← Chapters

အခန်း (၈၄၅-၈၄၆)

Vol. 52 Ch. 845-846

အခန်း (၈၄၅-၈၄၆)

Vol. 52 Ch. 845-846

အပိုင်း (၈၄၅)

ရှမ့်လန်က ပင်လယ်ပြင်တွင် ထိန်းချုပ်နိုင်စွမ်းမရှိသောကြောင့် သူ၏ သင်္ဘောများက ကမ်းနားနီးနီးတွင်သာ ငါးဖမ်းနိုင်၏။ ပင်လယ်ထဲ အနည်းငယ် ဝင်သွားပါက သွေးသောက်ဘာရွန် ၊ ဒီဘိုရာ သင်္ဘောအုပ်စုတို့၏ နစ်မြှုပ်ခြင်းကို ခံရပေမည်။

မူလန်တိုက်ပွဲပြီးလျှင် ပင်လယ်ဓားပြများက ငြိမ်သွားလိမ့်မည်ဟု သူ ထင်ခဲ့သော်လည်း သူတို့က ပို၍ပင် ကြမ်းတမ်း ရက်စက်လာခဲ့ကြ၏။ ကံကောင်းသည်က ဤပင်လယ်ပြင်တွင် ယခင်က ငါးအလွန်အကျွံ ဖမ်းဆီးခဲ့ခြင်း မရှိသောကြောင့် ဟင်းစားရနေသည်။

ထို့အပြင် ရှမ့်လန်၏ ငါးဖမ်းပိုက်ကွန်များက တကယ့်ကို ကောင်းမွန်သောကြောင့် ဖမ်းမိသမျှက အမြဲတမ်း များပြား၏။ သို့သော်ငြား နေ့စဉ် ငါးနှင့်ပုစွန်ကိုသာ စားနေ၍ မဖြစ်ချေ။ ထိုအရာများက ရိက္ခာကုန်ဆုံးမှုကို အနည်းငယ်သာ လျှော့ချပေးနိုင်၏။ ယခု မူလန်မြို့တွင် ပဲပင်ပေါက်များ အပါအဝင် အဓိက စားနပ်ရိက္ခာများ က ကုန်သွားခဲ့၏။

မင်းသမီးဒိုဟာက ရှမ့်လန်ကို သံသယအပြည့်ဖြင့် ကြည့်ကာ မေးသည်။ “ရိက္ခာကုန်တော့မယ်ဆိုပြီး ရှင်က ကျွန်မတို့ကို နေ့တိုင်း စားစရာ ဒါဇင်နဲ့ချီပြီး ကျွေးနေတာလား။ ဒိန်ချဉ်တွေတောင် သုံးမျိုးလောက် ရှိတယ်။”

ရှမ့်လန်က ပြော၏။ “ခင်ဗျားတို့က ကိုယ့်အိမ်ကိုယ့်ယာကို စွန့်ပြီး ကျုပ်ဆီကို လာနေကြတာပဲ။ ကျုပ်က ခင်ဗျားတို့ကို ဒုက္ခမရောက်စေချင်ဘူး။ ပြီးတော့ နို့ကို များများသောက်ရမယ်။ ခင်ဗျားတို့ရဲ့ ခန္ဓာကိုယ် ပိုပြီး ဖွံ့ဖြိုးလာဖို့ ကျုပ်မျှော်လင့်မိတယ်။”

ရှမ့်လန်က မင်းသမီးဒိုဟာ၏ ရင်ဘတ်ကို တစ်ချက်ကြည့်လိုက်သော်လည်း သူက ထိုစကားကို အလိုအလျောက် ပယ်ဖျက်လိုက်ပုံရ၏။ မင်းသမီးဒိုဟာ၏ရှေ့တွင် လူယုတ်မာအမူအရာ လုပ်ရခြင်းက တကယ့်ကို ဘေးကင်း၏။ သူမက ထိုအရာများကို သိပ်ပြီး သတိမထားမိချေ။ မဟုတ်ပါက ရှမ့်လန်ကဲ့သို့ အရှက်မရှိသည့် လူတစ်ယောက်က အကြိမ်ပေါင်း ရာနှင့်ချီ အသတ်ခံရပြီး ဖြစ်ပေလိမ့်မည်။

“အဲဒီပစ္စည်းကို ပေးစမ်းပါ။ ရှင့်ရဲ့ ဒိန်ချဉ်တွေ ၊ ရေခဲမုန့်တွေဆိုတာ အလကား မဟုတ်ဘူးဆိုတာကို ကျွန်မတို့ လက်တွေ့တိုက်ပွဲမှာ သက်သေပြမယ်။” မင်းသမီးဒိုဟာက ရှမ့်လန်၏ အင်္ကျီစကိုဆွဲကာဖြင့် မြေပြင်မှ ဆွဲမသည်။

သို့နှင့် ရှမ့်လန်က ယက်ကန်ယက်ကန်ဖြင့် ပါလာ၏။

“မင်းသမီးဒိုဟာ... ကျုပ်က တကယ်တော့ အထူး ပြုလုပ်ထားတဲ့ နို့ရေခဲမုန့်တစ်မျိုး ရှိသေးတယ်။ ခင်ဗျား စိတ်ဝင်စားလား။” ရှမ့်လန်က လေးနက်စွာ မေးလိုက်သည်။

“စိတ်မဝင်စားဘူး။”

မင်းသမီးဒိုဟာက ဖြေ၏။ “ကျန်းချွင်းဟွာဆိုတဲ့ မိန်းမပဲ စိတ်ဝင်စားလိမ့်မယ်။ ကျွန်မက သာမန် နို့ရေခဲမုန့်တွေကိုပဲ ကြိုက်တယ်။”

“ဟင် ... ခင်ဗျားက အကုန်လုံးကို နားလည်နေတာပဲ။ ကျုပ်နဲ့ ရန်မဖြစ်ချင်လို့ လွှတ်ထားတာပေါ့။”

....................

ပြီးနောက်မှာတော့ ရှမ့်လန်က ဂလိုက်ဒါ (လေဟုန်စီး) များကို ထုတ်ပေး၏။ သူက အနည်းငယ်ပင် ကြောက်လန့်နေမိ၏။ မီးပုံးပျံပေါ်မှ ခုန်ချရသည်က အလွန်ပင် အန္တရာယ်များ၏။ ဂလိုက်ဒါ ဝတ်စုံများက တကယ့်ကို မြန်ဆန်လွန်းသောကြောင့် အန္တရာယ်ကြီးမားသည်။

သို့သော်ငြား မင်းသမီးဒိုဟာက ဂလိုက်ဒါကို ရရှိပြီးနောက် လောကသစ်တစ်ခု၏ တံခါးကို ဖွင့်လိုက် သကဲ့သို့ပင်။ သူမက တကယ့်ကို ပျံသန်းခြင်းကဲ့သို့ ခံစားမိ၏။ ဤအရာက လွတ်လပ်မှုပင်။ စောဏက လေထီးဆိုသည့်အရာနှင့် ယှဉ်လျှင် လေထီးက အမှိုက်ပင် ဖြစ်ပေလိမ့်မည်။

ပြီးနောက် ရှမ့်လန်က တကယ့်ကို ကျွမ်းကျင်သူဆိုသည်မှာ မည်သို့ဖြစ်ကြောင်း မြင်လိုက်ရ၏။ သူ တကယ် စိုးရိမ်လွန်နေခြင်းသာဖြစ်မည်။ ဤအမေဇုန် အမျိုးသမီး စစ်သည်တော်များက လေလမ်းကြောင်းနှင့် ပျံသန်းမှုများ၌ တကယ့်ကို ထက်မြက်ကြသူများပင်။ သီအိုရီပိုင်းကို နားလည်ပြီးနောက် လက်တွေ့ အနည်းငယ် လေ့ကျင့်ပြီးသည်နှင့် ပျံသန်းမှု နည်းပညာကို သူတို့က ကျွမ်းကျင်သွား၏။ အနည်းဆုံး ရှမ့်လန်ထက်တော့ များစွာ ပို၍တော်၏။

ရက်အနည်းငယ်ကြာပြီးနောက် သူတို့က ခေါင်းဖြတ်စစ်ဆင်ရေးအတွက် လက်တွေ့တိုက်ပွဲဝင် လေ့ကျင့်ခန်းများ ကို ထပ်မံပြုလုပ်ကြသည်။

“မီးပုံးပျံ ပျံသန်း။”

မီတာတစ်ထောင်သို့ ရောက်ချိန်မှာတော့ မီးပုံးပျံက မြောက်ဘက်သို့ လွင့်ပါ၏။ နာရီဝက်အတွင်း ဒိုဟာတောင်ထိပ်အနီးသို့ ရောက်ရှိ၏။

ထိုအချိန်မှာတော့ အကွာအဝေးက မီတာထောင်ပေါင်းများစွာ ရှိသော်လည်း လက်တွေ့တိုက်ပွဲနှင့် တူစေရန် လေလမ်းကြောင်းကို မပြောင်းလဲတော့ဘဲ မင်းသမီးဒိုဟာက အမိန့်ပေးလိုက်သည်။ “လေထီးခုန်ဆင်း။”

ပြီးနောက် အမေဇုန်စစ်သည်များက ဂလိုက်ဒါများကို အသုံးပြုပြီး တစ်ယောက်ပြီးတစ်ယောက် ခုန်ချ၏။ သူတို့က တကယ့်ကို စိတ်လှုပ်ရှားနေကြ၏။ ဂလိုက်ဒါများကို ဝတ်ဆင်၍ ပျံသန်းရခြင်းက ပထမဦးဆုံးအကြိမ် မဟုတ်သော်လည်း မင်းသမီးဒိုဟာက တကယ့်ကို စိတ်လှုပ်ရှားနေဆဲပင်။

သူတို့ အမေဇုန်စစ်သည်တော်များက မြေပြင်ကို သိမ်းပိုက်ခဲ့ကြပြီး ပင်လယ်အောက်ခြေထိပင် တိုက်ခိုက်နိုင်ခဲ့ ကြ၏။ ယခု သူတို့ ကောင်းကင်ယံ၌ပင် တိုက်ခိုက်နိုင်ကြတော့မည်လား။ ရှမ့်လန်အပေါ် သူတို့ သစ္စာ ရှိခဲ့သည်က တကယ့်ကို ကောင်းမွန်သည့် ရွေးချယ်မှုပင်။ တစ်ဖက်လူက အံ့ဖွယ်ရာများကို တစ်ခုပြီးတစ်ခု ဖန်တီးပြ၏။ သူတို့အတွက် လောကသစ်တံခါးကို ဖွင့်လှစ်ပေးနိုင်၏။

“အရှင်ရှမ့်လန်... အကယ်၍ တစ်နေ့ ရှင်ကျွန်မတို့ကို တကယ်ပဲ လွတ်လွတ်လပ်လပ် ပျံသန်းခွင့် ပေးနိုင်မယ်ဆိုရင် ကျွန်မက တစ်ကိုယ်တည်းနေဖို့ စဉ်းစားထားတယ် ဆိုပေမဲ့ ရှင်ရဲ့ နို့ရေခဲမုန့်အသစ်ကို စမ်းကြည့်ဖို့ ဝန်မလေးပါဘူး။”

နာရီဝက်မပြည့်ခင်မှာပဲ လက်တွေ့လေ့ကျင့်ခန်း ပြီးဆုံး၏။ လူ ဆယ့်ငါးယောက်လုံးက ဒိုဟာတောင်ထိပ် ပေါ်သို့ ဘေးကင်းစွာ ဆင်းသက်ကြ၏။ လက်တွေ့လေ့ကျင့်ခန်းက တကယ့်ကို အောင်မြင်ခဲ့၏။

.............

မူလန်မြို့ တိုက်ပွဲပြီးကတည်းက ရက်ပေါင်း (၂၀) ကျော် ကုန်လွန်ခဲ့၏၊ နယ်စားကြီး ဒီဘိုရာ မျှော်လင့်ထားသည့်အရာ တစ်ခု ရှိနေ၏။ ရှမ့်လန်က ပီကျင်းမြို့ကို ချက်ချင်း တိုက်ခိုက်နိုင်လိမ့်မည်ဟု သူမ ထင်ခဲ့သည်။ အကြောင်းအရာမှာ ထိုအရာက အသိဉာဏ်အရှိဆုံး ရွေးချယ်မှု ဖြစ်သောကြောင့်ပင်။

မူလန်မြို့ကိုတိုက်ရန် သူမ စေလွှတ်လိုက်သည့် စစ်သည်တစ်သိန်း ချေမှုန်းခံရပြီးနောက် ပီကျင်းမြို့ကို ကာကွယ်ရန် စစ်သည်တစ်သိန်းသာ ကျန်ရှိတော့၏။ အရပ်ရပ်မှ စစ်ကူများက အချိန်မီ ရောက်ရှိ မလာနိုင်သေးသလို ရှမ့်လန်၏ အမေဇုန်စစ်သည် ထောင်ပေါင်းများစွာတို့ကလည်း အားအင်အပြည့် ရှိနေသည်။

သို့သော်ငြား ရှမ့်လန်က ထိုသို့မလုပ်ခဲ့ပေ။ သူမအတွက် အံ့အားသင့်စရာ ဖြစ်လို့နေ၏။ တစ်လကျော် ကုန်လွန်သွားခဲ့သော်လည်း ရှမ့်လန်၏ စစ်တပ်က ရောက်ရှိမလာသေးချေ။

ယခု အသူရာလှိုင်းပြည်နယ်မှ စစ်ကူများစုံလင်စွာ ပီကျင်းမြို့သို့ ရောက်ရှိလာပြီဖြစ်သလို အနီးအနား စီရင်စုပြည်နယ်များမှ စစ်ကူများပင်လျှင် ရောက်ရှိလာပြီဖြစ်၏။ မည်သို့ပင် ဆိုစေကာမူ တောင်ဘက် နယ်မြေ၏ အစောင့်အရှောက်အသစ်ကို မည်သူမှ မပြစ်မှားဝံ့ကြချေ။ သူမ၏နောက်ကွယ်တွင် ရှိနေသည့် အင်အားကြီးမားသည့် ဆော်ရွန်မင်းဧကရာဇ်လောင်းကြောင့်ပင် ဖြစ်ပေမည်။

ယခုအခါမှာတော့ ရှီလွန်အင်ပါယာ၏ အနာဂတ်ဧကရာဇ် ဂုဏ်သတင်းက ကောင်းကင်ယံမှ နေမင်းတစ်ခုပမာ တောက်ပနေ၏။ ထိုသူ၏ အရှိန်အဝါက အနောက်လောက တစ်ခုလုံးကို တုန်လှုပ်စေ၏။ မည်သူမဆို သူ့အား ဆန့်ကျင်ရန် မဝံ့ရဲကြချေ။ သူက တကယ်ပဲ အင်အားကြီးမားလွန်းလှပြီး ဧကရာဇ်တစ်ပါး၏ အာဏာနှင့် လွှမ်းမိုးမှုကို အပြည့်အဝ ပြသနိုင်၏။ သူက ရှီလွန်အင်ပါယာ၏ ထီးနန်းကို ဆက်ခံရန် အချိန်ပိုင်းသာ လိုတော့၏။

လူတိုင်း၏အမြင်မှာတော့ သူက ဘုရင်မမီဒူဆာကို အနိုင်ယူရန် အချိန်တစ်ခုသာ လိုအပ်တော့သည်ဟု ထင်မြင်နေကြသည်။ ဆော်ရွန်မင်းသား၏ အရှိန်အဝါကြောင့်ပင် စစ်တပ်အသီးသီးတို့က နယ်စားကြီး ဒီဘိုရာအား ကူညီရန် ရောက်ရှိလာခဲ့သည်။

ဤကာလအတွင်း ပီကျင်းမြို့သို့ စစ်သည်များ နေ့စဉ်နှင့်အမျှ ရောက်ရှိလာ၏။ နယ်စားပယ်စားများ၏ စစ်တပ်များသာမက ကြေးစားစစ်သည်တချို့ပင် လာရောက်ပူးပေါင်းကြ၏။ ပီကျင်းမြို့တွင် စုဝေးနေသည့် စစ်သည်အင်အားက ပို၍ပို၍ များပြားလာ၏။

တစ်သိန်း... တစ်သိန်းခွဲ... နှစ်သိန်း...။ ဤအရာက လူမျိုးစုစစ်ပွဲပဲ။ တစ်ပါးသော ပြည်နယ်သားများအား ဆန့်ကျင်တိုက်ခိုက်သည့် စစ်ပွဲပင်။

အမေဇုန်မျိုးနွယ်စုများက အနောက်လောက၏ အရှက်နှင့် အရှက်သိက္ခာကို ဖျက်ဆီးခဲ့သည့် သစ္စာဖောက် များဖြစ်သည်။ ထိုသူတို့ကို အရှေ့တိုင်းသားများနှင့်အတူ သုတ်သင်ရမည်။ ပြာဖြစ်အောင် မီးရှို့ပြီး ပင်လယ်ထဲ လွှင့်ပစ်ရမည်။ နယ်စားကြီးဒီဘိုရာက မြို့ရိုး၏ကာကွယ်ရေးကို နေ့စဉ်အားဖြည့်နေပြီး ဆီများ၊ သစ်လုံးများနှင့် ကျောက်လွဲစက်များ၊ ယမ်းမှုန့်အများအပြားကို အဆင်သင့် ပြင်ထားသည်။

ဤမျှ များပြားသည့် စစ်သည်များ၊ ခိုင်ခံ့သည့် မြို့ရိုးနှင့် ခံစစ်အတွက် ရိက္ခာများ .....

ရှမ့်လန်က စစ်သည် တစ်သန်း ခေါ်လာလျှင်ပင် ပီကျင်းမြို့ကို တိုက်ခိုက်ရန် ခက်ခဲလိမ့်မည်ဟု ဒီဘိုရာက ယုံကြည်ထားမိ၏။ အမေဇုန်စစ်သည် အနည်းငယ်လေးဖြင့် ပြောနေစရာပင် မလိုအပ်ချေ။ ဤမြို့က အရှေ့တိုင်းသားများနှင့် အမေဇုန်မျိုးနွယ်စုများ၏ သင်္ချိုင်း ဖြစ်ရမည်က အမှန်ပင်။

.....................

နောက်တစ်ရက်မှာတော့ ရှမ့်လန်က အမေဇုန်စစ်သည် ငါးထောင်ကို ဦးဆောင်ပြီး ပီကျင်းမြို့သို့ တိုက်ခိုက်ရန် မြောက်ဘက်သို့ ချီတက်လာခဲ့၏။ မှန်ပေ၏။ သူက လူငါးထောင်သာ ခေါ်လာခဲ့ခြင်းဖြစ်သည်။ သူ တိုက်ခိုက်လိုသည့် ပစ်မှတ်က လူဦးရေ သိန်းနှင့်ချီသည့် မြို့ကြီးတစ်မြို့ဖြစ်၏။ ထိုမြို့တွင် ရှစ်မီတာ၊ ကိုးမီတာခန့် မြင့်သည့် မြို့ရိုးကြီးရှိသလို ကာကွယ်ရေးစစ်သည် နှစ်သိန်းကျော်လည်း ရှိနေ၏။

ဤတိုက်ပွဲ၏ ရလဒ်က မည်သို့ပင်ဖြစ်စေကာမူ သမိုင်းတွင် ကျန်ရစ်မည်မှာတော့ အမှန်ပင်။ ထို့အတူ ခမ်းနား ထည်ဝါသည့် ဒဏ္ဍာရီတစ်ခု ဖြစ်လာနိုင်သလို ရယ်စရာကောင်းသည့် ဟာသတစ်ခုလည်း ဖြစ်လာနိုင်သည်။

စစ်သည် နှစ်သိန်းကျော်ရှိသည့် မြို့ကို လူငါးထောင်ဖြင့် တိုက်ခိုက်ခြင်း၊ ထိုအရာက နှစ်ပေါင်းထောင်ချီသော သမိုင်းတစ်လျှောက်တွင် မကြုံဖူးသည့် ရူးသွပ်မှုပင် ဖြစ်ပေလိမ့်မည်။ သို့သော်လည်း ရှမ့်လန်က ထိုအံ့ဖွယ်ရာ ဒဏ္ဍာရီကို ဖန်တီးရန် ကံပါလာသူပင်။

....................

ဒီဘိုရာ တစ်ယောက်တည်းသာမက ပီကျင်းမြို့ရှိ စစ်သည်တော်အားလုံးနှင့် မြို့သူမြို့သားများက ရှမ့်လန်၏ စစ်သည်များ ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေ၏။ မူလန်မြို့တိုက်ပွဲက အရှက်ရဖွယ်ရာကောင်း၏။ စစ်သည်အင်အား တစ်သိန်းလုံးနီးပါး အမြစ်ဖြတ် သုတ်သင်ခံရ၏။ ဤစစ်ပွဲက အနောက်လောက၏ ဂုဏ်သိက္ခာကို စောင့်ရှောက်ရမည့် မြင့်မြတ်သည့် စစ်ပွဲတစ်ခုပင်။

ပီကျင်းမြို့၏ စစ်သည်နှစ်သိန်းငါးသောင်းလုံးက လှံကို အားပြုရင်း တိုက်ပွဲကို စောင့်ကြည့်နေ၏။ အရှေ့တိုင်းသားများကို အမြစ်ဖြတ် သုတ်သင်ပြီး အနောက်လောကကို သစ္စာဖောက်သွားသည့် အမေဇုန် စစ်သည်မများကိုလည်း ပြာအဖြစ် ပြောင်းလဲနိုင်အောင် သူတို့ ပြုလုပ်ရမည်။ ထိုမှ သူတို့၏ အရှက်တရားကို ဆေးကြောနိုင်ပေလိမ့်မည်။

သူတို့က စောင့်ရင်းစောင့်ရင်း နောက်ဆုံး ရှမ့်လန်၏ တပ်တော်က ရောက်ရှိလာ၏။ ထိုအချိန်မှာတော့ လူတိုင်းက အံ့အားသင့်နေ၏။

“အရှေ့တိုင်းသား ရှမ့်လန်... မင်းငါတို့ကို လာကစားနေတာလား။ ငါတို့ရဲ့ပီကျင်းမြို့ကို တိုက်ဖို့ ဒီလို လူနည်းနည်းလေးပဲ ခေါ်လာတာလား။ လူငါးထောင်တည်းလား။”

..................

“အရှင်... အရှေ့တိုင်းက လူပျက်က ရောက်လာပါပြီ။” မိန်းမစိုးကြီး တာလွန်က လျှောက်တင်သည်။

ဒီဘိုရာက မကြားချင်ယောင်ဆောင်ပြီး သူမ၏ ကိစ္စကိုသာ ဆက်လက်လုပ်ဆောင်နေ၏။ ဤတစ်ကြိမ်မှာတော့ သူမက ထွားကျိုင်းသည့် ဝံပုလွေများသာမက မြေခွေးနှင့် တခြားကျားသစ် သားရဲတိရစ္ဆာန် တစ်ဒါဇင်ကျော်ကို သတ်ဖြတ်နေခြင်းဖြစ်၏။

သူမ၏ ခန္ဓာကိုယ်တွင် ကာကွယ်ပေးမည့် သံချပ်ဝတ်တန်ဆာ ဟူ၍ မရှိပေ။ သားရေဘောင်းဘီတစ်ထည်နှင့် သားရေရင်ဖုံးတစ်ထည်သာ ဝတ်ဆင်ထားခဲ့ပြီး ဒိုင်းလွှာပင်မပါဘဲ ဓားမြှောင်တစ်လက်သာ ကိုင်၏။ အဝတ်အစား အနည်းငယ်မျှဖြင့်ပင် သူမ၏ ခန္ဓာကိုယ်က ဆွဲဆောင်မှု ရှိလွန်းနေ၏။ တာလွန်ပင် စူးစိုက်ကာဖြင့် သိပ်မကြည့်ရဲချေ။

“သတ်စမ်း... သတ်စမ်း။”

နယ်စားကြီး ဒီဘိုရာ၏ ဓားချက်က လျှပ်စီးကဲ့သို့ မြန်ဆန်၏။ တိုက်ပွဲ၏ခက်ခဲမှုက သားရဲတိရစ္ဆာန် ဒါဇင်ပေါင်းများစွာကို သတ်ရန်မဟုတ်ဘဲ မိမိကိုယ်တိုင် ဒဏ်ရာတစ်စက်မှ မရစေရန် ထိန်းသိမ်းရခြင်းလည်း ပါဝင်၏။ ဤသည်က တကယ့်ကို ခက်ခဲ၏။

သူမ၏ ခန္ဓာကိုယ်က အကာအကွယ် မရှိသောကြောင့် သားရဲတို့၏ လက်သည်းချက် အနည်းငယ် ထိမျှရုံဖြင့် နက်ရှိုင်းသည့် ဒဏ်ရာများကို ရရှိစေမှာ သေချာ၏။ ထိုအရာက သူမ၏ ဖျက်လတ်မှုကို စမ်းသပ်နေခြင်းပင်။ သစ်ရွက်ပေါင်း တစ်ထောင်ကြားမှ ဖြတ်သန်းခဲ့သော်လည်း ကိုယ်တွင် သစ်ရွက်တစ်ခုမှ မထိသကဲ့သို့ဖြစ်သည်။

၁၅ မိနစ်ခန့် ကြာပြီးနောက် တိုက်ပွဲကွင်းပြင်တစ်ခုလုံးက သွေးညီနံ့များ ဖုံးလွှမ်းပြီး သားရဲအားလုံး သတ်ဖြတ်ခံလိုက်ရ၏။ ဒီဘိုရာ၏ ခန္ဓာကိုယ်တွင် သွေးများ စိုရွှဲနေသော်လည်း ထိုသွေးတစ်စက်ကမှ သူမ၏ သွေးမဟုတ်ချေ။

“ရောက်လာပြီလား။” ဒီဘိုရာက မေး၏။

“ဟုတ်ပါတယ်။” တာလွန်က ပြန်ဖြေသည်။

နယ်စားကြီး ဒီဘိုရာက ဆက်မေး၏။ “စစ်သည် ဘယ်လောက်ခေါ်လာတာလဲ။”

“အရမ်းကို နည်းပါတယ်။ အရှက်ရစရာ ကောင်းအောင် နည်းပါတယ်။” တာလွန်က ဖြေသည်။

နယ်စားကြီး ဒီဘိုရာက ခေါင်းညိတ်၏။ ပြီးနောက် အခန်းထဲသို့ လျှောက်ဝင်သွားခဲ့၏။ လျှောက်လှမ်းနေတုန်းမှာပဲ သူမ၏ သားရေချပ်ဝတ်ကို ချွတ်လိုက်ရာ တကယ့်ကို ဆွဲဆောင်မှုရှိသည့် သူမ၏ ခန္ဓာကိုယ် အလှတရားက ပေါ်ထွက်လာခဲ့၏။

မိန်းမစိုး တာလွန်က အပြင်ဘက်တွင်သာ နေရစ်ခဲ့ပြီး သခင်မ၏ နောက်ကျောကို မကြည့်ဝံ့ဘဲ မျက်မှောက်ကို အောက်သို့ချထား၏။ ဒီဘိုရာက ရေချိုးကန်ထဲသို့ ဆင်း၏။ နွေးထွေးသည့် ရေချိုးကန်က ချက်ချင်းပဲ သွေးရောင်လွှမ်းသွားသည်။

အစေခံမတချို့က ရှေ့ကိုတိုးလာပြီး သူမ၏ ခန္ဓာကိုယ်ကို ဆေးကြောပေး၏။ ဤသို့ လုပ်ဆောင်နေစဉ် အတွင်းမှာပဲ သူတို့က မိမိကိုယ်ကို နိမ်ကျသည်ဟု ခံစားနေရ၏။ သခင်မ၏ ခန္ဓာကိုယ် အချိုးအစားက တကယ့်ကို လှပလွန်း၏။ ကြွက်သားများက သေသေချာချာ ထုဆစ်ထားသကဲ့သို့ပင်။ ဤကဲ့သို့သော ခန္ဓာကိုယ် ကောက်ကြောင်းမျိုးက ပန်းချီကားများထဲတွင်သာ တွေ့နိုင်မည့် အရာမျိုးဖြစ်၏။

သခင်မက လှပသည့် မျက်နှာနှင့် မြင့်မြတ်သည့် မျိုးရိုးရှိရုံသာမက ခန္ဓာကိုယ်က မိစ္ဆာဆန်ဆန် ဆွဲဆောင်မှုရှိ၏။ သူမက ဖန်ဆင်းရှင်၏ နှစ်သက်ရသူ ဖြစ်ပေလိမ့်မည်။ မင်းသားဆော်ရွန် တစ်ယောက်သာလျှင် ဤမြတ်နိုးဖွယ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရန် ထိုက်တန်ပေလိမ့်မည်။

............................

ရေချိုးပြီးနောက် နယ်စားကြီး ဒီဘိုရာက ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်၏။ တောင်ထိပ်ပေါ်မှ ရဲတိုက်၏ မြောက်ဘက် မြို့ရိုးဆီသို့ မြင်းစီးကာ ဆင်းလာ၏။ ပြောရမည်ဆိုလျှင် အနောက်လောက၏ မြို့ရိုးများက အရှေ့လောကထက် ပို၍ ခံညားထည်ဝါ၏။

ပီကျင်းမြို့ ကောင်းကင်ဘုံ၏ ကောင်းချီးကို ရရှိထား၏။ တစ်ဖက်တွင် ပင်လယ်ပြင်နှင့် မျက်နှာချင်းဆိုင် နေသောကြောင့် ရေတပ်အင်အား အားကောင်းနေသရွေ့ ရန်သူက ကျူးကျော်နိုင်မည် မဟုတ်ပေ။ တခြားသော တစ်ဖက်တွင်မူ တောင်နှစ်လုံးက ဝန်းရံထားပြီး မီတာရာနှင့်ချီသည့် ကျောက်ဆောင်ကြီးများက သဘာဝအတားအဆီး ဖြစ်စေသည်။

တောင်နှစ်လုံးကြားတွင်မူ မကြုံစဖူး ကြီးမားသည့် မြို့ရိုးကြီးကို တည်ဆောက်ထား၏။ အဘယ်ကြောင့် ဆိုသော် ထိုနေရာက ရန်သူအလွယ်တကူ ထိုးဖောက်နိုင်သည့် တစ်ခုတည်းသော နေရာဖြစ်နေသောကြောင့်ပင်။ ဤမြို့ရိုးက စုစုပေါင်း ၁၅ မိုင်ခန့် ရှည်လျား၏။ အနိမ့်ဆုံးအပိုင်းက ၉ မီတာခန့် ရှိပြီး အမြင့်ဆုံးက ၁၅ မီတာခန့် ရှိ၏။

တူညီသည့် မြို့ရိုးတစ်ခုတည်းကို အဘယ်ကြောင့် အမြင့်မတူအောင် ဆောက်ထားရသနည်း။ ထိုအရာက မြေမျက်နှာပြင် ကွဲပြားသောကြောင့်ပင်။ အံ့အားသင့်ဖွယ်ရာက မြို့ရိုး၏ အမြင့်မဟုတ်ဘဲ ထိုအရာ၏ အထူပဲဖြစ်၏။ ၁၂ မီတာမျှ ထူထဲသောကြောင့်ပင်။

မြို့စားကြီးအော်စတင် ရှမ့်လန်ကို အထင်သေးခဲ့ခြင်းက မဆန်းပေ။ မူလန်မြို့၏ မြို့ရိုးက ၁ မီတာသာ ထူသည်။ ၁၂ မီတာထူသည့် မြို့ရိုးဆိုသည်မှာ ဘယ်မှာ ရှိသနည်း။ မြို့ရိုးပေါ်တွင် လမ်းလေးလမ်း ရှိပြီး မြင်းခြောက်ကောင် ယှဉ်ကာ ပြေးသွားနိုင်၏။ ထို့အပြင် ဤမျှ ထူထဲသည့် မြို့ရိုးကို ယခုခေတ် လက်နက်များနှင့် ရုပ်ပိုင်းဆိုင်ရာအရ ဖျက်ဆီးဖို့ ဆိုသည်က မဖြစ်နိုင်သလောက်ပင်။

အပိုင်း (၈၄၆)

ရှမ့်လန်တွင် အားကောင်းလွန်းသည့် ပြင်းအားမြင့် ယမ်းများရှိသော်လည်း အလုပ်ဖြစ်လိမ့်မည် မဟုတ်ချေ။ ကျွမ်းကျင်သူများ၏ တွက်ချက်မှုအရ ပြင်းအားမြင့်ယမ်းများကို ကီလိုဂရမ် ရာနှင့်ချီ မြှုပ်နှံမှသာလျှင် အက်ကြောင်းတစ်ခု ပေါ်နိုင်ပေလိမ့်မည်။ သို့သော်လည်း လောကပေါ်ရှိ ကီလိုဂရမ် ထောင်နှင့်ချီ လေးလံသည့် အထူးဗုံးများကို မြို့ရိုးဆီ ပစ်ပေါက်ပြီး ပေါက်ကွဲစေနိုင်မှ သို့မဟုတ် အမိကမ္ဘာမြေရှိ ကီလိုဂရမ် ထောင်နှင့်ချီ လေးလံသည့် အထူးဗုံးများကို မြို့ရိုးဆီသို့ ပစ်ပေါက်ပြီး ပေါက်ကွဲစေနိုင်မှ ရပေမည်။

ထို့အပြင် ပီကျင်းမြို့၏ရှေ့တွင် မီတာ ၃၀ ခန့် ကျယ်ဝန်းပြီး ၇ မီတာခန့်နက်သည့် ကျုံးကြီး ရှိနေသေး၏။ ဤခိုင်ခံ့သည့် မြို့ကြီးက နှစ်ပေါင်း ၅၀၀ ကျော် သမိုင်းရှိခဲ့၏။ သာမန်စစ်သည်များဖြင့် တိုက်ခိုက်မည်ဆိုပါက တိုက်ခိုက်သူဖက်က စစ်သည်အင်အား ၁ သန်း ခေါ်ဆောင်လာမှသာ အောင်နိုင်ရန် မျှော်လင့်ချက် ရှိပေမည်။

ထိုစဉ်က ရော့ဆိုမိသားစု၏ ပထမဦးဆုံး မြို့စားကြီးက ဤမြို့ကို သေသေချာချာ ရွေးချယ် တည်ဆောက် သွားခဲ့ခြင်း ဖြစ်၏။ နှစ်ပေါင်း ရာနှင့်ချီသည့် သမိုင်းတစ်လျှောက် ပီကျင်းမြို့က ရန်သူ့လက်ထဲသို့ တစ်ခါမှ မရောက်ခဲ့ဖူးပေ။ စုန်းအင်ပါယာ ထွန်းကားစဉ်ကပင်လျှင် သူတို့၌ အင်အားကြီးမားသည့် ရေတပ်ရှိသော်လည်း ရော့ဆိုမိသားစုကို ထိပ်တိုက်ရင်ဆိုင်ခြင်းအား ရှောင်လွှဲပြီး တခြား မြို့ပြနိုင်ငံ များသို့သာလျှင် သွားရောက် သိမ်းပိုက်ပြီး စုန်းအင်ပါယာ၏ အလံကို လွှင့်ထူနိုင်ခဲ့၏။ ဘုရင်မ မီဒူဆာ၏ ကျွန်လွတ်မြောက်စေရေး တောင်းဆိုမှုများကလည်း ထိုနေရာများမှာသာ အလုပ်ဖြစ်၏။ ထို့ကြောင့် စုန်းအင်ပါယာ က ပီကျင်းမြို့သို့ တစ်ကြိမ်တစ်ခါမှ ဝင်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့ချေ။

.........................

နယ်စားကြီးဒီဘိုရာက မြို့ရိုးပေါ်တွင် ရပ်တန့်ပြီး မြောက်ဘက်ရှိ လွင်ပြင်ကို ကြည့်၏။ နောက်ဆုံး ရှမ့်လန်၏ တပ်တော်ကို သူ မြင်ရ၏။ တကယ့်ကို အရှက်ရစရာကောင်းသည့် အရေအတွက်ပင်။ ငါးထောင်တည်းသာ ရှိ၏။

ရှမ့်လန်နှင့်အတူ ရှိခဲ့သည့်အချိန်များကို သူမ မတွေးဘဲ မနေနိုင်ချေ။ ဤလူက ဤမျှပင် ရူးသွပ် နေသည်လား။ စစ်သည်အင်အား တစ်သန်းပင်လျှင် သူမ၏ ပီကျင်းမြို့ကို အောင်နိုင်ရန် မသေချာချေ။ ယခု ငါးထောင်တည်း နှင့် လာရောက်တိုက်ခိုက်နေသည်။ အမေဇုန်စစ်သည် ငါးထောင်လာတိုက်လျှင်ပင် သူမ၌ ရင်တစ်ချက် ခုန်လိမ့်မည် မဟုတ်ပေ။

ထို့အပြင် မြို့ရိုးပေါ်၌ ခုခံရေးလက်နက်များစွာ ရှိ၏။ ဆီများကပင်လျှင် ကီလိုဂရမ် ရာနှင့်ချီရှိ၏။ မီတာ ၅၀၀ အကွာအဝေးသို့ ကျောက်ခဲများ ပစ်လွှတ်နိုင်သည့် လောက်လွှဲ စက်ယန္တရားပေါင်း ၁၀၀ ကျော် ရှိ၏။ မီးနတ်ဘုရားကျောင်းမှ သူမအတွက် ပြင်ဆင်ပေးထားသည့် ယမ်းအိတ်များက နှစ်သောင်းခန့် ရှိသေး၏။ ဤအရာက တကယ့်ကို များပြား၏။ အမေဇုန်စစ်သည်များ မည်မျှသန်ပါစေ ယမ်းအိတ်လေးအိတ်ဆိုလျှင် တစ်ယောက်ကို သတ်ရန် လုံလောက်ပေသည်။

.......................

ရှမ့်လန်က ပီကျင်းမြို့၏ မြောက်ဘက်မြို့ရိုးကို မီတာ ၆၀၀ အကွာမှ ကြည့်ရင်း အံ့အားသင့်မိ၏။ ငါးထပ်တိုက်အမြင့်ခန့်ရှိသည့် မြို့ရိုးက အထူခန့်မှန်းရန် မဖြစ်နိုင်သလောက်ပင်။ အမြောက်များ ရှိလျှင်ပင် ဤမျှခိုင်ခံ့သည့် မြို့ရိုးကို ဖောက်ထွင်းရန် မဖြစ်နိုင်ပေ။ သာမန် မြို့သိမ်းတိုက်ပွဲ ဆိုပါက ဤသည်က အိမ်မက်ဆိုးတစ်ခုပင်။ စစ်သည် သိန်းနှင့်ချီ မရှိဘဲ ထိုအရာကို တိုက်ခိုက်ရန် ဆိုသည်က မဖြစ်နိုင်ပေ။

ယွမ်မင်းဆက်က ရှန်ယန်မြို့ကို တိုက်ခိုက်စဉ်က အောင်နိုင်ရန် ၆ နှစ်လောက် အချိန်ယူရ၏။ ဤမျှ အကွာအဝေးမှ နေ၍ ရှမ့်လန်က မျက်စိကို မှေးကြည့်ရှုချိန်မှာတော့ မြို့ရိုးပေါ်တွင် စီတန်းနေသည့် ကျောက်ခဲပစ်စက်နှင့် ဒူးလေးစက်ကြီးများကို မြင်ရ၏။ မြို့ရိုး၏အထူက အံ့မခန်းပင်။ လက်နက်မျိုးစုံကို တင်ထားနိုင်၏။

ရှမ့်လန် တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်နှင့် အမေဇုန်စစ်သည် ၅၀၀၀ က ကြောက်ရွံ့မှုမရှိဘဲ ရှေ့သို့ ပြေးဝင်တိုက်ခိုက်မည်ဖြစ်ကြောင်း မြင်ယောင်ကြည့်၏။ မြို့ရိုးပေါ်ရှိ ကျောက်ခဲပစ်စက် ၁၀၀ တို့က အရူးအမူး ပစ်ခတ်မှာ ဖြစ်ပြီး ရေတွက်လို့မရအောင် များပြားသည့် ယမ်းအိတ်များကလည်း ပေါက်ကွဲပေမည်။

အမေဇုန်စစ်သည်များ၏ ခွန်အားနှင့်ပင်လျှင် ထိုဒဏ်ကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။ ဤအရာက သေမင်းထောင်ချောက် တစ်ခုပင်။ ရှမ့်လန်က ယခုအချိန်တွင် မည်သည့် မြို့သိမ်းလက်နက်ကိုမှ ယူမလာခဲ့ပေ။ ယူလာလျှင်လည်း အဓိပ္ပာယ်ရှိမည် မဟုတ်သောကြောင့်ဖြစ်သည်။

.......................

“ကျွန်မ စမ်းကြည့်ချင်တယ်။”

မင်းသမီးဒိုဟာက ရုတ်တရက်ပြော၏။ “ဒါက အပြင်လောကမှာ အားအကောင်းဆုံး မြို့လား။ စမ်းကြည့်ချင်တယ်။”

ရှမ့်လန်က စိတ်မချနိုင်ပေ။ အထိအခိုက် အကျအဆုံးများ ရှိလာနိုင်သည်။

မင်းသမီးဒိုဟာက ပြော၏။ “ကျွန်မတို့ အရှေ့လောကကို ပြန်တဲ့အချိန်၊ မြို့တိုင်းမှာ ခေါင်းဆောင်ကို သတ်တဲ့ ဗျူဟာကိုပဲ သုံးမှာလား။ သာမန် မြို့သိမ်းတိုက်ပွဲတွေကို မလုပ်တော့ဘူးလား။”

ဤအရာက ရှမ့်လန် တွေးနေသည့် အချက်ပင်။ လုံးဝမဖြစ်နိုင်ပေ။ စစ်တပ်တစ်ခုက အထူးသန်မာနေရုံနှင့် နည်းလမ်းတစ်မျိုးတည်းကို အသုံးပြုမည်လား။ ဘယ်လို ယုတ္တိဗေဒမျိုးနည်း။

မင်းသမီးဒိုဟာက ဆက်ပြောသည်။ “ဒီမြို့က အားကောင်းလား၊ အားမကောင်းလား ကျွန်မ စမ်းကြည့်ချင်တယ်။”

ရှမ့်လန် ရှူသွင်းလိုက်သည့် လေတစ်ခုလုံးပင် အေးစက်သွားသလို ခံစားရ၏။ ရောက်လာမှတော့ ဟန်ပြ တိုက်ပွဲတစ်ခု ဖြစ်အောင်တော့ တိုက်ခိုက်ရပေမည်။

“ကောင်းပြီ... သတိထား။ အမေဇုန်စစ်သည်တွေရဲ့ အသက်ကို ကာကွယ်ရမယ်။ ဒါက ဟန်ပြတိုက်ပွဲတစ်ခုပဲ။”

မင်းသမီးဒိုဟာက ခေါင်းညိတ်၏။ သူမက ဤမျှ ကြီးမားသည့် မြို့ကြီးကို မြင်လိုက်ချိန်မှာတော့ အောင်နိုင်ရန် ကြိုးစားကြည့်ချင်သည့် စိတ်ကို မထိန်းနိုင်ပေ။ စစ်သည်အားလုံးတို့က မြင်းပေါ်မှဆင်းပြီး ရာဂဏန်းခန့် ရှိသည့်လူများက ရှမ့်လန်ကို ကာကွယ်ရန် ကျန်ရစ်ခဲ့၏။

အသက်ကို ပြင်းပြင်းရှူပြီးနောက် မင်းသမီးဒိုဟာက အမိန့်ပေးလိုက်သည်။ “တိုက်စစ်ဖွင့်မယ်။ မြို့ကို တိုက်ခိုက်ကြ။”

သူမ၏ အမိန့်နှင့်အတူပဲ အမေဇုန်စစ်သည် ၅၀၀၀ နီးပါးက လူစုခွဲ၏။ သူတို့၏ ခြေတန်ရှည်ကြီးများဖြင့် ကြီးမားလွန်းသည့် မြို့ရိုးဆီသို့ စတင်ကာ ပြေးဝင်ကြ၏။

“ရွှီး... ရွှီး... ရွှီး... တိုက်... တိုက်... တိုက်...”

၁၀ မီတာမြင့်သည့် မြို့ရိုးပေါ်ရှိ လူတိုင်းက မှင်သက်နေ၏။ ဤအရာက အမေဇုန်စစ်သည်မတွေလား။ ရူးသွပ်နေလေသည်လား။ လူငါးထောင်တောင် မပြည့်ဘဲနှင့် မြို့ကို လာတိုက်ရဲနေသည်လား။ တကယ့်ကို အရူးအလုပ်ပင်။

.................

မြောက်ဘက်မြို့ရှိ အပြင်ဘက်တွင် မိုင်ပေါင်းများစွာ ကျယ်ဝန်းသည့် မြေပြန့်လွင်ပြင်ရှိ၏။ လူငါးထောင် လူစုခွဲလိုက်တဲ့ အချိန်မှာတော့ တကယ့်ကို နည်းပါးသွား၏။ သို့သော်ငြား သူတို့၏ အရှိန်ကတော့ မြန်ဆန်လွန်းလှ၏။ အရှိန်က တစ်စက္ကန့်လျှင် ၁၅ မီတာခန့် ရှိလေရာ ဝံပုလွေတစ်ကောင်၏ ပြေးနှုန်းထက်ပင် မြန်ဆန်နေသေး၏။

“ဒါ သားရဲအုပ်စုပဲ။ အနောက်လောကရဲ့ အသန်မာဆုံး လူသားက မွေးထားတဲ့ သားရဲတွေပဲ။ အခုတော့ ဒီသားရဲအုပ်စုက အနောက်လောကကို သစ္စာဖောက်သွားပြီ။”

ဤတိုက်ပွဲ၏ သေနာပတိချုပ်က နယ်စားကြီး ဒီဘိုရာ မဟုတ်ဘဲ ရော့ဆိုမိသားစု၏ လက်အောက်ခံ သခင်ကြီးပိုင်တင်း ဖြစ်၏။ သူက အသူရာလှိုင်းပြည်နယ်၏ နံပါတ်တစ် ဓားသမားဖြစ်ပြီး မြို့စားကြီး အော်စတင်နှင့် နယ်စားကြီး ဒီဘိုရာတို့၏ ဆရာလည်း ဖြစ်သည်။

“ကျောက်ခဲပစ်စက်တွေနဲ့ပစ်”

အမိန့်ပေးသံနှင့်အတူပဲ ကျောက်ခဲပစ်စက်ရာပေါင်းများစွာတို့က အရူးအမူး ပစ်ခတ်၏။ ယမ်းအိတ်များက ၂၅ ကီလိုဂရမ်ခန့် လေးလံ၏။ ရှေးကျသည့် ယမ်းများ ဖြစ်သော်လည်း စွမ်းအင်ကတော့ တုန်လှုပ်ဖွယ်ရာပင်။ ယမ်းအိတ်များက ကောင်းကင်တွင် မီးတန်းရှည်များကို ထားရစ်ကာဖြင့် မြေပေါ်သို့ တဘုတ်ဘုတ်ကျ၏။

ဘုန်း... ဘုန်း... မြေလောကကြီးတစ်ခုလုံး တုန်ဟီးသွားသည့် ပေါက်ကွဲသံများက ဆက်တိုက် ထွက်ပေါ်နေ၏။ မြေပြင်ပေါ်တွင် မီးရှူးမီးပန်းများက တစ်ရာကျော် ဖြစ်တည်၏။ အဆုံးမရှိသည့် မီးခိုးလုံးကြီးများက အမေဇုန်စစ်သည် ငါးထောင်ကို ဝါးမျိုသွားသကဲ့သို့ပင် ထင်ရ၏။ တခဏအတွင်း စစ်မြေပြင်တစ်ခုလုံးက မီးခိုးများဖြင့် ဖုံးလွှမ်းသွား၏။ အထိအခိုက် မည်မျှ ရှိသနည်း။၊ ယမ်းအိတ်တစ်ရာ၏ ပေါက်ကွဲမှု အရှိန်က တကယ့်ကို တုန်လှုပ်ဖွယ်ရာပင်။

မင်းသမီးဒိုဟာက ယမ်းဗုံးပေါက်ကွဲမှု အရသာကို စမ်းသပ်လိုခြင်း ဖြစ်၏။ အဖြေကတော့ အကျအဆုံး လုံးဝမရှိသလောက်ပင်။ အဘယ်ကြောင့်ဆိုသော် ဤယမ်းအိတ်၏ ပျံသန်းမှုနှုန်းက တကယ့်ကို နှေးကွေးလွန်းသောကြောင့် ကောင်းကင်တွင် ရှိနေစဉ်မှာပင် မည်သည့်နေရာသို့ ကျရောက်မည်ဖြစ်ကြောင်း ခန့်မှန်း နိုင်သောကြောင့်ပင်။

အမေဇုန်စစ်သည်တိုင်းက မပေါက်ကွဲမီမှာပဲ ထိုနေရာနားမှ ရှောင်ရှားနိုင်ခဲ့၏။ တခြားသောသူများဆိုလျှင် မရှောင်နိုင်သည်မှာ သေချာသော်လည်း သူတို့က တစ်စက္ကန့်လျှင် ၁၀ မီတာကျော် အရှိန်ဖြင့် ပြေးနိုင်သူများ ဖြစ်၏။ ပေါက်ကွဲမည့်နေရာမှ လွတ်မြောက်အောင် ပြေးဖို့ဆိုသည်က သူတို့အတွက် ကိစ္စမဟုတ်ပေ။

ပေါက်ကွဲမှုများက ကော်ဇောခင်းသကဲ့သို့ပင် တပြင်လုံး၌ ပေါက်ကွဲနေ၏။ သို့သော် ပို၍ အားကောင်းခြင်း မျိုးလည်း မရှိလျှင် ထိတွေ့ရန် မလွယ်ကူချေ။ မြို့ရိုးပေါ်ရှိလူများကတော့ တိုက်ပွဲ၏ ရလဒ်ကို စောင့်ကြည့်နေ၏။

နောက်ဆုံးမှာတော့ အမေဇုန်စစ်သည်မ ငါးထောင်နီးပါးတို့က ထူထဲသည့် မီးခိုးများကြားမှ တိုးထွက်လာကြ၏။ သူတို့၏အရေအတွက်က လျော့နည်းသွားခြင်း မရှိသလောက်ပင်။ သူတို့က မီတာ ၂၀၀ အကွာအဝေးဆီသို့ ချက်ချင်းရောက်ရှိသည်။

ဒုတိယအကြိမ် ကျောက်ခဲပစ်ရန် အရှိန်ယူရဦးမည် ဖြစ်သောကြောင့် တိုက်ခိုက်ရန် နောက်ကျသွားခဲ့သည်။

“မြားပစ်ကြစမ်း။” သခင်ကြီးပိုင်တင်းက အမိန့်ပေး၏။

ဝှစ်... ဝှစ်...

ခမ်းနားသည့် မြင်ကွင်းတစ်ခုက ထပ်မံပေါ်ပေါက်လာပြီး ကောင်းကင်ယံတစ်ခုလုံး မြားများနှင့် ပြည့်နှက်သွားခဲ့သည်။

လူပေါင်း တစ်သိန်းကျော်တို့က တပြိုင်နက်တည်း မြားပစ်ချိန်မှာတော့ မြားမိုးများက ကျိုင်းကောင်များကဲ့သို့ မဲမှောင်သော တိမ်တိုက်ကြီးဖြစ်စေ၏။ မြေပြင်ပေါ်သို့ကျလာသည့်အချိန်မှာတော့ မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ပင်။ ထိုကဲ့သို့သော မြားမိုးက ကြီးမားသည့် အကျအဆုံးကို ဖြစ်စေသင့်၏။

သို့သော်ငြား ဖြစ်မလာခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူတို့က ကြိုတင်တွက်ချက်မှု မှားယွင်းခဲ့ သောကြောင့်ပင်။ အမေဇုန်စစ်သည်များက မြန်ဆန်၏။ စက္ကန့်အနည်းငယ်အတွင်း မီတာ ဒါဇင်ပေါင်းများစွာ ကို ပြေးနိုင်ပြီး မြားမိုးများကို ကျော်လွန်သွားကြသည်။

“မြားပစ်စမ်း... မြားပစ်စမ်း။”

သခင်ကြီးပိုင်တင်းက အမိန့်များ ဆက်တိုက်ပေး၏။ မြားမိုးများက တဖြုတ်ဖြုတ် ကျရောက်၏။ မြို့ရိုးပတ်လည်ရှိ ရေကန်ထဲသို့ ကောစောခင်းထားသကဲ့သို့ပင်။ နောက်တစ်စက္ကန့်မှာတော့ အမေဇုန်စစ်သည် ငါးထောင်တို့က ကျုံးထဲသို့ ရုတ်တရက် ခုန်ချ၏။ ပြီးနောက် ပျောက်ကွယ်သွားခဲ့၏။ မြားမိုးများက ဆက်လက်ကျနေဆဲပင်။

ဝှစ်... ဝှစ်... ဝှစ်...

ရေတွက်၍ မရနိုင်သည့် မြားများက ကျုံးထဲသို့ ကျရောက်၏။ သို့သော်ငြား လေထု၏ခုခံမှုနှင့် ရေထု၏ ခုခံမှုက လုံးဝကွဲပြားကြောင်း လူတိုင်းသိ၏။ ရိုင်ဖယ်ကျည်ဆံ တစ်ခုပင်လျှင် ရေထဲသို့ ရောက်သွားပါက သတ်ဖြတ်နိုင်စွမ်း လုံးဝပျောက်ကွယ်သွားတတ်၏။ ရုပ်ရှင်များထဲ၌လူများ ရေထဲ ဆင်းသွားလျှင် ကျည်ဆံက ရေထဲတွင် လိုက်လံပစ်ခတ်နိုင်သည်မှာ အတုအယောင်များသာ ဖြစ်၏။

ပစ္စတိုလက်နက်ဖြင့် ရေထဲသို့ ပစ်လျှင် ၀.၉ မီတာ အကွာရှိ သစ်သားပြားကို အမှတ်အသား အခြစ်ရာအနည်းငယ်သာ ထင်စေပြီး ဖောက်ထွင်း ဝင်ရောက်နိုင်စွမ်း မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် ရေ၏ ခုခံမှုက လေထက် အဆပေါင်း ၈၀၀ ပိုများသောကြောင့်ပင်။

ရေအောက်တွင် တိုက်ခိုက်လိုပါက အထူးပြုလုပ်ထားသည့် ရေအောက်ရိုင်ဖယ်မျိုးကို သုံးရမှာဖြစ်ပြီး ထိုအရာ၏ အကွာအဝေးကလည်း မီတာ ၃၀ ခန့်သာ ရှိရမည်။ ဟုတ်ပေ၏။ လေးနှင့်မြားတို့က အထူး ပုံသဏ္ဍာန် ရှိသောကြောင့် ရေထဲတွင် သတ်ဖြတ်နိုင်စွမ်း အနည်းငယ် ပိုရှိသော်လည်း ဤမျှ ဝေးကွာသည့် အကွာအဝေးမှ ပစ်ခတ်ခြင်းက အသုံးမဝင်ပေ။ ထို့ကြောင့် အကျအဆုံးက မရှိသလောက် ဖြစ်နေသေး၏။

ဝှစ်... ဝှစ်...

မြားမိုးများက ဆက်တိုက်ရွာသွန်းနေပြီး ကျုံးရေပြင်တစ်ခုလုံး မြားများနှင့် ပြည့်နှက်သွား၏။ အမေဇုန်စစ်သည် ငါးထောင်တို့က လုံးဝပျောက်ကွယ်သွားခဲ့ပုံပေါ်ပြီး မည်သူမှလည်း ပေါ်မလာတော့ပေ။ ကျုံးက ၃၅ မီတာ ကျယ်ဝန်းပြီး မြို့ရိုးနှင့် ၂၀ မီတာခန့် ဝေးသည်။

“ဆီတွေ ပစ်ချစမ်း။” သခင်ကြီးပိုင်တင်းက အမိန့်ပေး၏။ ကျောက်ခဲပစ်စက်ငယ်လေးများက ဆီပေပါများကို တင်ကာဖြင့် ကျုံးထဲသို့ စတင်ပစ်လွှတ်၏။ ဒါဇင်ပေါင်းများစွာ၊ ထောင်ပေါင်းများစွာပင်။ ၁၅ စက္ကန့် အတွင်း ဆီပေပါပေါင်း နှစ်သောင်း၊ သုံးသောင်းခန့် ကျုံးထဲသို့ ရောက်၏။ ဆီပေပါများ ပေါက်ကွဲသွားချိန်မှာတော့ ရေတွင် ဆီများနှင့် ပြည့်နှက်နေ၏။

သခင်ကြီးပိုင်တင်းက မီးမြားတစ်စင်းကို ထွန်းညှိကာ ပစ်လွှတ်သည်။

“ဝှီး....”

ကျုံးတစ်ခုလုံးက ကောင်းကင်ယံကို ထိုးတက်သွားသည့် မီးလျှံကြီး၏ ဝါးမျိုခြင်းကို ခံရ၏။ မီတာ ၃၀ ခန့် ကျယ်ပြီး ၁၀ မိုင်ကျော် ရှည်လျားသည့် ကျုံးကြီးက မီးပင်လယ်ကြီးအဖြစ်သို့ ပြောင်းလဲသွား၏။

“ဆီဗုံးတွေ ဆက်ပစ်ကြ... ဝှစ်... ဝှစ်... ဝှစ်...” မြို့ရိုးပေါ်မှ ဆီဗုံးများက ဆက်တိုက်ကျ၏။

ကျုံးရေပြင်ပေါ်ရှိ မီးလျှံများက ပို၍ ပြင်းထန်လာ၏။ မြို့ရိုးပေါ်သို့တိုင် မီးလျှံများ၏ အပူချိန်ကို ခံစားရ၏။ သို့သော်ငြား ကျုံးရေပြင်တစ်ခုလုံးတွင် မည်သူမှပေါ်မလာပေ။ ဤမျှပြင်းထန်သည့် မီးပင်လယ်ကြီး အောက်တွင် မည်သူမှ အသက်ရှင် ကျန်ရစ်မည် မဟုတ်ဟု ယုံကြည်ရ၏။

၅ မိနစ်... ၁၀ မိနစ်... မိနစ် ၂၀... နာရီဝက် ကြာသွား၏။ အစောင့်တပ်သားများက ဆီများကို အဆက်မပြတ် ပစ်ချနေသေး၏။ တုန်လှုပ်ဖွယ်ရာကောင်းသည့် မီးလျှံများက နာရီဝက်ခန့် လောင်ကျွမ်း၏။ ဤအချိန်မှာတော့ သံမဏိကိုပင် အရည်ပျော်နိုင်သောကြောင့် လူသားဆိုလျှင် ပြောနေစရာ မလိုအပ်ချေ။ အမေဇုန်စစ်သည်များ သေဆုံးသွားလောက်ပြီ။

ပီကျင်းမြို့တွင် ကျွမ်းကျင်သည့် ရေငုပ်သမားများစွာ ရှိသော်လည်း မည်သူမှ ရေအောက်တွင် နာရီဝက် ကြာအောင် မနေနိုင်ချေ။ အလွန်ဆုံး ၁၅ မိနစ်ထက် ပိုမခံနိုင်တာ သေချာသည်။ ထို့သို့ဆိုလျှင် ဤအမေဇုန် စစ်သည်မ အားလုံး သေကုန်ပြီလား။ အဘယ်ကြောင့် ဤမျှ ယုံရခက်နေရသနည်း။ မြို့ရိုးပေါ်ရှိ လူများက အသက်ရှုအောင့်ပြီး ခေါင်းပြူထွက်ကြည့်၏။ ကျုံးရေပြင်၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်လျက် ရှိနေ၏။

ဤအချိန်မှာတော့ မီးများလည်း ငြိမ်းသွားသည်။ အမေဇုန်စစ်သည် ထောင်ပေါင်းများစွာတို့က ရေထဲမှ ရုတ်တရက် ထိုးထွက်လာကြသည်။

မြို့ရိုးပေါ်ရှိ လူတိုင်းက ထိတ်လန့်လျက် ရှိ၏။ ဤလူများ မသေသေးဘူးလား။ သူတို့ ရေအောက်ထဲတွင် နာရီဝက်နီးပါး နေခဲ့သည်တောင် အသက်ရှင်နေသေးသည်လား။ လူတွေလား၊ ငါးတွေလား။

ပြီးနောက် အမေဇုန်စစ်သည် ထောင်ပေါင်းများစွာတို့က ရေထဲမှနေ၍ လေးမြားများ ပြင်၏။ သူတို့က မြို့ရိုးနှင့် မီတာ ၃၀ ခန့်သာ ကွာဝေးတော့၏။ ချိန်နေစရာပင် မလိုအပ်တော့ချေ။

ဝှစ်... ဝှစ်... ဝှစ်... အမေဇုန်စစ်သည်များက မြားပစ်လိုက်သည့်အချိန်မှာတော့ လေတိုးသံများ ထွက်ပေါ်၏။ အလွန် အားကောင်း၏။ သူတို့က လျှပ်စီးကဲ့သို့ မြန်ဆန်ပြီး မျက်တောင်တစ်မှိတ်အတွင်း ရန်သူထံ ရောက်ရှိလာ၏။

“ဘန်း... ဘန်း... ဘန်း...”

ဦးခေါင်းကို ထိမှန်ခြင်း၊ ဦးခေါင်းကို တည့်တည့် ထိမှန်ခြင်းပင်။ ဤစစ်သည်မ များက မွေးဖွားလာတည်းက အရူးအမူး လေ့ကျင့်ခဲ့သူများဖြစ်သည်။ သူတို့က ဘက်စုံတော်သော စစ်သည်များလည်း ဖြစ်၏။ မီတာ ၃၀ အကွာအဝေးတွင် သူတို့ပစ်သမျှ အားလုံးက ပစ်မှတ်ကို တည့်တည့်မှန်၏။ ပစ်ချက်က တိကျလွန်းသောကြောင့် ဦးခေါင်းကို အလွယ်တကူ ဖောက်ထွက်သွား၏။ လေးများက မည်မျှ အားကောင်းနေသည်ကို ခန့်မှန်းကြည့်ရန်ပင် မဖြစ်နိုင်ချေ။

ဝှစ်... ဝှစ်...

အမေဇုန်စစ်သည်များက အဖိုးတန်သည့်အချိန်ကို အသုံးချပြီး အရူးအမူး ပစ်ခတ်၏။ ရင်သပ်ရှုမောဖွယ်ရာ မြားချက်များပင်။ အချိန်တိုအတွင်းမှာပဲ လူပေါင်းထောင်ချီ အသတ်ခံလိုက်ရ၏။ ဤတိုက်ပွဲမှတ်တမ်းက အံ့မခန်းဖြစ်သည်။ တကယ့်ကို စိတ်ကူးယဉ်ရန်ပင် ခက်ခဲ၏။

All Chapters