← Chapters

အခန်း (၈၄၃-၈၄၄)

Vol. 52 Ch. 843-844

အခန်း (၈၄၃-၈၄၄)

Vol. 52 Ch. 843-844

အပိုင်း (၈၄၃)

သို့သော်ငြား နယ်စားကြီး ဒီဘိုရာအတွက် ထိုးနှက်ချက်က ယခုမှ စတင်ရုံသာ ရှိသေး၏။ နာရီအနည်းငယ် အကြာမှာတော့ ပီကျင်းမြို့၏ ရေပြင်ထက်တွင် သင်္ဘောတချို့ပေါ်လာပြီး မကြုံဖူးသည့် ကုန်ပစ္စည်းများကို သယ်ဆောင်လာ၏။

ထိုအရာက လူခေါင်းပြတ်များ အပြည့်ပင်။ ရုပ်ပျက်ဆင်းပျက် လူခေါင်းပြတ်များက သောင်းနှင့်ချီ၍ ကုန်းပတ်ပေါ်တွင် ပုံထား၏။ ထိုသင်္ဘောများက ပင်လယ်ပြင်ပေါ်တွင် တဖြည်းဖြည်း ချဉ်းကပ်လာသည်။

နယ်စားကြီး ဒီဘိုရာ သေချာမြင်လိုက်သည်က ထိုလူခေါင်းပြတ်များက သူမ လွှတ်လိုက်သည့် စစ်တပ်မှ လူများ၏ ခေါင်းများ ဖြစ်နေခြင်းပင်။

ရှမ့်လန်က ထိုသူတို့၏ ခေါင်းများကို ဖြတ်ပြီး မီးနတ်ဘုရားဂိုဏ်းမှလူများဖြင့် ပြန်လည်ကာ ပေးပို့ခိုင်းခဲ့ခြင်း ဖြစ်သည်။ ဤသည်က ပြတ်ပြတ်သားသား စိန်ခေါ်ခြင်း၊ အရှက်ခွဲခြင်းနှင့် ခြိမ်းခြောက်ခြင်း ဖြစ်၏။

ပီကျင်းမြို့၏ လူအများအပြားက ဤမြင်ကွင်းကို မြင်ချိန်မှာတော့ တစ်ကိုယ်လုံး စိမ့်တက်သွားမိကြ၏။ လူအများအပြားက အော့အန်ကုန်ကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုလူခေါင်းပြတ်များထဲတွင် သူတို့၏ ယောက်ျား၊ သားများ ပါဝင်နေသောကြောင့်ပင်။

ပီကျင်းမြို့သူ၊ မြို့သားများက ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးကြချေ။ လူခေါင်းပြတ် သောင်းနှင့်ချီ၍ ပုံထားသည်က ကြည့်ရှုရုံနှင့် ကြောက်မက်ဖွယ်ရာ ကောင်းပြီး ကြက်သီးထစေ၏။ သူတို့အားလုံး၏ ဆံနွယ်များက ထောင်ထသလို ရှိ၏။ သင်္ဘောများ ဖြတ်သန်းသွားသည့် နေရာတိုင်းက ငရဲခန်းအလားပင်။

အသက် ၃၂ နှစ်အရွယ် ရှိသော်လည်း ငယ်ရွယ်နုပျိုပြီး လှပနေဆဲ ဖြစ်သော မီးနတ်ဘုရားဂိုဏ်းမှ နတ်ဆရာမက နယ်စားကြီးဒီဘိုရာ၏ ရှေ့သို့ ရောက်လာပြီး ဦးညွှတ်၏။ “ရှမ့်လန်က အရှင့်ထံကို သတင်းစကား ပါးလိုက်ပါတယ်။”

ဒီဘိုရာက မေးonf။ “ဘာတဲ့လဲ။”

ထိုပရောဟိတ်မလေးက ပြော၏။ “သူက ပြောပါတယ်။ မကြာခင်မှာ သူက စစ်တပ်ကို ဦးဆောင်ပြီး ပီကျင်းမြို့ကို လာတိုက်မယ်တဲ့။ အရှင့်အနေနဲ့ သူ ရောက်လာတဲ့အထိ ဝဝဖြိုးဖြိုးနဲ့ ဖြူဖွေးနေအောင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ထားပါတဲ့။ နိမ့်ကျနေတဲ့ ကျွန်တစ်ယောက် လိုနေတာမို့ အရှင်က မဆိုးဘူးလို့ ပြောလိုက်ပါတယ်။”

ဤစကားကို ကြားချိန်မှာတော့ ဒီဘိုရာ၏ ဆံနွယ်များက ဝှေ့ယမ်းသွားခဲ့၏။ မကြုံစဖူးသော အရှက်ခွဲမှုနှင့် စိန်ခေါ်မှု ဖြစ်သည်။

ထိုအခိုက်အတန့်မှာပဲ...

“ဘုန်း... ဘုန်း... ဘုန်း...” ရုတ်တရက် ပင်လယ်ပြင်မှ ပေါက်ကွဲသံများက ဆက်တိုက် ထွက်ပေါ်လာ၏။ ပို၍ ကြောက်မက်ဖွယ်ရာကောင်းသည့် မြင်ကွင်းက ပေါ်လာ၏။ ဤမြင်ကွင်းကို လူပေါင်းများစွာတို့က တစ်သက်လုံး မေ့နိုင်တော့လိမ့်မည် မဟုတ်ချေ။ သောင်းနှင့်ချီသည့် လူခေါင်းပြတ်များက တပြိုင်နက်တည်း ပေါက်ကွဲသွားကုန်၏။ လူခေါင်းပြတ်အားလုံးတို့က သင်္ဘာများနှင့်အတူ အပိုင်းပိုင်း အစစ ဖြစ်သွားခြင်းပင်။

“အား... အား...”

ပီကျင်းမြို့တစ်မြို့လုံးက ထိုမြင်ကွင်းကို မယုံကြည်နိုင်သလို ငေးကြည့်ရင်း အံ့အားသင့် တုန်လှုပ်နေခဲ့ကြ၏။ အဘယ်ကြောင့် ဦးခေါင်းများက ပေါက်ကွဲရသနည်း။

နယ်စားကြီး ဒီဘိုရာ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွား၏။ ထိုအခိုက်အတန့်မှာတော့ သူမ၏ မျက်နှာကို တစ်စုံတစ်ယောက်က ခပ်ပြင်းပြင်း ရိုက်နှက်လိုက်သကဲ့သို့ပင် ခံစားရ၏။ ကုန်လွန်ခဲ့သည့် တစ်နှစ်တာအတွင်း သူမက ရော့ဆိုမိသားစု သမိုင်းတလျှောက် အထွတ်အထိပ်သို့ ရောက်ရှိရန် အင်အား၊ ဉာဏ်ပညာ အကုန်လုံးကို အသုံးချသည်။

အမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း သူမက တတိယမြောက် ရှီလွန်အင်ပါယာ ထူထောင်ရေးတွင် အကြီးမားဆုံး အင်အားစုတစ်စု ဖြစ်လာခဲ့၏။ စုန်းအင်ပါယာ၏ နယ်နိမိတ် လေးပုံတစ်ပုံခန့်ကို သိမ်းပိုက်နိုင်ခဲ့ပြီး ရှီလွန်အင်ပါယာ၏ တောင်ဘက် နယ်ခြားစောင့် စစ်သူကြီး ဖြစ်လာ၏။

သို့သော်ငြား ယခုအချိန်မှာတော့ သူမ၏ ယခင်က ဂုဏ်ကျက်သရေ အားလုံး တစ်ခဏအတွင်း ချေဖျက်ခံ လိုက်ရ၏။ ချောမောသည့် အရှေ့တိုင်းသားက သူမကို စိတ်တိုင်းကျ အရှက်ကွဲခဲ့သည်။ စစ်သည်တော် တစ်သိန်း ချေမှုန်းခံရပြီးနောက် သူမ၏ ဦးလေးဖြစ်သူ အော်စတင် ဖမ်းဆီးခံထားရသည်။

ထိုမျှမကသေးချေ၊ မြို့သူမြို့သားတို့၏ ရှေ့မှောက်တွင် ဦးခေါင်းပေါင်း သောင်းချီ၍ ပေါက်ကွဲပျက်စီးစေ၏။ ရှမ့်လန်က ဤမျှထိ ရဲတင်းနေသည်လား။ တကယ့်ကို အောက်တန်းကျပြီး မြင့်မြတ်သည့် မျိုးနွယ်တို့၏ အမူအရာ နည်းနည်းမှ မရှိချေ။

ခဏမျှကြာပြီးနောက် နယ်စားကြီး ဒီဘိုရာက အေးစက်စက်နှင့် ပြောလိုက်သည်။ “သူက ပီကျင်းမြို့ကို တိုက်ချင်တာပေါ့။ အင်း... ငါ့ကိုလည်း သူ့ရဲ့ ကျွန်ဖြစ်စေချင်တယ် ဟုတ်လား။ ဒါဆိုရင် လာခဲ့လိုက်စမ်းပါ။”

ပြီးနောက် သူမက သင်္ဘောဆိပ်မှ လှည့်ထွက်၍ သူမ၏ရဲတိုက်ဆီသို့ ပြန်လှည့်သွား၏။ “ငါ့ရဲ့ အမိန့်ကို ထုတ်ပြန်လိုက်စမ်း။ အသူရာလှိုင်းပြည်နယ်က နယ်စားတွေအကုန်လုံး သူတို့ရဲ့ စစ်တပ်တွေကို ပီကျင်းမြို့ဆီ စုစည်းမယ်။ တောင်ဘက်အစောင့်အရှောက်ရဲ့ အမိန့်နဲ့ ရှီလွန်အင်ပါယာရဲ့ တောင်ဘက်ပြည်နယ် ၅ ခုက ပြည်နယ်ခံတွေ အားလုံး၊ အုပ်ချုပ်ရေးမှူးတွေ အကုန်လုံး ငါ့ဆီကို စစ်ကူလာဖို့ အမိန့်ပေးလိုက်။

ဒီအရှေ့တိုင်းသားသာ တကယ်လာမယ်ဆိုရင် ပီကျင်းမြို့က သူ့အတွက် သင်္ချိုင်းကုန်း ဖြစ်သွားစေရမယ်။ အမေဇုန်စစ်သည်တော်တွေ ဟုတ်လား။ အရှက်မရှိတဲ့ မိန်းမတွေ... အဖေမရှိတဲ့ အောက်တန်းစားတွေ...မင်းတို့ ဘယ်လောက် အစွမ်းထက်လဲဆိုတာ ငါကြည့်ချင်သေးတယ်။

စစ်သည် အနည်းငယ်လေးနဲ့ ငါ့ရဲ့ စစ်သည်တစ်သိန်းကျော်ကို နိုင်နိုင်မလား ဆိုတာ ကြည့်ကြသေးတာပေါ့။ သစ္စာဖောက်တွေက သေထိုက်တယ်။ ဒီနေ့ကစပြီး အမေဇုန်မျိုးနွယ်စုက အနောက်လောကရဲ့ အဖွဲ့ဝင်အဖြစ် သတ်မှတ်ခံရဖို့ မထိုက်တန်တော့ဘူး။ သူတို့က အနောက်လောကရဲ့ အမဲစက်တွေပဲ။ သမိုင်းရဲ့ အမှိုက်ပုံထဲကို လွင့်ပစ်ခြင်း ခံရမယ်။”

နယ်စားကြီး ဒီဘိုရာ၏ အမိန့်အရ ရာနှင့်ချီသည့် တော်ဝင်တမန်တော်များက ပီကျင်းမြို့မှ မြင်းစီးထွက်ခွာ သွားကြပြီး အသူရာလှိုင်းပြည်နယ်နှင့် ရှီလွန်အင်ပါယာ၏ တောင်ဘက်ပိုင်းတစ်ခွင်ဆီသို့ ဒီဘိုရာ၏ အမိန့်တော်ကို ပျံ့နှံ့စေ၏။

မကြာခင်မှာပဲ မရေတွက်နိုင်သည့် စစ်တပ်များက စစ်ကူအဖြစ် ရောက်ရှိလာခဲ့ပြီး ဤစစ်ပွဲတွင် ပါဝင်ကြပေတော့မည်။

............

နယ်စားကြီးဒီဘိုရာ၏ စာကြည့်ခန်းထဲမှာတော့ ....

“လွတ်မြောက်ခွင့် မရတဲ့အတွက် တကယ် စိတ်မကောင်းပါဘူး။”

နယ်စားကြီး ဒီဘိုရာက ပြော၏။ “ရှင့်အရှေ့တိုင်းသား ရည်းစားက နိုင်သွားခဲ့ပြီ။ ကျွန်မရဲ့ စစ်သည် တစ်သိန်း ချေမှုန်းခံလိုက်ရတယ်။”

မုဆိုးမဟေးလ်က ကြားလိုက်ရသည်ကို မယုံကြည်နိုင်သလို ဖြစ်နေ၏။ သူမက ထိုမြို့ထဲသို့ မရောက်ဖူးသော်လည်း မူလန်မြို့ကို မြင်ဖူး၏။ မည်မျှ ရုပ်ဆိုးပြီး ခေတ်နောက်ကျသည့် မြို့တစ်မြို့ ဖြစ်သနည်း။ ရှမ့်လန်တွင် စစ်သည် ၂၀၀၀ ကျော်သာ ရှိသည် မဟုတ်ပါလား။ ထိုအင်အားလေးနှင့် နယ်စားကြီး ဒီဘိုရာ၏ စစ်သည် တစ်သိန်းကို အဘယ်သို့ ချေမှုန်းခဲ့သနည်း။

“သူက ကျွန်မကို အရှက်ကွဲခဲ့တယ်။”

နယ်စားကြီး ဒီဘိုရာက ပြောသည်။ “အဲဒီတော့ လက်စားချေတဲ့ အနေနဲ့ ကျွန်မက ရှင့်ရဲ့ အရေခွံကို ဆုတ်၊ အကြောတွေကို ဆွဲထုတ်ပြီး ရုပ်တုတစ်ခုလို လုပ်ပြီး သူ့ဆီ ပို့လိုက်မယ်။”

ထိုစကားကိုကြားချိန်မှာတော့ ဟေးလ်၏ နုနယ်သည့် ကိုယ်လုံးလေးက တုန်ယင်သွား၏။ သူမက သေရမည်ကို ကြောက်သည်မှာ အမှန်ပင်။ ထိုကဲ့သို့ ရက်ရက်စက်စက် အသတ်ခံရမည်ဆိုလျှင် ပို၍ ကြောက်၏။

နယ်စားကြီးဒီဘိုရာက ဆက်ပြောသည်။ “ဟေးလ်... ရှင်က ဗီတာမျိုးနွယ်ရဲ့ ချမ်းသာတဲ့ အမျိုးသမီး တစ်ယောက်ပဲ။ ကျွန်မကို ပြောစမ်းပါအုံး။ အရှေ့တိုင်းသား တစ်ယောက်က ပီကျင်းမြို့ကို သိမ်းပိုက်ပြီး အုပ်ချုပ်မှာကို ရှင်ထောက်ခံလား။ အဲဒီလူက ရှင့်ရဲ့ ချစ်သူ ဖြစ်နေတယ် ဆိုရင်တောင်မှပေါ့။”

ခဏမျှကြာအောင် တိတ်ဆိတ်ပြီးနောက် ဟေးလ်က ခေါင်းကို ခါယမ်းလိုက်၏။

နယ်စားကြီး ဒီဘိုရာက ထပ်မေးသည်။ “ဒါဆိုရင် ကျွန်မရဲ့ မိသားစုက ပီကျင်းမြို့နဲ့ အသူရာလှိုင်း ပြည်နယ် တစ်ခုလုံးကို သိမ်းပိုက်ထားတာကိုရော ရှင်ထောက်ခံလား။”

ဟေးလ်က တိတ်ဆိတ်နေသေး၏။

“ဘာလို့ တိတ်ဆိတ်နေတာလဲ။” ဒီဘိုရာက မေးသည်။

ဟေးလ်က ဆို၏။ “ကျွန်မ မထောက်ခံသလို... မကန့်ကွက်ပါဘူး။”

ဒီဘိုရာက မေးသည်။ “ဒါဆိုရင် ဗီတာမျိုးနွယ်စုကို သူတို့ဘာသာသူတို့ အုပ်ချုပ်ခွင့် ပေးမယ်ဆိုရင်ကော ရှင် ထောက်ခံမလား။”

ဟေးလ်က ခေါင်းခါပြန်၏။ “မထောက်ခံပါဘူး။”

ဒီဘိုရာက မေးသည်။ “ဘာလို့လဲ။”

ဟေးလ်က ပြောလိုက်၏။ “သူတို့က ကျွန်မတို့လူမျိုးတွေ ဖြစ်ပေမယ့် အားလုံးက ရက်စက်တဲ့ လူမိုက်တွေ ဆိုတာကိုတော့ ဝန်ခံပါရစေ။”

ဒီဘိုရာက ပြောသည်။ “လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်တုန်းက ရှင်တို့ ဗီတာမျိုးနွယ်မှာ ကိုယ်ပိုင်အင်ပါယာ ရှိခဲ့ဖူးတယ်။ အဲဒါကလည်း တော်တော်လေး အင်အားကြီးခဲ့တယ်။”

ဗီတာလူမျိုးတို့၏ ကိုယ်ပိုင်အင်ပါယာ ဆိုသည်ကား ဒါရာအင်ပါယာ ဖြစ်၏။ ကျောက်စိမ်းဖြုမြို့၏ သင်္ဘော ထိုအနီးသို့ ရောက်ရှိလာချိန်တွင် ထိုအင်ပါယာကြီးက ပျက်စီးသွားခဲ့ဖူးလေသည်။

ဟေးလ်က ပြော၏။ “ဒါရာအင်ပါယာ အပျက်အစီးဆီကို သွားခဲ့တဲ့ စွန့်စားသွားလာသူတွေ အများကြီးရှိတယ်။ အဲဒါက အင်ပါယာတစ်ခုဖြစ်တာ မှန်ပေမဲ့ တကယ်တော့ အရိုင်းအစိုင်း တိရစ္ဆာန်တွေ စုဝေးနေတဲ့ နေရာတစ်ခုပါပဲ။”

ဒီဘိုရာက ပြောသည်။ “ဒါက ထူးဆန်းနေပြီ။ ရှင်က ပီကျင်းမြို့ကို ကျွန်မတို့ အနောက်တိုင်းသားတွေ အုပ်ချုပ်တာ မလိုလားဘူး။ အရှေ့တိုင်းသား ရှမ့်လန် အုပ်ချုပ်မှာကိုလည်း ပိုပြီး မလိုလားဘူး။ ရှင်ကိုယ်တိုင် အုပ်ချုပ်ဖို့လည်း မလိုလားဘူး။ ဒါဆိုရင် ဒီမြေပေါ်မှာ ဘယ်သူက အရှင်သခင် ဖြစ်စေချင်တာလဲ။”

ဟေးလ်က ခေတ္တမျှ တိတ်ဆိတ်နေ၏။

ဒီဘိုရာက ပြောသည်။ “ပြော... မဟုတ်ရင် ရှင် တစ်သက်လုံး စကားပြောစရာ မလိုတော့အောင် လုပ်ပစ်လိုက်မယ်။”

ဟေးလ်က ပြော၏။ “အင်း... ဧကရီဟယ်လင်လို မင်းသမီးတစ်ပါးက ဒီမြို့ရဲ့ အရှင်သခင် ဖြစ်လာဖို့ ကျွန်မ မျှော်လင့်မိတယ်။”

ဒီဘိုရာက နှာခေါင်းရှုံ့သည်။ “လူမျိုးရေး တန်းတူညီမျှမှုကို ဟောပြောနေတဲ့ ပုန်ကန်ဧကရီလား။ ဘယ်လောက်တောင် ကလေးဆန်ပြီး ရယ်စရာကောင်းလဲ။ သူ့ရဲ့ မိုက်မဲတဲ့ လုပ်ရပ်ကြောင့်ပဲ ဒုတိယမြောက် ရှီလွန်အင်ပါယာက ပျက်စီးခဲ့ရပြီး အင်ပါယာက တောင်မြောက်ကွဲသွားခဲ့တယ်။ ရှင်က သူ့ရဲ့ မြေးကို နန်းတက်စေချင်တာပေါ့။ ကောင်းပြီ။ ရှင့်ရဲ့ စိတ်ရင်းကို ပြောပြလိုက်တာပဲ။ ဒါက မမှားဘူး။ ရှင့်ရဲ့ဆန္ဒက ကျွန်မ ဆန္ဒနဲ့ မကိုက်ညီတာတောင်မှပေါ့။”

နယ်စားကြီး ဒီဘိုရာက ဆက်ပြော၏။ “နောက်ဆုံး မေးခွန်းတစ်ခုပဲ။ ရှင့်ရဲ့အရှေ့တိုင်းသားက ပီကျင်းမြို့ကို တိုက်ခိုက်တော့မယ်လို့ ကြွေးကြော်ထားတယ်။ ကျွန်မ သူ့ကို ဖမ်းမိတဲ့အချိန်ကျရင် အရှေ့တိုင်းသားတွေရဲ့ ပြစ်ဒဏ်အတိုင်း ရထားလုံးနဲ့ ခန္ဓာကိုယ်ကို တစ်စစီ ဆွဲဖြဲတဲ့ ပြစ်ဒဏ်မျိုး ပေးမယ်။”

ထိုစကားကိုပြောလိုက်စဉ်မှာတော့ ဒီဘိုရာ၏ နှလုံးသားထဲတွင် သတ်ဖြတ်လိုစိတ်နှင့် ဒေါသများက အတိုင်းအဆမရှိ ပြည့်လျှံနေ၏။ သူမက လူတစ်ယောက်ကို ဤမျှထိ မုန်းတီးခဲ့ဖူးခြင်း မရှိချေ။ အမှန်စင်စစ် အသားကို အပိုင်းပိုင်းမွှန်း၍ သတ်ခြင်းက ရက်စက်သည် ဆိုသော်လည်း ဒီဘိုရာ၏ အမုန်းတရားနှင့် ယှဉ်လျှင် မပြောပလောက်တော့ပေ။ ဤနည်းလမ်းက နှေးကွေးလွန်း၏။ ရထားလုံးများနှင့် ဆွဲဖြဲခြင်းက ရက်စက်ရုံ သာမက ချက်ချင်းသေဆုံးနိုင်ပြီး ပြင်းထန်သည့် ကြောက်ရွံ့မှုကို ပေးစွမ်းသည်။

“အဲဒီအချိန် ရှင့်ရဲ့အရှေ့တိုင်းသား ရထားလုံးနဲ့ဆွဲဖြဲ အသတ်ခံရတာကိုမြင်ရင် ရှင်ရော သူနဲ့အတူ အသေခံမှာလား။” ဒီဘိုရာက မေး၏။

ဟေးလ်က သေချာစဉ်းစား၏။ ပြီးနောက် ခေါင်းကိုခါယမ်းကာ ပြောသည်။ “မသေပါဘူး။”

ဒီဘိုရာက ခေါင်းညိတ်၏။ “ကျွန်မ နားလည်ပြီ။ လူတွေ လာခဲ့စမ်း။ ဒီဟေးလ်ကို ရေအောက်အကျဉ်းထောင် ထဲ ပြန်ပို့လိုက်။”

ဒီဘိုရာက အမိန့်ပေးသည်။ “ရှမ့်လန်က ပီကျင်းမြို့ကို တိုက်ဖို့ လာနေတာ မဟုတ်လား။ သူ ရောက်လာပါစေလို့ ဆုတောင်းရမယ်။ မဟုတ်ရင် သူ့ရဲ့ ဗီတာမျိုးနွယ် ချစ်သူ သေရလိမ့်မယ်။ မိန်းမတစ်ယောက်က ရေအောက်ထောင်ထဲမှာ ရက်အနည်းငယ်ထက် ပိုပြီး မခံနိုင်ဘူး။”

ရေအောက်အကျဉ်းထောင်က တကယ့်ကို ရက်စက်သည့် အပြစ်ဒဏ်တစ်ခုပင်။ သိုင်းပညာ အလွန် ထက်မြက်သူများပင်လျှင် ထိုရေထဲတွင် နစ်မြှုပ်ခံထားရပါက ကြီးမားသည့် ဝေဒနာကို ခံစားရပြီး မကြာခင် သေဆုံးတတ်၏။

ဟေးလ်ကို ခေါ်ထုတ်သွားခဲ့ပြီးနောက် ဒီဘိုရာက အသက်ကို ပြင်းပြင်းရှူ၏။ ပြီးနောက် ခမ်းနားလွန်းသည့် ခန်းမတစ်ခုထဲသို့ ဝင်သွား၏။ သူမက အသစ်စက်စက် အော်ဂန်တစ်ခု၏ ရှေ့တွင် ထိုင်ပြီး တီးခတ်နေ၏။ သူမက ဤတူရိယာကို မနားတမ်း တီးခတ်နေ၏။ အကြောင်းရင်းက ဆော်ရွှန်မင်းသားအတွက် တီးခတ်ပေးရမည် ဖြစ်သောကြောင့်ပင်။

ဆော်ရွှန်အရှင်၏ ရှေ့မှောက်သို့ရောက်သည့်အချိန်တွင် သူမက ရင်သပ်ရှုမောဖွယ်ရာ အလှတရား ရှိနေရုံသာမက သူမ၏အရည်အချင်းဖြင့် အားလုံးကို လွှမ်းမိုးထားနိုင်ရမည်။ တစ်ဖက်လူ၏ စိတ်ထဲတွင် ဖျောက်ဖျက်၍ မရနိုင်သည့် အမှတ်အသားတစ်ခု သူမက ချန်ထားပေးနိုင်ရမည်။

သူမ၏နှလုံးသားထဲတွင် ခံစားမှုများ တစ်ခုပြီးတစ်ခု ပွင့်ထွက်လာစေရန် တူရိယာကို တီးခတ်၏။ အဘယ်ကြောင့်မှန်း မသိသော်လည်း ယနေ့တွင်တော့ သူမ၏ လက်စွမ်းက သိသိသာသာ တိုးတက်လာသလို ခံစားရ၏။ ဒေါသစိတ်က လူတစ်ယောက်၏ အနုပညာအဆင့်အတန်းကို မြှင့်တင်ပေးနိုင်သည်လား။ ထို့ကြောင့် အနုပညာရှင်များ အမြဲတမ်း ဒေါသထွက်နေသည်က မဆန်းတော့ချေ။

...........................

လူအင်အား များလေလေ အလုပ်တွင်လေလေပင်။ ပထမဦးဆုံး မီးပုံးပျံကြီးကို တည်ဆောက် ပြီးစီးသွားခဲ့၏။ ဤမီးပုံးပျံက ရှမ့်လန် ယခင်က ပြုလုပ်ခဲ့ဖူးသည်ထက် များစွာ ကြီးမား၏။ အကြောင်းအရင်းက ထိုအရာသည် အနည်းဆုံး လူ ၁၂ ယောက်ကို သယ်ဆောင်၍ ပျံသန်းနိုင်ရမည် ဖြစ်သောကြောင့်ပင်။

ဒီဘိုရာသင်္ဘောအုပ်စု၏ မျက်စိအောက်မှ လွတ်ကင်းစေရန် ဤမီးပုံးပျံပျံသန်းမှု စမ်းသပ်ချက်ကို မူလန်မြို့၏ မြောက်ဘက် ကီလိုမီတာ အနည်းငယ်အကွာတွင် ပြုလုပ်၏။ ဤနေရာက ပင်လယ်ပြင်နှင့် ဝေးကွာပြီး မိုးအုံ့နေသောကြောင့် မြင်ကွင်းများကလည်း သိပ်သဲကွဲကွဲ မရှိချေ။

“မီးရှို့လိုက်။”

ရှမ့်လန်၏ အမိန့်နှင့်အတူပဲ ဧရာမ မီးပုံးပျံကြီးက တဖြည်းဖြည်း ဖောင်းကားလာ၏။ အပူပေးရသည့် လုပ်ငန်းစဉ် က တကယ့်ကို ကြာမြင့်ပြီး တစ်နာရီကျော် ကြာပြီးနောက်မှ မီးပုံးပျံကြီးက အပြည့်အဝ ဖောင်းကားလာ၏။

“ပျံပြီပဲ။ ပျံပြီပဲ။” ရှိသမျှ လူအားလုံးတို့၏ နှလုံးသားများက စိတ်လှုပ်ရှားလျက် ရှိ၏။

အမှန်စင်စစ် ယခုအချိန်တွင် မီးပုံးပျံကြီးက ဝေဟင်တွင် ဝဲနေခြင်းသာ ရှိသေးပြီး အမှန်တကယ် ပျံသန်းသွားခြင်း မရှိသေးချေ။ အဘယ်ကြောင့်ဆိုသော် မြေပြင်တွင် ကြိုးများနှင့် ချည်နှောင်ထားဆဲ ဖြစ်သောကြောင့်ပင်။

ရှမ့်လန်က မီးပုံးပျံထဲသို့ ပထမဦးဆုံး ခြေလှမ်းဝင်သည်။

လန်ဖုန်းက ချက်ချင်း တားဆီး၏။ “အရှင်... ကျုပ်ကိုပဲ လုပ်ခွင့်ပေးပါ။ အရှင်က တန်ဖိုးရှိတဲ့ ခန္ဓာကိုယ်ပိုင်ရှင် မဟုတ်လား။”

ရှမ့်လန်က ပြုံးကာ ပြောလိုက်သည်။ “ကျုပ် ဒါကိုစီးပြီးတော့ လေဆင်နှာမောင်းရဲ့ ဆွဲခေါ်မှုနဲ့အတူ ကီလိုမီတာ တစ်သောင်းကျော် ခရီးနှင်ပြီး ဒီလောကကို ရောက်လာတာပဲ။”

လန်ဖုန်းက စိတ်လှုပ်ရှားသွားမိ၏။ “ဒါက အရှင်က နတ်မင်းရဲ့သားတော် ဆိုတာကို သက်သေပြ လိုက်တာပဲ။ ကောင်းကင်ကတောင် လေဆင်နှာမောင်းလွှတ်ပြီး အရှင့်ကို ကူညီခဲ့တယ်။ ရွှေရောင် နဂါးတစ်ကောင်က ရေကန်ထဲမှာ ဘယ်လိုလုပ် နေနိုင်မှာလဲ။ လေပြင်းနဲ့ မိုးဒဏ်ကို ခံနိုင်မှ နဂါးတစ်ကောင် ဖြစ်တော့မှာပေါ့။”

ဤကဲ့သို့ ရူးသွပ်သည့် ပရိသတ်များ၏ ရှေ့တွင်တော့ ရှမ့်လန်က စကားပြောချင်စိတ်ပင် မရှိတော့ချေ။

ကျန်းချွင်းဟွာက စိတ်ဝင်တစားဖြင့် လိုက်ပါ စီးနင်းလိုသော်လည်း ရှမ့်လန်က ငြင်းပယ်၏။ ဤအရာက လေ့ကျင့်ခန်း ဖြစ်ပြီး ကစားစရာ မဟုတ်ချေ။ ထို့ကြောင့် ပထမဦးဆုံး အသုတ်တွင် အမေဇုန် စစ်သည်တော်များ ထဲမှ သန်မာဆုံးသူများသာ လိုက်ပါရပေမည်။

အပိုင်း (၈၄၄)

“ကြိုးတွေကို ဖြုတ်။”

ရှမ့်လန်၏ အမိန့်အတိုင်း မြေပြင်တွင် ရိုက်ထားသည့် ကြိုးများကို ဖြုတ်လိုက်ချိန် မှာတော့ မီးပုံးပျံကြီးက ကောင်းကင်ပေါ်သို့ ပျံတက်သွား၏။

အောက်တွင် ရှိနေသည့် လူအုပ်ကြီးက လက်ခုပ်လက်ဝါးတီးကာ အားပေးနေ၏။

လန်ဖုန်းနှင့် အခြားသော သူများက ပို၍ စိတ်လှုပ်ရှားနေ၏။ အရှင်က တကယ့်ကို အံ့အားသင့်စရာ ကောင်း၏။ လူသားများ ကောင်းကင်ပေါ်နှင့် ပျံသန်းနိုင်ခြင်း ဆိုသည်က မကြုံစဖူး ထူးခြားသည့် အံ့ဖွယ်ရာ ကိစ္စပင်။ အင်ပါယာ ကျန်းလီတောင် မလုပ်ဖူးသည့် အရာ ဖြစ်၏။ သူတို့၏ အရှင်က တကယ်ပဲ နတ်မင်းရဲ့ သားတော် ဖြစ်ပုံပေါ်သည်။ မဟုတ်လျှင် ဘယ်သို့ ကောင်းကင်ပေါ် ပျံသန်းနိုင်မည်နည်း။

...........................

မီးပုံးပျံက တဖြည်းဖြည်းနှင့် မြင့်တက်လာခဲ့၏။ မီတာ ၂၀၀၀ အကျော်သို့ ရောက်ရှိ၏။ ထိုထက်ပို၍ မတက်တော့ချေ။ မဟုတ်ပါက ကြိုးများက ခံနိုင်လိမ့်မည် မဟုတ်ပေ။ ယခု ပျံသန်းချိန်မှာတော့ မီးပုံးပျံ အဝေးသို့ လွင့်ပါမသွားစေရန် ပင်လယ်ဘေးသို့ ကျမသွားစေရန်နှင့် အောက်တွင် ကြိုးတစ်ချောင်း ချည်ထားဆဲ ဖြစ်၏။ အကယ်၍ ပင်လယ်ထဲသို့ ကျသွားပြီး ဒီဘိုရာ၏ သင်္ဘောအုပ်စုနှင့် တွေ့ပါက ပြဿနာ ရှိရုံသာမက ဤလျှို့ဝှက်လက်နက် အကြောင်းကလည်း ပေါက်ကြားသွားပေလိမ့်မည်။

ရှမ့်လန်၏ နယ်မြေက သေးငယ်လွန်းသောကြောင့် မီးပုံးပျံ စမ်းသပ်မှုကိုပင် ကောင်းကောင်း မလုပ်နိုင်ချေ။ သို့သော်လည်း မင်းသမီး ဒိုဟာနှင့် အခြားသောသူများက စိတ်လှုပ်ရှားနေ၏။ ရှမ့်လန်က သူမတို့၏ အသားအရေပေါ်တွင် ကြက်သီးမွေးညင်းများ ထနေသည်ကို မြင်ရ၏။

အမေဇုန်စစ်သည်တော်များက တကယ့်ကို သန်မာပြီး နံရံပေါ်တွင် လမ်းလျှောက်နိုင်ကြသော်လည်း ကောင်းကင်ပေါ်မှာတော့ တစ်ခါမှ ပျံသန်းဖူးကြခြင်း မရှိချေ။ လူတိုင်းက ပျံသန်းလိုသော အိမ်မက်များ ရှိကြပြီး ပို၍ သန်မာသည့်သူများတွင် ထိုဆန္ဒက ပို၍ ရှိသည်။

“ရှမ့်လန်... အခု ကျွန်မ ဘာလုပ်ချင်နေလဲ ရှင်သိလား။”

‘ခင်ဗျား အရမ်းကို စိတ်လှုပ်ရှားပြီး ကျုပ်ကို နမ်းချင်နေတာလား။’ ရှမ့်လန်က စိတ်ထဲက ပြောလိုက်၏။ သို့ပေမည့် အပြင်မှာတော့ မေးလိုက်၏။ “ဒီပေါ်ကနေ ခုန်ချချင်နေတာလား။”

မင်းသမီး ဒိုဟာက အံ့အားသင့်သော မျက်လုံးဖြင့် ပြန်မေးသည်။ “ရှင် ဘယ်လိုသိတာလဲ။” ထိုအရာက သူမ အမှန်တကယ် တွေးနေသည့် အရာဖြစ်သည်။

အတိအကျ ပြောရမည် ဆိုရင် ကောင်းကင်ယံကို ရောက်ဖူးသူတိုင်း ထိုကဲ့သို့ ခံစားရ၏။ အမြင့်တစ်နေရာသို့ ရောက်သွားသည့်အခါတိုင်း မိမိတွင် တောင်ပံများ ရှိလာသလို ခံစားရ၏။ ခုန်ချလိုက်လျှင် ပျံသန်းနိုင်မည် ဟုလည်း ထင်ယောင်ထင်မှား ခံစားရတတ်၏။

ရှမ့်လန်က မေးသည်။ “ဒီလောက်မြင့်တဲ့ နေရာကနေ ခုန်ချရင် သေသွားမယ် ဆိုတာ သိလား။”

“သိတာပေါ့။” ဒိုဟာက ပြန်ဖြေ၏။

ရှမ့်လန်က ပြောလိုက်သည်။ “နောက်ကျရင် ကျုပ် ခင်ဗျားရဲ့ အိမ်မက်ကို အကောင်အထည်ဖော်ပေးဖို့ အခွင့်အရေး ပေးမယ်။ မီတာ ထောင်ပေါင်းများစွာ အမြင့်ကနေ ခုန်ချရလိမ့်မယ်။”

မင်းသမီး ဒိုဟာက စိတ်လှုပ်ရှားလွန်းသောကြောင့် တစ်ကိုယ်လုံး တုန်ယင်နေ၏။ “ကျွန်မ စောင့်နေမယ်။ လုံနာနာ...ကျွန်မတို့ အမေဇုန်ကနေ ထွက်လာတုန်းက အရမ်းဝမ်းနည်းခဲ့တယ်။ ဒါပေမဲ့အခြားနည်းလမ်းမှ မရှိတာ။ ကျွန်မတို့ အမေဇုန်တွေက ကျေးဇူးကို သိတတ်တယ်။”

မင်းသမီး ဒိုဟာက ဆက်ပြောသည်။ “ဒါပေမယ့် အခုကစပြီး ကျွန်မ စိတ်လှုပ်ရှားနေပြီ။ လာမယ့် နေ့ရက်တွေကို ကျွန်မ တကယ် မျှော်လင့်မိတယ်။ ဘုရင်မကြီး ပြောတာ မှန်တယ်။ ရှင်ရောက်လာတာက ကောင်းကင်ရဲ့ အလိုတော်ပဲ ဖြစ်လိမ့်မယ်။ ကျွန်မတို့အမေဇုန်တွေက တိုက်ခိုက်ဖို့တင် မဟုတ်ဘဲ စွန့်စားမှုတွေကိုလည်း လုပ်ဖို့ လိုအပ်တယ်။”

ရှမ့်လန်က ပြော၏။ “မင်းသမီး ဒိုဟာ... ကျုပ်မှာ အစီအစဉ် တစ်ခုရှိတယ်။”

ဒိုဟာက ပြောသည်။ “ပြောကြည့်လိုက်လေ။”

ရှမ့်လန်က ပြော၏။ “ခင်ဗျားနဲ့ လူ ၁၅၀ ကို မီးပုံးပျံနဲ့ နယ်စားကြီးဒီဘိုရာရဲ့ စံအိမ်ပေါ်ကို ပျံသွားစေချင်တယ်။ ပြီးရင် မီတာတစ်ထောင် အမြင့်ကနေ ခုန်ချပြီး စံအိမ်ကို အလစ်အငိုက် ဝင်တိုက်ရမယ်။ အထဲမှာရှိတဲ့သူတွေ အကုန်လုံးကို သတ်ပြီး ဒီဘိုရာကို အရှင်ဖမ်းရမယ်။”

ထိုစကားကို ကြားချိန်မှာတော့ မင်းသမီး ဒိုဟာ၏ လှပသည့် မျက်လုံးများက ပြူးထွက်သွား၏။ သူမက ရှမ့်လန်ကို မယုံကြည်နိုင်သလို ငေးကြည့်နေ၏။ ဤလူက ပါရမီရှင်လား။ သို့မဟုတ် အရူးလား။ အမေဇုန်တွေ တောင်မှ ဤကဲ့သို့ ရဲတင်းသည့် အစီအစဉ်ကို မတွေးရဲကြချေ။ ထိုအရာက ရူးသွပ်လွန်းလှသည်။

“ခင်ဗျား လုပ်ချင်ရဲ့လား။” ရှမ့်လန်က မေး၏။

မင်းသမီး ဒိုဟာက လေးလေးနက်နက် ပြောသည်။ “အကယ်၍... ရှင်ကသာ ဒီအစီအစဉ်ကို ကျွန်မကို ပေးမလုပ်ဘူး ဆိုရင် ကျွန်မ ရှင့်ကို ဒီအပေါ်ကနေ တွန်းချရလိမ့်မယ်။”

သူမ၏တစ်ကိုယ်လုံးရှိ သွေးများက ဆူပွက်နေသလို ခံစားရ၏။ ဤအစီအစဉ်က တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်း၏။ သူတို့အတွက် သီးသန့် ဖန်တီးထားသကဲ့သို့ပင်။ အကယ်၍ အောင်မြင်သွားပါက ထိုအရာက နှစ်ပေါင်း တစ်ထောင်အတွင်း မကြုံဖူးသည့် စစ်ရေး တိုက်ခိုက်မှုမျိုး ဖြစ်ပေလိမ့်မည်။

လူတစ်ရာကျော်နှင့် ကြီးမားသည့် မြို့ကြီးတစ်မြို့ကို သိမ်းပိုက်ခြင်း၊ တကယ့်ကို ခန့်ညားထည်ဝါလွန်း၏။ အစွမ်းထက်သည့် အမေဇုန်မျိုးနွယ်များပင်လျှင် ဤကဲ့သို့ တိုက်ပွဲမျိုးကို မဖန်တီးနိုင်ခဲ့ဖူးချေ။ ထို့အတွက် အသက်ပေးရမည် ဆိုလျှင်တောင် သို့မဟုတ် ရှုံးနိမ့်သွားမည် ဆိုလျှင်တောင် ထိုအရာက စမ်းသပ်ရန် ထိုက်တန်၏။

“အမြန်လုပ်၊ အမြန်လုပ်စမ်းပါ။ ကျွန်မ မစောင့်နိုင်တော့ဘူး။”

မင်းသမီးဒိုဟာက ပြောသည်။ “အောက်ဆင်းပြီးတာနဲ့ ကျွန်မ လူတွေကို ရွေးချယ်တော့မယ်။”

မင်းသမီး ဒိုဟာ ဤမျှ စိတ်လှုပ်ရှားနေသည်ကို မြင်ရချိန်မှာတော့ ရှမ့်လန်က မမေးဘဲ မနေနိုင်တော့ချေ။ “ဒိုဟာ... အကယ်၍ ခင်ဗျား အမေဇုန်မျိုးနွယ်ကနေ ထွက်မလာခဲ့ရင် ခင်ဗျား မျိုးဆက်ပြန့်ပွားခြင်း အခမ်းအနားကို သွားမှာလား။”

“မသွားဘူး။ ကျွန်မက တစ်ကိုယ်တည်းသမားပဲ။” မင်းသမီး ဒိုဟာက ဖြေ၏။

“အင်း... နှမြောစရာ ကောင်းလိုက်တာ။”

အမေဇုန်နိုင်ငံ၏ မျိုးဆက်ပြန့်ပွားခြင်း အခမ်းအနား ရောက်ရန် မဝေးတော့ချေ။ ထိုအရာသည် ရက်သတ္တပတ်နှစ်ပတ် ကြာမြင့်မှာ ဖြစ်ပြီး ရှမ့်လန်က မျိုးစေ့ကျွန်းသို့ မသွားမီ ပီကျင်းမြို့ကို အရင် သိမ်းပိုက်ရန် လိုအပ်၏။ သူ အချိန်မှီ သိမ်းပိုက်နိုင်လိမ့်မည် ဟုလည်း မျှော်လင့်ရ၏။ ဘုရင်မ အီဒါနှင့် ချိန်းဆိုထားပြီး ဖြစ်၏။ ထိုချိန်းဆိုမှုကို သူ မပျက်ကွက်လိုပေ။

..................................

ထို့နောက်တွင်တော့ မင်းသမီး ဒိုဟာက ခေါင်းဖြတ်စစ်ဆင်ရေးကို အကောင်အထည်ဖော်ရန် ထူးချွန်သည့် စစ်သည် ၁၅၀ ကို သေချာရွေးချယ်၏။ ဒီဘိုရာကို ဖမ်းဆီးရန် စစ်ဆင်ရေးအား ခေါင်းဖြတ် စစ်ဆင်ရေးဟု ရှမ့်လန်က နာမည် ပေးထားသည်။ လူ ၁၅၀ တွင် အမေဇုန်မျိုးနွယ်စု၏ ထိပ်တန်း အတော်ဆုံးများလည်း ပါဝင်၏။ ပြီးနောက် သူတို့က အကြိမ်ကြိမ် လေ့ကျင့်ကြ၏။ မီးပုံးပျံကို အကြိမ်ကြိမ် စီးနင်းကြ၏။

ရှမ့်လန်၏ မူလ အစီအစဉ်အရ သူတို့က အနည်းဆုံး ၁၅ ကြိမ်မျှ ပျံသန်းပြီးမှ လေထီးခုန်ခြင်းကို စတင် သင်ရမည် ဖြစ်သော်လည်း မင်းသမီး ဒိုဟာနှင့် အခြားသောသူများက မစောင့်နိုင်တော့ချေ။ ၅ ကြိမ် ပျံသန်းပြီးနောက် သူတို့က လေထီးကို စတင် ခုန်ကြည့်ကြသည်။

“အမေဇုန် အထွတ်အရှည်ပါစေ။ အမေဇုန် အထွတ်အရှည်ပါစေ။ ဘုရင်မကြီး အထွတ်အရှည်ပါစေ။” အော်ဟစ်သံများ နှင့် အတူ ရူးသွပ်နေသည့် အမေဇုန်စစ်သည်တော်များက မီးပုံးပျံအတွင်းမှ ခုန်ချ၏။

ရှမ့်လန်က ကြည့်ရင်း ဦးရေပြားများပင် ထုံကျင်သွားသလို ခံစားမိ၏။ ဤအမျိုးသမီးများက ရူးသွပ်နေသူများ လိုပင်။ စွန့်စားရသည်ကိုလည်း နှစ်သက်ကြ၏။ သူတို့က ယခင်က လေထီးမခုန်ကြဖူးချေ။ ရှမ့်လန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် စတင်ခုန်ချခြင်း ဖြစ်သည်။

လေထီးခုန်ခြင်းက အမှန်တကယ် ဘေးကင်းကြောင်း ရှမ့်လန် သိ၏။ သို့သော်ငြား အရေးမကြီးလျှင် သူ ကိုယ်တိုင် ဤကဲ့သို့သော အရာများကို စမ်းသပ်လိမ့်မည် မဟုတ်ချေ။ ဤရူးသွပ်နေသည့် အမျိုးသမီးများက လေထီးဖွင့်ရန် မမေ့ကြပါစေနဲ့ဟုသာ သူ ဆုတောင်းမိ၏။

ရှမ့်လန် စိုးရိမ်သလိုမျိုး ဖြစ်မလာခဲ့ပေ။ ဤအမျိုးသမီးများက ယခင်က မီးပုံးပျံ စီးဖူးခြင်း မရှိသော်လည်း အမေဇုန်စစ်သည်တော်များက ရဲရင့်ရုံသာမက တည်ငြိမ်ရင့်ကျက်ကြသူများ ဖြစ်ကြ၏။ သူတို့က ရှမ့်လန်၏ ရှင်းပြချက်များကို အပြည့်အဝ မှတ်သားထား၏။ လေထဲသို့ ခုန်ချလိုက်သည်နှင့် စိတ်ထဲမှ အချိန်ကို ရေတွက်၏။ အချိန်စေ့သည်နှင့် လေထီးများကို ချက်ချင်းဖွင့်သည်။

လေထဲ မီတာ ၂၀၀ အကွာမှာတော့ ...

“ဖွပ်... ဖွပ်... ဖွပ်။” လေထီးများက ကောင်းကင်ယံရှိ တိမ်တိုက်များလား တစ်ခုပြီးတစ်ခု ပွင့်၏။ အမေဇုန် စစ်သည်တော်များက ဖြည်းညင်းစွာဖြင့် မြေပြင်ပေါ်သို့ ဆင်းသက်၏။ သူတို့က တကယ့်ကို ထူးချွန်လွန်းသောကြောင့် မည်သူမှ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ချေ။

..............................

နောက်ပိုင်းမှာတော့ ရှမ့်လန်၏ လက်အောက်ခံများက မီးပုံးပျံ ထုတ်လုပ်မှုကို အရှိန်မြှင့်တင်၏။ အတိုဆုံးသောအချိန်အတွင်းမှာပဲ မူလန်မြို့က မီးပုံးပျံ ၂၀ နှင့် လေထီး ၃၀၀ ကို ထုတ်လုပ် ပြီးစီးသွားခဲ့၏။ တစ်ယောက်လျှင် ပျမ်းမျှ လေထီး ၂ ခုစီ ရရှိအောင် စီစဉ်ပေးထားခြင်းပင်။ အကယ်၍ တစ်ခုမပွင့်ပါက အပိုတစ်ခု သုံးနိုင်ရန် ဖြစ်၏။

မင်းသမီး ဒိုဟာက လူ ၁၅၀ ကို ဦးဆောင်ပြီး အကြိမ်ကြိမ် လေ့ကျင့်၏။ သူတို့က အကြိမ်ကြိမ် ပျံတက်ပြီး အကြိမ်ကြိမ် ခုန်ချ၏။ ပြီးနောက် အလွန်အမင်း ပျော်ရွှင်နေသောကြောင့် နေ့စဉ်ဓားသိုင်းလေ့ကျင့်ရန်ကိုပင် မေ့နေကြသည်။

အမှန်စင်စစ် ဤလောကကြီးထဲတွင် အမေဇုန်စစ်သည်တော်များ၏ လေကျင့်မှုကို နှောင့်ယှက်နိုင်သည့် အရာ ဟူ၍ တစ်ခုမှ မရှိချေ။ ယခု ရှမ့်လန်က ထိုအရာကို ဖန်တီးနိုင်ခဲ့ပြီ ဖြစ်၏။ လေထီးခုန်ပြီးနောက် သတ်မှတ်ထားသည့်နေရာသို့ တိကျစွာ ဆင်းသက်နိုင်ရန်က တကယ့်ကို ခက်ခဲသည့် အလုပ်ပင်။ ဤရူးသွပ်နေသည့် အမျိုးသမီးများက လုပ်ဆောင်နိုင်ခဲ့ကြ၏။ ဤသည်ကလည်း ပစ်မှတ်နှင့် မီတာ ၅၀ အတွင်း တိကျစွာ ဆင်းသက်နိုင်ခဲ့ခြင်းဖြစ်၏။

ထို့အပြင် မီတာ ၁၀၀ အနိမ့်ပိုင်းတွင်မှ လေထီးဖွင့်ခြင်းကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်နိုင်ကြသလို လေထဲတွင် လမ်းကြောင်းပြောင်းခြင်းကိုလည်း တတ်ကျွမ်းသွားခဲ့ကြ၏။ ရှမ့်လန်က သူတို့အားလုံးကို ဂလိုက်ဒါများ ပေးချင်စိတ်ပင် ပေါက်လာ၏။ အားလုံးက အကောင်းဆုံးသော ဂလိုက်ဒါ (လေဟုန်စီး) သမားများ ဖြစ်လာပေလိမ့်မည်။

သို့သော်ငြား သူ တကယ် မဝံ့ရဲသေးချေ။ အကယ်၍ ဤအမျိုးသမီးများသာ လေဟုန်စီးဝတ်စုံကဲ့သို့ ပျော်စရာ ကောင်းသည့်အရာ ရှိမှန်း သိရှိသွားပါက နေ့စဉ်နှင့်အမျှ ကောင်းကင်ယံတွင် ပျံသန်းနေပေလိမ့်မည်။ မတော်တဆ တစ်ခုခု ဖြစ်သွားပါက ရှမ့်လန်က နှမြောလွန်းသောကြောင့် သွေးပင်အန်ရမှာ သေချာ၏။

.....................

အမှန်တကယ် တိုက်ပွဲဝင် လေ့ကျင့်ခန်းများ ပြုလုပ်ရန် အချိန်ကျရောက်လာခဲ့၏။ မြောက်လေက အချိန်ကိုက် တိုက်ခတ်၏။ ယခုတစ်ကြိမ်တွင်တော့ မီးပုံးပျံက မြေပြင်နှင့် ချည်နှောင်ထားခြင်း မရှိတော့ဘဲ လေနှင်ရာသို့ ပျံသန်းစေတော့မည်။ ဤလေ့ကျင့်ခန်း၏ ရည်ရွယ်ချက်က မီးပုံးပျံကို မိုင် ၃၀ ခန့် ပျံသန်းစေပြီး မြောက်ဘက်ရှိ တောင်ထိပ်ဆီသို့ ရောက်ရှိရန်ပင်။

ဤတောင်က မူလက နာမည်မရှိသော်လည်း ရှမ့်လန်က ဒိုဟာတောင်ဟု အမည်ပေးလိုက်၏။ ထို့အတွက်ကြောင့် ကျန်းချွင်းဟွာက သူ့အား ထူးဆန်းသည့် အကြည့်နှင့် ကြည့်နေခဲ့သည်မှာ ကြာပြီ ဖြစ်၏။ သူမ၏ အကြည့်ထဲတွင် ‘လူယုတ်မာ.. ပန်းကန်ထဲက အသားကို လာမစားရသေးဘူး။ အိုးထဲက ဟာကို မျက်စောင်းထိုးနေပြီ’ ဟူသော အဓိပ္ပာယ်များပါဝင်သည်။

ဒိုဟာတောင်ကို အဓိကစံအိမ်အဖြစ် ပုံဖော်ထားခဲ့ပြီး ဝေဟင်မှ ခေါင်းဖြတ်စစ်ဆင်ရေးကို ဤနေရာတွင် လေ့ကျင့်ကြမည်။ လေတိုက်နှုန်းက အမြဲပြောင်းလဲနေသောကြောင့် တိတိကျကျ ပြုလုပ်ရန် လိုအပ်၏။

ဤအချိန်မှာတော့ ရှမ့်လန်က မူလန်လေးကို သတိရမိ၏။ သူမက သဘာဝတရားကို တိကျစွာ ခန့်မှန်းနိုင်စွမ်း ရှိ၏။ အကယ်၍ သူမသာ ရှိနေပါက လေတိုက်မည့် လမ်းကြောင်းကို တိကျစွာ ခန့်မှန်းနိုင်ပေမည်။

“တက်ကြ... ပျံတက်ကြ”

ရှမ့်လန်၏ အမိန့်နှင့် အတူပဲ မီးပုံးပျံက ဆက်တိုက်ပြန်တက်၏။ မြောက်ဘက်သို့ ပျံသန်းသွားခဲ့၏။ တစ်နာရီမပြည့်ခင်မှာပင် မီးပုံးပျံက ဒိုဟာတောင်ထိပ်ဆီသို့ ရောက်၏။ ယခု တစ်ကြိမ်တွင်တော့ ရှမ့်လန် လိုက်ပါ မသွားခဲ့ချေ။

မင်းသမီး ဒိုဟာက အမိန့်ပေး၏။ “ဆင်းကြတော့။”

မီးပုံးပျံက တဖြည်းဖြည်း နိမ့်ဆင်း၏။ သို့သော်ငြား ထိုအချိန်မှာပဲ လေက မြောက်ဘက်မှ နောက်ဘက်သို့ ရုတ်တရက် ပြောင်းလဲတိုက်ခိုက်၏။ မီးပုံးပျံက နောက်ဘက်သို့ လွင့်ထွက်သွား၏။ တကယ့်ကို ဆိုးဝါးလှ၏။ ပစ်မှတ်ထားသည့် တောင်ထိပ်နှင့် အလှမ်းဝေးနေဆဲပင်။

“ခုန်ချ။”

မင်းသမီးဒိုဟာ၏ အမိန့်နှင့် အတူ အမေဇုန် မင်းသမီး စစ်သည် ဆယ်ယောက်ကျော်တို့က တစ်ယောက်ပြီး တစ်ယောက် ခုန်ချကြသည်။

“ဝူး... ဝူး...” လူဆယ်ယောက်ကျော်တို့က လေထဲတွင် ခုန်ချပြီး ဒိုဟာတောင်ထိပ်သို့ ချဉ်းကပ်ရန် ကြိုးစား၏။ နောက်ဆုံးမှာတော့ သူတို့က ရှုံးနိမ့်သွားခဲ့၏။

လူတိုင်း ဘေးကင်းစွာ ဆင်းသက်နိုင်သော်လည်း ပစ်မှတ်နှင့် အနီးဆုံးလူကပင်လျှင် မီတာ ၃၀၀ ကျော် ကွာဝေးနေ၏။ ဤအရာက လူသားများ ထိန်းချုပ်နိုင်သည့် အရာ မဟုတ်တော့ချေ။ ကောင်းကင်ယံတွင် လေလမ်းကြောင်း ပြောင်းသွားပါက ဘာမှ မတတ်နိုင်တော့ပေ။

ခေတ်မီ လူအဖွဲ့အစည်းတွင် လေယာဉ်ပျံများ ရှိသည်ဆိုလျှင်တောင်မှ တိတိကျကျ ဆင်းသက်ရန်က ပြဿနာတစ်ခု ဖြစ်နေဆဲ ဖြစ်လေရာ ဤလောကကြီးထဲတွင်ဆိုလျှင် ပိုမို၍ ဆိုးဝါးသည်က ပြောနေစရာပင် မလိုအပ်ချေ။

..........

ထို့နောက်တွင်တော့ မင်းသမီး ဒိုဟာနှင့် တခြားသောသူများက လက်တွေ့လေ့ကျင့်ခန်း ဆယ်ကြိမ်ထက်မက ပြုလုပ်ခဲ့ကြသော်လည်း တစ်ကြိမ်သာလျှင် ထိုတောင်ပေါ်သို့ တိကျစွာ ဆင်းသက်နိုင်၏။ လေလမ်းကြောင်း က ခန့်မှန်းရန် ခက်ခဲပြီး လေထီးများက လေထဲတွင် လမ်းကြောင်း မပြောင်းနိုင်သောကြောင့် လေတိုက်ရာသို့သာ လွင့်ပါသွားခဲ့သည်။ ဤတိုင်းဆိုလျှင် မဖြစ်တော့ချေ။ မီးပုံးပျံက တကယ့်ကို ထိန်းချုပ်ရန် ခက်ခဲ၏။ သတ်မှတ်ထားသည့် ပစ်မှတ်ဆီသို့ ရောက်ရှိရန် ဆိုသည်က တကယ့်ကို မလွယ်ကူလှပေ။

မင်းသမီးဒိုဟာက ရှမ့်လန်ကို ရှာကာမေး၏။ “ကျွန်မတို့ ကောင်းကင်က ခုန်ချတဲ့အချိန်မှာ အရမ်း အားနည်းနေတယ်။ လေထဲခုန်ချတဲ့အချိန် လမ်းကြောင်းကို ထိန်းချုပ်နိုင်တဲ့ အရာမျိုး ရှိသေးလား။”

ရှမ့်လန်က တိတ်ဆိတ်နေသည်။

မင်းသမီးဒိုဟာက မယုံကြည်နိုင်စွာ မေးလိုက်ပြန်၏။ “တကယ် အဲလိုအရာ ရှိနေတာလား။”

ရှမ့်လန်က ပြောသည်။ “ရှိတော့ ရှိတယ်။ ဒါပေမဲ့ အဲဒါက ပိုပြီး အန္တရာယ်များသလို ကျွမ်းကျင်မှု ရှိဖို့လည်း လိုအပ်တယ်။ ပြီးတော့ ကျုပ်တို့မှာ အချိန်မရှိတော့ဘူး။ ပီကျင်းမြို့ကို အမြန်ဆုံး တိုက်ရတော့မယ်။”

မင်းသမီးဒိုဟာက မေး၏။ “ဘာလို့လဲ။”

ရှမ့်လန်က ပြောသည်။ “ကျုပ်တို့ ရိက္ခာကုန်တော့မယ်။ အကယ်၍ ပီကျင်းမြို့ကို အမြန်မတိုက်နိုင်ရင် ကျုပ်တို့ ငတ်သေတော့မယ်။”

All Chapters