အခန်း (၂၈၁-၂၈၃)
Vol. 20 Ch. 281-283
အပိုင်း(၂၈၁): အရိုးပင်လယ် ရေဝဲဂယက်ရဲ့ ကာကွယ်စောင့်ရှောက်သူ ၊ အရိုးဖြူ နဂါးဘုရင်
“ပလွေတီးမှုတ်တဲ့သူသာလျှင် လှေပေါ်တက်ရမယ် ?”
စူးချန်ကဲ မျက်မှောင်ကြုတ်သွားသည် ။
"ကြည့်ရတာ ငါတစ်ယောက်တည်းကိုပဲ တက်ခိုင်းတဲ့ပုံပဲ "
ဆွေးနွေးပြီးနောက် ၊ စူးချန်ကဲသည် အမတ လက်နက် တစ်ပိုင်းဖြစ်သည့် ကျုံရွှမ် လက်ရာမြောက် စေတီမျှော်စင်ငယ်ကို ထုတ်ယူလိုက်သည်။
စေတီမျှော်စင်ထဲတွင် ကျယ်ပြန့်ပြီး အကန့်အသတ်မဲ့ ကမ္ဘာကြီး တစ်ခုရှိပြီး ၊ လူများ ခေတ္တ တည်းခိုနိုင်သည်။
ဤနည်းဖြင့် တခြားသူများကို ဖြေရှင်းပြီးနောက် စူးချန်ကဲသည် လှေပေါ်သို့ တတ်လှမ်းလိုက်သည်။
ထိုမှော်အလင်းသည် အသိစိတ်ရှိနေပုံရကာ စူးချန်ကဲမှ ၎င်းကို နင်းလိုက်သည့် အခိုက်တန့်တွင် အဆိုပါ မှော်အလင်းသည် ဓာတ်လှေကားကဲ့သို့ အရိုးဖြူ ရွက်လှေဆီသို့ ဖြည်းညှင်းစွာ ခေါ်ဆောင်သွားခဲ့သည်။
လူကို ပို၍ အေးစက်သွားစေခဲ့သော အရာမှာ ထိုမှော်အလင်း ဓာတ်လှေကား၏ အောက်ကို အနည်းငယ် ငုံ့ကြည့်လိုက်ပါက အရူးအမူး သက်ဝင်လှုပ်ရှားနေသော ထောင်ပေါင်းများစွာသော အရိုးဖြူများကို မြင်ရပေမည်။
ဝီ ဝီ ဝီ——
သူသည် အဆုံးမရှိသော အမှောင်ထု ပင်လယ်ထဲတွင် ရှိနေသော်လည်း ၊ ကြောက်မက်ဖွယ် ကောင်းသည့် အရိုးများ၏ အက်ကွဲသံများကို ကြားနေရဆဲပင် ဖြစ်သည်။
စူးချန်ကဲသည် အရိုးဖြူ ရွက်လှေပေါ်သို့ တက်လိုက်သည်နှင့် သူ့ရင်ထဲ ထူးဆန်းသော ခံစားချက် တစ်ခု ဝင်ရောက်လာခဲ့သည်။
" ဒါက တိုက်မြေ သုံးထောင်ရဲ့ ဖိနှိပ်ခြင်း နိယာမစည်းမျဉ်းနဲ့ မတူဘူးပဲ..."
စူးချန်ကဲ လေးလေးနက်နက် တွေးနေချိန်မှာပဲ ထူးဆန်းသော အသံတစ်ခု ထပ်မံ ထွက်ပေါ်လာသည်။
"ပုလွေတီးမှုတ်သူ သင်္ဘောပေါ်ရောက်လာပြီ ၊ ရွက်လွှင့်မယ်!"
ဖလူးး ဖလူးး——
အရိုးဖြူ ရွက်လှေကြီးသည် လှိုင်းလုံးကြီးများနှင့် ဆူနာမီလှိုင်းများကို ဖြတ်ကျော်၍ ရွက်လွှင့်သွားလာနေသည်မှာ အမှောင်ထု ပင်လယ်ပြင်ပေါ်တွင် ခရီးသွားလာနေသော ဧရာမ သားရဲကောင်ကြီးကဲ့သို့ပင်။
ပင်လယ်ရေ၏ လှော်ခတ်သံနှင့် အတူ အရိုးများ အချင်းချင်း ပွတ်တိုက်သံကို ကြားနေရသည်။ ပင်လယ်ကြမ်းပြင်တွင် ငြိမ်သက်နေခဲ့သော အရိုးစုများသည် ရွက်လှေကြီးကို ရပ်တန့်ရန် ၎င်းတို့၏ လက်များကို ဆန့်ထုတ်ထားခဲ့သည်။
သို့သော် ဤကြီးမားသော အရိုးဖြူ သားရဲကောင်၏ ရှေ့တွင် ၎င်းတို့၏ တားစီးမှုသည် လုံးဝ အကျိုးသက်ရောက်မှု မရှိဘဲ အဆက်မပြတ် နင်းချေဖျက်စီးခံနေရသည် ။
ပင်လယ်ပြင်တွင် ငွေဖြူရောင် အရိပ်အမြွက်များသာ ကျန်ရစ်နေခဲ့သည်။
.....
အချိန်ဘယ်လောက်ကြာသွားလဲ မသိ။
မည်းမှောင်နေသော ပင်လယ်မျက်နှာပြင် နှင့် အနက်ရောင် ကောင်းကင်တို့သည် အပြန်အလှန် ရောင်ပြန်ဟပ်နေသောကြောင့် ရှေ့က ပတ်ဝန်းကျင် တစ်ခုလုံး မဲမှောင်လို့ နေသည်။
ဤအရိုးဖြူ ရွက်လှေမှ ထွက်လာသော အဖြူရောင် အလင်းတန်းများကြောင့်သာ ရှေ့ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ခဲ့သည် ။
" မဟုတ်မှလွဲရော ဒီနေရာက အဆုံးမဲ့အရိုးဖြူပင်လယ်ရဲ့ ဗဟိုချက်လား?"
စူးချန်ကဲ၏ မျက်ခုံးများမှာ ပို၍တင်းကျပ်လာသည်။ဤထူးဆန်းသော အငွေ့အသက်များက သူ့ကို စိတ်မသက်မသာ ဖြစ်စေသည်။
အမှောင်ထဲက တစ်စုံတစ်ခုသည် သူ့အား စိုက်ကြည့်နေသလိုမျိုး ခံစားနေရသည်။
ဝုန်း!!
ထိုအခိုက်တွင် သူ့ရှေ့မှ ကျယ်လောင်သော ရေပေါက်ကွဲသံသည် စူးချန်ကဲ၏ အာရုံကို စွဲဆောင်နိုင်ခဲ့သည်။
အရိုးဖြူ ရွက်လှေနှင့် မနီးမဝေးတွင် ကြီးကျယ်ခမ်းနားစွာ ရပ်နေသော ခပ်ဝါးဝါး ပုံသဏ္ဍာန် တစ်ခုကို မြင်လိုက်ရသည်။
ယင်းအရာသည် ပေထောင်ပေါင်းများစွာ မြင့်ပေသည်။
ကြီးမားသော အရိုးဖြူ ရွက်လှေကြီးပင် ဤရုပ်သွင်၏ ရှေ့တွင် အနည်းငယ် သေးငယ်ပုံ ရသည်။
“ ရပ်"
ထိုခပ်ဝါးဝါး ရုပ်သွင်၏ နီမြန်းသော မျက်လုံးများမှာ ရုတ်ချည်း ပွင့်လာခဲ့ပြီး ၊ အသံပြာပြီး အေးစက်သော လေသံဖြင့် တားမြစ်ခဲ့သည် ။
“အရှေ့ဘက်မှာ အရိုးပင်လယ် ရေဝဲဂယက်ရှိတယ် ၊ သက်ရှိတွေ မဝင်ရဘူး "
"အရိုးပင်လယ် ရေဝဲဂယက်?"
သို့သော် စူးချန်ကဲသည် ထိုစကားများကို ကြားလိုက်ရချိန်တွင် အနည်းငယ် တုန်လှုပ်သွားသည် ။
ဤသည်မှာ စနစ်၏ လုပ်ဆောင်စရာများ တည်ရှိရာနေရာပင် မဟုတ်လော။
ထိုအချိန်တွင်၊ အရိုးဖြူ ရွက်လှေသည် စူးချန်ကဲ၏ အတွေးများကို ဖတ်ပြီးသွားပုံရသည်။
ထူးဆန်းသော အသံ ထပ်မံ ထွက်ပေါ်လာခဲ့သည်။ သို့သော် ၎င်း၏ လေသံထဲတွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပါဝင်နေခဲ့သည်။
"ပုလွေသမား၊ ရှေ့ကို ဆက်သွားမလား ဒါမှမဟုတ် ကွေ့ဝိုက်သွားမလား ဆိုတာ မင်းရဲ့ ရွေးချယ်မှုပဲ"
“ငါ့ရဲ့ရွေးချယ်မှု?”
"ဟုတ်တယ်၊ ရှေ့ကို ဆက်သွားရင် အဆုံးမဲ့ အရိုးဖြူ ပင်လယ်ရဲ့ ဗဟိုနေရာ အရိုးပင်လယ် ရေဝဲဂယက်ကို ရောက်သွားမယ် ဒါပေမယ့် မင်းအနေနဲ့ ဒီလူကြီးကို အနိုင်ယူနိုင်မှသာလျှင် ငါတို့ ရှေ့ဆက်သွားနိုင်မယ် "
"မင်းမယုံရင်လည်း ၊ ငါတို့ အဆုံးမဲ့ အရိုးဖြူ ပင်လယ်ထဲက တစ်နေရာဆီ ကြုံသလို လမ်းလွှဲလိုက်မယ် "
"မင်းရွေးချယ်မှုတွေအပေါ် မူတည်ပြီး နောက်ဘာတွေဆက်ဖြစ်မလဲ ဆိုတာကတော့ လုံးဝကွဲပြားသွားလိမ့်မယ် "
ထိုအသံတွင် သွေးဆောင်နေသော အရိပ်အမြွက် တချို့ ရှိနေခဲ့ပြန်သည်။
" အရိုးပင်လယ် ရေဝဲဂယက်က အဆုံးမဲ့ အရိုးဖြူ ပင်လယ်ရဲ့ ဗဟိုဧရိယာမှာ ရှိတယ် အဲ့မှာ အကောင်းဆုံး အခွင့်အရေးတွေ အများကြီး ရှိတယ် ၊ မင်းမှာသာ အရည်အချင်းရှိရင်..."
သို့သော် ထူးဆန်းသော အသံ၏ ပြောစကားမဆုံးသေးခင်မှာပဲ ရှေ့က ခပ်ဝါးဝါး ရုပ်သွင်ကြီးက ပြုံးနေလေ၏။
" ကူလောင်လျုံ့ မင်းအကြံ အတော်ပက်စက်တာပဲ!"
" ဒီနှစ်တွေထဲ အရိုးပင်လယ်ရေဝဲဂယက်ကို သွားဖို့ မင်း ပုလွေသမား ဘယ်နှစ်ယောက်တောင် သွေးဆောင်ခဲ့သလဲ၊ ဒါပေမဲ့ နောက်ဆုံးရလဒ်ကတော့ သူတို့အားလုံး သေခဲ့ရတာချည်းပဲ "
"နောက်ဆုံး ပုလွေသမားက မင်းရဲ့ အကြံဉာဏ်ကို နားမထောင်ခဲ့ဘူး ၊ နောက်ဆုံးတော့ သူအသက်ရှင်ပြီး မရဏကမ္ဘာမှာ တစ္စေနတ်ဘုရား ဖြစ်သွားတယ်လို့ ငါကြားတယ် "
ဤစကားဝိုင်းသည် စူးချန်ကဲကို ပို၍ ထိတ်လန့်စေခဲ့သည်။
အဆုံးမဲ့ အရိုးဖြူ ပင်လယ်ထဲတွင် အသက်ရှင်ကျန်ရစ်ခဲ့သော နောက်ဆုံးလူမှာ တစ္စေနတ်ဘုရားတဲ့လား?
ဒါဆို သူက တစ္စေနတ်ဘုရားကျောင်းရဲ့ အဲ့ဒီ တစ္စေနတ်ဘုရား မဟုတ်လား?
ဤအရာက သူ့ကို တုန်လှုပ်စေခဲ့ပြီး တစ်ချိန်တည်းမှာပင် သိချင်မိပြန်သည်။ တခြားနေရာကို သွားရုံနဲ့ ကောင်းကင်ဘုံကိုတောင် စိန်ခေါ်နိုင်တဲ့ ကံကြမ္မာကို ရနိုင်သတဲ့လား?
ဒါဆို အရိုးပင်လယ် ရေဝဲဂယက်မှာ မြှုပ်နှံထားတဲ့အရာက ဘာများတောင် ဖြစ်နေမလဲ?
"ဟမ်! ကြောင်သူတော် ကြွက်သူခိုး ၊ လူကြီးမင်း သေပြီးကတည်းက မင်းတို့ကောင်တွေ ဘာအကြံဆိုးတွေ ထုတ်နေလဲဆိုတာ ငါ လောင်လျုံ့ မသိဘူး ထင်နေလား "
"အရည်အချင်းရှိတဲ့သူ တစ်ယောက် အရိုးပင်လယ် ရေဝဲဂယက်ထဲကို ဝင်လာပြီး လူကြီးမင်းရဲ့ အသွေးအသားကို နိုးထစေနိုင်ခဲ့ရင် မင်းတို့အပေါ် နောက်တစ်ကြိမ် အုပ်ချုပ်ခံရမှာကို ကြောက်နေတာပဲ "
"ထွီ! တကယ်ကို ကြောင်သူတော်ပဲ!"
....
ထိုအနှီရုပ်သွင်သည် ခဏတာတိတ်ဆိတ်သွားပြီး ထို့နောက် ကောင်းကင်ကို မော့ကြည့်ကာ အော်ဟစ်လိုက်သည်။
သူ့ခန္ဓာကိုယ် အနည်းငယ် တုန်ခါရုံမျှဖြင့် လှိုင်းဂယက်များ ဖြစ်ပေါ်စေသည်။
"ဟားဟားဟား ဟုတ်တော့လည်း ဘာဖြစ်လဲ၊ မဟုတ်တော့လည်း ဘာဖြစ်လဲ?"
"ဒီတစ်ခါတော့ ပုလွေသမားက ကောင်ချောလေးပဲ ၊ ငါ့ရဲ့ ကျင့်ကြံမှု အများစုကို ဆုံးရှုံးခဲ့ရပေမယ့်၊ ဒါပေမဲ့ ငါက ဧကရာဇ်တစ်ပိုင်းအဆင့် သတ္တမ အဆင့်မှာ ရှိတယ်"
၎င်း၏ အသံမှာ အနည်းငယ် စိတ်လှုပ်ရှားနေပုံ ရပေသည်။
" ငါ ဒီမှာ မလှုပ်မယှက်ဘဲ ရပ်နေတယ် ၊ ဒီကောင်လေး ငါ့ရှေ့က အရိုးပင်လယ်ရေဝဲဂယက်ထဲကို ဝင်ဝံ့တယ် ထင်လား!"
စောနက စူးစမ်းချက်အရ စူးချန်ကဲ၏ ကျင့်ကြံအဆင့်ကို သူ သိထားသည်။
ထိပ်တန်း သူတော်စင်အဆင့် ။
အချိန်ကာလ၏ တိုက်စားမှုအောက်တွင် သူ၏ ကျင့်ကြံစွမ်းအားအများစုမှာ ပျောက်ကွယ်သွားသော်လည်း သူသည် ဧကရာဇ်တစ်ပိုင်း နယ်ပယ်အဆင့်တွင် ရှိနေသူ တစ်ဦး ဖြစ်သည်။
ထိပ်တန်း သူတော်စင် အဆင့်လောက်က သူ့အတွက်တော့ ပိုးကောင်တစ်ကောင်မျှသာပင်။
သို့သော်လည်း နောက်အခိုက်အတန့်တွင် စူးချန်ကဲ၏ အပြူအမူသည် သူ့ပါးကို ရိုက်ချလိုက်သလိုပင်။
“အရိုးပင်လယ် ရေဝဲဂယက်ထဲကို ရွက်လွှင့်မယ်”
မူလက တိုက်ခတ်နေခဲ့သော လေပြင်းများမှာ ရုတ်တရက် ရပ်တန့်သွားပြီး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ထိုလူနှစ်ယောက်လုံး အချိန်အတိုင်းအတာ တစ်ခုထိ တုံ့ပြန်မလာခဲ့ပေ။ နားကြားများ မှားလေသလား ဟုပင် တွေးမိကြသည်။
"ကောင်လေး...မင်း ဘာပြောလိုက်တယ်?"
အရိုးဖြူ ရွက်လှေပေါ်မှ ထွက်လာသော အသံမှာ မယုံနိုင်ပုံပေါက်သော်လည်း ၊ သူသည် ထပ်မံ အတည်ပြုရန် ရွေးချယ်ခဲ့သည်။
မူလကတည်းက သူသည် ဤကိစ္စအတွက် မျှော်လင့်ချက်မထားခဲ့ပေ။ စူးချန်ကဲသည် ထိပ်တန်း သူတော်စင် အဆင့်သာ ရှိသေးသည့် အတွက် သူ့ရှေ့က လူကြီးနဲ့ ဖက်ပြိုင်ဖို့ဆိုတာ နေ့ခင်းကြောင်တောင် အိမ်မက်မက်နေသလိုပင်။
“အရိုးပင်လယ် ရေဝဲဂယက်ထဲကို ရွက်လွှင့်မယ်”
စူးချန်ကဲ၏ မျက်လုံးများသည် တုန်လှုပ်ခြင်းမရှိ တည်ငြိမ်စွာဖြင့် ပြန်ပြောလေသည်။
"သတ္တိရှိတဲ့ ခွေးပဲ!"
ထိုအနှီရုပ်သွင်သည် ဒေါသတကြီးဖြင့် ဟောက်လိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါသည် သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာပြီး တခဏချင်းမှာပဲ ပင်လယ်ပြင်တွင် လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာခဲ့သည်။
အနက်ရောင် ပင်လယ်ရေများသည် အနက်ရောင် နဂါးများသဖွယ် ကောင်းကင်သို့ ပျံတက်လာကြသည်။
နောက်ဆုံးတွင် လှိုင်းလုံးကြီးများသည် အရိုးဖြူ ရွက်လှေကို ပတ်ပတ်လည် ဝန်းရံထားသော အနက်ရောင် နဂါးများအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုအနှီပုံရိပ်မှာလည်း နောက်ဆုံးတော့ ပေါ်ထွက်လာချေပြီ။
၎င်းသည် အလွန်ကြီးမားသော အရိုးနဂါး ဖြစ်ပြီး ၊ အမှောင်ထုထဲမှ နဂါးခေါင်းကြီး တစ်ခု ထွက်ပေါ်လာသည်။ ထိုနဂါးခေါင်းတစ်ခုတည်းသည် ဤအရိုးဖြူ ရွက်လှေထက် အဆများစွာကြီးမားပေသည်။
သူ၏ ပါးစပ်ကို အနည်းငယ်ဖွင့်လိုက်ရုံဖြင့် ဤအရိုးဖြူ ရွက်လှေကြီး တစ်ခုလုံးကို ချေမှုန်းပစ်နိုင်ပုံရသည်။
အထူးသဖြင့် ၎င်း၏ မျက်ခွံအတွင်းတွင် တောက်လောင်နေသော မီးတောက်များက လူ၏ စိတ်ဝိညာဉ်ကို ထိုးဖောက် ဝင်ရောက်ကာ စိတ်နှလုံးထဲက အနက်ရှိုင်းဆုံး ကြောက်ရွံ့မှုများကို တိုက်ရိုက် လှုံ့ဆော်ပေးနိုင်စွမ်း ရှိပုံရသည်။
"ပုရွက်ဆိတ် ၊ ငါ မင်းကို ထပ်မေးမယ် မင်း ဘယ်ကိုသွားမယ်?"
နဂါးဦးခေါင်းသည် အပေါ်သို့ မြှောက်တတ်လာပြီး သူ့မျက်စိရှေ့က သေးငယ်သော ရုပ်သွင်ကို လုံးဝ မမူဟန်ဖြင့် စိုက်ကြည့်နေသည်။
သူ၏ အကြည့်တွင် အထင်အမြင်သေးခြင်း ၊ အမျက်ဒေါသများ ပါဝင်နေသည်။ အင်းဆက်လို သေးငယ်သော ကိုယ်ခန္ဓာဖြင့် ဤလူသားသည် သူ့ရှေ့တွင် အဘယ်နည်းဖြင့် ဂုဏ်ယူဝံ့ကြွားရဲသနည်း။
သူသည် အဆုံးမဲ့အရိုးဖြူ ပင်လယ်၏ အရိုးနဂါးဘုရင် ဖြစ်ပြီး ဤနေရာ၌ နှစ်ပေါင်းမရေမတွက်နိုင်အောင် နေထိုင်ခဲ့သည်။ ဤကဲ့သို့ မော်ကြွားဝံ့သူ တစ်ဦးကို သူ တစ်ခါမျှ မတွေ့ဖူးချေ။
မည်သို့ပင်ဖြစ်စေ ၊ စူးချန်ကဲသည် ဂရုမစိုက်ဟန်ဖြင့် ရှိနေဆဲပင် ဖြစ်သည်။
သူသည် သူ့ခန္ဓာကိုယ်တွင် တွယ်ကပ်နေသော အနက်ရောင် ပင်လယ်ရေကို အေးအေးလူလူ သပ်ချလိုက်သည်။
ထို့နောက် ခေါင်းကို မြှောက်လိုက်ပြီး
"ခင်ဗျား နားကန်းနေတာလား?"
အပိုင်း(၂၈၂): နဂါးဘုရင်ကျဆုံးခြင်း
ဤတိတ်ဆိတ်သောနေရာ၌ စူးချန်ကဲ၏အသံသည် ကျယ်လောင်ပြီး ပဲ့တင်ထပ်သွားခဲ့သည်။
ဟိုးမိုင်ပေါင်းများစွာ အကွာအဝေးအထိ ပျံ့နှံ့သွားပုံရသည်။
မူလက သက်ဝင်လှုပ်ရှားနေခဲ့သော အရိုးဖြူများပင်လျှင် ဒီအချိန်မှာ ရပ်တန့်လျက်ရှိသည်။
ကြောက်မက်ဖွယ်ကောင်းသော ဘေးဥပဒ်တစ်ခု ကျရောက်တော့မည်ကို သူတို့လည်း သိထားပုံရပြီး ၊ သူတို့အားလုံး ပင်လယ်ကြမ်းပြင်ထဲသို့ ပြန်လည်ဝင်ရောက်သွားပြီး လှုပ်ရှားမှုများကိုရပ်တန့်လိုက်သည်။
မူလက ရှိနေခဲ့သော အရိုးနဂါးဘုရင်၏ မျက်လုံးများထဲက တောက်လောင်နေသည့် တစ္ဆေမီးလျှံများသည် တုန်လှုပ်မှုကြောင့် ရပ်တန့်သွားပုံ ရပေသည်။
တစ်ဖက်လူထံမှ တုံ့ပြန်မှု မရှိသောအမူအရာကြောင့် စူးချန်ကဲက ပြုံးပြီး ပြန်ပြောလေသည်။
"ဘာလဲ၊ ခင်ဗျား ရှင်းရှင်းလင်းလင်း မကြားလိုက်ဘူးလား ၊ နဂါး ခင်ဗျား နားကန်းနေတာ ဖြစ်နိုင်တယ် "
စူးချန်ကဲ၏ စကားများသည် အရိုးနဂါးဘုရင်ကို ဒေါသတကြီးဖြင့် တုံ့ပြန်လာစေသည်။
" ပိုးကောင်အဆင့်ကများ !!"
"လုပ်ရဲလား!!"
ဒေါသအမျက်ထွက်ပြီးနောက် ၊ အရိုးနဂါးဘုရင်သည် သူ့ပါးစပ်ကို ကျယ်ကျယ်ဖွင့်လိုက်သည်နှင့် သူ့ပါးစပ်ထဲမှ ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအား အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ချက်ချင်းပင် ၊ ယင်းအလင်းစု နဂါးသွားစွယ်များသည် စူးချန်ကဲထံသို့ တိုက်ရိုက် ထိုးနှက်လေသည်။
စူးရှတောက်ပသော ထိုအလင်းရောင်သည်အရာအားလုံးကို စုတ်ဖြဲပစ်နိုင်စွမ်း ရှိပုံရကာ ၎င်း၏ သွားစွယ်တစ်ချောင်းသည် စူးချန်ကဲထက်ကိုပင် ပို၍ ကြီးမားပေသည်။
" ကောင်လေး မင်း ဘာဖြစ်ချင်နေတာလဲ! ဘာလို့ အဲကောင်ရဲ့ ဒေါသကို သွားစတာလဲ?
ထိုအချိန် ကူလောင်လျုံ့၏ ထိတ်လန့်တုန်လှုပ်နေသော အသံသည် အရိုးဖြူရွက်လေပေါ်မှ ထွက်လာခဲ့သည်။
အရိုးနဂါးဘုရင်၏ ဒေါသတကြီး ထိုးနှက်တိုက်ခိုက်မှုတွင် သူလည်း ပါဝင်နေခဲ့သည်။ ဒီတစ်ခေါက် ပုလွေသမားသည် စုတ်တံနှစ်ချောင်းပါသော ပါရမီရှင် တစ်ဦး ဖြစ်မည်ဟု မူလက သူထင်ခဲ့ပေမယ့် ၊ အခုတော့ အရူးတစ်ကောင် ဖြစ်နေသကိုး!
T/N -စုတ်တံနှစ်ချောင်းပါသော - အရည်အချင်း၊ လုပ်နိုင်စွမ်း ရှိသော လူတော်
"ဒီကောင်စုတ်လေး! ငါ ဒီကနေ ထွက်သွားပြီးရင် ဒီကောင့်ကို အဆုံးမဲ့ အရိုးဖြူ ပင်လယ်ထဲ ပစ်ထားခဲ့မယ်!"
ကူလောင်လျုံ့သည် သူ၏ ဝှက်ဖဲကို သုံးတော့မည့်အချိန် ၊
စူးချန်ကဲက အရင် လှုပ်ရှားခဲ့သည်။ သူ၏ အာရုံ နတ်အသိစိတ်သည် လေထဲတွင် ပြည့်လျှံသွားပြီး ကြေးသေတ္တာတစ်လုံး သူ၏ နတ်အသိစိတ်ပင်လယ်ထဲမှ တခဏချင်း ထွက်ပေါ်လာခဲ့သည်။
ထိုကြေးသေတ္တာကို မြင်သည်နှင့် ကူလောင်လျုံ့ သည် ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။
"ကိုး... ဓားသေတ္တာ ကိုးလက်!!?"
မရဏတရားလေးပါးကို သူ အဘယ်ကြောင့် မသိ ရှိမည်နည်း။
သို့သော် သူ့မှတ်ဉာဏ်အရ ၊ ထိုတိုက်ပွဲတွင် ဤဓားသေတ္တာ ကိုးလက်သည် ပျက်စီးသွားခဲ့ပြီမဟုတ်လော။
ဒီနေ့ ဘယ်လိုဖြစ်ပြီးထွက်ပေါ်လာတာလဲ?
အရိုးနဂါးဘုရင်သည်လည်း ထိုမြင်ကွင်းကို သတိပြုမိသော်လည်း ၊ သို့သော် သူ့မျက်လုံးများမှာ ပို၍ အမျက်ထွက်နေပုံရသည့်။
"မင်း ငါ့ကို အတုအယောင်နဲ့ လှည့်စားရဲတာလား ၊ မင်းသေဖို့ ထိုက်တန်တယ်"
သို့သော် စူးချန်ကဲသည် ၎င်းကို ဂရုမစိုက်ဘဲ သူ၏ ဓားသေတ္တာကို အသာလေး ပုတ်လိုက်ရင်း ရွတ်ဆိုလိုက်သည်။သူ၏လေသံမှာ တည်ငြိမ်နေပြီး တစ်ဖန်အေးစက်နေသည်။
"ကျောင်းသား၊ စူးချန်ကဲ "
"ကျေးဇူးပြုပြီး ဆရာရဲ့ အစွမ်းနဲ့ ရန်သူတွေကို သတ်လိုပါတယ် "
ဝီ —
တစ္စေဓားအမတရှင် ချန်ခဲ့သော ဓားစွမ်းအင်သည် ယခုအချိန်တွင် လုံးဝ နိုးကြားလာပုံရပြီး ဓားသေတ္တာသည် အနည်းငယ် တုန်ခါနေသည်။
ဝုန်း ! !
နောက်အခိုက်အတန့်တွင်၊ ကြီးကျယ်ခမ်းနားသော ဓားစွမ်းအင်သည် အမှောင်ထဲမှာ တောက်ပနေသော ကြယ်တစ်ပွင့်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်လှိုင်းများကို ဖြန့်ကျက်လိုက်သည်။
ထို့နောက် စူးချန်ကဲကို ရန်မူနေသော နဂါးခေါင်းကြီးဆီသို့ တိုက်ရိုက် ထိုးဖောက်သွားသည်။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ၊
ပြင်းထန်သော စွမ်းအားတစ်ခုက သူ့မေးရိုးကို တိုက်ရိုက်ထိမှန်ခဲ့သည် ဟု အရိုးနဂါးဘုရင် ခံစားလိုက်ရပြီး ၊ သူ့ခေါင်းတစ်ခုလုံးကို မထိန်းနိုင်ပုံကာ နောက်သို့ လှန်ကျသွားသည်။
ဒိုင်း! !
ဟွားး လာ လာ! !
ရေလှိုင်းလုံးကြီးများ၏ ဟောက်သံအပြီးတွင် ၊ အနက်ရောင် ရေများ လှုပ်ခတ်လို့သွားသည်။
သို့သော် ဓားသေတ္တာကိုးလက်၏ ထိုးစစ်သည် ဤနေရာတွင် မပြီးဆုံးသေးပေ။ အရိုးနဂါးဘုရင်မှ ပထမဆုံး နောက်ပြန်ကျသွားသည်အခိုက်တွင် ၎င်း ဓားသေတ္တာကိုးလက်မှာ အပြည့်အဝပွင့်သွားခဲ့ပြီ ဖြစ်သည်။
ရှေးဟောင်း ဓားကိုးစင်းသည် ပြင်းထန်စွာ တောက်လောင်နေပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်များ ထွက်ပေါ်လာသည်။
ချွင် -
ကျယ်လောင်သော ဓားသွားသံနှင့်အတူ ၊ ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။
ရုတ်တရက်ပင် တောက်လောင်နေသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် အနီရောင်မီးလျှံများ လွှမ်းနေသော ရှေးဟောင်း ဓားတစ်လက်ပင် ဖြစ်သည်။
ကောင်းကင်မှ သေမျိုးလောကသို့ ကျရောက်နေသည့် နေမင်းကြီးကဲ့သို့ပင်၊ ၎င်းသည် ကြီးကျယ်ခမ်းနားကာ လျှို့ဝှက်ဆန်းကြယ်ပေသည်။
မူလက ဤဓားစွမ်းအင်၏ တိုက်ခိုက်မူကြောင့် ဒေါသအနည်းငယ် ထွက်နေသည့် အရိုးနဂါးဘုရင်မှာ ပင်လယ်ပြင်မှ ဆန်တတ်လာခဲ့သည်။
ထိုစဉ် သူသည် ကြောက်စရာကောင်းသော မြင်ကွင်းကြီး တစ်ခုကို မြင်လိုက်ရသည်။
မူလက မှောင်မိုက်သော ငရဲနှင့်တူသော အဆုံးမရှိသော အရိုးဖြူ ပင်လယ်ကြီးသည် ဤအခိုက်အတန့်တွင် ဧရိယာပြင်ကြီး တစ်ခုလုံး နေရောင်ဖြင့် လင်းထိန်နေပုံရပြီး၊ ၎င်းသည် တခဏတာအတွင်း စူးရှ တောက်ပသွားသည်။
" ပုရွက်ဆိတ်တစ်ကောင်က ခုလို ဝှက်ဖဲတွေနဲ့ အနိုင်ယူနိုင်မယ်လို့ ထင်နေလား?"
ထိုစကားများကို ပြောပြီးနောက် ၊ မူလက ကြီးကျယ်ခမ်းနားသော အမှောင်ပင်လယ်ကြီးသည် ရုတ်တရက် လှိုင်းထန်လာခဲ့ပြီး ၊ အနက်ရောင် အလင်းတန်းများသည် ကောင်းကင်သို့ဆန်တက်လာခဲ့သည်။
သောင်းနှင့်ချီသော အရိုးများသည် နေရာအနှံ့ ပြန့်ကျဲနေသည်။
၎င်းအရိုးစုများသည် အသက်ရှိနေသကဲ့သို့ အရိုးနဂါးဘုရင်ထံ ဆက်တိုက် စုဝေးလာကြသည်။
ကြီးမားသော အတောင်ပံများကိုပင် ဖွားမြင်စေခဲ့ပြီး ၊ ဤအရိုးဖြူများဖြင့် ပြုလုပ်ထားသော အတောင်ပံများသည် သေမင်း၏ ကန့်လန့်ကာကဲ့သို့ အလွန့်အလွန် ဆွတ်ပျံ့ဖွယ်ကောင်းပေသည်။
၎င်း၏ ဦးခေါင်းမှာလည်း ပို၍ ကြောက်စရာကောင်းသော ပုံစံတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ၊ အရာအားလုံးကို ဝါးမျိုနိုင်စွမ်းရှိပုံရသည်။
အရိုးဖြူထောင်ပေါင်းများစွာဖြင့် ပြုလုပ်ထားသော အေးစက်ချွန်ထက်သော ၎င်း၏ ခြေသည်းများသည် ကြီးမားသော မြို့ကြီးတစ်ခုလုံးကိုပင် တိုက်ရိုက် ဖျက်ဆီးနိုင်ပုံရသည်။
ဝုန်း! !
ရေမျက်နှာပြင်သည် ရုတ်တရက် ပေါက်ကွဲသွားသည် ။ အရိုးနဂါးဘုရင်၏ အမြီးကြီးသည် ရေထဲမှ ထွက်ပေါ်လာခဲ့ပြီး ၊ အေးစက်သော တစ္စေမီးလျှံများက ၎င်း၏ အမြီးကို ဝန်းရံထားသည်မှာ ဆန်းကြယ်လှပေသည်။
ဝေါင်း!!!
နောက်ဆုံးတွင်၊ ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းသော နဂါးဟောက်သံနှင့်အတူ အရိုးဖြူ နဂါးဘုရင်၏ ခန္ဓာကိုယ်သည် တစ်ဖန်ပြောင်းလဲသွားပြန်ပြီး ကြီးမားသော အရိုးဖြူ နဂါးပျံကြီး အဖြစ်သို့ ပြောင်းလဲသွားသည်။
မဲနက်နေသော မီးလျှံများသည် အမှောင်ထု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ၊ တစ်ဖန် ၎င်း၏ ရောင်ဝါသည် ပို၍အားကောင်းလာခဲ့သည်။
မော်ကြွားနေသော အရိုးဖြူ နဂါးဘုရင်၏ ဦးခေါင်းသည် ရှေးခေတ်က တန်ခိုးကြီးမားသူ တစ်ယောက်၏ မောက်မာမှုကို ဆောင်ကျဉ်းပေးလို့ နေသည်။
"လူသား၊ မင်းရဲ့ မသိနားမလည်မှုအတွက် အပြင်းထန်ဆုံး တန်ကြေးကို ပေးဆပ်ရလိမ့်မယ်"
၎င်း၏ စကားကို စူးချန်ကဲ နည်းနည်းလေးပင် အာရုံမစိုက်။
ထို့အစား သူသည် စကားတစ်လုံးကို ရေရွတ်လိုက်သည်။
" ချိုးဖျက် "
နတ်မီးလျှံများဖြင့် ရေချိုးထားသလား အောက်မေ့ရသော မရေမတွက်နိုင်သော ဓားအလင်းပုံရိပ်များ ထွက်ပေါ်လာခဲ့သည်။
ထို့နောက် ချက်ချင်းပင်လျှင်၊ ၎င်းတို့သည် မီးလျှံကြာ အဖြစ်သို့ ပြောင်းလဲသွားသည်။ထောင်ပေါင်းများစွာသော ထိုမီးလျှံကြာများကို များစွာသော ဓားမီးလျှံများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
၎င်းတို့သည် မီးလျှံများဖြင့် တောက်လောင်နေသော ဆုံလှည့်ဘီးတစ်ခု သဖွယ် ကခုန်နေသည်မှာ မီးလျှံဓားပွင့်ဖက်များသည် ထိုမီးလျှံကြာထဲမှ ခုန်ထွက်လာသလိုပင်။
ထိုမီးလျှံဓား ပွင့်ဖက် ဆုံလှည့်ဘီးသည် ကြောက်စရာကောင်းသော ဓားစွမ်းအင်၏ ခံတပ်တစ်ခုကဲ့သို့၊ တုန်လှုပ်ချောက်ချားဖွယ် ကောင်းသော ပုံစံ အဖြစ် လှည့်ပတ်နေသည်မှာ ဤကမ္ဘာပေါ်ရှိ အရာအားလုံးကို ပိတ်ဆို့ထားသလိုပင်။
မူလက ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိနေခဲ့သော အရိုးနဂါးဘုရင်သည် ထိုဓားစွမ်းအင်ကို မြင်ပြီးနောက် ကြောက်ရွံ့သွားသည်။
"ဒါ...မဖြစ်နိုင်ဘူး...!"
"ဒါ မင်းရဲ့ စွမ်းအား မဖြစ်နိုင်ဘူး ! မင်း လှည့်စားထားတာပဲ ဖြစ်ရမယ် "
စူးချန်ကဲက ထိုစကားကိုကြားတော့ ရယ်လေသည်။
" ဘာလဲ မင်းတောင် အကြီးဖြစ်ပြီး အငယ်ကိုအနိုင်ကျင့်သေးတာပဲ ၊ ကျုပ် ပြင်ပအင်အားသုံးတာကြ ဘာလို့ ခွင့်မပြုနိုင်ရတာလဲ?"
"မင်း...!"
အရိုးနဂါးဘုရင် တစ်ယောက် စကားမဲ့ကာ အာရုံမရှိသည့်အချိန် ၊
ထောင်ပေါင်းများစွာသော မီးလျှံဓားများဖြင့် ဖွဲ့စည်းထားသည့် ဓားသည် အရိုးဖြူ နဂါးဘုရင်ထံသို့ တိုက်ရိုက် ကျရောက်သွားသည်။
ထိတ်လန့်တုန်လှုပ်စွာဖြင့်၊ အရိုးဖြူ နဂါးဘုရင်သည် မိမိ၏ အရိုးအတောင်ပံများကို ဒိုင်းတစ်ခုအဖြစ် အလျင်အမြန် အသုံးပြုလိုက်သည်။
သို့သော် သူသည် ဤဓားကို လျှော့တွက်မိခဲ့သည်။
ဘုန်း!
နှစ်ဖက်လုံး ပြင်းထန်စွာ ဝင်တိုက်မိကြသည်။
မီးလျှံများသည် မီတာထောင်ချီမြင့်ပြီး တောက်လောင်နေသည်မှာ ဤကမ္ဘာကြီးတစ်ခုလုံးကို အရည်ဖျော်ချလိုက်သလိုပင်။
ထိုနေရာရှိ ပင်လယ်ရေများမှာ ပွက်ပွက်ဆူလျက် အပူလှိုင်းများလည်း ဖြစ်ပေါ်လာခဲ့သည်။
အရာအားလုံး ငြိမ်သက်သွားသောအခါတွင် ဤအမှောင်ထု ပင်လယ်ပြင်၌ အခိုးအငွေ့များ ထောင်ထောင်းထလျက်ရှိသည် ။
အဘယ့်ကြောင့်ဆိုသော် တောက်လောင်နေသော မီးလျှံများသည် ပင်လယ်ရေ တချို့ကို ရေငွေ့များအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲခဲ့သောကြောင့် ဖြစ်သည်။
အဆုံးမဲ့ အရိုးဖြူ ပင်လယ်၏ ရေသည် မူလက အလွန်အေးစက်သည်ကို သင် သိထားရပေမည်။
သို့သော် ပူပြင်းတောက်လောင်နေသော ဤဓားစွမ်းအင်၏ အောက်တွင် ၎င်းတို့သည် အငွေ့အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထိုအချင်းအရာကိုကြည့်ခြင်းအားဖြင့် ၊ ဤဓားသည် မည်မျှ ထိတ်လန့်စရာကောင်းသည်ကို ပြသနေသည်။
"အရိုးဖြူ နဂါးဘုရင်... သေပြီလား?"
သူ့လို အစွမ်းထက်တဲ့ အရိုးဖြူ နဂါးဘုရင်က လွယ်လွယ်နဲ့ အသတ်ခံလိုက်ရတယ်တဲ့လား?
" တားဆီးတဲ့သူကို ကိုင်တွယ် ဖြေရှင်းပြီးပြီ၊ အရိုးဖြူ ပင်လယ် ရေဝဲဂယက်ဆီကို ဆက်သွားကြမယ်"
ဤအရာက ကူလောင်လျုံ့၏ စိတ်ကို ပို၍ပင် တုန်လှုပ်စေခဲ့သည်။
"အင်း...ဒီတစ်ခေါက် ပုလွေသမားက ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်ပုံပဲ!"
" လူကြီးမင်းရဲ့ အသွေးအသားကို ပြန်လည် နိုးထလာစေနိုင်မယ့် အခွင့်အရေးများ ရှိနေနိုင်လား ..."
.......
အဆုံးမဲ့အရိုးဖြူပင်လယ်၏ အနက်ရှိုင်းဆုံး တစ်နေရာတွင်။
အမှောင်ထု ပင်လယ်ပြင်တွင် ရပ်နေကြသောလူတစ်စုရှိနေသည်။
၎င်းတို့သည် တစ်စုံတစ်ခုကို ဆွေးနွေးနေပုံရသည်။
" ကြည့်ရတာ ပုလွေသမားက မရိုးရှင်းပုံရတယ် ! အရိုးဖြူနဂါးဘုရင်တောင် သူ့ကို မတားဆီးနိုင်ဘူး"
" ဟားဟား ..အဲဒီကောင်က အမှိုက်သာသာပဲ "
" ငါတို့ အရိုးဖြူဘုရင် သားရဲကောင် လေးဦးရဲ့မျက်နှာကို ပျက်စေတယ် "
" တော်တော့ ၊ သေသူကို အနိုင်ကျင့်မနေနဲ့တော့ ၊ အဲ့ကောင်လေး အရိုးဖြူ ပင်လယ် ရေဝဲဂယက်ကို ဦးတည်နေပြီ "
" ထားပါတော့ သူ့ကိုသွားခွင့်ပြုလိုက် လူသားမျိုးနွယ်တွေရဲ့ ဆိုရိုးစကားအတိုင်း အောင်မြင်လေလေ၊ သတိမရှိလေပဲ "
" အဲဒီအချိန်ကျမှ ငါတို့သုံးဦးပေါင်းပြီး သူကိုတိုက်ခိုက်ကြမယ်"
.....
သုံးယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း ပြုံးလိုက်ကြသည်။
အုံ့ဆိုင်းနေသော အမှောင်ထု အခိုးအငွေ့များကို ဖြတ်ကျော်လျက် ။
၎င်းတို့သည် ကြီးမားသော အရိုးဖြူ သက်ရှိသတ္တဝါ သုံးပါးဖြစ်ပြီး ၎င်းတို့၏ ရောင်ဝါမှာ အရိုးဖြူ နဂါးဘုရင်ထက် မညံ့ပေ။
အပိုင်း(၂၈၃): အရိုးပင်လယ် ရေဝဲဂယက်
အရိုးဖြူရွက်လှေသည် အချိန်အတန်ကြာ ခရီးဆက်ခဲ့သည်။
စူးချန်ကဲသည် လှေ၏ ကုန်းပတ်တွင် ရပ်နေပြီး လှိုင်းထန်နေသော ပင်လယ်ပြင်ကို ကြည့်ရင်း ရုတ်တရက် ဆိုလိုက်သည်။
"အမှောင်ထဲမှာ ချောင်းကြည့်တာထက် ခင်ဗျားကျုပ်နဲ့ မျက်နှာချင်းဆိုင် စကားပြောတာက ပိုကောင်းလိမ့်မယ်"
စူးချန်ကဲသည် သူ့အပြင် ဤအရိုးဖြူ ရွက်လှေပေါ်တွင် အခြားလူတစ်ယောက်ရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။
ထင်ထားသည့်အတိုင်း စူးချန်ကဲ ပြောပြီးပြီးချင်း ၊
ကျွီ ကျွီ ကျွီ——
အရိုးအဆစ်များ တွန့်လိမ်သွားသံသည် လှေပေါ်မှ ထွက်ပေါ်လာခဲ့သည်။
၎င်းတို့သည် လှေ၏ အလယ်ဗဟိုတွင် ကျုံ့ဝင်သွားပြီး အသက်ရှိနေသည့်အတိုင်း ပြုမူလာကြပြီး တွင်းပေါက်တစ်ခု အဖြစ် ပွင့်လာခဲ့သည်။
ကျွီ ~
ထူးဆန်းသော အသံတစ်ခုနှင့် အတူ၊ ခါးကိုင်းနေသော ရုပ်သဏ္ဍာန် တစ်ခု ယင်းတွင်းပေါက်ထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
"ကူလောင်လျုံ့ လူကြီးမင်းကို နှုတ်ဆက်ပါတယ် "
စူးချန်ကဲသည် ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။ ၎င်းသည် ခါးကုန်းကုန်း ယိုင်တိုင်တိုင် အရိုးစုလူသားတစ်ဦးဖြစ်ပြီး ၎င်း၏ ဗလာကျင်းနေသော မျက်လုံးအပေါက်များတွင် တောက်လောင်နေသော တစ္ဆေမီးလျှံများ ရှိသည်။
သူ၏ ရောင်ဝါသည် လူကို နာမကျန်းဖြစ်စေသည့် ခံစားချက်ကို ပေးစွမ်းနေပြီး ၊ သူ့ကိုယ်သူ ပုံမှန်အတိုင်း ထရပ်နိုင်ရန် သူ့လက်ထဲက အရိုးတောင်ဝှေးကို အားကိုးရုံသာ တတ်နိုင်သည်။
" လူကြီးမင်း?"
စူးချန်ကဲ က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
"ကျွန်တော်က အငယ်တန်းလေးပဲ၊ သက်ကြီးရွယ်အိုတစ်ယောက်ဆီက ခုလိုအခေါ်ခံရတာ မခံယူဝံ့ပါဘူး "
ကူလောင်လျုံ့သည် မိမိ၏ အရိုးခေါင်းကို တကျွတ်ကျွတ် ဖြင့် မြည်အောင် ခေါင်းကို ခါယမ်းလိုက်သည်။
" လူကြီးမင်းက နှိမ့်ချနေပြန်ပြီ ၊ မရဏတရားလေးပါးထဲက တစ်ခုဖြစ်တဲ့ ဓားသေတ္တာကိုးလက်ကို ရယူနိုင်တာ အငယ်တန်းလို့ ဘယ်လိုလုပ် သတ်မှတ်လို့ရနိုင်မလဲ ?"
" ကျုပ်က အသက်ကြီးပေမယ့် သန်မာတဲ့ သူတွေကို လေးစားပါတယ်"
" စကားကို အဲ့လောက် ဝေ့ဝိုက်ပြီး ပြောမနေနဲ့ ၊ ခင်ဗျားကိုကြည့်ရတာ ဒီအရိုးဖြူ ရွက်လှေပေါ်မှာ အကြာကြီးပုန်းနေခဲ့ပုံရတယ် "
စူးချန်ကဲ က ဆက်ဆိုသည်။
"အခု ခင်ဗျားက ကျုပ်ရှေ့ တမင်တကာထွက်ပေါ်လာတာဆိုတော့ တောင်းဆိုစရာ တစ်ခု ရှိနေတယ်မလား ?"
ကူလောင်လျုံ့သည် ခေတ္တ နှုတ်ဆိတ်သွားသည်။ ထို့နောက် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပုံရပြီး စူးချန်ကဲအား အရိုအသေ ပြုလျက် တောင်းဆိုလိုက်သည် ။
" လူကြီးမင်းက တကယ်ကို ဉာဏ်ကောင်းပါတယ် ၊ မင်းအနေနဲ့...."
"ကျုပ် ငြင်းတယ် "
စူးချန်ကဲ၏ စကားကြောင့် တစ်စုံတစ်ခုကို ပြောရန် အသင့်ပြင်နေခဲ့သော ကူလောင်လျုံ့မှာ အံ့အားသင့်သွားသည်။
သူသည် မူလက ရက်ရောသော ဆုလာ်များဖြင့် ကမ်းလှမ်းရန် ပြင်ဆင်ထားခဲ့သော်လည်း တဖက်လူသည် သူ့ကို တချက်ကလေးမှ အခွင့်အရေး မပေးခဲ့ပေ။
"အဆုံးမဲ့ အရိုးဖြူ ပင်လယ်က မရဏကမ္ဘာရဲ့ လျှို့ဝှက်ဆန်းကြယ် လေးခုထဲက တစ်ခုပဲ ၊ မင်းလည်း မရိုးရှင်းဘူး ပြီးတော့ မင်းက ဒီအရိုးဖြူ ရွက်လှေနဲ့ လုံးဝ ဆက်နွယ်နေတယ်"
" ငါ့မှာ လုပ်စရာတွေ ရှိသေးတယ်၊ မင်းအတွက် လုပ်ပေးဖို့ ငါ့မှာ အချိန်မရှိဘူး"
အဆုံးမဲ့အရိုးဖြူ ပင်လယ်၏ အကောင်းဆုံး အခွင့်အရေးဆိုတောင် စနစ်၏ ဆုလာဘ်ထက် မပိုချေ။
သူ့အတွက် တန်ဖိုးမရှိသော ဤအရာများဖြင့် အချိန်ကုန်ဆုံးရန် စိတ်ကူးမရှိပေ။
ငြင်းပယ်ခံရသော ကူလောင်လျုံ့သည် ဒေါသမထွက်ဘဲ ဆက်ပြောလာသည်။
"တကယ်တော့၊ လူကြီးမင်းက သခင့်ရဲ့ အသွေးအသားကို ကယ်ဆယ်ပေးနိုင်မယ် လို့ထင်တယ် ၊ သခင့်ရဲ့ အမျိုးအနွယ်တွေ နိုးထလာခဲ့ရင် မင်းအတွက် အထောက်အကူ ဖြစ်နိုင်တယ်....."
“ကယ်ဆယ်မယ်?အမျိုးအနွယ်?”
စူးချန်ကဲ မျက်မှောင်ကြုတ်သွားသည်။သူသည် အရိုးပင်လယ် ရေဝဲဂယက်သို့ သွားရသည့်အကြောင်းရင်းမှာ စနစ်၏တာဝန်ဖြစ်သည့် အရိုးဖြူပင်လယ် ဘုရင်မကို လွှတ်ပေးရန် ဖြစ်သည်။
" မဟုတ်မှလွဲရော..."
စူးချန်ကဲ ငြိမ်သက်သွားပြီး တည်ငြိမ်သောလေသံဖြင့် ထပ်ဆိုလိုက်သည်။
"မင်းပြောနေတဲ့ သခင့်ရဲ့ အသွေးအသား ဆိုတာ ဘယ်သူလဲ?"
စူးချန်ကဲ၏ မေးခွန်းကိုကြားတော့ ကူလောင်လျုံ့ သည် သူ့မှာ အခွင့်အရေးရှိသေးကြောင်း သိလိုက်ရသည် ။
"လူကြီးမင်း၊ အဆုံးမဲ့ အရိုးဖြူ ပင်လယ်ရဲ့ မူလအစကို သိလား"
"အဆုံးမဲ့အရိုးဖြူ ပင်လယ်ရဲ့မူလအစ?"
စူးချန်ကဲသည် တင်းကြပ်စွာ မျက်မှောင်ကြုတ်သွားခဲ့သည်။
ဤအဆုံးမဲ့ အရိုးဖြူ ပင်လယ်တွင် တခြားအကြောင်းပြချက် ရှိနေတယ်တဲ့လား?
ထိုအချိန်တွင် ကူလောင်လျုံ့၏ ရှင်းပြသံကို ထပ်ကြားလိုက်ရသည် ။
“ရှေးရှေးတုန်းက အဆုံးမဲ့ အရိုးဖြူ ပင်လယ်က နတ်ဆိုးတွေ စုဝေးရာ နေရာတစ်ခုဖြစ်ခဲ့တယ် တန်ခိုးကြီးမားတဲ့ပုဂ္ဂိုလ်တွေရဲ့ အနားယူနေရာတစ်ခုလည်း ဖြစ်ခဲ့တယ် ၊ အဆုံးမဲ့ အရိုးဖြူ ပင်လယ်က ကမ္ဘာများစွာကို ဆက်သွယ်ထားတယ် "
"လွန်ခဲ့တဲ့ ကာလများစွာက စစ်ပွဲတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး မရေမတွက်နိုင်တဲ့ သက်ရှိ သတ္တဝါအပေါင်း သေဆုံးခဲ့ရတယ် ဒါပေမယ့် သူတို့ရဲ့ကျင့်ကြံမှုက အလွန်အားကောင်းတဲ့အတွက် သူတို့ရဲ့ ကျင့်ကြံကိုယ်ထည်က မသေဆုံးနိုင်ဘူး ဒါ့ကြောင့် သူတို့ရဲ့ အရိုးတွေကို ဒေဝလောကရဲ့ နေရာအသီးသီးမှာ မြှုပ်နှံထားခဲ့ရတယ် "
"ဒါပေမယ့် နှစ်တွေကြာလာတာနဲ့အမျှ စုဝေးလာတဲ့ ယင်ဓာတ်တွေက ဒေဝလောကရဲ့ နိယာမတွေအပေါ် အများကြီး သက်ရောက်မှု ရှိခဲ့တယ် ၊ နောက်ပိုင်းမှာ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ယောက်က ဒေဝလောကဘုံရဲ့ အလိုတော်ကို အမွေဆက်ခံဖို့ သူ့ကိုယ်သူ ကမ္ဘာတစ်ခု အဖြစ်ပြောင်းလဲပစ်ခဲ့တယ် "
" အဲ့ဒီကမ္ဘာကြီးဆိုတာက နောင်လာနောက်သား မျိုးဆက်တွေ ခေါ်တွင်နေကြတဲ့ မရဏကမ္ဘာ ၊ မြေအောက် ကမ္ဘာနဲ့ နတ်ဆိုးကမ္ဘာပဲ ၊ အဆုံးမဲ့ အရိုးဖြူပင်လယ်ကို အဲ့ဒီဒဏ္ဍာရီလာ ပုဂ္ဂိုလ်ရဲ့ မျက်ရည်တွေနဲ့ စုစည်းထားလို့ အမြစ်မဲ့ရေလို့ လူသိများတယ်"
" အဲ့ဒီဒဏ္ဍာရီလာ ပုဂ္ဂိုလ်က ဒီကမ္ဘာပေါ်မှာ ရှိ တဲ့ အရိုးစုတွေနဲ့ စိတ်ဝိညာဉ်တွေကို သန့်စင်ပြီး တံဆိပ်ခတ်နိုင်ရန်အတွက် အသန့်စင်ဆုံး အမြစ်မဲ့ရေကို အသုံးပြုပြီး ယင် ယန် ဆိုပြီး ခွဲခြားခဲ့တယ် "
စူးချန်ကဲသည် ခေါင်းညိတ်လျက်ရှိသည်။ဤကမ္ဘာပေါ်တွင် ရှေးဒဏ္ဍာရီတစ်ခု ရှိနေသည်ကို သူ သိလိုက်ရသည်။
ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးသည် သူ့ကိုယ်သူ ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲပြီး ၊ ဒေဝလောက၏ အကြောင်းတရားနှင့် အကျိုးဆက်ကို သက်ရောက်မှုရှိခဲ့သည်။ သူ၏ ကျင့်ကြံမှုမှာ မည်မျှတောင် အစွမ်းထက်လေသနည်း ။
အနည်းငယ် စိတ်လှုပ်ရှားသွားပြီးနောက် စူးချန်ကဲက မေးလာသည်။
“ဒါပေမယ့် မင်းပြောခဲ့တဲ့ သခင့်ရဲ့ အသွေးအသားနဲ့ ဒါက ဘာဆိုင်လို့လဲ "
" လူကြီးမင်းမလောနဲ့ ကျွန်တော် ပြောမယ့်အချက်ကိုလာတော့မယ် ၊ ကျွန်တော် ပြောတဲ့သခင်က အဲဒီဒဏ္ဍာရီလာပုဂ္ဂိုလ်ရဲ့ ကိုးဆယ့်ကိုးမြောက် မျိုးဆက်ပဲ "
"တစ်ချိန်က သူက ဒီအဆုံးမဲ့ အရိုးဖြူ ပင်လယ်ရဲ့ အုပ်ထိန်းသူလည်း ဖြစ်တယ်"
နဂိုက ငြိမ်သက်နေခဲ့သော စူးချန်ကဲ၏ မျက်ဝန်းများမှာ အံ့အားသင့်စရာ အရိပ်အမြွက်များ လှစ်ဟသွားခဲ့သည်။
"ကိုးဆယ့်ကိုးမြောက် မျိုးဆက် ?"
"ဒါဆို မင်းပြောနေတဲ့ မင်းသခင်ရဲ့ အမျိုးအနွယ် ဆိုတာက..."
"ဟုတ်တယ်၊ သူမက အဲဒီဒဏ္ဍာရီလာ စွမ်းအားရှင် ပုဂ္ဂိုလ်နဲ့ဆို တစ်ရာမြောက် မျိုးဆက်ပဲ "
"ဒါပေမယ့် မင်းပြောခဲ့တဲ့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ရဲ့ အမျိုးအနွယ်က ဘာကြောင့် ဒီအဆုံးမဲ့အရိုးဖြူ ပင်လယ်ထဲမှာ အိပ်နေရတာလဲ?"
စူးချန်ကဲ ထပ်ပြီး စိတ်ရှုပ်သွားပြန်သည်။
" ဒီလောက် အစွမ်းထက်တဲ့ ရှေးဘိုးဘေးရှိနေတာ ဒီလိုဆိတ်ညံတဲ့ ပင်လယ်မှာ အမြစ်မတွယ်သင့်ဘူး မဟုတ်လား "
ထိုစကားကို ကြားတော့ ကူလောင်လျုံ့မှာ ကူကယ်ရာမဲ့ ပြုံးလိုက်သည်။
" ဒီရဲ့ အကြောင်းပြချက် အတိအကျတော့ ကျွန်တော် မသိဘူး၊ ဒါပေမဲ့ သူ့ရဲ့ ဖခင်က ကြောက်စရာကောင်းတဲ့ စစ်ပွဲမှာ ပါဝင်ခဲ့တာကို တော့ သိတယ်..."
"အဲဒီစစ်ပွဲမှာ၊ ကမ္ဘာ့အသိဥာဏ်ထက် ကျော်လွန်တဲ့ အင်အားစုတွေ အများကြီးရှိခဲ့ပြီး ၊ နောက်ဆုံးစစ်ပွဲက ဒေဝလောကအတွက် ကြေကွဲဖွယ် ကောင်းတဲ့ အောင်ပွဲတစ်ခုအဖြစ် ပြီးဆုံးသွားခဲ့တယ်..."
"သခင့်ရဲ့ဖခင်လည်း အဲဒီထဲမှာ သေဆုံးသွားတယ် ၊ သခင်က အသက်ကျန်ရစ်ခဲ့ပေမဲ့ ဒဏ်ရာအပြင်းအထန်ရခဲ့တယ်၊ ဒါ့ကြောင့် ဒီအဆုံးမဲ့ အရိုးဖြူပင်လယ်ရဲ့ နိယာမစွမ်းအားကိုချေးဌားပြီး ကုသခဲ့ရတယ် "
"လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက နောက်ဆုံးတော့ သခင်ရဲ့ ဒဏ်ရာတွေကို ကုသပေးနိုင်ခဲ့ပေမယ့် သူ့အတွက် အရေးကြီးတဲ့ အရာတစ်ခု ပျောက်ဆုံးသွားတဲ့အတွက် ပြန်ရှာချင်တယ်လို့ ပြောခဲ့တယ် အဲ့ကတည်းက သူထွက်သွားပြီး ဘယ်တော့မှ ပြန်မလာတော့ဘူး"
“ ဒါ့ကြောင့် ကျွန်တော်တို့ ဘိုးဘေးရဲ့ တစ်ခုတည်းသော အသွေးအသားကလည်း ဒီနေရာမှာ အိပ်စက်သွားခဲ့တယ် ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ၊ အဆုံးမဲ့ အရိုးဖြူပင်လယ်ရဲ့ နိယာမ စည်းမျဉ်းတွေမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ခဲ့တယ် ဒီလိုနဲ့ သခင့်ရဲ့ နောက်လိုက်တော်တွေကလည်း တဖြည်းဖြည်း ပြောင်းလဲသွားခဲ့တယ် "
"သူတို့ဟာ လွတ်လပ်မှုကို ကျင့်သားရလာခဲ့ပြီး ၊ ချုပ်ကိုင်ခံရတဲ့ ခေတ်ကို ပြန်မလိုချင်တော့တဲ့အတွက် ဒီကို ဝင်နိုင်တဲ့ တစ်ခုတည်းသော အရိုးဖြူ ပင်လယ်မှော်ပုလွေကို တိုက်မြေ သုံးထောင်ထဲ ပစ်ချခဲ့တယ် ၊ နောင်လာနောက်သား မျိုးဆက်တွေ အမှန်တရားကို ဘယ်တော့မှ မသိစေဖို့အတွက်ပေါ့..."
.....
ထိုရှင်းပြချက်ကို နားထောင်ပြီးနောက် ၊ စူးချန်ကဲ၏ အတွေးများမှာ အနည်းငယ်ရှုပ်ထွေးနေသည် ။
"ဒဏ္ဍာရီလာပုဂ္ဂိုလ်ရဲ့ တစ်ရာမြောက် မျိုးဆက်..."
" သူက အရိုးဖြူ ပင်လယ်ဘုရင်မ ဖြစ်နေမလား?"
စူးချန်ကဲသည် ကူလောင်လျုံ့၏ ရှင်းပြချက်မှ အသေးစိတ် အချက်အလတ်အချို့ကို ဖမ်းယူနိုင်ခဲ့သည်။
မူလက သခင့်နောက်လိုက်သော နောက်လိုက်အားလုံးသည် ပုန်ကန်ခဲ့ကြပြီး ၊ ၎င်းတို့၏ လွတ်လပ်မှုအတွက် ပို၍ စိတ်အားထက်သန်ကြသည်။
အကယ်၍ အရိုးဖြူပင်လယ်ဘုရင်မသည် တစ်ရာမြောက်မျိုးဆက်၏ အမွေဆက်ခံသူ ဖြစ်ခဲ့ပါက၊ သူသည် ကြီးမားသော ပုန်ကန်မှုကြီးကို ရင်ဆိုင်နေရပြီ မဟုတ်လော။
"မင်းပြောနေတဲ့ သူပုန်နောက်လိုက်တွေက ဘယ်နှစ်ယောက်တောင်လဲ "
စူးချန်ကဲက ထပ်မေးသည်။
အကယ်၍ ဧကရာဇ် အဆင့် ဒါဇင်နဲ့ချီ ရှိသည့်အပြင် ဧကရာဇ်အဆင့်ထက် မြင့်မားသော ပုဂ္ဂိုလ်များ ရှိနေခဲ့မည် ဆိုပါက ၊
ဘိုးဘေးပေးထားသော ဝှက်ဖဲနဲ့တင် တိုက်ခိုက်ရန် မလုံလောက်တော့ချေ။
ကွေးယွမ် သူတော်စင် နယ်မြေက အထူး ပုဂ္ဂိုလ်တွေကို ဒီကို ခေါ်ပြီး ထာဝရစစ်ပွဲ ဆင်နွှဲရမလားပဲ !
"စိတ်မပူပါနဲ့ လူကြီးမင်း ၊ အဲဒီသစ္စာဖောက်တွေ အကုန်လုဲး ဒီအဆုံးမဲ့ နှစ်တွေမှာ ပျောက်ကွယ်သွားခဲ့တာ ကြာပါပြီ "
"အရိုးနဂါးဘုရင်အပြင်၊ သစ္စာဖောက် ဆိုလို့ အများဆုံး သုံးလေးယောက်ပဲ ရှိတယ်"
စူးချန်ကဲက အနည်းငယ် ခေါင်းညိတ်လိုက်သည်။ သို့သော် ဤကူလောင်လျုံ့သည် အဘယ်ကြောင့် ပျောက်ကွယ်မသွားသည်ကိုတော့ သူ မမေးခဲ့ပေ။
ဤအတွက် စဉ်းစားဖို့ မလိုပေ။အဘယ့်ကြောင့်ဆိုသော် ဤအရိုးဖြူ ရွက်လှေကြောင့် ဖြစ်နိုင်သည်။
ဝီ--
ထိုအချိန်တွင် အရှေ့မှ အသံသည် စူးချန်ကဲ၏ အာရုံကိုဆွဲဆောင်ခဲ့သည်။
ရှေ့က မြင်ကွင်မှာ တစ်ဖန် ပြောင်းလဲသွားခဲ့ပြန်သည်။
မူလက မည်းမှောင်နေသော ပင်လယ်ရေသည် အရိုးဖြူများ စုပုံနေသော အရာအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။
သို့သော် ကောင်းကင်ကြီးမှာ မှောင်မည်းနေသေးသည်။
ဒုန်း -
ထိုအချိန်တွင် အရိုးများနှင့် ရွက်လှေတိုက်သံကို ကြားလိုက်ရသည်။
စူးချန်ကဲသည် သင်္ဘောကိုယ်ထည်အောက်ကို တစ်ဖန် ပြန်ကြည့်လိုက်ရာ သူ့ရှေ့ကမြင်ကွင်းက သူ့ခေါင်းတစ်ခုလုံးကို ထုံကျင်သွားစေသည် ။
နေရာတိုင်းတွင် အရိုးများရှိနေသည်။
၎င်းအရာများသည် အဆုံးမရှိသော အရိုးပင်လယ်ကြီး တစ်ခုသဖွယ် အထပ်လိုက် ရှိနေသည်။
အရိုးဖြူ ရွက်လှေ သည် အရိုးများဖြင့် ပြည့်နှက်နေသော သမုဒ္ဒရာထဲတွင် ရွက်လွှင့်နေ သည် ။
ထိုစဉ် အရှေ့ဘက်မှ ကျယ်လောင်သောဟောက်သံသည် စူးချန်ကဲကို ဆွဲဆောင်နေခဲ့ပြန်သည်။
အဆုံးမဲ့ အရိုးဖြူ ပင်လယ်၏ ဗဟိုတွင် အလွန် အားကောင်းသော စွမ်းအားတစ်ခု ရှိနေပုံရသည်။
အနီးကပ်ကြည့်လိုက်ရင် ၊ အရိုးဖြူ ပင်လယ်၏ အဖြူရောင် တွင်းနက်ကြီးကဲ့သို့ ကြီးမားသော ရေဝဲဂယက်ကြီး တစ်ခုကို တွေ့ရပေမည်။
အရိုးအားလုံးကို ဤအဆုံးမဲ့ ရေဝဲဂယက်ကြီးက ဝါးမျိုနေသည်။
မြင်ကွင်းသည် အလွန် ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းပေသည်။