ဘယ်သူလိမ်နေတာလဲ
Vol. 45 Ch. 614
ရှီးဖေးနှင့် ကျန်သည့်သူများက အမှန်တကယ် အသက်ရှင်လျက် ရှိနေသေးပြီး သူတို့အားလုံး အဆင်ပြေနေသည်။ အဆင့်ကို ကျော်ဖြတ်နေသည့် လူများအားလုံး အသက်ရှင်နေသေး၏။
ဝူနီ၊ ရှီးဖေး၊ ထူလုံ၊ ယဉ်ရို့ပင်း၊ ဓားဧကရာဇ်၏မြေး ကျန့်ဝူယင်၊ လင်းချီကျန့်နှင့် လင်းရှီယာ့တို့က ဆိုးရွားခြင်းအဆင့် ခက်ခဲမှု၏ စတုတ္ထမြောက် အဆင့်ဖြစ်သော မိစ္ဆာဝိညာဉ် တောင်ကြား၌ ပိတ်မိနေသေးဆဲဖြစ်သည်။
မိစ္ဆာဝိညာဉ် တောင်ကြား၌ စုစုပေါင်း တောင်(၁၀၈)လုံးရှိသည်။ တောင်တိုင်းက ကြီးမားပြီး အကန့်အသတ် မရှိပေ။ တောင်ကြား၌ မည်သည့်မိစ္ဆာ ဝိညာဉ်မှမရှိဘဲ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးသားရဲ များစွာရှိ၏။ တောင်တိုင်း၌ စောင့်ကြပ်နေသော နတ်ဆိုးဧကရာဇ် တစ်ပါးစီရှိသည်။ စတုတ္ထအဆင့်ကို ဖြတ်ကျော်ရန်အတွက် နတ်ဆိုးသားရဲ အတားအဆီး အထပ်ထပ်ကို ဖြတ်ကျော်ရပေမည်။ သူတို့သည် အလယ်တွင်ရှိသော တောရိုင်းဝိညာဉ်ရွာသို့ ရောက်ရှိရန်အတွက် တောင်(၄၉)တောင်ကို ဖြတ်ကျော်ရမည်။
ရှီးဖေးနှင့် ကျန်သည့်သူများသည် ဤအဆင့်သို့ ဝင်ရောက်ချိန်မှစပြီး တစ်ယောက်နှင့်တစ်ယောက် တကွဲတပြားဆီ ပို့ဆောင်ခံလိုက်ရသောကြောင့် မပူးပေါင်းနိုင်ချေ။ သူတို့က တစ်ယောက်နှင့်တစ်ယောက် ပူးပေါင်းရန် အခွင့်အရေးတောင် မရထားချေ။ ထို့ကြောင့် လူတိုင်းက ခက်ခဲနေပြီး ဤနေရာ၌ သွေလမ်းကြောင်းကို သတ်ဖြတ်ရတော့သည်။ ကံကောင်းသည်မှာ မိစ္ဆာဝိညာဉ်တောင်ကြားထဲရှိ နတ်ဆိုးဧကရာဇ်များက သူတို့၏ ကိုယ်ပိုင်တောင်မှ ထွက်မသွားပေ။ မဟုတ်လျှင် သူတို့အားလုံး မြှုပ်စရာမရှိဘဲ သေကုန်လိမ့်မည်။
ရီချန်းက အဖွဲ့ကို ဦးဆောင်လျက် စတုတ္ထအဆင့်ကို ဖောက်ဝင်နေပြီဖြစ်ရာ လူတိုင်း၏ မောက်မာထောင်လွှားမှုကို ဆူပွက်သွားစေ၏။ ဝူူနီနှင့် ကျန်သည့်သူများက ရုန်းကန်နေရသေးစဉ် ရှီးဖေးသည် တောင်အထပ်ထပ်ကို ဖြတ်ကျော်ပြီး (၄၂)ခုမြောက်တောင်ကို ကျော်ဖြတ်နေပြီဖြစ်သည်။ လင်းချီကျန့်ကလည်း သူတို့မျိုးနွယ်စု၏ အသုံးအဆောင်ကိုသုံးလျက် လင်းရှီယာ့ကို ရှာဖွေလိုက်၏။ ပြီးနောက် သူတို့သည် တောရိုင်းဝိညာဉ်ရွာဆီသို့ တစ်ဟုန်ထိုး သွားလိုက်ကြတော့သည်။ ယဉ်ရို့ပင်းက မိစ္ဆာဝိညာဉ် တောင်ကြားအတွင်းရှိ တောင်(၃၈)လုံးကို ကျော်ဖြတ်ခဲ့ပြီးဖြစ်ကာ ထိုအဆင့်ကို ဖောက်ထွက်နိုင်တော့မှာပဲဖြစ်သည်။
သို့သော် ထိုစဉ် လူတိုင်းကို ထိတ်လန့် ကြောက်ရွံ့သွားစေသည့်အရာ ဖြစ်လာ၏။ ကောင်းကင်ထဲတွင် အဖြူရောင်အလင်း ဖျတ်ခနဲပေါ်လာပြီး အက်ကွဲကြောင်းတစ်ခု ပေါ်လာကာ နတ်ဆိုးသားရဲများ အားလုံးက အက်ကွဲကြောင်းထဲသို့ ထုတ်ယူခံလိုက်ရသည်။ မိစ္ဆာဝိညာဉ် တောင်ကြားပေါ်ရှိ မရေမတွက်နိုင်သည့် နတ်ဆိုးသားရဲများ အားလုံးက သုတ်သင်ရှင်းလင်း ခံလိုက်ရ၏။
လူတိုင်းက စိတ်ရှုပ်ထွေးပြီး ရင်ထဲလေးလံနေကာ တောရိုင်းဝိညာဉ် တောင်ကြားဆီသို့ တစ်ဟုန်ထိုး သွားလိုက်ပြီး ပိုတောင်ထိတ်လန့်ဖွယ် ကောင်းသည့်အရာတစ်ခု ရှိနေလေ၏။ တောရိုင်းဝိညာဉ်ရွာ၏ ကျောက်တံခါးကို ဖွင့်၍မရချေ။ သူတို့က ပဉ္စမအဆင့်သို့ မဝင်နိုင်ချေ။
ပဉ္စမအဆင့်တွင်ရှိသော ရီချန်းအတွက်လည်း တူညီနေပေ၏။ တစ်ချိန်ထဲတွင် ပဉ္စအဆင့်ဖြစ်သော ဝိညာဉ်ပြန်ရောက်ခြင်း ချောက်ကမ်းပါးတွင် ရှိနေသော ရီချန်းကလည်း ထိုအတိုင်း ဖြစ်နေပေ၏။ ဤနေရာတွင် အငြိုးကြီးဝိညာဉ်များ နတ်ဆိုးသားရဲများ ရှိမနေပေ။ ထိုအစား ကြောက်မက်ဖွယ်ကောင်းသည့် အစီအရင်များစွာသာ ရှိနေလေ၏။
ကောင်းကင်က ရံဖန်ရံခါတွင် ကျောက်ခဲများ ရေခဲမိုးများ ရွာသွန်းပြီး မြေကမ္ဘာမီးများ ပေါ်ပေါက်လာလျက် လေပွေများတိုက်ခတ် မိုးကြိုးလျှပ်စီးများ ပစ်ခတ်နေ၏။ အစောပိုင်းက အစီအရင်များ အားလုံးက အာနိသင်မရှိပုံရသည်။ ရီချန်းသည် ဝိညာဉ်ပြန်ရောက်ခြင်း ချောက်ကမ်းပါး အဆုံးသို့ရောက်ရန် အင်မတန် မြန်ဆန်သည့် အရှိန်ကိုသုံးခဲ့ရာ အဆင့်ကို ကျော်ဖြတ်နိုင်သည့်တံခါးကို တွေ့ခဲ့သည်။ သို့သော် ကျောက်တုံးတံခါးကို မဖွင့်နိုင်ချေ။
သာမာန်အဆင့် ခက်ခဲမှု၏ ဒုတိယမြောက်အဆင့် တတိယမြောက်အဆင့်နှင့် လျိုရှင်းတို့ ရှိနေသည့် အဆင့်ထဲတွင် သိုင်းပညာများ အားလုံးက အန္တရာယ်များအားလုံး ပျောက်ကွယ်သွားမှန်း သိလိုက်ရသည်။ သူတို့အားလုံးက အပြည့်အဝ လုံခြုံနေပြီ ဖြစ်သော်ငြား မည်သူကမှ ကျောက်တုံးတံခါးကို မဖွင့်နိုင်ဘဲ နောက်တစ်ဆင့်ကို မဝင်ရောက်နိုင်တော့ချေ။
ဘီး
ထိုစဉ် လူတိုင်းက စိတ်လွတ်နေကြစဉ် အားလုံး၏စိတ်ထဲ၌ မြင်ကွင်းတစ်ခု ပေါ်လာလေ၏။ ကောင်းကင်ထဲ၌ လျှပ်စီးဖျတ်ခနဲ ပေါ်လာလေပြီး အက်ကွဲကြောင်းကြီးတစ်ခုက ပေါ်လာတော့၏။ ချက်ချင်းပင် ခမ်းနားပြီး ကြမ်းကြုတ်သော သွေးနီရောင် တိုက်ပွဲဝင်သံချပ်ကာ စာအုပ်တစ်အုပ်နှင့် ကျောက်စိမ်းသေတ္တာတို့က အထက်မှ ပြုတ်ကျလာလေသည်။ ပြီးနောက် အက်ကွဲကြောင်းကြီး ပျောက်ကွယ်သွားပြီး မြင်ကွင်းက ပျောက်ကွယ်သွားတော့၏။
“တတိယ၊ ဒုတိယနှင့် ကျန်သည့်ရတနာတွေ အားလုံးကို တစ်ပြိုင်နက်ထဲ ရသွားတာ”
ထိုအချက်အလက်က လူတိုင်း၏စိတ်ထဲ ပေါ်လာလေပြီး သူတို့က အံ့သြစွံ့အလျက် ခန္ဓာကိုယ်များ တုန်ယင်ကုန်သည်။ အန္တရာယ်များ ပျောက်ကွယ်သွားပြီး ကျောက်တံခါးများ မဖွင့်နိုင်ခြင်းကြောင့်သာ မဟုတ်လျှင် လူတိုင်းက လက်တွေ့မကျသော အိမ်မက်တစ်ခုဟု တွေးမိလောက်သည်။
တတိယမြောက် ရတနာသည် ၉မှတ် လိုအပ်သည်။ ၎င်းကိုရယူနိုင်သည်မှာ ပုံမှန်ပဲဖြစ်၏။ ဒုတိယမြောက် ရတနာ ကောင်းကင်ရှောင်တိမ်းခြင်း နတ်ဘုရားသိုင်းသည် ၁၂မှတ် လိုအပ်ပြီး ပထမရတနာက ၁၅မှတ် လိုအပ်သည်။
ယင်းက မည်သည်ကို ဆိုလိုသနည်း။ သာမာန်အဆင့်အတွက် ၁၅ဆင့်၊ ဆိုးရွားခြင်း အဆင့်အတွက် ၈ဆင့်၊ ငရဲအဆင့်အတွက် ၅ဆင့်ပင်ဖြစ်သည်။
ယင်းက အရေးကြီးသည့် အရာမဟုတ်ပေ။ အရေးကြီးသည့်အရာက တတိယမြောက် ရတနာကို မည်သူမှ မရသွားတာပဲဖြစ်သည်။ တစ်စုံတစ်ယောက်သည် အဆင့်အားလုံးကို ဆက်တိုက် ဖြတ်ကျော်နိုင်သည် ဆိုလျှင်တောင် အချိန်လိုအပ်သေးသည် မဟုတ်ပါလော။
ငရဲအဆင့် ခက်ခဲမှုအတွက်မူ မည်သူကများ တတိယအဆင့်မှ ပဉ္စမအဆင့်သို့ ပြန်သွားနိုင်မည်နည်း။ ယင်းက ဖြစ်နိုင်မည်လော။ လုံးဝ မဖြစ်နိုင်ပေ။
ထို့ကြောင့် ရှီးဖေးသည် အလင်းစီးကြောင်းဖြင့် တိုက်ခိုက်ခံလိုက်ရချိန် ကျောက်တုံးတံခါးကို ကျယ်လောင်စွာ ရိုက်ချလိုက်၏။ သူက ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
“လိမ်နေတာ။ တစ်ယောက်ယောက် လိမ်နေပြီပဲ။ မဖြစ်နိုင်တာ ဒါလုံးဝ မဖြစ်နိုင်ဘူး။ ဆန်းကြယ်ဧကရာဇ် ခင်ဗျားမတရားဘူး”
ရှီးဖေး၏ မကျေမချမ်း အော်ဟစ်သံက မိစ္ဆာဝိညာဉ် တောင်ကြားထဲမှ ပဲ့တင်သံထွက်သွားရာ ကောင်းကင်ကို လှုပ်ခါစေသော ဟိန်းသံတစ်ခု ဖြစ်သွားသည်။ ဝူနီ၊ ထူလုံ၊ ကျန့်ဝူယင်၊ လင်းချီကျန့်နှင့် ကျန်သည့်သူများကလည်း အခဲမကျေမှုကို ခံစားနေရသည်။ သူတို့အားလုံးသည် ခက်ခဲမှုများ အားလုံးကို ဖြတ်ကျော်လျက် သက်စွန့်ဆံဖျား သွားခဲ့သော်ငြား ရတနာတစ်ခုတောင် မရခဲ့ပေ။
တစ်စုံတစ်ယောက်က အဆင့်များအားလုံးကို ရိုးရိုးသားသား ဖြတ်ကျော်ပြီး မှန်ကန်သည့် နည်းလမ်းဖြင့် သွားခဲ့ကာ ရတနာများကို ရခဲ့သည်ဆိုလျှင် သူတို့က မနာလိုအားကျဖြစ်ပြီး ၎င်းကိုလုယူရန်သာ တွေးကြမှာပဲဖြစ်သည်။ သို့သော် ယခုအချိန်၌ သူတို့အားလုံးက ဒေါသများ လက်သင့်မခံလိုမှုများ ပြည့်နေတော့၏။
“ဘာဖြစ်တာလဲ”
လင်းရှီယာ့တောင် ဒေါသထွက်နေစဉ် စိတ်ခံစားချက်မပြသည့် တစ်ဦးတည်းသောလူက ယဉ်ရို့ပင်းဖြစ်သည်။ ယဉ်ရို့ပင်း၏ လှပသော မျက်ဝန်းများက ကောင်းကင်ကို စိုက်ကြည့်နေလျက် မျက်ခုံးက တွန့်သွားလေ၏။ သူမက သံသယများဖြင့် ရေရွတ်ပြောလိုက်သည်။
“ဘယ်သူကများ ကောင်းကင်ကို ဒီလောက် ဖီဆန်နိုင်တာလဲ။ ဘယ်သူကများ ဆန်းကြယ်နတ်ဘုရား နန်းတော်ရဲ့ ရတနာရှာဖွေမှု စည်းမျဉ်းကို ပြောင်းနိုင်ရတာလဲ။ သူများလား”
“ဘယ်သူလဲ”
တစ်ချိန်ထဲတွင် ပဉ္စမအဆင့်၏အစွန်း ပဉ္စမအဆင့် ဝိညာဉ်ပြန်ရောက်ခြင်း ချောက်ကမ်းပါး၏ အစွန်းတွင် ရပ်နေသော ခရမ်းရောင် ဆံနွယ်ဖြင့် မိန်းမပျိုလေးက စိတ်ရှု့ပ်ထွေးသည့်အသံ ထွက်ပေါ်လာလေသည်။ ချောက်ကမ်းပါးရှိ လေများက ကြမ်းတမ်းပြီး သူမ၏ ဝတ်ရုံဖြူနှင့် ခရမ်းရောင်ဆံနွယ်တို့က လွင့်နေလေ၏။ နတ်ဆိုးမျက်နှာဖုံးအောက်ရှိ မျက်ဝန်းတစ်စုံကလည်း ဇဝေဇဝါဖြစ်မှုများ ပြည့်နေတော့သည်။
အရေးအကြီးဆုံး ရတနာသုံးမျိုး ယူသွားခံရ၏။ သို့သော် သူမက ဒေါသမထွက် လက်မခံနိုင်တာမျိုးလည်း မရှိပေ။
ဗုဒ္ဓဧကရာဇ်သည် သူမ ငယ်ရွယ်စဉ်ကတည်းက ရှေးဓမ္မတရားတော်များကို သင်ကြားပေးခဲ့ပြီး ဖြစ်သည်။ ဒီလောကထဲမှာ မင်းအတွက်မဟုတ်တဲ့ အရာတွေရှိပြီး အတင်းအဓမ္မ မယူရဘူးဆိုသည့် အရာမျိုးကို သင်ကြားပေးပြီး ၎င်းကို ရယူနိုင်ခဲ့လျှင်လည်း ကံပဲ မရနိုင်ခဲ့လျှင်လည်း ဒါငါ့ရဲ့ ကံကြမ္မာပဲဟူ၍ သင်ပေးခဲ့တာပဲ ဖြစ်သည်။
ဗုဒ္ဓဧကရာဇ်သည် သူ၏ကိုယ်ပိုင် ကျင့်ကြံဆင့်ကိုသာ အာရုံစူးစိုက်ထားသည့်သူ ဖြစ်သောကြောင့် သူမသည် ရတနာများကို စိတ်ထဲသိပ်မထားပေ။ ဗုဒ္ဓဧကရာဇ်သည် ဤလောကထဲရှိ ထိပ်တန်း ရတနာဆယ်မျိုးထဲမှ တစ်မျိုးဖြစ်သည့် ဗာဂျရာ ကျိုင်းတစ်ခုရှိသည်။ သို့သော် သူသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ဗုဒ္ဓဧကရာဇ်သည် ၎င်းကို မြို့ထဲရှိ နာမည်ကျော်ကြားသော အထွတ်အထိပ် ရတနာထဲတွင် ထားရစ်ခဲ့လေရာ တိုက်ပွဲထဲတွင် အသုံးပြုခြင်း မရှိပေ။ ထိုသို့တိုင် သူ၏တိုက်ပွဲဝင် ခွန်အားက ယုတ်လျော့သွားရမည့်အစား တိုးလာပြီး သူ၏သိုင်းစွမ်းအားအတွက် ဂုဏ်သတင်း ကျော်ကြားစေတော့သည်။
သူမက ထိုရတနာ သုံးမျိုးလုံး ရယူသွားသည့်သူကို သိချင်ရုံသာဖြစ်သည်။ ယဉ်ရို့ပင်းကဲ့သို့ပင် ဆန်းကြယ်ဧကရာဇ်၏ အကျင့်စရိုက်ကို မည်သည့်အခါကမှ သံသယမဖြစ်ခဲ့ပေ။ တစ်စုံတစ်ယောက်က လိမ်လာမည်ဆိုလျှင် ဆန်းကြယ်ဧကရာဇ်အဖို့ ဤဆန်းကြယ် နတ်ဘုရားနန်းတော်ကို ချန်ရစ်ခဲ့သည်က မည်သည့်အဓိပ္ပာယ် ရှိမည်နည်း။
သူက နံပါတ်တစ် ဧကရာဇ်ဖြစ်ပြီး လူသားမျိုးနွယ်စု၏ အကြီးမြတ်ဆုံး ဧကရာဇ် အစောင့်အရှောက် နတ်တစ်ပါးဖြစ်သည်။ ဤဆန်းကြယ်နတ်ဘုရား နန်းတော်သည် လူသားမျိုးနွယ်စုကို ကူညီရန်အတွက် ချန်ထားရစ်ခဲ့တာဖြစ်သည်။ မဟုတ်လျှင် သူသည် ကောင်းကင်သို့ တက်သွားစဉ်၌ သူနှင့်အဘယ့်ကြောင့် မယူသွားသနည်း။
ဝိညာဉ်ပြန်ရောက် ချောက်ကမ်းပါးထဲတွင် ထူးဆန်းသော ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်နေပြီး အစီအရင်များအားလုံး အာနိသင်များ ပြယ်သွားချိန် ရီချန်းသည်လည်း ရတနာအမဲလိုက်ပွဲ အဆုံးသတ်သွားပြီဟု သံသယဖြစ်နေကာ အခြေအနေကို တွေးခဲ့ပြီးဖြစ်သည်။ မည်သူမှ အပြင်မရောက်သေးသည့် အကြောင်းကိုမူ မသိခဲ့သေးပေ။
“သူများလား”
ရီချန်းသည် ကြည်လင်နေသော မျက်ဝန်းများထဲတွင် သိချင်စိတ်တို့ဖြင့် တလက်လက် တောက်နေကာ ခပ်ဝေးဝေးကို ကြည့်လိုက်သည်။
သူမက လူတစ်ယောက်ကို တွေးမိသွား၏။ သူမသည် ပထမအဆင့်ကို ကျော်ဖြတ်နိုင်သည့် ပထမဆုံးလူ ဖြစ်သော်ငြား တစ်စုံတစ်ယောက်က သူမထက်စောပြီး နမဝမြောက် ရတနာကို ရသွားကာ သုံးမှတ်ပထမဆုံး ရသွားသည့်လူရှိသည်။ ထိုပုဂ္ဂိုလ်သည် ငရဲအဆင့် ခက်ခဲမှုကို ရွေးချယ်ခဲ့တာ ဖြစ်ရမည်ဟု သူမတွေးခဲ့၏။ မဟုတ်လျှင် ထိုမျှမြန်နေမှာ မဟုတ်ပေ။ ယခုအချိန်တွင် ပထမဆုံး ရတနာသုံးမျိုးကို တစ်စုံတစ်ယောက် ရယူသွားနိုင်မည်ဆိုလျှင် ငရဲအဆင့် ခက်ခဲမှုကို ရွေးချယ်ခဲ့သည့်သူသာလျှင် ဖြစ်နိုင်ပေ၏။
“ဘာတွေ ဖြစ်နေတာလဲ”
ငရဲအဆင့် ခက်ခဲမှု၏ ဖုန်းတုမြို့ထဲတွင် ကျန်းရီက ကောင်းကင်ထက်မှ ရတနာသုံးမျိုး ကျလာတာကို မြင်သည့်အချိန်၌ အံ့သြသွားလေ၏။
သူသည် ဖုန်းတုမြို့၏ တစ္ဆေဘုရင်ကို လက်ညိုးငေါက်ငေါက်ထိုးလျက် ဆန်းကြယ်နတ်ဘုရား နန်းတော်၏ အစောင့်အရှောက်ဖြစ်ကြောင်း ပြောကြားနေသည် မဟုတ်ပါလော။ ဖုန်းတုမြို့တွင်းရှိ ဖုတ်ကောင်စစ်သည်များအားလုံး အဘယ့်ကြောင့် ပျောက်ကွယ်သွားပြီး ကောင်းကင်ထဲမှ ရတနာများ ကျလာရသနည်း။
ဘန်း
အနီရောင် တိုက်ပွဲဝင် သံချပ်ကာက မြေပြင်ပေါ် ပြုတ်ကျလာပြီး ပဲ့တင်သံထပ်သွားကာ ကျောက်စိမ်းသေတ္တာကလည်း ကျလာပြီး သူ့ဘေးသို့ လွင့်လာလေ၏။ အထဲတွင် ကောင်းကင်ရှောင်တိမ်းခြင်းဟူသော စကားလုံးနှစ်လုံး ရေးထားတာကိုလည်း ကျန်းရီ ရှင်းရှင်းလင်းလင်း မြင်နိုင်၏။
“မီးတိမ်သံချပ်ကာ၊ ကောင်းကင်ရှောင်တိမ်းခြင်းနဲ့ နဂါးညှိုးရော်မြက်”
ကျန်းရီ၌ သန်မာသည့် နှလုံးသား ရှိကောင်းရှိနိုင်သော်ငြား သူက မတည်ငြိမ်နိုင်တော့ပေ။ ရတနာဆယ်မျိုးထဲတွင် ရတနာသုံးမျိုးသာ ကျန်တော့၏။ ဤတိုက်ပွဲဝင် သံချပ်ကာနှင့် ကောင်းကင်ရှောင်တိမ်းခြင်း သိုင်းတို့က အတုမဖြစ်နိုင်ပေ။ သူက အရူးဆိုလျှင်တောင် ယင်းက ပထမဆုံး ရတနာသုံးမျိုးဖြစ်ကြောင်း သိနေသည်။
သို့သော် မည်သည့် အကြောင်းအရင်းကြောင့်နည်း။ သူတို့ကသူ့ဆီ အဘယ့်ကြောင့် ရောက်လာရသနည်း။ ဆန်းကြယ်ဧကရာဇ်၏ စိတ်အားအထက်သန်ဆုံး ရည်ရွယ်ချက်များကို သူရှင်းရှင်းလင်းလင်း နားလည်နိုင်ခြင်းကြောင့်လော။ သူကဒုတိယအဆင့်နှင့် တတိယအဆင့်ကို ကျော်ဖြတ်နိုင်ရန် တစ်မူထူးခြားသောနည်းလမ်း သုံးခဲ့ခြင်းကြောင့်လော။ ဖုန်းတုမြို့၏ တစ္ဆေဘုရင်သည် ဆန်းကြယ်နတ်ဘုရား နန်းတော်၏ အစောင့်အရှောက်ဖြစ်ကြောင်း ခန့်မှန်းနိုင်ခဲ့ခြင်းကြောင့်လော။
ယင်းက မလုံလောက်ပေ။ လုံလောက်ရန် ဝေးနေသေးသည်ဟု တွေးမိသည်။ ဆန်းကြယ်ဧကရာဇ်က ဘယ်တော့မှ လိမ်ညာမှာမဟုတ်။ စည်းမျဉ်းများကို ပြောင်းမည့်သူ မဟုတ်ပေ။ တစ်စုံတစ်ယောက်က လိမ်ညာခဲ့မည်ဆိုလျှင် ထိုအစောင့်အရှောက်က လိမ်တာပဲဖြစ်ရမည်။ သို့သော်သူသည် အဘယ့်ကြောင့် လိမ်ရသနည်း။
ကျန်းရီက စိတ်ရှုပ်ထွေးနေစဉ် သူ၏စိတ်ဝိညာဉ်တွင်းမှ ရင့်ရော်သော အသံတစ်သံက ပေါ်ထွက်လာပြန်၏။
“ကလေး မင်းဘာကြောင့်ဒီမှာ တုံ့နှေးနှေးနဲ့ ရပ်နေရတာလဲ။ ဆန်းကြယ်နတ်ဘုရား နန်းတော်အပြင်ဘက်မှာ ရပ်စောင့်နေတဲ့ ကောင်းကင်ဧကရာဇ် သိုင်းပညာရှင် ၁၂ယောက်ကျော်ရှိတယ်။ လဝက်ကြာပြီးရင် မင်းအပြင် ရောက်လိမ့်မယ်။ နှစ်ပတ်အတွင်း မင်းက မီးတိမ်သံချပ်ကာကို မသန့်စင်နိုင်ရင်၊ ကောင်းကင်ရှောင်တိမ်းခြင်းကို နားလည်သဘောမပေါက်ရင် မင်းသေဖို့ပဲ စောင့်နေရမှာ”
ဖုန်း
ကျန်းရီ၏ စိတ်ဝိညာဉ်က လှုပ်ခါသွားပြီးနောက် နောက်ဆုံးတွင် နားလည်သွားတော့၏။ တစ်စုံတစ်ယောက်က အမှန်တကယ် လိမ်ညာခဲ့၏။ ယင်းက ဆန်းကြယ်နတ်ဘုရား နန်းတော်၏ အစောင့်အရှောက်က လိမ်ညာခဲ့တာပဲဖြစ်သည်။
***