← Chapters

အခန်း (၃၀၃-၃၀၇)

Vol. 22 Ch. 303-307

အခန်း (၃၀၃-၃၀၇)

Vol. 22 Ch. 303-307

အပိုင်း(၃၀၃): ထူးဆန်းသောကမ္ဘာ ၊ ရွှယ့်ရှိုးလော့

တစ်ချိန်တည်းမှာပင်။

ကျုံယုံ(ငရဲကိုးထပ်) မုခ်ဝထဲ၌ ၊

ဤနယ်မြေသည် အကန့်အသတ် မရှိကျယ်ပြောသော လွင်ပြင်တစ်ခုသာဖြစ်ပြီး၊ တောင် ၊ မြစ် သို့မဟုတ် သစ်တောများမှာ ထူထပ်စွာ ပေါက်ရောက်ခြင်း မရှိပေ။

ကမ္ဘာကြီးတခုလုံးက မှောင်မိုက်နေပြီး၊ ဟင်းလင်းပြင် ကွက်လပ်တွင် လွင့်မျောနေသော အနီရောင် အမျှင်တန်းလေးများသာ ရှိသည်။

ထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့် ကျောက်ထွပ်များသည် သွေးနီရောင်သန်းနေသော တိမ်ပင်လယ်ကြီးကို ထိုးဖောက်ဝင်ရောက်နေသည်။

အထူးသဖြင့် ထိုအချိန်တွင်၊ သွေးမြူမှုန်များကြားထဲ ရံဖန်ရံခါ ဖြတ်သန်းသွားသော ထူးဆန်းသော လူရိပ်များရှိနေသည်။

ဝီ——

​သွေးနီ​ရောင်​ အလင်းတန်းတစ်ခု​ ထွန်းလင်း​တောက်ပသွားသည်။

စူးချန်ကဲသည် ကွေးယွမ် သူတော်စင် နယ်မြေ၏ တပည့်သားချင်းများနှင့်အတူ လှည့်ပတ်ကြည့်ရှုနေသည်။

သူ့ရှေ့တွင် တိတ်ဆိတ်စွာဖြင့် ရှိနေသော ထူးဆန်းသော မြင်ကွင်းကြောင့် စူးချန်ကဲ အနည်းငယ် မျက်မှောင်ကြုတ်သွားသည် ။

"ဒီနိယာမစွမ်းအားက နတ်ဆိုးလောကနဲ့ရော ၊ မရဏကမ္ဘာနဲ့ရော လုံးဝကင်းကွာတဲ့ အခြားဖြစ်တည်မှုတစ်ခု ဖြစ်ပုံရတယ်"

စူးချန်ကဲသည် သူ့ကိုယ်သူ ညည်းညူလိုက်သည်။

"ဒါပေမယ့် ငါ ဘာလို့ ရင်းနှီးသလို ခံစားမိနေပါလိမ့်...?"

“ဒီနေရာရဲ့ အငွေ့အသတ်က အဆုံးမဲ့အရိုးဖြူပင်လယ်နဲ့ အရမ်းဆင်တူတယ်”

အရိုးဖြူပင်လယ် ဘုရင်မက ဆိုသည်။

စိတ်ရှုပ်ထွေးနေဆဲ ဖြစ်သော စူးချန်ကဲ၏ အမူအရာကြောင့် သူမက ဆက်ပြီး ရှင်းပြသည်။

“ကျွန်မ အဆုံးမဲ့အရိုးဖြူ ပင်လယ်ထဲမှာ နှစ်မရေမတွက်နိုင်အောင် ရှိခဲ့တာလေ ၊ဒါ့ကြောင့် ဒီမှာရှိနေတဲ့ အငွေ့အသက်ကို အစောကြီးကတည်းက သတိထားမိတယ် "

“အဆုံးမဲ့ အရိုးဖြူပင်လယ်လိုပဲ ဒီနေရာမှာက သေနေတဲ့ အရာတွေရဲ့ အနံ့တွေနဲ့ ပြည့်နှက်နေတယ်"

"သေနေတဲ့ အရာတွေရဲ့ အနံ့?"

စူးချန်ကဲ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

လေထဲတွင် တကယ်ကို အပုပ်နံများ ပါရှိနေပြီး ၊ လူကို ပို၍စိတ်မသက်မသာ ဖြစ်စေသည့်အရာမှာ ယင်ဓာတ်များ ပါဝင်နေသော လေအေးများပင် ဖြစ်သည်။

ယင်းအရာသည် အချိန်တိုင်း သူတို့၏ ခန္ဓာကိုယ်တွေကို တိုက်စားနေပုံရသည်။

"အားလုံး သတိထား ၊ ရှေ့ကို ဆက်လျှောက်တဲ့အခါ စိတ်ကို အငိုက်မမိ‌စေနဲ့ "

စူးချန်ကဲသည် လူတိုင်းကိုမှာကြားလိုက်ပြီး ၊ ဤနယ်မြေ၏ နက်နဲရာဆီသို့ ဆက်သွားရန် ဦးဆောင်ခဲ့သည်။

သူတို့ထွက်သွားပြီး သိပ်မကြာခင်မှာပင် ၊

သူတို့နောက်တွင် ထူးဆန်းသော ပုံသဏ္ဍာန်များ ရှိသည့် သတ္တဝါကောင်များ ထွက်ပေါ်လာခဲ့သည်။

၎င်းတို့သည် သွေးနီရောင် မြူခိုးမြူငွေ့များထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

သူတို့၏ကျောပေါ်တွင် လင်းနို့နှင့် တူသော အတောင်ပံတစ်စုံ ပေါက်ရောက်နေပြီး ၊ ခန္ဓာကိုယ်တစ်ခုလုံးက နီရဲတွတ်နေသည်။ပို၍ထူးဆန်းသည်မှာ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းသော ဒီဇိုင်းအကွက်အပြောက်များ ရှိသည်။

၎င်းတို့သည် ဤနယ်မြေကမ္ဘာ၏ မွေးရပ်မြေသတ္တဝါများပင် ဖြစ်သည်။

မရေမတွက်နိုင်သော နှစ်များအတွင်း ၊ ကျုံယုံ(ငရဲကိုးထပ်) နိုးထလေတိုင်း မရေမတွက်နိုင်အောင် စွမ်းအားရှင်များကို ဤနေရာသို့ ရောက်ရှိလာစေရန် ဆွဲဆောင်နိုင်ခဲ့သည်။

သို့သော် ကျုံယုံ(ငရဲကိုးထပ်)သည် မရဏကမ္ဘာနှင့် နတ်ဆိုးကမ္ဘာ ပျက်စီးခြင်းကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ဤနယ်မြေတွေ ရှိနေခဲ့ကြသော သက်ရှိသတ္တဝါများသည် အဆုံးမရှိသော ပြောင်းလဲမှုများကို တွေ့ကြုံခဲ့ရပြီးနောက်တွင် ၊ နောက်ဆုံးမှာတော့ သူတို့သည် ထူးဆန်းသော သတ္တဝါကောင်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။

သူတို့သည် မည်သည့်နေရာက လာခဲ့သည် သို့မဟုတ် ဤနေရာတွင် ဘာကြောင့် ရှိနေသည်ကိုပင် မသိနိုင်တော့ချေ။

သို့သော် ပြင်ပကျင့်ကြံသူတို့၏ အသွေးအသားများသည် သူတို့အတွက် မျိုးဆက်ပွားရာတွင် လွန်စွာ အသုံးဝင်သည်ကိုတော့ သိထားသည်။

၎င်းတို့၏ ပုံစံသည် ထူးဆန်းသလောက် အလွန်ပင် အစွမ်းထက်သည်။ ထို့ကြောင့် ၎င်းတို့ကို ရွှယ့်ရှိုးလော့ ဟု ခေါ်ဆိုသည်။

" မင်စန်း ယဇ်နတ်ဆရာ ၊ ဒီကောင်တွေ အရမ်းသန်မာတယ် ၊ တကယ်လို့ ကျွန်တော်တို့ ထိပ်တိုက်တွေ့ကြမယ်ဆိုရင် "

" ကျွန်တော်တို့ လူတွေနဲ့တင် မလုံလောက်မှာကို စိုးရတယ်"

ရွှယ့်ရှိုးလော့ လူငယ်တစ်ယောက်သည် သူ့နောက်က လူက တရိုတသေ ဆိုလိုက်သည်။

" ဘယ်လောက်ပဲ သန်မာပါစေ ၊ ဝက်တစ်ကောင်ထက် မပိုဘူး "

ဘဝအတွေ့အကြုံ ရှိပုံပေါ်သော အက်ကွဲသော အသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။

သွေးနီ‌ရောင် မြူခိုးငွေ့များကြားထဲမှ ရွှယ့်ရှိုးလော့ လူအိုကြီး တစ်ဦး ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

၎င်း၏ ဦးခေါင်းထိပ်တွင် ဦးချိုတစ်စုံရှိပြီး ၊ ခန္ဓာကိုယ်သည် အရိုးစုကဲ့သို့ ခြောက်သွေ့နေသည်။

၎င်း၏ နက်ရှိုင်းသော မျက်တွင်းများသည် စိတ်ဝိညာဉ်ကို စုပ်ယူလိုက်သကဲ့သို့ လူကို ချောက်နက်ထဲ ကျရောက်သွားစေသည့် ခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်။

လေပြင်းတချက်သည် သူ၏ ပိန်လှီသော ခန္ဓာကိုယ်ကို ဝှေ့ယမ်းတိုက်ခတ်သွားပုံ ရသည်။

သို့သော် ထိုလူအိုကြီး ပေါ်ထွက်လာသည့် အချိန်မှစ နှစ်ပေါင်းများစွာ တိတ်ဆိတ်လာခဲ့သော ဤနေရာတွင် ကြီးမားသော အပြောင်းအလဲကြီး တစ်ခု ဖြစ်လာတော့မည့်ပုံပေါ်သည်။

"ဒီကောင်တွေက သားရဲနီ ကန့်သတ်နယ်မြေကို သွားနေတာ မဟုတ်ဘူးလား"

မင်စန်း ယဇ်နတ်ဆရာက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည် ။

"မလိုအပ်တဲ့ ဆုံးရှုံးမှုတွေ မဖြစ်စေဖို့ ငါတို့အနေနဲ့ ဒီကောင်တွေကို အားကုန်ခိုင်းရမယ်"

"ဒါပေမယ့် ဒီကောင်တွေက သဘာဝအတိုင်း ကြမ်းတမ်းရက်စက်တယ်၊ တော်ကြာ ဒီဝက်တွေကို သတ်မိရင် ဘယ်လိုလုပ်မလဲ?"

"ဟာဟား... ဒီတစ်ခေါက် ဝင်လာတဲ့ ဝက်တွေက တော်တော်များတယ် ၊ သွေးယဇ်ပူဇော်ပွဲကြီး မစနိုင်မှာကို စိုးရိမ်နေစရာလား?"

မင်စန်း ယဇ်နတ်ဆရာက လှောင်ပြောင် ရယ်မောလိုက်သည်။

သူ၏ နဖူးပေါ်ရှိ နက်မှောင်သော မျက်လုံးတစ်စုံသည် ၎င်းကို ပို၍ပင် ကြောက်မက်ဖွယ်ကောင်းစေသည်။

စူးချန်ကဲသာ ထိုနက်မှောင်သော မျက်လုံးတစ်စုံကို မြင်တွေ့ပါက ၊ သူ သေချာပေါက် မှတ်မိပေလိမ့်မည် ။

ယင်းအရာသည် ကြေးဝါဗိမ္မာန်တွင် စူးချန်ကဲ သတ်ခဲ့သော အမှောင်ထု မျက်လုံးကြီးပင်ဖြစ်သည်။

စူးချန်ကဲ သူ့အား မသတ်ခင် ၊ သူသည် ခြိမ်းခြောက်ခဲ့ဖူးသည် : အမှောင်ထုသည် ဘယ်တော့မှ သေဆုံးသွားမည် မဟုတ်ကြောင်း ၊ နောက်တစ်ဖန် ထွက်ပေါ်လာပေဦးမည်သာ ...

.....

အနက်ရှိုင်းဆုံး နေရာဆီသို့ဦးတည်လေလေ ၊ မြင်ကွင်းများသည် ပို၍ ထူးဆန်းလေလေပင် ဖြစ်သည်။

ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် တောင်ထိပ်များသည် နတ်ဆိုးတစ်စု ဝိုင်းဝန်း ကခုန်နေသကဲ့သို့ မတူညီသော အသွင်အပြင်များဖြင့် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားသည်။

လေအေးသည် တောင်ထိပ်ပေါ်ရှိ လိုဏ်ဂူများကို ဖြတ်၍ တိုက်ခတ်နေပြီး ၊ တစ္ဆေဟောက်သံကဲ့သို့ လေချွန်သံများ ထွက်ပေါ်နေသည်။

တစ်ချိန်တည်းမှာပင် ၊ ထူးဆန်းသလို ကြောက်စရာကောင်းပေသည်။

" ဆက်ခံသူ သခင် ... ဒီမှာ အရမ်း တိတ်ဆိတ်နေတာကို သတိထားမိလား...?"

ယွင်ရှင်းယန်သည် အနည်းငယ် စိတ်မသက်မသာ ခံစားရသောကြောင့် စူးချန်ကဲကို တီးတိုးပြောလိုက်သည် ။

ယွင်ရှင်းယန် စကားများသည် တကယ်လည်း ယုတ္တိရှိပေသည် ။

ဤကမ္ဘာကြီးသည် ထူးဆန်းသည့်အလျောက် ထူးဆန်းသော သတ္တဝါကောင်များ စုဝေးရာနယ်မြေ တစ်ခုလည်း ဖြစ်သည် ။

သို့သော် သူတို့အားလုံး ဤနေရာသို့ ရောက်ရှိလာကတည်းက ထိုထူးဆန်းသော သတ္တဝါကောင်များသည် ရုတ်ချည်း ပျောက်ကွယ်သွားခဲ့သည်။

စူးချန်ကဲ တွေးတောနေစဉ် ၊

ဝီ ~~~~

အရှေ့မျက်နှာအရပ်မှ ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

​ဒါတင်မက ရှေ့က ​သွေးမြူမှုန်​​တို့သည် ရုတ်​တရက်​ ​ရိုက်ခတ်လှုပ်ရှားလာခဲ့သည်။

လူတိုင်း သတိ လက်မလွတ်ဝံ့ဘဲ ရှေ့ကို ဂရုတစိုက် စိုက်ကြည့်နေကြသည်။

ရိုက်ခတ်လှုပ်ရှား ထကြွနေသော သွေးမြူမှုန်များကြား ခန္ဓာကိုယ်အနှံ့ နီမြန်းနေသော ရှေးသားရဲတစ်ကောင် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။

ဤအရိုးသားရဲများသည် မာကျောသော ကြေးခွံများ ရှိသည့် ‌မြေနဂါးနှင့် ဆင်တူပြီး ၊ ၎င်းတို့၏ လက်သည်းများသည် အလွန်တရာမျှ ချွန်ထက်လှသည်။

အထူးသဖြင့်၊ ၎င်း၏ကျောပေါ်တွင် ဆူးပင်များကဲ့သို့ အထစ်အဖုများ ရှိပြီး ၊ ချိုများကြားတွင် အနီရောင်အမြှေးပါး အလွှာတစ်ခုရှိသည်။

ဤထူးဆန်းသော သတ္တဝါများသည် အုပ်စုလိုက် စုဝေးနေကြပြီး ၊ ခပ်လှမ်းလှမ်း အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားသည် ။

၎င်းတို့သည် ချက်ချင်းလက်ငင်း တိုက်ခိုက်ရန် ဆန္ဒမရှိသလို ထွက်သွားဖို့လည်း ရည်ရွယ်ချက် မရှိပုံရသည်။

" ချန်ကဲ ဆက်ခံသူ ၊ ကျွန်တော်တို့ အရေးယူလိုက်ရတော့မလား?"

ယဲ့လင်ထျန်းသည် လက်ကို နောက်ပစ်ထားတာ လှံကို အသင့်ကိုင်ဆောင်ထားသည်။

"ခဏနေဦး၊ ဒီကောင်တွေကို ကြည့်ရတာ နည်းနည်းထူးဆန်းနေတယ်..."

စူးချန်ကဲသည် တိုက်ရိုက် တားမြစ်လိုက်ပြီး၊ အခြေအနေကို စောင့်ကြည့်ချင်ပုံရသည်။။

တစ်ချိန်တည်းမှာပင် အခြားတစ်နေရာ၌ ၊

ဝတ်ရုံနက် ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် သူ၏ရောင်ဝါကို ဖုံးကွယ်ကာ ကျောက်တုံးကြီးတစ်ခု၏ နောက်တွင် ရှိနေသည်။ သူ၏ မျက်နှာပေါ်တွင် လှောင်ပြောင် အပြံးတစ်ခုလည်း ရှိနေခဲ့သည်။

သူသည် ကောင်းကင်ကြွက်မျိုးနွယ်စု၏ ပါရမီရှင် တစ်ဦးဖြစ်ပြီး နျုံမိုထျန်း၏ သစ္စာရှိလက်အောက်ခံ ဖြစ်သည်။

သူသည် ဤနေရာသို့ ရောက်ရှိနေခြင်းမှာ နျုံမိုထျန်း၏ အမိန့်ဖြင့် ကွေးယွမ် သူတော်စင် နယ်မြေနှင့် ပတ်သက်သော သတင်းများကို စုံစမ်းရန်ပင်ဖြစ်သည်။

"အိုး... နျုံမိုထျန်းသခင် ရှင်းပစ်ချင်ခဲ့တဲ့ စူးချန်ကဲကို ခုလိုမြန်မြန်တွေ့ရမယ်လို့ ထင်မထားဘူး.."

"ဟီးဟီး...ဒါပေမယ့် ဒီကောင်တွေကို ကြည့်ရတာ ဒုက္ခရောက်နေတဲ့ပုံပဲ၊အဲ့တော့ ငါက မီးထဲ ရေနံဆီ လောင်းပေးရမှာပေါ့ !"

ထိုလူသည် စူးချန်ကဲတို့အုပ်စုဆီသို့ ကျောက်တုံး တစ်တုံးကို တိုက်ရိုက် လှမ်းပစ်လိုက်သည်။

" သေချင်နေတာပဲ!"

လူအုပ်ထဲက လီအောက်ထျန်းသည် အလျင်အမြန် တုံ့ပြန်လိုက်ပြီး ၊ နောက်သို့ လှည့်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏ လက်ချောင်းထိပ်၌ နတ်အလင်းတန်းများ ပွင့်သွားသည်။

အလွန်လျင်မြန်သော အရှိန်ဖြင့် ထိုဦးတည်ချက်အတိုင်း တိုက်ရိုက် ထိုးနှက်လိုက်သည်။

သွေးအန်သံ! !

လီဟောက်ထျန်းသည် အနက်ရောင်ဝတ်စုံဖြင့် ထိုလူအား ပြန်လည် တိုက်ခိုက်လိုက်သည့် အခိုက်အတန့်ပင် ။

၎င်း၏ လှုပ်ရှားမှုသည် ထိုရှေးဟောင်းသားရဲများ ထိတ်လန့်သွားစေခဲ့သည် ။

“ ဝေါင်း!!!”

နောက်ဆုံးတော့ ထိုရှေးသားရဲကောင်များ၏ အော်ဟစ်သံများ ထွက်ပေါ်ခဲ့လေပြီ။

ထိုရှေးသားရဲအုပ်စုသည် ‌နေရာအရပ်ရပ်မှ စူးချန်ကဲတို့ အုပ်စုဆီသို့ ပြေးဝင်ကာ တိုက်ခိုက်လေတော့သည် ။

အပိုင်း(၃၀၄): လျှို့ဝှက် နယ်မြေက ဓားပြတွေအကြောင်း မင်းတို့ ကြားဖူးလား

ကွေးယွမ် သူတော်စင် နယ်မြေ၏ တပည့်များသည်လည်း တုံ့ပြန်ဖို့ မနှေးခဲ့ဘဲ ချက်ချင်းဆိုသလို တိုက်ပွဲဖြစ်ခဲ့ကြသည်။

ကွေးယွမ် သူတော်စင် နယ်မြေမှ တပည့်များအားလုံးသည် ၎င်းတို့၏ ကိုယ်ပိုင် မှော်အစွမ်းများကို အသုံးပြုခဲ့ကြသည်။

တစ်ခဏချင်းမှာပင် ၊ နတ်အလင်းတန်းများသည် ကောင်းကင်ယံ၌ ပျံဝဲနေသော ကြယ်များကဲ့သို့ ၊ ပတ်ဝန်းကျင်တစ်ခုလုံး မီးပွှားများဖြင့် လင်းထိန်တောက်ပနေသည်။

တစ်ချိန်တည်းမှာပင် သတ်ဖြတ်ခြင်း အငွေ့အသက်များက နေရာအနှံ့ ပျံ့နှံ့နေသည်။

ထို့အပြင် ကွေးယွမ် သူတော်စင် နယ်မြေမှ တပည့်များသည် ထိပ်တန်း အရည်အချင်းရှိသူများ ဖြစ်သည့်အလျောက် ၊ တစ်ဦးနှင့်တစ်ဦး ဖွင့်ဟရန်ပင် မလိုဘဲ ပူးပေါင်းဆောင်ရွက်နိုင်ကြသည်။

ပါရမီရှင်အများစုသည် အခင်းဖြစ်ရာ နေရာတွင် မန္တာန်များကို ရွတ်ဆိုနေကြပြီး ၊ ရွတ်ဆိုနေစဉ် အတွင်းမှာပင် ကြီးမားသော ရွှေတံတိုင်းကြီးသည် မြေပြင်ထဲမှ ထိုးထွက်လာသည်။

ထိုရွှေတံတိုင်းပေါ်တွင် ရွှေရောင် မှော်သင်္ကေတတို့သည် အဆက်မပြတ် သွယ်ယှက်စီးဆင်းနေပြီး ၊ တခဏချင်းမှာပင် သူတို့ဆီသို့ ပြေးလာနေသော ရှေးသားရဲအုပ်စုကို ချက်ချင်းပိတ်ဆို့လိုက်သည်။

ကွေးယွမ် သူတော်စင် နယ်မြေမှ တပည့်နောက်တစ်ဖွဲ့သည် ၎င်းတို့၏ ထိပ်တန်း သူတော်စင် လက်နက်များကို ဆင့်ခေါ်လိုက်သည်။

ထိုသူတော်စင်လက်နက်များကို ကွေးယွမ် သူတော်စင် နယ်မြေ၏ ရတနာသိုလှောင်ခန်းမှ ထုတ်ယူထားခြင်းဖြစ်ပြီး ၊ အဆင့်မြင့် နတ်သံ ၊ ကျောက်စိမ်းတို့ဖြင့် ပြုလုပ်ထားသောကြောင့် အလွန် အဖိုးတန်သည်။

ဤအချင်းအရာကို ကြည့်ခြင်းအားဖြင့် ကွေးယွမ် သူတော်စင် နယ်မြေ၏ အခြေခံအုတ်မြစ်သည် မည်မျှ နက်ရှိုင်းသည်ကို သိနိုင်သည်။

မိမိတို့၏ ခန္ဓာကိုယ်တွင်းရှိ သူတော်စင် စွမ်းအင်များကို အသက်သွင်းပြီးနောက် ၊ သူတို့၏ လက်ထဲတွင်ရှိသော လက်နက်များသည် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း စွမ်းအားများဖြင့် ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။

တခဏချင်းမှာပင်၊ ရှေးသားရဲအုပ်စုဆီသို့ ကျရောက်သွားသည်။

ဝုန်း!

ရောင်စဉ် အလင်းတန်းများကြား ၊ စုဝေး ဖြစ်တည်နေသော စွမ်းအင် အလင်းအုပ်စုများသည် ကမ္ဘာမြေကြီးပေါ်တွင် တစ်ခုပြီးတစ်ခု ပေါက်ကွဲလျက် ရှိသည်။

သို့သော် ဤမျှထိတ်လန့်စရာကောင်းသော စွမ်းအားများပင်လျှင် ၊ ထိုရှေးသားရဲအုပ်စုကို လုံးဝ တားဆီးနိုင်စွမ်းမရှိခဲ့ချေ။

ပုံမှန်မဟုတ်သော ဤပတ်ဝန်းကျင်သည် ၎င်းတို့အား ကြောက်စရာကောင်းသော အကောင်များအဖြစ်သို့ ဖန်တီးပေးထားပုံရသည်။

‌ ဝေဟင်မှ နတ်အလင်းတန်းများ၏ ပစ်ခတ်မှုကို မိမိတို့၏ ခန္ဓာကိုယ်ဖြင့် ကာစီးထားပြီး ၊ ၎င်းတို့၏ ခြေထောက်များက ဆက်လက်လှုပ်ရှားနေကာ ကွေးယွမ် သူတော်စင် နယ်မြေ မှ လူများထံသို့ အမြန် ချဉ်းကပ်လာကြသည်။

" ငါလုပ်မယ်!"

ယဲ့လင်ထျန်းက ကျယ်လောင်စွာအော်ပြောလိုက်သည်။

ဤသတ္တဝါအုပ်စုသည် သူ၏ တိုက်ပွဲဝင် စိတ်ဓာတ်ကို နှိုးဆွပေးခဲ့သည်။

သူသည် လက်ကို ဆန့်တန်းလိုက်ပြီး မိမိ၏ နောက်ကျောတွင် ပိုးထားသော လှံကို လှမ်းကိုင်လိုက်သည်။

နဂါး ဟောက်သံကဲ့သို့ လှံ၏ ဟစ်ကြွေးအော်မြည်သံနှင့်အတူ ၊

ဟင်းလင်းပြင် ကွက်လပ်တွင် ၊ အေးစက်သော အလင်းတစ်ခု ဖျက်ခနဲ့ ဝင်းထိန်သွားကာ လှံတံတစ်စင်းသည် နဂါးတစ်ကောင်ကဲ့သို့ ထွက်ပေါ်လာသည်။

ယဲ့လင်ထျန်း၏ ကျင့်ကြံဆင့်သည်လည်း ထိပ်တန်း သူတော်စင် အထွပ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ၊ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည်လည်း အလွန်အားကောင်းလာခဲ့သည်။

လှံသည် ဟင်းလင်းပြင် ကွက်လပ်ကို ထိုးဖောက်လိုက်သည်နှင့် ၊ နောက်ဆက်တွဲ ပုံရိပ်များ ဖြစ်ပေါ်လာခဲ့ပြီး လှံ၏ ဟောက်သံမှာ အဆုံးမရှိပေ ။

ဝှစ် ဝှစ် !!

သူသည် တခဏချင်းမှာပင် ထိုရှေးသားရဲကောင်များကို ရာနှင့်ချီသော လှံတံရိုက်ချက်များဖြင့် ထိုးနှက်လိုက်သည်။

ယဲ့လင်ထျန်း၏ တိုက်ခိုက်မှု အရှိန်နှုန်းသည် အလွန်လျင်မြန်ရုံသာမက ၊ လေပြင်းများကိုပင် ဖြစ်ပေါ်စေသည်။

ဤကြောက်စရာကောင်းသော လှံပျံများသည် အတောင်ပံများ တပ်ထားလေသလား အောက်မေ့ရသည်။ လှံအချို့သည် လခြမ်းသဏ္ဍာန် လှည့်ပတ်နေပြီး ၊ အချို့က ရစ်ဝဲကာ ဟစ်ကြွေးအော်မြည်နေသော နဂါးတစ်ကောင်လိုပင်။

ဝေ့ဝဲကာ လှည်ပတ်နေသော ထူထပ်စွာ ရှိနေသည့် လှံတံများသည် မတူညီသော လမ်းကြောင်းများနှင့် ထောင့်များမှ ဖြတ်ကျော်ဝင်ရောက်ကာ ထိုးနှက်တိုက်ခိုက်နေသည်။

သို့သော် လူကို ပို၍ ကြောက်စရာကောင်းစေသည်မှာ ထိုရှေးသားရဲကောင်များသည် ၎င်း၏ တိုက်ခိုက်မှု အများစုကို ရှောင်တိမ်းနိုင်ခြင်းပင် ဖြစ်သည်။

ခုန်အုပ်ခြင်း ၊ ဘေးသို့ ရှောင်ဖယ်ခြင်း ၊ လျှပ်တပြက် လှုပ်ရှားခြင်း စသည့် ပုံစံမျိုးစုံဖြင့် တဖက်လူ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနေခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော လှံအလင်းနှင့် စွမ်းအင်တို့သည် ၎င်းတို့ကို ဖြတ်ကျော်သွားသည်။ ထိပ်တန်း သူတော်စင်များ ဤနေရာတွင် ရှိနေခဲ့ပါက ၎င်းတို့၏ အသွေးအသားများပင်လျှင် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားနိုင်သည်။

သို့သော် သူ၏ တိုက်ခိုက်မှုသည် ဤထူးဆန်းသော တိရစ္ဆာန်ကောင်များအပေါ် အကျိုးသက်ရောက်မှု မရှိခဲ့ချေ။

ယဲ့လင်ထျန်း တစ်ယာက် ပိုပို၍ မျက်မှောင်ကြုတ်လာသည်။

" ချီးပဲ ! ဒီကောင်တွေ ကြိုတင် ခန့်မှန်းနိုင်စွမ်းပဲ ရှိနေသလား"

" ငါ တိုက်ခိုက်လိုက်တိုင်း ၊ ဘယ်လိုဖြစ်ပြီး ချက်ချင်း ရှောင်တိမ်းနိုင်တာလဲ?"

ယဲ့လင်ထျန်းသည် သဲလွန်စများကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ၊ သို့သော် ယင်းက သူ့ကို စိတ်အေးလက်အေး ခံစားရစေမည့်အစား သူ့ကို ပို၍ပင် စိတ်ဖိစီးစေခဲ့သည်။

ရန်သူ၏ တိုက်ခိုက်မှု လမ်းကြောင်းကို ကြိုတင်ခန့်မှန်းနိုင်သော ထူးဆန်းသော အကောင်များ အကြောင်း သူ တခါမှ မကြားဖူးချေ။

" ငါ လုပ်မယ် "

ထိုအချိန်တွင် ၊ စူးချန်ကဲက ဆိုလိုက်သည်။

" ဒီကောင်‌တွေ တိုက်ခိုက်မှုတွေကို ကြိုတင်ခန့်မှန်းနိုင်တောင် အဲ့တာက အရေးမကြီးဘူး ၊ ငါ့အနေနဲ့ သူတို့ကို အလုံအလောက် ဓားနဲ့ ပိုင်းခုတ်‌နိုင်သရွေ့ "

"သူတို့ ဘယ်လိုပဲ ခန့်မှန်းနိုင်ပါစေ ငါ့ဓားချက်အောက်မှာတင် အသတ်ခံရလိမ့်မယ်"

စူးချန်ကဲသည် လူအုပ်ထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ၊ ကြောက်စရာကောင်းသော ဓားစွမ်းအင်များ ထွက်ပေါ်လာသည်။

သူတော်စင် ခန္ဓာကိုယ်၏ ကောင်းချီးပေးမှုအောက်တွင် ၊ စူးချန်ကဲသည် လွန်စွာ ကြီးစိုးနိုင်လွန်းသော ဓားတစ်လက်ကဲ့သို့ အဆုံးမရှိသော ဓားအလင်းများက ထိန်လင်း တောက်ပနေသည်။

အရာအားလုံးကို သတ်ဖြတ် နှိမ်နှင်းနိုင်သကဲ့သို့၊ သူ၏ ဖိနှိပ်စွမ်းအားတို့သည် အလွန်အမင်း ကြီးစိုးနေသည် ။

"သူတို့မှာ အခွင့်အရေး တစ်ကြိမ်ပဲ ရှိတယ် ၊ ငါကတော့ မရေမတွက်နိုင်အောင်ပဲ"

စူးချန်ကဲ၏ ထိုစကားများ ပြီးဆုံးသွားသည့် အခိုက်အတန့်မှာပင် ၊

ဒေဝလောကဘုံ၏ အလိုဆန္ဒတို့သည် ကောင်းကင်တွင် တွဲလောင်းကျနေသော အေးစက်သော ကြယ်စင်များအလား ထင်မှတ်ရသည့် ဓားသွားများအဖြစ်သို့ ပြောင်းလဲသွားသည်။

စူးချန်ကဲသည် ကောင်းကင်သို့ သူ၏ လက်ညှိုးဖြင့် စေညွှန်လိုက်သည့် တစ်ချိန်တည်းမှာပင် ဓားရိပ်များကလည်း လျင်မြန်စွာ လှည့်ပတ်နေသည်။

ထိုအေးစက်သော ကြယ်များသည် ပို၍ တောက်ပလာသကဲ့သို့ အလင်းဓားသွားများသည် ပို၍ တောက်ပလာခဲ့သည်။

“ ကျ !”

စူးချန်ကဲသည် သူ၏ မြှောက်ထားသော လက်ချောင်းများကို အောက်သို့ နိမ့်ချလိုက်သည်။

မရေမတွက်နိုင်သော ဓားအလင်းများသည် စူးချန်ကဲ၏ လုံးလုံးလျားလျား ဆင့်ခေါ်ခြင်းကို ခံလိုက်ရသလိုပင် ။

ရွှမ်း ရွှမ်း ရွှမ်း!!!

သိပ်သည်းလှသော ဓားသွားများသည် တောက်ပသော ကြယ်မိုးများကဲ့သို့ ကောင်းကင်မှ ကြွေကျလာခဲ့သည်။ ယင်းဓားသွားများသည် အလွန်လှပသလောက် သေခြင်းတရား၏ အဆုံးစွန်သော အငွေ့အသက်များနှင့် ပြည့်နှက်နေသည်။

ထိုထူးဆန်းသော ရှေးသားရဲအုပ်စုသည် စူးချန်ကဲမှ ဆင့်ခေါ်ထားသော ဓားသွားများ၏ တိုက်ခိုက်မှုများကို ရှောင်ရှားရန် ၎င်းတို့၏ အကြားအမြင် စွမ်းအားများကို ထပ်မံအသုံးပြုရန် ကြံစည်ခဲ့သည်။

သို့သော် စူးချန်ကဲ၏ ဓားသွားများသည် အာကာသတစ်ခုလုံး ပြည့်လျှံနေပုံရသည်။

ရွှက်စ် !!

နောက်ဆုံးတွင်၊ အသွေးအသားများ စုတ်ပြဲသံနှင့်အတူ ၊ ရှေးသားရဲအုပ်စုသည် ဧရိယာကြီးမားကျယ်ပြန့်သော ဓားအလင်း၏ ထိုးဖောက်ဝင်ရောက်ခြင်းကို ခံခဲ့ရပြီး ချက်ချင်းပင် ကြေကွဲဖွယ်ကောင်းလောက်အောင် သေဆုံးသွားခဲ့သည်။

ဝေါင်း!!

ရှေးသားရဲကောင် တစ်ကောင်၏ ဟောက်သံ တချက် ထွက်ပေါ်လာပြီးနောက် ကျန်ရှိနေကြသော ရှေးသားရဲကောင်များသည် ဒီရေအလား အရပ်ရပ်မှ ဆုတ်ခွာသွားခဲ့ပြီး ၊ နောက်ဆုံးမှာတော့ သွေးနီရောင် မြူခိုးထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

ကွေးယွမ် သူတော်စင် နယ်မြေ မှ လူတိုင်း ဤမြင်ကွင်းကို ကြောင်တက်တက်ဖြင့် ကြည့်နေကြသည်။

ဤအမှောင်ရှေးသားရဲ အုပ်စု၏ ထူးဆန်းမှုကို သူတို့အားလုံး သိထားကြသည်။ ဤသားရဲကောင်တို့၏ တိုက်ခိုက်မှုများကို ကြိုတင်ခန့်မှန်းဖို့ဆိုတာ အတော်လေး ခဲယဉ်းသည် ဟု ဆိုရပေမည် ။

သို့သော် စူးချန်ကဲသည် တချက်တည်းဖြင့် ဤပြသနာကြီးကို တန်းပြီး ဖြေရှင်းနိုင်ခဲ့သည် ။

" ချန်ကဲ ဆက်ခံသူ အနှိုင်းမဲ့ပါပဲ!"

" ချန်ကဲ ဆက်ခံသူ ရှိနေသမျှ ၊ ဒီကျုံယုံ(ငရဲကိုးထပ်) ခရီးစဉ်ကနေ ကျွန်တော်တို့ သေချာပေါက် အောင်ပွဲခံပြီး ပြန်သွားနိုင်တော့မယ် !"

“.....”

ကွေးယွမ် သူတော်စင် နယ်မြေအတွက် ဤတစ်ခေါက် ခရီးစဉ်သည် တကယ်ကို ဖိအားများပေသည်။ ထို့အပြင် ရှေးအင်အားစုများသည် မကောင်းသော ရည်ရွယ်ချက်များဖြင့် သူတို့ကို စောင့်ကြည့်နေခဲ့သည်။

ဤတိုက်ပွဲ၏ အောင်ပွဲသည် သူတို့၏ စိတ်ဓာတ်ကို မြှင့်တင်ပေးရာ ရောက်ခဲ့သည်။

" သူကတော့ အရင်ကထက် မယုံနိုင်လောက်အောင် အားကောင်းနေတုန်းပဲ "

ဘေးနားက လော့ရန်ယွီသည် တစ်ကိုယ်တည်း တိုးတိုးလေး ရေရွတ်လိုက်သည်။

" စူးချန်ကဲရဲ့ နောက်ကို လိုက်တာ အေးအေးဆေးဆေး နေချင်တဲ့ ငါ့စိတ်ကြောင့် ဆိုပေမဲ့ သူနဲ့နေရတာ လုံခြုံတဲ့ ခံစားချက်ကို ရစေတယ်.."

" စူးချန်ကဲက ငါ့အဖေ တစ်ယောက်လိုပဲ..."

ထိုအတွေးများကြောင့် ၊ လော့ရန်ယွီ တစ်ယောက် ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်သည်။

သို့သော် စူးချန်ကဲသည် လူတိုင်းကို လျစ်လျူရှုကာ အပျက်အစီးပုံဆီသို့ လျှောက်သွားခဲ့သည်။

ကောင်းကင်ကြွက် မျိုးနွယ်စုဝင် ဖြစ်သော ပါရမီရှင်၏ ကိုယ်ပေါ်တွင် ပြိုကျစုပုံနေသော ကျောက်ခဲများကို သူ့ ခြေထောက်ဖြင့် ပေါ့ပေါ့ပါးပါး ကန်ထုတ်လိုက်သည်။

" မကောင်းဆိုးဝါး မျိုးနွယ်စု... ဒီအမှတ်အသားက..."

" ထင်တဲ့အတိုင်း ၊ တကယ်ကို ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်းကပဲ "

စူးချန်ကဲ က လှောင်ရယ်သံဖြင့် ဆိုလေသည်။

"ငါတောင် သူတို့ကို သွားမရှာရသေးဘူး၊ သူတို့က နောက်ကွယ်ကနေ လာညစ်နေပြီပေါ့"

"ကောင်းတာပေါ့၊ ဒီလိုဆိုမှတော့ ငါ ရိုင်းစိုင်းတဲ့အပေါ် အပြစ်မတင်နဲ့တော့ "

စူးချန်ကဲသည် ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး ကွေးယွမ် သူတော်စင် နယ်မြေ နှင့် ယောင်ချီ သူတော်စင် နယ်မြေ မှလူများကို လှမ်းပြောလိုက်သည်။

"ငါတို့ ဒီတခေါက် ‌ ထောင်ချောက်မိခဲ့တယ်၊ ငါတို့ကို အမှောင်ထဲကနေ ဒုက္ခပေးခဲ့တဲ့သူက ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်း ကလူတွေပဲ"

စူးချန်ကဲ စကားများသည် အစတွင် လူတိုင်းကို အံ့အားသင့်စေခဲ့ပြီး ၊ ချက်ခြင်းဆိုသလို လူတိုင်း တုံ့ပြန်လာခဲ့ကြသည်။

" လတ်စသတ်တော့ ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်းကကောင်တွေရဲ့ လက်ချက်တဲ့လား?"

"ဒီကောင်တွေ တော်တော် စက်ဆုပ်ရွံရှာဖွယ်ကောင်းတယ်၊ တစ်ခါလည်း မဟုတ် နှစ်ခါလည်း မဟုတ် ငါတို့ကို ဘာများထင်နေလဲ!?"

“.....”

ကွေးယွမ် သူတော်စင်နယ်မြေ မှ တပည့်များစွာသည် ခွင်းလွင်တောင် ခရီးစဉ်မှာကတည်းက မကောင်းဆိုးဝါးမျိုးနွယ်စုများအပေါ် ဒေါသအနည်းငယ် ထွက်ခဲ့ကြသည်။ မကောင်းဆိုးဝါး မျိုးနွယ်စုနှင့် ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း အင်အားစုဝင်များအဖို့ ရိုးသားမှုဆိုတာ မရှိ ။

ဤတစ်ခေါက် ကျုံယုံ(ငရဲကိုးထပ်)ခရီးစဉ်တွင်လည်း ၎င်းတို့သည် လူတွေကို အနိုင်ကျင့်နေ‌ဆဲပင် ဖြစ်သည်။

" စိတ်‌ရှည်ကြ ၊ ဒီကောင်တွေက နောက်ကွယ်ကနေ ကစားရတာ ကြိုက်တယ်ဆိုမှတော့ "

"ဘာလို့ ငါတို့ဘက်က အစပျိုးပြီး မကစားပေးနိုင်ရမှာလဲ ၊ သူတို့တောင် ကစားနိုင်မှတော့ ငါတို့လည်း ကစားနိုင်ရမှာပေါ့!"

စူးချန်ကဲ၏ စကားများသည် လူတိုင်းကို စိတ်ရှုပ်ထွေးသွားစေပြန်သည်။

အနည်းငယ် ရှုပ်ထွေးနေသော လူတိုင်း၏ မျက်နှာများကို တချက်ကြည့်လိုက်ရင်း ၊ စူးချန်ကဲသည် အဓိပ္ပါယ်ရှိသော အပြုံးဖြင့် ပြန်ပြောလိုက်သည်။

"အခု ငါတို့မှာ ကွေးယွမ် သူတော်စင် နယ်မြေ အပြင် ယောင်ချီ သူတော်စင် နယ်မြေရဲ့ အင်အားပါ ရှိတယ် ၊ငါတို့ရဲ့အင်အားက မကောင်းဆိုးဝါး မျိုးနွယ်စုထက် အများကြီးပိုအားကောင်းတယ်"

"သူတို့က ဒီလို ကစားရတာ ကြိုက်မှတော့ အဆုံးထိ သူတို့နဲ့ ကစားပေးကြမယ်လေ "

စူးချန်ကဲသည် ပျော်စရာကောင်းသော အရိပ်အမြွက်များ ပါဝင်နေသည့် အပြုံးဖြင့်။

"လျှို့ဝှက် နယ်မြေက ဓားပြတွေအကြောင်း မင်းတို့ ကြားဖူးလား"

အပိုင်း(၃၀၅): ကျုံယုံ(ငရဲကိုးထပ်) တစ်ခုလုံး ကမောက်ကမ ဖြစ်မဖြစ်ဆိုတာက ၊ ငါ ကိုယ်တော်ရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်တယ်

စူးချန်ကဲတို့ မည်သည့်အကြောင်းအရာအား ဆွေးနွေးခဲ့ကြသည်ကိုတော့ မသိ။

ကွေးယွမ် သူတော်စင် နယ်မြေ မှ တပည့်များစွာတို့သည် အဖွဲ့ဖွဲ့ကာ နေရာအနှံ့ လူစုခွဲခဲ့ကြသည်။

သူတို့သည် ကျုံယုံ(ငရဲကိုးထပ်)သို့ ဝင်ရောက်နိုင်မည့် ဝင်ပေါက်အစစ်ကို ရှာတွေ့မှသာလျှင် ပြန်ဆုံတွေ့ဖို့ သဘောတူထားသည်။

" ကစားပွဲကြီးကို ပိုပြီး စိတ်ဝင်စားဖို့ကောင်းအောင် ပြောင်းလဲလိုက်ကြတာပေါ့ "

စူးချန်ကဲသည် လက်ကိုနောက်ပစ်လျက် နေရာတွင် ရပ်နေပြီး ၊ မိုးကုပ်စက်ဝိုင်း တစ်နေရာဆီသို့ ဦးတည်ပျံသန်းနေသော အလင်းတန်းများကို ကြည့်ရင်း ၊ သူ၏နှုတ်ခမ်းပေါ်တွင် အပြုံးများ လှစ်ဟသွားသည်။

သူ့အနားတွင် ရှိသော လော့ရန်ယွီ နှင့် အရိုးဖြူ ပင်လယ် ဘုရင်မ တို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရှိုက်ကြီးတငင် ပြုံးလိုက်ကြသည်။

စူးချန်ကဲသည် တကယ်ကို အကြင်နာကင်းမဲ့ပေသည်။ သူသည် ကိစ္စများကို ပိုပြီးရှုပ်ထွေးအောင် လုပ်ဖို့ လုံးလုံးလျားလျား စိတ်ပိုင်းဖြတ်ထားသည် ဟု ဆိုရပေမည်။

ဆွေးနွေးမှု၏ ရလဒ်အရ ၊ စူးချန်ကဲသည် ကွေးယွမ် သူတော်စင် နယ်မြေ နှင့် ယောင်ချီ သူတော်စင်နယ်မြေမှ လူများအား အခြားသော အင်အားစုများ၏ တပည့်များအဖြစ် ဟန်ဆောင်ကာ အငြင်းပွားမှုများကို လှုံ့ဆော်စေခဲ့သည် ။

ဥပမာအားဖြင့် မကောင်းဆိုးဝါးဂိုဏ်း၏ အတွင်းအုပ်စု ဖြစ်ကြသည့် နဂါး ၊ ဖီးနစ် မျိုးနွယ်စု နှင့် ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်းကြားက လူများအား အချင်းချင်း ရန်တိုက်ပေးရန်ဖြစ်သည်။

သို့မဟုတ် ၊ မြေအောက်ကမ္ဘာနှင့် ငရဲနန်းတော်တို့အကြား အတွင်းပိုင်း အငြင်းပွားမှုများ ဖြစ်စေရန် ဖန်တီးမည် ဖြစ်သည်။

သူတို့၏ ကောက်ချက်အရ ၊အခြားအင်အားစုဝင်များသည်လည်း သူတို့နည်းတူ အဖွဲ့ခွဲကာ ရှာဖွေစစ်ဆေးကြမည် ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် အဖွဲ့ခွဲ၍ လုပ်ဆောင်ခြင်းသည် ပိုထိရောက်ပေသည်။

ဤအချက်က သူတို့ကို ညစ်ပတ်တဲ့ အရာတစ်ခုကို လုပ်ဆောင်နိုင်ရန် အခွင့်အရေးပေးလိုက်သလိုပင်။

မထင်မှတ်ထားသော နေရာမှ ထိုးနှက်ပြီး ဘောင်းဘီကို ဆွဲချွတ်မည်။ တစ်ကိုယ်လုံး ပိုက်စိပ်တိုက် ရှာဖွေပြီးနောက် ၊ မှော်လက်နက်ကို ရယူမည်။

သူတို့လက်ချက်ဆိုတာ ဘယ်သူကသိမှာလဲ?

ပြိုင်ဘက်များကို လုံးလုံးလျားလျား မထိုးနှက်ခင် ၊ မိမိသည် စွပ်စွဲခံရသော ကွေးယွမ် သူတော်စင် နယ်မြေ၏ အင်အားအကြီးဆုံး အဖွဲ့ဝင် ဖြစ်ကြောင်းကို အနည်းငယ် အရိပ်အမြွက်ပြမည် ဆိုပါက ၊ သူတို့သည် သံသယများ ရှိလာတော့မည် ဖြစ်သည်။

သူတို့ မယုံခဲ့တောင် ကိစ္စမရှိ။

တဖက်အဖွဲ့သည် လူဦိးရေ များပြားလွန်းပေသည်။

တစ်ဦိးမဟုတ် တစ်ဦိး ရန်တိုက်ပေးနေသရွေ့ လိမ်ညာမှုသည် နောက်ဆုံးတွင် လက်တွေ့ဖြစ်လာပေမည်။

"မင်းတို့ဘက်က အရင် အရှက်မရှိလုပ်ရပ် လုပ်ခဲ့မှတော့ ၊ စားပွဲလှန်တဲ့ ငါကိုယ်တော်ကို အပြစ်မတင်နဲ့ "

.......

ရက်အနည်းငယ်ကြာပြီးနောက် ၊

စူးချန်ကဲပြောခဲ့သည့်အတိုင်း ကိစ္စများသည် ပို၍ရှုပ်ထွေးလာခဲ့သည်။

ဥပမာအားဖြင့် ၊ နဂါး မျိုးနွယ်စုနှင့် ဖီးနစ်မျိုးနွယ်စုတွင် အငြင်းပွားမှုများ ဖြစ်ပေါ်နေခဲ့သည်။

" မင်းတို့ ထိပ်ပြောင်ကြက်တွေ ၊ အရှက်မရှိကြဘူးလား !?"

"မင်းအဖိုး ( ငါ့ ) ရဲ့ ဝိညာဉ်ကျောက်နဲ့ အဖိုးတန် ဆေးကို ခိုးယူပြီး မင်းအဘိုး(ငါ့)ရဲ့ ဘောင်းဘီကိုတောင် ချွတ်ပစ်တယ်! ဘာလဲ ငါ သခင်လေးရဲ့ အတွင်းခံကို မင်းတို့ရဲ့ အမွေးအတောင်အဖြစ် အသုံးပြုချင်လို့လား!?"

" တစ်ဖက်သားကို ပြောဆိုနေတဲ့ နင့်အပေါက်ကို ပိတ်လိုက်စမ်း ၊ ငါတို့ ရှေးဟောင်း ဖီးနစ်မျိုးနွယ်စုက နင့်ရဲ့ နံစော်နေတဲ့ အတွင်းခံဘောင်းဘီကို သောက်ဂရုစိုက်နေစရာလား!?"

" အလကားပေးတောင် မယူဘူး!"

" ဒီနေ့တော့ မောက်မာလွန်းတဲ့ မင်းလို မိန်းမမျိုးကို ငါ အသေသတ်ပစ်မယ် !!"

“......”

အချင်းချင်း ကျိန်ဆဲနေသော အုပ်စုနှစ်စုသည် ရုတ်ချည်း တိုက်ခိုက်ကြတော့သည်။

နဂါးနှင့် ဖီးနစ်တို့၏ အရိပ်များသည် ကောင်းကင်တစ်ပြင်လုံး ပေါက်ကွဲ ထွက်ပေါ်လာခဲ့ပြီး ၊ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါလှိုင်းများက ဒီရေလှိုင်းများ သဖွယ် တဟုန်ထိုး ရိုက်ခတ်နေပြီး ၊ တောင်များ တစ်လုံးပြီးတစ်လုံး ပြိုကျပျက်စီးခဲ့ရသည်။

တိုက်ပွဲဖြစ်ရာ နေရာမှ ကီလိုမီတာ အနည်းငယ်အကွာရှိ တောင်ထိပ်တစ်ခုတွင် စူးချန်ကဲသည် ထိုမြင်ကွင်းကို ပြုံးပြုံးကြီး ကြည့်နေခဲ့သည်။

" ကျုံယုံ(ငရဲကိုးထပ်) တစ်ခုလုံး ကမောက်ကမ ဖြစ်မဖြစ်ဆိုတာက ၊ ငါ ကိုယ်တော်ရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်တယ်"

စူးချန်ကဲ က ပြုံးပြုံးကြီး ဆိုသည်။

"ကြည့်‌လေ၊ ချနေကြပြီ မဟုတ်ဘူးလား"

လော့ရန်ယွီ နှင့် အရိုးဖြူ ပင်လယ် ဘုရင်မ တို့နှစ်ယောက်လုံးလည်း နှစ်ခြိုက်စွာဖြင့် ကြည့်နေကြသည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်းက ၊ စူးချန်ကဲသည် ဖီးနစ် အနွယ်ဝင် အဖြစ် ဟန်ဆောင်ကာ ဤနယ်မြေ တစ်ဝှမ်း‌ရှိ နေရာတိုင်းတွင် ရှိနေခဲ့သော ရှေးနဂါးမျိုးနွယ်စုများကို တိုက်ခိုက်ခဲ့သည်။

ထို့နောက် သူသည် ဖီးနစ်စွမ်းအင် သို့မဟုတ် နဂါး စွမ်းအင်စသော အဓိက အထောက်အထားများကို ချန်ထားခဲ့သည်။

ထိုအရာများသည် နဂါးနှင့် ဖီးနစ်မျိုးနွယ်ဝင်များအတွက် ထူးခြားသော သင်္ကေတများ ဖြစ်သည်။

စူးချန်ကဲတွင် နဂါးစွမ်းအင် ရှိနှင့်ပြီးသား ဖြစ်ပြီး ၊ဖီးနစ်စွမ်းအင်နှင့် ပတ်သက်၍ ယုံမင်ဖီးနစ်သည် အကောင်းဆုံး ရွေးချယ်မှုပင် မဟုတ်လော?

နောက်ဆုံးတွင် သူသည် ရှေးနဂါးအနွယ်ဝင် အဖြစ် ဟန်ဆောင်ကာ ရှေးဖီးနစ်မျိုးနွယ်ကို တိုက်ခိုက်ခဲ့ပြန်သည်။

စူးချန်ကဲ၏ သွေးထိုးလှုံ့ဆော်မှုအပြီးတွင် ၊ အချင်းချင်း မတည့်ကြသော လူမျိုးစု နှစ်စုသည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ လက်နက်ကိုင် တိုက်ပွဲများ ဖြစ်ပေါ်လာတော့သည်။

ဝုန်း!

နှစ်ဖွဲ့လုံး နောက်ဆုံးတွင် ရူးသွပ်သွားပြီး ၊ မိမိ၏ အသွေးအသားများကိုပင် အသက်သွင်းခဲ့သည့်အထိ ဟင်းလင်းပြင် ကွက်လပ်တွင် အကြိတ်အနယ် တိုက်ခိုက်လေသည်။

ငရဲနန်းတော်နှင့် မြေအောက်ကမ္ဘာ၏ ရလဒ်များလည်း ထိုနည်းတူစွာပင် ။

ရန်ပွဲများ မရှိခဲ့သော်လည်း ၊ တစ်ဖက်နဲ့ တစ်ဖက် အဆင်မပြေမှုများ ရှိခဲ့ကြသည်။

မင်ဖုန်းဧကရာဇ်ဘုရင် မျိုးနွယ်စုတွင်လည်း ရိုက်ခတ်မှုများ ရှိခဲ့သော်လည်း ၊ ၎င်းတို့သည် ကွေးယွမ် သူတော်စင် နယ်မြေ မှ တစ်စုံတစ်ဦး၏ လက်ချက်ဖြစ်ကြောင်း လျှို့ဝှက်စုံစမ်း ရှာဖွေတွေ့ရှိခဲ့သည်။

သို့သော် မော့ရန်ရှီး၏ အမိန့်အရ ၊ သူတို့သည် ကွေးယွမ် သူတော်စင် နယ်မြေ၏ အကြံအစည်အတိုင်း လိုက်လျော ပူးပေါင်းဆောင်ရွက်ခဲ့သည်။

တစ်ချိန်တည်းမှာပင် မဲနက်နေသော ရေကန်ကြီး အတွင်း၌ ၊

၎င်းကို ဟေးယာရေကန် ဟုခေါ်ဆိုသည်။ဤရေကန်တွင် ပြင်ပကမ္ဘာထက် များစွာပို‌၍ သန့်စင်သော နတ်ဆိုးစွမ်းအင်များ ကြွယ်ဝစွာ ပါရှိသည်။

နတ်ဆိုးကျင့်ကြံသူတစ်ဦးသည် ဤနေရာ၌ ကျင့်ကြံပါက ၊ နေ့ရက်တိုင်းတွင် ကြီးစွာသော တိုးတက်မှုကို ရရှိလိမ့်မည်ဟု ဆိုနိုင်သည်။

ယုတ္တိကျကျ ဆိုရလျှင်ဖြင့် ၊ ဤကဲ့သို့ အခွင့်အလမ်းမျိုးကို လူတော်တော်များများက နှစ်သက်ကြပေမည်။ သို့သော် ဤနေရာတွင် လှပသော အမျိုးသမီးတစ်ဦးကလွဲ၍ ဘေးပတ်ဝန်းကျင်တွင် မည်သူမှ မရှိခဲ့ပေ။

ရေကန်ကြီးပေါ်တွင် အုံ့ဆိုင်းနေသော မြူခိုးများကြောင့် မြင်ကွင်းသည် အနည်းငယ် မှုန်ဝါးနေသည်။

ရေကန်ထဲရှိ ရေများက အနည်းငယ် လှိုင်းထနေသည်။

မြင်ကွင်းကို အနီးကပ်ကြည့်မည်ဆိုပါက ၊

ထိုနေရာတွင် မိန်းမပျိုတစ်ဦး ရေချိုးနေသည်။

ချောမောသော အသွင်အပြင် ရှိပြီး ၊ ခန္ဓာကိုယ် အချိုးအစားမှာ ပြေပြစ်သည်။ ရေခိုးရေငွေ့များကြား မြင်တွေ့နေရသော သူမ၏ အသားအရေတို့သည် ရှားပါး ကျောက်စိမ်းကဲ့သို့ နူးညံ့တောက်ပနေသည်။

အထူးသဖြင့် သူမ၏ ကြီးကျယ်ခမ်းနားသော ခန္ဓာကိုယ် အချိုးအစားသည် မှုန်ဝါးနေသော ကျောပြင်ကို မြင်ရုံဖြင့် လူကို အတွေးမျိုးစုံ ဖြစ်ပေါ်စေသည်။

"ကိုကို ကတော့လေ လက်လန်တယ်..."

မော့ရန်ရှီးသည် ရှိုက်ကြီးတငင် ပြုံးလိုက်ပြီး ရေရွတ်လိုက်သည်။

"ဒါပေမယ့် ဒီမှာ ဗြောင်းဆန်နေတာလည်း ကောင်းပါတယ်"

" အရင်က အတိတ်ရဲ့ မှတ်ဉာဏ်အရ ကောင်းကင်လမ်းစဉ် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ က ကောင်တွေ ပြီးတော့ သူတို့ရဲ့ ကျားစေ့ အပိုင်းအစတွေက ကျုံယုံ(ငရဲကိုးထပ်)ထဲကို လျှို့ဝှက်စွာ ခိုးဝင်ခဲ့ကြတယ် "

"နောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲက လူဝင်စားမြစ်ကိုတောင် သက်ရောက်မှုရှိခဲ့တယ် "

" အဆုံးမှာတော့၊ မြေအောက်ကမ္ဘာနဲ့ ငရဲနန်းတော်ကပဲ ကြီးမားတဲ့ အကျိုးကျေးဇူးကို ရခဲ့တယ်၊ ဒီဘဝတော့ ငါ အဲ့လို လုံးဝ အဖြစ်မခံဘူး "

" ယင်းယွဲ့"

မော့ရန်ရှီး၏ ခေါ်သံအပြီးတွင် ၊

ရေကန်၏ ဘေးတွင် နှင်းခဲများ ဖြစ်ပေါ်လာပြီး နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ဒင် လင် လင်~~~

ရုတ်တရက် ချိုမြိန်သော ငွေခေါင်းလောင်းသံသည် အဝေးတစ်နေရာမှ ထွက်ပေါ်လာခဲ့သည်။

အသံလားရာကို ကြည့်လိုက်မည်ဆိုပါက ၊ နှင်းဖြူရောင် ပိတ်စကပ်ကို ဝတ်ဆင်ထားသော မြေခွေးမလေးသည် အဝေးကနေ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်ကို တွေ့ရပေမည်။

သူမ၏ စကတ်သည် အလွန်ရှည်လျားပြီး လေအေးကလေးများ ဖြတ်တိုက်သွားသည့် အခါတိုင်း၊ အဖြူရောင် စကပ်၏ တိုးဝှေ့မှုကို ခံနေရသော သူမ၏ ဖြောင့်စင်းသွယ်လျသော ခြေထောက်များကို မြင်တွေ့နေရသည်။

အထူးသဖြင့် ခြေကျင်းဝတ်တွင် ခေါင်းလောင်းလေးများကို ချိတ်‌ဆွဲထားသော ကြိုးနီလေးကို ဝတ်ဆင်ထားသည် ။ သူမ လျှောက်လှမ်းလာလေတိုင်း ခေါင်းလောင်းသံကို ရံဖန်ရံခါ ကြားရသည်။

မြက်ခင်းပြင်ပေါ်တွင် လျှောက်လှမ်းလာသော သူမ၏ ခြေလှမ်းများသည် အလွန်ပေါ့ပါးပြီး ကျက်သရေရှိပေသည်။

" မင်းသမီးကြီး ၊ အမိန့်ရှိပါ "

ယင်းယွဲ့ ဟုခေါ်သော အမျိုးသမီးသည် ရေကန်သို့ ရောက်လာပြီး ဒူးတစ်ဖက်ထောက်ကာ ဦိးညွှတ်လိုက်သည်။

သူမသည် မော့ရန်ရှီးကိုယ်တိုင် မင်ဖုန်းဧကရာဇ်ဘုရင်မျိုးနွယ်စုဝင်ထဲမှ ရွေးချယ်ထားသော အစေခံ မိန်းကလေးဖြစ်သည်။ သူမသည် သာမန် အစေခံတစ်ယောက် မဟုတ်ဘဲ ဒဏ္ဍာရီလာ ထျန်းရှန်းမြေခွေးမျိုးနွယ်စု၏ အသွေးအသားများ ပါရှိသူတစ်ဦးဖြစ်သည်။

ဤထျန်းရှန်းမြေခွေးမျိုးနွယ်စုသည် စစ်မှန်သော အမတသားရဲကောင်များ ဖြစ်သည်ကို သင် သိထားရမည်။

မော့ရန်ရှီးသည် နတ်ဆိုးကမ္ဘာရှိ ကျွန်ရောင်းဝယ်ရေး ဈေးကွက်တွင် သူမကို မတော်တဆ တွေ့ရှိခဲ့သည်။

ဤရက်‌ပိုင်းအတွင်း ၊ မော့ရန်ရှီးသည် သူမကို တစ်ချိန်လုံး လေ့ကျင့်သင်ကြားပေးခဲ့သည်။

ယခုအခါတွင် သူမ၏ သွေးသား စွမ်းအားများကို အပြည့်အဝ နိုးထလာစေရန် ကူညီပေးနိုင်ခဲ့ပြီး ၊ သူမ၏ ကျင့်ကြံဆင့်သည် ထိပ်တန်း သူတော်စင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။

ဒါမှသာလျှင် ၊ မိမိသည် ဤတစ်ကြိမ် ပြန်လည်ဝင်စားခြင်းမှ သေဆုံးသွားပြီးနောက်တွင် ၊ အစ်ကိုဖြစ်သူ အတွက် အကူအညီတစ်ခု ချန်ထားနိုင်ခဲ့မည် ဖြစ်သည်။

"ယင်းယွဲ့၊ ငါ့ရဲ့ ညွှန်ကြားချက်အတိုင်း ၊ မင်း အခု မင်ဖုန်း ဧကရာဇ်ဘုရင်မျိုးနွယ်စုထဲက ထိပ်တန်း အုပ်စုကို ခေါင်းဆောင်ပြီး ရှေ့ဆက်ပြီး အစီအစဉ်‌တွေကို ရေးဆွဲရမယ် "

"မှတ်ထား ၊ ၊ ရှကွမ်း တောင်ကြား၊ ယန်မင် တောင် ၊ ထျန်းရှောင်း ဂိုဏ်း နဲ့ ကောင်းကင်မိုးကြိုး နန်းတော်တို့က ကောင်တွေကို မင်း မဖျက်ဆီးနိုင်ရင်တောင် ပြင်းပြင်းထန်ထန် ရိုက်နှက်နိုင်ရမယ် "

"ဘာတန်ကြေးပဲ ပေးဆပ်ရပါစေ "

သူမ၏ မှတ်ဉာဏ်အရ၊ ၎င်းတို့သည် ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ၏ ကျားစေ့များ ဖြစ်သည် ။

၎င်းတို့သည် စူးချန်ကဲ အပေါ် သက်ရောက်မှု ဖြစ်စေမည် ။

သို့ဖြစ်၍ သူမအနေဖြင့် ၎င်းတို့ကို ကြိုတင်ဖယ်ရှားရန် လိုအပ်သည်။

"ဒီဘဝမှာ ဘယ်သူပဲ ဖြစ်ဖြစ်"

မော့ရန်ရှီး၏ မျက်လုံးများသည် လွန်စွာ အေးစက်နေသည်။

" ငါ့အစ်ကိုကို ခြိမ်းခြောက်လို့ မရဘူး"

အပိုင်း(၃၀၆): နှင်းကောင်းကင်တောင်ထိပ်၊ သော့လေးခု၊ ကံကြမ္မာက သတ်မှတ်ထားပြီးသားလူ ရောက်လာပြီ

တစ်ချိန်တည်းမှာပင် ၊

စူးချန်ကဲသည် အရိုးဖြူပင်လယ် ဘုရင်မ နှင့် လော့ရန်ယွီတို့အား အခြားနေရာသို့ ခေါ်ဆောင်လာခဲ့သည်။

ဤနေရာတစ်ခုလုံးကို ငွေဖြူရောင်များဖြင့် ခြယ်မှုန်းထားသည့်အတိုင်း ၊ ဘယ်နေရာပင် ကြည့်ကြည့် နေရာတိုင်းက ဖြူဖွေးနေသည်။

နှင်းများက တဖွဲဖွဲကျနေပြီး၊ ဤနေရာသည် မြေပြန့်ဒေသ အမျိုးအစားပင် ဖြစ်သည်။

ရှည်လျားသော အချိန်ကာလကို ဖြတ်သန်းခဲ့ရသော‌ကြောင့် ဤနေရာတွင် စုပြုံနေသော ရေခဲနှင့် ဆီးနှင်းများ၏ အထူအတိုင်းအတာမှာ ဆယ်မီတာခန့်ထိ ရှိသည် ။

ထူထပ်သော ရေခဲတောင်များသည် တစ်ခုနှင့် တစ်ခု သွယ်ယှက်ကာ အဆုံးမသတ်နိုင်သော တောင်တန်းများအဖြစ် ဖြစ်တည်နေပြီး ၊ ယင်းက ဤအဖြူရောင် ကမ္ဘာကြီးကို ပို၍ အေးစက်ကာ အဖော်မဲ့သော ခံစားချက်ကို ပေးစွမ်းနေသည်။

ထိုစဉ် ၊ လေပြင်းများ တိုက်ခတ်လာခဲ့သည်။

ကြီးမားသော အမှောင်ရိပ်သွင်ကြီးသည် ၎င်း၏ အတောင်ပံများကို ဖြန့်ကာ ဤဒေသရှိ နက်နဲရာအရပ်ဆီသို့ ပျံသန်းနေသည်။

ယုံမင်ဖီးနစ်ပေါ်တွင် ထိုင်နေသော စူးချန်ကဲသည် တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ အောက်ကို ငုံ့ကြည့်နေသည်။

“ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းရဲ့ အဓိက အင်အားစုဖြစ်တဲ့ နျုံမိုထျန်းခေါင်းဆောင်တဲ့ အဖွဲ့က ဒီနေရာကို ရောက်လာခဲ့တယ် ဆိုပေမဲ့ “

“ဒါပေမယ့် ဘာသဲလွန်စမှကို ရှာမတွေ့ဘူး “

ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်း ၊ ရှေးဟောင်း နဂါးမျိုးနွယ်စု နှင့် ရှေးဟောင်း ဖီးနစ်မျိုးနွယ်တို့သည် မည်သည့်အကြံအစည်များ ရှိနေကြလဲတော့ မသိပေ ။

နျုံမိုထျန်း ၊ လုံဟောက် နဲ့ ဖုန်းမုရှင်းတို့ ဦးဆောင်သော တပ်ဖွဲ့သုံးဖွဲ့သည် ကြိုတင်စီစဉ်ထားသည့်အတိုင်း မတူညီသော နယ်မြေသုံးခုကို အုပ်စုခွဲကာ ထွက်ခွာခဲ့ကြသည်။

ဤရက်များအတွင်း သူ စူးစမ်းထားသော လေ့လာချက်များအရ ၊ ဤကျုံယုံ(ငရဲကိုးထပ်)၏ အစွန်ပိုင်း ဧရိယာတစ်ဝိုက်ကို သူ အကြမ်းဖျင်း နားလည်ခဲ့သည်။

ဤကျုံယုံ(ငရဲကိုးထပ်)ကမ္ဘာကြီး တစ်ခုလုံးကို မတူညီသော နယ်မြေ အပိုင်းအစများဖြင့် ဖွဲ့စည်းထားသကဲ့သို့ ဤနေရာသည် အလွန် ဆန်းကြယ်ပေသည်။

အချို့နေရာများတွင် မီးတောက်များက တဟုန်းဟုန်း လောင်မြိုက်လျက် အဆုံးမရှိသော မီးလျှံနယ်မြေနှင့် တူသည်။

အချို့နေရာများတွင် သွေးမြူမှုန်များဖြင့် ပြည့်နှက်‌နေပြီး ၊ ထူးဆန်းသော အသွင်သဏ္ဍာန် ရှိသည့် ရက်စက်ကြမ်းကြုတ်သော သားရဲကောင်များက ဧရိယာအတွင်း ကျက်စားနေကြသည်။

အချို့နေရာများတွင် မိုးခြိမ်းသံများဖြင့် ပြည့်နှက်နေပြီး ၊ နဂါးများသည် လှည့်ပတ်သွားလာနေကြသည်။

“ဒီကမ္ဘာကြီးက နယ်မြေမျိုးစုံရဲ့ နေရာလပ်တွေရဲ့ ဖိသိပ်မှုကြောင့် ဖြစ်ပေါ်လာသလိုပဲ “

စူးချန်ကဲက ရေရွတ်လိုက်သည်။

“ယုတ္တိကျကျ ပြောရရင် ၊ကမ္ဘာတစ်ခုတည်းမှာ ဒီလိုထူးဆန်းတဲ့ မြင်ကွင်းမျိုးစုံ တည်ရှိဖို့ ဆိုတာ မဖြစ်နိုင်ဘူး ၊ တော်တော်များများက ဝိရောဓိကို ဖောက်ဖျက်နေတယ်”

“သခင် ၊ ရှေ့က နှင်းတောင်ကြီးပေါ်မှာ ကန့်သတ်ချက်တစ်ခု ရှိနေတယ်၊ ကျွန်တော် ရှေ့ဆက် ပျံသန်းဖို့ မဖြစ်နိုင်လောက်ဘူး ထင်တယ်...”

ယုံမင်ဖီးနစ်က စူးချန်ကဲကို ပြောလိုက်သည်။

စူးချန်ကဲသည် ထိုစကားကို ကြားလိုက်ရသောအခါတွင် အသိဥာဏ် တစ်ခု အလင်းပွင့်သွားခဲ့သည်။

သူ ထင်ထားသည့်အတိုင်း ၊ ပေတစ်သောင်းမြင့်မားသော ဤနှင်းတောင်တန်းကြီးထဲတွင် ဖိနှိပ်ချုပ်ချယ်ခြင်းဆိုင်ရာ နိယာစည်းမျဉ်း တစ်ခုရှိနေခဲ့သည်။

နှင်းတောင်ဖြင့် နီးကပ်လာလေလေ ၊ ဖိနှိပ်ချုပ်ချယ်ခြင်းဆိုင်ရာ နိယာစည်းမျဉ်းသည် ပို၍ အားကောင်းလေလေပင် ဖြစ်သည်။

“အရင် ဆင်းကြည့်ကြစို့ “

…..

ခဏ ဆင်းလျှောက်လာခဲ့ပြီးနောက် ၊

စူးချန်ကဲတို့ အဖွဲ့သည် နောက်ဆုံးတွင် ထိုကြီးမားသော နှင်းတောင်တန်းကြီးရှေ့သို့ ရောက်ချလာခဲ့သည်။

တောင်သည် အလွန်မြင့်မားသောကြောင့် ကောင်းကင်နှင့် ထိစပ်နေသလား အောက်မေ့ရသည်။

ထူထပ်သော အဖြူရောင် မြူခိုးများက တောင်တစ်ခုလုံး ဖုံးလွှမ်းထားသည်။

နှင်းများဖြင့် ဖုံးနေသော တောင်တန်းများပေါ်တွင် အဖြူရောင် မြူခိုးများက ရစ်ဝဲထားသည်မှာ ဤတောင်ကြီးတစ်ခုလုံးကို အတန်ငယ် ကြီးကျယ်ခမ်းနားသော အသွင်အပြင်ကို ရစေသည်။

တောင်၏ ခြေရင်းတွင် ကြီးမားသော ကျောက်တုံးကြီးတစ်ခု ရှိသည်။

၎င်းပေါ်တွင် ‘ နှင်းကောင်းကင် တောင်ထိပ် “ ဟူ၍ ဓားဖြင့် ထွင်းထားသော စာလုံးသုံးလုံး ရှိသည်။

နာမည်ကိုကြည့်ရုံဖြင့် ၊ ဤတောင်သည် ကမ္ဘာပေါ်တွင် ကောင်းကင်နှင့် အနီးဆုံးနေရာ တစ်ခုဖြစ်သည်ဟု ထင်မှတ်ရပေသည် ။

စူးချန်ကဲတို့ သုံးယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

ဘုန်း ဘုန်း! !

ဆူညံသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာပြီး ၊ မြေပြင်သည် ပြင်းထန်စွာ တုန်ခါသွားကာ သူတို့၏ ခန္ဓာကိုယ်များကိုပင် အနည်းငယ် တုန်လှုပ်သွားစေသည်။

စူးချန်ကဲသည် နှင်းကောင်းကင် တောင်ထိပ်ပေါ်သို့ မော့ကြည့်လိုက်သည်။သူ၏ စူးရှသော မျက်လုံးများသည် မြင့်မားသော တောင်တန်းများကို ဖြတ်ကျော်ပြီး မမြင်နိုင်သော ဟိုးအမိုးခုံးဆီသို့ တည့်တည့်မတ်မတ် ကြည့်နေသလိုပင်။

“ဒါက မကောင်းဆိုးဝါးတွေရဲ့ စွမ်းအင်လှိုင်းပဲ”

“ ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်းကကောင်တွေ တစ်ခုခု ရှာတွေ့ခဲ့တာလား”

…..

တစ်ချိန်တည်းမှာပင်။

နှင်းကောင်းကင်တောင်၏ အမြင့်ဆုံးတောင်ထိပ်တွင် ၊

နှစ်ထောင်ပေါင်းများစွာ အေးခဲနေသော ကြီးမားသော သလင်းကျောက်တံခါးကြီးသည် တဖြည်းဖြည်း ပွင့်လာခဲ့သည်။

ထိုရေခဲတံခါးကြီးထဲမှ အဖြူရောင် အခိုးအငွေ့များ လွင့်ပျံထွက်ပေါ်လာခဲ့သည်။

တံခါးမကြီးသည် ဒဏ္ဍာရီနယ်မြေဆီသို့ ဦးတည်နေပုံရသည်။

ထိုရေခဲတံခါးကြီး၏ ရှေ့တွင် လူတစ်စု ရပ်နေသည်။

၎င်းတို့သည် ငယ်ရွယ်ပြီး အလွန် အားကောင်းသော ရောင်ဝါများကို ပိုင်ဆိုင်ထားသည်။

သူတို့သည် ကောင်းကင်ဘုံမကောင်းဆိုးဝါးတောင်တန်း၏ ပါရမီရှင်များဖြစ်သည်။

နျုံမိုထျန်းသည် လက်ကိုနောက်ပစ်လျက် နေရာတွင်ရပ်နေပြီး ၊ သူ၏ ကွေးညွှတ်နေသော နှုတ်ခမ်းသားများပေါ်တွင် အပြုံးတစ်ခုကို ချိတ်ဆွဲထားသည်။

“ ရှာတုန်းကကြ မတွေ့ဘူး ၊ တွေ့ပြန်တော့လည်း ခဏပဲ “

“ ကျုံယုံ(ငရဲကိုးထပ်) ကို သော့ဖွင့်ဖို့ ပထမဆုံးသော့က ဒီထဲမှာပဲ ရှိရမယ် “

နျုံမိုထျန်း၏ စကားအရ ၊ ကျုံယုံ(ငရဲကိုးထပ်)၏ တကယ့်ကမ္ဘာကို ဖွင့်ချင်ရင် သော့များ၏ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်ကြောင်း သိနိုင်သည်။

တို့အပြင် ဤအပျက်အစီးများကြား အရေးကြီးသော သဲလွန်စတစ်ခုကို တွေ့ရှိခဲ့သည်။

ကျုံယုံ(ငရဲကိုးထပ်) သို့ဝင်ရောက်ရန် စုစုပေါင်းသော့လေးခု လိုအပ်ပြီး ၊ ထိုသော့လေးခုကို မတူညီသော နေရာလေးခုတွင် တံဆိပ်ခတ်ထားသည်။

ကျောက်စိမ်းပုရပိုက်တွင် အသေးစိတ် မှတ်တမ်းမတင်ထားသော်လည်း ယေဘုယျ အရိပ်အမြွက်များကို ဖော်ပြထားသည်။

“ သွေးကြာပွင့်များကို ကောင်းကင်နှင့် မြေကြီးတို့က မီးသဂြိုလ်လျက် ၊ မီးတွင်းထဲ၌ အစစ်အမှန်ကို ပေါ်လွင်စေသည် “

“နဂါးသည် ကောင်းကင်မှ ဟောက်သံပြု၍ နက်နဲသော ချိုင့်ဝှမ်းဆီသို့ ဆင်းသက်လာပြီး ၊ သဲလွန်စများကို ရှာဖွေရန် ကျယ်ပြန့်သောသမုဒ္ဒရာကြီးကို စူးစမ်းနေသည်”

“ ကောင်းကင်တောင်၏ နှင်းခဲများက နှစ်ထောင်ချီကြာအောင် အေးခဲစုပုံလျက် ၊ နှင်းတောင်ထိပ်များက ရှေးဟောင်း လျှို့ဝှက်ချက်များကို ဖော်ထုတ်ပေးနေသည် “

ဤအရာများသည် ကျောက်စိမ်းပုရပိုက်ထဲကနေ ရရှိခဲ့သော အချက်အလက်များ ဖြစ်ပြီး ၊ စတုတ္ထသော့သတိပေးချက်နှင့် ပတ်သက်၍ မည်သူက ဖျက်ဆီးခဲ့လဲဆိုတာတော့ မသိ။

‘သွေးထောင်’ဆိုသော စကားလုံးနှစ်လုံးသာ ကျန်ရစ်နေခဲ့သည်။

“ဒါပေမယ့် ဒီသော့သုံးခုကို ရှာတွေ့တာနဲ့ စတုတ္ထသော့ကို ရှာတွေ့ဖို့က အနှေးနဲ့အမြန်ပဲ”

“လာ၊ ငါ့နောက်လိုက်ခဲ့”

နျုံမိုထျန်းသည် အဖွဲ့သားများကို လက်ယက်ခေါ်လိုက်ပြီး ၊ သူကိုယ်တိုင် ဦးဆောင်ကာ နှင်းခဲတံခါးကြီးဆီသို့ လျှောက်သွားခဲ့သည်။

“သခင်၊ ကွေးယွမ် သူတော်စင် နယ်မြေက ကျွန်တော်တို့ရဲ့ သတင်းကို တိတ်တဆိတ် စုံစမ်းနေပုံရတယ်...”

မကောင်းဆိုးဝါး ပါရမီရှင်တစ်ဦးက ဆိုလိုက်သည်။

“ ကျွန်တော်တို့အားလုံး ဝင်သွားကြရင် ၊ ဒီမှာ စောင့်ခိုင်းဖို့ လူမလိုဘူးလား “

ထိုစကားကို ကြားတော့ နျုံမိုထျန်းက အေးစက်စွာ ပြုံးလိုက်ရင်း ဆိုလိုက်သည်။

“စိတ်မပူနဲ့၊ ကွေးယွမ် သူတော်စင် နယ်မြေကကောင်တွေ ငါတို့နောက်ကွယ်ကနေ မက်မွန်သီးခိုးဖို့ ကြံနေတာ ၊ ဆုတောင်းလေ !”

“ ငါ လမ်းမှာ စောင့်ကြပ်ဖို့ လူလွှတ်ထားပြီးပြီ”

“သူတို့ ဒီကို အဲ့လောက်ထိ လွယ်လွယ်ကူကူ တတ်မလာနိုင်ဘူး “

နျုံမိုထျန်း၏ အပြုံးသည် သူ့ကိုယ်သူ အလွန်ယုံကြည်မှု ရှိပုံရသည်။

သူလွှတ်ထားသော လူသည် သူကဲ့သို့ ကောင်းကင်လမ်းစဉ် သားတော်လေးပါးထဲက တစ်ပါး ဖြစ်သည်။

လွန်ခဲ့သော ရက်အနည်းငယ်က သူတို့နှစ်ဦးသည် မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ကြသည်။

ထိုအနှီလူသည် တစ်ကောင်ကြွက် ဖြစ်သည်။ သို့သော်လည်း သူသည် စူးချန်ကဲနှင့် တိုက်ပွဲဆင်နွဲရန် စိတ်အားထက်သန်နေသည်။

မူလက ထိုအနှီလူအား သူနှင့်ပူးပေါင်းရန် ဖိတ်ကြားလိုခဲ့သည်။

သို့သော် ထိုအနှီလူသည် သူနှင့်ပူးပေါင်းရန် လုံးဝ စိတ်မ၀င်စားခဲ့ပေ။

ထို့ကြောင့် နျုံမိုထျန်းသည် လှည့်ကွက်အနည်းငယ်ကို အသုံးပြုရန်ကလွဲ၍ ရွေးချယ်စရာ မရှိခဲ့ပေ။

ထို့ကြောင့် သူသည် ဤနှင်းကောင်းကင် တောင်ထိပ်တွင် စောင့်ဆိုင်းနေသရွေ့ ၊ စူးချန်ကဲ၏ ခြေရာကို တွေ့ကောင်းတွေ့နိုင်လိမ့်မည် ဟု ‌ဆိုခဲ့သည်။

“ဟီးဟီး...ဒါ ငါ့ကို အပြစ်တင်လို့မရဘူးလေ ၊ ငါက တွေ့ကောင်းတွေ့နိုင်လိမ့်မယ်လို့ပဲ ပြောခဲ့တာ”

နျုံမိုထျန်းသည် လှောင်ပြောင်ရယ်မောလိုက်သည်။

“လာမယ့်လူက စူးချန်ကဲ ဟုတ်ချင်မှလည်း ဟုတ်လိမ့်မယ် ၊ မင်းက‌တော့ အဲဒီနေရာမှာပဲ လိမ်လိမ်မာမာနဲ့ စောင့်ကြည့်နေပေတော့ “

……

စူးချန်ကဲတို့အဖွဲ့သည် နှင်းကောင်းကင် တောင်တတ်လမ်းပေါ်သို့ လျှောက်လှမ်းလာခဲ့သည်။

တောင်တတ်နေစဉ်တစ်လျှောက် ၊

နှင်းများက သည်းကြီးမည်းကြီး ကျဆင်းလာသည်။

ယင်းက ကမ္ဘာကြီးတစ်ခုလုံးကို အေးစက်သွားစေကာ နှင်းများကို အဆက်မပြတ် ကျဆင်းလာစေသည်။

အဖြူရောင် နှင်းပွင့်များက အရာအားလုံးကို ဖုံးလွှမ်းထားပုံရသည်။

ထို့အပြင် ဤနှင်းကောင်းကင် တောင်ထိပ်သည် အတော်လေး ထူးဆန်းပေသည်။ ရံဖန်ရံခါတွင် ကြောက်မက်ဖွယ် လှိုင်းဂယက်များက အုံကြွလာတတ်ပြီး ၊ နှင်းပွင့်များသည် ကောင်းကင်မှ ရူးသွပ်စွာ လွင့်ပျံလာသည်။

သို့သော်၊ ဤအရာများသည် စူးချန်ကဲ အတွက် အသေးအဖွဲ လှည့်ကွက်မျှသာဖြစ်ပြီး ၊ သူသည် သူ့လက်ကို တချက် ဝှေ့ယမ်းရုံဖြင့် ဤအရာအားလုံးကို ဖြေရှင်းပစ်ခဲ့သည်။

လမ်းတစ်လျှောက်တွင် မကောင်းဆိုးဝါးမျိုးနွယ်စုဝင် ပါရမီရှင်များစွာ၏ အလောင်းများနှင့် လူသားမျိုးနွယ် ပါရမီရှင်များစွာ၏ အလောင်းများကို တွေ့ခဲ့ရသည်။

အချို့သော အလောင်းများသည် နှင်းထဲတွင် လုံးလုံးလျားလျား နစ်မြုပ်နေခဲ့ပြီး ၊ ခြေတစ်စုံ သို့မဟုတ် လက်တစ်စုံကို‌သာ မြင်တွေ့ရသည်။

အချို့က ထူထဲသော ရေခဲများဖြင့် ချိတ်ပိတ်ခံထားရသည်။

၎င်းတို့အကုန်လုံးသည် ဤနေရာတွင် ရှိနေသော ဖိနှိပ်စွမ်းအားများကို ခံနိုင်ရည်စွမ်း မရှိဘဲ သေဆုံးသွားခဲ့ပုံရသည်။

ဒင်——

သို့သော် ထိုအချိန်တွင်၊ နှင်းကောင်းကင်တောင်ထိပ်ပေါ်မှ ဗျပ်စောင်းသံ ထွက်ပေါ်လာခဲ့သည်။

“ ဗျပ်စောင်းသံ?”

စူးချန်ကဲ အံ့အားသင့်သွားပြီး ၊ အပေါ်ကို မော့ကြည့်လိုက်သည်။

ငြိမ်သက်နေသော ဝေဟင်ထက်၌ နှင်းများက တဖွဲဖွဲ ကျ‌ဆင်းနေသည်။

အထူးသဖြင့် နှင်းကောင်းကင် တောင်ထိပ်ပေါ်သို့ တတ်လေလေ ၊ နှင်းများက သိပ်သည်းစွာ ကျဆင်းလေလေပင် ဖြစ်သည်။

စူးချန်ကဲ၏ အမြင်အာရုံသည် သိပ်သည်းထူထဲစွာ ကျဆင်းနေသော နှင်းများကိုပင် ထိုးဖောက်ဝင်ရောက်သွားပုံရသည်။

တောင်ထိပ်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေသော လူတစ်ယောက် ရှိနေခဲ့သည်။

သူမ၏ ရှေ့တွင် ဗျပ်စောင်း တစ်လက်ရှိပြီး ၊ အနက်ရောင် ဆံနွယ်ရှည်များက မြေပြင်ပေါ်သို့ တွဲလျားကျနေသည်။

ဖြူဖွေးနေသော နှင်းထုကြီးထဲတွင် သူမသည် ဗျပ်စောင်း၏ ရှေ့တွင် ထိုင်နေသည်။

ဤကမ္ဘာကြီးတစ်ခုလုံး ဗလာကျင်းနေသကဲ့သို့ ထိုအနှီလူ၏ ပုံသဏ္ဍာန်သည် အလွန်အထီးကျန်နေပုံရသည်။

သူမသည် တည်ငြိမ်သော မျက်ဝန်းများဖြင့် သူမလက်ထဲက ဗျပ်စောင်းကို အသာလေး ထွေးပိုက်လိုက်သည်။

“ကံကြမ္မာက သတ်မှတ်ထားပြီးသားလူ “

“ ရောက်လာခဲ့ပြီလား ?”

အပိုင်း(၃၀၇): ဗျပ်စောင်းနဲ့ အနိုင်အရှုံး ခွဲမယ်၊ ဆီးနှင်းခဲများ၏ ထောင်စုနှစ်ကာလ

ချင်ရွှမ့်ယွာ၏ မျက်လုံးများသည်လည်း လှုပ်ရှားသွားပြီး ၊စူးချန်ကဲ ရှိရာဘက်ဆီသို့ ကြည့်လိုက်သည်။

သူမ ဤနေရာတွင်စောင့်နေခဲ့သည်မှာ မည်မျှ‌ကြာမြင့်ခဲ့ပြီမှန်း မသိချေ။ သူမ၏ ဆံနွယ်များပေါ်တွင် နှင်းခဲကလေးများ တွဲကျလို့နေသည်။

သူမ၏ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ကိုတောင် ပို၍ တောင့်တင်းသွားစေခဲ့သည်။

ဒင်——

ထိုအချိန်တွင် သူမ၏ သွယ်လျသော လက်ချောင်းများက ကြိုးကို တီးခတ်နေသည်။

ဂီတ မှော်သင်္ကေတများက နှင်းများနှင့်အတူ ကောင်းကင်တွင် ပျံဝဲနေသည်။

လေညင်းများသည် အေးစက်လှပြီး ၊ ဆီးနှင်းခဲ နှင့် နှင်းစက်များက ဤနေရာတစ်ခုလုံးကို ဖြူဖွေးအောင် ပြုစားလို့နေသည်။

နှင်းမုန်တိုင်း ပန်းချီကားတစ်ချပ် ရေးဆွဲထားသကဲ့သို့ ဆီးနှင်းခဲများ နှင့် နှင်းပွင့်များသည် တစ်ခုနှင့်တစ်ခု ထပ်လျက်ရှိနေပြီး အဖြူရောင် ကမ္ဘာကြီးတစ်ခုအဖြစ် ဖန်တီးပေးနေသည်။

လှပသော်လည်း အဆုံးစွန်သော အန္တရာယ်များ ရှိနေပြီး ၊ စူးချန်ကဲရှိရာဘက်ဆီသို့ ဦးတည်နေသည်။

အရိုးဖြူပင်လယ် ဘုရင်မ၏ လှပသော မျက်ဝန်းများသည် အနည်းငယ်ကျုံ့သွားပြီး ၊ သူမသည် အရေးယူဖို့ ပြင်ဆင်လိုက်ချိန်မှာတော့ စူးချန်ကဲက ဟန့်တားလိုက်သည်။

“ ငါလုပ်မယ်”

စူးချန်ကဲသည် သူ့လက်ကိုဆန့်ထုတ်ကာ အရိုးဖြူပင်လယ် ဘုရင်မကို တားဆီးခဲ့ပြီး ၊ နှင်းမုန်တိုင်းထဲသို့ ဝင်ရောက်သွားခဲ့သည်။

“သူမရဲ့ပစ်မှတ်က ငါ ဖြစ်ပုံရတယ်”

“ ပြီးတော့ ငါလည်း ဂီတနဲ့ ပတ်သက်ပြီး နည်းနည်းသိထားတယ်”

စူးချန်ကဲသည် အပြုံးမပျက် လက်ကိုနောက်ပစ်ထားသည်။ သူသည် ထိုကြောက်စရာကောင်းသော ဖိနှိပ်စွမ်းအားများကို ရင်ဆိုင်နေရတာတောင် အေးအေးဆေးဆေး လျှောက်လှမ်းနေဆဲပင် ဖြစ်သည်။

လှိုင်းထန်နေသော ဆီးနှင်းခဲများသည် စူးချန်ကဲ၏ ရုပ်သွင်ကို အပြည့်အ၀ ဖုံးလွှမ်းသွားပြီး ၊ အေးစက်သော လေပြင်းတိုက်ခတ်သံများကို ကြားနေရသည်။

တစ်ဖန်၊ ၎င်းတို့သည် ချွန်ထက်သော ရေခဲများ အဖြစ်သို့ ပြောင်းလဲသွားပြီး ၊ ထောင့်ပေါင်းစုံမှ စူးချန်ကဲကို တိုက်ခိုက်လာခဲ့သည်။

သို့သော် စူးချန်ကဲသည် တည်ငြိမ်စွာဖြင့် ရှိနေဆဲပင်ဖြစ်ပြီး ၊ သူ့လက်ကို အသာလေး မြှောက်လိုက်သည်နှင့် တောက်ပသော မှော်သင်္ကေတတို့သည် အဖြူရောင် ဂီတတူရိယာ ကြိုးမျှင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“ဒါက....ကြိုးလား.....?”

ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသော ချင်ရွှမ့်ယွာ၏ အမူအရာတို့သည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သူမ၏ လှပသော မျက်ဝန်းတစ်စုံတွင် ဖုံးကွယ်၍မရသော ထိတ်လန့်မှုတစ်ခု ရှိနေခဲ့သည်။

ဗျပ်စောင်းလမ်းစဉ်တွင်၊ ဗျပ်စောင်းတီးခတ်ခြင်း အပေါ် နားလည်နိုင်စွမ်း မြင့်မားသော လူအချို့သည် ၎င်းတို့ တီးခတ်ကစားသည့်အခါတွင် မြင့်မြတ်သော လမ်းစဉ်၏ တုံ့ပြန်မှုကို နှိုးဆွနိုင်သည်။

ဓားကျင့်ကြံသူသည် မိမိတွင် ယုံကြည်ချက် အပြည့်ရှိနေသရွေ့ အရာအားလုံးကို ဓားအဖြစ် အသုံးပြုနိုင်ပေသည်။

သစ်ကိုင်း ဖြစ်စေ ၊ သစ်ရွက် ဖြစ်စေ သို့မဟုတ် လမ်းဘေးက ပေါင်းပင်ဖြစ်လျှင့်ကစား ၊

ဓားသမား၏ လက်ထဲတွင် ဓားတစ်လက်ဖြစ်သွားနိုင်သည်။

ဗျပ်စောင်းလည်း ထိုနည်းတူစွာပင်။

နှလုံးသားထဲမှာ သံစဉ်တစ်ပုဒ်ရှိနေသရွေ့ ၊ ဘယ်အချိန်မဆို တီးခတ်နိုင်ပေမည်။

“ဒါကသာလျှင် တကယ့် ဉာဏ်ကြီးရှင်များလား...?”

“ဓားရေးမှာလည်း အလွန်မြင့်မားတဲ့ အောင်မြင်မှုတွေ ရှိထားရုံသာမက ဗျပ်စောင်းတီးခတ်ရာမှာလည်း အလွန် ကြောက်စရာကောင်းတဲ့ အရည်အချင်းတွေ ရှိနေတာပဲ...”

ချင်ရွှမ့်ယွာသည် သက်ပြင်းချလိုက်ရင်း၊ တစ်ချိန်တည်းမှာပင် စိတ်ထဲတွင် ရှိနေခဲ့သော ဝမ်းနည်းမှုက ပို၍ဆိုးရွားလာခဲ့သည်။

သူမသည် ကောင်းကင်လမ်းစဉ်၏ သမီးတော်တစ်ပါး ဖြစ်သည်။၊ ကောင်းကင်လမ်းစဉ်၏ ကောင်းချီးမင်္ဂလာများက သူ၏ ဗျပ်စောင်းစွမ်းရည်ကို ပိုမို တိုးတတ်လာစေသည်။

သူမ၏အမြင်တွင် ၊ သင်သည် အခြားသူ၏ ကျေးဇူးကြွေးကို လက်ခံထားသရွေ့ သဘောတူညီချက်အတိုင်း သေချာပေါက် လုပ်ဆောင်ရပေမည်။

……

စူးချန်ကဲဘက်တွင်မူ ၊

စူးချန်ကဲသည် သူ့လက်ချောင်းများကို အနည်းငယ် ကွေးညွှတ်လိုက်သည်။

ဒင်——

တခဏချင်းမှာပဲ ကျယ်လောင်သော ဗျပ်စောင်းတီးခတ်သံသည် လမ်းကြောင်းအရပ်ရပ်သို့ အသံလှိုင်းများအဖြစ် ရိုက်ခတ်ပျံ့နှံ့သွားသည်။

ထိုအသံလှိုင်းများသည် အလင်းလှိုင်းအလွှာများအဖြစ် ဖွဲ့စည်းဖြစ်ပေါ်သွားပြီး ဆောင်းဦိးရေလှိုင်းများအလား လွင့်စင်ရိုက်ခတ်သွားလေသည်။

နောက်အခိုက်အတန့်တွင်၊ ၎င်းတို့သည် နှင်းထုကမ္ဘာကြီးနှင့် ထိပ်တိုက်ဆုံတွေ့သွားသည်။

မိမိပြောပြလိုသော တေးသွားဇာတ်လမ်းများကို ဖန်တီးရန် ပြိုင်ဆိုင်နေသကဲ့သို့ ၊ လုံးဝကွဲပြားသော အဓိပ္ပာယ်နှစ်မျိုးပါဝင်သည့် တေးသွားနှစ်ပါး ရောယှက်ကာ ဖျော်ဖြေနေသလိုပင်။

သို့သော် နောက်ဆုံးတွင် စူးချန်ကဲ၏ ဂီတအဓိပ္ပါယ်သည် ပို၍ လေးနက်သက်ဝင်လာသည်။

ရုတ်တရက် ပေါက်ကွဲသံနှင့်အတူ ၊

ချင်ရွှမ့်ယွာ၏ တေးဂီတကြောင့် ဖြစ်ပေါ်တည်ရှိလာသော အဖြူရောင်ကမ္ဘာကြီးသည် မီးခိုးအလွှာများကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။

လူကို တုန်လှုပ်စေသော အေးစက်သော လေပွေများ လုံးလုံးလျားလျား တိုက်ခတ်သွားပြီးနောက်တွင် ၊ ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ချည်း‌ဆိုသလို ပြန်လည် ကြည်လင်လာခဲ့သည်။

ကျန်လေအေးများက စူးချန်ကဲ၏ ခန္ဓာကိုယ်ကို တချက် ဝှေ့ယမ်းတိုက်ခတ်သွားလေရာ ၊ သူ၏ အဖြူရောင် အဝတ်အစားများသည် လေနှင့်အတူ လွှင့်ပျံလျက် ၊ အနက်ရောင်ဆံနွယ်များက မျောလွင့်နေသည်။

“ဒီတိုက်ပွဲမှာ ငါက ပိုပြီးသာလွန်သွားပုံရတယ်”

ဤအခိုက်အတန့်တွင်၊ စူးချန်ကဲသည် လေနှင့် နှင်းများ၏ လွှမ်းမိုးသက်ရောက်မှုကို မခံရတော့ဘဲ သူ့ကိုယ်ပိုင်ခွန်အားဖြင့် ရှေ့သို့ တိုးဝင်သွားခဲ့သည်။

သူသည် လျင်မြန်စွာ လျှောက်လှမ်းလာခဲ့ပြီး ချင်ရွှမ့်ယွာ၏ ရှေ့တွင် ရပ်လိုက်သည်။

ဤအခိုက်အတန့်တွင်မူ ၊ သူသည်လည်း တစ်ဖက်လူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ထိုအနှီမိန်းကလေးသည် ချောမွေ့လှပသော အသားအရေ ၊ လှပသော မျက်ဝန်းတစ်စုံ နှင့် မဲနက်ရောင် မျက်ခုံးမွှေးတစ်စုံကို ပိုင်ဆိုင်ထားသည်။

သူမသည် ထိုင်လျက်သား ရှိနေ‌ပါသော်လည်း ၊ သူမ၏ ရှေ့တွင် ရှိနေသော စိမ်းပြာရောင် ဗျပ်စောင်း၏ ဆောင်ကျဉ်းမှုအောက်တွင် သူမ၏ ပင်ကိုယ်အသွင်အပြင်သည် ကြော့ရှင်းပြေပြစ်ကာ ထူးကဲမှုကို ပေးစွမ်းနေသည်။

“မင်းနဲ့ငါ ရန်ငြိုးမရှိပါဘူး ၊ ဘာလို့ ငါ့ကို တားစီးရတာလဲ?”

စူးချန်ကဲ၏ မေးမြန်းမှုကို နားထောင်ရင်း၊ ချင်ရွှမ့်ယွာသည် သူမ၏ ဗျပ်စောင်းကို ဆုပ်ကိုင်ထားကာ ခေါင်းကိုငုံ့ထားသည်။

ထို့နောက် သူမ၏ တီးတိုးပြောသံကို ကြားလိုက်ရသည်။

“တစ်စုံတစ်ယောက်ဆီက အကြွေးယူထားရင် ပြန်ဆပ်ရမယ်”

ထိုစကားကိုကြားတော့ စူးချန်ကဲ တိတ်ဆိတ်သွားသည် ။

သူ၏ မျက်လုံးများက မလှုပ်မယှက်ရှိနေပြီး ချင်ရွှမ့်ယွာနှင့် ပတ်သတ်သော အရာအားလုံးကို မြင်တွေ့နေခဲ့ပုံရသည်။

အချိန်အနည်းငယ်ကြာပြီးနောက် ၊

စူးချန်ကဲ၏ အေးစက်သော မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။

“ဒီလိုဆိုမှတော့ “

“ဒါဆို ဗျပ်‌စောင်းနဲ့ ရလဒ်ကို ဆုံးဖြတ်ကြရအောင် “

အစကတည်းက တဖက်လူသည် မိမိကို သတ်ရန် ဆန္ဒမရှိပေ။

ယခင်က တိုက်ခိုက်မှုမှာ တဖက်သားသည် မိမိအပေါ် စမ်းသပ်လိုခြင်းကြောင့်သာ ဖြစ်သည်။

ထို့အပြင် ဗျပ်စောင်းလမ်းစဉ်သည် စူးချန်ကဲ၏ ထူးချွန်သော စွမ်းရည်များထဲက တစ်ခုဖြစ်ပြီး ၊ အနိုင်အရှုံး ကို ဆုံးဖြတ်ရန် သူတို့နှစ်ယောက်အတွက် အကိုက်ညီ‌ဆုံး နည်းလမ်းဖြစ်သည်။

T/N - ဗျပ်စောင်းလမ်းစဉ် ဆိုတာက ဗျပ်စောင်း တီးခတ်ရာတွင် လေ့လာသင်ကြား ကျင့်ကြံရသည့် လမ်းစဉ်မျိုးကို ညွန်းဆိုတာပါ တချို့ဘာသာပြန်စာရေးသူတွေက ဘယ်လိုညွန်းဆိုကြလဲ မသိပေမဲ့ ၊ ကိုယ်တွေရေးသားနည်းမှာတော့ ဗျပ်စောင်းလမ်းစဉ် ၊ ထိုနည်းတူစွာ ဓားရေးမှာလည်း ဓားလမ်းစဉ်လို့ပဲ သုံးနှုန်းသွားပါမယ်~

“ကောင်းပြီ”

ချင်ရွှမ့်ယွာက ညင်သာစွာ ခေါင်းညိတ်သည်။

ထင်ထားသည့်အတိုင်း ၊ ယင်းက သူမ လိုချင်သည့် အရာတစ်ခုသာပင် ။

…..

ပြင်ဆင်မှုတချို့ လုပ်ဆောင်ပြီးနောက်၊

စူးချန်ကဲသည် လော့ရန်ယွီနှင့် အရိုးဖြူ ပင်လယ် ဘုရင်မတို့အား ဘေးနားတွင် စောင့်ဆိုင်းစေခဲ့သည်။

သူသည် ချင်ရွှမ့်ယွာနှင့် မဝေးသော တောင်ထိပ်တစ်ခုပေါ်တွင် နေရာယူလိုက်သည်။

နှင်းများက ပို၍ သည်းကြီးမည်းကြီး ကျဆင်းလာသောကြောင့် ဧရိယာတစ်ခုလုံး ဖြူဖွေးနေပြီး အဝေးကိုတောင် ရှင်းရှင်းလင်းလင်း မမြင်ရချေ။

လူနှစ်ယောက်၏ ခန္ဓာကိုယ်များကို ထူထဲသော နှင်းခဲများက ဖုံးလွှမ်းထားလေ၏။

သို့သော် ထိုလူနှစ်ယောက်သည် တစ်စုံတစ်ခုကို အစီအစဉ်‌ဆွဲနေပုံရကာ၊ သူတို့နှစ်ယောက်လုံး မလှုပ်မယှက်ဖြင့် ရှိနေကြသည်။

နာရီဝက်လောက်ကြာမြင့်သွားခဲ့ပြီ ဖြစ်သော်လည်း ၊ သူတို့နှစ်ဦးသည် ယခုထက်ထိ မည်သည့်လှုပ်ရှားမှုမှမရှိချေ။

အရိုးထဲထိ အေးစိမ့်စေသည့် လေပြင်းများသည် သူတို့နှစ်ဦးအပေါ် လုံးဝ သက်ရောက်မှု မရှိသည့်အတိုင်း ထင်းရှုပင်များသဖွယ် မလှုပ်မယှက် ရှိနေသည်။

လော့ရန်ယွီနှင့်အရိုးဖြူပင်လယ် ဘုရင်မတို့သည် ဤမြင်ကွင်းကို တိတ်တိတ်ဆိတ်ဆိတ် စောင့်ကြည့်နေကြသည် ။

သူတို့သည် ဂီတကို နားမလည်သော်လည်း၊သို့သော် ဗျပ်စောင်းတီးခတ်ရာတွင် အနုပညာအပေါ် ဖန်တီးနိုင်သည့် ယူဆချက်သည့် အလွန်အရေးပါကြောင်းကို သူတို့ သိထားသည်။

……

အချိန်သည် တဖြေးဖြေး ကျော်လွန်သွားခဲ့ပြန်သည်။

စုံမှိတ်ထားသော ချင်ရွှမ့်ယွာ၏ မျက်လုံးများသည် ရုတ်တရက် ပွင့်လာခဲ့သည်။

သူမ၏ လှပသော မျက်ဝန်းတစ်စုံတွင် တောက်ပသော ဂီတနုတ် မှော်သင်္ကေတများရှိနေပြီး၊ ဂီတနုတ် တစ်ခုချင်းစီတိုင်းက ဤကမ္ဘာပေါ်ရှိ အလှပဆုံးသော ဇာတ်လမ်းကို တခဲနက် အားပေးနေသော နတ်သူငယ်တစ်ကောင်လိုပင်။

“ဒါကမှ ဒီမိန်းကလေးရဲ့ တကယ့် စွမ်းရည်လား”

“ဂီတနဲ့ အသွင်ဖော်နိုင်တာက ဒါ ပြောရရင် ဒဏ္ဍာရီထဲက လူနဲ့ ဗျပ်စောင်းတို့က တစ်သားတည်း ကျရောက်နေပြီ ‌ဆိုတဲ့ အခြေအနေကို သက်သေပြလိုက်တာပဲ”

“…”

လော့ရန်ယွီသည် ဗျပ်စောင်းတီးခတ်မှုကို အနည်းငယ် သင်ယူလေ့လာခဲ့ဖူးသည်။ယခုအခါတွင် သူမသည် ချင်ရွှမ့်ယွာ၏ ကြောက်စရာကောင်းသော ဂီတပုံစံကို မြင်လိုက်ရသည်။

ထို့နောက် ချက်ခြင်းဆိုသလို ချင်ရွှမ့်ယွာ၏ ခန္ဓာကိုယ်သည် တောက်ပလာသည်နှင့် တပြိုင်နက် သူမ၏ စိမ်းပြာရောင် ဗျပ်စောင်းသည်လည်း သူမနှင့် တစ်သားတည်းဖြစ်နေသကဲ့သို့ ထွန်းတောက်လာခဲ့သည်။

တရားဓမ္မများ ပွင့်လန်းလျက် ၊ ဟင်းလင်းပြင်ကွက်လပ်တွင် လွန်စွာ တောက်ပသော ရောင်လျှံစက်ဝန်းများ ပြန့်ကားထွက်ပေါ်လာခဲ့သည်။

ကောင်းကင်ဘုံ ကိုးပါးအထက်က နတ်မိမယ်ကဲ့သို့ ဤရောင်လျှံစက်ဝန်းတွင် တုနှိုင်းမရသော ရုပ်သွင်တစ်ခု တင်ပျဉ်ခွေထိုင်လျက် ရှိသည်။

ဤနတ်မိမယ်၏ ယေဘုယျအသွင်အပြင်သည် ချင်ရွှမ့်ယွာနှင့် အလွန်ဆင်တူပြီး၊ သူမသည်လည်း တင်ပျဉ်ခွေလျက် ဗျပ်စောင်းကို ကိုင်ဆောင်ထားသည်။

ဂီတသံစဉ်များက ကောင်းကင်အနှံ့အဆက်မပြတ် ရိုက်ခတ်နေသည်။

“ဒီတေးသီချင်းရဲ့ နာမည်က ‘ဆီးနှင်းခဲများ၏ ထောင်စုနှစ်ကာလ’ တဲ့ “

ချင်ရွှမ့်ယွာသည် တိုးတိုးလေး ဆိုညည်းလိုက်ပြီးနောက်တွင် ၊ သံစဉ်များ ထွက်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ သူမ ပတ်ဝန်းကျင်တွင် တေးဂီတသံစဉ်များက ရစ်ဝဲကာ ကခုန်နေလေ၏။

တစ်ဖက်လူသည် သီချင်းကို တီးခတ်လိုက်သည်နှင့် စူးချန်ကဲ သိလိုက်ရသော အရာမှာ ချင်ရွှမ့်ယွာသည် ဤဗျပ်စောင်းလမ်းစဉ်အတွက် မွေးဖွားလာခဲ့ပုံရသည်။

သူမ တီးခတ်လိုက်သော တေးသံစဉ်သည် ဤဧရိယာရှိ ကောင်းကင်ဖြစ်စဉ်များကိုပင် သက်ရောက်မှု ရှိခဲ့သည်။

လေ နှင့် ဆီးနှင်းများသည် ကောင်းကင်ပြင်အနှံ့ ပျံဝဲနေသည်မှာ အဆုံးမရှိပေ။

သူမ၏ အနုပညာစိတ်ကူးစိတ်သန်းများကို အမှန်တကယ် ပေါင်းစည်းထားသည်။

ကောင်းကင်နှင့် မြေကြီးသည် ဗလာကျင်းလျက် ၊ လွှင့်ပျံ့နေသော ဗျပ်စောင်းသံစဉ်များသာ ကျန်ရစ်နေသည် ။

ချင်ရွှမ့်ယွာတွင် ရှည်လျားသွယ်လျသော လက်ချောင်းများ ရှိသည်။ သူမကဲ့သို့ပင် လှပသော လက်တစ်စုံသည် ဗျပ်စောင်းကို တီးခတ်နေချိန်တွင် ၊

ကောင်းကင်တစ်ခွင်လုံးကို လွှမ်းခြုံထားသော စည်းချက်ညီညီ တေးသံစဉ်များသည် ကောင်းကင်ဘုံက ဂီတနတ်မိမယ်တစ်ပါး တီးခတ်နေသည့်အတိုင်း ထင်ရပြီး လူကို ကဲ့ရဲ့ရန် မဝံ့မရဲဖြစ်စေသည်။

All Chapters