← Chapters

အခန်း (၂၅၈-၂၆၂)

Vol. 19 Ch. 258-262

အခန်း (၂၅၈-၂၆၂)

Vol. 19 Ch. 258-262

အပိုင်း(၂၅၈): နတ်ဘုရားအချုပ်ထောင် နန်းတော်?ငါ မျက်နှာသာပေးမယ်ဆိုတောင် မင်းတို့ နတ်ဘုရားအချုပ်ထောင် နန်းတော်က ခံယူရဲလို့လား

ဒုတိယအကြိမ် လေလံပွဲ ပြီးဆုံးပြီးနောက် ၊ ချက်ချင်းဆိုသလို လေလံပွဲအသစ် စတင်ခဲ့သည်။

သို့သော် အချိန်တိုင်း ရလဒ်မှာ အတူတူပင် ဖြစ်သည်။အဆုံးတွင် စူးချန်ကဲ သည် ‌စျေးနှုန်းကို နှစ်ဆပေး၍ သိမ်းပိုက်သွားတတ်သည်။

“ အဲ့ဒီသီးသန့်အခန်းထဲက လူက ဘယ်သူများလဲ? လူဖြစ်ပါစေလို့ ဆုတောင်းရမယ် !”

“အခု လေလံတင်တာ ကိုးကြိမ်ရှိပြီ အကုန်လုံး သူပဲသိမ်းပိုက်သွားတယ် ၊ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး စုစုပေါင်း ၁၃.၂ ဘီလီယံတောင် အသုံးပြုပြီးပြီ ၊ ဒီပမာဏနဲ့သာဆို ပထမတန်းဂိုဏ်းအများကြီး ဝယ်လို့ရနေပြီ မဟုတ်လား?

“ လုံးဝကို ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်ဘူးပဲ !”

“…..”

လူတိုင်း ညည်းတွားနေသည့်အလျောက် ၊တခြားတစ်ဖက်တွင်မူ တိတ်ဆိတ်နေသူများလည်း ရှိသည်။

ဤလေလံပွဲတွင် ပါဝင်လာသူတိုင်း အလွန်လေးနက်သော နောက်ခံ ရှိသူများ ဖြစ်သည်။ သို့သော် ရေလိုသုံးပြနေသော စူးချန်ကဲ၏ ရှေ့မှောက်တွင် သူတို့ကိုယ်သူ သာမန်လူတန်းစားများလား ဟု အောက်မေ့မိသည် ။

ဤလေလံပွဲကို ကျင်းပနေသော တာဝန်ရှိပုဂ္ဂိုလ်ပင်လျှင် အနည်းငယ် ရှက်ရွံ့မိသည်။ သူမ လက်ခံကျင်းပသည့် နှစ်များအတွင်း ဤအခြေနေမျိုးကို ဒါ ပထမဆုံးအကြိမ် အဖြစ် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

လေလံတင်သည့် ပစ္စည်းမှန်သမျှ လူတစ်ဦးတည်းကပဲ သိမ်းယူသွားခဲ့သည်။

“အဟွတ် ....”

“ဆက်လက်ပြီး ကျွန်မတို့ အရိုးဖြူ လေလံပွဲရုံရဲ့ နောက်ဆုံးပစ္စည်း ၊ အားလုံးသိပြီးသားဖြစ်မယ်လို့ ယုံကြည်ပါတယ်”

ကာ ကာ ကာ ——

ယန္တရားလည်ပတ်သံ တစ်ချက် ထွက်ပေါ်လာသည်။

ပစ္စည်းပြသထားရှိရာ စင့်မြင့်သည် ထပ်မံ လည်ပတ်ရွေ့လျားသွားပြီး၊ အဝါရောင် ရှိသော ရှေးဟောင်းစာအုပ်တစ်အုပ် ပေါ်ထွက်လာသည်။

“ဒါက ရှေးဟောင်းနည်းလမ်းစဉ် စာအုပ်ပဲ ...!”

ထိုစာအုပ်ကို မြင်သည်နှင့် မင်ထျန်းဇီ နှင့် ကွေထျန်းဇီတို့၏ မျက်လုံးများမှာ အရောင်တောက်လာကြသည်။ သူတို့ ဤနေရာသို့ လာရခြင်း၏ ရည်ရွယ်ချက်မှာ ထိုရှေးဟောင်းစာအုပ်ကြောင့်ပင် ဖြစ်သည်။

ထိုအချိန် ၊ ဝာာဝန်ခံ မိန်းကလေးက ထပ်မံ ရှင်းပြသည်။

“ဒီရှေးဟောင်း နည်းလမ်းစဉ် စာအုပ်ကို ကျွန်မတို့ လေလံပွဲရုံက ရှေးဟောင်းလျို့ဝှက်‌တစ်နေရာကနေ ရှာတွေ့ခဲ့တာပါ”

“ရှေးခေတ် ပုဂ္ဂိုလ်တစ်ဦးရဲ့ ဘာသာပြန်ဆိုချက်အရ ၊ ဒီရှေးဟောင်းစာအုပ်မှာ အရိုးပင်လယ် မှော်ပုလွေ အစား အဆုံးမဲ့ အရိုးဖြူ ပင်လယ်ထဲကို တိုက်ရိုက် သွားနိုင်မယ့် နည်းလမ်းကို မှတ်တမ်းတင်ထားတယ်လို့ သံသယဖြစ်မိတယ်”

......

ထိုစကား၏ အဆုံးသတ်တွင် ၊ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည် ။လူတိုင်း မျက်လုံးပြူး မျက်စံပြူးဖြင့် လေပေါ်တွင် တွဲလောင်းအနေအထားဖြင့် ရှိနေသော ထိုစာအုပ်ကိုသာ မျက်တောင်ပင်မခက် စိုက်ကြည့်နေကြသည်။

ပြောရမယ့် စကားလုံးများကို‌ပင် မဖော်ကြူးနိုင် လောက်သည့်အထိ နေရာတွင် ငြိမ်သက်နေကြသည်။

“အဆုံးမဲ့ အရိုးဖြူပင်လယ်ထဲကို ဝင်နိုင်မယ့် နည်းလမ်း....!?”

တစ်စုံတစ်ယောက်၏ အာမေဠိတ်သံသည် ​ တစ်​ခန်းလုံး ဟိန်းထွက်သွားသည်။

“အဆုံးမဲ့ အရိုးဖြူပင်လယ်! အဲ့တာက ငါတို့ အရိုးမြို့တော်မှာ နှစ်ပေါင်းများစွာကတည်းက ရှိခဲ့တဲ့ ဒဏ္ဍာရီတစ်ခု မဟုတ်လား!”

“တစ္ဆေနတ်ဘုရားတောင် အဲ့ထဲကို ဝင်ရောက်သွားပြီးနောက် ပြိုင်ဘက်ကင်းတဲ့ အခွင့်အရေးတစ်ခုကို ရရှိခဲ့တယ်ဆိုပဲ ၊ နောက်တော့ သူက မရဏကမ္ဘာတစ်ခုလုံး ပေါင်းစည်းခဲ့တယ် ၊တကယ်လို့ ငါသာ အဲ့ထဲကိုဝင်နိုင်ရင် တစ္စေနတ်ဘုရား တစ်ယောက် တိုးလာပြီ မဟုတ်လား!?”

“ဒီပစ္စည်းကို ငါ သေချာပေါက် ရအောင် ယူမယ် ! အကုန်လုံး ပုံပေးရမယ်ဆိုတောင် ရအောင်ယူမယ်!”

“……”

ခန်းမကြီးထဲရှိ လေထုမှာ ချက်ချင်းဆိုသလို ပူ နွေးလာသည်။လူတိုင်း၏ မျက်လုံးများမှာ အလိုလောဘ ၊ မျှော်လင့်ချက်များဖြင့် တောက်ပနေသည်။

သူတို့ထဲက တစ်ဦးသည် နောက်ထပ် မရဏ ကမ္ဘာ၏ တစ္စေနတ်ဘုရားတစ်ပါး ဖြစ်လာနိုင်သကဲ့သို့ပင်။

“ ဒါဆို လေလံပွဲ စပါတော့မယ်၊ စတင်ဈေး အဆင့်မြင့် ဝိညာဉ်ကျောက် သန်း ၅၀၀ ၊ ဈေးတစ်ခါတင်တိုင်း အဆင့်မြင့် ဝိညာဉ်ကျောက် သန်း ၁၀၀ ထက် မနည်းရ “

ဒုန်း!!

သစ်သားတူ ရိုက်ချလိုက်သည်နှင့် ၊ ဤလေလံပွဲကြီးမှာ စတင်ခဲ့လေပြီ ။

ဝီ——

ချက်ချင်းဆိုသလို ၊ ပတ်ဝန်းကျင်တစ်ခုလုံး မရေမတွက်နိုင်သော အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။

ထိုအလင်းတန်းများသည် လေထဲတွင် ဆိုင်းငံ့အနေအထားဖြင့် ရှိနေသော ကြာပန်းဆီသို့ ပြေးဝင်သွားကြသည်။

အလင်းစခရင်ပေါ်ရှိ နံပါတ်များမှာ တိုးသထက် တိုးလာနေပြီး လျင်မြန်စွာ ပြောင်းလဲနေသည်။

သန်းခုနစ်ရာ!

တစ်ဘီလီယံ!

၁.၄. ဘီလီယံ!

၁.၉ ဘီလီယံ!

……

လူတိုင်း ရူးသွပ်နေကြပြီပင်။ ဤအရာသည် သူတို့၏ ဘဝအခွင့်အလမ်းကို တိုးမြင့်ပေးနိုင်မည့် အပြင် မရဏကမ္ဘာတွင် မျိုးဆက်သစ် တစ္စေနတ်ဘုရား တစ်ပါး အဖြစ် ရောက်ရှိနိုင်မည့် အခွင့်အလမ်း တစ်ခုပင် ဖြစ်သည်။

ဤအခိုက်အတန့်တွင်၊ လူတိုင်း မိမိ၏ ပိုင်ဆိုင်သမျှကို အကုန် ပုံအောပေးသည့်အထိ ထိုစာအုပ်ကို ရယူရန်ကြိုးစားနေကြသည်။

ထိုအချိန် ၊ အလင်းတန်းတစ်ခု ဝင်ရောက်လာခဲ့ပြီး ၊ အလင်းစခရင်ပေါ်ရှိ နံပါတ်များကို ချက်ချင်း နှစ်ဆတိုးသွားစေခဲ့သည်။

၇.၅ ဘီလီယံ!

ထိုစဉ် ၊ ‘ကောင်းကင်’ သီးသန့်အခန်းမှ အမျိုးသား တစ်ယောက်၏ အသံထွက်ပေါ်လာခဲ့သည် ။

“လူတိုင်း၊ ကျုပ်က နတ်ဘုရားအချုပ်ထောင် နန်းတော် က မင်ထျန်းဇီပဲ ၊ ဒီစာအုပ်က ကျုပ် နတ်ဘုရားအချုပ်ထောင် နန်းတော်အတွက် အရေးပါတယ်”

“ လူတိုင်း ကျုပ် နတ်ဘုရားအချုပ်ထောင် နန်းတော်ကို မျက်နှာသာပေးကြမယ်လို့ မျှော်လင့်မိပါတယ်!”

ထိုစကားသံ ထွက်ပေါ်လာသည်နှင့်၊ မူလက ဆူညံနေသော ခန်းမကြီးမှာ တခဏချင်း ငြိမ်သက်သွားသည်။

နတ်ဘုရားအချုပ်ထောင် နန်းတော် ဆိုသည့် နာမည်အား သူတို့ ရှင်းရှင်းလင်းလင်း သိထားသည် ။ လွန်ခဲ့သော ရက်ပိုင်းအတွင်းက ကွေးယွမ် သူတော်စင် နယ်မြေ မှ ကျန့်ရှင်းဘိုးဘေးသည် ၎င်းတို့၏ ဘိုးဘွားပိုင်မြေအများစုကို ဖျက်စီးပစ်ခဲ့သည်။

သို့သော် သတင်းများအရ ၊ နတ်ဘုရားအချုပ်ထောင် နန်းတော်၏ သခင်ဟောင်း မသေဆုံးသေးသည် ဖြစ်ရာ လက်ရှိ အင်အား အများစုအတွက်ကတော့ သူတို့သည် ခြိမ်းခြောက်နိုင်သော အင်အားစု တစ်‌ခု ဖြစ်နေသေးသည် ဟု ဆိုရပေမည်။

“ဟားး~ ကောင်းလိုက်တဲ့ မင်ထျန်းဇီ ၊ ဒါပေမဲ့ လေလံပွဲရုံက တရားမျှတမှုကိုပဲ ဦးစားပေးတယ်”

ရွှယ့်လျန် နေထိုင်ရာ သီးသန့်ခန်းထဲမှ ရယ်သံတစ်ချက် ထွက်ပေါ်လာခဲ့သည်။

“ မင်ထျန်းဇီက ကိုယ့်အဆင့်အတန်းကို အားကိုးပြီး သူတစ်ပါးကို ဖိနှိပ်ချင်တယ်ဆိုရင်တော့ ၊ ဒါဆို ကျွန်မလည်း ဝင်ပြောရတော့မှာပဲ “

“ရွှယ့်လျန်...!”

မင်ထျန်းဇီ၏ အကြည့်များမှာ အေးစက်သွားသည်။ သူတို့ နတ်ဘုရားအချုပ်ထောင် နန်းတော် နှင့် အဆုံးမဲ့ နတ်ဆိုးဂူ တို့သည် အစောကြီးကတည်းက သဘောတူညီချက် ယူထားပြီးပြီပင် ဖြစ်သည်။

တစ်ဖွဲ့တည်းဖြစ်သည် ဟုတောင် ဆိုရပေမည်။ သို့သော် ရွှယ့်လျန်၏ လုပ်ရပ်သည် သူ့အား လူမုန်းများရန် တမင်သက်သက် လုပ်ခဲ့ခြင်းပင် ဖြစ်သည်။

မင်ထျန်းဇီထက်စာရင် ၊ ယင်ထျန်းဇီ၏ မျက်လုံးများထဲတွင် မည်သည့်ခံစားချက်ကိုမှ မမြင်တွေ့နိုင်ပေ။

သူသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ကာ လက်ဖက်ရည်ကို တကျိုက်မော့လိုက်ရင်း ဆိုလေသည်။

“ ငါပြောမယ် မင်ထျန်းဇီ ၊ ငါတို့ နတ်ဘုရားအချုပ်ထောင် နန်းတော်က အရင်တုန်းကလိုမဟုတ်တော့ဘူး ၊ မင်းရဲ့ အကျင့်စရိုက်ကို မပြောင်းလဲဘူးဆိုရင် မင်းဒုက္ခတွေလိမ့်မယ် “

“မင်းအပေါက် ပိတ်ထားစမ်း!”

မင်ထျန်းဇီက ဒေါသတကြီး ဟောက်လိုက်သည်။

သေသင့်တဲ့ ကွေးယွမ် သူတော်စင် နယ်မြေကဟာတွေရဲ့ လက်ချက်ကြောင့်သာ မဟုတ်ရင်၊ သူတို့ ခုလို သောက်လုပ်ရှုပ်ခံမတဲ့လား!

တစ်ဖွဲ့သားတည်း ဖြစ်တဲ့ အဆုံးမဲ့ နတ်ဆိုးဂူကလည်း အခု သူတို့ကို အနိုင်ကျင့်နေပြန်ပြီ!

“ ‌သေသင့်တဲ့ စူးချန်ကဲ....!”

“ သေသင့်တဲ့ ကွေးယွမ် သူတော်စင် နယ်မြေကဟာတွေ! ငါ အဆတစ်ရာ ပြန်ပေးဆပ်ခိုင်းမယ်!”

ထို့နောက် သူ့စိတ်ထဲက ဒေါသများကို မျိုသိပ်ကာ လူတိုင်းကို အော်ပြောလိုက်သည်။

“ကျုပ် နတ်ဘုရားအချုပ်ထောင် နန်းတော်ကို မျက်နှာသာပေးသူတိုင်း ကျုပ် နတ်ဘုရားအချုပ်ထောင် နန်းတော်က ကျေးဇူးတင်နေမှာပါ ၊ နောက်ကြရင် အားလုံးကို ပြန်လျော််ကြေး ပေးဆောင်ပါ့မယ်”

ထိုစကားကို ကြားသူတိုင်း မျက်မှောင်ကြုတ်နေကြသော်လည်း၊ မည်သူမှ ခေါင်းမဖော်ရဲပေ။

နတ်ဘုရားအချုပ်ထောင် နန်းတော်၏ လက်စားချေခြင်း ခံရမည်ကို သူတို့ စိုးရိမ်မိသည်။

ထိုစဉ် ၊ စူးချန်ကဲ ထိုင်နေသည့် သီးသန့်ခန်းမှ အလင်းတန်းတစ်ခုသည် ကြာပန်းထဲသို့ ဝင်ရောက်သွားခဲ့သည်။

အလင်းစခရင်ပေါ်ရှိ နံပါတ်များမှာ တဖန် ပြောင်းလဲသွားခဲ့သည်။

အဆင့်မြင့် ဝိညာဉ်ကျောက် ၁၅ဘီလီယံ

“ ဒါ...ဒါက ကမ္ဘာ့ဘုံ သီးသန့်ခန်းက လူကြီးမင်းရဲ့ လက်ချက်လား!?”

လူတိုင်း၏ အာရုံများသည် ကမ္ဘာ့ဘုံ သီးသန့်ခန်း ဆီသို့ ကျရောက်သွားသည်။လူတိုင်း ထိတ်လန့်မှုအပြည့်ဖြင့်။

မင်ထျန်းဇီပင်လျှင် ဤမြင်ကွင်းကြောင့် တုန်လှုပ်သွားခဲ့ရသည်။

ဤလူသည် သူ့စကားများကို သောက်ရေးမလုပ်ရုံတင် မက နတ်ဘုရားအချုပ်ထောင် နန်းတော်ကိုပါ မထီမဲ့မြင့် ပြုခဲ့သည်။

“ ကြည့်ရတာ မင်းက ကျုပ် နတ်ဘုရားအချုပ်ထောင် နန်းတော်ကို မျက်နှာသာမပေးဘူးဆိုတဲ့ သဘောလား?”

မင်ထျန်းဇီသည် ကမ္ဘာ့ဘုံ သီးသန့်ခန်းအား စူးစူးရဲရဲ စိုက်ကြည့်ရင်း သူ၏ လက်သီးများကိုတင်းကြပ်စွာ ဆုပ်ထားသည် ။

သို့သော် မင်ထျန်းဇီသည် သက်ပြင်းရှည်ချကာ ထပ်မံ ပြောဆိုလိုက်သည်။

“ ဒီက မိတ်ဆွေ ကျုပ်တို့ နတ်ဘုရားအချုပ်ထောင် နန်းတော်ကို မျက်နှာသာပေးဖို့မျှော်လင့်ပါတယ်”

ထိုစကားကိုကြားတော့ စူးချန်ကဲက ရယ်လေသည်။

သူ ဒီကိုလာရောက်သည့် ရည်ရွယ်ချက်မှာ နတ်ဘုရားအချုပ်ထောင် နန်းတော်အား စိတ်အနှောင့်အယှက်ပေးရန်သာ ဖြစ်သည်။

ဒါကိုမျက်နှာသာ ပေးရမတဲ့လား?

“ဟားး....”

စူးချန်ကဲ က ရယ်ကာ ပြန်ဖြေသည်။

“ မင်းတို့ နတ်ဘုရားအချုပ်ထောင် နန်းတော်က ဘာမို့လို့ ငါက မျက်နှာသာပေးရမှာတုန်း?”

“ ငါက မျက်နှာသာပေးမယ်ဆိုတောင် မင်းတို့ နတ်ဘုရားအချုပ်ထောင် နန်းတော်က ခံယူရဲလို့လား?”

……

ဂျိန်း——

ထိုစကားကို ကြားလိုက်ရသူတိုင်း ၊ ပေါက်ကွဲထွက်လာသော မိုးခြိမ်းသံများကို ကြားလိုက်ရသလိုပင်။

လူတိုင်းကို တုန်လှုပ်သွားစေသည့် အဓိက အကြောင်းရင်းမှာ စူးချန်ကဲမှ နတ်ဘုရားအချုပ်ထောင် နန်းတော်အား လှောင်ပြောင်ပြောဆိုခဲ့ခြင်း မဟုတ်ဘဲ လူငယ် တစ်ယောက်၏ လေသံကို ကြားလိုက်ရခြင်းပင် ဖြစ်သည်။

“ ဒါ ...ဒါ ဘယ်ထိပ်တန်း အင်အားစုကနေ ဆင်းသက်လာတဲ့ ဆက်ခံသူလဲ!?”

အပိုင်း(၂၅၉): ခုနှစ်ကြိမ်ကွေ့ နတ်ဆေးက အလွန် အဖိုးတန်တယ် ဟုတ်လား? ကိုးကြိမ်ကွေ့ နတ်ဆေးတောင် ပဲ့စေ့ထက် မပိုဘူး

ယခုလို များစွာသော စည်းစိမ်ဥစ္စာရှိသည့် ဤလူ၏ နောက်ခံမှာ မည်မျှအထိ ကြွယ်ဝချမ်းသာနေမည်မှန်း သူတို့ အားလုံး မမှန်းဆဝံ့ပေ။

ကာ ကာ ကာ ——

‘ ကောင်းကင် ‘သီးသန့်ခန်းထဲတွင် ရှိနေသော မင်ထျန်းဇီမှာမူ အလွန်အမင်း အံကြိတ်လျက် သူ့မျက်နှာပေါ်ရှိ ကြွက်သားများပင်လျှင် လှုပ်ခါနေသည်။

အသံကို နားထောင်ကြည့်ရုံဖြင့်၊ ထိုလူသည် သူနဲ့ ရွယ်တူဖြစ်မှန်း သိသာသလို ၊ ထာဝရ အင်အားစု က သခင်တစ်ဦး မဟုတ်မှန်း သေချာပေသည်။

သူနဲ့ သိပ်မကွာတဲ့ ကောင်က သူတို့ နတ်ဘုရားအချုပ်ထောင် နန်းတော်ကို သောက်ဂရုမစိုက်ဘူးတဲ့လား !

သို့သော် ဘိုးဘေးဖြစ်သူမှ ပေးအပ်လိုက်သောတာဝန်ကို စဉ်းစားမိရင်း ၊ မင်ထျန်းဇီသည် သူ၏ဒေါသများကို ထိန်းချုပ်ထားဆဲပင် ဖြစ်သည်။

သူ့မှာ တခြားနည်းလမ်းမရှိ။ မင်ထျန်းဇီသည် ဈေးကို ထပ်တင်လိုက်သည် ။

အလင်းစခရင်ပေါ်ရှိ နံပါတ်များမှာ တဖန် ပြောင်းလဲသွားခဲ့သည်။

အဆင့်မြင့် ဝိညာဉ်ကျောက် ၁၀ဘီလီယံ အပြင် အချုပ်ထောင် နတ်ဆေး ဆယ်လုံး

“ အချုပ်ထောင် နတ်ဆေးဆယ်လုံး? အဲ့တာက နတ်ဘုရားအချုပ်ထောင် နန်းတော်ရဲ့ အကောင်းဆုံး သက်စောင့်ဆေး မဟုတ်လား?”

“ အချုပ်ထောင် နတ်ဆေးလုံးက နတ်ဘုရားအချုပ်ထောင် နန်းတော်ရဲ့ တောင်ကျရေကို အခြေခံပြီး လုပ်ထားတာပဲ ၊ အပြင်းထန်ဆုံး တစ္ဆေစွမ်းအင်တွေကို စုဆောင်းကာ စုစုပေါင်း ၄၄၄၄ ရက်ကြာ သန့်စင်ထားပြီး တခြား အဖိုးတန် ဝိညာဉ်ဆေးတွေနဲ့ ရောစပ်ထားတယ် တစ္စေကျင့်ကြံသူတွေကို အဆင့်တတ်ဖို့ သေချာပေါက် ကူညီနိုင်တဲ့ဆေးပဲ “

အဘိုးကြီးတစ်ဦးက ရှင်းပြလေသည်။

“ အိုင်း.. ဒီရဲ့ အချုပ်ထောင် နတ်ဆေးလုံးက ရှားပါးတဲ့ အရင်းအမြစ်ပစ္စည်းပဲ မဟုတ်လား ၊ ပြီးတော့ ပြောသံကြားတာက ဈေးကွက်မှာ လုံးဝ မရှိဘူးတဲ့ ၊ ဒီနတ်ဘုရားအချုပ်ထောင် နန်းတော်က ဒါကို တကယ်ပဲ ထုတ်ရောင်းတော့မလို့လား?”

“ဟားးးး! ကွေးယွမ် သူတော်စင် နယ်မြေက နတ်ဘုရားအချုပ်ထောင် နန်းတော်ကို တကယ်ပဲ ဖျက်ဆီးပစ်လိုက်ပုံရတယ်၊ ဒီလို အရေးကြီးတဲ့ အရင်းအမြစ်တွေကိုတောင် လေလံပစ်တဲ့ပစ္စည်းတွေ အဖြစ် ထုတ်သုံးနေရပြီဆိုတော့ တကယ်ကို ရယ်စရာကောင်းတာပဲ!”

“…..”

လူတိုင်း၏ ဆွေးနွေးချက်ကို နားထောင်ရင်း ၊ မင်ထျန်းဇီ၏ အမူအရာမှာ ပို၍ မှုန်ကုတ်လာသည်။

“ သေသင့်တဲ့ ပုရွက်ဆိတ်တသိုက် ၊ ဖြစ်နိုင်ရင် ဒင်းတို့ အကုန်လုံးကို သတ်ပစ်လိုက်ချင်တယ်!”

သူလှောင်ပြောင်ခံရတိုင်း၊ ကွေးယွမ် နှင့် စူးချန်ကဲတို့ကို ဖယ်ရှားပစ်ချင်သည့် မင်ထျန်းဇီ၏ အမုန်းတရားသည် ပို၍ ကြီးထွားလာသည်။

ထိုစဉ် ၊ ပွဲတာဝန်ခံ အမျိုးသမီးက အချုပ်ထောင် နတ်ဆေးလုံး၏ တန်ဖိုးကို အကဲဖြတ်ပြီး ဖြစ်သည်။

“ “ကျွန်မတို့ လေလံပွဲရုံမှ ကျွမ်းကျင်သူများရဲ့ အကဲဖြတ်မှုအရ အချုပ်ထောင် နတ်ဆေးလုံး တစ်လုံးကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ဘီလီယံ တန်ဖိုးရှိတယ် ဆယ်လုံး ဆိုတော့ ၁၀ဘီလီယံ ၊ အခုလက်ရှိ လေလံတင်ဈေးမှာ နှစ်ဆယ်ဘီလီယံ အထိ ရောက်ရှိနေပါပြီ “

ထိုကိန်းဂဏန်းကို ကြားလိုက်ရသူတိုင်း ဆွံ့အကြသည်။

သူတို့အားလုံး၏ မသိစိတ်က စူးချန်ကဲ ရှိရာ သီးသန့်အခန်းဆီသို့ လှည့်ကြည့်လိုက်ကြသည်။

စူးချန်ကဲ မှ ဈေးနှစ်ဆတင်ဦးမလား ဆိုတာကို သူတို့အားလုံး မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်ကြည့်နေကြသည်။

အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၄၀ဘီလီယံ ဆိုသည်မှာ မရဏကမ္ဘာ့သမိုင်း တစ်ခုလုံးတွင် တစ်ခါမျှ မမြင်ဖူးသော အရာတစ်ခုသာပင်။

“ သခင်လေး....ဈေး နှစ်‌ဆ တင်ဦးမလား”

ထန်ဝူအာ က မဝံ့မရဲ လှမ်းမေးလိုက်သည်။ ဤအရေအတွက်မှာ အလွန်ကို ကြောက်စရာကောင်းနေပြီပင်။

သို့သော် စူးချန်ကဲ၏ နှုတ်ခမ်းထောင့်စွန်းတို့မှာ ကွေးညွှတ်သွားသည်။ဤအရေအတွက်သည် သူအတွက်တော့ လုံးဝ ဂရုမစိုက်သော အရေအတွက်သာ ဖြစ်သည်။

နှစ်ဆ မပြောနဲ့ ၊ ဆယ်ဆ ဆိုတောင် သူလုပ်နိုင်သည်။

သို့သော် ဤအရာသည် အနည်းငယ်မိုက်မဲလွန်းသည်။ နတ်ဘုရားအချုပ်ထောင် နန်းတော်က ကောင်တွေရဲ့ စိတ်ကို ‌ဆွပေးဖို့‌‌ဆို ၊ သူသည် စော်ကားရာရောက်သာ အပြုအမူများကို ပို၍ လုပ်ဆောင်ရပေမည်။

စူးချန်ကဲသည် သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်နှင့် ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ရုတ်ချည်း ပွင့်လာသည်။ခဏအကြာတွင် အက်ကွဲကြောင်းမှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ထိုအလင်းတန်းများ ရောက်ရှိလာသည်နှင့်၊ ပြင်းပြသော ဆေးမွှေးရနံ့များက လေထဲသို့ တိုးဝှေ့လာသည်။

“ဒါ..ဒါက....!?”

ထိုမြင်ကွင်းကို မြင်လိုက်ရသော ကျင်းသယ်ဖာပင်လျှင် ဒါဟာ အိမ်မက်လား ဟု ထင်မှတ်ရလောက်သည်အထိ အံ့အားသင့်သွားခဲ့သည်။

အလင်းအုပ်စုဖြင့် ထုတ်ပိုးထားသော ရွှေရောင်ဆေးလုံး တစ်လုံးကို သူ တွေ့လိုက်ရသည်။

ရွှေရောင် ဆေးလုံးပေါ်တွင် နဂါးတစ်ကောင်က ရစ်ပတ်ထားသည့်အတိုင်း လှပသော မျဉ်းကြောင်းလိုင်းများဖြင့် ပတ်နွယ်ထားသည်။

ဤရွှေရောင် ဆေးလုံးမှ တုန်ခါနေသော လှိုင်းဂယက် နှင့် နိယာမ သဘောတရားများကို မြင်တွေ့နိုင်ပြီး ၊ ကြွယ်ဝသော ဆေးဖက်ဝင်ရနံ့များနှင့် ပေါင်းစပ်ထားလေရာ မှော်ဆန်သော ဆေးဖက်ဝင်အပင်များ စုပြီး ဤကမ္ဘာထဲသို့ ကျရောက်လာသလား ဟုတောင် အောက်မေ့ရသည်။

တေးဂီတများနှင့်အတူ ကပြဖျော်ဖြေနေခဲ့ကြသော မိန်းမပျိုလေးများ၏ လှုပ်ရှားမှုတို့မှာ ဤအခိုက်အတန့်တွင် ၊အားလုံး ရပ်တန့်ကုန်ကြသည်။

သူမတို့၏ မျက်နှာများမှာ နီတွတ်နေပြီး ၊ခန္ဓာကိုယ်မှာ ထိန်းမရနိုင်လောက်အောင် ခိုက်ခိုက်တုန်နေကြသည်။

အသက်ရှူသံများ ပြင်းထန် မြန်ဆန်လာပြီး လေပူများကို ရှိုက်ထုတ်နေသည်။

ဝူး ဒုန်း ဒုန်း——

သူမတို့တွေထဲက ဘယ်တစ်ယောက်ကစပြီး မူးလဲကျခဲ့သလဲ မသိပေမဲ့ ကွင်းဆက်တုံ့ပြန်မှု ဖြစ်သွားသကဲ့သို့ တစ်ယောက်ပြီး တစ်ယောက် ဆက်တိုက် လဲကျသွားခဲ့သည် ။

သက်စောင့်ဆေး၏ ဆေးဖက်ဝင်ရနံ့များ ပြင်းထန်လာသည်နှင့် အမျှ ၊ အစေခံမိန်းကလေးတို့မှာမူ ၊ စိတ်သက်တောင့်သက်သာ ဖြစ်စေသည့် ခံစားချက်များ ပြင်းထန်လာလေရာ သူမတို့၏ ခါးများကို တွန့်လိမ်ရင်း အဝတ်အစားများကို ဆွဲချွတ်နေကြသည်။

ဤနေရာရှိလေထုသည် ရုတ်တရက် ထူးဆန်းသွားခဲ့သည်။ နွေဦးရှုခင်းတစ်ခု ပေါ်ထွက်လာသလိုပင်။

T/N- နွေဦးရှုခင်း - ယောကျာ်း မိန်းမကြားက ဆက်ဆံရေး ကို ဖော်ကြူးသော ကျေနပ်နေသည့် အမူအယာ

အသက်ရှူသံများက လူကို အရိုင်းဆန်သော အတွေးများကို တွေးမိစေသည် ။

ထန်ဝူအာပင်လျှင် အနည်းငယ် နီရောင်သန်းနေသည်။

“ သခင်လေး ငါ့ကို မှော်စွမ်းအားနဲ့ ကာကွယ်ပေးထားလို့သာပေါ့ မဟုတ်ရင် သခင်လေးရှေ့ မျက်နှာပျက်ရချည်ရဲ့ ....”

ဤအခိုက်အတန့်တွင်၊ ကျင်းသယ်ဖာသည် ထိုဆေးကိုသာ မျက်တောင်ပင်မခတ် စိုက်ကြည့်နေသည်။ဤမျှ လှပသော နွေဉီးရှုခင်းများကတောင် သူ့ကို ဆွဲဆောင်နိုင်စွမ်း မရှိခဲ့ချေ။

ထို့နောက် သူ၏ ထစ်ငေါ့နေသော စကားသံကိုကြားလိုက်ရသည်။

“ တစ်..နှစ်..သုံး..လေး .. “

သူပြောသမျှ စကားလုံးတိုင်းတွင် သူ၏ လေသံမှာ အနည်းငယ် တုန်ရီနေသည်။

“ ခုနှစ်....”

သူ့ရဲ့ နောက်ဆုံးစကားလုံး ထွက်လို့မပြီးသေးခင် ၊ သူ့ အဝတ်အစားတစ်ခုလုံး ချွေးများဖြင့် စိုရွှဲနေပြီပင်။

“ ခုနှစ်...ခုနှစ်ကြိမ်ကွေ့ နတ်ဆေးလုံး ! “

“ ဒါက ဒဏ္ဍာရီထဲက ခုနှစ်ကြိမ်ကွေ့ နတ် ဆေးလုံး ! “

နတ်ဆေးများ အနက် ၊ ကိုး သည် အန္တိမ ၊ ကိုးကြိမ်ကွေ့သည် ထိပ်ဆုံးဟု ဆိုရပေမည်။

ကိုးကြိမ်ကွေ့ အောက်တွင် ရှစ်ကြိမ်ကွေ့ ၊ ခုနှစ်ကြိမ်ကွေ့ စသည်ဖြင့် ရှိကြသည်။

T/N - ကိုးကြိမ်ကွေ့ - ကိုးကြိမ် သန့်စင်ခြင်း

ဤကဲ့သို့သော နတ်ဆေးလုံးမှာ အလွန်ကို ရှားပါးပေသည်။

သန့်စင်ရန် လိုအပ်သော ပစ္စည်းများသည် ဤကမ္ဘာမြေတခွင်ရှိ သာမန်အဖိုးတန် ရတနာများတင်မက အခြေခံအကျဆုံး ပါဝင်ပစ္စည်းမှာ နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိသည့် ထိပ်တန်း အံ့ဖွယ်ဆေးဝါးများပင် ဖြစ်သည်။

ထို့အပြင်၊ ၎င်းအား သန့်စင်ရန်အတွက် အလွန်အားကောင်းသော စိတ်ဝိညာဉ်ရှိသူကို လိုအပ်‌သည်။ သို့မဟုတ်ပါက ဆေး သန့်စင်ခြင်း လုပ်ငန်းစဉ်တွင် ဖိုထိုးသည့် မီးဖိုမှာ ပေါက်ကွဲသွားနိုင်သည်။

ရလဒ်အနေဖြင့်၊ ယခင်က ကြိုးစားအားထုတ်မှုအားလုံး အလဟဿ ဖြစ်သွားပေလိမ့်မည်။ တစ်နည်းအားဖြင့်ဆိုရသော် ၊ ဤဆေးသည် အလွန်အဖိုးတန်ရုံသာမက ပြန်လည်သန့်စင်ရန်လည်း အလွန်ခက်ခဲသည်ဟု ဆိုနိုင်သည်။

ကျင်းသယ်ဖာ၏ ဘဝတစ်လျှောက်တွင် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ငါးကြိမ်ကွေ့ နတ်ဆေးလုံးကို ကံကောင်းထောက်မစွာဖြင့် တစ်ကြိမ် မြင်တွေ့ခဲ့ဖူးသည်။သို့သော် ထိုအချိန်မှစ၍ ဤကဲ့သို့ နတ်ဆေးလုံးများကို နောက်ဘယ်တော့မှ မတွေ့ခဲ့ရတော့ချေ။

“ခုနှစ်ကြိမ်ကွေ့.. ခုနှစ်ကြိမ်ကွေ့....နတ်ဆေးလုံး....”

ထိုစကားကို ပြောရင်း ၊ ကျင်းသယ်ဖာ၏ မျက်လုံးများမှာ နီရဲလာပြီး နောက်ဆုံးတွင် မျက်ရည်များက တားစီးလို့ မရနိုင်တော့တဲ့အထိ စီးကျလာသည်။

ထန်ဝူအာသည် ထိုမြင်ကွင်းကြောင့် နားမလည်နိုင် ဖြစ်နေခဲ့သည်။

သူမစိတ်ထဲ ရေရွတ်လိုက်သည်။

“အရင်တစ်ခေါက်က သခင်လေး ငါ့ကို ကိုးကြိမ်ကွေ့ နတ်ဆေးလုံး ဆယ်လုံးကျော်လောက် ပေးခဲ့သလိုပဲ... သူ့အတွက်တော့ သာမန်ပဲ့စေ့ထက် မပိုဘူးဆိုပြီး ပြောခဲ့တယ်မဟုတ်လား...”

ထန်ဝူအာသည် ခပ်ဖျော့ဖျော့ ပြုံးနေသော စူးချန်ကဲ ကို သံသယဖြင့် ကြည့်လိုက်သည်။

“ သခင်လေးပြောတော့ ကွေးယွမ်ရဲ့ ဘိုးဘေးတွေက သူ့ကို သောင်းနဲ့ချီပေးထားတာ ...သူ အဲ့လောက်ထိ မလိုအပ်လို့ ...ဒါကြောင့် ငါ့ကို ပေးတာတဲ့!”

“ မဟုတ်မှလွဲရော သခင်လေး ငါ့ကို လိမ်ခဲ့တာလား?”

……

စူးချန်းကဲ ရှိရာ သီးသန့်ခန်းထဲတွင် မည်သည့်လှုပ်ရှားမှုမှ မရှိသည်ကို မြင်လိုက်ရပြီးနောက် ၊

မင်ထျန်းဇီ တစ်ယောက် မဲ့ပြုံး ပြုံးလိုက်ရင်း ဆိုလိုက်သည်။

“ ဟားး....ကြည့်ရတာ ဒီကောင်ရဲ့ ချမ်းသာမှုက ဒီမှာတင် ဆုံးသွားပုံရတယ် ၊ ငါကတော့ သူ နှစ်ဆ ဈေးတင်ဦးမယ်လို့ ထင်နေတာ “

“မင်းရဲ့ ကျီးကန်းပါးစပ်ကို ပိတ်ထား ၊ ပြီးမှ ပါးရိုက်ခံရရင် မရှက်နဲ့”

ကွေထျန်းဇီသည် လက်ဖက်ရည်သောက်ရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

စူးချန်ကဲ၏ ရှေ့ကလုပ်ရပ်များသည် သူ့အား မတူညီသည့် ခံစားချက်မျိုးကို ခံစားရစေသည်။

တစ်ဖက်လူသည် ပိုက်ဆံမရှိတာ မဟုတ်ဘဲ ၊ ကိစ္စတစ်ခုခု ကြံစည်နေမည်ကို သူ စိုးရိမ်မိသည် ။

“ ဟွန်း ! သူများရဲ့ ရည်မှန်းချက်ကို အခွင့်ကောင်းယူပြီး ကိုယ့်ဂုဏ်သိက္ခာကို မျက်နှာပန်းလှအောင် လုပ်တယ် !”

“ ဒီကောင်သာ ငါ့ကို နှိပ်ကွပ်နိုင်ရင်၊ ငါ မင်ထျန်းဇီ ကိုယ့်ကိုယ်ကို သင်းကွပ်ပစ်လိုက်မယ်!”

…..

ကမ္ဘာ့ဘုံ သီးသန့်ခန်းမှ တုံ့ပြန်မလာသည်ကို မြင်ရသည်နှင့် ခန်းမထဲရှိ လူအုပ်ကြီးမှာ လှုပ်လှုပ်ရွရွ ဖြစ်လာကြသည်။

“ ကြည့်ရတာ ဒီသူဌေးသားမှာ ဝိညာဉ်ကျောက်တုံး မရှိတော့တဲ့ပုံပဲ ၊ ဒီလောက်ကြာနေပြီ ဘာမှလှုပ်ရှားမှုမရှိသေးဘူး၊ အရင်ကဆို နှစ်ဆဆိုပြီး ဈေးခေါ်နေကြလေ”

“ ဟားးးဟား၊ငါလည်းအဲ့လိုထင်တယ်၊ သူ ဒီလောက်ထိ ဖြုန်းထားတာ ဘယ်လိုလုပ်ကျန်တော့မှာလဲ”

“ ဒီသူဌေးသား စိတ်အိုက်နေပုံပဲ ၊ အရင်က အသုံးမကျတဲ့ အရာတွေကို ဒီလောက် ဈေးအများကြီး ပေးပြီး ဝယ်ခဲ့တာ ၊ ဒီတစ်ခါကြမှ ချွတ်ချော်သွားတာပဲ !”

“…..”

စူးချန်ကဲ တစ်ယောက် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့လေသလား မသိ။

လူတိုင်း ပြင်းပြင်းထန်ထန် ဆွေးနွေးနေကြစဉ်၊

အလင်းတန်းတစ်ခုသည် စူးချန်ကဲရှိရာ ကမ္ဘာ့ဘုံ သီးသန့်ခန်းမှ ထွက်ပေါ်လာသည် ။

အလင်းစခရင်ပေါ်ရှိ နံပါတ်များမှာ တဖန် ပြောင်းလဲသွားခဲ့သည်။

ထိုအပေါ်တွင် ရေးထားသည်မှာ -

အလားတူပင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁၀ ဘီလီယံ ဖြစ်ပြီး ၊

နောက်က စကားလုံးမှာမူ ၊ လူတိုင်းကို ဆွံ့အသွားစေခဲ့သည်။

နဂိုက လှောင်ပြောင်နေခဲ့ကြသော လူများမှာ မေးရိုးများ ပြုတ်ကျမတတ် ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရသည်။

“ ခုနှစ်ကြိမ်ကွေ့ နတ်ဆေးလုံး!!”

အပိုင်း(၂၆၀): လေလံပွဲပြီးပြီ၊ ငါးကြီးတွေ ငါးစာဟပ်ဖို့ အချိန်တန်ပြီ

တစ်စုံတစ်ယောက်၏ အံ့သြထိတ်လန့်သံနှင့်အတူ ၊

ခန်းမထဲရှိ လူအုပ်ကြီးမှာ လှုပ်လှုပ်ရွရွ ဖြစ်ခဲ့ရပြန်သည်။

“ ဒီသီးသန့်ခန်းထဲက လူက ဘယ်သူလဲ !? ခုနှစ်ကြိမ်ကွေ့ နတ်ဆေးလုံး ဆိုတာ ငါတို့ အရိုးမြို့တော်ရဲ့ သမိုင်းမှာ တခါမှ မမြင်ဖူးတဲ့အရာပဲ မဟုတ်လား?”

“ အရိုးမြို့တော်တင်မကဘူး ၊ ငါတို့ ပင်လယ်သေ နယ်မြေရဲ့ သမိုင်းတစ်လျှောက်လုံး ခုနှစ်ကြိမ်ကွေ့ နတ်ဆေးလုံးကို တခါမှ မမြင်ဖူးဘူး!”

“ ခုနှစ်ကြိမ်ကွေ့ နတ်ဆေးလုံးအတွက် လိုအပ်တဲ့ အဖိုးတန်ဆေးဝါးတွေက နှစ်ထောင်ပေါင်းများစွာ တန်ဖိုးရှိတဲ့ အရည်အသွေးမြင့် မှော်ဆေးဝါးတွေပဲ ၊ မရဏကမ္ဘာတစ်ခုလုံး ပတ်ရှာရင်တောင် တွေ့ဖို့ခက်ခဲတယ်!”

“ ဒီတိုင်းသာဆို ၊ ဒီပုဂ္ဂိုလ်က မရဏကမ္ဘာရဲ့ ပြင်ပတစ်နေရာက လာတာများလား?”

“ ဟို လူတိုင်းပြောနေကြတဲ့ ကွေးယွမ် သူတော်စင် နယ်မြေက စူးချန်ကဲတော့ မဟုတ်လောက်ဘူးမလား?”

“ မဖြစ်နိုင်ဘူး! သူ့လိုပုဂ္ဂိုလ်မျိုးက ငါတို့လိုနေရာမျိုးကို လာစရာလား?”

“……”

လူတိုင်း အပြင်းအထန် ဆွေးနွေးနေကြစဉ်၊

စင်မြင့်ပေါ်ရှိ တာဝန်ခံ အမျိုးသမီး၏ လေသံမှာ အနည်းငယ် တုန်လှုပ်နေပြီး ၊ သူမက ကြေညာခဲ့သည်။

“ အကဲဖြတ်ချက်အရ.. ဆေးရဲ့ တန်ဖိုးက အလွန်မြင့်မားပြီး ...သေသူကိုတောင် ပြန်ပြီး ရှင်သန်နိုင်စေတယ် ...ဒါ့ကြောင့် ဈေးဖြတ်ဖို့ မဖြစ်နိုင်ဘူး....”

သူမသည်လည်း စူးချန်ကဲရှိရာ သီးသန့်ခန်းဆီသို့ အံ့ဩတကြီး ကြည့်နေမိသည်။

ထိုပုဂ္ဂိုလ်သည် ဤနေရာတွင် နှစ်ပေါင်းများစွာ မရေမတွက်နိုင်အောင် ဧည့်ခံလာခဲ့သော သူမကိုပင် တုန်လှုပ်အောင် လုပ်နိုင်ခဲ့သည်။

“ ခုနှစ်ကြိမ်ကွေ့ ‌နတ်ဆေးကို လဲလှယ်ပစ္စည်း အဖြစ် တန်းပြီး ထုတ်နိုင်ကတည်းက ...ဒီလူရဲ့ နောက်ခံ ဘယ်လောက်တောင် ကြီးမားလိုကိမလဲ...”

တစ်ချိန်တည်းမှာပင် မင်ထျန်းဇီ ရှိနေသည့် “ ကောင်းကင်” သီးသန့်ခန်းတွင်၊

ဝုန်း!!

ကျယ်လောင်သော ဆူညံသံနှင့်အတူ ၊ ပစ္စည်းများ လွင့်ထွက်သွားသည်။

မင်ထျန်းဇီသည် တံခါးကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်စေသည့်အထိ ကန်ကျောက်ပစ်ခဲ့သည်။ ဘေးနားက အစောင့်များ နှင့် အစေခံမိန်းကလေးများပင်လျှင် ကြောက်လန့်မှုကြောင့် ဖျော့တော့သွားကြပြီး မည်သူမှ ရှေ့ကို မတိုးဝံ့ကြပေ။

သူ့လက်သီးများကို တင်းတင်းဆုပ်ထားပြီး အံကြိတ်လျက် အပြင်သို့ ထွက်ရန် ဟန်ပြင်လိုက်သည်။

သူ့ပုံစံကို ကြည့်ရသည်မှာ စူးချန်ကဲနှင့်အတူ တစ်ပွဲတစ်လမ်း စမ်းချင်နေပုံရပေသည်။

ထိုစဉ် ၊ တစ်ဖက်မှ ကွေထျန်းဇီက ပြုံးကာ ဆိုလိုက်သည်။

“ ဒီလူက ကမ္ဘာ့ဘုံသီးသန့်ခန်းကိုတောင် သွားနိုင်တာ ၊ အဲ့တာကို ကြည့်တာနဲ့ ဒီလူရဲ့ သရုပ်မှန်က မရိုးရှင်းဘူးဆိုတာ သိနိုင်တယ်”

“ တကယ်လို့ မင်း ဘေးဒုက္ခကို လက်ယက်ခေါ်ခဲ့ရင် ၊ မင်း ဘိုးဘေးကို ဖြေရှင်းချက်ပေးရလိမ့်မယ် “

“ ဒီလူက နတ်ဘုရားအချုပ်ထောင် နန်းတော်ကို စော်ကားနေတာ ၊ ဒီတိုင်းထားလိုက်ရမှာလား?”

မင်ထျန်းဇီက ဒေါသတကြီးဖြင့် ဆိုလိုက်သည်။

သူ စူးချန်ကဲရဲ့ ရည်ရွယ်ချက်ကို မသိဘဲနေမလား?

အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁၀ ဘီလီယံသည် သူထုတ်ထားသော ပမာဏအတိုင်းပင် ဖြစ်သည်။

နောက်ဆုံးအနေဖြင်၊ သူသည် ခုနစ်ကြိမ်ကွေ့ နတ်ဆေးလုံးကို ထုတ်ကာ သူ့ရဲ့ နတ်ဘုရားအချုပ်ထောင် နန်းတော်ကို လုံးဝ ဖိနှိပ်ပစ်ခဲ့သည်။

ဒါ သူတို့ နတ်ဘုရားအချုပ်ထောင် နန်းတော်ကို တမင်သက်သက် စော်ကားနေတာပဲ!

ထပ်ခါထပ်ခါ အရှက်ခွဲခံရခြင်းသည် ကိုယ့်ကိုယ်ကို အထင်ကြီးလေးစားတတ်သော မင်ထျန်းဇီအဖို့ သည်းမခံနိုင်သော အရာတစ်ခုပင် ဖြစ်သည်။

“ဟားဟား...”

ကွေထျန်းဇီသည် လက်ဖက်ရည်ခွက်ကို ကောက်ယူကာ တစ်ငုံသောက်လိုက်သည်။

“အခုအချိန်မှာတော့ တခြားနည်းလမ်း မရှိဘူး ၊ ငွေရေးကြေးရေးမှာ ငါတို့ အဲဒီလူကို မယှဉ်နိုင်ဘူး “

“ပြီးတော့ ဒီရှေးဟောင်းနည်းလမ်းစဉ် စာအုပ်က ငါတို့ နတ်ဘုရားအချုပ်ထောင် နန်းတော်အတွက် အရေးကြီးတယ် ၊ တဖက်လူက ဒါကို စိတ်ဝင်စားနေတယ် ဆိုတာ သေချာမှတော့ ငါတို့လည်း စွန့်စားရုံပေါ့ “

ကွေထျန်းဇီ၏ စကားကို ကြားလိုက်ရသည်နှင့် မင်ထျန်းဇီတစ်ယောက် မျက်မှောင်ကြုတ်သွားသည်။

“ မဟုတ်မှလွဲရော မင်း....”

လခြမ်းသဏ္ဍာန်ရှိ ကွေထျန်းဇီ၏ မျက်ဝန်းအစုံသည် သူ၏ အရည်အချင်းများကို ထုတ်ဖော်ပြသသွားခဲ့သည်။

“ ဒီစာအုပ်က ငါတို့ နတ်ဘုရားအချုပ်ထောင် နန်းတော်ရဲ့ နောက်ဆုံး အခွင့်အရေးပဲ ၊ တကယ်လို့ ဒီအခွင့်အရေးကို ချွတ်ချော်သွားရင် ၊ ငါတို့ ဘယ်တော့မှ ပြန်ထနိုင်မှာ မဟုတ်ဘူး...”

…….

အဆုံးသတ်မှာ လူတိုင်းမျှော်လင့်ထားသလိုပင်။

မည်သူမှ ထပ်မံ ဈေးမခေါ်နိုင်ခဲ့ပေ ။

ဤရှေးဟောင်းနည်းလမ်းစဉ် စာအုပ်၏ နောက်ဆုံး အရောင်းအ၀ယ် စျေးနှုန်းမှာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁၀ ဘီလီယံ နှင့် ခုနှစ်ကြိမ်ကွေ့ နတ်ဆေးလုံးပင် ဖြစ်သည်။

ဤလေလံပွဲ၏အဆုံးသတ်သည် လူတိုင်းကို အနည်းငယ် ဝမ်းနည်းစေခဲ့သည်။

ဤလေလံ ကိုးကြိမ်တွင်၊ ပြသခဲ့သော ပစ္စည်းမှန်သမျှ လူတစ်ယောက်တည်းကပဲ သိမ်းပိုက်သွားခဲ့သည်။

ဤသည်မှာ လေလံပွဲရုံ တည်ထောင်ပြီးကတည်းကစ တစ်ခါမှ မဖြစ်ဖူးသေးသော ဖြစ်ရပ်တစ်ခုပင် ဖြစ်သည်။

“လူကြီးမင်း... ဒါတွေက လူကြီးမင်း လေလံနိုင်ခဲ့တဲ့ ပစ္စည်းတွေပါ ၊ ပစ္စည်းတွေ အကုန်လုံး ဒီအာကာသ အိတ်ထဲမှာ ရှိပါတယ် ၊ ကျေးဇူးပြုပြီး စစ်ဆေးကြည့်ပါဦး “

ကျင်းသယ်ဖာသည် ရိုသေလေးစားသော အမူအကျင့်ဖြင့် အိတ်ကို ကိုင်ထားသည်။ပုံမှန်အားဖြင့် ဤအရာများကို အစေခံမိန်းကလေးများက လက်ဆင့်ကမ်းပေးသည်။

ဤတစ်ကြိမ်တွင်မူ ၊ စူးချန်ကဲအပေါ် ထားရှိသည့် အရိုးဖြူ လေလံအိမ်၏ လေးစားမှုကို ပြသရန်အတွက် လွှဲပြောင်းပေးသူအဖြစ် ကျင်းသယ်ဖာကိုယ်တိုင် ဆောင်ရွက်ခဲ့သည်။

စူးချန်ကဲ၏ ချမ်းသာကြွယ်ဝမှုသည် နှစ်သောင်းချီကြာ ဘဏ်ဥက္ကဌဖြစ်ခဲ့သည့် သူ့ကို အံ့ဩလို့ မဆုံးနိုင်သည့်အထိ ဖြစ်သွားစေသည်။

“ သခင်လေး ၊ စစ်ဆေးပြီးပြီ အကုန်လုံး ရှိတယ်”

ထန်ဝူအာက ဆိုလိုက်သည်။

စူးချန်ကဲက အသာလေး ခေါင်းညိမ့်လိုက်ရင်း။

“ ကောင်းပြီ ၊ ကိစ္စကပြီးပြီ ဆိုတော့ ငါတို့လည်း ထွက်ခွာကြစို့ “

သူသည် နတ်ဘုရားအချုပ်ထောင် နန်းတော်၏ အစီအစဉ်များကို နှောင့်ယှက်ရန် ဤနေရာသို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။ထိုရှေးဟောင်းနည်းလမ်းစဉ် စာအုပ်နှင့် ပတ်သတ်၍ သူ အကြမ်းဖျင်း နားလည်ထားသည်။၎င်းသည် အလွန် ကြမ်းတမ်းသော နည်းလမ်းတစ်ခုပင် ဖြစ်သည်။

၎င်းကြောင့် ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများမှာ အရိုးပင်လယ် မှော်ပုလွေ နှင့် လုံးဝ မယှဉ်နိုင်လောက်အောင် ကြီးမားပေသည်။

“ လူကြီးမင်း ...မျိုးနွယ်စုကို ပြန်တော့မလို့လား? ကျွန်တော်တို့ လေလံပွဲရုံမှာ ရှေးခေတ် နေရာရွေ့ပြောင်းခြင်း မှော်အစီအရင် ဖွဲ့စည်းပုံ တစ်ခု ရှိတယ် “

ကျင်းသယ်ဖာက ‌ဆိုလိုက်သည်။

“ လူကြီးမင်းကို အခြားနေရာကို လုံခြုံစိတ်ချစွာ ပို့ဆောင်ပေးနိုင်ပါတယ် ၊ မရဏဂိတ်ပေါက်ဆိုလည်း ရပါတယ်”

“ လူကြီးမင်းမှာ အဖိုးတန်ပစ္စည်းအများကြီး ရှိနေတော့ ၊ ဒီတိုင်း ထွက်သွားရင် ကျွန်တော်စိုးရိမ်မိတာက....”

“ မလိုဘူး ၊ ပုပ်သိုးနေတဲ့ ငါးတသိုက်အတွက်နဲ့ စကားထဲ ထည့်ပြောနေဖို့ မလိုဘူး”

စူးချန်ကဲသည် ကျင်းသယ်ဖာ၏ စေတနာကောင်းကို တိုက်ရိုက် ငြင်းပယ်ခဲ့သည်။

သူ့အမြင်အရ ၊ နတ်ဘုရားအချုပ်ထောင် နန်းတော်မှ ပေးခဲ့သော တန်ကြေးမှာလည်း အတော်လေး များပေသည်။ တစ်နည်းအားဖြင့် ဆိုရသော် ၊ ၎င်းတို့သည် အနိုင်ယူရန် ကြံရွယ်ထားကြောင်း ထင်ရှားပေသည်။

တဖက်လူသည် လွယ်လွယ်နဲ့ အရှုံးပေးမည် မဟုတ်မှန်း သိသာပေသည်။ လမ်းတဝက်ဖြတ်ခုတ်ပြီး သူ့ဆီကနေတောင် လုယူသွားနိုင်သည်။

“ ဒါပေမဲ့လည်း အဲ့တာကိုက ငါလိုချင်နေတဲ့အရာပဲ၊ ဒီငါးကြီးတွေကိုသာ မဖမ်းနိုင်ရင် ဒီတစ်ခေါက် ငါ့ကြိုးစားမှုတွေ အချည်းနှီး ဖြစ်သွားမှာကို စိုးရိမ်မိတယ်”

…..

ကျင်းသယ်ဖာသည် စူးချန်ကဲအား အရိုးဖြူ လေလံပွဲရုံ၏ ကျောက်စိမ်းနက် ကတ်တစ်ခုကို ပေးအပ်ခဲ့သည်။

၎င်းသည် အရိုးဖြူ လေလံပွဲရုံတွင် စူးချန်ကဲ၏ အဆင့်အတန်းကို ကိုယ်စားပြုသည်။

စူးချန်ကဲတို့ မထွက်ခွာမီ ၊ ကျင့်ကြံသူ တော်တော်များများကလည်း စူးချန်ကဲနှင့် မိတ်ဆွေဖွဲ့ရန် ကြိုးစားကြသည် ။

၎င်းတို့ထဲတွင် ကြီးမားသော အင်အားစုများ၏ အမွေဆက်ခံသူ အများအပြား ရှိသော်လည်း ၊ သို့သော် စူးချန်ကဲသည် ၎င်းတို့အားလုံးကို ငြင်းပယ်ခဲ့သည်။

သူကိုယ်တိုင်က မရဏပြည်သား မဟုတ်သောကြောင့် ထိုလူများနှင့် မိတ်ဖွဲ့ခြင်းသည် သူ့အတွက်တော့ သိပ်အသုံးမဝင်ပေ။

စူးချန်ကဲတို့ နှစ်ယောက် အဆုံးမဲ့ အရိုးဖြူ ပင်လယ်ဆီသို့ ခရီးထွက်ဖို့ ပြင်ဆင်နေချိန်မှာပဲ၊

စူးချန်ကဲ၏ ရှေ့သို့ အနီရောင် ပိတ်ပါးစ ဘရိုကိတ် ၀တ်စုံကို ၀တ်ဆင်ထားသော အမျိုးသမီး တစ်ဦး ရောက်ချလာခဲ့သည်။

သူမသည် ရွှယ့်လျန်သာပင်။ သို့သော် ယခုချိန်တွင် သူမသည် အဝတ်အစားများကို လဲလှယ်ဝတ်ဆင်ထားပြီး ဖြစ်သည်။

မြသွေးနီရောင် အပေါ်ဝတ် နှင့် ပြန့်ကျဲနေသော ပန်းပွင့်များနှင့်အတူ ရေမှုန်ရေမွှားလေးများ ပေါင်းစပ်ထားသော ချည်စကတ်ကို ဝတ်ဆင်ထားသည်မှာ သေးသွယ်လှပသော အလှကို ဖော်ကျူးပေးနေပြီး ၊ နူးညံ့သိမ်မွေ့သော သူမ၏ ဖရဲစေ့မျက်နှာလေးသည် နတ်မိမယ်တစ်ပါး၏ အငွေ့အသက်ကို ပေးစွမ်းနေသည်။

သူမ ပတ်ဝန်းကျင်က ကျင့်ကြံသူ မည်သူမဆို လှည့်ကြည့်ရသည့်အထိ ဖြစ်စေသည်။

“ မိတ်ဆွေလေး ၊ ရွယ့်လျန် အရင်တစ်ခေါက်က အဖြစ်အပျက်အတွက် တောင်းပန်ဖို့ အထူးလာရောက်ခဲ့တာပါ”

ရွှယ့်လျန်သည် ခန္ဓာကိုယ်ကို အနည်းငယ် ညွှတ်ကာ စူးချန်ကဲကို လေးလေးနက်နက် တောင်းပန်လိုက်သည်။

စူးချန်ကဲ မျက်ခုံးပင့်မိသည်။အဘယ့်ကြောင့်ဆိုသော် ရွယ့်လျန်သည် ယခင်က အစောင့်အကြပ်များ အားလုံးကို ဖယ်ရှားကာ အစားထိုးထားခဲ့သောကြောင့် ဖြစ်သည်။

“ စိတ်ဝင်စားဖို့ကောင်းတယ် ၊ ငါ့ကို သူ့ရဲ့ ကြင်နာမှုကို ထပ်ပြသဖို့ လုပ်နေတာပဲ “

စူးချန်ကဲသည် ဤအချိန်အတောအတွင်း ရွယ့်လျန်၏ နောက်ခံကို သိရှိခဲ့သည်။သူမသည် အဆုံးမဲ့ နတ်ဆိုးဂူ အရှင်သခင်၏ သမီးဖြစ်ပြီး ၊ မဟာ သူတော်စင်အရှင် အထွတ်အထိပ်အဆင့် ထိ ရောက်ရှိပြီးသူတစ်ဦး ဖြစ်သည်။

အဆုံးမဲ့ နတ်ဆိုးဂူ၏ ပါရမီရှင် အလှဆုံးမိန်းကလေး တစ်ဦးအဖြစ် လူသိများသည်။

တစ်ဖက်သား၏ ရေစီးကမ်းပြို စေတနာများကို မြင်နေရသည်မှာ စူးချန်ကဲ တစ်ယောက် အတော်လေး ရယ်ချင်သွားသည် ။

အဘယ်ကြောင့်ဆိုသော် အဆုံးမဲ့ နတ်ဆိုးဂူသည် ယခင် “စူးဝေ” ကို တချိန်လုံး လိုက်ရှာနေခဲ့ပြီး ၊ သူ့ကိုယ်ပေါ်မှ ဓားသေတ္တာကိုးလက်ကို လုယူရန် ချောင်းနေခဲ့သောကြောင့်ပင်။

အဖေဖြစ်သူသည် သူ့ရဲ့ ပစ္စည်းကို လုယူရန်ချောင်းနေပြီး ၊ သမီးဖြစ်သူမှာ သူနဲ့ ဆက်ဆံရေးကောင်းအောင် ကြိုးပမ်းနေပြန်သည် ။ ဤသမီး အဖနှစ်ယောက်၏ လုပ်ရပ်သည် စူးချန်ကဲကို ကူကယ်ရာမဲ့စေသည်။

ရွှယ့်လျန်က ဆက်ဆိုသည်။

“အရင်က ဖြစ်ခဲ့တာတွေကို ကျွန်မ လွှတ်မချနိုင်သေးဘူး ၊ ဒါ့ကြောင့် အိမ်ရှင်ကောင်းတစ်ယောက် ဖြစ်ဖို့ ကျေးဇူးပြုပြီး ကျွန်မရဲ့ ကြင်နာမှုကို ပြသခွင့်ပေးလို့ရနိုင်မလား?”

ရွှယ့်လျန်၏ အသံသည် အလွန်ကို နူးညံ့ပေသည်။ သူမ၏ နက်မှောင်သော မျက်တောင်လေးများကို ပုတ်ခတ်လိုက်ချိန်တွင် ဆောင်းဦးရေအလား ထင်မှတ်ရသည့် သူမ၏ လှပသော မျက်ဝန်းအစုံကို လှိုင်းဂယက်လေးများ ထသွားစေသည်။

မျှော်လင့်နေသော ပုံစံလေးဖြင့် ၊ အထူးသဖြင့် ချစ်စရာကောင်းသော အသွင်အပြင်တို့သည် လူကို ငြင်းရခက်စေသည်။

သို့သော် စူးချန်ကဲအတွက် ဤလှည့်ကွက်မှာ အလုပ်မဖြစ်ပေ။

“ ရွှယ့်လျန်သခင်မလေး ၊အရင်က ဖြစ်ပျက်ခဲ့တာတွေကို ကျုပ် စိတ်ထဲမထားပါဘူး”

စူးချန်ကဲက ပြန်ဖြေသည်။

“ထပ်ပြီး ကိစ္စမရှိတော့ရင် ၊ ဒါဆို ခွင့်ပြုပါဦး “

မိမိ၏ စေတနာကို ပုံစံမျိုးစုံ ထုတ်ဖော်ပြသခဲ့သော ရွှယ့်လျန်သခင်မလေးခမျာ နေရာတွင် အတိုင်းသား ကျန်ရစ်နေခဲ့သည်။

သူမသည် ထွက်ခွာသွားပြီဖြစ်သော စူးချန်ကဲ၏ နောက်ကျောကို ငေးကြည့်နေမိသည်။

“ငါ....အငြင်းခံလိုက်ရတာလား ?”

အပိုင်း(၂၆၁): ရွှယ့်လျန်၏ သဘောထား ၊ မုန်တိုင်းစတော့မည်

ရွှယ့်လျန်သခင်မလေးခမျာ ပို၍ မယုံကြည်နိုင် ဖြစ်နေမိသည် ။

သူမ တစ်ယောက်တည်းတင်မက ကြည့်နေကြသော အချို့သော ကျင့်ကြံသူများပင်လျှင် ထိတ်လန့်သွားပုံရပေသည်။

“ဒီကောင်လေးက ဘယ်သူလဲ ? ရွယ့်လျန်သခင်မလေးရဲ့ ဖိတ်ကြားမှုကိုတောင် ငြင်းပယ်ရဲတယ်?”

“ ငါအထင်တော့ ဒီကောင်က အမြင်မရှိတဲ့ကောင်ပဲ ၊ ရွှယ့်လျန်သခင်မလေးက ထိပ်တန်းအင်အားစုဖြစ်တဲ့ အဆုံးမဲ့နတ်ဆိုးဂူက သခင်မလေးလေ ၊ ပြီးတော့ သူမက ငါတို့ မရဏကမ္ဘာမှာ ကျော်ကြားတဲ့ အလှတရား လေးပါးထဲက တစ်ခုလေ “

“ဒီကောင် အရမ်းကို မိုက်မဲတာပဲ ၊ ဒီလောက်ကောင်းတဲ့ အခွင့်အရေးကိုလေ !”

“ စောနက ဒီကောင် လေလံပွဲရုံကနေ ထွက်လာတာကို မြင်လိုက်တယ်၊ ကြည့်ရတာ ကမ္ဘာ့ဘုံသီးသန့်ခန်းထဲမှာရှိနေတဲ့ ပုဂ္ဂိုလ်ရဲ့ ကြွယ်ဝချမ်းသာမှုကိုမြင်ပြီး အ သွားတာလား မသိဘူး ၊ အဲ့တာကြောင့် ရွယ့်လျန်သခင်မလေးကို မျက်စိမကျတာများလား? “

“…..”

ပတ်ဝန်းကျင်တွင် ဆွေးနွေးသံများ ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သည် ။

ဒဏ္ဍာရီအရ၊ မရဏကမ္ဘာတွင် မယုံနိုင်စရာကောင်းသော အရာလေးခုရှိသည်။

ထိုနည်းအတူ ၊ အလှတရားတွေထဲမှာလည်း ကြီးကျယ်ခမ်းနားသော အလှတရားလေးပါး ရှိပေသည်။

ရွှယ့်လျန်သခင်မလေးကို မရဏလောကသားများက သွေးကြာပန်း(ရွှယ့်လျန်)အလှလေးဟု ခေါ်ဆိုကြသည်။ ထို့အပြင် သူမ၏ အရည်အချင်းနှင့် နောက်ခံသည် အလွန်ထူးခြားသည်။ထို့ကြောင့် ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် သူမသည် ကြွယ်ဝချမ်းသာ လှပတင့်တယ်သည့် နတ်မိမယ်တစ်ပါးပင် ဖြစ်သည်။

ရွှယ့်လျန်သခင်မ‌လေး၏ မျက်နှာသာပေးခံရလောက်အောင် ကံကောင်းပါက၊ ဒါဆို သူတို့၏ ဘဝကြီးသည် ကြီးကျယ်သော အောင်မြင်မှုကို ရရှိပြီ ဟု ဆိုရပေမည်။

ရွယ့်လျန်သည်လည်း ထိုနည်းတူစွာပင်။

သူမ၏အမြင်ထဲကနေ ပျောက်ကွယ်သွားပြီ ဖြစ်သော စူးချန်ကဲကိုကြည့်ရင်း ၊

“ ငါ ငယ်ငယ်ကတည်းကနေ ခုချိန်ထိ..ဘယ်သူမှ ငါ့ကို မငြင်းဆန်နိုင်ဘူး..”

ဤအခိုက်အတန့်တွင် ၊ သူမ၏ နှလုံးခုန်နှုန်းမှာ နားမလည်နိုင်စွာ အရှိန်မြှင့်တတ်လာသည်။

ယောက်ျားအားလုံးနီးပါး သူမ၏ အလှကို မြင်ပြီးသည်နှင့် ၊ သူမ၏ စကပ်အောက်တွင် ခစားရန် ဆန္ဒရှိကြသည်။

ယခု သူမဘက်မှ စ၍ လှုပ်ရှားခဲ့ပါသော်လည်း တိုက်ရိုက် ငြင်းခံလိုက်ရသတဲ့လား?

“ဟူး....”

ရွှယ့်လျန်သခင်မလေး၏ နိမ့်ချေ မြင့်ချေ ဖြစ်နေသော ကြီးမားသော တောင်ထွပ်ကြီးနှစ်လုံးမှာ ပြိုကျလုနီးပါး ဖြစ်နေသောကြောင့် သူမ၏ ရင်ဘတ်ကို ဖုံးအုပ်ထားရသည်။

ဘယ်အချိန်ကမှန်းမသိ သူမ၏ မျက်နှာလေးမှာ နီမြန်းနေခဲ့သည်။

သူမ၏ အသက်ရှုသံများပင်လျှင် အနည်းငယ်မြန်ဆန်လာပြီး ၊ နဂိုက ဆွဲဆောင်မှုရှိသော သူမ၏ မျက်နှာအသွင်အပြင်သည် နီရဲနေသော အရိပ်အမြွက်များနှင့်အတူ ပို၍ပင် ဆွဲဆောင်မှုရှိလာသည်။

“ဒါ ငြင်းခံလိုက်ရတဲ့ ခံစားချက်လား..?”

အချိန်အနည်းငယ်ကြာပြီးနောက်မှသာလျှင် သူမ ပြန်လည် တုံ့ပြန်လာခဲ့သည်။ထို့နောက်ချက်ချင်းဆိုသလို စူးချန်ကဲ နောက်သို့ သူမ၏ လက်အောက်ငယ်သားများနှင့်အတူ ပြေးလိုက်သွားခဲ့သည် ။

ပါးစပ်ကလည်း အော်ခေါ်နေလေ၏ ။

“ မိတ်ဆွေလေး မလောနဲ့လေ ! ရှင် ထပ်ပြီး စဉ်းစားပါဦးလား ~”

သူမ အတော်လေး ထူးဆန်းသွားသည်။ တဖက်လူ ထွက်သွားသည်မှာ အချိန်အားဖြင့် မကြာသေးသော်လည်း အရိပ်ကိုပင် မတွေ့ရတော့ချေ။

ယင်းကြောင့် ရွှယ့်လျန်သည် အနည်းငယ် စိုးရိမ်သွားကာ သူမ ဘေးနားက လက်အောက်ငယ်သားများကို အလျင်အမြန် အမိန့်ပေးလိုက်သည်။

“ မင်းတို့လူခွဲပြီးရှာကြ ! သူကို သေချာပေါက်ရအောင်ရှာခဲ့ !”

သူမ၏ ပုံစံကြောင့် လက်အောက်ငယ်သားများအားလုံး အနည်းငယ် ကြောင်အမ်းသွားကြသည်။

သူတို့အားလုံး သူတို့အိမ်က မမလေးရဲ့ ဒေါသကို သိထားသည်။ယခုတွင်မူ ၊ သူတို့ အိမ်က မမလေးသည် တစ်စုံတစ်ယောက်အပေါ် အတော်လေး စိတ်ဝင်စားနေသည့် မြင်ကွင်းကို ပထမဆုံး အကြိမ်အဖြစ် မြင်တွေ့လိုက်ရသည်။

…..

ဤအချိန်တွင် ၊ စူးချန်ကဲတို့နှစ်ဦးသည် အရိုးမြို့တော်မှ ထွက်ခွာလာခဲ့ကြပြီး အဆုံးမဲ့ အရိုးဖြူ ပင်လယ်ဆီသို့ ဦးတည်ခဲ့ကြသည်။

အရိုးမြိုတော်၏ အဖြစ်အပျက်များအားလုံးကို သူသိထားပြီး ဖြစ်သည် ။

ရွှယ့်လျန်သခင်မလေးသည် သူ့ကို အရူးအမူးလိုက်ရှာနေသည် ။

ပထမအချိန်တုန်းက လော့ရန်ယွီသည် သူ့မည်သူမည်ဝါဖြစ်သည်ကို တချိန်လုံးစုံစမ်းနေခဲ့သည်။ ယခုတွင်မူ ၊ နောက်တယောက် ထပ်တိုးလာခဲ့ပြန်သည်။

“သခင်လေး...ကျွန်မတို့ စောင့်ကြည့်တာ ခံနေရသလိုပဲ...”

စူးချန်ကဲ၏ ဘေးနားတွင် ရှိနေသော ထန်ဝူအာက တိုးတိုးလေး ဆိုလိုက်သည် ။

“ ငါ သိတယ်”

စူးချန်ကဲသည် အသာလေး ခေါင်းညိတ်လိုက်ပြီး ဘာမှဆက်မပြောခဲ့ပေ။

မြို့ထဲကနေ ထွက်လာတဲ့အချိန်ကစ ထူးဆန်းသော အငွေ့အသက်တချို့ကို သူ ခံစားခဲ့မိသည်။

သို့သော် ထိုအရာသည် သူ လိုချင်သော အရာပင် ဖြစ်သည်။

“ မြွေကိုတွင်းထဲကနေ ထွက်လာအောင် လုပ်ပြီးတာနဲ့ သတ်ဖို့ အချိန်တန်ပြီပဲ”

…..

တစ်ချိန်တည်းမှာပင် ၊

အမှောင်ဖုံးနေသော နယ်မြေတစ်ခုတွင် ၊

မှောင်မည်းနေသော တောင်တန်းကြီးတစ်ခုသည် အမှောင်ထုထဲတွင် ခံ့ညားစွာဖြင့် တည်ရှိနေသည်။

လူကို ပို၍ ကြောက်စရာကောင်းစေသည်မှာ ထို မှောင်ရိပ်များ သန်းနေသော တောင်တန်းကြီးပေါ်တွင် လျို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက အနက်ရောင် လှိုဏ်ဂူတစ်ခုကို ဖွင့်လှစ်လိုက်သည်။

အဝေးမှ နားထောင်ရုံဖြင့် တစ္ဆေသရဲတို့၏ အော်ဟစ်ငိုယိုသံများကို အဆုံးမရှိ ကြားနေရသည်။

အနက်ရောင် ကျောက်တုံးကြီးဖြင့် ထွင်းထုထားသည့် ကျောက်ကုလားထိုင်ပေါ်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထိုင်နေပြီး ၊ ၎င်း၏ သွေးနီရောင်ဆံပင်များကနေ နီမြန်းသော အလင်းတန်းများ ဖြာထွက်နေသည်။

မရေမတွက်နိုင်သော သွေး အငွေ့အသက်များက သူ့ခန္ဓာကိုယ်တဝိုက် ရစ်ဝဲထားပြီး ရိုက်ခတ်လှုပ်ရှားနေသည်။

“ မင်းဘာပြောတယ်?”

“ စာအုပ်ကို အမည်မသိလူတစ်ယောက်က လေလံနိုင်သွားတယ်?”

“ ဒါတင်မကဘူး ခုနှစ်ကြိမ်ကွေ့ နတ်ဆေးလုံးကိုပါ ထုတ်လာတယ်?”

“ဟုတ်ပါတယ်....”

လျှောက်တင်သူ လက်အောက်ငယ်သားက တုန်တုန်ယင်ယင်ဖြင့် ဆိုလိုက်သည်။

“ကျွန်တော် ကိုယ်တိုင် မြင်ခဲ့တာပါ ...”

လူလတ်ပိုင်းအရွယ် ထိုအထက်လူကြီးမှာ တခြားသူမဟုတ်။ အဆုံးမဲ့ နတ်ဆိုးဂူ၏ အရှင်သခင် ၊ ရွယ့်လျန်သခင်မလေး၏ ဖခင်ဖြစ်သူ ရွှယ့်ရှားထျန်း။

“အဲလူက ဘယ်သူလဲ ၊ မင်းတို့စုံစမ်းပြီးပြီလား?”

ရွှယ့်ရှားထျန်းက အေးစက်စွာဖြင့် ဆက်မေးလိုက်သည်။

“ လုံးဝစုံစမ်းလို့မရပါဘူး...... အရိုးဖြူ လေလံပွဲရုံက သူ့ရဲ့ အထောက်အထားကို ကောင်းကောင်း ဖုံးကွယ်ပေးထားတဲ့အတွက်..နောက်ပြီး လေလံပွဲမှာ ပါဝင်တဲ့သူတွေက အများကြီးရှိလို့... ဘယ်သူလဲဆိုတာ ...”

လက်အောက်ငယ်သားမှာ ခေါင်းကို အတင်းငုံ့ထားပြီး ၊ လုံးဝ မမြှောက်ဝံ့ပေ။

“ အို? မသိဘဲနဲ့ ပြန်လာတယ်ပေါ့?”

ရွှယ့်ရှားထျန်း၏ လေသံမှာ လွန်စွာ အေးစက် နေခဲ့သည်။

ဤစကားတခွန်းသည် လက်အောက်ငယ်သားကို ပူထူသွားစေပြီး ၊ သူသည် အလျင်အမြန် ဖြေရှင်းချက်ပေးရန် ကြိုးစားလိုက်သည်။

“ သခင် !ကျွန်တော် ....”

သို့သော် စကားတောင်မဆုံးလိုက်ခင်မှာပဲ ၊

ဝုန်း——

သွေးနီရောင်အလင်းတန်းတစ်ခု ကျရောက်လာခဲ့ပြီး လူကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်ကာ အမှုန့်ချေပစ်ခဲ့လေသည်။

ထိုလူမှာ တချက်ကလေးမှ မအော်လိုက်ရဘဲ ချက်ချင်းဆိုသလို သွေးအမှုန်အမွှားအဖြစ် ချေမှုန်းခံလိုက်ရသည်။

“ သောက်သုံးမကျတဲ့ဟာ ချန်ထားပြီး ဘာလုပ်မှာလဲ?”

ရွှယ့်ရှားထျန်းသည် ရွဲ့စောင်းသော အမူအယာဖြင့် ဆိုလိုက်သည်။

“ အသုံးမကျတဲ့ နတ်ဘုရားအချုပ်ထောင် နန်းတော် ၊ ငရဲနန်းတော်က ကောင်တွေ အဲလို အသုံးမကျတဲ့ကောင်တွေကို ကွေးယွမ်ရဲ့ လက်ထဲကနေ ဘာလို့ကယ်ခဲ့လဲမသိဘူး”

“ ကြည့်ရတာ အဆုံးမဲ့ အရိုးဖြူပင်လယ်က ငါ့ရဲ့ အဆုံးမဲ့ နတ်ဆိုးဂူနဲ့ ရေစက်မပါတော့ဘူး ထင်တယ် ၊ နတ်ဆိုးကမ္ဘာက ကျုံယုံ(ငရဲကိုးထပ်) နယ်မြေ ဖွင့်လှစ်တဲ့အခါကြရင် ဒါဆို နတ်ဆိုးချောက်နက်က စစ်တုရင်အပိုင်းကို ငါ ရွှေ့ဖို့ လိုအပ်နေပြီပဲ “

သူ့ရဲ့ အဆုံးမဲ့ နတ်ဆိုးဂူသည် မရဏကမ္ဘာမှ နတ်ဆိုးကမ္ဘာရှိ နတ်ဆိုးချောက်နက်ကို ကယ်တင်ရန် အပြေးအလွှား သွားရောက်၍ ကူညီခဲ့ရသည့် အကြောင်းရင်းမှာ ထိုကျုံယုံ(ငရဲကိုးထပ်) နယ်မြေ ကြောင့်ပင် ဖြစ်သည်။

တစ်ချိန်က မရဏပြည် ၊ ကျုံယုံ ( ငရဲကိုးထပ်) နှင့် နတ်ဆိုးမြေတို့သည် တစ်ခုတည်း ဖြစ်သည်။

နောက်ဆုံးတိုက်ပွဲအပြီးတွင် နယ်မြေများ ကွဲသွားကာ ကျုံယုံ( ငရဲကိုးထပ်)နယ်မြေသည် ကို နတ်ဆိုးကမ္ဘာတွင် တိမ်မြှုပ်သွားခဲ့သည်။

ကျုံယုံ(ငရဲကိုးထပ်) တွင်၊ အဆုံးမဲ့ အရိုးဖြူ ပင်လယ်ထက် မပျော့ညံ့သော ကောင်းကင်ဘုံကို အံတုနိုင်သည့် အခွင့်အရေးများ ရှိပေသည်။

သူတို့သည် ကွေးယွမ် လက်ထဲကနေ နတ်ဆိုးချောက်နက်ကို ဒုက္ခခံကယ်တင်ခဲ့သည်မှာ ၎င်းတို့၏ အနာဂတ် အစီအစဉ်များ‌အတွက်သာ ဖြစ်သည်။

“ ဖေဖေ!”

ရွှယ့်ရှားထျန်းတစ်ယောက် အတွေးများနေစဉ်၊

ရွှယ့်လျန်၏ အသံကိုကြားလိုက်ရသည်။

ယင်းက အေးစက်နေခဲ့သော ရွှယ့်ရှားထျန်း၏ မျက်နှာကို ချက်ချင်းလက်ငင်း ပြောင်းလဲသွားစေပြီး ၊သူသည် နူးညံ့သော အပြုံးကို ဆင်ယင်လိုက်သည်။

“ ငါ့ရဲ့ သမီးလိမ္မာလေး ပြန်လာပြီလား ဘယ်လိုလဲ ဒီနေ့ ပျော်ခဲ့လား?”

ရွှယ့်လျန်သခင်မ‌လေးသည် သွေးအိုင်များကို မြင်သည်နှင့် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး ညူစူလိုက်သည်။

“ဖေဖေ!ဘာလို့စိတ်ဆိုးပြန်ပြီတုန်း ?”

ရွှယ့်လျန်က မပျော်ရွှင်သော လေသံဖြင့် ဆိုလိုက်သည်။

“ ဒေါသ မထွက်တော့ဘူးလို့ လျန်အာကို ကတိပေးခဲ့တယ် မဟုတ်လား “

“ ဟွန်း ....”

ရွှယ့်ရှားထျန်းတောင် မရှင်းပြသေးခင် ရွှယ့်လျန်က ထပ်ဆိုလိုက်သည်။

“ ထားလိုက်ပါ ၊ ဒီနေ့တော့ စကားမများတော့ဘူး “

ရွှယ့်လျန်သည် ရွှယ့်ရှားထျန်း၏ ရင်ခွင်ထဲသို့ တိုးဝှေ့လိုက်သည်။

ရွှယ့်ရှားထျန်းက ကြင်နာမှု အပြည့်ဖြင့် ရွှယ့်လျန်၏ ခေါင်းကို နူးညံ့စွာ ပွတ်သပ်ပေးလိုက်သည်။

“ ဖေဖေ ၊ သမီး ဒီနေ့ လေလံပွဲမှာ အရမ်းထူးဆန်းတဲ့ လူတစ်ယောက်ကို တွေ့ခဲ့တယ် ၊ သူက သမီးရဲ့ ဖိတ်ကြားချက်ကို ငြင်းပယ်ရုံတင်မကဘူး ၊ ရှေးဟောင်းနည်းလမ်းစဉ် စာအုပ်ကို ယူသွားတာလည်း သူဖြစ်လိမ့်မယ်လို့ သမီးထင်တယ် “

“ဘာပြောတယ်...?”

ရွှယ့်ရှားထျန်း၏ မျက်လုံးများမှာ ပြူးကျယ်သွားသည်။

“ ရှေးဟောင်းနည်းလမ်းစဉ်စာအုပ်ကိုလား?”

“ သမီးလေး ၊ အဖေ့ကို အသေးစိတ် ပြောပြစမ်း !”

ရွှယ့်ရှားထျန်း၏ အမူအရာမှာ အနည်းငယ် စိတ်လှုပ်ရှားနေပြီး ၊ သူသည် အဆုံးမဲ့ အရိုးဖြူ ပင်လယ်ထဲက အခွင့်အရေးကို အခြားသူများထက် ပိုပြီးမျက်စိကျနေသူဖြစ်သည်။

“ အဖေ စိတ်မရှည်တော့ဘူး၊ လျန်အာ မြန်မြန်ပြောပြတော့လေ”

ရွှယ့်လျန်က ဆက်ဆိုသည်။

“ ဒါပေမယ့် လျန်အာရဲ့ တောင်းဆိုချက်ကို အရင် သဘောတူရမယ်”

“ တောင်းဆိုသမျှ ဖေဖေ လိုက်လျောပေးမယ်”

ရွှယ့်ရှားထျန်းတစ်ယောက် စိတ်မရှည်နိုင်တော့ပေ။

“ သမီး အဲ့ဒီလူကို လိုချင်တယ်....”

သူမ၏ မျက်ဝန်းများမှာ ရွှန်းလဲ့ထောက်ပနေသည်။

“ သမီးရဲ့ ပိုင်ဆိုင်မှုဖြစ်ချင်တယ်”

အပိုင်း(၂၆၂): စာအုပ်ကို ထုတ်ပေးရမယ်?

တခြားတစ်ဖက်တွင် ၊

စူးချန်ကဲတို့သည် စီးတော်ယာဉ် လှေတစ်စင်းနှင့်အတူ အဆုံးမဲ့ အရိုးဖြူပင်လယ်ဆီသို့ ဦိးတည်ကာ ပျံသန်းလာခဲ့ကြသည်။

မရဏကမ္ဘာ၏ ရှုခင်းများသည် လွန်စွာ ဆိတ်သုဉ်းသည်ဟု ဆိုရပေမည်။

သို့သော် ပင်လယ်သေသည် သင်္ချိုင်းမြေနေရာနှင့် ခြားနားသည်။ သင်္ချိုင်းမြေတွင်မူ မရေမတွက်နိုင်သော သေဆုံးဝိညာဉ်များ ကျင်လည်ကျက်စားနေကြသည်။

ဤနေရာသည် အဆုံးမဲ့ အရိုးဖြူ ပင်လယ်နှင့် နီးကပ်နေသောကြောင့်လား မသိ။

နယ်မြေသည် အလွန်ညစ်ညမ်းပြီး ညှီစို့စို့ အနံ့များကို ထုတ်လွှတ်နေသည်။ အထူးသဖြင့် ညစ်ညမ်းသော ဤမြေပေါ်တွင် ပြန့်ကျဲနေသော အရိုးများက ဖော်မဲ့သော အငွေ့အသက်ကို ပေးစွမ်းနေသည်။

ကောင်းကင်ကြီးမှာ မှောင်မိုက်လျက် ၊ မြေပြင်မှာ တိတ်ဆိတ်နေသည်။ အရိုးများက တောင်လို စုပုံနေကာ ပျက်စီးခြောက်ကပ်နေလေ၏။

သို့သော် ထိုအချိန်တွင် မှောင်ရိပ်သန်းနေသော ကောင်းကင်ယံမှ အသံတစ်ခု ထွက်ပေါ်လာသည်။

“ ကြည့်ရတာ ဧည့်သည်တော်က ရှေးဟောင်းနည်းလမ်းစဉ် စာအုပ်ကို ယူသွားတဲ့သူ ထင်တယ် “

ထိုအသံကို ကြားပြီးနောက် ၊ စူးချန်ကဲသည် သူ့အရှိန်နဲ့သူ သွားနေသော စီးတော်ယာဉ် လှေကို ဖြည်းညှင်းစွာ ရပ်တန့်လိုက်သည်။ သို့သော် သူ့မျက်နှာမှာ လုံးဝ မအံ့သြသလို မည်သည့် ခံစားချက်မှ ထုတ်ဖော်ပြသခြင်း မရှိပေ။

သူသည် အသံလားရာဆီသို့ လှည့်ကြည့်လိုက်သည်။

အဆုံးမရှိသော တစ္ဆေရောင်ဝါများဖြင့် ရစ်ဝဲနေသော အာကာသအက်ကြောင်းတစ်ခု ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။

၎င်းအထဲမှ ဝတ်ရုံနက် အမျိုးသားနှစ်ဦး ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။

သူတို့သည် တခြားသူမဟုတ်။ စူးချန်ကဲ ကို အချိန်အတော်ကြာ နောက်ယောင်ခံလိုက်နေခဲ့သည့် မင်ထျန်းဇီ နှင့် ကွေထျန်းဇီ တို့ပင် ဖြစ်သည်။

အထူးသဖြင့် မင်ထျန်းဇီသည် စူးချန်ကဲ ကို မြင်သည်နှင့် သူ့မျက်နှာမှာ ပို၍ အေးစက်လာသည်။

သူ့ကို ထပ်ခါထပ်ခါ အရှက်ရစေခဲ့တာ ဒီကောင်စုတ်လေးလေ !!

နောက်ဆုံးတော့ သူ မြင်လိုက်ရသည်မှာ သူနှင့် သက်တူရွယ်တူ အရွယ်သာ ရှိသေးသည့် ကောင်တစ်ကောင်ကိုပင်။

ဘေးနားက ကွေထျန်းဇီမှာမူ ၊ စူးချန်ကဲအား တစ်ကိုယ်လုံး အကဲခတ်ကြည့်ရှုနေသည်။

သူ၏ မျက်ဝန်းအစုံသည် အနည်းငယ် ကျုံသွားပြီး ၊ ရှုပ်ထွေးမှုတချို့ ရှိနေသည်။

“ ထိပ်တန်း သူတော်စင်အရှင် နယ်ပယ်အဆင့် ....သူ့ဘေးနားက နောက်လိုက်မိန်းကလေးကလည်း သာ့နိမ်(အနန္တစွမ်းအားရှင် ) အထွပ်အထိပ်အဆင့်...”

ကွေထျန်းဇီတစ်ယောက် တွေးတောနေမိသည်။

“ ဒီလိုလူက ဘယ်လိုလုပ် ဒီလောက်ထိ ချမ်းသာနိုင်တာလဲ? မဟုတ်မှလွဲရော ဒီကောင်ဖုံးကွယ်ထားတာများ ရှိနေမလား?

သို့သော် စူးချန်ကဲသည် ၎င်းတို့နှစ်ဦးကို မြင်သည်နှင့် ရက်ရောစွာ ဝန်ခံလေသည်။

“ ဟုတ်တယ် ရှေးဟောင်းနည်းလမ်းစဉ် စာအုပ်ကို ယူခဲ့တာကျုပ်ပဲ ၊ မဟုတ်မှလွဲရော ခင်ဗျားတို့က လုယူမလို့လား?”

“ဟားးဟားး!”

မင်ထျန်းဇီက ကောင်းကင်ကို မော့ကြည့်ကာ ရယ်လေသည်။

“ ကောင်စုတ်လေး ၊ ထိပ်တန်း သူတော်စင်အရှင် အဆင့်လောက်နဲ့ ယုံကြည်ချက် ပြင်းထန်လှချည်လား”

“ မင်းဒီနေရာကို အရိုးဖြူလေလံပွဲရုံလို့ ထင်နေလား ၊ ငွေရှိရုံနဲ့ ရမယ် ထင်နေလား”

မင်ထျန်းဇီက ရွဲ့စောင်းကြည့်လိုက်သည်။ သူ မှန်းဆထားသည့်အတိုင်း ၊ သူ့ မျက်စိရှေ့ကအကောင်သည် စည်းစိမ်ဉစ္စာချမ်းသာသော်လည်း ကျင့်ကြံခြင်းတွင် ပါရမီမရှိသောအမှိုက်တစ်ကောင်သာ ဖြစ်သည်။

သို့သော် တစ်ချိန်တည်းမှာပင် ထိုအရာက သူ့ကို ပို၍ ဒေါသထွက်စေသည်။အစကနေ အဆုံးထိ သူသည် ဒီလိုအရှုံးသမား၏ ကစားခြင်းကို နှစ်ကြိမ်တိုင်တိုင် ခံလိုက်ရသည် မဟုတ်လော။

ထိုအချိန်တွင် သူ့မျက်လုံးများသည် စူးချန်ကဲ၏ ဘေးနားတွင် ရှိနေသော ထန်ဝူအာ ကို သတိထားမိသွားသည်။

သူ၏ မျက်လုံးများမှာ အရောင်တောက်နေလေ၏။ အကြာင်းမှာ ၎င်းသည် ထန်ဝူအာ၏ အလှကြောင့် အံ့အားသင့်နေခြင်း မဟုတ်ဘဲ သူမသည် ပတ်ဝန်းကျင်တွင် ရှိနေသော တစ္စေစွမ်းအင်များကို စုပ်ယူနိုင်စွမ်းရှိသောကြောင့်ပင် ဖြစ်သည်။

“ မဟုတ်မှလွဲရော ဒီမိန်းကလေးမှာ ထူးခြားတဲ့ ကိုယ်ထည်မျိုး ရှိနေလို့လား...?”

ထိုအချက်ကို တွေးမိရင်း၊ သူ့ မျက်လုံးထဲက ရမ္မက်မီးများမှာ ပို၍တောက်လောင်လာသည်။

“ ငါမင်းကို အခွင့်ရေးပေးလိုက်မယ် ၊ စာအုပ်ကို ထုတ်‌ပေး ပြီးတော့ အဲ့မိန်းကလေးကိုရော ၊ဒါဆိုငါ သခင်လေးက မင်းကို အသက်ချမ်းသာပေးမယ် “

မင်ထျန်းဇီသည် ကြောက်မက်ဖွယ်ရာကောင်းသော ရောင်ဝါများကို ထုတ်လွှတ်လိုက်သည်။ သူ၏ ကျင့်ကြံအဆင့်မှာ မဟာ သူတော်စင်အရှင် နှောင်းပိုင်းအဆင့်ပင် ဖြစ်သည်။

သို့သော် ကွေထျန်းဇီသည် ၎င်း၏ လုပ်ရပ်ကို ဝင်မတားခဲ့ပေ။ စူးချန်ကဲသည် သူအား ထူးဆန်းသည့် ခံစားချက်ကို ပေးစွမ်းနေခဲ့သော်လည်း ၊ သို့‌သော် ထိုအရာကို သူ မမှန်းဆနိုင်ပေ။

သူ့အကြောင်း ပို၍ နားလည်နိုင်ရန် လက်တစ်ဖက် ငှားသုံးရပေတော့မည်။

တို့အပြင် သူတို့နှစ်ဦးစလုံးသည် မဟာ သူတော်စင်အရှင်များ ဖြစ်ကြသောကြောင့် ဘာကြောက်စရာရှိမည်နည်း။

“ မသေခင် ငါအတည်ပြုချင်တဲ့ ကိစ္စတစ်ခုရှိတယ် ၊ မင်းတို့က တကယ်ပဲ နတ်ဘုရားအချုပ်ထောင် နန်းတော်ကလား?”

စူးချန်ကဲက ပြုံးပြံးလေး မေးလိုက်သည်။

ဤနှစ်ကောင်စလုံးသည် သူ့အတွက် အကောင်ပေါက်အရွယ်များသာ ဖြစ်‌နေမည်‌ဆိုပါက ၊ သူ ဒီလောက်ထိအားထုတ်ထားတာ အလကား မဖြစ်ပေဘူးလား။

ထိုမေးခွန်းကို ကြားတော့ မင်ထျန်းဇီက ရယ်လေသည်။

“ မင်းသေချာနားထောင် ၊ ငါက နတ်ဘုရားအချုပ်ထောင် နန်းတော်က မင်ထျန်းဇီပဲ!”

“ မင်ထျန်းဇီ?”

နတ်ဘုရားအချုပ်ထောင် နန်းတော်တွင် ကောင်းကင်သားတော်လေး(ထျန်းဇီ) သုံးပါး ရှိကြောင်း စူးချန်ကဲ သတိရမိသွားသည်။ ယင်ထျန်းဇီ မှာ သူ့လက်ချက်ဖြင့် သေဆုံးခဲ့ပြီး ဖြစ်သောကြောင့် ဤလူသည် မင်ထျန်းဇီ ဆိုပါက တခြားတစ်ယောက်သည် သေချာပေါက် ကွေထျန်းဇီ ဖြစ်ရပေမည်။

“ ဒီလိုဆိုတော့လည်း ကံမကောင်းဘူးပဲ”

ထိုစကားများကို ထုတ်ပြောပြီးသည်နှင့် ၊ စူးချန်ကဲ နှုတ်ခမ်းပေါ်က အပြုံးများသည် လုံးဝ ပျောက်ကွယ်သွားပြီး ၊ ထို့အစား သူ့မျက်လုံးထဲက စူးရှသော အရိပ်အယောင်များသာ ကျန်ရှိနေခဲ့သည်။

တုနှိုင်းမဲ့ အလင်းရောင်များသည် သူ၏ လက်ထဲတွင် စုဝေးလာခဲ့ပြီး ၊ လက်သီး ဆုပ်ကာ မင်ထျန်းဇီအား အပြင်းအထန် ထိုးနှက်လိုက်သည်။

“ မကောင်းတော့ဘူး!”

မင်ထျန်းဇီ၏ အမူအယာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ စူးချန်ကဲ၏ ပေါ့ပေါ့ပါးပါး လက်သီးချက်သည် သူတော်စင်အရှင် အဆင့်ထက် ကျော်လွန်နေခဲ့သည်။

သို့သော် သူ၏ တုံ့ပြန်မှုမှာလည်း မနှေးကွေးခဲ့ပေ။ ချက်ခြင်းဆိုသလိုပင် သူ၏ ခွန်အားများကို အစွမ်းကုန် စုစည်းလိုက်သည်နှင့် တစ္စေစွမ်းအင်များ စုရုံးကာ ရောက်ရှိလာကြသည်။

တစ္စေစွမ်းအင်များက တသိမ့်သိမ့် ရိုက်ခတ်ကာ လှုပ်ရှား ထကြွလာသည်နှင့်အမျှ ၊ဟင်းလင်းပြင် အထက် လေဖိအားနည်းရပ်ဝန်းမှ အနက်ရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာခဲ့သည်။

ဘုန်း!!

မူလက မှောင်မိုက်နေသော လေထုသည် ရုတ်ချည်း ကျဆင်းလာခဲ့ပြီး ၊

လေထု ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပေါ်ခဲ့လေရာ ၊ ဤနေရာတစ်ခုလုံး ချက်ချင်း လင်းထိန်သွားခဲ့သည်။

လေထုပေါက်ကွဲမှု၏ ရိုက်ခတ်ဒဏ်ကို မင်ထျန်းဇီသည် လျင်မြန်စွာဖြင့် တုံ့ပြန်ခဲ့နိုင်သည်။

“ ကောင်စုတ်လေး ၊ မင်းရဲ့ အစွမ်းအစ​တွေကို ဖုံးကွယ်​ထားရုံတင်မကဘူး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တတ်သေးတယ်ပေါ့?”

“ သွားသေလိုက်တော့!”

မင်ထျန်းဇီသည် အနက်ရောင် ဓားရှည်တစ်လက်ကို ဆွဲထုတ်ကာ စူးချန်ကဲ၏ ခေါင်းကို ခုတ်ပိုင်းလိုက်သည်။

မင်ထျန်းဇီ နှင့် ကွေထျန်းဇီတို့သည် ချောက်နက်ရေကန်တွင် ရေချိုးပြီးနောက် ၊ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်မှာ ပို၍ အားကောင်းလာခဲ့သည်။

မင်ထျန်းဇီသည် သူ့၏ အလွန်လေးလံသော ဓားကို မြှောက်၍ ဝှေ့ယမ်းလိုက်သည်မှာ ဤနေရာရှိ မြေကြီး နှင့် တောင်တန်းများပင်လျှင် ပြင်းထန်စွာ တုန်ခါသွားခဲ့ပုံရသည်။

မင်ထျန်းဇီသည် အင်အားအလုံးအရင်းဖြင့် စူးချန်ကဲအား ထိုးနှက်ခဲ့လေသည်။

သူသည် မရေမတွက်နိုင်သော တိုက်ပွဲများကို တွေ့ကြုံခဲ့ဖူးသော ပါရမီရှင်တစ်ဦးဖြစ်သည်နှင့် အလျောက် ၊ သူ့၏ လှုပ်ရှားမှုတိုင်းသည် ရန်သူကို သတ်ဖြတ်ပစ်နိုင်သည့် အကွက်များပင် ဖြစ်သည်။

“ ယွမ်ရှန်းကျွေ့ !!”

ကျယ်လောင်သော ပေါက်ကွဲသံ တချက် ထွက်ပေါ်လာခဲ့သည်။

စူးချန်ကဲ ရှိရာအရပ်တွင် မှိုတိမ်လုံးကြီး တစ်ခု ချက်ချင်း ကြွတတ်လာခဲ့သည်။ တဖက်လူ၏ စွမ်းအားကြောင့် ဖြစ်ပေါ်လာခဲ့သော ကျောက်သားဆူးတိုင်များက စူးချန်ကဲ မူလက ရပ်နေခဲ့သည့်နေရာတွင် ကြီးမားသော ပေါက်ကွဲမှုကြီးကို ဖြစ်ပွားစေခဲ့သည်။

သို့သော် မင်ထျန်းဇီသည် သူ၏ စွမ်းအားများကို ဒီလောက်နဲ့တင် မရပ်တန့်သေးပေ။

ကြောက်မက်ဖွယ် ကောင်းသော သေခြင်းစွမ်းအင်များက ငရဲတွင်းမှ ဟောက်သံကဲ့သို့ တစ်ဖန် တသိမ့်သိမ့် ရိုက်ခတ်ကာ လှုပ်ရှားထကြွလာခဲ့ပြန်သည်။

နောက်ထပ် ပေါက်ကွဲသံကို ကြားလိုက်ပြီး ၊ မှိုတိမ်လုံးကြီး တစ်ခု ကြွတတ်လာခဲ့ပြန်သည်။

ထိုအမှောင်လှိုင်းလုံးကြီးမှ မရေမတွက်နိုင်သော ကြောက်မက်ဖွယ်ကောင်းသော တစ္စေများ ထွက်လာကြသည်။

သို့သော် မင်ထျန်းဇီ တစ်ယောက် သက်ပြင်းချ ရန် အချိန်မရလိုက်ချေ။

တသိမ့်သိမ့် ရိုက်ခတ် လှုပ်ရှားနေသော တစ္စေစွမ်းအင်များကြား စူးချန်ကဲ၏ ရယ်သံ တချက် ထွက်ပေါ်လာခဲ့သည်။

“မင်ထျန်းဇီ ဆိုတဲ့ကောင်က ဘယ်လောက်တောင် သန်မာလိုက်မလဲလို့ ငါ ထင်ခဲ့တာ ၊ လတ်စသတ်တော့ ပေါင်ချိန်တောင် မပြည့်ဘူးပဲ”

ထိုစကားကို ကြားလိုက်ရသည်နှင့် မင်ထျန်းဇီတစ်ယောက် လုံးဝ ဆွံ့အသွားသည်။

“ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...!”

သူ့ရဲ့ ဤလှုပ်ရှားမှုသည် ပြိုင်ဘက်ကို လုံးလုံးလျားလျား သတ်နိုင်ပြီး ဟာကွက်‌ဟူ၍ မရှိ။

ယုတ္တိနည်းကျကျ ဆိုရလျှင်ဖြင့် ၊ သူသည် တိုက်ပွဲအစမှာကတည်းက ခွန်အားအပြည့်ဖြင့် တိုက်ခိုက်လိမ့်မည်ဟု မည်သူမှ ထင်ထားကြလိမ့်မည် မဟုတ်ပေ။ သို့ဖြစ်၍ တဖက်လူသည် ကျိန်းသေပေါက် သတိပေါ့လျော့စွာဖြင့် တိုက်ခိုက်ပေလိမ့်မည်။

ဒါပေမဲ့ သူ့ရဲ့ တိုက်ခိုက်မှုကို ဘယ်လိုကြောင့် တားစီးနိုင်ခဲ့တာလဲ?!

အခိုးအငွေ့များ တဖြေးဖြေး ပျောက်ကွယ်သွားသည်နှင့် ၊

လူကို ပိုပြီး ကြောက်စရာကောင်းစေသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

သူ၏ အလွန်လေးလံသော ဓားကို စူးချန်ကဲသည် သူ၏ လက်နှစ်ချောင်းတည်းဖြင့် ခိုင်မြဲစွာ ‌ဆုပ်ကိုင်ထားသည်။

သူ၏ လှုပ်ရှားမှုသည် စူးချန်ကဲ၏ ဝတ်ရုံပေါ်ကိုတောင် ဖုန်မှုန့်ဟူ၍ တစိုးတစိမျှ တင်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

“ မင် ! မြန်မြန် သွား !!”

ကွေထျန်းဇီသည် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ သူ့မျက်စိရှေ့က လူ၏ ခွန်အားသည် သူတို့ နားလည်ထားသော အသိပညာထက် အများကြီး ကျော်လွန်နေခဲ့ပြီပင်။

“သွားမယ် ?”

All Chapters