အခန်း (၈၄၇-၈၄၈)
Vol. 52 Ch. 847-848
အပိုင်း (၈၄၇)
“ဝပ်ကြ... ရှောင်ကြ... ရှောင်ကြ...” စက္ကန့်အနည်းငယ်အတွင်း သုတ်သင်နိုင်မည့် အခွင့်အရေး ဆုံးရှုံးသွား၏။ မြို့ရိုးပေါ်ရှိ စစ်သည်အားလုံးက ဝပ်ချကာ နောက်သို့ ဆုတ်ရ၏။
“ကျောက်ခဲပစ်စက်တွေကို ချိန်ပြီး ပစ်ကြ...” မင်းသမီးဒိုဟာ၏ အမိန့်ပေးသံနှင့်အတူ အမေဇုန်စစ်သည် ငါးထောင်တို့က ကျောက်ခဲပစ်စက်ကြီးများကို ချိန်ရွယ်ကာ ပစ်၏။ သူတို့၏ မြားချက်များက ပြင်းထန်လွန်း သောကြောင့် ကျောက်ခဲပစ်စက်များ၏ လက်တံများကို ဖောက်ထွက်၏။ ကြီးမားသည့် စက်ကြီးများ ဖြစ်သောကြောင့် လက်တံများက ထူထဲ၏။ ဖောက်ထွက်သွားသော်လည်း ကျိုးမသွားသေးချေ။
“ဆီတွေနဲ့ ဆက်ပစ်ကြ။” တပ်မှူးတစ်ယောက်က လှမ်းကာအော်၏။ မြို့ရိုးပေါ်ရှိ ကျောက်ခဲပစ် စက်ငယ်များက အစွမ်းပြလာပြန်သည်။
ဝှစ်... ဝှစ်... ဝှစ်... ဆီများက တစ်ပုံပြီးတစ်ပုံး ရေထဲသို့ ကျ၏။
“ဖော့စ်ဖရပ်မြားတွေပြောင်းသုံးမယ်။”
အမှန်စစ်စစ် အမိန့်ပေးစရာပင် မလိုအပ်ချေ။ စစ်သည် ရာပေါင်းများစွာတို့က အဖိုးတန်သည့် ဖော့စ်ဖရပ်မြားများ ကို ပြောင်းလဲလိုက်၏။ တစ်စက္ကန့်အတွင်း ဝေဟင်ရှိ ဆီပေပါများထံသို့ လှမ်းကာ ပစ်ခတ်၏။
အမေဇုန်စစ်သည်များအတွက် မီတာဒါဇင်အတွင်းရှိ ပစ်မှတ်ကို ထိအောင် ပစ်ခတ်ဖို့ ဆိုသည်မှာ လွယ်ကူလွန်း ၏။ ချိန်ရွယ်နေစရာပင် မလိုအပ်ချေ။ ဝေဟင်တွင် ပျံသန်းလာသည့် ဆီပုံးကြီးများဆိုလျှင် ခြွင်းချက် မရှိချေ။ ချိန်စရာပင် မလိုဘဲ တည့်တည့်ထိမှန်သည်။
ဘုန်း... မြားထိမှန်ပြီးနောက် ထိုဆီပေပါများက ဝေဟင်တွင် ပေါက်ကွဲကုန်၏။
ဝုန်း... ဝုန်း... ဝုန်း...
တုန်လှုပ်ဖွယ်ရာမီးလျှံများက ဝေဟင်တွင် ဖြစ်နေ၏။ မီးလောင်နေသည့် ဆီပုံးတစ်ချို့က မြို့ရိုးပေါ်ရှိ စစ်သည်များပေါ်သို့ ပြန်လည်ကာ ကျရောက်၏။ တကယ့်ကို နာကျင်စွာဖြင့် အော်ဟစ်သံများ ထွက်ပေါ်၏။ သို့သော်ငြား ဆီအများစုက မြေပြင်နှင့် ကျုံးရေပေါ်သို့သာ ပြန်ကျသည်။
“၃၀၀၀ က ပစ်ကူပေး၊ ၂၀၀၀ က မြို့ရိုးပေါ်တက်” မင်းသမီး ဒိုဟာက အမိန့်ပေး၏။
ချက်ချင်းပဲ အမေဇုန် စစ်သည် ၂၀၀၀ က ကျုံးထဲမှ ထွက်ကြ၏။ သူတို့က ခမ်းနားသည့် စွမ်းဆောင်ရည်ကို ထပ်မံ ပြသပြန်၏။ မြို့ရိုးက ၈ မီတာ မြင့်တော့လည်း ဘာဖြစ်လဲ၊ ၁၅ မီတာ မြင့်တော့လည်း ဘာဖြစ်လဲ။ သူတို့က ခြေနှင့်လက်ကို အသုံးပြုပြီး အိမ်မြောင်များကဲ့သို့ပင် မြို့ရိုးပေါ်သို့ တွယ်တက်ကြသည်။
ဤမြင်ကွင်းက ပီကျင်းမြို့၏ခုခံစစ်သည်များကို သာမက ရှမ့်လန်ကိုပါ ပါးစပ်အဟောင်းသား ဖြစ်စေ၏။ သူက မည်သို့သော စစ်တပ်မျိုးကို ရထားသနည်း။ သန်မာမှန်းသိသော်လည်း ဤမျှထိ ကြောက်စရာ ကောင်းလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။
“သစ်တုံးတွေချ... သစ်တုံးတွေချစမ်း...”
“ကျောက်တုံးတွေနဲ့ ပစ်စမ်း... ထုစမ်း။” မြို့ရိုးပေါ်ရှိ စစ်သည်များက အော်ဟစ်နေ၏။
မြို့ရိုးထက်မှ သစ်တုံးများစွာ ကျလာ၏။ ရေတွက်၍မရအောင် များပြားသည့် ကျောက်တုံးကြီးများ ကျလာသည်။
“မြားပစ်စမ်း... မြားပစ်ကြစမ်း။” ကျုံးထဲတွင် ပစ်ကူပေးနေသည့် တပ်မှူးကုနင်းက အမိန့်ပေး၏။
ဝှစ်... ဝှစ်... အမေဇုန်စစ်သည်တော်များက နောက်တစ်ကြိမ် အံ့မခန်း လေးမြားအတတ်ကို ပြသပြန်၏။ မီတာ ဒါဇင် အနည်းငယ်အတွင်း ရန်သူပေါ်လာသည်နှင့် သူတို့က ခြွင်းချက်မရှိ ထိအောင်ပစ်၏။ သူတို့၏ မြားချက် ထိမှန်သွားသူများက သေချာပေါက် သေဆုံးရသည်။
“မြား ပစ်ကြ။” မြို့ရိုးပေါ်ရှိ ရေတွက်၍ မရပြားသည့် စစ်သည်များက ကျုံးရှိရာဘက်သို့ မြားများကို အရူးအမူး ပစ်ခတ်၏။ မြားများက မိုးကဲ့သို့ပင် သည်းသန်စွာ ကျဆင်း၏။ အမေဇုန်စစ်သည်များက ရေထဲတွင် ပုန်းလျှိုးပြီး သူတို့၏ လက်ထဲမှ ဒိုင်းလွှာများကို မြောက်ကာဖြင့် မြားမိုးများကို ကာကွယ်၏။
ဤကျုံးရေပြင်ကြီးက မူလက မြို့ကို ကာကွယ်ရန် အားကောင်းသည့် လက်နက်တစ်ခု ဖြစ်သော်လည်း ယခု အမေဇုန်စစ်သည်များအတွက်တော့ ခိုလှုံရာတစ်ခု ဖြစ်သွားခဲ့၏။ အမေဇုန်စစ်သည်များအတွက် ၈ မီတာ၊ ၁၅ မီတာခန့် မြင့်သည့် မြို့ရိုးကို ကျော်ဖြတ်ရန် ဆိုသည်က အလွန်ဆုံး ၁၅ စက္ကန့်သာ ကြာသည်။
လူတိုင်း၏ ထိတ်လန့်တုန်လှုပ်နေသည့် အကြည့်အောက်တွင် ဤအမေဇုန်စစ်သည်မ ၂၀၀၀ တို့က မြို့ရိုးပေါ်သို့ အမှန်တကယ်ပဲ တက်လှမ်းနိုင်ခဲ့ကြ၏။ ရူးသွပ်စရာပင်။ လုံးဝ ရူးသွပ်စရာပဲ ဖြစ်၏။ စစ်သည်ပေါင်း နှစ်သိန်းကျော် ခုခံထားသည့် ခိုင်ခန့်သည့် မြို့ကြီးကို ဤသို့ပင် တွယ်တက်သွားနိုင်ခဲ့၏။
သူတို့၏ တစ်ဦးချင်း တိုက်ခိုက်ရေး စွမ်းရည်က ဤမျှလောက်ပင် အားကောင်းနေသည်လား။ ဤစစ်သည်မများက ထူးခြားသန်မာသူများ ဖြစ်ကြသော်လည်း ဤမျှလောက်အထိ ဖြစ်လိမ့်မည်ဟု သူတို့ မထင်မှတ်ခဲ့ချေ။
မြို့ရိုးပေါ်အထိ တက်လာသည့် အမေဇုန်စစ်သည်မများက ချက်ချင်းတိုက်ခိုက်ခြင်းကို မပြုကြသေးချေ။ ထိုအစား သူတို့က အမြန်ဆုံး အနေအထားဖြင့် စစ်ဗျူဟာ ခင်းကြ၏။ လူ ၁၀၀ စီက တိုက်ပွဲဝင် စစ်ကြောင်းတစ်ခုစီ ဖွဲ့စည်း၏။ ပြီးနောက် သူတို့က အရူးအမူးနှင့် စတင်တိုက်ခိုက်ကြသည်။
ပီကျင်းမြို့တွင် စုစုပေါင်း စစ်သည် ၂ သိန်း ၅ သောင်း ရှိ၏။ ဤမြို့ရိုးပေါ်တွင် စစ်သည် တစ်သိန်းနီးပါး ရှိ၏။ ရေတွက်၍ မရအောင် များပြားသည့်စစ်သည်များက အမေဇုန်စစ်သည်များထံသို့ တိုးဝင်၏။ ကြီးမားသည့် အရှက်တရားအတွက် သွေးနှင့် ပြန်လည် ဆေးကြောရပေတော့မည်။ လူ ၂၀၀၀ တည်းနှင့် တက်လာရဲ သည်လား။
“သတ်ကြစမ်း... အနောက်လောကကို အရှက်ရစေတဲ့ လူတွေကို သတ်ကြစမ်း။ ဒီမိန်းမရိုင်းတွေကို သတ်ကြ။”
စစ်သည်ထောင်ပေါင်း သောင်းနှင့်ချီ၍ လှိုင်းလုံးကြီးပမာ တစ်သုတ်ပြီးတစ်သုတ် ရောက်ရှိလာ၏။ သူတို့က အနီးကပ် တိုက်ခိုက်ကြ၏။
သို့သော်ငြား အမေဇုန်စစ်သည်များ၏ တစ်ဦးချင်း တိုက်ခိုက်ရေး စွမ်းရည်က လူတိုင်းကို စိတ်ပျက်အားငယ် စေလောက်အောင် သန်မာလွန်းသည်။
တစ်ချက်ခုတ်... တစ်ချက်ခုတ်။ သာမန်စစ်သည်များက သူတို့၏ ပြိုင်ဘက် မဟုတ်ချေ။ သူတို့က အလွန် အရပ်ရှည်၏။
ယေဘူယျအားဖြင့် ၂ မီတာကျော် မြင့်ကြရာ လက်တံခြေတံများက ရှည်လျား၏။ ထို့အပြင် သူတို့၏ ဓားကြီးများက ကီလိုဂရမ် ၅၀ ကျော် လေးလံပြီး ၁.၆ မီတာခန့် ရှည်လျား၏။ မည်သည့် ချပ်ဝတ်တန်ဆာကို ဝတ်ထားစေကာမူ တစ်ချက်ခုတ်လိုက်ရုံနှင့် လူနှင့်ချပ်ဝတ် တစစီ ဖြစ်ကုန်၏။ အားလုံးက ရုပ်ပျက်ဆင်းပျက် သေဆုံးသည်။
ထို့အပြင် အမေဇုန်စစ်သည်များ၏ အပေးအယူ တိုက်ခိုက်မှုများက အပြစ်ပြောစရာဟူ၍ မရှိချေ။ ဤသည်က လုံးဝမှားယွင်းမှု မရှိသည့် စစ်တပ်တစ်ခုကဲ့သို့ပင်။ အချိန်တိုအတွင်း မြို့ရိုးကြီးတစ်ခုလုံးက သွေးချောင်းစီးပြီး အလောင်းများကလည်း နေရာအနှံ့ ပျံ့နှံ့နေ၏။
“မင်းသမီး ဒိုဟာ ဟုတ်လား။ မင်း ငါ့တပည့် အော်စတင်ကို နိုင်ယူခဲ့တယ်။ မင်း ဘယ်လောက် သန်မာလဲ ဆိုတာ ငါကြည့်ချင်တယ်။”
နံပါတ်တစ် ဓားသမားကြီး သခင်ကြီးပိုင်တင်းက ရုတ်တရက် ဓားရှည်ကြီးကို ဆွဲထုတ်၏။ ထိုအရာက ၁.၇ မီတာ အထိ ရှည်လျားသည့် အထူးဓားရှည်ကြီးပင်။ ကိုင်လိုက်သည်နှင့် တောက်ပသည့် အလင်းတန်းများက ထွက်ပေါ်လာခဲ့သည်။
“ကျား..”
သခင်ကြီးပိုင်တင်၏ ထွားကြိုင်းသည့် ခန္ဓာကိုယ်က မင်းသမီး ဒိုဟာ ရှေ့သို့ ဝင်၏။
ဘုန်း... ဘုန်း... သူတို့နှစ်ဦး၏ ဓားများက ထိတွေ့၏။ အသံက နားကွဲလုမတတ် ပြင်းထန်ပြီး မီးပွားများပင် လွင့်စင်သည်။
သခင်ကြီးပိုင်တင်၏ ဓားအရှိန်က ဟိန်းထွက်လျက်ရှိပြီး ဘေးပတ်ဝန်းကျင်ရှိ လူများကိုပင် လွင့်စင်ကုန်၏။ မင်းသမီးဒိုဟာ၏ နောက်ကွယ်ရှိ စစ်သည်မ ၅ ဦးတို့ကတော့ ဓားအရှိန်ကြောင့် ခန္ဓာကိုယ်တွင် ဒဏ်ရာများ ရကုန်၏။ ဤလူ၏ တိုက်ခိုက်ရေး အရှိန်အဝါက ဤမျှထိ ပြင်းထန်နေသည်လား။
ရွှီး .....
မင်းသမီးဒိုဟာ၏ ဓားက လျှပ်စီးကဲ့သို့ပင် သခင်ကြီးပိုင်တင်ထံသို့ ဝေ့ဝဲတိုက်ခိုက်လျက် ရှိနေ၏။ သူမ၏ ဓားရိပ်ဓားယောင်များက မြန်ဆန်လွန်းသောကြောင့် လူများအနေဖြင့် ရှင်းရှင်းလင်းလင်း မမြင်ရနိုင်ပေ။
ဘုန်း... ဘုန်း...
သူမ၏ပုံသဏ္ဍာန်က အမြှောက်ဆံတစ်ခုကဲ့သို့ပင် ဖြစ်ပြီး ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ရှိရှိသမျှ အရာအားလုံးတို့ကို ကြေမွစေ၏။ ကျောက်ခဲပစ်စက်ကြီးများကလည်း ကြေမွကုန်၏။ လမ်းတွင် တွေ့သမျှ အရာအားလုံးကလည်း လွင့်စင်ကုန်၏။ ပြင်းထန်သည့် တိုက်ကွက် ဒါဇင်အနည်းငယ်အပြီးမှာတော့ မင်းသမီး ဒိုဟာ၏ နုနယ်သည့် ခန္ဓာကိုယ်လေးက လျှပ်စီးကဲ့သို့ နောက်သို့ ဆုတ်ခွာသွားရ၏။
“တကယ့်ကို သန်မာတာပဲ။ ငါ့တပည့်ကို အနိုင်ယူနိုင်ခဲ့တာ မဆန်းဘူး။” သခင်ကြီးပိုင်တင်းက ဂုဏ်ယူစွာ ဆိုသည်။
မင်းသမီး ဒိုဟာက သူမ၏ နှုတ်ခမ်းထောင့်မှ သွေးစများကို သုတ်၏။
“တိုက်ခိုက်ရေး အရှိန်က အတိုင်းအတာ တစ်ခုထိ ရောက်သွားရင် တကယ်သန်မာတာပဲ။ နောက်ကို ဆုတ်ကြ။” သူမက အမိန့်ပေးလိုက်သည်။
မြို့ရိုးပေါ်သို့ တက်လာသည့် အမေဇုန်စစ်သည် ၂၀၀၀ ကျော်တို့က မြို့ရိုးပေါ်မှ ခုန်ချ၏။ တကယ့်ကို အံ့အားသင့်စရာပင်။ မြို့ရိုး၏ အမြင့်ဆုံးအပိုင်းက ၅ ထပ်တိုက် အမြင့်ခန့် ရှိ၏။ ခုန်ချပြီးနောက် သူတို့က မည်သည့်ဒဏ်ရာမှ မရှိဘဲ လျှပ်စီးကဲ့သို့သော အရှိန်ဖြင့် နောက်သို့ ဆုတ်ခွာသွား၏။
“သခင်ကြီး... ကျုပ်တို့ မြားတွေ ပစ်ရမလား။” သခင်ကြီးပိုင်တင်းက ခေါင်းကို ခါယမ်းလိုက်သည်။
ဤအုပ်စုက တကယ့်ကို မြန်ဆန်၏။ ၁ မိနစ် မပြည့်ခင်မှာပဲ ရှမ့်လန်၏ အနားသို့ ရောက်ရှိသွားခဲ့ကြပြီ ဖြစ်၏။
..........
“လောကကြီးမှာ ဒီလောက်သန်မာတဲ့ စစ်တပ်မျိုး ရှိလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။”
သခင်ကြီးပိုင်တင်းက သက်ပြင်းချ၏။ “ဒီလိုအင်အားမျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးသလို ကြားလည်း မကြားခဲ့ဖူးဘူး။ ကျုပ်တို့ဘက်က အထိအခိုက် ဘယ်လောက်ရှိလဲ။”
“တစ်သောင်း ခြောက်ထောင်ပါ။”
ဤအရာက ထိတ်လန့်ဖွယ်ရာ ကိန်းဂဏန်းပင်။ အမေဇုန်စစ်သည် ၅၀၀၀ ကျော်တို့က လူပေါင်း ၂ သိန်း ၅ သောင်း ခုခံထားသည့် မြို့ကို လာရောက်တိုက်ခိုက်ပြီး မြို့ရိုးပေါ်ထိ တက်နိုင်ခဲ့သည့်အပြင် လူပေါင်း ၁၆,၀၀၀ ကို သတ်သွားခဲ့သေး၏။ ထို့အပြင်ဒဏ်ရာ တစ်စက်မှမရဘဲ ဆုတ်ခွာသွားနိုင်ခဲ့၏။ ဤအရာက ဒဏ္ဍာရီထဲမှာသာ ဖြစ်နိုင်သည့် အံ့ဖွယ်ရာ ကိစ္စရပ်မျိုးဖြစ်သည်။
“အမှန်တော့ သူတို့သာ မဆုတ်သွားရင် အထိအခိုက်တွေ ရှိလာနိုင်တယ်။ ဒီအမေဇုန်စစ်သည်တွေက အရမ်းကို တန်ဖိုးကြီးတယ်။ ရှမ့်လန်က အထိအခိုက် အကျအဆုံး အများကြီး မရှိစေချင်လို့ မြို့တွင်းတိုက်ပွဲကို လက်လျှော့လိုက်တာပဲ။ ကျုပ်တို့ရဲ့ရှီလွန်မင်းဆက်မှာ သူတို့နဲ့ယှဉ်ပြိုင်နိုင်တာဆိုလို့ ဒိုရှီ နဂါးစီး စစ်သည်တွေပဲ ရှိလိမ့်မယ်။”
သခင်ကြီးပိုင်တင်က ပြော၏။ “ဒါပေမယ့် ဒီအရာက ကျုပ်တို့ ရှီလွန်မင်းဆက်ရဲ့ ဝှက်ဖဲဖြစ်ပြီး မျိုးဆက် တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာတာ ဖြစ်တာကြောင့် ဧကရာဇ်ရဲ့ အမိန့်ကိုပဲ နာခံတဲ့ အဖွဲ့ဖြစ်တယ်။”
နယ်စားကြီး ဒီဘိုရာက ရုတ်တရက်ပြောသည်။ “ဆရာကြီး... နောက်ထပ် ဖြစ်လာမယ့် ကိစ္စကတော့ ဆရာကြီး အပေါ်မှာပဲ မူတည်ပါတော့တယ်။”
သခင်ကြီးပိုင်တင်းက မျက်နှာပျက်သွား၏။ မီးနတ်ဘုရားဂိုဏ်း၏ မိစ္ဆာပညာရပ်များကို သုံးကာဖြင့် အမေဇုန် စစ်သည်မများကို သတ်ပစ်မည်လား။ ဤအရာက ဂုဏ်သိက္ခာရှိသည့် အလုပ် မဟုတ်ချေ။
“သူတို့က အနောက်လောကရဲ့ အစိတ်အပိုင်းတွေ မဟုတ်သလို ဂုဏ်သိက္ခာဆိုတဲ့ စကားလုံးနဲ့လည်း ထိုက်တန်တဲ့ သူတွေ မဟုတ်တော့ဘူး။”
နယ်စားကြီး ဒီဘိုရာက ပြော၏။ “ဆရာမကြီး ... ဆရာမကြီရဲ့ နည်းလမ်းတွေနဲ့ သူတို့ကို သတ်ပစ်လို့ရမလား။”
လျှို့ဝှက်ဆန်းပြားသည့် မီးနတ်ဘုရား နတ်ဆရာမက ခေါင်းညိတ်ကာ ပြောသည်။ “ရပါတယ်။”
.................
ညမှောင်လာခဲ့၏။ နေ့ခင်းဘက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအရ အမေဇုန်စစ်သည် ၅၀၀၀ တို့က မြို့ရိုးကို ဖောက်ထွင်းနိုင်ခဲ့သော်လည်း ကြီးမားသည့် ထိခိုက်မှုများကို ပေးဆပ်ရမည် ဖြစ်ကြောင်း သိရှိသွားခဲ့ကြ၏။ ထို့အပြင် မြို့ထဲသို့ဝင်ရောက်ပြီးနောက် ရန်သူ့အင်အား ပင်လယ်ထဲတွင် ပိတ်မိသွားမည် ဖြစ်သောကြောင့် အကျအဆုံး ကလည်း များပေလိမ့်မည်။
သို့သော်ငြား အနည်းဆုံးတော့ အမေဇုန်စစ်သည်မများက ကောင်းကင်ယံကို ဆန့်ကျင်နိုင်သည့် အင်အားကြီးမားသော စစ်တပ်ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့၏။
ယနေ့တိုက်ပွဲ၏ မှတ်တမ်းကို သမိုင်းစာအုပ်ထဲတွင် ရေးထိုးထားနိုင်ပြီး အနောက်လောကတစ်ခုလုံးကို တုန်လှုပ်စေရန် လုံလောက်၏။ ဤအရာက အမေဇုန်စစ်တပ်၏ အနောက်လောကရှိ ပထမဦးဆုံး စွမ်းရည်ပြပွဲပင်။
ယခု သူတို့က လေတိုက်မည့်အချိန်ကို စောင့်ဆိုင်းနေ၏။ ဤနေရာက ပီကျင်းမြို့နှင့် ၁၅ မိုင်ခန့် ဝေးကွာပြီး တောင်တန်းများ ကာရံထားသောကြောင့် ဤနေရာတွင် သူတို့ဘာလုပ်နိုင်ကြောင်း မည်သူမှ မမြင်နိုင်ပေ။ မီးပုံးပျံ ၁၅ လုံးက ဝေဟင်တွင် အဆင်သင့်ရှိ၏။ မင်းသမီး ဒိုဟာက ထိပ်တန်းအမေဇုန် ကျွမ်းကျင်သူ ၁၅၀ ကို ဦးဆောင်ပြီး အဆင်သင့်ပြင်ထားကြသည်။
သူတို့က ကိရိယာချပ်ဝတ်များကို ဝတ်ဆင်လိုက်ကြပြီး အဓိက,ကတော့ လေဟုန်စီးဝတ်စုံ ဂလိုက်ဒါများပင်။ လေကြောင်းအခြေအနေ မှန်ကန်သည်နှင့် မီးပုံးပျံများကို ချက်ချင်းပျံတက်မှာ ဖြစ်ပြီး တောင်ထိပ်ပေါ်ရှိ နယ်စားကြီးဒီဘိုရာ၏ ရဲတိုက်ဆီသို့ ပျံသန်းသွားမည်။ ပြီးနောက် သူတို့က ဝေဟင်မှနေ၍ တိကျစွာ အောက်သို့ ဆင်းသက်မှာ ဖြစ်ပြီး ဒီဘိုရာကို ခေါင်းဖြတ်စစ်ဆင်ရေး စတင်မည်။
သူတို့က နေ့ဘက်၌ ခမ်းနားသည့် ပြဇာတ်များကို ဖန်တီးခဲ့ကြပြီး ဖြစ်၏။ ယခု ပွဲကြီးပွဲကောင်းတစ်ခုကို ဆက်လက် ကပြရပေတော့မည်။
“လေလာပြီ... မီးပုံးပျံတွေ လွှတ်ကြတော့။ ခေါင်းဖြတ်စစ်ဆင်ရေးကို ချက်ချင်းစတင်ကြမယ်။”
“ဒိုဟာ၊ ညီမတော်တွေ အားလုံး ဂရုစိုက်ကြပါ။ မင်းတို့ အောင်ပွဲနဲ့ ပြန်လာမယ့် အချိန်ကို ငါ စောင့်နေမယ်။ နှစ်ပေါင်း ၁၀၀၀ အတွင်း မမြင်ဖူးတဲ့ အံ့ဖွယ်ဖြစ်ရပ်ကြီးကို ဖန်တီးဖို့ အခွင့်အရေး ရောက်လာခဲ့ပြီ။”
ရှမ့်လန်၏ အမိန့်နှင့်အတူပဲ မီးပုံးပျံများက တစ်ခုပြီးတစ်ခု အပေါ်သို့ မြင့်တက်သွားခဲ့ကြ၏။ ပြီးနောက် သူတို့က တောင်ထိပ်ရှိ နယ်စားကြီး ဒီဘိုရာ၏ ရဲတိုက်ရှိရာသို့ ပျံသန်းသွားခဲ့ကြ၏။
ဝေဟင်တိုက်ခိုက်မှု - ခေါင်းဖြတ်စစ်ဆင်ရေး၊ လောကအဆင့်မီ အံ့ဖွယ်ဖြစ်ရပ်ကြီးတစ်ခုက မကြာခင် စတင်ပေတော့မည်။ ရှမ့်လန်၏ အစီအစဉ်က မည်သို့ ဖြစ်လာမည်နည်း။
...............
ရှီလွန်အင်ပါယာ၏ တောင်ဘက်နယ်စပ် အစောင့်အရှောက် ဖြစ်သည့် နယ်စားကြီး ဒီဘိုရာက မြို့ရိုးပေါ်တွင် ကိုယ်တိုင် ရှိနေရန် မလိုအပ်ချေ။ သူမက ညဘက်တွင် အနားယူရန် တောင်ထိပ်ပေါ်ရှိ ရဲတိုက်ကြီးဆီသို့ ပြန်သွားသည်သာ။
ဤအချိန်မှာတော့ သူမ၏လက်အောက်ငယ်သားများက ရဲရင့်ပြတ်သားသူများဟု ဆိုနိုင်သည့် အားကိုးထိုက်သည့် တပ်မှုး ၇ ဦးထိ ရှိနေပြီး တိုက်ပွဲကို သူမကိုယ်တိုင် ဦးဆောင်တိုက်ခိုက်ရန် မလိုအပ်ချေ။ အထူးသဖြင့် ပိုင်တင်းက အမေဇုန်စစ်သည်များ၏ အလစ်အငိုက် တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းရှိ၏။
သူမတွင် ပိုမိုအရေးကြီးသည့် လုပ်စရာများ ရှိနေသေး၏။ ရေချိုးသန့်စင်ပြီးနောက် သက်တောင့် သက်သာရှိသည့် ညဝတ်ဝတ်စုံကို ဝတ်ဆင်ကာဖြင့် အနက်ရောင် ဘုရားကျောင်းဆီသို့ ဝင်ရောက်သွားသည်။
နယ်စားကြီး ဒီဘိုရာက ပြော၏။ “အမေဇုန်စစ်သည်တွေက ကျွန်မတို့ ထင်မှတ်ထားတာထက် အများကြီး ပိုသန်မာတယ်။ ဒီနေ့ တိုက်ပွဲရလဒ်ကတော့ တကယ့်ကို အရှက်ရစရာပဲ။”
မီးနတ်ဘုရား နတ်ဆရာမက ပြောသည်။ “ဒါပေမယ့် သူတို့ ဒီမြို့ကို မဖောက်ထွင်းနိုင်သေးပါဘူး။ မြို့ရိုးပေါ် တက်နိုင်တာနဲ့ မြို့ကို သိမ်းပိုက်တာက သဘောတရားခြင်း တခြားဆီပါပဲ။”
နယ်စားကြီး ဒီဘိုရာက ဤအချက်ကို ကောင်းကောင်းသိ၏။ ယနေ့ မင်းသမီး ဒိုဟာက အမှန်တကယ် ဆုတ်ခွာသွားခဲ့ခြင်း ဖြစ်၏။ အကယ်၍ ဤတိုင်းသာ ဆက်သွားပါက တစ်ဖက်လူများဘက်မှ အထိအခိုက် အကျအဆုံးများ ဖြစ်ပေါ်လာနိုင်၏။ တကယ်တမ်း ပြောရမယ်ဆိုလျှင် ပြန်ပြေးသွားခြင်းပင်။
အပိုင်း (၈၄၈)
အမေဇုန်စစ်သည်များက ရဲရင့်သန်မာပြီး စွမ်းအားကြီးရုံသာမက လျင်မြန်ဖြတ်လတ်ကာ အာရုံဖမ်းနိုင်စွမ်း လည်း ကောင်း၏။ ထို့ကြောင့် မြို့ရိုးပေါ်သို့ တက်လာသည့် အခိုက်အတန့်က ခုခံသူများကို စိတ်ပျက် အားငယ်စရာ ခံစားချက်များ ပေးစွမ်း၏။
လူ ၅၀၀၀ ခန့်က အထိအခိုက် အကျအဆုံး လုံးဝမရှိသလောက် မြို့ရိုးပေါ်သို့ တက်ရောက်လာနိုင်၏။ သို့သော်ငြား ရင်ဆိုင်တိုက်ပွဲတွင်တော့ သူတို့က ခေါင်းဆုံးလုံး လက်ခြောက်ဖက် ရှိကြသည် မဟုတ်ချေ။ တစ်ယောက်ချင်း ၁၀ ယောက်ကို ယှဉ်ပြိုင်နိုင်ခြင်းက အားကောင်းသည်ဟု ဆိုနိုင်သော်လည်း လူယောက် ၂၀၊ ၃၀၊ ၅၀ နှင့် တစ်ယောက်တည်း ယှဉ်ပြိုင်တိုက်ခိုက်ဖို့ ဆိုသည်က မဖြစ်နိုင်ချေ။
အမှန်စစ်စစ် မြို့ထဲတွင် စစ်သည် ၂ သိန်းခွဲနှင့် သိုင်းပညာရှင် ထိပ်သီး ၁၀၀၀ ကျော် ရှိနေ၏။ ယနေ့ အမေဇုန်စစ်တပ်၏ စွမ်းဆောင်ရည်က တကယ်ပင် မှင်သက်စရာ ကောင်းသော်လည်း တကယ်တမ်း တိုက်ခိုက်မည် ဆိုပါက မည်သို့မှ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား ရှမ့်လန်က လူ ၅၀၀၀ သာ ခေါ်ဆောင်လာခဲ့၏။ သူတို့ထဲမှ ဘယ်နှစ်ယောက်များ အသေခံနိုင်မည်နည်း။
နတ်ဆရာမက ပြော၏။ “ဒါကြောင့် ရန်သူရဲ့ ခေါင်းဆောင်ကို တိုက်ရိုက်လုပ်ကြံမဲ့ အစီအစဉ်ကို လုပ်ရမယ် အရှင်မ... အချိန်ပြည့် ကာကွယ်ပေးဖို့ မီးနတ်ဘုရား စစ်သည်တော် ၃၀၀ ကို စေလွှတ်ပေးထားမယ်။”
နယ်စားကြီး ဒီဘိုရာက ပြောသည်။ “ကျေးဇူးတင်ပါတယ်။”
သူမကိုယ်တိုင်၏ သိုင်းပညာက တကယ့်ကို မြင့်မားလွန်းသော်လည်း မီးနတ်ဘုရားဂိုဏ်း၏ စေတနာကို သူမ ငြင်းပယ်ခြင်း မပြုခဲ့ချေ။ နယ်စားကြီး ဒီဘိုရာက ပြော၏။ “ဒါပေမယ့် ဒီမိန်းမရိုင်း တစ်အုပ်က ကျွန်မရဲ့ မြို့ထဲမှာ နောက်တစ်ကြိမ်လာပြီး ကြွားလုံးထုတ်တာမျိုး လုံးဝ မတွေ့ချင်တော့ဘူး။ အကယ်၍ နတ်ဆရာမမှာ ထူးခြားတဲ့ နည်းလမ်းမျိုးတွေ ရှိနေတယ်ဆိုရင် ကျွန်မ သိချင်တယ်။”
မီးနတ်ဘုရား နတ်ဆရာမက ပြောသည်။ “ဒါဆိုရင် ကျေးကျွန်တစ်ချို့ကို ခေါ်ပေးပါ။ သန်မာတဲ့ လူတွေ ဆိုရင် ပိုကောင်းတယ်။”
ခဏအကြာမှပဲ လူရိုင်းမျိုးနွယ်စုဝင် ကျေးကျွန် ၁၀ ဦးကို ခေါ်ဆောင်လာ၏။ ထိုလူတိုင်းက ဆန့်ကျင်လိုစိတ် ပြင်းထန်ကြပြီး ရုန်းကန်ရန်လည်း ကြိုးစားနေ၏။
နတ်ဆရာမက ပြောလိုက်သည်။ “ပြေးကြစမ်း။ တံခါးအပြင်ကို ရောက်အောင် ပြေးနိုင်ရင် မင်းတို့ကို လွတ်လပ်ခွင့် ပေးမယ်။”
ဤတောရိုင်း ကျေးကျွန်များက အံ့အားသင့်သွား၏။ ပြီးနောက် တံခါးအပြင်ဘက်ဆီသို့ လျှပ်စီးကဲ့သို့သော အရှိန်ဖြင့် ပြေးထွက်ကြ၏။ နတ်ဆရာမက သေတ္တာငယ်လေး တစ်ခုကို ထုတ်ယူ၏။ ထိုအရာက လက်စွပ်ထည့်သည့် သေတ္တာလေးကဲ့သို့ပင် သေးငယ်၏။
“သွားကြ။” သူမက တိုးညှင်းစွာ အော်၏။ သွယ်လျလွန်းလှတဲ့ လက်ကို ဝှေ့ယမ်း၏။
ရုတ်တရက် အနက်ရောင် အရိပ်ပေါင်းများစွာက သေတ္တာထဲမှ ပြေးထွက်၏။ ထိုအရာ၏ အရှိန်က တကယ့်ကို မြန်ဆန်ပြီး တစ်စက္ကန့်လျှင် ၁၀ မီတာကျော်အထိ သွားနိုင်၏။ ထို့အပြင် ထိုအရာက အမှန်တကယ် အရိပ်များကဲ့သို့ ဖြစ်ပြီး အလင်းရောင်အောက်တွင်သာ မြင်နိုင်၏။ အပြင်ဘက် အမှောင်ထဲတွင် ဆိုပါက လုံးဝ မြင်နိုင်လိမ့်မည် မဟုတ်ချေ။
ဝှီး.. ဝှီး
အနက်ရောင် အရိပ်များစွာက ကျေးကျွန် တစ်ဒါဇင်ကျော်ကို မှီသွားသည်။
“ရွှီး.... ရွှီး.. ရွှီး” ကျေးကျွန်များ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်၏။ မျက်စိတစ်မှိတ်အတွင်း ထိုသူက ပိုးစုန်းကြူးများကဲ့သို့ပင် ရုတ်တရက် လင်းထိန်၏။ ဆန်းပြားသည့် အလင်းရောင်များက ထွက်ပေါ်လာ၏။ ချက်ချင်းပဲ ပိုးကောင်များက ကျေးကျွန်များ၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ကြ၏။ မည်သည့် လှုပ်ရှားမှုမှ ရှိပုံမရချေ။
သို့သော်ငြား နှစ်စက္ကန့် အကြာမှာတော့ .....
“အား... အား...” ဆန်းပြားသည့် မီးလျှံလှိုင်းများက ထိုကျေးကျွန်များ၏ ခန္ဓာကိုယ်ပေါ်မှ ထွက်ပေါ်လာ၏။ ပထမဆုံး မီးစွဲသည်က မျက်လုံးဖြစ်၏။ အစီမ်းရောင်မီးလျှံများ ပန်းထွက်လာပြီး မျက်လုံးများ ပေါက်ကွဲ ထွက်၏။ နှိုင်းယှဉ်၍ မရအောင် ကြေကွဲစရာကောင်းသည့် နာကျည်းဖွယ် အော်ဟစ်သံများ ထွက်ပေါ်လာ၏။
ထူးဆန်းသည့် ဤအစိမ်းရောင်မီးလျှံများက ခန္ဓာကိုယ်အတွင်း၌ အမှန်တကန် ကျွမ်းလောင်ခဲ့ခြင်း ဖြစ်ပုံရပြီး လုံးဝ ခုခံ၍ မရနိုင်ချေ။ ဤအရာက တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်း၏။ နယ်စားကြီးဒီဘိုရာ ပင်လျှင် ကြက်သီးမွှေးညှင်းများ ထသွား၏။ ဤအရာက ကြောက်လန့်ဖွယ်ရာကောင်းသလို ယမ်းမှုန့်ထက်ပင် ပိုမို တုန်လှုပ်စရာကောင်း၏။ မိနစ်ပိုင်းအတွင်း ကျေးကျွန်များက ပြာအထိကျပြီး ကျွမ်းလောင်သည်။
နတ်ဆရာမက ပြော၏။ “ဒါက ပိုးကောင်တစ်မျိုးပဲ။ ကျွန်မတို့ကတော့ ငရဲမီးပိုးကောင်လို့ ခေါ်တယ်။ သူတို့ရဲ့ ခန္ဓာကိုယ်က အရမ်းကို သေးငယ်တယ်။ ခြင်တစ်ကောင်ရဲ့ ဆယ်ပုံတစ်ပုံလောက်ပဲ ရှိပြီး ဘယ်လို အပေါက်အပြဲမျိုးကမဆို တိုးဝင်နိုင်တယ်။ ပျံသန်းနှုန်းကလည်း အရမ်းကို မြန်တယ်။ တစ်စက္ကန့်ကို ဆယ့်နှစ်မီတာနှုန်း သွားနိုင်တယ်။ ဘယ်ပစ်မှတ်ကို မဆို မှီအောင် လိုက်နိုင်တယ်။
အရမ်း သေးငယ်လွန်းလို့ သူတို့ကို သတ်လို့မရဘူး၊ ရိုက်ချလို့လည်း မရဘူး။ ခုခံလို့လည်း မရဘူး။ လူ့ခန္ဓာကိုယ်ထဲကို ရောက်သွားတာနဲ့ လူ့သွေးကို ထူးဆန်းတဲ့ ဆိုးဆေးအဖြစ် အရောင်ပြောင်းပစ်လိုက်တယ်။ အစိမ်းရောင်မီးက ခန္ဓာကိုယ်ကို ကျွမ်းလောင်လိမ့်မယ်။ ဘယ်လို သိုင်းပညာရှင် ဖြစ်ပါစေ အရှင်လတ်လတ် မီးလောင်ကျွမ်းပြီး သေဆုံးရမှာပဲ။”
နယ်စားကြီးဒီဘိုရာက မီးနတ်ဘုရားကျောင်းမှာ နတ်ဆရာမကို ကြည့်၏။ သူမ၏နှလုံးသားထဲတွင် သတိထားလိုစိတ်များ ပြည့်နှက်သွားသည်။
နယ်စားကြီးဒီဘိုရာက ပြောလိုက်၏။ “အရှေ့တိုင်းလောကမှာ ရှေးဟောင်းယဉ်ကျေးမှုရဲ့ အတတ်ပညာ တွေကို တက်မြောက်ထားတဲ့ သဘာဝလွန် စွမ်းအားရှင်တွေ အများကြီး ရှိတယ်ဆိုတာ ကျွန်မ သိတယ်။”
မီးနတ်ဘုရား နတ်ဆရာမက ပြောသည်။ “ဒါကလည်း ရှေးဟောင်းယဉ်ကျေးမှုရဲ့ ထွက်ကုန် တစ်ခုပဲ။”
နယ်စားကြီး ဒီဘိုရာက ပြော၏။ “ခုဏက ကျေးကျွန် ၁၀ ဦးကို သတ်ဖို့ ငရဲမီးပိုးကောင် ဘယ်နှစ်ကောင် သုံးခဲ့ရတာလဲ။”
နတ်ဆရာမက ဖြေသည်။ “၁၂၀ ပါ။”
နယ်စားကြီးက မေး၏။ “ဒါဆိုရင် ရှမ့်လန်နဲ့ အမေဇုန်စစ်တပ်ကို သတ်ဖို့ ဘယ်နှစ်ကောင်လောက် သုံးမလဲ။”
နတ်ဆရာမက ဖြေလိုက်သည်။ “သုံးသိန်းပါ။”
နယ်စားကြီး ဒီဘိုရာက အံ့အားသင့်စွာဖြင့် မေးမိ၏။ “ဒါက အရမ်းကိုများတဲ့ အရေအတွက် မဟုတ်ဘူးလား။”
နတ်ဆရာမက ပြန်ပြောလိုက်သည်။ “သေချာတာပေါ့။ ဒါက အရမ်းကိုများတဲ့ အရေအတွက်ပဲ။”
ဒီဘိုရာက ပြော၏။ “ဒီကျေးဇူးကို ကျွန်မ မှတ်ထားပါ့မယ်။”
နတ်ဆရာမက ပြောသည်။ “အမေဇုန်မျိုးနွယ်စုက အနောက်တိုင်းလောကကို သစ္စာဖောက်ခဲ့တယ်။ သူတို့ကို သန့်စင်ရမယ်။ ပြာဖြစ်တဲ့ထိ ကျွမ်းလောင်စေရမယ်။ ဒါက ဒါက .... သူတို့အတွက် အကောင်းဆုံး နိဂုံးဖြစ်လာမှာပဲ။”
ဒီဘိုရာက ချီးကျူးလိုက်၏။ “ရှင်က တကယ့်ကို ပညာရှိပါပဲ။”
နတ်ဆရာမက ပြောသည်။ “ဒါဆိုရင် ကျုပ်ကို ခွင့်ပြုအုံး။ ဝမ်းနည်းစရာကောင်းတာ တစ်ခုကတော့ အဲဒီ အရှေ့တိုင်းသားရဲ့ ခေါင်းကို ပြန်ယူလာပေးနိုင်မှာ မဟုတ်တာပဲ။ ဘာလို့လဲဆိုတော့ သူက ကျွမ်းလောင်ပြီး ပြာဖြစ်သွားမှာမို့လို့။”
ဒီဘိုရာက ပြောလိုက်၏။ “ဒါက သူ့ရဲ့ကံကြမ္မာပဲ ဖြစ်လိမ့်မယ်။ သူ့ရဲ့ ပေါ့ပျက်ပျက် မျက်နှာကိုလည်း ကျွန်မ ထပ်ပြီး မတွေ့ချင်ပါဘူး။”
နတ်ဆရာမက ပြောသည်။ “နောက်မှ ပြန်တွေ့ကြတာပေါ့။”
“ကောင်းပြီ။ နောက်မှ ပြန်တွေ့ကြမယ်။”
နတ်ဆရာမက အမျိုးသမီးနတ်ဆရာမ ဒါဇင်ပေါင်းများစွာနှင့်အတူ တောင်ထိပ်ရှိ ရဲတိုက်မှ ထွက်ခွာသွားပြီး အမေဇုန်စစ်သည်များ၏ မကြုံစဖူး အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုကြီးကို ပြုလုပ်ရန် မြို့ပြင်သို့ တိတ်တဆိတ် ထွက်ခွာသွားခဲ့၏။
နယ်စားကြီးက စာဖတ်ရန်နှင့် စန္ဒရားတီးရန် စာကြည့်ခန်းထဲသို့ ပြန်လာ၏။ သို့သော်ငြား တစ်စုံတစ်ခုကြောင့် သူမက အနည်းငယ် စိတ်မသက်မသာ ဖြစ်၏။ ဖြစ်နိုင်သည်က မီးလောင် သေဆုံးသွားသည့် နိမ့်ကျသည့် ကျေးကျွန်များ၏ ပြာများက သူမ၏ မြင့်မြတ်နူးညံ့သည့် အရေပြားပေါ်သို့ ကျရောက်သွားခြင်းကြောင့် ဖြစ်ပေမည်။
ထို့ကြောင့် ဒီဘိုရာက တောင်ထိပ်တွင် ရေတစ်ကြိမ် ထပ်ချိုး၏။ ကျေးကျွန်များ၏ပြာများ သူမပေါ် ကျခဲ့သည်ဟု တွေးလိုက်သည်နှင့် သူမက အော့အန်ချင်စိတ် ပေါက်နေ၏။ ဤလူစုက လူသားများ မဟုတ်ကြချေ။
..................
လေတိုက်နှုန်းနှင့် ပတ်သက်သော အရာအားလုံးက ကံတရားပေါ်တွင်သာ မူတည်နေသည်။ အထူးသဖြင့် ပီကျင်းမြို့က ပင်လယ်နားတွင် မရှိနေသောကြောင့်ပင်။ သို့သော်ငြား ဤတစ်ကြိမ် မင်းသမီး ဒိုဟာ၏ ကံတရားက တကယ်ကို ကောင်းမွန်၏။ လေတိုက်နှုန်းကလည်း တည်ငြိမ်ပြီး မကြုံစဖူး အဆင်ပြေ ချောမွေ့နေ၏။
မီးပုံပျံများက မီတာ ၂၀၀၀ အမြင့်သို့ ရောက်ရှိသွားပြီးနောက် ပီကျင်းမြို့ဆီသို့ ဝင်ရောက်သွား၏။ ခြင်းတောင်းပေါ်ရှိ အလံလွှင့်ထူထားသည့် နေရာကို လှမ်းကာ ကြည့်၏။ မင်းသမီးဒိုဟာက ပြုံးကာ ပြောလိုက်သည်။ “အင်း... ဧကရာဇ်ရဲ့ ကံဇာတာက မဆိုးဘူးလို့ ပြောရမယ်။”
တပ်မှူးကွေ့နင်က ပြောဆို၏။ “ကျွန်မတို့အရှင်က စရိုက်မကောင်းတာကလွဲရင် ကျန်တာအကုန် ကောင်းတယ်။ အထူးသဖြင့် သူ့ရဲ့ ဟင်းချက်စွမ်းရည်ပေါ့။”
“ဒါကတော့ ရှင်မှားနေပြီ။ သူက ဘယ်တော့မှ ကိုယ်တိုင်မလုပ်ဘူး။ တခြားသူတွေကို ခိုင်းတာပဲ။”
“ကျွန်မ ထင်တာတော့ ဘုရင်မကြီးရဲ့ မျိုးဆက် ပြန့်ပွားရေး အခမ်းအနားက စတင်နေလောက်ပြီ။ ကျွန်မတို့က အနောက်တိုင်းလောကကြီးရဲ့ သစ္စာဖောက်အဖြစ် သတ်မှတ်ခံထားရပြီဆိုတော့ မျိုးဆက်သစ် ပြန့်ပွားရေး အခမ်းအနားကို ဆက်ပြီး ကျင်းပနိုင်အုံးပါ့မလားပဲ။ ဒီနှစ်မှာ ကျွန်မ ပါဝင်ချင်တာ။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ ....”
“ဒါပေမဲ့ မျိုးဆက်သစ် ပြန့်ပွားရေး အခမ်းအနားသာ မရှိရင် အမေဇုန်မျိုးနွယ်စုက ဘယ်လိုဆက်ပြီး ရှင်သန်ရမှာလဲ။”
“ဧကရာဇ် လက်အောက်မှာ ထူးချွန်တဲ့ အမျိုးသားတွေ ရှိလား။”
“ရှိတော့ ရှိပါတယ်။ ဒါပေမဲ့ အသက်ကြီးလွန်းတယ်။ အကယ်၍ မျိုးဆက်သစ် ပြန့်ပွားရေး အခမ်းအနားသာ ကျင်းပခဲ့ရင် ဧကရာဇ်လက်အောက်က ဘယ်သူ့ကိုမှ ကျွန်မ စိတ်မဝင်စားဘူး။”
ဤလောကကြီးထဲတွင် အမျိုးသားနှင့် အမျိုးသမီးကြား ကိစ္စရပ်များကို နည်းနည်းမှ ရှက်ရွံ့့မှု မရှိဘဲ ပြောဆိုနိုင်သူများက အမေဇုန်မျိုးနွယ်စု တစ်ခုတည်းသာ ရှိပေလိမ့်မည်။ ထို့သို့ဖြင့် မီးပုံပျံ တစ်ဒါဇင်ကျော်တို့က အရှေ့တောင်ဘက်ရှိ ပီကျင်းမြို့သို့ လွင့်မျော၏။
.............
ပီကျင်းမြို့ရှိ လူတချို့က မီးပုံပျံ တစ်ဒါဇင်ကျော်၏ မီးတောက်များကို မြင်တွေ့ရ၏။ သို့သော်ငြား မီးပုံပျံများက အလွန်မြင့်မားသည့် နေရာတွင် ပျံသန်းနေသောကြောင့် ကြယ်များနှယ် မခြားနားလှချေ။ ထိုကြယ်များက အလွန်လျင်မြန်စွာ ရွေ့လျားနေခြင်းကသာ အနည်းငယ် ထူးဆန်းသည်။
ထိုသို့ဖြင့် ထူးဆန်းသည့် မြင်ကွင်းတစ်ခု ပေါ်လာ၏။ မင်းသမီးဒိုဟာက လူတစ်ရာကျော်ကို ဦးဆောင်ပြီး မီးပုံပျံဖြင့် ညဘက်တွင် နယ်စားကြီးကို အလစ်အငိုက် တိုက်ခိုက်ရန် ပြင်ဆင်နေ၏။ အခြားတစ်ဖက်မှာတော့ မီးနတ်ဘုရားကျောင်းမှ နတ်ဆရာမခေါင်းဆောင်က ကျန်နတ်ဆရာမဒါဇင်ပေါင်း များစွာနှင့်အတူ ငရဲမီးပိုးကောင် သိန်းချီကို ယူဆောင်ကာ ရှမ့်လန်နှင့် အမေဇုန်စစ်တပ်ကို အလစ်အငိုက် တိုက်ခိုက်ရန် ပြင်ဆင်နေ၏။
ယနေ့ည၏ ကံကြမ္မာက ကောင်းမွန်၏။ လေတိုက်နှုန်းကလည်း တည်ငြိမ်နေ၏။ မိနစ် ၃၀ မပြည့်ခင်မှာပဲ မီးပုံပျံများက ဒီဘိုရာ၏ ရဲတိုက်ကြီး အထက်ကောင်းကင်သို့ ရောက်ရှိ၏။ ဒီဘိုရာ၏ ရဲတိုက်က တကယ့်ကို ကြီးမားပြီး ဧက ၁၅၀၀ ကျော် ကျယ်ဝန်း၏။ သို့သော်ငြား မီတာ ၂၀၀၀ အမြင့်မှ ကြည့်လျှင် စတုရန်းကွက်ငယ်လေး တစ်ခုကဲ့သို့သာ မြင်ရသည်။
“အောက်ကို ဆင်းကြတော့။”
မီးပုံပျံများက ကြိုတင်၍ နိမ့်ဆင်းလာခဲ့ကြပြီး တစ်ဖန်ပြန်လည် မခုန်ဆင်းမီ မီတာ ၁၀၀၀ ထိ ဆင်းသက် ကြ၏။ ဤနည်းလမ်းက ပိုမိုကာ တိကျပေလိမ့်မည်။
ထိုအခိုက်တန့်မှာပဲ ရဲတိုက်ပေါ်ရှိ ကျေးကျွန်တစ်ဦးက ကောင်းကင်ပေါ် မော့ကြည့်၏။ ရုတ်တရက် ကြယ်ဒါဇင်ခန့် တို့က ပိုမိုကာ ကြီးမားလာသည်ကို မြင်ရသောကြောင့် အော်ဟစ်လိုက်၏။ “ဥက္ကာခဲတွေ ကျလာပြီ။ မြန်မြန် ဆုတောင်းကြစမ်း။”
“ငါကတော့ လွတ်လပ်ခွင့်ရဖို့ ဆုတောင်းရမယ်။”
“လွတ်လပ်ခွင့် ဟုတ်လား။ အဲဒါ ဘာကောင်းလို့လဲ။”
“ငါက သူကောင်းမျိုးတစ်ယောက်ရဲ့ အနီးကပ်ကျေးကျွန် ဖြစ်ချင်တယ်။ သူ့အတွက် ကလေးတစ်ယောက် မွေးပေးပြီး ချမ်းချမ်းသာသာ နေချင်တယ်။”
“ချမ်းသာတဲ့ ကျေးကျွန် ဟုတ်လား။ ရယ်စရာပဲ။”
မီးပုံပျံများက မီတာ ၁၀၀၀ ထိ နိမ့်ဆင်းလာ၏။ မင်းသမီးဒိုဟာက အမိန့်ပေးလိုက်၏။ “ခုန်ချကြ။”
မီးပုံပျံအချို့က တစ်ဦးနှင့်တစ်ဦး အချက်ပြရင်း မီးကျည်များကို စတင်ပစ်ဖောက်၏။ ဒိုဟာ၏ ဦးဆောင်မှု အောက်တွင် ထိပ်သီးအမေဇုန်ကျွမ်းကျင်သူ တစ်ရာကျော်တို့က အောက်သို့ ခုန်ချ၏။ သူတို့အားလုံး တပြိုင်နက်တည်း ခုန်ချရ၍ မရချေ။ အသုတ်လိုက် ခုန်ချရမှာဖြစ်၏။ မဟုတ်ပါက လေထဲတွင် တစ်ဦးနှင့်တစ်ဦး တိုက်မိနိုင်ချေ ရှိသည်။
စိတ်လှုပ်ရှားစရာ အခိုက်အတန့်က ပေါ်ပေါက်လာခဲ့သည်။ ဂလိုက်တာ (လေဟုန်စီး ဝတ်စုံဖြင့်) ပျံသန်းခြင်းပင်။ လူပေါင်း ၁၅၀ ကျော်တို့က ခြေလက်များကို ဆန့်တန်းပြီး လေထဲတွင် ဝဲပျံ၏။ ပြီးနောက် ဖြည်းညင်းစွာ ဆင်းသက်လာကြ၏။ ထိုအရာက တကယ့်ကို အမိုက်စားပင်။ ယခင်က ပြုလုပ်ခဲ့သမျှက လေ့ကျင့်ခန်းများသာ ဖြစ်ပြီး ယခုကတော့ ရန်သူ့စခန်းကို ဖြတ်ကျော်ကာ ရန်သူ၏ တည်နေရာ ဗဟိုချက် ဌာနချုပ်ဆီသို့ ဝင်ရောက်ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့က သမိုင်းသစ် ရေးထိုးနိုင်ပေတော့မည်။
“ရွှီ... ရွှီ။”
လူတစ်ရာကျော်တို့က လေထဲတွင် တိကျစွာ ပျံသန်းနေ၏။ သူတို့က အရှိန်အဟုန်ကို ထိန်းညှိပြီး နယ်စားကြီး၏ ဂေဟာ မြက်ခင်းပြင်သို့ ဆင်းသက်ရန် ကြိုးစား၏။ သေချာသည်က တကယ့်ကို ခက်ခဲလှ၏။ ဧက ၁၅၀၀ ကျယ်ဝန်းသော နယ်စားကြီး၏ ဂေဟာထဲသို့ တိကျစွာ ဆင်းသက်နိုင်ဖို့က ခက်ခဲလွန်းသည့် ကိစ္စရပ်ကြီး တစ်ရပ် ဖြစ်၏။
...................
မိနစ်အနည်းငယ်အကြာမှာတော့ အလွန်စိတ်လှုပ်ရှားဖွယ်ရာ ကောင်းသည့် ပျံသန်းမှုကြီးက ပြီးဆုံးသွားခဲ့သည်။
“ဘုန်း...”
မင်းသမီးဒိုဟာက ပထမဦးဆုံး ဆင်းသက်သူပင်။ သူမက မည်သည့် ထိခိုက်ဒဏ်ရာရမှုမှ မရှိချေ။ လေဟုန်စီး ဝတ်စုံကို ချွတ်လိုက်ပြီး ကွေးညွှတ်နေသည့် ဓားရှည်ကို ထုတ်၏။ “သတ်ကြ။”
ထိုကဲ့သို့သော အခိုက်အတန့်မျိုးပင်။ ကြီးမားသည့်လေးများကို သယ်ဆောင်ရန် အဆင်မပြေသောကြောင့် အားကောင်းသည့် လက်ပစ်လေး များကိုသာ ယူဆောင်လာခဲ့ကြ၏။ အမေဇုန် အမျိုးသမီး စစ်သည်တော်များ က ကောင်းကင်မှ တိုက်ရိုက် ဆင်းသက်လာသည်။
ဒီဘိုရာ၏ ဂေဟာမှ အစောင့်များက ဆွံ့အနေ၏။ “ဘာတွေ ဖြစ်ကုန်သလဲ။”
ဘယ်က ရောက်ရှိလာသနည်း။ အဘယ်ကြောင့် ကောင်းကင်ပေါ်မှ ဆင်းသက်လာရသနည်း။