အခန်း (၈၄၉-၈၅၀)
Vol. 52 Ch. 849-850
အပိုင်း (၈၄၉)
တာလွန်က ဒီဘိုရာ၏ အိမ်အပြင်ဘက်တွင် ရပ်နေရင်း ကြယ်များကို မော့ကြည့်နေ၏။ ကြယ်များကို လေ့လာနေခြင်း မဟုတ်ဘဲ ပျင်းရိနေသောကြောင့် ကြည့်နေခြင်းဖြစ်သည်။ ဤလောကကြီးက မူလတည်းက ပျင်းစရာ ကောင်း၏။ အရှေ့တိုင်းသား လူပြက်ဖမ်းခံရပြီး ခန္ဓာကိုယ် အပိုင်းပိုင်း ဖြတ်ခံရသည့် အချိန်မှသာလျှင် သူ၏ဘဝက အနည်းငယ် စိတ်လှုပ်ရှားစရာ ကောင်းလာပေမည်။
သို့သော်ငြား ဤအခိုက်အတန့်မှာတော့ ကောင်းကင်ယံမှ တစ်စုံတစ်ခု ကျလာသည်ကို သူ သတိပြုမိ၏။ “ဘာတွေလဲ ဒါက။” ချက်ချင်းပဲ သူက တစ်ခါမှ မမြင်ဖူးသည့် မြင်ကွင်းကို မြင်ရ၏။ ကောင်းကင်ပေါ်မှ လူများ ပျံသန်းဆင်းသက်လာခြင်းပင်။ တစ်ယောက်ပြီး တစ်ယောက် ဆင်းသက်လာခြင်း ဖြစ်၏။
“ရန်သူ တိုက်ခိုက်ပြီ။ မြန်မြန် ခေါင်းလောင်းတီးကြစမ်း။”
သို့သော်ငြား အချိန်နှောင်းသွားခဲ့၏။ ခေါင်းလောင်းစင်က အသိမ်းခံလိုက်ရပြီး ခေါင်းလောင်းတီးရန် ကြိုးစားသည့် စစ်သည်တိုင်းက ပစ်သတ်ခံရသည်။
သက်လတ်ပိုင်း မိန်းမစိုး တာလွန်က အော်ဟစ်၏။ “ရန်သူတွေ... ရန်သူတွေ... နယ်စားကြီးကို ကာကွယ်ကြ။ အစောင့်တွေ လာကြ... အစောင့်တွေ လာကြ။”
ခေါင်းလောင်းမတီးနိုင်သည့်အချိန်မှာတော့ သူတို့က သတ္တုပစ္စည်းမှန်သမျှကို ရိုက်ခတ်၏။ မီးပြတိုက်ကလည်း အသိမ်းခံလိုက်ရသောကြောင့် နေရာအနှံ့တွင် မီးတုတ်များကို ထွန်းညှိလိုက်၏။ “အစောင့်တွေ စုရုံးကြ။ မီးနတ်ဘုရား စစ်သည်တော်တွေ စုရုံးကြ။ နယ်စားကြီးကို ကာကွယ်ကြ။”
သက်လတ်ပိုင်း မိန်းမစိုးတာလွန်က ရေချိုးခန်းထဲသို့ ပြေးဝင်ပြီး အော်ဟစ်သည်။ “နယ်စားကြီး.. ရန်သူတွေ တိုက်ခိုက်နေပြီ။”
ရေချိုးကန်ထဲတွင် ထိုင်နေဆဲဖြစ်သည့် နယ်စားကြီးက မယုံကြည်နိုင်စွာ မေး၏။ “ရန်သူ တိုက်ခိုက်တာ ဟုတ်လား။ ဘယ်နှစ်ယောက်လဲ။ ဘယ်ကနေ ရောက်လာတာလဲ။”
“ဘယ်နှစ်ယောက်လဲတော့ မသိပါဘူး။ သူတို့ ကောင်းကင်ပေါ်ကနေ ကျလာတာပဲ။”
တာလွန်က ပြောလိုက်သည်။ “ဒါက မယုံကြည်နိုင်စရာ ကောင်းတယ်ဆိုတာ ကျုပ်သိပါတယ်။ ဒါပေမဲ့ ကျုပ်မျက်စိနဲ့ ကိုယ်တိုင်မြင်ခဲ့တာပါ။ သူတို့အားလုံး ကောင်းကင်ပေါ်ကနေ ဆင်းသက်လာခဲ့တာ။ တကယ့်ကို တုန်လှုပ်စရာပဲ။”
“ကဲ သိပါပြီ။” နယ်စားကြီးကတော်က ပြော၏။
တာလွန်က အပြင်သို့ ပြေးထွက်သွားသည်။
ဒီဘိုရာ၏ နှိုင်းယှဉ်၍ မရအောင် လှပသည့် ခန္ဓာကိုယ်က ရေထဲမှ ထွက်လာ၏။ အနီးအနားရှိ အစေခံမများက သူမ၏ ခန္ဓာကိုယ်ကို အလျင်အမြန် သုတ်ပေးပြီး အတွင်းခံနှင့် ဝတ်ရုံကို လျင်မြန်စွာ ဝတ်ဆင်ပေး၏။
...................
“နယ်စားကြီးကို ကာကွယ်ကြ။” တစ်အိမ်လုံးက ဗရမ်းဗတာ ဖြစ်နေသည်။
အမေဇုန် ထိပ်သီးကျွမ်းကျင်သူများက ဆင်းသက်လာပြီးနောက် အချက်ပြမှုအတိုင်း စတင်စုရုံး၏။ လမ်းတွင် မည်သူ့ကိုတွေ့တွေ့ တွေ့သမျှ လူတိုင်းကို အကုန်သတ်ဖြတ်၏။ ထိုအချိန်တွင် သေနေသောသူသာလျှင် စိတ်ချရဆုံး ဖြစ်၏။
အစေခံများအနေနှင့် အိမ်ထဲတွင်သာနေပြီး တုန်လှုပ်နေ၏။ ဤအချိန်မှာတော့ အပြင်ကို ပြေးထွက် လာသူများက နယ်စားကြီးကတော်အပေါ် သစ္စာရှိ၍ တိုက်ခိုက်ရန် ကြိုးစားသူများ ဖြစ်သောကြောင့် သေထိုက်သူများပင်။
မင်းသမီးဒိုဟာ အဖွဲ့၏ သိုင်းပညာက မြင့်မား၏။ ဒီဘိုရာ၏ အိမ်တော်ရှိ စစ်သည်များက သူတို့ကို လုံးဝ မယှဉ်နိုင်ဘဲ လွယ်လွယ်ကူကူ အသတ်ခံရ၏။ မကြာခင်မှာပဲ မင်းသမီးဒိုဟာ၏ လူ ၁၅၀ က စုရုံးပြီးစီးသွားသည်။
“နယ်စားကြီး ဒီမှာရှိတယ်။” ဒိုဟာက အနီရောင် ရဲတိုက်တစ်ခုဆီကို ညွှန်ပြ၏။ သူမ အဘယ်သို့ သိရှိသနည်း။ အဘယ်ကြောင့်ဆိုသော် မီးနတ်ဘုရားဂိုဏ်းဝင်နှင့် နယ်စားကြီး၏အစောင့်များက ထိုနေရာဆီသို့ ပြေးဝင်သွားခဲ့သောကြောင့်ပင်။ မည်သို့မဆို ဒီဘိုရာ ထိုနေရာတွင် ရှိမည်ဖြစ်ကြောင်း ခန့်မှန်းနိုင်ပေလိမ့်မည်။
.................
အနီရောင်ဝင်းကြီးက ဒီဘိုရာနှင့် ရှမ့်လန်တို့ လက်ထပ်ခဲ့သည့် နေရာဖြစ်၏။ ထိုအရာက မီးနတ်ဘုရား ဂိုဏ်းကို ကိုးကွယ်ရန် အထူး တည်ဆောက်ထားခဲ့ခြင်းပင်။ ဒီဘိုရာက ထိုနေရာတွင် ကြာမြင့်စွာ နေထိုင်ခဲ့၏။ ယခု ဝင်းကြီးတစ်ခုလုံး၏ တံခါးကို တင်းတင်းကျပ်ကျပ် ပိတ်ထား၏။
အပြင်ဘက်မှာနေ၍ မင်းသမီးဒိုဟာက အတွင်းဘက်မှ ပြင်းထန်သည့် နှလုံးခုန်သံနှင့် အသက်ရှူသံများကို အာရုံခံမိ၏။ နယ်စားကြီး အထဲတွင် ရှိနေသည်က သေချာ၏။ နယ်စားကြီးနှင့် မီးနတ်ဘုရားဂိုဏ်းမှ ထိပ်သီးအများစုက အထဲတွင် ရှိနေသည်။
“တံခါးဖွင့်စမ်း။” ဒီဘိုရာ၏ အသံက အတွင်းမှ ထွက်ပေါ်လာ၏။ အနီရောင် ဝင်းတံခါးကြီးက ပွင့်သွား၏။ မင်းသမီးဒိုဟာက ဒီဘိုရာကို မြင်၏။ သူမက ဝင်းအတွင်းရှိ ဘုရားကျောင်း၏ လသာဆောင်ပေါ်တွင် ရပ်နေခြင်းဖြစ်သည်။ မြေပြင်မှ မီတာ ၃၀ ကျော် မြင့်၏။ အောက်ဘက်ရှိဝင်းတွင် လူထောင်ပေါင်းများစွာတို့က သူမကို ကာကွယ်ရန် ရှိနေ၏။
ရော့ဆိုမိသားစု၏ ဂေဟာက အမှန်တကယ် ကြီးမား၏။ တိုတောင်းသည့်အချိန်မှာပဲ လူအများအပြားကို စုရုံးနိုင်ခဲ့၏။ နယ်စားကြီး ဒီဘိုရာက အထက်မှနေ၍ မင်းသမီးဒိုဟာတို့ လူတစ်ရာကို ငုံ့ကြည့်၏။ ပြီးနောက် အေးဆေးသက်သာစွာ ပြောသည်။ “ရှိတာ ဒါအကုန်ပဲလား။ ကျွန်မကို သတ်ချင်တာလား။”
ရုတ်တရက် မီးရှူးမီးပန်းများက ကောင်းကင်ပေါ်သို့ ပစ်တင်လိုက်ရာ အစောင့်များကို အချက်ပြလိုက်သလိုပဲ မကြာခင် ပီကျင်းမြို့တစ်ခုလုံးက နယ်စားကြီးဂေဟာမှ အချက်ပေးသံကို မြင်ရ၏။
“ဒေါင်... ဒေါင်... ဒေါင်။” စူးရှသည့် ခေါင်းလောင်းသံများ ထွက်ပေါ်လာခဲ့၏။ ဆိပ်ကမ်းနှင့် ပီကျင်းမြို့တွင်ပါ ခေါင်းလောင်းအားလုံးက တပြိုင်နက်တည်း မြည်သည်။
စစ်စခန်းတိုင်းရှိ လူများက လှုပ်ခတ်လာခဲ့၏။ “ရန်သူတွေ... နယ်စားကြီးကို တိုက်ခိုက်နေပြီ။ နယ်စားကြီးကို ကာကွယ်ကြ။ တောင်ဘက်နယ်မြေရဲ့ အုပ်ချုပ်ရေးမှူးကြီးကို ကာကွယ်ကြ။”
ချက်ချင်းဆိုသလိုပဲ စစ်ကြောင်းတစ်ခုပြီး တစ်ခုက စစ်စခန်းမှ ထွက်ပေါ်လာပြီး နယ်စားကြီးဂေဟာဆီသို့ ဦးတည်ချီတက်၏။ ရေတွက်၍ မရနိုင်သည့် မြင်းတပ်နှင့် ခြေလျင်တပ်များက ရှေ့သို့ တိုးထွက်သည်။
နယ်စားကြီး ဒီဘိုရာက ပြော၏။ “မင်းတို့ ကောင်းကင်ပေါ်ကနေ ဆင်းလာတာလား။ တကယ့်ကို အံ့ဖွယ်ပဲ။ ဒါနဲ့ အရှေ့တိုင်းသား လူပြက်က ဘယ်မှာလဲ။ အင်း.... ခန့်မှန်းထားတာက အဲဒီ အရှေ့တိုင်းသား လူပျက်က အားနည်းလွန်းတော့ ဒီလို အန္တရာယ်များတဲ့ ကစားပွဲမျိုးကို ကစားဝံ့မှာ မဟုတ်ဘူး။”
“မင်းတို့ ကောင်းကင်က ဆင်းလာပြီး ငါ့ကိုသတ်၊ စစ်ပွဲကို အဆုံးသတ်ပြီး ပီကျင်းမြို့ကို သိမ်းပိုက်ချင်တယ်ပေါ့ ဟုတ်လား။ ဒါက တကယ့်ကို စိတ်ကူးယဉ်ဆန်တယ်ဆိုတာ ဝန်ခံတယ်။ ဒါပေမဲ့ မင်းတို့ရဲ့ အံ့ဖွယ် ကိစ္စရပ်တွေက ဒီနေရာမှာတင် အဆုံးသတ်သွားပြီ။ သူတို့ကို ပစ်ကြစမ်း။”
ဒီဘိုရာ၏အမိန့်အရ ဝင်းအတွင်းရှိ လူတစ်ထောင်ကျော်တို့က လေးများကို တင်၏။ မြားမိုးများက မင်းသမီးဒိုဟာနှင့် လူတစ်ရာစုရှိရာသို့ လွင့်ပျံလာ၏။ သို့သော်ငြား နောက်ဆက်တွဲ မြင်ကွင်းက သူတို့၏ အမြင်လောက တစ်ခုလုံးကို ပြောင်းလဲပစ်လိုက်သကဲ့သို့ပင်။
မင်းသမီးဒိုဟာက လူတစ်ရာကျော်ကို ဦးဆောင်ပြီး တံခါးမှ ဝင်မလာခဲ့ချေ။ သူတို့က သူတို့၏ ခန္ဓာကိုယ်များကို ကွေးညွတ်ပြီး ရုတ်တရက် အထက်ကို ခုန်တက်၏။ မီတာ ၄ မီတာကျော် မြင့်မားသည့် ဝင်းတံခါးကို ကျော်ဖြတ်ပြီး ကောင်းကင်ပေါ်သို့ လှမ်းခုန်၏။
လူပေါင်း ၁၅၀ ကျော်တို့က လူတစ်ထောင်ကျော်တို့ကို ပြင်းထန်စွာ တိုက်ခိုက်လေတော့၏။ သူတို့က အရူးအမူး သတ်ဖြတ်ကြသည်။ ဒီဘိုရာ၏ အိမ်တော် အစောင့်များက အဆင့်မြင့် စစ်သည်များ ဖြစ်ကြသော်လည်း သူတို့၏ ရန်သူများက မည်သူဖြစ်သနည်း။
လူတစ်ရာ့ငါးဆယ်က အမေဇုန်အမျိုးသမီး စစ်သည်များထဲတွင် အသန်မာဆုံးသော သူများဖြစ်၏။ တစ်ဦးချင်းစီတိုင်းက အမေဇုန်မျိုးနွယ်စုတွင် လူတစ်ရာလျှင် တစ်ယောက်သာ ပေါ်ထွက်တတ်သည့် ကျွမ်းကျင်သူများ ဖြစ်သည်။ သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်က အံ့မခန်းပင်။ အရာအားလုံးကို နင်းချေပစ်ကြသည်။
“ရွှီ... ရွှီ...” လက်ထဲရှိ ဓားကောက်များက မလိုအပ်သည့် လှုပ်ရှားမှုဟူ၍ မရှိချေ။ ရန်သူများကို နှစ်ပိုင်း ပိုင်းဖြတ်သွားသည်သာ။ ဘယ်ဘက်လက်တွင် ဒိုင်းကိုကိုင်ပြီး ညာဘက်လက်တွင် ဓားကောက်ကို ကိုင်၏။ သတ်ဖြတ်ခြင်းနှင့် ကာကွယ်ခြင်းတို့တွင် သူတို့၌ အတုဟူ၍ မရှိပေ။
သူတို့က တဖက်သတ် သတ်ဖြတ်မှုမျိုးကို ပြုလုပ်၏။ တစ်ခဏအတွင်း နယ်စားကြီး၏ ကိုယ်ရံတော် တစ်ထောင်တို့က အသတ်ခံရ၏။ သူတို့က ဤမျှ သပ်ရပ်သည့် သတ်ဖြတ်မှုကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။ သို့သော်ငြား အစောင့်တစ်ထောင် သေဆုံးသွားခဲ့ပြီးနောက် ရှေ့တွင်ရပ်နေသည့် လူရာဂဏန်းက မည်သူ ဖြစ်သနည်း။ အားလုံးက မီးတောက်နီရောင် ဝတ်စုံများကို ဝတ်ဆင်ထားခဲ့သည့် မီးနတ်ဘုရားဂိုဏ်းမှ စစ်သည်တော်များ ဖြစ်သည်။
“ရွှီ။”
ပြီးနောက် ထိုမီးနတ်ဘုရား စစ်သည်များက တစ်ယောက်ပြီး တစ်ယောက် သံလုံးများကို ပစ်ပေါက်၏။ မီးများ တောက်လောင်နိုင်စွမ်း ရှိသည့် သံလုံးများ ဖြစ်၏။
“ကာကွယ်ကြစမ်း။” အမိန့်ပေးသံ ထွက်လာသည်။
အမေဇုန် ကျွမ်းကျင်သူများက သူတို့၏ ဒိုင်းများကို ဝှေ့ယမ်း၏။ သူတို့က သံလုံးပေါင်း ၃၀၀ ကို ကာကွယ်ကာ ပြန်လည် လွင့်ထွက်သွားစေ၏။ တစ်ချိန်တည်းမှာပဲ သူတို့၏ ခန္ဓာကိုယ်များက မီတာ ဒါဇင်ပေါင်းများစွာ အနောက်သို့ ဆုတ်၏။
မီးနတ်ဘုရားဂိုဏ်းမှ ထိုသံလုံးများ စတင်ပေါက်ကွဲကုန်၏။ ဝင်းကြီးတစ်ခုလုံးက မီးခိုးလုံးများဖြင့် ပြည့်နှက်သွား၏။ မီးခိုးလုံးများက အဆိပ်သင့်စေပြီး အသက်ရှူရန် ခက်ခဲစေ၏။ ထိုအရာက မီးနတ်ဘုရားဂိုဏ်း၏ အဆိပ်ငွေ့ဗုံးဖြစ်သည်။ အရေပြားကို မဟုတ်ဘဲ အသက်ရှူလမ်းကြောင်းကို တိုက်ခိုက်ခြင်း ဖြစ်သည်။
“မျက်နှာဖုံးတွေ တပ်ကြ။” မင်းသမီးဒိုဟာက အမိန့်ပေး၏။ အမေဇုန် အမျိုးသမီးစစ်သည် ကျွမ်းကျင်သူ ၁၅၀ ကျော်တို့က ရိုးရှင်းသည့် အဆိပ်ငွေ့ကာ မျက်နှာဖုံးများကို တပ်ဆင်ကြ၏။ သံလုံးတွေနှင့် ပစ်နေသည်လား။ သူတို့လည်း လုပ်တတ်၏။
အမေဇုန် ကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာတို့က သံလုံးများဖြင့် ပြန်လည်ကာ ပစ်ပေါက်၏။ တစ်ကီလိုဂရမ် ကျော်လေးသည့် လက်ပစ်ဗုံးများကို အချိန်ကိုက် ပစ်လွှတ်လိုက်သောကြောင့် မီးနတ်ဘုရားဂိုဏ်းမှ နတ်ဆရာမ များဆီသို့ ကျရောက်ကုန်၏။ တုန်လှုပ်ဖွယ်ရာ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာခဲ့သည်။
“ဘုန်း... ဘုန်း... ဘုန်း။”
ဤသံလုံးများက တကယ့်ကို ပြင်းထန်ပြီး လူများကို အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်စေခဲ့၏။ ဝင်းအတွင်း ပေါက်ကွဲသွားသောကြောင့် ပြင်းထန်သည့်တုန်ခါမှုလှိုင်းများက နံရံနှင့် ပြတင်းပေါက်များကိုပါ ရိုက်ခတ် သွား၏။ သန်မာသည့် အမေဇုန် အမျိုးသမီးစစ်သည်များက ဒိုင်းများဖြင့် ကာကွယ်ထားရ၏။ မဟုတ်ပါက သူတို့ပါ ဒဏ်ရာရနိုင်၏။
မီးနတ်ဘုရား စစ်သည်များက အတွေ့အကြုံ ရင့်ကျက်လွန်း၏။ ပေါက်ကွဲသည့် အခိုက်အတန့်တွင် သူတို့က လျင်မြန်စွာ ရှောင်တိမ်းသွားပြီး တချို့က မြေပြင်ပေါ်တွင် ဝပ်၏။ ဤလူစုက သိုင်းပညာ မြင့်မား၏။ သူတို့က အဆင့်မြင့်သူများ ဖြစ်ပြီး ရှောင်တိမ်းသည့် အချိန်တွင်လည်း အလွန်လျင်မြန်ကြ၏။
လက်ပစ်ဗုံး ဒါဇင်ပေါင်းများစွာတို့က လူအများစုကို သတ်ဖြတ်နိုင်သည် မှန်သော်လည်း လက်တွေ့မှာတော့ လူအနည်းငယ်သာ သေဆုံးပြီး ကျန်ရှိနေသည့် လူများက မြေပြင်မှ ခုန်ထပြီး သူတို့၏ ဓားကောက်ကြီးများကို ထုတ်ယူ၏။ အစွမ်းထက်သူအချင်းချင်း တိုက်ခိုက်သည့် တိုက်ပွဲဖြစ်ပေါ်လာသည်။
ဤအခိုက်အတန့်မှာတော့ မင်းသမီးဒိုဟာက ဒီဘိုရာ သူမကို လှောင်ပြောင် ပြုံးပြနေကြောင်း မြင်ရ၏။ ပြီးနောက် သူမ၏ ခန္ဓာကိုယ်လေးက လသာဆောင်ပေါ် ပျောက်ကွယ်သွား၏။ သူမက ထွက်ပြေး ပေတော့မည်။
“အပေါ်ကို တက်ကြ။” မင်းသမီးဒိုဟာက အမိန့်ပေး၏။ သူမက ကျွမ်းကျင်သူ တစ်ဒါဇင်ကျော်ကို ဦးဆောင်ပြီး လေထုထဲသို့ ခုန်တက်၏။ သူတို့က ဘုရားကျောင်း နံရံများကို တွယ်တက်အားဖြင့် ဒီဘိုရာ ရှိသည့် လသာဆောင်ပေါ်သို့ တက်၏။
ဝင်းအတွင်းရှိ အမေဇုန် ကျွမ်းကျင်သူ ၁၀၀ ကျော်တို့က မီးနတ်ဘုရားဂိုဏ်းမှ ကျွမ်းကျင်သူ ၂၀၀ ကျော်တို့နှင့် တိုက်ခိုက်၏။ ဘုရားကျောင်း၏အတွင်းဘက်မှာတော့ မင်းသမီးဒိုဟာက လူ တစ်ဒါဇင်ကျော်တို့နှင့်အတူ ဒီဘိုရာ၏ နောက်သို့ လိုက်လံ ဖမ်းဆီးသည်။
.............
နယ်စားကြီး ဒီဘိုရာက လျင်မြန်စွာ ထွက်ပြေးသွား၏။ မျက်တောင်တစ်ခတ်အတွင်း သူမက မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပဲ ဘုရားကျောင်းအတွင်းရှိ မီးနတ်ဘုရားဂိုဏ်းမှ အဆိပ်ငွေ့ဗုံးများ တစ်လုံးပြီးတစ်လုံး ပေါက်ကွဲနေ၏။ အသက်အန္တရာယ် မရှိသော်လည်း အနံ့နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာနှင့် အမြင်အာရုံကို နှောင့်ယှက်၏။
ဒိုဟာနှင့် ကျွမ်းကျင်သူတစ်ဒါဇင်ကျော်တို့က အနီရောင် ဘုရားကျောင်းတစ်ခုလုံးကို ရှာဖွေသော်လည်း ဒီဘိုရာက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ ဘုရားကျောင်း၏ အပြင်ဘက်တွင် တိုက်ပွဲက ဆက်လက် ရှိနေဆဲ ဖြစ်သည်။
သူတို့အနေနှင့် အလျင်လိုလျက် ရှိနေ၏။ ဒီဘိုရာကိုသာ မဖမ်းနိုင်ပါက လူတစ်ရာကျော်က လွတ်မြောက်နိုင်တော့မည် မဟုတ်ချေ။ ဘုရားကျောင်းတစ်ခုလုံးကို ရှာဖွေသည့်တိုင်အောင် ဒီဘိုရာကို မတွေ့ရသလို လျှို့ဝှက်တံခါးတစ်ခုမှလည်း မတွေ့ရချေ။ ဒီဘိုရာက လေထဲတွင် ပျောက်ကွယ်သွားဖို့ ဆိုသည်က မဖြစ်နိုင်ချေ။
ဒိုဟာက သေသေချာချာ ရှာဖွေ၏။ ထူးဆန်းသည့် အခန်းတစ်ခုထဲသို့ ရောက်ရှိသွား၏။ အခန်းထဲတွင် ဘာမှမရှိဘဲ ကုတင်ကြီးကြီး တစ်လုံးသာ ရှိ၏။ ထိုအရာက ရှမ့်လန်နှင့် ဒီဘိုရာတို့ ယခင်က နေထိုင်ခဲ့သည့် မင်္ဂလာဦးခန်းဆောင်ပင်။ ထူးဆန်းသည့် အခမ်းအနား ပြုလုပ်ခဲ့သည့် နေရာလည်း ဖြစ်၏။
ဒိုဟာက ရှေ့သို့ တိုးသွားပြီး ကုတင်ကြီးကို ကိုင်လိုက်၏။ ရုတ်တရက် လှန်ပစ်လိုက်၏။ ပြီးနောက် နောက်သို့ လှမ်းဆုတ်၏။ သေချာပေါက်ပဲ ကုတင်ကို လှန်လိုက်သည်နှင့် ထူးခြားသည့် မြားပေါင်းများစွာက ပျံထွက်လာ၏။ တစ်ရာကျော်ခန့် ရှိပေလိမ့်မည်။ ကံကောင်းစွာပဲ ဒိုဟာက ကြိုတင်ပြင်ဆင်ထားသောကြောင့် ထိခိုက်မှု မရှိခဲ့ချေ။
မြားများက အရှိန်ကုန်သွား၏။ ကုတင်အောက်တွင် လျှို့ဝှက်တံခါးတစ်ခု ရှိနေ၏။ လျှို့ဝှက်တံခါးက စက်ကိရိယာနှင့် လျှို့ဝှက်နံပါတ် လိုအပ်၏။ ဒီဘိုရာမှလွဲ၍ မည်သူမှ လျှို့ဝှက်နံပါတ်ကို သိလိမ့်မည် မဟုတ်ပေ။ ဒိုဟာက ရှေ့သို့ တိုးသွားပြီး အထူးယမ်းမှုန့်တစ်မျိုးကို ထုတ်ယူ၏။ လျှို့ဝှက်တံခါးတွင် ရွှံ့စေးကဲ့သို့ ကပ်၏။
“ဆုတ်ကြ။”
“ဘုန်း...”
ပေါက်ကွဲမှု ဖြစ်လာပြီး လျှို့ဝှက်တံခါးက ပွင့်သွားခဲ့၏။ ဘာစက်ကိရိယာနည်း၊ ဘာလျှို့ဝှက် နံပါတ်နည်း။ သူမက လျှို့ဝှက်လက်နက်သုံးပြီး တံခါးကို ချိုးဖျက်လိုက်ခြင်းပင်။ လျှို့ဝှက်လမ်းကြောင်း တစ်ခုက သူမ၏ ရှေ့တွင် ပေါ်လာ၏။ ဒိုဟာက ကျွမ်းကျင်သူ တစ်ဒါဇင်ကျော်တို့ကို ဦးဆောင်ကာ လျှို့ဝှက်လမ်းထဲသို့ ဝင်ရောက်သည်။
“သတိထားကြ။ အထဲမှာ ထောင်ချောက်တွေ ရှိနေနိုင်တယ်။” ဒိုဟာက ပြောလိုက်ပြီး အသေးစား လက်ပစ်ဗုံး ၃ လုံးကို ထုတ်ယူ၏။ ထိုအရာက အားသိပ်မပြင်းသော်လည်း အနက်ရောင် ယမ်းမှုန့်အမျိုးအစား ဖြစ်သည်။ ထိုအရာကို တိုက်ရိုက် ပစ်ပေါက်လိုက်၏။ နောက်ထပ် ပေါက်ကွဲမှု တစ်ခုပင်။ အသံက မသေးလှချေ။
ရေတွက်၍မရနိုင်သည့် မြားများနှင့် စူးရှသည့် မြားများ၊ လျှို့ဝှက်လက်နက်များနှင့် အဆိပ်များ ထွက်ပေါ် လာ၏။ လျှို့ဝှက်လက်နက်များနှင့် ထောင်ချောက်များက တုန်ခါမှုကြောင့် ထွက်ပေါ်လာခြင်းပင်။ ဒိုဟာက အရာအားလုံးကို အင်အားသုံးကာ နှိမ်နင်း၏။ လမ်းတစ်လျှောက်တွင် သူမက လက်ပစ်ဗုံးငယ်များကို အသုံးပြုပြီး လမ်းဖွင့်၏။ ထောင်ချောက်အားလုံးကို ဖျက်ဆီးပစ်၏။
လျှို့ဝှက်လမ်းကြောင်းက ရှည်လျားလွန်း၏။ မည်သည့်နေရာသို့ ဦးတည်နေကြောင်း မသိချေ။ မီတာ ၁၀၀ ခန့် လျှောက်လှမ်းပြီးနောက် လမ်းကြောင်း၏ အဆုံးသတ်သို့ ရောက်ရှိ၏။ နောက်ထပ် လျှို့ဝှက်တံခါး တစ်ခုက သူတို့၏ လမ်းကို ပိတ်ဆို့ထား၏။ ဒိုဟာက နောက်တစ်ကြိမ် ယမ်းမှုန့်များကို ကပ်လိုက်ပြန်၏။ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး လျှို့ဝှက်တံခါးက ပွင့်သွားခဲ့၏။ ဒိုဟာတို့က အထဲသို့ ထပ်ဝင်ပြန်သည်။
နောက်ခန်းမတစ်ခုကို မြင်ရပြီး ညီစိုးစိုးအနံ့များနှင့် ပြည့်နှက်နေသည့် အခန်းမျိုးဖြစ်သည်။ ဒိုဟာက ဒီဘိုရာနှင့် တွေ့ဆုံခဲ့၏။ သူမက အခန်း၏ အခြားတစ်ဖက် တံခါးပေါက်ထဲတွင် ရှိနေ၏။ ဤအမျိုးသမီးက တကယ့်ကို လှပ၏။ အထူးသဖြင့် မီးတောက်များကဲ့သို့ သူမ၏ အနီရောင် ဆံနွယ်များက အထူးခြားဆုံး ဖြစ်၏။
အလှက အသက်ရှူမှားလောက်၏။ အထူးသဖြင့် သူမ၏ ကိုယ်ဟန်က တကယ့်ကို မိစ္ဆာဆန်သည့် ကောက်ကြောင်းမျိုးပင်။ သူမ၏ ရုပ်ရည်နှင့် ကိုယ်ဟန်ကို ယှဉ်နိုင်သည့် အမျိုးသမီး အနည်းငယ်သာ ရှိမည်ဟု တပါးသူကို ခံစားရစေသည်။
အပိုင်း (၈၅၀)
ဒီဘိုရာက မင်းသမီးဒိုဟာကို ကြည့်ပြီးနောက် ရုတ်တရက် ထူးဆန်းပြီး အေးစက်သည့် အပြုံးတစ်ခုကို ပြုံး၏။ ပြီးနောက် သူမ၏ကျောက်စိမ်းကဲ့သို့ လှပသည့် လက်ဖြင့် လည်ပင်းကို အသာအယာ ခြစ်ပြ၏။ “ငါ့ကို သတ်ချင်တာလား။ အိမ်မက်မက်နေလိုက်။”
ဒီဘိုရာက အေးစက်စက်ပြောပြီး စက်ကိရိယာတစ်ခုကို လှည့်၏။ ကြီးမားလွန်းသည့် သံမဏိတံခါးကြီးက ဖြည်းညင်းစွာ အောက်သို့ ကျဆင်း၏။ ထိုအရာက အနည်းဆုံး လက်မ ၅၀ ခန့်ထူပြီး ဓားများ၊ သေနတ်များဖြင့် ထွင်းဖောက်၍ မရနိုင်ချေ။
ဒီဘိုရာက ထူထဲသည့် သံမဏိတံခါးကြီး၏ အနောက်သို့ ပျောက်ကွယ်သွား၏။ ရော့ဆိုမိသားစု၏ နောက်ဆုံး လျှို့ဝှက်အခန်း ဖြစ်ပေလိမ့်မည်။ လုံးဝ ဘေးကင်းလုံခြုံသည့် အခန်းဖြစ်သည်။ ကြီးမားသည့် ငလျင်ကြီး တစ်ခု လှုပ်ခတ်လျှင်ပင်၊ ယမ်းမှုန့်များ ရှိနေလျှင်ပင် ထူထဲသည့် သံမဏိတံခါးကြီးကို ပေါက်ကွဲစေမည် မဟုတ်ချေ။
ဒီဘိုရာကို မြင်လိုက်သည့် ခဏတာမှာပဲ မင်းသမီးဒိုဟာက ကျွမ်းကျင်သူ တစ်ဒါဇင်ကျော်တို့နှင့်အတူ တိုးဝင်၏။ သို့သော်ငြား ရုတ်တရက် အခန်းတွင်းတွင် ရေတွက်၍ မရနိုင်သည့် ဟိန်းဟောက်သံများ ထွက်လာ၏။ တစ်စက္ကန့်အတွင်း ရေတွက်၍ မရနိုင်သည့် တောရိုင်းတိရစ္ဆာန်များ ပြေးဝင်လာခဲ့၏။ ထိုအရာက တိရစ္ဆာန်များ ချုပ်နှောင်ထားရာ မြေအောက်ခန်း ဖြစ်၏။ ခြင်္သေ့များ၊ ကျားများ၊ ဝံပုလွေများ၊ ကျားသစ်နှင့် တခြားတိရစ္ဆာန်များက ရေတွက်၍ မကုန်နိုင်ချေ။
“အားလုံး သတိထားကြ။”
သူတို့က အရူးအမူး တိုက်ခိုက်ကြ၏။ မိနစ်အနည်းငယ်အတွင်း အရာအားလုံး တိတ်ဆိတ်သွားခဲ့၏။ တောရိုင်းတိရစ္ဆာန် အားလုံးက သေဆုံးသွားခဲ့၏။ အလောင်းများက တောင်လို ပုံနေ၏။
“ဟူး..”
ဒိုဟာက သက်ပြင်းတစ်ချက်ချပြီး တိရစ္ဆာန်ပုံကြားမှ ထွက်လာခဲ့သည်။ “ဧကရာဇ်နဲ့ တွေ့တဲ့ အချိန်ကျရင် သူ့မျက်နှာကို ဓားနဲ့တစ်ချက်လောက် မွှန်းပစ်ဖို့ ငါ့ကို သတိပေးကြအုံး။ ဒီနေရာက တကယ့်ကို နံဆော်လွန်းတယ်။ ဟမ့် .. ဒီတာဝန်က ထင်မှတ်ထားတာထက် ပိုပြီး ရွှံစရာကောင်းတယ်။”
“မင်းသမီး... ကျွန်မတို့ သေချာသတိပေးပါ့မယ်။ ဒါပေမဲ့ မင်းသမီးလေးက ဧကရာဇ်ရဲ့ မျက်နှာကို တကယ်ပဲ ဓားနဲ့မွှန်းလိုက်ရင် သူ စွဲလမ်းသွားမှာ စိုးရိမ်ရတယ်။ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက မင်းသမီးလေး စားလက်စ ကိတ်မုန့်ခွက်ကို သူ ယူစားသွားတယ်။ ကျွန်မထင်နေတာ သူ မင်းသမီးရဲ့ အရသာကို မြည်းစမ်းချင်နေတာ ထင်တယ်။”
မင်းသမီးဒိုဟာက စကားလမ်းကြောင်း ပြောင်းလိုက်ရ၏။ “ဒီအကောင်တွေက သောင်းနဲ့ချီတဲ့ အသားတွေပဲ။ ရက်အနည်းငယ်လောက် ငါတို့ စားလို့ရတယ်။”
သူမ၏ ခန္ဓာကိုယ်က တိရစ္ဆာန်သွေးများဖြင့် ဖုံးလွှမ်းနေ၏။ ထိုအနံ့ကို သူမခံနိုင်ချေ။
“ဘယ်သူ ဒဏ်ရာ ရသေးလဲ။” ဒိုဟာက မေးသည်။
“ရှိပါတယ်။”
“ဘယ်သူ သေသေးလဲ။”
“ဘယ်သူမှ မသေပါဘူး။”
ဒိုဟာရာ ကျွမ်းကျင်သူ တစ်ဒါဇင်ကျော်ကို ဦးဆောင်ပြီး ထူထဲသည့် သံမဏိတံခါးကြီးရှေ့သို့ ရောက်ရှိလာ၏။ သူမက လက်ကိုဆန့်တန်းပြီး တံခါးခေါက်၏။ ပြီးနောက် ဓားကောက်ကို ယူကာဖြင့် ခုတ်ချလိုက်၏။ မီးပွားများ ထွက်သွားသော်လည်း ထူးဆန်းသည့် သံတံခါးက မည်သည့် ထိခိုက်မှုမှ မရှိချေ။
ပြီးနောက် သူမက ယမ်းမှုန့်ကိုယူကာ ဖောက်ခွဲ၏။ ကျယ်လောင်သည့်အသံကြီး ထွက်ပေါ်လာ၏။ မြေအောက်ခန်း တစ်ခုလုံး တုန်ခါသွားသော်လည်း သံတံခါးကတော့ ထိခိုက်မှု မရှိသေးချေ။ မင်းသမီးဒိုဟာက ရယ်မောကာ ပြောလိုက်၏။
“ဒီဘိုရာ... သိပ်ပြီး ဂုဏ်ယူနေမှာပဲ။ ဒီသံတံခါးကြီးကို ဘာမှ မလုပ်နိုင်ဘူး။ ဒါပေမဲ့ ငါတို့မှာ အချိန် သိပ်မကျန်တော့ဘူး။ စစ်သည်ထောင်ပေါင်းများစွာတို့က ဒီဘိုရာရဲ့ အိမ်တော်ဆီကို ဦးတည်လာနေပြီ။ ဒီနေရာမှာ တုံ့ပြန်ဖို့ အချိန် ကျရောက်လာပြီ။ ဒီလောကကြီးမှာ ထူထဲတဲ့ လက်နက်ကို ဘယ်အရာကမှ ဖျက်ဆီးလို့ မရနိုင်ဘူး။ ဒါပေမဲ့ ငါတို့ရဲ့ ဧကရာဇ် ရှမ့်လန်အတွက်တော့ ခြွင်းချက်ပဲ။ သူ့စကားနဲ့ ပြောရမယ်ဆိုရင် နောက်လာမယ့် အချိန်က အံ့ဖွယ်ကိစ္စရပ်တွေကို သက်သေပြရမယ့် အချိန်ပဲ။ အားလုံးထုတ်ကြ။”
ပြီးနောက် များပြားလှသည့် သာမိုက်များကို ထုတ်ယူကာ သံတံခါးပေါ်တွင် ကပ်သည်။ “ဉာဏ်ပညာက စွမ်းအားတစ်မျိုးပဲ။ ခွန်အားဆိုတာလည်း စွမ်းအားတစ်မျိုးပဲ။ ဒါပေမဲ့ အဆုံးသတ်မှာတော့ ဉာဏ်ပညာကသာ အမြင့်မြတ်ဆုံး ဖြစ်လိမ့်မယ်။ အားလုံး ဆုတ်ကြ။”
ဒိုဟာက မီးကြိုးများကို မီးညှိ၏။ ပြီးနောက် လျင်မြန်စွာ နောက်သို့ ဆုတ်ခွာ၏။ သူတို့ သိရှိထားသည်က ထိုအချိန်မှာ သူတို့၏ မျက်လုံး၊ နားကို ပိတ်ထားရမည် ဖြစ်ခြင်းပင်။
သူမတို့က တာမိုက်ကို ထည့်သွင်းလိုက်ခြင်းဖြစ်သည်။ ကျယ်လောင်လှသည့် အသံကြီးတစ်ခု ပေါ်ထွက် လာခဲ့သည်။ ထိုအရာကြောင့် အချင်းတစ်မီတာခန့်ရှိသည့် အပေါက်ကြီးတစ်ခုက ပေါက်ကွဲကာ ပွင့်သွားခဲ့၏။ မင်းသမီးဒိုဟာက ဤအပေါက်ကြီးဆီမှ အထဲသို့ ကြည့်လိုက်၏။ အတွင်း၌ရှိသော လျှို့ဝှက်ခန်းမဆောင်ကို မြင်ရ၏။ မရေတွက်နိုင်သည့် ရွှေများနှင့် မရေတွက်နိုင်သည့် ငွေများ ရှိ၏။
ထို့အပြင်အတိုင်းမဲ့ လှပလွန်းသည့် ဒီဘိုရာလည်း ရှိနေ၏။ သူမ၏ မျက်နှာထက်တွင်တော့ ဤမြင်ကွင်းကို လုံးဝ မယုံကြည်နိုင်သကဲ့သို့ပင် ထိတ်လန့်တုန်လှုပ်လျက် ရှိနေ၏။ ဤသည်က ရော့ဆိုမိသားစု၏ ဘဏ္ဍာတိုက် ဖြစ်၏။ အတွင်းဘက်တွင် နောက်ထပ် လျှို့ဝှက်လမ်းကြောင်းဟူ၍ မရှိတော့ချေ။ ဒီဘိုရာ၌ အတောင်ပံများ ရှိနေသည် ဆိုလျှင်တောင် သူမက မလွတ်မြောက်နိုင်တော့ပေ။
မင်းသမီးဒိုဟာက ရယ်မောကာ ပြောလိုက်၏။ “နယ်စားကြီး ဒီဘိုရာ... ရှင် အဖမ်းခံရပြီ။”
…………………
ဤသည်က ရော့ဆိုမိသားစု၏ ဘဏ္ဍာတိုက် ဖြစ်၏။ ပြင်ပလူတိုင်းက မိမိ၏ ဘဝအဓိပ္ပာယ်ကို သံသယဝင်သွားကြပေလိမ့်မည်။ ပြီးနောက် ရွှေစင်ရွှေခဲ ဤမျှအထိ ရှိနေသည်လား။ အမှန်စစ်စစ် ထိုအရာက ရွှေပင်လယ်နှင့် ငွေတောင်ကြီးတစ်ခုကဲ့သို့ပင် ခမ်းနားထည်ဝါလွန်းလှ၏။
၅ ကီလိုဂရမ် အလေးချိန်ရှိသည့် ရွှေတုံးများက တစ်ခုပြီးတစ်ခု ဆင့်ကာဖြင့် ပုံရက်သား တည်ရှိနေ၏။ ငွေသားပုံကြီးက ပို၍ တုန်လှုပ်ဖွယ်ရာ ကောင်းလွန်း၏။ ကီလိုဂရမ် ထောင်ချီ လေးလံသည့် ငွေတုံးကြီးများကို အစီအရီ ချထားခြင်းက ရေတွက်၍ မကုန်နိုင်ချေ။
ထို့တင်မက နီရဲနေသည့် ကြေးနီနှင့် ကြေးဝါပုံများလည်း ရှိနေသေး၏။ ပုံမှန်အားဖြင့် ထိုကဲ့သို့သော ဘဏ္ဍာတိုက်မျိုး၌ ကြေးနီများကို သိုလှောင်ထားရန် မလိုအပ်ချေ။ အကြောင်းရင်းက ရွှေ၊ ငွေနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ကြေးနီ၏ တန်ဖိုးက မရှိသောကြောင့် ဖြစ်သည်။
သို့သော်ငြား နယ်စားကြီး ဒီဘိုရာကဲ့သို့သော အဆင့်အတန်းမျိုးတွင် ငွေကြေးဟူသည်က ငွေကြေးသက်သက် မဟုတ်ဘဲ အာဏာ၏ ပြယုဂ်တစ်ခု ဖြစ်၏။ ရော့ဆိုမိသားစုက အသူရာလှိုင်း ပြည်နယ်ကို ရာစုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သူများ ဖြစ်၏။
ဤကာလ၏ထက်ဝက်တွင် သူတို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အသူရာလှိုင်း နယ်မြေအဖြစ် ရပ်တည် ခဲ့သောကြောင့် ကိုယ်ပိုင်ငွေကြေးကိုသာ ရိုက်နှိပ်ထုတ်ဝေခဲ့၏။ လူတန်းစားပေါင်းများစွာတို့က ရွှေဒင်္ဂါးကို သုံးစွဲရန် မလွယ်ကူသောကြောင့်၊ ငွေဒင်္ဂါးများကိုသာ အရောင်းအဝယ် ပြုလုပ်သည့် နေရာမျိုးတွင်သာ သုံးဖူးကြသည်။
နေ့စဉ် လူနေမှုဘဝ၏ စရိတ်စကများအတွက်ကတော့ ကြေးဒင်္ဂါးများကိုသာ အဓိက အားထားနေရဆဲပင်။ သို့ဖြစ်သောကြောင့် ကြေးဒင်္ဂါးများက အသူရာလှိုင်းပြည်နယ်တစ်ခုလုံး၏ စီးပွားရေး တည်ငြိမ်မှုကို ကိုယ်စားပြုနေ၏။
နယ်စားကြီး ဒီဘိုရာက သူမ၏ ဒင်္ဂါးသွန်းလုပ်ခွင့်ရ အာဏာကို ကာကွယ်ရန် နှစ်စဉ် ကြေးနီ အများအပြားကို သိုလှောင်ထားရခြင်းပင်။ မည်သို့ပင်ဆိုစေကာမူ ဤဘဏ္ဍာတိုက်ကြီး၌ ကြေးနီမည်မျှ ရှိနေမည်နည်း။ သူမကိုယ်တိုင်ပဲ မသိရှိချေ။
ထိုအရာက အလွန်များပြားလွန်းလှသည့် ဂဏန်း ဖြစ်၏။ ရွှေနှင့်ငွေများ ထားရှိရာ နေရာမှလွဲ၍ ကျန်ရှိသည့် စတုရန်းမီတာ ထောင်ပေါင်းများစွာ ရှိသည့် နေရာလွတ်တိုင်းတွင် ကြေးနီများဖြင့်သာ ပြည့်နှက်နေ၏။ နှစ်စဉ်နှစ်တိုင်း ရော့ဆိုမိသားစုက ကြေးနီများကို အရည်ကြိုပြီး ကြမ်းပြင်ပေါ် လောင်းချ၏။
မရေတွက်နိုင်သည့် နှစ်ကာလများတစ်လျှောက် စုပြုံလာခဲ့ပြီးနောက်မှာတော့ မြေပြင်ပေါ်ရှိ ကြေးနီလွှာက မည်မျှတောင် ထူထဲနေမည်နည်း။ ကောင်းကင်ဘုံသာ သိရှိပေလိမ့်မည်။ အနည်းဆုံး ခန့်မှန်း တွက်ချက်ရမည် ဆိုလျှင် ကုဗမီတာ ထောင်ဂဏန်းမကရှိပြီး တန်ချိန်က ၅ သောင်းကျော် ရှိပေလိမ့်မည်။
ဤသည်က စစ်မှန်သည့် ဘဏ္ဍာတိုက်ကြီးတစ်ခုပင်။ ရွှဲ့ပြည်နယ်၏ နိုင်ငံတော် ဘဏ္ဍာတိုက်ထက် များစွာ သာလွန်၏။ စစ်မှန်သည့် ရွှေပင်လယ်၊ ငွေပင်လယ်ကြီးပင်။ ဤနေရာသို့ ၀င်ရောက်လာသူတိုင်းက တုန်လှုပ်ခြောက်ခြားကြမည်မှာ မလွဲဧကန်ပင်။
အကယ်၍ ရှမ့်လန်ကသာ ဤမြင်ကွင်းကို မြင်တွေ့ခဲ့သည်ဆိုပါက များစွာ အံ့အားသင့်သွားပေလိမ့်မည်။ ရော့ဆိုမိသားစုက မည်သည့်အရာကို ကြံစည်နေသနည်း။ သူတို့၏ ရည်မှန်းချက်က တောင်ပိုင်းဒေသ၏ ကာကွယ်စောင့်ရှောက်သူ၊ အုပ်စိုးသူများ ဖြစ်ရန်သာ မဟုတ်သည်မှာ သေချာသည်။
သို့သော်လည်း မင်းသမီးဒိုဟာနှင့် တခြားသောသူများကတော့ ဤဘဏ္ဍာတိုက်ကြီးကို မြင်ချိန်မှာတော့ အမူအရာ ပျက်ယွင်းခြင်း မရှိကြချေ။ သူတို့က ရွှေကဲ့သို့သော အရာမျိုးကို အနည်းငယ်မျှ စိတ်၀င်စားမှု မရှိကြပေ။ သူတို့အတွက် ရွှေတုံးကြီးများထက် ကိတ်မုန့်နှင့် ရေခဲမုန့်များက ပို၍ အရသာ ကောင်းနေသေး၏။
……………..
ဤအချိန်မှာတော့ နယ်စားကြီး ဒီဘိုရာက ဖြစ်ပျက်သမျှ အရာအားလုံးကို ယုံကြည်နိုင်စွမ်း မရှိသကဲ့သို့ပင် ဖြစ်နေ၏။ မည်သို့ ဖြစ်နိုင်မည်နည်း။ ဤဘဏ္ဍာတိုက်က အလုံခြုံဆုံးသော နေရာတစ်ခု ဖြစ်သည် မဟုတ်ပါလား။ ဤသံမဏိ တံခါးကြီးက ခြေဖဝါး တစ်ဝက်ခန့် ထူထဲ၏။ အဘယ်သို့ ဖောက်ထွင်းနိုင်သနည်း။ အရှေ့တိုင်းသား ရှမ့်လန်ဆိုသူက တကယ် အံ့အားသင့်စရာကောင်းပြီး အရာခပ်သိမ်းကို တတ်စွမ်းသူ တစ်ယောက် ဖြစ်နေလေသည်လား။
မင်းသမီးဒိုဟာက မေးမြန်းလိုက်သည်။ “နယ်စားကြီး ဒီဘိုရာ... ကိုယ့်ဘာသာကိုယ် ထွက်လာမှာလား။ ဒါမှမဟုတ် ကျွန်မတို့က လာဖမ်းရမှာလား။”
ဒီဘိုရာက ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသည့် ရွှေငွေများကို ကြည့်၏။ စောဏတုန်းက ပေါက်ကွဲမှု၏ တုန်ခါမှုကြောင့် ရွှေတုံးရွှေခဲများစွာတို့က ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲကျနေ၏။
“ကိုယ့်ဘာသာကိုယ် ထွက်ခဲ့မယ်။” နယ်စားကြီး ဒီဘိုရာက ဆိုသည်။
ဘုရားကျောင်းမှ လျှို့ဝှက်ခန်း၊ ထိုမှတဆင့် ဤမြေအောက်ခန်းမ၊ နောက်ဆုံး ဖျက်ဆီး၍ မရနိုင်ဟု ယူဆ ထားခဲ့သည့် ဤဘဏ္ဍာတိုက်ကြီး အတွင်းသို့ သူမ လွတ်မြောက်အောင် ပြေးခဲ့ရခြင်းက မလွယ်ကူချေ။ ယခု တခြားသော လျှို့ဝှက်ခန်းဟူ၍ မရှိတော့ချေ။ သူမက စက်ယန္တရားများကို ဖွင့်ရန် ရှေ့သို့ တိုးသွားသော်လည်း တံခါးက ပျက်စီးနေခဲ့ပြီ ဖြစ်သောကြောင့် ဖွင့်၍ မရနိုင်တော့ချေ။
ထို့သို့ဆိုလျှင် သူမက တံခါးပေါက်မှ တိုးထွက်သွားရမည်လား။ သို့သော်လည်း ဤသံတံခါးကြီးက နီရဲပူလောင်နေဆဲ ဖြစ်ပြီး အရည်များနှင့် ထိမိသည်နှင့် တပြိုင်နက် ကျွမ်းလောင်ပေလိမ့်မည်။ “ဟူး။” ဒီဘိုရာက မျက်ခုံးကို အနည်းငယ် တွန့်၏။ ပြီးနောက် ခြေဖျားဖြင့် တစ်ချက် ခုန်လိုက်ရာ သူမ၏ နုနယ်သည့် ကိုယ်လုံးလေးက တံခါးပေါက်၏ အပေါက်မှတဆင့် ချက်ချင်း လွတ်မြောက်သွား၏။
သူမ၏ အရေပြားကို မပြောနှင့် အဝတ်အစားကိုပင် မီးလောင်ကျွမ်းခြင်း မရှိချေ။ အကြောင်းမူကား သူမ၏ အရှိန်က တကယ် မြန်ဆန်လှသလို ခန္ဓာကိုယ် ဟန်ချက်ကလည်း တကယ့်ကို တိကျလွန်း သောကြောင့်ဖြစ်သည်။ ဤအမျိုးသမီး၏ သိုင်းပညာက အမှန်တကယ် မြင့်မားလွန်းလှသည်။
အပြင်သို့ ရောက်ရှိချိန်မှာတော့ နယ်စားကြီး ဒီဘိုရာက ဆို၏။ “ကျွန်မ အသနားခံပါရစေ။ ဒီတံခါးကို ပြန်ပြီး ပိတ်ပေးလို့ ရမလား။ ဒါက ရော့ဆိုမိသားစုရဲ့ ရာစုနှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ရတနာတွေပဲ။ တခြားသူတွေမြင်ရင် အကုန်လုံးကို လုယက်လိမ့်မယ်။”
မင်းသမီးဒိုဟာက တစ်ချက် လှမ်းကြည့်၏။ ပြီးနောက် ခေါင်းညိတ်လိုက်သည်။
အမေဇုန် အမျိုးသမီး စစ်သည်တော် တစ်ဦးက သံတံခါးတစ်ခုကို ရှာဖွေ၏။ ထိုအရာက ခြေဖဝါး တစ်ဝက်ခန့် မထူသော်လည်း လက်မဝက်ခန့်တော့ ထူ၏။ သူမက ထိုတံခါးချပ်ကို ဘဏ္ဍာတိုက် တံခါးဝ၏ အပေါက်တွင် ကပ်၏။ ပြီးနောက် သာမိုက် အနည်းငယ်ကို မီးမြှိုက်၏။
စင်တီဂရိတ် ဒီဂရီ ၂၆၀၀ ခန့်ရှိသည့် မြင့်မားသည့် အပူချိန်က ထိုသံတံခါးချပ်ကို အရည်ပျော်စေပြီး ဘဏ္ဍာတိုက်၏ သံတံခါးနှင့် တစ်ထပ်တည်း ကပ်ညီသွားစေ၏။ ဂဟေဆော်သကဲ့သို့ပင်။ ဤသို့နှင့် ဘဏ္ဍာတိုက် တံခါးကြီးကို ခိုင်ခံ့စွာ ပြန်လည် ပိတ်ဆို့နိုင်ခဲ့၏။ ပြီးနောက် ထိပ်တန်း အမေဇုန် စစ်သည်တော် တစ်ဒါဇင်ခန့်တို့က နယ်စားကြီး ဒီဘိုရာကို ဝိုင်းရံထားသည်။
မင်းသမီးဒိုဟာက မေးလိုက်၏။ “ခုခံပြီးတော့မှ အဖမ်းခံမှာလား။ ဒါမှမဟုတ် တိုက်ရိုက် အဖမ်းခံမလား။”
ထိုသို့ဆိုပြီး သူမက နယ်စားကြီးဒီဘိုရာထံသို့ ဓားတစ်လက်ကို ပစ်ပေးလိုက်သည်။ “ရှင်က သိုင်းပညာ အဆင့်အတန်း မြင့်မားတယ်ဆိုတာ သိတယ်။ ရှင့်ရဲ့ သွေးမျိုးဆက်က မြို့စားကြီး အော်စတင် ထက်တောင် ပိုပြီးတော့ မြင့်မားနေသေးတာပဲ။”
မင်းသမီးဒိုဟာက ဆက်လက်ကာ ပြော၏။ “ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက စုန်းအင်ပါယာကို ရှင် စစ်တပ်တွေ ဦးဆောင်ပြီး တိုက်ခိုက်တုန်းက ရှင်က အနိုင်မရနိုင်တဲ့ လူတစ်ယောက်လို ဖြစ်ခဲ့တာပဲ။ ရှင့်ရဲ့ သိုင်းပညာက ကျွန်မနဲ့တန်းတူ ရှိလိမ့်မယ်။ ဒါမှမဟုတ် နည်းနည်း ပိုပြီး အားကောင်းရင် ကောင်းလိမ့်မယ်။ ဒီတော့ တိုက်ခိုက်ရေးစွမ်းအင်က အဆင့်တစ်ခု ရောက်သွားပြီဆိုရင် အရမ်း အစွမ်းထက်မှာပဲ။ တိုက်ခိုက်ချင်လား။”
မင်းသမီးဒိုဟာက ခန္ဓာကိုယ်နှင့် ဦးနှောက်ပိုင်းတွင် သန်မာသော်လည်း အတွင်းအားချီ မရှိချေ။ သို့သော်ငြား သူမက ယခုနှစ်တွင် အသက် ၂၅ နှစ်သာ ရှိသေးသောကြောင့် ငယ်ရွယ်နုပျိုနေဆဲ ဖြစ်၏။ အမေဇုန် အမျိုးသမီး စစ်သည်တော်များ၏ ပျှမ်းမျှခွန်အားက အလွန်ပဲ ကြီးမားပြီး တစ်ဦးချင်းစီတိုင်းကလည်း အံ့အာသင့်ဖွယ်ရာ ကောင်းသည့် တိုက်ခိုက်ရေး စွမ်းရည်များ ရှိကြ၏။
နယ်စားကြီး ဒီဘိုရာက သူမ၏ လက်ထဲတွင်ရှိသော လခြမ်းကွေး ဓားတစ်လက်ကို ဆုပ်ကိုင်ပြီး အတွင်းအားများကို စုစည်း၏။ ထိုအခါမှာတော့ ဓားဦးဖျားတွင် အလင်းတန်းများ ထွက်ပေါ်လာ၏။ ဤအမျိုးသမီး၏ အတွင်းအားက တကယ့်ကို ကောင်းလွန်းလှချေသည်။
“ထားလိုက်ပါတော့။” နယ်စားကြီး ဒီဘိုရာက လက်ထဲရှိ ဓားကို ပစ်ချ၏။ သူမ၏ သိုင်းပညာက တကယ့်ကို အားကောင်းသော်လည်း ထိပ်တန်း အမေဇုန် စစ်သည်တော် တစ်ဒါဇင်ကျော်တို့ကို အနိုင်ယူနိုင်ပါ့မည်လား။
“ကျွန်မ ရှင်တို့ကို ပြောစရာ ရှိတယ်။ နှစ်ခုပဲ။”
နယ်စားကြီး ဒီဘိုရာက ဆို၏။ “ပထမတစ်ခုက ရှင်တို့ ကျွန်မကို ဖမ်းနိုင်ခဲ့ရင်တောင်မှ ဒီကနေ လွတ်မြောက်သွားမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်မရဲ့အိမ်တော်ကို စစ်သည် ထောင်ပေါင်းများစွာက ဝိုင်းထားပြီးပြီ။ ရှင်တို့ လူ ၁၀၀ က လူ ၁၀၀၀ ကို အနိုင်မတိုက်နိုင်ဘူး။ ဒုတိယအချက်ကတော့ ရှင်တို့ သစ္စာခံနေတဲ့ အရှေ့တိုင်းသား ရှမ့်လန်က အခုချိန်ဆို သေနေလောက်ပြီ။”
မင်းသမီးဒိုဟာက ထိုစကားကို လျစ်လျူရှုထားသည်။
“ဪ... ဟုတ်လား။” ပြီးနောက် သူမက ဆေးထိုးအပ်တစ်ခုကို ယူကာဖြင့် နယ်စားကြီး ဒီဘိုရာဆီ လျှောက်လှမ်းလာခဲ့၏။
“ရှင် ခုခံမှာလား။ ဒီလိုဆိုရင်တော့ ကျွန်မတို့က ရှင်ကို အပြီးအပြတ် နှိမ်နင်းရမယ်။ ရှင့်ရဲ့ ခြေလက်တွေကို ချိုးပစ်ပြီးမှ ဒီဆေးကို ထိုးရလိမ့်မယ်။ ဒါမှမဟုတ် မခုခံဘဲနဲ့ ထိုးခံမှာလား။” မင်းသမီးဒိုဟာက မေးမြန်းသည်။
ဒီဘိုရာက ပြန်လည်ကာ မေးခွန်းထုတ်၏။ “ဒါက ဘာတွေလဲ။ ဘာဖြစ်လာမှာလဲ။”
မင်းသမီးဒိုဟာက ရှင်းပြ၏။ “အစွမ်းထက်တဲ့ မေ့ဆေးတစ်မျိုးပဲ။ ဆေးထိုးပြီးသွားရင် ရှင်က တစ်ရက်လောက် လုံးဝ မလှုပ်မယှက်ဘဲ ဖြစ်သွားလိမ့်မယ်။ ရှင့်ရဲ့ ခန္ဓာကိုယ် ဒါမှမဟုတ် စွမ်းအင်တွေက မထိခိုက်စေဘူး။ ဘေးထွက်ဆိုးကျိုးလည်း မရှိဘူး။”
ဒီဘိုရာက မေးမြန်းလိုက်သည်။ “သေချာလို့လား။”
မင်းသမီးဒိုဟာက တည်ငြိမ်စွာဖြင့် ပြန်ပြော၏။ “အမေဇုန်တွေက ဘယ်တော့မှ မုသားစကား မပြောဘူး။”
“ကောင်းပြီ... ဒီလိုဆိုရင်လည်း လုပ်လိုက်တော့။” ဒီဘိုရာက ပြောလိုက်သည်။
မင်းသမီးဒိုဟာက ရှေ့ဆီသို့ တိုး၏။ ဒီဘိုရာ၏ လက်ကောက်ဝတ်ကို ဆေးထိုး၏။ ချက်ချင်းပဲ နယ်စားကြီး ဒီဘိုရာ၏ ခန္ဓာကိုယ်တစ်ခုလုံးက မလှုပ်မယှက်နှင့် သတိလစ် မေ့မြောသွား၏။ အမေဇုန် အမျိုးသမီး စစ်သည်တော်တစ်ဦး က သူမ၏ စွဲဆောင်မှုရှိသည့် ကိုယ်လုံးကို မကာဖြင့် သယ်ဆောင်သွားခဲ့၏။
“နယ်စားကြီးကို ကာကွယ်ကြ။ အားလုံးပဲ ကာကွယ်ကြ။”
မင်းသမီးဒိုဟာနှင့် တခြားသောသူများက မြေပြင်ပေါ် ပြန်လည်ရောက်ရှိချိန်မှာတော့ တိုက်ပွဲက တကယ့်ကို ပြင်းထန်နေ၏။ စစ်သည်တော် သောင်းနှင့်ချီ၍ နယ်စားကြီး၏ နန်းတော်အတွင်းသို့ တိုးဝင်ခဲ့ကြပြီး အမေဇုန် အမျိုးသမီး စစ်သည်တော် ၁၀၀ ကျော်ကို ဝန်းရံထားသည်။
ထိပ်တန်း အမေဇုန် စစ်သည်တော် ၁၀၀ ကျော်တို့က ဘုရားကျောင်းဝင်းတွင်းသို့ ဆုတ်ခွာခဲ့ကြပြီး အပြင်ဘက်ဝင်းထဲတွင်တော့ အလောင်းပေါင်းများစွာ ပြန့်ကျဲနေ၏။ အပြင်ဘက်တွင် သခင်ကြီးပိုင်တင်က ထောင်နှင့်ချီသည့် ကျွမ်းကျင်စစ်သည်များကို ဦးဆောင်ကာဖြင့် ရဲရဲနီနေသည့် ဘုရားကျောင်းဝင်း တစ်ခုလုံး ကို ရေတစ်ပေါက်မျှ မယိုစိမ့်နိုင်အောင် တင်းကျပ်စွာ ဝန်းရံထား၏။ အပြင်ဘက်တွင် စစ်သည်တော် သောင်းနှင့်ချီက ရှိနေသေး၏။