← Chapters

အခန်း (၈၅၅-၈၅၆)

Vol. 52 Ch. 855-856

အခန်း (၈၅၅-၈၅၆)

Vol. 52 Ch. 855-856

အပိုင်း (၈၅၅)

ရော့ဆိုမိသားစု စံအိမ်တော်၏ လှုပ်ရှားမှုများက တကယ့်ကို လျင်မြန်လွန်းလှ၏။ ၃ နာရီ မပြည့်သေးခင်မှာပဲ ပီကျင်းမြို့၏ လမ်းမကြီးများက လမ်းကြားအထိ ဒီဘိုရာ၏ နယ်စားမင်း အမိန့်စာများနှင့် ပြည့်နှက် သွားကြ၏။ လူတိုင်းက ထိတ်လန့် တုန်လှုပ်သွားကြ၏။ ဤလောကကြီးက အပြောင်းအလဲ မြန်ဆန်လွန်းလှချေသည်။

မကြာသေးခင်ကတင် ရှမ့်လန်က အရှေ့တိုင်းသား လူပြက်တစ်ဦးဖြစ်ပြီး ရော့ဆိုမိသားစု၏ မဟာ ရန်သူတော်ကြီး ဖြစ်ခဲ့သည် မဟုတ်ပါလား။ ယခု ရှမ့်လန်က ဒီဘိုရာ၏ တစ်ဦးတည်းသော တရားဝင် ယောက်ျားဖြစ်ပြီး ပီကျင်းမြို့၏ အရှင်သခင် တစ်ဝက် ဖြစ်လာခဲ့လေပြီလား။ ဤသည်က တကယ့်ကို ရယ်ရွှင်စရာ ကောင်းလွန်းနေ၏။

မှူးမတ်များက ဤအခြေအနေကို လက်ခံပါမည်လား။ သူတို့က ပုန်ကန်ကြမည် မဟုတ်ပါလား။ ဒီဘိုရာကို အာဏာမှ ဖယ်ရှားကြမည် မဟုတ်ပါလား။ အမှန်စင်စစ် ပီကျင်းမြို့၏ အထက်တန်းလွှာ လူ့အသိုင်းအဝိုင်းတွင် အပြောင်းအလဲ လှိုင်းတံပိုးများက စတင် ရိုက်ခတ်နေပြီ ဖြစ်၏။ ဒီဘိုရာက အုပ်ချုပ်သူ ဖြစ်နေသော်လည်း သူမ၏ လက်အောက်ခံများက ဤကဲ့သို့ အဓိပ္ပာယ်မဲ့သည့် အမိန့်ကို လက်ခံနိုင်စွမ်း မရှိကြချေ။

ရော့ဆိုမိသားစု၏ လက်အောက်ခံ မှူးမတ်အချို့နှင့် ပီကျင်းမြို့၏ အရေးပါသည့် ပုဂ္ဂိုလ် တချို့က လျှို့ဝှက်စွာ စတင် ဆက်သွယ်နေကြသည်။

“အခု အခြေအနေက ရှင်းလင်းနေပြီပဲ။ ဒီဘိုရာက သိပ်ပြီး အသက်ရှည်တော့မှာ မဟုတ်ဘူး။ အဲဒီ အရှေ့တိုင်းသား လူပြက်က သူ့ကို ကယ်တင်စေချင်လို့ ဒီလို အဓိပ္ပာယ်မရှိတဲ့ အမိန့်တွေကို တသီတတန်းကြီး ထုတ်ပြန်နေတာ။”

“ကျုပ်တို့ရဲ့ သစ္စာတရားက ရော့ဆိုမိသားစု အပေါ်မှာပဲ ရှိတာ။ ဒီဘိုရာ အပေါ်မှာ ရှိနေတာ မဟုတ်ဘူး။ သူမက ရော့ဆိုမိသားစုရဲ့ အကျိုးစီးပွားကို ကာကွယ်မပေးနိုင်တဲ့ အချိန်မှာ၊ ပြီးတော့ ရှီလွန်မင်းဆက်ရဲ့ အကျိုးစီးပွားကို ကာကွယ်မပေးနိုင်တဲ့ အချိန်မှာ သူမက ကျုပ်တို့ရဲ့ အရှင်သခင် ဖြစ်ဖို့ မထိုက်တန်တော့ဘူး။”

“မြို့စားဒရွိုင်း... ခင်ဗျားက ဒီဘိုရာရဲ့ မောင်နှမ ဝမ်းကွဲပဲ။ မြို့စားကြီး အော်စတင်ကလွဲရင် ခင်ဗျားက ရော့ဆိုမိသားစု မှာ သွေးအမြင့်ဆုံး ရှိတဲ့လူပဲ။ ဒီဘိုရာရဲ့ ဒီလို မဆင်မခြင် အမိန့်တွေကို ခုခံဖို့အတွက် ခင်ဗျား ကျုပ်တို့ကို ဦးဆောင်သင့်တယ်။”

“အရှေ့တိုင်းသား လူပြက်တစ်ယောက်က ကျုပ်တို့ရဲ့ လည်ပင်းပေါ် တက်ခွပြီး အနိုင်ကျင့်နေတာကို ဘယ်တော့မှ ခွင့်ပြုနိုင်မှာ မဟုတ်ဘူး။ ပီကျင်းမြို့ကြီး ပျက်စီးသွားရင် သွားပါစေ။ အရှေ့တိုင်းသား လူပြက် ရှမ့်လန်ရဲ့ လက်ထဲမှာတော့ ကျုပ်တို့ ဒုက္ခရောက် မခံနိုင်ဘူး။ ဒီဘိုရာ သေရင် သေသွားပါစေ။ အရှေ့တိုင်းသား တစ်ယောက်ရဲ့ ခြေထောက်အောက်မှာ သူ ဒူးထောက်တာကို ကျုပ်တို့ ခွင့်ပြုပေးလို့ မဖြစ်ဘူး။”

“တခြားသူတွေကတော့ သတ္တိကြောင်သူတွေပဲ။ အထူးသဖြင့် သခင်ကြီး ပိုင်တင်ပေါ့။ သူက တကယ့်ကို ရူးနှမ်းတဲ့ လူအကြီး တစ်ယောက်ပဲ။ ကျုပ်တို့သာ ရော့ဆိုမိသားစုရဲ့ စစ်မှန်တဲ့ သစ္စာရှိ မှူးမတ်၊ ရှီလွန်မင်းဆက်ရဲ့ လက်အောက်ခံတွေ ဖြစ်တယ်။ ကျုပ်တို့ တစ်ခုခု လုပ်ရမယ်။ အမြန်လုပ်မှ ရမယ်။ အဲဒီ အရှေ့တိုင်းသား လူပြက် တုံ့ပြန်လာတဲ့အထိ စောင့်နေမယ်ဆိုရင် အကုန်လုံး နောက်ကျသွားလိမ့်မယ်။”

“ဒါဆိုရင် ဘာလုပ်ကြမှာလဲ။”

“ဒီဘိုရာကို သတ်ပစ်ရမယ်။”

“ဘာ... သူက ကျုပ်တို့ရဲ့ အရှင်သခင်လေ။ ရှီလွန်တတိယမင်းရဲ့ တောင်ဘက် အစောင့်အရှောက်ပဲ။”

“ဒါပေမဲ့ သူ မသေရင် သူ့ရဲ့ အမိန့်တွေကို ဘယ်သူ တားမှာလဲ။ ဘယ်သူက သူ့ရဲ့ အမိန့်တွေကို ပြောင်းပြန် လှန်ပစ်မှာလဲ။ သူ သေဆုံးပြီးတော့ မြို့စားဒရွိုင်း သာ ရော့ဆိုမိသားစုရဲ့ အသူရာလှိုင်းပြည်နယ် အစောင့်အရှောက် ဖြစ်လာမယ်ဆိုရင် သူ့ရဲ့ အမိန့်တွေ အကုန်လုံးကို ပြန်ဖျက်နိုင်ပြီ။”

“ဒါတွေ အားလုံးက အဲဒီ အရှေ့တိုင်းသား လူပြက်ကြောင့်ပဲ။ သူက အမေဇုန် စစ်သည်တော်တွေကို ကောင်းကင်ကနေ ဆင်းသက်စေပြီး စံအိမ်ထဲကို ဝင်စေတယ်။ ပြီးတော့ သူရဲကောင်း အားလုံးနီးပါးကို သတ်ခဲ့တယ်။ အခု ဒီဘိုရာရဲ့ စံအိမ်တော်က ဟာလာဟင်းလင်း ဖြစ်နေပြီ။ ကျုပ်တို့ရဲ့ စစ်တပ်က တိုက်ရိုက်ဝင်ပြီး အခြေအနေ အကုန်လုံး စနစ်တကျ ဖြစ်သွားအောင် ဒီဘိုရာကို သတ်ပစ်လိုက်ဖို့ပဲ ရှိတော့တယ်။”

“ဒါပေမဲ့ ဒီဘိုရာရဲ့ သိုင်းပညာက အရမ်းကို အစွမ်းထက်တယ်။”

“မဟုတ်ဘူး။ အခု သူက သေလုမတတ် ဖြစ်နေပြီ။ သူ့ရဲ့ ဓားကိုတောင် ကောင်းကောင်း မ,မနိုင်တော့ဘူး။”

ပုန်ကန်မည့် မှူးမတ် အရာရှိနှင့် တပ်မှူး အားလုံးတို့က လူတစ်ယောက်ကို စူးစိုက်ကြည့်နေ၏။ ထိုသူက ဒီဘိုရာ၏ မောင်နှမဝမ်းကွဲ မြို့စားဒရွိုင်းရော့ဆို ဖြစ်၏။ သူက ဒီဘိုရာ၏ လက်အောက်တွင် ရေတပ် တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အသူရာလှိုင်း ပြည်နယ်၏ အရှင်သခင်လည်း ဖြစ်၏။

လူတိုင်းက ရော့ဆိုမိသားစု အပေါ်တွင် နှစ်ပေါင်းရာချီ သစ္စာရှိကြသူများ ဖြစ်လေရာ မြို့စားဒရွိုင်း၏ ခွင့်ပြုချက်ရမှသာ သူတို့က ပုန်ကန်ဝံ့ကြပေမည်။ ဒီဘိုရာကို သတ်ဖြတ်ပြီး မြို့စားဒရွိုင်းကို ရာထူး တိုးမြှင့်နိုင်သရွေ့ သူတို့ လုပ်သမျှက ဖြောင့်မတ်ပြီး ပုန်ကန်မှုဟု ခေါ်ဆို၍ ရတော့မည် မဟုတ်ချေ။

“မြို့စားဒရွိုင်း... ရော့ဆိုမိသားစုရဲ့ နှစ်ပေါင်းရာချီတဲ့ ဂုဏ်သိက္ခာအတွက် တွေဝေမနေပါနဲ့တော့။”

“မြို့စားကြီး ဒရွိုင်း... ခင်ဗျား ဒီဘိုရာကို ဘယ်လောက် အထင်ကြီး လေးစားတယ်ဆိုတာ ကျုပ် သိတယ်။ အခု သူက အရှေ့တိုင်းသား တစ်ယောက်ဆီမှာ အညံ့ခံနေပြီ။ ဒါကို ခင်ဗျား ဒီအတိုင်း ကြည့်နေမှာလား။ ရော့ဆိုမိသားစုနဲ့ အသူရာလှိုင်း ပြည်နယ်က အရှေ့တိုင်းသား လူပြက် ရှမ့်လန်ရဲ့ လက်ထဲကို ကျသွားမှာကို ခင်ဗျား ဒီအတိုင်း ကြည့်နေတော့မှာလား။”

မြို့စားဒရွိုင်းရော့ဆိုက ခက်ခဲသည့် ဆုံးဖြတ်ချက်တစ်ခု၏ ကြားတွင် ပိတ်မိနေ၏။ ဒီဘိုရာက တကယ့်ကို အင်အားကြီးမားသလို တကယ်လည်း လှပလွန်း၏။ မြို့စားဒရွိုင်းက ငယ်စဉ်တည်းက ဤညီမဝမ်းကွဲကို နှစ်သက်ခဲ့သူပင်။ သူက အိမ်ထောင်ကျပြီး သားသမီးများပင် ရနေပြီ ဖြစ်သော်လည်း ဒီဘိုရာနှင့် ရင်းနှီးသည့် ဆက်ဆံရေးမျိုး ရရှိရန် အမြဲတစေ လိုလားခဲ့၏။

ထို့ကြောင့် သူက အသူရာလှိုင်းပြည်နယ်၏ အရှင်သခင် ဖြစ်နေသော်လည်း မိမိ၏ နယ်မြေကို စွန့်ခွာကာဖြင့် ဒီဘိုရာ၏ နောက်သို့ လိုက်လာပြီး သူမ၏ ရေတပ်တပ်မှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ခြင်းပင်။

တစ်နေ့နေ့တွင် သူမနှင့် နီးစပ်ခွင့်ရလိမ့်မည်ဟု သူက မျှော်လင့်ခဲ့၏။ သို့သော်ငြား ယခု ဒီဘိုရာက သေဆုံးပေတော့မည်။ အရှေ့တိုင်းသား လူပြက် ရှမ့်လန်က ရော့ဆိုမိသားစု၏ အရှင်သခင် ဖြစ်လာတော့မည်လား။

“မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။”

ဤမှူးမတ်များ ပြောသည်က မှန်ကန်၏။ ဒီဘိုရာကို အရှေ့တိုင်းသား လူပြက် ရှမ့်လန်၏ လက်ထဲသို့ ကျရောက်စေမည့်အစား သေဆုံးသွားစေခြင်းကသာ ပိုမို၍ ကောင်းမွန်ပေလိမ့်မည်။

“ကောင်းပြီ... ရော့ဆိုမိသားစုအတွက်၊ အသူရာလှိုင်း ပြည်နယ်အတွက်၊ ရှီလွန်တတိယ အင်ပါယာအတွက် လုပ်ကြတာပေါ့။”

မြို့စားဒရွိုင်းက ပြောလိုက်၏။ “အားလုံးပဲ ..... မိသားစုရဲ့ သစ္စာအရှိဆုံး စစ်သည်တော်တွေကို စုစည်းကြ။ နောက် ၆ နာရီ အတွင်း ဒီမှာ ပြန်ဆုံမယ်။ နယ်စားစံအိမ်တော်ကို တိုက်ခိုက်ကြမယ်။”

“ကောင်းပါပြီ... နောက် ၆ နာရီ အတွင်း ဒီနေရာမှာ ပြန်ဆုံမယ်။ နယ်စားစံအိမ်ကို တိုက်ခိုက်ကြမယ်။ ဒီဘိုရာကို သတ်ပြီး မြို့စားဒရွိုင်းကို တင်မြှောက်ကြမယ်။”

“သခင်ကြီး ပိုင်တင်က ဒီဘိုရာ အပေါ် သစ္စာရှိလွန်းတယ်။ သူက အနှောင့်အယှက် ဖြစ်လာလိမ့်မယ်။”

“မစိုးရိမ်နဲ့။ သူက ကျုပ်ရဲ့ ယောက္ခထီးပဲ။ သူ့ကို ကျုပ် လက်ထဲသာ ထားလိုက်ပါ။ ကျုပ် လွယ်လွယ်လေးနဲ့ ဒီကိစ္စကို ရှင်းလို့ရတယ်။ အားလုံးက ရော့ဆိုမိသားစုအတွက်ပဲ။ အားလုံးက မြို့စားဒရွိုင်းအတွက်ပဲ။”

................

ဒီဘိုရာက နယ်စားစံအိမ်အတွင်းရှိ အပြင်လောကနှင့် မိမိကိုယ်ကို သီးခြားနေထိုင်နေပြီး သေမင်းနှင့် အပြင်းအထန် အသည်းအသန် ရုန်းကန် တိုက်ခိုက်လျက် ရှိ၏။ သူမ၏ ချောင်းဆိုးခြင်းက ပိုမိုကာ ဆိုးဝါးလို့ နေပြီး သွေးများကလည်း ဆက်တိုက်အန်၏။ အဖျားက တကယ့်ကို မြင့်မားလွန်းသောကြောင့် သူမက မတ်တပ်ပင် မရပ်နိုင်တော့ဘဲ အိပ်ရာပေါ်တွင် လဲလျောင်းနေရ၏။

နယ်စားစံအိမ်တော် အတွင်းရှိ လူအများအပြားတို့က သူမ၏ ရောဂါ ကူးစက်တတ်ကြောင်းကို သိရှိထား သောကြောင့် မည်သူမျှ သူမ၏ အနီးသို့ မချဉ်းကပ်ဝံ့ချေ။ အနှိုင်းမဲ့ လှပသည့် ဒီဘိုရာက ယခုအချိန်မှာတော့ သေအံ့ဆဲဆဲနှင့် ဖြူဖျော့နေသည့် အမျိုးသမီး တစ်ယောက် ဖြစ်လို့နေသည်။

သူမ၏ မျက်ဝန်းများက သွေးရောင်လွှမ်းနေပြီး အမြင်အာရုံတိုင်းကလည်း ဝေဝါးနေ၏။ လဲလျောင်းနေသည့် တိုင်အောင် အလွန်အမင်း နာကျင်နေရပြီး မည်သည့်အချိန်တွင်မဆို အသက်ပျောက်သွားနိုင်သည့် အခြေအနေမျိုး ဖြစ်၏။ တစ်ခါမှ မကြုံခဲ့ဖူးသည့် ကြောက်ရွံ့မှုများက သူမအား လွှမ်းမိုးထား၏။

အခန်း၏ ထောင့်တိုင်းတွင် သေမင်းများနှင့် ပြည့်နှက်နေပြီး ထိုကြောက်မက်ဖွယ်ရာ သေမင်းများက သူမထံသို့ လက်သည်းများကို ဖြဲကားကာဖြင့် အမြဲတစေ လှမ်းလာနေသည်ဟု ခံစားနေမိသည်။ အဆုံးအစမဲ့ သည့် မှောင်မိုက်ခြင်းနှင့် မျှော်လင့်ချက် ကင်းမဲ့ခြင်းပင်။ သူမက အိပ်ရာထက်တွင် ခက်ခဲစွာဖြင့် လဲလျောင်းနေရပြီး အားယူ၍ပင် ထိုင်နိုင်စွမ်း မရှိတော့ပေ။

အပြင်ဘက်တွင် စေတမန်က ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ဒူးထောက်နေ၏။

“အရှင်... အရှင်ရှမ့်လန် ရောက်မလာသေးဘူးလား။” ဒီဘိုရာက ချောင်းဆိုးရင်းမှ ခက်ခက်ခဲခဲ မေး၏။ ဤစကားတစ်ခွန်းကြောင့် သူမက သွေးနှစ်လုတ်ခန့် ထပ်မံ အန်မိသည်။

“မလာသေးပါဘူး။” စေတမန်က ပြန်ဖြေ၏။

ဒီဘိုရာက ဒေါသတကြီးနှင့် အော်ဟစ်လိုက်သည်။ “ဘာလို့လဲ။ အဟွတ်... အဟွတ်... အကယ်၍ သူသာ ရောက်မလာရင် ငါသေတော့မှာ။ အဲဒီအချိန်ကျရင် သူ ဘာမှရမှာ မဟုတ်တော့ဘူး။ ပြီးတော့ အောက်က လူတွေကလည်း မကြာခင် ပုန်ကန်တော့မယ်။ ငါ ရောဂါနဲ့ မသေရင်တောင် အရှင်လတ်လတ် မီးရှို့သတ်တာ ခံရလိမ့်မယ်။”

ဒီဘိုရာ၏ အလိုလို သိစိတ်က မှန်ကန်၏။ ပီကျင်းမြို့အတွင်းတွင် မှူးမတ် ဒါဇင်ပေါင်းများစွာတို့က ပုန်ကန်ရန် ကြံစည်နေကြ၏။ သူတို့က စစ်သည် ထောင်ပေါင်းများစွာကို စုစည်းပြီး နယ်စားစံအိမ်အတွင်းသို့ ချဉ်းနင်း ဝင်ရောက်ကာဖြင့် သူမကို အပိုင်းပိုင်း ခုတ်ထစ်ရန် ပြင်ဆင်နေကြ၏။

ဒီဘိုရာက ပြောသည်။ “ဒီနာ... မင်းက ငါ့ရဲ့ မွေးစားညီမ တစ်ယောက်ဖြစ်သလို ငါ အယုံကြည်ရဆုံးလူလည်း ဖြစ်တယ်။ ဟုတ်တယ်မလား။”

စေတမန်မလေးက ဒူးထောက်ကာဖြင့် ဦးတိုက်၏။ “ဟုတ်ပါတယ်။ ဟုတ်ပါတယ် အရှင်မ။”

ဒီဘိုရာက ပြောသည်။ “ငါ့ရဲ့ စာအုပ်စင်ကို သွား။ ပြီးတော့ ၁၉ အုပ်မြောက် စာအုပ်ဖြစ်တဲ့ ရော့ဆိုမိသားစုသမိုင်းကို ရှာ။ စာအုပ်ရဲ့ ကျောရိုးထဲမှာ သော့တစ်ချောင်း မြှုပ်ထားတယ်။ အဲဒီ စာအုပ်စင်ရဲ့ အနောက်မှာ လျှို့ဝှက်အကန့် တစ်ခု ရှိတယ်။ အဲဒီ သော့နဲ့ ဖွင့်လို့ရတယ်။ အထဲမှာ ရော့ဆိုမိသားစုရဲ့ တံဆိပ်တုံး ရှိလိမ့်မယ်။ အဲဒီ တံဆိပ်တုံးကို အရှင်ရှမ့်လန်ဆီကို ယူသွားပြီးတော့ သူ့ရဲ့ အမေဇုန် စစ်တပ်ကို ပီကျင်းမြို့မှာ တပ်စွဲဖို့ ဖိတ်ခေါ်လိုက်။”

ထိုစကားကိုကြားချိန်မှာတော့ ဒီနာက မှင်သက်သွားမိ၏။ ရှမ့်လန်၏ စစ်တပ်ကို မြို့ထဲဝင်ရန် ဖိတ်ခေါ်ခြင်းက ပီကျင်းမြို့ တစ်ခုလုံးကို ပုံအပ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်၏။

“ညီမလေး... ရန်သူဆိုတာ ဘယ်အချိန်မဆို ရဲဘော်ရဲဘက် ဖြစ်သွားနိုင်သလို ၊ မိတ်ဆွေဆိုတာကလည်း ဘယ်အချိန်မဆို ရန်သူ ဖြစ်သွားနိုင်တယ်။”

ဒီဘိုရာက ပြောသည်။ “အခု ပုန်ကန်ဖို့ ကြံစည်နေတဲ့ လူတွေ ရှိနေပြီ။ ရှမ့်လန်က ငါ့ရဲ့ တစ်ဦးတည်းသော ကယ်တင်ရှင်ပဲ။ အဲဒီလူက အရမ်းကို ဉာဏ်ကောင်းတယ်။ အရှေ့တိုင်းသားတွေရဲ့ စကားနဲ့ပြောမယ်ဆိုရင် သူ့ရဲ့ ဉာဏ်ပညာက နတ်ဆိုးတစ်ကောင်လို ဖြစ်နေပြီ။

သူက ငါ့ကို ချောက်ကမ်းပါးထဲ အရင် တွန်းချခဲ့တယ်။ ပြီးတော့ ငါ ငရဲထဲ ကျတော့မယ့်အချိန်မှာ သူက လက်ကမ်းပြီး ဆွဲတင်ပေးပြန်တယ်။ အခု ငါ့ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးခဲ့တယ်။ လူတိုင်းက ငါ့ကို စွန့်ခွာ သွားအောင် သူက ဖိအားပေးခဲ့တယ်။ ကြောက်စရာ ကောင်းလိုက်တာ။ တကယ့်ကို ကြောက်စရာ ကောင်းတဲ့ လူပဲ။”

ညီမလေး... အရှင်ရှမ့်လန်နဲ့ တွေ့တဲ့အချိန်မှာ သူ့ကို ချက်ချင်း အရှင်လို့ ခေါ်ပါ။ သူ့ကို စကားတစ်ခွန်း ပါးပေးအုံး။ ယောက်ျား... ဒီဘိုရာကို အမြန်လာကယ်ပါ။ ကျွန်မကို ကယ်ပေးရင် ကိုယ့်ကိုယ်ကို ချက်ချင်း စင်ကြယ်အောင် ဆေးကြောပြီး ရှင်လာမှာကို စောင့်နေပါ့မယ်။ ကျွန်မက ရှင့်ရဲ့ မိန်းမပါ။ အမြန်လာကယ်ပါ။ ကျွန်မကို အမြန်လာပြီး ကိုယ်ဝန် ရအောင် လုပ်ပေးပါ။”

ဒီဘိုရာက ထိုစကားများကို ပြောပြီးနောက် ချောင်းဆိုးကာ သွေးများ အန်ထွက်၏။ ပြီးနောက် သတိလစ် မေ့မျောသွား၏။

စေတမန်မလေး ဒီနာက ထိုစကားများကို ကြားသည့်အချိန်မှာတော့ ကိုယ့်နားကိုပင် မယုံကြည်နိုင်အောင် ဖြစ်နေ၏။ ဤက မြင့်မြတ်လှသည့် ဒီဘိုရာ ဟုတ်ပါလေသည်လား။ သူမက မည်မျှ အင်အားကြီးခဲ့သနည်း၊ မည်မျှ မာနကြီးခဲ့သနည်း။ သူမက ဤကဲ့သို့သော စကားမျိုးကို အဘယ်ကြောင့် ပြောဆိုနိုင်ရသနည်း။ အခြေအနေက တကယ်ပင် စိုးရိမ်စရာ ဖြစ်လာသည်။

“ကောင်းပါပြီ။” ဒီနာက ရော့ဆိုမိသားစု၏ တံဆိပ်တုံးကို အမြန်ရှာဖွေပြီးနောက် ရှမ့်လန်၏ စစ်စခန်းဆီသို့ အပြေးအလွှား ဦးတည်၏။

ဒီဘိုရာက အိပ်ရာပေါ်တွင် လဲလျောင်းရင်း သတိလစ်နေဆဲပင်။ သေမင်းက သူမ၏ အသက်ကို လွှမ်းမိုးထား ပြီး မည်သည့် အချိန်တွင်မဆို ခေါ်ဆောင်သွားတော့မည့် အလားပင်။

...............

ရှမ့်လန်၏ စစ်စခန်း အတွင်းမှာတော့ အရာအားလုံးက သူ ထင်မှတ်ထားသည့် အတိုင်း ဖြစ်၏။ သူ ထင်မှတ် ထားသည်ထက်ပင် ပိုမိုကာ ချောမွေ့နေခဲ့၏။ ဒီဘိုရာကို အညံ့ခံခိုင်းရုံလောက်နှင့် မလုံလောက်တော့ပေ။ မည်သူမဆို နှုတ်ဖြင့် ငြင်းဆန်နိုင်သော်လည်း အဓိက,က နှလုံးသား၊ ခန္ဓာကိုယ်နှင့် ပြုမူဆောင်ရွက်ချက် အားလုံးကပါ အညံ့ခံရန် ဖြစ်၏။

ထို့ကြောင့် ရှမ့်လန်က သူမကို လူတိုင်း စွန့်ခွာသွားအောင် ဖန်တီးခဲ့ခြင်းပင်။ သူမက ရောဂါဖြင့် သေဆုံးတော့မည့် အပြင် သစ္စာဖောက်များ၏ ခုတ်ထစ် သတ်ဖြတ်ခြင်းကိုလည်း ခံရပေတော့မည်။ ဤနည်းဖြင့် ရှမ့်လန်က သူမ၏ တစ်ဦးတည်းသော ကယ်တင်ရှင် ဖြစ်လာပြီး အရာအားလုံးကလည်း သူ့အတွက် လမ်းခင်းထားသကဲ့သို့ အဆင်သင့် ဖြစ်သွားပေမည်။

ထူးခြားမှု တစ်စုံတစ်ရာ မရှိခဲ့ပါက သူ၏စစ်တပ်က မကြာမီ ပီကျင်းမြို့တွင် တပ်စွဲနိုင်တော့မည်။ ဒီဘိုရာကို ကယ်တင်ပြီးနောက် သူမအား သစ္စာဖောက်များ၏ ခေါင်းကို ကိုယ်တိုင် ဖြတ်ခိုင်းမည်။ ထိုအရာက သူမအား ရှေးရိုးစွဲမှူးမတ်များနှင့် ဆန့်ကျင်ဘက်တွင် ရပ်တည်ရန် ဖိအားပေးလိုက်ခြင်းပင်။ ပြီးနောက် သူမကို ကိုယ်ဝန်ရအောင် ပြုလုပ်လိုက်မည်ဆိုလျှင် တကယ့်ကို ကောင်းမွန်မည် မဟုတ်ပါလား။

မင်းသမီး ဒိုဟာက ထိုအစီအစဉ်ကို ကြားပြီးနောက် ရှမ့်လန်ကို ကြည့်သည့် အကြည့်များ ထူးခြားသွားခဲ့၏။ သူမက မြွေဆိုးတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ပင်။

ထိုအချိန်မှာတော့ ကျန်းချွင်းဟွာက မြင်းကို အရှိန်ကုန် စီးနင်းကာ ရောက်ရှိ၏။ ရှမ့်လန်က အံ့အားသင့်သွား၏။

ကျန်းချွင်းဟွာက မူလန်မြို့တွင် ကျန်ရစ်ခဲ့သည့် အမြင့်ဆုံး အရာရှိဖြစ်ပြီး ကြီးလေးသည့် တာဝန်ကို ထမ်းဆောင် နေသူ ဖြစ်၏။ သူမက အဘယ့်ကြောင့် ဤနေရာဆီသို့ ရောက်ရှိလာရသနည်း။ တစ်ခုခု ဖြစ်ပျက်သွားခဲ့သည်လား။ ကြီးမားသည့် အရာတစ်ခုခု ဖြစ်ပျက်ခဲ့သည်မှာ သေချာ၏။ မကောင်းသည့် အရာတစ်ခုခု မဖြစ်ပါစေနှင့် ဟုသာ ဆုတောင်းနေမိသည်။

ကျန်းချွင်းဟွာက ရှမ့်လန်၏ ရှေ့ဆီသို့ ပြေးလာ၏။ ပြီးနောက် မောဟိုက်လျက် ရှိနေ၏။ သူက တုန်ယင် နေသည့် လေသံဖြင့် ပြော၏။ “ရှမ့်လန်... ရှင်... ရှင် မူလန်မြို့ကို ခဏလောက် ပြန်မှ ဖြစ်မယ်။”

ရှမ့်လန်က ထိတ်လန့် တုန်လှုပ်စွာဖြင့် မေးမြန်းလိုက်သည်။ “ဘာတွေ ဖြစ်ကုန်လို့လဲ။”

ကျန်းချွင်းဟွာက ပြော၏။ “ရှင်... ရှင့်ရဲ့ အစ်မက ရှင့်ကို လာရှာနေတယ်။”

ရှမ့်လန်က လုံးဝ အံ့အားသင့်သွားသည်။ “ဘာ... ကျုပ်ရဲ့ အစ်မ ဟုတ်လား။ ဟယ်လင် မင်းသမီးများလား။”

ရှမ့်လန်က ရုတ်တရက် မတ်တပ်ထရပ်၏။ သူ့တွင် အချိန် မရှိခဲ့ပေ။ ထိုသို့သာ မဟုတ်ပါက ဟယ်လင် မင်းသမီးကို ကိုယ်တိုင် သွားရောက် ရှာဖွေမိပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူမက ရှီလွန်မင်းဆက် တောင်ပိုင်းလောက၏ စစ်မှန်သည့် အရှင်သခင် တစ်ယောက် ဖြစ်သောကြောင့်ပင်။

အပိုင်း (၈၅၆)

မြောက်ပိုင်းသားတို့က ဘုရင်မကြီး ဟယ်လင်ကို မုန်းတီးကြပြီး ပုန်ကန်သူ ဘုရင်မဟု ခေါ်ဆို၏။ သို့သော်ငြား တောင်ပိုင်းမှ သစ္စာရှိ တော်ဝင်မျိုးနွယ်များကတော့ သူမကို ထောက်ခံကြ၏။ ဟယ်လင်ကြောင့်ပင် ရှီလွန်မင်းဆက်၏ တောင်ပိုင်းဒေသက အမှန်တကယ် တိုးတက် ဖွံ့ဖြိုးလာခဲ့ခြင်းဖြစ်သည်။ မရေတွက်နိုင်သည့် မိသားစုများ အရှိန်အဝါ ကြီးမားလာခဲ့ပြီး ဗီတာလူမျိုးများစွာတို့ကလည်း လူလတ်တန်းစား အဆင့်သို့ တိုးမြင့်ခံခဲ့ရ၏။

ထို့အပြင် ဟယ်လင်က ရှီလွန်လူမျိုးများနှင့် ဗီတာလူမျိုးများကို လက်ထပ်ထိမ်းမြားခွင့် ပြုခဲ့၏။ ထို့ကြောင့်ပဲ တောင်ပိုင်းရှိ တော်ဝင်မျိုးနွယ် တော်တော်များများက ရှီလွန် အမည်ခံယူထားခဲ့ကြပြီး ရှီလွန်လူမျိုးတို့၏ အသားအရေများ ရှိနေကြသော်လည်း သူတို့၏ ခန္ဓာကိုယ်ထဲတွင် ဗီတာသွေးများ စီးဆင်းနေခဲ့ခြင်းပင်။

မြို့စားကြီးဟောလ် ကဲ့သို့သောသူ၏ အုပ်ချုပ်မှုကို ဗီတာလူမျိုးတို့က ထောက်ခံအားပေးကြ၏။ ဒုတိယ ရှီလွန် အင်ပါယာ ပြိုလဲသွားခဲ့ပြီးနောက် အဘယ်ကြောင့် တောင်ပိုင်းဒေသက ပြိုကွဲသွားခဲ့ရသနည်း။ တောင်ပိုင်းတွင် အုပ်စိုးသူ မရှိသောကြောင့်ပင်။

ဟယ်လင်ဘုရင်မ၏ တိုက်ရိုက် အဆက်အနွယ်ဖြစ်သည့် ဟယ်လင်မင်းသမီးသာ အသက် ၁၆ နှစ် အရွယ်တွင် စွန့်စားခန်းထွက်ရန် ဘုရင်မ မြို့တော်မှ ထွက်ခွာသွား၏။ သူမ ပျောက်ဆုံးနေခဲ့သည်မှာ ၁၇ နှစ်ပဲ ရှိခဲ့လေပြီ။ ဟယ်လင် ပြန်ရောက်လာသည်နှင့် ပြဿနာများစွာတို့က အလွယ်တကူ ပြေလည် သွားပေလိမ့်မည်။

သို့သော်ငြား ရှီလွန်မင်းဆက်အတွက်မူ ပြဿနာက ပိုမိုကာ ကြီးမား၏။ သူတို့က မြောက်ပိုင်းနှင့် တောင်ပိုင်းကြား ပဋိပက္ခ အတွင်းသို့ ကျရောက်ရပေတော့မည်။ တောင်ပိုင်းက ဟယ်လင်မင်းသမီးကို ထောက်ခံပြီး မြောက်ပိုင်းက ဆော်ရွှန်မင်းသားကို ထောက်ခံကြ၏။

မုဆိုးမ ဟေးလ်က ကိုယ်စားပြုမှု ပြယုဂ် တစ်ခုပင်။ သူမက ဗီတာလူမျိုးတို့၏ သူဌေးမကြီး တစ်ယောက်ဖြစ်ပြီး ကြီးမားသည့် အရင်းအမြစ်များကို ပိုင်ဆိုင်ထားသော်လည်း အာဏာမရှိပေ။ သူမက ဟယ်လင်မင်းသမီးကို ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ထောက်ခံအားပေးသူ တစ်ယောက် ဖြစ်၏။

ထိုအချိန်၌ မြင်းတစ်စီးက စခန်းအတွင်းသို့ အရှိန်ပြင်းစွာ ဝင်ရောက်လာ၏။ အမျိုးသမီး တစ်ဦးက မြင်းပေါ်မှ ဆင်းပြီး ရှမ့်လန်ထံသို့ အပြေးအလွှား လာရောက်သည်။ သူမက ဒူးထောက်ကာဖြင့် သေတ္တာတစ်လုံးကို လက်နှစ်ဖက်ဖြင့် ဆက်သ၏။ “အရှင်ရှမ့်လန်... ဒါက ရော့ဆိုမိသားစုရဲ့ တံဆိပ်တုံးပါပင်။ အရှင့်ကို ဆက်သပါတယ်။”

ရှမ့်လန်က တံဆိပ်တုံးကို ယူကြည့်၏။ ပြီးနောက် သေချာစွာ လေ့လာ ကြည့်ရှု၏။ အနောက်တိုင်းနှင့် အရှေ့တိုင်း၏ တံဆိပ်တုံးများက များစွာကွာခြား၏။ အရှေ့တိုင်းတွင် တံဆိပ်တုံးက ကြီးလေ ကောင်းလေ ဖြစ်၏။ တချို့သောနိုင်ငံများ၏ တံဆိပ်တုံးဆိုလျှင် လူခေါင်းလောက်ပဲ ကြီးမားကြ၏။

ရော့ဆိုမိသားစု၏ တံဆိပ်တုံးမှာတော့ တကယ့်ကို သေးငယ်ပြီး လက်သီးဆုပ် ပမာဏမျှပဲ မရှိချေ။ ဤတံဆိပ်တော်က ရော့ဆိုမိသားစု၏ အမြင့်ဆုံးသော အာဏာကို ကိုယ်စားပြု၏။ ထိုအရာကို အလွန်အမင်း လက်ရာမြောက်အောင် ပြုလုပ်ထား၏။ အပေါ်ပိုင်းကို ရွှေဖြင့် ထုလုပ်ထားပြီး ပင်လယ်သားရဲပုံစံ ပြုလုပ်ကာဖြင့် အောက်ပိုင်းကို ကျောက်စိမ်းဖြင့် ထွင်းထုထားသည့် နက်မှောင်သည့် လှိုင်းတံပိုးများပေါ် နင်းလျှောက်နေသည့် ပုံစံမျိုး ဖော်ထား၏။

ထို့အပြင်တံဆိပ်တုံးပေါ်တွင် ထွင်းထုထားသည်က စာလုံးများ မဟုတ်ဘဲ တကယ့်ကို သေသပ်လှပသည့် ပုံတစ်ပုံ ဖြစ်၏။ လှိုင်းတံပိုးများကို ဖြတ်သန်း ပျံသန်းနေသည့် ပင်လယ်သားရဲပုံ ဖြစသော်လည်း ထိုလှိုင်းတံပိုးများက လက်တင်ဘာသာ စကားဖြင့် “ရော့ဆို” ဟု စာလုံးပုံ ဖော်ထားခြင်း ဖြစ်၏။ ဤတံဆိပ်တုံးက သက်တမ်း နှစ်ပေါင်း ၅၀၀ ကျော် သို့မဟုတ် ထို့ထက်ပဲ ပိုမို၍ ကြာမြင့်နိုင်လေသည်။

“နယ်စားကြီး ဒီဘိုရာက အရှင့်ကို ပီကျင်းမြို့ဆီကို ချက်ချင်းတပ်လွှတ်ပြီး မြို့တော် ကာကွယ်ရေးအတွက် တာဝန်ယူစေချင်ပါတယ်။ ဒီတံဆိပ်တုံးနဲ့ဆိုရင် အရှင်က ရော့ဆိုမိသားစုရဲ့ အာဏာကို အသုံးပြုနိုင်မှာပါ။” ဒီနာက ပြော၏။

ရှမ့်လန်က ပြောလိုက်၏။ “မင်းက ငါ့ကို ပီကျင်းမြို့ဆီ စစ်တပ်ချီတက်စေချင်တာလား။ အဲဒါ မသင့်တော်ဘူး မဟုတ်လား။” ဤကဲ့သို့သော အခြေအနေမျိုး ရောက်နေသည်ကိုတောင် ဟန်ဆောင်နေသေး၏။ ဤအရာက တစ်ဖက်လူ အမြဲလိုချင်သည့်အရာလည်း မဟုတ်ပါလား။

ဒီနာက ရှမ့်လန်ကို မျက်လုံးလှန်ကြည့်၏။ ပြီးနောက် ပြောလိုက်၏။ “အရှင်ရှမ့်လန်... ပီကျင်းမြို့ထဲမှာ ပုန်ကန်ဖို့ ကြံစည်နေတဲ့လူတွေ ရှိနေပြီ။ အရှင်သာ ထပ်ပြီး စောင့်ဆိုင်းနေမယ်ဆိုရင် နယ်စားကြီး ဒီဘိုရာက အသတ်ခံရပြီး မြို့စားအသစ်က နေရာယူသွားလိမ့်မယ်။ အရင်အမိန့်တွေ အကုန်လုံးကို ပယ်ဖျက်ပါလိမ့်မယ်။ အဲဒီအချိန်ရောက်ရင် အရှင်က အသူရာလှိုင်းပြည်နယ်ရဲ့ ရန်သူပြန်ဖြစ်သွားမယ်။ အရှင် အမြန်ဆုံး လှုပ်ရှားမှ ဖြစ်ပါလိမ့်မယ်။”

စေတမန်မလေး ဒီနာက သည်းခံနေခဲ့ရတာ ကြာပြီဖြစ်၏။ လွန်ခဲ့သည့် ရကအနည်းငယ်အတွင်းသူမက ဒီဘိုရာနှင့် ရှမ့်လန်တို့ နေရာသို့ ခေါက်တုံ့ခေါက်ပြန် ဆယ်ကြိမ်မက ပြေးလွှားခဲ့၏။ ရှမ့်လန်လောက် ယုတ်မာ ကောက်ကျစ်သည့် လူမျိုးကို သူမ တစ်ခါမှ မတွေ့ခဲ့ဖူးပေ။

ရှမ့်လန်က ပြော၏။ “ဒီဘိုရာက ကျုပ်ဆီကို ပါလိုက်တဲ့ စကား တခြားဘာများ ရှိသေးလဲ။”

ဒီနာက သူမ၏ သခင်မကို အလွန်ကာကွယ်လိုစိတ် ရှိ၏။ ဤစကားများကို မပြောချင်ပေ။ အဘယ်ကြောင့် ဆိုသော် ထိုအရာက ဒီဘိုရာ၏ ဂုဏ်သိက္ခာကို များစွာ ထိခိုက်စေမည် ဖြစ်သောကြောင့်ပင်။ သို့သော်ငြား တခြားသော နည်းလမ်းများ မရှိတော့ကြောင့် သူမက ပြောရ၏။

“နယ်စားကြီး ဒီဘိုရာက အရှင့်ဆီကို စကားတစ်ခွန်း ပါလိုက်ပါတယ်။ သေချာနားထောင်ပါ။”

ရှမ့်လန်က သေချာအာရုံစိုက် နားထောင်နေသကဲ့သို့ ပုံကြီးချဲ့သည့်ပုံဖြင့် နားရွက်နားသို့ လက်ဝါး ကာ ပြ၏။ သို့သော်ငြား သူ့ဘေးတွင် ပိုမို၍ အာရုံစိုက် နားထောင်နေသူ တစ်ဦးရှိပြီး ထိုသူကတော့ ကျန်းချွင်းဟွာပင်။

“နယ်စားကြီး ဒီဘိုရာ ပြောလိုက်တာက - ယောကျ်ား... ဒီဘိုရာကို လာကယ်ပါအုံး။ ကျွန်မကို ကယ်ပြီးတာနဲ့ ချက်ချင်း ကိုယ့်ကိုယ်ကိုယ် စင်ကြယ်အောင် ဆေးကြောပြီး ရှင့်ကို စောင့်နေပါမယ်။ ကျွန်မက ရှင့်ရဲ့ မိန်းမပါ။ မြန်မြန်လာပြီး ကယ်ပါ။ မြန်မြန်လာပြီး ကျွန်မကို ကိုယ်ဝန်ရှိအောင် လုပ်ပေးပါတဲ့။”

ထိုစကားထွက်ပေါ်လာသည့် အချိန်မှာတော့ ရှမ့်လန်က ချက်ချင်းပဲ သက်တောင့်သက်သာ ခံစားလိုက်ရ၏။ မာနကြီးသည့် နယ်စားကြီးဒီဘိုရာ၏နှုတ်မှ ဤကဲ့သို့သော စကားများ ထွက်လာရန်ဆိုသည်က မလွယ်ကူချေ။

သို့သော်ငြား ကျန်းချွင်းဟွာ၏ မျက်နှာကတော့ ပျက်ယွင်းသွားခဲ့၏။ ဒီဘိုရာကို သိမ်းပိုက်ခြင်းက အစီအစဉ် တစ်ခုဖြစ်ပြီး ဤသည်က နိုင်ငံရေး လက်ထပ်ပွဲ တစ်ခုသာ ဖြစ်၏။ သူတို့အနေနှင့် ဤမျှထိ အရှက်မဲ့ရန် လိုပါသည်လား။ မည်သူ့ကို ပြချင်၍ ဤကဲ့သို့ အီစီကလီများ လာလုပ်နေရသနည်း။

“ရှင် ကျွန်မကို ပေးထားတဲ့ ကတိကို မှတ်မိသေးမယ်လို့ မျှော်လင့်ပါတယ်။” ကျန်းချွင်းဟွာက ပြောလိုက်၏။

“ကတိလား။ ဘာကတိပါလိမ့်။”

ရှမ့်လန်က ဇဝေဇဝါ ဖြစ်သွားသော်လည်း လေးနက်တည်ကြည်စွာဖြင့် ပြန်လည်ကာ မေးမြန်း၏။ “စိတ်မပူနဲ့။ ခင်ဗျားကို ပေးတဲ့ကတိကို ကျုပ်ဘယ်တော့မှ မမေ့ရက်ပါဘူး။”

ပြီးနောက် ရှမ့်လန်က အမိန့်ပေးလိုက်သည်။ “စစ်တပ်က ပီကျင်းမြို့ထဲကို ဝင်ရောက်ပြီး မြို့တော် ကာကွယ်ရေးကို တာဝန်ယူကြမယ်။”

“အမိန့်တော်အတိုင်းပါပဲ။” အမေဇုန်စစ်သည် ငါးထောင်နီးပါးတို့က အပြည့်အဝ အဆင်သင့် ဖြစ်နေကြ၏။ ရှမ့်လန်၏အမိန့်အတိုင်း သူတို့က ပီကျင်းမြို့ဆီသို့ ချက်ချင်းချီတက်၏။ သူတို့က တကယ့်ကို အလွန် လျင်မြန်စွာဖြင့် မြင်းများကို ဒုန်းစိုင်းပြေးလွှား စီးနင်းသွားကြ၏။

....................

သခင်ကြီးပိုင်တင်၏ နေအိမ်

ဖြောင့်မတ်တည်ကြည်သည့် မဟာပညာရှင်ကြီးက မျက်မှောင်ကြုတ်နေ၏။ ဤအခြေအနေတွင် သူက လုံးဝ အကူအညီမဲ့လို့နေ၏။ သူ၌ အားကောင်းသည့် သိုင်းပညာနှင့် စစ်တပ်ကို ဦးဆောင်နိုင်စွမ်း ရှိသော်လည်း နိုင်ငံရေးကို သူ မနှစ်သက်ပေ။ စစ်မြေပြင်တွင်ဆိုလျှင် သူက ကြောက်ရွံ့နေမည် မဟုတ်ပေ။ အစွမ်းထက်သည့် မင်းသမီး ဒိုဟာပင်လျှင် သိုင်းပညာသက်သက်ဖြင့် သူ့ကို မယှဉ်နိုင်ပေ။

သို့သော်ငြား ယခု သူ ဘာလုပ်သင့်သနည်း။ သူ့မိသားစုက ရော့ဆိုမိသားစုအပေါ်တွင် မျိုးဆက်ပေါင်းများစွာ သစ္စာရှိခဲ့ပြီး သူကလည်း ခြွင်းချက် မဟုတ်ချေ။ သူ၏မျိုးဆက်တွင် ရော့ဆိုမိသားစုနှင့် ဆက်ဆံရေးက ပို၍ ရင်းနှီးလာ၏။ နယ်စားကြီးဒီဘိုရာက သူ၏ တပည့်ဖြစ်ရုံသာမက သူ၏ အရှင်သခင်လည်း ဖြစ်၏။ တစ်နည်းဆိုရလျှင် သူမက သူ၏ သမီးအရင်းသဖွယ်ပင်။

ထို့ကြောင့် ဒီဘိုရာကို ရှမ့်လန် ဖမ်းဆီးသွားစဉ်က ပိုင်တင်က စစ်သည်တစ်သိန်းကို ဦးဆောင်ပြီး မည်သည့် တန်ဖိုးကို ပေးရပါစေ ချက်ချင်း ကယ်တင်ရန် လိုက်သွားခဲ့ခြင်းပင်။ သို့သော်ငြား ဒီဘိုရာ၏ အမိန့်များက ဖြစ်ကတတ်ဆန်း ဆန်လွန်းလှ၏။ တကယ်တမ်း ဖြစ်ကတတ်ဆန်းဟုလည်း မဆိုနိုင်ပေ။ အဆုံးသတ်မှာတော့ သူမက အသက်ရှင်ရပ်တည်ရန် ပြုလုပ်နေခြင်းပင်။

ပိုင်တင်က ဒီဘိုရာ သေဆုံးသွားသည်ကို လုံးဝ မမြင်လိုပေ။ အမှန်စင်စစ် ပိုင်တင်က နယ်စားကြီး ဒီဘိုရာ ပြုလုပ်ခဲ့သည့် အရာများစွာကို သဘောမတူခဲ့ချေ။ ဥပမာအားဖြင့် မီးနတ်ဘုရားဂိုဏ်းနှင့် အလွန် နီးနီးကပ်ကပ် နေထိုင်ခြင်း၊ သို့မဟုတ် ယစ်ပူဇော်ပြီး မီးနတ်ဘုရားနှင့် စာချုပ်ချုပ်ဆိုရန် မရင်းနှီးသည့် အရှေ့တိုင်းသားတစ်ဦးကို ရွေးချယ် လက်ထပ်ခဲ့ခြင်းတို့ပင်။

ဒီဘိုရာနှင့် ရှမ့်လန်တို့၏ မင်္ဂလာပွဲကို လူတိုင်း တက်ရောက်ခဲ့ကြ၏။ သို့သော်ငြား တိုက်ရိုက်အဆက်နွယ်ဆုံး ဖြစ်နေသည့် ပိုင်တင်က မတက်ရောက်ခဲ့ချေ။ ဤကဲ့သို့သော မင်္ဂလာပွဲက မြင့်မြတ်သည့် အခမ်းအနားကို ညစ်ညမ်းစေသည်ဟု သူက ခံစားမိ၏။ သို့သော်ငြား လက်ထပ်ပွဲက လက်ထပ်ပွဲပင်။

ပိုင်တင်က ဒီဘိုရာ အနေနှင့် ယောက်ျားတစ်ယောက် မရှိခြင်းထက် ရှိခြင်းက ပိုကောင်းသည်ဟု ခံစားမိ၏။ ရော့ဆိုမိသားစုတွင် ဆက်ခံသူ မရှိဘဲ ဖြစ်မနေသင့်ပေ။ သို့နောက် ဒီဘိုရာက ရှမ့်လန်ကို ယစ်ကောင်အဖြစ် မီးရှို့သတ်လိုခဲ့၏။ ထိုအချိန်က ပိုင်တင်က ထိုသို့မလုပ်ရန် အကြိမ်ကြိမ် တားမြစ်ခဲ့၏။ လက်ထပ်ပြီးသား ဖြစ်သောကြောင့် အကောင်းဆုံးဖြစ်အောင်သာ ဆက်လက်ကာ နေထိုင်သွားသင့်၏။

အခြေအမြစ်မရှိသည့် အရှေ့တိုင်းသား တစ်ဦးကို လက်ထပ်ရခြင်းကလည်း မဆိုးလှပေ။ အနည်းဆုံး ထိုသူက ချောမောပြီး တော်ဝင်မျိုးနွယ်မှ ဆင်းသက်လာမှန်း သိသာ၏။ ယစ်ပူဇော်ခြင်းနှင့် မီးနတ်ဘုရားနှင့် စာချုပ်ချုပ်ဆိုခြင်းလား။ ပိုင်တင်အနေနှင့် ထိုအရာများကို အဓိပ္ပာယ်မရှိဟု ခံစားမိသည်။

သို့သော်ငြား သူက ဒီဘိုရာ၏ ဆန္ဒကို မတားဆီးနိုင်ခဲ့ချေ။ အသူရာလှိုင်းကျွန်းဆွယ်ကို သိမ်းပိုက်သည့် နေရာတွင် ရှမ့်လန်၏ရိုင်းစိုင်းမှုနှင့် ပီကျင်းမြို့ကို တိုက်ခိုက်ရန် စစ်သည်များ စေလွှတ်ခြင်းနှင့် ပတ်သက်၍ ပိုင်တင်က တကယ့်ကို ဒေါသထွက်၏။

သို့သော်ငြား သူက အရှေ့တိုင်းသားသွေးနှင့် ပတ်သက်၍ ခွဲခြားဆက်ဆံမှု မရှိချေ။ တကယ်တော့ ဒီဘိုရာ အရှေ့တိုင်းသား တစ်ယောက်ကို လက်ထပ်သည်အား သူ မထောက်ခံခဲ့ချေ။ သို့သော်ငြား ဖြစ်ပြီးသွားပြီ ဖြစ်သောကြောင့် ကိစ္စကြီးတော့ မဟုတ်တော့ပေ။

မည်သူကမှ စတင်ထုတ်ဖော် ပြောဆိုကြမည် မဟုတ်သော်လည်း ပိုင်တင်က ဗီတာလူမျိုးများ၏သွေး ပါရှိ၏။ ဟယ်လင်ဘုရင်မ အင်ပါယာကို အုပ်စိုးစဉ်က တောင်ပိုင်းရှိ မိသားစုများစွာ ဖျက်ဆီးခံခဲ့ရပြီး မိသားစုများစွာ အသစ်ပေါ်ပေါက်လာခဲ့၏။ ထိုအချိန်က ဘုရင်မ၏ တောင်းဆိုမှုကို တုံ့ပြန်သောအားဖြင့် မိသားစုများစွာတို့က ဗီတာအမျိုးသမီးများကို လက်ထပ်ခဲ့ကြသည် မဟုတ်ပါလား။ ပိုင်တင် မိသားစုကလည်း ထိုထဲမှ တစ်ခု ဖြစ်သည်။

“ဟူး...” ပိုင်တင်က နာကျင်စွာ သက်ပြင်းချမိ၏။ သူက လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး တစ်ကျိုက်တည်း မော့သောက်၏။ ဤကဲ့သို့သော အခြေအနေမျိုးသို့ ရောက်နေသည် ဆိုလျှင်တောင် သူက ဝမ်းနည်းမှုကို ဖြေဖျောက်ရန် အရက်သောက်သုံးမည့် လူမျိုး မဟုတ်ချေ။

ပိုင်တင်က နယ်စားကြီး ဒီဘိုရာ၏ တခြားသော ဆုံးဖြတ်ချက်များကိုလည်း သဘောမတူခဲ့ချေ။ ဥပမာအားဖြင့် သူမက တောင်ပိုင်းနယ်စပ်၏ အစောင့်အရှောက် ဖြစ်လာပြီး ဆော်ရွှန်မင်းသား၏ မယားငယ် ဖြစ်လာရန် ကြိုးစားခဲ့ခြင်းပင်။

ဒီဘိုရာက စုန်းအင်ပါယာကို တိုက်ခိုက်ရန် တပ်လွှတ်ခဲ့ပြီး တတိယ ရှီလွန်အင်ပါယာကို ထူထောင်ရန် ကြိုးပမ်းမှု အပေါ်တွင် ပိုင်တင်က တကယ့်ကို သဘောကျ၏။ အင်ပါယာအတွက် သူရဲကောင်းတစ်ယောက် ထကြွလာသင့်၏။

သို့သော်ငြား ဒီဘိုရာက အတ္တကြီးလွန်း၏။ မိသားစုတစ်စုက ရည်မှန်းချက် ကြီးနိုင်သော်လည်း ဤခြေလှမ်း ကတော့ ကြီးလွန်းနေ၏။ ဒီဘိုရာက အလွန်အရည်အချင်းရှိသော်လည်း ရော့ဆိုမိသားစုတွင် အရည်အချင်း ရှိသူဟူ၍ များစွာ မရှိချေ။ သူတို့က တောင်ပိုင်းနယ်စပ်တစ်ခုလုံးကို အုပ်ချုပ်နိုင်စွမ်း မရှိကြချေ။ ဤအရာက အလှမ်းကျယ်နေခြင်းပင်။

သို့သော် အရာအားလုံးက အရေးမကြီးတော့ချေ။ ယခု ဒီဘိုရာက သေလုမျောပါး ဖြစ်နေပြီ။ မီးနတ်ဘုရားဂိုဏ်း၏ နတ်ဆရာမ အကြီးအကဲကလည်း လက်မှိုင်ချထား၏။ နယ်စားအိမ်တော်ရှိ သမားတော်များ ကလည်း ဘာရောဂါမှန်း မသိနိုင်ပေ။ ရှမ့်လန် တစ်ယောက်တည်းကသာ သူမကို ကယ်တင်နိုင်မည်မှာ ထင်ရှားသည်။

ရှမ့်လန်ကို ကူညီစေလိုလျှင် ပီကျင်းမြို့ကို လက်လွှဲပေးရမည်။ အမေဇုန်စစ်သည်များက မြို့ထဲသို့ ဝင်ရောက် လာမည်။ ယခု ပိုင်တင်က ရွေးချယ်မှုတစ်ခုနှင့် ရင်ဆိုင်နေရ၏။ ဒီဘိုရာကို ဤအတိုင်း အသေခံလိုက်ရမည်လား။ သို့မဟုတ် ရှမ့်လန်ကို မြို့ထဲဝင်ခွင့် ပြုရမည်လား။

“ရှုထောင့်တစ်ဖက်ကနေ ကြည့်မယ်ဆိုရင် ရှမ့်လန်က ဘရွတ်ရဲ့ ယောက်ျားတစ်ယောက် ဖြစ်နေတာပဲ။ သူက တရားဝင်ခင်ပွန်းပဲ။ အခု မြို့ထဲကို ဝင်ခွင့်ရှိတယ်။”

ပိုင်တင်က ပြော၏။ “သူတို့ကို လင်မယားအဖြစ် နေခွင့်ပေးလိုက်တာက အကောင်းဆုံး ဇာတ်သိမ်း ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ပီကျင်းမြို့ရဲ့သခင်၊ အသူရာလှိုင်းပြည်နယ်ရဲ့သခင်က ရော့ဆိုမိသားစု ဖြစ်နေတုန်းပဲ။ ဘာပြောင်းလဲမှုမှ မရှိဘူး။”

ပိုင်တင်က ခက်ခဲသည့် ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်၏။ ဒီဘိုရာ သေဆုံးသွားသည်ကို သူ လက်ပိုက် ကြည့်မနေနိုင်သောကြောင့် ရှမ့်လန်နှင့် ညှိနှိုင်းရန် ထလိုက်သည်။

ထိုအချိန်မှာပဲ သူ၏ သမီးက ဝင်လာပြီး တိုးညှင်းစွာ ပြော၏။ “အဖေ... ရေနွေးကြမ်းတွေ သောက်တာ များနေပြီ။ အစာအိမ်ကို ထိခိုက်စေမယ်။ ဒီတော့ လက်ဖက်ရည်ကြမ်း သောက်တာ ပိုကောင်းပါလိမ့်မယ်။”

ထိုသို့ပြောပြီးနောက် သူ့သမီးက ပိုင်တင်ဖို့ လက်ဖက်ရည်ကြမ်း တစ်ခွက် ငှဲ့ပေး၏။ သူမက နို့ကိုပါ ရောကာ ထည့်ပေးလိုက်သေး၏။ ပိုင်တင်က ဤကဲ့သို့ နို့လက်ဖက်ရည်ကို အမုန်းဆုံးပင်။ ထိုအရာက စစ်သည်တော် များနှင့် မသင့်တော်ပေ။ သို့သော်ငြား သူ၏သမီးက ငှဲ့ပေးသည် ဖြစ်သောကြောင့် သူက တစ်ကျိုက်တည်း မော့သောက်၏။ သူ့သမီးက မွေးရာပါ နူးညံ့ပြီး ကြောက်တတ်သောကြောင့် သူမကို သူ အလွန် ချစ်မြတ်နိုးသည်။

“သမီး... အခု အခြေအနေတွေက အရမ်းကို ရှုပ်ထွေးနေတယ်။ အပြင်ကို မထွက်နဲ့။ သမီးယောက်ျားကိုလည်း အပြင်မထွက်ဖို့ ပြောထား။ မပတ်သက်တဲ့ ကိစ္စတွေကို ဝင်မပါနဲ့။”

ပိုင်တင်က သူ၏တော်ဝင်ဝတ်စုံကို သေချာစွာ ဝတ်ဆင်ပြီး လက်အိတ်ကိုစွပ်ကာ ဓားကို ယူ၏။ အနည်းငယ်လောက် တွန့်ဆုတ်ပြီးနောက် သူက ဓားကို ပြန်ချလိုက်၏။ ရှမ့်လန်က နယ်စားကြီး၏ ယောက်ျား ဖြစ်လာသောကြောင့် ဘုရင်တစ်ပိုင်းဟု သတ်မှတ်နိုင်၏။ ဆွေးနွေးညှိနှိုင်းရန် သွားရာ၌ ဓားယူသွားခြင်းက မသင့်တော်ချေ။

သို့ပေမည့် ဓားကိုချလိုက်ချိန်မှာတော့ သူ၏ အစာအိမ်ထဲတွင် စူးရှသည့် နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။

“အ... အ...”

သူက နာကျင်စွာ အော်ဟစ်ပြီး သွေးတစ်လုတ် အန်ချလိုက်၏။

“စီစီ... မင်း... မင်း ငါ့ကို အဆိပ်ခတ်လိုက်တာလား။” ပိုင်တင်က မယုံကြည်နိုင်စွာဖြင့် ထကာအော်သည်။

သူ့သမီး စီစီက လုံးဝ တုန်လှုပ်နေ၏။ သူမက ဖခင်ဖြစ်သူထံသို့ ပြေးသွားပြီး ငိုကြွေး၏။ “အဖေ... သမီး မလုပ်ဘူး။ သမီး မလုပ်ဘူး။ သမီး မသိဘူး။ သမီး မသိဘူး။”

ပိုင်တင်က သွေးအန်နေရင်းမှ မေးသည်။ “မင်းကို နို့လက်ဖက်ရည် ဖျော်ခိုင်းတာ ဘယ်သူလဲ။”

“ဗင်ချီလေ... ဗင်ချီ...”

စီစီက ငိုကာပြော၏။ “အဖေ ရေနွေးကြမ်း သောက်တာများပြီး အစာအိမ် ထိခိုက်နေတယ်လို့ သူက ပြောတယ်။ အဖေ့အတွက် နို့လက်ဖက်ရည် တစ်အိုး ဖျော်ပေးဖို့ သူခိုင်းလိုက်တာပဲ။”

ပိုင်တင်က မြေပေါ်သို့ လဲကျ၏။ ပြီးနောက် မောဟိုက်စွာ ပြောလိုက်သည်။ “သမီးလေး... မကြောက်နဲ့။ အိမ်ထဲမှာ နေပြီး တံခါးကို ပိတ်ထား။ ဘယ်မှ မသွားနဲ့။ ကိစ္စတစ်ခုခု ဖြစ်နေပြီ။ တစ်ယောက်ယောက်က ပုန်ကန်ချင်နေတယ်။ တစ်ယောက်ယောက်က နယ်စားကြီးကို သတ်ချင်နေတယ်။”

ပိုင်တင်က သွေးတစ်လုတ် အန်ထုတ်ပြီး သမီးဖြစ်သူ၏ မျက်နှာကို ကိုင်၏။ “သမီး... အဖေပြောတာ မှတ်ထား။ အပြင်ကို မထွက်နဲ့။ အဖေ နယ်စားကြီးကို သွားပြီး ကာကွယ်လိုက်အုံးမယ်။”

ပြီးနောက် သူက ဓားကို ပြန်ကောက်ကိုင်ကာဖြင့် တံခါးအပြင်သို့ ယိုင်နဲ့နဲ့ သွား၏။ သူက နယ်စားကြီး၏ အိမ်တော်ဆီသို့ ပြေးသွားရင်း သွေးများလည်း အန်နေသည်။

“အဖေ... အဖေ...”

သူ၏သမီး စီစီက သူ့နောက်သို့ ပြေးလိုက်၏။ ဤအချိန်မှာတော့ သူမက ဖခင်၏ စကားကို နားမထောင် တော့ချေ။ ထို့အစား သူမက ဖခင်၏ သစ္စာရှိ လက်အောက်ငယ်သားများထံ အကူအညီတောင်းရန် ပြေးသွားမိ၏။

.......................

All Chapters