← Chapters

အခန်း (၂၈၉-၂၉၃)

Vol. 21 Ch. 289-293

အခန်း (၂၈၉-၂၉၃)

Vol. 21 Ch. 289-293

အပိုင်း(၂၈၉): သူတော်စင် ခန္ဓာကိုယ်၏ အသွေးအသားများ ပြောင်းလဲခြင်း

ဉာဏ်အလင်းခန်းမဘေးမှာ အင်အား ညီမျှသော အလွန်အားကောင်းသည့် ရောင်ဝါများ ရှိသော အဘိုးအို နှစ်ယောက်က စောင့်ကြိုနေသည်။

သူတို့၏ နောက်တွင် ရတနာအမြောက်အမြားနှင့် အလွန်ရှားပါးသော နတ်ဆေးပင် အချို့ကို စုပုံထားသည်။

ထိုပစ္စည်းများထဲမှ တစ်စုံတစ်ခုသာ ပြင်ပလောကထဲသို့ ရောက်ရှိသွားပါက ရုန်းရင်းဆန်ခတ် ဖြစ်မည်ကိုပင် စိုးရသည်။

" အားလုံးက နှစ်ပေါင်းတစ်သောင်း သက်တမ်းရှိတဲ့ ဆေးဖက်ဝင်အပင်တွေပဲ ”

စူးချန်ကဲ အံ့သြသွားသည်။

အဖိုးတန် ဆေးဝါး အမျိုးမျိုးသည် အရောင်အသွေး စုံလင်လှပြီး ၊ အမျိုးမျိုးသော ဆေးဖက်ဝင် သားရဲကောင်များ၏ အသွင်အပြင်အဖြစ်သို့ ပြောင်းလဲထားကြသည်။

အချို့သော နတ်ဆေးမြက်ပင်များသည် တောက်ပစွာ ထွန်းလင်းနေပြီး လူကို လန်းဆန်းသွားစေသည့် မွှေးကြိုင်သော ရနံ့များကို ထုတ်လွှတ်ပေးနေသည်။

ထူးဆန်းသော သားရဲ ဥများစွာကိုလည်း သူတွေ့ခဲ့သည်။ ၎င်းတို့သည် နေရောင်ခြည် အသေးစားကဲ့သို့ပင် အလင်းကြောင်းများ စီးဆင်းနေပြီး ဘဝရဲ့အနှစ်သာရများ သက်ဝင်လှုပ်ရှားနေသည်။

ရွှေအလင်းရောင်များနှင့်အတူ ပြိုးပြိုးပြက်ပြက် တောက်ပနေသော ကြီးကျယ် ခမ်းနားသော ဒဏ္ဍာရီလာ ပန်းပွင့်များလည်း ရှိသည်။

ဥပမာအားဖြင့်ဆိုရသော် ရွှေကျောက်စိမ်း ဟု အမည်ရသော ကျောက်တစ်မျိုးသည် အတွင်းထဲတွင် ရွှေရောင်အရည်များ စီးဝင်လှုပ်ရှားနေသည်မှာ အတော်လေး အံ့သြစရာကောင်းသည် ။

မရေမတွက်နိုင်သော မှော်ပစ္စည်း များစွာ ရှိပြီး ၊ ၎င်းတို့ထဲတွင် သူ တစ်ခါမှ မမြင်ဖူးသော အရာများလည်း ရှိသည်။

" ချန်ကဲ၊ ဒီပစ္စည်းတွေကို ရတနာအိမ်ကနေ ငါ အထူးတလည် စုဆောင်းထားတာ "

ဖော့ကျွင်းဘိုးဘေးက ရှင်းပြသည်။

" ပြီးတော့ ဒါတွေက ယောက်ရွှီတိုက်မြေကို အထူးတလည်စေလွှတ်ပြီး ယူထားတာ ၊ မင်း ဒီဥတွေကို ကြည့်လိုက်စမ်း ဒါတွေအားလုံးက မကောင်းဆိုးဝါး ဧကရာဇ်မင်း(ဘုရင်)ရဲ့ အမွေဆက်ခံမယ့်သူတွေပဲ "

"မကောင်းဆိုးဝါး ဧကရာဇ်မင်း (ဘုရင်)ရဲ့ အမွေဆက်ခံမယ့်သူ?"

ဤအရာများသည် လူသားမျိုးနွယ်ရှိ ဧကရာဇ်မင်းမြတ်(ဘုရင်)၏ သားမြေးများနှင့် ဆင်တူသည်။

ဒါတွေအားလုံးကို ကွေးယွမ် သူတော်စင် နယ်မြေက တကယ်ကြီး ဖမ်းယူလာခဲ့တယ်ပေါ့?

“ဟီးဟီး....”

ဖော့ကျွင်းဘိုးဘေးက သိသိကြီးနဲ့ ပြုံးလိုက်သည်။

" အဲ့ကောင်တစ်သိုက်က ငါ့ရဲ့ ကွေးယွမ် သူတော်စင် နယ်မြေက မျိုးဆက်သစ် လူငယ်တွေကို ကြံစည်နေရုံသာမကဘဲ မင်းကိုလည်း အမှောင်ထဲကနေ တိုက်ခိုက်ဖို့ ကြံနေကြတယ်လေ"

" သူတို့က ညစ်ညစ်ပတ်ပတ် ကစားရတာကို ကြိုက်မှတော့ ငါတို့လည်း သူတို့ဆီကနေ ပြန်ပြီး သင်ယူတာပေါ့!"

စူးချန်ကဲတစ်ယောက် ထိုစကားကို နားထောင်ရင်း ကူကယ်ရာမဲ့စွာ ပြုံးနေမိသည်။

"မင်း အဲဒီသွေးအနှစ်သာရကို မြင်လား?"

ထိုအချိန်း ဖော့ကျွင်းဘိုးဘေးက ဆက်ပြောပြန်သည် ။

"အဲ့ဒီသွေးက ရှေးနဂါးမျိုးနွယ်စု နဂါးဧကရာဇ်မင်း( ဘုရင်) ကနေ ကျန့်ရှင်းဘိုးဘေးကိုယ်တိုင် အထူးတလည်သွားယူခဲ့တဲ့ မူလ သွေးအနှစ်သာရပဲ "

စူးချန်ကဲသည် ဖော့ကျွင်းဘိုးဘေး ညွှန်ပြရာကို တချက် ကြည့်လိုက်သည်။

ပြိုးပြိုးပြက်ပြက် ရှိနေသော ရတနာများကြားတွင် လေထဲတွင် လွင့်မျောနေသော သွေးတစ်စက်ကို သူ မြင်လိုက်ရသည်။ ထိုထဲတွင် ကြီးကျယ်ခမ်းနားသော နဂါးစွမ်းအင်များ ရှိနေသည်။

ထောင်ပေါင်းများစွာသော နဂါးစွမ်းအင်များ ရောယှက်နေသကဲ့သို့ ကြောက်စရာကောင်းသော သွေးချီစွမ်းအားများက ဟောက်နေပြီး ၊တစ်ချက်ကြည့်ရုံဖြင့် အလွန် အဖိုးတန်ကြောင်းကို တန်းသိနိုင်သည် ။

တစ်ချိန်တည်းမှာပင် စူးချန်ကဲ တစ်ယောက် ကူကယ်ရာမဲ့ နေပြန်သည်။

ဖော့ကျွင်းဘိုးဘေးသည် ပဟေဠိဆန်စွာ ပြုံးလိုက်ပြီး ဆက်ပြောသည်။

"ဒီအရာတွေက မင်းရဲ့ စွမ်းရည်တွေကို ထပ်ပြီး တိုးတက်စေရုံသာမက မင်းရဲ့ သူတော်စင် ခန္ဓာကိုယ်ရဲ့ အသွေးအသားတွေကိုပါ သန့်စင်ပေးနိုင်တယ် "

"မင်းရဲ့ ရင်ဘတ်မှာရှိတဲ့ ချန်ရှန်းအရိုးတွေလည်း ပြောင်းလဲသွားလိမ့်မယ်၊ ကျင့်ကြံအဆင့်ကတော့ မင်း ဖြတ်ကျော်နိုင်လောက်မှာပါ"

"ဒါပေမဲ့ ငါ အကြံပေးချင်တာက သူတော်စင် ဧကရာဇ် အဆင့်ကို အရင် မဖြတ်ကျော်သေးနဲ့ဦိး ၊ ခုက ရေဝေရေလဲအပိုင်း ရောက်နေပြီ ဆိုတော့ မင်းအနေနဲ့ သူတို့ တစ်ခုချင်းစီရဲ့ အကြောင်းကို သေချာလေ့လာသင့်တယ် ၊ အဲ့တာက မင်းအတွက် ပိုအကျိုးရှိလိမ့်မယ် "

စူးချန်ကဲသည် ခေါင်းညိတ်ပြလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူ့အတွက် နောက်ထပ် ကျင့်ကြံအဆင့်ကို ကျော်ဖြတ်ဖို့ရာ အတော်လေး မြန်ဆန်နေသည်။

ထို့အပြင်၊ သူ၏ ကိုယ်ထည်ကိုလည်း အနည်ကျစေဖို့ လိုအပ်သေးသည် ဖြစ်ရာ ၊ ဤတစ်ခေါက် အခွင့်အရေးသည် အကောင်းဆုံးဟု ဆိုရပေမည် ။

"ကောင်းပြီ ၊ ချန်ကဲ မင်း ဉာဏ်အလင်းရေကန်ထဲကို အရင်ဝင်ပြီး ဆေးရဲ့ အာနိသင်တွေကို အကုန် စုပ်ယူလိုက် "

" မင်းရဲ့ကျင့်ကြံစွမ်းအားတွေကိုစုစည်းပြီး သူတော်စင် ခန္ဓာကိုယ်ရဲ့ အသွေးအသားကိုသန့်စင်အောင်ကူညီဖို့ ကွေးယွမ် သူတော်စင် နယ်မြေရဲ့ အထူး လျှို့ဝှက်နည်းလမ်းကိုအသုံးပြုမယ် ၊ ဒီလုပ်ငန်းစဉ်က ရက်အနည်းငယ် ကြာနိုင်တယ် "

"ဒီအရာတွေက အရမ်း တန်ဖိုးကြီးတယ်၊ မင်း တစ်စက်မှ မချန်ဘဲ အကုန် စုပ်ယူရမယ်"

ညဏ်အလင်း ရေကန်သည် စူးချန်ကဲ၏ ကိုယ်ထည် နှင့် သူတော်စင် အသွေးသားကို တစ်ဖန် ပြန်လည်မြှင့်တင်ပေးနိုင်သည်။ သို့သော် စူးချန်ကဲ၏ ကိုယ်ထည် စွမ်းရည်ကို မြှင့်တင့်ပေးဖို့ရာ အနည်းငယ် အခက်အခဲ ရှိနေသည်။

သူ့အမြင်အရ၊ စူးချန်ကဲ၏ လက်ရှိ ကိုယ်ထည်သည် ဤနယ်ပယ်တွင် ရှိသင့်သည့် အရာထက် သာလွန်‌နေကာ တုနှိုင်းမဲ့ ဟု ဆိုရမည်။

တစ်နည်းအားဖြင့်ဆိုရသော် ၊ အလုံးစုံ မြှင့်တင်ပေးဖို့ရာ ခက်ခဲနိုင်သည်။

ပြတ်ပြတ်သားသား ဆိုရလျှင်ဖြင့် ။

စူးချန်ကဲ၏ လက်ရှိ ကိုယ်ထည်အကြောင်းကို ရှေးစာအုပ်တွေမှာတောင် မှတ်တမ်း တင်မထားခြင်း မရှိချေ။

ကြိုတင်ပြင်ဆင်မှု အချို့ပြုလုပ်ပြီးနောက် ၊ စူးချန်ကဲသည် သူ့အင်္ကျီကို ချွတ်ကာ ဉာဏ်အလင်းရေကန်ထဲသို့ ဝင်ရောက်ခဲ့သည်။

အဝတ်အစား ဝတ်ထားခြင်းသည် ဆေးအာနိသင် စုပ်ယူနိုင်စွမ်းကို အဟန့်အတားဖြစ်စေသည်။

စူးချန်ကဲသည် ဉာဏ်အလင်းရေကန်ထဲသို့ ဝင်လိုက်သည့် အခိုက်တွင်၊ ကြွယ်ဝသော နိယာမစွမ်းအားများဖြင့် ဖွဲ့စည်းထားသော အခိုးအငွေ့များ ပျံ့လွင့်လာသည်မှာ ကမ္ဘာဦးအစက

ဝိညာဉ်‌ရေးရာ နယ်မြေတစ်ခုလိုပင်။

ထောင်ပေါင်းများစွာသော ရောင်စဉ်အလင်းတန်းများ ဝန်းရံထားသည်မှာ အလွန်ကို အဆင့်မြင့်လှသည်။

စူးချန်ကဲသည် တင်‌ပျင်ခွေလျက်သားဖြင့် သူ၏ မျက်လုံးအစုံကို မှိတ်ကာ ထိုစွမ်းအားများကို အပြည့်အဝ ခံစားလိုက်သည်။

" စမယ်"

ဖော့ကျွင်းဘိုးဘေးက ဆိုလိုက်လိုက်သည်။

အမျိုးမျိုးသော အရည်အသွေးမြင့် ပစ္စည်းအားလုံးကို ဉာဏ်အလင်းရေကန်ထဲသို့ ထည့်လိုက်သည်။

ဤအရာအားလုံးသည် ကြည့်လိုက်ရုံဖြင့် ထူးကဲမှန်း သိသာပေသည်။ သို့မဟုတ်ပါက လူသားဟင်းချက်နေသည် ဟု အထင်မှားနိုင်သည်။

ပထမဆုံး သက်ရှိပစ္စည်းမှာ နေပန်းကဲ့သို့ စူးရှသောအပင် တစ်မျိုးဖြစ်သည်။

အကိုင်းအခက်နှင့် အရွက်တိုင်းသည် ကျောက်စိမ်းကဲ့သို့ ကြည်လင်တောက်ပနေပြီး ၊ မီးလျှံများက တလိပ်လိပ် ထထောက်လျက် ရှိသည်။သို့ရာတွင် ၎င်း၏ အပူချိန်သည် အကိုင်းအခက်နှင့် အရွက်များကြားတွင် ကွယ်ဝှက်ကာ တောက်လောင်နေသော နေမင်း၏ မီးအပူချိန်နှင့် တူပေသည်။

ယင်းအရာသည် ဉာဏ်အလင်း ရေကန်ထဲသို့ ကျသွားသည့် အခိုက်တွင်၊ ကောင်းကင်ကြီးမှာ ဆင့်ကဲ ပြောင်းလဲနေပြီး အရာရာတိုင်းက မငြိမ်မသက် ဖြစ်နေသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

ဒုတိယမြောက် ပစ္စည်းမှာ ပြိုးပြိုးပျက်ပျက် တောက်ပနေသော ကျောက်စိမ်းဖြူ တစ်ခုဖြစ်ပြီး ၊ ၎င်းတွင် ကြောက်မက်ဖွယ် ကောင်းသော မှော်စွမ်းအားများက လှည့်ပတ်စီး‌ဆင်းနေသည်။

ဤသို့ဖြင့် တတိယမြောက် ပစ္စည်း.....

ဆဌမမြောက် ပစ္စည်း !

ဒသမမြောက် ပစ္စည်း!

ပြင်ပကမ္ဘာကိုတောင် ရုန်းရင်းဆန်ခတ် ဖြစ်စေမည့် ဤမှော်ပစ္စည်းများကို အလကားရနေသည့်အတိုင်း ရေကန်ထဲသို့ ပစ်ချနေ၏။

ပြင်ပကမ္ဘာကသာ ဤအချင်းအရာကို မြင်ခဲ့မည်ဆိုပါက ဆွံ့အသွားနိုင်သည်။

သို့သော်၊ ကွေးယွမ်မှ ဤလူများသည် မျက်တောင် တချက်ပင် မခတ်။

အဘယ်ကြောင့်ဆိုသော် စူးချန်ကဲ ပိုပြီး သန်မာလာသ‌ရွေ့ သူတို့မျက်စိထဲတွင် ဤအရာအားလုံးသည် ထိုက်တန်ပေသည်။

.....

ဤအရာအားလုံးသည် ဉာဏ်အလင်းရေကန်ထဲတွင် ပေါင်းစည်းသွားသည်နှင့်အမျှ၊ ဖရိုဖရဲစွမ်းအင်များသည် စူးချန်ကဲ၏ ဘေးပတ်ပတ်လည်တွင် စုဝေးလာသည်။

စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲက ဆဲလ်တိုင်းသည် ကောင်းကင်နှင့်မြေကြီး အတွင်းရှိ ဝိညာဉ်စွမ်းအင်များကို ဝါးမျိုနေပုံ ရပြီး ၊ သူ့ခန္ဓာကိုယ်ထဲတွင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲရှိ သူတော်စင် ခန္ဓာကိုယ် အသွေးအသားတို့သည် တစ်ဟုန်ထိုး ကြီးထွားလာသည်။

သူ့ရင်ဘတ်ရှိ ချန်ရှန်းအရိုးများပင်လျှင် တောက်ပနေသည်။

အားကောင်းသော အလင်းရောင်တစ်ခုသည် စူးချန်ကဲကို ထုတ်ပိုးထားသည်။

စူးချန်ကဲ ပိုင်ဆိုင်ထားသော ကိုယ်ထည်များ၏ အမွေဆက်ခံသော စွမ်းရည်များသည်လည်း နှစ်ဆ တိုးပွားလာခဲ့သည်။

ထိုအချိန်တွင် စူးချန်ကဲ၏ စိတ်ထဲတွင် အကြောင်းအရာ တစ်ခု ထွက်ပေါ်လာခဲ့သည်။

စုပ်ယူ သူတော်စင် ခန္ဓာကိုယ်၏ အသွေးအသားများသည် တစ်ဖန် ပြန်လည်မြင့်တက်လာနေပြီး ၊ စုပ်ယူ သူတော်စင် ခန္ဓာကိုယ်၏ အမွေဆက်ခံသော မှော်အစွမ်း ဖြစ်သည့် " အလုံးစုံကို ဝါးမျိုခြင်း " အကြောင်းကို သူ သဘောပေါက်ခဲ့လေပြီ။

ဤကမ္ဘာပေါ်ရှိ အရာအားလုံးကို ဝါးမျိုနိုင်ပြီး ၊ အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည်။ ဒါတင်မက ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းများ ၊ လောကနိယာမများ၊ အရာအားလုံးကို ဝါးမျိုနိုင်သည်။

စုပ်ယူ သူတော်စင် ခန္ဓာကိုယ်၏ အမွေဆက်ခံသော မှော်အစွမ်းကို နားလည်ပြီးနောက်တွင်လည်း စူးချန်ကဲသည် မည်သည့် အံ့သြမှုမျိုးမပြဘဲ နေရာတွင်သာ တင်ပျဉ်ခွေ ထိုင်နေဆဲပင် ဖြစ်သည်။

နောက်မြင်ကွင်းမှာ အလွန် ထိတ်လန့်စရာကောင်း‌ပေသည်။

နတ်အလင်းတန်းများသည် ကောင်းကင်နှင့်မြေကြီးကို ထိုးဖောက်ဝင်ရောက်လာပုံရပြီး ၊ နေရာ အရပ်ရပ်တို့၌ ထွန်းလင်း တောက်ပကာ ထာဝရအလင်းကို ဆောင်ကျဉ်းပေးလို့နေသည်။

ဤအခိုက်အတန့်တွင်၊ စူးချန်ကဲသည် နတ်ဘုရား တစ်ပါးကဲ့သို့ပင် ၊ တည်ငြိမ်စွာ ရှိနေပြီး အဆုံးမရှိသော မှော်စွမ်းအားများနှင့် ဆေးဘက်ဆိုင်ရာ စွမ်းအားများက သူ့ကိုသန့်စင်မွမ်းမံနေသည် ။

သူ၏ ဝိညာဉ်နှင့် အသွေးအသားများသည် ဆက်လက် အားကောင်းလာနေပြီး ၊ သူ့ခန္ဓာကိုယ်ထဲတွင် လျှို့ဝှက်စွာရှိနေသော အသွေးအသားများသည် တဖြည်းဖြည်း နိုးထလာပုံရသည်။

"ချန်ကဲ ရဲ့အသွေးအသားက... ငါ့ကို ဘယ်လိုဖြစ်ပြီး ရင်တုန်စေတာလဲ?"

" ချန်ကဲ သူ့မိသားစုအကြောင်း တစ်ခါမှ မပြောဖူးဘူး၊ သူ့မိသားစုဝင်တွေက ဘယ်သူများလဲ"

ဖော့ကျွင်းဘိုးဘေးမှ ညည်းညူလိုက်သည်။ သူသည် စူးချန်ကဲအား မြေးတစ်ယောက် အဖြစ် အမြဲမှတ်ယူထားသောကြောင့် စူးချန်ကဲ၏ မိသားစုအကြောင်းကို ဘယ်တုန်းကမှ မတွေးဖူးခဲ့ပေ။

အခုလို ပြန်တွေးကြည့်ပြန်တော့ စူးချန်ကဲ၏ မိသားစုအကြောင်းကို သူ အတော်လေး သိချင်မိသည်။

ဝီ——

ထိုအချိန်တွင် ၊

စူးချန်ကဲ၏ ခန္ဓာကိုယ်တွင် အိပ်ပျော်နေခဲ့သော အသွေးအသားတို့သည် ပြန်လည် နိုးထလာပုံ ရကာ ထူးဆန်းသည့် ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ရသည်။

သူ့နောက်တွင် ရုပ်သဏ္ဍာန် တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ ၎င်းရုပ်သွင်သည် အလွန် မှုန်ဝါးပေသည်။

၎င်း၏ အသက်ရှုသံလေး တစ်ချက် ထွက်လာရုံဖြင့် ဤကမ္ဘာပေါ်က အရာအားလုံးကို တုန်လှုပ်သွားစေသည်။

ကွေးယွမ် သူတော်စင် နယ်မြေ၏ အထူး နိယာမတရားများပင်လျှင် တုန်လှုပ်သွားခဲ့ရသည်။

ထိုအနှီ ရုပ်အသွင်အပြင်သည် စူးချန်ကဲ၏ ပြောင်းလဲမှု ရောင်ဝါကို အနီးကပ် စိုက်ကြည့်နေခဲ့သည်။

ထိုအချိန်တွင်၊ ကွေးယွမ် ဘိုးဘွားပိုင် နယ်မြေ၏ အနက်ရှိုင်းဆုံး အပိုင်းတွင် နစ်မြုပ်နေခဲ့သော ရှေးဘိုးဘေး နှင့် အဝေးဘိုးဘေးတို့၏ ရုပ်သွင်တို့သည် တစ်ချိန်တည်းမှာပင် မျက်လုံးများ ပွင့်လာခဲ့သည်။

"ဒီရောင်ဝါ..."

"အမ်..."

သူတို့အားလုံး အံ့သြတုန်လှုပ်နေကြပုံရသည်။

" လတ်စသတ်တော့ ချန်ကဲက အဲဒီမိသားစုကနေ ဆင်းသက်လာပုံပဲ "

"ဒါဆိုရင်တော့ အားလုံးက အဓိပ္ပါယ်ရှိသွားပြီ..."

အပိုင်း(၂၉၀): ဆက်ခံသူကို ငါတို့ ကွေးယွမ်က ကောင်းကောင်းကြီး ထောက်ပံ့ပေးနိုင်တယ်

"ဒါပေမယ့် သူတို့ ဘာတွေစီစဉ်နေကြတာလဲ?"

အဝေးဘိုးဘေးက ဆိုလိုက်သည်။

"ဒါပေမယ့် အဲ့ဒီမိသားစုက ဒဏ္ဍာရီမှာ မရှိတဲ့ ကိုယ်ထည်ပိုင်ရှင်ကို မွေးဖွားဖို့က မဖြစ်နိုင်ဘူး.."

"ထူးဆန်းတယ်၊ တကယ် ထူးဆန်းတယ်"

နောက်ထပ် ရှေးဘိုးဘေး တစ်ဦးက ထပ်ဆိုလိုက်သည် ။

" ဒီကောင်တွေ ချန်ကဲ ကို ပြန်ခေါ်သွားရင် ၊ ဒါဆိုရင် ငါတို့က သူများသားသမီးကို ပြုစုပျိုးထောင်ပေးနေတာနဲ့ မတူဘူးလား?"

"ဟာဟား... မင်း ချန်ကဲရဲ့ စရိုက်ကို မသိတာလည်း မဟုတ်ဘူး၊ သူက ဒီလို ကျေးဇူးကန်းတဲ့လူ ဘယ်တော့မှ ဖြစ်လာစရာ အကြောင်းမရှိဘူး "

"အချိန်တန်မှ ငါတို့ သူတို့မိသားစုနဲ့ စကားသွားပြောကြတာ‌ပေါ့၊ အမတ နယ်မြေက အဲဒီကောင်တွေကို မြေးတော်အဖြစ် အနေနဲ့ မျက်နှာသာပေးလိုက်ပါ"

" ဟားဟား! ဒီလိုလည်း ရတာပဲ ဒီကောင်တွေ အမတ နယ်မြေမှာ နေတာ နှစ်အတော်ကြာခဲ့ပြီ၊ ခုထိ အမတ ဧကရာဇ်မင်း ဖြစ်မလာသေးဘူး ၊ အဲ့ကပ်ပါးရပ်ပါးတွေကို အရင်ကတည်းက ငါ ဖယ်ရှားပစ်ချင်နေခဲ့တာ "

......

တစ်ချိန်တည်းမှာပင်။

ဉာဏ်အလင်းရေကန်တွင် အမျိုးမျိုးသော ရူပါရုံများ ထွက်ပေါ်လာခဲ့သည့် အပြင် ဖရိုဖရဲ စွမ်းအင်များက အတတ်အကျ ဖြစ်ပေါ်လျက် ၊ ရွေရောင် ဥတ္တရအလင်းတန်းများ ဖြာကျနေကာ ရောင်ဝါများသည် စူးရှစွာ ‌ထိန်လင်း တောက်ပနေသည်။

နဂါး ၊ ဖီးနစ် အရိပ်မျိုးစုံ အပြင် ရက်စက်ကြမ်းကြုတ်သော သားရဲများ၏ အသွင်အပြင်များလည်း ပေါ်ထွက်လာသည်။

‌ ထောင်းထျယ့် ၊ ချုံးချီ နှင့် ကျူးယန့် ကဲ့သို့သော ရက်စက်ကြမ်းကြုတ်သော သားရဲကောင်တို့သည် ကြယ်ရောင်စုံသော ကောင်းကင်ကြီးကို လက်သည်းဖြင့် ခွဲကာ ထွက်ပေါ်လာခဲ့သလိုပင်။

၎င်းတို့၏ ဟောက်သံသည် ရှေးခေတ်စစ်မြေပြင်အဖြစ် ပြောင်းလဲသွားတော့မည့် အတိုင်း လွှမ်းခြုံသွားသည်။

နဂါးနှင့် ဖီးနစ်တို့သည် တကယ့် ဒဏ္ဍာရီလာ သားရဲများကဲ့သို့ သက်ရှိထင်ရှား ရှိနေပြီး ၊ ၎င်းတို့ ပတ်ဝန်းကျင်တွင် မြုမှုန်များက အဆုံးမရှိ အုံ့ဆိုင်းနေသည်။

ဤမျှ အားကောင်းသော ရောင်ဝါသည် ဤကမ္ဘာ၏ အတိုင်းအတာထက် အဆပေါင်းများစွာ ကျော်လွန်နေခဲ့ပြီပင်။

သို့သော် ဒီကမ္ဘာကြီးကို သက်ရောက်မှု မဖြစ်စေခဲ့သည့် အကြောင်းရင်းမှာ စူးချန်ကဲ၏ နောက်တွင် ရှိနေခဲ့သော ထိုအနှီ အသွင်ပုံရိပ်ကြောင့်ပင် ဖြစ်သည်။

ကမ္ဘာမြေ တုန်လှုပ်ခြင်း ၊ စကြဝဠာကြီး ပျက်သုန်းခြင်း နှင့် ကြယ်များ ကြွေကျခြင်း စသော ဖြစ်ရပ်များကို သူ၏ တည်ရှိမှုဖြင့် ထိန်းချုပ်ထားသကဲ့သို့ပင် ။

အရာအားလုံးသည် သူ၏ စီစဉ်‌မှုအောက်တွင် ရှိနေပုံရသည်။

ဘုန်း! !

ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းသော ပေါက်ကွဲသံနှင့်အတူ ၊

ဒဏ္ဍာရီလာ သားရဲများ နှင့် ရက်စက်ကြမ်းကြုတ်သော သားရဲကောင်များ၏ အရိပ်များသည် စူးချန်ကဲ နောက်ကွယ်တွင် ရှိသော ထိုအနှီပုံရိပ်၏ အကြည့်တချက်ကြောင့် အမှန်တကယ် ပျက်သုဉ်းသွားခဲ့သည်။

ဆက်လက်ပြီး ၊

အဆုံးမရှိသော မှော်စွမ်းအားတို့သည် နဂါးပုံသဏ္ဍာန်အဖြစ်သို့ ပြောင်းလဲသွားပြီး စူးချန်ကဲကို ဝန်းရံထားသည်။ အလွန်ကြောက်စရာကောင်းသော သွေးချီစွမ်းအားများသည်လည်း အလားတူ တဟုန်ထိုး တတ်လာပြီး ဖြန့်ကျက်ကာ စူးချန်ကဲ၏ ဝန်းကျင်တွင် တည်ရှိနေသည်။

မှော်စွမ်းအားများ အားလုံး စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာခဲ့ပြီးနောက် ၊

ထိုအနှီ အသွင်ပုံရိပ်သည် ကွေးယွမ် ဘိုးဘွားပိုင် နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာထံ သတိပြုမိသွားပုံ ရပြီး ၊ သူ၏ နှုတ်ခမ်းသားတို့သည် အနည်းငယ် ကွေးညွှတ်သွားပြီး ထိုဘက်သို့ အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

ဤမြင်ကွင်းသည် ဖော့ကျွင်းဘိုးဘေးကို ပို၍ ထိတ်လန့်သွားစေသည်။

"ဒီလူကြီးမင်းက ဘယ်သူများလဲ၊ သူက အဝေးဘိုးဘေးကိုတောင် သိနေတာလား"

ဖော့ကျွင်းဘိုးဘေး၏ ရင်ထဲ လှိုင်းတံပိုးများ ရိုက်ခတ်သွားသည်။ အဝေးဘိုးဘေး၏ ဖြစ်တည်မှု မျိုးဆက်သည် အလွန်အလွန့်ကို ဝေးကွာပြီး သူတောင်မှ မသိနိုင်ပေ။

ထို့အပြင် ဤအသွင်ပုံရိပ်သည် အဝေးကနေပင် အဝေးဘိုးဘေးအား မျက်နှာချင်းဆိုင် ကြည့်ရှုနေခဲ့သည်။ ဤအချင်းအရာသည် ဖော့ကျွင်းဘိုးဘေးအတွက် သူ မျှော်မှန်းထားတာထက် ကျော်လွန်သွားခဲ့ပြီပင်။

" ချန်ကဲ ..မင်းဘယ်မိသားစုကနေ လာတာလဲ?"

ယေဘုယျအားဖြင့် ကျင့်ကြံသူ တစ်ယောက်အနေဖြင့် သွေးဆက်သည် အလွန်ကို အရေးပါသည်။ ထူးချွန်ထက်မြက်သော ပါရမီရှင် အချို့သည် ဘိုးဘေးအနွယ်ဝင် အသွေးအသားများကို ပိုင်ဆိုင်လေ့ရှိကြသည်။

ထိုကဲ့သို့ ပိုင်ဆိုင်ထားသူသည် မိမိ၏ မိသားစုထဲက အသန်မာ‌ဆုံး ပုဂ္ဂိုလ်ကိုပင် ကျော်လွန်နိုင်သည့် အခွင့်အရေးမျိုး ရှိသည်။

အသွင်ပုံရိပ်တစ်ခုနဲ့တင် ဤမျှ ကြောက်စရာကောင်းသည်။အကယ်၍ စူးချန်ကဲသာ ဘိုးဘေးအနွယ်ဝင် အသွေးအသားများကို ပိုင်ဆိုင်ထားပါက သူ၏ အနာဂတ်အောင်မြင်မှုများမှာ မည်မျှတောင် မြင့်မားလိုက်မည်နည်း။

ဤအရာကို တွေးကြည့်ရုံနဲ့တင် ဖော့ကျွင်းဘိုးဘေးတစ်ယောက် ကြောက်လန့်နေမိသည်။

" ချန်ကဲ ၊ ဒီရွှေနဂါးက တကယ်ပဲ ကောင်းကင်ကိုးဘုံအထိ ပျံသန်းဖို့ ရည်မှန်းထားတာပဲ "

ထိုအနှီ အသွင်ပုံရိပ်သည် သူ ပျောက်ကွယ်မသွားခင် ကျေနပ်အားရနေသော အကြည့်များဖြင့် စူးချန်ကဲကို ကြည့်ရှု‌နေခဲ့သည်။

၎င်းသည် တစ်စုံတစ်ခုကို ရေရွတ်နေပါသော်လည်း အသံထွက်မလာချေ။ သို့သော် သူ၏ ပါးစပ်အသွားအလာကို ကြည့်ရင် သိနိုင်သည်မှာ - ' မင်း အရွယ်ရောက်လာပြီပဲ '

ဝီ——

တဖျပ်ဖျပ် ရိုက်ခတ်နေသော အလင်းရောင်နှင့်အတူ ၊ စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲသို့ အလင်းလုံး တစ်ခု ဝင်ရောက် နစ်မြုပ်သွားခဲ့ပြီးနောက်တွင် ထိုအနှီ ရုပ်သွင်မှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

ဉာဏ်အလင်းရေကန်တွင် ၊ ရူပါရုံများ နှင့် နတ်အလင်းများအားလုံး ပျောက်ကွယ်သွားခဲ့ပြီး ၊ ဖရိုဖရဲ စွမ်းအင်များသည်လည်း မည်သည့် ရိုက်ခတ်ခြင်းမှ မရှိတော့သလို နိယာမစည်းမျဉ်းများသည်လည်း ငြိမ်သက်အေးချမ်းသွားခဲ့ပြီ ဖြစ်သည်။

စူးချန်ကဲသည် သူ၏ မျက်ဝန်းအစုံကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ၏ တောက်ပသော မျက်ဝန်းများသည် အဆုံးမဲ့ နတ်အလင်းရောင်များဖြင့် ပြည့်နှက်နေသည်။

ထို့ပြင် သူ့ခန္ဓာကိုယ်အတွင်း၌ ကြီးကျယ်ခမ်းနားသော စွမ်းအင်တစ်ခုသည် ဖြည်းညှင်းစွာ ထွက်ပေါ်လာနေသည်။

သို့သော် ဤအရာအားလုံးကိုတော့ စူးချန်ကဲ မသိခဲ့ပေ။

" ကြည့်ရတာ ငါ့ရဲ့ စုပ်ယူ သူတော်စင် ခန္ဓာကိုယ်က ပြီးပြည့်စုံသွားပုံရတယ် ၊ ခုလို ပင်ကိုယ် မှော်စွမ်းအားလည်း မွေးဖွားလာမယ်လို့ မထင်မိဘူး"

"ဒီ ကောင်းကင်ဘုံ ခန္ဓာကိုယ်ကတော့ ဘာကြောင့် မပြည့်စုံသေးတာလဲ မသိဘူး ၊ ကောင်းကင်ဘုံ ခန္ဓာကိုယ် ကို ပြီးပြည့်စုံဖို့အတွက်ဆိုရင် ငါ ချန်ကူရှင်း ခရီးစဉ်ကို တစ်ခေါက်တော့ သွားမှဖြစ်မယ် "

"အခု ငါက ထိပ်တန်း သူတော်စင် အထွတ်အထိပ်ကို ရောက်နေပြီ ဆိုတော့ ၊ ငါ့ရဲ့ သူတော်စင် ကိုယ်ထည်တွေရဲ့ အသွေးသား တော်တော်များများ အသွင်ပြောင်းလဲသွားတယ် ၊ ငါ့ခန္ဓာကိုယ်ထဲမှာ ငါ နားမလည်နိုင်တဲ့ စွမ်းအင်တချို့ ရှိနေပုံရတယ်"

"အမ်... ထူးဆန်းလိုက်တာ၊ ဒီရဲ့ စွမ်းအင်က ငါ့ကို လမ်းစဉ်နဲ့ ပတ်သတ်မှုတွေကို နက်နက်ရှိုင်းရှိုင်း နားလည်စေသလိုပဲ"

စူးချန်ကဲသည် ရှုပ်ထွေးစွာဖြင့် စိတ်ထဲတွင် တီးတိုးရေရွတ်လိုက်သည်။

ဤတစ်ကြိမ်တွင် သူသည် ထင်မှတ်မထားသော အံ့သြစရာများကို ရရှိခဲ့သည်။

ပိတ်နေသော သွေးကြောများကို ဖွင့်နိုင်ခဲ့ရုံသာမက ၊ သူခန္ဓာကိုယ်အတွင်း၌ နားမလည်နိုင်သော ရောင်ဝါများလည်း ရှိနေခဲ့သည် ။

ထိုရောင်ဝါသည် ဤကမ္ဘာပေါ်ရှိ စည်းမျဉ်းအားလုံးကို နားလည်နိုင်စွမ်းရှိသကဲ့သို့ ရှေးခေတ် ကောင်းကင်နှင့် မြေကြီးရဲ့ အမှတ်အသားများ ပါဝင်နေပုံရသည်။

သို့သော် ထိုအခိုက်အတန့်တွင် ကောင်းကင်မှ တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ၊ ရောင်စုံ အလင်းတန်းများ လွှမ်းခြုံထားသော မှော်ပုလဲ တစ်လုံးသည် စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် နစ်ဝင်သွားခဲ့သည်။

ခဏအကြာတွင်၊ ရှေးဘိုးဘေး၏ အသံ ထွက်ပေါ်လာခဲ့သည်။

" ချန်ကဲ ၊ မင်းရဲ့ အသွေးအသားက အခုပြောင်းလဲသွားပြီ၊ မင်းရဲ့ စွမ်းရည် နဲ့ နားလည်နိုင်စွမ်းတွေလည်း ပိုပြီး မြင့်မားလာပြီ"

"ဒီမှော်လက်နက်ကို ညဏ်အလင်းပုလဲ လို့ ခေါ်တယ် ၊ ညဏ်အလင်းကို နှစ်သန်းပေါင်း ရာနဲ့ချီ အနည်ထိုင်စေပြီး စုစည်းထားခဲ့တဲ့ ပုလဲတစ်လုံးပဲ ၊ ဒီကမ္ဘာကြီးရဲ့ လမ်းစဉ် တွေ အပေါ် ထားရှိတဲ့ မင်းရဲ့ နားလည်မှုတွေကို ပိုပြီး တိုးတတ်လာစေလိမ့်မယ်"

"မင်း ဧကရာဇ်မင်း တစ်ပါး ဖြစ်လာတောင်မှ သူက မင်းအတွက် ကြီးကြီးမားမား အထောက်အကူ ပြုပေးနိုင်တုန်းပဲ ၊ မင်း သေချာသိမ်းထား "

စူးချန်ကဲသာမက ဖော့ကျွင်းဘိုးဘေးပင်လျှင် ကြောင်အမ်းနေကြသည်။

ညဏ်အလင်းပုလဲ!

ယင်းအရာသည် အလွန်အဖိုးတန်သည်ဟု ဆိုနိုင်ပြီး ၊ သူတို့၏ ဘိုးဘေးများပင်လျှင် လမ်းစဉ်၏ နိယာမတရားတို့ကို နားလည်နိုင်စေရန် ညဏ်အလင်းပုလဲကို အားကိုးကြရသည်။

သို့သော် စူးချန်ကဲသည် ထိပ်တန်း သူတော်စင် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး၊ သူတို့၏ ရှေးဘိုးဘေးသည် ဤကဲ့သို့ ဉာဏ်အလင်းပုလဲကို ထုတ်ပေးလာခဲ့သည်။

" ရှေးဘိုးဘေး ၊ ချန်ကဲရဲ့ လက်ရှိ ကျင့်ကြံမှုအဆင့်က အရမ်းအားနည်းသေးတယ် ၊ ဒီဉာဏ်အလင်းပုလဲက ကျွန်တော်အတွက် အများကြီး အထောက်အကူ ဖြစ်မှာ မဟုတ်ပါဘူး ..."

သို့သော် စူးချန်ကဲ၏ စကားမဆုံးခင်၊

ရှေးဘိုးဘေးး၏ လေသံသည် ရုတ်ချည်း အေးစက်သွားသည်။

"ငါ ယူဆို ယူလိုက် "

"တခြားသူတွေ သိသွားရင် ငါရဲ့ ကွေးယွမ်က ဒီလောက်တောင် အားမစိုက်ထုတ်နိုင်ဘူးလို့ ထင်လိမ့်မယ်!"

"မင်းက ကွေးယွမ်ရဲ့ ဆက်ခံသူပဲ ၊ ငါကလည်း ကွေးယွမ်ရဲ့ ရှေးဘိုးဘေးပဲ ၊ ငါ မင်းကို ပေးမယ်ဆို ပေးမယ်ပဲ ၊ ဒီကိစ္စကို ဒီမှာပဲ ထားတော့အပိုတွေမပြောနဲ့တော့ !"

ဤလောက၏ နိယာမများကိုပင် ရှုပ်ထွေးမှုဖြစ်စေနိုင်သော မိုးခြိမ်းသံကဲ့သို့ ၎င်း၏ လေသံတွင် ‌ဒေါသအနည်းငယ် ပါဝင်နေပုံရသည်။

ရှေးဘိုးဘေး၏ ဒေါသထွက်နေသော လေသံကြောင့် စူးချန်ကဲ တစ်ယောက် ငြိမ်သက်နေခဲ့သည်။

" ဖော့ကျွင်းဘိုးဘေး ... ကျွန်တော် ကောင်းကောင်း မလုပ်နိုင်ခဲ့လို့ အဝေးဘိုးဘေးတို့ကို စိတ်ပျက်စေခဲ့တာလား?"

ဖော့ကျွင်းဘိုးဘေးသည်လည်း ကြောင်အမ်းနေရာမှ သတိပြန်လည်လာခဲ့သည်။

" ငါတော့ မထင်ဘူး..."

" ချန်ကဲ ၊ မင်းရဲ့ စွမ်းဆောင်ရည်က အားလုံး မျှော်လင့်ထားတာထက်တောင် ကျော်လွန်နေခဲ့ပြီလို့ ငါထင်တယ်..."

"ရှေးဘိုးဘေးကပဲ အရမ်း တင်းကြပ်လွန်းနေသလား"

တကယ်တော့ ဖော့ကျွင်းဘိုးဘေး ထုတ်မပြောခဲ့သော စကားတစ်ခွန်း ရှိခဲ့သည်။ ရှေးဘိုးဘေးတို့၏ အနေအထားအရ ၊ သူတို့သည် ဤလောကကြီးနှင့်ပတ်သတ်၍ ဘာကိုမှ စိတ်မဝင်စားချေ။

သို့သော် စောနက သူ၏ လေသံသည် အဘယ်ကြောင့် ဒေါသထွက်နေသော အဖိုးကြီးနှင့် ဆင်တူနေသနည်း။

“ထူးဆန်းတယ်၊ ထူးဆန်းတယ်....”

"ဒီနေ့ ဘာကြောင့် ထူးထူးဆန်းဆန်း ကိစ္စတွေ တစ်ခုပြီး တစ်ခု ဖြစ်ပျက်နေပါလိမ့်"

.....

ကွေးယွမ် သူတော်စင် နယ်မြေ၏ ဘိုးဘွားပိုင်မြေတွင်

" လောင်စန်း ၊ကြည့်ရတာ ခုထိ မင်း ဒေါသကို မထိန်းနိုင်သေးဘူး နဲ့ တူတယ်!"

"ဟွန့် ! တားမြစ် စူးမိသားစုဆိုရော ဘာဖြစ်လဲ?"

" အခု ချန်ကဲက ငါ ကွေးယွမ်ရဲ့ ဘုရားပေးတဲ့လက်ဆောင်ပဲ ၊ ငါ ကွေးယွမ်အနေနဲ့ ဆက်ခံသူကို ကောင်းကောင်းကြီး ထောက်ပံ့ပေးနိုင်တယ်!"

အပိုင်း(၂၉၁): ကျုံယုံ (ငရဲကိုးထပ်)က အခွင့်အရေးအားလုံးကို ရယူမယ်

စူးချန်ကဲသည် ညဏ်အလင်း‌ ရေကန်တွင် အပြောင်းအလဲများ ဖြစ်စေခဲ့သည့်အပေါ် ဘိုးဘေးများစွာက မလိုလားအပ်‌သော ပြသနာများ ဖြစ်မလာစေရန် တမင်တကာ ဖုံးကွယ်ထားခဲ့သည်။

သို့သော် အဆိုပါသတင်းအား ကွေးယွမ် သူတော်စင် နယ်မြေ၏ အဆင့်မြင့် အကြီးအကဲများကြား အတိုင်းအတာတစ်ခုအထိ ဖြန့်ကျက်ထားဆဲ ဖြစ်သည်။

အကယ်၍ ဤအကြောင်းအရာကို ပြင်ပရည်ရွယ်ချက်ရှိသူ တစ်ဦးတစ်‌ယောက်မှ သိသွားခဲ့ပါက စူးချန်ကဲတွင် အန္တရာယ်ရှိလာပေလိမ့်မည်။

“ချန်ကဲ က ပိုပိုပြီး ကြောက်စရာကောင်းလာတယ် ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်တန်း သူတော်စင် အထွတ်အထိပ်အဆင့်ကို ရောက်နေပြီ “

“အဲဒီတုန်းက ငါ့ရဲ့ အရည်အချင်းက အကောင်းဆုံးလို့ ထင်ခဲ့တာ ၊ ချန်ကဲက ငါ့အတိုင်းပဲ ပိုပိုပြီး အားကောင်းလာတာပဲ!”

“ဟမ်! အသက်ကဖြင့် ကြီးနေပြီ ကိုယ့်ကိုယ်ကို ကြွားလုံးထုတ်ရဲသေးတယ်နော် ၊ ချန်ကဲက ကျင့်ကြံမှု လမ်းကြောင်းထဲ ဝင်ရောက်လာတာ နှစ်အနည်းငယ် ရှိသေးတယ် ၊ မင်းတုန်းက ထိပ်တန်း သူတော်စင်အဆင့်ကို ကျော်ဖြတ်ဖို့ နှစ်တစ်ရာလောက် အချိန်ယူခဲ့ရတယ် မလား?”

“ မင်းက ဘာအရည်အချင်းရှိလို့ ချန်ကဲနဲ့ နှိုင်းယှဉ်နေတာတုန်း ၊ အရွယ်ကဖြင့် ကြီးနေပြီ မရှက်ဘူးလား “

“အိုင်ယိုး ၊ မင်းဆိုတဲ့ လူအိုကြီးကလေ မင်း ငယ်ငယ်တုန်းက စူးချန်ကဲထက် နည်းနည်းပဲ အားနည်းတယ်လို့ပဲ အမြဲပြောနေတာ ၊ ငါတော့ နည်းနည်းတင် မဟုတ်ဘူး ဘီလီယံလောက်တောင် ကွာခြားတယ်လို့ ထင်တယ်!”

“ဒီလောက် မျက်နှာပြောင်တိုက်တဲ့ လူမျိုး ငါ တစ်ခါမှ မကြားဖူးဘူး!”

“…..”

ဤသို့ဖြင့် ကွေးယွမ်တွင် ရှုပ်ထွေးသော မြင်ကွင်းများ ဖြစ်ပျက်နေခဲ့သည်။

အကြီးတန်း အကြီးအကဲများပင် မဆိုနှင့် ၊ ဘိုးဘေးများပင်လျှင် သူတို့ ငယ်စဉ်က ကြီးကျယ်ခမ်းနားသော အောင်မြင်မှုများနှင့် နှိုင်းယှဉ်ပြောဆိုနေကြသည်။

သို့သော် စူးချန်ကဲ နှင့် နှိုင်းယှဉ်ဖို့ မဖြစ်နိုင်ကြောင်းကို သူတို့အားလုံး တိတ်တဆိတ် နားလည်ထားကြသည်...

ဉာဏ်အလင်းရေကန်မှ ထွက်ခွာပြီးနောက် ၊ စူးချန်ကဲသည် ကွေးယွမ် ဘုရားကျောင်းသို့ ထပ်မံ ရောက်ရှိလာခဲ့သည်။

စူးချန်ကဲ၏ နောက်လိုက်များသည်လည်း ဤနေရာတွင် အကြာကြီး စောင့်ဆိုင်းနေခဲ့သည်။

“ ချန်ကဲ ဆက်ခံသူ ၊ နောက်ထပ် အောင်မြင်မှုများစွာကို ရရှိခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် “

လီဟောက်ထျန်း ၊ ယဲ့လင်ထျန်း ၊ ပီချင်းရှ နှင့် အခြားသော သူတော်စင်များစွာ ရောက်ရှိလာခဲ့ပြီး စူးချန်ကဲအား ဦးညွှတ်လိုက်ကြသည်။

နေရာတွင် ရပ်နေရုံမျှဖြင့် ၊ စူးချန်ကဲ၏ ရောင်ဝါတို့သည် သူတို့ကို အသက်ရှုမဝစေသည့်အထိ ဖြစ်စေပြီး တောင်တစ်ခုသဖွယ် ဖိနှိပ်ထားနိုင်သည်။

“ အိုင်း. . . . “

အရိုးဖြူ ပင်လယ်ဘုရင်မပင်လျှင် သက်ပြင်းချရသည်။

“ရက်အနည်းငယ်ပဲ ရှိသေးတယ်... သူ့ခန္ဓာကိုယ်ပေါ်က ရောင်ဝါက ဘာလို့ ဒီလောက်ထိ ကြောက်စရာကောင်းလာတာလဲ”

“နယ်မြေငယ်လေးကို သွားတာ ဘယ်နှစ်ရက် ကြာသေးလို့လဲ ?”

“အဲဒီခေတ်တုန်းက ထိပ်တန်း ပါရမီရှင်တွေတောင် ဒီလောက် အားမကောင်းဘူး မဟုတ်လား”

အရိုးဖြူ ပင်လယ် ဘုရင်မသည် နက်နဲစွာ တွေးနေမိသည်။ သူမ၏ လက်ရှိ ကျင့်ကြံမှု အဆင့်သည် သူတော်စင် ဧကရာဇ် အထွတ်အထိပ် အဆင့်တွင် ရှိနေပြီး ၊ ဧကရာဇ် တစ်ပိုင်း အဆင့်ကို တတ်လှမ်းရန် ခြေတစ်လှမ်းသာ ဝေးသည်။

သို့သော် စူးချန်ကဲ၏ နယ်ပယ်အဆင့်သည် သူမ နှင့် လုံးဝ ခြားနားသော်လည်း ၊ သူမအား ပြင်းထန်သော ဖိနှိပ်မှုကို ပေးစွမ်းနိုင်ခဲ့သည်။

စူးချန်ကဲသည် အပြုံးမပျက် လူတိုင်းကို ခေါင်းညိတ်ပြလိုက်သည်။

“ အားလုံး ၊ ဘိုးဘေးနဲ့ ငါ စကားပြောပြီးပြီ လာမယ့်ရက်ပိုင်းအတွင်း ကျုံယုံ (ငရဲကိုးထပ်) လက်ရည်စမ်းပွဲ စတင်တော့မယ် “

“ဒီရက်ပိုင်းအတွင်း ငါတို့ ဆက်ပြီး လေ့ကျင့်ဖို့ လိုလိမ့်မယ် “

စူးချန်ကဲ၏ စကားကို ကြားပြီးနောက်၊ လူတိုင်း စိတ်လှုပ်ရှားသွားခဲ့သည်။

ကျုံယုံ (ငရဲကိုးထပ်) လက်ရည်စမ်းပွဲ။

ထိုလက်ရည်စမ်းပွဲအပြီးတွင် ကျုံယုံ (ငရဲကိုးထပ်)အတွင်းသို့ ဝင်ရောက်နိုင်သည်ဟု ဘိုးဘေးများ ပြောသည်ကို သူတို့ ကြားဖူးသည်။

ကျုံယုံ (ငရဲကိုးထပ်)တွင် ရှိသော လူဝင်စားမြစ်သည်လည်း မရဏ‌တရား လေးပါးထက် အားမနည်းချေ။ ထိုနေရာတွင် အခွင့်အလမ်းကောင်းများစွာ ရှိပေသည်။

“ ချန်ကဲ ဆက်ခံသူ ဒီတစ်ခေါက် ခရီးစဉ်မှာ ကျွန်မတို့ကို ဦးဆောင်မှာလား...?”

စူးချန်ကဲသည် အသာလေး ပြုံးလိုက်ရင်း စနှောက်လိုက်သည်။

“ဘာလဲ၊ မင်း မလုပ်ချင်ဘူးလား”

“မဟုတ်ပါဘူး မဟုတ်ပါဘူး!”

သူတော်စင်မိန်းကလေးက ခေါင်းကို ဆတ်ဆတ်ခါယမ်းလိုက်ပြီး

“ ချန်ကဲ ဆက်ခံသူ က ကျွန်မတို့ကို ဦးဆောင်ဖို့ အသင့်လျော်ဆုံးပါပဲ ၊ ကျွန်မ အရမ်းကို ပျော်မိတယ် !

“မှန်တယ်၊ ချန်ကဲ ဆက်ခံသူရဲ့ လက်ရှိ အရည်အချင်းက ကျွန်တော်တို့ထဲမှာ အသန်မာဆုံးပဲ၊ ဒီတစ်ခေါက် ကျုံယုံ (ငရဲကိုးထပ်) လက်ရည်စမ်းပွဲမှာ ချန်ကဲ ဆက်ခံသူ သာလျှင် ဦးဆောင်ဖို့ အသင့်တော်ဆုံးပဲ”

“ ချန်ကဲ ဆက်ခံသူသာ အရည်အချင်း မပြည့်မီဘူးဆိုရင် ငါတို့ထဲက ဘယ်သူကများ အရည်အချင်း ပြည့်မီတော့မှာလဲ!”

“…”

သူတော်စင်များ အကုန်လုံး ၎င်းတို့၏ ထင်မြင်ယူဆချက်များကို အမွှမ်းတင် ချီးမွမ်းပြောဆိုနေလေ၏။ စူးချန်ကဲနဲ့သာဆို သူတို့သည် ဟင်းရည်တင်မက အသားများပါ စားကံကြုံရပေမည်။

ဥပမာအားဖြင့်၊ ခွင်းလွင်တောင်ဖြစ်ရပ်တွင် စူးချန်ကဲ၏ ကြိုးပမ်းမှုကြောင့် သူတို့အကုန်လုံး အခွင့်အလမ်းများစွာ ရရှိခဲ့သည်။

သို့သော် အရိုးဖြူ ပင်လယ် ဘုရင်မနှင့် ပိုင်ဇစ်တို့ မောင်နှမ နှစ်ယောက်လုံး ကူကယ်ရာမဲ့စွာ ပြုံးလို့နေသည်။

သူတို့သည် စူးချန်ကဲနောက်သို့ လိုက်ရန် ဆုံးဖြတ်လိုက်ခြင်းသည် ကွေးယွမ် သူတော်စင် နယ်မြေထဲသို့ ဝင်ရောက်လာခြင်း ဖြစ်သည် ဟု ဆိုရမည်။

သို့သော် ဤမျှ အဖိုးတန်သော ခွဲတမ်းအား သူတို့အား သေချာပေါက် ခွဲဝေမျှပေးလိမ့်မည် မဟုတ်ချေ။

ထိုအချိန် စူးချန်ကဲက ဆိုလိုက်သည်။

“အရိုးဖြူ ပင်လယ် ဘုရင်မ ၊ ပိုင်ဇစ် ပိုင်လီ ၊ ငါ မင်းတို့အတွက် ခွဲတမ်းပေးဖို့ ဘိုးဘေးကို ပြောထားပြီးပြီ မင်းတို့ ငါနဲ့အတူ လိုက်ချင်လား”

စူးချန်ကဲ၏ ရုတ်တရတ် စကားများသည် လူတိုင်းကို အေးခဲသွားစေသည်။

“ငါတို့မှာလည်း ခွဲတမ်းရှိတယ်...?”

မယုံကြည်နိုင်သော လေသံဖြင့်။

“ဒါပေမယ့် ငါတို့ပဲ...”

သို့သော် စူးချန်ကဲက ထပ်မံ ပြောဆိုလိုက်သည်။

“မင်းတို့ ငါ့နောက်ကိုလိုက်ဖို့ ရွေးချယ်ပြီးကတည်းက မင်းတို့က ငါ ကွေးယွမ်ရဲ့ လူတွေပဲ မင်းတို့မှာ လုံလောက်တဲ့ စွမ်းရည်ရှိတာမို့လို့ ဒီပွဲကို ဝင်ဆင်နွှဲဖို့ သေချာပေါက် အရည်အချင်းရှိတယ် “

ဤစကားများသည် လူတိုင်း၏ နှလုံးသားများကို ခံစားသွားရစေသည်။

“ကျေးဇူးတင်ပါတယ်၊ ချန်ကဲ ဆက်ခံသူ!”

သူတို့သည် ကျုံယုံ(ငရဲကိုးထပ်) အကြောင်း ကြားဖူးသည်မှာ ကြာပြီ ဖြစ်သော်လည်း ၊သို့သော် ၎င်းသည် နတ်ဆိုးလောကတွင် တည်ရှိသည်။ အထောက်အထားနှင့် နောက်ခံမရှိသော သူတို့အတွက် အလှမ်းဝေးသော နေရာတစ်ခုပင် ဖြစ်သည်။

ယခု စူးချန်ကဲ၏ စကားတစ်ခွန်းတည်းဖြင့် သူတို့သည် ယခုလို အဖိုးတန်သော အခွင့်အရေးများကို ရယူနိုင်ပေတော့မည်။ သည့်အတွက် ပျော်ရွှင်မိသလို တစ်ချိန်တည်းမှာပဲ စူးချန်ကဲကို ပိုလို့တောင် လေးစားမိသည်။

“ အစ်ကိုကြီး ၊ အစ်ကိုကြီး မင်း တစ်ခုခု မေ့သွားပြီလား”

ယုံမင်ကြက်က ထဆိုလိုက်သည်။

စူးချန်ကဲတစ်ယောက် အသံလားရာကို လိုက်ရှာဖွေကြည့်ခဲ့ရာ မျှော်လင့်ချက် မျက်ဝန်းများဖြင့် သူ့ကို ကြည့်ရှုနေသော ယုံမင်ကြက်ကို မြင်လိုက်ရသည်။

သူ ပြော‌ချင်နေသည်မှာ - ငါ၊ ငါ၊ ငါရောလေ !

“ဘာလဲ? ငါ က နွေဦးခရီးထွက်မယ်လို့ ထင်လို့လား?”

စူးချန်ကဲ ပြုံးလျက် ပြန်ပြောလေသည်။

“သရေစာအတွက် ကြက်တစ်ကောင် ယူခဲ့ရမှာလား?”

“ခ်ခ်.....”

ဘေးနားတွင် ရှိနေသော ပိုင်လီသည် မအောင့်အည်းနိုင်တော့ဘဲ ထရယ်လေသည်။

စူးချန်ကဲ၏ အဓိပ္ပာယ်ကို နားလည်သော ယုံမင်ကြက်ခမျာ အလျင်အမြန် ထ ဆိုလိုက်သည်။

“ အစ်ကိုကြီးကလည်း ဗျာ ၊ တောင်မြစ်ချောင်းတွေ ရှိနေသရွေ့ အချစ်ဆိုတာ ရှိတယ် ဆိုတဲ့ စကားအတိုင်း သားကို အခွင့်အရေးပေးလို့ ရဘူးလားဆို?”

“လူဝင်စားမြစ်မှာ လူသားမျိုးနွယ် အတွက် အခွင့်အလမ်းများစွာ ရှိရုံသာမက၊ ကျွန်တော်တို့လို မကောင်းဆိုးဝါး မျိုးနွယ်စုအတွက်လည်း အခွင့်အလမ်းများစွာ ရှိတယ်”

“ တကယ်လို့ ကျွန်တော်သာ ဘိုးဘေးတွေရဲ့ သွေးအနှစ်သာရကို ရနိုင်ခဲ့ရင် ကျွန်တော်ရဲ့ ကိုယ်ပိုင်အသွေးအသား အဖြစ် လုံးလုံးလျားလျား ပြောင်းလဲနိုင်လိမ့်မယ်!”

“အချိန်တန်ရင် ကျွန်တော်က အစ်ကိုကြီးရဲ့ လူကြိုက်များဆုံး စီးတော်ယာဉ်တစ်ကောင် ဖြစ်လာမှာနော် !”

ယုံမင်ကြက်၏ စကားသည် စူးချန်ကဲကိုပင် ရယ်မောစေခဲ့သည်။

“မင်းပါးစပ်က အတော်လေး ပြောတတ်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး”

“ကောင်းပြီလေ ၊ မင်းရဲ့ အသွေးအသားကို ပြောင်းလဲဖို့ အထူး သင်တန်းပို့ချပေးဖို့ ဘိုးဘေးကို ငါ လျှောက်ထားပေးမယ် ၊ မင်း သည်းမခံနိုင်ရင်တော့ ဘိုင်ဘိုင်ပဲ “

“အထူးသင်တန်း?”

ယုံမင်ကြက် မှာ အမွှေးများပင် ထောင်သွားလေသည်။

စူးချန်ကဲ၏ အပြုံးတွင် လျို့ဝှက်ထားသော လူယုတ်မာ အပြုံးကြီးကို သူ ကောင်းကောင်းကြီး ခံစားမိသည်။

ငါလေးတော့ အကွက်ချခံလိုက်ရပြီနဲ့ တူပါတယ်!

ထို့နောက် စူးချန်ကဲက ဆက်ရှင်းပြသည်။

“ ကျုံယုံ(ငရဲကိုးထပ်) လက်ရည်စမ်းပွဲအကြောင်းကို ဘိုးဘေး ငါ့ကို ရှင်းပြခဲ့ပြီးပြီ”

“ ကျုံယုံ(ငရဲကိုးထပ်)က နှစ်ထောင်ချီကြာအောင် ဆိတ်ငြိမ်နေခဲ့ပေမဲ့ ရွှေခေတ်ထွန်းကားလာတာနဲ့အမျှ နိယာစည်းမျဉ်းတွေလည်း ပြန်လည်အသက်ဝင်လာခဲ့လို့ ကျုံယုံ(ငရဲကိုးထပ်)ကို စောဖွင့်လှစ်လိမ့်မယ်”

“ ကျုံယုံ(ငရဲကိုးထပ်)ထွက်ပေါ်လာတာနဲ့ ကျုံယုံ(ငရဲကိုးထပ်)အနီးမှာ ထူးဆန်းတဲ့ အာကာသကမ္ဘာနယ်မြေတစ်ခု ပေါ်ထွက်လာလိမ့်မယ် “

“အဲ့ဒီနယ်မြေက ကျုံယုံ(ငရဲကိုးထပ်)ရဲ့ အစွန်အဖျား ဖြစ်နိုင်ပြီး ၊ ငါတို့က အဲ့ဒီနယ်မြေကနေ တဆင့် ကျုံယုံ(ငရဲကိုးထပ်)ရဲ့ ဗဟို ဧရိယာထဲကို ဝင်ရောက်နိုင်လိမ့်မယ်”

“ အမည်အရသာ ကျုံယုံ(ငရဲကိုးထပ်) လက်ရည်စမ်းပွဲ ၊ တကယ်တော့ ငါတို့က အဲ့နယ်မြေထဲကို ဝင်ရောက်ပြီး ကျုံယုံ(ငရဲကိုးထပ်)ထဲကို ဝင်ရောက်နိုင်မယ့် နည်းလမ်းကို ရှာဖွေရမှာပဲ”

“ ဆက်ခံသူ သခင် ၊ ကျုံယုံ(ငရဲကိုးထပ်) လက်ရည်စမ်းပွဲမှာ ထာဝရ အင်အားစုဝင်တွေ ဖြစ်တဲ့ သားမြေးမျိူးဆက်တွေ အများကြီး ပါဝင်မယ်လို့ ပြောဖူးတယ် မဟုတ်လား?”

ယဲ့လင်ထျန်းက ဆိုလိုက်သည်။

“ တကယ်လို့ ကျွန်တော်တို့အားလုံး အတူတူ ရှာဖွေကြေးဆိုရင် ပဋိပက္ခတွေ ဖြစ်လာမှာ မဟုတ်လား?”

“ ဟုတ်တယ်”

စူးချန်ကဲက အနည်းငယ်ပြုံးပြီး ဆက်ပြောလိုက်သည်။

“အဲ့တော့ ဒီတစ်ခေါက် လက်ရည်စမ်းပွဲက အရမ်းရိုးရှင်းတယ် ၊ ငါတို့ကို ဟန့်တားတဲ့သူ ဘယ်သူမဆို “

“ တစ်ယောက်မှ မကျန် အကုန်သတ်ပစ်မယ်”

အားလုံး သက်ပြင်းချလိုက်ကြသည်။ သူတို့၏ ဆက်ခံသူသည် ကျုံယုံ(ငရဲကိုးထပ်)၏ အခွင့်အရေးမှန်သမျှ အကုန်သိမ်းပိုက်ဖို့ ‌ဆုံးဖြတ်ထားပုံရပေသည်။

အပိုင်း(၂၉၂): ကျုံယုံ(ငရဲကိုးထပ်) ဖွင့်လှစ်ပြီ၊ ငြိမ်သက်အေးချမ်းနေသော ရေပြင်အောက် လူသတ်တော့မည့် ကြံစည်မှုကြီး ရှိနေသည်

ကျုံယုံ(ငရဲကိုးထပ်) ပေါ်ထွက်ခါနီးတွင်၊ တိုက်မြေ သုံးထောင် တစ်ဝှမ်းလုံး လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့သည်။

လျှို့ဝှက်နယ်မြေတစ်ခုတွင်၊ ဝိညာဉ်စွမ်းရည် ဆိုင်ရာ နွေဦးရေစင်တို့သည် ရေတံခွန်များ သဖွယ် စီးကျနေပြီး နတ်အလင်းရောင်များ အုံ့ဆိုင်းနေကာ ဆင့်ကဲမှုနှင့် ဖန်ဆင်းခြင်းဆိုင်ရာ လမ်းစဉ်တို့သည် ဤနေရာတွင် စုဝေးနေသည်။

ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ၊ အမြင့်ဆုံး နန်းဆောင်အတွင်း၌ ၊

ဆယ့်သုံးဝိုင်း စားပွဲသည် တဖန် စုရုံးနေကြပြန်သည်။

သို့သော် လစ်လပ်နေရာ သုံးခုရှိသည်။

ထိုနေရာ သုံးနေရာသည် ပြင်ပခရီး ထွက်ခွာနေသော အကိုကြီးဆုံးနှင့် အစ်ကိုနှစ်တို့ ဖြစ်ပြီး ၊ နောက်ဆုံးတစ်ဦးမှာ ကျန့်ရှင်း ဘိုးဘေး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော ရှီစန်း ပင် ဖြစ်သည်။

စန်း အမည်ရှိသော အမျိုးသားသည် အမြင့်ဆုံး ထိုင်ခုံ ဖြစ်သည့် ကျောက်စိမ်းဖြူ ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး ၊ သူ၏ လက်ချောင်းများဖြင့် စားပွဲကို တီးခေါက်ရင်း တစ်စုံတစ်ခုကို တွေးတောနေသည် ။

တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် ၎င်း၏ စားပွဲခေါက်သံကို အဆက်မပြတ် ကြားနေရသည်။

ထိုအချိန် ၊ သူ့ဘက်က ဖြည်းဖြည်းချင်း စကားဆိုလာခဲ့သည်။

“ ကျုံယုံ(ငရဲကိုးထပ်) ထွက်ပေါ်လာတော့မယ် ၊ ငါတို့အစီအစဥ်က စတော့မယ် ၊ လူဝင်စားမြစ်ထဲမှာ နစ်မြှပ်သွားခဲ့တဲ့ ကောင်းကင်လမ်းစဉ်ရဲ့ ဆန္ဒရောင်ခြည်က ငါတို့အတွက် အရမ်းအသုံးဝင်လိမ့်မယ်”

“အဲ့ဒါကလည်း ကောင်းကင်လမ်းစဉ်ရဲ့ အမွေဆက်ခံသူတွေကို လုံးဝ ပြီးပြည့်စုံနိုင်စေမယ့် အဓိကအချက်ဆိုလည်း ဟုတ်တယ် “

“အချိန်ကြရောက်လာတာနဲ့ ကောင်းကင်လမ်းစဉ်ရဲ့ သားတော်တွေကို သွားပြီး ရယူခိုင်းမှ ဖြစ်မယ် “

ထိုစကားကို ကြားတော့ အဘိုးအို တစ်ဦးက အနည်းငယ် မျက်မှောင်ကြုတ်သွားလေသည်။

“ စန်း ၊ ဒီကောင်းကင်လမ်းစဉ်ရဲ့ သားတော်လေးပါးမှာ အထူးသဖြင့် ဓားအရိပ်က သင့်လျော်တဲ့ ကိုယ်စားလှယ်လောင်းကို တွေ့ခဲ့မှန်း သိသာပေမဲ့ တုံ့ပြန်မှု မရှိလာသေးဘူ “

“ တစ်ခုခုဖြစ်မှာကို ငါ စိုးရိမ်မိတယ် “

“ တကယ်လို့ သူတို့ကို ဝင်စွက်ဖက်ခွင့် ပေးလိုက်ရင် ၊ မလိုလားအပ်တဲ့ အပြောင်းအလဲတွေ ဖြစ်လာမှာကို စိုးရိမ်မိတယ်..”

သို့သော် ၎င်း၏ စကားမဆုံးခင် စန်း ဟု အမည်ရသော အမျိုးသားက ဖြတ်ပြောလိုက်သည်။

“ စစ် ၊ ဘာတွေပူပန်နေတာလဲ”

“ ကောင်းကင်လမ်းစဉ်ရဲ့ သားတော်လေးပါး ဆိုတာကလည်း စူးချန်ကဲကို ရှင်းပစ်ဖို့ ငါတို့ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဖန်တီးထားတာပဲ”

စန်း က ဆက်ပြောသည်။

“ ကောင်းကင်လမ်းစဉ်ရဲ့ တကယ့် အမွေဆက်ခံသူကသာလျှင် ကွေးယွမ် သူတော်စင် နယ်မြေကို အနိုင်ယူမယ့် ငါတို့ရဲ့ ဝှက်ဖဲအစစ်ပဲ “

“ဓားအရိပ် တစ်ခုခု ဖြစ်နေတယ်ဆိုတောင် နောက်ထပ် သုံးယောက်တောင် ကျန်သေးတယ် မဟုတ်လား?”

“ပြီးတော့ ဒီတစ်ခေါက် ကျုံယုံ(ငရဲကိုးထပ်)ခရီးစဉ်အတွက် ကျားစေ့ အချို့ကို အသုံးပြုထားပြီးပြီ ၊ သူတို့နဲ့ ကောင်းကင်လမ်းစဉ် သားတော်တွေနဲ့ ပူးပေါင်းလိုက်မယ်ဆိုရင် ကျုံယုံ(ငရဲကိုးထပ်) လက်ရည်စမ်းပွဲကို သေချာပေါက် ဖြတ်ကျော်နိုင်လိမ့်မယ်!”

“အစ်ကို စန်း၊ မြေအောက်ကမ္ဘာ နဲ့ ငရဲနန်းတော်တို့ကလည်း လူဝင်စားမြစ်ကို မျက်စိကျနေတယ် “

ဆံပင်များ ဖြူဖွေးဆွတ်နေသည့် အမျိုးသမီး တစ်ဦးက ဆိုလိုက်သည်။

“ ကျွန်မတို့က ကွေးယွမ် သူတော်စင် နယ်မြေနဲ့ ထိပ်တိုက်တွေ့နေတုန်း၊ သူတို့က ကြားထဲကနေ အကျိုးရှိသွားမှာကို စိုးရတယ် “

“စိတ်မပူနဲ့၊ ဒီကောင်တွေက နောက်ကွယ်ကနေ အခွင့်ကောင်းယူဖို့ပဲ ကြံနေတာ ၊ သူတို့အကြိုက် ဖြစ်စရာလား “

စန်း က ဂရုမစိုက်ဟန်ဖြင့် ဆိုလိုက်သည်။

“ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းမှာ ငါတို့ ကောင်းကင်လမ်းစဉ်ရဲ့ သားတော် တစ်ပါး ရှိတယ်မလား”

“ အတော်ပဲ ၊ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းက ကွေးယွမ် သူတော်စင် နယ်မြေနဲ့ ရန်ငြိးရှိတယ် ၊ ရှေးဟောင်း နဂါး မျိုးနွယ်စုနဲ့ ရှေးဟောင်း ဖီးနစ်ဝင် မျိုးနွယ်စုလည်း ရှိသေးတယ် ငါတို့လုပ်ရမှာက သူတို့အတွက် အကျိုးကျေးဇူး ရှိစေရမယ်လို့ ကတိပေးရုံပဲ”

“သူတို့ကို ငါတို့ အစီအစဉ်နဲ့ ပူးပေါင်းပြီး ကွေးယွမ် သူတော်စင် နယ်မြေကို တခြားလမ်းကြောင်းကနေ ဖိအားပေးမယ် ၊ကွေးယွမ်က ကောင်တွေ ဘာလုပ်နိုင်မှာလဲ?”

အောက်ကလူများမှာ ငြိမ်သက်စွာ နားထောင်ရင်း မည်သည့်စကားမှ မဆိုချေ။

ကွေးယွမ် သူတော်စင် နယ်မြေ၏ အင်အားသည် သူတို့ ထင်ထားတာထက် အတော်လေး ကြောက်စရာကောင်းပေသည်။

စည်းမျဥ်းများကိုပင် ဖျက်စီးနိုင်ပစ်သည့် ၎င်းတို့၏ အင်အားသည် သူတို့ကို ပူပန်စေမိသည်။ ထို့ကြောင့် အစ်ကိုကြီးဆုံး နှင့် အစ်ကိုနှစ်တို့သည် ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သားများကို ဦးဆောင်ကာ ကံကြမ္မာပင်လယ်ဆီသို့ ခရီးနှင်နေကြသည်။

ရည်ရွယ်ချက်မှာ ကွေးယွမ် သူတော်စင် နယ်မြေကို အမှန်တကယ် အနိုင်ယူရန်အတွက် နည်းလမ်း ရှာဖွေရန်သာ ဖြစ်ငည်။

စန်း ၏ မျက်လုံးများမှာ ဝင်းလက် တောက်ပနေသည်။

“ ဒီတစ်ခေါက် ကျုံယုံ(ငရဲကိုးထပ်)မှာ စူးချန်ကဲကို မတားနိုင်ရင်တောင် အထိနာအောင် လုပ်ပြမယ်!”

…….

မရဏကမ္ဘာ၏ အနက်ရှိုင်းဆုံး တစ်နေရာတွင်

ထျန်းကျန့် ချောက်နက် ၊

အလွန်အားကောင်းသော ရောင်ဝါရှိသည့် ပုဂ္ဂိုလ်များက ဤနေရာကို စောင့်ရှောက်ပေးနေသည် ။

နေရာတွင် ရပ်‌နေရုံဖြင့် ၊ ၎င်းတို့ထံမှ ပြင်းထန်သော ရောင်ဝါများ ပျံ့နှံ့ထွက်ပေါ်နေပြီး ၊ ထိုသူတို့၏ ကျင့်ကြံမှုအဆင့်သည် နားမလည်နိုင်အောင် နက်ရှိင်းပေသည်။

ဤအစွမ်းထက်သော ပုဂ္ဂိုလ်များသည် ငရဲနန်းတော်နှင့် မြေအောက်ကမ္ဘာတို့၏ ထိပ်တန်း စွမ်းအားရှင်များပင် ဖြစ်သည်။

မြေအောက်ကမ္ဘာမှ စွမ်းအားရှင် တစ်ဦးက ဆိုသည်။

“ ကျုံယုံ(ငရဲကိုးထပ်) ဖွင့်တော့မယ် ၊ လူဝင်စားမြစ်လည်း နှစ်ပေါင်းများစွာ ကြာခဲ့ရင်းက တစ်ဖန် ထွက်ပေါ်လာတော့မယ် ငါတို့ရဲ့ အစီအစဉ်တွေလည်း တရားဝင် စတင်နိုင်ပြီပဲ “

“ဒါပေမယ့် ဒီနေ့တော့ သူတို့လည်း မြေအောက်လောက ဖယောင်းငရဲကနေ ထွက်လာသင့်တယ် မဟုတ်လား “

“အချိန်နီးနေပြီ ၊ ခဏ စောင့်ကြည့်ကြတာပေါ့ “

ငရဲနန်းတော်မှ စွမ်းအားရှင် တစ်ဦးက ပြန်ဖြေလိုက်သည်။

ဝုန်း!

စကားပြောပြီးသည့် အခိုက်အတန့်မှာပင် ၊

မြေအောက်လောက ဖယောင်းငရဲမှ ကြောက်မက်ဖွယ် ကောင်းသော ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ၊ သွေးနီရောင် မီးလျှံများသည် အနက်ရှိုင်းဆုံး အပိုင်းမှ တဟုန်းဟုန်း ထတောက်လာလေသည်။

၎င်း၏ အပူချိန်သည် ဟင်းလင်းပြင်အလွှာကိုပင် လောင်ကျွမ်းလျက် ၊ ကြာနီငရဲမှ ကြာနီမီးလျှံများကဲ့သို့ အဆုံးမရှိ ပြန့်ကျဲနေသည်။

လူးလိမ့်နေသော မီးတောက်မီးလျှံများသည် အရာဝတ္ထုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့ပြီး နောက်ဆုံးတွင် လူသားအသွင် အဖြစ်သို့ ပြောင်းလဲသွားသည်။

“ နန်းဆောင်သခင်ကို ဂါဝရပြုပါတယ်!”

“ဗိမ္မာန်သခင်ကို ဂါဝရပြုပါတယ်!”

ထိုအနှီရုပ်သွင်တို့သည် အမျိုးသား တစ်ဦး နှင့်မိန်းမပျို တစ်ဦးတို့ပင် ဖြစ်သည် ။သူတို့သည် ထိပ်တန်း သူတော်စင် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ၎င်းတို့နှစ်ဦးသည် အတော်လေး ငယ်ရွယ်ပေသည်။

ထိုမိန်းမပျိုသည် သွေးနီရောင် ဆံနွယ်ရှည်များနှင့် လှပသော အသွင်အပြင်ကို ပိုင်ဆိုင်ထားသည်။ ဆက်စီကျသော သူမ၏ အသွင်အပြင်သည် သူမကို ပို၍ ထင်သာမြင်သာ ရှိစေသည်။

ချောမော လှပသော မျက်နှာသွင်ပြင် ရှိသော်လည်း ၊ ညိုရောင်သန်းသော အသားအရည်ကို ပိုင်ဆိုင်ထားသည်မှာ လူကို ထူးခြားစေသည့် ခံစားမှုမျိုးကို ပေးစွမ်းနေသည်။သူမ၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် ရှေးဟောင်း အက္ခရာများဖြင့် ရေးဆွဲထားသော ရှေးခေတ် ဒီဇိုင်းပုံစံများ ရှိသည်။

“မဆိုးဘူး၊ မဆိုးဘူး၊ ဖယောင်းငရဲ ရဲ့ အကူအညီနဲ့ မင်းတို့ရဲ့ခန္ဓာကိုယ် နဲ့ စိတ်ဝိညာဉ်တွေက ပိုပြီး အားကောင်းလာကြတယ် “

“အနှစ်တစ်ရာကျော် ကြိုးစားအားထုတ်မှုတွေက အလကား မဖြစ်ခဲ့ဘူးပဲ !”

“ဟာဟားဟား၊ အနှစ်တစ်ရာကျော်အတွင်းမှာ ထိပ်တန်း သူတော်စင် နှောင်းပိုင်းအဆင့်ကို ရောက်ရှိခဲ့တယ် ၊ ဖယောင်းငရဲမှာ လေ့ကျင့်ခြင်းက မင်းတို့ရဲ့ စိတ်ဝိညာဉ်တွေကို ခိုင်ခံ့စေတယ် ဒီတစ်ခေါက် ကျုံယုံ(ငရဲကိုးထပ်)ခရီးစဉ်ကို ဖြတ်ကျော်ဖို့ အချိန်တန်ပြီပဲ”

နှစ်ဖက်အင်အားစု၏ ခေါင်းဆောင်နှစ်ဦးမှာ အနည်းငယ် စိတ်လှုပ်ရှားနေသည်။

ထိုလူနှစ်ယောက်သည် ရှေးအဓိပတိ ခေါင်းဆောင်များ ဖြစ်သည့် ချန်ဖုန်း ရှေးခေတ် အင်အားစုဝင်များပင် ဖြစ်သည်။

T/N- ချန်ဖုန်း : ဂူအောင်းနေခဲ့ကြသော ၊ တစ်နည်းအားဖြင့် လောကတွင် ထွက်ပေါ်လာခြင်း မရှိဘဲ မြုပ်နှံနေထိုင်ခဲ့ကြသည့် အင်အားစု

၎င်းတို့မှာ- မြေအောက်ကမ္ဘာမှ အောက်ကျုံယန် နှင့်

ငရဲနန်းတော်မှ ရှုံချီ ပင် ဖြစ်သည်။

ဖယောင်းငရဲတွင် အနှစ်တစ်ရာကျော် လေ့ကျင့်မှုများ ပြုလုပ်ပြီးနောက် ၊ ၎င်းတို့၏ ကာယစွမ်းအားသည် အချို့သော သူတော်စင် ခန္ဓာကိုယ်များထက် မညံ့ပေ။

“ဒီတစ်ခါ မင်းတို့ လူဝင်စား မြစ်ထဲကို ဝင်နိုင်မယ့် နည်းလမ်းကိုရှာပြီး ၊မျိုးဆက် သုံးဆက် ကြေးခေါင်းတလားရဲ့ အပိုင်းအစတွေကို ရှာရမယ်”

“ဟုတ်၊ စိတ်မပျက်‌စေရပါဘူး!”

နှစ်ဖက်အင်အားစု သခင်များသည် ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။

ထို့အပြင်၊ မြေအောက်ကမ္ဘာနှင့် ငရဲနန်းတော်တို့သည် ဤအကြံအစည်ပျက်စီးမည်ကို မမူပေ။

အဘယ့်ကြောင့်ဆိုသော် သူတို့သည် ‌မြေအောက်လောက ဖယောင်းငရဲကို ထိန်းချုပ်ထားပြီး ဖြစ်သည်။ ဤကဲ့သို့ ထိန်းချုပ်ထားနိုင်သည့် အကြောင်းရင်းမှာ ၎င်းတို့၏ အဝေးဘိုးဘေးများ၊ ယွီ့ရှန် အမတရှင်နှင့် မျဲ့ဝမ် အမတရှင် တို့၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်။

ဤတစ္စေအမတရှင် နှစ်ဦးမှာ လုံးဝ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။ ထိုအနှီ ပုဂ္ဂိုလ်နှစ်ဦးသည် မြေအောက်လောက ဖယောင်းငရဲတွင်

အိပ်ပျော်နေဆဲပင်တည်း။

………

ကောင်းကင်ဘုံမကောင်းဆိုးဝါးတောင်တန်းသည်လည်း တစ်စုံတစ်ခုကို စီစဉ်နေကြသည်။

အခိုးအငွေ့များ လှိုင်လှိုင်ထနေသည့် လှိုဏ်ဂူထဲတွင်။

အလွန်အားကောင်းသော ရောင်ဝါများကိုပိုင်ဆိုင်ထားသည့် ပုဂ္ဂိုလ်သုံးဦးသည် ကျင့်ကြံပလ္လင်ပေါ်တွင် ထိုင်နေသည် ။

ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာစွမ်းအားများသည် နဂါးနှင့် ဖီးနစ်တို့၏ အသွင်ရိပ်အဖြစ် ပြောင်းလဲနေပြီး ၊ ၎င်းတို့၏ စွမ်းအားသည် ဟင်းလင်းပြင် ကွက်လပ်ကို အလွယ်တကူ ဖြိုခွဲပစ်နိုင်ပုံရသည်။

“ ကျုံယုံ(ငရဲကိုးထပ်) ခရီးစဉ်က အရမ်းအရေးကြီးတယ်”

“ လူဝင်စား မြစ်ထဲမှာ ဝှက်ထားတဲ့ အခွင့်အလမ်းတွေက မင်းကို ဧကရာဇ်လမ်းစဉ်ရောက်အောင် ဆွဲခေါ်ပေးလိမ့်မယ် ၊ မင်း လုံးဝ သတိလက်လွတ် မဖြစ်စေနဲ့”

“ ပြီးတော့ ကွေးယွမ်ကလူတွေနဲ့တွေ့ရင် သူတို့ကို ဒုက္ခရောက်နိုင်မယ့် နည်းလမ်းရှာ ၊ သတ်ပစ်နိုင်ရင်တော့ ပိုအကောင်းဆုံးပဲ “

“ဟာဟား... မင်းတို့ ရှေးနဂါးမျိုးနွယ်စုရဲ့ ဒေါသက အတော်ဆိုးသကိုး ၊ ကွေးယွမ် သူတော်စင် နယ်မြေကို ပစ်မှားရမှာ မကြောက်ဘူးပေါ့?”

ရှေးဖီးနစ် မျိုးနွယ်စု၏ ဘိုးဘေးက ဆိုသည်။

“ဟမ်! လာရွဲ့မနေနဲ့ ငါတို့ ရှေးနဂါးမျိုးနွယ်စုတွေ ဘာလုပ်လုပ် မင်းတို့ ထိပ်ပြောင်ကြက်တွေနဲ့ ဘာဆိုင်လဲ”

ရန်ပွဲစတော့မည်ကို မြင်ယောင်နေသော အပေါ်က ပုဂ္ဂိုလ်သည် မျက်မှောင်ကြုတ်ကာ ဆူပူကြိမ်းမောင်းလိုက်သည်။

“အငယ်တွေရှေ့ ရန်ဖြစ်နေတာ ၊ ကျင့်ဝတ်မရှိကြဘူးလား?”

“မင်းတို့တွေ ငါတို့ရဲ့ ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်းနဲ့ မဟာမိတ်ဖွဲ့ဖို့ အဆင်သင့်ဖြစ်နေပြီ ဆိုမှတော့ ငါတို့ရဲ့ အစီအစဉ်အတိုင်း လိုက်နာရမယ် “

အပေါ်ပုဂ္ဂိုလ်၏ အေးစက်စက် အော်သံကြောင့် နှစ်ယောက်သား ပါးစပ်ပိတ်သွားကြသည်။ ၎င်းတို့သည် ရှေးနဂါးမျိုးနွယ်စုနှင့် ရှေးဖီးနစ်မျိုးနွယ်စု၏ ဘိုးဘေးများပင် ဖြစ်သည်။

သူတို့သည်လည်း တချိန်က ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်း နည်းတူ မကောင်းဆိုးဝါး တရားစီရင်ရေး အဖွဲ့ဝင်များ ဖြစ်ခဲ့ဖူးသည်။

သို့သော် လူသား- မကောင်းဆိုးဝါးစစ်ပွဲတွင် လုံးလုံးလျားလျား ကျရှုံးခြင်းနှင့်အတူ မကောင်းဆိုးဝါး တရားစီရင်ရေးအဖွဲ့ကြီးသည်လည်း ပြိုပျက်သွားခဲ့သည်။ ဤသို့ဖြင့် ကိုယ့်အင်အားစုကို တိုးတတ်ရန်အတွက်သာ ကြိုးပမ်းခဲ့ကြသည်။

သို့သော် ကွေးယွမ် သူတော်စင် နယ်မြေသည် ယခုထက်ထိ အင်အားတောင့်နေဆဲပင် ဖြစ်သည်။

ထို့ကြောင့် သူတို့သည် တယောက်နဲ့ တယောက် ဆန့်ကျင်ဘက် အမြင်များကို ဘေးဖယ်ကာ ပြန်လည်ပေါင်းစည်းသည့် လမ်းကြောင်းကိုသာ ရွေးချယ်ခဲ့ရသည်။

“ ကျုံယုံ(ငရဲကိုးထပ်) လက်ရည်စမ်းပွဲက အရေးကြီးတယ် ၊ ဒါပေမယ့် ကွေးယွမ် သူတော်စင် နယ်မြေနဲ့ ရန်သူ မဖြစ်ဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူး”

ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်းသခင်က ဆိုလိုက်သည်။

“ဒါပေမယ့် ဒီပွဲမှာ အရင်က အကြွေးကို သေချာပေါက် ပြန်ယူရမယ် “

၎င်းသည် သူ့အောက်က လူငယ်သုံးဦးကို ကြည့်ကာ ဆိုလိုက်သည်။

“မင်းတို့က ငါတို့ အင်အားစု သုံးခုရဲ့ ထိပ်တန်း ပါရမီရှင်တွေပဲ ၊ ဒီပွဲမှာ ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ သိတယ်မလား”

“ စူးချန်ကဲကို ထိုးနှက်ဖို့ လိုတယ် ၊ အခွင့်အရေးရခဲ့ရင် သူ့ကို သတ်ပစ်လိုက်!”

အပိုင်း (၂၉၃): စူးချန်ကဲ နတ်ဘုရားမကို ချော့နေသည်

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

နတ်ဆိုးကမ္ဘာ ၊

တစ်ချိန်က မရဏကမ္ဘာနဲ့ တစ်သားတည်းဖြစ်ခဲ့ဖူးသော ဤနတ်ဆိုးကမ္ဘာတွင် ၊

ဧရိယာ အလွန် ကျယ်ပြောသည့်အပြင် ထူးဆန်းမှုများဖြင့် ပြည့်နှက်နေသည်။ နက်မှောင်သော နတ်ဆိုးစွမ်းအင်များက တသိမ့်သိမ့် ရိုက်ခတ်လျက် ၊ သွေးနီရောင် လမင်းကြီးသည် ကောင်းကင်တွင် တွဲလောင်းကျနေသည်။

ဤနေရာသည် နေ့ နှင့် ည ခွဲခြားရခက်ပေသည်။ အခြားနေရာများနှင့် မတူသော ခြားနားချက်ကို ပြောပြရမည်ဆိုပါက ၊ ဟင်းလင်းပြင်ကွက်လပ်တွင် ထူးဆန်းသောအနက်ရောင် ‌ဝဲဂယက်ကြီး တစ်ခု စုဝေးကာ ဖြစ်ပေါ်နေခြင်း ဖြစ်သည် ။

ထိုဝဲဂယက်တွင် ထူးဆန်းသော အမည်တစ်ခုရှိပေရာ ၊ ယင်းကို အသံတိတ်နတ်ဆိုးဂူ ဟုခေါ်သည်။

ယင်းအရာသည် ထူးဆန်းသော သက်ရှိသတ္တဝါအချို့ မွေးဖွာရာ နေရာဖြစ်သည့် ထူးဆန်းသော ကမ္ဘာတစ်ခုနှင့် ထိစပ်နေပုံရသည်။

ထိုသတ္တဝါများသည် လူမဟုတ်၊ နတ်ဆိုးမဟုတ် ၊ ထူးခြားသော ဖြစ်တည်မှု ဖြစ်ပုံရပြီး၊ ပြင်ပလာကရှိ သက်ရှိသတ္တဝါများကို သိမ်းကျုံးတိုက်ခိုက်လိုပုံရသည်။

မရေမတွက်နိုင်သော နှစ်များအတွင်း ၊ နတ်ဆိုးလောကမှ လူများစွာ အညှာတာမဲ့ သတ်ဖြတ်ခံခဲ့ရသောကြောင့် အသံတိတ် နတ်ဆိုးဂူ ဟု ခေါ်တွင်ခဲ့သည်။

ရှေးခေတ် ဒဏ္ဍာရီတစ်ခုရှိခဲ့ဖူးသည်: မရဏကမ္ဘာနှင့် နတ်ဆိုးကမ္ဘာ လုံးလုံးလျားလျား ကွဲသွားခဲ့စဉ်က အလွန် ပြင်းထန်သော ကမ္ဘာ့စွမ်းအား၏ ညှစ်ထုတ်မှုကြောင့် ရင်းမြစ်တို့သည် ယိုယွင်းပျက်စီးခဲ့ရသည်။

ယင်း အကျိုးဆက်အနေဖြင့် နိယာမ စွမ်းအားအားလုံးသည် ထူးဆန်းသော ဦးတည်ချက်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ယင်းဖြစ်ရပ်နှင့်အတူ ၊ သတ္တဝါများသည်လည်း ပြောင်းလဲသွားကာ နောက်ဆုံးတွင် အသံတိတ် နတ်ဆိုးဂူ၏ ထူးဆန်းသော သတ္တဝါများ ဟူ၍ ဖြစ်လာခဲ့သည်။

ယခုအချိန်သည် နတ်ဆိုးကမ္ဘာတွင် မှောင်မိုက်သော ညခင်းဘက်ပင် ဖြစ်သည်။ယုတ္တိကျကျဆိုရလျှင်ဖြင့် ဤအချိန်တွင် လူနေကျဲပါးသင့်ပြီး အန္တရာယ်ရှိသော ညခရီးကို မည်သူမှ ရွေးချယ်ကြမည်မဟုတ်ပေ။

သို့သော် လွန်ခဲ့သော ရက်ပိုင်းကတည်းက နေ့ရောညပါ ကမ္ဘာတစ်ဝှမ်းမှ နတ်သက်တံများစွာ ရောက်ရှိလာကြသည်။

ကြီးမြတ်သော မျိုးရိုးစဉ်ဆက် မိသားစုများ ၊ ထာဝရ အင်အားစုများ ၊ ထိပ်တန်း မင်းဆက်များ၏ ထူးချွန်သော တပည့်သားမြေးများလည်း ပါဝင်သည်။

အကြောင်းရင်း ?

ထုံးစံအတိုင်း၊ ကျုံယုံ(ငရဲကိုးထပ်) လက်ရည်စမ်းပွဲကြီး စတင်တော့မည် ဖြစ်သည်။

နတ်ဆိုးတောင်

ကျုံယုံ(ငရဲကိုးထပ်) လက်ရည်စမ်းပွဲကြီးကို ဤနေရာတွင် ဖွင့်လှစ်တော့မည် ဖြစ်သောကြောင့် လူတော်တော်များများ ဤနေရာတွင် စခန်းချထားပြီး ဖြစ်သည်။

“ ဒီတစ်ခါရောက်လာတဲ့ အင်အားစုတွေ အတော်များတာပဲ ၊ ကြည့်ရတာ ဟင်းချိုရည်တောင် သောက်နိုင်ဖို့ ခဲယဉ်းမယ်နဲ့ တူတယ်! “

“ အိုင်း !ရွှေခေတ်ရောက်နေပြီလေ ၊ နှစ်ပေါင်းများစွာ မြုပ်နှံနေခဲ့တဲ့ အင်အားစုတွေ တစ်ခုပြီးတစ်ခု နိုးထလာကြပြီ ၊ သဘာဝလွန် လူတွေ ပိုပိုပြီး များလာတာကလည်း သဘာဝကျပါတယ်”

“ပြီးတော့ ကျုံယုံ(ငရဲကိုးထပ်)မှာ ရှိနေတဲ့ အခွင့်အရေးတွေကလည်း အရမ်း ထူးကဲတယ်လေ ၊ လွဲချော်သွားရင် တစ်သက်လုံး နောင်တရနေလိမ့်မယ်”

“……”

ကျင့်ကြံသူပုဂ္ဂိုလ်များလည်း အဆက်မပြတ် ရောက်ရှိလာကြသည်။

သို့သော်လည်း ၊ သူတို့သည် မည်သည့်နေရာတွင် ရှိနေသည်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

မိမိတို့၏ မှော်လက်နက်ကိုစတေးကာ အာကာသတစ်ခု ဖွင့်လှစ်၍ လျို့ဝှက်စွာ ပုန်းအောင်းနေကြသည်။

ဤနေရာတွင် အင်အားစုများစွာ ရှိနေပြီး ၊ မိမိ၏ နောက်ခံကို ဖော်ထုတ်ခြင်းသည် မလိုလားအပ်သော ပြဿနာများ ဖြစ်လာမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

……

ညအမှောင်ထဲတွင် ၊

ဟင်းလင်းပြင် ကွက်လပ်တွင် ဆိုင်းငံ့ထားသော ကျွန်းတစ်ကျွန်း ရှိသည်။

ကျွန်းပေါ်တွင် မြင့်မားသော မဏ္ဍပ်များနှင့် ရေကန်လည်း ရှိသည်။

ဤသည်မှာ ယောင်ချီ သူတော်စင်နယ်မြေ၏ မိုးပျံကျွန်းပင် ဖြစ်သည်။

တောက်ပသော နန်းဆောင်ထဲတွင် ၊

လှပသော အစေခံမိန်းကလေး အုပ်စုသည် ပြတင်းပေါက်ကို မှီ၍ ခိုးနားထောင်နေကြသည်။

“ ဘုရားရေ ! ကွေးယွမ် သူတော်စင် နယ်မြေက စူးချန်ကဲက ညဉ့်နက်ကြီး နတ်ဘုရားမ သခင်ကို လာရှာတယ်? တစ်ခုခုရှိနေတာများလား “

“ ငါတော့ မထူးဆန်းပါဘူး ၊ ငါတို့ နတ်ဘုရားမ က ထူးချွန်ထက်မြက်ပြီး ရုပ်ရည်ချောမောတယ်လေ ၊ ဆက်ခံသူ လူကြီးမင်းအနေနဲ့ ရင်ခုန်တာ ပုံမှန်ပါပဲ “

“ ငါကတော့ နင်ပြောတာနဲ့ ပြောင်းပြန်လို့ ဘာလို့ထင်နေပါလိမ့်? နတ်ဘုရားမရဲ့ လေးနက်နေတဲ့ အမူအရာကို အကဲဖြတ်ကြည့်ရရင် ၊ချန်ကဲ ဆက်ခံသူက ယောက်ျားမိန်းမကိစ္စကြောင့် လာတဲ့ပုံ မပေါ်ဘူး “

“ ဟုတ်ပါ့မလား ၊ ခုလို ညဉ့်နက်ကြီး လာရှာတာဆိုတော့ ချန်ကဲ ဆက်ခံသူက ငါတို့ နတ်ဘုရားမနဲ့ ပူးပေါင်းဖို့ လာရှာတာများလား ?”

“…….”

အစေခံများသည် တိတ်တဆိတ် အတင်းတုပ်ရင်း သူမတို့၏ မျက်လုံးများက နန်းဆောင်ထဲက လူနှစ်ယောက်ထံသို့ ကျရောက်နေသည်။

လော့ရန်ယွီသည် ကျောက်စိမ်းဖြူ ကုတင်ပေါ်တွင် လဲလျောင်းနေသည်။ သူမသည် ပိတ်ကျဲစ ပုံစံကို ၀တ်ဆင်ထားသည်မှာ သူမ၏ သွယ်လျသော နှင်းဖြူရောင် ခြေထောက်များကို အတိုင်းသားမြင်နေရသည်။ ထို့အပြင် ဂုဏ်ယူစွာ ပြသထားသော ရင်သားများသည် ရေထဲမှ ပွင့်လန်းလာသော ကြာပွင့်သဖွယ် နူးညံ့ပုံရသည်။

ယခုအချိန်တွင် သူမ၏ ရွဲ့စောင်းသံကို ကြားခဲ့ရသည်။

“ ဘယ်လေကများ ဝှေ့တိုက်ရင်းနဲ့ ချန်ကဲ ဆက်ခံသူကိုပါ ဒီထိ လွင့်ပါလာစေလဲ မသိဘူး”

“ရှင်ပဲ ကျွန်မကို မရဏကမ္ဘာမှာ တမင်တကာ ရှောင်နေခဲ့တာ မဟုတ်လား ၊ ကျွန်မပါးစပ် မလုံမှာကို စိုးရိမ်နေတာ မဟုတ်လား?”

လော့ရန်ယွီ၏ လေသံတွင် နာကြည်းမှုတချို့ ပါဝင်နေသည်။

မရဏကမ္ဘာတွင် ၊ စူးချန်ကဲသည် သိုင်းကျင့်ဝတ်မရှိ ၊ သူမကို သတိလစ်သွားစေသည့်အထိ ချောင်းမြောင်းတိုက်ခိုက်ခဲ့ပြီး တောထဲတွင် ပစ်ထားခဲ့သည်။

သူမ၏ ဟွိုင့်တွိုင့်ခန္ဓာကိုယ်သည် မရဏကမ္ဘာရှိ တစ္ဆေစွမ်းအင်များကို မခုခံနိုင်ခဲ့ပါက၊ သူမသည် ထိုနေရာတွင် လောကကြီးကို နှုတ်ဆက်သွားနိုင်သည် ။

(T/N - ဟွိုင့်တွိုင့်ခန္ဓာကိုယ် (ပရမ်းပတာ ခန္ဓာကိုယ်) - အရာခပ်သိမ်းကို ဖျက်စီးနိုင်စွမ်းရှိပြီး၊ ကောင်းကင်နှင့် မြေကြီးထံမှ ကောင်းချီးပေးခံရသော ခန္ဓာကိုယ် )

သူမ စိတ်အဆိုးဆုံးအရာမှာ မိမိ၏ ရုပ်ရည်သည် အဲ့လောက်တောင် ဆိုးရွားလေသလော။

ရင်သား၊ ခြေထောက် ၊ ရုပ်ရည် အကုန်ပြည့်စုံသော သူမအား အထင်ကရ အလှမယ်တစ်ယောက်အဖြစ် မှတ်ယူနိုင်သည်။

သို့သော် သကောင့်သား စူးချန်ကဲသည် သူမကို မူးမေ့အောင် ရိုက်နှက်ခဲ့ရင်တောင် ဖြေသာသေးသည်။ ဒါတင်မကဘူး တောနက်ကြီးထဲ တစ်ယောက်တည်း ပစ်ထားခဲ့စရာလား!?

အဲလိုအခြေအနေမှာ တစ်ခုခုဖြစ်ခဲ့သင့်တာမဟုတ်ဘူးလား?!

လော့ရန်ယွီသည် အကြံဆိုးများဖြင့် သူမ ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်ပြီး စိတ်ထဲတွင် တီးတိုးရေရွတ်လိုက်သည်။

“ အဲ့တာ ငါ့ခေါင်းကို ပြင်းပြင်းထန်ထန် ရိုက်ခဲ့တဲ့ အဲ့သေနာကောင် စူးချန်ကဲ ရဲ့ အပြစ်ပဲ!”

စူးချန်ကဲသည် လော့ရန်ယွီ၏ မကျေမနပ်သော အကြည့်များကို လုံးဝ လျစ်လျူရှုထားသည်။

သူသည် လက်ဖက်ရည်ကို အသေအချာ မြည်းစမ်းပြီးနောက် ၊ပြုံးရွှင်စွာဆိုလိုက်သည်။

“ ကျွန်တော် စူးမျိုးရိုးရဲ့ အရင်ကလုပ်ရပ်ကို လော့နတ်ဘုရားမအနေနဲ့ ဒေါသထွက်နေသေးတယ်ဆိုရင် ၊ ကျွန်တော် ဒီနေ့ ဒီနေရာမှာတင် တောင်းပန်ပါတယ် “

ထိုစကားနှင့်အတူ စူးချန်ကဲသည် ကျောက်စိမ်းဆွဲပြားကို ထုတ်ယူကာ သူ၏လက်ညှိုးဖြင့် စေညွန်လိုက်သည်နှင့် ၊ ထိုကျောက်စိမ်းဆွဲပြားသည် လော့ရန်ယွီထံသို့ ပျံသန်းသွားသည်။

“ဒါကို အရည်အသွေးမြင့် ကျောက်စိမ်းနဲ့ ပြုလုပ်ထားတာပါ ၊ ကိုယ်ခန္ဓာနဲ့ စိတ်ဝိညာဉ်ကို အာဟာရဖြည့်ပေးနိုင်စွမ်းရှိပြီး အထူးသဖြင့် အမျိုးသမီးတွေကို ပိုပြီး လှပစေမယ့် အံ့ဖွယ်အကျိုးသက်ရောက်မှုတွေ ရှိပါတယ်၊လော့ နတ်ဘုရားမ အနေနဲ့ ဒါကို ကြည့်ပြီး ကျွန်တော် စူးမျိုးရိုးကို ခွင့်လွှတ်ဖို့ တောင်းဆိုပါတယ် “

“ကိုယ်ခန္ဓာနဲ့ စိတ်ဝိညာဉ်ကို အာဟာရဖြည့်ပေးနိုင်စွမ်းရှိတဲ့အပြင် ပိုပြီးလှပစေတယ်??”

မူလက အနည်းငယ် မကျေမနပ်ဖြစ်နေသော သူမ၏ မျက်လုံးများသည် ရုတ်ချည်း တောက်ပလာသည်။

သူမသည် ထိုပစ္စည်းအပေါ် အာရုံခံလိုက်သည်နှင့် ၊ ယင်းပစ္စည်းသည် ပုံမှန်ပစ္စည်းမဟုတ်ဘဲ ထူးကဲသည်ကို သိလိုက်ရသည်။

၎င်း၏ အထူးစွမ်းအင်တစ်ခုသည် သူမ၏ စိတ်ကို ငြိမ်းအေးစေကာ ပျော်ရွှင်စေသည်။

“အဟမ်း... ရှင့်ရဲ့ ရိုးသားတဲ့ အပြုအမူကြောင့် ကျွန်မ ခွင့်လွှတ်လိုက်မယ်”

လော့ရန်ယွီ က မျက်ခုံးပင့်လိုက်ပြီး

“ပြော ၊ ရှင် ဒီကို ဘာကိစ္စလဲ?”

သူမစိတ်ထဲတွင် ဘာကြောင့်မှန်းရယ်မသိ အနည်းငယ် ပျော်ရွှင်နေသည်။

စူးချန်ကဲသည် သူမပုံစံကို ကြည့်ရင်း ရယ်ချင်သည့်စိတ်ကို မနည်းထိန်းချုပ်ထားသည်။

ယခုလို ကျောက်စိမ်းဆွဲပြားမျိုးသည် သူ့တွင် အများအပြား ရှိပေသည်။ဒါတင်မက သူ့နောက်လိုက်များကိုလည်း တစ်ယောက်တစ်ခု ပေးထားသေးသည်။

ဤကျောက်စိမ်းပြားတွင် အကျိုးသက်ရောက်မှုများ ရှိသော်လည်း ၊ သို့သော် တော်တော်များများသည် သူ ချဲ့ကားပြောဆိုထားခြင်း ဖြစ်သည်။

“ဒီနတ်ဘုရားမက အတော်လေးကို တုံးအပြီး အချော့ကြိုက်တာပဲ ၊ သူမရဲ့ အရည်အချင်းကောင်းကြောင့်သာ မဟုတ်ရင်”

“ဒီလို တုံးအတဲ့ လူမျိုးနဲ့ အလုပ်တွဲလုပ်ရတာ ၊ ငါတော့ သွေးပျက်သွားနိုင်တယ်”

သို့သော် ဤအရာအားလုံးသည် စူးချန်ကဲ၏ စိတ်ထဲတွင် ညည်းတွားလိုက်ခြင်းသာ ဖြစ်သည်။

စူးချန်ကဲက ဆိုသည်။

“ကျုံယုံ(ငရဲကိုးထပ်) ကိုသွားမယ့် ခရီးစဉ်မှာ အင်အားစုတပ်ဖွဲ့ဝင်တွေ တော်တော်များများ ပါလိမ့်မယ် ၊ ငါ သိရသလောက် မကောင်းဆိုးဝါး အင်အားစုဝင် တော်တော်များများ လက်တွဲသွားကြပြီ”

“မရဏကမ္ဘာမှာ လျှို့ဝှက်လှုပ်ရှားနေတဲ့ အင်အားစုတွေလည်း ရှိသေးတယ်”

“နတ်ဆိုးကမ္ဘာကလည်း တိတ်တဆိတ် မဟာမိတ်ဖွဲ့ထားတယ် ၊ အခု ငါတို့ လူသားတွေ လက်တွဲဖို့ပဲ ကျန်တော့တယ် ၊ တခြားအင်အားစုတွေ ပေါင်းပြီး ငါတို့ကို နှိပ်ကွပ်လာခဲ့ရင် “

“ ငါတို့ အားလုံး ဆိုးရွားတဲ့ ဘေးအန္တရာယ်တွေ ကြုံတွေ့ရမှာကို စိုးမိတယ် “

“အဲ့တာကို ကျွန်မလည်း သိတယ် “

လော့ရန်ယွီက ပြုံးပြီး ပြန်ပြောလာသည်။

“ဒါပေမယ့် ချန်ကဲ ဆက်ခံသူရဲ့ ပုံစံကိုကြည့်ရတာ ကျွန်မနဲ့ မဟာမိတ်ဖွဲ့ချင်နေတာလား?”

“ ချန်ကဲ ဆက်ခံသူက တိုက်မြေ သုံးထောင်မှာ

ကျော်ကြားတဲ့ တစ်ကိုယ်တည်းဝံပုလွေ လေ၊ အခု ရှင်က ယောင်ချီ သူတော်စင်ရဲ့ အင်အားကို ရယူချင်တယ်ဆိုတာ ရှင့်စရိုက်နဲ့ မကိုက်သလိုပဲ “

စူးချန်ကဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ၊

“ကျုပ်ဆိုတဲ့လူက ပွင့်ပွင့်လင်းလင်း ပြောရတာ ကြိုက်တယ်”

“ ကျုပ် သူတို့ကို မကြောက်ပေမယ့်၊ ကွေးယွမ် သူတော်စင် နယ်မြေကို ဆုံးရှုံးနစ်နာမှု ဖြစ်စေလိမ့်မယ်”

“ ကျုပ်တို့ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်လက်တွဲပြီး ဆုံးရှုံးမှုတွေကို ဘာကြောင့် လျှော့မချနိုင်ရမှာလဲ “

မူလက စူးချန်ကဲသည် ကျန်အင်အားစုများကို သူတစ်ကိုယ်တည်း စိန်ခေါ်ရန် စီစဉ်ထားခဲ့သည်။

သို့သော် ဤတစ်ကြိမ်မှာတော့ သူသည် ကွေးယွမ် သူတော်စင် နယ်မြေ၏ အကျိုးကို စဉ်းစားခဲ့သည်။ ထို့အပြင် သူသည် အင်အားစု တော်တော်များများ၏ ပစ်မှတ်ထားခြင်းကို ခံနေရသည်။

အင်အားစုများစွာ ပေါင်းစည်းခြင်း၏ ရလဒ်သည် ကြောက်စရာကောင်းပေလိမ့်သည် ။

ထို့ကြောင့် သူသည် ကျုံယုံ(ငရဲကိုးထပ်)၏ ၁၀၀% အခွင့်အရေးကို မရရင်တောင်မှ ၈၀% အခွင့်အရေးကို ရယူပေမည်။

ထို့အပြင် ဤလော့ရန်ယွီသည် အတော်ပင် တုံးအပြီး အစွမ်းထက်ပေသည် ။ ဒါတင်မက ထူးခြားသော နောက်ခံရှိသောကြောင့် သူမသည် သူ၏ အကောင်းဆုံး ကိုယ်စားလှယ်လောင်း ဖြစ်လာခဲ့သည်။

လော့ရန်ယွီကတော့ စူးချန်ကဲ၏ ဤအတွေးကို မသိခဲ့ပေ။

ထိုအစား၊ သူမသည် ကျောက်စိမ်းကုတင်ပေါ်မှ ထထိုင်ကာ နီမြန်းလာသော သူမ၏ မျက်နှာလေးကို တစ်ဖက်သို့ လှည့်ထားသည်။

“ငါ​က သူယုံရတဲ့လူတဲ့လား...?”

“ဒါဆို ငါတို့ ဆက်ဆံရေးက ...”

လော့ရန်ယွီ၏ တခ်ခ်ခ် ရယ်မောသံကို အတိုင်းသား ကြားနေရသည်။

စူးချန်ကဲပင်လျှင် ဟန်မဆောင်နိုင်ဘဲ မျက်မှောင်ကြုတ်သွားသည် ။

“ မရဏကမ္ဘာက သူမကို ပိုပြီး ရူးအသွားစေတာများလား “

“ ဒါမှမဟုတ် ငါ တခြားတစ်ယောက်ကို ပြောင်းပြီး လက်တွဲကြည့်သင့်လား...?”

All Chapters