အခန်း (၂၉၈-၃၀၂)
Vol. 22 Ch. 298-302
အပိုင်း(၂၉၈) : နဂါးကြီးကို တချက်တည်းနဲ့သတ်လိုက်တာ လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေတယ်
လော့ရန်ယွီ၏ ခန္ဓာကိုယ်ထဲ၌ ၊
အလွန် ကြောက်စရာကောင်းသော အဖျက်စွမ်းအားများသည် တောက်လောင်နေသော နေရောင်ခြည် အလင်းလုံးကြီး သဖွယ် စုဝေးသွားသည်။
အကယ်စင်စစ်မှာ အလင်းဖောက်ထွင်း၍ အရည်များလဲ့နေသော တာအိုအရိုးမှ ယင်းဖိနှိပ်စွမ်းအားများကို ထုတ်ပေးနေခြင်းဖြစ်သည် ။
" ဒါက တာအိုအရိုးရဲ့ ရူပါရုံ ဆိုတာလား...?"
စူးချန်ကဲ ချက်ချင်း သဘောပေါက်သွားသည်။
ယခု သူသည် ချန်ရှန်းအရိုးကို ပိုင်ဆိုင်ထားသည်။
အကယ်၍ သူသာ ခွန်အားအပြည့်နဲ့ အသုံးချခဲ့ပါက ၊ မိမိ၏ ချန်ရှန်းအရိုးသည် တာအိုအရိုးထက် ပို၍ ကြောက်စရာကောင်းပေလိမ့်မည်။ ထို့ကြောင့် တစ်ဖက်လူ၏ ဖိနှိပ်စွမ်းအားသည် သူ့ကို လုံးဝမှ မထိခိုက်ခဲ့ပေ။
စွမ်းအားဗဟိုချက်တွင် တည်ငြိမ်စွာဖြင့် ရှိနေသည့် စူးချန်ကဲနှင့် နှိုင်းယှဥ်ရလျှင်ဖြင့် ၊ သူ့ပတ်ဝန်းကျင်တွင် ရှိနေသော တပည့်သားများ အားလုံး ယင်းဖိနှိပ်စွမ်းအားကြောင့် အသက်ရှူရပ်လုနီးပါး ဖြစ်နေကြသည်။
" မဟာသူတော်စင် ခန္ဓာကိုယ် နှစ်စုံ ...ဒါသိပ်ကို ကြောက်စရာကောင်းတာပဲ !"
" ချန်ကဲ ဆက်ခံသူတောင် သူတော်စင်ခန္ဓာကိုယ် တစ်စုံပဲ ရှိတာ ၊ လော့ရန်ယွီက နှစ်စုံများတောင် ရှိတာ ! တကယ်ကို လူ့ဘီလူးပဲ!"
"ဒါပေမယ့် သူတော်စင် ခန္ဓာကိုယ်တစ်စုံပဲ ရှိတဲ့ ချန်ကဲ ဆက်ခံသူက ဘာလို့ လော့နတ်ဘုရားမထက် ပိုပြီး အင်အားကြီးတာလဲ ?"
“.......”
ဤစကားတစ်ခွန်းသည် လူတိုင်းကို ပြောစရာမဲ့သွားစေသည်။
စူးချန်ကဲမှာ သူတော်စင် ခန္ဓာကိုယ် သုံးလေးစုံ ပိုင်ဆိုင်ထားတယ် ဆိုတာ ၊ ဒါ ဖြစ်နိုင်တဲ့အရာလား?
ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? သူတို့အကုန်လုံးကို အသေရိုက်သတ်တောင် မယုံနိုင်ဘူး!
ထိုစဉ် ၊
တာအိုအရိုး၏ စွမ်းအားသည် ဆက်လက်စု ဝေးလာသည်နှင့်အမျှ ၊ တဟုန်းဟုန်း တောက်နေသော မှော်စွမ်းအားတို့သည် ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာကြီးအဖြစ်သို့ ဖြန့်ကျတ်သွားသည်။
မျက်စိတမှိတ်အတွင်းမှာပင် ၊
လွန်စွာစူးရှသော အလင်းတန်းတစ်ခုသည် တာအိုအရိုးထဲမှ ထွက်ပေါ်လာသည်။
ယင်းစူးရှတောက်ပသော အလင်းတို့သည် လေဟာပြင် ကွက်လပ်ကို ထိုးဖောက် ဝင်ရောက်လာခဲ့ပြီး ၊ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေကာ နေရာတော်တော်များများတွင်ရှိနေသော အနက်ရောင် အခိုးအငွေ့များကို တိုက်ရိုက် အငွေ့ပျံသွားစေသည်။
အပျက်အစီးများနှင့် ဝင်တိုက်မိသွားသော အာဏာရှင် နတ်ဆိုးနဂါးမှာ ပို၍ အမျက်ထွက်သွားခဲ့သည်။
မိမိသည် သွေးသန့် ရှေးဟောင်း နဂါးတစ်ကောင်ဖြစ်သည်။ သို့သော် လူသားတစ်ယောက်သည် သူ့အား ဤသို့ပြုမှုခြင်းသည် မည်မျှတောင် အတင့်ရဲလိုက်လေသနည်း။
ဝီ——
အာဏာရှင် နတ်ဆိုးနဂါးသည် ၎င်း၏ မြင့်မားသော ဦးချို တစ်စုံကို ခါယမ်းလိုက်သည်။
အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသော အမှောင်စွမ်းအားတို့သည် နဂါးဦးချို၏ မျက်နှာပြင်ပေါ်တွင် အဆက်မပြတ် စုဝေးလာသည်ကို မြင်လိုက်ရသည်။
နောက်ဆုံးတွင်မူ ၊ ထိုနဂါးဦးချို တစ်စုံသည် အဆမတန် ကြီးမားလာခဲ့ပြီး အာဏာရှင်နဂါးသည် ၎င်း၏ ဦးခေါင်းကို မြှောက်ကာ အထက်သို့ ဆန်တတ်လေသည်။
နဂါးဦးချို တစ်စုံသည် ဟင်းလင်းပြင်ကွက်လပ်ကို ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး လော့ရန်ယွီ ရှိရာ ဦးတည်ရာဆီသို့ တိုက်ရိုက် ပြေးဝင်သွားခဲ့သည်။
ဘုန်း!
နောက်အခိုက်အတန့်တွင်၊ အားကောင်းသော မှော်စွမ်းအားနှစ်ခု ပြင်းထန်စွာ ဝင်တိုက်ခဲ့ကြသည်။
ကြောက်မက်ဖွယ်ကောင်းသော ဤနောက်ဆက်တွဲရလဒ်သည် အာကာသအတွင်း မရေမတွက်နိုင်သော ကောင်းကင်အတိဒုက္ခ အလင်းတန်းများကို ကျရောက်လာစေခဲ့ပြီး ၊ ဤနေရာတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်သလိုပင်။
ကြည့်ရှူသူအားလုံး ဤကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်း၏ နောက်ဆက်တွဲကို တွန်းလှန်နိုင်ရန် မိမိတို့၏ ခံစစ်မှော်ပညာကို အသက်သွင်းကာ ကာကွယ်ထားကြသည်။
ကြောက်မက်ဖွယ်ကောင်းသော ထိုမှော်စွမ်းအားတို့သည် စိုးရိမ်ဖွယ်ကောင်းသော အခြေအနေတစ်ရပ်တွင် ရှိနေသည်။
ထိုစဉ် အေးစက်စက် ယောက်ျား တစ်ယောက်၏ အသံသည် ဤကမ္ဘာမြေမှ ထွက်ပေါ်လာခဲ့သည်။
“ ဓားအက္ခရာ ! ဖြတ်!"
ထိုအနှီယောက်ျား၏ ရေရွတ်သံအဆုံးတွင် ၊ ကောင်းကင်နဲ့ မြေကြီးကြားက ဟင်းလင်းပြင် ကွက်လပ်ကို ပိုင်းဖြတ်ပစ်လေသည့် လေချွန်သံ တစ်ချက် ထွက်ပေါ်လာခဲ့သည်။
အဆုံးမဲ့အက္ခရာများ ပျံ့လွင့်ကခုန်လျက် ထွက်ပေါ်လာခဲ့ပြီး ၊ တစ်ချိန်တည်းမှာပင် ယင်းအက္ခရာတို့သည် အလွန် ကြောက်စရာကောင်းသော ဓားစွမ်းအင်ကို ဆောင်ကျဉ်းယူဆောင်လာခဲ့သည် ။
ဓားစွမ်းအင်တို့သည် ထောင်လိုက် အလျားလိုက် ဖြန့်ကျက်လျက် တိမ်ပင်လယ်ထိ တိုးဝင်နေသော မြင့်မားသော ဓားတောင်ကြီး သဖွယ် ဆက်တိုက် ဖွဲ့စည်းသွားသည်။
ချွင်——
ကျယ်လောင်သော ဓားဟောက်သံသည် ထိပ်တိုက်တွေ့ဆုံနေသော လူနှစ်ဦး၏ တိုက်ခိုက်မှု ပေါက်ကွဲသံကိုပင် ဖုံးလွှမ်းသွားခဲ့သည်။
အဆုံးမရှိသော အက္ခရာများသည် တုနှိုင်းမဲ့ ဓားစွမ်းအင်မုန်တိုင်းအဖြစ် စုစည်းသွားခဲ့သည်။
ဆက်လက်ပြီး ၊ ဓားစွမ်းအင်တို့သည် အာဏာရှင် နတ်ဆိုးနဂါးကို တိုက်ရိုက် ချေမှုန်းပစ်ခဲ့သည်။
လော့ရန်ယွီ၏ ကောင်းကင်အတိဒုက္ခ အလင်းတန်းများကို ခုခံနေခဲ့သည့် အာဏာရှင် နတ်ဆိုးနဂါးအတွက် ဤဓားချက်ကို ရှောင်လွှဲဖို့ရန် မဖြစ်နိုင်ခဲ့ချေ။
သူသည် ထိုဓားချက်အောက်တွင် ပို၍ပင် ခံနိုင်ရည်စွမ်း ကင်းမဲ့ရသည်။
ဝုန်း!!
ကွဲအက်သံ !
မူလက နတ်သံကဲ့သို့ မာကြောသော ဦးချိုကြီးမှာ ကွဲအက်သွားချေပြီ ။
ဓားစွမ်းအင်များ ထပ်မံ ပေါက်ကွဲသံနှင့်အတူ၊ ယင်းအက်ကွဲကြောင်းသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် ကြီးသထက် ပိုကြီးလာသည်။
တစ်ချိန်တည်းမှာပင်၊ အာဏာရှင် နတ်ဆိုးနဂါး၏ ဦးချိုကြီးများသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် အက်ကွဲကာ ပျက်စီးပျောက်ကွယ်သွားသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...!?”
အမှောင်ထဲတွင် ပုန်းအောင်းကာ စောင့်ကြည့်နေသော လုံဟောက်သည်ပင် မအောင့်နိုင်ဘဲ အံ့ဩစွာဖြင့် ရေရွတ်နေမိသည်။
"အာဏာရှင် နတ်ဆိုးနဂါးရဲ့ ဦးချိုကြီးတွေက သူ့အကြေးခွံထက်တောင် ပိုပြီး သန်မာသေးတယ်၊ နတ်သံတွေနဲ့တောင် ယှဉ်နိုင်တဲ့ ဦးချိုတွေက ဒီတိုင်း အလွယ်အတူ ဖျက်စီးခံလိုက်ရတယ်ပေါ့?"
အဝေးကနေ စောင့်ကြည့်နေသော လော့ဟယ်ဓားဂိုဏ်း၏ တပည့်များသည်လည်း ထိတ်လန့်သွားကြသည်။
" စူးချန်ကဲ ရဲ့ ဓားသိုင်းက ပိုပြီး အားကောင်းလာပုံရတယ်၊ ဒီရဲ့ ဓားရေးက ကိုယ်တွေ နားလည်နိုင်စွမ်းထက်ကို ကျော်လွန်သွားပြီ"
" စစ်မှန်တယ် ၊ ပြတ်သားတယ် ၊ နှောင့်နှေးမှု မရှိဘူး ၊ ဒီစူးချန်ကဲက နဂါးချိုရဲ့ အားနည်းချက်ကို ရှာတွေ့တာနဲ့ ဓားတချက်တည်းနဲ့ လုံးလုံးလျားလျား ဖြတ်တောက်ပစ်လိုက်တယ်"
"ဒီကောင် စူးချန်ကဲ နောက်ဆို ဘယ်လိုတွေတောင် ဖြစ်လာနိုင်မလဲ မသိဘူး ၊ သူ့ရဲ့ ခုလို ဓားရေးပါရမီတွေကြောင့် နောက်ဆို ကျုပ်တို့ လော့ဟယ်ဓားဂိုဏ်းကို ဓားလမ်းစဉ်သူတော်စင် နယ်မြေလို့တောင် ပြောင်းခေါ်ရမယ့်ကိန်း စိုက်နေပြီ"
ဝူကျီအောက်ထျန်းက ဆိုလိုက်သည်။
" ကျန်တာကို စူးချန်ကဲနဲ့ လွှဲထားပြီး ဒီမှာပဲ တိတ်တိတ်လေး ပုန်းနေတာက ကျွန်တော်တို့အတွက် ပိုမကောင်းဘူးလား?"
"......."
လော့ဟယ် ဓားဂိုဏ်းရှိ လူတိုင်း အနည်းငယ် ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် လျစ်လျူရှုခြင်း လမ်းစဉ်၏ နက်ရှိုင်းမှုကို ပို၍ နားလည်လာခဲ့ပြီ ဖြစ်သည်။
.........
လော့ရန်ယွီသည် ထိုအခြေအနေကို အခွင့်ကောင်းယူကာ တာအိုအရိုး၏ စွမ်းအားကို ထပ်မံတိုးမြှင့်လိုက်သည်။
ဧရာမ နဂါးဦးချိုကြီး၏ အကာအကွယ်မရှိတော့သဖြင့် ၊ အောက်သို့ ကျရောက်လာခဲ့သော ကောင်းကင်အတိဒုက္ခ အလင်းတန်းများသည် နဂါးကြီး၏ မာကြောပြီး နက်မှောင်သော အကြေးခွံများကို တိုက်ရိုက် ထိုးဖောက်ကာ အသွေးအသားထဲသို့ နစ်ဝင်သွားခဲ့သည်။
ဝေါင်း!!
သူ၏ အသွေးအသားများ ကွဲအက်ခဲ့ရသော ဝေဒနာ ခံစားမှုသည် အာဏာရှင် နတ်ဆိုးနဂါးကို ပို၍ အမျက်ထွက်စေခဲ့ပြီး ၊ နဂါးဟောက်သံများ ထပ်မံ ထွက်ပေါ်လာခဲ့သည်။
၎င်းသည် မိမိ၏ စွမ်းအားများကို ထပ်မံ စုစည်းပြီး ပြန်လည် တိုက်ခိုက်ရန် ကြံစည်လိုက်သည်။
သို့သော် စူးချန်ကဲသည် ၎င်းအား အခွင့်အရေး မပေးခဲ့ပေ။
" တော်တော်ခေါင်းမာတဲ့ ကောင်ပဲ "
"ဒါဆိုလည်း နောက်ဓားတချက် ထပ်ခံယူပေတော့ "
စူးချန်ကဲသည် သူ၏ ညာဘက် လက်နှစ်ချောင်းကို စုလိုက်သည်။
သူ၏ လက်ချောင်းတို့သည် ကောင်းကင်နှင့်မြေကြီးကြားတွင် စိမ့်ဝင်နေသော ဓားစွမ်းအင်အားလုံးကို စုဆောင်းနေခဲ့သည်။
ပြင်းထန်သော ဓားစွမ်းအင်တို့သည် သူ့လက်ချောင်းထိပ်ပေါ်တွင် ဝဲပျံနေသည်မှာ ဤကမ္ဘာပေါ်ရှိ နဂါးငွေ့တန်းဂလက်ဆီကဲ့သို့ ပြိုးပြိုးပျက်ပျက် တောက်ပနေသော်လည်း ၊ ၎င်း၏ အဆုံးစွန်သော အန္တရာယ်ကို ခံစားသိရှိနိုင်သည် ။
" ဖျက် "
မန္တာန်ကိုရေရွတ်လိုက်သည်နှင့် ၊ စူးချန်ကဲ၏ လက်ချောင်းသည် အရှေ့က ဟင်းလင်းပြင်ကွက်လပ်ကို ပိုင်းဖြတ်လိုက်သည်။
ဝီ——
စူးရှသော ဓားအလင်းသည် ဤနေရာတစ်ခုလုံးကို လွှမ်းခြုံသွားပုံရပြီး ၊ နဂါးငွေ့တန်းကဲ့သို့ တောက်ပသော ဓားစွမ်းအင်သည် နေရာတိုင်းတွင် ပွင့်လန်းလာသည် ။
ပြင်းထန်သော ဓားစွမ်းအင်တို့သည် ကြောက်ခမန်းလီလီ ထွက်ပေါ်လာချေပြီ။
အာဏာရှင်နတ်ဆိုးနဂါးမှ စုဆောင်းနေခဲ့သော မှော်စွမ်းအားတို့သည် ထိုပြင်းထန်သော ဓားစွမ်းအင်ကြောင့် ကွဲအက်သွားခဲ့ရသည်။
ကောင်းကင်နှင့်မြေကြီးကိုပင် ထက်ဝက် ပိုင်းဖြတ်နိုင်သည်ဟု ထင်မှတ်ရသော ဓားအလင်းသည် အာဏာရှင်နတ်ဆိုးနဂါး၏ ဧရိယာတဝိုက်တွင် ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။
မိုးခြိမ်းသံအလား ထွက်ပေါ်လာသော ဓားဟောက်သံနှင့်အတူ ၊ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတို့သည် ကောင်းကင်သို့ တည့်တည့် ပစ်ခွင်းသွားသည်။
ထို့နောက်တွင် ဤကြောက်စရာကောင်းသော လှုပ်ရှားမှုကြီးသည် တဖြည်းဖြည်း ပြန်လည် ငြိမ်သက်သွားခဲ့သည်။
လူတိုင်း ထိန်းချုပ်မရနိုင်သော သိချင်စိတ်နှင့်အတူ အလွန်ကြီးမားသော အာဏာရှင် နတ်ဆိုးနဂါးကို ထပ်မံ ကြည့်ရှုလိုက်ကြသည်။
"ဒါဘယ်လိုဖြစ်တာလဲ ? အာဏာရှင် နတ်ဆိုးနဂါးက ခုထိ ကောင်းကောင်းကြီး ရှိနေသေးတယ် မဟုတ်လား?"
"ဟုတ်တယ် တစ်စက်ကလေးမှ ထိခိုက်မသွားဘူး!"
တချို့လူများက ရွဲ့စောင်းပြုံးနေကြသည်။
" ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဆက်ခံသူ ဆိုတာ ဒါလား ၊ သူပြတဲ့ ဒီအကွက်တွေက ဒီတိုင်း လူကို အထင်ကြီးစရာကောင်းအောင် လုပ်တဲ့ အကွက်သာသာပဲ "
" မိုးသာကြီးတာ မိုးခြိမ်းသံကတော့ တိုးတိုးလေးပဲ ၊ ဒီဒဏ္ဍာရီလာ နတ်ဆိုး နဂါးရဲ့ ခန္ဓာကိုယ်က အရမ်း မာကြောတာ ၊ သူက ဘယ်လိုလုပ် သတ်ပစ်နိုင်မှာလဲ"
“......”
စူးချန်ကဲသည် ထိုလူများ၏ လှောင်ပြောင်မှုကို လုံးဝ လျစ်လျူရှုထားသည်။
သူသည် အာဏာရှင် နတ်ဆိုးနဂါး၏ ဦးတည်ရာဘက်ဆီသို့ ခြေလှမ်းလိုက်သည်။
သူ ခြေတစ်လှမ်း လှမ်းပြီးသည်နှင့်ပင်။
ရွှမ်း —
အာဏာရှင် နတ်ဆိုးနဂါး၏ လည်ပင်းနှင့် ဦးခေါင်းကြားတွင် ဓားအလင်းတန်းတစ်ခုကို တွေ့လိုက်ရသည်။
ဇ္ဇစ် !
ထို့နောက် အသွေးအသား စုတ်ပြဲသွားသော အသံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။
ထိုဧရာမ နဂါးခေါင်းကြီးသည် သူ့လည်ပင်းအောက်သို့ လျှောကျသွားသည်။
ဘုန်း!!!!
ထို့နောက်တွင် နဂါးဦးခေါင်းကြီးသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်နှင့် ဖုန်မှုန့်များ တလိပ်လိပ် ထလာကာ ၊ ထိုဧရိယာတွင် ကြီးမားသော တုန်ခါမှုဖြစ်စေခဲ့သည်။
အမှောင်ထဲတွင် ပုန်းအောင်းနေကြသော ထောင်သောင်းမကသော ပါရမီရှင်များသည် ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် သူတို့၏ စိတ်ဝိညာဉ်များပင်လျှင် လှုပ်ခတ်သွားခဲ့သည်။
ရုပ်ပိုင်းဆိုင်ရာ လွန်စွာ အစွမ်းထက်သော အာဏာရှင် နတ်ဆိုးနဂါးကြီးသည် လူသားမျိုးနွယ်ထံမှ တချက်တည်း ဖြတ်ခုတ်ခံလိုက်ရကာ သေဆုံးခဲ့လေပြီ။
အပိုင်း(၂၉၉): စူးချန်ကဲရဲ့ ပိုင်ဆိုင်မှုကို မျက်စိကျနေတယ်
စူးချန်ကဲသည် လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များကို လျစ်လျူရှုကာ အာဏာရှင် နတ်ဆိုးနဂါး၏အလောင်းဆီသို့ လျှောက်သွားခဲ့သည်။
ထို့နောက် သူ့လက်ချောင်းများကို အနည်းငယ် ဝှေ့ရမ်းလိုက်သည်။
တစ်ချိန်တည်းမှာပင် ၊ တောက်ပသော ဓားအလင်းများစွာသည် ကောင်းကင်ယံမှ တခဏချင်း ထွက်ပေါ်လာခဲ့ပြီး ၊ ယင်းဓားအလင်းများသည် မတူညီသော ထောင့်များမှ အာဏာရှင် နတ်ဆိုးနဂါး၏ အလောင်းဆီသို့ ကျဆင်းသွားခဲ့သည်။
ဧရာမ နဂါးကိုယ်ထည်ကြီးသည် တောက်လောင်နေသော ဓားစွမ်းအင်၏ ရှေ့တွင် နှင်းစက်တို့သည် တောက်လောင်နေသော နေရောင်ခြည်နှင့် ကြုံတွေ့လိုက်ရသကဲ့သို့ ၊ ယင်းဓားစွမ်းအင်တို့သည် အာဏာရှင် နတ်ဆိုးနဂါး၏ အသွေးအသားများကို သပ်သပ်ရပ်ရပ် ခွဲထုတ်ပစ်လိုက်သည်။
ဘုန်း!
နောက်အခိုက်အတန့်တွင် ၊ အရိုးနှင့်အသားများကို သေချာစွာ လှီးဖြတ်ခံထားရသည့် နဂါးကြီး၏ ရုပ်သွင်သည် မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။
" စူးချန်ကဲ ဘာလုပ်ဖို့ကြံစည်နေတာလဲ? မဟုတ်မှလွဲရော အာဏာရှင်နတ်ဆိုးနဂါးကို ကင်ပြီး စားဖို့ လုပ်နေတာလား?"
" ဒီစူးချန်ကဲ တကယ်ကို မောက်မာတာပဲ ၊ ထူးဆန်းတဲ့ အငွေ့အသက်တွေရဲ့ ကူးစက်မှုကိုခံထားရတဲ့ သတ္တဝါကိုတောင် စားရဲတယ်ပေါ့?"
“.....”
စူးချန်ကဲ၏ အပြုအမူကြောင့် လူတိုင်း ရှုပ်ထွေးနေခဲ့ကြသည်။
ဝီ——
ထိုစဉ် ၊
ပိုင်းဖြတ်ခံထားရသော နဂါး၏အလောင်းမှ လွန်စွာ တောက်ပသော ခရမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
နဂါးစွမ်းအင်များ သက်ဝင်လှုပ်ရှားနေပြီး ၊ ၎င်းတွင် ပါရှိသော ကြောက်မက်ဖွယ် ကောင်းသော သွေးချီစွမ်းအင်များက လူတိုင်းကို တုန်လှုပ်စေခဲ့သည်။
ယင်းအရာကို သတိပြုမိသော စူးချန်ကဲ၏ နှုတ်ခမ်းသားတို့သည် အနည်းငယ် ကွေးညွှတ်သွားသည် ။
"တွေ့ပြီ၊ တော်သေးတယ် မူလအရင်းအမြစ် အရိုး မပျက်စီးသွားဘူး "
စူးချန်ကဲသည် သူ့လက်ချောင်းများကို အနည်းငယ် ထပ်မံ လှုပ်ရှားလိုက်သည်နှင့် သိမ်မွေ့သော ဓားအလင်းသည် အသားနှင့် အရိုးပေါ်ရှိ နတ်အလင်းအရိုး အပိုင်းအစကို ဖယ်ရှားပစ်လိုက်သည်။
စူးချန်ကဲမှ ယင်းအရာကို ဆင့်ခေါ်လိုက်သည်နှင့် နတ်အလင်းရောင်များဖြင့် တောက်ပနေသော မူလအရင်းအမြစ် အရိုးသည် စူးချန်ကဲ၏ လက်ဆီသို့ ပျံသန်းသွားသည်။
လူတိုင်း ရင်တထိတ်ထိတ်ဖြင့်။
"ဒါက အာဏာရှင်နတ်ဆိုး နဂါးရဲ့ မူလအရင်းအမြစ် အရိုးပဲ၊ ပြီးတော့ ပြီးပြည့်စုံတဲ့ မူလအရင်းအမြစ် အရိုးဆိုလည်း ဟုတ်တယ်"
"အမ်... ဒီလို ကြွယ်ဝပြီး သန့်စင်တဲ့ နဂါးစွမ်းအင် ! ဒီရောင်ဝါကို ကြည့်ရတာ ဧကရာဇ်တစ်ပိုင်း နယ်ပယ်ထဲကို ဝင်တော့မယ့်ပုံပဲ!"
" စူးချန်ကဲတော့ ပွပြီ ! ဒီလို အရာဝတ္ထုမျိုးက ရဖို့ ခဲယဉ်းတယ် ၊ မကောင်းဆိုးဝါး သားရဲကောင်ရဲ့ အသွေးအသားကို ပြောင်းလဲနိုင်တယ်!"
“......”
မကောင်းဆိုးဝါး မျိုးနွယ်စုဝင် ပါရမီရှင်အချို့သည် စူးချန်ကဲလက်ထဲက အရိုးကို သရေတမြမြ စိုက်ကြည့်နေသည်။ ယင်းအရာဝတ္ထုသည် သူတို့၏ သွေးကြောများကို ပြောင်းလဲပေးနိုင်သော အဖိုးတန်သော ရတနာတစ်ခုဖြစ်သည်။
စူးချန်ကဲသည် သူ့ပတ်ဝန်းကျင်က မှတ်ချက်များကို လျစ်လျူရှုကာ ၊ အာကာသဖွဲ့စည်းပုံကို အသုံးပြု၍ ဧရာမနဂါးကိုယ်ထည်အား အာကာသ အိတ်ထဲသို့ ပစ်ထည့်လိုက်သည်။
ထို့နောက် သူသည် လော့ရန်ယွီ၏ ရှေ့သို့ ပို့ဆောင်ပေးလိုက်သည်။
" လော့နတ်ဘုရားမလည်း အများကြီး အားထုတ်ထားတာပဲ ၊ ကျုပ် ဓားစွမ်းအင်နဲ့ နဂါးစွမ်းအင်ကို သန့်စင်ပြီးပြီ"
" လော့နတ်ဘုရား အနေနဲ့ ထိပ်တန်းမှော်လက်နက်တွေ ဖန်တီးချင်ရင် သူ့ရဲ့ ခန္ဓာကိုယ်ကို အသုံးပြုလို့ရတယ်"
"ကျေးဇူးတင်ပါတယ် ချန်ကဲ ဆက်ခံသူ"
လော့ရန်ယွီသည် ထွေထွေထူးထူး ဆက်မပြောခဲ့ပေ။
ထို့နောက် စူးချန်ကဲသည် အခြား အာကာသလမ်းကြောင်းကို ပေါ့ပေါ့ပါးပါး ဖွင့်လိုက်သည်။
နိယာမလှိုင်းဂယက်များ တစ်သိမ့်သိမ့် ရိုက်ခတ်လှုပ်ရှားသွားသည်။
“အဲဒါက....”
လူတိုင်းသည် တစ်ဖန် ထိတ်လန့်သွားပြန်သည်။
ကျိုးပဲ့နေသော အက်ကွဲကြောင်းများမှ တဆင့် တဟုန်းဟုန်း တောက်လောက်နေသော အနက်ရောင် မီးတောက်များကို မြင်လိုက်ရသည်။
ထို့နောက် မီးမုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားပြီး ပူပြင်းတောက်လောင်သော မီးတောက်အလင်းများကို ထုတ်လွှတ်ပေးနေသည်။
ကြောက်ရွှံ့ထိတ်လန့်နေသော လူတိုင်း၏ အကြည့်များအောက်တွင် ၊ ရွှေဝါရောင် မျက်လုံးတစ်စုံသည် ဖြည်းညှင်းစွာ ပွင့်လာသည်...
"မဟုတ်သေးပါဘူး၊ အဲ့ဒါက မျက်လုံးတစ်စုံပဲ!" ပါရမီရှင်တစ်ဦးက အော်ပြောလိုက်သည်။
တဟုန်ထိုး တောက်နေသော အမှောင် မီးလျှံလှိုင်းများကြား နေနှစ်စင်း ပွင့်နေသကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်ပေးနေသည်။
ထို့နောက်တွင် ၊ ခံ့ညားသော အမောက်တစ်ခု ထွက်ပေါ်လာသည်။
နက်မှောင်သော ကြယ်များ စီးဆင်းနေပုံရသော တောင်ပံတစ်စုံ နှင့် တဖျပ်ဖျပ် တောက်ပနေသော အမွေးအတောင်များရှိသည့် ဖီးနစ်ကိုယ်ထည်ကြီးကို လူတိုင်း မြင်လိုက်ရသည်။
" သခင်ကို ဂါရဝပြုပါတယ်"
ယုံမင်ကြက်သည် ကွေးယွမ် သူတော်စင် နယ်မြေရှိ ဘိုးဘေးများ၏ လေ့ကျင့်သင်ကြားမှုကို ခံယူခဲ့သည်။ ၎င်းသည် မသေဆုံးနိုင်သော နတ်ဖီးနစ်တစ်ကောင်အဖြစ် ပြောင်းလဲခြင်း မရှိသေးသော်လည်း ၊ သို့သော် အရင်ကထက် ပိုမိုအားကောင်းလာခဲ့ပြီ ဖြစ်သည်။
ယခုအခါတွင် ယုံမင်ဖီးနစ်သည် သားလောင်းအဆင့်တွင် ရှိနေဆဲဖြစ်ပြီး ၊ သူတော်စင် ဧကရာဇ် ကျင့်ကြံဆင့် ရှိသည်။အကယ်၍ သူသည် ပြီးပြည့်စုံသော ကိုယ်ထည်ကို ရရှိသွားပါက ထိပ်တန်း ဧကရာဇ်မင်းနှင့် လုံးဝ နှိုင်းယှဉ်နိုင်မည်ဖြစ်သည်။
အကယ်၍ အသွေးအသားများပါ မသေနိုင်သော နတ်ဖီးနစ်အဖြစ်သို့ ပြောင်းလဲသွားပါက၊ သူသည် လုံးဝ မသေနိုင်သော တည်ရှိမှု တစ်ခု ဖြစ်လာပေလိမ့်မည် ။
"ဒါ... သူတော်စင် ဧကရာဇ်အဆင့်ရှိတဲ့ အနက်ရောင် ဖီးနစ်လား?"
" ဒါက သွေးသန့် အနက်ရောင် ဖီးနစ်တင် မကဘူး! သူ့မှာ ပြင်းထန်တဲ့ ယုံမင် အငွေ့အသက်တွေ ရှိတယ်..."
T/N : ယုံမင် - မြေအောက်လောက
တတ်ကျွမ်းသော ကျင့်ကြံသူတစ်ဦးက ဝင်ပြောလာခဲ့သည်။
" မဟုတ်မှလွဲရော မရဏကမ္ဘာရဲ့ ရှေးဟောင်း သတ္တဝါဖြစ်တဲ့ ယုံမင်ဖီးနစ်များလား? ၊ ဒါပေမဲ့ ဒီယုံမင်ဖီးနစ်က ရှေးစာအုပ်ထဲမှာ မှတ်တမ်းတင်ထားတဲ့ အကြောင်းအရာတွေနဲ့ ကွာခြားနေတယ်"
"ဟမ်...ပြောင်းလဲမျိုးစိတ်လား? ထူးဆန်းတယ်၊ ထူးဆန်းတယ်!"
“........”
ထို့အပြင်၊ ထိုကဲ့သို့သော ကြောက်စရာကောင်းသော မျိုးစိတ်သည် စူးချန်ကဲကို ၎င်း၏ သခင်အဖြစ် အသိအမှတ် ပြုထားသည်ကို တွေးလိုက်ရုံဖြင့် သူတို့အားလုံးကို ပို၍ပင် ထိတ်လန့်သွားစေသည်။
"ဒီအရိုးကို ဝါးမျိုပြီး ၊ မင်းရဲ့ သွေးကြောတွေကို တိုးတက်အောင် ကူညီနိုင်မလားဆိုတာ တစ်ချက် ကြည့်ကြည့်လိုက် "
ဤစကားသည် ကျင့်ကြံသူများစွာကို အလွန်အမင်း အားကျသွားစေသည်။
ဤအရိုးသည် အနှိုင်းမဲ့ ရတနာတစ်ခုဖြစ်ပြီး ၊ မကောင်းဆိုးဝါး မျိုးနွယ်စုဝင်ကို ထည့်မပြောသေးခင် ၊ ယင်းအရာကို စားသုံးသော လူသားကိုပင် အမတ ဖြစ်စေနိုင်သည်။
" ချန်ကဲ ဆက်ခံသူအိမ်မှာ ခွေးတစ်ကောင်လောက် မမွေးချင်ကြဘူးလား မသိဘူး.."
ဘေးနားက ကျင့်ကြံသူက ထိုစကားကြားတော့ သူ၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားပြီး ထိုစကားပိုင်ရှင်ကို ထိတ်လန့်စွာဖြင့် ကြည့်လိုက်သည်။
"သူတော်စင် အဆင့်ရှိတဲ့ ကျင့်ကြံသူ တစ်ဦးအနေနဲ့ အဲ့လိုစကားပြောစရာလား ?"
"ဘယ်လောက် အရှက်မဲ့လဲ!"
စကားပိုင်ရှင် ကျင့်ကြံသူသည် သူ့အမှားကိုသဘောပေါက်သွားပုံရကာ အလျင်အမြန် ဆိုလိုက်သည်။
" လမ်းစဉ်ကို လေ့ကျင့်ရာမှာ စိတ်နဲ့ မာနကို ပြုစုပျိုးထောင်ရမယ်လို့ မင်း သင်ပေးခဲ့တယ်လေ ၊ ငါက ကိုယ့်ကိုယ်ကို နှိမ့်ချပြောစရာလား ?"
" ဟွန်း ၊ တကယ်ကို အရှက်မဲ့ကြတာပဲ!"
" ချန်ကဲ ဆက်ခံသူက ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ ၊ မင်းကရော ဘာအဆင့်ရှိလို့လဲ ၊ မင်းနဲ့ရော တန်လို့လား?"
" ဖြစ်မယ့်ဖြစ် ငါပဲ အဖြစ်ခံမယ်!"
"............"
ထိုအချိန်တွင် မိုးကုပ်စက်ဝိုင်းမှ ယောကျာ်းသံ ထွက်ပေါ်လာသည်။
" ချန်ကဲ ဆက်ခံသူအနေနဲ့ ခွဲခွာခြင်း ဆိုတဲ့ အရာကို ဒဏ်ခံနိုင်လား ၊ ဒါဆို ကျွန်တော်မျိုး လုံ က ချန်ကဲ ဆက်ခံသူကို တန်းတူတန်ဖိုးရှိတဲ့ အရာတစ်ခုနဲ့ လဲလှယ်ရန် ဆန္ဒရှိပါတယ်"
အသံလားရာကို ကြည့်လိုက်ရာ ၊ ကောင်းကင်တွင် လင်းထိန်နေသော နတ်အလင်းရောင်များကို တွေ့လိုက်ရသည်။
အားကောင်းသော နဂါးစွမ်းအားများ ထွက်ပေါ်လာပြီး ၊ ပြင်းထန်သော ရောင်ဝါများကိုပိုင်ဆိုင်ထားသော လူငယ်တစ်စုသည် ဟင်းလင်းပြင် ကွက်လပ်ကို ဖြတ်ကျော်ကာ စူးချန်ကဲ၏ ဦးတည်ရာဆီသို့ ရောက်ရှိလာကြသည်။
သူတို့အားလုံး၏ ဦးခေါင်းပေါ်တွင် နဂါးချိုများ အပြင် ခန္ဓာကိုယ်ပေါ်တွင် အကြေးခွံများ ၊ ဒါတင်မက ကျောပေါ်တွင် နဂါးအတောင်ပံများလည်း ရှိသည်။
အထူးသဖြင့် ခေါင်းဆောင်သည် ရွှေရောင် နဂါး ၀တ်လုံကို ဝတ်ဆင်ထားပြီး ၊ သူ၏ မျက်စံများသည် ရွှေရောင်ရှိပြီး ၊ မှိန်ဖျော့ဖျော့ တောက်ပနေသည်။
သူသည် လက်ကိုနောက်ပစ်ထားတာ ဝေဟင်တွင် ရပ်နေပြီး ၊ နဂါးစွမ်းအင် ရောင်ဝါများက သူ့ခန္ဓာကိုယ် တစ်ကိုယ်လုံးကို ရစ်ဝဲထားသည်မှာ နဂါးဘုရင်ကဲ့သို့ ကြီးကျယ်ခမ်းနားပေသည်။
"ဒါက နဂါးမျိုးနွယ်စုကလား? နတ်နဂါး ကျွန်းစုက ဖျက်ဆီးခံလိုက်ရပြီမဟုတ်လား?
" ဘယ်ကသာ ၊ ဒီကောင်တွေက ရှေးနဂါးမျိုးနွယ်စုကပဲ ၊ တိုက်မြေ သုံးထောင်မှာ သွေးသန့်နဂါးတွေပဲ နတ်နဂါးကျွန်းစုက သူတို့ရဲ့ အကိုင်းအခက်သာသာပဲ!"
"ဒါပေမယ့်...ရှေးနဂါးမျိုးနွယ်စု ဒီမှာဆိုတော့...ရှေးဖီးနစ်မျိုးနွယ်စုလည်း ဒီမှာ ရှိနေနိုင်မလား?"
“......"
နဂါးနှင့် ဖီးနစ်မျိုးနွယ်စုများသည် ရှေးခေတ်ကတည်းက အချင်းချင်း မတည့်ကြသော မျိုးနွယ်စုများဖြစ်သော်လည်း ၊ သို့သော် ၎င်းတို့နှစ်ဦးစလုံးသည် ရှေးဟောင်း မကောင်းဆိုးဝါး မျိုးနွယ်စုဝင်များ ဖြစ်သောကြောင့် ဤနေရာသို့ ရောက်လာကြမည်မှာ သေချာသည် ။
ထင်ထားသည့်အတိုင်း ၊ ထိုအနှီလူ၏ စကားသံအဆုံးတွင် မိုးကုပ်စက်ဝိုင်းမှ နောက်ထပ် အမျိုးသမီးအသံ ထွက်ပေါ်လာသည်။
၎င်းနှင့်အတူ တဟုန်းဟုန်း တောက်လောက်နေသော အတောင်ပံ့များကို ဖြန့်ကားထားသည်မှာ အပူလေလှိုင်းများကို နှိုးဆော်နေပြီး ၊ ဆူနာမီ မီးတောက်များက လူးလိမ့်ရိုက်ခတ်လျက် ရှိသည်။
အလွန်အားကောင်းသော ရောင်ဝါများရှိသည့် လူငယ်ပါရမီရှင်များဖြစ်ကြပြီး ၊ အမျိုးသမီးပင်ဖြစ်စေ၊ အမျိုးသားပင်ဖြစ်စေ အလွန်ချောမောကြသည်။
၎င်းတို့၏ နားနှင့် မျက်တောင်များကို အနီရောင် အမွှေးများဖြင့် ဖုံးအုပ်ထားသည်။
အထူးသဖြင့် သူတို့၏ မျက်ခုံးကြားမှာ ထူးဆန်းသော အမှတ်တစ်ခု ရှိသည်။ နတ်မီးလျှံများ ဝန်းရံထားသော ဖီးနစ်သုံးကောင်နှင့် တူသည်။
ခေါင်းဆောင်အမျိုးသမီးသည် ရွှေဝါရောင်နှင့် အနီရောင် ရောစပ်ထားသော ဖီးနစ်ပုံစံများဖြင့် ရေးထိုးထားသည့် ဂါဝန်ရှည်ကို ဝတ်ဆင်ထားသည်။ ယင်းက သူမ၏ ကျောက်စိမ်းဖြူရောင် အသားအရည်တို့ကို ပိုမို ထင်ရှားပေါ်လွင်စေသည်။
သူမသည် စူးချန်ကဲကို တွေ့တော့ ဦးညွှတ်ပြီး ဆိုလိုက်သည်။
" ရှေးဟောင်း ဖီးနစ်မျိုးနွယ်စု ကျွန်မ ဖုန်းမုရှင်း ဆက်ခံသူရဲ့ နာမည်ကိုကြားဖူးတာကြာပြီ ၊ ဒီနေ့တော့ နှုတ်ဆက်ခွင့်ရခဲ့ပြီပဲ "
ထို့နောက် သူမက ဆက်ပြောပြန်သည်။
" ချန်ကဲ ဆက်ခံသူက ရှေးဟောင်း ဖီးနစ်မျိုးနွယ်စုကို သနားညှာတာသောအားဖြင့် ရှင့်ရဲ့ စီးတော်ယာဉ် သားရဲကောင်ကို ကျွန်မနဲ့ အပေးအယူလုပ်ဖို့ ဆန္ဒရှိပါသလား?"
"ကျွန်မတို့ ယုံမင်ဖီးနစ်ကို အလွန်စိတ်ဝင်စားတယ် ၊ ကျွန်မ မုရှင်းအနေနဲ့ ယုံမင်ဖီးနစ်ကို ဒီရှေးဟောင်း ဖီးနစ်သွေးအနှစ်သာရ သုံးစက်နှင့် လဲလှယ်ဖို့ ဆန္ဒရှိပါတယ်"
အပိုင်း(၃၀၀): ငါ့ ကွေးယွမ် သူတော်စင်
နယ်မြေက လူတွေ ရှိလားဟေ့?
ထိုစကားကို ကြားပြီးနောက်၊ စူးချန်ကဲက ပြုံးလေသည်။
တစ်ဖက်လူရဲ့ အဓိပ္ပါယ်ကို သူမသိဘဲ နေမလား။ မိမိသာလျှင် တခြားသူ၏ ကိစ္စများကိုဆုံးဖြတ်သည် ။ ဘယ်လူကများ သူ့ကို လာပြီး ဆုံးဖြတ်ပိုင်ခွင့်ရှိသလဲ?
စူးချန်ကဲက ပြုံးပြပြီး ပြန်ဖြေလိုက်သည်။
"အဲလောက်ထိ အလုပ်ရှုပ်ခံနေဖို့ မလိုဘူး ၊ လိုချင်တာများ မင်းတို့ကို အလကားပေးလိုက်မယ်"
ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် ၊ လူတိုင်း စူးချန်ကဲကို နားမလည်နိုင်စွာဖြင့် ကြည့်နေကြသည်။
လုံဟောက် နှင့် ဖုန်းမုရှင်းတို့နှစ်ဦးလုံး ပြုံးလိုက်ကြသည်။
သူတို့၏ အမြင်တွင် ဤကိစ္စသည် ဖြစ်သင့်သည်ဟု ယူဆထားသည်။ ယခုဆိုလျှင် ရှေးဟောင်း နဂါးမျိုးနွယ်စု နှင့် ရှေးဟောင်း ဖီးနစ်မျိုးနွယ်စု နှစ်ခုစလုံးသည် ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်းနှင့် မဟာမိတ် ဖွဲ့ထားခဲ့ပြီး ဖြစ်သည်။
ကွေးယွမ် သူတော်စင် နယ်မြေ ဖြစ်လျှင်တောင်မှ သူတို့ကို ထိပ်တိုက် တွေ့ဆုံရဲမည် မဟုတ်ချေ။။
ကွေးယွမ် သူတော်စင် နယ်မြေသည် ကမ္ဘာ့ကပ်ဘေး စစ်ပွဲနှင့် လူသား-မကောင်းဆိုးဝါး စစ်ပွဲကို ကြုံတွေ့ခဲ့ရပြီး အမွေအနှစ်များစွာကို ဆုံးရှုံးခဲ့ရပြီး ဖြစ်သောကြောင့် သူတို့အား အဘယ်ကြောင့် စော်ကားဝံ့မည်နည်း။
ထပ်ပြီး လူသား-မကောင်းဆိုးဝါး စစ်ပွဲ ဆင်နွှဲနိုင်ဦးမှာတဲ့လား ?
" ကျေးဇူးတင်ပါတယ် ချန်.....”
သို့သော် လုံဟောက်၏ စကားမဆုံးခင် ၊ စူးချန်ကဲက ဖြတ်ပြောလိုက်သည်။
"မင်းတို့ကို အလကားပေးရတဲ့အနေနဲ့ ငါက မင်းတို့ ရှေးဟောင်း နဂါးမျိုးနွယ်စု နဲ့ ရှေးဟောင်း ဖီးနစ်မျိုးနွယ်စုရဲ့ ခေါင်းဆောင်အဖြစ် လုပ်ခွင့်တောင်းရင် ဒါ သိပ်တော့ မလွန်ဘူးမလား?"
......
ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် ၊ လူအုပ်ကြီး တစ်ခုလုံး အေးစက်စွာ သက်ပြင်းချလိုက်ကြသည်။
ရှေးဟောင်း နဂါးမျိုးနွယ်နှင့် ရှေးဟောင်း ဖီးနစ်မျိုးနွယ်စုတို့၏ ခေါင်းဆောင်နှစ်ဦးသည် ၎င်းတို့၏ မျိုးနွယ်စုတွင် အလွန် အစွမ်းထက်သော ပုဂ္ဂိုလ်များ ဖြစ်သည်ကို သင် သိထားရမည်။
စူးချန်ကဲ၏ အပြုအမူသည် မျိုးနွယ်စု နှစ်ခုကို ပြင်းပြင်းထန်ထန် နှိမ့်ချလိုက်ရုံသာမကဘဲ ၊ ၎င်းတို့၏ ဂုဏ်သိက္ခာကိုလည်း အောက်သို့ ထိုးကျသွားစေခဲ့သည်။
ထင်ထားသည့်အတိုင်း ။
လုံဟောက် နှင့် ဖုန်းမုရှင်းတို့၏ မျက်လုံးများသည် ချက်ချင်း အေးစက်သွားကာ ပြင်းထန်သော လူသတ်လိုစိတ်များ ထွက်ပေါ်လာသည်။ ၎င်းတို့၏ အကြည့်များသည် စူးချန်ကဲအား အပိုင်းပိုင်း ဖြတ်တောက်ပစ်ချင်ပုံ ရသည်။
" ချန်ကဲ ဆက်ခံသူ နောက်နေတာလား ဗျ ?"
လုံဟောက်သည် သူ့နှလုံးသားထဲက လူသတ်လိုစိတ်များကို မျိုသိပ်ရင်း မေးလိုက်သည်။
" ချန်ကဲ ဆက်ခံသူ အနေနဲ့ ရှေးဟောင်း မျိုးနွယ်စု နှစ်ခုကို ခုလို မထီမဲ့မြင်ပြုမှုတာ ၊ အဲ့အတွက် နောက်ဆက်တွဲကို သေချာစဉ်းစားသင့်တယ်!"
“ဟာသပဲ "
စူးချန်ကဲသည် မေးစေ့ကို အနည်းငယ် မြှောက်လိုက်ပြီး ရွဲ့စောင်းသော အကြည့်ဖြင့် ဆိုလိုက်သည်။
"မင်းက ဘာကောင်လဲ ၊ မင်း မပြောနဲ့ မင်းအဖိုးလာတောင် ငါ ဂရုမစိုက်ဘူး"
“မင်း....!”
" ဟားဟား ! တကယ်ကို လျှာထက်ပါပေတယ် ၊ နာမည်ကြီးလှတဲ့ ချန်ကဲ ဆက်ခံသူက လေကြီးလေကျယ်ပဲ ပြောတတ်တာလား?"
"ကျုပ်အမြင်အရ ၊ အဲဒါထက် ဘာမှ မပိုဘူး"
ထိုအချိန် ၊ မိုးကုတ်စက်ဝိုင်း တစ်နေရာမှ နောက်ထပ် အမျိုးသားသံ ထွက်ပေါ်လာခဲ့ပြန်သည်။
ကောင်းကင်ယံ၌ တိမ်တိုက်များ လွင့်မျောလျက် ရှိနေပြီး ၊
ထိုအနှီ အမျိုးသား၏ ဟောက်သံသည် ဧရိယာတစ်ခုလုံးကို ထူထဲစွာ ဖုံးအုပ်ထားသော တိမ်တိုက်များထဲမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ထိုနေရာတွင် ၊ အလွန် ကြီးမားသော ဦးချိုကြီးများ ရှိနေသည်။
အထူးသဖြင့်၊၎င်းတို့၏ ဦးခေါင်းပေါ်ရှိ ဧရာမချိုကြီးများသည် သေဆုံးသွားသော အာဏာရှင် နတ်ဆိုးနဂါး၏ ဦးချိုထက် မသေးပေ။ သို့မဟုတ် ပိုတောင် ကြီးနိုင်သည်။
ခေါင်းလောင်းသဖွယ် ကျွဲတစ်ကောင်၏ ဟောက်သံနှင့်အတူ ၊ အဆုံးမရှိသော နိယာမတရားများနှင့် ကြီးကျယ်ခမ်းနားသော မိုးကြိုးစွမ်းအားများ ပေါင်းစပ်ထားသော ဧရာမ မိုးကြိုးကျွဲတို့ ရုတ်တရက် ရောက်ချလာခဲ့သည်။
" ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်းက ရှေးဟောင်း မန်နျုံမျိုးနွယ်စုရဲ့ ဆက်ခံသူပဲ ! နျုံမိုထျန်း!"
T/N- နျုံ - ကျွဲ ၊ နွား
" သူ့ရဲ့ ကျင့်ကြံဆင့်က ထိပ်တန်း သူတော်စင် နယ်ပယ် အထွတ်အထိပ်တောင် ရောက်နေပြီပဲ!"
" မဟုတ်သေးပါဘူး! သူ့ရဲ့ ရောင်ဝါက သာမန် သူတော်စင်တွေနဲ့ လုံးဝမတူဘူး!"
“......”
လူတိုင်း တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။ နျုံမိုထျန်း၏ ရောက်ရှိလာမှုသည် လေထုကို ပို၍ သက်ဝင်စေခဲ့သည်မှာ သေချာသည်။
စူးချန်ကဲသည် မျက်ခုံးပင့်ကာ အသံလားရာကို တချက် ကြည့်လိုက်သည်။
၎င်းသည် ခရမ်းရောင် နတ်ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားပြီး သူ၏ဦးခေါင်းတွင် ဦးချိုတစ်စုံ ပါရှိသည်။ ထို့အပြင် သန်မာသောကြွက်သားများ၊ ထွားကြိုင်းသော ခန္ဓာကိုယ်အပြင် မျက်နှာလေးထောင့်ကျသော အမျိုးသားတစ်ဦး ဖြစ်ပြီး ၊ ၎င်းသည် သက်ဝင်လှုပ်ရှားနေသော မိုးကြိုးတိမ်တိုက်တွေထဲက ထွက်ပေါ်လာသည်။
ထိုနေရာတွင် ရပ်နေရုံဖြင့် သွေးချီ စွမ်းအင်လှိုင်းများက တသိမ့်သိမ့် ရိုက်ခတ်လှုပ်ရှားနေသည်။
နျုံမိုထျန်းသည် မိမိကိုယ်ကို ဂုဏ်ယူဝင့်ကြွားသော မျက်နှာထားဖြင့် စူးချန်ကဲအား တုံ့ဆိုင်းခြင်းမရှိ စိုက်ကြည့်နေသည်။ နက်ရှိုင်းသော သူ့မျက်လုံးများသည် မောက်မာမှုများနှင့် ပြည့်နှက်နေသည်။
" ဒါက စူးချန်ကဲဆိုတာလား?"
" အရည်အချင်း အနည်းငယ်တော့ ရှိပါတယ် ဒါပေမဲ့ ငါက ကောင်းကင်လမ်းစဉ်ရဲ့ အမွေအနှစ်ကို ဆက်ခံထားတာ ၊ ကောင်းကင်လမ်းစဉ်ရဲ့ သားတော်တစ်ပါး ဖြစ်ရုံတင်မကဘူး ကောင်းကင်လမ်းစဉ်ရဲ့ ကောင်းချီးနဲ့အတူ ထိပ်တန်း သူတော်စင် အထွပ်အထိပ်အဆင့်ကို ချိုးဖြတ်နိုင်ခဲ့ပြီ "
" စူးချန်ကဲဆိုရော ဘာဖြစ်လဲ? ဟာသပဲ!"
ဤအရာသည် နျုံမိုထျန်းစဉ်းစားထားသည့် အရာပင်။
" ဒီရင်းနှီးနေတဲ့ ရောင်ဝါက ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က ဟိုကောင်တွေရဲ့ ရောင်ဝါပဲ .."
တစ်စုံတစ်ခုကို နားလည်ခဲ့ပြီးနောက် စူးချန်ကဲသည် နျုံမိုထျန်း ကိုယ်ပေါ်မှ သဲလွန်စ တချို့ကို ရှာတွေ့ခဲ့သည်။
" ဘိုးဘေးက ကောင်းကင်လမ်းစဉ်ရဲ့ သားတော်လေးပါး ပေါ်ထွက်လာပြီ ဖြစ်ကြောင်းကို ငါ့ကို ပြောခဲ့ဖူးတယ် ၊ ငါရှေ့က ကောင်က သူတို့ထဲက တစ်ယောက်ဖြစ်နိုင်မလား....?"
သို့သော် စူးချန်ကဲသည် ဂရုမစိုက်ပေ။ ကောင်းကင်လမ်းစဉ်ရဲ့ သားတော်ဆိုလည်း ဘာဖြစ်လဲ?
ရှေ့ဆက် လျှောက်လှမ်းမဲ့ခရီးအတွက် သူ နင်းရမည့် လှေကားထစ် အဆင့်သာပင်။
ဒုန်း !!
ထိုစဉ် ၊
မူလက ကောင်းကင်အထက်တွင် ရပ်ဆိုင်းနေသော ဧရာမမုခ်ပေါက်ကြီးသည် ပြင်းထန်သော အသံနှင့်အတူ ပေါက်ကွဲသွားပြီး၊ မုခ်တစ်ခုလုံးပင် အနည်းငယ် တုန်ခါသွားသည်။
" အားကောင်းလွန်းတဲ့ အာကာသ စွမ်းအားပဲ !"
လူတိုင်း၏ ထိတ်လန့်နေကြသော အကြည့်များအောက်တွင် ၊ တောက်ပသော အာကာသ မှော်သင်္ကေတများသည် မုခ်ပေါက် ကို တင်းကျပ်စွာ ရစ်ပတ် ထားပြီး၊ နောက်ဆုံးတွင် မုခ်ပေါက်သည် ရွဲ့စောင်းကာ ပြောင်းလဲနေသည်။
ထို့နောက်တွင် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ၊ ထူးဆန်းသော အနက်ရောင် မုခ်ပေါက်အဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။
မူလက အနီရင့်ရောင်ရှိသော ရှေးတံခါးကြီးသည် တဖြည်းဖြည်း ပိုမို နီမြန်းလာခဲ့ပြီး ဝင်းထိန်တောက်ပသွားသည်။
အချိန်အနည်းငယ်ကြာပြီးနောက်။
ပြောင်းလဲမှုများ တဖြည်းဖြည်း ရပ်တန့်သွားပြီး နောက်တွင်၊ လူတိုင်း ၎င်းတို့ရှေ့မှ မြင်ကွင်းကြောင့် တအံ့တဩဖြစ်နေကြသည်။
ထိုမုခ်ပေါက်သည် ဗလာနယ်မြေ မဟုတ်တော့ဘဲ ၊ယင်းအစား အခြားကမ္ဘာတစ်ခုဆီသို့ ဦးတည်နေသကဲ့သို့ ထူးဆန်းသော အာကာသ လှိုင်းဂယက်များဖြင့် ပြည့်နှက်နေသည်။
“ ကျုံယုံ(ငရဲကိုးထပ်)!!”
လူတိုင်း စိတ်လှုပ်ရှားနေသော အကြည့်များဖြင့်။
မူလက စူးချန်ကဲကို ထိပ်တိုက် ရင်ဆိုင်ရန် ပြင်ဆင်နေကြသော မကောင်းဆိုးဝါး မျိုးနွယ်စုစုဝင် တော်တော်များများသည်လည်း စိတ်လှုပ်ရှားနေကြသည်။
နောက်အခိုက်အတန့်တွင် ၊သူတို့သည် ဒဏ္ဍာရီထဲက လူဝင်စားမြစ်ကို ရှာတွေ့နိုင်တော့မည်ဟု ထင်မှတ်ထားကြပုံပင်။
“သွားမယ်! ကျုံယုံ(ငရဲကိုးထပ်)ကို သွားကြမယ်!”
လုံဟောက်သည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
ချွင်——
ထိုစဉ် ၊ နဂါးဟောက်သံအတိုင်း စူးရှသော ဓားသွားသံ ထွက်ပေါ်လာခဲ့ပြီး တစ်ချိန်တည်းမှာပင် စူးရှတောက်ပသော ဓားအလင်းသည် အမှောင်ညကို ဖြတ်သန်း၍ ဤနေရာတစ်ခုလုံးကို ဖျက်ခနဲ့ ဝင်းထိန်သွားစေသည်။
လုံဟောက်သာ မြန်မြန်ဆန်ဆန် မတုံ့ပြန်ခဲ့ပါက ၊ ထိုဓားသွားသည် သူ့ကို တိုက်ရိုက် ခုတ်ပိုင်းပစ်နိုင်သည်။
" စူးချန်ကဲ ! မင်း ငါ့ကို တမင် ရန်စနေတာဘား!?"
လုံဟောက်၏ နဖူးသွေးကြောများ ထောင်တတ်လာသည်။ အကယ်၍ သူတို့သာ စူးချန်ကဲနှင့် ထိပ်တိုက် ရင်ဆိုင်ရန် ကြိုတင် ပြင်ဆင်ထားခြင်း မရှိပါက ၊
သူသည် စူးချန်ကဲ၏ တိုက်ခိုက်မှုကို ခုခံဖို့ရာ မဖြစ်နိုင်ချေ။
"ဒါက စောနက ငါ ထူးဆန်းတဲ့ အကောင်ကို ရှင်းခဲ့လို့ပဲ ၊ မင်းတို့ကို အရင်ပေးဝင်စရာလား"
စူးချန်ကဲ၏ လေသံသည် အေးစက်နေသည်။ "ဒီကနေ ထွက်သွားစမ်း!"
"မင်း...! စူးချန်ကဲ ၊ ဒီ ကျုံယုံ(ငရဲကိုးထပ်) လက်ရည်စမ်းပွဲ က လူတိုင်းက သတ်မှတ်ထားတဲ့ စည်းမျဉ်းတစ်ခုပဲ ၊ဘာလဲ မင်းတစ်ယောက်တည်း မျိုစို့ချင်တာလား!"
လုံဟောက်သည် အခွင့်အရေး တစ်ခုကို ရှာတွေ့သွားခဲ့ပုံရကာ စူးချန်ကဲအား လူမုန်းများအောင် ပြောဆိုလိုက်သည်။
" ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဆက်ခံသူက တကယ်ကို ကြီးစိုးပြီး ကြီးကျယ်မြင့်မြတ်လှပါပေတယ်"
"ဟာဟား... ချန်ကဲ ဆက်ခံသူက တစ်ယောက်တည်း လက်ဝါးကြီအုပ်ချင်နေမှတော့ သူ့ကို ဘာလို့ မပေးနိုင်ရမှာလဲ?"
ဖုန်းမုရှင်းသည်လည်း ယခု အခြေအနေကို အခွင့်ကောင်းယူကာ မီးလောင်ရာလေပင့်လိုက်သည်။
အထူးသဖြင့် " တစ်ယောက်တည်း" ဟူသော စကားလုံးကို အလေးပေးပြောဆိုလိုက်သည်။
သူမသည် စူးချန်ကဲအား လူထု၏ ဝေဖန်မှု ပစ်မှတ် အဖြစ်သို့ ပြောင်းလဲလိုသည်မှာ ထင်ရှားသည်။
သို့သော် စူးချန်ကဲ၏ စိတ်ထဲတွင် လှောင်ရယ်နေခဲ့သည်။ သူသည် မိမိအစီအစဉ်၏ နောက်တဆင့်ကို မည်သို့ ဆက်လုပ်ရမည်ကို စိုးရိမ်နေခဲ့သော်လည်း ၊ တစ်ဖက်လူသည် သူ၏ အစီအစဉ်ကို အောင်မြင်ရန် အစပျိုးပေးခဲ့သည်။
" မင်းတို့သုံးယောက်က မကောင်းဆိုးဝါး မျိုးနွယ်စုဝင် ထိပ်တန်း အင်အားစုဖြစ်တဲ့ ဆက်ခံသူတွေ မဟုတ်လား ၊ ပိုပြီး သန်မာလေ တာဝန်ပိုကြီးလေ ဆိုတဲ့ ဆိုရိုးစကား ရှိတယ်လေ"
" မင်းတို့ရဲ့ ကယ်တင်ပေးမှုကို လိုအပ်တဲ့ လူသားကျင့်ကြံသူတွေကို ငါ ထည့်မပြောသေးဘူး ဒါပေမဲ့ မင်းတို့ မျိုးနွယ်ဝင်အချင်းချင်းကိုတောင် မင်းတို့ မကယ်ဘဲ ပစ်ထားခဲ့တယ် "
ပတ်ဝန်းကျင်သည် အလွန် တိတ်ဆိတ်နေသောကြောင့် စူးချန်ကဲ၏ အသံကို လူတိုင်း ရှင်းရှင်းလင်းလင်း ကြားနေရသည်။
" ထူးဆန်းတဲ့ သတ္တဝါကောင်တွေရဲ့ သတ်ဖြတ်မှုကို ဒီတိုင်း လက်ပိုက်ကြည့်နေခဲ့တယ် နောက်ဆုံးတော့ လူသားတစ်ယောက် ဖြစ်တဲ့ ငါကပဲ မင်းတို့ မကောင်းဆိုးဝါး မျိုးနွယ်စုဝင်တွေကို ကယ်တင်ပေးခဲ့တယ် ၊ ဒါကို မင်းတို့က ငါ့ကို ဆဲဆိုနေတယ်ပေါ့ "
"ဒါက မင်းတို့ပါးစပ်က ပြောနေတဲ့ မကောင်းဆိုးဝါး မျိုးနွယ်စုဝင် ထိပ်တန်း အင်အားစုဖြစ်တဲ့ ဆက်ခံသူတွေတဲ့လား? သိပ်ကို ရယ်စရာကောင်းတာပဲ!"
" စူးချန်ကဲ ! မင်းကိုယ်မင်း သူတော်ကောင်းလို ဟန်ဆောင်နေတာ ရပ်လိုက်စမ်း!"
ရှေးဟောင်း နဂါးမျိုးနွယ်စု၏ ခေါင်းဆောင် လုံဟောက်က အေးစက်စွာ ပြောလိုက်သည်။
"မင်း ဘာကြံနေလဲဆိုတာ ငါတို့မသိဘူးလို့ ထင်နေတာလား"
စူးချန်ကဲက အနည်းငယ် ပြုံးလိုက်ပြီး။
" ဟုတ်တော့ရော ဘာဖြစ်လဲ? မဟုတ်တော့ရော ဘာဖြစ်လဲ ၊ ဘာပဲဖြစ်ဖြစ် ငါ ဒီလူတွေကို ကယ်တင်ပေးခဲ့တယ် မဟုတ်လား?"
" ဘေးကနေ ရပ်ပြီး ပွဲကြည့်နေခဲ့တဲ့ သူတွေက သိပ်ကို ရယ်စရာကောင်းတယ်"
“မင်း...!”
လီဟောက် ပြောစရာမဲ့သွားသည်။ မကျေနပ်သော်လည်း သို့သော် စူးချန်ကဲပြောသည့် စကားသည် တကယ့် အမှန်တရားပင် ဖြစ်သည်။
"ဟာဟား... ချန်ကဲ ဆက်ခံသူက အစွမ်းကုန် တိုက်ခိုက်ပေးခဲ့တာဆိုတော့ ၊ စွမ်းအင်တွေ အတော်လေး ဖြုန်းမိလိုက်မှာပဲ"
ထိုအချိန်တွင်၊ ဖုန်းမုရှင်းက ပြုံးကာ ထပ်ဆိုလိုက်သည်။
" ချန်ကဲ ဆက်ခံသူ က အလွန်ကို နာမည်ကြီးတော့ ကျုံယုံ(ငရဲကိုးထပ်)ထဲကို ဝင်ရောက်တဲ့အခါ တခြားသူတွေရဲ့ ပစ်မှတ် မခံရအောင် သတိထားဦးနော်"
ထိုစကားကို ကြားလိုက်ရသည်နှင့် လူတိုင်း မျက်လုံး ပြူးသွားကြသည်။
ဒီစကားလုံးတွေရဲ့ အဓိပ္ပါယ်ကို သူတို့ မသိဘဲ နေမလား? ဒါ ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်နေတာပဲ!
"ဟာဟားဟား၊ ချန်ကဲ ဆက်ခံသူက တခြားသူတွေကို ကူညီဖို့ သူ့ကိုယ်သူ စတေးဖို့ အဆင်သင့် ဖြစ်နေပြီ ထင်တယ်!"
ထိုအချိန် ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်းမှ နျုံမိုထျန်းကလည်း ထဆိုလာသည်။
" ဟာသပဲ! အပြင်လူအတွက်နဲ့ ကိုယ့်ရဲ့ သူတော်စင် နယ်မြေကို အဆုံးရှုံးခံတာ၊ ဒါ ဆက်ခံသူ တစ်ယောက်ရဲ့ လုပ်ရပ်တဲ့လား?"
ထိုစကားကြားပြီးနောက် ၊ စူးချန်ကဲ ပို၍ပင် ရယ်ချင်လာသည်။
"ဟုတ်လား?"
"မင်းက ကွေးယွမ် သူတော်စင် နယ်မြေကို အရမ်း ဂရုစိုက်ပေးနေတော့လည်း ဒါဆို မင်းကို စိတ်ပူစရာမလိုဘူးလို့ ငါ ပြောပေးမယ်"
"ဘာလို့လဲဆိုတော့ ငါ့ရဲ့ ကွေးယွမ် သူတော်စင် နယ်မြေက မင်းတို့ထက် အများကြီး ပိုပြီး သန်မာတယ်"
စူးချန်ကဲ၏ အပြုံးသည် မှိန်ဖျော့သွားပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"ငါ့ ကွေးယွမ် သူတော်စင် နယ်မြေက လူတွေ ရှိလားဟေ့!?"
အပိုင်း(၃၀၁): ဘယ်သူကမှ ပြန်မပြောဝံ့တဲ့ ပြင်းထန်တဲ့ ခြိမ်းခြောက်မှု
ဂျိန်း!
ထိုအချိန် ၊ အမှောင်ညတွင် မရေမတွက်နိုင်သော မိုးခြိမ်းသံများဖြင့် ဆူညံသွားသည်။
အာကာသအက်ကြောင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ၊
တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်စွမ်းအားများက လေထုကို လွှမ်းခြုံထားသည်။
အမျိုးမျိုးသော နိယာမတရားများသည် သက်ဝင်လှုပ်ရှားနေသော ရွှေရောင် တိမ်တိုက်များအဖြစ်သို့ ပြောင်းလဲသွားသည်။
ရွှေရောင်တိမ်တိုက်များသည် ကောင်းကင်ဘုံ ကိုးထပ် အဖြစ် စုဝေးသွားသကဲ့သို့ ၊ တိမ်လွှာများသည် အထပ်ထပ် ရှိနေသည်။
ထိုတိမ်တိုက်များကြားတွင် ရေမတွက်နိုင်သော ပုံရိပ်များ ရှိနေသည်။
သူတို့အားလုံးသည် ချောမောသော ငယ်ရွယ်သူများဖြစ်ကြသော်လည်း ၊ သို့သော် သူတို့အားလုံးသည် အလွန်ကြောက်စရာကောင်းသော ရောင်ဝါများကို ဖြန့်ကျက်ထားကြသည်။
သူတို့အားလုံးသည် မဟာ သူတော်စင် အရှင် နယ်ပယ်အဆင့်ရှိ သန်မာသူများပင်ဖြစ်သည်။
ကျင့်ကြံဆင့် နိမ့်သောသူများကို ဖော်ပြရလျှင်ဖြင့် သူတော်စင်အရှင် ကနဦးအဆင့်သာ ရှိသည်။
လူကို ပို၍ ကြောက်စရာကောင်းစေသည့် အရာမှာ သူတော်စင် အရှင် လူငယ်အုပ်စုကြီး၏ ရှေ့တွင် လီဟောက်ထျန်းကဲ့သို့ စွမ်းအားကြီးမားသော ပုဂ္ဂိုလ်များ ရပ်နေကြခြင်းပင်။
သူတော်စင် ခန္ဓာကိုယ်၏ ကောင်းချီးပေးမှုအောက်တွင် ၊ သူတို့၏ အသွေးအသားများသည် ပို၍ သန့်စင်လာသည်။
ပြိုးပြိုးပြက်ပြက် ထိန်လင်းနေသော နေသုံးစင်းကဲ့သို့ ထိပ်တန်းသူတော်စင် ကျင့်ကြံဆင့် ရှိသည့် စွမ်းအားတို့သည် တဟုန်ထိုး မြှင့်တတ်လျက်ရှိသည်။
အထူးသဖြင့် သူတော်စင် ဧကရာဇ် အထွတ်အထိပ် နယ်ပယ်အဆင့်ကို ရောက်ရှိထားသော အရိုးဖြူ ပင်လယ် ဘုရင်မ၏ ရောင်ဝါသည် ပို၍ပင် ကြောက်စရာကောင်းပေးသည်။
" ကွေးယွမ် သူတော်စင် နယ်မြေက စည်းမျဉ်းကို ဖောက်ဖျက်တယ်! ဒီလျှို့ဝှက်နယ်မြေထဲကို စွမ်းအားရှင်လူငယ်တွေသာ ပါဝင်ရမယ်လို့ပြောထားတယ်မဟုတ်လား?!"
" အခုတော့ သူတော်စင် ဧကရာဇ် အထွတ်အထိပ် နယ်ပယ်အဆင့်ရှိတဲ့ စွမ်းအားရှင်ကို စေလွှတ်လိုက်တာ ဒါလုံးဝကို စည်းကမ်းဖောက်ဖျက်နေတာပဲ!"
"လျှောက်ပြောမနေနဲ့တော့ မင်းရူးနေလား? အဲ့အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကနေ ဖြာထွက်လာတဲ့ ရောင်ဝါကို ကြည့်ရင် သူမက သက်တမ်းနုသေးတယ် ၊ နှစ်တစ်ရာကျော်သာ ကျင့်ကြံရသေးတယ် "
"နှစ်တစ်ရာကျော်လေးနဲ့ သူတော်စင် ဧကရာဇ် အထွတ်အထိပ်? ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!?"
“......”
ဤအခင်းအကျင်းသည် လူအုပ်ကြီးကို ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သည်။
သို့သော် သူတို့အားလုံးမသိခဲ့သည်မှာ အရိုးဖြူ ပင်လယ် ဘုရင်မသည် ယနေ့ခေတ်က လူ မဟုတ်ခဲ့ချေ။
ထို့အပြင်၊ သူမတွင် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး၏ သွေးများ ပါရှိနေသောကြောင့် ထိုသို့သော အရည်အချင်းများရှိနေခြင်းသည် အဆန်းတော့ မဟုတ်ပေ။
" ချန်ကဲ ဆက်ခံသူကို ဂါရဝပြုပါတယ် ၊ ချန်ကဲ ဆက်ခံသူအတွက် အရာအားလုံးကို ချေမှုန်းဖို့ ဆန္ဒရှိပါတယ် !"
" ချန်ကဲ ဆက်ခံသူကို ဂါရဝပြုပါတယ် ၊ ချန်ကဲ ဆက်ခံသူအတွက် အရာအားလုံးကို ချေမှုန်းဖို့ ဆန္ဒရှိပါတယ် !"
“......”
ဝေဟင်ထက်တွင်၊ ကွေးယွမ် သူတော်စင် နယ်မြေ ၏ တပည့်များအားလုံးသည် စူးချန်ကဲ၏ ဦးတည်ရာဘက်ဆီသို့ ဂါရဝတရားပြုကြလေသည်။
၎င်းတို့၏ အသံသည် မိုးခြိမ်းသံကဲ့သို့ အရပ်မျက်နှာ တစ်ခုလုံးကို တုန်ခါသွားစေသည် ။
အသံလှိုင်းများကို ပို၍ ကြောက်စရာကောင်းစေရန် မိမိတို့၏ သူတော်စင်စွမ်းအားများကို တမင်တကာ သုံးခဲ့လေသလား မသိ။
ယင်းအသံလှိုင်းများသည် လူတို့၏ စိတ်ဝိညာဉ်များထဲသို့ တိုက်ရိုက် ဝင်ရောက်ကာ တုန်လှုပ်ချောက်ချားစေသည့် စွမ်းအားများ ပါရှိသည်။
ဤမြင်ကွင်းသည် လူတိုင်းအပေါ် ကြီးမားသော အကျိုးသက်ရောက်မှု ဖြစ်ခဲ့သည်မှာ သံသယဝင်စရာ မရှိချေ။
ဒီလောက်များပြားတဲ့ သူတော်စင် ပါရမီရှင်တွေ ၊ ဒါတင်မကဘူး သူတို့အားလုံးက ထိပ်တန်း ဖြစ်တည်မှုတွေလေ!
ယင်းက သူတို့အားလုံးကို တစ်ချိန်က ဖြစ်ခဲ့သော ကြောက်စရာကောင်းသော ကိစ္စရပ်ကြီးကိုတွေးမိသွားစေသည် ။ ခွင်းလွင်တောင်ခရီးစဉ်!
ကွေးယွမ် သူတော်စင် နယ်မြေမှ တပည့်များစွာသည် မိမိကိုယ်ပိုင်စွမ်းအားကို အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ စူးချန်ကဲ၏ နောက်သို့ ပြောင်းရွှေ့ခဲ့ကြသည် ။
စူးချန်ကဲ၏ ပုံသဏ္ဍာန်သည် အလွန်အမင်း ခံ့ညားထည်ဝါစွာ ရှိနေလေ၏။
"မင်းတို့အားလုံးမှာ အတွေးကိုယ်စီ ရှိကြတာ ငါသိတယ်"
"ဒါပေမယ့် ဒီတစ်ခါတော့ မင်းတို့ ကစားချင်သေးတယ် ဆိုရင်လည်း ငါ မင်းတို့ကို အဆုံးထိ အဖော်ပြုပေးမယ်"
စူးချန်ကဲသည် ဓားနှင့်တူသော သူ၏ မျက်လုံးများဖြင့် ဘေးပတ်ပတ်လည်ကို ကြည့်ရှုလိုက်သည်။
တခြားသော ပါရမီရှင် တပည့်တို့သည် ပြန်မကြည့်ဝံ့ဘဲ ခေါင်းငုံ့ထားကြသည်။
" ဒီတစ်ခေါက်တော့ ခွင်းလွင်တောင်လို မဖြစ်ဖို့ မျှော်လင့်ပါတယ်"
စူးချန်ကဲသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး။
"မင်းတို့ အစွမ်းကုန် ကြိုးစားတောင် နောက်ဆုံးမှာတော့ မင်းတို့က ငါ့ရန်သူ မဖြစ်နိုင်သေးဘူး"
" မဟုတ်ရင် ရယ်စရာဖြစ်နေလိမ့်မယ်"
ထို့နောက် စူးချန်ကဲသည် ယုံမင်ဖီးနစ်ပေါ်သို့ ခြေချလိုက်သည်။
ခမ်းနားထည်ဝါသော မဲမှောင်ကာ တောက်ပြောင်နေသော ဖီးနစ်ကိုယ်ထည်သည် စူးချန်ကဲ၏ အဖြူရောင် အဝတ်အစားများကို ပိုမိုတောက်ပစေပြီး ၊ လူကို မိမိုက်စေသော အမြင်အာရုံကို ပေးစွမ်းနေသည်။
" လော့ရန်ယွီ ၊ မင်းရဲ့လူတွေကို ခေါ် ၊ ငါတို့ သွားကြစို့"
စူးချန်ကဲသည် လော့ရန်ယွီဘက်ကို လှည့်ကာ ပြောလိုက်သည်။
“အမ်...အွန်း...."
လော့ရန်ယွီတစ်ယောက် တိုးတိုးလေး ညည်းညူလိုက်သည်။
"ဘာတုန်း ဟ..... သူ့မှာ ဒီလောက် အစွမ်းထက်တဲ့ စွမ်းအားရှင်တွေ ရှိနေတာတောင် ငါနဲ့ လက်တွဲတယ်..."
"ငါ့ကို အမြောက်ဆံ လုပ်ဖို့ ကြံစည်နေတာလား...?"
စူးချန်ကဲတွင် သူတော်စင်ကိုယ်ထည်များ ပိုင်ရှင် သူတော်စင်သုံးဦးအပြင် ၊ သူတော်စင် ဧကရာဇ် အထွပ်အထိပ် အဆင့်ရှိသော ဆံနွယ်ဖြူ အမျိုးသမီးတစ်ဦးလည်း ရှိသည်။
အရိုးဖြူ ပင်လယ် ဘုရင်မ၏ ခွန်အားသည် သူမထက် နိမ့်ကျမည် မဟုတ်မှန်းကို သူမ အာမခံနိုင်သည်။ ထို့အပြင် မိမိပင်လျှင် သူမကို အနိုင်ယူနိုင်မည် မဟုတ်ချေ။
သို့သော် စူးချန်ကဲသည် ဒါနဲ့တင် မလုံလောက်သေးဘဲ သူမကို လက်တွဲရန် ဖိတ်ခေါ်ခဲ့သည်။
မဟုတ်မှလွဲရော ဒါ တမင်သက်သက် သူ့ကို လိမ်ညာနေတာ မဟုတ်ဘူးလား?
သို့သော် စူးချန်ကဲသည် ထိုကဲ့သို့ မတွေးခဲ့ချေ။
ဤကျုံယုံ(ငရဲကိုးထပ်) ခရီးစဉ်တွင် ရောက်လာသော အင်အားစုများသည် တိုက်မြေသုံးထောင် တစ်ဝှမ်းတွင် ထိပ်တန်း အဖြစ် တည်ရှိနေသော အင်အားစုများပင် ဖြစ်သည်။
မူလက သူသည် အမှောင်ထဲတွင် ပုန်းအောင်းနေသော လူများကို ဆွဲခေါ်ထုတ်ရန် ကြံစည်ခဲ့သည်။
သို့သော် တစ်ဖက်အဖွဲ့သည် နက်ရှိုင်းစွာ ပုန်းအောင်းနေဆဲပင် ဖြစ်သည်။
နောက်ဆုံးတွင်၊ ရှေးဟောင်း နဂါးမျိုးနွယ်၊ ရှေးဟောင်း ဖီးနစ်မျိုးနွယ်စုနှင့် ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်းစသည့် အင်အားစု သုံးစုသာ ထွက်ပေါ်လာခဲ့သည်။
ကျုံယုံ(ငရဲကိုးထပ်)၏ မုခ်ပေါက်ထဲသို့ မဝင်ရောက်ခင် ။
ဆောင်းဥတု၏ အေးစက်သော လရောင်အောက်တွင် ကြယ်များက မှိတ်တုပ် မှိတ်တုပ် တောက်ပလျက် ၊ အေးစက်သော လေညှင်းများက လူကို ဖြတ်၍ တိုက်ခတ်နေသည်။
လေအေး၏ တစ်ချက် အဝှေ့တွင် သစ်ရွက်များ လွင့်စင်သွားပြီး ၊ တစ်ချိန်တည်းမှာပင် စူးချန်ကဲ၏ ဝတ်ရုံဖြူ နှင့် ဆံနွယ်တို့သည်လည်း အနည်းငယ် လွင့်ပျံနေသည်။
သူသည် တစ်စုံတစ်ခုကို ခံစားမိလိုက်ပုံရသည်။
စူးချန်ကဲသည် အမှောင်ဧရိယာကို တချက် ပြန်ကြည့်လိုက်သည်။。
“ ရင်းနှီးတဲ့အငွေ့အသက်ပဲ ...”
" မိတ်ဆွေဟောင်းလား?"
စူးချန်ကဲ၏ နှုတ်ခမ်းသားများသည် အနည်းငယ် ကွေးညွှတ်သွားသည်။
" ငါတို့နောက်တစ်ခါ ပြန်ဆုံနိုင်မယ်လို့ မျှော်လင့်ပါတယ်"
ထိုသို့ပြောပြီးနောက်၊ သူသည် ကွေးယွမ် သူတော်စင် နယ်မြေမှ တပည့်သားများကို ဦးဆောင်ကာ ကျုံယုံ(ငရဲကိုးထပ်)ထဲသို့ ဝင်ရောက်သွားခဲ့သည်။
ပုံရိပ်တို့သည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့လေပြီ။
......
ပတ်ဝန်းကျင်ရှိ လူတိုင်း နှုတ်ဆိတ်နေကြသည်။
သူတို့အားလုံးသည် ပျောက်ကွယ်သွားပြီ ဖြစ်သော လူအုပ်ကြီးကို ခံစားချက်အပြည့်ဖြင့် ငေးကြည့်နေမိသည်။
" ကောလဟာလတွေထဲက အတိုင်းပဲ ၊ ချန်ကဲ ဆက်ခံသူက အရမ်းကို လွှမ်းမိုးနိုင်တာပဲ!"
" အိုင်း ! ချန်ကဲ ဆက်ခံသူက ကံကောင်းခြင်းရဲ့ သားတော်တစ်ပါးလို့တောင် ဖော်ပြလို့ မရတော့ဘူး ၊ ပုံမှန်အရာတွေထက် ကျော်လွန်တဲ့ တည်ရှိမှု ဆိုတော့လည်း ခုလို မာနမျိုး ရှိတာ ဖြစ်သင့်ပါတယ်"
" စောနက ချန်ကဲ ဆက်ခံသူ ပြောသွားတဲ့ စကားအရ ...ကျုံယုံ(ငရဲကိုးထပ်)မှာ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ထပ်ပြီး ဖြစ်ပွားဦိးမှာကို စိုးရတယ်!"
ထိုစကားကို နားထောင်ရင်း လူတိုင်း ခေါင်းညိတ်နေကြသည်။
ကျုံယုံ(ငရဲကိုးထပ်)ရှိ လူဝင်စားမြစ်တွင် မရေမတွက်နိုင်သော လျှို့ဝှက်ချက်များစွာ ရှိနေပြီး ၊ထိုနေရာသည် မျိုးနွယ်စုပေါင်းစုံမှ ဧကရာဇ်များ၏ မြေချရာနေရာဟု ကောလဟာလများ ထွက်ပေါ်ခဲ့ဖူးသည်။
ထို့အပြင် ဧကရာဇ်မင်းတို့၏ အထက် ဖြစ်တည်မှုများပင် ရှိသည်ဟုဆိုကြသည်။
သင်သာ အခွင့်အလမ်းကောင်းများ ရယူနိုင်ပါက... သင်သည် ကောင်းကင်ကို ခြေတစ်လှမ်းနဲ့တင် တတ်ရောက်နိုင်မည်ဟု ဆိုရမည်။
သို့သော် ကြီးမားသောအခွင့်အလမ်းများ ဖြစ်လေလေ အန္တရာယ်ပိုများလေလေပင် ဖြစ်သည်။
ကျုံယုံ(ငရဲကိုးထပ်)သည် အင်အားစုတွေ အချင်းချင်း ပြိုင်ဆိုင်ကြသည့် အချက်ကို ထည့်မပြောရသေးခင် ၊ ယင်းနယ်မြေသည် အလွန်အန္တရာယ်များကြောင်း ရှေးစာအုပ်များတွင် မှတ်တမ်းတင်ထားသည်ကို သင် သိရမည်။
ကျုံယုံ(ငရဲကိုးထပ်)သည် ကျင့်ကြံသူများအတွက် အသားကြိတ်စက် ဖြစ်မှာကိုတောင် စိုးရသည်။
"ကောင်းလိုက်တဲ့ စူးချန်ကဲ ၊ ငါတို့ကို မျက်စိထဲ ထည့်မထားဘူးပေါ့!"
နျုံမိုထျန်း တစ်ယောက် မှုန်ကုတ်နေသည်။
မူလက သူသည် ဤတစ်ခေါက် အခွင့်အရေးတွေ ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်း ၊ ရှေးဟောင်း နဂါးမျိုးနွယ်စု နှင့် ရှေးဟောင်း ဖီးနစ်မျိုးနွယ်စုတို့၏ အာဏာကို စူးချန်ကဲ၏ ရှေ့မှောက်တွင် ပြသရန် ကြံစည်ခဲ့သည်။
ဒါပေမဲ့ သကောင့်သားက သူတို့ကို ပါးရိုက်သွားတယ်လေ!
" အခု စူးချန်ကဲက ယောင်ချီ သူတော်စင်နယ်မြေက လော့နတ်ဘုရားမနဲ့ မိတ်ဖွဲ့ထားတယ် "
ဖုန်းမုရှင်းက ဆိုလိုက်သည်။
" အဲ့ဒါက ငါတို့အစီအစဉ်အပေါ် သက်ရောက်မှုရှိနိုင်လား?"
"ဒီအစီအစဥ်ကို ခဏ ပေးဖယ်ထားလိုက်ဦး ၊အခု ငါတို့ရဲ့ ပထမဦးစားပေးက လူဝင်စား မြစ်ထဲက ရှေးဟောင်း မကောင်းဆိုးဝါး တရားစီရင်ရေးအဖွဲ့ရဲ့ အမွေအနှစ် အစိတ်အပိုင်းကို ပြန်လည်ရယူဖို့ပဲ"
လုံဟောက်က ဆိုလိုက်သည်။
" နတ်နဂါးကျွန်းစု ဖျက်ဆီးခံရတဲ့အပေါ် ဒီတိုင်းပြီးမသွားဘူး ၊ ငါတို့ တဆင့်ပြီး တဆင့် သေချာလှမ်းပြီးမှ စူးချန်ကဲကို သတ်ပစ်ရမယ်"
" ဟားး..နင်တို့ နဂါးမျိုးနွယ်စုက ဒေါသအိုးတွေဆိုပေမယ့် ဒီနေ့တော့ ညဏ်အလင်းပေါက်သွားမယ်လို့ မမျှော်လင့်ထားဘူး"
ဖုန်းမုရှင်းက တခစ်ခစ်ရယ်လေသည်။
" ဟွန်း ၊ ငါတို့ နဂါး မျိုးနွယ်စုက မာနကြီးပေမဲ့ အရူးတော့ မဟုတ်ဘူး!"
" ကဲ ၊ ထပ် မပြောနဲ့တော့"
" ငါတို့ ကျုံယုံ(ငရဲကိုးထပ်)ထဲ ဝင်ကြစို့"
နျုံမိုထျန်းက ဖြတ်ပြောလိုက်သည်။
သူသည် တစ်စုံတစ်ခုကို ခံစားမိလိုက်သကဲ့သို့ အမှောင်တစ်နေရာကို လှည့်ကြည့်လိုက်သည်။
"နောက်ထပ် ကောင်းကင်လမ်းစဉ်ရဲ့ သားတော်လား?"
" ဒီစူးချန်ကဲ ဘာအရည်အချင်းတွေ ရှိနေလို့လဲတော့မသိဘူး ၊ ကောင်းကင်လမ်းစဉ်ရဲ့ သားတော်လေးပါးကိုတောင် သူ့ကို သတ်ဖို့အထိ တွန်းအားပေးခံရတယ်"
" တကယ်ကို ခမ်းနားလွန်းပါပေတယ်"
အပိုင်း(၃၀၂): အလွှာပေါင်းစုံက လူတွေရောက်လာပြီ
ကျုံယုံ(ငရဲကိုးထပ်) မုခ်ပေါက်ထဲသို့ မကောင်းဆိုးဝါး မျိုးနွယ်စုဝင်များလည်း ဝင်ရောက်သွားပြီးနောက် ၊
ကျန်အင်အားစုများသည်လည်း အသီးသီ ဝင်ရောက်လာခဲ့ကြသည်။
မြေအောက်ကမ္ဘာနှင့် ငရဲနန်းတော်ရှိ ပါရမီရှင်များစွာတို့သည် လျှို့ဝှက်နည်းလမ်းကို အသုံးပြု၍ ၎င်းတို့၏ ရောင်ဝါများကို ဖုန်းကွယ်ထားကြသည်။
၎င်းတို့သည် တခြားသူများ သတိမထားမိစေချင်ပုံ ရသည်။
မြေအောက်ကမ္ဘာ၏ ခေါင်းဆောင် အောက်ကျုံယန်သည် သူ့နောက်က လူများအား မှာကြားလိုက်သည်။
" ဒီတစ်ခေါက်ခရီးစဉ်မှာ စူးချန်ကဲ နဲ့ ကွေးယွမ် သူတော်စင် နယ်မြေက လူတွေကြောင့် အပြောင်းအလဲဖြစ်နိုင်တယ် "
"ငါတို့ရဲ့ ပထမဆုံးဦးစားပေးတာဝန်က မျိုးဆက် သုံးဆက် ကြေးခေါင်းတလားရဲ့ အပိုင်းအစတွေကို ရှာဖို့ပဲ ၊ ဖြစ်နိုင်ရင် သူတို့နဲ့ ထိပ်တိုက် မဆုံမိစေနဲ့ "
ထိုအချိန်တွင် ငရဲနန်းတော်၏ ခေါင်းဆောင် ရှုံချီက ထဆိုလိုက်သည်။
" စောနက စူးချန်ကဲ အရေးယူလိုက်တုန်းက သူ့ဆီကနေ ရင်းနှီးတဲ့ အငွေ့အသက် တစ်ခုကို ခံစားလိုက်ရတယ်..."
"ငါတို့ရှာနေတဲ့ မျိုးဆက် သုံးဆက် ကြေးခေါင်းတလားရဲ့ အပိုင်းအစတွေနဲ့ အတော်လေး ဆင်တူသလိုပဲ ..."
"အများကြီး မစဉ်းစားနဲ့"
အောက်ကျုံယန်က ဟန့်တားသည်။
" စူးချန်ကဲရဲ့ ခန္ဓာကိုယ်ထဲမှာ မျိုးဆက် သုံးဆက် ကြေးခေါင်းတလားရဲ့ အပိုင်းအစ ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ?"
မျိုးဆက် သုံးဆက် ကြေးခေါင်းတလား။
ဒဏ္ဍာရီလာ အနှိုင်းမဲ့ မှော်ပစ္စည်း။
၎င်းသည် ဤမရဏကမ္ဘာတစ်ခုလုံး နှင့် ကြယ်အစုအဝေးများကို ဖန်တီးပေးခဲ့သော မြင့်မြတ်သောရတနာ ဖြစ်သည်။ စူးချန်ကဲသည် မရဏလောကသား မဟုတ်ချေ။
ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
ထို့အပြင်၊ သူတို့လက်ထဲတွင် မျိုးဆက် သုံးဆက် ကြေးခေါင်းတလား၏ အပိုင်းအစ တစ်ခု ရှိနှင့်ပြီး ဖြစ်သည်။ နောက်ထပ် နှစ်ခုကို စုဆောင်းနိုင်ပါက ၊ သူတို့သည် အတိတ်တုန်းက ကျော်ကြားခဲ့သည့် ဂုဏ်ကျက်သရေကို ပြန်လည်ရရှိနိုင်မည်ဖြစ်သည်။
စူးချန်ကဲ မပြောနဲ့၊ ကွေးယွမ် သူတော်စင် နယ်မြေကိုတောင် လျစ်လျူရှုထားနိုင်သည်။
......
သို့သော် သူတို့ ထွက်သွားပြီးနောက် ၊
ကျော့ရှင်းသော အသွင်အပြင်ရှိသည့် ပုံသဏ္ဍာန်တစ်ခုသည် အစွမ်းထက်သော သက်တော်စောင့်များနှင့်အတူ ထွက်ပေါ်လာခဲ့သည်။
သူတို့သည် ရွှေနက်ရောင် ရွှမ်ယီတိုက်ပွဲ ၀တ်စုံကို ၀တ်ထားပြီး ၊ အရေအတွက်မှာ ရာနှင့်ချီရှိသည်။
၎င်းတို့၏ ရောင်ဝါများသည် အလွန်ပြင်းထန်ပြီး အထူးသဖြင့် နီလာမျက်ဝန်း တစ်စုံနှင့် နက်မှောင်သော ဆံနွယ်များရှိသည့် အမျိုးသမီး၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ကြောက်စရာကောင်းသော နတ်ဆိုးအငွေ့အသက်များ ရှိနေသည်။
ဤအမျိုးသမီး၏ မူရင်းအမည်မှာ ရှန့်ချင်းလော့ ဖြစ်ပြီး ၊ သူမသည် နတ်ဆိုးလောက၏ ထိပ်တန်း ရှေးဟောင်းအင်အားစု ဖြစ်သည့် မင်ဖုန်း ဧကရာဇ်ဘုရင်မျိုးနွယ်စု၏ မင်းသမီးကြီးဖြစ်သည်။
ယခုမူ သူမအား မော့ရန်ရှီးမှ သိမ်းပိုက်ခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။
" မင်းသမီးကြီး ၊ ကျွန်တော်တို့ ဝင်တော့မလား?"
မော့ရန်ရှီးသည် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။
"ငါပြောတဲ့ အတိုင်းလုပ်၊ ဘာအမှားအယွင်းမှ မဖြစ်စေနဲ့"
" တစ်ခုခုမှားသွားတာနဲ့ "
မော့ရန်ရှီး၏ ခန္ဓာကိုယ်မှ လွန်စွာ ပြင်းထန်သော နတ်ဆိုးစွမ်းအင်လှိုင်းများ ထွက်ပေါ်လာခဲ့ပြီး ၊ ယင်းစွမ်းအားများသည် ဤနေရာတွင်ရှိနေသော နတ်ဆိုးစွမ်းအင်များကိုပင် တုန်တုန်ယင်ယင် ဖြစ်သွားစေသည်။
ဒါတင်မက သူမနောက်က မင်ဖုန်း ဧကရာဇ်ဘုရင်မျိုးနွယ်စု၏ တပည့်သားချင်းများကိုလည်း တုန်လှုပ်ခြောက်ခြားသွားစေသည်။
၎င်းတို့၏ အစီအစဉ်မှာ ကျုံယုံ(ငရဲကိုးထပ်) ခရီးစဉ်အတွင်း အခြားသော ထိပ်တန်း အင်အားစုဝင်များကို လျှို့ဝှက် တိုက်ခိုက်ရန်ပင် ဖြစ်သည်။
သို့သော် ထိုအစီအစဉ်တွင် ၊ သူတို့၏ မင်းသမီးကြီးသည် ကွေးယွမ် သူတော်စင် နယ်မြေကို ဖယ်ထုတ်ထားသည်။
ဤမေးခွန်းအတွက် သူတို့ သိပ်ပြီး စဉ်းစားစရာ မလိုခဲ့ချေ။ ပထမအချက်မှာ သူတို့အားလုံး ကွေးယွမ် သူတော်စင် နယ်မြေ၏ ခွန်အားကို မျက်မြင်တွေ့လိုက်ရသည်။
နောက်ဆုံးအချက်မှာ ၊ မင်းသမီးကြီး၏ အမိန့်သည် အမြင့်ဆုံး ဖြစ်ပြီး သူတို့အနေဖြင့် နောက်ထပ်မေးခွန်းများ မမေးရဲချေ။
"မင်းသမီးကြီးရဲ့ ယုံကြည်မှုနှင့်အညီ ကျွန်တော်တို့ တာဝန်ကို သေချာထမ်းဆောင်ပါ့မယ်!!"
“ကောင်းပြီ"
မော့ရန်ရှီးသည် နတ်ဆိုးစွမ်းအင်များကို ဖြည်းညှင်းစွာ သိမ်းယူလိုက်သည်နှင့် ကောင်းကင်ပေါ်ရှိ ဖိနှိပ်စွမ်းအားတို့သည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
" ငါနဲ့အတူ ကျုံယုံ(ငရဲကိုးထပ်)မုခ်ပေါက်ထဲ ဝင်ကြစို့"
“ ဟုတ် "
" ကောင်းကင်လမ်းစဉ် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ "
"နင်တို့က ကိစ္စတွေကို ရှုပ်ထွေးအောင် လုပ်ချင်မှတော့ ငါလည်း ကူညီပေးရတာပေါ့"
"ဒီကမ္ဘာမှာတော့ အစ်ကိုကြီးကို ဘာမှထပ်ဖြစ်ခွင့်မပေးတော့ဘူး "
.....
အင်အားစု တော်တော်များများ ရောက်ချလာသည်နှင့် အမျှ ၊ နေရာဒေသ ဝေးကွာသော တိုက်မြေများမှ ရှေးဟောင်း အင်အားစု တချို့လည်း ရောက်ရှိလာကြသည်။
ဥပမအားဖြင့် ၊ ထိုအနှီလူသည် ဂီတမှတ်စုများကဲ့သို့ ပုံစံများဖြင့် ရေးထွင်းထားသော ဂါဝန်ရှည်ကို ၀တ်ဆင်ထားသည်။
ပုဝါစဖြင့် မျက်နှာကို ဖုံးကွယ်ထားပြီး ဖန်ရတနာကဲ့သို့ တောက်ပပြီး နူးညံ့လှပသော မျက်ဝန်းတစ်စုံကို လှစ်ဟထားသည်။ထိုအနှီ အမျိုးသမီးလေးသည် ကြော့ရှင်းသော ဟန်ပန်အနေအထားဖြင့် ကြာပန်း လှေကားများကို ဖြေးညှင်းစွာ လျှောက်လှမ်းရင်း ကျုံယုံ(ငရဲကိုးထပ်) မုခ်ပေါက်ဆီသို့ ရောက်ရှိလာခဲ့သည်။
အခြားသော အင်အားစုများသည် မိမိတို့၏ ဂိုဏ်းသားများဖြင့် အတူတူ ချီတတ်လာကြသော်လည်း၊ ဤအမျိုးသမီးမှာ တစ်ဦးတည်းသာ ဖြစ်သည်။
သို့သော် ဖြာထွက်နေသော သူမ၏ အားကောင်းသော ရောင်ဝါကို ကြည့်ရုံဖြင့် သူမ၏ အလွန်ထူးခြားသော ကျင့်ကြံမှုစွမ်းရည်ကို တွေ့ရပေလိမ့်မည်။
သူမသည် ကောင်းကင်လမ်းစဉ်၏ သမီးတော်အဖြစ် အသိအမှတ်ပြုခြင်းကို ခံခဲ့ရသော ကူရွှမ်ချင်ဂိုဏ်းမှ ချင်ရွှမ့်ယွာ မှလွဲ၍ အခြားသူ မဟုတ်ပေ။
"အဲဒီလူ ဝင်သွားပြီလား?"
"အချက်အလက်တွေအရ အဲဒီလူက ဗျပ်စောင်းတီးခတ်မှုမှာ အရမ်း တော်တယ်ဆိုပဲ၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ငါက ကောင်းကင်လမ်းစဉ်ရဲ့ သမီးတော် တစ်ပါး ဖြစ်နေခဲ့ပြီ"
"သူနဲ့ ငါက ရန်သူတွေပဲ ဖြစ်ရတော့မယ်၊ မဟုတ်ရင် သူနဲ့ ငါ စကားတွေ ပြောကြည့်ချင်သေးတယ်"
ချင်ရွှမ့်ယွာ၏ လှပသော မျက်လုံးများတွင် ဝမ်းနည်းမှု အရိပ်အမြွက်များ ပြသနေသည်။
သူမတစ်ယောက်တည်း ဤနေရာသို့ လာရောက်ခဲ့ရခြင်း အကြောင်းရင်းမှာ ဤကိစ္စတွင် မိမိ၏ ဂိုဏ်းကို ပါဝင် မပတ်သတ်စေလိုသောကြောင့် ဖြစ်သည်။
ဤအရာအားလုံးအတွက် သူမ တစ်ယောက်တည်းသာ တာဝန်ယူမည်။ သူမသည် ကောင်းကင်လမ်းစဉ်၏ သမီးတော် တစ်ပါး ဖြစ်လာခဲ့ပြီး စူးချန်ကဲ၏ ရန်သူ ဖြစ်လာခဲ့သည်။
သူတို့ နှစ်ဦး တစ်ခါမှ မဆုံဖူးခဲ့ချေ။
သို့ဖြစ်၍ ၊ ချင်ရွှမ့်ယွာသည် သူမကိုယ်ပိုင်အင်အားဖြင့် ဤကိစ္စကို ဖြေရှင်းချင်ခဲ့သည်။ နောက်ဆုံးအနေဖြင့် ၊ သူမသည် စူးချန်ကဲကို ရှုံးနိမ့်ပြီး အသတ်ခံခဲ့ရတောင် ၊ သူမ ဂိုဏ်းကို တဖက်လူနှင့် ရန်ပွဲဖွဲ့ခွင့်မပေးနိုင်ချေ။
ချင်ရွှမ့်ယွာသည် ကျုံယုံ(ငရဲကိုးထပ်)ထဲသို့ ဝင်ရောက်ပြီး ပျောက်ကွယ်သွားပြီးနောက်၊
သိပ်မကြာခင်မှာပဲ နောက်ထပ် လူတစ်ယောက် ရောက်ရှိလာခဲ့သည်။
၎င်းသည် အနက်ရောင် အဝတ်အစားများကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးဖြစ်ပြီး ၊ ဓားကဲ့သို့ ဖြောင့်တန်း ချွန်ထက်သော မျက်ခုံးမွှေးများ နှင့် ချောမောသော မျက်နှာအသွင်အပြင်ကို ပိုင်ဆိုင်ထားသည်။ အထူးသဖြင့် သူ၏ မောက်မာမှုကို ပို၍ ထင်ရှားပေါ်လွင်စေသည့် ဓားနှင့်တူသော ကောက်ကြောင်း ပုံစံရှိသည်။
အထူးသဖြင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ အားကောင်းလှသော ဓားစွမ်းအင်များသည် သူ့အနားသို့ ချဉ်းကပ်လာသော အနက်ရောင် အခိုးအငွေ့များက တခါတည်း ပျက်သုန်းသွားစေသည်။
သေချာမကြည့်မိပါက ၊ လုံးဝ သတိမထားနိုင်လောက်အောင် အထိ သိမ်မွေ့ပေသည်။
အထူးသဖြင့် သူ့နောက်ကျောတွင် သေမျိုးလောက၏ လက်နက်ကဲ့သို့သော ဓားရှည်တစ်လက်ကို ပိုးထားပြီး ၊ ၎င်းကို အဖြူထည်ဖြင့် ပတ်ထားသည်။
သို့သော် ဓားပေါ်ရှိ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တို့သည် လူကို တုန်လှုပ်သွားစေသည့်အထိ ပြုစားနိုင်စွမ်း ရှိသည်။
ထိုအနှီလူသည် သူ့ဓားကို ဆွဲထုတ်လိုက်တိုင်း ၊ နဝမအထပ် ကောင်းကင်ဘုံရှိ ကြယ်များကိုပင် ခုတ်လှဲပစ်နိုင်စွမ်း ရှိပုံပေါ်သည်။
ဤလူသည် ကောင်းကင်တောင် နတ်ဓားဂိုဏ်း၏ ဆက်ခံသူ ကျန်းဝမ့်ချင် ပင် ဖြစ်သည်။
သူ၏ ပါးစပ်ထောင့်သည် အပေါ်သို့ အနည်းငယ် မြှောက်တတ်နေသည်။သူသည် ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ ထိုဓားအရိပ်ကို ဓားစွမ်းအင် ဟင်းလင်းပြင်ကွက်လပ်ထဲမှ ဆွဲထုတ်ယူလိုက်သည်။
" ကြည့်ရတာ စူးချန်ကဲက ဒီမုခ်ပေါက်ထဲကို ဝင်သွားပုံရတယ်"
"ဒီဒဏ္ဍာရီလာ စူးချန်ကဲက ငါ့ကို စိတ်ပျက်အောင် မလုပ်ဘူးလို့ မျှော်လင့်ပါတယ်"
ကျန်းဝမ့်ချင်၏ နှုတ်ခမ်းပေါ်တွင် လှောင်ပြောင် အပြုံးတစ်ခု ရှိနေသည်။
" အဲ့ဓားသမား အုပ်စုအတိုင်းသာ ဆိုရင်တော့ ၊ ဒါဆို ငါ့ကို စိတ်ပျက်စေမိလိမ့်မယ်"
ထိုသို့ပြောပြီးနောက် သူသည် ကျုံယုံ(ငရဲကိုးထပ်)မုခ်ပေါက်ထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားခဲ့သည်။
....
တစ်ချိန်တည်းမှာပင် ထောင့်တစ်နေရာ၌ ၊
စိတ်ဓာတ်ကျနေသော အမူအယာများဖြင့် လော့ဟယ် ဓားဂိုဏ်းမှ လူတစ်စုသည် ချောက်ထဲကနေ ခေါင်းလေးများ ကိုယ်စီကိုယ်စီ ထွက်လာကြသည်။
သူတို့မျက်နှာတစ်ခုလုံး ဖုန်မှုန့်အဖွေးသားဖြင့် ၊ ဝတ်ရုံများပင်လျှင် ဖုန်မှုန့်များဖြင့် ကပ်ညှိနေသည်။
သူတို့ကို ကြည့်ရတာ အတော်လေး အရှက်ရနေပုံပေါ်သည်။
" ဆရာဦးလေး… ဘယ်လိုလဲ၊ အဲဒီလူ သွားပြီလား?"
ဟုန်ချန်ဓားသခင်ပင်လျှင် အသက်မရှူဝံ့ပေ။သူသည် ထိတ်လန့်တကြား မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို တချက် ကြည့်လိုက်သည်။
တစ်စုံတစ်ခုကို အတည်ပြုနေပုံရသည် ။
အချိန်အတော်ကြာပြီးနောက် ၊ သူ သက်ပြင်းချနိုင်ခဲ့သည်။
"ဟူး~~ အဲဒီလူယုတ်မာကောင် သွားပြီ!"
လူယုတ်မာကောင် ဟူသည် မည်သူကိုရည်ညွှန်းသနည်း။
မှန်၏ ။ ကောင်းကင်တောင် နတ်ဓားဂိုဏ်းက ကျန်းဝမ့်ချင် သာပင်။
မူလက သူတို့သည် စူးချန်ကဲ၏ ဒရာမာကိုကြည့်ရင်း သစ်သီးစားလိုက် ဝိုင်သောက်လိုက်ဖြင့် ပွဲကျနေခဲ့သည်။
မထင်မှတ်ပဲ တစ်စုံတစ်ယောက်သည် သူတို့နောက်သို့ ရုတ်တရက် ရောက်ချလာခဲ့သည်။
ထိုလူသည် သူတို့လို ဓားသမား တစ်ယောက်ပင် ဖြစ်သည်။
တဖက်လူ၏ အမြင်တွင် သူတို့၏ ပုံစံသည် ဓားသမားကျင့်ဝတ်နှင့် မညီခဲ့ပေ။
မည်သည့် စကားတစ်ခွန်းမှ မပြောဘဲ ၊ ဓားကို မြှောက်ကာ တိုက်ခိုက်ခဲ့သည်။
ယင်းက လော့ဟယ် ဓားဂိုဏ်းရှိ လူတိုင်းကို အနည်းငယ် ဒေါသထွက်စေခဲ့သည်။
မူလက ဤလူကို " အကြောင်းပြချက်" ပေးလိုသော ဝမ့်ချွမ်ဓားသခင်သည် တဖက်လူ၏ ဓားသုံးလေးကွက်နဲ့တင် လဲကျခဲ့သည်။
ရလဒ်အနေဖြင့် တစ်ဖက်လူသည် နောက်ဆုံးစကားအဖြစ် " မင်းတို့မှာ စုတ်တံနှစ်ချောင်း ရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး" ဟု ဆိုခဲ့သည်။
T/N -စုတ်တံနှစ်ချောင်းပါသော - အရည်အချင်း၊ လုပ်နိုင်စွမ်း ရှိသော လူတော်
သို့သော် အဆုံးတွင်၊ ထိုအနှီလူသည် လူသတ်တော့မည့် လှုပ်ရှားမှုကို အမှန်တကယ် ထုတ်သုံးခဲ့လေရာ သူတို့အားလုံး ဤတောင်တန်းလွင်ပြင်တစ်လျှောက် တိုက်ခိုက်ရင်း ဖင်ပိတ်ပြေးခဲ့ရသည် ။
"အဲ့လူက ဘယ်သူလဲ၊ အစက စူးချန်ကဲလို လူ့ဘီးလူတစ်ကောင် ရှိပါတယ် ၊ခုတော့ "ကုံ ကျမ်းစာအုပ်" အတိုင်း ကျင့်သုံးတာတောင် ခွင့်မပြုတဲ့ လူက ရှိသေးတယ်.."
" ဟုတ်ပါ့ ! ဟုတ်ပါ့! ငါတို့ကပဲ သူ့ထမင်းစားနေတဲ့ အတိုင်းပဲ ၊ ဘာတဲ့ ဓားသမားဖြစ်ဖို့ မတန်ဘူးဆိုပဲ!"
" အငယ်လေး အောက်ထျန်း နိုးလာတဲ့အခါ ၊ ကုံ လမ်းစဉ်ကို ငါတို့ သူနဲ့အတူ ဆက်လေ့လာရမယ်!"
T/N - ကုံ လမ်းစဉ် - လျစ်လျူရှုခြင်း လမ်းစဉ်
“......”
လူတိုင်း မူးမေ့လဲနေသော ဝူကျီအောက်ထျန်း ကို တစ်ဖန် ပြန်ကြည့်လိုက်ကြသည်။
ဘယ်လောက်တောင် သနားစရာ ကောင်းလိုက်လေခြင်း!
သူ့အဝတ်အစားများပင် စုတ်ပြတ်သွားရုံသာမက ၊ မျက်နှာတစ်ခုလုံး ဓားစွမ်းအင်၏ ကျေးဇူးဖြင့် ပန်းများ ပွင့်လန်းလို့ နေသည်။
သူက ဘာလို့ အဲ့လိုဖြစ်နေတာတုန်း?
အဖြေ : ဒီကောင် ပြေးတာ အတော် နှေးသကိုး!