အခန်း (၈၅၁-၈၅၂)
Vol. 52 Ch. 851-852
အပိုင်း (၈၅၁)
“ကျောက်ခဲပစ်စက်တွေပြင်။”
ခဏအကြာမှာတော့ အလတ်စား ကျောက်ခဲပစ်စက်များ တစ်ဒါဇင်ကျော် ရောက်ရှိလာ၏။ ထိုအရာက အလတ်တန်းစားများသာ ဖြစ်သော်လည်း လုံလောက်မှုတော့ ရှိ၏။
“ဖွင့်လိုက်ကြ... အကုန် ဖွင့်ကြ။ ယမ်းမှုန့်တွေကို အများဆုံး သုံး။” သခင်ကြီးပိုင်တင်၏ အမိန့်အရ ကျောက်ခဲပစ်စက် တစ်ဒါဇင်ကျော်တို့က အသင့်ပြင်ထား၏။ တစ်ခုချင်းစီတိုင်းတွင် ယမ်းမှုန့် ကီလိုဂရမ် ရာနှင့်ချီကာ ထည့်သွင်းထားသည်။
အကယ်၍ ကွင်းပြင်ထဲသာ ဖြစ်သည် ဆိုပါက ဤယမ်းမှုန့်များက အမေဇုန် စစ်သည်တော်များကို ထိခိုက်စေနိုင်လိမ့်မည် မဟုတ်ပေ။ အကြောင်းရင်းက ထိုအရာများက တကယ့်ကို နှေးကွေးပြီး အမေဇုန် စစ်သည်များက အချိန်ကိုက် ရှောင်တိမ်းနိုင်သောကြောင့်ပင်။
သို့သော်လည်း ယခု ဘုရားကျောင်း၀င်းအတွင်း၌ ဖြစ်နေပြီး ကျောက်ခဲပစ်စက် တစ်ဒါဇင်ကျော်မှ ယမ်းမှုန့်များက ကီလိုဂရမ် ၁၀၀၀ ကျော် ရှိ၏။ ကျဉ်းမြောင်းသည့် နေရာတစ်ခုတည်းတွင် ဤအမေဇုန် စစ်သည်များက လူသားများ ဖြစ်သည့်အတွက် ခံနိုင်ရည် ရှိကြမည် မဟုတ်ချေ။
သခင်ကြီးပိုင်တင်က ဟစ်အော်လိုက်၏။ “ကျုပ် အမိန့်ပေးနေတယ်။ အခုချက်ချင်း မင်းတို့ရဲ့ လက်နက်တွေကို ချ။ မဟုတ်ရင် မီးနတ်ဘုရားရဲ့ အမျက်ဒေါသ ကီလိုဂရမ် ထောင်ပေါင်းများစွာကို ပစ်လွှတ်လိုက်မယ်။ မင်းတို့ အားလုံး အစိတ်စိတ်အမွှာမွှာ ဖြစ်စေရမယ်။ ၅ ကစပြီး ရေတွက်မယ်။ ချက်ချင်း အညံ့ခံကြတော့။” “၅... ၄... ၃... ၂... ၁...”
“မီးရှို့လိုက်ကြ။” သခင်ကြီးပိုင်တင်၏ အမိန့်နှင့်အတူပဲ ယမ်းမှုန့် တစ်ဒါဇင်ကျော်တို့၏ မီးစာများကို ညှိကြသည်။
“အသင့်ပြင်ကြ။”
မီးစာများက တရွေ့ရွေ့ လောင်ကျွမ်းနေပြီး အတိုင်းအတာတစ်ခုထိ ရောက်ချိန်မှာတော့ တိုက်ရိုက် ပစ်လွှတ်လိုက်ကြမှာ ဖြစ်ပြီး နောက်ဆုံ မြေပြင်ပေါ်သို့ ကျရောက်သည်နှင့် ပေါက်ကွဲသွားပေလိမ့်မည်။ ထိုအချိန်မှာတော့ ဘုရားကျောင်းဝင်းအတွင်းရှိ အမေဇုန် စစ်သည် အနည်းဆုံး တစ်ဒါဇင်ကျော်တို့က သေကြေ ပျက်စီးကြပေလိမ့်မည်။ အချိန်က ရောက်လုနီးပါး ဖြစ်နေ၏။
သခင်ကြီးပိုင်တင်က သူ၏ လက်ကြီးကို မြှောက်ကာဖြင့် လက်အောက်ငယ်သားများကို အချက်ပေးရန် ပြင်၏။ သို့သော်လည်း နောက်တစ်ခဏ အတွင်းမှာပဲ သူ၏ မျက်နှာက သိသိသာသာ ပျက်ယွင်းသွား၏။ ပြီးနောက် အော်ဟစ်လိုက်သည်။ “မီးစာတွေကို ဖြုတ်ကြ... မီးစာတွေကို မြန်မြန်ပြန်ဖြုတ်။”
ချက်ချင်းပဲ စစ်သည်တော်များက ယမ်းမှုန့်ပေါ်မှ မီးစာများကို အပြေးအလွှား ဆွဲဖြုတ်ကြ၏။ မဟုတ်ပါက မကြာခင် ပေါက်ကွဲသွားမှာ ဖြစ်၏။ အကြောင်းရင်းက ဘုရားကျောင်း၏ လသာဆောင်ထက်တွင် လူတစ်ဦး ပေါ်ပေါက်လာသောကြောင့်ပင်။
ထိုသူက သူ၏ တပည့်လည်းဖြစ်၊ သူ၏ သခင်လည်းဖြစ်သူ နယ်စားကြီး ဒီဘိုရာ ဖြစ်၏။ မင်းသမီး ဒိုဟာ၏ ဓားက ဒီဘိုရာ၏ လည်ပင်းသို့ ထိကပ်ထား၏။ အနည်းငယ်မျှ ဆွဲလိုက်သည်နှင့် ဤလှပသည့် ဦးခေါင်းက ခန္ဓာကိုယ်မှ ပြတ်တောက်သွားပေလိမ့်မည်။
ထင်မှတ်မထားဘဲ ဒီဘိုရာက ရန်သူ့လက်အတွင်းသို့ ကျရောက်နေလျက် ရှိနေပြီး သတိလစ် မေ့မြောနေ သေး၏။
“သူ အသက်ရှင်နေသေးတယ်။”
မင်းသမီးဒိုဟာက ပြောသည်။ “သခင်ကြီးပိုင်တင်... စစ်တပ်ကို မိုင် ၁၀၀ အကွာထိ ဆုတ်ခွာဖို့ ကျွန်မ အမိန့်ပေးတယ်။ မဟုတ်ရင် ဒီဘိုရာရဲ့ ဘယ်ဘက်လက်မောင်းကို ခုတ်ဖြတ်ပစ်မယ်။ ၅... ၄... ၃... ၂... ၁။”
မင်းသမီးဒိုဟာ၏ ရေတွက်မှုက တကယ့်ကို မြန်ဆန်၏။ စဉ်းစားချိန်ပင် မပေးဘဲ ဓားဖြင့် ချက်ချင်း ခုတ်၏။
“ရပ်... ရပ်... ရပ်။”
ပိုင်တင်က လှမ်းကာ အော်ဟစ်သည်။ “အားလုံး မီတာတစ်ရာဆုတ်ကြ... နောက်ကို ဆုတ်ကြ။”
သခင်ကြီးပိုင်တင်၏ အမိန့်နှင့်အတူပဲ ကျွမ်းကျင်စစ်သည် ထောင်ပေါင်းများစွာနှင့် ကျောက်ခဲပစ်စက် တစ်ဒါဇင်ကျော်တို့က မီတာ ၁၀၀ အကွာဝေးဆီသို့ နောက်ဆုတ်သွားခဲ့ကြ၏။
“မင်းသမီးဒိုဟာ... မင်းတို့ လွတ်မှာ မဟုတ်ဘူး။”
ပိုင်တင်က ဆိုသည်။ “ကျုပ်တို့မှာ ဒီအိမ်တော်တစ်ခုလုံးကို ဝိုင်းထားတဲ့ စစ်သည်သောင်းနှင့်ချီ ရှိတယ်။ မင်းတို့ဆီမှာ လူ ၁၀၀ ကျော်ပဲ ရှိတာ။ ဘယ်လိုနည်းနဲ့မှ တိုက်ခိုက်ပြီး ထွက်သွားလို့ရမှာ မဟုတ်ဘူး။”
မင်းသမီးဒိုဟာက မေး၏။ “ဒီနယ်စားနန်းတော် တည်ရှိတဲ့တောင်က ဘယ်လောက် မြင့်တာလဲ။”
သခင်ကြီးပိုင်တင်က ပြန်ဖြေသည်။ “မီတာ ၅၀၀ ရှိတယ်။”
မင်းသမီးဒိုဟာက ထပ်မေး၏။ “ဒီဘုရားကျောင်းကကော ဘယ်လောက် မြင့်လဲ။”
“၅၃ မီတာ ရှိတယ်။”
“ကျေးဇူးတင်ပါတယ်။”
မင်းသမီးဒိုဟာက ပြော၏။ ပြီးနောက် သူမက လက်ကို ဝှေ့ယမ်းပြကာဖြင့် အမိန့်ပေးလိုက်သည်။ “ဆုတ်ခွာဖို့ ပြင်ဆင်ကြတော့။”
သခင်ကြီးပိုင်တင်က ပြော၏။ “မင်းသမီးဒိုဟာ... မင်းတို့ ပျံသန်းနေတဲ့ ဘောလုံးတွေက ဝေးရာကို ရောက်သွားပြီ။ နယ်စားကြီး ဒီဘိုရာကို ခေါ်ပြီး ဒီမြို့ကနေ ထွက်သွားဖို့ဆိုတာ စိတ်ကူးယဉ်နေတာပဲ။ မင်းတို့ လူ ၁၀၀ ကျော်နဲ့ ဒီလို အထပ်ထပ် ဝိုင်းထားတဲ့ ကြားကနေ တိုက်ခိုက်ပြီး ထွက်ခွာသွားဖို့ ဆိုတာ မဖြစ်နိုင်ဘူး။”
မင်းသမီးဒိုဟာက ပြောသည်။ “အဲဒါ ရှင် ပူပန်စရာ မလိုပါဘူး။”
အမေဇုန် အမျိုးသမီး ၁၀၀ ကျော်တို့က ဘုရားကျောင်းဝင်းသို့ ဝင်သွားပြီးနောက် သူတို့၏ လေဟုန်စီး ကိရိယာများကို အလျင်အမြန်ဆုံးသော အရှိန်ဖြင့် ဝတ်ဆင်ကြ၏။
“မင်းသမီး... ကျွန်မတို့ ဘုရားကျောင်းရဲ့ ထိပ်ဆုံးမှာ စောင့်နေပါ့မယ်။” တပ်မှူးကွေ့နင်က လှမ်းပြောသည်။
ပြီးနောက် လူ ၁၀၀ ကျော်တို့က မီတာ ၅၃ မီတာ မြင့်သည့် ဘုရားကျောင်း၏ အမိုးပေါ်သို့ တက်သွားကြ၏။ သူတို့က မတ်စောက်သည့် အမိုးများပေါ်တွင် ရှိနေသော်လည်း ညီညာသည့် မြေပြင်ပေါ်တွင် လမ်းလျှောက်နေရသည့်အလား အေးဆေးတည်ငြိမ်၏။
သခင်ကြီးပိုင်တင်က အံ့အားသင့်သွား၏။ ဤလူများက ဘာလုပ်နေကြသနည်း။ အဘယ်ကြောင့် ဘုရားကျောင်း၏ အမိုးပေါ်သို့ တက်ရောက်သွားကြသနည်း။
“မကောင်းတော့ဘူး။ သူတို့ ပျံထွက်သွားတော့မလို့ပဲ။ ပျံသွားကြမှာ။”
တာလွန်က လှမ်းကာ အော်ဟစ်သည်။ အမြန်တားကြပါအုံး။”
ပိုင်တင်၏ မျက်နှာက ပျက်ယွင်းသွား၏။ ကျွမ်းကျင်စစ်သည် ၁၀၀ ကျော်တို့နှင့်အတူ ဘုရားကျောင်းဝင်းသို့ အပြေးအလွှားဝင်ကာ အမိုးပေါ်သို့ တက်ရန် ကြိုးစား၏။ သို့သော်ငြား နောက်ကျသွားခဲ့၏။ အမေဇုန် အမျိုးသမီး အနည်းငယ်တို့က တြိဂံပုံ တောင်ပံများကို ချက်ချင်း ဖြန့်၏။
မင်းသမီးဒိုဟာက နယ်စားကြီးဒီဘိုရာကို သူမ၏ ခန္ဓာကိုယ်နှင့် တွဲချည်၏။ တြိဂံ တောင်ပံ အောက်တွင် လဲလျောင်းလျက် ရှိနေစေ၏။ “နှုတ်ဆက်ပါတယ် သခင်ကြီးပိုင်တင်။”
“ဟူး။”
ပြီးနောက် မင်းသမီးဒိုဟာက ခဏမျှ ပြေးသွားပြီး တြိဂံတောင်ပံကို ထိန်းချုပ်ကာဖြင့် တိုက်ရိုက် ပျံသန်း ထွက်ခွာသွားတော့၏။ သူမက လေဟုန်စီးဝတ်စုံ ရှိသော်လည်း ထိုအရာက လူနှစ်ယောက်၏ အလေးချိန်ကို မခံနိုင်ချေ။ တြိဂံတောင်ပံကသာ လူနှစ်ယောက်ကို သယ်ဆောင်နိုင်ပေမည်။
ဤနေရာတွင် ကမ်းခြေဒေသ ဖြစ်သည့်အတွက် ပင်လယ်လေများ အမြဲတိုက်ခတ်နေ၏။ လေဟုန်စီး တောင်ပံများက ခဏမျှ နိမ့်ဆင်းသွားပြီးနောက် အနောက်ဘက်ဆီသို့ ဦးတည် ပျံသန်းသွားလေတော့သည်။
ထိုနောက်တွင်တော့ ပိုမို၍ အံ့အားသင့်စရာ ကောင်းသည့် မြင်ကွင်း ဖြစ်ပေါ်လာ၏။ အမေဇုန် အမျိုးသမီး တစ်ဦးပြီး တစ်ဦးက ဘုရားကျောင်း အမိုးပေါ်မှ ခုန်ဆင်းကြပြီး သူတို့၏ ခြေလက်များကို ဖြန့်ကားကာဖြင့် တိုက်ရိုက် ပျံသန်း ထွက်ခွာသွားခဲ့ကြ၏။
ဘုရားကျောင်းကြီးကို အလွန် မြင့်မားစွာ တည်ဆောက်ထားခဲ့သည့် ဒီဘိုရာကို ကျေးဇူးတင်ရမှာ ဖြစ်သလို၊ ရဲတိုက်ကို မီတာ ၅၀၀ ကျော်မြင့်အောင် တောင်ပေါ်တွင် တည်ဆောက်ခဲ့သည့် ရော့ဆိုမိသားစုကိုလည်း ကျေးဇူးတင်ရပေမည်။ မီတာ ၆၀၀ ရှိသည့် အမြင့်တွင် တြိဂံတောင်ပံ သို့မဟုတ် လေဟုန်စီး ဝတ်စုံဖြင့် ပျံသန်းရန် ဆိုတာ လုံလောက်၏။
ပြီးနောက် သခင်ကြီးပိုင်တင်နှင့် မရေတွက်နိုင်သည့် လူပေါင်းများစွာတို့က အမေဇုန် စစ်သည် ၁၀၀ ကျော်တို့ ကောင်းကင်ပေါ်မှ ပျံသန်း ထွက်ခွာသွားသည်ကို ငေးကြည့်နေခဲ့ကြ၏။ ဤမြင်ကွင်းက တကယ့်ကို အသက်ရှူ မှားလောက်အောင် အံ့အားသင့်စရာ ကောင်းလွန်း၏။ သူတို့က ကောင်းကင်မှ ဆင်းသက် လာခဲ့သည် သာမက ကောင်းကင်ယံသို့ပင် ပြန်လည်ကာ ပျံသန်း ထွက်ခွာသွားခဲ့ကြပြီ ဖြစ်သည်။
အရှေ့တိုင်းသား ရှမ့်လန် ဆိုသူက တကယ့်ကို နတ်ဘုရားကဲ့သို့သောလူ ဖြစ်၏။ ဤသို့နှင့် အမေဇုန် စစ်သည် ၁၀၀ ကျော်တို့က နယ်စားကြီး ဒီဘိုရာကို ဖမ်းဆီးပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွား၏။ စစ်သည်တော် သောင်းနှင့်ချီသည့် အထပ်ထပ် ဝန်းရံမှုကို ကျော်ဖြတ်ပြီးနောက် ပီကျင်းမြို့ အပြင်ဘက်သို့ ပြန်ထွက်သွားခဲ့ကြ၏။
..............
အချိန်ကို အနည်းငယ် နောက်ပြန်ဆုတ်မည်ဆိုလျှင် မီးနတ်ဘုရားကျောင်း၏ နတ်ဆရာမက တပည့် ဒါဇင်ပေါင်းများစွာတို့ကို ဦးဆောင်ပြီး ပီကျင်းမြို့ဆီမှ ထွက်ခွာ၏။ သူမ၏ ရည်ရွယ်ချက်က ရှမ့်လန်နှင့် အမေဇုန် အမျိုးသမီး စစ်သည်တော် ၅၀၀ ကို ရှေးဟောင်းယဉ်ကျေးမှု၏ စွမ်းအားကို အသုံးပြုပြီး မကြုံစဖူးသော အစုံလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီး ပြုလုပ်ရန်ပင်။
နတ်ဆရာမက အမေဇုန် စစ်စခန်းနီးသို့ ရောက်ရန် မလိုအပ်ချေ။ ထိုအစား သူမက မလှမ်းမကမ်းရှိ တောင်ထိပ်တစ်ခုဆီသို့ သွား၏။ ပြီးနောက် သူမက ငှက်လှောင်အိမ်တစ်ခုကို ထုတ်ယူလိုက်၏။ အတွင်း၌ အလွန် နိုးကြားသည့် ငှက်တစ်ကောင် ရှိ၏။ ထိုအရာ၏ အမွှေးအတောင်များက မီးတောက်များကဲ့သို့ နီရဲလျက် ရှိနေပြီး ငှက်၏ မျက်လုံးမှပဲလျှင် ဉာဏ်ပညာနှင့် ပြည့်စုံသည့် အရိပ်ယောင်များ ပေါ်ပေါက်နေ၏။
နတ်ဆရာမက မီးငှက်ကို သူမ၏ လက်ဖဝါးပေါ် တင်ပြီးနောက် စကားအနည်းငယ်ကို တီးတိုးဆို၏။ မီတာအနည်းငယ်အကွာရှိ အမေဇုန် စစ်စခန်းဆီသို့ ညွှန်ပြသည်။
“နားလည်လား။ အဲဒီစခန်းဆီကို သေခြင်းတရားတွေ သယ်ဆောင်သွားတော့။ နားလည်လား။” နတ်ဆရာမကြီးက ဆို၏။
ပြီးနောက် သူမက လက်ကို ဖြန့်လိုက်၏။ မီးငှက်က လေထဲသို့ တိုက်ရိုက် ပြန်တက်သွား၏။ ထိုအရာက ချက်ချင်း ပြန်ထွက်မသွားဘဲ လေထဲတွင် ပျံဝဲလျက် ရှိနေသည်။
“ယူခဲ့ကြ။” နတ်ဆရာမကြီးက အမိန့်ပေး၏။
ပုရောဟိတ် နှစ်ဦးတို့က သေတ္တာကြီး တစ်လုံးကို သယ်ဆောင်လာ၏။ ပုရောဟိတ်များက တကယ့်ကို ထူးဆန်းသည့် အဝတ်အစားများကို ဝတ်ဆင်ထားခဲ့ကြပြီး ခန္ဓာကိုယ်တစ်ခုလုံးကို လုံအောင် ဖုံးပိတ် ထားကာဖြင့် မျက်လုံးများကိုပင် ချန်မထားခဲ့ချေ။
“အားလုံး သွားလို့ရပြီ။” နတ်ဆရာမက ဆို၏။
ချက်ချင်းပဲ တပည့်ဒါဇင်ပေါင်းများစွာတို့က အပြေးအလွှားဖြင့် ထွက်ခွာသွားခဲ့ကြ၏။ နတ်ဆရာမက သေတ္တာကို ဖွင့်လိုက်၏။ ထိုအရာက ပန်ဒိုရာ သေတ္တာကို ဖွင့်လိုက်သည့်အလားပဲ။ ခဏအတွင်းမှာပဲ မရေတွက်နိုင်သည့် ငရဲမီးပိုးကောင်များက မဲမှောင်လျက်ရှိနေသည့် တိမ်တိုက်ကြီးသဖွယ် ပျံတက် ထွက်ခွာသွားခဲ့ကြသည်။
“သွားကြ... သွားကြ။” နတ်ဆရာမက လက်ကို ဝှေ့ယမ်းလိုက်၏။ လှပသည့် မီးငှက်က ရှမ့်လန်နှင့် အမေဇုန် စစ်သည်တို့၏ စခန်းဆီသို့ ချက်ချင်း ပျံသန်းသွား၏။ မရေတွက်နိုင်သည့် ငရဲမီးပိုးကောင်များက မီးငှက်၏ နောက်မှ အမဲရောင်အရိပ်ကြီးသဖွယ် လိုက်ပါသွားခဲ့ကြပြီး အမေဇုန် စစ်စခန်းဆီသို့ ပျံသန်းသွား၏။
ဤသည်က ရှေးဟောင်းယဉ်ကျေးမှု၏ ရလဒ်တစ်ခုပင်။ သူတို့က တကယ့်ကို သေးငယ်လွန်းသောကြောင့် မည်သည့် အပေါက်ငယ်မှမဆို တိုးဝင်နိုင်ပြီး မည်သည့် သံချပ်ဝတ်တန်ဆာမှ တားဆီးနိုင်ခြင်း မရှိချေ။ ထို့အပြင် အမေဇုန် အမျိုးသမီးစစ်သည်တော်များတွင်လည်း မည်သည့် ချပ်ဝတ်တန်ဆာမှ ရှိမနေပေ။ ငရဲမီးပိုးကောင်များက တကယ့်ကို သေးငယ်လွန်းသောကြောင့် အနိုင်ယူရန် မဖြစ်နိုင်သလို ရိုက်သတ်ရန်လည်း မလွယ်ကူကြချေ။
ယခင်က သူတို့ အကောင် ၁၀၀ ခန့်က လူ ဆယ်ကျော်ကို သတ်ဖြတ်နိုင်ခဲ့၏။ ယခု မီးနတ်ဘုရား ပုရောဟိတ်မက ထိုအရာတို့ကို သိန်းနှင့်ချီကာ စေလွှတ်လိုက်ပြီ ဖြစ်သည်။
“အနောက်လောကရဲ့ အစွမ်းထက်ဆုံး စစ်တပ်ကြီးလား။ မကြာခင် ပြာဖြစ်တော့မှာပဲ။ ဒါပေမဲ့ ဒါက ပြီးပြည့်စုံတဲ့ ကိစ္စတစ်ခုပဲ။ ဒီလို အစွမ်းထက်တဲ့ စစ်သည်မျိုးကသာ ကြီးမြတ်တဲ့ ယစ်ပူဇော်မှုနဲ့ ထိုက်တန်တယ်။ မီးနတ်ဘုရားကျောင်းအတွက် ခြေနင်းတုံး ဖြစ်လာဖို့ ထိုက်တန်တယ်။ နှုတ်ဆက်ပါတယ် အမေဇုန်စစ်တပ်ကြီး။”
................
အမေဇုန် စစ်စခန်းအတွင်းမှာတော့ ရှမ့်လန်က အိပ်မပျော်သေးချေ။ သူက ခေါင်းဖြတ် စစ်ဆင်ရေး ရလဒ်ကို စောင့်စားနေခြင်း ဖြစ်သည်။ ကျန်ရှိနေသည့် အမေဇုန်အမျိုးသမီး စစ်သည်ငါးထောင်တို့က ကင်းလှည့်နေသူများမှလွဲ၍ ကျန်သူများက မှိတ်စိမှိတ် အနားယူနေကြ၏။ စစ်စခန်းတစ်ခုလုံးက တိတ်ဆိတ် ငြိမ်သက်နေကြ၏။
ရှမ့်လန်က ယာယီတည်ဆောက်ထားသည့် စင်မြင့်ထက်သို့တက်ပြီး ပီကျင်းမြို့ဆီသို့ လှမ်းကာ ကြည့်ရှုရန် ကြိုးစား၏။ မင်းသမီးဒိုဟာ၏ ခေါင်းဖြတ်စစ်ဆင်ရေးက အောင်မြင်မည်လား သူ မသိချေ။ ဤစစ်ဆင်ရေးက တကယ့်ကို အန္တရာယ်များ၏။ ဒီဘိုရာကို ဖမ်းဆီးနိုင်မှသာလျှင် ဤတိုက်ပွဲက ကြီးမားသည့် အောင်ပွဲဟု ဆိုရမည်။
သို့သော်ငြား ထိုအချိန်မှာပဲ ရှမ့်လန်က ကောင်းကင်ယံတွင် မီးတောက်တစ်ခု ချဉ်းကပ်လာသည်ကို မြင်ရ၏။ ထိုအရာက မည်သည့်အရာ ဖြစ်သနည်း။ မီးပုံပျံတစ်ခုခု ပြန်လည် ပျံသန်းလာခြင်းလား။ မဖြစ်နိုင်ချေ။ မီးတောက်က ပို၍ ပို၍ နီးကပ်လာသည်။
ရှမ့်လန်က သေချာကြည့်လိုက်၏။ ထိုအရာက ငှက်တစ်ကောင်ဖြစ်ပြီး သူ၏ စစ်စခန်းဆီသို့ ပျံသန်းလာခြင်း ဖြစ်ကြောင်း သိလိုက်ရ၏။ ထိုအရာက အလွန် လှပသည့် ငှက်တစ်ကောင်ဖြစ်ပြီး မီးလုံးကြီးတစ်လုံးနှင့် ဆင်တူ၏။
သို့သော်ငြား အဘယ်ကြောင့် သူ၏စိတ်ထဲတွင် မသက်မသာ ခံစားနေရသနည်း။ ထိုအရာက ကြီးမားသည့် ဘေးအန္တရာယ်တစ်ခုနှင့် ရင်ဆိုင်နေရသကဲ့သို့ပင်။
မီးငှက်က မည်ကဲ့သို့သော သေစေနိုင်သည့် ခြိမ်းခြောက်မှုမျိုး ရှိမည်နည်း။ ဤမီးငှက်ကို မြင်သည်နှင့် ရှမ့်လန်က မီးနတ်ဘုရားကျောင်းကို ချက်ချင်း အမှတ်ရ၏။ သူက X-Ray အမြင်ဖြင့် ကောင်းကင်ယံကို လှမ်းကြည့်၏။ ဆံပင်များ ထောင်ထသွားသည်။
သာမန် မျက်စိနှင့်ကြည့်လျှင် ဘာမှ မမြင်ရချေ။ သို့သော်ငြား X-Ray အမြင်၏ အောက်တွင်တော့ ကောင်းကင်တွင် ဘာမှန်းမသိသည့် အရာများနှင့် ပြည့်နှက်နေသည်ကို မြင်ရ၏။ ထိုအရာက တကယ့်ကို တောက်ပလျက်ရှိနေပြီး ရေတွက်၍ပင် မရနိုင်ချေ။ သောင်းနှင့်ချီ၍ သို့မဟုတ် သိန်းနှင့်ချီ၍ ရှိနိုင်၏။ မီးငှက်၏နောက်မှ လိုက်ပါလာခဲ့ပြီး သူတို့က ဖျက်ဆီးခြင်း တိမ်တိုက်ကြီး တစ်ခုသဖွယ် အမေဇုန် စစ်စခန်းဆီသို့ ဦးတည်နေခဲ့၏။
ရှမ့်လန်၏ ဆံပင်များက ထောင်ထသွား၏။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ပြေးကြ... အားလုံး ပြေးကြတော့။ အနောက်ဘက်ကို အမြန်ဆုံးပြေးကြ။ အနီးဆုံး ရေကန်ကိုရှာပြီး အထဲကို ငုပ်နေကြ။”
အမျိုးသမီးစစ်သည်တော်များက လုံးဝနာခံမှု ရှိသူများပင်။ သူတို့က အမိန့်သံကိုကြားသည်နှင့် တပြိုင်နက် စကားတစ်လုံးမှ မဆိုဘဲ မျက်လုံးများကို ဖွင့်ကာဖြင့် မြင်းပေါ်သို့တက်၍ အနောက်ဘက်ဆီသို့ ပြေး၏။ သို့သော်ငြား အားလုံးပြေးရန်က မဖြစ်နိုင်ချေ။ အမျိုးသမီးစစ်သည်တော် ရာနှင့်ချီ၍ ရှမ့်လန်ကို လာရောက် ခေါ်ဆောင်ကြ၏။ သူတို့က ရှမ့်လန်ကို ကာကွယ်ပြီး အတူ ထွက်ခွာသွားလို၏။
ထိုအချိန်မှာတော့ ရှမ့်လန်က ထူးဆန်းသည့် မြင်ကွင်းတစ်ခုကို မြင်ရ၏။ ကောင်းကင်ပေါ်ရှိ အမဲရောင်အရိပ် ကဲ့သို့သော ပိုးကောင်များက မရေတွက်နိုင်သည့် ပိုးစုန်းကြူးများကဲ့သို့ ရုတ်ချည်း လင်းထိန်လာ၏။ သို့သော်ငြား ထိုအရာများက ပိုးစုန်းကြူးများထက် ပိုမိုကာ သေးငယ်သည်။
မီးတောက်ကဲ့သို့သော ပိုးကောင်ဒါဇင်ပေါင်းများစွာတို့က အမေဇုန်စစ်မြင်းတစ်ကောင်အတွင်းသို့ တိုးဝင် သွား၏။
ကြီးမားသည့် အမေဇုန်စစ်မြင်းကြီးက ရုတ်တရက် ခုန်ပေါက်ကာ ပြေး၏။ ပြီးနောက် သူ၏ ခန္ဓာကိုယ်ဆီမှ စိမ်းဖန့်ဖန့် မီးတောက်များ ထွက်ပေါ်၏။ ပြီးနောက်မှာတော့ မျက်လုံးများ ပေါက်ကွဲ ထွက်လာ၏။ ခန္ဓာကိုယ်တစ်ခုလုံး ဆီသို့ ပျံ့နှံ့ပြီးနောက် မြင်းကြီးက ပြေးလွှားနေရင်း မီးလောင်တော့၏။ ခဏအတွင်း ထိုမြင်းက ပြာပုံအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အပိုင်း (၈၅၂)
ရှမ့်လန်က လုံးဝ မှင်သက်သွားရ၏။ ဤသည်က မည်သည့်အရာ ဖြစ်သနည်း။ ဤမျှ ထူးဆန်းပြီး ကြောက်မက်ဖွယ်ရာကောင်းသည်က မည်သည့်အရာ ဖြစ်သနည်း။ မီးနတ်ဘုရားဂိုဏ်း၏ မည်သည့် လျှို့ဝှက်လက်နက်ဖြစ်သနည်း။ ထိုအရာက ငရဲမီးနှင့် ဆင်တူ၏။
ပြီးနောက် ရှမ့်လန်၏ မျက်လုံးများ ပြူးထွက်သွားစေနိုင်သော နောက်ထပ် မြင်ကွင်းတစ်ခု ပေါ်ပေါက် လာပြန်၏။ အမေဇုန် အမျိုးသမီးစစ်သည်တော် ရာပေါင်းများစွာတို့က သူ့ကို ကာကွယ်ရန် အသည်းအသန် ပြေးဝင်လာကြသည်။
ထိုအချိန်မှာတော့ မရေတွက်နိုင်သည့် ငရဲမီးပိုးကောင်များက သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ တစ်ကောင်ပြီး တစ်ကောင် တိုးဝင်၏။ အမေဇုန် အမျိုးသမီးစစ်သည်များက အသည်းအသန် ရုန်းကန်ကြပြီး ဓားနှင့်ခုတ်၏။ သို့သော်ငြား အချင်းနှီးသာပင်။ အားလုံးက တစ်ဦးပြီးတစ်ဦး ပြာအဖြစ် ကျွမ်းလောင်သွားခဲ့၏။
ရှမ့်လန်က ရင်နာနာနှင့် ကြည့်နေ၏။ ထိုသူတို့၏ ခန္ဓာကိုယ်မှ စိမ်းဖန့်ဖန့် မီးတောက်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်နေသည်။
“မလုပ်နဲ့။” ရှမ့်လန်က ရုတ်တရက် အော်ဟစ်၏။ ပြီးနောက် သူက မရေတွက်နိုင်သည့် ငရဲမီးပိုးကောင်များ သူ၏ အမေဇုန်စစ်သည်တို့ ဆီသို့ ဦးတည်နေသည်ကို မြင်ရ၏။
လေတစ်ချက် တိုက်ခတ်ပြီးနောက် ထိုပိုးကောင်များက ပိုမိုလျင်မြန်စွာ ပျံသန်း၏။ မကြာခင်မှာပဲ အမေဇုန် စစ်တပ်ကြီးတခုလုံးကို မှီသွားပေတော့မည်။ သူ၏ အစွမ်းထက်သည့် အမေဇုန်စစ်တပ်ကြီးက လုံးဝ ပျက်စီးပေတော့မည်။ အစွမ်းထက် လှပသည့် အမျိုးသမီးစစ်သည်တော်များကလည်း ပြာအဖြစ် ပြောင်းလဲ ပေတော့မည်။
“အား ...” ရှမ့်လန်က ရူးသွပ်စွာ အော်ဟစ်၏။ သူက ရုတ်တရက် ဓားတစ်လက်ကို ဆွဲထုတ်ပြီး သူ၏ လက်မောင်းနှင့် ရင်ဘတ်ကို လှီးဖြတ်လိုက်၏။ သွေးများက ပန်းထွက်လာ၏။ ထိုအရာများက ကောင်းကင်ရှိ ငရဲမီးပိုးကောင်နှင့် ငရဲမီးငှက်များကို လှမ်းခေါ်နေသည်။
“လာကြစမ်း.။ ငါ့ဆီ လာကြစမ်း။ ငါ့သွေးက ပိုပြီး အရသာရှိတယ်။”
ပြီးနောက် ကောင်းကင်ယံရှိ ငရဲမီးငှက်က ရပ်တန့်၏။ သူက လေထဲတွင် ဝဲပျံပြီး ရှမ့်လန်ကို စိုက်ကြည့်၏။ မရေတွက်နိုင်သည့် ငရဲမီးပိုးကောင်များကလည်း ရပ်တန့်သွား၏။ နောက်တစ်စက္ကန့်အတွင်းမှာပဲ ငရဲမီးငှက်က ရှမ့်လန်ထံသို့ ရုတ်ချင်း ပျံသန်းလာ၏။ ထိုအရာ၏ နောက်မှ ငရဲပိုးကောင် သိန်းနှင့်ချီသည့် အမဲရောင်အရိပ်ကြီးကလည်း ရှမ့်လန်ထံသို့ တိုးဝင်လာ၏။
မျက်တောင်တစ်ခတ်အတွင်းမှာပဲ အားလုံးက ရှမ့်လန်၏ ရှေ့မှောက်သို့ ရောက်ရှိ၏။ ငရဲမီးငှက်က မီတာဒါဇင် အနည်းငယ်အကွာမှ ရှမ့်လန်ကို စိုက်ကြည့်နေ၏။ ထိုအရာ၏ မျက်လုံးများက ဉာဏ်ပညာရှိသည့် အရိပ်အယောင်များ ရှိနေပုံပေါ်သည်။
ရှမ့်လန်က သွေးများဖြင့် ရွှဲနစ်နေ၏။ သူက ထိုငှက်ကို ပြုံးပြကာ ပြော၏။ “နေကောင်းလား။”
“ဝူး။”
သိန်းနှင့်ချီသည့် ငရဲမီးပိုးကောင်များက ရှမ့်လန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဝိုင်းရံကာ ပျံဝဲနေ၏။ ပြီးနောက် ထိုအရာအားလုံးက ပိုးစုန်းကြူးကဲ့သို့ လင်းလက်သွား၏။ စိမ်းဖန့်ဖန့် အလင်းရောင်များ ထွက်ပေါ်လာ၏။ ထိုမြင်ကွင်းက တကယ်ကို ခမ်းနားသလို အသက်ရှူမှားလောက်အောင်လည်း ခမ်းနားသည်။
သိန်းနှင့်ချီသည့် ငရဲမီးပိုးကောင်များက မဲမှောင်လျက် ရှိနေသည့် ကောင်းကင်ယံထက်တွင် စိမ်းဖန့်ဖန့် မီးတောက်ကြီးတစ်ခုသဖွယ် ပြင်းထန်စွာ တောက်လောင်လျက်ရှိ၏။
“ဖျက်ဆီးစမ်း။” ငရဲမီးငှက်က သာလိကာငှက်တကောင်ကဲ့သို့ ပါးစပ်ကိုဖွင့်ကာ စကားနှစ်လုံးကို ပြောသည်။
ရှမ့်လန်က ထိုအရာ ဘာကိုပြောသည်ကို မသိသော်လည်း ဘာကိုဆိုလိုသည်ကိုတော့ ခန့်မှန်းနိုင်၏။ ငရဲမီးငှက်၏ အမိန့်နှင့်အတူပဲ ငရဲမီးပိုးကောင်သိန်းချီတို့က ရှမ့်လန်၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာပြီး ခန္ဓာကိုယ်အတွင်းရှိ ထူးဆန်းသည့် အရာအားလုံးကို ရှမ့်လန်၏ သွေးကြောထဲသို့ ထိုးသွင်းကြ၏။
“အား ....” ရှမ့်လန်က စူးရှစွာ အော်ဟစ်၏။ အကြောင်းရင်းက တကယ်ပဲ ခံရခက်ပြီး နာကျင်လွန်းသောကြောင့်ပင်။ ဆေးထိုးလျှင် နာကျင်သည်လား။ ယခု သူနာပြုဆရာမ သိန်းနှင့်ချီ၍ သူ့ကို တပြိုင်နက်တည်း ဆေးထိုးနေသကဲ့သို့ပင်။ ထူးဆန်းသည့်အရာများကို သူ၏ခန္ဓာကိုယ်အတွင်းသို့ ထိုးသွင်းနေသည်။
တချိန်တည်းမှာပဲ ရှမ့်လန်၏ ခန္ဓာကိုယ်က လုံးဝ ကြည်လင်သွား၏။ ထူးဆန်းသည့် စိမ်းဖန့်ဖန့် အလင်းရောင်များ ထွက်ပေါ်လာ၏။ သိန်းနှင့်ချီသည့် ငရဲမီးပိုးကောင်များက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လက်မဝက်လောက်တောင် မလွတ်စေဘဲ လွှမ်းခြုံထား၏။ “အား... အား...”
“မလုပ်နဲ့... မလုပ်နဲ့။”
ဤမြင်ကွင်းကို မြင်တွေ့ရသည့် အမေဇုန် အမျိုးသမီး စစ်သည်တော်ပေါင်း များစွာတို့က သူတို့၏ ခန္ဓာကိုယ်မှ ဝိညာဉ်များ လွင့်စင်သွားတော့မည်အလားပင် အသည်းအသန် အော်ဟစ်လျက်ရှိသည်။
အခိုက်အတန့်က အလွန်လျင်မြန်စွာ ဖြစ်တည်နေသောကြောင့် သူတို့အနေနှင့် ကယ်တင်ရန် မဖြစ်နိုင်ခဲ့ချေ။ သူတို့က ဖြစ်နိုင်မည်ဆိုပါက မိမိ၏အသက်ကို စတေးပြီး ထူးဆန်းသည့် မီးပိုးကောင်များကို သူတို့၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်စေရန် ဖိတ်ခေါ်မိပေလိမ့်မည်။
ယခုတော့ သူတို့၏အရှင်သခင်က သူတို့ကို မသေစေချင်သောကြောင့် ခန္ဓာကိုယ်အတွင်းသို့ မီးပိုးကောင်များကို ဖိတ်ခေါ်ခဲ့သည်။
ပိုးကောင်ဒါဇင် အနည်းငယ်မျှက အစွမ်းထက်သည့် အမေဇုန် စစ်သည်တော်တစ်ဦးကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့၏။ ယခု သိန်းနှင့်ချီသည့် ငရဲမီးပိုးကောင်တို့က သူတို့၏ အရှင်သခင် ရှမ့်လန်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားခဲ့ပြီ ဖြစ်သောကြောင့် သေချာပေါက် သေဆုံးရပေတော့မည်။ အသက်ရှင်ရန် အခွင့်အလမ်း လုံးဝမရှိဘဲ တခဏအတွင်း ပြာအဖြစ်သို့ ပြောင်းလဲသွားပေမည်။
“မလုပ်ပါနဲ့... မလုပ်ကြပါနဲ့။”
အမေဇုန် အမျိုးသမီးစစ်သည်တော် ထောင်ပေါင်းများစွာတို့က စင်မြင့်ထက်ရှိ တစ်ကိုယ်လုံး လင်းထိန်လျက် ရှိနေသည့် သူတို့၏ အရှင်သခင် ရှမ့်လန်ကို လှမ်းကာ ကြည့်၏။ ပြီးနောက် မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် ငိုကြွေးမိကြ၏။
ပြီးနောက် သူတို့၏ ပင်ကိုယ်အသိစိတ်အရ မိမိကိုယ်ကို သတ်သေရန် ပြင်ဆင်၏။ သူတို့၏ မူလတာဝန်က အရှင်သခင်ကို ကာကွယ်ရန်ပင်။ ယခု သူတို့၏ အရှင်သခင်က သူတို့ကို ကာကွယ်ရင်းနှင့် သေဆုံးခဲ့ပြီ ဖြစ်သောကြောင့် သူတို့က ဤလောကကြီးတွင် အဘယ်သို့ ဆက်လက်ကာ အသက်ရှင်ပါမည်နည်း။
အရှင်သခင် ပြာဖြစ်၍ သေဆုံးသွားသည်နှင့် တပြိုင်နက် သူတို့ကလည်း အတူတူ သေကြပေမည်။ သို့သော်လည်း နောက်တစ်စက္ကန့်တွင်တော့ ရှမ့်လန်၏ ခန္ဓာကိုယ်က မီးလောင်ကျွမ်းခြင်း မရှိသည်သာမက ထူးဆန်းသည့် အလင်းရောင်များကလည်း ကွယ်ပျောက်သွား၏။ ပြီးနောက် သူ၏ ခန္ဓာကိုယ်က အမြင့်မှ ပြုတ်ကျလာ၏။
ခဏအကြာမှတော့ အမေဇုန် အမျိုးသမီး စစ်သည်တော် တပ်မှူးက အပြေးအလွှား ပြေးဝင်သွားခဲ့ပြီး ရှမ့်လန်ကို လေထဲတွင် လှမ်းဖမ်းသည်။
..............
အချိန်မည်မျှ ကုန်လွန်သွားခဲ့သည် မသိချေ။ ရှမ့်လန် နိုးထလာခဲ့ပြီးနောက် ပတ်ဝန်းကျင်ကို သေသေချာချာ ကြည့်ရှု၏။ သူက စစ်စခန်းအတွင်း၌ ရှိနေဆဲပင်။
“အရှင်... နိုးလာပြီလား။” တပ်မှူးကွေ့နင်က အလွန် ဝမ်းသာသွား၏။
ရှမ့်လန်က ချက်ချင်း ထထိုင်၏။ သူ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်၏။ သူက သေချာစွာ ကြည့်လိုက်သော်လည်း မည်သည့် ပြောင်းလဲမှုမှ မရှိချေ။
“မှန် ဘယ်မှာလဲ” ရှမ့်လန်က မေးသည်။
တပ်မှူးကွေ့နင်က မှန်တစ်ချပ်ကို ယူလာပေး၏။ ရှမ့်လန်က မှန်ထဲတွင် မိမိကိုယ်ကိုယ် ကြည့်၏။ သူက အရင်အတိုင်း ခန့်ညားနေဆဲပင်။ အနည်းငယ်တော့ မျက်နှာက ဖြူဖျော့သွား၏။ မနေ့ညက သွေး တော်တော်များများ ဆုံးရှုံးခဲ့ပုံ ပေါ်၏။ သို့သော်ငြား ထိုအရာမှလွဲ၍ အခြား ပြောင်းလဲမှု မရှိချေ။
ရှမ့်လန်က မေးမြန်းလိုက်၏။ “ကျုပ် ဘယ်လောက်ကြာကြာ သတိမေ့သွားတာလဲ။”
တပ်မှူးကွေ့နင်က ဖြေသည်။ “၁၀ နာရီ ကြာပါတယ်။”
ရှမ့်လန်က ထပ်မေးလိုက်၏။ “ကျုပ် သတိမေ့နေတုန်း ထူးထူးခြားခြား ဘာတွေ ဖြစ်သေးလဲ။”
တပ်မှူးကွေ့နင်က ခေါင်းခါယမ်းပြသည်။
ရှမ့်လန်က မေး၏။ “နည်းနည်းလေးတောင် ထူးခြားတာ မရှိဘူးလား။”
တပ်မှူးကွေ့နင်က ပြောသည်။ “အရှင် သတိမေ့နေတုန်း ကျွန်မရဲ့ ရင်ဘတ်နဲ့ တခြားနေရာတွေကို လှမ်းကိုင်တဲ့ဟာမျိုးကို ထူးခြားတယ်လို့ ဆိုနိုင်မလား။”
“ဟမ်။”
ဤသည်ကတော့ ထူးခြားသည်ဟု မဆိုနိုင်ချေ။ ပုံမှန် တုံ့ပြန်မှုတစ်ခုသာ ဖြစ်လိမ့်မည်။ သူ၏ လက်က အကျင့်ပါနေခြင်းပင်။
ရှမ့်လန်က အံ့အားသင့်သွား၏။ ဤပိုးကောင်များက တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းပြီး ဒါဇင် အနည်းငယ်မျှကပင် အစွမ်းထက်သည့် အမျိုးသမီး စစ်သည်တော်များကို သတ်ဖြတ်နိုင်၏။ ရှမ့်လန်၏ ခန့်မှန်းချက်အရဆိုရင် ထိုအရာများက ရှေးဟောင်းယဉ်ကျေးမှုမှ သတ္တဝါများ ဖြစ်ပေလိမ့်မည်။
ထိုအရာတို့က ခြင်များထက် ဆယ်ဆမက သေးငယ်၏။ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်နှင့် အရေပြားများကို ဖောက်ထွင်းကာ သွေးကြောအတွင်းသို့ အလွန်ကြောက်မက်ဖွယ်ကောင်းသည့် အရာမျိုးအား ထိုးသွင်း၏။
ထိုအရာများက သွေးများကို အတိုဆုံးအချိန်အတွင်း ထူးဆန်းသည့် ဆိုးဆေးများအဖြစ် ပြောင်းလဲပြီး ခန္ဓာကိုယ်မှ စိမ်းဖန့်ဖန့် မီးတောက်များ ထွက်ပေါ်လာစေ၏။ ပြီးနောက် လူကို ခဏအတွင်း မီးလောင်ကျွမ်းကာ ပြာဖြစ်သွားစေသည်။
ထိုသို့ဆိုလျှင် မနေ့ညက သိန်းနှင့်ချီသော ရှေးဟောင်းမီးပိုးကောင်များက သူ၏ သွေးထဲသို့ ထူးဆန်းသည့် အရာများကို ထိုးသွင်းခဲ့ကြသည် မဟုတ်ပါလား။ မည်ကဲ့သို့ ထူးဆန်းသည့် လျှို့ဝှက်ဒြပ်ပစ္စည်းများ ဖြစ်ပါစေ အနည်းဆုံး ကီလိုဂရမ် အနည်းငယ်ခန့် သူ၏ ခန္ဓာကိုယ်ထဲသို့ ရောက်သွားပေမည်။ အဘယ်ကြောင့် ဘာမှ မဖြစ်ရသနည်း။
ထို့အပြင် သူ၏ ခန္ဓာကိုယ်တွင် သိသာသည့် ပြောင်းလဲမှုများ မရှိချေ။ ဤသည်က အဆိပ်တစ်မျိုးနှင့် တူ၏။ ၀.၁ မီလီဂရမ် ဆိုလျှင်ပင် သေနိုင်သော်လည်း နောက်ဆုံး ရှမ့်လန်က ကီလိုဂရမ် အနည်းငယ် ထိုးသွင်း ခံရလျက်နှင့် ဘာမှ မဖြစ်ခဲ့ချေ။
“ကောင်းကင်ဘုံ... ငါရဲ့သွေးက ဒီလောက်တောင် အဆိပ်ပြင်းတာလား။ စေတီတောင်က ပိုးကောင်တွေတင် မဟုတ်ဘဲနဲ့ မီးနတ်ဘုရားဂိုဏ်းက ရှေးဟောင်းပိုးကောင်တွေပါ အဆိပ်မိစေတာလား။”
ရှမ့်လန်က သူ၏လက်ကို ဆန့်တန်းလိုက်၏။ “ကွေ့နင်.. ကျုပ်လက်ချောင်းကို ဖြတ်ပြီး သွေးနည်းနည်းလောက် ထုတ်ပေးပါအုံး။ ဒါပေမဲ့ ကျုပ်ကို မနာအောင်တော့လုပ်နော်။ အား ......ကွေ့နင်... မင်းက အရမ်းကို မြန်တာပဲ။ မနေ့ညက မင်းကို ကိုင်မိလို့ ငါ့ကို လက်စားချေတာလား။ အား....”
ရှမ့်လန်၏ စကားမဆုံးခင်မှာပဲ ကွေ့နင်က ရှမ့်လန်၏ လက်ချောင်းကို ဓားနှင့်လှီးပြီးဖြစ်၏။ သွေးများကို ခွက်ငယ်လေးတစ်ခုထဲသို့ အစက်ချ၏။ ရှမ့်လန်က သေချာစွာ လေ့လာကြည့်၏။ ဤသွေးများက မည်သည့်အရာမှ ပြောင်းလဲမှု မရှိချေ။ စိမ်းဖန့်ဖန့် အလင်းရောင်လည်း မထွက်ချေ။
“မီးညှိကြည့်ပါအုံး။ ကျုပ် သွေးက မီးလောင်နိုင်လားလို့။” ရှမ့်လန်က ဆို၏။ သူ အတွေးလွန်နေခြင်း သာဖြစ်၏။ သူ၏သွေးက မီးမလောင်ချေ။ ဤသည်က တကယ့်ကို ထူးဆန်း၏။ သိန်းနှင့်ချီသည့် ထူးဆန်းသော ရှေးဟောင်း မီးပိုးကောင်များက သူ့ကို ထူးဆန်းသော ဒြပ်ပစ္စည်းများ ထိုးသွင်းခဲ့ပါလျက်နှင့် သူ၏သွေးက အဘယ်ကြောင့် ပြောင်းလဲမှု မရှိရသနည်း။
“အရှင်... ဒါတွေက မနေ့ညက ပိုးကောင်ရဲ့ အလောင်းတွေပဲ။”
ကွေ့နင်က ပြသလိုက်သည်။ “ကျွန်မ တတ်နိုင်သမျှ စုဆောင်းထားပါတယ်။”
သူမက ပုလင်းတစ်လုံးကို ကမ်းပေး၏။ အတွင်း၌ ရှေးဟောင်းမီးပိုးကောင်အလောင်း လီတာ အနည်းငယ်ခန့် ရှိနေ၏။ ထိုအရာတို့၏ ပုံသဏ္ဍာန်က ထူးဆန်း၏။ သူ တခါမှ မမြင်ခဲ့ဖူးချေ။ သို့သော်ငြား ထိုအရာတို့၏ ပါးစပ်တွင် ပြွန်ချောင်းလေးတစ်ခုစီ ရှိ၏။
ကွေ့နင်၏ ထူးဆန်းသည့် အကြည့်ကို မြင်ချိန်မှာတော့ ရှမ့်လန်က ပြောသည်။ “ဘာကြည့်နေတာလဲ။ ကျုပ်ရဲ့သွေးက အရမ်းအဆိပ်ပြင်းလို့ ဒီလို ကြောက်စရာကောင်းတဲ့ ပိုးကောင်တွေကိုတောင် သေစေနိုင်တယ်လို့ ခင်ဗျား ထင်နေတာလား။”
တပ်မှူးကွေ့နင်က ခေါင်းခါယမ်းပြ၏။
ရှမ့်လန်က ဆက်ပြောလိုက်သည်။ “ဒါဆိုရင် မင်းရဲ့အသိတရားက နိုးကြားလာပြီ။ လက်အောက်ငယ်သား တစ်ယောက်အနေနဲ့ အရှင့်ရဲ့ တကိုယ်ကောင်းဆန်တဲ့ အလိုဆန္ဒကို ဖြည့်ဆည်းဖို့ တာဝန်ရှိနေတယ်လို့ ခံစားနေရလို့ ငါ့ကို မင်းရဲ့ ခန္ဓာကိုယ်များ ပြသချင်နေတာလား။”
“နှုတ်ဆက်ပါတယ်။” တပ်မှူးကွေ့နင်က ထပ်မံ၍ သည်းမခံနိုင်တော့ချေ။ တခါတည်း ထွက်ခွာသွားခဲ့၏။ မူလက သူမက အရှင်သခင်က မိမိကိုယ်ကိုယ် စတေးပြီး သူတို့ကို ကယ်တင်ခဲ့သည့်အတွက် ကျေးဇူးတင်စကားတချို့ ပြောချင်၏။ သို့သော်ငြား သူ၏အရှင်သခင်က တကယ့်ကို ရိုင်းစိုင်းလှ၏။ စကားလုံးများကလည်း အမြဲတမ်း ထိုအကြောင်းများသာ ပြောတတ်၏။
ရှမ့်လန်က သက်ပြင်းရှည်ကြီးကို ချလိုက်မိ၏။ သူက အခြားသောသူများ၏ စိတ်လှုပ်ရှားနေသည့် အကြည့်များကို မခံနိုင်သလို အခြားသောသူများ၏ ကျေးဇူးတင်မှုကို ပို၍ မခံနိုင်ချေ။
ခဏအကြာမှတော့ ရဲရင့်ပြီး လှပလွန်းသည့် အမျိုးသမီးတစ်ယောက် ဝင်လာသည်။ သူမက မင်းသမီး ဒိုဟာပင်။
သူမ၏အမူအရာများက စိတ်လှုပ်ရှားနေပုံရပြီး သူမ၏မျက်လုံးထဲတွင်တော့ စကားလုံးပေါင်းထောင်ချီ ရှိနေပုံ ပေါ်သည်။ မနေ့ည ပြန်ရောက်ပြီးနောက် ဖြစ်ပျက်သမျှကို သိရချိန်၌ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင် အချိန်အတော်ကြာ မှင်သက်နေမိ၏။
“စကားမပြောနဲ့အုံး။ ကျေးဇူးမတင်နဲ့အုံး။ မင်း တကယ်ပဲ ငါ့ကို ကျေးဇူးတင်တယ်ဆိုရင် မင်းရဲ့ ချက်လေးကို နမ်းခွင့်ပေးနိုင်မလား။ ဒါက အရမ်းကို ဆွဲဆောင်မှု ရှိတယ်။” ရှမ့်လန်က ပြောလိုက်သည်။
မင်းသမီး ဒီဘိုရာက ပြောလိုသည့် စကားလုံးများကို ပြန်လည် မျိုသိပ်လိုက်ရ၏။ မြန်မြန် ပြန်လှည့်ထွက်သွားရန် ပြင်သည်။
“မနေ့ညက ကျုပ်တို့ဆီက လူဘယ်နှစ်ယောက်လောက် သေဆုံးသွားခဲ့တာလဲ။” ရှမ့်လန်က တစ်ဖက်လူ ကျေးဇူးတင်စကား မပြောအောင် စကားလမ်းကြောင်း ပြောင်းလိုက်၏။
“၃၉ ယောက်ပါ။” မင်းသမီး ဒိုဟာ က ဖြေသည်။
ရှမ့်လန်က ရင်ထဲတွင် ဆို့နင့်သွား၏။ လူပေါင်း ၃၉ ယောက် သေဆုံးခဲ့ရ၏။ အမေဇုန် အမျိုးသမီး စစ်သည်တော်တိုင်းက တန်ဖိုးကြီး၏။ ထိုအရာများက စစ်မြေပြင်တွင် သေဆုံးခဲ့ကြခြင်း မဟုတ်ဘဲ မီးနတ်ဘုရားဂိုဏ်း၏ ထူးဆန်းသည့် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရခြင်းပင်။
“ကျေးဇူးတင်ပါတယ် အရှင်။ ကျွန်မတို့ တသက်လုံး အရှင်ပေါ်မှာ သစ္စာရှိပါ့မယ်။”
မင်းသမီး ဒိုဟာက ရှရှပါးပါး နူးညံ့သည့် လေသံဖြင့် ဆို၏။ ပြီးနောက် ရှမ့်လန်၏ ဆံပင်များကို နမ်းလိုက်၏။ “ဒီဘိုရာကို ဖမ်းမိပါပြီ။”
“ခေါင်းဖြတ်စစ်ဆင်ရေး အောင်မြင်သွားခဲ့တာလား။”
ရှမ့်လန်က မေးသည်။ “အထိအခိုက် ရှိလား။”
“မရှိသလောက်ပါပဲ။” မင်းသမီး ဒိုဟာက ဖြေ၏။
“တော်သေးတာပေါ့။” ရှမ့်လန်က သက်ပြင်းရှည်ကြီးကို ချမိ၏။ ခြုံခိုတိုက်ခိုက်ရေး စီမံချက်က နောက်ဆုံး အောင်မြင်သွားခဲ့ပြီ ဖြစ်၏။ ပီကျင်းမြို့၏ထက်ဝက်က ယခု သူတို့၏ လက်ထဲသို့ ရောက်ရှိပြီ ဖြစ်သည်။
နောက်တစ်ဆင့်ကတော့ အစွမ်းထက်ပြီး ထောင်လွှားလွန်းသည့် နယ်စားကြီး ဒီဘိုရာကို အောင်နိုင်ရန်ပင်။ ဤအမျိုးသမီးက ရှမ့်လန်အပေါ် အရှက်ရစရာ များစွာ ပြုလုပ်ခဲ့သူ ဖြစ်သည်။ သူမက ထောင်လွှား စော်ကားပြီး လူတို့၏သိက္ခာကို နင်းချေ၏။ သူမက ရှမ့်လန်ကို မီးရှို့၍ ယစ်ပူဇော်ရန် လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ သူမက အဘယ်ကြောင့် မီးနတ်ဘုရားနှင့် ပဋိညာဉ်ပြုခဲ့သနည်း။
ထို့အပြင် ဤအမျိုးသမီးက ဆော်ရွှန်မင်းသား၏ ကိုယ်လုပ်တော်တစ်ယောက်ဖြစ်ရန် စိတ်အား ထက်သန်နေသူလည်း ဖြစ်၏။ သူမက ရှမ့်လန်၏ မူလန်ကျွန်းကို လုံးဝပိတ်ဆို့ရန် အမိန့်ပေးခဲ့ပြီး သူ၏ သင်္ဘောများကိုလည်း နစ်မြှုပ်ကာ လူများကို သတ်ဖြတ်ခဲ့သူပင်။ ဤမျှ အစွမ်းထက်ပြီး ထောင်လွှားလွန်းသည့် အမျိုးသမီးသည် နောက်ဆုံးမှာတော့ သူ၏ လက်ထဲသို့ ကျရောက်လာခဲ့ပြီ ဖြစ်၏။
…………