← Chapters

အခန်း (၂၅၀-၂၅၄)

Vol. 18 Ch. 250-254

အခန်း (၂၅၀-၂၅၄)

Vol. 18 Ch. 250-254

အပိုင်း(၂၅၀): အမတ ပညာရပ် : ကြာပန်းတစ်သောင်း

“ဘာ!?”

“ တစ္စေဓားအမတရှင် လူကြီးမင်း?”

ထိုစကားကို ကြားလာရသူတိုင်း ရင်ခုန်နှုန်းများ မြန်ဆန်လာကြသည်။ တစ္စေဓားအမတရှင် ဆိုသည့် နာမည်ကို မည်သူမသိ ရှိမည်နည်း။

သူသည် ဓားပညာကို နှစ်ထောင်ပေါင်းများစွာလေ့ကျင့်ခဲ့ပြီး၊ မရဏ ကမ္ဘာကို လွှမ်းမိုးထားခဲ့သော နံပါတ် (၁) ပုဂ္ဂိုလ်တစ်ဦးပင်ဖြစ်သည်။

ထိုစဉ်အခါက ဤစကားတစ်ခွန်းသည် မရဏကမ္ဘာတွင် ရေပန်းစားခဲ့ပြီး ၊ ထိုခေတ်၏ အထင်ကရ စကားပင် ဖြစ်လာခဲ့သည်။

ယခုတွင်မူ ၊ တစ်ချိန်က မရဏကမ္ဘာကို လွှမ်းမိုးထားခဲ့သော တစ္စေဓားအမတရှင် ၊ နောက်ဆုံးတော့ ပြန်ရောက်လာခဲ့ပြီလား?

“ တစ္စေဓားအမတရှင်....”

မင်းယန် ဧကရာဇ်မင်း၏ အမူအရာမှာ အလွန်လေးနက်နေခဲ့သည် ။သူသည် တစ္စေဓားအမတရှင်ကို ပြောင်ပြောင်တင်းတင်း စိုက်ကြည့်နေခဲ့သည်။၎င်းသည် ပုံရိပ်ယောင် တစ်ခုမျှသာ ဖြစ်သော်လည်း သူ့အား ကြောက်မက်ဖွယ် ကောင်းသော ဖိအားတစ်မျိုးကို ပေးစွမ်းနေသည်။

ဘုန်း --

ဤအခိုက်အတန့်တွင်၊ တစ္စေဓားအမတရှင်၏ လက်ချက်ဖြင့် အပျက်အစီးများထဲသို့ လွှင့်ထွက်သွားခဲ့သော ဟေးရွှီဧကရာဇ်မင်း၏ ဒေါသမှာ ပို၍ပေါက်ကွဲသွားသည်။

“ ခင်ဗျားက ကျုပ်တို့ရဲ့ စီနီယာတစ်ယောက် လို့ သတ်မှတ်လို့ ရတယ် ဒါပေမဲ့ အဲ့လိုလူက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်နေတာ၊ ခင်ဗျားမှာ တကယ် သိုင်းကျင့်ဝတ်မရှိဘူးပဲ!”

“ဟား ...”

တစ္စေဓားအမတရှင်က ပြုံးပြုံးကြီး ပြန်ဖြေသည်။

“ငါက ဝိညာဉ် အကြွင်းအကျန်သာသာပဲလေ၊ မင်းက ငါ့ ရိုက်တာကိုတောင် ခံနိုင်ရည်မရှိတာ ၊ဆိုလိုတာက မင်းကိုက သိပ်ကို အားနည်းလွန်းတာပဲ”

“ ခွေးစကားတွေ!”

ဟေးရွှီ ဧကရာဇ်မင်းက ဒေါသတကြီးဖြင့်။

“ စောနက ကျုပ် သတိလက်လွတ်ဖြစ်သွားတာ”

တစ္ဆေဓားအမတရှင်၏ နှုတ်ခမ်းများမှာ အနည်းငယ် ကွေးညွှတ်သွားသည်။

ဝီ!!

တခဏချင်းမှာပင်၊ တစ္စေဓားအမရှင်သည် ဟေးရွှီ ဧကရာဇ်မင်း၏ ရှေ့ တွင် ဖျက်ခနဲ့ ရောက်ချလာသည်။

ဖြန်း !!

ညာခြေကန်ချက် !

ဖြန်း !

ဘယ်ခြေကန်ချက်!

ဖြန်း !!

အရိုးချိုးခြင်း!

ဝုန်း !!

ထိုကန်ချက်များ အပြီးတွင် ၊ ဟေးရွှီ ဧကရာဇ်မင်းမှာ တစ္စေဓားအမတရှင်၏ လက်ချက်ဖြင့် တစ်ဖန် အပျက်အစီးများကြားထဲ ကန်ထည့်ခံလိုက်ရပြန်သည်။

တစ္စေဓားအမတရှင်က ပေါ့ပေါ့ပါးပါး ပြုံးရယ်လိုက်ရင်း ဆိုလိုက်သည်။

“ ကိုယ့်ကိုကိုယ် ဂရုစိုက်ဦး၊ မင်း ကိုယ်ခံပညာ လေ့ကျင့်သင့်တယ် “

ထိုမြင်ကွင်းကို ကြည့်နေကြသူတိုင်း ဇဝေဇဝါ ဖြစ်နေကြသည်။

အင်အားကြီးမားသော ဧကရာဇ်မင်း တစ်ပါးအပေါ် ယခုလို ပြီးစလွယ် အနိုင်ယူပြခဲ့သည့် မြင်ကွင်းသည် သူတို့၏ ဧကရာဇ်မင်းအား ကလေးကို ရိုက်နှက်နေသည့်အတိုင်း လူကို ထင်ယောင်ထင်မှား ဖြစ်သွားစေသည်။

“လူကို အရမ်းအနိုင်ကျင့်လွန်းတယ်!!!”

ပို၍ ပြင်းထန်သော ဧကရာဇ်စွမ်းအားများ တဟုန်ထိုး ပေါ်ထွက်လာခဲ့ပြီး ၊ ဟေးရွှီ ဧကရာဇ်မင်းထံမှ ထွက်ပေါ်လာသော စွမ်းအားတို့သည် ဤနေရာတစ်ခုလုံးကို ပြင်းထန်စွာ တုန်လှုပ်သွားစေသည် ။

သူသည် ဘယ်ချိန်ကတည်းက သေခဲ့မှန်း မသိသည့် အကြွင်းအကျန် ဝိညာဉ်၏ စော်ကားမော်ကားပြုခြင်းကို နှစ်ကြိမ်တိုင်တိုင် ခံခဲ့ရသည်။

သူ့ရဲ့ ဧကရာဇ်မင်းမြတ် ဆိုတဲ့ ဂုဏ်သိက္ခာ ဘယ်နားသွားထားမှာလဲ?

တစ္စေဓားအမတရှင်သည် တကယ်ကို အစွမ်းထက်ပေသည်။သို့သော် ယင်းအရာသည် တစ်ခေတ်တစ်ခါတုန်းက ကိစ္စဖြစ်ပြီး ၊ယခုတွင် သူသည် အကြွင်းအကျန် ဝိညာဉ်တစ်ခုသာ ဖြစ်သည်။

သူသာ ဤကိစ္စအပေါ် ပြန်ပြီး လက်တုံ့မပြန်ပါက ၊ သူသည် ဤကမ္ဘာကြီး၏ အမြင်တွင် ဟာသ တစ်ခု ဖြစ်လာပေတော့မည်။

“ နဂါးနက်လှံ လာစမ်း!”

ဟေးရွှီ ဧကရာဇ်မင်း၏ နောက်တွင် ကြောက်စရာကောင်းသော တစ္ဆေစွမ်းအင်များက အဆက်မပြတ် တဟူးဟူး အုံကြွလာခဲ့ပြီး ၊ ထို့နောက်တွင် ဧရာမ နဂါးနက်ကြီး အဖြစ် အသွင်ပြောင်းလဲသွားသည်။

ချက်ချင်းဆိုသလိုပင် ၊ ထိုဧရာမ နဂါးနက်ကြီးသည် ကောင်းကင်သို့ တည့်တည့် ဆန်တတ်သွားခဲ့ပြီး တုန်လှုပ် ချောက်ချားဖွယ်ကောင်းသော နဂါးဟောက်သံကို ထုတ်လွှတ်ကာ သူ၏ သွေးသံရဲရဲ ပါးစပ်ကို ကျယ်ကျယ်ဖွင့်လျက် အောက်သို့ထိုးဆင်းလာခဲ့သည် ။

ချက် ချက် ချက် !

ဟင်းလင်းပြင်အလွှာများပင်လျှင် တစစီ အက်ကွဲခဲ့သည်။

ဟင်းလင်ပြင် အပျက်အစီးများအတွင်း ၊ နဂါးအရိုးများဖြင့် ဖွဲ့စည်းထားသော အနက်ရောင် လှံတစ်စင်း ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။

“သတ္တမအဆင့် ဧကရာဇ်လက်နက် !ကြည့်ရတာ ဟေးရွှီ ဧကရာဇ်မင်း တကယ်ကို ဒေါသထွက်သွားပုံပဲ ၊ ဧကရာဇ်လက်နက်ကိုတောင် တိုက်ရိုက် ဆင့်ခေါ်လိုက်ပြီ!”

ဟေးရွှီ ဧကရာဇ်မင်းသည် သူ၏ ညာလက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်ကာ လှံကို ကိုင်ဆောင်လိုက်သည်နှင့် အလွန်ပြင်းထန်သော စွမ်းအားတစ်ခုက လွှမ်းခြုံသွားခဲ့သည်။

စွမ်းအင်လှိုင်းများက တစ်သိမ့်သိမ့် လှုပ်ရှားသွားပြီး ၊ ဟင်းလင်းပြင် တစ်ခုလုံးကိုတောင် တုန်လှုပ်ချောက်ချားသွားစေသည်။

သို့သော် ထိုအရာကို ကြည့်ရှုနေသော တစ္စေဓားအမတရှင်မှာ လုံးဝ ဂရုမစိုက်ဟန်ဖြင့် ရယ်မောကာ ပြောလိုက်သည်။။

“မင်း တစ်ယောက်တည်းလား?”

“မင်းယန် ဧကရာဇ်မင်း ဆိုတဲ့ တစ်ယောက်နဲ့ အတူတူ မတတ်တော့ဘူးလား?”

…..

အပ်ကျသံကိုပင် ကြားရလောက်သည့်အထိ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်ကျသွားသည်။

ဤတစ္စေဓားအမတရှင်သည် အကြွင်းအကျန် ဝိညာဉ်အဆင့်မျှသာ ဖြစ်ပေမဲ့ အဘယ်ကြောင့်ဤမျှလောက်ထိ ရူးသွပ်ရသနည်း။

သူ အသက်ရှင်ခဲ့စဉ်က ၊ မည်မျှတောင် ရူးသွပ်ခဲ့လေသနည်း။

မင်းယန် ဧကရာဇ်မင်း၏ မျက်နှာမှာလည်း လွန်စွာ မှုန်ကုပ်နေသည်။သူသည် မူလက အခွင့်အလမ်းကို စောင့်ကာ အမြတ်ထုတ်ရန် ကြံရွယ်ခဲ့သည်။

တစ္စေဓားအမတရှင်သည် အလွန် အစွမ်းထက်ပါက ၊ သူသည် ထွက်ပြေးမည်။

အကယ်၍ အားနည်းနေမည် ဆိုပါက ၊ သူသည် ပွဲတော်တွင် ပါဝင်ဆင်နွှဲကာ မုန့်ဝေစုကို ရယူ‌ပေမည်။

နှစ်ဖက်စလုံး နစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့‌ချိန်မှာတော့ ၊ဒါဆို သူသည် မက်မွန်သီးကို ခိုးယူဖို့ အခွင့်အရေး ရပေတော့မည်။

သို့သော် တစ္စေဓားအမတရှင်သည် သူ့ကို ထိုစကားတစ်ခွန်းဖြင့် တိုက်ရိုက် ဆွဲချခဲ့လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

သူ့စိတ်ထဲက ဒေါသကို နှိမ့်ချကာ ၊ မင်းယန် ဧကရာဇ်မင်းက အေးစက်စွာဖြင့် ပြန်ပြောလိုက်သည်။

“ တစ္စေဓားအမတရှင် စီနီယာကြီး ၊ခင်ဗျားက အခုဆို အကြွင်းအကျန် ဝိညာဉ်တစ်ခုပဲ ၊ ကျုပ်တို့ ဧကရာဇ်မင်းမြတ် နှစ်ယောက်ကို စိန်ခေါ်တယ်ပေါ့”

“သိပ်ကို မိုက်ရူးရဲ မဆန်လွန်ဘူးလား “

“မိုက်ရူးရဲဆန်တယ် ?”

“ ဟားဟား!”

တစ္စေဓားအမတရှင်က အားရပါးရ ရယ်လေသည်။ သူ၏ ခံစားချက်များ ပြင်းထန်လာတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည် ။သူ့မျက်လုံးထောင့်က မျက်ရည်များကို ဟန်ဆောင်သုတ်လိုက်ရင်း ။

“ ဘာမှမဖြစ်ဘူး”

“ဘာလို့ဆို ၊ မင်းတို့က သိပ်ကို အားနည်းလွန်းတယ်!”

…..

ထိုစကားများသည် ဧကရာဇ်မင်း နှစ်ပါးကိုနေရာမှာတင် အေးခဲသွားစေသည်။ဧကရာဇ်မင်း ဟူသည် အဘယ်နည်း။

တစ်သက်တာ ကံကြမ္မာရဲ့ အောင်နိုင်သူ ၊ငယ်စဉ်အခါကလည်း ကမ္ဘာကို လွှမ်းမိုးခဲ့သူ ထူးကဲသည့် ပါရမီရှင်တစ်ဦးဟု ဆိုနိုင်သည်။

အခုတော့ အကြွင်းအကျန် ဝိညာဉ်ရဲ့ အထင်အမြင်သေးတာကို ခံနေရသတဲ့လား?

“ သေချင်နေတာပဲ !!”

မင်းယန် ဧကရာဇ်မင်း သည် သူ၏ ကိုယ်ပိုင် ဧကရာဇ်လက်နက် ဖြစ်သော ယန်ရွှမ်ဓားကို ထုတ်သုံးလာခဲ့သည်။

“ သေပြီးသား ဝိညာဉ်တစ်ကောင်ကများ ၊ မင်းမှာ အရည်အချင်း ဘယ်လောက်တောင် ရှိလဲဆိုတာ ငါ စောင့်ကြည့်လိုက်ဦးမယ်!”

ဧကရာဇ်မင်း နှစ်ပါးလုံး တစ်ချိန်တည်း ကျိန်ဝါးလိုက်ကြပြီး ၊ ၎င်းတို့၏ အပြင်းထန်ဆုံး မှော်စွမ်းအားကို အသုံးပြု၍ တစ္စေဓားအမတရှင်အား သတ်ဖြတ်ရန် တိုက်ရိုက် ပစ်လွှတ်လိုက်သည်။

“ မီးလျှံမြစ် ဖြိုခွင်းခြင်း!”

မင်းယန် ဧကရာဇ်မင်းသည် ငရဲမီးများ တဟုန်းဟုန်း လောင်ကျွမ်းနေသော ဓားကို မြောက်ကာ တစ္စေဓားအမတရှင်၏ ခေါင်းအား ချိန်ရွယ်ကာ ခုတ်ပိုင်းလိုက်သည်။

အနက်ရောင် မီးလျှံလှိုင်းများက ရိုက်ခတ်လှုပ်ရှားထကြွနေသည်။

“ ထျန်းရှင်း ရွှီမျဲ့ !”

ဟေးရွှီ ဧကရာဇ်မင်းသည် သူ၏လှံကို ကိုင်‌မြှောက်၍ လေထဲသို့ ပစ်လွှတ်လိုက်သည်။နက်မှောင်သော အခိုးအငွေများက တရွေ့ရွေ့ လှုပ်ရှားသွားပြီး ဧရာမ နဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။

ကောင်းကင်ထက်ဝက် ဖုံးလွှမ်းနိုင်သည့် ဧရာမနဂါးကြီးသည် ၎င်း၏ သွေးသံရဲရဲ ပါးစပ်ကို ဖွင့်ဟထားသည်။

ကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ် အလိုဆန္ဒကို သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်လိုက်သည်နှင့် အရာအားလုံး လုံးဝ ပျက်သုဉ်းသွားကာ ပျောက်ကွယ်သွားနိုင်သည်။

“အရှိန်က မဆိုးဘူး ၊ ဒါပေမယ့် သာမန်အဆင့်တစ်ခုထက် မပိုဘူး”

တစ္စေဓားအမတရှင်သည် စူးချန်ကဲကို တချက်ကြည့်လိုက်ရင်း ၊ ပြုံးကာ ဆိုလိုက်သည်။

“အရင်က ဓားသိုင်းပညာတွေ သာမန်အဆင့်ပဲ ရှိသေးတယ် ၊ ဒီဓားကမှ အမတပညာရပ် လို့ မှတ်ယူနိုင်တယ်”

“အမတ ပညာရပ်? “

စူးချန်ကဲသည် သူ၏ အားနည်းနေပြီဖြစ်သောခန္ဓာကိုယ်ကို တောင့်ခံထားရင် တစ္စေဓားအမတရှင်ကို စိုက်ကြည့်နေသည်။

တစ်ချက်လေး လွတ်သွားမှာကို ကြောက်ရွှံ့နေသည့်အတိုင်း။

တစ္စေဓားအမတရှင်သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ထို့နောက် လက်သင်္ကေတဖြင့် ဓားအစီအရင် တစ်ခုကို ဖော်ဆောင်လိုက်သည်နှင့် ဓားသေတ္တာ တစ်ခုလုံး လေပေါ်သို့ မြှောက်တတ်လာကာ အလင်းစီးကြောင်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး တစ္စေဓာစအမတရှင်၏ ရှေ့မှောက်သို့ အသင့်အနေထားဖြင့် ရောက်ရှိလာခဲ့သည်။

“ ဓားများ နိုးထခြင်း!”

တစ္စေဓားအမတရှင် မှ ရေရွတ်ပြီးသည်နှင့်တပြိုင်နက် ၊

ဓားသေတ္တာသည် လုံးလုံးလျားလျား ပွင့်သွားပြီး ရှေးဟောင်း ဓားကိုးစင်းလုံး ထွက်လာခဲ့သည်။

“အဲ...အဲဒါက...”

ပေကျန့် အဘိုးအို၏ မျက်လုံးများမှာ ပြူးကျယ်သွားသည်။ဒီဓားကို သူကောင်းကောင်းသိသည်။

၎င်းသည် ထိုကမ္ဘာကပ်‌‌ဘေး တိုက်ပွဲတွင် တစ္စေဓားအမတရှင်သည် အမတ သုံးပါးကို သတ်ရန် အသုံးပြုခဲ့သော ဓားပညာရပ်ပင် ဖြစ်သည်။

တစ္စေဓားအမတရှင်သည် သူ၏ ညာလက်ကို မြောက်ကာ ကောင်းကင်ကို တည့်တည့် ချိန်ရွယ်လိုက်သည်။

ဝှစ် ဝှစ် ဝှစ်!

ဓားကိုးစင်းလုံး ကောင်းကင်သို့ ပျံတက်သွားသည်။

ဓားအလင်းများက တဖျပ်ဖျပ် ရိုတ်ခက်လျက်၊သန်းနှင့်ချီသော ဓားအရိပ်များက ဟင်းလင်းပြင်တွင် ထွက်ပေါ်လာသည်။

ထိုဓားရိပ်များသည် ကြာပန်းပွင့်များကဲ့သို့ တခဏအတွင်း အသွင်ပြောင်းလဲသွားသည်။

ကြာပန်းနှင့်တူသော ဓားရိပ်များသည် နေရာ အရပ်ရပ်၌ ပွင့်လန်းနေကြပြီး ကောင်းကင်ကြီးကို ထိန်းလင်းသွားစေသည်။

“ ကြာပန်းတစ်သောင်း”

ဤသည်မှာ ကမ္ဘာပေါ်ရှိ လမ်းစဉ်နှင့် တရားဓမ္မအားလုံးကို ပေါင်းစပ်ထားသော အဆုံးမရှိ အဆက်မပြတ် တည်ရှိမှုတစ်ရပ်ပင်တည်း။

ဤပညာရပ်တွင် ၊ အမျိုးမျိုးသော ဓားသိုင်းပညာရပ်များနှင့် တွဲဖက်အသုံးပြုနိုင်ပြီး မည်သည့်ဓားကိုမဆို ဤလှုပ်ရှားမှုနှင့် တွဲဖက်အသုံးပြုနိုင်သောကြောင့် “ထာဝရအသက်” ဟူသော အမည်ကို တွင်ကျယ်စေသည်။

တစ္စေဓားအမတရှင်သည် လက်သင်္ကေတဖြင့် ဓားအစီအရင် တစ်ခုကို ဖော်ဆောင်လိုက်သည်။

လေ ဓား၊ မိုးကြိုး ဓား ၊ မီးလျှံ ဓား ၊ ဆီးနှင်းခဲဓား ၊ ကြယ်ကြွေဓား ၊ အဖျက်ဗလာ ဓား ၊ ဖျက်စီးခြင်း ပရိယာယ် သုံးပါး ဓား ၊ သေမျိုးဓား ၊ မရဏဓား !

ဤအခိုက်တွင်၊ တစ္စေဓားအမတရှင်သည် သူ့လက်များကို လှုပ်ရှားလိုက်သည်။

သူ့တစ်ယောက်တည်းဖြင့် ထောင်ပေါင်းများစွာသော ပုံသဏ္ဍာန်များအဖြစ်သို့ ခွဲထွက်သွားပုံရပြီး ၊ တစ်ယောက်ချင်းစီတိုင်းက မတူညီသော ဓားသိုင်းအသွားအလာများကို ပြသနေသည်။

အဆုံးတွင်၊ ခမ်းနားထည်ဝါပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည့် ဓားလှိုင်းကို အဆက်မပြတ် လုပ်ဆောင်နေသကဲ့သို့ ဤဓားသိုင်းပညာရပ်များ အားလုံးကို ပေါင်းစပ်ခဲ့လေရာ တုန်လှုပ် ချောက်ချားဖွယ် နတ်ဘုရားဓားတစ်စင်း သဖွယ် ဖြစ်လာခဲ့သည်။

“ဒါက ဘယ်လိုဓားသိုင်းမျိုးလဲ...”

ထိုမြင်ကွင်းကို ကြည့်နေသော စူးချန်ကဲမှာ အလွန်စိတ်လှုပ်ရှားနေသည်။ ဤကဲ့သို့ ပြင်းထန်သော ဓားသိုင်းကို သူတစ်ခါမှ မမြင်ဖူးခဲ့ပေ။

၎င်း၏ အရှိန်အဟုန်သည် ကြီးကျယ်ခမ်းနားပြီး ၊မြေကြီးများပင် ကွဲအက်ကာ ဤကမ္ဘာပေါ်ရှိ အရာအားလုံးကို ဖျက်ဆီးနိုင်သကဲ့သို့ပင် ။

ထိုဓားစွမ်းအင် သမုဒ္ဒရာကြီးကို ရင်ဆိုင်နေရသော ဧကရာဇ်မင်း နှစ်ပါးမှာ ဆိုရင်ဖြင့် စကားထဲ ထည့်ပြောစရာတောင် မလိုပင်။

ထိုမြင်ကွင်းကို ကြည့်လိုက်ရုံဖြင့် ဤမျှ လှပသော ဓားပင်လယ်ကြီးသည် လူကို ဝါးမျိုသွားသလို ခံစားလိုက်ရပြီး ၊ မိမိကိုယ်ကို ပင်လယ်ထဲက ငါးဖမ်းလှေတစ်စင်းအလား ခံစားရသည်။

ဤမျှ ကြောက်စရာကောင်းသော စွမ်းအားသည် အရာအားလုံးကို အချိန်မရွေး ဖျက်စီးပစ်နိုင်သည့်အလား။

တစ္စေဓားအမတရှင်သည် စူးချန်ကဲကို နောက်ဆုံးအကြိမ် တစ်ချက်ကြည့်လိုက်ပြီး ပြုံးရွှင်ကာ ဆိုလိုက်သည်။

“ကောင်လေး၊ မင်း ဒီဓားကို သေချာကြည့်ထား”

“ဘာလို့လဲဆိုတော့ ဒီဓားကို ‘အမတ သတ်ဓား’ လို့ ခေါ်လို့ပဲ”

အပိုင်း(၂၅၁): တူညီသော ဒဏ္ဍာရီ

ဤအခိုက်အတန့်တွင် ၊ ကောင်းကင်၌ ကခုန်နေသော ဓားပုံရိပ်များသည် များစွာသော အရေအတွက်မှ အနည်း‌ဆုံး ၊ အနည်းဆုံးမှ တစ်သားတည်း ပေါင်းစည်းသွားသည်။

မရေတွက်နိုင်သော ရှေးဟောင်း ဓားရှည်များသည် ယခုအချိန်တွင် ထပ်ကာ ထပ်ကာ ရှိနေသည်။

သိပ်မကြာမီ၊ ထိုသန်းပေါင်းများစွာသော ဓားများသည် အထပ်လိုက် စုပုံသွားပြီး နောက်ဆုံးတွင် ဓားသတ္တာကိုးလက်ရှိ ရှေးဟောင်း ဓားကိုးစင်း အဖြစ်သို့ ပြောင်းလဲသွားသည်။

“ ကြာပန်းတစ်သောင်း ၊ လမ်းစဉ်အားလုံး တစ်နေရာတည်းကိုသာ ပြန်သွားသည် “

“ ဖြတ်!”

တစ္ဆေဓားအမတရှင်၏ မျက်လုံးများသည် နေရောင် ကဲ့သို့ နတ်အလင်းရောင်များဖြင့် ဝင်းလက် တောက်ပနေသည်။

ဓားကိုးစင်းလုံး တစ်ချိန်တည်းပင် ဖောက်ထွက်လာခဲ့သည်။

ဤအခိုက်အတန့်တွင်၊ မူလက တိတ်ဆိတ်နေသော မရေမတွက်နိုင်သော ဓားဝိညာဉ်များကို ထပ်မံ ဆင့်ခေါ်လာခဲ့ပုံရသည်။

ရှေးဟောင်း ဓားကိုးစင်းကို ကူညီထောက်ပံ့ပေးသူများအဖြစ် ၎င်းတို့၏ ပတ်ပတ်လည်တွင် ဝန်းရံထားပြီး ၊ ဓားပုံရိပ်များသည် တောင်တန်းများသဖွယ် ဖြစ်တည်နေသည်။

ဓားတစ်လက်ချင်းစီတွင် ကြီးမားသော အခြိမ်းအခြောက် အဟန့်အတားမျိုး ရှိသည်။

ဤဓားရေးကို ပြသထားသော တစ္စေဓားအမတရှင်သည် သူ၏ ခွန်အားရှိသမျှ အသုံးပြုထားပုံပေါ်ပြီး ၊ ဓားကို ဆွဲထုတ်လိုက်သည်နှင့် သူ၏ ဝိညာဉ်ကိုယ်ထည်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။

ပင့်ကူမျှင်ကဲ့သို့ အက်ကွဲကြောင်းများက သူ့ကို အနည်းငယ် ပျော့ညံ့စေပုံပေါက်သော်လည်း ၊ သို့သော် သူ၏ မျက်လုံးများသည် သူရဲကောင်းဆန်မှုအပြည့်ရှိနေဆဲပင် ဖြစ်သည်။

သူသည် အကြွင်းအကျန် ဝိညာဉ်တစ်ခု လို့ဆိုတောင် ဤကမ္ဘာကြီး တစ်ခုလုံးကို စိုးမိုးထားဆဲ ဖြစ်ကြောင်း ဤဓားစွမ်းရည်ဖြင့် လူတိုင်းကို သိသွားစေသည်။

ဧကရာဇ်မင်းပင်လျှင် ဤအစစ်အမှန်ကမ္ဘာကြီးကို စူးစမ်းရှာဖွေသူ အဆင့်သာ ရှိသေးကြောင်း ဤဓားစွမ်းရည်က လောကကြီးကို ပြောပြနေခဲ့သည်။

ဓားလမ်းစဉ်တွင် ရဲရင့်စွာ ရှေ့သို့ ချီတက်သင့်ကြောင်းကို ဤဓားစွမ်းရည်က စူးချန်ကဲကိုလည်း ပြောပြပေးခဲ့သည်။

အကြွင်းအကျန် ဝိညာဉ်ဆိုလည်း ဘာဖြစ်လဲ?

သေမယ်ဆိုတောင် ဘာဖြစ်လဲ?

လက်ထဲမှာ ဓားတစ်လက် ရှိနေသရွေ့ ၊ အရာရာကို ဖျက်စီးပစ်နိုင်ရမယ်!

မင်းယန် ဧကရာဇ်မင်း နှင့် ဟေးရွှီ ဧကရာဇ်မင်းတို့သည် တစ်ချိန်တည်းတွင် ဟစ်ကြွေးအော်မြည်လိုက်သည်။

ထိုအဖျက်စွမ်းအားသည် သူတို့ကို ကြောက်လန့်စေသော်လည်း ၊ ဤကဲ့သို့ အမှုန့်ချေခံရမည်ကို သူတို့ မလိုလားချေ။

ဝေါင်း!!

ဟေးရွှီ ဧကရာဇ်မင်းမှ နဂါးနက်ကို ပစ်လွှတ်ကာ လှိုင်းတံပိုးများ ရိုက်ခတ်သွားစေသည် ။

မင်းယန် ဧကရာဇ်မင်း၏ အဆုံးစွန်သော လှုပ်ရှားမှုမှာ အနက်ရောင် မီးလျှံလှိုင်းများပင် ဖြစ်သည်။

သို့သော် ဤအရာအားလုံးသည် ဓား၏ရှေ့မှောက်တွင် အလွန် သေးငယ်ပုံရသည်။

ဧကရာဇ်မင်း နှစ်ပါး၏ အစွမ်းကုန် တိုက်ခိုက်မှုသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဖျက်ဆီးခံလိုက်ရသည်။

ဓားစွမ်းအင်များက ရုပ်ရှင်သဖွယ်။

ဓား၏ ဟောက်သံများကလည်း ပင်လယ်ပြင်၌ လှိုင်းတံပိုးများ ရိုက်ခက်နေသည့် အသံလိုပင်။

ပြိုင်ဘက်၏ တိုက်ခိုက်မှုကို ဖျက်ဆီးလိုက်သည့်အချိန်တွင် ဓားအရိပ်များနှင့် ဓားအသွားအလာ ပုံရိပ်တို့ ရောယှက်ကာ ပဲ့တင်ထပ်နေခဲ့သည်။

ယင်းမှ ထွက်ပေါ်လာသော ပုံရိပ်သည် အလွန်လှပပြီး ၊ ဝေဟင်ထက်က ရိုက်ခတ်လှုပ်ရှား ထကြွနေသော ဓားသမုဒ္ဒရာကြီးကို ငေးကြည့်မတတ် ဖြစ်စေသည်။

လူတိုင်း ဤအရာအားလုံးကို နှလုံးသားထဲမှာတောင် ရေးထွင်းထားချင်ပုံပေါက်ပေသည်။

………

လှပသောမြင်ကွင်းသည် ဒယ်အိုးထဲက မီးတောက်လိုမျိုး နောက်ဆုံးတွင် ကွယ်ပျောက်သွားခဲ့သည်။

အရာအားလုံး ကင်းစင်သွားပြီးနောက် ၊ ဤကမ္ဘာကြီးတစ်ခုလုံး ပြန်လည် အေးချမ်းသာယာလာခဲ့သည်။

လူတိုင်း မျက်လုံး ဖွင့်လိုက်သည်နှင့် တစ်စုံတစ်ခုကို ရှာဖွေရန် ကြိုးစားနေသကဲ့သို့ စိုးရိမ်တကြီး ကြည့်နေကြသည်။

နောက်ဆုံးတော့ သူတို့ ရှာတွေ့ခဲ့သည်။

ကြီးကျယ်ခမ်းနားသော ဧကရာဇ်မင်း နှစ်ပါးမှာ ဤကမ္ဘာပေါ်တွင် ဘာသဲလွန်စမှ မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားချေပြီ။

စောနက ပြင်းထန်စွာ လှုပ်ယမ်းနေခဲ့သည့် သင်္ချိုင်းဓားကိုးတောင်မှာ မည်သည့်အချိန်ကတည်းက မသိ ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။

ယခုအချိန်တွင် တစ္စေဓားအမတရှင်၏ ဝိညာဉ်ကိုယ်ထည်မှာ အပိုင်းပိုင်း ကွဲအက်‌နေခဲ့ပြီပင်။ခန္ဓာကိုယ်သည် အဆက်မပြတ် ပြိုကွဲနေပြီး ပျောက်ကွယ်သွားတော့မည့် လက္ခဏာများ ပြသနေခဲ့သည်။

သို့သော် ရှေးဟောင်း ဓားကိုးစင်းသည် တစ္စေဓားအမတရှင်၏ ဘေးပတ်ပတ်လည်တွင် ဝန်းရံထားဆဲပင် ဖြစ်သည်။

သို့သော် ပျံဝဲနေသော ဓားကိုးစင်းသည် နှစ်ပေါင်းများစွာ ယိုယွင်းပျက်စီးလာခဲ့ရာမှ တိမ်စိုင်များကို ခွဲကာ ထွက်ပေါ်လာသော ကြယ်စင်များကဲ့သို့ ထွန်းလင်းတောက်ပနေသည်ကို စိတ်ဝင်စားသူတိုင်း သတိပြုမိကြသည်။

“လူကြီးမင်း!!”

ပေကျန့်အဘိုးအိုသည် ဒဏ်ရာပြင်းထန်စွာ ရနေသော တစ္စေဓားအမတရှင်ကို မြင်လိုက်ရချိန်မှာတော့ သူထိန်းချုပ်ထားခဲ့သော တောင့်တမှုများက မျက်ရည်များအဖြစ် ပြောင်းလဲသွားခဲ့ရပြန်သည်။

“ ဟေး ..ရှောင်ဟေးဇီ...အရွယ်လည်း မငယ်တော့ဘူး ၊ အဘိုးကြီးတစ်ယောက်တောင် ဖြစ်လာပြီပဲ...”

တစ္စေဓားအမတရှင်က ပြုံးပြီး ပြောရှာသည်။

“မင်း အရင်လို ငိုရတာ ကြိုက်တုန်းပဲ.. ဒါပေမယ့် အခု မင်းငိုတဲ့ပုံစံက အရင်ကလို ချစ်ဖို့ မကောင်းတော့ဘူး ...”

“ တစ္စေဓားအမတရှင် လူကြီးမင်း...”

ပေကျန့် အဘိုးအိုသည် သူ့ဂုဏ်သိက္ခာကိုပင် လုံးလုံးလျားလျား လျစ်လျူရှုထားကာ ၊

မျက်​ရည်​​များက မဖြေဆည်နိုင်သည့်အထိ စီးကျနေသည်...

သူ့အတွက်တော့ တစ္စေဓားအမတရှင်သည် မိမိ၏ သခင်ဖြစ်ရုံသာမက သူ့ကို ဘဝသစ်ပေးခဲ့သော ဆရာသခင်လည်း ဖြစ်သည်။ သူသည် မူလက တောင်ပေါ်ရှိ ရွာသား တစ်ယောက် ဖြစ်ခဲ့ပြီး ၊ သရဲတစ္တေများ၏ စားသောက်ခြင်းကို အစောကြီးကတည်းက ခံခဲ့ရနိုင်သည်။

သို့သော် တစ္စေဓားအမတရှင်သည် သူ့ဘဝကို ပြောင်းလဲပေးခဲ့ပြီး ဓားလမ်းစဉ်ကို ကျင့်ကြံစေခဲ့သည်။

ယခုမူကား ၊ မရေမတွက်နိုင်သော နှစ်ကာလအကြာတွင် သခင် နှင့် ကျွန် ပြန်လည်ဆုံတွေ့ခဲ့ကြသော်လည်း အခြေအနေမှာ ဤအတိုင်းပင်။

“မင်းကတော့လေ....”

တစ္စေဓားအမတရှင်သည် ခေါင်းကို ကူကယ်ရမဲ့စွာ ခါယမ်းလိုက်သည်။ သူ၏ အသံမှာ အလွန်ကို အားနည်းနေသည်။

“မင်း ဆက်ငိုပြီး ညည်းတွားနေဦိးမယ်‌ဆိုရင်..ငါမင်းကို လာရိုက်တော့မှာနော်”

“ မင်းလည်း သိတာပဲ ၊တိုက်ပွဲပြီးတည်းက ငါသေသွားပြီးပြီ......”

“ ကောင်းကင်တောင် နတ်ဓားဂိုဏ်းကလည်း ပျောက်ကွယ်နေတာ ကြာခဲ့ပြီ... ဒါမှမဟုတ် ငါ တစ်ယောက်တည်း ကျန်နေခဲ့တာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်...”

တစ္စေဓားအမတရှင်သည် တစ်ဖန် ပြုံးရယ်လိုက်ရင်း ဆိုလိုက်သည်။

“ဒါပေမယ့် ငါ ဒီနေ့ ခိုးပြီး လေ့လာခဲ့တဲ့ တားမြစ်သိုင်းပညာရပ်ကို ထပ်ပြီး သုံးခဲ့တာပဲ...”

“ လက်စသတ်တော့ အစကနေ အဆုံးထိ ငါကပဲ အဖေနဲ့ ဂိုဏ်းအပေါ်ကို မှားယွင်းစွာ အပြစ်တင်ခဲ့တာပဲ... ဒီရဲ့ တားမြစ်သိုင်းပညာရပ်က စိတ်ဝိညာဉ်နဲ့ အတူ လေ့ကျင့်ဖို့ လိုအပ်တယ်...”

သူ့ကိုယ်သူ ရေရွတ်ပြီးနောက်။

တစ္စေဓားအမတရှင်သည် စူးချန်ကဲ ကို ထပ်ကြည့်လိုက်သည်။

“ကောင်လေး၊ ငါ့ဘဝတစ်လျှောက်လုံး သင်ယူခဲ့သမျှကို မင်းကို လွှဲပေးခဲ့ပြီးပြီ ၊ ငါ ကောင်းကင်တောင် နတ်ဓားဂိုဏ်းရဲ့ တားမြစ်သိုင်းပညာကိုလည်း မင်းကို သရုပ်ပြခဲ့ပြီးပြီ...”

“ ကောင်းကင်တောင် နတ်ဓားဂိုဏ်း?”

စူးချန်ကဲ အံ့အားသင့်သွားသည်။ ကောင်းကင်တောင် နတ်ဓားဂိုဏ်းရဲ့ စူးဝေ ဆိုသော အထောက်အထားသည် သူ ဖန်တီးထားသော အတုအယောင် အထောက်အထားပင် မဟုတ်လော။

မဟုတ်မှလွဲရော ၊ တကယ်ပဲ တည်ရှိနေတာလား?

ထိုအချိန်၊ တစ္စေဓားအမတရှင် က ဆက်ပြောလေသည် ။

“နောက်ကြ မင်း ကောင်းကင်တောင် နတ်ဓားဂိုဏ်းက ဂိုဏ်းသား တစ်ယောက်ယောက်နဲ့ တွေ့ခဲ့ရင်...”

“ငါ့ကို မျက်နှာပျက်အောင် မလုပ်နဲ့... မင်း အဲ့ကောင်တွေကို အနိုင်မယူနိုင်ရင် ၊ မင်းက ငါ တစ္စေဓားအမတရှင်ရဲ့ ကျောင်းသားလို့ မပြောနဲ့...”

ချက်ခြင်းဆိုသလို ၊ တစ္စေဓားအမတရှင်သည် သူ့လက်ချောင်းများကို လှုပ်ရှားလိုက်ရာ စူးချန်ကဲ၏ နတ်အသိစိတ်ထဲသို့ အလင်းတန်းတစ်ခု ဝင်ရောက်သွားခဲ့သည်။

“ဒါတွေက ငါ လေ့လာခဲ့သမျှ ပညာရပ်တွေပဲ၊ပြီးတော့ ဓားလမ်းစဉ်နဲ့ ပတ်သက်သမျှ အကုန်ပဲ....”

“ဒါတွေ ပြောမနေတော့ဘူး ၊ အဆုံးမှာ မင်း ငါ့ကို မကျော်နိုင်စရာ မရှိဘူး...”

ပတ်ဝန်းကျင်က လူတိုင်း ထိုစကားကို ကြားလိုက်ရသည်နှင့် တအံ့တဩ ဖြစ်ကုန်ကြပြီး ၊ ၎င်းတို့၏ မျက်လုံးများမှာ ရမ္မက်မီးများ တောက်လောင်လာခဲ့သည်။

တစ်ချိန်က မရဏကမ္ဘာကို လွှမ်းမိုးခဲ့သော တစ္စေဓားအမတရှင်၏ အမွေအနှစ်။

ဒါက သူတို့အတွက် ပိုပြီး သရေကျစရာ ကောင်းတယ် မဟုတ်လား?သူတို့သာ ရယူနိုင်ခဲ့ပါက....

သို့သော် တစ္စေဓားအမတရှင်သည် ထိုသူတို့၏ အတွေးများကို မသိဘဲ ဘယ်နေလိမ့်မည်နည်း။

သူသည် လက်ကို ထပ်မံလှုပ်ရှားလိုက်သည်။ဤတစ်ကြိမ်တွင် သူ၏ လက်ကျန် စွမ်းအားအားလုံးကို ဓားသေတ္တာထဲကို ထည့်လိုက်သည်။

ကြောက်မက်ဖွယ် ကောင်းသော ဓားစွမ်းအင်များ တဟုန်ထိုး ထွက်လာပြီး ၊ ပျံဝဲနေသော ဓားကိုးစင်းသည် ပိုမို ပြင်းထန်လာသော ဓားအလင်းများဖြင့် တောက်လောင်လာခဲ့သည်။

တစ္စေဓားအမတရှင်သည် ပတ်ဝန်းကျင် တစ်ခုလုံး ကြားအောင် အော်ဟစ်ပြောလိုက်သည်။

“အမှောင်ထဲမှာ ပုန်းနေတဲ့ ပုရွက်ဆိတ်တွေ သေချာနားထောင်!”

“ငါကိုယ်တော်ရဲ့ ကျင့်ကြံစွမ်းအား အားလုံးကို ဓားသေတ္တာမှာ ပေါင်းစပ်ထားတယ် ၊ မင်းတို့ နောက်ကွယ်က ဘိုးဘေး ဧကရာဇ်မင်းတွေကို သွားပြောလိုက် ၊ ငါ့ ကျောင်းသားလက်ထဲက လုနိုင်ရင် လာလုကြ! “

“မင်းတို့ ကံကောင်းမလား ဆိုတာ ငါ စောင့်ကြည့်နေမယ်!”

ဤစကားများသည် အသံလှိုင်းများသဖွယ် နေရာအနှံ့ ပျံ့နှံ့သွားသည်။ လုယူရန် ချောင်းနေကြသော လူများကို ချက်ချင်း ပါးစပ်ပိတ်သွားစေပြီး ၊ မည်သည့် လှုပ်ရှားမှုမျိုးကိုမှ မလုပ်ဝံ့ကြတော့ပေ။

သူတို့အားလုံးသည် တစ္စေများ ဖြစ်ပေရာ၊ တစ္စေဓားအမတရှင်၏ အဓိပ္ပာယ်ကို မသိဘဲ ဘယ်နေလိမ့်မည်နည်း။

နောက်ထပ် ဧကရာဇ်မင်းတစ်ပါး ရောက်လာခဲ့ရင်တောင် ၊ ၎င်းတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်များမှာ အပြီးတိုင် ဖျက်ဆီးခံလိုက်ရပြီး ယခင်က ဧကရာဇ်မင်းနှစ်ပါး၏ လမ်းစဉ်အတိုင်း လိုက်ရပေလိမ့်မည်။

ဤအရာများအားလုံး လုပ်ပြီးနောက်မှာတော့ တစ္စေဓားအမတရှင်၏ ခန္ဓာကိုယ်မှာ လုံးဝပျောက်ကွယ်သွားတော့မည် ဖြစ်သည်။

မျက်လုံးများနီနေပြီ ဖြစ်သော ပေကျန့် အဘိုးအိုကို ကြည့်လိုက်ပြီး သူ၏ နောက်ဆုံးခွန်အားဖြင့် ညင်သာစွာ ပြုံးရယ်လိုက်သည်။

ထို့နောက် သူ့လက်ညိုးကို ဆန့်ထုတ်ကာ ကောင်းကင်ကို တိုက်ရိုက် ညွှန်ပြလိုက်သည်။ တစ္စေဓားအမတရှင်၏ အပြုံးသည် အလွန်ယုံကြည်မှု ရှိပုံရသည်။

ပေကျန့်အဘိုးအိုမှာ တစ်ချိန်က ဤမရဏကမ္ဘာကြီးကို လွှမ်းမိုးခဲ့သော မာနကြီးသော အသွင်အပြင်ကို သူ ထပ်ပြီး မြင်လိုက်ရသလိုပင်။

“ငါဟာ ဓားရေးကို နှစ်ထောင်ချီ လေ့ကျင့်ခဲ့တယ် ၊ တစ္စေဓားအမတရှင် ဆိုတာ ငါပဲ !”

ချက် —

ကွဲအက်သံ ထွက်ပေါ်လာအပြီးတွင် ၊

တစ္စေဓားအမတရှင်၏ ဝိညာဉ်သည် လုံးလုံးလျားလျား ကွဲအက်သွားခဲ့ပြီး ကောင်းကင်ပေါ်က ကြယ်စင်များ အဖြစ်သို့ ပြောင်းလဲသွားကာ ဝေဟင်ပေါ်သို့ တဖြည်းဖြည်း ပျံတတ်သွားလေသည်။

တစ်ချိန်က မရဏကမ္ဘာကို ကြောက်ရွံ့စေခဲ့သော ဒဏ္ဍာရီလာပုဂ္ဂိုလ် ကွယ်လွန်ပြီးနောက်တွင် ၊ သာမန် ကျင့်ကြံသူ တစ်ဦး ဖြစ်လာပေဦးမည်။

ဝိညာဉ်သည် ဤမြေပေါ်တွင် သေဆုံးကာ ၊ သေမျိုးလောကဆီသို့ ပြန့်ကျဲသွားခဲ့လေပြီ။

သို့သော် တစ်ချိန်က အစွမ်းထက်ခဲ့သော ထိုပုဂ္ဂိုလ်အား ပို့‌ဆောင်ခဲ့သူ လူနှစ်ယောက်ပင် ရှိသည်။

စူးချန်ကဲသည် တစ္စေဓားအမတရှင် ပျောက်ကွယ်သွားသည့် ဦးတည်ရာဆီသို့ လေးလေးနက်နက် ဂါရဝပြုလိုက်သည်။

“ ကျောင်းသား၊ ဆရာကို ပို့ဆောင်ပေးရတဲ့အတွက် ဂုဏ်ယူမိပါတယ်!”

(T/N - တပည့် ဟု မသုံးနှုန်း )

ပေကျန့် အဘိုးအိုသည်လည်း လေးလေးနက်နက် ဦးချလိုက်သည်။ယခုတစ်ကြိမ်တွင်တော့ သူ မျက်ရည်မကျတော့ပေ။

အဘယ့်ကြောင့်‌ဆိုသော် ၊ ဆရာသခင်သည် သူငိုတာကို မကြိုက်သောကြောင့်ပင် ဖြစ်သည်။

“ လိုက်ပါ ပို့ဆောင်ပေးရတဲ့အတွက် ဂုဏ်ယူမိပါတယ် လူကြီးမင်း!!”

……

ထိုမြင်ကွင်းကို ကြည့်ရှုသူတိုင်း ခံစားချက်များ ရှုပ်ထွေးနေခဲ့သည်။

သူတော်စင် ဧကရာဇ်မင်းတစ်ပါး ကွယ်လွန်ချိန်တွင် အလွန်ကြီးကျယ်ခမ်းနားသော အသုဘအခမ်းအနားတစ်ခုကို ကျင်းပပေးရသည်။ ယခုအခါတွင် ဧကရာဇ်မင်းမြတ် ထက် သာလွန်သော ပုဂ္ဂိုလ်တစ်ဦးအား ထိုကဲ့သို့ ပေါ့ပေါ့လေး ပို့ဆောင်ပေးခဲ့ရသည်။

ရိုးရှင်းသော ပို့ဆောင်မှု အတွက် တစ္စေဓားအမရှင် အနေဖြင့် နောင်တများ ရနေမည်လော။

သေချာပေါက် ရလိမ့်မည် မဟုတ်ပေ။

အဘယ့်ကြောင့်ဆိုသော် ၊ သူ့ဘဝ တစ်သက်တာ သင်ယူခဲ့သမျှ ပညာရပ်များကို စူးချန်ကဲထံသို့ လွှဲပြောင်းပေးနိုင်ခဲ့သည်။

နောင်လာနောက်သားများသည် သူ့ထက် ပို၍ ဒဏ္ဍာရီဆန်သော ဒဏ္ဍာရီတစ်ခုကို ဖန်တီးပေလိမ့်မည်။

နောက်မျိုးဆက်တွေက စူးချန်ကဲ အကြောင်းပြောတိုင်း။

လောကသားများက သင်္ချိုင်းဓားကိုးတောင် ၏ တစ္စေဓားအမတရှင် အကြောင်း မှတ်မိနေလိမ့်မည် ဖြစ်သည်။

အပိုင်း(၂၅၂): ပြဇာတ်ထဲက လူတွေရဲ့ ခံစားချက်ကို ဘယ်လိုလုပ် နားလည်နိုင်မလဲ

အချိန်အတိုင်းအတာ တစ်ခုထိ ၊ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

လူတိုင်း ထိုမြင်ကွင်းကို ကြည့်ပြီး စကားပင် ပြောမထွက်ကြပေ။

တစ္စေဓားအမတရှင်သည် မရဏကမ္ဘာ၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ရှေးလူကြီး ပုဂ္ဂိုလ်အချို့သည် မရဏကမ္ဘာနှင့် ပတ်သတ်သော လျှို့ဝှက်ချက်များကို သိထားကြသည်။

“အင်း... တစ်ချိန်က မရဏကမ္ဘာ ကို ကယ်တင်ခဲ့တဲ့ သူရဲကောင်း တစ်ယောက်က ဒီလိုမျိုး အဆုံးသတ်သွားခဲ့တာလား....”

ဝေးကွာသော မိုးကုတ်စက်ဝိုင်း၏ တစ်နေရာတွင်၊ ပိန်လှီခြောက်ကပ်နေသော အဘိုးအိုတစ်ဦးသည် တစ္စေဓားအမတရှင် ပျောက်ကွယ်သွားသည့် ဦးတည်ရာဘက်ဆီသို့ ဦိးညွှတ်လိုက်လေသည်။

“ တကယ်ကို ဝမ်းနည်းဖို့ကောင်းပေတယ်!ဝမ်းနည်းဖို့ကောင်းပေတယ်! “

အတန်ကြာ သက်ပြင်းချပြီးနောက် ၊ ထိုအဘိုးအိုလည်း နေရာမှ ပျောက်ကွယ်သွားခဲ့သည်။

…..

စူးချန်ကဲ၏ စိတ်အခြေအနေမှာ အနည်းငယ် လေးလံနေသော်လည်း ၊ သို့သော် သူသည် အချိန်အကြာကြီး တုံ့ဆိုင်းမနေခဲ့ပေ။

မြင့်မြတ်သော လမ်းစဉ်တွင် သေခြင်း ရှင်ခြင်းသည် တောင်းဆိုရန် ခက်ခဲပြီး ၊ ၎င်းတို့အားလုံးသည် ဘာမှမတတ်နိုင်သည့် အရာများပင် ဖြစ်သည်။

လူတိုင်း ကျင့်ကြံရေး လမ်းစဉ်ပေါ်သို့ ဝင်ရောက်လာသည်နှင့် အဘယ်ကြောင့် အေးစက်ရက်စက်ကြသနည်း။

ဤကဲ့သို့ မပြုမှုပါက ၊ ‘မြင့်မြတ်သော လမ်းစဉ်’ ဟု ပြောဆိုရဲသူ မည်သူများ ရှိလေသနည်း။

“ခင်ဗျား ကျွန်တော်နဲ့ အတူ လိုက်လာချင်လား?”

စူးချန်ကဲသည် ပေကျန့်အဘိုးအိုကို မေးလိုက်သည်။

“ဆရာလည်း ခင်ဗျားကို အပြင်လောကကို သွားပြီး ကြည့်စေချင်မယ်လို့ ထင်တယ်”

“မဟုတ်ဘူး”

ပေကျန့် အဘိုးအိုက ခေါင်းယမ်းကာ တိုက်ရိုက် ငြင်းဆိုလိုက်သည်။

သူသည် ဖြည်းညှင်းစွာ ထရပ်ကာ အပျက်အစီးများထဲက ကျောက်စရစ်ခဲ တစ်လုံးကို ကောက်ယူလိုက်သည်။

ထို့နောက် သူ၏ ရေရွတ်သံကို ကြားလိုက်ရသည်။

“ လူတွေက သင်္ချိုင်းဓားကိုးတောင်ကို မရဏလေးပါးထဲက တစ်ပါးလို့ ပြောကြတယ်...”

“ ဒါပေမဲ့ ဘယ်သူကများ အကြောင်းရင်းမှန်ကို သိမှာလဲ...”

စကားများ ပြောနေစဉ် ၊ ကျောက်စရစ်ခဲအပိုင်းအစများကို တစ်ခုပြီး တစ်ခု ကောက်ယူကာ စုပုံလိုက်သည်။

“အဲဒီတိုက်ပွဲမှာ တစ္စေဓားအမတရှင်သာ ဝင်မစွက်ဖက်ခဲ့ဘူးဆိုရင် ၊ ဒီနေ့ရဲ့ မရဏကမ္ဘာဆိုပြီး ဘယ်လိုလုပ် ဖြစ်လာမှာလဲ..”

“ တစ္စေဓားအမရှင် လူကြီးမင်းရဲ့ ဂုဏ်သတင်းကို မေ့သွားတဲ့အတွက် ဒီကမ္ဘာကြီးကို ငါအပြစ်မတင်ပါဘူး...”

ပေကျန့် အဘိုးအိုသည် နောက်ဆုံး ကျောက်စရစ်ခဲကို ကောက်တင်လိုက်ရာ ကျောက်အုတ်ဂူ သေးသေးလေး တစ်ခု ဖြစ်လာခဲ့သည်။

“ သင်္ချိုင်းဓားကိုးတောင်က လူကြီးမင်း ခေါင်းချခဲ့တဲ့ နေရာပဲ ...”

မျက်ရည် တစ်စက် ကျသံ !

ပတ်ဝန်းကျင်မှာ အလွန်တိတ်ဆိတ်နေပေရာ ၊ အရာအားလုံးကို စူးချန်ကဲ တစ်ယောက် ရှင်းလင်းစွာ ကြားနေရသည်။

ထိုအသံသည် မြေပြင်ပေါ်သို့ ကျဆင်းသွားသော မျက်ရည်ကျသံပင် ဖြစ်သည်။

ပေကျန့် အဘိုးအိုသည် သူ့ခေါင်းကို အပေါ်သို့ မြှောက်တင်ထားသည်။သူ့မျက်ရည်များကို တတ်နိုင်သမျှ ထိန်းထားချင်ပုံရသည်။

“ တစ္စေဓားအမတရှင် လူကြီးမင်းက တကယ်တော့ တစ်ကိုယ်ကောင်းဆန်တဲ့လူပဲ... ဒါပေမယ့် ဒီလို တစ်ကိုယ်ကောင်းဆန်တဲ့သူက နောက်ဆုံးတော့ မရဏကမ္ဘာ အတွက် သူ့မှာ ရှိတဲ့ အရာအားလုံးကို ပေးဆပ်ခဲ့တယ်...”

“ဟားဟား...မင်းပြောကြည့် သူ တကယ်ကို ထူးဆန်းတယ်မလား?”

ပေကျန့် အဖိုးအိုက ဆက်ပြောသည်။

“ဒါပေမယ့် ကမ္ဘာကြီးက ဒီဇာတ်လမ်းတစ်ခုလုံးကို ဘယ်လိုလုပ် သိနိုင်မှာလဲ”

“ဒါပေမယ့် ငါ့ အမြင်အရတော့ ကမ္ဘာကြီးက သိသိ မသိသိ အရေးမကြီးဘူး၊ ငါ အသက်ရှင်နေသရွေ့တော့ တစ္စေဓားအမတရှင် ‌ဆိုတဲ့ ဇာတ်လမ်းက ဘယ်တော့မှ ပြီးဆုံးမှာ မဟုတ်ဘူး ....”

…..

“ဟုတ်လား?”

“ ကျွန်တော်သိခဲ့ပြီ ထင်တာပဲ”

စူးချန်ကဲသည် နောက်သို့ပြန်လှည့် မကြည့်တော့ဘဲ တခြားဦးတည်ရာဆီသို့ တည့်တည့် လျှောက်သွားခဲ့သည်။

သင်္ချိုင်းဓားကိုးတောင် အပေါ်တွင် ထားရှိသည့် ပေကျန့်အဘိုးအို၏ အဓိပ္ပါယ်ကို သူ နောက်ဆုံးတော့ နားလည်ခဲ့ပြီပင်။

ကမ္ဘာကြီးရဲ့အမြင်မှာ ဤနေရာသည် မရဏလေးပါးထဲက တစ်ပါး ဖြစ်ပေမဲ့ ၊ တကယ်တန်းတွင် တစ္စေဓားအမတရှင်၏ အုတ်ဂူချရာ နေရာပင် ဖြစ်သည်။

ပေကျန့် အဘိုးအို ဒီမှာ ခေါင်းချခဲ့သည့် အကြောင်းရင်းကလည်း သူ့နှလုံးသားထဲက တောင့်တမှုကို ကာကွယ်ရန်ပင် ဖြစ်သည်။

သင်္ချိုင်းဓားကိုးတောင် ပျောက်ကွယ်သွားရင်တောင် ၊ ပေကျန့် အဘိုးအို အသက်ရှင်နေသရွေ့ မထင်မရှား ကျောက်တုံးလေးတစ်ခုဆိုတောင် တစ္စေဓားအမတရှင်၏ သင်္ကေတတစ်ခုအဖြစ် မှတ်ယူနိုင်သေးသည်။

“ဒါပေမယ့် ကျွန်တော် ပြောချင်တာက..”

“ဆရာ့ရဲ့ ဒဏ္ဍာရီက ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ဘူး၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ဆက်ပြီး တည်ရှိနေသ၍ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး “

ထိုစကားကို ကြားတော့ ပေကျန့်အဘိုးအိုမှာ အံ့ဩသွားသည်။

နောက်တော့ သူသည် စိတ်သက်သာရာ ရစွာဖြင့် ပြုံးရယ်လိုက်သည်။ မျက်ရည်များ နောက်တစ်ကြိမ် ကျလာသည့်အထိ ပြုံးရယ်နေမိသည်။

“တကယ်လား..အဲဒါကို ငါ ပြီးမြောက်အောင် မလုပ်နိုင်ခဲ့ဘူး...”

“ အခုတော့ မင်းကိုပဲ အားကိုးရတော့မယ်...”

သူသည် ရှေးဟောင်းဓားတစ်လက်ကို ဆင့်ခေါ်လိုက်သည်။

၎င်းသည် တစ္စေဓားအမတရှင်၏ တပည့်တစ်ယောက် ဖြစ်လာပြီးနောက် ၊ တစ္စေဓားအမတရှင်မှ ပထမဆုံး ပေးအပ်ခဲ့သော ဓားတစ်လက်ပင် ဖြစ်သည်။

အမည်မှာ :ဝမ့်ချွမ်း (မေ့ပျောက်မြစ်)

သံချေးများဖြင့် ဖုံးလွှမ်းနေသော်လည်း ၊ သူ့၏ အဖိုးတန် ရတနာတစ်ခုအဖြစ် မှတ်ယူထားဆဲပင် ဖြစ်သည်။

“ဝမ့်ချွမ်း ဝမ့်ချွမ်း.. အမှတ်တရ‌တွေကို မေ့ပြီး... အတိတ်ကလူကိုလည်း မေ့လိုက်ပါ...

“ဒါပေမဲ့ ငါ ....ဘယ်လိုလုပ် မေ့နိုင်မှာလဲ?”

>>>

သွေးအန်သံ!

မှောင်မည်းနေသော နေရာ တစ်‌နေရာတွင် အနီရောင်ပန်းပွင့်ချပ်များက တဖျပ်ဖျပ် တောက်ပနေသည်။

“သခင် လီတောက် ... ဒီတစ္ဆေသားရဲက အရမ်းကို သန်မာတယ်၊ မလုပ်ပါနဲ့လား “

“မင်းကို ငါဘယ်နှစ်ခါပြောပြီးပြီလဲ၊ ငါ့နာမည်ကို မခေါ်နဲ့လို့ဆို ၊ ငါ့ကို ဓားအမတရှင် လို့ ခေါ်!”

“တစ္ဆေသားရဲဆိုလည်း ဘာဖြစ်လဲ?ငါ သခင်လေးရဲ့ လက်ထဲမှာ ဓားရှိနေသရွေ့ အရာအားလုံးကို ချေမှုန်းပစ်နိုင်တယ်လို့ ငါ ဘယ်နှစ်ခါပြောပြီးပြီလဲ!”

….

“လီ... ဓားအမတရှင် သခင်လေး... ကျွန်တော်မှာ တကယ်ပဲ ဓားရေးလေ့ကျင့်ဖို့ အရည်အချင်းမရှိဘူးလား...?”

“ဟုတ်တယ် တကယ်ကို မရှိဘူး “

“ဒါဆို ဘာလို့ တပည့်အဖြစ် လက်ခံခဲ့တာလဲ”

“ငါ တစ်ခုခုကို သက်သေပြချင်လို့လေ”

“တစ်ခုခုကို သက်သေပြမယ်?”

“ ငါ သက်သေပြချင်တာက ပုရွက်ဆိတ်တစ်ကောင် ဆိုတောင် နတ်ဘုရားနဲ့ ယှဉ်ပြိုင်နိုင်တယ် ဆိုတာပဲ “

…..

“ငါဟာ ဓားရေးကို နှစ်ထောင်ချီ လေ့ကျင့်ခဲ့တယ် ၊ တစ္စေဓားအမတရှင် ဆိုတာ ငါပဲ !”

“ ရှောင်ဟေးဇီ ၊ ငါ့တပည့် အမည်ခံထားပြီး မင်း ဘယ်လိုဖြစ်ပြီး ဒီလောက်ထိ အားနည်းပြနေတာတုန်း ၊ ဆက်လေ့ကျင့်!”

…..

“သွေးအန်သံ....”

ဓားသည် သူ၏ ရင်ဘတ်ကို ထိုးဖောက်သွားခဲ့သည်။ ပေကျန့် အဘိုးအို၏ ပါးစပ်ထောင့်မှ သွေးများ အထိန်းအကွပ်မဲ့စွာ စီးကျလာသည်။

သို့သော် သူသည် နာကျင်မှုကို လုံးဝ မခံစားရပုံပေါ်သည်။ ဤအခိုက်အတန့်တွင်၊ သူသည် တစ္စေဓားအမတရှင် နှင့် အတူ အချိန်ဖြုန်းခဲ့သည့် မြင်ကွင်းများကို ပြန်လည် မြင်ယောင်နေခဲ့သည်။

သူတို့သည် အားနည်းသူ မှ သန်မာသူ အဖြစ် အောင်မြင်လာခဲ့သည်။

တစ္ဆေသားရဲများကို သတ်ဖြတ်ခြင်းမှ တစ္ဆေဘုရင်များကို သတ်ဖြတ်ခြင်း အထိ ဖြစ်လာခဲ့ပြီး ၊နောက်ဆုံးတွင် အမတ နတ်ဘုရားကိုပင် သတ်ပစ်နိုင်ခဲ့သည်....

“လူကြီးမင်း....”

ပေကျန့် အဘိုးအို၏ လက်သည် အနည်းငယ် တုန်ရီနေသော်လည်း ၊သူ၏ နှုတ်ခမ်းပေါ်တွင် ကြာရှည်စွာ ပျောက်ကွယ်သွားသော အပြုံးတစ်ခု ပြန်ပေါ်လာခဲ့သည်။

“ ကျွန်တော်ကို အပြစ်မတင်ပါနဲ့....”

“ကျွန်တော် ခင်ဗျားကို တခြားကမ္ဘာမှာ ဆက်ပြီး ပြုစုပါရစေ....”

အသက်ဓာတ်များ လျှင်မြန်စွာ ပျောက်ကွယ်နေသော်လည်း သူသည် ပြုံးနေဆဲပင်။

သူ ဒီလောက်ထိ စိတ်သက်သာရာ ခံစားချက်မျိုး မရဖူးခဲ့ပေ။

အဟွတ်!

သူ့နောက်က အသံကို ကြားတော့ ၊စူးချန်ကဲ၏ ခြေလှမ်းများမှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

သို့သော် သူ နောက်ပြန်လှည့်မကြည့်ခဲ့ပေ။

သူ ကောင်းကင်ကို မော့ကြည့်ကာ သက်ပြင်းချလိုက်သည်။

ထန်ဝူအာ နှလုံးသားတစ်ခုလုံး ဓားဖြင့် အမွှန်းခံလိုက်ရသလိုပင်။သူမက စူးချန်ကဲအား တိုးတိုးလေး မေးလိုက်သည်။

“သခင်လေး ဘာလို့ ဒီတိုင်းကြည့်နေခဲ့တာလဲ...”

စူးချန်ကဲအပေါ် စော်ကားသလို ဖြစ်သွားမှာကို ကြောက်ရွံ့မိပေရာ ထန်ဝူအာသည် လျင်မြန်စွာ တိတ်ဆိတ်သွားခဲ့သည်။

စူးချန်ကဲက စိတ်ထဲမထားဘဲ ရိုးရှင်းစွာ ဆိုလိုက်သည်။

“ခွဲခွာခြင်းက အနာကျင်ရဆုံးအရာပဲ”

“ပြီးတော့ ပေကျန့် အဘိုးအိုနဲ့ ဆရာ့ကြားက ခင်မင်ရင်းနှီးမှုက နှစ်ပေါင်းများစွာ မရေမတွက်နိုင်အောင် တည်ရှိလာခဲ့တာ”

“ ငါ သူ့ကို တားခဲ့ရင်တောင် ၊ သူ့ရဲ့ ဆန္ဒကိုတော့ ရှောင်လွှဲလို့ မရဘူး”

စူးချန်ကဲသည် ရှေ့ကိုသာ ဆက်လျှောက်လာခဲ့သည်။

“ လူတစ်ယောက် လျှောက်ချင်တဲ့လမ်းကို တားစီးတာက အတော် ရက်စက်တဲ့ အပြူအမှုပဲ”

“ငါတို့က ကြည့်ရှုသူသက်သက်ပဲ ၊ ပြဇာတ်ထဲက လူတွေရဲ့ ခံစားချက်ကို ငါတို့ ဘယ်လိုလုပ် နားလည်နိုင်မလဲ”

လူနှစ်ဦးသည် တရွေ့ရွေ့ဖြင့် ထွက်ခွာသွားလေပြီ။

သူတို့နောက်တွင်မူ ၊ တခြားမြင်ကွင်း တစ်ခု ရှိနေခဲ့သည်။

ကျောက်တုံးလေးစုများ စုပုံထားသော အုတ်ဂူ ။

သွေးစွန်းနေသော ဓား။

စိတ်သက်သာရာ ရသွားခဲ့ပြီ ဖြစ်သောသူတစ်ယောက်။

အရင်က အမှတ်တရများ။

ဤနေရာသည် မရဏကမ္ဘာ၏ မရဏလေးပါးထဲက တစ်ပါး ဖြစ်လာတော့မည် မဟုတ်ပေ။

ဤ‌နေရာသည် ဇာတ်လမ်းထဲက လူနှစ်ဦး ပြန်ဆုံကြသည့် နေရာသာ ဖြစ်ပေသည်။

ပျံလွှားဌက် နှင့် ဇီးပန်းတို့ ပြန်‌ဆုံကြသည့် နေရာတစ်ခု ။

သို့မဟုတ် ဝမ့်ချွမ်း နှင့် မရဏကမ္ဘာတို့ ပြန်‌လည်ဆုံတွေ့ကြသည့် နေရာတစ်ခုပင်တည်း။

အပိုင်း(၂၅၃):ပင်လယ်သေ ၊အရိုးမြို့တော်

သင်္ချိုင်းဓားကိုးတောင်တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်သည် မရဏကမ္ဘာတစ်ခုလုံးကို မုန်တိုင်းတစ်ခု သဖွယ် ရိုက်ခတ်သွားခဲ့သည်။

အဆုံးမဲ့ အရိုးဖြူပင်လယ်အနီးတွင် အရိုးမြို့တော်ဟု ခေါ်ဆိုသော မြို့တစ်မြို့ ရှိသည်။

အရိုးမြို့တော်တွင် ထူးခြားသော ပထဝီဝင်ကျသော နေရာတစ်ခုရှိသည် ။ ကိုးသင်္ချိုင်းမြို့နှင့် မတူညီသောအချက်မှာ မြောက်ဘက်နယ်စပ်နှင့် နီးကပ်သော်လည်း၊သို့သော် ပင်လယ်သေသည် မရဏကမ္ဘာ၏ ဗဟိုဖြစ်သော ဟွမ်ချွမ်ကုန်းမြေနှင့် ပို၍ နီးစပ်သည်။

အရိုးမြို့တော် တစ်ခုလုံးကို ဂရုတစိုက်ဖြင့် တည်ဆောက်ထားသည်။

အနက်ရောင်လွင်ပြင်တွင် ရှိနေသော တစ်ခုတည်းသာ အရောင်မှာ အဖြူရောင်ဖြစ်သည်။ ဤသည်မှာ မရေမတွက်နိုင်သော အရိုးများဖြင့် ထွင်းထုထားသော အရိုးမြို့တော်ပင်ဖြစ်သည်။

မြို့ရိုးသည် လူအရိုးများ အပါအဝင် ထူးဆန်းသော သတ္တဝါအမျိုးမျိုး၏ ခြောက်သွေ့သော အရိုးများဖြင့် ဖွဲ့စည်းထားသည်။

ပေတစ်ထောင်လောက် မြင့်သည့် မြို့တံခါးကြီးအား ရှေးဟောင်းသတ္တဝါတစ်ကောင်၏ ဦးခေါင်းခွံဖြင့် ပြုလုပ်ထားသည်။

အသက်မရှိသည်မှာ ကြာခဲ့ပြီ ဖြစ်သော်လည်း ၎င်းထံမှထွက်လာသော သွေးငွေ့များက လူကို ကြောက်ရွံ့တုန်လှုပ်သွားစေသည်။

တည်းခိုခန်းအတွင်း၌ ၊

ရက်စက်ကြမ်းကြုတ်သော မရဏသားများသည် တစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန် ဆွေးနွေးနေကြသည်။

“ငါ့ မရဏကမ္ဘာရဲ့ မရဏလေးပါးထဲက တစ်ပါး ၊ ငါ သခင်လေး တခါမှ မစမ်းဖူးသေးဘူး”

သူသည် မရဏဝိုင်ကို သူ့ ဖန်ခွက်ထဲသို့ လောင်းငဲ့ကာ တစ်ကျိုက်လောက်မော့လိုက်ရင်း ‌ဆိုလေသည်။

“ အဲဒီ့လူသားမျိုးနွယ် တကယ်ကို မုန်းစရာကောင်းတာပဲ!”

“ဟားဟား ၊ မင်းရဲ့ ကျင့်ကြံစွမ်းအား အဆင့်နဲ့ သွားစမ်းဖို့ ထိုက်တန်လို့လား? မင်းမှာ သူတော်စင် အရှင် နယ်ပယ်အဆင့်တောင် မရောက်သေးဘဲနဲ့ အသက်ပေးချင်နေပြီလား?”

နောက်လူ တယောက်က ရယ်မောကာ ပြောလိုက်သည်။

“ဒါ့အပြင် ဒီနေရာက အဆုံးမဲ့ အရိုးဖြူပင်လယ်နဲ့ မဝေးဘူး ၊ မင်းနာမည်ကြီးချင်ရင် အဲဒီကိုသွားလေ !”

ထိုလူ၏ လှောင်ပြောင်သော စကားလုံးများက ဝိုင်သောက်နေသည့် လူအား ချက်ခြင်းပင် ငြိမ်သက်သွားစေသည်။

အဆုံးမဲ့ အရိုးဖြူပင်လယ်ကိုသွား ဟုတ်လား?

အကယ်၍ မရဏလေးပါးကို အဆင့်ခွဲမည်ဆိုပါက ၊

အဆုံးမဲ့ အရိုးဖြူပင်လယ်သည် ကျိန်းသေအကောင်းဆုံး ဖြစ်မှာ သေချာပေသည်။

တစ်ချိန်က အပြင်းအထန် မသန်စွမ်းဖြစ်ခဲ့သော တစ္စေနတ်ဘုရားကျောင်း၏ အရှင်သခင်သည် ထိုနေရာထဲသို့ ဝင်ရောက်သွားခဲ့သည်။အသက်ရှင်လျက် ထွက်လာပြီးနောက်တွင် သူသည် အခွင့်အရေးကောင်းတစ်ခုကို ရရှိခဲ့သည်။

ထို့နောက်တွင် တစ္စေနတ်ဘုရား ဆိုသည့် အဆင့်အတန်းကို ရရှိခဲ့ပြီး မရဏကမ္ဘာတစ်ခုလုံးကို ပေါင်းစည်းခဲ့သည်။အထဲတွင် မည်မျှကြောက်စရာကောင်းသော အရာများရှိနေနိုင်သနည်း။

ဒုန်း!!

ထိုအချိန်တွင် ၊ တစ်စုံတစ်ယောက်က တည်းခိုခန်းတံခါးကို ခြေထောက်ဖြင့် ကန်ကျောက်ဖွင့်လိုက်သည်။

အနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော တပ်သားဆယ်ယောက်ကျော် ဝင်ရောက်လာခဲ့သည် ။

“ဘာပေးရမလဲ ဆရာ...”

တည်းခိုခန်းရှိ စားပွဲထိုးသည် မျက်နှာချိုသွေးသော အမူအရာဖြင့် ပျာပျာယာယာ ထွက်လာခဲ့သည်။

၎င်းတို့အကုန်လုံး လူကောင်း ဟူ၍ တစ်ယောက်မှ မရှိ။

ဤလူတွေသည် အဆုံးမဲ့ နတ်ဆိုးဂူ၏ တပ်ဖွဲ့ဝင်များဖြစ်ပြီး၊ ပင်လယ်သေတွင် အဆုံးမဲ့ နတ်ဆိုးဂူသည် ကောင်းကင်ကို လက်တစ်ဖက်တည်းဖြင့် ဖုံးအုပ်ထားနိုင်သည့် အင်အားစု ဟု ဆိုရပေမည် ။

နတ်ဘုရားအချုပ်ထောင် နန်းတော်ထက်ပင် ဆိုးရွားသည်။

“သွားစမ်း!”

၎င်းတို့၏ ခေါင်းဆောင် ဖြစ်သူက ကျယ်ကျယ်လောင်လောင် အော်ဟစ်ကာ စားပွဲထိုးအား မြေပြင်ပေါ်သို့ တွန်းလဲပစ်လိုက်သည်။

ထို့နောက် လင်းယုန်မျက်လုံးများကဲ့သို့ တည်းခိုခန်းကို လှည့်ပတ်ကြည့်ရှုလိုက်သည်။

“ဒီမှာ မရှိဘူး၊ မှတ်တမ်းတင်ထား တခြားနေရာကို သွားမယ် “

သူတို့ ရှာနေသည့် လူကို ရှာမတွေ့ပုံ ရပေသည်။ ခေါင်းဆောင် ဖြစ်သူက အမိန့်ပေးလိုက်သည်နှင့် ကျန်ရှိတပ်သားများက ပြန်ဆုတ်ခွာသွားကြသည်။

လူတိုင်း နှုတ်ဆိတ်နေကြသည် ။

ထိုလူများ ထွက်ခွာသွားချိန်မှာတော့ ၊ တည်းခိုခန်းရှိ လူတိုင်း သက်ပြင်းချလေတော့သည်။

“ဟူး- အဆုံးမဲ့ နတ်ဆိုးဂူက ဘာလုပ်ချင်နေပြန်ပြီလဲ မသိဘူး ၊ ဒါပေမယ့် ဒီရက်တွေမှာ အဆုံးမဲ့နတ်ဆိုးဂူက အရိုးမြို့တော်မှာ ဘာကိုရှာနေသလဲ မသိဘူး ၊! တကယ်ကို စိတ်အနှောက်အယှက် ဖြစ်တယ်!”

လူတစ်ယောက်က ကျိန်ဆဲလိုက်သည်။

“မင်း ဒါကို မသိဘူးမလား”

ဆံပင်ဖြူဖြူ အဘိုးကြီး တစ်ယောက်က အပြုံးမပျက် ဝင်ပြောလိုက်သည်။

“ သင်္ချိုင်းဓားကိုးတောင်ရဲ့ တစ္စေဓားအမတရှင်ရဲ့ အမွေအနှစ်ကို လူငယ်တစ်ယောက်က ဆက်ခံလိုက်တယ်ဆိုတာ အခု လူအများကြီး သိသွားကြပြီ!”

“ အဲ့ဒီလူသားက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါတို့ အရိုးမြို့တော်ကို ဦးတည်ပြီး လာနေတယ်လို့ ကောလာဟလ ထွက်နေတယ် ၊အဲဒါကြောင့်အဆုံးမဲ့ နတ်ဆိုးဂူက အရိုးမြို့တော်ကိုလှည့်ပတ်ကြည့်ရှုနေတာပဲ “

“ဒီ အဆုံးမဲ့ နတ်ဆိုးဂူက အရမ်း မာနကြီးတယ်၊ တစ္စေဓားအမတရှင် မသေခင်က သူ့ရဲ့လက်ကျန်စွမ်းအားတွေကို ဓားသေတ္တာမှာ ပေါင်းထည့်ထားတယ်လို့ မပြောခဲ့ဘူးလား”

လူတစ်ယောက်က ကြားဖြတ်ဆိုလိုက်သည်။

“ သူ့ရဲ့ လက်ကျန်စွမ်းအားနဲ့တင် ဧကရာဇ်မင်း သုံး လေးပါးကို သတ်ပစ်ခဲ့တယ်လို့ ငါ ကြားတယ်၊ အဆုံးမဲ့ နတ်ဆိုးဂူကို ဒါကို မကြောက်ဘူးလား”

“ဟားဟား....”

အဘိုးအိုသည် အရက်ခွက်ကို ယူကာ

တစ်ကျိုက်တည်း မော့သောက်ပစ်လိုက်သည်။

သူ၏ ဖြူဖျော့သော အသားအရေမှာ အနည်းငယ် နီရောင်သန်းလာသည်။

“ဒါကို မင်း မသိဘူးလား? အဆုံးမဲ့ နတ်ဆိုးဂူ က မရဏတရားလေးပါးရဲ့ အမွေကို အရယူဖို့ အမြဲတမ်း ချောင်းနေတာလေ”

“ ဥပမာပြောရရင်ကွာ ဒီအဆုံးမဲ့ အရိုးဖြူပင်လယ်ထဲမှာ သူတို့ အရေးကြီးတဲ့ သဲလွန်စတွေ ရှာတွေ့ထားတယ်လို့ ငါကြားတယ်”

ထိုအကြောင်းပြောရင်း ၊ အဘိုးအိုသည် အရက်ခွက်ကို ယူကာ ထပ်‌မော့လိုက်ပြန်သည်။

“ ဆက်ပြောလေကွာ!”

တစ်ယောက်ယောက်က စိတ်မရှည်တော့ဘဲ ထမေးလိုက်သည်။

“အမ်...”

လူတိုင်း၏ အာရုံသည် သူ့အပေါ်သို့ ကျရောက်နေသည်ကို ခံစားမိပေရာ ၊ အဘိုးအို ခမျာ ရင်တဒိတ်ဒိတ်ဖြင့် ။

“ အဲ့ဒီအရေးကြီးတဲ့ သဲလွန်စ ဆိုတာ အရိုးဖြူ ပင်လယ် မှော်ပုလွေပဲ “

“ဘယ်လို!?”

ထိုသတင်းကို ကြားလိုက်ရသူတိုင်း ၊ မတော်တဆ လန့်အော်မိသည်

အရိုးဖြူပင်လယ် မှော်ပုလွေ။

၎င်းသည် အရိုးမြို့တော်တွင် နှစ်ပေါင်း များစွာ ဆက်ခံလာခဲ့သည့် ဒဏ္ဍာရီလာ ပုံပြင်တစ်ပုဒ်ပင် ဖြစ်သည်။

မရေမတွက်နိုင်သော လူများကို အဆုံးမဲ့ အရိုးဖြူ ပင်လယ်ထဲတွင် မြှုပ်နှံထားကြောင်း ရှေးလူကြီး အချို့က ပြောခဲ့ဖူးသည် ။ ဒါတင်မက အဆုံးမဲ့ အရိုးဖြူ ပင်လယ်ဆိုသည့်အတိုင်း အမှန်တကယ် အဆုံးမရှိသော နေရာတစ်ခုပင် ဖြစ်သည်။

သူတို့၏ မရဏကမ္ဘာသာမက တိုက်မြေသုံးထောင် နှင့် ကောင်းကင်တစ်ခုလုံးရှိ သက်ရှိသတ္တဝါများ၏ အရိုးများကို မြှုပ်နှံထားသည်။

ထိုနေရာသည် သေလွန်သူများ၏ ကျိန်းဝပ်ရာနေရာ ဖြစ်ပြီး ၊ အသက်ရှင်နေသူများအတွက် တားမြစ်နယ်မြေပင် ဖြစ်သည်။

“ဒါပေမယ့် ဒီလောက်အရေးကြီးတဲ့ သဲလွန်စကို ဘယ်လိုဖြစ်ပြီး အဆက်ပျက်သွားတာတုန်း”

နောက်လူက သံသယဖြင့် မေးလိုက်သည်။

“ ကြားထဲက ကိစ္စတွေတော့ ငါလည်းမသိဘူး ၊ ငါကြားတာတော့ အဲ့ဒီရှေးဟောင်း ပင်လယ်မှော်ပုလွေကို တိုက်မြေသုံးထောင်က အင်အားကြီးမားတဲ့ လူ့ဘီလူးတစ်ယောက်က လုယက်သွားတယ်ဆိုပဲ ၊ အဲဒီလူရဲ့ နောက်ခံကြောင့် အဆုံးမဲ့ နတ်ဆိုးဂူတောင် ရန်မစရဲဘူးတဲ့ “

“အဆုံးမဲ့ နတ်ဆိုးဂူကတောင် ရန်မစရဲဘူး ၊ အဲဒါ အမှန်ပဲလား?”

အဆုံးမဲ့ နတ်ဆိုးဂူ၏ အမွေဆက်ခံမှု ရာဇဝင်သည် အလွန် ရှည်လျားပေသည်။သို့ဖြစ်၍ ၎င်းတို့ကို ထိပ်တန်း အင်အားစု အဖြစ် မှတ်ယူနိုင်သည်။

ဒီလောက်ထိ အင်အားတောင့်တင်းတဲ့ သူတွေက အဲဒီလူကို ရန်မစရဲဘူးတဲ့လား?

ထိုအနှီလူ၏ နောက်ခံသည် မည်မျှတောင် ကြောက်စရာ ကောင်းလိုက်မလဲ ဆိုတာ သူတို့ မတွေးဝံ့ကြပေ။

ထိုအချိန်၊ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လူနှစ်ဦးသည် မတ်တပ်ထရပ်ကာ တည်းခိုခန်းအပြင်ဘက်သို့ ထွက်သွားခဲ့သည်။

အရက်သောက်နေသော အဘိုးအိုတွင် ခံစားချက် အချို့ရှိနေပုံရကာ သူတစ်ယောက်တည်း ရေရွတ်နေလေသည်။

“အဆုံးမဲ့ နတ်ဆိုးဂူရဲ့ အကြံက ကြီးမားတယ်၊ တကယ်တော့ သူတို့က မရဏကမ္ဘာရဲ့ နတ်ဆိုးချောက်နက်နဲ့ ပူးပေါင်းထားတယ်...”

“ ဖျက်စီးခံလိုက်ရတဲ့ နတ်ဘုရားအချုပ်ထောင် နန်းတော်လည်း ဒီကိစ္စထဲပါဝင်လာခဲ့ပြီ...”

“ကြည့်ရတာ နောက်ထပ် မုန်တိုင်းကြီးတခုရောက်လာတော့မယ်ပုံပဲ !”

……

အနက်ရောင် ၀တ်စုံဝတ်ထားသည့် လူနှစ်ယောက်သည် တည်းခိုခန်းမှ ထွက်ခွာသွားပြီးနောက် လူစည်ကားသော လမ်းတစ်ခုကို ဖြတ်ကျော်ကာ လျှို့ဝှက်လမ်းထဲသို့ ဝင်ရောက်သွားကြသည်။

ထိုအချိန်တွင် ၊ အနက်ရောင် ၀တ်စုံ ၀တ်ထားသော အမျိုးသားသည် သူ၏ အနက်ရောင် ၀တ်ရုံကို ဖြည်းညှင်းစွာ ချွတ်ချလိုက်ရာ သူ၏ ချောမောသော ဟန်ပန်အမူအယာကို ပေါ်လွင်သွားစေခဲ့သည်။

ဆံပင်များက လေထဲတွင် တဖျပ်ဖျပ် လွင့်‌မျောနေပြီး သူ၏ မျက်ဝန်းများသည် နက်ရှိုင်းကာ တောက်ပနေသည်။

“ထင်တဲ့အတိုင်းပဲ၊ ဒီလိုနေရာက သတင်းအချက်အလက်ရဖို့ အလွယ်ကူဆုံးပဲ”

စူးချန်ကဲ၏ နှုတ်ခမ်းသားတို့မှာ ကွေးညွတ်သွားသည်။

“ဘယ်ထောက်လှမ်းရေး အဖွဲ့အစည်းမှ မလိုဘူး ၊ ဒီလို နေရာမှာ သောက်စားနေတဲ့ ဧည်သည့်တွေရဲ့ အချက်အလက်လောက် ကောင်းတာ မရှိဘူး! “

စူးချန်ကဲ တစ်ယောက် နောက်ထပ် အသွင်သဏ္ဌာန် ပြောင်းလဲခဲ့ရသည့် အကြောင်းရင်းမှာ အနည်းငယ်တော့ ရီစရာကောင်းပေသည်။

သင်္ချိုင်းဓားကိုးတောင်မှ ထွက်လာအပြီးတွင် ၊သူသည် လော့ရန်ယွီနှင့် ထပ်မံတွေ့ရလိမ့်မည် ဟု မျှော်လင့်မထားခဲ့ပေ။

လော့ရန်ယွီမှာ သူသည် စူးချန်ကဲ ဖြစ်ကြောင်း အတည်ပြုရန် ကြိုးပမ်းခဲ့ပြန်သည်။

ထိုအချိန်က ၊ သူမ၏ အမေးကြောင့် စူးချန်ကဲ တစ်ယောက် စိတ်ရှုပ်ရှုပ်ဖြင့် လော့ရန်ယွီ အား သတိလစ်သွားအောင် ရိုက်နှက်ခဲ့မိသည် ။

သူ့အကြောင်း မေးရတာကို ကြိုက်သည့် လော့ရန်ယွီကို အပြီးတိုင် ဖယ်ထုတ်ရန်အတွက် စူးချန်ကဲသည် သူ့ အသွင်အပြင်ကို ထပ်မံပြောင်းလဲပေးရန် ထန်ဝူအာ ကို တောင်းဆိုခဲ့သည်။

ယခု သူ၏ အထောက်အထားအသစ်မှာ — ရှင်းဟိုင် တိုက်မြေ ရှိ နေ လ မြင့်မြတ်သော နှလုံးသားဂိုဏ်းမှ ကဲချန်စု ။

“ ဒီကမ္ဘာပေါ်မှာ နေ လ မြင့်မြတ်သော နှလုံးသားဂိုဏ်းက ကဲချန်စု ဆိုတဲ့လူ ထပ်ပြီး ရှိနေမလား ဆိုတာ ငါတော့ မထင်ဘူး “ ‌

နောက်ဆုံးအကြိမ်က ၊ စူးချန်ကဲသည် စူးဝေ ဟူသော အမည်ကိုယူကာ ကောင်းကင်တောင် နတ်ဓားဂိုဏ်း၏ ပထမဆုံးသော ဆက်ခံသူ အဖြစ် အထောက်အထား အတု ပြုလုပ်ခဲ့သည်။

အဲ့ဒီဂိုဏ်း တကယ်ကြီး ရှိနေမယ်လို့ ဘယ်သူက ထင်မှာလဲ ! ပြီးတော့ တစ္စေဓားအမတရှင်ရဲ့ ဂိုဏ်းတဲ့လား!

ယင်းက ဤကမ္ဘာကြီးသည် တကယ့်ကို ကျဉ်းကျဉ်းလေး ဟု ခံစားရစေသည်။

“သခင်လေး ၊ ကြည့်လိုက် !”

ထိုအချိန် ၊ ထန်ဝူအာက အပေါ်ကို လက်ညိုးထိုးကာ အော်ပြောလိုက်သည်။

အပေါ်တွင် စစ်သင်္ဘောကြီးတစ်စင်း ပျံဝဲနေပြီး ၎င်းပေါ်တွင် “ နတ်ဘုရားအချုပ်ထောင် နန်းတော်” ဟု ရေးထိုးထား‌သော စာလုံးများကို မြင်လိုက်ရသည်။

“ နတ်ဘုရားအချုပ်ထောင် နန်းတော် က ဘာလို့ အရိုးမြို့တော်ကို ရောက်လာတာလဲ?”

အပိုင်း(၂၅၄): အရိုးဖြူ လေလံပွဲရုံ

ဒုန်း——

ကြီးမားသော ဟောက်သံသည် ကောင်းကင်ယံ၌ ပဲ့တင်ထပ်လို့ နေကာ ၊ စစ်သင်္ဘောကြီးသည် ဤဧရိယာကို တိုက်ရိုက် ဖြတ်သန်းသွားခဲ့လေသည်။

အရိုးမြို့တော်၏ အတွင်းပိုင်းဆီသို့ ဝင်ရောက်သွားခဲ့လေပြီ။

အဝေးသို့ ရွက်လွှင့်သွားသော စစ်သင်္ဘောကြီးကို ကြည့်ရင်း ၊ စူးချန်ကဲသည် ထိုနေရာသို့ သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ၊ နတ်ဘုရားအချုပ်ထောင် နန်းတော်သည် သူ၏ ရန်သူလို့ သတ်မှတ်နိုင်သည်။‌ အကယ်၍ မိမိ ရန်သူ ကောင်းစားနေပါက ၊ ဒါဆို သူ နေရမခက်ပေဘူးလား?

…..

အရိုးမြို့တော်၏ အလယ်ပိုင်း ဧရိယာ။

နန်းဆောင်ကြီး တစ်ဆောင်သည် ခံ့ညားထည်ဝါစွာ တည်ရှိနေပြီး ၊ ၎င်းပေါ်တွင် ထွင်းထုထားသည်မှာ အလွန် လက်ရာမြောက်ပေသည်။

၎င်းသည် အထက်တန်းကျသော ကြီးကျယ်ခမ်းနားမှုကို ပေးစွမ်းနေသည်။

အရိုးမြို့တော်၏ မြို့ပြင်ပအဖျားနှင့် မတူချေ။

ဤနေရာရှိ လူများသည် ဇိမ်ကျကျ ၀တ်စားဆင်ယင်ထားကြပြီး ၊ ထူးကဲသော အသွင်အပြင် ရှိသည်။တစ်ချက်ကြည့်ရုံဖြင့် ချမ်းသာသော မိသားစုမှ ဆင်းသက်လာမှန်း တန်းသိနိုင်သည်။

အထူးသဖြင့် ဤမျှ ကြီးမားလှသော နန်းဆောင်ကြီး၏ ဘေးတွင် ရောင်စုံ မျိုးစုံ တောက်ပနေသော စီးတော်ယာဉ် လှေများစွာ ရှိနေကြသည်မှာ လူကို ပို၍ ရင်သပ်ရှုမော ဖြစ်စေသည်။

နတ်ဘုရားအချုပ်ထောင် နန်းတော်မှ လူတစ်စုသည်လည်း ဤနန်းဆောင်ကြီးဆီသို့ ရောက်လာကြသည်။

နန်းဆောင်ကြီး၏ ရှေ့တွင် ရပ်နေသော ကျွန် တစ်ဦးက ရိုသေစွာ မေးလိုက်သည်။

“ နတ်ဘုရားအချုပ်ထောင် နန်းတော် က မင်ထျန်းဇီ သခင်လေးနဲ့ ကွေထျန်းဇီ သခင်လေးလားဗျ “

“မင်း မျက်​လုံး ကန်းနေလား?”

မင်ထျန်းဇီသည် မေးကို မော့ကာ လက်ကို နောက်ပစ်ထားသည် ။ သူ့မျက်နှာပေါ်တွင် ဥပေက္ခာတရားများဖြင့် ပြည့်နှက်နေသည်။

“ဟုတ်​ပါတယ် ဟုတ်ပါတယ်...”

အစေခံက ဆောလျင်စွာ ပြောလိုက်သည် ။

“ ကျွန်တော်မျိုး တောင်းပန်ပါတယ် ၊ တောင်းပန်ပါတယ်... သခင်လေးတို့၊ ကျေးဇူးပြုပြီး ကြွပါ”

တစ်ဖက်သားကို နှိမ့်ချစွာ ကြည့်လိုက်ရင်း၊ သူ၏ နှုတ်ခမ်းပေါ်တွင် ရွံရှာဖွယ် အရိပ်အမြွက်များကို ထုတ်ဖော်ပြသခဲ့သည်။

“မင်း ဒီလောက်ထိ မိုက်ရူးရဲ မဆန်လို့မရဘူးလား ၊ အခု ငါတို့ နတ်ဘုရားအချုပ်ထောင် နန်းတော်က မင်း အဲ့လောက်ထိ ဟန်ဆောင်ပန်ဆောင် လုပ်လို့ရတဲ့နေရာ မဟုတ်တော့ဘူး”

ကွေထျန်းဇီက ဆက်ဆိုလိုက်သည်။

“မင်းသာ မျက်စိကန်းပြီး တကယ့်ပုဂ္ဂိုလ်ကို မစော်ကားမိစေနဲ့ ၊ မဟုတ်ရင် ငါတို့ နတ်ဘုရားအချုပ်ထောင် နန်းတော် လုံးဝပျက်စီးသွားလိမ့်မယ်”

“ပါးစပ်ပိတ်ထားစမ်း ၊ မင်း ငါ့ကို တရားဟောဖို့ ဘာအရည်အချင်းရှိလို့လဲ”

မင်ထျန်းဇီသည် ဒေါသတကြီးဖြင့် ဟွေထျန်းဇီကို အော်ငေါက်လိုက်သည်။

သူတို့ နတ်ဘုရားအချုပ်ထောင် နန်းတော်သည် မူလက ထိပ်တန်းအင်အားစု တစ်ခု ဖြစ်ခဲ့ပြီး ၊ အဆုံးမဲ့နတ်ဆိုးဂူ နှင့် တန်းတူညီမျှရှိသည်ဟု ဆိုနိုင်သည်။

သို့သော် ကွေးယွမ် သူတော်စင် နယ်မြေ ၏ ဘိုးဘေး ဖြစ်သူ ချူးကျန့်ရှင်းသည် မရဏကမ္ဘာသို့ ရောက်ချလာခဲ့ပြီး ၎င်းတို့ နတ်ဘုရားအချုပ်ထောင် နန်းတော်၏ ဘိုးဘွားပိုင် နယ်မြေများကို ဖျက်စီးပစ်ခဲ့သည်။

ထိုအချိန်မှစ၍၊ နတ်ဘုရားအချုပ်ထောင် နန်းတော်သည် ဒုတိယအဆင့်ရှိ အင်အားစု အဖြစ်သို့ ကျဆင်းသွားခဲ့ရသည်။

ထိုအချက်ကို စဉ်းစားလိုက်တိုင်း မင်ထျန်းဇီ မှာ ပို၍ ဒေါသထွက်သွားခဲ့သည်။အရင်အခြေအနေနဲ့သာ သူ့ကို ဤနန်းဆောင်ကြီး၏ သခင်ကိုယ်တိုင် လာရောက် ကြိုဆိုရပေလိမ့်မည်။

ယခုတော့ သူ့ကို ကြိုဆိုရန် အဆင့်နိမ့်သော အစေခံတစ်ဦးကိုသာ စေလွှတ်ခဲ့သည်။

“ဒါတွေအားလုံးက ကွေးယွမ် သူတော်စင် နယ်မြေကဟာတွေကြောင့်ပဲ!”

“နေကြစမ်း ၊ ငါ ရှေးဟောင်းနည်းလမ်းစဉ် ကို အပိုင်ရတာနဲ့ ကွေးယွမ် သူတော်စင် နယ်မြေ နဲ့ စူးချန်ကဲဆိုတဲ့ ကောင်ကို အစိတ်စိတ် အမွှာမွှာ လုပ်ပစ်မယ်!”

….

မကြာခင်မှာပဲ စူးချန်ကဲ သည် ထန်ဝူအာ နှင့်အတူ ဤနေရာသို့ ရောက်ရှိလာခဲ့သည်။

နန်းဆောင်ကြီးပေါ်က ကမ္ဗည်းပြားကို ကြည့်ရင်း စူးချန်ကဲက ပေါ့ပေါ့ပါးပါး ပြုံးရယ်လိုက်သည်။

“အရိုးဖြူ လေလံပွဲရုံ?”

သို့သော် ဤလေလံပွဲရုံသည် အဓိပတိ လူများကို အမှန်တကယ်ပင် ဆွဲဆောင်နိုင်ခဲ့သည်။

ဤလေလံပွဲရုံတွင် ပစ္စည်းများစွာ ရှိပုံရသည်။

“ငါထွက်လာတုန်းက ဘိုးဘေးက ငါ့အတွက် ဝိညာဉ်ကျောက်တုံးတွေ သန်းရာနဲ့ချီ ပေးခဲ့တယ် ၊ ဒီမှာက ပျော်စရာကောင်းမယ့်ပုံပဲ “

သူ ခရီးရှည် မထွက်ခွာခင်တိုင်း၊ ကွေးယွမ်၏ ဘိုးဘေးများက သူ့ကို လျှို့ဝှက်ရတနာများ နှင့်အတူ ဝိညာဉ် ကျောက်တုံးများစွာ ပေးတတ်သည်။

အရင်က ခရီးစဉ်များအတွင်း ၊ သူသည် ဝိညာဉ်ကျောက်တုံးများကို တစ်ကြိမ်လေးမှ အသုံးမပြုခဲ့ပေ။ ယခုတွင်မူ ၊ သူ၏ ကြွယ်ဝမှုမှာ သန်းရာနှင့်ချီ ရှိသည်ဟု ဆိုနိုင်သည်။

စူးချန်ကဲသည် လေလံပွဲရုံထဲသို့ ဝင်ရန်ဟန်ပြင်လိုက်သည်။

သို့သော် တံခါးရှေ့မှာတွင် အစေခံ တစ်ဦး၏ တားစီးခြင်းကို ခံလိုက်ရသည် ။

“သခင်လေး ၊ကျေးဇူးပြုပြီး ဖိတ်ကြားလွှာကို ပြပါ”

“ဖိတ်စာ?”

စူးချန်ကဲ မသိမသာ မျက်မှောင်ကြုတ်သွားပြီး ဘာပစ္စည်းမှန်း မသိပုံရပေသည်။

စူးချန်ကဲတွင် ဖိတ်စာမရှိသည့် လေသံကို ကြားသည်နှင့် ၊ မူလက မျက်နှာချို သွေးနေခဲ့သော ကျွန်သည် ရုတ်ချည်း ပြောင်းလဲသွားသည်။

“တောင်းပန်ပါတယ် ဖိတ်စာမပါဘဲ ဝင်ခွင့်မရှိဘူး”

၎င်းက အေးစက်စွာ ပြောလိုက်သည်။

“ကျေးဇူးပြုပြီး မင်းလာခဲ့တဲ့နေရာဆီကိုပဲ ပြန်သွားလိုက်ပါ”

“အို့?”

စူးချန်ကဲက ပြုံးရယ်လိုက်သည်။

“ဒါဆို ဒီဖိတ်စာကို ရဖို့ ဘယ်လိုလုပ်ရမှာလဲ”

အစေခံသည် စူးချန်ကဲကို အကဲခတ်လိုက်သည်။ထူးကဲသော အသွင်အပြင်ကြောင့် စူးချန်ကဲသည် ချမ်းသာသော မိသားစုမှ ဖြစ်မည်ဟု ယူဆလိုက်သည်။

ထို့ကြောင့် သူ့လေသံသည် အနည်းငယ် ပျော့ပျောင်းသွားသော်လည်း စိတ်မရှည်သံဖြင့် ပြန်ဖြေလိုက်သည်။

“ဖိတ်စာကို ရယူဖို့ အရည်အချင်း ပြည့်မီဖို့ လိုတယ်၊ ငါတို့ရဲ့ အရိုးဖြူ လေလံပွဲရုံမှာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး သန်း ၁၀၀ ဖြည့်သွင်းရမယ် “

“ သန်း 100 ဆို ရပြီလား?”

စူးချန်ကဲသည် သန်းရာနှင့်ချီ ကုန်ကျမည်ဟု ထင်ခဲ့သော်လည်း ၊ ဤမျှသာ ကုန်ကျခဲ့သည်။

“ဟားဟား ~ ဒီအစ်ကိုလေး ကျေးဇူးပြုပြီး လေကြီးလေကျယ် မပြောပါနဲ့လား”

ထိုအချိန် ၊ စူးချန်ကဲ၏ နောက်ကွယ်မှ အမျိုးသမီးတစ်ဦး၏ ရယ်မောသံ ထွက်ပေါ်လာသည်။

နောက်ကို လှည့်ကြည့်လိုက်တော့ ၊ အရပ်မြင့်မြင့် ဖြူစင်သော အသားအရေ ကို ပိုင်ဆိုင်ထားပြီး ၊ အနီရောင်ပိတ်စကတ်ကို ၀တ်ဆင်ထားသော အမျိုးသမီး တစ်ယောက်ကို မြင်လိုက်ရသည်။

အလွန် ဆက်ဇီကျသော အသွင်အပြင်ရှိပြီး၊ ပိတ်စ စကတ်သည်ပင် အပြင်ထွက်နေသော သူမ၏ ရင်သားများကို မဖုံးကွယ်နိုင်ခဲ့ပေ။

သူမ၏ မျက်ဝန်းများသည် အလွန် ဆွဲဆောင်မှု ရှိပေသည်။

“ ရွယ့်လျန် သခင်မလေး!”

အရိုးဖြူ လေလံပွဲရုံမှ ကျွန်သည် ထိုအမျိုးသမီးကို တွေ့လိုက်သည်နှင့် ၊ ပို၍ပျော်ရွှင်သော မျက်နှာထားဖြင့် စူးချန်ကဲကို ဖြတ်ကျော်သွားသည်။

“မြန်မြန် ကြွပါ သခင်မလေး!”

ရွယ့်လျန် ဟု အမည်ရသည့် ဤအမျိုးသမီးသည် အဆုံးမဲ့ နတ်ဆိုးဂူ ခေါင်းဆောင်၏ သမီးတော်ပင် ဖြစ်သည်။

သူမသည် ၎င်းတို့ အရိုးဖြူ လေလံပွဲရုံ၏ ထင်ရှားကျော်ကြားသော ဧည့်သည်တစ်ဦးလည်း ဖြစ်သည်။ သူမသည် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး သန်း ၅၀၀ ထိ ပေးသွင်းထားသူဖြစ်သည်။

သူတို့၏ သူဌေးကြီး ဟုလည်း ဆိုနိုင်သည်။

ရွယ့်လျန်သည် အစေခံကို လျစ်လျူရှုကာ စူးချန်ကဲကို တချက် ကြည့်လိုက်သည်။

သူမ ဘဝတွင် မရေမတွက်နိုင်သော ယောက်ျားများကို မြင်ဖူးသည်။ ယခုတွင် ၊ ဤမျှ ချောမော လှပသော ယောက်ျားကို ဒါ ပထမဆုံးအကြိမ် အဖြစ် သူမ မြင်ဖူးခြင်း ဖြစ်သည်။

အထူးသဖြင့် စူးချန်ကဲ၏ ရောင်ဝါသည် သူမအား ဖော်ပြ၍ မရနိုင်သော ခံစားချက်ကို ပေးစွမ်းနေသည်။

နတ်ဘုရား တစ်ပါး လောကသို့ ဆင်းသက်လာသည့်အတိုင်း အထက်တန်းဆန်သော ဟန်ပန်အသွင်ပြင်ရှိသည်။

ရွှယ့်လျန်က တခစ်ခစ်ရယ်လိုက်ရင်း ။

“ငါက ရွှယ့်လျန်ပါ ၊တွေ့ရတာဝမ်းသာပါတယ် ကျင့်ကြံသူ သူငယ်ချင်း “

“ဒီအရိုးဖြူ လေလံပွဲကို ဝင်ချင်ရင် ၊ ငါ မင်းတို့နှစ်ယောက်ကို ခေါ်သွားပေးလို့ရတယ်”

“မလိုဘူး၊အဆင့်မြင့် ဝိညာဉ်ကျောက်တုံး သန်း၁၀၀ လောက်တော့ ကျုပ် တတ်နိုင်ပါသေးတယ် “

စူးချန်ကဲသည် အပျော်သဘောသက်သက်ဖြင့် လေလံပွဲသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ဝိညာဉ်ကျောက်တုံး သန်း ၁၀၀ သည် သူ့အတွက်တော့ များသော ပမာဏမဟုတ်ပေ။

“ကျွတ် ကျွတ် ... ဒီ​ကောင်​တော့ ​စေတနာကို နားမလည်ဘူး ၊ မမလေး ခုလို ကြင်​နာ​စွာ​ ဖိတ်ခေါ်ဖူးတာ လူနည်း​စုလောက်​ပဲ​ ရှိတယ်!”

“ဟမ် ၊ တောသူဌေးကများ ဒီမှာလာပြီးဟန်ဆောင်နေသေးတယ် “

“ပါးစပ်ပိတ်ထားစမ်း!”

ရွှယ့်လျန်သည် သူမ နောက်တွင် ရှိနေသော အစောင့်အကြပ်များကို ကျယ်လောင်စွာ အော်ငေါက်လိုက်သည်။

“ငါ ဘာလုပ်မယ်ဆိုတာ မင်းတို့ကို ဆွေးနွေးဖို့ လိုသေးလား!?”

ရွှယ့်လျန်၏ မျက်နှာသာပေးမှုကို ရရှိရန် အတွက် စူးချန်ကဲကို လှောင်ပြောင် ပြောဆိုခဲ့ကြသော အစောင့်များမှာ ထိတ်လန့်သွားကြပြီး၊ အမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားကြသည်။

“မမလေး စိတ်မဆိုးပါနဲ့ “

ထိုမြင်ကွင်းကြောင့် စူးချန်ကဲ မနေနိုင်ဘဲ ပြုံးရယ်မိလိုက်သည်။သို့သော် သူ ဂရုမစိုက်ပေ။

သူတို့သည် ပိုးကောင် အဆင့်သာ ရှိသည်။

စူးချန်ကဲသည် သူ့ရင်ဘက်ထဲက ပိုးသားအိတ်ထုပ်ကို ထုတ်ယူလိုက်ပြီး ၊ လေလံပွဲရုံ ကျွန်၏ လက်ထဲသို့ ပစ်ချလိုက်သည်။

ထိုနောက် တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒီထဲမှာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး သန်း ၈၀၀ ပါတယ် လုံလောက်ပြီလား?”

ဂျိန်း!

ထိုစကားများသည် လူတိုင်း၏ နှလုံးသားထဲတွင် မိုးခြိမ်းသံ ပစ်ချလိုက်သလိုပင်။

အဆင့်မြင့် ဝိညာဉ်ကျောက်တုံး သန်း ၈၀၀?

ဤသည်မှာ အထက်ဂိုဏ်း တစ်ဂိုဏ်း၏ တစ်နှစ်စာ ဝင်ငွေ ဖြစ်သည်။

အဆင့်မြင့် ဝိညာဉ်ကျောက်တုံး သန်း ၈၀၀ ကို ဒီလို လွယ်လင့်တကူ ထုတ်ပေးတယ်ပေါ့?

“ဒီလူ ကြွားပြောတာ မဟုတ်ဘူးလား?”

“အဆင့်မြင့် ဝိညာဉ်ကျောက်တုံး သန်း ၈၀၀၊ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ!”

“ပြောဖို့ခက်တယ်၊ ဒီလူ လိမ်နေတာဆိုရင် ဘယ်လိုလုပ် ခုလို ပြောင်ပြောင်တင်းတင်း နေမှာလဲ! သူ့အတွက်တော့ ဒါက သာမန်ကိစ္စတစ်ခုလို့ပဲ !”

“……..”

အဟွတ်....

လေလံပွဲရုံ ကျွန် ခမျာ ဒူးထောက်သွားခဲ့ရသည်။

အိတ်ကို ကိုင်ထားသည့် သူ့လက်များမှာ တုန်ရီနေသည်။

ချွေးများက မိုးရွာသလို စီးကျနေသည်မှာ သူ့အဝတ်အစားတစ်ခုလုံး စိုရွှဲနေသည်။။

သူ၏ လေသံမှာ တုန်လှုပ်ခြောက်ခြားနေသည်။

“တကယ်... ဒါက တကယ်ပဲ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး သန်း ၈၀၀ ပဲ!”

“ဘယ်လို!?”

အားလုံးက မယုံကြည်နိုင်စွာ ကြည့်နေကြတယ်။ဤလျှို့ဝှက် ဆန်းကြယ်သော သူဌေးသည် အဘယ်ကများ လာလေသနည်း။

ဝုန်း—

ထိုစဉ် ၊ ကောင်းကင်ယံမှ နောက်ထပ် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ကောင်းကင်ယံထက်တွင် မှော်စက်ဝိုင်း တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ၊ အထဲမှ ဟွဖောင်(တရုတ် ရိုးရာဝတ်စုံ)ကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ထွက်လာခဲ့သည်။

၎င်းသည် စူးချန်ကဲ၏ ရှေ့တည့်တည့်သို့ဆင်းသက်သွားခဲ့ပြီး၊ ရိုသေစွာ ဦးညွှတ်လိုက်သည်။

“ကျွန်တော် အရိုးဖြူ လေလံပွဲရုံ ပိုင်ရှင် ကျင်သယ်ဖာ သခင်လေးကို ဂါရဝပြုပါတယ်!”

ထိုမြင်ကွင်းကို မြင်လိုက်ရသူတိုင်း မှင်တက်သွားကြသည်။

အရိုးလေလံပွဲရုံ ပိုင်ရှင် ကျင်သယ်ဖာသည် အမြီးတောင် မမြင်ရသည့် နဂါးတစ်ကောင်အဖြစ် ကျော်ကြားသည်။

ခုတော့ အငယ်တစ်ယောက်အတွက်နဲ့ လူကိုယ်တိုင် ပေါ်လာသတဲ့လား?

သို့သော် ပို၍ပင် ထိတ်လန့်အံ့ဩနေသူမှာ ရွှယ့်လျန်ပင်။

အဆင့်မြင့် ဝိညာဉ်ကျောက်တုံးပေါင်း သန်း ၈၀၀ ကို အလွယ်တကူ ထုတ်ယူနိုင်သူ တစ်ဦးသည် အဆုံးမဲ့နတ်ဆိုးဂူသခင်၏ သမီးဖြစ်သူ သူမထက် ပို၍ ဆိုးသည်မှာ သေချာ‌ပေသည်။

“ မဟုတ်မှလွဲရော သူက အထွပ်အထိပ် အင်အားစု က လာတာလား?”

All Chapters