အခန်း (၂၇၆-၂၈၀)
Vol. 20 Ch. 276-280
အပိုင်း(၂၇၆): စစ်ပွဲတွင် ပျောက်ကွယ်သွားခဲ့သော မိုးကြိုးဂိုဏ်း
စူးချန်ကဲတို့ဘက်တွင်မူ ၊
ပြန်လည် ရှင်သန်ထမြောက်လာသော နတ်ဆိုးကြီးသည် ဝိညာဉ် အကြွင်းအကျန်မျှသာဖြစ်သော်လည်း ၊ သို့သော် ယခင်က သူ၏ ကျင့်ကြံစွမ်းအားသည် အလွန်အစွမ်းထက်ပြီး ဧကရာဇ်မင်း နယ်ပယ့်အဆင့်ထိ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
နှစ်ပေါင်းများစွာ နှိပ်ကွပ်ခံခဲ့ရသော်လည်း ၊ သူသည် စူးချန်ကဲနှင့် ပြင်းထန်စွာ တိုက်ခိုက်နိုင်ဆဲပင် ဖြစ်သည်။
"စိတ်ဝင်စားဖို့ ကောင်းတယ် ၊ ဝိညာဉ်ကောင်သာ ဆိုတယ် ငါနဲ့ အပြန်ပြန် အလှန်လှန် တိုက်ခိုက်နိုင်တယ်"
စူးချန်ကဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း ဆိုလိုက်သည်။
"အစက မင်းကို တန်းပြီး ရှင်းပစ်မယ်လို့ စဉ်းစားထားခဲ့တာ ၊ အခုကြည့်ရတာ မင်းကို နှိပ်ကွပ်တာက ငါ့အတွက် ပိုပြီး တန်ဖိုးရှိပုံရတယ်"
“ငယ်ရွယ်သူ တစ်ယောက်က မောက်မာနေလိုက်တာ !!”
နတ်ဆိုးကြီး၏ အမျက် ဒေါသမှာ ပို၍ ကြီးမားလာခဲ့သည် ။ ဤစကားသည် သူ စူးချန်ကဲကို ပြောရမည့် စကားသာပင်။
သူ၏ ယခင်က ကျင့်ကြံစွမ်းအားသည် အစွမ်းထက်သည်ဟု မယူဆနိုင်သော်လည်း ၊ သို့သော် သူတော်စင် နယ်ပယ်အဆင့်က အငယ်တန်း တစ်ယောက်၏ စော်ကား ပြောဆိုခြင်းကို သူ မည်သို့ လက်ခံနိုင်မည်နည်း။
အခုလည်း တဖက်လူသည် မိမိကို နှိပ်ကွပ်မည် ဟု ပြောဆိုနေရုံသာမက သူ့ကို စောက်သုံးမကျတဲ့ လူအဖြစ် ဆက်ဆံနေပြန်သည်။
“ နတ်ဆိုး ကောင်းကင်လှုပ်ယမ်းခြင်း!!”
နတ်ဆိုးကြီး၏ ဒေါသတို့မှာ အဆုံးစွန်ထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်ရာ သူရှေ့က ဤအကောင်အား လုံးဝ ဝါးမျိုပစ်မည် ဟု ဆုံးဖြတ်လိုက်သည်။
သူ၏ လက်မည်းကြီးကို တစ်ဖန် ဆန့်ထုတ်လိုက်ပြန်သည်။
ကြောက်မက်ဖွယ် ကောင်းသော နတ်ဆိုးစွမ်းအင်များနှင့်အတူ ၊
အေးစက်သော အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေသည်။
မူလက ပိတ်ဆို့ထားသော ဤလမ်းကြောင်းတွင် အဆုံးမရှိသော နတ်ဆိုးစွမ်းအင်များနှင့် အေးစက်သောလေပြင်းများ ဝင်ရောက်လာခဲ့ပြီး ၊ အေးစက်သောလေပြင်းများသည် စူးချန်ကဲမျက်နှာဆီသို့ သံမဏိဓားတစ်လက်သဖွယ် ဦိးတည်လာခဲ့သည်။
" အကြွင်းအကျန် ဝိညာဉ်ကောင် အဆင့်ကများ ငါကိုယ်တော်ရဲ့ ရှေ့မှာ မင်းရဲ့ အရည်အချင်းတွေကို ထုတ်ပြရဲတယ်ပေါ့"
သူတော်စင် ခန္ဓာကိုယ်၏ ရောင်ဝါတို့သည် ပို၍ပင် အားကောင်းလာပြီး၊ စုပ်ယူ သူတော်စင် ခန္ဓာကိုယ်မှာ အသက်ဝင်လာခဲ့သည်။
စူးချန်ကဲအား လွှမ်းမိုးရန် ကြိုးစားနေသော နတ်ဆိုးစွမ်းအင်များမှာ စုပ်ယူ သူတော်စင် ခန္ဓာကိုယ်၏ ဝါးမျိုးခြင်းကိုခံလိုက်ရသည်။
တစ်ချိန်တည်းမှာပင်၊ မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း၏ ကြီးကျယ်ခမ်းနားသော စွမ်းအားသည် အရာအားလုံးကို တစ်ဖန် အစားထိုးခဲ့ပြီး ၊ ထူးဆန်းသော
အငွေ့အသက်များမှာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
“ ဒါက!?”
ပိုင်ဇစ်တို့ မောင်နှမနှစ်ယောက်စလုံး၏ အမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြန်သည်။ စူးချန်ကဲသည် ဓားရေးတွင် အစွမ်းထက်ရုံသာမက ကိုယ်ကာယ ကြံ့ခိုင်မှုမှာလည်း အလွန်ကို အစွမ်းထက်နေခဲ့သည်။
ဤကဲ့သို့ သန့်စင်ပြီး အစွမ်းထက်သော သူတော်စင် ခန္ဓာကိုယ်၏ ရောင်ဝါကို ဤနှစ်ကာလအတွင်း သူတို့ တစ်ခါမှ မကြုံခဲ့ဖူးပေ။
ဓားရေးစွမ်းရည် ၊ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည် နှင့် ကိုယ်ကာယ စွမ်းရည်များကို ပိုင်ဆိုင်ထားသော ဤလူသည် အနာဂတ်တွင် မည်ကဲ့သို့ အောင်မြင်မူများကို ဆွတ်ခူးနိုင်လိမ့်မည်နည်း။
သို့သော် နတ်ဆိုးကြီးသည် ရှုံးနိမ့်မှုကို ဝန်ခံရန် ငြင်းဆန်နေဆဲပင် ဖြစ်သည်။
"ငါဟာ နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရတယ် ၊ အခုမှ ထွက်လာနိုင်ခဲ့တာကို ဒါပေမဲ့ မင်းလို အငယ်တန်းရဲ့ အနိုင်ကျင့်တာကို ထပ်ပြီး ခံရဦးမယ်တဲ့လား!?"
"ဒါဆို ငါ နှစ်အတော်ကြာ ကျင့်ကြံခဲ့တာတွေက အလကားပဲ!"
ဘုန်း ဘုန်း !!
အဖျက်စွမ်းအားများ ပြည့်နှက်နေသော အလွန် ကြောက်စရာကောင်းသည့် အနက်ရောင်လျှပ်စီးကြောင်းများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။
ထိုနတ်ဆိုးကြီး၏ မျက်လုံးထဲတွင် ရူးသွပ်မှုများ ရှိနေခဲ့ပြီး အလွန် ကြောက်စရာကောင်းပေသည်။
စူးချန်ကဲကြောင့် ဤနှစ်များတစ်လျှောက် သူ ခံစားခဲ့ရသော မကျေနပ်ချက်များသည် တဖန် တောက်လောင်လာခဲ့ပြီး သူ့နှလုံးသားထဲတွင် အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။
သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးရုပ်သွင််များ ထွက်ပေါ်လာသည်။
သို့သော် ဤမြင်ကွင်းကို ကြည့်ရှူနေသူ မိုဝူချင်၏ အမူအယာမှာ ပို၍ မကြည်မလင် ဖြစ်လာခဲ့သည်။
သူ၏ နှုတ်ခမ်းများပင် အနည်းငယ်တုန်ယင်နေသည်။ ဤနတ်ဆိုးစွမ်းအင်များနှင့် နတ်ဆိုးကြီး အသုံးပြုသည့် အကွက်တိုင်းကို သူ ရင်းနှီးနေခဲ့သည်။
ထောင်ပေါင်းများစွာသော အနက်ရောင် မိုးကြိုးများဖြင့် ဖွဲ့စည်းထားသော ဤနတ်ဆိုးအလင်းပုံရိပ်သည် ရှေးဟောင်းစာအုပ်များတွင် မှတ်တမ်းတင်ထားသည့် ဖျက်စီးခံလိုက်ရသော နတ်ဆိုးဂိုဏ်း - နတ်ဆိုးမိုးကြိုးနန်းတော် ပင် မဟုတ်လော။
"ဒါပေမယ့် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!?"
ထိုအကြောင်းကို စဉ်းစားမိသွားသော မိုဝူချင်တစ်ယောက် မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။
ထိုဂိုဏ်းသည် သူ၏ နတ်ဆိုးလောကတွင် အပျက်အစီးအဖြစ် ရှိနေဆဲပင် ဖြစ်သည်။ ရှေးမှတ်တမ်းစာအုပ်ထဲတွင် ဤဂိုဏ်းသည် ကမ္ဘာ့ ကပ်ဘေးစစ်ပွဲတွင် လုံးဝ ပျက်စီးသွားကြောင်း မှတ်တမ်းတင်ထားသည် ။
တပည့်တစ်ယောက်မျှ မကျန်တော့ဘဲ အားလုံးသည် အဆုံးမဲ့ အချိန်မြစ်ရေစီးကြောင်းတွင် ပျောက်ကွယ်သွားခဲ့သည်။
သို့သော် ယနေ့ထိ ရှိနေဆဲဖြစ်သော နတ်ဆိုးမိုးကြိုးဂိုဏ်း၏ အလွန် အစွမ်းထက်သော ပုဂ္ဂိုလ်၏ အကြွင်းအကျန် ဝိညာဉ်ကို သူအဘယ်ကြောင့် တွေ့မြင်လိုက်ရသနည်း။
ထိုလူသည် ဤမရဏကမ္ဘာတွင် အဘယ်အကြောင်းကြောင့် ရှိနေခဲ့သနည်း။
သူ သေဆုံးသွားရင်တောင်မှ နတ်ဆိုးကမ္ဘာတွင် မြှုပ်နှံထားသင့်သည် မဟုတ်လော။
" နတ်ဆိုးမိုးကြိုး!!"
သူ၏ လက်ငါးချောင်းကို လက်သီးအဖြစ် ဆုပ်လိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် လျှပ်စီးမိုးကြိုးများက သူ့လက်သီးတစ်ဝိုက်ကို ဝန်းရံထားလေသည်။
သူ၏ လက်သီးဖြင့် စူးချန်ကဲထံသို့ ထိုးနှက်လိုက်ရာ ထောင်ပေါင်းများစွာသော လျှပ်စီးမိုးကြိုးများက စူးချန်ကဲကို ဝါးမျိုတော့မည့် အမှောင်ရိပ်များ အဖြစ်သို့ ပြောင်းလဲသွားသည်။
"လက်သီးချင်းယှဉ်မယ်ပေါ့? လာလိုက်စမ်းပါ"
စူးချန်ကဲက အေးစက်စွာ နှာမှုတ်လိုက်သည်။ သူ့တွင် သူတော်စင် ခန္ဓာကိုယ် မည်မျှတောင် ရှိသနည်း။
စူးချန်ကဲ၏ လက်ဖဝါးထဲတွင် တောက်ပသော နတ်အလင်းရောင်များ ထွက်ပေါ်လာပြီး၊ သူ၏ ခန္ဓာကိုယ်တွင်းရှိ သွေးချီ စွမ်းအင်များမှာ ပွက်ပွက်ဆူလျက် ရှိသည်။
ထောင်ပေါင်းများစွာသော လုံရှန့်အမှုန်အမွှားများက သူ၏ လက်ဖဝါးထဲတွင် စုဝေးရောက်ရှိလာကာ ကြောက်မက်ဖွယ်ကောင်းသော နတ်အလင်းရောင်များ အဖြစ် ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။
စူးချန်ကဲ လက်ထဲတွင် စုဝေးထားသော စွမ်းအားတို့သည် သူ့ဆီသို့ ပြေးလာနေသော ထောင်ပေါင်းများစွာကို လျှပ်စီးမိုးကြိုးများနှင့် ထိပ်တိုက် ဆုံတွေ့ခဲ့သည်။
ဝုန်း!
အနက် နှင့် အဖြူ တောက်ပနေသော အလင်းတန်း နှစ်ခု၏ ထိပ်တိုက် တွေ့ဆုံမှုသည် ကြယ်နှစ်စင်း တိုက်မိသကဲ့သို့ ပြင်းထန်သော ပေါက်ကွဲမှုကို ဖြစ်ပေါ်စေခဲ့သည်။
အကယ်၍ ဤနေရာတွင် ရှေးဟောင်း မှော်အစီအရင် ဖွဲ့စည်းမှု၏ ကောင်းချီးပေးမှု မရှိပါက ၊ တိုက်ပွဲ၏ နောက်ဆက်တွဲ ရလဒ်အနေဖြင့် ဤနေရာတစ်ခုလုံးကို တိုက်ရိုက် ဖျက်ဆီးသွားနိုင်သည်။
ဤနတ်ဆိုးကြီး၏ အဖျက်စွမ်းအားသည် အလွန်ကြောက်စရာကောင်းသော်လည်း ၊ သို့သော် စူချန်းကဲထက် အနည်းငယ် နိမ့်ကျနေသေးသည်။
အဖြူရောင် အလင်းတန်းက ပိုပို၍ ပြန့်ကားလာပြီး ၊ ထိုနတ်ဆိုး၏ ထိုးနှက်မှုကို ဖြည်းဖြည်းချင်း ဝါးမျိုသွားခဲ့လေသည်။
“ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!?”
နတ်ဆိုးကြီး၏ အာမေဋိတ်သံနှင့်အတူ ၊
တောက်လောင်နေသော လက်သီးစွမ်အား တစ်ခု ထိုးဖောက် ဝင်ရောက်လာခဲ့ပြီး မိုးကြိုးများကို အပြီးတိုင် ဖြိုခွဲပစ်လိုက်သည် ။
နောက်ဆုံးတွင်၊ ထိုနတ်ဆိုးမှ ဆင့်ခေါ်ထားသော ကြီးမားသော ဒိုင်းကာကြီး ပင်လျှင် အလားတူ အဆုံးသတ်ခဲ့ရပြီး ထိုလက်သီးစွမ်းအားကို မတားစီးနိုင်ခဲ့ပေ။
စူးချန်ကဲသည် သူ့နောက်က လူများကို ကာကွယ်ရန် သူ၏ ခွန်အား တစ်စိတ်တစ်ပိုင်းကိုသာ အသုံးပြုထားခြင်း ဖြစ်သည်။
ဝုန်း!!!
ဤနေရာငယ်လေးတွင် အလွန် ကြောက်စရာကောင်းသော ပေါက်ကွဲမှုကြီး ဖြစ်သွားခဲ့သည်။
လွန်စွာ တောက်ပသော အဖြူရောင် အလင်းလုံးကြီး၏ ရှေ့တွင် မျက်စိမမှိတ်ထားပါက ကန်းသွားမည်ကိုတောင် စိုးရပေသည်။
ကြီးမားသော စွမ်းအားလှိုင်းလုံးကြီး၏ ထွက်ပေါ်လာမှုသည် ဤနေရာကို ထိန်းသိမ်းပေးထားသော မှော်အစီအရင်များကိုပင် အချိန်မရွေး ပြိုလဲသွားတော့မည်အတိုင်း တုန်ခါသွားစေခဲ့သည်။
သို့သော် ပို၍ အံ့သြစရာကောင်းသည့် အချက်မှာ စူးချန်ကဲသည် သူ၏ ဘယ်လက်ကို နောက်သို့ ပစ်လျက် ၊ ညာလက် တစ်ဖက်တည်းဖြင့် ချေဖျက်ပစ်ခဲ့ခြင်း ဖြစ်သည်။
ဤအပျက်အစီးများ၏ ရှေ့တွင် စူးချန်ကဲသည် တချက်ကလေးမှ တုန်လှုပ်ခြင်းမရှိ တည်ငြိမ်စွာ ရပ်နေဆဲပင် ဖြစ်သည်။
.....
ထိုစွမ်းအား၏ ရိုက်ခတ်မှုမှာ ထပ်မံ ထွက်ပေါ်လာခဲ့သည်။
အဆုံးမဲ့ အရိုးဖြူပင်လယ်အစွန်းဆီသို့ အုပ်စုတစ်စုကို ဦးဆောင်ကာ ထွက်လာခဲ့သော ရွှယ့်လျန်သခင်မလေး၏ အမူအယာမှာ သိသိသာသာ ပြောင်းလဲသွားသည်။
နေရာ၌ပင် ခဏတာ မှိန်းခနဲ ရပ်လိုက်သည်။
“ မဟုတ်မှလွဲရော ဒါက သူ့ရဲ့ စွမ်းအားလား...?”
တစ်စုံတစ်ခုကို ငြီးတွားလိုက်ရင်း ၊ သူမ၏ ရင်ထဲ၌ ကြီးမားသော ခံစားချက်လှိုင်းတံပိုးများ ရိုက်ခတ်သွားသည်။
သူ့မခြေဖဝါးအောက်တွင် ရှိနေသည့် စွမ်းအားသည် အနည်းငယ် အားပျော့သော်လည်း ကြောက်စရာကောင်းနေဆဲပင် ဖြစ်သည်။
ယင်းအရာသည် သူမ၏ ရှေ့တွင် ဖြစ်ပွားခဲ့ပါက မည်မျှ ပြင်းထန်လိမ့်မည်နည်း။
"သခင်မလေး... ကျွန်တော်တို့ အဲ့ဒီလူကို ဖမ်းမှာ သေချာလား"
ကြည့်ရဆိုးသော မျက်နှာထားဖြင့် ရှိနေသည့် အဆုံးမဲ့ နတ်ဆိုးဂူ၏ သန်မာသူ တစ်ဦးက မေးလိုက်သည်။
ကျင့်ကြံမှု အားကောင်းလေ၊ ဤစွမ်းအား၏ အရှိန်အဝါကို ပို၍ ခံစားမိနိုင်သည် ။ သူတို့ အုပ်စုတွင် အစွမ်းထက်ဆုံးဆိုလို့ သူတော်စင် ဧကရာဇ် အဆင့် ပုဂ္ဂိုလ်များသာ ရှိသည်။
ဧကရာဇ်မင်း အဆင့်ကို မစေလွှတ်ရခြင်း အကြောင်းရင်းမှာ တခြားအင်အားစုများ၏ အာရုံစိုက်မှု ခံရမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
မူလက သူတို့နဲ့တင် လုံလောက်သည်ဟု ထင်ခဲ့ကြသော်လည်း ၊ ယခုလေးတင် ဖြစ်ပွားခဲ့သော အခင်းအကျင်းကို ကြည့်ရင် သိနိုင်သည်။
သူတို့အားလုံး မိမိအသက်ကို အလကားပေးဖို့ သွားနေခဲ့ခြင်းပင်။
ရွယ့်လျန် သခင်မလေး၏ အမူအယာမှာလည်း သိပ်မျက်နှာမကောင်းပေ။ အချိန်အတော်ကြာစဉ်းစားပြီးနောက်၊ သူမ၏ သွားများကို အံကြိတ်လျက် ပြောလာခဲ့သည်။
"ငါတို့ ဒီကိုတောင် ရောက်လာပြီ၊ ဒီတိုင်း လက်လျှော့ရမှာလား?"
" ငါတို့သူကို သေချာပေါက်ဖမ်းမယ်!”
ဤသို့ပြောပြီးနောက် ၊ သူမသည် အဆုံးမဲ့နတ်ဆိုးဂူမှ လူတစ်စုကို ဦးဆောင်၍ အဆုံးမဲ့အရိုးဖြူ ပင်လယ်ဆီသို့ ဆက်လက် ချီတတ်လာခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ၊ ရွှယ့်လျန်သည် သူမ စားသောက်မည့် ဘဲတစ်ကောင် ပျံထွက်သွားမည်ကို ဘယ်သောအခါမှ ခွင့်ပြုလိမ့်မည် မဟုတ်ချေ။
အပိုင်း(၂၇၇): အဆုံးမဲ့ အရိုးဖြူ ပင်လယ်ထဲ ဘာအရာများ ရှိနေသလဲ
ကျယ်လောင်သော ပေါက်ကွဲသံများ ငြိမ်သက်သွားပြီးနောက် ၊
စူးချန်ကဲသည် သူ့လက်ကို အသာယာ မြှောက်တင်လိုက်ပြီး ၊ ဤနေရာတွင် စုဝေးနေခဲ့သည့် အခိုးအငွေ့များအားလုံးကို တခဏချင်း ရှင်းထုတ်ပစ်ခဲ့သည်။
"အဟွတ် အဟွတ် ...."
အခိုးအငွေ့များ အားလုံး ရှင်းလင်းသွားခဲ့ပြီးနောက်တွင် ၊ သနားစရာကောင်းလောက်အောင် မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် ထိုနတ်ဆိုးကို မြင်တွေ့လိုက်ရသည်။
ယခု နှင့် ယခင်က မောက်မာသော ဟန်ပန်တို့မှာဖြင့် သိသိသာသာ ကွဲပြားသွားခဲ့ပြီပင်။
" သေသင့်တဲ့ အကောင်...”
ထိုစဉ် ၊ သူ၏ ညည်းတွားသံကို ကြားလိုက်ရသည်။
" အစကတော့ ဒါဟာ ငါ့အတွက် အခွင့်အလမ်းတစ်ခုလို့ ထင်ခဲ့တာ... ဒါပေမယ့် ခုလို ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး..."
၎င်းမှာ ဤအရာများ အပေါ် နားမလည်နိုင်စွာဖြင့် ရှိနေသည်။
ယုတ္တိကျကျ ဆိုရလျှင်ဖြင့် ၊ ထိုကမ္ဘာကပ်ဘေး စစ်ပွဲတွင် မရေမတွက်နိုင်သော နိယာမ စွမ်းအားများ ဖြိုခွဲခဲ့လိုက်ရပြီး ၊ ကမ္ဘာမှာ လုံးဝ ပျက်သုဉ်းသွားခဲ့သည်။
မရေမတွက်နိုင်သော သဘာဝ စွမ်းအားများ ဝါးမျိုခံလိုက်ရပြီး ၊ ယနေ့ခေတ်၏ ကျင့်ကြံမှု ပတ်ဝန်းကျင်မှာ အရင်ကလို ကောင်းမွန်ခြင်း မရှိတော့ပေ။
ရွှေခေတ်သည်ပင်လျှင် ရှေးယခင်က သာယာဝပြောသော ခေတ်ကို မမှီနိုင်ပေ။ သို့သော် ဘောင်ကို ကျော်လွန်၍ လွန်စွာ အစွမ်းထက်လှသည့် လူတစ်ယောက် အဘယ်ကြောင့် ရှိနေရသနည်း။
စူးချန်ကဲသည် နတ်ဆိုးကြီး၏ ရှေ့သို့ လျှောက်လှမ်းလာခဲ့သည်။
စွမ်းအားများ သက်ဝင်လှုပ်ရှားနေသည့် လက်ဖြင့် ထိုနတ်ဆိုးကို အပေါ်သို့ မြှောက်တင်လိုက်သည်။
"မင်း နာမည် ဘယ်လိုခေါ်လဲ၊ ဘယ်ကလာတာလဲ"
စူးချန်ကဲက အေးစက်စွာ မေးသည်။
"ဟမ်... အောင်နိုင်သူက ဘုရင် အရှုံးသမားက ကျွန်လို့ ပြောပေမယ့်၊ မင်းလို အငယ်တန်းလေးက ငါ့အပေါ် မောက်မာလို့ ရမလား?"
မကျေနပ်သော အမူအယာဖြင့် နတ်ဆိုးက ထေ့ငေါ့စွာဖြင့် ပြန်ဖြေသည်။
စူးချန်ကဲက ထိုစကားကိုကြားတော့ ရယ်လေသည် ။
အထူးသဖြင့် ဂုဏ်သိက္ခာကို တန်ဖိုးထားတတ်သော ဤကဲ့သို့သော သန်မာသူ လူအိုကြီးများအဖို့ သူကဲ့သို့ တက်သစ်စ ကြယ်ပွင့်တစ်ဦးထံ ရှုံးနိမ့်ခဲ့ရသည့်အပေါ် မကျေနပ်သည်မှာ သဘာဝကျပေသည်။
သို့သော် ဤသို့ ခေါင်းမာတဲ့သူမျိုးကို ကိုင်တွယ်ဖြေရှင်းရန် သူ့မှာလည်း နည်းလမ်းများစွာ ရှိပေသည်။
"ကောင်းပြီလေ ခင်ဗျားရဲ့ စရိုက်ကို ကျုပ် လေးစားပါတယ် "
" ခင်ဗျား ဆက်ပြီး တောင့်ခံနိုင်မယ်လို့ မျှော်လင့်ပါတယ်"
စူးချန်ကဲသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ထို့နောက် သူ၏ သူတော်စင် ခန္ဓာကိုယ်ကို အသက်သွင်းလိုက်ပြီး ၊ သူတော်စင် ခန္ဓာကိုယ်၏ စွမ်းအားများကို သူ၏ လက်ထဲတွင် စုဝေးလိုက်သည်။
တခဏချင်းမှာပင် ထိုနတ်ဆိုးကြီးအပေါ်သို့ ဖုံးလွှမ်းသွားခဲ့သည်။
သူတော်စင် ခန္ဓာကိုယ်၏ ရောင်ဝါသည် ဝိညာဉ်များအပေါ် ကြီးစွာသော တားမြစ်သက်ရောက်မှုရှိပေရာ ၊ ပြင်းထန်သော နေရောင်ခြည်ဖြင့် တွေ့လိုက်ရသော နှင်းများကဲ့သို့ တန်းပြီး အရည်ပျော်ကျသွားနိုင်သည်။
အားး--
ထင်ထားသည့်အတိုင်း ၊ သူတော်စင် ခန္ဓာကိုယ်၏ အငွေ့အသက်သည် ထိုနတ်ဆိုးကို ထိတွေ့လိုက်သည်နှင့် နတ်ဆိုးစွမ်းအင်များဖြင့် ဖွဲ့စည်းထားသော သူ၏ ခန္ဓာကိုယ်မှာ ဖြည်းဖြည်းချင်း လွှင့်စင်လာခဲ့ပြီ ဖြစ်သည်။
အနက်ရောင် စွမ်းအင်များသည် မီးခိုးငွေ့များအဖြစ်သို့ လွင့်စင်လာခဲ့ပြီး ၊ ထိုနတ်ဆိုးမှာ အလွန်နာကျင်နေပုံ ရသည်။
"မင်း ဒီလိုလုပ်တာနဲ့ ငါ ပြောမယ် ထင်နေလား!"
၎င်းမှာ ယခုထက်ထိ မကျေနပ်သေးပုံ ရပေသည်။
စူးချန်ကဲ အလျင်စလိုပေ။ သူ့လက်ကို ထပ်မံ ဝှေ့ယမ်းလိုက်သည်နှင့် ပြိုးပြိုးပြက်ပြက် တောက်ပနေသော သူတော်စင် ခန္ဓာကိုယ်၏ ရောင်ဝါများက သူ့ကို ပို၍ တင်းကျပ်စွာ ဖုံးအုပ်ထားလေသည်။
ထို့နောက် ၎င်းသည် အဆက်မပြတ် ကျဉ်းသထက် ကျဉ်းမြောင်းသွားပြီး အလင်းလုံးလေး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
"စိတ်ချ ခင်ဗျားကို နာရီအနည်းငယ်လောက် ထိန်းထားပြီးရင် ပြန်လွှတ်ပေးမယ်လေ! "
"ဘာပဲဖြစ်ဖြစ် ခင်ဗျား ပြောမယ်ဆိုမှ ကျုပ်က လွှတ်ပေးမှာပဲ "
စူးချန်ကဲက ပြုံးပြီး ထပ်ပြောလိုက်သည်။
"စကားမစပ်၊ ကျုပ် ခွင့်ပြုချက်မရှိဘဲ ခင်ဗျား မသေနိုင်ဘူးဆိုတာကို သတိပေးရဦိးမယ် ၊ ခင်ဗျား မပြောချင်လည်း ရတယ် ၊ ဒီလိုပဲ အမြဲတမ်း ခံစားနေရမှာပဲ"
" အငယ်လေး ၊ မင်း...!"
နောက်ဆုံး အော်ဟစ်ခဲ့သော နတ်ဆိုးကြီး၏ လေသံမှာ ကြောက်လန့်မှု အရိပ်အမြွက်များ ရှိနေခဲ့သော်လည်း ၊စူးချန်ကဲအဖို့ ထပ်ပြီး စကားနိုင်လုရန် ပျင်းလွန်းလှသည်။
ထို့နောက် ဟင်းလင်းပြင် အက်ကွဲကြောင်းကို ဖွင့်လိုက်ပြီး ၊ အလင်းလုံးအား ဟင်းလင်းပြင် ကွက်လပ်ထဲသို့ ပစ်ချလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ၊ သူ ကြိုက်တဲ့အချိန် ပြန်ထုတ်လို့ ရပြီး ဤကဲ့သို့ ခေါင်းမာသူမျိုးကို သူ အတော်လေး သဘောကျပေသည်။
ဖြည်းဖြည်းချင်း နှိပ်စက်ဖို့ သူ့မှာ အချိန်အများကြီး ရှိသေးသည်ပင်။
"သွားမယ် ၊ ဆက်သွားကြစို့ "
သာမန် လုပ်နေကျကိစ္စတစ်ခုကို လုပ်ပြီးသွားသည့်အတိုင်း စူးချန်ကဲသည် သူ့လမ်းသူ ဆက်လျှောက်သွားသည်။
သူ့နောက်က လူများမှာ အံသြခြင်းပေါင်းများစွာဖြင့် ရှိနေလေ၏။
ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် ချောမွေ့စွာဖြင့် ပြီးဆုံးသွားသည် ဟု ဆိုရပေမည်။ နတ်ဆိုးကြီးကိုတောင် ခုလို လွယ်လွယ်လေး ချုပ်နှောင်လိုက်သတဲ့လား!
နတ်ဆိုးကြီးမှာ တိုက်ရိုက် ပိတ်လှောင်ခံခဲ့ရပြီး ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ခံနေရသည်။
သူတို့ နှစ်ဦးတွင် မည်သူက နတ်ဆိုးကြီးလဲ ဆိုတာ သူတို့တောင် ရှင်းရှင်းလင်းလင်း မသိနိုင်တော့ချေ။
“ ဂလု”
အထူးသဖြင့် မိုဝူချင်တစ်ယောက် သူ မသိစိတ်မှ တံတွေး မျိုချမိသည်။
ထို့နောက် နဖူးမှ မသိမသာ စီးကျလာသော ချွေးအေးများကို အသာလေး သုတ်လိုက်သည်။
" တော်သေးတယ် ငါ မြန်မြန် လက်နက်ချခဲ့လို့သာပေါ့... မဟုတ်ရင် ငါ့ရဲ့အဆုံးသတ်က ဒီလူထက် ပိုဆိုးသွားနိုင်တယ်.."
"ငါ့ရဲ့တန်ဖိုးကို ပြသဖို့ နည်းလမ်းတစ်ခုခုတော့ စဉ်းစားဖို့လိုပြီ .... ဒါမှမဟုတ် နတ်ဆိုးချောက်နက်က ဘိုးဘေးတွေအကြောင်း အကုန် ထုတ်ဖော်လိုက်ရမလား"
မိုဝူချင်၏ ရေရွတ်သံကို နားထောင်ရင်း ထန်ဝူအာတို့ အုပ်စုမှာ ဆွံ့အနေမိသည်။
အစတုန်းကတော့ အရမ်း ခေါင်းမာသလိုလိုနဲ့ ခုတော့ မြန်လိုက်တဲ့ စိတ်အပြောင်းအလဲ!
နတ်ဆိုးချောက်နက် က ဘိုးဘေးများ ဒီအကြောင်းကို သိခဲ့မည်ဆိုပါက ၊ ခေါင်းတလားထဲကနေ ဒေါသတကြီး ထထွက်လာနိုင်သည်။
သူလည်း သူ့ပတ်ဝန်းကျင်က လူတွေရဲ့ အကြည့်များကို သတိထားမိပုံရသည်
မိုဝူချင် တစ်ယောက် ရှက်ကိုးရှက်ကန်း ချောင်းဟန့်လိုက်ရင်း ။
" ဘာလဲ ငါ မိုဝူချင် ဆိုတဲ့အတိုင်း အသည်းနှလုံး မရှိရမှာလား "
T/N : ဝူချင် - အသည်းနှလုံး မရှိခြင်း
"ဒါ ပြဿနာရှိလို့လား ၊ဒါကို နှလုံးသား စေညွှန်ရာအတိုင်း နာခံတယ် လို့ ခေါ်တယ် "
.......
သူတို့အားလုံး ရှေ့ဆက်ခရီးထွက်ခဲ့ကြသည်။
ထွက်ပေါက်နှင့် နီးကပ်လေလေ ၊ ကြောက်မက်ဖွယ်ကောင်းသော ယင်စွမ်းအင်သည် ပိုမိုပြင်းထန်လာခဲ့သည်။
သို့သော် နောက်ပိုင်းခရီးစဉ်မှာ အေးချမ်းခဲ့သည်ဟု ဆိုရပေမည်။
နာရီဝက် လမ်းလျှောက်လာခဲ့ပြီးနောက်။
နောက်ဆုံးတွင် သူတို့အကုန်လုံး ကျောက်ဆောင်ကြီးရဲ့ အနောက်ဘက်မှ ထွက်လာနိုင်ခဲ့ကြသည်။
ငါးညှီနံ့များဖြင့် ပြည့်နှက်နေသော အေးစက်သောလေသည် သူတို့မျက်နှာပေါ်သို့ တဖျက်ဖျက် တိုက်ခတ်နေသည်။
"ကိုကို၊ ကြည့်စမ်း၊ အဆုံးမဲ့ အရိုးဖြူ ပင်လယ်ကြီးပဲ"
ပိုင်လီက အော်လိုက်သည်။
အရင်က ဤမြင်ကွင်းကို တောင်တန်းပေါ်ကနေ လှမ်းမျှော်ကြည့်နိုင်ရုံသာ တတ်နိုင်ခဲ့သည် ။
ယခုတွင်မူ ၊ သူတို့သည် အဆုံးမဲ့ အရိုးဖြူ ပင်လယ်ဆီသို့ အမှန်တကယ် ရောက်ရှိလာကြပြီ ဖြစ်သည်။
သူတို့ရှေ့က မြင်ကွင်းသည် အလွန်ကို ယုံမှားဖွယ်ကောင်းလှသည်။
ဒီရေ ဟောက်သံနှင့်အတူ ၊ လှိုင်းလုံးကြီးများက ကမ်းစပ်ကို အဆက်မပြတ် ရိုက်ခတ်နေသည်။
မှင် နဲ့ တူသော အနက်ရောင် ပင်လယ်ရေသည် အဆုံးမရှိသော အမှောင်တွင်းကြီးကဲ့သို့ပင်။တစ်ချက်ကြည့်လိုက်ရုံဖြင့် လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို အဆုံးမဲ့ချောက်ထဲထိ ကျရောက်သွားစေနိုင်သည်။
လူကို ပို၍ ထိတ်လန့်စေသည့် အရာမှာ ကမ်းနား ဧရိယာ တစ်ဝိုက်ပင် ဖြစ်သည်။
ပင်လယ်ရေ၏ လှိုင်းလုံးများ တလိပ်လိပ် ရိုက်ခတ်သွားသည်နှင့်အမျှ ၊ ခန္ဓာကိုယ် အရိုးစုများနှင့် တူသော အရာဝတ္ထုများကို မြင်လိုက်ရသည်။
စူးချန်ကဲ၏ အာရုံခံ နတ်အသိစိတ်သည် ၎င်းတို့ကြားတွင် အပြင်းထန်ဆုံး ဖြစ်သည်။
သူ မြင်လိုက်ရသော မြင်ကွင်းမှာ အလွန် ကြောက်စရာကောင်းပေသည်။
ကမ်းစပ်တွင်သာ ရှိသေးသော်လည်း ၊အမှောင်ထုသည် ဤကမ္ဘာပေါ်တွင် အသန့်စင်ဆုံးသော အမှောင် တွင်းနက်များကဲ့သို့ ထူထပ်ကာ အောက်ခြေကို နည်းနည်းမှ မမြင်ရပေ။
စူးချန်ကဲသည် သူ၏ အာရုံခံ နတ်အသိစိတ်ဖြင့် ဟိုးအထဲထိ စူးစမ်းချင်ခဲ့သည် ။ ယင်းအရာသည် သူ့ကို အညှာတာကင်းမဲ့စွာ ဝါးမျိုနေပြီး နက်နဲသောစူးစမ်းမှုကို တားစီးနေသည့် တုံ့ပြန်မှု တစ်ခု ရှိနေသလိုမျိုး လူကို ထိတ်လန့်စေသည့် ခံစားချက်မျိုးကို ပေးစွမ်းနေသည်။
အနည်းငယ် စူးစမ်းလေ့လာပြီးနောက် ၊ သူသည် ပင်လယ်ကြမ်းပြင်ပေါ်တွင် အိပ်ပျော်နေသည့် မရေမတွက်နိုင်သော အရိုးစုများစွာ ကို တွေ့ရှိခဲ့သည်။
ပို၍ ထူးဆန်းသောအရာမှာ သူသည် နတ်အသိစိတ်တစ်ခုကိုသာ ထုတ်လွှတ်၍ အာရုံခံကြည့်နေသော်လည်း ၊ ဤအိပ်စက်နေသော အရိုးများသည် တစ်ခုခုကို ခံစားမိသလိုမျိုး ၎င်းတို့၏ ဦးခေါင်းခွံများမှာ လှုပ်ရှားလာကြသည်။
၎င်းတို့အားလုံးသည် သူ၏ ဦးတည်ရာဘက်ဆီသို့ ကြည့်လာကြသည် ။ ၎င်းတို့၏ အနက်ရောင် မျက်ခွံဟောက်ပက်သည် လူကို ထိတ်လန့်သွားစေသည် ။
"ဒီအဆုံးမဲ့ အရိုးဖြူ ပင်လယ်ကြီးက ငါ ထင်ထားတာထက်တောင် ပိုထူးဆန်းနေပုံရတယ်..."
"ဒီအရိုးတွေမှာ နတ်အသိစိတ် ရှိဖို့နေနေသာသာ နောက်ဆုံးအသက်ထိ တစ်စတစ်စ တိုက်စားခံရပြီး သေဆုံးသွားခဲ့ရတာတောင် ငါ့ရဲ့ဖြစ်တည်မှုကို ဘယ်လိုလုပ်ပြီး ခံစားနိုင်ရတာလဲ"
" ပင်လယ်ကို ဖြတ်ပြီး ငါ့ကိုတောင် ကြည့်လို့ရတယ် ဆိုမှတော့... အဆုံးမဲ့အရိုးဖြူ ပင်လယ်ထဲမှာ ရှိနေတဲ့ အရာတစ်ခုက သူတို့ကို ထိန်းချုပ်ထားတာ ဖြစ်နိုင်မလား"
စူးချန်ကဲ လေးလေးနက်နက် တွေးနေစဉ်
မိုးကုပ်စက်ဝိုင်း တစ်နေရာမှ အသံတစ်ခုထွက်ပေါ်လာခဲ့သည်။
"သခင်လေး ၊ ကျွန်တော်မျိုးမ ရှင့်ကို စောင့်နေတာကြာပြီ"
အပိုင်း(၂၇၈): ရွှယ့်လျန်သခင်မလေး၏ တိုက်ခိုက်မှု
"ဒီအသံက...?”
စူးချန်ကဲ မျက်မှောင်ကြုတ်သွားပြီး အသံလားရာကို လှည့်ကြည့်လိုက်သည်။
သူ၏ကျောနောက်တွင် အနက်ရောင် ဝတ်ရုံကိုဝတ်ဆင်ထားသော လူတစ်စုကိုတွေ့လိုက်ရသည်။
ထိုလူအုပ်စုကို ဦးဆောင်လာသည့် ကြက်သွေးရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးကို စူးချန်ကဲ ကောင်းကောင်းကြီးရင်းနှီးသည် ။ သူမမှာ ရွှယ့်လျန်သခင်မလေးပင် ဖြစ်သည်။
"ဒါကမှ ရှင့်ရဲ့မူလပုံစံလား ?"
" အခါတစ်ရာကြားတာထက် တစ်ကြိမ်တွေ့တာက ပိုကောင်းတယ်ဆိုတဲ့အတိုင်း ချန်ကဲ ဆက်ခံသူက သတင်းထဲကအတိုင်း တကယ်ကိုချောမောပါပေတယ်"
ရွှယ့်လျန်သခင်မလေးသည် နူးညံ့သိမ်မွေ့စွာလျှောက်လှမ်းလာခဲ့ပြီး ၊ လေညင်း တချက် တိုက်ခတ်လေတိုင်း သူမ၏ ဆံနွယ်များမှာ နူးညံ့စွာ လွင့်ပျံ့သွားသည် ။ သူမ၏ ဆွဲဆောင်မှု ရှိသောခန္ဓာကိုယ်ကို ဦးညွှတ်လိုက်လေရာ နှင်းဖြူရောင် ကျောက်စိမ်းအသားအရေတို့မှာ လှစ်ဟသွားသည်။
“ ရွှယ့်လျန် သခင်လေးကို နှုတ်ဆက်ပါတယ်"
" မင်းနဲ့ငါ တစ်ကြိမ်ပဲ တွေ့ရသေးတယ်၊ မင်းက ဒီအထိ ငါ့နောက်ကို လိုက်လာခဲ့တယ်ပေါ့?"
စူးချန်ကဲသည် ခပ်ဖျော့ဖျော့ ပြုံးကာ ဆိုလိုက်သည်။
"မင်းငါ့ကို အခက်တွေ့အောင် လုပ်နေတာပဲ!"
အခုမှပဲ စူးချန်ကဲတစ်ယောက် အရာအားလုံးကို နားလည်သွားတော့သည်။
အဆုံးမဲ့နတ်ဆိုးဂူမှ စစ်တပ်အုပ်စုလိုက် စေလွှတ်ခဲ့သည့် အကြောင်းရင်းမှာ ဤရွယ့်လျန် သခင်မလေးကြောင့် ဖြစ်နိုင်သည်။
"သခင်လေးကလည်း ဘာလို့ဒီလို ပြုမူနေမှာလဲ၊ ရွှယ့်လျန်က သခင်လေးကြောင့် ဒီကိုရောက်လာခဲ့တာလေ "
ရွှယ့်လျန်သခင်မလေးက တခ်ခ် ရယ်လျက် ဆိုလိုက်သည်။
" သခင်လေးကို ကျွန်မတို့ အဆုံးမဲ့နတ်ဆိုးဂူရဲ့ ဧည့်သည်အဖြစ် ဖိတ်ကြားချင်လို့လည်း ပါတာပေါ့နော် "
"အားနာပါတယ် ငါစိတ်မဝင်စားဘူး"
စူးချန်ကဲသည် သူ၏ ငြင်သာသော အပြုံးတို့ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။
" မင်းငါ့ကို ခဏခဏ အနှောင့်ယှက်ပေးနေတာ အဲဒီအတွက် တန်ကြေးပေးဆပ်ရလိမ့်မယ်"
မည်သည့် သတိပေးချက်မှ မရှိဘဲ၊ သူ၏ လက်သီးဖြင့် ထိုးနှက်လိုက်သည်။
“သခင်မလေး သတိထား!”
ထိပ်တန်းသူတော်စင် အဆင့်ရှိသော ခေါင်းဆောင်တစ်ဦးက တားဆီးရန် အလျင်အမြန် ဝင်ရောက်လာခဲ့ပြီး ၊ သွေးနီရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
သွေးတောင်ပံ ငှက်တစ်ကောင်သည် ထိုနေရာတွင် ထွက်ပေါ်လာခဲ့ပြီး ၊ သူ၏ နီမြန်းသော အတောင်အပံများပေါ်တွင် ဖိနှိပ်စွမ်းအားများက သက်ဝင်လှုပ်ရှားနေသည်။
“ဝှစ်!”
အနီရောင်လျှပ်စီးကြောင်းသည် လေဟာပြင်ကို ဖြတ်သန်းထိုးဖောက်၍ ပြင်းထန်သော အရှိန်ဖြင့် ဆင်းသက်လာခဲ့ပြီး စူးချန်ကဲ၏ လက်သီးကို ပြင်းပြင်းထန်ထန် ဝင်တိုက်ခဲ့သည် ။
ဝုန်း!
ကျယ်လောင်သော ပေါက်ကွဲသံသည် ဤနေရာတစ်ဝှမ်းတွင် ပဲ့တင်ထပ်လို့ သွားသည်။ သွေးနီရောင်ထဲတွင် လွန်စွာ တောက်ပနေသော ကြယ်ပွင့် တစ်ပွင့် ရှိနေခဲ့သည်။ တစ်နည်းအားဖြင့် ဆိုရသော် သွေးနီရောင်ငှက်ကြီး၏ ခန္ဓာကိုယ်မှာ ချေမှုန်းခံလိုက်ရပြီ ဖြစ်သည်။
ထို့နောက် ချက်ချင်းပင်၊ နောက်ဆက်တွဲ ရလဒ်အနေဖြင့် ထိပ်တန်း သူတော်စင် အဆင့်ရှိ ထိုအနှီခေါင်းဆောင်မှာ အဝေးသို့ လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ချကာ ထိုနေရာ၌ ဖုန်မှုန့်များ ထသွားလေသည်။
“ဒီစွမ်းအား....”
အဆုံးမဲ့နတ်ဆိုးဂူ ရှိ လူတိုင်း ထိတ်လန့်သွားကြသည်။
ထိပ်တန်းသူတော်စင် အဆင့်ရှိသော ဤလူသည် ၎င်းတို့ အဆုံးမဲ့ နတ်ဆိုးဂူ၏ ထိပ်တန်းအရည်အချင်းရှိသူ တစ်ဦးပင် ဖြစ်သည်။သူသည် ရုပ်ပိုင်းဆိုင်ရာ အလွန် အစွမ်းထက်ပြီး မွေးရာပါ နတ်တန်ခိုးကို ပိုင်ဆိုင်ထားသည်။
ထူးခြားသော ကိုယ်ထည်များကို ပိုင်ဆိုင်သည့် ပုဂ္ဂိုလ်များထက်ပင် သာလွန်သည့် ဤပုဂ္ဂိုလ်မှာ လက်သီးတစ်ချက်တည်းနဲ့ အလဲထိုးခံလိုက်ရသတဲ့လား?
ပြန်အသိစိတ်ကပ်လာကြသော လူတိုင်း ၎င်းတို့၏ မှော်စွမ်းအားများကို အလျင်အမြန်အသက်သွင်းလိုက်ပြီး စူးချန်ကဲကို အတူတူ နှိပ်ကွပ်ရန် ဟန်ပြင်လိုက်သည်။
"နောက်ဆုတ် ၊ နင်တို့က သူ့ရဲ့ ပြိုင်ဘက်မဟုတ်ဘူး"
ထိုစဉ် ရွှယ့်လျန်သခင်မလေးက ဝင်ဟန့်လိုက်ပြီး ၊ ၊ သူတို့လုပ်ဆောင်နေသော လှုပ်ရှားမှုများကို ဖြတ်တောက်ပစ်လိုက်သည်။
" သခင်လေး ကျွန်မကို ထပ်ခါထပ်ခါ ငြင်းပယ်နေတာ တကယ်ကို ရင်နာမိတယ်"
ရွှယ့်လျန်သခင်မလေးက ဆက်ဆိုသည်။
" ဒီလိုလုပ်ပါ့လား သခင်လေး ကျွန်တော်မျိုးမကို အနိုင်ယူနိုင်ရင် ဒီကိစ္စကို ဒီမှာတင်ပဲအပြီးသတ်လိုက်မယ် ဘယ်လိုလဲ?"
တစ်ဖက်လူသည် စူးချန်ကဲမှန်း သူမ အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။ မိမိသည် တဖက်လူကို လိုချင်တပ်မက်မှု ရှိသော်လည်း ၊
သို့သော် ၊ အကယ်၍ ကွေးယွမ် သူတော်စင် နယ်မြေ နှင့်သာ သဘောထားကွဲလွဲမှု ဖြစ်ခဲ့ပါက ၊
သူမ အဆုံးမဲ့ နတ်ဆိုးဂူ၏ အကြံအစည်များမှာ ပျက်သုန်းသွားပေတော့မည်။
" ကောင်းပြီလေ"
စူးချန်ကဲသည် ချက်ချင်းလက်ငင်း သဘောတူလိုက်သည်။
ဘာပဲဖြစ်ဖြစ် တိုက်ရမည့်အတူတူ ၊ တဖက်လူအား အရှုံးကို မြည်စမ်းခွင့်မပေးရင် ဤကိစ္စကို အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ချေ။
ရွှယ့်လျန်သခင်မလေးက နူးညံ့စွာ ပြုံးရယ်လိုက်သည်။ သူမသည် ထိပ်တန်း သူတော်စင် နှောင်းပိုင်း အဆင့်ထိ ရောက်ရှိပြီးသူ တစ်ဦး ဖြစ်သည်။
ထို့အပြင် သူမသည် မှော်ပန်းနတ်သွေးကို ပိုင်ဆိုင်ထားပြီး ၊ တနည်းအားဖြင့်ဆိုရသော သူမသည် အဆုံးမဲ့ နတ်ဆိုးဂူ၏ သွေးနတ်ဆိုးပညာကို ကျင့်ကြံရန် မွေးဖွားလာသည် ဟု ဆိုကြသည်။
စူးချန်ကဲတွင် ဒဏ္ဍာရီများစွာ ရှိသော်လည်း ၊ သို့သော် သူမကိုယ်သူမ ယုံကြည်မှုရှိသည်။
" သွေးနတ်ဆိုး ပညာ ၊ သွေးဖြေ ”
သူမ၏ စကားသံအဆုံးတွင် ရွှယ့်လျန်သခင်မလေးသည် ရှေ့သို့ ခြေတစ်လှမ်း တိုးသွားခဲ့ပြီး ၊ ကြီးကျယ်ခမ်းနားသော ဖိနှိပ်မှု တစ်ခုက ကောင်းကင်ယံတွင် ဖုံးလွှမ်းသွားခဲ့ကာ သွေးနီရောင် အလင်းတန်းများ သက်ဆင်းလာခဲ့သည်။
ဤအခိုက်အတန့်တွင် စူးချန်ကဲအား လွှမ်းခြုံထားသော သွေးငရဲနှင့် တူပေသည်။
သူမသည် သွေးများကြားထဲ ပွင့်လန်းလာသော ကြာပွင့်သဖွယ် ထွက်ပေါ်လာပြီး ၊ ဖြာထွက်လာသော စွဲမက်ဖို့ကောင်းသည့် အလင်းရောင်တို့သည် သူမကို ပို၍ လှပလာစေသည်။
သို့သော် စူးချန်ကဲသည် ယင်းကို ဂရုမစိုက်ဘဲ ဘာမှမထူးခြားဟန်ဖြင့် ရှိနေသည်။ သို့သော် ဆန့်ကျင်ဘက်အနေဖြင့် သူ့ပတ်ဝန်းကျင်ရှိ လူတိုင်း မှင်သက်စွာ ကြည့်နေကြသည် ။
သူမသည် မရဏတရား အလှလေးပါးထဲက တစ်ယောက် ဆိုသည့်အတိုင်း ၊ တကယ်ကိုပင် ဤဘွဲ့နှင့် ထိုက်တန်ပေသည်။
သို့သော် ဤလှပသော အသွင်အပြင်အောက်တွင် လွန်စွာ အန္တရာယ်ရှိသော ရောင်ဝါ တစ်ခုရှိနေခဲ့သည်။
သွေးနီရောင် အလင်းတန်းများ သက်ဆင်းလာသည်နှင့်အမျှ ၊ ယင်းသွေးရောင်ခြည်တိုင်းတွင် ကြီးမားသော ဖိနှိပ်စွမ်းအားများ ပါ၀င်သည် ။ ထိုသွေးရောင်ခြည်တို့သည် အသက်ရှိပုံရကာ လေဟာပြင်ကို ဖောက်ထွင်း၍ စူးချန်ကဲဆီသို့ ပစ်ဝင်လာခဲ့သည်။
ဤဧရိယာတစ်ခုလုံးကို လုံးဝ ဖျက်ဆီးပစ်တော့မည့်အတိုင်းပင်။
" ကြည့်ရတာ သခင်မလေးက တကယ်ကိုလှုပ်ရှားတော့မယ်ပုံပဲ!"
" ရွှယ့်လျန် သခင်မလေး ကိုယ်တိုင် မလှုပ်ရှားတာ နှစ်တွေကြာခဲ့ပြီ ၊ ဒီတစ်ခေါက်တော့ ပိုပြီး အားကောင်းလာမယ်နဲ့ တူတယ်"
“.....”
အထူးသဖြင့် အဆုံးမဲ့ နတ်ဆိုးဂူက လူတိုင်း တုန်လှုပ်သွားကြသည်။
အပြင်လူများအနေဖြင့် သူတို့၏ ရွယ့်လျန်သခင်မလေးသည် အလွန်လှပကြောင်း သိထားကြသော်လည်း ၊ အဆုံးမဲ့ နတ်ဆိုးဂူတွင် သူမသည် ပါရမီနှင့် ခွန်အားအရာတွင် အစွမ်းဆုံး လူငယ်ပါရမီရှင် ဖြစ်သည်ကိုတော့ မသိကြပေ။
ပြိုင်ဘက်သည် ဒဏ္ဍာရီလာ ကွေးယွမ် သူတော်စင် နယ်မြေ၏ ဆက်ခံသူ ဖြစ်သော်လည်း၊ ဤနေရာသည် မရဏကမ္ဘာဖြစ်ပြီး၊ ဤနေရာတွင် ရောက်ရှိနေသော ပြင်ပလူများမှာ မရဏကမ္ဘာရှိ နိယာမစည်းမျဉ်းများ၏ ဖိနှိပ်ခြင်းကို ခံရမည်ဖြစ်သည်။
မရဏကမ္ဘာ၏ နိယာမစည်းမျဉ်းသည် မရဏကမ္ဘာ၏ သက်ရှိ သတ္တဝါများ အပေါ် အကာအကွယ် တစ်ခုအဖြစ် သက်ရောက်သည့်အကြောင်းကို ထည့်ပြောစရာပင် မလိုတော့ချေ။
သူတို့သခင်မလေးကို အနိုင်ယူမယ်တဲ့လား?
ဒါဟာ သိပ်ကို ရယ်စရာကောင်းတဲ့ အိပ်မက်တစ်ခုပဲ !
စူးချန်ကဲ၏ မျက်လုံးထဲမှာလည်း ဤသွေးနီရောင် အလင်းတန်းများသည် တကယ်ကို အစွမ်းထက်လှပေသည်။
အရူးအမူး ပြေးဝင်တိုက်ခိုက်လာသော ၎င်း၏ အမြန်နှုန်းသည် နတ်ဆိုးကြီး အသုံးပြုခဲ့သည့် မိုးကြိုးထက် ပိုမြန်သည်။
၎င်းတွင် နှိပ်ကွပ်ခြင်း၊ ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်း အစရှိသော အလွန်အမင်းကြမ်းတမ်းသည့် သတ်ဖြတ်ခြင်း စွမ်းအားများပါရှိသည်။
၎င်းသည် အလွန် လှပပြီး ဆွဲဆောင်နိုင်စွမ်း ရှိပါသော်လည်း ၊ အရာအားလုံးအပေါ် သတ်ပစ်လိုစိတ်များ ပါဝင်နေသည်။
သို့သော်လည်း စူးချန်ကဲ၏ မျက်လုံးများသည် ဤအရာများအပေါ် လျစ်လျူရှုထားဆဲပင် ဖြစ်ပြီး ၊ သူသည် ဝေဟင်ပေါ်သို့ တတ်လှမ်းသွားသည်။
သူတော်စင် ခန္ဓာကိုယ်၏ စွမ်းအင်များက သူ့ ခန္ဓာကိုယ်အနှံ့ စီးဆင်းနေပြီး ရွှေအလင်းရောင် ဖြာထွက်နေသည်။ ထို့အပြင် သူတော်စင် ခန္ဓာကိုယ်၏ တောက်ပသော အလင်းရောင်တို့သည် ချပ်ဝတ်တန်ဆာ သဖွယ် သူ့ကို ဖုံးအုပ်ထားသည်။
ထိုသွေးနီရောင် အလင်းတန်းများ သူ့အနားသို့ ချဉ်းကပ်လာသောအခါ၊
စူးချန်ကဲသည် ရွှေရောင်အလင်းတန်းများ တောက်ပစွာ စုဝေးနေသည့် သူ့ညာလက်ကို မြှောက်တင်လိုက်သည်။
ဝုန်း !!
နောက်အခိုက်အတန့်တွင် ၊ ကျရောက်လာသော သွေးနီရောင်အလင်းတန်းများသည် စူးချန်ကဲနှင့် တိုက်ရိုက် ထိတွေ့သွားခဲ့သည်။
သို့သော် စူးချန်ကဲမှ ဆန့်ထုတ်ထားခဲ့သော လက်ဝါးသည် ရှေးဟောင်း တောင်တန်းကြီး သဖွယ် မည်မျှပင် အစွမ်းထက်ပါစေ ခိုင်မြဲစွာဖြင့် မားမားမတ်မတ် ရှိနေခဲ့သည်။
ပြင်းထန်သော ပေါက်ကွဲသံသည် နေရာအနှံ့ ပျံ့နှံ့သွားကာ တုန်ခါသွားခဲ့စေသော်လည်း၊ ဤမျှ အားကောင်းသော စွမ်းအားသည် စူးချန်ကဲ၏ ရှေ့တွင် အလွန် အားနည်းနေပုံရပြီး သူ ခြေလှမ်း တစ်ဝက်ကိုသာ နောက်ဆုတ်သွားစေသည်။
"သွေးနတ်ဆိုးကြာ ၊ ဖွင့်"
ဒါကို မြင်တော့ ရွှယ့်လျန်သခင်မလေးသည် လက်သင်္ကေတ ဖြင့် မှော်အစီအရင်ကို ထပ်မံ ရေးဆွဲလိုက်သည်။
ကောင်းကင်ယံထက်တွင် အဆုံးမရှိသော သွေးကြာပန်းများ ထပ်မံ စုဝေးသွားပြီး ကောင်းကင်နှင့် မြေကြီးကို ကြာပန်းနီများက ဖုံးလွှမ်းထားလေသည်။
ရွှမ်း!!
သွေးကြာပန်းများ၏ အနီအလင်းရောင်သည် ပို၍ တောက်ပလာကာ ပွင့်လန်းလာကြသည်။
မရေမတွက်နိုင်သော သွေးကြာပန်းများ ပွင့်လန်းလာသည်နှင့် အမျှ ၊ မရေမတွက်နိုင်သော အနီရောင် အလင်းတန်းများသည် ဝေဟင်မှ ကြွေဆင်းလာလေသည်။
ဘုန်း ဘုန်း ဘုန်း!!
များစွာသော သွေးအလင်းတန်းများ ဆက်လက် ပေါ်ထွက်လာခဲ့ပြီး စူးချန်ကဲပေါ်သို့ ရူးသွပ်စွာ ကြဲချနေသည်။ သူမ၏ တိုက်ခိုက်မှုတိုင်းက လူများစွာ၏ နှလုံးကို ပြုတ်ကျလုမတတ် ဖြစ်စေသည်။
အဖျက်စွမ်းအားများ ပြည့်နှက်နေသော သွေးနီရောင် အလင်းတန်းသည် ဧရိယာတစ်ခုလုံးကို လွှမ်းခြုံထားသည်မှာ ဤကမ္ဘာကြီး တစ်ခုလုံးကို သွေးရောင်များဖြင့် ဖုံးလွှမ်းထားသလိုပင်။
ရူးသွပ်စရာကောင်းသော ဤတိုက်ခိုက်မှုကြီးသည် ထိုဧရိယာ တစ်ဝိုက်တွင် ရှိနေသော လူများကိုပင် ဖုန်မှုန့်အဖြစ် ပြောင်းလဲပစ်ခဲ့သည်။
သူတို့အားလုံး၏ ထင်မြင်ချက်အရ၊ ဤကြောက်မက်ဖွယ် ကောင်းသော စွမ်းအားသည် ဧကရာဇ်မင်း နယ်ပယ်အဆင့်အောက်က မည်သူမဆို ခုခံရန် ခက်ခဲပေလိမ့်မည်။
" မဆိုးဘူး တခြားသူသာဆို ရှုံးမှာ သေချာတယ် "
“နှမြောစရာပဲ "
သို့သော် ထိုအချိန်တွင် စူးချန်ကဲ၏ ပေါ့ပေါ့ပါးပါး ပြုံးရယ်သံကို ကြားလိုက်ရသည်။
အသံလားရာကို ကြည့်လိုက်ရာ ၊ ယင်းက တစ်ဖန် လူတိုင်း၏ နှလုံးခုန်သံများကို ရပ်တန့်သွားစေပြီး မျက်လုံးများ ပြူးကျယ်သွားစေသည်။
“ဟမ်...!!”
အပိုင်း(၂၇၉): ရှင့်မှတ်ဉာဏ်ထဲ မပျောက်ပျက်သွားမယ့် အမှတ်အသား တစ်ခု ချန်ရစ်နိုင်ခဲ့ရင် နောင်တ ဆိုတာ မရှိဘူး
သွေးအလင်းရောင်များ ပြင်းထန်စွာ ကျရောက်နေသော ဧရိယာကို ကြည့်နေကြသော အားလုံး၏ အမူအယာများမှာ မယုံကြည်နိုင်စရာများဖြင့် ပြည့်နှက်နေသည်။
ထိုကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှု အောက်တွင် စူးချန်ကဲသည် သူ၏ ဘယ်လက်ကို နောက်ပစ်ထားဆဲပင်ပြီး ညာဘက်ကိုသာ မြှောက်တင်ထားသည်။
သူ့အား အလွှာလိုက် ဖုံးအုပ်ထားသော အလင်းကာတစ်ခု ရှိနေသကဲ့သို့ ၊ တဖက်လူ၏ တိုက်ခိုက်မှုသည် မည်မျှပင် ပြင်းထန်ပါစေ သူ့ကို လုံးဝမှ မထိခိုက်နိုင်ခဲ့ပေ။
"ဟား ~ ချန်ကဲ သခင်လေးက ဘယ်လိုကာကွယ်ရမလဲ ဆိုတာပဲ သိတာလား?
" ကျွန်တော်မျိုးမက ချန်ကဲသခင်လေးကို အရမ်း အထင်ကြီးထားတာနော်"
ရွှယ့်လျန်က နောက်ပြောင် ပြောဆိုလိုက်သည်။
သို့သော် သူမလက်များက ဆက်လှုပ်ရှားနေပြီး ၊ စွမ်းအင်များက တိုးသထက် တိုးပွားလာသည်။
စူးချန်ကဲ၏ ဤလှုပ်ရှားမှုသည် သူမ၏ ပြိုင်ဆိုင်မှု စိတ်ဓာတ်ကို အပြည့်အဝ နှိုးဆွပေးလိုက်ပုံ ရပေသည်။
" ဒါ ရန်စခြင်း နည်းလမ်းလား?"
စူးချန်ကဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ဆိုလေသည်။
"ဒါပေမဲ့လည်း ငါတို့ကြားက ကွာဟချက်ကို မင်းကို သိစေနိုင်ဖို့အတွက် မင်းရဲ့ နည်းလမ်းကို ငါ လက်ခံပေးရမှာပေါ့ "
လူတိုင်း၏ ထိတ်လန့်နေသော အကြည့်များ အောက်တွင် ၊ စူးချန်ကဲသည် သူ့အား ကာကွယ်ပေးထားသည့် သူတော်စင် ခန္ဓာကိုယ်၏ အလင်း ကန့်လန့်ကာကို ဖယ်ရှားပစ်လိုက်သည်။
နောက်အခိုက်အတန့်တွင် ၊ သွေးအလင်းတန်းများက စူးချန်ကဲကိုယ်ပေါ်သို့ တိုက်ရိုက် ပစ်ချနေပြန်သည်။
ဤမြင်ကွင်းက လူတိုင်းကို အံ့အားသင့်စေခဲ့ပြီး၊ ခဏတာ ကြောင်အမ်းသွားကြသည်။
"ဒီစစ်ဆင်ရေး က ဘယ်လိုတောင်လဲ"
" စူးချန်ကဲက သူ့ကိုယ်ပိုင် အကာအကွယ်ကို ဖယ်ရှားပြီး သူ့ကို တိုက်ခိုက်ဖို့ ခွင့်ပြုခဲ့တာလား?"
" ဘာ ချန်ကဲ ဆက်ခံသူလဲ ? ငါ့အမြင်အရတော့ အရူးပဲ ၊ ရွယ့်လျန်သခင်မလေးမှာ မှော်ပန်းနတ်သွေး ပါရှိတဲ့အတွက် သွေးနတ်ဆိုး မှော်ပညာကို ကျင့်ကြံခြင်းက သူမရဲ့ စွမ်းရည်ကို များစွာတိုးတက်စေနိုင်တယ် "
“ ရွှယ့်လျန်သခင်မလေးရဲ့ ကျင့်ကြံစွမ်းအားက ဒီလောက် အစွမ်းထက်တာ ဘယ်သူက သူမကို တားနိုင်မှာလဲ”
“......”
အဆုံးမဲ့ နတ်ဆိုးဂူမှ စောင့်ကြည့်နေသူတိုင်း၏ အမူအယာများမှာ ဒေါသတကြီး ဖြစ်နေပုံ ရပေသည်။
စူးချန်ကဲ၏ လှုပ်ရှားမှုသည် ရွှယ့်လျန်သခင်မလေးကို လျစ်လျူရှုရုံသာမက ၎င်းတို့၏ အဆုံးမဲ့ နတ်ဆိုးဂူအပေါ် အလေးအနက် မထားကြောင်း ဖော်ပြနေသည်။
"ကိုကို... ကျွန်မတို့ လူကြီးမင်းကို ကူညီပေးကြမလား..."
ပိုင်လီက စိုးရိမ်သောက ဖြစ်နေသော မျက်နှာထားဖြင့် ထဆိုလိုက်သည်။
"မဟုတ်ဘူး လူကြီးမင်း ဘာမှဖြစ်မှာ မဟုတ်ဘူး စိတ်မပူနဲ့"
ပိုင်ဇစ်သည် ညီမဖြစ်သူ၏ ခေါင်းကို ပွတ်သပ်ပြီး ပြုံးပြလိုက်သည်။
စောနက သူ အရာအားလုံးကို မြင်တွေ့ခဲ့ပြီးပြီ ဖြစ်သည်။ စူးချန်ကဲသည် သူ၏ စစ်မှန်သော ကျင့်ကြံစွမ်းအားကို ပြသပြီးကတည်းက ၊
စူးချန်ကဲအပေါ် ထားရှိသည့် သူ၏ ယုံကြည်မှုမှာ ပို၍ ပြင်းထန်လာခဲ့သည်။
ထိုရောင်ဝါသည် ဤကမ္ဘာကြီးကို စိုးမိုးဖို့ မွေးဖွားလာသည့်အတိုင်း အရာရာ၌ အကြွင်းမဲ့ယုံကြည်မှု အပြည့်ရှိသည်။ စူးချန်ကဲ အနေဖြင့် မသေချာသော လုပ်ရပ်မျိုး လုံးဝ လုပ်လိမ့်မည် မဟုတ်မှန်း သူ ယုံကြည်သည်။
သွေးအလင်းတန်းများ ဖြည်းဖြည်းချင်း လျော့ပါးသွားချိန်တွင် ၊ စူးချန်ကဲ၏ ရုပ်သွင်မှာ ထပ်မံ ပေါ်ထွက်လာပြန်သည်။
ဤအရာအားလုံးကို မြင်လိုက်ရသူတိုင်း နေရာ၌မှာတင် အေးခဲသွားကြပြီး ကြောင်အမ်းလို့ နေသည်။
ရွှယ့်လျန်၏ တိုက်ခိုက်မှုသည် စူးချန်ကဲကို လုံးဝမှ မထိခိုက်ခဲ့ပေ။
ဤသည်မှာ အရမ်းကို မူမမှန်လွန်းပေသည်။ အဖျက်စွမ်းအားများ ပြည့်နှက်နေသော ဤသွေးနီရောင် အလင်းတန်းများသည် တစ်ခုပြီး တစ်ခု ထွက်ပေါ်လာပြီး မည်သည့်အခါမျှ ရပ်တန့်သွားခြင်း မရှိခဲ့ပေ။ သို့သော် ဤကဲ့သို့သော တိုက်ခိုက်မှုကြီးသည် အဘယ့်ကြောင့် စူးချန်ကဲကို မထိခိုက်စေခဲ့သနည်း။
"ဒီကောင် ဘယ်လိုကောင်လဲ!"
လူတစ်ယောက်က ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်မိလိုက်သည်။
ရွှယ့်လျန် သခင်မလေးပင်လျှင် ထိတ်လန့်သွားခဲ့ရသည်။ သူမ၏ လှပသော မျက်လုံးများက ရှေ့ကို စိုက်ကြည့်နေသည်။ ဤတိုက်စစ်သည် သူမ၏ အကောင်းဆုံးသော လက်ရာတစ်ခုအဖြစ် အာမခံနိုင်သည်။
သူမ၏ သွေးသားနှင့် ပေါင်းစပ်ထားသော ဤတိုက်ခိုက်မှုသည် အလွန်ကို အားကောင်းပြီး ၊
သူတော်စင် ဧကရာဇ် အဆင့်ကိုပင် ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သည်။
သို့သော် စူးချန်ကဲသည် အဘယ်ကြောင့် ထိခိုက်မှု မရှိခဲ့လေသနည်း။
"ခု ငါ့အလှည့်ပဲ"
သူ့ကိုယ်ပေါ်က ဖုန်မှုန့်များကို အသာလေး ခါချပြီးနောက် အေးစက်စွာ ပြုံးရယ်လိုက်ပြီး မျက်စိတမှိတ်အတွင်းမှာပင် ရွှယ့်လျန်သခင်မလေး၏ ရှေ့သို့ ရောက်ချလာခဲ့သည် ။
“ကောင်းကင်ကို ဖြိုခွင်းခြင်း လက်သီးသိုင်း!”
ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက လေထုထဲတွင် ပြည့်နှက်သွားပြီး သူ၏ လက်ဝါးထဲတွင် အဆက်မပြတ် စုဝေးလာခဲ့သည်။
ထို့နောက် သူ၏ လက်သီးတစ်စုံဖြင့် ဝေဟင်ပေါ်တွင် ရှိနေသော ရွှယ့်လျန်သခင်မလေးကို တိုက်ရိုက် ထိုးနှက်လိုက်သည်။
ဤတိုက်ခိုက်မှုတွင် ကြင်နာသနားခြင်း ဟူ၍ မရှိ ၊ ကြောက်မက်ဖွယ်ကောင်းသော သွေးစွမ်းအင်၏ ဟောက်သံများသာ ရှိသည်။
" သွေးနတ်ဆိုး ပညာ ၊ သွေးမြစ်၏ ဖျက်စီးမှု "
ရွှယ့်လျန်သည် အလျင်အမြန် တုံ့ပြန်လာခဲ့ပြီး ချက်ချင်းဆိုသလို လှုပ်ရှားခဲ့သည် ။
သွေးနီရောင် အလင်းတန်းများက သူမ၏ လက်ဖျံတစ်လျှောက် စီးဆင်းနေပြီး အလားတူ လက်ဝါးမှ လက်သီးအဖြစ် ပြောင်းလဲခဲ့သည်။
တခဏချင်းမှာပဲ ၊ တောက်ပသော သွေးနီရောင် အလင်းတန်းများက စူးချန်ကဲပေါ်သို့ တိုက်ရိုက် ကျရောက်သွားသည်။
ဝုန်း!!
အနီရောင်နှင့် အဖြူရောင် အလင်းတန်းနှစ်ခု ထိပ်တိုက် ဆုံတွေ့ခဲ့လေရာ ပြင်းထန်သော ရောင်ဝါလှိုင်းများ ထွက်ပေါ်လာခဲ့သည်။
စူးချန်ကဲ၏ လက်သီးနှင့် တိုက်မိသည့်အခိုက်တွင် ၊ သူမ၏ ရုပ်သွင်သည် အနီရောင် လျှပ်စီးကြောင်းများ ဖျက်ခနဲ့ ဝင်းလက်သွားသကဲ့သို့ ဟင်းလင်းပြင် ကွက်လပ်ထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားသည်။
သူမသည် သေခြင်းတရားကို ထိုင်စောင့်နေတတ်သည့် အကျင့်စရိုက်မျိုး မဟုတ်။ ခံရမည့်အတူတူ ထိုအစား လက်ဦးမှုကို ရယူကာ တိုက်ခိုက်ပေမည်။
သူမသည် စူးချန်ကဲ၏ ရှေ့သို့ ရောက်ချလာပြီး၊ သူမ၏ လက်ကို မြှောက်လိုက်သည်နှင့် ကောင်းကင်ယံမှ အဖျက်စွမ်းအားများ ပါဝင်သော သွေးနီရောင် အလင်းကိုးတိုင် ကျရောက်လာခဲ့သည်။
တစ်ချိန်တည်းမှာပဲ သူမ၏ လက်ထဲတွင် သွေးကြာပန်းများကို စုဝေးလိုက်ပြီး ၊ သူမ၏ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် သွေးကြာပန်းများသည် စူးချန်ကဲ၏ ရင်ဘက်ပေါ်သို့ တိုက်ရိုက် ပစ်မှန်သွားခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော ထိုရောင်ဝါကို ကြည့်ခြင်းအားဖြင့် ရွှယ့်လျန်သခင်မလေး၏ အနီးကပ် တိုက်ခိုက်မှုမှာ အလွန် အားကောင်းကြောင်း သိနိုင်ပေသည်။
“ ဖောက်ခွဲ!”
ရွှယ့်လျန်သခင်မလေး၏ အနီရောင်နှုတ်ခမ်းသားများမှာ အနည်းငယ် လှုပ်ရှားသွားသည်။
မှောင်ရိပ်သန်းနေသော ကောင်းကင်တွင် အနီရောင်ဂြိုဟ်များ တစ်လုံပြီး တစ်လုံး ပေါက်ကွဲသွားကြသလိုပင်။
တစ်ချိန်တည်းတွင် မရေမတွက်နိုင်သော အနီရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ၊ဤကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါသည် အဆုံးမဲ့ အရိုးဖြု ပင်လယ်ကမ်းနားရှိ ရေပြင်ကို လှိုင်းထန်သွားစေခဲ့သည်။
ဤပေါက်ကွဲမှု၏ အလယ်ဗဟိုတွင် စူးချန်ကဲ ရှိနေခဲ့ပြီး ၊ သို့သော် သူသည် သေခြင်းတရားကို ငြိမ်ငြိမ်ထိုင်စောင့်နေမည့် သူ မဟုတ်ဘဲ တဖက်လူ၏ ကြောက်စရာကောင်းသော စွမ်းအားကို ထိုးဖောက်ရန် လှုပ်ရှားခဲ့သည်။
“ ကောင်းကင်ကို ဖြိုခွဲခြင်း အာဏာရှင်လက်သီး!”
ပေါက်ကွဲနေဆဲ ဖြစ်သော သွေးအလင်းတန်းများကြား ကျယ်လောင်သော ပေါက်ကွဲမှု တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပြန်သည်။
ဤပေါက်ကွဲမှု အသစ်သည် အရာအားလုံးကို ဖောက်ခွဲပစ်ခဲ့ပြီး မရေမတွက်နိုင်သော လက်သီးအလင်းများက လေဟာပြင်ကို ဖောက်ထွင်းဝင်ရောက်လာခဲ့ရာ ဟင်းလင်းပြင် အက်ကွဲကြောင်းများကို ဖြစ်ပေါ်စေခဲ့သည်။
ဤနေရာတွင် မရဏကမ္ဘာ၏ နှိပ်ကွပ်ခြင်း နိယာမ စည်းမျဉ်းသာ မရှိပါက ၊ ထိုအက်ကွဲကြောင်းသည် မိုင်ထောင်ပေါင်းများစွာ ပျံ့နှံ့သွားနိုင်သည်။
ရွှယ့်လျန်သခင်မလေးသည်လည်း အားနည်းသူ တစ်ယောက် မဟုတ်ပေ။ သူမ၏ လက်နှစ်ဖက်လုံးဖြင့် သွေးကြာပန်းများကို ထပ်မံ ဖွဲ့စည်းလိုက်ပြီး စူးချန်ကဲ ထံသို့ ပစ်လွှတ်လိုက်သည်။
“ဟွန်း!လာတာ ကောင်းတယ်!"
ဤအခိုက်တွင် စူးချန်ကဲ၏ တိုက်ခိုက်ရေး စိတ်ဓာတ်တို့သည် တဟုန်းဟုန်း တောက်လောင်နေပြီး သူသည် တုံ့ဆိုင်ခြင်း မရှိ လက်သီးဖြင့် နှစ်ကြိမ် ထိုးနှက်လိုက်သည်။
ဝုန်း ဝုန်း!!!
ပေါက်ကွဲမှုများက ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပြီး ၊ အဖျက်စွမ်းအားများ ပြည့်နှက်နေသည့် အလင်းတန်းနှစ်ခုသည် အချင်းချင်း ရောယှက်လျက် တစ်ခုကို တစ်ခု အရူးအမှုး ဖောက်ခွဲနေကြသည်။
ဝုန်း!
ပေါက်ကွဲသံ တစ်ခု ထပ်မံထွက်ပေါ်လာခဲ့ပြီး ၊ အဝေးသို့ လွှင့်ထွက်သွားသော ရုပ်သွင်တစ်ခုကို မြင်လိုက်ရသည် ။
လူတိုင်း အနီးကပ် မြင်လိုက်ရချိန်တွင် ၊ ထိုရုပ်သွင်မှာ ရွှယ့်လျန်သခင်မလေး ဖြစ်သည်ကို သဘောပေါက်သွားကြသည်။
“ သခင်မလေး!”
အဆုံးမဲ့ နတ်ဆိုးဂူ ရှိ လူတိုင်း၏ အမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားပြီး အကူအညီပေးရန် ပြေးလာကြသည်။
“မလာကြနဲ့!”
သူမသည် ကျယ်လောင်စွာ ငေါက်ငမ်းလိုက်သည်။
အဆုံးမဲ့ နတ်ဆိုးဂူထဲက လူတိုင်း အရူးမီးဝိုင်းဖြစ်နေကြသည်။ အဆုံးမဲ့ နတ်ဆိုးဂူတွင် အသန်မာဆုံးသူ ဟု ချီးမြှောက်ခံထားရသော ရွှယ့်လျန်သခင်မလေးသည် အလွန်တောက်ပပြီး ပြိုင်ဘက်ကင်းပေသည်။
ထို့အပြင် သူမ ပိုင်ဆိုင်ထားသော မှော်ပန်းနတ်သွေး၏ အရည်အသွေးသည် သူမ၏ အလှထက်တောင် ပို၍ အစွမ်းထက်ပေသည်။
သို့သော် သူမသည် စူးချန်ကဲ၏ လက်သီးနှစ်ချက်တည်းဖြင့် အလဲထိုးခြင်းကို ခံလိုက်ရသည်။
"ဒါက သွေးရဲ့ အရသာတဲ့လား?"
သူမသည် ပြန်ထလာခဲ့ပြီး ပါးစပ်ထောင့်မှ စီးကျလာသော သွေးများကို သုတ်လိုက်သည်။
သူမ၏ ခန္ဓာကိုယ်သည် လေထဲတွင် တဖန် လွင့်မျောနေပြီး ၊ သူမ၏ နောက်တွင် အဖျက်စွမ်းအား နှင့် သွေးနီရောင် စွမ်းအားများကို ပေါင်းစပ်ထားသည့် ပို၍ လှပသော သွေးနီရောင် မှော်ပန်းပွင့်ကြီး တစ်ပွင့် ပွင့်လန်းလာသည်။
“ ဆက်ပြီး တိုက်ချင်သေးတာလား?”
စူးချန်ကဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"မင်းက တကယ်ကို သန်မာပါတယ် ဒါပေမယ့် လိုသေးတယ် "
သူမသည် ဒေါသမထွက်ဘဲ ပြုံးလိုက်ရင်း ဆိုလိုက်သည်။
"တကယ်လို့ ဒီတိုက်ပွဲအပြီး ၊ ချန်ကဲ ဆက်ခံသူရဲ့ မှတ်ညဏ်ထဲ မပျောက်ပျက်သွားမယ့် အမှတ်အသား တစ်ခု ချန်ရစ်နိုင်ခဲ့ရင် .."
"ဒါဆို နောင်တရစရာ မရှိဘူး"
ဤတိုက်ပွဲတွင် သူမသည် စူးချန်ကဲအကြောင်း ကောင်းကောင်း သိလာခဲ့သည်။
မခံချင်စိတ် ၊ မိမိကိုယ့်ကိုယ် ယုံကြည်မှု ပြင်းထန်ခြင်း ၊ မယှဉ်နိုင်သော သတ္တိ ၊
ဤအရာတို့သည် တကယ်ကို ဒဏ္ဍာရီထဲက အတိုင်းပင်။
စူးချန်ကဲကို လိုချင်ခဲ့ရသည့် အကြောင်းရင်းမှာ ပထမဆုံးအကြိမ်အဖြစ် ငြင်းပယ်ခံလိုက်ရသည့် ခံစားချက်က သူမ၏ နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်ကို ဖြစ်စေခဲ့ခြင်းကြောင့် ဖြစ်သည်။
သို့သော် ယခုတွင် သူမသည် စူးချန်ကဲနှင့် လက်ရည်ယှဉ်ပြီးနောက် ၊ ဆန့်ကျင်ဘက် အနေနှင့် ပါရမီရှင်တစ်ဦးအဖြစ် မိမိ၏ အဆင့်အတန်းကို တောင့်တလိုသောကြောင့် ပျော်ပျော်ကြီး တိုက်ပွဲဝင်ခဲ့ခြင်း ဖြစ်သည်။
“ ဟုတ်လား?”
စူးချန်ကဲသည်လည်း သူမ၏ လှပသော မျက်ဝန်းများထဲတွင် ပြင်းထန်သော တိုက်ခိုက်ရေး စိတ်ဓာတ်များကို မြင်လိုက်ရသည်။
အလျှော့မပေးသော စိတ်ဓာတ်၊ မာန တို့သည် သူ နှင့် တစ်ပုံစံတည်းပင် ဖြစ်သည်။
"ဒီလိုဆိုလည်း "
" နောက်လာမယ့် တိုက်ကွက်တွေကို မင်း ကောင်းကောင်းကြီး လက်ခံထားပေတော့"
အပိုင်း(၂၈၀): အရိုးဖြူ ပင်လယ်၏ မှော်ပုလွေနှင့် အရိုးဖြူ ရွက်လှေ
ချွင်——
လူတစ်ဦး၏ စိတ်ဓာတ်နှင့် ဆန္ဒကို ဖြိုခွဲနိုင်ပစ်သည့် စူးရှသော ဓားသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
စူးချန်ကဲ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ဓားဆန္ဒများက ဝန်းရံထားပြီး အလင်းဓားများ မွေးဖွားလာခဲ့သည်။
ဓားဆန္ဒသည် သူ့ခန္ဓာကိုယ်နှင့် တစ်သားတည်း ဖြစ်တည်နေကာ အတွေးတချက်တည်းဖြင့် စေခိုင်းနိုင်သည်။
မိုး နှင့် မြေကြား ဓားစွမ်းအင်များသာ ရှိသည့် ကမ္ဘာကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ၊ ရွှယ့်လျန်၏ နောက်တွင် စုဝေးနေသော သွေးပန်းပွင့်ကြီးသည် ပို၍ ပြင်းထန်သော အနီရောင် အလင်းတန်းတစ်ခုနှင့်အတူ ရုတ်တရက် ပွင့်လန်းလာသည်။
ထိုအရာတွင် နတ်ဆိုးတစ်ကောင်၏ စွမ်းအားများ ရှိပြီး ၊ ထူးဆန်းသော ဖြစ်စဉ်များဖြင့် မွေးဖွားလာပုံရသည်။
" အဖျက်စွမ်းအား သွေးကြာပန်း!"
သူမ၏ ရေရွတ်သံနှင့်အတူ ၊ သွေးကြာပန်းသည် စူးချန်ကဲရှိရာ နေရာဆီသို့ တိုက်ရိုက် ချေမှုန်းရန် ကြိုးစားလေသည်။
ထိုဖိနှိပ်စွမ်းအားသည် လူတိုင်းကို အသက်ရှု ရပ်မတတ် ဖြစ်စေပြီး ၊ မိမိ၏ ခန္ဓာကိုယ်အား ကွေးညွှတ်သွားစေသည်။
သို့သော် ဤမျှ ကြီးမားသော ဖိနှိပ်စွမ်းအား၏ ဗဟိုတွင် ရှိနေသော စူးချန်ကဲသည် ဓားကျောရိုးသဖွယ် ဖြောင့်ဖြောင့်မတ်မတ် ရှိနေဆဲပင် ဖြစ်သည်။
ထို့နောက် ဓားအမှတ်အသားကို သူ့ရှေ့တွင် ဖွဲ့စည်းလိုက်သည်။
တခဏအတွင်းမှာပင် ၊ လေထဲတွင် အသင့်ရှိနေသော ထောင်ပေါင်းများစွာသော ဓားအလင်းများသည် ဓားစွမ်းအင်မုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားသည်။
“ သွား!”
ရေရွတ်သံနှင့်အတူ ၊ စူးချန်ကဲသည် ဓားများကို စေညွှန်လိုက်သည်။
အဆုံးမရှိသော ဓားမုန်တိုင်းသည် နဂါးတစ်ကောင်အတိုင်း ဟစ်ကြွေးလျက် လေကို ပစ်ခွင်းကာ ကြွေကျလာသော သွေးကြာပန်းကို တိုက်ရိုက် ထိုးဖောက်ခဲ့သည်။
ဝုန်း!!
ဓားမုန်တိုင်းကြီးထဲမှ ပျံသန်းလာသော ဓားတစ်စင်းသည် သွေးကြာပန်းကို တိုက်ရိုက် ထိမှန်သွားပြီး ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
ဘုန်း !!
မရေမတွက်နိုင်သော ဓားအလင်းတန်းများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာပြီး တုန်လှုပ်ခြောက်ခြားဖွယ် အသံ နှင့် ဟောက်သံများမှာ အဆုံးမရှိပေ။ ပြင်းထန်သော ဓားစွမ်းအင် မုန်တိုင်းကြီးသည် ကောင်းကင်ယံဆီသို့ ဆက်လက် တိုးဝင်လေသည်။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သွေးကြာပန်းကြီးမှာလည်း ကွဲအက်သွားခဲ့ချေပြီ။
အရာအားလုံးမှာ တခဏချင်း ပျက်သုဉ်းသွားခဲ့သည်။
သို့သော် ဓားစွမ်းအင်၏ နောက်ဆက်တွဲ ဖြစ်ရပ်များမှာ မလျော့ပါးသေးချေ။
သွေးအန်သံ!!
ဓားတစ်လက်သည် ရွှယ့်လျန်သခင်မလေး၏ ပခုံးကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီး ၊ သွေးများ ပန်းထွက်လေသည်။
ပြင်းထန်သော နာကျင်မှုကြောင့် သူမ၏ ခုခံနိုင်စွမ်း ဆုံးရှုံးသွားကာ မြေပေါ်သို့ တိုက်ရိုက် ပြုတ်ကျသွားခဲ့သည်။
“ သခင်မလေး!!”
စောင့်ကြည့်နေကြသော အဆုံးမဲ့ နတ်ဆိုးဂူက လူတိုင်း ရှေ့သို့ ပြေးလာကြပြီး ရွှယ့်လျန်သခင်မလေးအား အလျင်အမြန် ကူညီပေးခဲ့ကြသည်။
“ငါ....ရှုံးသွားပြီလား...?”
သူမ၏ ပါးစပ်တွင် သွေးများဖြင့် စွန်းထင်းနေပြီး ၊ ဆံပင်များက ဖွာကြဲလျက် အနည်းငယ် သနားစရာ ကောင်းနေသည်။
နောက်ကျောပေးထားသော စူးချန်ကဲ၏ ပုံရိပ်ကို ကြည့်ရင်း သူမ၏ မျက်ဝန်းထဲတွင် အထီးကျန်ဆန်မှုများဖြင့် ပြည့်နှက်နေသည်။
သူမကိုယ်သူမ ဂုဏ်ယူနေတတ်သည့် အလှတရားနှင့် ခွန်အားသည် တစ်ဖက်လူ၏ မျက်လုံးထဲတွင် သနားစရာပင် ကောင်းနေသလော။
"ဒီကောင် အရမ်းရက်စက်ပြီး ၊ သနားကြင်နာမှု လုံးဝ မရှိဘူး!"
"မှန်တယ်! ဒီလိုပြင်းထန်တဲ့ ဒဏ်ရာကနေ ပြန်သက်သာလာဖို့ဆို အချိန်အနည်းငယ် ယူရလိမ့်မယ် ၊ ဒီကောင့်ကို ပညာပေးဖို့တော့ လိုပြီ!"
အဆုံးမဲ့ နတ်ဆိုးဂူက လူတိုင်း မကျေနပ်ပုံပေါ်ကာ ထပ်မံ တိုက်ခိုက်ရန် စဉ်းစားနေကြသည် ။
"မဟုတ်ဘူး...မလုပ်နဲ့..."
ရွယ့်လျန် သခင်မလေးသည် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး ဆိုလေသည်။
"ငါ အရှုံးကို လက်ခံဖို့ ဆန္ဒရှိတယ်... ဒီကိစ္စက ဒီမှာတင် အဆုံးသတ်ပြီ..."
မူလက ဒေါသထွက်နေသူတိုင်း ၊ ခေတ္တမျှ ဆွံ့အသွားပုံရသော်လည်း ဘာမှ ပြန်မပြောကြပေ။
လူတိုင်း သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။
အများကြီး ပေးဆပ်ခဲ့ရသော်လည်း ၊ အဆုံးမှာ ဘာမှ မရခဲ့ချေ။
သို့သော် သခင်မလေး၏ အမိန့်ကို မနာခံရန်မှာလည်း မဖြစ်နိုင်ချေ။
လှည့်ထွက်ရုံသာ တတ်နိုင်ပေသည်။
အဝေး တစ်နေရာသို့ လျှောက်လှမ်းနေခဲ့သော စူးချန်ကဲ၏ ခြေလှမ်းများမှာ ရပ်တန့်သွားသည်။
သူသည် နောက်ပြန်လှည့်မကြည့်ဘဲ အေးအေးဆေးဆေး ဆိုခဲ့သည်။
"တခြားသူတွေ ဘယ်လိုထင်လဲတော့ မသိဘူး "
"ဒါပေမယ့် ငါ့အမြင်အရ မင်းရဲ့ အရည်အချင်းက မင်းရဲ့အလှထက် ပိုဆွဲဆောင်မှု ရှိတယ်"
" အောင်မြင်သော လမ်းစဉ်ကို လျှောက်လှမ်းနိုင်မှသာလျှင် ထာဝရအရာတွေကို ရရှိနိုင်လိမ့်မယ်"
ဤစကားတစ်ခွန်းကို ကြားလိုက်ရသည်နှင့် သူမ၏ လှပသော မျက်ဝန်းများထဲတွင် ရေလှိုင်းလေးများ ထသွားခဲ့သည်။
"ငါ့ရဲ့ အရည်အချင်းက ငါ့အလှထက် ပိုဆွဲဆောင်မှု ရှိတယ်...?"
" ဒါပထမဆုံး ကြားဖူးတဲ့ စကားတစ်ခွန်းပဲ..."
ရွယ့်လျန် သခင်မလေး၏ နှုတ်ခမ်းထက်တွင် လျှို့ဝှက်ထားသော အပြုံးတစ်ခု ရှိနေခဲ့သည်။
" ဒီတိုင်း အရှုံးပေးလိုက်ရတာ... နည်းနည်းတော့ မခံသာဘူး..."
"နောက်တစ်ခါကျရင် ရှင့်ကို သေချာပေါက် အနိုင်ယူပြမယ်"
.......
အဆုံးမဲ့ နတ်ဆိုးဂူမှ တပ်ဖွဲ့ကြီးမှာ ဆုတ်ခွာသွားခဲ့ပြီ ဖြစ်သညိ။
အဆုံးမဲ့ အရိုးဖြူ ပင်လယ်ကြီးမှာ တိတ်ဆိတ်သွားခဲ့ပြန်သည်။
"မရဏတရားလေးပါး၊ အဆုံးမဲ့ အရိုးဖြူ ပင်လယ်တဲ့လား?"
"ဒီနေ့တော့ ငါယူဖို့ အချိန်တန်ပြီ "
စူးချန်ကဲသည် အရိုးပင်လယ် မှော်ပုလွေကို သူ့ရင်ဘက်ထဲမှ ထုတ်ယူလိုက်သည်။
လက်ထဲတွင် ကိုင်ဆောင်ထားသော ကျောက်စိမ်း ပုလွေဖြူသည် အလွန် အေးစက်ပုံရပြီး ၊ ထူးဆန်းသော ရောင်ဝါတစ်ခု ထုတ်လွှတ်ပေးနေသည်။
ခပ်ဖျော့ဖျော့ ရောင်ဝါတစ်ခုမျှသာ ဖြစ်သော်လည်း အလွန် ကြောက်စရာကောင်းသော စွမ်းအားများ ဖုံးလွှမ်းထားသကဲ့သို့ လူကို ကြောက်ရွံ့ တုန်လှုပ်သွားစေသည်။
“ဒါက....!?”
အရိုးပင်လယ် မှော်ပုလွေကို မြင်လိုက်ရသူတိုင်း တုန်လှုပ်သွားကြသည်။
အထူးသဖြင့် ပိုင်ဇစ်တို့သည် မောင်နှမ နှစ်ယောက်လုံး အံ့အားသင့်နေကြသည်။ သူတို့သည် မရဏကမ္ဘာတွင် နှစ်ပေါင်းများစွာနေထိုင်လာသည်နှင့် အလျောက် ၊ အဆုံးမဲ့ အရိုးဖြူ ပင်လယ်၏ မှော်ပုလွေ ဒဏ္ဍာရီအကြောင်း မသိ ရှိမည်နည်း။
ဤအရာသည် အဆုံးမဲ့ အရိုးဖြူ ပင်လယ်ထဲသို့ဝင်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး ဒဏ္ဍာရီလာ ပျောက်ဆုံးနေသော အရာတစ်ခုပင် ဖြစ်သည်။
စူးချန်ကဲသည် အံ့အားသင့်နေကြသော အားလုံး၏ အကြည့်များကို လျစ်လျူရှုကာ ပုလွေကို စတင် တီးမှုတ်လိုက်သည်။
ဝီ——
ပုလွေသံသည် ရှေးကျပြီး အချိန်ကာလကို ဖြတ်သန်းသွားသကဲ့သို့ အဆုံးမရှိ ပျံ့လွှင့်လို့နေသည်။
ရှေးဒဏ္ဍာရီ တစ်ခုသည် ဤကမ္ဘာပေါ်ရှိ လူများ၏ ခေါ်ဆိုမှုဖြင့် တစ်ဖန် ထွက်ပေါ်လာပေတော့မည်။
ပုလွေသံသည် အထူး မှော်အစွမ်းရှိပုံရပြီး အဆုံးမဲ့ အရိုးဖြူ ပင်လယ်၏ အနက်ရှိုင်းဆုံး နေရာထိ ပျံ့လွှင့်လို့ နေသည်။
ကြီးကျယ်ခမ်းနားသော စွမ်းအားအချို့သည်လည်း တဖြည်းဖြည်း နိုးထလာပုံ ရပေသည်...
ဟူး !!
ပုလွေသံတီးမှုတ်ပြီး မကြာမီပင်။
အဆုံးမဲ့ အရိုးဖြူ ပင်လယ်ကြီးတွင် လှိုင်းတံပိုးများ ရုတ်တရက် ရိုက်ခတ်လာခဲ့ပြီး ၊ ဤပင်လယ်ကြီး တစ်ခုလုံး တခဏချင်းပင် ပြင်းထန်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေစွမ်းအင်များ တဟုန်ထိုး တိုးဝင်လာခဲ့ပြီး ယင်ဓာတ် လေပြင်းများ အဖြစ်သို့ ပြောင်းလဲကာ ပင်လယ်ရေမျက်နှာပြင်ကို ရိုက်ခတ်နေခဲ့သည်။
ဝုန်း!!
ထိုအချိန်တွင် စူးချန်ကဲတို့အဖွဲ့နှင့် မနီးမဝေး နေရာ၌ ပင်လယ်ရေ မျက်နှာပြင်ပေါ်မှ ရေလှိုင်းများသည် ဟိုးအပေါ်ထိ ထိုးတတ်သွားခဲ့သည်။
ပင်လယ်အောက်ခြေတွင် ရှိနေခဲ့သော အရာတစ်ခုသည် ပေါက်ကွဲထွက်လာခဲ့ပုံ ရပေသည်။
ဟွားး လာ လာ! !
အနက်ရောင် ပင်လယ်ရေများသည် မိုးရွာချသည့်အတိုင်း တစ်ဖန် ပြန်ကျလာခဲ့ပြီး ထို့နောက်တွင် ကြီးမားသော ရွက်လှေကြီး တစ်စင်း ထွက်ပေါ်လာခဲ့သည်။
ပို၍ အံ့သြစရာကောင်းသည်မှာ ဤရွက်လွှင့်သင်္ဘောကြီးကို အရိုးဖြူများဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး ကိုယ်ထည်ကြီး တစ်ခုလုံး ဖြူဖွေးနေသည်။
အထူးသဖြင့် သင်္ဘောကိုယ်ထည် တစ်ခုလုံးကို မရေမတွက်နိုင်သော ဦးခေါင်းခွံများ၊ အရိုးများဖြင့် ပြုလုပ်ထားသောကြောင့် အဆုံးမရှိသော ယင်ဓာတ်များ နှင့် ထူးဆန်းသော မကောင်းသည့် နိမိတ်များကို ပေးစွမ်းနေသည်။
ထိုဦးခေါင်းခွံများသည် အသက်ရှိနေပုံရကာ ၊၎င်းတို့၏ အပေါ် မေးရိုးနှင့် အောက်မေးရိုးများကို အဆက်မပြတ် အဖွင့်အပိတ် လုပ်နေပြီး ရယ်ပြနေသည်။
အထူးသဖြင့် ၎င်းတို့၏ မျက်လုံးထဲ၌ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသော တစ္ဆေမီးများ ရှိနေပြီး ၊ ထိုနက်နဲသော အလင်းရောင်တို့သည် လူ၏ စိတ်ထဲကို ထိုးဖောက် ဝင်ရောက်လာသည့်အတိုင်း လူကို တုန်လှုပ်သွားစေသည်။
ထို့အပြင် အလွန် ကြီးမားသော ရွက်လွှင့်ကို လူအသားအရည်နှင့် ပြုလုပ်ထားပုံရပြီး ၊ ဖြူစွတ်နေသော ဤအရိုးစု ရွက်လှေကြီးက လူကို ပို၍ ထူးခြားဆန်းကြယ်စေသည်။
" အရိုးပင်လယ် မှော်ပုလွေကို တီးမှုတ်တဲ့သူသာလျှင် လှေပေါ်တက် "
ငရဲသားအသံကဲ့သို့ အရိုးဖြူရွက်လှေပေါ်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ခဏအကြာတွင် စူးချန်ကဲ၏ ခြေဖဝါးအောက်ဆီသို့ မီးခိုးရောင် မှော်အလင်းတန်း တစ်ခု ပျံ့နှံ့လာခဲ့ပြီး ထူးခြားဆန်းကြယ်သော လမ်းကြောင်းတစ်ခုဆီသို့ ခေါ်ဆောင်ခဲ့လေသည်။