစ်သည်။
ထို့အပြင် အဆုံးမဲ့ဟင်းလင်းပြင်၏ တတိယအဆင့်၊ စတုတ္ထအဆင့်နှင့် အဆင့်များအားလုံးတွင်လည်း အတွင်းစကြာဝဠာက အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ကြုံတွေ့ရဦးမည်ဖြစ်သည်။
"အရင်သခင်ဖန်တီးထားတဲ့ ဆဋ္ဌမအဆင့်ရဲ့ အတွင်းစကြာဝဠာက ဖရိုဖရဲဟင်းလင်းပြင်နဲ့ ယှဉ်နိုင်တဲ့ အခြေအနေမျိုးအထိ ပြောင်းလဲပေးနိုင်လိမ့်မယ်။ ဒါက ပဉ္စမအဆင့်နဲ့ အများကြီး ကွာခြားလိမ့်မယ်။ ဒါကြောင့် အဲ့ဒိအဆင့်ကို ရောက်ဖို့က မဖြစ်နိုင်သလောက်ပဲ။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက လင်းယွမ်ကို ကြည့်လိုက်သည်။
ပုံမှန်အခြေအနေတွင် အဆုံးမဲ့ဟင်းလင်းပြင်၏ ပဉ္စမအဆင့်သို့ ရောက်လျှင် အတွင်းစကြာဝဠာက သာမန်မဟာသူတော်စင်တစ်ယောက်ထက် အဆပေါင်းများစွာ ပိုမိုသာလွန်သွားမည်ဖြစ်သည်။ သို့သော် ဖရိုဖရဲဟင်းလင်းပြင်နှင့် နှိုင်းယှဉ်နိုင်မည်မဟုတ်ပေ။
သို့သော် လင်းယွမ်က မတူပေ။ သူ၏ လက်ရှိတိုးတက်မှုအရှိန်နှင့် အတွင်းစကြာဝဠာ၏ အခြေခံအရ သူက ဖရိုဖရဲအဆင့် အထွတ်အထိပ်သို့ရောက်ပြီး အဆုံးမဲ့ဟင်းလင်းပြင်၏ ပဉ္စမအဆင့်ကို ကျင့်ကြံနိုင်ခဲ့လျှင် သူ၏ အတွင်းစကြာဝဠာက ပုံမှန်ပဉ္စမအဆင့်ထက် များစွာသာလွန်ပေလိမ့်မည်။
ဤသည်မှာ ဖရိုဖရဲဟင်းလင်းပြင်နှင့် ကွာခြားချက်ကို လျော့နည်းသွားစေပြီး ဆဋ္ဌမအဆင့်သို့ တက်လှမ်းနိုင်ခြေကို သဘာဝအတိုင်း မြင့်တက်စေပေလိမ့်မည်။
" ဆဋ္ဌမအဆင့်က ငါနဲ့ အရမ်းဝေးပါသေးတယ်။ " လင်းယွမ်က ခေါင်းခါလိုက်ပြီး ထိုအကြောင်းကို သိပ်မတွေးတော့ပေ။
ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာတွင် လင်းယွမ်၏ ထိုက်ယင်စိတ်ဝိညာဉ်က ခြေချိတ်ထိုင်နေပြီး မူလခန္ဓာကိုယ်က အဆုံးမဲ့ဟင်းလင်းပြင်၏ ဒုတိယအဆင့်ကို အောင်မြင်သွားချိန်တွင် ထိုက်ယင်မူလစိတ်ဝိညာဉ်၏ အတွင်းစကြာဝဠာက ဒုတိယအဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
အတွင်းစကြာဝဠာ ပြောင်းလဲခြင်းနှင့် ပက်သက်လျှင် မူလခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဉ်နှစ်ခုလုံးက တစ်ပြိုင်နက် ဖြစ်ပေါ်ခြင်းဖြစ်သည်။ လင်းယွမ်က အတွင်းစကြာဝဠာ၏ စွမ်းအားကို အနည်းငယ် ထုတ်သုံးလိုက်ပြီး ဖရိုဖရဲဟင်းလင်းပြင်၏ နိယာမများက သူ့ကို ဗဟိုပြု၍ ဆုတ်ခွာသွားကြသည်။
" မဟာသူတော်စင်တစ်ယောက်က သူတို့အလိုရှိရင် ကိုယ်ပိုင်နိယာမတွေ သတ်မှတ်ထားတဲ့ နယ်မြေတစ်ခုကို ဖန်တီးနိုင်တယ်လို့ ပြောကြတယ်။ အခု ငါက အဲ့ဒီအခြေအနေကို တစ်ဝက်လောက် ရောက်နေပြီထင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
လင်းယွမ်က သူ၏ စွမ်းအားကို ရုတ်သိမ်းလိုက်ပြီး ကြယ်မျက်ရည်ကမ္ဘာရှိ မရေတွက်နိုင်သော လူသားများကို ကြည့်လိုက်သည်။ ကြီးမြတ်သူကိုးယောက်အပါအဝင် ဘယ်သူကမှ လင်းယွမ်၏ အကြည့်ကို သတိမထားမိကြပေ။
ရွှမ်ဟွမ်စကြာဝဠာတွင် လင်းယွမ်က အဆုံးမဲ့ဟင်းလင်းပြင်၏ တတိယအဆင့်ကို စတင်ကျင့်ကြံလိုက်သည်။ အဆုံးမဲ့ဟင်းလင်းပြင်က စုစုပေါင်းအဆင့် ခြောက်ဆင့်ရှိလေသည်။
" ဒီအဆင့်ကို ကျင့်ကြံဖို့ အချိန်က သိပ်မနည်းလောက်ဘူးထင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
သို့သော် သူက အချိန်များစွာရှိသောကြောင့် စိုးရိမ်ခြင်းမရှိပေ။ ထိုရှေးဟောင်းမဟာသူတော်စင်များက စကြာဝဠာခေတ်ပေါင်းများစွာ ဖြတ်သန်းခဲ့ကြပြီး အခြားရည်မှန်းချက်များ မရှိသောကြောင့် အလွှာဆယ့်သုံးသို့ တက်လှမ်းရန် ကြိုးစားကြခြင်းဖြစ်သည်။
ဖရိုဖရဲမဟာသူတော်စင်များက နောက်ထပ်တိုးတက်ရန် လမ်းမရှိတော့ပေ။ ပြိုင်ဘက်ကင်းမဟာသူတော်စင် ဖြစ်လာရန် သူတို့၏ လမ်းစဉ်ပေါ်တွင်သာ မူတည်လေသည်။
လင်းယွမ်က အဆုံးမဲ့ဟင်းလင်းပြင်၏ တတိယအလွှာကို ကျင့်ကြံရင်း ရွှမ်ဟွမ်စကြာဝဠာ၏ အနက်ရှိုင်းဆုံး နေရာသို့ ဆက်လက်သွားနေသည်။
ဝှစ်...
ထိုအချိန်တွင် အချိန်လေဟာနယ်လှိုင်းတစ်ခုက အဝေးမှ ထွက်ပေါ်လာပြီး ရွှမ်ဟွမ်စကြာဝဠာ၏ တစ်ဝက်ကျော်အထိ လျင်မြန်စွာ ပျံ့နှံ့သွားသည်။
" အဲ့ဒီနေရာကလား။ " လင်းယွမ်က အချိန်လေဟာနယ်လှိုင်းများ ထွက်ပေါ်လာသော နေရာကို လှမ်းကြည့်ပြီး သူ၏ အမူအရာက ပြောင်းလဲသွားသည်။
" အဲ့ဒါက အမှောင်ကောင်းကင်နန်းတော်လား။ " လင်းယွမ်က သားရေချပ်မြေပုံကို ကြည့်ပြီး အချိန်လေဟာနယ်လှိုင်းများ ထွက်ပေါ်လာသော နေရာကို ခန့်မှန်းလိုက်သည်။
အမှောင်ကောင်းကင်နန်းတော်က ရွှမ်ဟွမ်စကြာဝဠာ၏ အရေးကြီးသော နေရာတစ်ခုဖြစ်ပြီး ပြိုင်ဘက်ကင်းမဟာသူတော်စင်အဆင့်ရှိသော အမှောင်ကောင်းကင်နှလုံးသားကို ပျိုးထောင်ထားခြင်းဖြစ်သည်။
" ငါ့ရဲ့ လက်ရှိခွန်အားနဲ့ ဆိုရင်တော့။ " လင်းယွမ်က စဉ်းစားလိုက်သည်။
သူက ရွှမ်ဟွမ်စကြာဝဠာထဲသို့ မဝင်မီ သားရေချပ်မြေပုံနှင့် လမ်းကြောင်းများ ကြိုတင်စီစဉ်ခဲ့သော်လည်း အမှောင်ကောင်းကင်နန်းတော်ကို ဝင်ရောက်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ အကြောင်းမှာ အမှောင်ကောင်းကင်နန်းတော်၏ အပြင်ဘက်တွင် ဖူထူမျှော်စင်ထက် ပိုမိုပြင်းထန်သော အမှောင်ကောင်းကင်စွမ်းအားများ ပြည့်နှက်နေသောကြောင့်ဖြစ်သည်။
ထိုအချိန်က လင်းယွမ်၏ ခွန်အားနှင့် ထိုနေရာသို့ ဝင်ရောက်ရန် အချိန်ယူရမည်ဖြစ်သည်။ ထို့ကြောင့် လင်းယွမ် ထိုနေရာကို ထည့်မတွက်ခဲ့ခြင်းဖြစ်သည်။ အမှောင်ကောင်းကင်နန်းတော်နှင့် ယှဉ်လျှင် လင်းယွမ်က အနက်ရှိုင်းဆုံးမှ ဂူဗိမာန်ကို ပို၍ အာရုံစိုက်ခဲ့သည်။
သို့သော် အခြေအနေများ ပြောင်းလဲသွားပြီ ဖြစ်သည်။ ထိုအချိန်က အမှောင်ကောင်းကင်နန်းတော်သို့ ဝင်ရန် သူ့အတွက် ခက်ခဲသော်လည်း ယခု အဆုံးမဲ့ဟင်းလင်းပြင်၏ ဒုတိယအဆင့်ကို အောင်မြင်ပြီးနောက် သူ၏ ခွန်အားမှာ အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။ ယခင် သူ့ကို တားဆီးနိုင်သော အမှောင်ကောင်းကင်စွမ်းအားက ယခု သူ့အတွက် ခြိမ်းခြောက်မှုမဖြစ်တော့ပေ။
ထို့အပြင် ယခုထွက်ပေါ်လာသော အချိန်လေဟာနယ်လှိုင်းများအရ အမှောင်ကောင်းကင်နှလုံးသားက ထွက်ပေါ်လာတော့မည်ဖြစ်သည်။ အကယ်၍ လင်းယွမ်က ယခုမသွားလျှင် ၎င်းကို အခြားသူများ ယူဆောင်သွားကြပေလိမ့်မည်။
" ငါ တစ်ခေါက်လောက်တော့သွားကြည့်လိုက်မယ်။ " လင်းယွမ်၏ အတွေးများက အနည်းငယ် လှုပ်ရှားသွားပြီး ထိုက်ယန်မူလစိတ်ဝိညာဉ်က ထွက်ပေါ်လာသည်။ သူက သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း ရွှမ်ဟွမ်စကြာဝဠာ၏ အနက်ရှိုင်းဆုံးသို့ ဦးတည်သွားသည်။
လင်းယွမ်၏ မူလခန္ဓာကိုယ်က အမှောင်ကောင်းကင်နန်းတော်ရှိရာသို့ လျင်မြန်စွာ ထွက်ခွာသွားသည်။ အဆုံးမဲ့ဟင်းလင်းပြင်၏ ဒုတိယအဆင့်ကို အောင်မြင်ပြီးသောအခါ မူလစိတ်ဝိညာဉ်နှစ်ခုကလည်း မူလခန္ဓာကိုယ်နီးပါး အစွမ်းထက်လာကြပြီဖြစ်သည်။
" ဒီတစ်ခါ အမွှာရင်းမြစ်ကြောင့် တကယ်ဒုက္ခရောက်ခဲ့တာပဲ။ " ဟေးယောင်မဟာသူတော်စင်၏ အမူအရာက မဲမှောင်နေပြီး ရွှမ်ဟွမ်စကြာဝဠာ၏ အနက်ရှိုင်းဆုံးသို့ လျင်မြန်စွာ သွားနေသည်။
ရွှမ်ဟွမ်စကြာဝဠာထဲသို့ ဆယ်ယောက်မြောက်မှ ဝင်ခွဲ့ရခဲ့သောကြောင့် သူက ရွေးချယ်စရာမရှိဘဲ စကြာဝဠာ၏ အနက်ရှိုင်းဆုံးသို့သာ တန်းတန်းမတ်မတ် သွားခဲ့ရသည်။ လမ်းတစ်လျှောက်တွင် သေချာစစ်ဆေးချိန်မရသဖြင့် ယခုအချိန်ထိ မည်သည့်အရာမှ မရရှိခဲ့ပေ။
" ဒါပေမယ့် ဟိုမဟာသူတော်စင်က..." ဟေးယောင်မဟာသူတော်စင်က လင်းယွမ်ကို တွေးမိသွားသည်။ အကယ်၍ လင်းယွမ်သာမရှိလျှင် သူက စကြာဝဠာထဲသို့ တတိယမြောက် ဝင်ရမည့်သူ ဖြစ်ပေလိမ့်မည်။
" အဲ့ဒီကောင်က ဘယ်ကနေ ပေါ်လာတာလဲ။ " ဟေးယောင်မဟာသူတော်စင်က ဒေါသထွက်နေမိသည်။
သူက လင်းယွမ်၏ နောက်ဆုံးရိုက်ချက်ကြောင့် လွင့်ထွက်သွားခဲ့သော်လည်း ဒဏ်ရာရရှိခြင်းမရှိခဲ့ပေ။ ထိုတိုက်ခိုက်မှုအရ လင်းယွမ်၏ စွမ်းအားက သူနှင့် အဆင့်တူလောက်ရှိလိမ့်မည်ဟု ကောက်ချက်ချခဲ့သည်။
" ဟင် " ထိုအချိန်တွင် ဟေးယောင်မဟာသူတော်စင်၏ အမူအရာက ပြောင်းလဲသွားပြီး ပြင်းထန်သော အချိန်လေဟာနယ်လှိုင်းများကို ခံစားလိုက်ရသည်။
" အဲ့ဒီမှာပဲ။ " သူက တစ်နေရာသို့ လှမ်းကြည့်ပြီး စိတ်လှုပ်ရှားသွားသည်။
ထိုမျှပြင်းထန်သော အချိန်လေဟာနယ်လှိုင်းက စကြာဝဠာအတွင်း ထူးခြားသော ရတနာတစ်ခုခု ထွက်ပေါ်လာသည်ကို ဖော်ပြနေသည်။
" ဒီစကြာဝဠာထဲမှာ အချိန်လေဟာနယ်နိယာမက ဒီလောက်သိပ်သည်းနေတာတောင် ဒီလောက်ပြင်းထန်တဲ့ လှုပ်ရှားမှုကို ဖြစ်စေတယ်ဆိုတော့ ဒါက ပြိုင်ဘက်ကင်းမဟာသူတော်စင်အဆင့် ရတနာပဲ ဖြစ်ရမယ်။ " ဟေးယောင်မဟာသူတော်စင်က တုန့်ဆိုင်းခြင်းမရှိဘဲ အချိန်လေဟာနယ်လှိုင်းထွက်ပေါ်လာရာသို့ ဦးတည်သွားတော့သည်။