အခန်း (၈၅၉-၈၆၀)
Vol. 52 Ch. 859-860
အပိုင်း (၈၅၉)
“ဒါဆိုရင် ကျွန်မတို့ရဲ့ မင်္ဂလာပွဲက လိုက်ဖက်ညီသွားပြီ။”
ဒီဘိုရာက ပြောလိုက်သည်။ “မြောက်ပိုင်းက တော်ဝင်မျိုးနွယ်တွေက ဟယ်လင်ဘုရင်မကို သစ္စာဖောက်လို့ ခေါ်ကြပေမဲ့ ဘယ်သူကမှ သူ့ရဲ့ တရားဝင်မှုကို မငြင်းဆန်နိုင်ကြဘူး။ ရှီလွန်မင်းဆက်ရဲ့ သမိုင်းစာအုပ်တွေနဲ့ မိသားစုအားလုံးက ဟယ်လင်ဘုရင်မရဲ့ တရားဝင်မှုကို အတိအကျ အသိအမှတ်ပြုထားတယ်။ ပြီးတော့ သူ အုပ်စိုးခဲ့တဲ့ သမိုင်းကြောင်းကိုလည်း အသေးစိတ် ရေးသားထားတယ်။
ကျွန်မတို့ ရော့ဆိုမိသားစုရဲ့ ပိုင်နက်နယ်မြေက တောင်ဘက်ပိုင်းမှာ ရှိပေမဲ့ ကျွန်မက မြောက်ပိုင်းက စစ်မှန်တဲ့ တော်ဝင်မျိုးနွယ် တစ်ယောက်ပဲ။ ဟယ်လင်ဘုရင်မအပေါ် ကျွန်မက ဘာခံစားချက်ကောင်းမှ မရှိသလို လူမျိုးပေါင်းစုံ လက်ခံတဲ့ သူ့ရဲ့ မူဝါဒကိုလည်း အရမ်းရွံရှာခဲ့တယ်။ ဒါပေမဲ့ တော်ဝင်မျိုးနွယ်တွေ အတွက် အကျိုးစီးပွားက အရေးကြီးဆုံးပဲ။ ဒီတော့ ကျွန်မတို့ရဲ့ ကိုယ်ပိုင်အကြိုက်နဲ့ အမုန်း... ဒီအရာတွေက ဘာမှ အရေးမပါတော့ဘူး။”
ရှမ့်လန်က ပြောလိုက်၏။ “စုန်းအင်ပါယာ တောင်ပိုင်းတစ်ခုလုံးကို ဝင်ရောက် စီးနင်းတုန်းက မင်းက အပေါ်ယံမှာ ဘုရင်မ မီဒူဆာအပေါ် သစ္စာရှိတဲ့ပုံပြပြီး တိတ်တဆိတ်နဲ့ စစ်တပ်ကြီးတစ်ခုလုံးကို ဖွဲ့စည်းတယ်။ တောင်ပိုင်းကို ပြန်လည်သိမ်းပိုက်ဖို့ ကြိုးစားခဲ့တာကို ငါမြင်ခဲ့တယ်။ ဒါတွေအားလုံးက မင်းရဲ့ လုပ်ရပ်တွေပဲ မင်းရဲ့ မောင်အရင်းက စုန်းအင်ပါယာရဲ့ အမိန့်တော်အောက်မှာ ဒူးထောက်ခဲ့ပေမဲ့ နောက်ပိုင်းမှာ မင်းသူ့ကို သတ်ပစ်ခဲ့တယ်မလား။”
“အရှင်ရှမ့်လန်... ရှင် ကျွန်မကို အပြစ်တင်နေတာလား။” ဒီဘိုရာက မေးသည်။
“ဟုတ်တာပေါ့”
ရှမ့်လန်က ပြော၏။ “ဒါပေမဲ့ အခု ငါသဘောပေါက် လိုက်တာက မင်းက တာလွန်နဲ့ သခင်ကြီး ပိုင်တင်တို့အပေါ် ကောင်းမွန်တယ်။ မင်း သူတို့ကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဂရုစိုက်တယ်။”
ဒီဘိုရာက ပြောလိုက်သည်။ “ကျွန်မ မောင်က အမှိုက်ကောင်ပဲ။ လုံးဝ လူယုတ်မာတစ်ယောက်ပဲ။ အင်း... တောင်းပန်ပါတယ် အရှင်ရှမ့်လန်။ ကျွန်မ ရှင့်ကို ဆဲနေတာ မဟုတ်ဘူး။ ရှင်ကလည်း အမှိုက်ကောင်နဲ့ လူယုတ်မာ ဖြစ်တယ်ဆိုပေမဲ့ သူကတော့ ပိုပြီးနိမ့်ကျတဲ့ အမှိုက်ကောင်နဲ့ လူယုတ်မာပါ။ မဟုတ်သေးပါဘူး။ ရှင်လည်း တူတူပါပဲ။ တောင်းပန်ပါတယ်။ ဒါနဲ့ ကျွန်မ ဘာဆက်ပြောရမလဲ မသိတော့ဘူး။”
ရှမ့်လန်က ပြင်ပေးလိုက်၏။ “သူက ရွံရှာစရာကောင်းတဲ့ အမှိုက်ကောင်နဲ့ လူယုတ်မာ၊ ငါကတော့ ဆွဲဆောင်မှုရှိတဲ့ အမှိုက်ကောင်နဲ့ လူယုတ်မာ၊ ရပြီလား။”
ဒီဘိုရာက ခဏမျှ တိတ်ဆိတ်သွား၏။ ပြီးနောက် ခေါင်းကို ညိတ်ကာ ပြောလိုက်သည်။ “ဒီစကားလုံးက နည်းနည်း ရွံစရာကောင်းတယ် ဆိုပေမဲ့ အမှန်ပါပဲ။”
ရှမ့်လန်က ပြောလိုက်၏။ “အဓိက အကြောင်းရင်းကို ပြန်သွားရအောင်။ မင်းက လူသားမဆန်တဲ့ လူတစ်ယောက် မဟုတ်ဘူးဆိုတာ ငါဝန်ခံတယ်။”
ဒီဘိုရာက ပြောသည်။ “ဟယ်လင်ဘုရင်မအကြောင်း ပြန်ပြောရအောင်။ မြောက်ပိုင်းမှာ သူ့ရဲ့ နာမည် ဂုဏ်သတင်းက မကောင်းသလို သမိုင်းစာအုပ်ထဲမှာလည်း မကောင်းဘူး။ သူက ဒုတိယရှီလွန်အင်ပါယာ ပြိုလဲစေတဲ့ အဓိကတရားခံတစ်ယောက် ဖြစ်ပေမဲ့ တကယ်တမ်းမှာတော့ ကြီးမြတ်တဲ့ ဘုရင်မတစ်ပါးပဲ။ သူ့ရဲ့ နိုင်ငံရေး စွမ်းဆောင်ရည်တွေက ထူးခြားပြောင်မြောက်တယ်။
သူ့ရဲ့ အုပ်ချုပ်မှုကြောင့် ရှီလွန်မင်းဆက်က တောင်ပိုင်းဒေသမှာ အကြီးအကျယ်ဖွံ့ဖြိုး တိုးတက်လာခဲ့တယ်။ သူက ဒုတိယရှီလွန်အင်ပါယာ ပြိုလဲအောင် လုပ်ခဲ့ပေမဲ့ ရှီလွန်မင်းဆက်ကတော့ ပိုပြီး အင်အားကြီးမားလာ ခဲ့တယ်။ အဲဒီ နောက်ပိုင်းရဲ့ ယုတ္တိဗေဒကို ရှင် နားလည်နိုင်မလား မသိဘူး။”
ရှမ့်လန်ကတော့ သေချာပေါက် နားလည်၏။ ဤသည်က ဆွေမင်းဆက်နှင့် ထန်မင်းဆက်တို့ကြား ဆက်ဆံရေးနှင့် ဆင်တူ၏။ အတိုင်းအတာတစ်ခုထိ ဤမင်းဆက်နှစ်ခုက မြစ်ဖျားခံရာ အရင်းမြစ် တူညီကြ၏။
ရှီလွန်မင်းဆက်ကတော့ အနည်းငယ် ကွာခြား၏။ ဒုတိယအင်ပါယာ ပြိုလဲရခြင်းက မြောက်ပိုင်းနှင့် တောင်ပိုင်း ထိပ်တိုက်တွေ့မှုကြောင့် ဖြစ်၏။ ထို့အပြင် ထီးနန်းဆက်ခံရန် သင့်တော်သည့်သူ မရှိခြင်းကြောင့် မင်းဆက် တစ်ခုလုံးက အပိုင်းပိုင်းအစစ ပြိုကွဲခဲ့၏။ သို့သော်ငြား နိုင်ငံ၏ အင်အားက တောင့်တင်းနေဆဲပင်။
ထို့အပြင် ရှီလွန်မင်းဆက်က အာဏာရထားသည်မှာ ကြာမြင့်လာပြီ ဖြစ်၏။ နောက်ဆုံးမျိုးဆက် ဧကရာဇ် အနည်းငယ်က တိုင်းပြည်နှင့် ပြည်သူလူထုအပေါ် ဘေးဒုက္ခ မရောက်စေခဲ့သဖြင့် လူကြိုက်များနေဆဲ ဖြစ်၏။ မင်းဆက်တစ်ခုလုံးတွင် စည်းလုံးညီညွတ်မှု အားကောင်း၏။ ဒုတိယအင်ပါယာ ပြိုလဲပြီးနောက် ကြီးမားသည့် ပြည်တွင်းစစ်ဟူ၍ ဖြစ်ပွားခဲ့ခြင်း မရှိချေ။
“ရှီလွန်မင်းဆက် တစ်ခုလုံးရဲ့ တော်ဝင်မျိုးနွယ်တွေက ဟယ်လင်ဘုရင်မကို ဘယ်လောက်ပဲ ရန်လိုနေပါစေ၊ ဘယ်သူကမှ ဟယ်လင်မင်းသမီးရဲ့ သွေးသားတော်စပ်မှုကို မငြင်းနိုင်ဘူး။ အကယ်၍ သူကသာ ပြန်လာခဲ့မယ် ဆိုရင်တော့ ထီးနန်းဆက်ခံခွင့်မှာ ထိပ်ဆုံးလေးယောက်စာရင်းထဲ သေချာပေါက် ဝင်လိမ့်မယ်။ ပြီးတော့ တောင်ပိုင်းက မြို့ပြနိုင်ငံတွေနဲ့ ပြည်နယ်အများစုက သူ့ကို ထောက်ခံကြလိမ့်မယ်။”
အထူးသဖြင့် လူဦးရေ ၈၀ ရာခိုင်နှုန်း ရှိတဲ့ ဗီတာမျိုးနွယ်စုက ဟယ်လင်မင်းသမီးကို အစွမ်းကုန် ထောက်ခံကြ လိမ့်မယ်။ ဆော်ရွှန်မင်းသား ထီးနန်းဆက်ခံပြီးတာနဲ့ တောင်ပိုင်းဒေသကို နှစ်သိမ့်ဖို့ ဟယ်လင်မင်းသမီးကို အင်ပါယာရဲ့ အုပ်ချုပ်သူ မင်းသမီးဘွဲ့ သေချာပေါက် အပ်နှင်းရလိမ့်မယ်။ သူက ဒုတိယ ဧကရာဇ်မတောင် ဖြစ်လာနိုင်တယ်။”
အနောက်တိုင်းသားတွေက တကယ်ပင် ဆော့ကစားတတ်ကြ၏။ သူတို့၌ ဒုတိယဧကရာဇ်မတောင် ရှိလိုက် သေး၏။ ယခင်က ဗြိတိသျှအင်ပါယာလိုပင်။ ထိုအရာကို ကြားသည့်အချိန်မှာတော့ ရှမ့်လန်က မပြုံးဘဲ မနေနိုင်တော့ချေ။
ဘုရင်မမီဒူဆာ အနေနှင့် သေလျှင်သေ၊ မသေလျှင် ဒူးထောက်နာခံပြီး သူ၏ဧကရီမ ဖြစ်လာရလိမ့်မည်ဟု ဆော်ရွှန်မင်းသားက ပြောခဲ့ဖူး၏။ ရိုးရိုးရှင်းရှင်း ပြောရလျှင် ဆော်ရွှန်မင်းသားက သူ၏ ရင်ထဲမှ ရန်သူဖြစ်၏။ ထို့အပြင် သူက ကျောက်စိမ်းဖြူမြို့ နှင့် အလွန် နီးစပ်သည့် ဆက်ဆံရေးရှိပြီး ကျောက်စိမ်းဖြူမြို့က တကယ့်ကို ထူးခြား အစွမ်းထက်၏။ အမေဇုန်နိုင်ငံပျက်စီးမှု၌ ပြောမရနိုင်သည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သေး၏။
ထို့အပြင် ဟယ်လင်က ရှီလွန်မင်းဆက်၏ ဧကရာဇ် မဖြစ်နိုင်ဘူးဟု မည်သူပြောသနည်း။
“ဆော်ရွှန်က ဟယ်လင့်ကို လက်ခံနိုင်ပါ့မလား။” ရှမ့်လန်က မေးလိုက်သည်။
ဒီဘိုရာက ပြောလိုက်၏။ “မင်းသား ဆော်ရွှန်ရဲ့ သဘောထားကြီးမြတ်မှုကို ရှင်လျှော့မတွက်သင့်ဘူး။ သူက တကယ့်ကို သူ့ခေတ်သူ့အခါရဲ့ သူရဲကောင်းတစ်ယောက်ပဲ။ သူ့မှာ အရမ်းမြင့်မားတဲ့ ရည်မှန်းချက်တွေ ရှိတယ်။ ထီးနန်းတက်ဖို့လောက်ပဲ ရည်ရွယ်တာ မဟုတ်ဘူး။ အရှင်ရှမ့်လန်... ရှင့်မျက်နှာက ဘယ်လိုဖြစ်ရတာလဲ။ ကျွန်မ တခြားယောက်ျားတွေကို ချီးကျူးတာ မကြိုက်ဘူးလား။”
“မင်း ဘယ်လိုထင်လို့လဲ။” ရှမ့်လန်က မေးသည်။
ဒီဘိုရာက ပြောလိုက်၏။ “ဒါပေမဲ့ ဒါက အမှန်တရားပါပဲ။”
“ဘာအမှန်တရားလဲ။”
ရှမ့်လန်က ပြောသည်။ “ဒီအမှန်တရားကို မင်းပြောခွင့် မရှိဘူးလေ။”
“ကောင်းပါပြီ။ ကျွန်မ မပြောတော့ပါဘူး။”
ဒီဘိုရာက ပြော၏။ “ဒါပေမဲ့ အကျိုးအကြောင်း ပြောရမယ်ဆိုရင် ဟယ်လင်မင်းသမီးက မွေးရာပါ တော်ဝင်မျိုးနွယ်ပဲ။ သူ့ရဲ့မောင်တစ်ယောက်အနေနဲ့ ရှင်က ဟယ်လင်ဘုရင်မရဲ့ သွေးမပါပေမဲ့ ဟယ်လင်မင်းသမီးရဲ့ မောင်ဖြစ်နေတဲ့အတွက် ရှင့်ကို အင်ပါယာရဲ့ မြို့စားအရာ သေချာပေါက် ပေးအပ်ခံရလိမ့်မယ်။
ဒါကြောင့် ကျွန်မတို့ နှစ်ယောက်က တကယ့်ကို လိုက်ဖက်ညီပါတယ်။ ဒီလိုနည်းနဲ့ ကျွန်မ ရှင့်ကို လက်ထပ်လိုက်တာက ရှီလွန်မင်းဆက်ရဲ့ အရှုပ်တော်ပုံတစ်ခု မဟုတ်တော့ဘူး ကျွန်မရဲ့ နယ်စားပယ်စားတွေ ကလည်း ရှင့်ရဲ့ ဖြစ်တည်မှုကို လက်ခံနိုင်လိမ့်မယ်။”
ရှမ့်လန်က အံ့အားသင့်သွားသည်။ “ဒါဆိုရင် မင်းဘာပြောချင်တာလဲ။”
ဒီဘိုရာက ပြော၏။ “အနာဂတ် အင်ပါယာရဲ့ ဒုတိယအုပ်ချုပ်သူ ဟယ်လင်မင်းသမီးကို သွားတွေ့ဖို့ ကျွန်မ ရှင်နဲ့အတူ လိုက်ချင်တယ်။ ပြီးတော့ ကျွန်မတို့ ရှီလွန်နေပြည်တော်ကို အတူတူသွားပြီး တတိယမြောက် ရှီလွန်အင်ပါယာ ထူထောင်မှုကို အရှိန်မြှင့်တင်ရမယ်။”
ရှမ့်လန်က ပြုံး၏။ ပြီးနောက် ဒီဘိုရာကို ကြည့်လိုက်သည်။ ဤအမျိုးသမီးက တကယ့်ကို နိုင်ငံရေး သတ္တဝါတစ်ကောင် ကဲ့သို့ပင်။ ကိစ္စတစ်ခုခု ရှိသည်ဆိုလျှင် သူမ၏ ပထမဦးဆုံး တုံ့ပြန်မှုက နိုင်ငံရေးရာ အကျိုးကျေးဇူးပင်။
“ဒီလိုဆိုရင် ကျွန်မရဲ့ တောင်ပိုင်းနယ်စပ် အစောင့်အရှောက်ရာထူးကိုလည်း ထိန်းသိမ်းထားနိုင်လိမ့်မယ်။” ဒီဘိုရာက လေးလေးနက်နက်ဖြင့် ပြော၏။
ရှမ့်လန်က ကြောင်အသွားပြီး စကားမပြောနိုင်သလိုပင် ဖြစ်လို့နေသည်။
“ဘာဖြစ်လို့လဲ။ ကျွန်မ ဒီလိုတွေးတာ ပုံမှန် မဟုတ်ဘူးလား။ ရှင်လည်း အရှေ့တိုင်းလောကက တော်ဝင်မျိုးနွယ် တစ်ယောက် ဖြစ်တယ်။ ရှင် ကျွန်မရဲ့အတွေးကို နားလည်သင့်တယ်။”
ဒီဘိုရာက ပြော၏။ “စကားမစပ် ရှင်က အရှေ့တိုင်းလောကက တော်ဝင်မျိုးနွယ်တစ်ယောက် ဟုတ်တယ် မလား။”
ရှမ့်လန်က ပြောသည်။ “ငါ့ရဲ့ ဘွဲ့နာမည်ကို မင်းမကြားဖူးဘူးလား။ အနာဂတ် ဧကရာဇ်ပဲ။ ငါက မူလန်မြို့ကို ဧကရီမြို့တော်လို့ နာမည်ပေးထားတယ်။”
ဒီဘိုရာက ပြောစရာ စကားမဲ့သွား၏။ ‘ကလေးကစားစရာလို အရှေ့တိုင်းဧကရာဇ်ကို ကြည့်ပြီး ရှင်က တော်ဝင်မျိုးနွယ် ဟုတ်ရဲ့လားလို့တောင် ကျွန်မ သံသယဝင်မိတယ်။ အရှေ့တိုင်းလောကက မြို့နယ်တိုင်းမှာ ဧကရာဇ်တစ်ပါးစီ ရှိနေတာလားလို့တောင် သံသယဝင်မိတယ်။’
“အင်း..”
ရှမ့်လန်က ပြောသည်။ “ဟယ်လင်မင်းသမီးရဲ့ ဖခင်က အရှေ့တိုင်းသားပဲ။ သူက ငါ့ရဲ့အဖေလည်း ဖြစ်တယ်။ ဒီအရှေ့တိုင်းသားက ဘယ်သူလဲဆိုတာ မင်းသိလား။”
“ကျွန်မ မသိဘူး။”
ဒီဘိုရာက ပြော၏။ “ဟယ်လင်မင်းသမီးရဲ့ အဖေက အရှေ့တိုင်းသားဆိုတာတော့ လူတိုင်း သိတယ်။ ဒါပေမယ့် သူ ဘယ်သူလဲဆိုတာ အရေးမကြီးဘူး။ ဟယ်လင်ဘုရင်မရဲ့ မျိုးဆက်တွေက အရမ်းကို ပုန်ကန်တတ်တယ်ဆိုပေမဲ့ အရမ်းကို သည်းခံခွင့်လွတ်တတ်တယ်။ တခြားလူမျိုးတွေနဲ့ တစ်မျိုးမျိုး ပတ်သက် ဆက်နွယ်နေတာ သူတို့အတွက် ပုံမှန်ပါပဲ။ အင်း... တောင်းပန်ပါတယ်။ ကျွန်မရဲ့စကားက ရှင်တို့လူမျိုးတွေရဲ့ ခံစားချက်ကို ထိခိုက်မိစေရင်ပေါ့။”
ရှမ့်လန်က ပြောသည်။ “အရှေ့တိုင်းလောကရဲ့ သမိုင်းကြောင်းကို မင်းသိရဲ့လား။”
ဒီဘိုရာက ပြောလိုက်၏။ “ကျွန်မ အတိုင်းအတာတစ်ခုတော့ သိပါတယ်။”
ရှမ့်လန်က ပြောသည်။ “ငါ့အဖေရဲ့ နာမည်က ကျန်းလီတဲ့။”
ထိုအခါမှာတော့ ဒီဘိုရာက ကြောင်အသွား၏။ ပြီးနောက် ရှမ့်လန်ကို မယုံကြည်နိုင်သလို ကြည့်၏။ သူမက ကုတင်ပေါ်မှ ပြန်ဆင်းလာပြီး ရှမ့်လန်ကို ခေါင်းအစ ခြေအဆုံး ခဏကြာအောင် ကြည့်၏။ သူမက မျက်လုံးကို မှိတ်၏။ စတင် စဉ်းစား၏။ ပြီးနောက် မျက်လုံးပြန်ဖွင့်ပြီး ယုံကြည်ရန်ခက်နေဆဲပင်။
“ရှင်က လူလိမ်ပုံတော့ မပေါက်ဘူး။ ဒါပေမယ့် အရှင်ကျန်းလီရဲ့ မျိုးဆက်က ဆော်ရွှန်ဘုရင်ကြီးနဲ့ တူနေသင့်တယ် မဟုတ်လား။”
ဒီဘိုရာက ပြော၏။ “ရှင်က စိတ်သဘောထား သေးသိမ်တယ်။ အားနည်းတယ်။ ယုတ်မာတယ်။ အရှက်မရှိဘူး။ ဘယ်လိုဖြစ်ပြီး အရှင်ကျန်းလီရဲ့သား ဖြစ်နိုင်မှာလဲ။ အင်း... တောင်းပန်ပါတယ် အရှင်ရှမ့်လန်... ကျွန်မက ပွင့်လင်းသူတစ်ယောက်မို့ပါ။”
ရှမ့်လန်က ပခုံးတွန့်လိုက်၏။ ဘာပဲဖြစ်ဖြစ် သူက ကျင့်သားရနေလေပြီ။ ယခင်တုန်းကဆိုလျှင် သူက ထိုကဲ့သို့ ပြောဆိုမိလိမ့်လိမ့်မည်။ ‘ငါက ကျန်းလီရဲ့သား ဖြစ်ချင်တယ်လို့ မင်းထင်နေလား။ ငါသာ အဲဒီ ကျန်းလီသားဆိုတဲ့ အထောက်အထားမရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ရွှဲ့ပြည်နယ်မှာ အေးအေးဆေးဆေး နေနိုင်တယ်။ တော်ဝင်ရန်အင်ပါယာမှာတောင် နေနိုင်သေးတယ်။’
သို့ပေမည့် ယခုအချိန်မှာတော့ သူက ထိုစကားများကို ထုတ်ဖော်ပြောဆိုရန် စိတ်မပါတော့ချေ။ သို့သော်ငြား ဒီဘိုရာ၏လေသံကို နားထောင်ရသည်က သူမလည်း ကျန်းလီအကြောင်း ကြားဖူးပုံပင်။
“မင်းလည်း ကျန်းလီကို သိနေတာလား။” ရှမ့်လန်က မေး၏။
ဒီဘိုရာက စာအုပ်စင်ရှေ့ဆီသို့သွားပြီး စာအုပ်တစ်အုပ်ကို ဆွဲထုတ်၏။ ရှမ့်လန်က ကြည့်လိုက်၏။ “တုန့်လီ၏ ဒဏ္ဍာရီ” ဖြစ်ပြီး လက်တင်ဘာသာဖြင့် ရေးသားထားခြင်းပင်။ ပြီးနောက် သူမက နောက်ထပ် စာအုပ်တစ်အုပ်ကို ဆွဲထုတ်၏။ “တုန့်လီ၏ အချစ်ဇာတ်လမ်း” ထို့အပြင် ဤအရာကလည်း လက်တင်ဘာသာဖြင့် ရှိနေ၏။ ယဉ်ကျေးမှု ပြန့်ပွားခြင်းက မဆိုးလှချေ။
“ဒီစာအုပ်နှစ်အုပ်က ရှီလွန်မင်းဆက်မှာ အရမ်းလူကြိုက်များခဲ့တာလား။” ရှမ့်လန်က မေးသည်။
ဒီဘိုရာက ပြောလိုက်၏။ “ဘယ်တော်ဝင်မျိုးနွယ်မဆို ဖတ်ဖူးကြတယ်။ တစ်ခါမက ဖတ်ဖူးတယ်။ အရှင်ကျန်းလီ က မအောင်မြင်ဘဲ ကြမ်းကြမ်းတမ်းတမ်းနဲ့ ခက်ခက်ခဲခဲ သေဆုံးခဲ့ရတယ် ဆိုပေမယ့် သူ့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေက သူ့အတွက် ဂုဏ်ကျက်သရေတွေပါပဲ။”
“ဘာ ဂုဏ်ကျက်သရေလဲ။” ရှမ့်လန်က မေးမြန်းသည်။
“အရှေ့တိုင်းဧကရာဇ်ရဲ့ အရည်အချင်းတွေလေ။”
ဒီဘိုရာက ပြော၏။ “သူသာ ရုတ်တရက် ကွယ်လွန်မသွားဘူးဆိုရင် အရှေ့တိုင်းဧကရာဇ်က အရှင်ကျိမဟုတ်ဘဲ ကျန်း ဖြစ်နေလိမ့်မယ်လို့ ကျွန်မတို့အားလုံး ထင်မြင်မိတယ်။ ကျန်းလီသာ လောကကို အုပ်စိုးမယ်ဆိုရင် အဲဒါက ...”
ဒီဘိုရာက ဦးနှောက်ကို ခြောက်အောင်စဉ်းစားသော်လည်း သင့်လျော်သည့် စကားလုံးကို ရှာမတွေ့ချေ။
“သူ့ရဲ့ ရပ်တည်ချက်က အရမ်းကို ကောင်းတယ်။” ရှမ့်လန်က ပြောသည်။
“ဟုတ်တယ်။ သူက အရမ်းကောင်းတဲ့ ဧကရာဇ်တစ်ပါးပဲ။”
ဒီဘိုရာက ပြောလိုက်၏။ “ပြီးတော့ ရှီလွန်မင်းဆက်က တော်ဝင်မျိုးနွယ်အားလုံးက အရှင်ကျန်းလီသာ အရှေ့တိုင်းကို အုပ်စိုးမယ်ဆိုရင် အနောက်တိုင်းလောကနဲ့ အဆက်အသွယ် လုံးဝဖြတ်တောက်ပစ်မှာ မဟုတ်ဘူးလို့ ထင်ကြတယ်။ အနာဂတ်မှာ အရှေ့နဲ့အနောက်က စစ်ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာအတွင်း ပူးပေါင်းဆောင်ရွက်မှုက ကွဲလွဲမှုတွေထက် ပိုပြီးတော့ များမှာ သေချာတယ်။”
ဤအရာက အမှန်ပင်။ တိုင်းပြည်ကို လုံးဝပိတ်ဆို့ခဲ့သည်က အရှင်ကျိဖြစ်ပြီး အရှင်ကျန်းလီကတော့ လောကကြီးကို သူ၏ရင်ထဲတွင် ထည့်ထားသူပင်။ သို့ပေမည့် ရှီလွန်မင်းဆက်က အဆင့်မြင့်တော်ဝင်မျိုးနွယ် များ၏ စိတ်ထဲတွင် အရှင်ကျန်းလီက ဤမျှထိ ဂုဏ်သတင်းကြီးမားလိမ့်မည်ဟု ရှမ့်လန် မထင်ထားခဲ့ချေ။
“တကယ်တော့ တော်ဝင်ချန်အင်ပါယာက ရှီလွန်မင်းဆက်ဆီကို သံတမန်အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက ကျွန်မတို့ရဲ့ ဒုတိယအင်ပါယာက ပြိုကွဲနေပြီ။”
ဒီဘိုရာက ပြော၏။ “ဒါဆိုရင် ရှင် အနောက်တိုင်းလောကကို ထွက်ပြေးလာခဲ့တာက”
“ငါ တော်ဝင်ရန်အင်ပါယာရဲ့ လိုက်လံဖမ်းဆီးတာကို ခံရလို့ပဲ။”
ရှမ့်လန်က ပြောလိုက်သည်။ “ဒါကြောင့် ခြေရာဖျောက်ပြီး ထွက်ပြေးလာခဲ့တာ။ အရှေ့တိုင်း လောကတစ်ခုလုံး က ငါ့ကို လိုက်ဖမ်းနေကြတာပဲ။ မင်း ငါ့ကို လက်ထပ်ရဲသေးရဲ့လား။”
ဒီဘိုရာက ပြော၏။ “တော်ဝင်ရန်က တော်ဝင်ရန်ပဲ။ ရှီလွန်က ရှီလွန်ပဲ။ တော်ဝင်ရန်အင်ပါယာက ဘယ်လောက် အင်အားကြီးကြီး ရှီလွန်မင်းဆက်ကို လာပြီး ထိန်းချုပ်လို့ မရဘူး။”
ပြီးနောက် ဒီဘိုရာက ပြောလိုက်သည်။ “ဒါဆိုရင် ကျွန်မ ရှင့်ကို လက်ထပ်တုန်းက ဘာလို့ ရှင့် အထောက်အထားကို မပြောခဲ့တာလဲ။ ဒီလိုသာဆိုရင် ကျွန်မ ရှင့်ကို ယစ်ပူဇော်ခဲ့မှာ မဟုတ်ဘူး။ ကျွန်မ ဘယ်လောက် ရူးသွပ်နေတဲ့ လူတစ်ယောက်ဖြစ်စေ လူသားဧကရာဇ်ရဲ့ မျိုးဆက်ကိုတော့ ယစ်ပူဇော်ရဲမှာ မဟုတ်ဘူး။
ကောင်းကင်ဘုံ .... လူသားဧကရာဇ်ရဲ့ မျိုးဆက်တဲ့။ ရှီလွန်မျိုးဆက်တစ်ခုလုံးမှာ လူသားဧကရာဇ်ရဲ့ မျိုးဆက်တွေ သိပ်မရှိဘူး။ ကျွန်မတို့ ရော့ဆိုမိသားစုက နှစ်ပေါင်းရာချီ ကြိုးစားခဲ့ပေမယ့် ကျွန်မရဲ့ သွေးစီးဆင်းမှုကို မမြှင့်တင်နိုင်ခဲ့ဘူး။ ကျွန်မရဲ့သားကို ဘုရင်ဖြစ်စေဖို့အတွက် ဂုဏ်သိက္ခာမဲ့တဲ့ နည်းလမ်းတွေတောင် သုံးခဲ့ရသေးတယ်။ အခုတော့ ကျွန်မ နားမလည်နိုင်ဘဲနဲ့ အောင်မြင်သွားခဲ့ပြီ။ ကျွန်မတို့ရဲ့ ကလေးက မွေးရာပါ ဘုရင်ဖြစ်လာတော့မယ်။
စကားမစပ် ရှင်တို့ အရှေ့တိုင်းလောကမှာ ဘွဲ့ထူးဂုဏ်ထူးတွေ ပေးအပ်တဲ့ ဓလေ့မရှိဘူးလား။ ဒီအချက်ကို ပြောင်းလဲဖို့လိုတယ်။ ရှင်တို့ ကျွန်မတို့ ရှီလွန်မင်းဆက်ဆီကနေ ဒီကိစ္စကို သင်ယူသင့်တယ်။”
ဒီဘိုရာက မထင်မှတ်ဘဲ ရှင်းပြ၍မရနိုင်သည့် စိတ်လှုပ်ရှားမှုများဖြင့် ဂဏှာမငြိမ် ဖြစ်လို့နေ၏။
ရှမ့်လန်က တကယ်ပင် ဤကဲ့သို့ စိတ်လှုပ်ရှားမှုမျိုးကို နားမလည်နိုင်ချေ။ လူတွေဆိုသည်ကား ခွေးတွေမှ မဟုတ်ပေ။ အဘယ်ကြောင့် မျိုးရိုးသွေးသားကို ဤမျှလောက် ဂရုစိုက်နေကြသနည်း။ ခွေးဖြစ်လျှင်တောင် ဂရုစိုက်နေရန် မလိုအပ်ချေ။ မြန်မာခွေးများကလည်း ချစ်စရာကောင်းသည် မဟုတ်ပါလား။ ဆိုင်ကယ်မြင် လိုက်ကိုက်တတ်သည့် အကျင့်သာ ဆိုးသည်။
“အဲဒီတုန်းက ငါပြောခဲ့ရင် မင်းယုံမှာမို့လို့လား။” ရှမ့်လန်က မေးလိုက်၏။
ဒီဘိုရာက ကြောင်သွားသည်။ “တကယ်တော့ ကျွန်မ အခုထိ မယုံနိုင်သေးဘူး။ လူသားဧကရာဇ်ရဲ့ သားက ဒီလောက်တောင် ကောက်ကျစ်စဉ်းလဲနိုင်ပါ့မလားပေါ့။”
အပိုင်း (၈၆၀)
ရှမ့်လန်က ပြော၏။ “မင်းတောင် ဒီလောက် ယုတ်မာနိုင်သေးတာပဲ။ ငါက ဘာလို့ မကောက်ကျစ်နိုင်ရမှာလဲ။”
“ဟုတ်လား။”
အချိန်ခဏကြာပြီးနောက် ဒီဘိုရာက သူမ၏ စိတ်လှုပ်ရှားမှုများကို ငြိမ်သက်အောင် ပြုလုပ်ကာ ရှမ့်လန်ကို ကြည့်၏။ “ရှင် အခုလုပ်နေတာတွေ အားလုံးက အနောက်တိုင်းလောကမှာ ခြေကုပ်ယူချင်လို့ မဟုတ်ဘဲ အရှေ့တိုင်းလောကကို ပြန်လည်တိုက်ခိုက်ဖို့အတွက်လား။ ရှင့်ရဲ့ ထီးနန်းကို ပြန်လည်ယူဖို့လား။”
“မဟုတ်ဘူး။ ငါက ထီးနန်းတွေကို စိတ်မဝင်စားဘူး။”
ရှမ့်လန်က ပြောသည်။ “ငါက လက်စားချေချင်ရုံ သက်သက်ပဲ။ ငါ့ရဲ့ရန်သူတွေ အားလုံးကို သုတ်သင်ပစ်ချင်တယ်။ ငါ့ရဲ့ရန်သူတွေ အားလုံးကို သုတ်သင်ပစ်ချင်ပြီး ဒီလောကမှာ 'ရန်ငြိုး' ဆိုတာ မရှိအောင် လုပ်ချင်တယ်။ 'ရန်သူ' ဆိုတာ မရှိအောင် လုပ်ချင်တယ်။”
“အဲဒါက ပိုတောင်ကောင်းသေးတယ်။”
ဒီဘိုရာက ပြောလိုက်၏။ “ကျွန်မ ကိုယ်ဝန်ရရင် ရှင် ထွက်သွားလို့ရပြီ။ တကယ်လို့ ရှင်အောင်မြင်သွားရင် ကျွန်မသားက အရှေ့တိုင်းမင်းဆက်ရဲ့ မင်းသား ဖြစ်လာလိမ့်မယ်။ ရှင် ရှုံးသွားရင်တော့ ကျွန်မ ဘာမှမဆုံးရှုံးဘူး။”
ရှမ့်လန်က ပြောသည်။ “ငါရှုံးသွားရင် မင်းရဲ့ယောကျာ်း ရှုံးသွားမှာပေါ့။ ဒါ ဆုံးရှုံးမှု မဟုတ်ဘူးလား။”
“ကောင်းပြီလေ။ ဒါပေမဲ့ အဲဒါက ဆုံးရှုံးမှု သေးသေးလေးပါပဲ။”
ဒီဘိုရာက လေးလေးနက်နက် ပြော၏။ “ဒါပေမယ့် ကျေးဇူးပြုပြီး စိတ်ချ။ ကျွန်မ ရှင့်ပေါ်မှာ သစ္စာရှိပြီး မိန်းမတစ်ယောက်မှာ ရှိသင့်တဲ့ အကျင့်သီလမျိုးကို စောင့်ထိန်းပါ့မယ်။”
ရှမ့်လန်က ထိုအချက်ကို လုံးဝယုံကြည်၏။ အဘယ်ကြောင့်ဆိုသော် ဤအမျိုးသမီးက ယောကျာ်း တစ်ယောက် နဲ့ အတူမနေခဲ့သည်မှာ ၇ နှစ်၊ ၈ နှစ်ခန့် ရှိပြီဖြစ်ပြီး ဤကိစ္စကို စိတ်မဝင်စားသောကြောင့်ပင်။ သူမက အာဏာကိုသာ မက်မောသည့် သတ္တဝါမျိုးပင်။
“ဒါအပြင် ပိုပြီးမြင့်မြတ်တဲ့ သွေးသားရှိတဲ့ တခြားယောကျာ်းတစ်ယောက်ကို ကျွန်မ ရှာတွေ့နိုင်မှာ မဟုတ်တော့ဘူး။”
ဒီဘိုရာက ပြော၏။ “ပြီးတော့ ဒီနည်းလမ်းနဲ့ ရှင် ကျွန်မရဲ့ ဘဏ္ဍာတိုက်ထဲက ရွှေတွေကို ယူသွားတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ဖို့ အကြောင်းပြချက် ရှာလို့ရတာပေါ့။ အရှေ့တိုင်းသား အင်ပါယာအပေါ် ကျွန်မ ရင်းနှီးမြှုပ်နှံလိုက်တယ်လို့ သဘောထားလိုက်မယ်။ ကျွန်မရဲ့ အနာဂတ် သားလေးအတွက် ရင်းနှီးမြှုပ်နှံမှုပေါ့။”
“နှုတ်ဆက်ပါတယ်။” ရှမ့်လန်က ပြောလိုက်သည်။
“နေပါအုံး။”
ဒီဘိုရာက ပြော၏။ “အနည်းဆုံး ကျွန်မ ပြန်ကောင်းသွားတဲ့အထိ စောင့်ပါအုံး။ ဟုတ်ပြီလား။ အနည်းဆုံးတော့ ကျွန်မ ပုန်ကန်သူတွေအားလုံးကို ကွပ်မျက်ပြီးတဲ့အထိ စောင့်ပါ။”
..................
မုဆိုးမဟေးလ်က ရှမ့်လန်၏ ချစ်သူပင်။ သူမက သိသိသာသာ ပိန်သွား၏။ ရေအကျဉ်းထောင်ထဲတွင် အချိန်ကြာမြင့်စွာ အကျဉ်းချခံထားရသောကြောင့် ရောဂါရနေ၏။ သူမက အဆုတ်ပိုးဝင်ခြင်းက ပြင်းထန် သော်လည်း ရှမ့်လန်က ပင်နီဆလင်ကို အသုံးပြု၍ ကုသပေးခဲ့သည်။
“အင်း... ကျုပ်စိတ်မကောင်းပါဘူး။” ရှမ့်လန်က ပြော၏။
“ကိစ္စမရှိပါဘူး။ လူတိုင်းက ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်အတွက် ပြန်ပြီး ပေးဆပ်ရတာပဲလေ။”
ဟေးလ်က ပြုံးကာ ပြောလိုက်သည်။ “ဂုဏ်ယူပါတယ် အရှင်ရှမ့်လန်... ရှင်က ပီကျင်းမြို့ရဲ့ တွဲဖက် အုပ်ချုပ်သူနဲ့ ဒီဘိုရာရဲ့ တရားဝင်ယောကျာ်း ဖြစ်လာခဲ့ပြီပဲ။”
ရှမ့်လန်က ရုတ်တရက် စကားမပြောနိုင်အောင် ဖြစ်နေ၏။
မုဆိုးမဟေးလ်က ရှမ့်လန်ကို အကြာကြီး စိုက်ကြည့်သည်။ “ရှင်က အရမ်းကို ဆွဲဆောင်မှုရှိတဲ့ ယောကျာ်းပါပဲ။ ဒီဘဝမှာ ရှင်နဲ့ကျွန်မ ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူး ထင်တယ်။ ပြီးတော့ ရှင်က ကျွန်မအပေါ် ဖျောက်ဖျက်လို့မရတဲ့ အမှတ်တရတစ်ခုကို ထားရစ်ခဲ့တယ်။ ဒါက ကျွန်မဘဝရဲ့ တန်ဖိုးရှိတဲ့ အမှတ်တရပါပဲ။ ကျွန်မ ဒါကို 'အချစ်' လို့ ခေါ်တယ်။ ဒါပေမယ့် အခု ကျွန်မတို့ရဲ့ ဆက်ဆံရေးကို အဆုံးသတ်ချင်တယ်။ အဆင်ပြေမလား။”
ရှမ့်လန်က ခဏလောက် တိတ်ဆိတ်သွား၏။ ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်၏။ “ရပါတယ်။ ရွှေဒင်္ဂါး နှစ်သိန်းခွဲကို ကျုပ် ခင်ဗျားဆီ ပြန်ပေးနိုင်ပါတယ်။ ပြီးတော့ တစ်နှစ်ကို အတိုး ၂၀ ရာခိုင်နှုန်းလည်း ပေးပါ့မယ်။”
“မဟုတ်ဘူး။ မဟုတ်ဘူး။ ခံစားချက်က ခံစားချက်၊ စီးပွားရေးက စီးပွားရေးပဲ။”
ဟေးလ်က ပြော၏။ “ရှင့်ရဲ့ ကြွေထည်လုပ်ငန်းမှာ ပြိုင်ဘက်တွေရှိလား။”
ရှမ့်လန်က ခေါင်းခါလျက် ပြောသည်။ “မရှိပါဘူး။”
ဟေးလ်က ပြော၏။ “အဲဒါက ကျွန်မရဲ့ သီးသန့်စီးပွားရေး ဖြစ်နေတုန်းပဲ။ မကြာခင် ကျွန်မလူတွေကို ရှင့်ကျွန်းဆီ လွှတ်ပြီး ကြွေတွေကို သယ်ခိုင်းမယ်။ ကျွန်မရဲ့ ရင်းနှီးမြှုပ်နှံမှုက အမြတ်ရမှ ရမယ်။ ပြီးတော့ ကျွန်မ တသက်လုံး ကြွေထည် စီးပွားရေးကို လုပ်သွားမယ်။”
ရှမ့်လန်က ပြောလိုက်သည်။ “အင်း... ကောင်းပါတယ်။”
ဟေးလ်က ပြော၏။ “ပြီးတော့ ကျွန်မရဲ့ ဆက်ဆံရေးကို အဆုံးသတ်လိုက်တာ ရှင့်ကို မချစ်လို့ မဟုတ်ဘဲနဲ့ ကျွန်မ ကြောက်လို့ဆိုတာ ပြောချင်တယ်။ ကျွန်မ ကြောက်လို့ပါ။ ရှင့်ရဲ့ ကစားကွက်တွေက အရမ်းကို ကြောက်ဖို့ကောင်းတယ်။ ကျွန်မ မတတ်နိုင်ပါဘူး။ ကျွန်မက သာမန်ကောင်မလေး တစ်ယောက်ပဲ။”
ရှမ့်လန်က ပြောသည်။ “အင်း... ကျုပ် နားလည်ပါတယ်။”
ဟေးလ်က ပြောလိုက်၏။ “ဒါဆိုရင် နှုတ်ဆက်ပါတယ်။”
“နှုတ်ဆက်ပါတယ် လှပတဲ့ ဟေးလ်ရေ။” ရှမ့်လန်က ပြောသည်။
ဟေးလ်က ပြောလိုက်၏။ “အနာဂတ်မှာ ကျွန်မတို့ ပြန်ဆုံကြအုံးမှာပါ။ ဒါပေမယ့် လွှဲပြောင်းရယူတာတွေကို ကျွန်မနဲ့ ရှင့်ရဲ့ လက်အောက်ငယ်သားတွေပဲ လုပ်ကြလိမ့်မယ်။ ကျွန်မတို့ရဲ့ အဆင့်အတန်းတွေက မတူညီတော့ဘူးရှင့်။”
ရှမ့်လန်က ပြောသည်။ “အရာအားလုံးက မင်းရဲ့သဘောပါပဲ။ လှပတဲ့ ဟေးလ်ရေ။”
ဟေးလ်က နောက်တစ်ခါ ပြောလိုက်၏။ “ဒီဆက်ဆံရေးကို မဖြတ်ခင်မှာ ကျွန်မတို့ နောက်ဆုံးအနေနဲ့ တစ်ကြိမ်လောက် လုပ်ကြအုံးမလား။”
ရှမ့်လန်က ပြောသည်။ “အင်း... သဘောကျပါတယ်။ အရာအားလုံး စတင်တဲ့အချိန်မှာ အမြှောက်တစ်ချက် ပစ်ကြသလိုပေါ့။ အဆုံးသတ်တဲ့ အချိန်မှာလည်း အမြှောက်တစ်ချက် ပစ်ရမယ်။ ဒါမှ ပြီးပြည့်စုံတဲ့ အဆုံးသတ်မှုမျိုး ဖြစ်မယ်။”
ပြီးနောက် သူတို့နှစ်ယောက်က ထပ်မံကာဖြင့် လူးလိမ့်လျက် ရှိနေ၏။ ဤအချိန်မှာတော့ မုဆိုးမဟေးလ်က သေဆုံးရတော့မည့် လူတစ်ယောက်ကဲ့သို့ပင် အထူးပြင်းပြနေခဲ့၏။ ရှမ့်လန် ထွက်ခွာသွားချိန်မှာတော့ သူမက ကုတင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းရင်း တသိမ့်သိမ့်နှင့် ငိုကြွေးနေခဲ့၏။
.........
သခင်ကြီးပိုင်တင်ကို ကယ်တင်ရန်အတွက် ရှမ့်လန်က တကယ်ပင် အစွမ်းကုန် ကြိုးစားခဲ့၏။ ပထမဦးဆုံး သူက ခွဲစိတ်မှု သုံးကြိမ် ပြုလုပ်ခဲ့၏။ ပြီးနောက် အန္တရာယ်ရှိသည့် အခြေအနေ ၂ ရပ် ဖြစ်ပေါ်လာသောကြောင့် နောက်ထပ် ခွဲစိတ်မှု ၂ ကြိမ်ကို ထပ်မံပြုလုပ်ခဲ့ရသေး၏။ သခင်ကြီး၏ အူလမ်းကြောင်း ၃ ပေကျော်ကို ဖြတ်ထုတ်ခဲ့ရပြီး ကိုယ်တွင်းအင်္ဂါ အချို့ကိုလည်း ဖယ်ရှားခဲ့ရသည်။
တကယ်တမ်း ဤလူ သေချာပေါက် သေလိမ့်မည်ဟု ရှမ့်လန်က ထင်မှတ်ခဲ့သည်။ တော်ရုံလူဆိုပါက ပနီစလင် ရှိလျှင်တောင်မှ ဤမျှလောက်ကြီးမားသည့် ခွဲစိတ်မှု အကြိမ်ကြိမ်ကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။ ခေတ်မီ ဆေးပညာနှင့် ဆိုလျှင်တောင် ဤမျှပြင်းထန်သည့်ဒဏ်ရာက သေစေနိုင်လောက်၏။ ဤသိုင်းဆရာကြီး ပြန်လည်အသက်ရှင်နိုင်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ ထိုသူ၏ ခန္ဓာကိုယ်က တကယ့်ကို သန်မာလွန်းလှချေ၏။
မျက်လုံးဖွင့်လိုက်သည့် အချိန်၌ ပထမဦးဆုံး မြင်ရသူက ရှမ့်လန် ဖြစ်နေ၏။ သူက ရုတ်တရက် ဇဝေဇဝါ ဖြစ်သွားမိသည်။
“ကျုပ် ဘာလို့ မသေသေးရတာလဲ။ ဘာလို့ မသေသေးရတာလဲ။”
ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျားရဲ့ ခန္ဓာကိုယ်က ကျုပ်ထင်ထားတာထက် အများကြီး ပိုပြီး သန်မာတယ်။ ကျုပ်လည်း ခင်ဗျားသေတော့မယ်ပဲ ထင်ခဲ့တာ။”
သူ၏သမီး စီစီက ဝမ်းသာလွန်းသောကြောင့် မျက်ရည်ကျနေ၏။ သူမက ပိုင်တင်၏ လက်ကို အသာ ဆုပ်ကိုင်ကာဖြင့် ပြောသည်။ “အရှင်ရှမ့်လန်က အဖေ့ကို ကယ်လိုက်တာ။ အစကနေ အဆုံးထိ သူအဖေ့ကို ကယ်ဖို့ နာရီပေါင်း ဆယ်ချီ အချိန်ပေးခဲ့ရတယ်။ သူက အဖေ့ကို ကယ်တင်ဖို့အတွက် နှိုင်းယှဉ်လို့ မရအောင် ထူးဆန်းအံ့ဩဖွယ်ကောင်းတဲ့ နည်းလမ်းကို အသုံးပြုခဲ့ရတယ်။ သမီး အပါအဝင် လူတိုင်းက အဖေ သေတော့မယ်လို့ ထင်ခဲ့တာ။ သူက ရွှေထက် အဆ ၁၀၀ လောက် တန်ဖိုးရှိတဲ့ ဆေးဝါးတွေ အများကြီးကို အဖေ့အပေါ် အသုံးပြုခဲ့တာပဲ။”
ပိုင်တင်က ရှမ့်လန်ကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်၏။ “ကျုပ်က မထိုက်တန်လှပါဘူး။”
ရှမ့်လန်က ပြောလိုက်သည်။ “ပထမဦးဆုံးအနေနဲ့ ကျုပ်က သမားတော်တစ်ယောက်ပါ။ ကျုပ်က သူရဲကောင်း မဟုတ်ပေမဲ့ သူရဲကောင်းတွေကို လေးစားတတ်ပါတယ်။”
ပိုင်တင်က ပြော၏။ “နယ်စားကြီး ဒီဘိုရာကော ဘယ်လိုနေလဲ။”
ရှမ့်လန်က ပြောလိုက်သည်။ “သူ ဘေးကင်းပြီးတော့ ပြန်ကောင်းခါနီးနေပါပြီ။ ဒါပေမဲ့ ခင်ဗျားကို ရောဂါကူးမှာ စိုးရိမ်လို့ လာမကြည့်တာပါ။”
ပိုင်တင်က မေး၏။ “ပုန်ကန်မှုကရော။”
ရှမ့်လန်က ပြောသည်။ “နှိမ်နင်းလိုက်ပါပြီ။”
ပိုင်တင်၏အကြည့်က ပိုမိုကာ ရှုပ်ထွေးသွား၏။ ဤသို့ဆိုလျှင် ပီကျင်းမြို့က ရှမ့်လန်၏ လက်ထဲ ရောက်ရှိသွားပြီပေါ့။ သူက နယ်စားကြီး ဒီဘိုရာ၏ ခင်ပွန်းဖြစ်လာတော့မည့် အာရှသားတစ်ယောက် ဖြစ်နေတုန်းပင်။
ထိုအချိန်မှာပဲ ဒီဘိုရာ၏ အသံက အပြင်ဘက်မှ ထွက်ပေါ်လာ၏။ သူမက အလုံးစုံနီးပါး ပြန်လည် ကောင်းမွန်နေပြီ ဖြစ်သော်လည်း ပိုင်တင်နှင့် တိုက်ရိုက်ထိတွေ့ရန် မရဲသေးချေ။ သူမက အပြင်ထွက်လျှင် တောင်မှ လုံခြုံစွာ တကိုယ်လုံးကို ပတ်စည်းထားပြီး ရွှေရောင်မျက်နှာဖုံးကို ဝတ်ဆင်ထားသေးသည်။ “ဆရာ... အရှင်ရှမ့်လန်က ဟယ်လင်မင်းသမီးရဲ့ အဖေတူအမေကွဲ မောင်ပါ။”
ထိုစကားကိုကြားချိန်မှာတော့ ပိုင်တင်က ရှမ့်လန်ကို မယုံကြည်နိုင်သလို ကြည့်၏။ သူက လုံးဝ တုန်လှုပ်နေ၏။ ဟယ်လင်မင်းသမီး၌ အရှေ့တိုင်းသွေးပါသည်ကို အနောက်တိုင်း လောကတစ်ခုလုံး သိကြသော်လည်း သူမ နှင့် ရှမ့်လန်တို့က ဖခင်အတူတူ ဖြစ်နေသည်လား။
ဒီဘိုရာက ပြော၏။ “ဒါကြောင့် အရှင်ရှမ့်လန်နဲ့ ကျွန်မရဲ့ မင်္ဂလာပွဲက ကောင်းကင်နတ်ဘုရားနဲ့ မီးနတ်ဘုရား တို့ရဲ့ ကာကွယ်စောင့်ရှောက်မှုအောက်မှာ ရှိနေပါတယ်။ ဆရာ ဖိအားတွေ အရမ်းကြီး များနေစရာ မလိုပါဘူး။ ပြီးတော့ ဆရာ့ရဲ့ ရင်ထဲမှာ ဟယ်လင်ဘုရင်မကို ကိုးကွယ်နေတုန်းပဲ မဟုတ်လား။”
ပိုင်တင်က ဒီဘိုရာနှင့် မတူချေ။ ဒီဘိုရာက စံပြမြောက်ပိုင်း တော်ဝင်မျိုးနွယ်ဖြစ်ပြီး၊ ပိုင်တင်မှာတော့ တောင်ပိုင်း တော်ဝင်မျိုးနွယ်တစ်ဦး ဖြစ်၏။ သူက ဟယ်လင်ဘုရင်မ၏ လူမျိုးပေါင်းစုံ လက်ခံသည့် မူဝါဒကို သဘောတူညီပြီး သူ၏ခန္ဓာကိုယ်ထဲတွင်လည်း ဗီတာလူမျိုးများ၏ သွေးပင် ရှိနေသေး၏။ အကယ်၍ ဤသို့သာဆိုလျှင် အခြေအနေက လုံးဝ ပြီးပြည့်စုံသွားခဲ့ပြီ ဖြစ်သည်။
ဟယ်လင်မင်းသမီးက အင်ပါယာ၏ တောင်ပိုင်း အုပ်ချုပ်သူ ဖြစ်လာမှာဖြစ်ပြီး ရှမ့်လန်က ဟယ်လင်မင်းသမီး၏ မောင်တော်။ သူနှင့် နယ်စားကြီးဒီဘိုရာတို့က ကောင်းကင်ပေါ်က ဖန်ဆင်း ပေးထားသည့် ဖူးစာဖက်တွေဟု ပြော၍ ရ၏။ ဒီဘိုရာက သူ၏ အရှင်သခင် ဖြစ်သော်လည်း ဟယ်လင်ဘုရင်မ ၏ သွေးသားမျိုးဆက်က သူ့ထက်မြင့်သည့် ခေါင်းဆောင် ဖြစ်၏။
“ပိုင်တင်က အရှင့်ကို ဂါရဝပြုပါတယ်။” ပိုင်တင်က ရှမ့်လန်ကို စိတ်အားထက်သန်စွာဖြင့် ပြောသည်။
တကယ်တော့ ရှမ့်လန်က အနည်းငယ် အကူအညီမဲ့သလို ခံစားနေရ၏။ ဤလောကကြီးက တကယ့်ကို မတရားချေ။ အရှေ့တိုင်းလောကက ဤသို့ဖြစ်နေပြီး အနောက်တိုင်းလောကက ပိုဆိုးသေး၏။ ရိုးရိုးရှင်းရှင်းပင် သွေးသားတော်စပ်မှုအပေါ် အခြေခံနေကြ၏။ ရှမ့်လန်က ဟယ်လင်ဘုရင်မနှင့် ဘာမှမပတ်သက်ဘူး ဆိုလျှင်တောင်မှ ဟယ်လင်မင်းသမီး၏ မောင်တော် ဖြစ်နေသောကြောင့် ပြဿနာ အများကြီးကို လွယ်လွယ်ကူကူ ဖြေရှင်းပြီးသား ဖြစ်သွားခဲ့၏။
ရှမ့်လန်က ပြောလိုက်သည်။ “ကျန်းမာပါစေလို့ ဆုတောင်းပါတယ်။”
ရှမ့်လန်က မူလန်မြို့သို့ပြန်ရန် အလောကြီးနေသော်လည်း ဤအချိန်မှာတော့ ပီကျင်းမြို့က အထူးကို အရေးကြီးနေ၏။ သူက ဤမြို့၏ ပန်းပဲဆရာများ၊ လက်သမားများနှင့် သင်္ဘောကျင်းများကို လိုအပ်၏။ ထို့ကြောင့် လူထုပါဝင်မှုက တကယ့်ကို အရေးကြီးလို့နေ၏။
ဒီဘိုရာက သစ္စာဖောက်မှုအားလုံးကို လူသိရှင်ကြား သုတ်သင်ရှင်းလင်းခြင်းဖြင့် ကိစ္စရပ်တစ်ခုလုံးကို အဆုံးသတ်လို၏။ ရှမ့်လန်ကလည်း ပီကျင်းမြို့၏ အုပ်ချုပ်သူအဖြစ် သူ၏အထောက်အထားကို သက်သေပြရန် သူမနှင့်အတူ ရှိနေပေးရမည်။
ပီကျင်းမြို့၏ အလယ်ဗဟိုတွင်တော့ လူတစ်ထောင်ကျော်က မြေပြင်ပေါ်တွင် ဒူးထောက်နေ၏။ ပုန်ကန်မှုတွင် ပါဝင်ခဲ့သည့် စစ်သည် ထောင်ပေါင်းများစွာတို့က အသတ်ခံခဲ့ရပြီး ဖြစ်၏။ ထိုအချိန်က ဖမ်းဆီးခံရသူ၊ ပုန်ကန်သူ တစ်ရာကျော်သာ ရှိခဲ့၏။ ပြီးနောက် ဖမ်းဆီးခံရသူ အရေအတွက်က တစ်ထောင်ကျော်ထိ တဖြည်းဖြည်း တိုးတက်လာခဲ့၏။ ထိုကဲ့သို့သော ကိစ္စမျိုးက အရှေ့တိုင်းရော၊ အနောက်တိုင်းတွင်ပါ အတူတူ ဖြစ်ပေလိမ့်မည်။
အမေဇုန် အမျိုးသမီး စစ်သည်တော် ၂၀၀၀ နှင့် ရော့ဆိုမိသားစုတို့၏ စစ်သည် ၂၀၀၀ တို့က မြေပြင်ပေါ်တွင် မတ်မတ်ရပ်လျက် ရှိနေကြပြီး ရော့ဆိုမိသားစု၏ ဂုဏ်သိက္ခာကို ကာကွယ်လို နေကြ၏။
လူပေါင်းသိန်းကျော်က ထိုကွပ်မျက်မှု အခမ်းအနားကို စောင့်ကြည့်၏။ ကွပ်မျက်မှု အခမ်းအနားကို ဦးစီးကျင်းပသူက အားလုံးက လေးစားရသည့် သခင်ကြီးပိုင်တင်ပင် ဖြစ်၏။ သူက တကယ့်ကို သံမဏိ လူသားပင်။ သတိပြန်ရလာပြီး ၂ ရက်မပြည့်ခင်မှာပင် သံချပ်ကာ အပြည့်အစုံကို ဝတ်ဆင်ပြီး အပြင်ဘက်သို့ ထွက်၏။ သူ၏ လက်ထဲတွင် ပေါင် ၁၀၀-၂၀၀ ခန့် လေးသည့် အလွန်ကြီးမားသော ဓားကြီးကို ကိုင်ဆွဲထား လာသေးသည်။
၂ နာရီတိတိ စောင့်ဆိုင်းပြီးနောက် ဂီတသံများ ထွက်ပေါ်လာသည်။ ပြီးနောက် စစ်သည် ၅၀၀၀ ၏ ကာကွယ်မှုအောက်မှာပဲ မြင်း ၈ ကောင်ဆွဲသည့် ခမ်းနားထည်ဝါသော ရထားလုံးကြီးက ဖြည်းညင်းစွာ ရောက်ရှိလာ၏။
ပန်းထိုးအဝတ်အစားများကို ဝတ်ဆင်ထားသည့် ရှမ့်လန်က ရထားလုံးပေါ်မှ ဆင်းပြီး ဒီဘိုရာ၏ လက်ကိုတွဲရန် ကမ်းပေးလိုက်၏။ ဤသည်မှာတော့ ဖျားနာပြီးနောက်ပိုင်း ဒီဘိုရာအနေနှင့် လူထုရှေ့သို့ ပထမဦးဆုံးအကြိမ် ထွက်ပေါ်လာခြင်းပင်။ သူမက အလွန်ပင် လှပပြီး ဖမ်းစားနိုင်စွမ်းရှိ၏။ လူတိုင်း၏ မျက်လုံးများကို ကျွမ်းလောင်စေနိုင်သည့် မီးတောက်တစ်ခုကဲ့သို့ပင် ယခင်ကထက် ပိုမိုကာ လှနေသယောင်ပင် ရှိသည်။
“ကျေးဇူးတင်ပါတယ် ချစ်ရတဲ့ယောက်ျား။” ရထားလုံးဆီမှ ဆင်းပြီးနောက် ဒီဘိုရာက ရှမ့်လန်၏ လက်မောင်းကို တွဲပြီး ပါးပြင်ကို နမ်း၏။ သူတို့ ၂ ဦးက အနားတွင် မည်သူမှမရှိသကဲ့သို့ ရင်းနှီးလျက် ရှိနေ၏။
ရှမ့်လန်က သူမ၏ နားနားသို့ ကပ်၍ တိးတိုး ပြောလိုက်လေရာ ဒီဘိုရာက ခန္ဓာကိုယ် တစ်ခုလုံး တုန်ခါ သွားသည်ထိ ရယ်မောနေသေး၏။ ဤသည်က ဒီဘိုရာတစ်ယောက် အလွန်သန်မာသည့် အမျိုးသမီး တစ်ယောက် အဖြစ်မှသည် နူးညံ့လှပသည့် အမျိုးသမီးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားကြောင်း ပြသနေသည့် အချက်ပြမှု တစ်ခုပင်။
ယခင်က သူမက ယောက်ျားတစ်ယောက် မဟုတ်သော်လည်း ယောက်ျားတစ်ယောက်နှင့် အလွန်တူ၏။ ယခု သူမက မိန်းမတစ်ယောက်၏ တာဝန်များကို အပြည့်အဝ ထမ်းဆောင်နေပြီ ဖြစ်ကြောင်း ပြင်ပလောကကို ထုတ်ဖော်ပြသရင်း ဤလင်မယားဆက်ဆံရေးတွင် သူမက တန်းတူညီမျှ သို့မဟုတ် ပို၍ အားနည်းသည့်ဘက်မှ နေရန်ပင် ဆန္ဒရှိနေသည်။
“ချစ်ရတဲ့ယောက်ျား... ရှင် ကျွန်မကို လာမစနဲ့တော့။ ကျွန်မ ရှင့်ကို ထပ်နမ်းရင် နှုတ်ခမ်းနီတွေ ပျက်ကုန် လိမ့်မယ်။ ဒါက ရှင် ကျွန်မကို ပေးထားတဲ့ တန်ဖိုးကြီး လက်ဆောင်လေ။”
ဒီဘိုရာ၏ အသံမှာ ကျယ်လောင်ခြင်း မရှိသလို တိုးခြင်းလည်း မရှိပေ။ သို့သော်ငြား လူအများအပြား ကြားစေရန် ရည်ရွယ်ထား၏။ ဤအမျိုးသမီးက တကယ့်ကို မွေးရာပါ နိုင်ငံရေး သတ္တဝါတစ်ကောင်ကဲ့သို့ပင်။ သူတို့ ၂ ဦးက မြင့်မားသည့် စင်မြင့်ဆီသို့ လျှောက်သွားပြီး ရွှေကျောက်စိမ်းသားဖြင့် ပြုလုပ်ထားသည့် ကုလားထိုင်များပေါ်တွင် ထိုင်၏။
“အရှင်ရှမ့်လန်၊ အရှင်ရော့ဆို.. ပုန်ကန်သူအားလုံး ရောက်နေပါပြီ။ အရှင်တို့ရဲ့ မိုးကြိုးကဲ့သို့သော အာဏာစက်ကို စတင်ဆောင်ရွက်ကြမလား။” ပိုင်တင်က ဒူးတစ်ဖက်ထောက်ကာ မေးမြန်းသည်။
“အချစ်ရေ... ရှင် ဘယ်လို သဘောရလဲ။” မြို့စားမင်းသမီး ဒီဘိုရာက ချိုသာသည့် အသံဖြင့် မေး၏။
ရှမ့်လန်က ပြောလိုက်၏။ “အရုပ်ဆိုးတဲ့ ပြုမူတွေအတွက်ကတော့ အပြစ်ပေးခံရမှာပါပဲ။ အထူးသဖြင့် ဗင်ချီ၊ သူက သူ့ရဲ့ ယောက္ခထီး ပိုင်တင်ကို လုပ်ကြံခဲ့တယ်။ သူ့ရဲ့ ပြစ်မှုက ပိုပြီး ခွင့်လွှတ်နိုင်စရာ မရှိဘူး။ သူ့ကို အချက် တစ်ထောင်လောက် မွှန်းပြီး သတ်ပစ်သင့်တယ်။”