အခန်း (၈၅၇-၈၅၈)
Vol. 52 Ch. 857-858
အပိုင်း (၈၅၇)
ပိုင်တင်က တရွတ်တိုက်ဆွဲကာဖြင့် တလမ်းလုံး သွား၏။ သူက နယ်စားကြီးကို ကာကွယ်ချင်သည်။ အချိန်မနှောင်းပါစေနှင့်ဟုလည်း မျှော်လင့်မိ၏။ သို့သော်ငြား အဆိပ်က သူ၏ အသက်ကို ဖျက်ဆီးနေပြီ ဖြစ်၏။ ပြေးလွှားရင်း သူက သွေးအန်၏။ အသက်မရှူနိုင်တော့သလို အမြင်အာရုံများကလည်း မဲမှောင် လာ၏။
ပြီးနောက် သူက စစ်တပ်တစ်တပ်ကို မြင်လိုက်ရ၏။ ပုန်ကန်သည့် တပ်ဖွဲ့ပင်။ လူတိုင်း၏ မျက်နှာကို အမဲရောင် အဝတ်စများဖြင့် ဖုံးအုပ်ထား၏။ တောင်ထိပ်ပေါ်ရှိ ရဲတိုက်ဆီသို့ ပြေးတက်နေသူများက ထောင်ပေါင်းများစွာပင်။ မျက်နှာများကို အဝတ်စများဖြင့် ဖုံးအုပ်ထားသော်လည်း ပိုင်တင်က သူ၏ သမက် ဗင်ချီကို ချက်ချင်း မှတ်မိ၏။ သူ့တပည့် ဖြစ်သော ဒရွိုင်းရော့ဆိုကိုလည်း သူက မှတ်မိသည်။
“ဒရွိုင်း... မင်း ဘာလုပ်ချင်တာလဲ။”
ပိုင်တင်က အော်ဟစ်လိုက်၏။ “မင်း ပုန်ကန်ချင်တာလား။ မင်းရဲ့ သခင်အရင်းကိုတောင် ပြန်သတ်ချင် နေတာလား။”
ဗင်ချီက ပြောလိုက်သည်။ “သခင်ကြီးပိုင်တင်... ဒီဘိုရာက သူ့ကိုသူ အရှေ့တိုင်းသား လူရွှင်တော်ဆီကို ရောင်းစားချင် နေတာပဲ။ ရော့ဆိုမိသားစုတစ်ခုလုံးကိုလည်း ရောင်းစားချင်နေတယ်။ ရော့ဆိုမိသားစုအတွက် ကျုပ်တို့ ဒီလိုဖြစ်ခွင့် မပေးနိုင်ဘူး။”
ပိုင်တင်က ပြော၏။ “ကျုပ် မေးချင်တာက... မင်းတို့ ကိုယ့်သခင်အရင်းကိုတောင် သတ်ချင် နေတာလားလို့။” ခဏမျှ တိတ်ဆိတ်သွား၏။
ဗင်ချီက ပြောလိုက်သည်။ “ယောက္ခထီး... ဒီဘိုရာက ကျုပ်တို့ရဲ့ သခင်ဖြစ်လာဖို့ မထိုက်တန်တော့ဘူး။ သူ သေသင့်နေပြီ။”
ပိုင်တင်က သွေးအန်ရင်းမှ အော်ဟစ်လိုက်၏။ “ဟုတ်တယ်။ ဒီဘိုရာရဲ့ လုပ်ရပ်က ဂုဏ်သိက္ခာမဲ့တယ်။ ဒါပေမဲ့ မင်းတို့ရဲ့လုပ်ရပ်က ပိုပြီး ရှက်စရာ ကောင်းတယ်။ မင်းတို့က ပုန်ကန်ပြီး နယ်စားကြီးကို သတ်ချင်တယ်ဆိုရင် အလောင်းကောင် တစ်ခုကို ကျော်ဖြတ်သွားရလိမ့်မယ်။”
ပြီးနောက် ပိုင်တင်က ဓားကို တန်းလျက် လမ်းအလယ်တွင် ရပ်သည်။
“သူ့ကို သတ်ကြ။” ဒရွိုင်းရော့ဆိုက အမိန့်ပေး၏။
ချက်ချင်းပဲ စစ်သည် ဒါဇင်ပေါင်း များစွာတို့က ရှေ့သို့ ပြေးလာပြီး ပိုင်တင်ကို ဓားဖြင့် ခုတ်ပိုင်းကြ၏။ ပိုင်တင်က မတ်တပ်ပင် ဖြောင့်အောင် မရပ်နိုင်တော့ချေ။ သူ၏မျက်လုံးများက သွေးရောင်လွှမ်းနေ၏။ သူ ဘာမှ မမြင်ရတော့ပေ။ သူ၏ အဆုတ်ထဲတွင် ရေများ ပြည့်နေ၏။ သူ အသက်မရှူနိုင်တော့ပေ။
“သတ်ကြတော့...”
သူက ပင်ကို အသိစိတ်ဖြင့် ဓားကို ဝှေ့ယမ်း၏။ ခဏအတွင်း စစ်သည် ဒါဇင်ပေါင်း များစွာကို သတ်ဖြတ်ပြီး ဖြစ်နေ၏။
“သူ့ကို သတ်ကြ။” နောက်ထပ် စစ်သည်များ ပြေးဝင်လာ၏။ ခဏအကြာမှာတော့ အားလုံးက ပိုင်တင်၏ လက်ချက်ဖြင့် သေဆုံးသွားကြသည်။ လူတိုင်းက တုန်လှုပ်သွားကြ၏။ ပိုင်တင်က အဆိပ်ပြင်းပြင်း မိထားသောကြောင့် ဘာမှ မမြင်နိုင်ပေ။ သူက မတ်မတ်ပင် မရပ်နိုင်ပေ။ သို့ပေမည့် အဘယ်ကြောင့် ဤမျှ သန်မာ နေရသနည်း။
“ဖူး... ဖူး...”
ပိုင်တင်က ယိုင်နဲ့သွားခဲ့ပြီး မြေပြင်ပေါ် ဒူးထောက်ကျကာဖြင့် မဲနက်သည့် သွေးများကို အန်ချ၏။ ပုန်ကန်သည့် စစ်သည် ဒါဇင်ပေါင်း များစွာတို့က ပြေးတက်လာပြီး သူ့ကို ရူးသွပ်စွာ ခုတ်ပိုင်းကြ၏။
“သစ္စာဖောက်... သစ္စာဖောက်...” ပိုင်တင်က အော်ဟစ်၏။ သူက မြေကြီးပေါ် ဒူးထောက်လျက်သားနှင့် ဓားဖြင့် ပြန်လည် တိုက်ခိုက်လိုက်သည်။
“ရွှပ်... ရွှပ်... ရွှပ်...” ဓားဖြတ်သန်းသွားရာ နေရာတိုင်းတွင် မည်သူမှ အလောင်းကောင် အကောင်းတိုင်း မကျန်ရစ်ခဲ့ချေ။ အားလုံးက နှစ်ပိုင်းပိုင်းကာ သေဆုံးကုန်၏။ သေခါနီးဆဲဆဲ အချိန်ဖြစ်သော်လည်း သူက ကြီးကျယ်ခမ်းနားပြီး မည်သူမှ မယှဉ်ပြိုင်နိုင်အောင် ရှိနေဆဲပင်။
ရုတ်တရက် ကောက်ကျစ်စဉ်းလဲသည့် ဓားတစ်ချောင်းက နှိုင်းယှဉ်၍ မရနိုင်လောက်သည့် မြန်ဆန်သော အရှိန်အဟုန်ဖြင့် သူ့ဆီသို့ ထိုးဖောက် ဝင်ရောက်လာ၏။ ဤလူ၏ သိုင်းပညာက တကယ့်ကို မြင့်မားလွန်း၏။ ပိုင်တင်က မမြင်ရတော့သော်လည်း လေတိုက်ခတ်ရာ လမ်းကြောင်းကို ခံစားမိ၏။ ထို့ကြောင့် ဓားဖြင့် ကာကွယ်လိုက်သည်။
“ချွမ်”
ထိုလူ၏ ဓားက လွင့်ထွက်သွား၏။ ပိုင်တင်က ဓားကို ထပ်မံကာ ဝှေ့ယမ်း၏။ ထိုသူကို နှစ်ပိုင်းပိုင်းရန် ရည်ရွယ်၏။
“ယောက္ခထီး... ကျုပ်ပါ။” ဗင်ချီက အော်ဟစ်လိုက်သည်။
ပိုင်တင်၏ လက်များက တုန်ယင်သွား၏။ သူ၏ လက်ထဲရှိ ဓားက ဘေးတစ်ဖက်သို့ လျောကျ၏။ သူက ထိုလူကို မသတ်ခဲ့ချေ။ သို့သော်ငြား နောက်တစ်စက္ကန့်မှာပဲ ....
“စွပ်...” မြားတစ်စင်းက ပိုင်တင်၏ ရင်ဘတ်ထဲသို့ စိုက်ဝင်၏။
ဗင်ချီ၏ အသံက ပိုင်တင်၏ နားထဲသို့ ဝင်ရောက်လာသည်။ “ယောက္ခထီး... ဒါ ကျုပ်ပါပဲ။ ခင်ဗျားက တုံးအလွန်းတယ်။ ခင်ဗျားမှာ တုံးအတဲ့ သစ္စာတရားက လွဲရင် တခြားဘာမှ မရှိဘူး။”
“ဝှစ် ဝှစ်...”
မြားမိုးရွာသကဲ့သို့ မြားများက ရောက်ရှိလာ၏။ ပိုင်တင်က မြားများကို ကာကွယ်ရန် ဓားကို ဝှေ့ယမ်း၏။ ယခင်ကသာဆိုလျှင် ထိုမြားများက သူ့ကို ထိမှန်လိမ့်မည် မဟုတ်ချေ။ သို့ပေမည့် ယခု သူဘာမှ မလုပ်နိုင်တော့ပေ။ သူက အဆိပ်မိထားသည်ဆိုသော်လည်း လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီးပြီ ဖြစ်၏။ သူ မမြင်ရတော့ချေ။ သူ အသက်မရှူနိုင်တော့ချေ။ လက်ကိုလည်း မမြှောက်နိုင်တော့ပေ။
“ဝှစ် ဝှစ်”
မြားတစ်ဒါဇင်ကျော်က သူ၏ ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်လာ၏။ နှိုင်းယှဉ်၍ မရနိုင်အောင် အစွမ်းထက်သော ပိုင်တင်၊ ဘယ်တော့မှ မရှုံးနိမ့်ဖူးသည့် အသူရာလှိုင်း ပြည်နယ်၏ အသန်မာဆုံးသော သိုင်းပညာရှင်ကြီးက လဲကျသွား၏။ မဲနက်သည့် သွေးများက မြေပြင်ပေါ်အနှံ့ စီးဆင်းသွား၏။
ဒရွိုင်းရော့ဆိုက ထိုသူကို တစ်ချက်ကြည့်ပြီး ဗင်ချီကို ထပ်ကြည့်ပြန်သည်။ “ခေါင်းမာတဲ့လူကြီးပဲ။”
ဗင်ချီက မထိမဲ့မြင်ပြုံး၏။ သူက ရှေ့သို့ တိုးလာပြီး ကန်ကျောက်၏။ ပြီးနောက် အော်ဟစ်လိုက်၏။ “ဒီဘိုရာကို သတ်ကြ... မြို့စားဒရွိုင်းက ထီးနန်းဆက်ခံလိမ့်မယ်။”
ပြီးနောက် ပုန်ကန်သည့် စစ်သည် ထောင်ပေါင်းများစွာတို့က တောင်ပေါ်ရှိ ရဲတိုက်ဆီသို့ ပြေးသွားကြသည်။
.............
ဗင်ချီ ပြောသည်မှာ မှန်၏။ ထိုနေ့က မင်းသမီး ဒိုဟာက ကျွမ်းကျင်သူ တစ်ရာကျော်ကို ဦးဆောင်ပြီး ဒီဘိုရာကို လာရောက် တိုက်ခိုက်ခဲ့၏။ သူမ၏ ထိပ်တန်း အစောင့်အရှောက် အများစုက သေဆုံးခဲ့၏။ ယခု နယ်စားကြီး အိမ်တော်၏ ကာကွယ်ရေးက အားနည်းနေပြီ ဖြစ်၏။
ဒရွိုင်းရော့ဆို၏ ပုန်ကန်သည့် စစ်သည် ထောင်ပေါင်းများစွာတို့က အိမ်တော်အတွင်းသို့ အလွယ်တကူ ဝင်ရောက် သတ်ဖြတ်ကြ၏။ ဒီဘိုရာအပေါ် သစ္စာရှိသည့် စစ်သည် ရာဂဏန်းခန့်က သုတ်သင်ခံလိုက်ရသည်။
“ဒီဘိုရာ ဘယ်မှာလဲ။” ဒရွိုင်းက မေးမြန်း၏။ သူ၏ဓားက အစေခံတစ်ယောက်၏ လည်ပင်းပေါ်သို့ ရောက်ရှိနေ၏။
“အ.... အဆောင်မှာ... အဆောင်မှာပါ။”
ဒရွိုင်းက တပ်မှူးများနှင့် ကျွမ်းကျင်သည့် လူဒါဇင်ပေါင်းများစွာတို့ကို ဦးဆောင်ပြီး ထိုအဆောင်တွင်းသို့ ဝင်ရောက်သည်။ “အားလုံး ကိုယ့်မျက်နှာကိုယ် လုံအောင် ဖုံးထားကြ။ ဒီဘိုရာရဲ့သွေး အရေပြားပေါ် မစင်စေနဲ့။”
သူ၏အမိန့်အတိုင်း လူတစ်ရာကျော်တို့က မိမိကိုယ်ကို လုံခြုံစွာဖြင့် အဝတ်များဖြင့် ပတ်စည်း၏။ သူတို့က ဖန်မျက်မှန်များကိုပင် ဝတ်ဆင်လိုက်သေး၏။ မကြာခင်မှာပဲ လူရာပေါင်းများစွာတို့က ဒီဘိုရာ၏ အဆောင်ရှိရာသို့ ဝင်လာကြ၏။
သူတို့က နောက်ဆုံး လူတစ်စုနှင့် တွေ့ဆုံ၏။ တာလွန် ဦးဆောင်သော နောက်ဆုံး ကျန်ရှိသည့် စစ်သည် ဒါဇင် အနည်းငယ်ပင်။ ထိုသူတို့၏ ထက်ဝက်က မိန်းမစိုးများ ဖြစ်သည်။
“တာလွန်... ရော့ဆိုမိသားစုက မင်းရဲ့ ဝန်ဆောင်မှုကို အရမ်းကျေနပ်တယ်။ အနာဂတ်မှာလည်း မင်းက ရော့ဆိုမိသားစုရဲ့ မိန်းမစိုး ခေါင်းဆောင်အဖြစ် ဆက်ရှိနေအုံးမှာပါ။” မြို့စားဒရွိုင်းက ပြော၏။
တာလွန်က ပြောသည်။ “မြို့စားဒရွိုင်း... ကျုပ်ရဲ့ ယောက်ျားဘဝက သင်းကွပ်ခံရပြီးပြီ။ ကျုပ်ရဲ့ သစ္စာတရား နဲ့ သိက္ခာကိုတော့ ခင်ဗျား ထပ်ပြီး သင်းကွပ်လို့ မရတော့ဘူး။”
ဒရွိုင်းက ပြော၏။ “မင်းက ဒီဘိုရာနဲ့ အတူ အသေခံတော့မလို့လား။”
တာလွန်က ပြန်ဖြေသည်။ “ကျုပ်က နောက်ဆုံးအချိန်မှာ ကျုပ်ရဲ့ လူစိတ်ကို စမ်းသပ်ချင်ရုံပါပဲ။ ကျုပ်က ကိုယ့်ကိုယ်ကိုယ် သရဲဘောကြောင်တဲ့ လူတစ်ယောက်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ ထင်သလောက် ပျော့ညံ့တဲ့ လူတစ်ယောက် မဟုတ်မှန်း ကျုပ်သိခဲ့ရပြီ။”
ဒရွိုင်းက မထိမဲ့မြင် ရယ်၏။ ပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်၏။
သူခေါ်ဆောင်လာသည့် လူများက ပုန်ကန်ကြသည့် အရေးကြီး ပုဂ္ဂိုလ်များ ဖြစ်၏။ အားလုံးက ကျွမ်းကျင်သူများ ဖြစ်ကြပြီး တာလွန်၏ လူများ အားလုံးကို အလွယ်တကူ သတ်ဖြတ်နိုင်သည်။
တာလွန်၏ သိုင်းပညာက ကောင်းမွန်၏။ သူက လူငါးယောက်ကို ဆက်တိုက် သတ်ဖြတ်၏။ နောက်ဆုံး မှာတော့ ဓားတချို့က သူ၏ လည်ပင်းပေါ် ကျရောက်လာ၏။ ပြီးနောက် သူက မျက်လုံးကို မှိတ်လျက် မလှုပ်မယှက် ရပ်နေ၏။ သေခြင်းတရားကို စောင့်ဆိုင်းလို့နေ၏။
ဒရွိုင်းက ဓားကို မြှောက်ပြီး ခုတ်ချ၏။ သူက ထိုမိန်းမစိုးကို နှစ်ပိုင်းပိုင်းပစ်ချင်နေသည်။
“နေအုံး။” ဒီဘိုရာ၏ အသံက အထဲမှ ထွက်လာ၏။ သူမက အသည်းအသန် ချောင်းဆိုးနေ၏။ သူမ၏ အသံကလည်း တကယ့်ကို အားနည်း၏။
“ဒရွိုင်း... သူ့ကို လွှတ်ပေးလိုက်ပါ။”
ဒီဘိုရာက ပြော၏။ “နိမ့်ကျတဲ့ တာလွန်ကို ဆပ်ကပ်အဖွဲ့၊ ဒါမှမဟုတ် ပြည့်တန်ဆာအိမ်ဆီကို ပြန်လွှတ်ပြီး ခေါင်းဆောင် လုပ်ခိုင်းလိုက်။ သူ့ကို လွှတ်ပေးလိုက်။ အဲလိုလုပ်ပေးမယ်ဆိုရင် မိသားစုရဲ့ ဘဏ္ဍာတိုက် ဘယ်မှာ ရှိလဲဆိုတာ ငါပြောပြမယ်။”
“ဒီဘိုရာ... ခင်ဗျားက ကျွန်တစ်ယောက်ကို ကိုယ့်ရဲ့ ဝမ်းကွဲမောင်ထက်တောင် ပိုပြီးတော့ ကောင်းကောင်း ဆက်ဆံနေပါလား။” ဒရွိုင်းက လှောင်ပြောင်လိုက်၏။ သူက တာလွန်၏ နောက်စေ့ကို လက်ဝါးဖြင့် ရိုက်ချ၏။ တာလွန်က သတိလစ်သွားသည်။
မြို့စားဒရွိုင်းက ကျွမ်းကျင်သူ ဒါဇင်ချီကို ဦးဆောင်ပြီး အဆောင်ထဲသို့ ဝင်လာ၏။ သူက ကုတင်ပေါ်တွင် လဲလျောင်းနေသည့် ဒီဘိုရာကို မြင်ရ၏။ သူမက ကိုယ်အလေးချိန် တော်တော် ကျသွား၏။ နှုတ်ခမ်းများက ဖြူဖျော့နေပြီး မျက်လုံးများက သွေးရောင်လွှမ်းနေ၏။ သူမ ဘာကိုမှ မမြင်ရချေ။
တစ်ချိန်က အစွမ်းထက်ခဲ့သည့် အမျိုးသမီးက ကုသ၍ မရနိုင်တော့ချေ။ သေဆုံးရန် မဝေးတော့ချေ။ သူမ၏ ဘေးတွင် ပိုးထည် အပုံလိုက် ရှိနေပြီး အားလုံးက သွေးများ ပေကျံနေ၏။ ချောင်းဆိုးလိုက်တိုင်း သွေးများ ပါနေ၏။
ဒီဘိုရာက ကုတင်ပေါ်မှ ခက်ခဲစွာ ထရပ်၏။ သူမ ပြောလိုက်သည့် စကားတစ်ခွန်းချင်းစီတိုင်းက တကယ့်ကို ခက်ခဲနေပုံပေါ်၏။ မီးတောက်စေရန် လှမ်းကာမှုတ်ရသည့် ပန်းပဲဖိုမှ လေမှုတ်စက်ကဲ့သို့ ဖြစ်နေသည်။
“ဝမ်းကွဲမောင်.... မင်း ငါ့ရဲ့ ခန္ဓာကိုယ်ကို မရေတွက်နိုင်အောင် လိုချင်ခဲ့ဖူးတဲ့ပုံကို ငါ မြင်ဖူးခဲ့တယ်။ အခု ငါ ဒီလိုဖြစ်နေတာတောင်မှ လိုချင်နေတုန်းပဲလား။” ဒီဘိုရာက ရယ်မောလိုက်၏။ ပြီးနောက် သူမက ချောင်းထပ်ဆိုးရင်း သွေးများလည်း အန်ထွက်၏။
ဒရွိုင်းက ဤအမျိုးသမီးကိုကြည့်၏။ သူလိုချင်နေဆဲပင်။ ဤအမျိုးသမီးက ကုမရတော့ဘဲ သေခါနီးဆဲဆဲ ဖြစ်နေသော်လည်း အံမခန်းအလှအပနှင့် ခန္ဓာကိုယ် အချိုးအစားကို ဖုံးကွယ်မထားနိုင်ပေ။ သို့သော်ငြား သူ မရဲပေ။ အဘယ်ကြောင့်ဆိုသော် သူမက ရောဂါကူးစက်ခံထားရသည်။
“သူ့ကို သတ်လိုက်တော့။” ဒရွိုင်းက ပြော၏။
ခဏလောက် တိတ်ဆိတ်သွားပြီးနောက် အရပ်ရှည်ရှည်နှင့် ထည်ဝါသည့် စစ်သည်တစ်ဦးက ရှေ့သို့ထွက်၏။ ဒီဘိုရာ၏ လည်ပင်းကို ဓားနှင့်ခုတ်ပိုင်းသည်။
“စွပ်”
ဒီဘိုရာက သူမ၏ ဓားဖြင့် ထိုးနှက်လိုက်၏။ လှုပ်ရှားမှုက အလွန်ကို မြန်ဆန်ပြီး ထိုစစ်သည်၏ နှလုံးကို တိုက်ရိုက် ထိုးဖောက်သွား၏။ ထည်ဝါသည့် စစ်သည်တော်က ဓားဖြင့် မခုတ်ချနိုင်ခင်မှာပင် အသက်ခံလိုက် ရ၏။
မြို့စားဒရွိုင်းနှင့် အခြားသောသူများက တုန်လှုပ်သွား၏။ ဒီဘိုရာ တကယ်ကို အစွမ်းထက်မှန်း သူတို့ သိကြသော်လည်း ထထိုင်ရန်ပင် မတတ်နိုင်လောက်အောင် ဖျားနာနေသည့် သူမက လူသတ်နိုင်လိမ့်မည် ဟုတော့ မထင်မှတ်ခဲ့ချေ။
“ထပ်သွားစမ်း။”
ကျွမ်းကျင်သူ နှစ်ယောက်က ထွက်လာပြီး ဒီဘိုရာကို တိုက်ခိုက်၏။ နောက်တစ်စက္ကန့် အကြာတွင် ထိုလူနှစ်ဦး သေဆုံး၏။ ဒရွိုင်းက သူ့မျက်လုံးပင် သူ မယုံကြည်နိုင်သလို ဖြစ်နေ၏။ နှစ်ဦးလုံးက တပ်မှူးများဖြစ်ကြပြီး အစွမ်းထက်သည့် စစ်သည်များ ဖြစ်ကြသော်လည်း ဒီဘိုရာ၏ လက်ချက်ဖြင့် တစ်ခါတည်း အသတ်ခံရ၏။ သူမ၏ သိုင်းပညာက တကယ်ပင် ဤမျှလောက် အစွမ်းထက်နေသည်လား။
“ထပ်သွားစမ်း။” ဤတစ်ကြိမ်မှာတော့ ဒရွိုင်းက ကျွမ်းကျင်သူလေးဦးကို စေလွှတ်ပြီး ဒီဘိုရာကို သတ်ဖြတ်စေ၏။
“ရွှပ် ရွှပ်”
ဤကျွမ်းကျင်သူ လေးဦးလုံးက သေဆုံးသွားခဲ့ကြသည်။
လူလေးဦးကို သတ်ဖြတ်ပြီးသည့်နောက် ဒီဘိုရာက အဆုတ်များ ထွက်ကျလုမတတ်ပင် ပြင်းထန်စွာ ချောင်းဆိုးနေ၏။ သွေးများက သူမ၏ ပါးစပ်နှင့် နှုတ်ခမ်းထောင့်များမှ တိုက်ရိုက် ပန်းထွက်၏။
သူမ တကယ် မထနိုင်တော့ချေ။ သူမ၏ ခန္ဓာကိုယ် ယိုင်လဲကျပြီး ကုတင်ကြီးကို ကျောမှီလျက် ကြမ်းပြင်ပေါ် ထိုင်ချ၏။ သူမက အသက်ရှူရန် အားကုန်သုံးနေရ၏။ သူမ၏ အမြင်အာရုံက ဘာကိုမှ သေသေချာချာ မမြင်ရချေ။ သူမက ရန်သူ၏ တည်နေရာကို သိရန် အသံကိုသာ အားကိုးရသည်။ “ဒရွိုင်းရော့ဆို....”
ဒရွိုင်းရော့ဆို၏ ဆံပင်များက ထောင်ထနေ၏။ ဤဒီဘိုရာက ဤမျှလောက် အစွမ်းထက်နေသည်လား။
“ဗင်ချီ ... ခင်ဗျား သွားစမ်း။” ဒရွိုင်းက ပြော၏။
ဗင်ချီနှင့် အခြားသောသူများက လေးများကို ကောက်ယူပြီး လေးကြိုးကို အသည်းအသန် ဆွဲတင်ကာဖြင့် ဒီဘိုရာကို ချိန်ရွယ်သည်။
“ရွှပ် ရွှပ် ရွှပ် ရွှပ်” မြားငါးစင်းက လျှပ်စီးလက်သကဲ့သို့ပင် ဒီဘိုရာဆီသို့ ဝင်၏။
ဒီဘိုရာက သူမ၏ နောက်ဆုံး တိုက်ခိုက်မည့် အစွမ်းအင်များကို စုစည်းပြီး ညာလက်ရှိ ဓားဖြင့် ခုတ်ပိုင်းကာဖြင့် ဘယ်လက်ဖြင့် ဒိုင်းငယ်တစ်ခုဖြင့် လှမ်းကာ ကာကွယ်၏။ သူမက လုံးဝ မမြင်ရတော့ဘဲ အသံကိုသာ အားကိုးပြီး တည်နေရာကို ဆုံးဖြတ်နေရ၏။ သူမက မြားလေးစင်းကို ကာကွယ်နိုင်သော်လည်း တခြားမြားတစ်စင်းက သူမ၏ ဘယ်ဘက်လက်မောင်းကို ထိုးဖောက်သွားခဲ့သည်။
“အဆိပ်မြားတွေ ပြောင်းပစ်။” ဗင်ချီက အော်ဟစ်၏။ သူက ရှေ့သို့တော့ မတိုးရဲချေ။
ဒီဘိုရာက တကယ့်ကို ကြမ်းတမ်း၏။ သန်မာ၏။ အနီးကပ်သွားလျှင် ချက်ချင်း အသတ်ခံရပေမည်။ သို့သော်ငြား မတ်တပ် မရပ်နိုင်တော့ချေ၊ မလှုပ်ရှားနိုင်ချေ။ ပိုင်တင်ကို သတ်ခဲ့သလို ပစ်သတ်လိုက်ရုံသာ ရှိလေ၏။ ပြီးနောက် သူတို့က လေးကြိုးများကို တဖန်ပြန်ဆွဲပြီး အဆိပ်မြားများကို တပ်ဆင်၏။ နောက်တစ်ကျော့ ပစ်ခတ်ရန် ပြင်ဆင်၏။
အပိုင်း (၈၅၈)
ဒီဘိုရာ၏ ရင်ထဲတွင် မျှော်လင့်ချက်မဲ့မှုများနှင့် ပြည့်နှက်သွား၏။ သူမ ဘယ်ဘက်လက်မောင်း ထွင်းဖောက် ခံထားရပြီး ကာကွယ်နိုင်စွမ်း မရှိတော့ချေ။ ဒုတိယအကြိမ် မြားမိုးရွာခြင်းကို ထက်ဝက်ကျော်လောက် ကာကွယ်ကောင်း ကာကွယ်နိုင်ပေလိမ့်မည်။ သို့သော်ငြား တတိယအကြိမ် ဆိုလျှင်တော့ သူမက လုံးဝ ကာကွယ်နိုင်တော့မည် မဟုတ်ချေ။ သေရမှာ သေချာ၏။
“ခွေးကောင်လေး ရှမ့်လန်... အမှိုက်ကောင်၊ ယုတ်မာကောက်ကျစ်တဲ့ကောင်.... ကျွန်မ ဒီဘိုရာ သေရတော့မယ်။ ဒရွိုင်းရော့ဆိုက နေရာဝင်ယူတော့မယ် သူ့ရဲ့ အကျိုးစီးပွားအတွက် သူက ရှင် ရှမ့်လန်နဲ့ စစ်ပွဲကို မရပ်မနား ဆင်နွှဲလိမ့်မယ်။ အဲဒီအချိန်ကျရင် ရှင် ပီကျင်းမြို့ကို ရမှာ မဟုတ်တော့ဘူး။ ရှင့် အမေဇုန်စစ်တပ်က နိုင်မယ်ဆိုရင်တောင် အကြီးအကျယ် ဆုံးရှုံးရလိမ့်မယ်။ ကျွန်မ ဒီဘိုရာက သစ္စာဖောက်တစ်ယောက်ရဲ့ လက်ချက်နဲ့ လုံးဝ တစ်ယောက်တည်း အသေမခံဘူး။ အတူတူ သေပစ်မယ်။”
ဒီဘိုရာ၏ လက်က ကုတင်ပေါ်ရှိ ယန္တရားတစ်ခုပေါ် ရောက်သွား၏။ ထိုအရာကို ဖိချလိုက်သည်နှင့် ယမ်းမှုန့် ကီလိုဂရမ်သောင်းချီက ပေါက်ကွဲသွားပေလိမ့်မည်။ သူမက ဤအိမ်နှင့် အတွင်းရှိလူတိုင်းကို အစအန မကျန်အောင် ဖောက်ခွဲလိုက်မှာ ဖြစ်၏။ ဒီဘိုရာနှင့် သစ္စာဖောက်များ အပါအဝင် အားလုံး သေဆုံးရပေလိမ့်မည်။
“ရှမ့်လန် အရှေ့တိုင်းက အမှိုက်ကောင်.... ရှင် အကုန် ဖျက်ဆီးပစ်လိုက်ပြီ။ ကျွန်မ သေသွားပြီး နောက်ဘဝကျရင် ရှင့်ကို အသေပြန် တိုက်ခိုက်ဖို့ ပြန်လာခဲ့မယ်။ အတူတူ သေကြဖို့။”
ဒီဘိုရာက ကုတင်ပေါ်ရှိ ယန္တရားကို ရုတ်တရက် ဖိချ၏။ ယမ်းမှုန့်ကီလိုဂရမ်သောင်းချီကို ဖောက်ခွဲ၏။ သို့သော်ငြား သူမက ယန္တရားကို ဖိနှိပ်ပြီးနောက် မည်သည့် တုံ့ပြန်မှုကိုမှ မတွေ့ရချေ။ ယမ်းမှုန့်များက မပေါက်ကွဲတော့ချေ။
“တောက် ခွေးကောင်တွေ ....” ဒီဘိုရာက ဆဲရေးလိုက်၏။
ဗင်ချီနှင့် အခြားသောသူများက မြားများဖြင့် အသင့်ပြင်ထား၏။ သူတို့က ဒီဘိုရာကို ချိန်ရွယ်ပြီး ဒုတိယအကြိမ် ပစ်ခတ်ရန် ပြင်ဆင်သည်။
ဗင်ချီ၏ မျက်နှာတွင် ယုတ်မာသည့် အပြုံးတစ်ခု ပေါ်လာ၏။ ဒူးလေးက ဒီဘိုရာ၏ ဝမ်းဗိုက်အောက်ဘက်သို့ ချိန်ရွယ်၏။
ဤပြိုင်ဘက်ကင်း လှပသည့် နယ်စားကြီးက လူတိုင်းလိုချင်တပ်မက်သည့် အရာဖြစ်သော်လည်း အိမ်မက်ထဲတွင်ပင် သူ့အတွက် မဖြစ်နိုင်ခဲ့ချေ။ ထို့ကြောင့် သူမ၏ ထိုနေရာကို လေးဖြင့် ထွင်းဖောက်ရန် ပြင်ဆင်လိုက်၏။ ဒီဘိုရာက မျက်လုံးများကို မှိတ်ပြီး သေခြင်းတရားကို စောင့်ဆိုင်းနေ၏။
“ပစ်တော့” ဒရွိုင်းရော့ဆိုက အမိန့်ပေးလိုက်သည်။
“ရွှပ် ရွှပ်” ဒူးလေးမြားငါးစင်းက ဒီဘိုရာ၏ နုနယ်သည့် ခန္ဓာကိုယ်ဆီသို့ ပြေးဝင်သွားခဲ့၏။ သေခြင်းတရားက ရောက်လာ၏။ သေမင်းက ရောက်လာ၏။ ဒီဘိုရာက အနည်းငယ် နောင်တရမိနေ၏။ အဘယ်ကြောင့်ဆိုသော် မိမိကိုယ်မိမိ မသတ်သေခဲ့ရသနည်း။ အသက်ရှင်သန်လိုစိတ်ဖြင့် အသက်ရှင် နေထိုင်ရခြင်းကို မက်မောလွန်းသောကြောင့် သူမက ဂုဏ်သိက္ခာ မရှိဘဲ သေဆုံးရပေလိမ့်မည်။
သို့သော်ငြား ရုတ်တရက် လေပြင်းတစ်ချက် တိုက်ခတ်လာခဲ့၏။
“ဒိုင်း ဒိုင်း ဒိုင်း” မြားငါးစင်းက ဒိုင်းတချို့ကို တိုက်ရိုက်ထိမှန်ပြီး ရိပ်ခနဲ ပုံရိပ်တချို့က ခေါင်မိုးမှ ဖောက်ဝင်လာ၏။ အမေဇုန်ကျွမ်းကျင်သူများ ပေါ်ပေါက်လာခဲ့ပြီး ထိုသူတို့က ခေါင်မိုးပေါ်မှ ဆင်းသက်လာခဲ့ခြင်းပင်။
နောက်ဆုံးမှာတော့ ထိုဒါဇင်ပေါင်းများစွာတို့က ဒရွိုင်းရော့ဆိုကို ဝန်းရံလိုက်၏။ သူတို့ တစ်ယောက်ချင်း စီတိုင်းက ခန္ဓာကိုယ်များကို လုံခြုံစွာ ပတ်စီးထားပြီး အရေပြားတစ်လက်မပင် ဖော်မထားခဲ့ချေ။
“ဒရွိုင်းရော့ဆို၊ ဗင်ချီ အားလုံးက သစ္စာဖောက်တွေ... အားလုံး ဝိုင်းခံထားရပြီ။ နယ်စားကြီးရဲ့ ယောက်ျား၊ ပီကျင်းမြို့ရဲ့ အရှင်သခင်ဖြစ်တဲ့ အရှင်ရှမ့်လန်က ရှင်တို့ကို လက်နက်ချပြီး အညံ့ခံဖို့ အမိန့်ပေးလိုက်တယ်။” ဒိုဟာက မအီမသာ ဖြစ်နေမှုကို ကြံ့ကြံ့ခံရင်း ပြောလိုက်၏။
ထိုအချိန်မှာတော့ ဒီဘိုရာက မခံနိုင်တော့ဘဲ သတိလစ်သွား၏။ သတိမလစ်ခင်မှာပင် သူမက တစ်ကြိမ် ဆဲရေးလိုက်သည်။ “လူယုတ်မာ..”
ဤအရာက ရှမ့်လန်ကို ရည်ရွယ်ပြီး ဆဲလိုက်ခြင်းပင်။ သူမ တကယ် မခံနိုင်တော့ချေ။ ဤလူက တကယ့်ကို ယုတ်မာလွန်း၏။
အချိန်မည်မျှ ကြာသွားသည် မသိချေ။ ဒီဘိုရာက နိုးလာ၏။ ဤအချိန်မှာတော့ သူမက ငရဲအဝဆီသို့ ရောက်ခဲ့ပြီးမှ ပြန်လာခဲ့ရသလိုပင် ခံစားနေမိ၏။ ရှမ့်လန်က သူမကို ကယ်တင်ရန် အားထုတ် ကြိုးပမ်းခဲ့ရ၏။ ပိုးက အနောက်တိုင်းသားတွေ၏ ခန္ဓာကိုယ်ထဲတွင် ပိုမိုပြင်းထန်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။
ရောဂါအခြေအနေက သူ ထင်မှတ်ထားသည်ထက်ပင် ပိုက မြန်မြန်ဆိုးရွားခဲ့၏။ နောက်ထပ် အနည်းငယ် လောက်သာ ကြာသွားပါက ဤစွမ်းထက်ပြီး လှပသည့် နယ်စားကြီး ဒီဘိုရာက သေဆုံးသွားပေလိမ့်မည်။
သို့သော်ငြား ပင်နီစလင်က တကယ့်ကို အံ့ဖွယ်ဆေးပင်။ ဆေးထိုးပြီး တစ်နာရီမပြည့်ခင်မှာပဲ သိသာ ထင်ရှားသည့် သက်ရောက်မှုတွေ ရှိခဲ့၏။ သုံးနာရီအတွင်း အဖျားကျသွားခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းသည့် ပုလိပ်ရောဂါဆိုးက မြန်မြန်လာပြီး မြန်မြန် ပြန်ထွက်သွားခဲ့၏။
ကံကောင်းထောက်မစွာဖြင့် သွေးဆိပ်သင့်ခြင်းမျိုး မဖြစ်ခဲ့ချေ။ မဟုတ်ပါက ရှမ့်လန်က တကယ့်ကို ဒုက္ခရောက်မှာ ဖြစ်ပြီး သူမကို ကယ်တင်နိုင်လိမ့်မည် မဟုတ်ချေ။ မည်သို့ပင်ဆိုစေကာမူ ဒီဘိုရာ အနေနှင့် အပြည့်အဝ ပြန်ကောင်းချင်သည် ဆိုလျှင်တောင် အချိန်တစ်ခု ယူရဦးပေလိမ့်မည်။
ဒီဘိုရာက အားနည်းနေဆဲပင်။ မျက်လုံးဖွင့်လိုက်သည်နှင့် ပထမဦးဆုံး မြင်ရသည်က ရှမ့်လန်ဖြစ်ပြီး လုံခြုံစွာ ခန္ဓာကိုယ်တစ်ခုလုံးကို ပတ်စီးထားသည့် ရှမ့်လန်ပင်။
“ခွေးကောင်၊ အရူးကောင်... ရှင်က လုံးဝ အရူးပဲ။” ဒီဘိုရာက ဆဲရေးလိုက်၏။
ရှမ့်လန်က ပြောလိုက်သည်။ “ကောင်းလိုက်တဲ့ ဆဲဆိုမှုပဲ။ ဒါပေမဲ့ အရင် သွားတိုက်ပြီး ရေချိုးလိုက်အုံး။ ငါ့ ရင်ထဲက ပြိုင်ဘက်ကင်း အလှအပတစ်ယောက်ရဲ့ ပုံရိပ်ကို မဖျက်ဆီးပါနဲ့။”
ပြီးနောက် ရှမ့်လန်က သူမ၏ ပါးစပ်ငယ်လေးထဲသို့ သွားပွတ်တံကို တိုက်ရိုက်ထည့်၍ သွားတိုက်ပေး၏။ သူမ၏ အဝတ်အစားများကို ချွတ်ကာဖြင့် ရေချိုးကန်ထဲသို့ ထည့်ကာ ခန္ဓာကိုယ်အနှံ့ကို ဆေးကြောပေး၏။
ဒီဘိုရာက ပြောသည်။ “အရှင်ရှမ့်လန်... ကျွန်မ အခု အရမ်းအားနည်းနေတယ် ဆိုပေမဲ့ ရှင့်ကိုသတ်ဖို့တော့ လွယ်သေးတယ်နော်။”
“အသက်ချမ်းသာပေးပါ ဒီဘိုရာ။” ပြီးနောက် ရှမ့်လန်က သူမကို ကုတင်ပေါ်သို့ တင်၏။ ပြီးနောက် တင်ပါးပေါ်ရှိ ဒဏ်ရာကို ဂရုတစိုက် ဆေးရည်နှင့် လိမ်းပေး၏။
ခဏအကြာမှတော့ တာလွန်၏ အသံက အပြင်မှ ထွက်လာသည်။ “အရှင်... အရှင်လိုချင်တဲ့ ဂျင်ဆင်း ကြက်သားဆန်ပြုတ် ရပါပြီ။ အပြင်မှာ ထားခဲ့ပါ့မယ်။”
ရှမ့်လန်က အပြင်ကို ထွက်သွား၏။ တာလွန်က သူနှင့် မီတာ တစ်ဒါဇင် အကွာတွင် ရပ်နေ၏။ သူက ယခင်ကကဲ့သို့ ဝဝဖြိုးဖြိုး ရှိနေဆဲ ဖြစ်ပြီး ရှမ့်လန်ကို မြင်ချိန်မှာတော့ မြှောက်ပင့်သည့် ပုံစံမျိုးဖြင့် ဦးညွှတ်၏။
“အရှင်... အထူးသားရေဝတ်စုံနဲ့ ဖုံးအုပ်ထားတာတောင် အရှင့်တစ်ကိုယ်လုံးက ခန့်ညားနေတုန်းပါပဲ။ အရှေ့တိုင်းလောကမှာဆိုရင် အရှင့်ရဲ့ ခန့်ညားမှုက တစ်မိုးအောက်မှာ တစ်ယောက် ပြိုင်ဘက်ကင်းလိမ့်မယ် လို့ ကျုပ်ထင်တယ်။ အရှင်လို ခန့်ညားတဲ့ အမျိုးသားတစ်ယောက်ကို မွေးဖွားပေးဖို့ ဘယ်လိုမိဘမျိုး လိုအပ်မလဲ ဆိုတာတောင် ကျုပ် စဉ်းစားလို့ မရနိုင်ပါဘူး။”
ယခင်က တာလွန်က ရှမ့်လန်၏ ရှေ့တွင် တကယ့်ကို မာနကြီးခဲ့ပြီး ရှမ့်လန်အား မျက်လုံးထဲတွင်ပင် မထည့်ခဲ့ချေ။ ထို့အပြင် သူက ရှမ့်လန်ကို အရှေ့တိုင်းသား လူရွှင်တော်ဟု အမြဲတမ်း ခေါ်ဝေါ်ခဲ့၏။ သို့ပေမည့် ယခုအချိန်မှာတော့ သူက ရှမ့်လန်ကို မြှောက်ပင့် ပြောဆိုလျက် ရှိနေ၏။
“မဆိုးပါဘူး။ ခင်ဗျားမှာ တောက်ပတဲ့ အနာဂတ်တွေ ရှိတယ်။ ခင်ဗျားရဲ့ အရှက်မဲ့တဲ့ ပုံစံက ကျုပ်ရဲ့ ပုံစံနဲ့ နည်းနည်းဆင်နေတယ်။”
ရှမ့်လန်က ပြောလိုက်သည်။ “တာလွန်.. ကျုပ် ခင်ဗျားကို သဘောကျသွားပြီ။”
“အင်း.... ဒါကတော့ ကျုပ်ရဲ့ ဂုဏ်ယူစရာပါပဲ အရှင်။ အရှေ့တိုင်းရဲ့ ဧကရာဇ်.... လောကမှာ အချောဆုံး အမျိုးသားပါ။” တာလွန်က ခေါင်းကို ညွှတ်၏။ သူ၏ နဖူးက ကြမ်းပြင်နှင့် ထိလုနီးပါး မတတ်ပင်။
ရှမ့်လန်က ဂျင်ဆင်းကြက်သားဆန်ပြုတ်ကို အခန်းထဲသို့ယူပြီး ဒီဘိုရာကို တစ်လုတ်ချင်း ခွံ့ကျွေး၏။
“ကျွန်မရဲ့ဆရာ... သူ ဘယ်လိုနေသေးလဲ။” ဒီဘိုရာက စိုးရိမ်တကြီး မေးသည်။
ရှမ့်လန်က ပြောလိုက်၏။ “သူ့ကို သူ့သမက် ဗင်ချီက အဆိပ်ခတ်ခဲ့ပြီး သူ့ရဲ့ ခန္ဓာကိုယ်မှာ မြားတစ်ဒါဇင်ကျော် ထိမှန်ထားတယ်။ ငါ့ရဲ့လူတွေ သူ့ကို အချိန်မီ ကယ်တင်ခဲ့ပေမဲ့ ငါ အရင်ဆုံး သူ့ရဲ့ အစာအိမ်ကို ဆေးကြောပြီး ခွဲစိတ်မှု သုံးကြိမ် ပြုလုပ်ခဲ့ရတယ်။ ဒါပေမဲ့ သူ သေမင်းလက်ကနေ မလွတ်မြောက်သေးဘူး။ အရာအားလုံးက သူ့ရဲ့ အသက်ရှင်သန်ချင်စိတ်ပေါ်မှာ မူတည်နေသေးတယ်။”
ပိုင်တင်ကဲ့သို့သော လူကို ကယ်တင်ရန် ရှမ့်လန်က ပင်နီစလင် ထက်ဝက်နီးပါး ကုန်ခဲ့၏။ ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး သွေးမည်မျှ ဆုံးရှုံးခဲ့သည်ကို မသိနိုင်ချေ။ သို့သော်ငြား ကံကောင်းထောက်မစွာဖြင့် သွေးအများကြီး ထွက်သွားသည့်အတွက် အဆိပ်၏ အာနိသင်က လျော့ပါးသွားခဲ့သည်။
“ပုန်ကန်သူတွေကရော။” ဒီဘိုရာက မေးမြန်းလိုက်၏။
ရှမ့်လန်က ပြောလိုက်သည်။ “သူတို့ထဲက ထောင်ပေါင်းများစွာက အသတ်ခံလိုက်ရတယ်။ ကျန်တဲ့ ခေါင်းဆောင် ရာဂဏန်းလောက်ကို အကုန်ဖမ်းထားတယ်။ ခင်ဗျားရဲ့ အပြစ်ပေးမှုကို စောင့်နေကြတယ်။”
ဒီဘိုရာက အံကြိတ်ကာ ပြောလိုက်၏။ “ရှင့်ဆီမှာ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ခုတ်ဖြတ်သတ်တဲ့ သတ်ဖြတ်သူတွေ ရှိလား။ ကျွန်မ ဗင်ချီကို အရှင်လတ်လတ် အပိုင်းပိုင်း ခုတ်ဖြတ်ချင်တယ်။ ပြီးတော့ ဒရွိုင်းရော့ဆိုကို အပိုင်းပိုင်း ခုတ်သတ်ချင်တယ်။”
ရှမ့်လန်က ပြုံးကာ ပြောသည်။ “အင်း... မင်း သဘောပါပဲ။”
ဒီဘိုရာက ပြန်ပြော၏။ “ရှင့်စစ်တပ်က ပီကျင်းမြို့ကို သိမ်းပိုက်လိုက်ပြီလား။ ရှင်လိုတာ ရသွားပြီပေါ့ အရှင်ရှမ့်လန်။”
ရှမ့်လန်က ပြောသည်။ “ဘရွတ်... မင်းနဲ့ငါက လင်မယားတွေပဲ။ ဘာလို့ ဒီလောက် စိမ်းကားနေတာလဲ။ မင်းဟာက ငါ့အပိုင်ပဲ။”
“ရှင့်အပိုင်တော့ ရှင့်အပိုင်ပေါ့လေ။” ဒီဘိုရာက ပြန်ပြော၏။
ရှမ့်လန်က ပြောလိုက်သည်။ “ဘရွတ်... မင်းလည်း ပြန်ကောင်းလာတော့မှာပါ။”
ဒီဘိုရာက ပြော၏။ “ရှင်ပြန်တော့မှာလား။ ရှင် ပီကျင်းမြို့ကို သိမ်းပြီးတာနဲ့ ပြန်တော့မယ် မဟုတ်လား။ ရှင် ဘယ်သွားမလို့လဲ။”
ရှမ့်လန်က ပြောသည်။ “အင်း ငါ့ အစ်မ ရောက်နေတယ်။ သူ ငါ့ကို မူလန်မြို့မှာ စောင့်နေတာ။”
ဒီဘိုရာက ပြော၏။ “ရှင့်အစ်မ ဟုတ်လား။ သူက အရှေ့တိုင်းသားသူလား။ ရှင့်မှာ အရှေ့တိုင်းက အစ်မ မရှိပါဘူး။”
ရှမ့်လန်က ပြုံးကာ ပြောသည်။ “မဟုတ်ဘူး။ သူက ငါ့ရဲ့ အဖေတူအမေကွဲ အစ်မပဲ။ မမှားဘူးဆိုရင် သူက တောင်ပိုင်းဒေသတစ်ခုလုံးရဲ့ ငြင်းမရနိုင်တဲ့ သခင်၊ ဟယ်လင်ဘုရင်မရဲ့ တိုက်ရိုက်အဆက်အနွယ် ဟယ်လင် မင်းသမီး ဖြစ်လောက်တယ်။”
ထိုစကားကို ပြောလိုက်သည်နှင့် ဒီဘိုရာက ကြောင်အသွားခဲ့၏။ ဟယ်လင်မင်းသမီးက ရှမ့်လန်၏ အစ်မ ဖြစ်နေသည်လား။ ထိုအရာက ဘာအဓိပ္ပာယ်နည်း။
အချိန်အတော်ကြာပြီးနောက် ဒီဘိုရာက ပြော၏။ “ဒါဆို ရှင် မပြန်ခင် ရှင့်ကတိကို သိပြီး ကျွန်မကို ကိုယ်ဝန် ရှိအောင် လုပ်မပေးချင်ဘူးလား။”
...............
“အခုလား။”
ရှမ့်လန်က ခေါင်းကို ခါယမ်းလိုက်၏။ “ဘရွတ်... မင်းက အခုချိန်ထိ အရမ်းကို လှနေတုန်းပါပဲ။ ဒါပေမဲ့ ငါ တကယ် စိတ်မပါဘူး။ မင်းရဲ့ ရောဂါက အပြည့်အဝ မပျောက်ကင်းသေးတော့ ဒီလို ဆက်ဆံရေးမျိုးကို လုပ်မယ်ဆိုရင် ကူးစက်နိုင်ခြေ ရှိတယ်။ ပြီးတော့ မင်းတင်ပါးပေါ်က အမှတ်တံဆိပ်ကလည်း အပြည့်အဝ မကျက်သေးဘူး။ နီရဲပြီး ရောင်ရမ်းနေတုန်းပဲ။ အဲဒါက ငါ့ကို စိတ်ပျက်စေတယ်။”
ထိုစကားများ ထွက်လာသည်နှင့် ဒီဘိုရာက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ လက်သီးဆီမှ အရိုးမြည်သံများပင် ပေါ်ပေါက်လာခဲ့၏။ သူမ၏ ပန်းနုရောင်လက်သီးများက ရှမ့်လန်၏ ဦးခေါင်းကို တစစီ ဖြစ်သွားအောင် ရိုက်ခွဲပစ်လုနီးပါးပင်။
“ဟူး... ဟူး..” သူမက ဒေါသကို အလွန်အမင်း မထွက်စေရန် အသက်ကို ပြင်းပြင်းရှူလိုက်၏။ သို့ပေမည့် အပြည့်အဝ ပြန်မကောင်းသေးသောကြောင့် ပြင်းထန်စွာ ချောင်းဆိုးမိ၏။ “အဟွတ် အဟွတ်...”
ရှမ့်လန်က သူမ၏ ကျောကုန်းကို အလျင်အမြန် ပုတ်ပေး၏။ ပြီးနောက် ဆိုလိုက်သည်။ “မင်းဘာလို့ ဒီလောက် ဒေါသကြီးနေရတာလဲ။ ငါက ပွင့်လင်းတဲ့လူပဲ။ ဝေ့လည်ကြောင်ပတ် လုပ်ရတာကို မုန်းတယ်။ ဒါကြောင့် ပွင့်ပွင့်လင်းလင်း ပြောလိုက်တာပါ။”
ဒီဘိုရာက စကားတစ်ခွန်းမှ မပြောဘဲ ဂျင်ဆင်းကြက်သားဆန်ပြုတ်ကို ကုန်အောင်သောက်၏။ ပြီးနောက် သူမက ငြိမ်ငြိမ်သက်သက်ဖြင့် သွားတိုက်ကာ နှင်းဆီရနံ့ရည်ဖြင့် ပလုပ်ကျင်းပြန်၏။ သူမက ကုတင်ပေါ်မှ ခက်ခက်ခဲခဲ ဆင်းပြီး ပိုးသားဝတ်ရုံတစ်ထည်ကို ရှာဖွေဝတ်ဆင်ကာဖြင့် ဒဏ်ရာကို မဖိမိစေရန် ဘေးတစောင်း ပြန်လှဲ၏။
အနည်းငယ် တုံ့ဆိုင်းပြီးနောက် သူမက ဝတ်ရုံ၏ အနားစကို မတင်ပြီး ဒဏ်ရာကို လေဝင်လေထွက် ရအောင် ပြုလုပ်၏။ သို့သော်ငြား ဤပုံစံက ဤပုံစံကြောင့် ရှမ့်လန်၏ အသက်ရှူသံများက အနည်းငယ် ပြင်းထန်လာသည်။
“ရှမ့်လန်... ကျွန်မက ဉာဏ်ကောင်းတဲ့လူပါပဲ။”
ဒီဘိုရာက ပြော၏။ “ရှင်က ကျွန်မရဲ့တင်ပါးမှာ ‘ရှမ့်လန်၏ ကျွန်’ ဆိုတဲ့ စာလုံးကို တံဆိပ်ခတ်ခဲ့တယ်။ အဲဒါကို တူးထုတ်မပစ်မခြင်း ကျွန်မက ဆော်ရွှန်မင်းသားရဲ့ ကိုယ်လုပ်တော် ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်သလို ဘယ်တော်ဝင်မျိုးနွယ်နဲ့မှလည်း လက်ထပ်နိုင်မှာ မဟုတ်တော့ဘူး။
တကယ်လို့ ဒီစာလုံးတွေကို တူးထုတ်ပစ်လိုက်တယ် ဆိုရင်တောင် ကျွန်မက လက်ထပ်နိုင်မှာ မဟုတ်တော့ဘူး။ ဟုတ်တယ် ဒီစာလုံးတွေက ဆေးမင်ကြောင်လိုပဲ တကယ်ကို စွဲမက်စရာကောင်းပြီး ဆွဲဆောင်မှုလည်း ရှိတယ်။ ဒါပေမဲ့ တူးထုတ်ပစ်လိုက်မယ် ဆိုရင်တော့ ကြည့်ရစိုး သွားလိမ့်မယ်။”
ရှမ့်လန်က သဘောတူကြောင်း ခေါင်းညိတ်ပြသည်။
ချက်ချင်းပဲ ဒီဘိုရာက လက်သီးဖြင့် ထိုးသတ်ချင်စိတ်ပင် ပေါက်လာ၏။ သူမကို ဤကဲ့သို့ တံဆိပ်ခတ်နှိပ်ခဲ့သူက မည်သူဖြစ်သနည်း။ သို့သော်ငြား သူမက ရှမ့်လန်ကို ယစ်တိုင်တွင် ချည်ပြီး ယစ်ပူဇော်ခဲ့ဖူးသောကြောင့် သူတို့နှစ်ဦးက သရေကျသည်ဟု ဆိုရမည်။
“ရှင့်ရဲ့ ဖိအားပေးမှုအောက်မှာ ကျွန်မဘဝက အဓိပ္ပာယ်မဲ့တဲ့ အခြေအနေ ဖြစ်နေပြီ။ နောက်တစ်ဆင့်အနေနဲ့ ကျွန်မက ပုန်ကန်သူအားလုံးကို သတ်ပစ်ပြီး နယ်စားပယ်စားတွေ အကုန်လုံးကို ဆန့်ကျင်ရတော့မယ်။”
ဒီဘိုရာက ပြောလိုက်၏။ “ဒီလိုနည်းနဲ့ ကျွန်မအားကိုးလို့ရတဲ့ တစ်ယောက်တည်းသောသူက ရှင် ဖြစ်တော့မယ်။ အရှေ့တိုင်းစကားပုံ တစ်ခုရှိတယ် ပိုးစာပင် ဆုံးရှုံးလိုက်ရပေမဲ့ ပြန်ပေါက်နိုင်တယ်တဲ့။ ကျွန်မက ပိုးစာပင်ကို ဆုံးရှုံးလိုက်ရပြီ ဖြစ်တာကြောင့် ရှင့်ကိုပါ အဆုံးရှုံးမခံနိုင်တော့ဘူး။”
ရှမ့်လန်က ပြောသည်။ “အင်း... မင်းက သိပ်ပြီး ယဉ်ကျေးမှု ရှိတာပဲ။”
ဒီဘိုရာက ပြော၏။ “ရှင့်ရဲ့နည်းလမ်းတွေက အရမ်း အစွမ်းထက်တယ်။ ပထမဦးဆုံး ရှင်က ကျွန်မကို မျှော်လင့်ချက်မဲ့တဲ့ အခြေအနေမျိုး ရောက်အောင်လို့ ဖိအားပေးခဲ့တယ်။ ပြီးတော့မှ အဲဒီထဲကနေ ပြန်ဆွဲထုတ်တယ်။ ဒီနည်းလမ်းနဲ့ ကျွန်မရဲ့အမုန်းတရားတွေ အားလုံးက သစ္စာဖောက်တွေဆီ ရောက်သွားပြီး ရှင့် အပေါ်မှာထားတဲ့ ကျွန်မရဲ့ အမုန်းတရားတွေက လျော့ပါးသွားခဲ့တာပေါ့။”
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ မိန်းမတွေ အများကြီး ရှိတယ်။”
ဒီဘိုရာက ရှမ့်လန်၏ ကြွားဝါမှုကို လျစ်လျူရှုလိုက်၏။ “နောက်ဆက်တွဲအနေနဲ့ ကျွန်မရဲ့ နယ်စားပယ်စား အားလုံးက ကျွန်မကို ဖယ်ကြဉ်တော့မယ်။ ရှီလွန်အင်ပါယာ တစ်ခုလုံးကတောင် ကျွန်မကို အရှေ့တိုင်းသား တစ်ယောက်နဲ့ လက်ထပ်တဲ့အတွက် သိက္ခာမဲ့သူတစ်ယောက်အဖြစ် ရှုမြင်ကြလိမ့်မယ်။”
“ဒါပေမဲ့...” ရှမ့်လန်က သူမအတွက် ထိုစကားလုံးကိုသာ ကူပြောပေးလိုက်၏။
ဒီဘိုရာက ပြော၏။ “ဒါပေမဲ့ ရှင်တို့ အရှေ့တိုင်းသားတွေရဲ့ စကားပုံလိုပဲ။ ဥမင်လှိုဏ်ခေါင်းရဲ့ အဆုံးမှာ မျှော်လင့်ချက်ရောင်ခြည် ရှိတယ်တဲ့။”
“ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း”
ရှမ့်လန်က ပြောလိုက်၏။ “အင်း... မင်းက ငါ့ကို တကယ့်ကို အထင်ကြီးစေတာပဲ။ မင်းက အရှေ့တိုင်း စကားလုံးတွေကို တကယ်ကျွမ်းကျင်တယ်။ ဒီစာသားကိုတောင် သိနေတာပဲ။”
ဒီဘိုရာက မေးသည်။ “ရှင်က ဟယ်လင်မင်းသမီးရဲ့ မောင် ဖြစ်နေလိမ့်မယ်လို့ ကျွန်မ မထင်ခဲ့ဘူး။ သူက ရှင့်ရဲ့ အထောက်အထားကို အသိအမှတ်ပြုပါ့မလား။”
ရှမ့်လန်က ပြောလိုက်၏။ “ဒါပေါ့။ ငါက သူ့ရဲ့ တစ်ဦးတည်းသော မောင်လေးပဲဟာကို။”