← Chapters

အခန်း (၂၆၃-၂၆၇)

Vol. 19 Ch. 263-267

အခန်း (၂၆၃-၂၆၇)

Vol. 19 Ch. 263-267

အပိုင်း(၂၆၃): ယွင်ယွမ် ၊ မီးလျှံမြစ်ဓား

စူးချန်ကဲ၏ နှုတ်ခမ်းသားများမှာ ကွေးညွတ်သွားသည် ။ သူသည် ဘက်လက်ဖြင့် ဓားကို စေညွန်လိုက်ပြီး မင်ထျန်းဇီ လက်ထဲက လေးလံသော ဓားကို အသာလေး ပုတ်ထုတ်လိုက်သည်။

သတ္တုသံတစ်ခု ထွက်ပေါ်လာသည်။

ချွင် ——

နောက်အခိုက်အတန့်တွင်မူ ၊ လူကို ကြောက်စရာကောင်းစေသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

မင်ထျန်းဇီ၏ ထိတ်လန့်နေသော မျက်လုံးထဲတွင် မြင်တွေ့နေရသည်မှာ ၊

ကီလိုတစ်သောင်း အလေးချိန်ရှိသော သူ၏ လေးလံသော ဓားရှည်သည် တဖျပ်ဖျပ် လင်းလက် တောက်နေသော ဓားအလင်းနှင့်အတူ တစ်စစီ ဖြစ်သွားသော မြင်ကွင်းပင် ဖြစ်သည်။

သူ့အတွက် အကြောက်ဆုံး ဖြစ်စေခဲ့သည့် အရာမှာ ထိုဓားအလင်းသည် အရာအားလုံးကို လေနှင့် သဲအဖြစ် ပြောင်းလဲနိုင်စွမ်းရှိပုံရသည်။

သူ့လက်ထဲတွင် ရှိနေခဲ့သည့် လေးလံသော ဓားတစ်လက်သာမက သူ့ရဲ့ ညာဘက်လက်တစ်ခုလုံးလည်း တစ်စစီဖြစ်သွားခဲ့ပြီ ဖြစ်သည်။

“ ကွေရှန်းကျန် !”

ထိုအချိန်တွင် ၊ ကွေထျန်းဇီသည်လည်း အနက်ရောင် ဓားရှည်တစ်လက်ကို အသုံးပြုကာ စူးချန်ကဲ အား အခြားလမ်းကြောင်းမှ တိုက်ခိုက်ခဲ့သည်။

ဝုန်း!!

စူးချန်ကဲ၏ တုံ့ပြန်မှုမှာ မနှေးခဲ့ချေ။ သူသည် ခြေထောက်ကို မြှောက်လိုက်ပြီး ပြင်းထန်စွာ ဒဏ်ရာရနေသော မင်ထျန်းဇီကို အဝေးသို့ ပစ်ကန်လိုက်သည်။

ဆက်လက်ပြီး ခန္ဓာကိုယ်ကို လှည့်ကာ သူ့ကို တိုက်ခိုက်နေသော ကွေထျန်းဇီအား လက်သီးဖြင့် ထိုးနှက်လိုက်သည်။

ဘုန်း ဘုန်း!

စူးချန်ကဲ၏ လက်သီးအလင်းနှင့် ကွေထျန်းဇီ၏ ဓားစွမ်းအင်တို့ ပြင်းထန်စွာ ထိပ်တိုက် ဆုံတွေ့ခဲ့လေရာ ကြီးမားသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားများကြောင့် ဖြစ်ပေါ်လာသော ရိုက်ခတ်မှုသည် ဤနေရာရှိ ဧရိယာများကို ပျက်စီးသွားစေသည်။

ကွေထျန်းဇီ မှ သူ့အစွမ်းရှိသမျှနဲ့ ပစ်လွှဲလိုက်သော ဓားသည် စူးချန်ကဲ၏ ထိုးနှက်ချက်အောက်တွင် တိုက်ရိုက် ကွဲကြေသွားခဲ့သည်။

တစ်ဖက်ရှိ မင်ထျန်းဇီတစ်ယောက် စူးချန်ကဲ၏ ကန်ထုတ်ခြင်းကို ခံရပြီးနောက် ဒေါသတကြီး ပြန်ထလာခဲ့သည်။

ပြတ်ထွက်သွားပြီ ဖြစ်သော လက်မောင်းကို ကိုင်ထားရင်း ၊ စူးချန်ကဲအား ပြင်းထန်သော လူသတ်လိုစိတ်ဖြင့် စိုက်ကြည့်နေသည်။

စူးချန်ကဲ၏ ကန်ချက်သည် သူ၏ ရှိသမျှ ခွန်အား အလုံးစုံကို အပြည့်အဝ ထုတ်လွှတ်ခိုင်းလိုက်သလိုပင်။

“သေချင်းဇိုး!”

ကြောက်မက်ဖွယ် ကောင်းသော အနက်ရောင်စွမ်းအင်လှိုင်းများက မင်ထျန်းဇီကို ဝန်းရံထားပြီး ၊ ထို့နောက်တွင် သူ၏ နောက်မှ မှောင်ရိပ်သန်းနေသော တောင်ထွပ်ကြီး တစ်ခုသဖွယ် ထွက်ပေါ်လာသည်။

တောင်ထိပ်ကို မမြင်နိုင်သကဲ့သို့ တစ္စေစွမ်းအင်များ ပို၍ အားကောင်းလာသည်နှင့် အမျှ မှောင်ရိပ်သန်းနေသော တောင်ကြီးမှာ ထပ်မံ ပြောင်းလဲသွားခဲ့ပြန်သည်။

၎င်းမှာ ခေါင်းသုံးလုံးနှင့် လက်ခြောက်ချောင်းပါသော မျက်နှာစိမ်း သရဲတစ္ဆေ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။

ဝေါင်းး——

ထိုအချိန်တွင် ကောင်းကင်ယံ၌ ကြီးမားသော နဂါးနက် ဟောက်သံ ထွက်ပေါ်လာခဲ့သည်။

ကြွယ်ဝသော အဖျက်စွမ်းအားများဖြင့် ရောယှက်ထားသော သွေးနီရောင်အလင်းတန်းတစ်ခုသည် ကောင်းကင်ယံမှ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်လာသည်။

“ ရှောင်ချင် ၊ ရှောင်ပိုင် !”

ဤအချိန်တွင် ၊ ထန်ဝူအာသည် ဝိညာဉ်ချိတ်စည်းကို ထပ်မံအသက်သွင်းခဲ့လေရာ ၊ အနှစ်နှစ်သိန်း သက်တမ်းရှိသော ဝိညာဉ်သားရဲကောင်များလည်း တိုက်ပွဲတွင် ချက်ချင်း ပါဝင်လာခဲ့သည်။

“ သေသင့်တဲ့ဟာတွေ!”

ထင်မှတ်မထားသော ထိုးနှက်ချက်ကြောင့် မင်ထျန်းဇီ တစ်ယောက် မြေပြင်ပေါ်သို့ ပြန်လည်ပြုတ်ကျလာခဲ့သည်။ သူ၏ ကျိန်ဆဲသံနှင့်အတူ သူ ဖွဲ့စည်းထားခဲ့သော ခေါင်းသုံးလုံးနှင့် လက်ခြောက်ချောင်းပါသော မျက်နှာစိမ်း သရဲတစ္ဆေမှာလည်း ထိုနည်းတူစွာပင်။

ထိုစဉ် ၊ စိတ်ဝိညာဉ်ကိုပင် လျှင်မြန်စွာ အေးခဲသွားစေသည့် ထူးဆန်းသော အငွေ့အသက်တစ်ခု ထွက်‌ပေါ်လာခဲ့သည်။၎င်းသည် ဤနေရာရှိ ဧရိယာတစ်ခုလုံးကို အဆုံးမရှိသော အအေးဓာတ် တစ်ခုအဖြစ် အလျင်အမြန် ပျံ့နှံ့လာခဲ့သည်။

ဝုန်း ——

တစ်ဖက်တွင်မူ ၊ နောက်ထပ် တောက်လောင်နေသော နတ်အလင်းရောင် ပေါက်ကွဲမှု တစ်ခု ဖြစ်သွားခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်သည် အလင်းလှိုင်းများကဲ့သို့ ပျံ့နှံ့သွားပြီး လွန်ကဲစွာ စူးရှတောက်ပနေသည်မှာ

အမှောင်မိုးကုပ်စက်ဝိုင်းတွင် အတောက်ပဆုံးနှင့် အသန့်စင်ဆုံး နေ တစ်စင်းလိုပင်။

ချွင် ——

ရုတ်တရက် ဓားသံတချက် ထွက်ပေါ်လာသည်။တောက်ပသော နေရောင်ထဲတွင် ဓားရှည်တစ်လက်ကို ဝှေ့ယမ်းကာ ခုတ်ထစ်ပစ်လိုက်သော ဝတ်ရုံဖြူ လူငယ်လေးတစ်ယောက်၏ အသွင်ပုံရိပ်တစ်ခု ရှိနေခဲ့သည်။

ဤအခိုက်အတန့်တွင်၊ မရေမတွက်နိုင်သော အဖြူရောင် အရိုးများသည် ထိုဓားစွမ်းအင်ကြောင့် တစ်စစီ ဖြစ်ကာ အမှုန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။

ဓားစွမ်းအင်၏ ရိုက်ခတ်ဖြတ်သန်းသွားလာမှုသည် ထိုအရိုးမှုန်များကို ကြယ်စင်များအလား ပြန့်ကြဲသွား‌ပေရာ ၊

မှော်ဆန်သောမြင်ကွင်းမျိုးကို ဖန်ဆင်းလိုက်သလိုပင်။

ကမ္ဘာကြီးကို ဇောက်ထိုး မြင်လိုက်ရသည့်အတိုင်း ကြယ်စင်များသဖွယ် တဖျပ်ဖျပ် လင်းလက်နေသော အရိုးမှုန်များသည် လေထဲသို့ ပျံဝဲနေလေ၏။

ဝုန်း !!!

ထိုကဲ့သို့ ပြိုးပြိုးပြက်ပြက် တောက်ပနေသော ရောင်စဉ်အလင်းတန်းများကြား ရုပ်သဏ္ဍာန်တစ်ခု လွှင့်ပျံလာခဲ့သည်။ ၎င်းသည် ဧရာမသားရဲကောင်၏ ရုပ်ကြွင်းဖြင့် ပြင်းထန်စွာ ဝင်တိုက်သွားခဲ့သည်။

ဘုန်း ဘုန်း !!!

ပေထောင်ပေါင်းများစွာ အရွယ်အစားရှိသည့် ဧရာမ အရိုးကြီးမှာ အရှိန်ဖြင့် ဝင်တိုက်ခံလိုက်ရသောကြောင့် ပြင်းထန်စွာ လှုပ်ခါသွားခဲ့ပြီး တဖြည်းဖြည်း ပြိုကျသွားခဲ့သည်။

“ ကွေ!!”

မင်ထျန်းဇီသည် ကွေထျန်းဇီကို ကူညီရန် သူ့နောက်တွင် ရှိနေသည့် ဓမ္မကာယ ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ သွေးနတ်ဆိုးနဂါးအား လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။

တစ်ချိန်တည်းမှာပင်၊ သူ့စိတ်ထဲတွင်လည်း အလွန်ထိတ်လန့်သွားသည်။ ကွေထျန်းဇီ၏ ခွန်အားသည် သူ့ထက် ပို၍ အားကောင်းပေသည်။

သို့သော် အချိန်အတော်ကြာ တိုက်ခိုက်နေသည့် ဤတိုက်ပွဲတွင် ကွေထျန်းဇီ လိုလူမျိုးက ပြိုင်ဘက်ရဲ့ တဖက်သတ် ဖိနှိပ်တိုက်ခိုက်တာကိုပဲ ခံနေရသတဲ့လား?

“ အလောတကြီး ဘယ်သွားမလို့တုန်း?”

သို့သော် ထိုအချိန်တွင် အေးစက်သောအသံတစ်ခုက မင်ထျန်းဇီနှလုံးသား၏ ဟိုးအနက်ရှိုင်းဆုံးအထိ နစ်ဝင်သွားသည်။

သူသည် ထိတ်လန့်စွာဖြင့် လှည့်ကြည့်လိုက်ရာ ဘယ်ချိန်ကမှန်းမသိ စူးချန်ကဲသည် သူ၏ ခေါင်းပေါ်တွင် ရောက်ရှိနေခဲ့ပြီပင်။

စူးချန်ကဲ၏ မျက်လုံးများဖြင့် တွေ့ဆုံမိသည့် အခိုက်အတန့်မှာပင် စူးချန်ကဲ၏ ဓားသည် သူ့ပေါ်သို့ ကျရောက်လာခဲ့သည်။

“ကမ္ဘာဖျက်ဓား!”

ရွှမ်!!!

တောက်ပသော ဓားအလင်းတန်း တစ်ခု ကျဆင်းလာခဲ့သည် ။ ဝေဟင်မှ ကျဆင်းလာသည့် အခိုက်အတန့်လေးမှာတင် ဤနေရာရှိ တောင်တန်းများနှင့် မြေသားများကို ပြင်းထန်စွာ တုန်ခါသွားစေခဲ့သည်။

ထိုဓားချက်၏ လက်အောက်တွင် ၊ ကျောက်တုံးကြီးပင်လျှင် စက္ကူ သဖွယ် ဆုတ်ဖြဲခံလိုက်ရပြီး ၊ဓားစွမ်းအင်၏ ကြောက်မက်ဖွယ်ကောင်းသော အကျိုးဆက်သည် မြေသားများကိုပင် အလွှာလိုက် ပြိုကျသွားစေသည်။

ပင့်ကူမျှင်ကဲ့သို့ အက်ကွဲကြောင်းများသည် မိုင်ပေါင်းများစွာအထိ ပျံ့နှံ့သွား‌လေရာ အဆုံးကိုတောင် မမြင်နိုင်ပေ။

ကြောက်မက်ဖွယ်ကောင်းသော ဓားသွားသည် လေပြင်းများကို လှုံ့ဆော်ပေးနေသည့်အပြင် ၊ မင်ထျန်းဇီ၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထိမှန်သွားခဲ့သည်။

လေပြင်းများနှင့်အတူ ၊ မြေကြီးသည် တစ်စစီ အက်ကွဲလာနေပြီး အဆုံးထိ မမြင်နိုင်သော ဓားစွမ်းအင်ချောက်နက်ကြီး တစ်ခု ဖြစ်ပေါ်ခဲ့သည်။

မင်ထျန်းဇီ၏ ရုပ်သဏ္ဍာန်သည် ပျောက်ကွယ်သွားသည်မှာ ကြာခဲ့ပြီပင်။ချောက်နက်ထဲသို့ ကျရောက်သွားလေသလား သို့မဟုတ် ရုပ်ခန္ဓာသည် လုံးလုံးလျားလျား ပျက်ဆီးသွားခဲ့လေသလား မသိ။

စူးချန်ကဲ ခဏလောက် စဉ်းစားနေချိန်၊ အပျက်အစီးများထဲတွင် မြှုပ်နှံခံလိုက်ရသော ကွေထျန်းဇီမှာ ဤနေရာသို့ ချဉ်းကပ်လာခဲ့ပြီပင်။

သူ၏ရုပ်သွင်သည် လေပြင်းများနှင့်အတူ ပျံ့လွှင့်နေသော သဲမှုန်များနှင့် ကျောက်စရစ်ခဲများကြားထဲတွင် ထွက်ပေါ်လာခဲ့သည်။ ကွေထျန်းဇီသည် သူ၏ ရောင်ဝါကို လျော့ချခဲ့ပြီး ပျံ့လွှင့်နေသော သဲမှုန်များနှင့် ကျောက်စရစ်ခဲများကို အသွင်ယူကာ စူးချန်ကဲထံ ချဉ်းကပ်ဖို့ ကြိုးစားလိုက်သည်။

ထို့နောက် စူးချန်ကဲကို သူ့၏ အပြင်းထန်ဆုံး အကွက်ဖြင့် တချက်တည်း သတ်ပစ်ပေမည်။

နောက်ဆုံးတွင်၊ ကွေထျန်းဇီသည် စူးချန်ကဲနှင့် မနီးမဝေးအကွာအဝေးတွင် တိုက်ရိုက် ဆင်းသက်လာခဲ့သည်။

“ တစ္စေထောင် သတ်ဖြတ်ခြင်း ခြောက်ချက်! !”

စကားသံအပြီးတွင် ၊ အဆုံးမရှိသော ဓားစွမ်းအင်မှ ကျယ်လောင်စွာ ညည်းဆိုသံနှင့်အတူ ဤကမ္ဘာကြီးကို ဖြတ်တောက်နိုင်သော ဓားခြောက်ချောင်း ထွက်ပေါ်လာသည်။

ထိုဓားစွမ်းအင် ခြောက်ချောင်းစလုံးသည် မတူညီသော ထောင့်များမှ ထွက်ပေါ်လာပြီး စူးချန်ကဲဆီသို့ တချိန်တည်း ပြေးဝင်တိုက်ခိုက်လေသည်။ ဒါတင်မက တစ္စေစွမ်းအင်များကို သံလိုက်သဖွယ် အဆက်မပြတ် ဆွဲငင်ယူလေသည်။

မူလက မီတာဆယ်ဂဏန်း အကျယ်အဝန်းမျှသာရှိသော ဓားစွမ်းအင်သည် ရုတ်ချည်း မီတာရာနှင့်ချီ ကျယ်ဝန်းလာခဲ့သည်။ ထိုဓားစွမ်းအင် ခြောက်ခုသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် ပို၍ ကျယ်ပြန့်လာသည်ကို မြင်လိုက်ရသည်။

“ သခင်လေး သတိထား!”

ထန်ဝူအာသည် အာမေဋိတ်ပြုလိုက်သည်။ သူမသည် စူးချန်ကဲအတွက် ထိုတိုက်ခိုက်မှုကို တားဆီးရန် သူမ၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုရန် ကြံရွယ်လိုက်သည်။

သို့သော် သူမ၏အရှိန်သည် နှေးလွန်းသဖြင့် စူးချန်ကဲကို သတ်ရန် အရှိန်ဖြင့် ပြေးလာသော တိုက်ခိုက်မှုကို သူမ အနေဖြင့် ကူကယ်ရာမဲ့ စောင့်ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။

သို့သော် အရှင်သခင်ဖြစ်သူ စူးချန်ကဲမှာမူ လုံးဝ မမူချေ။

သူ့ခြေလှမ်းများ ရွေ့လျားသွားသည်ကို မြင်တွေ့ရပြီး ၊ သူ့ခန္ဓာကိုယ်ထဲမှ တောက်လောင်နေသော စွမ်းအားများ ထွက်လာနေသည်ကို မြင်လိုက်ရသည်။

စူးချန်ကဲ၏ လှုပ်ရှားမှုကလည်း အလွန်လျင်မြန်သည် ။

“ ဟွမ်ယွင်! ”

စူးချန်ကဲ၏ ဘယ်ဘက်လက်သည် တောက်လောင်နေသော နေရောင်ကို စုစည်းထားပုံရပြီး၊ ထိုတောက်လောင်နေသည့် နေရောင်ခြည်မှ အနီရောင် မီးတောက်မီးလျှံများ ဖြစ်ပေါ်လာခဲ့သည်။

ဟွမ်ယွင် ဆိုသည်မှာ ပိုင်ကျန့် ဧကရာဇ်မင်းမှ စူးချန်ကဲအား အပ်နှင်းထားသော တိုက်ခိုက်ရေးစွမ်းရည် တစ်ခုဖြစ်ပြီး ၊ ၎င်းသည် ယင်ဓာတ်(ဆိုးညစ်သော ) များကို အထူးထိရောက်စွာ တိုက်ခိုက်နိုင်သည်။

ဤသည်မှာ သူ မရဏကမ္ဘာသို့ မလာရောက်ခင် ၊ ပိုင်ကျန့် ဧကရာဇ်မင်းမြတ်ထံ အထူးတလည် သွားရောက်၍ တောင်းဆိုခဲ့သော အရာပင် ဖြစ်သည်။

“ ဖြတ်!”

စူးချန်ကဲသည် သူ့ဓားကို ဝှေ့ယမ်းလိုက်သည်။

အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်မှာတော့ သူသည် ဓားကို မြှောက်လျက်သား ကိုင်ဆောင်ထားပြီး ၊ သူ၏ ရင်ဘတ်ရှေ့တွင် ဓားစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော အနီရောင်အလင်း တစ်ခု ရှိနေခဲ့သည်။

ယင်းအရာသည် ကြီးကျယ်ခမ်းနားကာ တဟုန်းဟုန်း တောက်လောင်နေသော ချော်ရည်မြစ်ကဲ့သို့ပင်။

ဓားစွမ်းအင်၏ ဟောက်သံနှင့်အတူ ၊ စူးချန်ကဲ၏ ဓားအောက်တွင် ရှိနေသော ချော်ရည်မြစ်သည် ပိုလို့တောင် ကြောက်စရာကောင်းသော မီးလျှံဓားမြစ်ကြီး သဖွယ် ပြောင်းလဲသွားသည်။

မှောင်ရိပ်သန်းနေသော အရာအားလုံးကို တိုက်ရိုက် လောင်ကျွမ်းပစ်တော့မည့် အတိုင်း ၊ ကြောက်မက်ဖွယ်ကောင်းသော မီးလျှံဓားမြစ်သည် ကွေထျန်းဇီရှိရာ ဦးတည်ရာဆီသို့ ပြေးဝင်သွားခဲ့လေသည်။

အပိုင်း(၂၆၄): တားမြစ်ပညာရပ်?ရလဒ်ကို မပြောင်းလဲနိုင်ဘူး ၊ ထျန်းဇီ ကျရှုံးခန်း

ဓားစွမ်းအင်နှင့် မီးတောက်မီးလျှံများ ရောယှက်၍ ဖြစ်ပေါ်လာသော စွမ်းအင်သည် အဆုံးစွန်သော အဖျက်စွမ်းအားနှင့် ပြည့်နှက်နေသည်။

အအေးဓာတ် တစ္ဆေစွမ်းအင်များကို လျင်မြန်စွာ အရည်ဖျော်ကာ ဝါးမျိုပစ်ခဲ့‌လေသည်။

ဤဒေသရှိ ကျောက်တုံးကျောက်ခဲများကိုပင် ပြာအဖြစ် လောင်ကျွမ်းသွားစေပြီး ၊ အဆုံးမရှိသော မီးလျှံများနှင့် ဓားစွမ်းအင် ခြောက်လက်တို့မှာ အတူတူ လွင့်စင်သွားခဲ့သည်။

စွမ်းအားနှစ်မျိုး ထိပ်တိုက် ရင်ဆိုင်မှုကြီးသည် ဟင်းလင်းပြင် ကွက်လပ်တွင် ထူးခြားဆန်းကြယ်သော မြင်ကွင်းတစ်ခုကို ဖြစ်ပေါ်လာစေသည်။

တစ်ဖက်တွင် အမှောင်မြစ် ၊ တခြားတစ်ဖက်တွင် တောက်လောင်နေသော မီးလျှံမြစ်တို့၏ အားပြိုင်မှုပေတည်း။

စူးချန်ကဲသည် သူ့လက်ထဲက စွမ်းအားများကို တစ်ဖန် တိုးမြှင့်လိုက်သည်နှင့် ၊ မီးလျှံများသည် ကွေထျန်းဇီ၏ ဓားစွမ်းအင်များကို အပိုင်းအစများအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားစေသည်။

ရွှမ်း!

မှောင်မိုက်သောည၌ ဓားအလင်းများ ဖျက်ခနဲ့ ဝင်းလက်သွားသည်။

ဝုန်း ဝုန်း!

ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ ကွေထျန်းဇီသည် ဝေဟင်ကနေ အောက်သို့ တိုက်ရိုက် ပြုတ်ကျလာခဲ့သည်။

“ အဟွတ် ....ထွီ....”

ကွေထျန်းဇီသည် သွေးများကို ထွေးထုတ်လိုက်သည်။ သူ၏ အသက်ရှူနှုန်းမှာ အနည်းငယ် နှေးကွေးသွားပုံရသည်။

“ ဒီကောင် တကယ်တော့ ထိပ်တန်း သူတော်စင်နယ်ပယ်အဆင့်ပဲ....”

“ မင် !မင်းအသက်ရှင်နေသေးရင် ပြန်ဖြေဦး!”

ဝီ ——

အခြားတစ်ဖက်တွင် ၊ ကျောက်စရစ်များက ပြန့်ကျဲလျက် သွေးများဖြင့် ပေကျံနေသော မင်ထျန်းဇီသည် အပျက်အစီးတွေကြားက ကုန်းရုန်းထွက်လာခဲ့သည်။

ယခုအခိုက်အတန့်တွင် ၊ သူတို့နှစ်ဦးလုံး အရင်ကနဲ့ မတူဘဲ သွေးများဖြင့် ပေကျံနေပြီး မြင်ရသူအဖို့ ရှက်စရာကောင်းပေသည်။

အထူးသဖြင့် မင်ထျန်းဇီသည် အဆိုးဆုံးဖြစ်သည်။ စူးချန်ကဲ၏ ခေါင်းကို ဓားနှင့် ချိန်ရွယ်ခဲ့သော်လည်း သူ့ခန္ဓာကိုယ် အစိတ်အပိုင်းကိုသာ ဆုံးရှုံးလိုက်ရသည်။

မရဏကမ္ဘာရဲ့ ထိပ်တန်း ပါရမီရှင်တစ်ယောက်အနေနဲ့ သူ့လိုလူက ခုလိုမျိုး ဘယ်တုန်းကများ ခံခဲ့ရဖူးလို့လဲ?

“ ဒီလိုဆိုမှတော့ အကုန်လုံး သေကြတာပေါ့!!”

မင်ထျန်းဇီသည် ကျယ်လောင်စွာ အော်လိုက်ပြီး ၊ မဆိုင်းမတွ သူ့လက်ထဲက တစ္စေမီးတောက်ကို ထွန်းညှိလိုက်ကာ မိမိ၏ ရင်ဘတ်ပေါ် သို့ ရိုက်ချပစ်ခဲ့သည်။

နက်မှောင်သော တစ္စေမီးတောက်သည် သူ့ ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်းလောင်ကျွမ်းပစ်ခဲ့သည်။

နက်မှောင်သော မီးတောက်များသည် အဆက်မပြတ် တလိပ်လိပ် ထလာခဲ့ပြီး ၊ နောက်ဆုံးတွင် ကြက်သွေးရောင် အဖြစ်သို့ ပြောင်းလဲသွားသည်။

ပြင်းထန်သော နာကျင်မှုကြောင့် မင်ထျန်းဇီ၏ မျက်နှာအသွင်အပြင်သည် ရက်စက်ကြမ်းကြုတ်မှုအဖြစ်သို့ စတင်ပြောင်းလဲလာခဲ့သည်။

ဘုန်းး!

သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြက်သွေးရောင် မီးတောက်များသည် တဟုန်းဟုန်း တောက်လောင်လာသည်နှင့်အမျှ ၊ မင်ထျန်းဇီ၏ ရောင်ဝါမှာ သိသိသာသာ မြင့်တက်လာခဲ့သည် ။

တစ်ဖက်မှ ကွေထျန်းဇီသည်လည်း တုံ့ဆိုင်းခြင်းမရှိခဲ့ပေ။ သူ့လက်ထဲတွင် ထူးဆန်းသော ရောင်ဝါတစ်ခုကို စုစည်းကာ သူ့မျက်လုံးထဲသို့ ပစ်သွင်းလိုက်သည် ။

“ အားးးအားး!!”

ပြင်းထန်သော နာကျင်မှုသည် ကွေထျန်းဇီ၏ ရင်ကို အစိမ်းလိုက်ခွဲလိုက်သလိုပင်။

သူသည်လည်း အလားတူ ရောင်ဝါများက အဆက်မပြတ် မြင့်တက်လာခဲ့ပြီး နောက်ဆုံးတွင် ကြက်သွေးရောင် အလင်းတန်း တစ်ခု ဖြစ်ပေါ်လာပြီး ကောင်းကင်ကို ပစ်ခွင်းသွားလေသည်။

၎င်းတို့ နှစ်ယောက်စလုံး၏ စွမ်းအားများ တိုးလာသည်နှင့်အမျှ ၊ ပိုမို ပြင်းထန်သော တစ္ဆေစွမ်းအင်များသည် ဤနေရာတစ်ခုလုံးကို လွှမ်းခြုံကာ လေပြင်းမုန်တိုင်းများ တိုက်ခတ်စေသည်။

ဤကြမ်းတမ်းသော စွမ်းအားသည် သူတို့နှစ်ဦးနှင့် လုံးလုံး ပေါင်းစည်းသွားချိန်မှာတော့ ၊ သူတို့၏ မျက်လုံးများမှာ နီမြန်းလာခဲ့သည်။

“ တစ္စေစက်ကွင်း ၊ ဖွင့် !”

ကွေထျန်းဇီ၏ ဟောက်သံကို ကြားလိုက်ရသည်။

မူလက ပြန့်ကျဲနေခဲ့သော တစ္ဆေစွမ်းအင်များသည် ပြန်လည်စုစည်းလာခဲ့ပြီး ၊ ယခုအခိုက်အတန့်တွင် ကွေထျန်းဇီသည် စွမ်းအားကို အဆက်မပြတ် စုဆောင်းယူနေသည်။

“ သွေးစက်ကွင် ၊ ဖွင့် !”

မင်ထျန်းဇီလည်း ထိုနည်းတူစွာပင်။

မင်ထျန်းဇီ၏ နောက်တွင် သွေးအခိုးအငွေ့များ စုဝေးရောက်ရှိလာခဲ့သည်။

သူတို့နှစ်ဦး၏ စွမ်းအားသည် နောက်ဆုံးတွင် အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်ရာ ၎င်းတို့နှစ်ဦးသည် အစွမ်းကုန် ပေါက်ကွဲ၍ စူးချန်ကဲအား ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

“ တစ္စေသည် ဘယ်နေရာမဆို ရှိသည်!”

“ သွေးသည် ဘယ်နေရာမဆို ရှိသည်!”

လုံးဝကွဲပြားသော စွမ်းအားနှစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

တားမြစ်ပညာရပ်၏ ကောင်းချီးပေးမှုအောက်တွင် ၊သူတို့နှစ်ဦး၏ ခွန်အားသည် ယခုအချိန်တွင် ကြီးမြတ်သော သူတော်စင် နယ်ပယ်အဆင့်၏ တံခါးပေါက်သို့ ရောက်ရှိနေပြီပင်။

ထို့အပြင်၊ ဤပေါင်းစပ်တိုက်ခိုက်မှုသည် သူတော်စင် ဧကရာဇ်ကိုတောင် ထိတ်လန့်သွားစေနိုင်သည်။

မင်ထျန်းဇီ၏ နောက်တွင် ကြက်သွေးရောင်ဖြင့် လွှမ်းခြုံထားသော ရှိုးလော်၏ ရုပ်သွင် ရှိနေသည်။

T/N - ရှိုးလော် နတ်ဘုရား- စိတ်တိုလွယ်ပြီး ရန်လိုသူ၊ ရဲရင့်ပြီး တိုက်ခိုက်ရန် အားကောင်းသူ ၊ ဒေဝ နတ်ဘုရား ရှစ်ဆူအနက်မှ တစ်ပါး

သူ၏ လက်ခြောက်ချောင်းသည် သွေးနီရောင် နေရောင် ခြောက်စင်းကို ဆုပ်ကိုင်ထားသည်။

ပေထောင်ချီမြင့်သော ထိုရုပ်သွင်သည် ကောင်းကင်ယံ၌ တောင်ထွတ်ကဲ့သို့ ကြီးကျယ်ခမ်းနားပြီး ၊ ဖြာထွက်နေသော ၎င်း၏ ရောင်ဝါသည် ကမ္ဘာတစ်ဝှမ်းလုံးကို လွှမ်းမိုးထားသလိုပင်။

ကွေထျန်းဇီ၏ နောက်ဆုံးထိုးနှက်ချက်သည်လည်း ထပ်တူထပ်မျှ ကြောက်စရာကောင်းပေသည်။

သူ့နောက်တွင် တစ္စေ ခေါင်းတလားကြီး တစ်ခု ရှိနေပုံရသည်။

ငိုကြွေးအော်မြည်နေသော သရဲတစ္တေများ ရှိနေသကဲ့သို့ ၎င်းပေါ်တွင် ရက်စက်ကြမ်းကြုတ်သော ရုပ်လုံးရုပ်ကြွများကို ထွင်းထုထားသည်မှာ သက်ရှိအလား ထင်မှတ်ရပေသည်။

ကြားလိုက်ရုံနဲ့တင် လူကို ထိတ်လန့်တုန်လှုပ်သွားစေနိုင်သည်။

၎င်းတို့နှစ်ဦးသည် တားမြစ်နည်းပညာများကို အသုံးပြုကာ ကမ္ဘာကြီးကိုတောင် တုန်လှုပ်သွားစေမည့် တစ္စေ စွမ်းအင်များကို ထွက်ပေါ်စေခဲ့သည်။

သို့ဆိုတောင် စူးချန်ကဲသည် ဘာမှမထူးခြားသော အမူအရာဖြင့် သူတို့နှစ်ယောက်ထံသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။

တစ်စုံတစ်ယောက်သာ ဤနေရာတွင် စောင့်ကြည့်နေပါက၊ စူးချန်ကဲ၏ လှုပ်ရှားမှုက သူ့ကို အံ့အားသင့်သွားစေနိုင်သည်။

ပြင်းထန်ပြီး ကြီးမားကျယ်ပြန့်လှသော စွမ်းအားသည် သူတို့ နှစ်ဦး၏ အနီးနားသို့ ချဉ်းကပ်လာသော အရာတိုင်းကို အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် ချေမှုန်းနိုင်စွမ်း ရှိပေသည်။

သို့သော် စူးချန်ကဲ၏ ရှေ့မှောက်တွင် ငြိမ်သက်နေသည်မှာ မုန်တိုင်းသည် မည်မျှပင် ပြင်းထန်ပါစေ ဆိပ်ကမ်းငယ်လေးကို ဘယ်တော့မှ မကျူးကျော်နိုင်သလိုပင်။

အနီးကပ်ကြည့်လိုက်မည်ဆိုပါက ၊ စူးချန်ကဲ၏ ခန္ဓာကိုယ်ကို ဝန်းရံထားသော ဓားစွမ်းအင်လှိုင်းများကို တွေ့နိုင်ပြီး ၊ လူနှစ်ယောက်၏ စွမ်းအားသည် သူ့အား ထိတွေ့လိုက်သည်နှင့် တိုက်ရိုက် ချေမှုန်းခံလိုက်ရသည်။

“တားမြစ် ပညာရပ်တဲ့လား? ဒါပေမယ့် ရလဒ်က ဆုံးဖြတ်ပြီးသားပဲ “

“ သေချင်နေတာ!”

“မောက်မာလွန်းတယ်!”

နှစ်ဦးစလုံး ဒေါသတကြီးဖြင့် ကျိန်ဆဲလိုက်သည်။ ထို့နောက် သူတို့စုဆောင်းထားခဲ့သော အမြင့်ဆုံးအင်အားနှင့်အတူ စူးချန်ကဲအား တိုက်ရိုက် နှိပ်ကွပ်လိုက်သည်။

သို့သော် ဤအခိုက်အတန့်တွင်၊ ကမ္ဘာကြီး တစ်ခုလုံး နှေးကွေးသွားသလိုပင်။

ဟင်းလင်းပြင်အထက်တွင်၊ အဆုံးမရှိသော ကြက်သွေးရောင်များဖြင့် ဆေးခြယ်ထားသော ကမ္ဘာကြီးသည် ကျယ်ပြောကာ အကန့်အသတ် မရှိပေ။

ထောင်ပေါင်းများစွာသော တစ္စေစွမ်းအင်များဖြင့် ဖွဲ့စည်းထားသော အခေါင်းကြီးသည်လည်း ဤကမ္ဘာပေါ်ရှိ အရာအားလုံးကို တစ္စေများ ပိုင်သော ငရဲတွင်းထဲသို့ ဆွဲငင်နေပုံ ရပေသည်။

ဤမျှ ကြောက်စရာကောင်းသော ကမ္ဘာကြီးနှစ်ခု၏ ရှေ့မှောက်တွင် စူးချန်ကဲ၏ ရုပ်သွင်သည် အလွန် သေးငယ်ပုံရပေသည်။

ဤအခိုက်အတန့်တွင်၊ စူးချန်ကဲသည် ကောင်းကင်ဓားကို မြှောက်ကိုင်ထားသည်။

ကြီးမားကျယ်ပြန့်သော ဤကမ္ဘာကြီးနှစ်ခု၏ ရှေ့တွင်၊ စူးချန်ကဲ၏ ဓားသည် ငွေအပ်ချောင်းလေးလိုပင်။

ဝှစ် ——

သို့သော် သူ့လက်ထဲက ကောင်းကင်ဓားသည် တုန်တုန်ယင်ယင်ဖြင့် ဟစ်ကြွေးအော်မြည်နေပြီး ၊ ထူးခြားသော အအေးဓာတ်သည် ဓားကိုယ်ထည်ပေါ်တွင် ဖြည်းဖြည်းချင်း စိမ့်ဝင်နေသည်။

ကောင်းကင်ဓားသည် မှောင်မိုက်သောညတွင် အတောက်ပဆုံးသော ထွန်းလင်းသော ဓူဝံကြယ်ကဲ့သို့ စူးရှတောက်ပနေသည်။

ဓားအလင်းသက်တံသည် တိမ်တိုက်တွေကြားထဲ ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။

ဤနေရာတွင် ဖြစ်ပွားခဲ့သော ကြောက်မက်ဖွယ်ရာ တိုက်ပွဲသည် ဤနေရာနှင့် မဝေးလှသော အရိုးမြို့တော်မှ ကျင့်ကြံသူများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

သူတို့အားလုံးသည် အဆုံးမဲ့ အရိုးဖြူပင်လယ်၏ ဦးတည်ရာသို့ လှမ်းမျှော်ကြည့်ကာ ထိတ်လန့်တကြား ဖြစ်နေကြသည်။

“ ဒါ ဘာကြီးလဲ! ကြယ်ကြွေတာလား?”

“ နင့်မေချည်းတော် ! ဒီလောက် ကြောက်စရာကောင်းတဲ့ ဓားစွမ်းအင်ရဲ့ အငွေ့အသက်ကို မခံစားနိုင်ဘူးလား ၊ အဲ့တာ ဓားအလင်း!”

“ဓားအလင်း!?”

ထိုစကားတစ်ခွန်းသည် လူတိုင်းကိုထိတ်လန့်သွားစေသည်။ ဤမျှ အားကောင်းသော ဓားကို မည်ကဲ့သို့သော ကျင့်ကြံသူက ထုတ်လွှတ်နိုင်သနည်း။

“မကြာသေးခင်ကမှ ရုန်းရင်းဆန်ခတ် ဖြစ်စေခဲ့တဲ့ တစ္စေဓားအမတရှင်ရဲ့ ဆက်ခံသူများလား?!”

တစ်စုံတစ်ယောက်က လျှင်မြန်စွာ တုံ့ပြန်ပြောဆိုလိုက်သည်။

ထိုအချက်ကို မှန်းဆမိသူတွေလည်း အများကြီးရှိခဲ့သည်။

အဆုံးမဲ့ နတ်ဆိုးဂူက လူတွေလည်း ထိုမြင်ကွင်းကို သတိထားမိသည်။

“ တစ္စေဓားအမတရှင်ရဲ့ ဆက်ခံသူ ပေါ်ထွက်လာပြီ !”

“ မြန်မြန် !လူအင်အား စုဆောင်းလိုက် ငါတို့ ဓားသေတ္တာကို သေချာပေါက် လုယူနိုင်ရမယ်”

“…….”

ထို့အတူ လွင်ပြင်ပေါ်တွင် လမ်းလျှောက်နေခဲ့သည့် လှပသော အသွင်အပြင်တစ်ခုကလည်း ထိုမြင်ကွင်းကို သတိထားမိခဲ့သည်။

အလွန်တောက်ပသော ဓားအလင်းကို ကြည့်ရင်း ၊ လော့ရန်ယွီ၏ မျက်ဝန်းများမှာ မှိုင်းသွားခဲ့သည်။

ထိုဓားအလင်းကို သူမ ကောင်းကောင်းကြီး ရင်းနှီးပေသည်။

“ စူးစူးစူး ...စူးချန်ကဲ!?”

…..

စူးချန်ကဲ၏ တစ်ဖက်တွင် ၊

“ ဖျက်စီးခြင်း နတ်ဘုရားအလင်း ဓား “

စူးချန်ကဲသည် တိုးတိုးလေး ရေရွတ်လိုက်သည် ။

ကောင်းကင်ဘုံ ကိုးထပ်ကို ထိုးဖောက်သွားသော ဓားအလင်းသည် စူးချန်ကဲ၏ စကားကို ပြန်လည် တုံ့ပြန်လာသကဲ့သို့ အောက်သို့ တိုက်ရိုက်ဆင်းသက်လာခဲ့သည်။

ရွှမ်း !!!!

ကြီးမားကျယ်ပြန့်သော ဓားအလင်းသည် မှောင်ရိပ်သန်းနေသော ကောင်းကင်ကြီးအား ဖြတ်တောက်သွားသည်ကို မြင်လိုက်ရသည်။

ဓားစွမ်းအင်၏ ကြွေးကြော်သံ နှင့်အတူ ဤနေရာတစ်ခုလုံးကို ဗလာကျင်းလိုက်သလိုပင်။

ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်၏ ပေါက်ကွဲသံနှင့်အတူ ၊ကြီးကျယ်ခမ်းနားပြီး အဖျက်စွမ်းအားကြီးမားသော ဓားသည် ကောင်းကင်မှ မြေကြီးပေါ်သို့ သက်ဆင်းလာသည်။

အဝေးကလူတိုင်း အလွန် ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုကို တွေ့လိုက်သည်။

ထိုဒေသတွင် ကြယ်စုကြီး တစ်ခု ကျရောက်လာခဲ့သည့်အတိုင်း ၊ တောက်ပသောအလင်းရောင်သည် ပင်လယ်သေ ဧရိယာတစ်ဝှမ်းလုံးကို နေ့ဘက်အလင်းရောင်အဖြစ် အချိန်တိုအတွင်း ပြောင်းလဲပစ်ခဲ့သည်။

……

တိုက်ပွဲအဆုံးတွင် ၊ အရာအားလုံး ပြန်လည် ငြိမ်သက်သွားခဲ့သည်။

စူးချန်ကဲသည် ထန်ဝူအာကို ကာကွယ်ပေးထားခဲ့သည်။

ဤနေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက် နေခဲ့သည်။

ဓားမှထွက်လာသော အဖြူရောင် အခိုးအငွေ့မှလွဲ၍ မင်ထျန်းဇီ နှင့် ကွေထျန်းဇီတို့မှာ အပြီးတိုင် ပျောက်ကွယ်ခဲ့ပြီပင်။

ဤကမ္ဘာပေါ်တွင် တစ်ခါမှ ထွက်ပေါ်လာခဲ့ခြင်း မရှိသလိုမျိုး အစအန မကျန် ဖျက်စီးခံလိုက်ရသည်။

သို့သော် စူးချန်ကဲသည် မိုးကုတ်စက်ဝိုင်း တစ်နေရာကို မျှော်ကြည့်ရင်း မျက်မှောင်ကြုတ်သွားသည်။

“ဒုက္ခပါပဲ၊ ထိန်းမနိုင်သိမ်းမရဖြစ်ပြီး အတော် ဆူညံသွားပုံပဲ”

စူးချန်ကဲသည် ထန်ဝူအာ နှင့်အတူ နောက်တစ်ကြိမ် ထပ်မံ ရှောင်ပြေးရန် ဟန်ပြင်လိုက်သည်။

ထိုစဉ် ၊ လူငယ်တစ်ယောက်၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။

“ ကျွန်တော် ပီအန့်မျိုးနွယ်စုက လူကြီးမင်းတို့ကို ကူညီပေးချင်ပါတယ် “

အပိုင်း(၂၆၅): နတ်ဘုရားအချုပ်ထောင် နန်းတော် ပျောက်ကွယ်သွားခြင်း ၊ဆရာတူအစ်မကို ဆုံးဖြတ်ခိုင်းမယ် ၊ လု နတ်ဘုရားမ

စူးချန်ကဲသည် အသံလားရာဘက်ကို လှည့်ကြည့်လိုက်သည်။

ဖြူစင်သော အသားအရည် ၊ ဖြောင့်မတ်သော ကိုယ်ဟန်အနေအထား ၊ ချောမောသော အသွင်အပြင် ရှိပြီး ငွေဖြူရောင် ဆံနွယ်များကိုပိုင်ဆိုင်ထားသည့် အမျိုးသားတစ်ဦး ‌ထွက်ပေါ်လာခဲ့သည်။

အထူးသဖြင့် သူဝတ်ဆင်ထားသော ၀တ်စုံမှာ အလွန် ထူးဆန်းပေသည်။ ဝတ်စုံပေါ်တွင် ရွှေချည်များဖြင့် ချုပ်လုပ်ထားသော ပန်းပွင့် ပုံသဏ္ဍာန်တစ်ခု ရှိသည်။

ထိုလူ၏ ဘေးတွင် ငွေဖြူရောင် ဆံနွယ်များ နှင်အတူ ထူးခြားဆန်းကြယ်သော သွေးလရောင်ကဲ့သို့ စွဲမက်ဖွယ်ကောင်းသည့် မျက်ဝန်းများကို ပိုင်ဆိုင်ထားသော ချစ်စရာမိန်းကလေးငယ် တစ်ဦးလည်း ရှိပေသည်။

ငွေဖြူရောင် ဆံနွယ်များကို ကျစ်စံမြီးကျစ်ထားသော ‌အမျိုးသား၏ မျက်လုံးများက စူးချန်ကဲကို အခါအားလျော်စွာ ကြည့်နေတတ်သည်။ သူ၏ အကြည့်ထဲတွင် ကြောက်ရွံ့မှုအပြင် စူးစမ်းလိုစိတ်များလည်း ပါဝင်နေသည်။

“ပိအန့်မျိုးနွယ်စု?”

စူးချန်ကဲက အေးစက်စွာဖြင့် ဆိုလိုက်သည်။

“ မင်းတို့က ဘယ်သူလဲ ၊ ဘာလို့ ငါ့ကို ကူညီချင်တာလဲ”

အမျိုးအမည်မသိသော ဇစ်မြစ်ရှိသူကို သူ့အနေဖြင့် ယုံကြည်ဖို့ရာ မဖြစ်နိုင်ပေ။

လူငယ်လေးက ရိုသေလေးစားစွာဖြင် ထပ်ဆိုလေသည်။

“ လူကြီးမင်းအနေနဲ့ အတွေးများဖို့ မလိုပါဘူး ၊ ကျွန်တော်မှာ မကောင်းလိုစ်ိတ်မရှိပါဘူး ၊ ကျွန်‌တော် လာခဲ့တာလည်း လူကြီးမင်းကို ကူညီပေးဖို့အတွက်ပါပဲ”

“ ဘာလို့လဲဆိုတော့ လူကြီးမင်းက ကျွန်တော်တို့ မျိုးနွယ်စုက ဟောကိန်းထုတ်ထားတဲ့ လူမို့လို့ပါ ၊ ကျွန်တော်တို့ မျိုးနွယ်စု ထွန်းကားဖို့ မျှော်လင့်ချက် တစ်ခုဖြစ်ပြီး လူကြီးမင်းကို ကူညီပေးဖို့ ကျွန်တော်တို့ကို ညွှန်ကြားထားပါတယ်”

ထိုစကားကို ကြားပြီးနောက်၊ စူးချန်ကဲ ပို၍ပင် စိတ်ရှုပ်သွားသည်။

ဟောကိန်းထဲက လူ?

ဘယ်လိုဖြစ်ပြီး တခြားသူရဲ့ ဟောကိန်းထဲ ကျုပ်က ဝင်ပါသွားပြန်ပြီတုန်း?

ကိုယ်ပြုမှုလိုက်တဲ့ အခြားအကြောင်းတရားရဲ့ သက်ရောက်မှုကြောင့်များလား?

စူးချန်ကဲ တစ်ယောက် အသေးစိတ် မစဉ်းစားနိုင်သေးခင်မှာပဲ ၊ မိုးကုတ်စက်ဝိုင်း တစ်နေရာမှ အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။

အားကြီးသော ရောင်ဝါလှိုင်းများက ဟင်းလင်းပြင် ကွက်လပ်မှ ပျံ့နှံ့ထွက်ပေါ်လာသည်။

“ဒီကောင်တွေ ရောက်လာတာ အတော်မြန်သကိုး ....”

“ အခု ငါသာ အာကာသ စီးတော်ယာဉ်ကို သုံးလိုက်ရင် ငါ့ရဲ့ သရုပ်မှန် ပေါ်သွားမှာကို စိုးရိမ်ရတယ် “

“ ကိစ္စက ဒီထိရောက်လာပြီ ဆိုမှတော့ ၊ ကြည့်ရတာ ဒါက အကောင်းဆုံး နည်းလမ်းပဲနဲ့ တူတယ်...”

ထိုအကြောင်းကို စဉ်းစားပြီးနောက် စူးချန်ကဲသည် ခေါင်းညိတ်လိုက်ပြီး လက်နှစ်ဖက် ယှက်ကာ ဆိုလိုက်သည်။

“ ဒီလိုဆိုမှတော့ ၊ ဒါဆို ခင်ဗျားကိုပဲအနှောင့်အယှက် ပေးရတော့မယ် “

သူ့အတွက် စိတ်ပူစရာမရှိချေ။ အကယ်၍ တစ်ဖက်လူသည် လှည့်ကွက်များ အသုံးပြုခဲ့ပါက ၊

ဒါဆို သူသည် ဘိုးဘေးပေးထားသည့် ဝှက်ဖဲကို ထုတ်သုံးပေမည်။

“ လူကြီးမင်း စိတ်ချပါ”

“ ပိုင်လီ မင်းကိုပဲ အားကိုးရတော့မယ်”

ငွေဖြူရောင် ဆံနွယ်ပိုင်ရှင် အမျိုးသားသည် သူ့ဘေးက မိန်းကလေး၏ ခေါင်းကို ပွတ်သပ်လိုက်သည်။

“ပိုင်ဇစ် ကိုကို ၊ စိတ်ချလိုက်...”

ပိုင်လီ အမည်ရသော မိန်းကလေးသည် သူမ ခေါင်းအား ညင်သာစွာ ပွတ်သပ်နေသည့်အပေါ် နှစ်သက်ပုံရကာ သဘောကျစွာ ပြုံးရယ်နေလေ၏။

သူမ၏ လက်ဖဝါးထဲတွင် အာကာသ မှော်သင်္ကေတများက တဖျပ်ဖျပ် ခတ်သွားပြီး ၊ ထို့နောက် ဟင်းလင်းပြင်ကွက်လပ်ထဲမှ ကျောက်စိမ်းတောင်ဝှေးကို ဆွဲထုတ်လိုက်သည်။

သူမသည် တစ်စုံတစ်ခုကို ရွတ်ဆိုလိုက်သည်။

ဝီ——

မှော်သင်္ကေတများက သူမကို ရစ်ဝဲနေကာ ၊ သူမ၏ ခန္ဓာကိုယ်မှ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာသည်။

ပြင်းထန်သော အာကာသစွမ်းအင်သည် စွမ်းအားတစ်ခုကဲ့သို့ လွှမ်းခြုံသွားခဲ့သည်။

ထိုစွမ်းအားကို ခံစားလိုက်ရသော စူးချန်ကဲမှာ အနည်းငယ် အံ့အားသင့်နေသည်။

“ဟင်းလင်းပြင် ကိုယ်ထည်?!”

ဟင်းလင်းပြင် ကိုယ်ထည် ဆိုသည်မှာ မဟာသူတော်စင် ကိုယ်ထည် ကိုးပါးအနက် ထင်ရှားကျော်ကြားသော ကိုယ်ထည်ပင် ဖြစ်သည်။

ယင်းအရာကို ပိုင်ဆိုင်သောသူသည် အာကာသဆိုင်ရာ စွမ်းရည်များကို ပိုင်ဆိုင်ကြပြီး ၊ တခဏချင်း မိုင်ထောင်ချီ ခရီးထွက်နိုင်သည့် ‌ရှေးဟောင်း ဖိန် မျိုးနွယ်စုများပင်လျှင် ထိုသူတို့၏ ရှေ့မှောက်တွင် သေးသိမ်သည်ဟု ခံစားသွားရနိုင်သည်။

“ ကိုကို စိတ်ချ ၊ ဘာမှမခုခံနဲ့...လီအာ ရှင့်ကို ထိခိုက်အောင် မလုပ်ပါဘူး ...”

ပိုင်လီက တိုးတိုးလေး ဆိုလိုက်သည်။

အာကာသ နိယာမတရား၏ ကြွယ်ဝသော စွမ်းအားများ လျှံထွက်လာသည်ကို တွေ့လိုက်ရသည်။

စူးချန်ကဲတို့နှစ်ယောက်၏ ခြေရင်းတွင် ရှေးဟောင်း မှော်သင်္ကေတများဖြင့် ဖွဲ့စည်းထားသော ဖွဲ့စည်းပုံတစ်ခု ထွက်ပေါ်လာသည်။

ဝီ!

၎င်းတို့၏ ခြေအောက်တွင် တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီး ၊သူတို့ကို တင်းကျပ်စွာ ထုပ်ပိုးထားသည်။

အာကာသမုခ်ဝကို တခဏချင်း ဆောက်လုပ်ပြီးစီးသွားသည့်အတိုင်း အာကာသ လှိုင်းဂယက်များ ဖြစ်ပေါ်လာသည်။

ထိုအာကာသ မုခ်ဝ၏ အားပြင်းသော စုပ်ယူမှုနှင့်အတူ ၊သူတို့အားလုံးကို မျက်လုံးတစ်မှိတ်အတွင် အဝေးသို့ ပို့ဆောင်ပေးခဲ့သည်။

သူတို့အားလုံး ပျောက်ကွယ်သွားသည့် တစ်ချိန်တည်းမှာပင် ၊

အဆုံးမဲ့ နတ်ဆိုးဂူမှ လူများ ဤနေရာသို့ ရောက်ရှိလာခဲ့ကြသည်။

ဆိတ်သုဉ်းခြင်းမှလွဲ၍ လူတစ်ဉီးမျှပင် သူတို့ မတွေ့ခဲ့ရချေ။

ယင်းကြောင့် သူတို့အားလုံး ဒေါသတကြီး ဖြစ်ခဲ့ရပြီး ၊ ကျိန်‌ဆဲနေကြလေသည်။

“ သေစမ်း!လူရော! ?ဘာလို့ မတွေ့ရတာလဲ!?”

“ စောနလေးကတောင် ရနေခဲ့တဲ့ ရောင်ဝါကခဏအတွင်း ပျောက်သွားတာလား !?”

လူတစ်ယောက်သည် လက်သင်္ကေတ တစ်ခုကို အသက်သွင်းခဲ့ပြီးနောက် မျက်မှောင်ကြုတ်သွားခဲ့သည်။

“တစ်စုံတစ်ယောက်က ဟင်းလင်းပြင် ရွေ့လျား စွမ်းအားကို အသုံးပြုခဲ့ပုံပဲ ၊ ကြည့်ရတာ နေရာရွေ့ပြောင်းခြင်း မှော်အစီအရင်ကို သုံးပြီး လွတ်မြောက်သွားပုံပဲ!”

“ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၊ နေရာရွေ့ပြောင်းခြင်း မှော်အစီအရင်ကို တည်ဆောက်ဖို့ နာရီဝက်လောက် အချိန်ယူရတယ် ၊ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မှာလဲ ? “

…..

တစ်ချိန်တည်းမှာပင် ။

နတ်ဘုရားအချုပ်ထောင် နန်းတော် ၊

ပျက်စီးယိုယွင်းနေသော နန်းဆောင်ထဲမှ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။

“ တကယ်ကို သေသင့်တဲ့ဟာတွေ !!!”

ထို့နောက် ချက်ချင်းဆိုသလိုပင် ၊ ကြောက်မက်ဖွယ်ကောင်းသော တစ္စေစွမ်းအင်များ ထွက်ပေါ်လာပြီး မူလကတည်းက ပျက်စီးနေခဲ့သော ခန်းမကြီးကို အပျက်အစီးအဖြစ်သို့ လုံးဝ ကျရောက်သွားစေခဲ့သည်။

ရာဇပလ္လင်ပေါ်ထိုင်နေသော အမျိုးသားကြီးသည် သူ့ပါးစပ်ထဲက သွေးများကို ထွေးထုတ်လိုက်သည်။

သူ၏ အသက်ရှုနှုန်းမှာ အလွန် နှေးကွေးနေပြီပင်။

အဘယ်ကြောင့်ဆိုသော် သူ၏ တျန်ထျန်း (ကျင့်ကြံသွေးကြော အမှတ် ) သည် ယခင်ကတည်းက ကျန့်ရှင်းဘိုးဘေး၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး ၊ ယခင်ကနှင့်မတူဘဲ သူ၏ ကျင့်ကြံစွမ်းအားမှာ လွန်စွာ နိမ့်ကျနေခဲ့ပြီပင်။

နန်းတော်သခင်သည် ယခုလေးတင် မင်ထျန်းဇီ နှင့် ကွေထျန်းဇီတို့၏ အငွေ့အသက်များ လုံးဝ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။

“ဟိုအကောင်လက်ချက်ပဲ ဖြစ်မယ်!”

နန်းတော်သခင်၏ မျက်လုံးများမှာ လွန်စွာ အေးစက်နေသည်။ သူသည် ရှေးဟောင်း နည်းလမ်းစဉ်စာအုပ်ကို ရယူနိုင်ရန်အတွက် မင်ထျန်းဇီ နှင့် ကွေထျန်းဇီတို့ကို လေလံပွဲသို့ စေလွှတ်ခဲ့သည်။

နောက်ပိုင်း သူ ကြားသိခဲ့ရသည်မှာ အမည်မသိ အင်အားစုမှ ဆင်းသက်လာသူ တစ်ဦးမှ ထိုစာအုပ်ကို သိမ်းယူသွားသည့် သတင်းပင်။

နောက်ဆုံးတွင် ညှိနှိုင်းပြီးနောက် ၊ ၎င်းတို့ နှစ်ဦးသည် ထိုစာအုပ်ကို လုယူရန် သဘောတူခဲ့ကြသည်။

မထင်မှတ်ပဲ၊ နောက်ဆုံးလက်ကျန် ဖြစ်သော သူတို့နှစ်ဦးကို ဆုံးရှုံးလိုက်ရသည်။

ယင်းက နတ်ဘုရားအချုပ်ထောင် နန်းတော်၏ နောက်ဆုံး မျှော်လင့်ချက်များကို လုံးလုံးလျားလျား ချိုးဖျက်ပစ်လိုက်ခြင်းပင် ဖြစ်သည်။

ယင်ထျန်းဇီ ၊ မင်ထျန်းဇီ နှင့် ကွေထျန်းဇီတို့သည် သူ၏ နတ်ဘုရားအချုပ်ထောင် နန်းတော်တွင် အပြောင်မြောက်ဆုံးသော အရည်အချင်းများကို ပိုင်ဆိုင်ထားခဲ့သည့် ထိပ်တန်း ပါရမီရှင်များ ဖြစ်ပါသော်လည်း ၊ ယခုတွင်မူ သူတို့အားလုံး သေဆုံးခဲ့လေပြီ။

နန်းတော်သခင်၏ ပါးစပ်ထောင့်တွင် သွေးများ စွန်းထင်းနေပြီး ၊ သူ၏ မျက်လုံးများမှာ လူသတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

“ သေချာပေါက် အဲ့အကောင်ပဲ ၊ အဲ့အကောင် မရဏကမ္ဘာကို ရောက်လာတာ ဖြစ်ရမယ် ! !”

“ အဲ့အကောင်မှာ အရိုးပင်လယ် မှော်ပုလွေ ရှိတယ် ၊ သေချာပေါက် အဆုံးမဲ့ အရိုးဖြူ ပင်လယ်ဆီကို သွားလိမ့်မယ်....”

“ သေနာကောင် ၊ သေတဲ့အထိ တိုက်ချင်မှတော့ ငါလည်း ဆုံးခန်းတိုင်အောင် အဖော်ပြုပေးရုံပေါ့ ! “

“ လာကြစမ်း !”

ဟင်းလင်းပြင် ကွက်လပ်ထဲတွင် မှောင်မဲနေသော ဝဲဂယက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ၊အထဲမှ တစ်စုံတစ်ယောက် ထွက်လာခဲ့သည်။

“ ထုတ်ပြန်လိုက် ၊ ကွေးယွမ်ရဲ့ စူးချန်ကဲက အထောက်အထားတု သုံးပြီး မရဏကမ္ဘာမှာ ရှိနေတယ် ၊ သူ့လက်ထဲမှာ အရိုးပင်လယ် မှော်ပုလွေ ရှိထားတယ်လို့ “

“ ပြီးတော့ တစ္စေဓားအမတရှင်ရဲ့ အမွေကို ဆက်ခံခဲ့တဲ့ စူးဝေ ဆိုတဲ့ လူက သူပဲ ဖြစ်နိုင်တယ်လို့ လူသိရှင်ကြား ကြေညာလိုက် ၊ သူတို့ကို...”

သို့သော် စကားမဆုံးသေးခင် ၊

သွေးအန်သံ!!

ဓားအလင်းသည် ဖျက်ခနဲ့ ဝင်းလက်သွားသည်။

ကမ္ဘာကြီးသည် ရေဆေးပန်းချီကားတစ်ချပ်လိုပင် အေးခဲသွားပုံ ရပေသည်။

တစ်စုံတစ်ခုကို ထုတ်ပြောရန် ဟန်ပြင်နေခဲ့သော နန်းဆောင်သခင်မှာ အံ့ဩထိတ်လန့်နေသည်။

သူ့မျက်လုံးများမှာ ပြူးကျယ်လျက် ၊ သူ့ လည်ပင်းကို ညာလက်ဖြင့် ဖုံးအုပ်ထားသည်။

“ မင်း....”

ကလပ်——

အရိုးနှင့် အသားများ အဆစ်လွဲသွားသည့် အသံကို သူ ကြားလိုက်ရပြီး ၊ သူ့မျက်စိရှေ့က ကမ္ဘာကြီးသည် ဖြည်းဖြည်းချင်း မည်းမှောင်ကျသွားခဲ့သည်။

လေးလံသော အရာတစ်ခု အောက်သို့ ပြုတ်ကျသွားသည့် အသံအတိုင်း ထွက်ပေါ်လာသည်။

နတ်ဘုရားအချုပ်ထောင် နန်းတော် အရှင်သခင်၏ ဦးခေါင်းသည် ထိတ်လန့်တုန်လှုပ်နေသော အမူအယာဖြင့် မြေပြင်ပေါ်သို့ တိုက်ရိုက် လှိမ့်ကျသွားခဲ့ချေပြီ။

“ တော်လိုက်တဲ့ လိမ္မာပါးနပ်မှု ၊မင်းတို့ကောင်တွေက မရိုးသားတဲ့ကောင်တွေမှန်း ငါသိနေတယ် “

ဟင်းလင်းပြင် ကွက်လပ်ထဲမှ ထွက်လာခဲ့သော ထိုအနှီသူ၏ ရုပ်သွင်မှာ တစ်ဖန်ပြောင်းလဲသွားသည်။ ထိုသူမှာ ကျန့်ရှင်းဘိုးဘေးပင် ဖြစ်သည်။

“ အစကတော့ မင်းတို့ကို ချန်ကဲရဲ့ ဓားသွေးကျောက် လုပ်ခိုင်းပြီး အသက်ကို ချမ်းသာပေးမလို့ပဲ “

ကျန့်ရှင်းဘိုးဘေး၏ မျက်လုံးများမှာ အေးစက်လွန်း‌ပေသည်။

“မင်းတို့က ဒီစည်းကမ်းကို မလိုက်နာချင်မှတော့ ဒါဆို အခုကစပြီး နတ်ဘုရားအချုပ်ထောင် နန်းတော်ဆိုတာ လုံးဝ ပျောက်ကွယ်သွားပြီပဲ “

ကျန့်ရှင်းဘိုးဘေးသည် သူ၏ ကျင့်ကြံစွမ်းအားဖြင့် ဖောက်ခွဲတော့မည့်အချိန် ၊

ဤနေရာရှိ ထူးဆန်းသော ပျက်သုန်းခြင်းအငွေ့အသက်များက သူ့ကို အခိုင်အမာ ဖုံးလွှမ်းထားသည်ကို သူ သတိပြုမိခဲ့သည်။

ကျန့်ရှင်းဘိုးဘေး၏ နှုတ်ခမ်းသားတို့မှာ အနည်းငယ် ကွေးညွှတ်သွားပြီး လှည့်ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် အဆုံးမရှိသော ဓားဆန္ဒများက မြှင့်တတ်လာနေသည်။

“ဒီစည်းမျဉ်းကို သတ်မှတ်ပြီးပြီ ၊ တကယ်လို့ ငရဲနန်းတော် နဲ့ မြေအောက်ကမ္ဘာက အခြားသူရဲ့ ကိစ္စကို ဝင်ရောက်စွက်ဖက်ချင်သေးရင် “

ကျန့်ရှင်း ဘိုးဘေး က တချက်‌ပြုံးလိုက်သည်။

“ဒါဆို ငါ့ရဲ့ ဆရာတူအစ်မကို ခေါ်ပြီး ဒီကိစ္စကို ဆုံးဖြတ်ခိုင်းမယ်”

ထိုစကားတစ်ခွန်း ထွက်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

မူလက အုပ်စိုးနေခဲ့သော ပျက်သုန်းခြင်း ရောင်ဝါတို့သည် ပျောက်ချင်းမလှ ပျောက်ကွယ်သွားသည်။

ဘာကိစ္စမှ မဖြစ်ခဲ့သည့်အတိုင်း။

ထိုမြင်ကွင်းကို ကြည့်ရင်း ကျန့်ရှင်းဘိုးဘေးက ရယ်လေသည်။

“ ဝကယ်ကို ပျင်းစရာကောင်းတယ် ၊ လတ်စသတ်တော့ မင်းတို့ကောင်တွေမှာလည်း ပူပန်သောက ရှိတာပဲလား?”

“ အစက ဒီအခွင့်အရေးကို သုံးပြီး ဆရာတူ အစ်မကို နိုးမလို့ပဲ ၊ ကြည့်ရတာ မင်းတို့က ဒီအခွင့်အရေးကို ငါ့ကို မပေးဘူးပဲ”

ချူးကျန့်ရှင်းသည် သူ့လက်ကို မြှောက်တင်လိုက်သည်နှင့် ၊ သူ့လက်ထဲတွင် ရှေးဟောင်း ဓားရှည်တစ်လက် ပေါ်ထွက်လာခဲ့သည်။

ရွှမ်း!!

အလွန်ရိုးရှင်းသော ဓားအလင်းသည် မှောင်ရိပ်သန်းနေသော ကြယ်တာယာ ကောင်းကင်ယံ၌ ပထမဆုံး အလင်းရောင်အဖြစ် ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

ဓားစွမ်းအင်များ အဆက်မပြတ် တသိမ့်သိမ့် ရိုက်ခတ်လာသည်နှင့်အမျှ အလင်းရောင်သည် ပို၍ တောက်ပလာသည်။

နတ်ဘုရားအချုပ်ထောင် နန်းတော်၏ ခန်းမဆောင်ကို ဗဟိုပြု၍ ဓားစွမ်းအင်လှိုင်းများသည် နေရာအနှံ့ ပျံ့နှံ့သွားခဲ့သည်။

ဓားဖြတ်သန်းသွားလေရာ နေရာတိုင်း အရာအားလုံးသည် ဗလာနိတ္ထိ အဖြစ်သို့ ပြောင်းလဲခံခဲ့ရသည်။

နတ်ဘုရားအချုပ်ထောင် နန်းတော် တည်ရှိရာ နယ်မြေသည် တစ်စစီ ချေမှုန်းခံလိုက်ရချေပြီ ။

သူတို့၏ နောက်ဆုံးလက်ကျန် ဘိုးဘွားပိုင် နယ်မြေတောင်မှ ထိုဓားအလင်းကြောင့် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ရပြီး ကြယ်ရောင်စုံသော ကောင်းကင်ကြီးအောက်တွင် လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့သည်။

နှစ်ပေါင်းထောင်ချီကြာ အမွေဆက်ခံလာခဲ့သည့် နတ်ဘုရားအချုပ်ထောင် နန်းတော်သည် ဤလောကတွင် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

သို့သော် အစမှ အဆုံး ၊ ငရဲနန်းတော်နှင့် မြေအောက်ကမ္ဘာတို့သည် မည်သည့် ဝင်ရောက်စွက်ဖက်မှုမျိုးကိုမှ မပြုလုပ်ခဲ့ချေ။

ချူးကျန့်ရှင်း၏ ဆရာတူ အစ်မအကြောင်းကို သူတို့ အားလုံး ကောင်းကောင်းကြီး သိပေသည်။

လု နတ််ဘုရားမသည် တစ်ချိန်က တိုက်မြေ သုံးထောင် တစ်ခုလုံးကို ထိတ်လန့်ကြောက်ရွံ့စေခဲ့သည့် ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်သည်။

အပိုင်း(၂၆၆):အဆုံးမဲ့ အရိုးဖြူ ပင်လယ်၊ ယုံမင် ကြက် ၊ နတ်ဖီးနစ်ဌက်?

တစ်ချိန်တည်းမှာပင်၊ မရဏကမ္ဘာ၏ လျှို့ဝှက်နယ်မြေ၌

ဤနယ်မြေသည် မြေအောက်တွင် ရှိနေပုံရကာ ၊ ချွန်ထက်နေသော ကျောက်တုံးရိုင်းများသည် မြေပြင်၌ ဆူးပင်များသဖွယ် ဖြစ်တည်နေသည်။

ချော်ရည်များနှင့် အတူ ပွက်ပွက်ဆူနေသော မီးလျှံ ရှိပေရာ ၊ ၎င်း၏ ပူပြင်းသော အပူချိန်သည် ဤအမှောင်နယ်မြေကြီးကို လောင်မြိုက်နေသည်။

အထူးသဖြင့်၊ ကမ္ဘာ့မြေအောက်လွှာတွင် ရှိနေသော ကျောက်ရည်ပူ မြစ်ကြီးသည် တောက်လောင်နေသော ငရဲကြီးနှင့် တူပေသည်။

အနက်ရှိုင်းဆုံး အပိုင်းတွင် ရံဖန်ရံခါ ထွက်ပေါ်လာတတ်သည့် သရဲတစ္ဆေအသံများက လူကို ထိတ်လန့်စေသည်။

ကြီးမားသော သွေးနီရောင် နန်းတော်ကြီးသည် ကျောက်ရည်ပူများနှင့် ဝန်းရံထားသော နေရာတစ်နေရာတွင် ကြီးကျယ်ခမ်းနားစွာ ရှိနေသည်။

မရေမတွက်နိုင်သော အပြစ်မဲ့ဝိညာဉ်များဖြင့် ဖွဲ့စည်းထားသော ကြီးမားသော ကမ္ဗည်းပြားပေါ်တွင် ‘ ငရဲနန်းတော် ‘ ဟူ၍ စာလုံးသုံးလုံး ရေးထွင်းထားသည်။

ငရဲနန်းတော်၏ အနက်ရှိုင်းဆုံး နေရာတွင်၊ အသက်အရွယ် ကြီးရင့်သူ လူအချင်းချင်း စကားပြောနေကြသည်။

“ ကွေးယွမ် သူတော်စင် နယ်မြေက တဖြေးဖြေးနဲ့ လွန်လွန်းလာပြီ ၊ နတ်ဘုရားအချုပ်ထောင် နန်းတော် ဆိုတာကလည်း ငါတို့ မရဏကမ္ဘာရဲ့ အဖွဲ့ဝင်ပဲလေ ၊ ဒါပေမယ့် သူတို့ ဖျက်ဆီးတာကို ခံလိုက်ရတယ် ၊ ဒါ ငါတို့ကို အလေးအနက် မထားတာပဲ”

“ ဟွန်း အဲတော့မင်းက ဘာလုပ်ချင်လို့လဲ ၊ ကွေးယွမ် သူတော်စင် နယ်မြေ နဲ့ တစ်ပွဲတစ်လမ်း ဆင်နွဲချင်လို့လား?”

ထိုစကားသည် ရှေ့ကလူကို ပါးစပ်ပိတ်သွားစေသည်။

မကျေနပ်သော အမူအယာဖြင့် ၊ ထိုလူက ထပ်ဆိုလိုက်ပြန်သည်။

“ဒါဆို ဒီတိုင်းပဲ ထားလိုက်ရမှာလား ၊ ကွေးယွမ် သူတော်စင် နယ်မြေရဲ့ အပြုအမူက အတော်လေး လွန်လွန်းနေပြီ ၊ သူတို့ပါးစပ်ကတော့ စည်းမျဉ်းတွေကို ဖောက်ဖျက်တယ်လို့သာ ပြောနေတာ ၊ တကယ်တော့ သူတို့က အရင် စည်းမျဉ်းတွေကို ချိုးဖောက်နေတာ ဒီလောက် အသိသာကြီးကို ! “

“ဒီအကြောင်းကို ‌ နောက်မှ ပြောကြရအောင် ၊ အခုအရေးကြီးတာက ကွေးယွမ် သူတော်စင် နယ်မြေ မဟုတ်ဘူး ၊ ငါတို့ ကျုံယုံ ဖွင့်လှစ်လာမယ့် အချိန်ကို စောင့်ပြီး လူဝင်စားမြစ်ထဲက ပစ္စည်းကို မျှားထုတ်ရမယ်”

….

ထိုစကား အပြီးတွင် ၊ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားသည်။

သို့သော် ဒီတစ်ခါတော့ အမျိုးသမီးတစ်ယောက်ရဲ့ အသံ ထွက်ပေါ်လာခဲ့သည် ။

“လူဝင်စား မြစ်ထဲမှာ ပစ္စည်းများကြီး မြှုပ်နှံထားတယ် ၊ ပြောသံကြားတာတော့ အဲ့ထဲမှာ ကောင်းကင်လမ်းစဉ်ရဲ့ အပိုင်းအစ ရှိနေတယ်ဆိုပဲ “

“ တကယ်လို့ ကျွန်မတို့ ထပ်ပြီး ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ နဲ့ ပဋိပက္ခ ဖြစ်ရင် ဘယ်လိုလုပ်မလဲ”

“ ဟားဟား....”

နောက်ထပ် အသံတစ်ခု ထပ်ထွက်လာသည်။၎င်း၏ လေသံမှာ အတော် အသက်ကြီးရင့်ပုံပေါ်သည်။

“ ကောင်းကင်လမ်းစဉ် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ ဆိုလည်း ဘာဖြစ်တုန်း ၊ ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်း နဲ့ နတ်ဆိုးနယ်မြေက တပ်မက်ခြောက်ပါး ဗိမ္မာန်ကလည်း လူဝင်စားမြစ်ကို စိတ်ဝင်စားနေတာ မဟုတ်ဘူးလား”

“ ဘာကိုပဲ ပေးဆပ်ရ ပေးဆပ်ရ ၊မျိုးဆက် သုံးဆက် ကြေးခေါင်းတတလားကို ငါတို့ သေချာပေါက် ယူမှဖြစ်မယ် “

“ဒါပေမယ့် အဲဒီမတိုင်ခင်မှာ၊ ငါတို့ ငရဲနန်းတော်နဲ့ မြေအောက်ကမ္ဘာက တခြားအရာတွေကို ဘေးဖယ်ထားပြီး အတူတကွ ပူးပေါင်းမှ ဖြစ်လိမ့်မယ်”

“ ဟွန့် ! စိတ်ချ မင်းတို့ဘက်က တခြား လှည့်ကွက်တွေ မရှိသ၍ ငါ့ရဲ့ မြေအောက်ကမ္ဘာက အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှာပါ”

…..

အဆုံးမဲ့ နတ်ဆိုးဂူ

တစ်ဖန် ဒေါသတကြီး အော်ဟစ်နေသံကို ကြားနေရပြန်သည်။

“ ဆောက်သုံးမကျတဲ့ကောင်တွေ ! အဲ့လူကို ခုထိ ရှာမတွေ့နိုင်ဘူးလား!?”

ရွှယ့်ရှားထျန်းသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အကန့်အသက်မဲ့ သွေးချီစွမ်းအင်များ တလိပ်လိပ် ထလာကာ ကြက်သွေးရောင် ခေါင်းတလားကြီး သဖွယ် ကျရောက်လာခဲ့သည်။

“သခင် အသက်ကို ချမ်းသာပေးပါ!”

လက်အောက်ငယ်သားများ၏ အမူအရာများမှာ ရုတ်တရက် ပြောင်းလဲသွားကြပြီး ၊ သနားစဖွယ် တောင်းခံလာကြသည်။

သို့သော် ရွှယ့်ရှားထျန်းသည် စာနာသနားခြင်း မရှိခဲ့ချေ။ ကြောက်စရာကောင်းသော စွမ်းအားများကို ချက်ချင်း ထုတ်သုံးလိုက်ပြီး ဒူးထောက်နေသော လက်အောက်ငယ်သားများကို နုတ်နုတ်စင်းထားသော အသားများ အဖြစ်သို့ ပြောင်းလဲပစ်ခဲ့သည်။

“ဖေဖေ...ဘာလို့ စိတ်ဆိုးနေပြန်ပြီလဲ”

ရွှယ့်လျန်သခင်မလေးသည် မျက်မှောင်ကြုတ်ကာ ဆက်ပြောလေသည်။

“ အဲ့လို ဒေါသကြီးတာ ကျန်းမာရေးကို ထိခိုက်ပါတယ် ‌ဆိုနေမှ ၊ အခင်းဖြစ်ပွားတဲ့ နေရာမှာ ကျန်ခဲ့တဲ့ ဓားစွမ်းအင်ကို ကြည့်ပြီး ပြောရရင် အဲ့လူက တကယ့်ကို တစ္စေဓားအမတရှင်ရဲ့ ဆက်ခံသူ စူးဝေပဲ “

“အခု သူ့မှာ မရဏလေးပါးထဲက အမွေတစ်ပါးကို ရခဲ့ပြီ ဆိုမှတော့ ၊ အဲ့လူ သေချာပေါက် အဆုံးမဲ့ အရိုးဖြူ ပင်လယ်ထဲမှာ ရှိတဲ့ အမွေအနှစ်တွေကို လက်လွတ်မှာ မဟုတ်ဘူး”

“ကျွန်မတို့အနေနဲ့ အဆုံးမဲ့ အရိုးဖြူ ပင်လယ် ဂိတ်ဝမှာ တပ်ဖြန့်ထားပြီး သူ ထောင်ချောက်ထဲကို ဝင်လာမယ့်အချိန်ကို စောင့်ဆိုင်းရုံပဲလေ”

သမီးဖြစ်သူ၏ စကားကို ကြားလိုက်ရချိန် ၊ မူလက ဒေါသထွက်နေခဲ့သော ရွှယ့်ရှားထျန်းသည် ချက်ချင်းလက်ငင်း သဘောပေါက်သွားသည်။

“ ဟုတ်သားပဲ ! ခုနက ဒေါသအရမ်းထွက်နေတာနဲ့ အဖေ ပေါ့ပေါ့တန်တန် လုပ်ခဲ့မိတယ်!”

ရွှယ့်ရှားထျန်းသည် သူမ၏ အကြံကို ထောက်ခံသော လေသံဖြင့်။

“ ငါ့သမီးက ဒီလိုနေရာတွေမှာ ရှင်းရှင်းလင်းလင်း မြင်တတ်ပါပေတယ် ! “

ရွှယ့်လျန် က မျက်ဖြူလှန်ပြလေသည်။ ဖခင်ဖြစ်သူသည် အမွေဆက်ခံသော ပညာရပ်ကို လေ့ကျင့်ထားသူ ဖြစ်သည်နှင့် အလျောက် ၊ ဒေါသကြီးသည်နှင့် တပြိုင်နက် သူ၏ သွေးချီစွမ်းအင်များက အခါအားလျော်စွာ တဟုန်ထိုး တက်လာတတ်သည်။

ဤအရာက လူကို ရူးသွပ်သွားစေသည့်အထိ ဖြစ်စေကာ ပုံမှန် ရိုးရှင်းသောအရာများကိုပင် မစဉ်းစားမိလောက်သည့်အထိ ဖြစ်သွားစေသည်။

“ လတ်စသတ်တော့ စူးဝေတဲ့လား .....?”

ရွှယ့်လျန်သခင်မလေး၏ လှပသော မျက်ဝန်းများမှာ လင်းလက်တောက်ပနေသည်။

စူးချန်ကဲ မှ မိမိအား ငြင်းပယ်ခဲ့သည်ကို ပြန်သတိရတိုင်း ၊ ထိုအရာက သူမကို အနည်းငယ် စိတ်လှုပ်ရှားသွားစေသည်။

ပထမဆုံးအကြိမ် ငြင်းပယ်ခံရသည့် ခံစားချက်က သူမ၏ တပ်မက်မှုကို ပို၍ ပြင်းထန်လာစေသည်။

“ငါ သေချာပေါက် နင့်ကို ရအောင်ယူမယ်... ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်...”

…..

တခြားတဖက်တွင် ၊

အဆုံးမဲ့ အရိုးဖြူ ပင်လယ်အစွန်းတွင် လူသူကင်းမဲ့သော တောင်ပေါ်၌။

“ အိုင်ယား နေ့လည်စာကတော့ ရှယ်ပဲ “

အရသာရှိလှသည့် နေ့လယ်စာ ဟင်းလျာကို နှစ်နာရီခွဲကြာ ကိုယ်တိုင်ပြင်ဆင်ခဲ့သော ယုံမင်ကြက် မှာ ၎င်း၏ တစ္ဆေခြေချောင်း အင်းဆက် အစားအစာကို စားသုံးတော့မည် ဖြစ်သည်။

T/N- ယုံမင် ကြက် - မြေအောက်ကမ္ဘာ ကြက်

ထိုစဉ် ဟင်းလင်းပြင် ကွက်လပ်ထဲမှ လှိုင်းဂယက်များ ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။

ယုံမင်ကြက် ခမျာ စဉ်းစားဖို့အချိန်ပင် မရလိုက်ချေ။

ဟင်းလင်းပြင် ကွက်လပ်ထဲမှ လူနည်းစု ပြုတ်ကျလာခဲ့ပြီး ၊ သူ၏ နေ့လည်စာ ဟင်းပွဲကြီးပေါ်သို့ တည့်တည့်မတ်မတ် ဆင်းသက်လာခဲ့သည်။

ဘုန်းခနဲ့ အသံနှင့်အတူ ၊

သူ ကြိုးစားပမ်းစား ပြင်ဆင်ထားခဲ့သော စားသောက်ပွဲကြီးမှာ တစ်စစီ ကြေမွသွားခဲ့သည်။

“အိုင်ယိုးး!! မင်းတို့ ဘာလုပ်တာတုန်း!!”

ယုံမင်ကြက် က ချက်ချင်းလက်ငင်း ဒေါသတကြီးဖြင့် ထဆဲလေသည်။

“ ချိုင်ချိုင်ဇီပဲ !”

ပိုင်လီသည် ဝမ်းသာအားရ အော်ပြောလိုက်ရင်း ၊ ယုံမင်ကြက်ကို ပွေ့ဖက်လိုက်သည်။

စူးချန်ကဲသည်လည်း သူ့ရှေ့က မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး ၊သူတို့အားလုံးသည် ယခုအခိုက်အတန့်တွင် တောနက်ကြီးထဲတွင် ရောက်ရှိနေသည်ကို သိလိုက်ရသည်။

ဤနေရာရှိ သစ်ပင်များသည် အလွန်ထူးဆန်းပေသည်။ ပင်စည် နှင့် အရွက်များမှာ အနက်ရောင် ဖြစ်သော်လည်း ဤနေရာတွင် အလွန်တောက်ပစွာဖြင့် ရှိနေသည်။

ဤထူးဆန်းသော သစ်ပင်များတွင် ဦးခေါင်းခွံနှင့်တူသော အသီးများ သီးနေကြသည်။ ထိုအသီးများမှ ဖြာထွက်နေသော အလင်းရောင်များသည် ဤအမှောင်နေရာကြီးကို အနည်းငယ် တောက်ပစေသည်။

“သခင်လေး ဟိုကို ကြည့်လိုက်!”

ထိုအချိန် ၊ ထန်ဝူအာ ၏ အာမေဋိတ်သံသည် စူးချန်ကဲကို စွဲဆောင်နိုင်ခဲ့သည်။

ထန်ဝူအာ ပြသ‌နေခဲ့သော ရှေ့က မြင်ကွင်းသည် စူးချန်ကဲကို အနည်းငယ် အံ့သြသွားစေသည်။

တကယ်တန်းတော့ သူတို့သည် တောင်ထိပ်တစ်ခုပေါ်သို့ ရောက်ရှိလာခဲ့ခြင်းပင် ဖြစ်သည်။

တောင်ထိပ်၏ မျက်နှာချင်းဆိုင်ဘက်တွင် အဆုံးမရှိသော သမုဒ္ဒရာကြီးကို မြင်တွေ့နေရသည်။

ခမ်းနားထည်ဝါသော လှိုင်းများက ပုတ်ခတ်လျက် ၊ ဤကမ္ဘာ‌ပြင်ကြီးထက်ကို ပို၍ ကြီးမား ကျယ်ပြန့်ပေသည်။

အထူးသဖြင့် ၎င်းအပေါ်တွင် အုံ့ဆိုင်းနေသော အဖြူရောင် အခိုးအငွေ့များက လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်ကို ပေးစွမ်းနေလေ၏။

အဆုံးမဲ့ အရိုးဖြူပင်လယ်၏ အလုံးစုံသော အရောင်မှာ အနက်ရောင်ပင် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ၊ လှိုင်းများက အပြာရောင် ပင်လယ်သမုဒ္ဒရာကြီး နည်းတူ ရိုက်ခတ်လှုပ်ရှား ထကြွနေသည်။

သို့သော် လူကို ပို၍ ထူးဆန်းစေသော အရာမှာ အနက်ရောင် ပင်လယ်ရေထဲမှ အဖြူရောင်လှိုင်းများ လှိမ့်ထွက်လာခြင်းပင် ဖြစ်သည်။

ဤအရာက စူးချန်ကဲ ကို အနည်းငယ် စိတ်ရှုပ်သွားစေသည်။ သူသည် အာရုံစူးစိုက်ကာ ကြည့်ရှုလိုက်သည်။ သူ၏ သူတော်စင် ခန္ဓာကိုယ်အသွေးအသား၏ စွမ်းအားသည် မိုင်ထောင်ချီအကွာအဝေးကိုပင် လှမ်းမြင်စေနိုင်သည်။

စူးချန်ကဲတစ်ယောက် သံသယများဖြင့် ထပ်မံ ကြည့်ရှုလိုက်သည်။

မြင်ကွင်းသည် အလွန်ကို ထူးဆန်းပေသည်။

သူ့ခေါင်းတစ်ခုလုံးကို ထုံကျင်သွားရလောက်တဲ့အထိ ဖြစ်ခဲ့ရသည်။

ယင်းအရာသည် အဖြူရောင်လှိုင်းလုံးကြီးမဟုတ်ဘဲ လက်အရိုးစုများပင် ဖြစ်သည်။

ထိုလက်အရိုးစုများသည် ဤနက်မှောင်သော ပင်လယ်ပြင်တွင် အဆက်မပြတ် ရုန်းကန်နေရပုံရပြီး၊ ပင်လယ်ပြင်မှ လွတ်မြောက်ရန် အသည်းအသန် ကြိုးစားနေကြသလိုပင်။

သို့သော် ယင်းတို့ကို မည်သည့်အရာက ချုပ်နှောင်ထားလဲ မသိ ။ လွတ်မြောက်ရန် မည်သို့ပင် ကြိုးစားပါစေ ပင်လယ်ရေ၏ ဝါးမြိုခြင်းကိုသာ ခံနေရသည်။

“ ပိုင်လီ ၊ ပိုင်ဇစ် မင်းတို့ ဒီကောင်လေးကို ဘယ်ကနေ ခေါ်လာတာတုန်း “

ထိုအချိန်တွင်၊ ယုံမင်ကြက်သည် စူးချန်ကဲကို သတိပြုမိလိုက်သည်။

“ ချိုင်ချိုင်ဇီ ၊ စကားပြောဆင်ခြင် ၊ ဒါက ငါတို့ မျိုးနွယ်စုရဲ့ အရေးကြီးတဲ့ ဧည့်သည်ပဲ!”

စူးချန်ကဲ ဒေါသထွက်သွားမှာကို ကြောက်နေပုံရကာ ပိုင်လီသည် ထိတ်လန့်တကြားဖြင့် ယုံမင်ကြက်၏ လည်ပင်းကို ဖမ်းကိုင်လိုက်သည်။

ပိုင်ဇစ်လည်း မြန်မြန်ဆန်ဆန် ထွက်လာပြီး ဖာထေးလိုက်သည်။

“ကျေးဇူးပြုပြီး အပြစ်မမြင်ပါနဲ့ ၊ ဒီယုံမင်ကြက်ကို ကျွန်တော်တို့ ညီအကိုမောင်နှမတွေက မွေးစားခဲ့တာပါ ၊ သူက တခါတလေ ထဖောက်တတ်တဲ့ အကျင့်ရှိတယ် ပြီးတော့ သူ့ကိုယ်သူ ဘယ်တော့မှ မသေနိုင်တဲ့ နတ်ဖီးနစ်ဌက်‌ဆိုပြီး ပြောနေတတ်တယ် ...”

ထိုအချိန်တွင်၊ ယုံမင်ကြက် သည်လည်း ပိုင်လီ ၏ ချုပ်နှောင်မှုမှ လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။

အသက်ရှူကြပ်သည့် ခံစားချက်ကြောင့် သူ့အသံသည် အနည်းငယ် ပြတ်သားနေသည်။

“ငါက မသေနိုင်တဲ့ ဖီးနစ်ဌက်ပါဆိုနေမှ ၊ မင်းတို့ကောင်‌တွေ မယုံကြဘူး ၊ ငါ့မှာ အမတသားရဲကောင်ရဲ့ အသွေးအသားတွေ ရှိတယ်ကွ!”

“အခု ငါဘယ်လောက်ရုပ်ဆိုးနေလဲ ဆိုတာကို မကြည့်နဲ့ ၊ အနာဂတ်မှာ ငါက နတ်ဖီးနစ်ဌက် တစ်ကောင် ဖြစ်လာပြီး သေအောင်ကို ချောမောလာလိမ့်မယ်!”

“နတ်ဖီးနစ်ဌက်?”

စူးချန်ကဲ၏ မသိစိတ်ကလည်း အလိုအလျောက် ပြောထွက်မိသွားသည် ။

“ သူကလား?”

သူ့အမြင်တွင်လည်း ဤယုံမင်ကြက်သည် အတော်လေးကို ရုပ်ဆိုးပေသည်။

အမည်မသိ အကြောင်းပြချက်တစ်ခုခုကြောင့် သူ့ခေါင်းမှာ ထိပ်ပြောင်နေပြီး ၊ အဆီများဖြင့် ဝတုတ်နေသည်။ အထူးသဖြင့် ကြက်တစ်ကောင်၏ နှုတ်သီးအတိုင်း ကွေးကောက်နေသည်။

သူ့ပုံစံမှာ အတော်လေးကို စုတ်စုတ်ပဲ့ပဲ့နိုင်လွန်းသည်။

【တင်း! ရွေးချယ်စရာ မစ်ရှင်

ရွေးချယ်မှု ၁ - ဤယုံမင်ကြက်ကို ကင်စားမယ်

ဆုလာဘ် : မသေနိုင်သော သွေးအနှစ်သာရ။

ရွေးချယ်စရာ ၂- ဤယုံမင်ကြက်ကို ကောင်းစွာ မွေးမြူပြီး နတ်ဖီးနစ်တစ်ကောင် ဖြစ်လာအောင် ကူညီပေးမည်

ဆုလာဘ်- ယုံမင်ဖီးနစ်ဥ ]

အပိုင်း(၂၆၇): မရဏကမ္ဘာရဲ့ အဖော် သားရဲကောင် ၊

“ ယုံမင်ဖီးနစ်ဥ?”

စူးချန်ကဲရင်ထဲ မိုးကြိုးတစ်လက် ပစ်ချလိုက်သလိုပင်။

ရှေးဒဏ္ဍာရီလာ တစ်ပုဒ်ကို သူကြားဖူးသည်။ဒဏ္ဍာရီအရ မရဏကမ္ဘာကို စတင်တည်ထောင်ခဲ့စဉ်က မရဏကမ္ဘာကို ကာကွယ်ရန်အတွက် မွေးမြူထားခဲ့သော ဒဏ္ဍာရီလာ သားရဲများစွာ ရှိခဲ့ဖူးသည်။

ယုံမင်ဖီးနစ်သည်လည်း ထိုသားရဲများထဲက တစ်ကောင်ဖြစ်သည်။ တခြားသားရဲကောင်များနှင့်ပတ်သက်ပြီး စူးချန်ကဲ သိပ်သေချာမသိပေ။အမှန်တော့ ခေတ်ကာလသည် ရှည်လျားလွန်းသဖြင့် လေ့လာဖို့ရန်မှာ မဖြစ်နိုင်ပေ။

သို့သော် ထိုအရာများထက် ​သူ့ကို ပို၍ စိတ်ပူစေခဲ့သော အရာတစ်ခု ရှိနေသည်။

သူ့ရှေ့က ဤထိပ်ပြောင်ကြက်သည် မသေနိုင်သော နတ်ဖီးနစ်ဌက်တစ်ကောင်ဖြစ်ပြီး ၊ သူ့ကို ယုံမင်ဖီးနစ်ဥတစ်လုံးကိုပင် ဆုပေးမည် ဟု စနစ်က ကြေညာလိုက်ခြင်းပင် ဖြစ်သည်။

“ ဒီထိပ်ပြောင်ကြက်က တကယ်ပဲ နတ်ဖီးနစ်တစ်ကောင်လား?”

စူးချန်ကဲသည် ယုံမင်ကြက်ကို ကြည့်ရင်း ညည်းညူလိုက်သည်။

“ ဟွန်း! ကောင်လေး မင်း အမြင်မဆိုဘူး ၊အရင်​က​ပြောခဲ့တဲ့ စကား​တွေကို ပြန်သိမ်းတယ် ၊ လတ်စသတ်တော့ မင်းက ချောရုံပဲချောတဲ့ ကောင်လေးမဟုတ်ဘူးပဲ “

ယုံမင်ကြက်သည် သူ့ခေါင်းကို မော့ထားပြီး ဂုဏ်ယူဝံ့ကြွားဟန်ဖြင့် ‌ဆိုလိုက်သည်။

သို့သော် ၎င်း၏ ဦးခေါင်းပေါ်ရှိ ထိပ်ပြောင်နေသော အကွက်သည် အလင်း ရောင်ပြန်ဟပ်နေပုံရကာ ၊ သူ့ကို ပို၍ ရုပ်ဆိုးသွားစေသည်။

“ ငါ ဒီယုံမင်ကြက်ကို ကင်စားလို့ရမလား?”

စူးချန်ကဲသည် ပိုင်လီကို ရုတ်တရက် ထမေးလိုက်သည်။

“အယ်?”

ပိုင်လီခမျာ ကြက်သေသေလျက် ရှိနေပြီး အချိန်အတိုင်းအတာ တစ်ခုထိ တုံ့ပြန်မလာခဲ့ပေ။ သူမသည် အကိုဖြစ်သူအား တိတ်တိတ်လေး လှမ်းကြည့်နေလေ၏။

“ငါလည်း ဒီထိပ်ပြောင်ကြက်ကို ကြည့်မရတာ အတော်ကြာနေပြီ ၊ လူကြီးမင်းက ကင်စားချင်တယ်ဆိုတော့လည်း ကင်စားကြတာပေါ့”

ပိုင်ဇစ်သည် ညီမဖြစ်သူ၏ ခေါင်းကို အသာလေး ပွတ်သပ်ရင်း ဆိုလိုက်သည်။

“လီအာ ၊ ဒီကောင် မင်းကို တစ်ချိန်လုံး အနိုင်ကျင့်နေတာ အသက်ရှင်ခိုင်းမနေနဲ့တော့ ၊ ကိုကို မင်းအတွက် သူ့ထက် ပိုကြည့်ကောင်းတာ ရှာပေးမယ်လေ “

ထိုအချိန် စူးချန်ကဲလည်း ရယ်မောစွာဖြင့် ဝင်ထောက်လေသည်။

“ ဟုတ်တယ် ၊ ငါလည်း မင်းအတွက် တကယ့် ဖီးနစ်ဌက်တစ်ကောင်ကို ရှာပေးမယ် ၊ဒီထိပ်ပြောင်ကြက် ထက် ပိုပြီးတောင် လှဦးမယ်”

“ ငါ့艹???”

ယုံမင်ကြက်ခမျာ နေရာမှာတင် ဆွံ့အနေလေ၏။ သူသည် တဖက်သားကို အရှက်ခွဲချင်ရုံမျှသာ ဖြစ်သော်လည်း ၊ တစ်ဖက်လူက သူ့ကို တကယ်ကြီး ကင်စားတော့မှာတဲ့လား?

ယုံမင်ကြက်သည် ဆုံးဖြတ်ချက်ချရန် စဉ်းစားနေပြီ ဖြစ်သော ပိုင်လီကို ကြည့်ရင်း ကမန်းကတန်း ကောက်ပြောလေသည်။

“ ရှောင်လီ မင်း အဲ့လို မရက်စက်နဲ့လေ! ငါတို့ငယ်ငယ်က နေဝင်ချိန်အောက်မှာ အတူတူ ပြေးလွှား ဆော့ကစားခဲ့တာတွေကို မင်း မေ့သွားပြီလား ? “

ထိုစကားက ပိုင်လီကို ခဏတာ တုံ့ဆိုင်းသွားစေသည်။ သို့သော် ယုံမင်ကြက်၏ ရုပ်ဆိုးလှသော အသွင်အပြင်ကို မြင်ရလျှင်ဖြင့် ၊

တုံ့ဆိုင်းနေခဲ့သော ခံစားချက်က ပျောက်ချင်းမလှ ပျောက်ကွယ်သွားပြန်သည်။

သူမသည် စူးချန်ကဲကို လှည့်ကြည့်ကာဆိုလိုက်သည်။

“ ကိုကိုပြောတာတကယ်လား ၊ လီအာအတွက် တကယ့် ဖီးနစ်ဌက်ကို ရှာပေးမှာလား ?”

“ သေချာတာပေါ့ ၊ ငါ မင်းကို အရမ်းလှတဲ့ တစ်ကောင်ပေးမယ်၊ ဒီထိပ်ပြောင်ကြက်ထက် ပိုပြီး ကြည့်ကောင်းစေရမယ် “

“ရှောင်လီ !”

ပိုင်လီ၏ စိတ်လှုပ်ရှားနေသော အမူအရာကို မြင်လိုက်ရတော့ ယုံမင်ကြက်မှာ လုံးဝ ထိတ်လန့်သွားသည်။

သို့သော် ပိုင်လီ၏ စကားတို့သည် ထပ်မံ ပြောင်းလဲသွားသည်။

“ ဒါပေမဲ့ ချိုင်ချိုင်ဇီ က ညီမနဲ့ ကြီးပြင်းလာခဲ့တာ.. မောင်နှမတွေလိုပဲ..”

“ ရှောင်လီ....”

ယုံမင်ကြက်ခမျာ အရမ်းဟက်ထိသွားသည်။ဒါမှ ငါ့ရဲ့ ညီအစ်ကိုကောင်းကွ!!

သို့သော် စာသားမှာ တစ်ဖန် ပြောင်းလဲသွားပြန်သည်။

“ နောက်ထပ် ဖီးနစ်တစ်ကောင်!”

“ ကောင်းပြီ ၊ အပေးအယူ အောင်မြင်ပြီ “

စူးချန်ကဲ က နူးညံ့စွာ ပြုံးရယ်လိုက်သည်။

ယုံမင်ကြက်ခမျာ မြေပြင်ပေါ်သို့ ပစ်လဲသွားလေတော့သည်။

ဘာတဲ့! နောက်ထပ် တစ်ကောင်!!

သူကိုယ်တိုင်က နတ်ဖီးနစ်တစ်ကောင်ပါ ဆိုနေမှ ၊ ဒါတင် ဘယ်ကမတုန်း အမတ သားရဲကောင်ရဲ့ အသွေးအသားကိုတောင် ပိုင်ဆိုင်ထားတာ သူက သွေးကွဲဖီးနစ် နှစ်ကောင်ထက်တောင် နှိုင်းယှဉ်လို့ မရဘူးတဲ့လား?

“ လီအာ သွား ! အမွေးသွားနှုတ်ပြီး ကင်လိုက် ဆား နဲ့ ငရုတ်ကောင်းလေးထည့်ဖို့ မမေ့နဲ့ ၊ ကျက်နေအောင် ကင် “

“ ဟုတ်ကဲ့ သခင်လေး”

ထန်ဝူအာသည် သူမ၏ကျင့်ကြံစွမ်းအားဖြင့် ယုံမင်ကြက်ကို ထိန်းချုပ်လိုက်ပြီး စတင် အမွှေးနုတ်လေသည်။

“ အမွှေးမနုတ်နဲ့လေ !ရပ်ဟဲ့ ! ဒါကငါ နှစ်များစွာ မွေးမြူလာတဲ့ ငါ့အမွှေးတွေ ဟဲ့!”

ယုံမင်ကြက် မည်သို့ပင် အော်နေပါစေ ၊ ထန်ဝူအာ၏ အမွှေးနှုတ်သည့် အရှိန်နှုန်းမှာ ပို၍ မြန်လာနေသည်။

“ လူငယ်လေး!!”

“ အစ်ကိုကြီး !!”

“ ‌ဖေကြီးရေ !!”

“ မနှုတ်ပါနဲ့‌‌တော့ ”

ထိုစကားကို နားထောင်ရင်း ၊ စူးချန်ကဲ တစ်ယောက် မအောင့်နိုင်ဘဲ ပြုံးရယ်နေလေ၏။

“ မင်းကိုယ်မင်း နတ်ဖီးနစ်ဌက်လို့ ပြောတယ်မလား?”

“ တ..တကယ်ပါ ၊ ငါက တကယ်ကို နတ်ဖီးနစ် တစ်ကောင်ပါ ၊ ဖေကြီးကို မလိမ်ရပါဘူး ဗျာ! “

ယုံမင်ကြက်သည် အခွင့်အရေး ရှာတွေ့သွားပုံရကာ သူ့ကိုယ်သူ မိတ်ဆက်ရန် အတတ်နိုင်ဆုံး ကြိုးစားရှာသည်။

“ ငါက တကယ်ကို အမတ သားရဲရဲ့ အသွေးအသားကို ပိုင်ဆိုင်ထားတာပါဆို ၊ အမတဘုံက အမတ သားရဲကောင်ပဲ!”

“ ငါက အရမ်းကို တိုက်ခိုက်နိုင်စွမ်းရှိတယ် ၊ မင်းကို ကူညီပြီး ရန်သူကို သတ်ပေးနိုင်တယ် !”

“ ပျံလည်း ပျံနိုင်တယ် ၊ ငါ မင်းရဲ့ စီးတော်ယာဉ်အဖြစ် လုပ်ပေးနိုင်တယ်၊ မင်းကို အရမ်းလန်းတဲ့ လူတစ်ယောက် ဖြစ်သွားအောင်ထိကို လုပ်ပေးမယ်!”

“…..”

ယုံမင်ကြက်၏ အဆက်မပြတ် ပြောဆိုသံကို နားထောင်ရင်း စူးချန်ကဲတစ်ယောက် ခေါင်းပင် ထိုးကိုက်လာသည့်အထိ ဖြစ်လာပြီး အလျင်စလို တားစီးလိုက်ရသည်။

“ တော်တော့ မင်းပါးစပ် ပိတ်ထားစမ်း”

စူးချန်ကဲ၏ ဆူပူကြိမ်းမောင်းသံကို ကြားသည်နှင့် ယုံမင်ကြက်သည် ကမန်းကတန်း စကားရပ်လိုက်သည်။

ယင်းကြောင့် ကြည့်ရှုနေသော မောင်နှစ်မနှစ်ဦးလည်း အံ့သြသွားခဲ့ရသည်။

ယုံမင်ကြက်ကို သူတို့ စတင်မွေးမြူခဲ့စဉ်ကတည်းက မည်သူမှ သူ့ကို မထိန်းချုပ်နိုင်ပေ။

ပိုင်ဇစ်လည်း တချိန်က ၎င်းကို ကင်စားရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် ၎င်း၏ ခုခံနိုင်စွမ်းသည် ပြင်းထန်လွန်‌ပေရာ နောက်ဆုံးမှာတော့ သူသာလျှင် လက်လျှော့လိုက်ရသည်။

သို့သော် စူးချန်ကဲ၏ ရှေ့မှောက်တွင်မူ ၊ ၎င်းသည် ခုလိုလွယ်လင့်တကူ ထိန်းချုပ်ခံလိုက်ရသတဲ့လား?

ထိုစကားကို ယုံမင်ကြက်သာ ကြားရင်ဖြင့် အတောမသတ် ငိုသွားနိုင်သည်။ အမှန်မှာ သူသည်လည်း ခုခံချင်ခဲ့သည်။

သို့သော် စူးချန်ကဲ၏ ရှေ့မှောက်တွင် သူ့ကိုယ်ထဲက အမတ သားရဲ အသွေးအသားများက အသုံးမဝင်သလိုမျိူး နှိပ်ကွပ်ခံလိုက်ရပြီး ပြန်လည် အာခံရန်အတွက် အစွမ်းအစ မရှိတော့ချေ။

ယင်းက သူ့ကို ပို၍ ကြောက်လန့်သွားစေသည်။စူးချန်ကဲ၏ မူလဇစ်မြစ်မှာ မရိုးရှင်းကြောင်း သူ အတပ်ပြောနိုင်သည်။

ထိုအချိန် စူးချန်ကဲက ဆက်ဆိုသည်။

“မင်းက နတ်ဖီးနစ်ဆိုမှတော့ ကောင်းပြီလေ ငါ မင်းကို နတ်ဖီးနစ်အဖြစ် နိုးထအောင် ကူညီပေးမယ် ၊ မင်း ငါ့စကားကိုတော့ နားထောင်ရလိမ့်မယ် ဘယ်လိုလဲ”

“ငါ့ကို နတ်ဖီးနစ်တစ်ကောင် ဖြစ်လာအောင် ကူညီပေးမယ်?”

ယုံမင်ကြက်၏ မျက်လုံးများမှာ ချက်ချင်းလက်ငင်း ဝင်းလက် တောက်ပသွားပြီး ၊ အလွန်အမင်း ခေါင်းညိတ်ပြလေသည်။

ဒီလောက်ကောင်းတဲ့ အခွင့်အရေး ၊ ဒါကိုမှ လွဲချော်သွားရင်ဖြင့် သူ့ခမျာ ရင်ကျိုးရပေမည်။

“သခင်လေးက ငါ့ကို နတ်ဖီးနစ်တစ်ကောင် ဖြစ်လာအောင် ကူညီပေးဖို့ ဆန္ဒရှိနေသရွေ့ သခင်လေး မင်းက ငါ့ရဲ့ သက်ရှိဖခင်ကြီးပဲ!”

သူသည် နတ်ဖီးနစ်တစ်ကောင် ဖြစ်လာရန် အလွန်အမင်း ဆန္ဒရှိခဲ့သည်။ အိပ်မက်ထဲတွင် အလွန်လှပသော နတ်ငှက်တစ်ကောင်ကို အကြိမ်ပေါင်း မရေတွက်နိုင်အောင်အထိ သူ မြင်မက်ဖူးသည်။

မီးတောက်များက တဟုန်းဟုန်း ထလျက် ၊ နတ်ရောင်စုံငါးဖြာ ဖြာထွက်နေသည်မှာ ဤကမ္ဘာကြီးတစ်ခုလုံးကို ပြိုးပြိုးပြက်ပြက် ဝင်းထိန်သွားစေသည်။

အမှောင်ထုထဲတွင် တစ်ခုတည်းသော နတ်ကျောက်တုံးကဲ့သို့ ဤကမ္ဘာကြီးကို တစ်ခုလုံးကို သူနှင့်အတူ ထွန်းလင်းစေသည်။

“ဒီကောင်...”

စူးချန်ကဲ ရုတ်တရက် နောင်တရသွားပြန်သည်။

ဤယုံမင်ကြက်သည် ထူးဆန်းသော တပ်မက်မှု၌ နစ်ဝင်သွားပုံရကာ ၊ ၎င်း၏ မျက်လုံးများမှာ အနည်းငယ် ဆိုးသွမ်းနေပြီး ပါးစပ်ကလည်း တဟားဟားဖြင့် ရယ်မောနေပြန်သည်။

“ အမ်... ဒီစနစ် ချို့ယွင်းသွားတာများ ဖြစ်နိုင်သလား၊ ဒီလိုကောင်မှာ ဘယ်လိုလုပ်ပြီး အမတ သားရဲကောင်ရဲ့ အသွေးအသားမျိုး ရှိမှာတုန်း?”

ဘုန်း——

သို့သော် ထိုအခိုက်အတန့်တွင် ဟင်းလင်းပြင်ကို ဖြိုခွဲကာ ထွက်ပါ်လာသော မှော်အစီအရင်များကို တွေ့လိုက်ရသည်။

အပေါ်သို့ မော့ကြည့်လိုက်ရာ ၊ မှောင်ရိပ်သန်းနေသော ကောင်းကင်ယံထက်တွင် ကြက်သွေးရောင် အလင်းတန်းများဖြင့် မှိတ်တုတ်မှိတ်တုတ် တောက်ပနေသော မရေမတွက်နိုင်သော စစ်သင်္ဘောများကို တွေ့လိုက်ရသည်။

ထို့အပြင် ဤစစ်သင်္ဘောအုပ်စုသည် အဆုံးမရှိမဲ့ အရိုးဖြူ ပင်လယ်ဆီသို့ ဦးတည်နေကြပြီး ၊ မှော်လက်နက်များကို ကိုင်ဆောင်ထားသော မရေမတွက်နိုင်သော တပ်သားများကိုလည်း မြင်တွေ့ခဲ့ရသည်။

“အဲ့တာက .....”

လေထဲတွင် လွင့်နေသော အလံများကို စူးချန်ကဲ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်။

“အဆုံးမဲ့ နတ်ဆိုးဂူ?”

“သူတို့ ဒီမှာ ဘာလုပ်နေကြတာလဲ”

“ မကောင်းတော့ဘူး ၊ လီအာ ဟင်းလင်းပြင်ဖုံးကွယ်ခြင်း မှော်အစီအရင်ကို ဖွဲ့စည်းလိုက်”

ပိုင်ဇစ်၏ အမူအရာမှာ သိသိသာသာပြောင်းလဲသွားပြီး ၊ ပိုင်လီအား မှော်အစီအရင် ဖွဲ့စည်းရန် ချက်ချင်း အမိန့်ပေးလိုက်သည်။

ပိုင်လီသည်လည်း ဟင်းလင်းပြင်ထဲမှ သူမ၏ မှော်တောင်ဝှေးကို ချက်ခြင်းလက်ငင်း ဆွဲထုတ်လိုက်သည် ။

မန္တာန်ကို ရွတ်ဆိုနေစဉ်အတွင်းမှာပဲ ၊ နောက်ထပ် ဟင်းလင်းပြင် တစ်ခု ထွက်ပေါ်လာခဲ့ပြီး အငွေ့အသက်များကို လုံးလုံးလျားလျား ဖုံးအုပ်ပစ်လိုက်သည်။

ဖွဲ့စည်းပုံသည် သူတို့အား ဤနေရာမှ ပျောက်ကွယ်သွားစေရန် ပြုလုပ်ထားသလိုပင်။

အဆုံးမဲ့ နတ်ဆိုးဂူသည် သူတို့၏ ခေါင်းထက်တွင် ပျံသန်းနေကြသော်လည်း နည်းနည်းလေးမှ ရှာတွေ့မသွားခဲ့ချေ။

သူတို့အကုန်လုံး သက်ပြင်းချလို့ မပြီးသေးခင် ၊ ဝေဟင်ပေါ်မှ အမိန့်သံကို ကြားလိုက်ရသည်။

“တပ်ဖွဲ့များ အမိန့်နာခံ ၊ တစ္စေချုပ်နှောင်ခြင်း ကောင်းကင် မှော်အစီအရင်ကွက်ကို ‌ဖွဲ့စည်းမယ် “

“ အဆုံးမဲ့ အရိုးဖြူပင်လယ်ကို ချဉ်းကပ်လာသူတိုင်း အကုန် နှိမ်နင်းမယ်!”

All Chapters