← Chapters

အခန်း (၃၁၇-၃၂၁)

Vol. 23 Ch. 317-321

အခန်း (၃၁၇-၃၂၁)

Vol. 23 Ch. 317-321

အပိုင်း(၃၁၇): သူ အိမ်ပြန်သင့်ပြီ

အချိန်ခဏကြာပြီးနောက် ၊

ကျန်းဝမ့်ချင်၏ အမူအရာသည် ငြိမ်သက်နေဟန်ရှိသော်လည်း၊ သူ့မျက်လုံးထဲတွင် ဖုံးကွယ်မရနိုင်သော ထိတ်လန့်မှုတစ်ခု ရှိနေခဲ့သည်။

ထိုအချိန် ၊ သူ၏စကားသံကို ကြားလိုက်ရသည်။

" လောင်းရဲရင် ရှုံးရဲရမှာပဲ "

ထို့နောက် သူသည် ခေါင်းစဉ်ပြောင်းလိုက်သည်။

"မင်းသုံးသွားခဲ့တဲ့ ဓားသိုင်းအကွက်တွေကို ဘယ်ကနေ လေ့လာခဲ့တာလဲ?"

စူချန်ကဲသည် တစ်ဖက်လူ၏အမေးအပေါ် အံ့သြခြင်းမရှိ ပြုံးကာ ပြန်ဖြေသည်။

" ဒီအမွေကိုပေးခဲ့တဲ့ဆရာက မရဏကမ္ဘာက တစ္စေဓားအမတရှင်ပဲ "

ကျန်းဝမ့်ချင်သည် ထိုစကားများကို ကြားလိုက်ရသည်နှင့် သူ၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

သူလည်း ထိုနာမည်ကို သိထားသည်မှာ ထင်ရှားပေသည်။

ကောင်းကင်တောင်နတ်ဓားဂိုဏ်း၏ ရှေးဟောင်း မှတ်တမ်းများအရ ကျန်းဝူတောက်သည် ကောင်းကင်တောင် နတ်ဓားဂိုဏ်း၏ ဂန္တဝင်ပါရမီရှင် တစ်ဦးဖြစ်သည်။

သူ၏ ဘဝတစ်‌လျှောက်လုံး ရှုံးပွဲမရှိ ။ ထို့အပြင် ကောင်းကင်ဘုံကိုတောင် စိန်ခေါ်နိုင်သည့် သူ၏ ဓားရေးစွမ်းရည်ကို အားကိုးကာ ဧကရာဇ်လမ်းစဉ်ကို လျှောက်လှမ်းလာသည့်တစ်လျှောက်လုံး မရေမတွက်နိုင်သော ပါရမီရှင်များကို သတ်ပစ်ခဲ့သူတစ်ဦး ဖြစ်သည်။

သူသည် ထိုခေတ်ကာလ၏ အသန်မာဆုံး ဓားလမ်းစဉ် ကျင့်ကြံသူ ဧကရာဇ်မင်းများထဲမှ တစ်ဦးဖြစ်လာခဲ့သည်။

နောက်ဆုံးတွင် သူသည် ထိုအချိန်က အနောက်တိုင်းဓားသူ‌တော်စင်ဟု လူသိများသော ဖန့်ရှင်းဓားဧကရာဇ်မင်းကို စိန်ခေါ်ရန် သွားရောက်ခဲ့သည်။

သူတို့နှစ်ဦးသည် ကောင်းကင်တောင်ပေါ်တွင် သုံးရက်နှင့် နှစ်ညကြာ အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည်။

မည်သို့အဆုံးသတ်ခဲ့လဲဆိုတာ မသိ။

အဆုံးတွင် ကျန်းဝူတောက်သည် မျိုးနွယ်စုသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး သုံးနှစ်ကြာ တံခါးပိတ်နေခဲ့သည်။ နောက်ဆုံးတွင် သူသည် တားမြစ်ပညာရပ်ကို ကျင့်ကြံခဲ့ပေရာ သူ၏ ခန္ဓာကိုယ်သည် ကွဲအက်သွားပြီးနောက် သူ၏ ဝိညာဉ်သည် မရဏကမ္ဘာသို့ နှင်ထုတ်ခံခဲ့ရသည်။

မရေမတွက်နိုင်သော နှစ်များကြာပြီးနောက်၊ သူသည် နောက်ဆုံးတွင် တစ်ဖန် ထွက်ပေါ်လာခဲ့ပြီး ထိုခေတ်၏ ကြောက်မက်ဖွယ်ကောင်းသော တစ္စေဓားအမတရှင် တစ်ပါး ဖြစ်လာခဲ့သည်။

နောက်ပိုင်းတွင် ကမ္ဘာ့ကပ်ဘေးစစ်ပွဲကြီးဖြစ်ပွားခဲ့ရာ ဒေဝလောကတစ်ခုလုံး ကမောက်ကမဖြစ်ခဲ့ရပြီး မရဏကမ္ဘာကြီးသည်လည်း ပြိုကျပျက်စီးခဲ့ရသည်။ သူသည် မရဏကမ္ဘာကြီးကို ကာကွယ်ရန်အတွက် သူ၏ ရာဇဝင်ကို ထိုနေရာမှာတင် အဆုံးသတ်ခဲ့ရသည်။

.....

" ဒါဆို မင်းက..?"

ကျန်းဝမ့်ချင်က ဆက်ပြောသည် ။

"ဒါပေမယ့် သူ ကျဆုံးသွားတာ ကြာခဲ့ပြီ မဟုတ်လား? မင်းက သူ့အမွေကို ဘယ်လိုလုပ်ပြီး လက်ခံရရှိခဲ့တာလဲ?"

သူ၏ မျက်လုံးများက စူးချန်ကဲအား စူးစူးဝါးဝါး စိုက်ကြည့်နေသည်။

"ဒါတင်မကဘူး၊ ဆရာက မင်းတို့ ကောင်းကင်တောင် နတ်ဓားဂိုဏ်းအတွက် စကားတစ်ခွန်း ချန်ခဲ့သေးတယ်"

ကျန်းဝမ့်ချင် မျက်မှောင်ကြုတ်သွားသည်။

"ဘာစကားလဲ?"

" သူက ပြောတယ် ၊ နောင်မှာ ငါ ကောင်းကင်တောင် နတ်ဓားဂိုဏ်းက တစ်စုံတစ်ယောက်နဲ့ဆုံတွေ့ခဲ့ရင် ..."

စူးချန်ကဲသည် အနည်းငယ်ပြုံးလိုက်သည်။ သို့သော် သူ၏ အပြုံးသည် လူကို ထိခိုက်လိုစိတ် မရှိပေ။

"သူတို့ရဲ့ အရိုးကို အနည်းငယ် ချိုးပစ်ခဲ့တဲ့ "

ထိုသို့ပြောပြီးနောက် စူးချန်ကဲသည် သူတော်စင် ခန္ဓာကိုယ်၏ အသွေးအသားများကို အသက်သွင်းလိုက်သည်။သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးချီစွမ်းအားများသည် နဂါးတစ်ကောင်အတိုင်း ဆူပွက်လာခဲ့သည်။

ဤတစ်ကြိမ်တွင် ၊ သူသည် မဟာသူတော်စင် ကိုယ်ထည်နှစ်ခု၏ အသွေးများကို အသက်သွင်းခဲ့သည်။

မွေးရာပါ သူတော်စင် တာအိုသန္ဓေသားလောင်း အသွေးသားတို့၏ လမ်းညွှန်မှုအောက်တွင် ကောင်းကင်ဘုံ အာဏာရှင် နတ်ဘုရားကိုယ်ထည်သည် ကမ္ဘာကြီးကို ဖျက်ဆီးနိုင်သည့် စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။

ရတနာကိုယ်ထည်သည် ကျောက်စိမ်းကဲ့သို့ ကြည်လင်နေပြီး ၊ သွေးစွမ်းအင်များက စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲမှ ဆူနာမီလှိုင်းသဖွယ် ထွက်လာသည်။

ကာခ် ကာခ် ကာခ် !

ဤစွမ်းအင်၏ ဖိနှိပ်မှုအောက်တွင်၊ ဟင်းလင်ပြင် နေရာလပ်များကိုပင် ဖိညှစ်ထားသလို ဖြစ်စေကာ လူကို ရင်တဒိတ်ဒိတ် ဖြစ်စေသည်။

“မင်း......”

ကျန်းဝမ့်ချင်သည် ချက်ချင်းလက်ငင်း တုံ့ပြန်ရန် ကြိုးစားလိုက်သည်။

သို့သော် စူးချန်ကဲသည် သိုင်းကျင့်ဝတ်ကို လုံးဝ ဂရုမစိုက်ဘဲ အလစ်တိုက်ခိုက်ခဲ့သည် ။

သူ၏ လက်သီးတစ်ချက်ဖြင့် ထိုးနှက်လိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော လက်သီး၏ အရှိန်သည် ကျန်းဝမ့်ချင်ကို တိုက်ရိုက်ထိမှန်သွားသည်။

ဝုန်း!

ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ ၊ စူးချန်ကဲ၏ လက်သီးစွမ်းအားသည် ကျန်းဝမ့်ချင်အား မြေပြင်ပေါ်သို့ အလဲထိုးပစ်ခဲ့သည်။

မြူခိုးများ လွင့်ပြယ်သွားပြီးနောက်မှသာလျှင် အဝေးမှ ကြည့်ရှုနေသော ပရိတ်သတ်ကြီးမှာ

ဖြည်းဖြည်းချင်း တုံ့ပြန်လာနိုင်ခဲ့ကြသည်။

" ချန်ကဲ ဆက်ခံသူက ရက်စက်လွန်းတယ်မဟုတ်လား? ထပ်ပြီး လက်သီးနဲ့ ထိုးနှက်လိုက်တာလား ၊ ဒါ တဖက်လူကို အသေသတ်ဖို့ စဉ်းစားထားတာ မဟုတ်လား?"

"မဟုတ်သေးသလိုပဲ ၊ ချန်ကဲ ဆက်ခံသူရဲ့

ထိုးချက်က ပြင်းထန်ပေမယ့် တဖက်လူကို အသေသတ်ဖို့ ရည်ရွယ်ချက် မရှိဘူး ၊ ပြီးတော့ သူက သေစေနိုင်တဲ့ အပိုင်းတွေကို တမင်ရှောင်ခဲ့တဲ့ပုံပဲ..."

အနည်းငယ် မယုံကြည်နိုင်သော လေသံဖြင့် လူတစ်ယောက်က ထဆိုလိုက်သည်။

"သူက တဖက်လူရဲ့ အရိုးအနည်းငယ်ကို ချိုးဖို့ တမင်တကာ ကြံရွယ်ထားသလိုပဲ!"

လျို့ဝှက်ဂူတစ်နေရာတွင် ၊

ဤမြင်ကွင်းကို စောင့်ကြည့်နေသော ဝူကျီအောက်ထျန်းတစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်လိုက်သည်။

" ယေး!!"

" သိပ်ကောင်းတယ်! သိပ်လှတယ်! ဒီအရှက်မဲ့တဲ့ကောင်ကို သေအောင်ရိုက်ပစ်လိုက်စမ်းပါ!"

ဖူးယောင်နေသော သူ့တင်ပါးက ဒဏ်ကိုပင် လုံးလုံးလျားလျား မေ့သွားသည့်အထိ ဝမ်းသာအားရ ခုန်ပေါက်နေခဲ့သည်။

ဝူကျီအောက်ထျန်းတစ်ယောက် အတော်လေး ပျော်နေလေ၏။

သူသည် ကျန်းဝမ့်ချင်၏ ဓားချက်ဖြင့် တင်ပါးတွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။

လက်​စားချေချင်ပါသော်လည်း ၊ သူမှ မနိုင်တာ!

ယခုတွင် စူးချန်ကဲသည် သူ့ဒေါသကို ပြေလျော့အောင် ကူညီပေးခဲ့သောကြောင့် ‌အပျော်ကြီး ပျော်နေလေ၏။

" စူးချန်ကဲက မကျေနပ်ချက်တွေကို ကုသရာမှာ အထူးကျွမ်းကျင်တာပဲ ၊ ငါ့စိတ်တွေဆို ပေါ့သွားတာပဲ!"

"ငါ ယောက်ျားဖြစ်နေလို့သာပေါ့ ၊ မိန်းကလေးသာဆိုလို့ကတော့ စူးချန်ကဲရဲ့ပေါင်ကို ဆွဲဖက်ထားပြီးပြီ ၊ ဘာကုံကျင့်စဉ်မှ မလိုဘူး"

ဘေးနားရှိ လော့ဟယ်ဓားဂိုဏ်းမှ တပည့်များသည် ၎င်းအား ဆွံ့အစွာဖြင့် ကြည့်နေကြသည်။

နောက်ဆုံးတွင်၊ သူတို့အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

......

စူးချန်ကဲတို့ဘက်တွင်မူ ၊

" အဟွတ် အဟွတ် ...."

ကျန်းဝမ့်ချင်သည် သူ့ရင်ဘက်ကို ဖိထားရင်း ပါးစပ်ထဲက သွေးများကို အန်ထုတ်လိုက်သည်။

စူးချန်ကဲ၏ စကားအတိုင်း ၊ သူ၏ နံရိုးတော်တော်များများ ကျိုးအက်သွားခဲ့သည်။

သို့သော် စူးချန်ကဲ၏ ကြောက်လန့်ဖွယ်ကောင်းသော လက်သီးထက် သူ့ကို ဒေါသထွက်စေခဲ့သော အရာမှာ စူးချန်ကဲ၏ အလစ်တိုက်ခိုက်မှုပင် ဖြစ်သည်။

"တောင်းပန်တယ်"

စူးချန်ကဲသည် ကူကယ်ရာမဲ့ ပခုံးတွန့်လိုက်ရင်း ဆိုလေ၏

"ဆရာ့အမိန့်ကို မနာခံဖို့ခက်တယ်"

စူးချန်ကဲ၏ စကားကြောင့် ကျန်းဝမ့်ချင် ကြောင်အမ်းသွားသည်။

ထို့နောက် သူသည် ကောင်းကင်ကို မော့ကြည့်ရင်း ရယ်လေသည်။

"ဟားးဟား! စိတ်ဝင်စားဖို့ကောင်းတယ်၊ စိတ်ဝင်စားစရာပဲ!"

“အဲဒီတုန်းက ကိစ္စတွေကို ဆရာဘိုးဘေးက ခုထိ စိတ်ထဲထားဦိးမယ်လို့ မထင်ထားဘူး"

ကျန်းဝမ့်ချင်သည် စူးချန်ကဲကို တစ်ဖန်ပြန်ကြည့်ကာ ဆိုလိုက်သည်။

" တကယ်လို့ ငါ့အရှက်ကို ဆရာဘိုးဘေးရဲ့ စကားတစ်ခွန်းနဲ့ မရှိသလို လုပ်ပေးနိုင်ရင် ၊ အရိုးနည်းနည်း ချိုးခံလိုက်ရလဲ ဘာဖြစ်တုန်း?"

ထိုကိစ္စဖြစ်ပျက်ခဲ့ပြီးနောက် ၊ ကောင်းကင်တောင် နတ်ဓားဂိုဏ်းမှ ပြင်ဆင်ချက်တချို့ ပြုလုပ်ရန် ကြိုးစားခဲ့သော်လည်း သို့သော် ဂိုဏ်း၏ အခြေခံမူများနှင့် ပတ်သက်သည့် ကိစ္စများ ဖြစ်ပေါ်လာသောအခါတွင် ထိုကိစ္စအပေါ် အရေးမထားလို့ မရတော့ချေ။

ကောင်းကင်တောင် နတ်ဓားဂိုဏ်းရှိ လူတိုင်း ကျန်းဝူတောက်သည် ဓားကို နောက်တစ်ကြိမ် မကိုင်နိုင်တော့ဘူး ဟု ထင်မြင်ခဲ့ကြသည်။သို့သော် ၎င်းသည် သူ့ကိုယ်ပိုင်အစွမ်းအစကို သက်သေပြခဲ့သည်။

သူသည် ဓားကို ဆက်ကိုင်နိုင်ခဲ့ရုံသာမက အရင်ကထက်တောင် ပို၍ သန်မာလာခဲ့သည်။

ထိုကဲ့သို့ ထက်မြက်သော ပုဂ္ဂိုလ်သည် လူတိုင်း၏ လေးစားမှုကို ခံရမည်မှာ သဘာဝကျပေသည်။

ကျန်းဝမ့်ချင်သည် ဖြည်းညှင်းစွာ ထရပ်လိုက်သည်။

ယုံကြည်ချက်များ တစ်ဖန် ပြန်လည် ရရှိလာခဲ့ပုံပေါ်သည်။

"စိတ်ချ ဒီနေ့ ရှုံးတာနဲ့ နောင်လည်း ရှုံးမယ်လို့ မဆိုလိုဘူး "

ကျန်းဝမ့်ချင်က ဆိုလိုက်သည်။

"ငါ့ဓားက ပိုပြီး သန်မာလာဦိးမှာ၊ ဧကရာဇ်လမ်းစဉ်ကြရင် မင်းနဲ့ငါ နောက်ထပ် ထပ်တွေ့ကြတာပေါ့ !"

" သူများတွေ မင်းကို အရင်အနိုင်ယူခွင့်မပေးနဲ့"

"ငါ စောင့်နေမယ်"

စူးချန်ကဲက ပြုံးရွှင်စွာဖြင့် ပြန်ဖြေလိုက်သည်။

လှည့်ထွက်သွားရန် ဟန်ပြင်လိုက်သော ကျန်းဝမ့်ချင်၏ ခြေလှမ်းများက ခဏရပ်တန့်သွားသည်။

သူသည် မီးလျှံများဖြင့် တောက်လောက်နေသော အရာဝတ္ထုတစ်ခုကို သူ့ရင်ဘက်ထဲကနေ ထုတ်ယူကာ စူးချန်ကဲအား လှမ်းပစ်ပေးလိုက်သည်။

စူးချန်ကဲသည် ချောချောမွေ့မွေ့ ဖမ်းယူလိုက်ပြီးနောက်တွင် ၊ သူ၏ မျက်လုံးများမှာ အနည်းငယ် အံ့အားသင့်သွားပုံရသည်။

"ဒါက...."

မီးလျှံများဖြင့် တောက်လောက်နေသော ယင်းအရာဝတ္ထုမှာ မီးသော့တစ်ချောင်းပင် ဖြစ်သည်။ ယင်းအပေါ်တွင် မီးလျှံသင်္ကေတများ ရှိနေသည်မှာ ပစ္စည်း၏ထူးကဲမှုကို ဖော်ပြနေသည်။

" ငါ ဒါကို ဟိုနဂါးကောင်တွေဆီကနေ လုယူခဲ့တာ၊ မင်းအတွက် အသုံးဝင်မယ်လို့ ငါ ထင်တယ်"

"ဆု‌ကြေးအနေနဲ့ ဆရာဘိုးဘေးကို စကားပြန်ပေး "

" ကောင်းကင်တောင် နတ်ဓားဂိုဏ်းက လူတိုင်း သူ့ကို အရမ်းလွမ်းနေကြတယ်လို့ ၊ အချိန်တွေလည်း ဒီလောက်တောင် ကြာမြင့်ခဲ့ပြီ ၊ သူ အိမ်ပြန်လာသင့်ပြီ "

စူးချန်ကဲသည် ထိုစကားကို ကြားလိုက်ရချိန်တွင် တုံ့ဆိုင်းသွားသည် ။

မိမိ၏ ဆရာဖြစ်သူမှာ ဆုံးသွားခဲ့ပြီပင်။

သူ မည်သို့ပြန်သွားနိုင်‌တော့မည်နည်း။

ဝီ——

စူးချန်ကဲ မသိခဲ့သော အရာမှာ လေဟာနယ် သိုလှောင်ခန်းထဲတွင် ရှိနေခဲ့သော ဓားသေတ္တာသည် အနည်းငယ် တုန်ခါလျက် တောက်ပနေခဲ့ခြင်း ဖြစ်သည်။

အလင်းတန်းတစ်ခု ပျံထွက်လာခဲ့ပြီး ၊ နောက်ဆုံးတွင် ဟင်းလင်းပြင်၌ ခပ်ဝါးဝါး ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ဝတ်ရုံဖြူ အထည်စသည် တဖျပ်ဖျပ် ခတ်လျက် ၊ လေညှင်းများက တိုးဝှေ့ တိုက်ခတ်နေသည်။

ထိုအနှီပုံရိပ်၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း ၊ သူသည် မိုးကုပ်စက်ဝိုင်း တစ်နေရာကို လှမ်းကြည့်ရင်း ပြုံးရယ်နေသော သူ၏ နှုတ်ခမ်းသားများကို ပြတ်သားစွာ မြင်တွေ့နိုင်သည်။

တကယ်တော့ ၊

ထိုနေရာသည် ကောင်းကင်တောင် နတ်ဆိုးဂိုဏ်း၏ တည်ရှိရာဘက်ပင်။

ထို့အပြင် မရေမတွက်နိုင်သော နှစ်ကာလများစွာ နက်နက်ရှိုင်းရှိုင်း လွမ်းဆွတ်ခဲ့ရသည့် အိမ်ဆိုလည်း ဟုတ်ပေသည်။

သူ့ဘေးနားတွင် ရှိနေသော အဖိုးအိုသည် သူ့ကို ပြုံးပြနေခဲ့သည်။

နှစ်ယောက်သား မည်သည့်စကားတစ်ခွန်းမှ မဆိုဘဲ တစ်ယောက်ကို တစ်ယောက် ပြုံးကြည့်လိုက်ကြရင်း ထိုလမ်းကြောင်းအတိုင်း လျှောက်လှမ်းခဲ့ကြတော့သည်...

အပိုင်း(၃၁၈): အစီအစဉ် စတင်ပြီ

အပြန်လမ်းတွင် ကျန်းဝမ့်ချင်သည် ထိုဓားအရိပ်ကို ထုတ်ယူလိုက်သည်။

သူနှင့် စူးချန်ကဲ တိုက်ခိုက်နေစဉ်က ၊ ၎င်းသည် မိမိ၏ စွမ်းအားကို လက်ခံရန် သူ့အား တစ်ချိန်လုံး သွေးဆောင်နေခဲ့သည်။

"ကောင်းကင်လမ်းစဉ်ရဲ့ တန်ခိုးစွမ်းအားကို လက်ခံဖို့ အချိန်မနှောင်းသေးဘူး! မင်း ဆန္ဒရှိတာနဲ့ ငါ မင်းကို အမြင့်ဆုံး စွမ်းအားတွေကို ပေးစွမ်းနိုင်တယ်!"

"မင်း စူးချန်ကဲကို အနိုင်မယူချင်ဘူးလား? မင်းလက်ခံလိုက်တာနဲ့ သူ့ကို မင်းခြေထောက်နဲ့ နင်းချေနိုင်ပြီနော်!"

"ငါ့စွမ်းအားကိုသာ လက်ခံလိုက် ၊ မင်းရဲ့ဓားရေးက ဒီထက်ပိုပြီး အားကောင်းလာလိမ့်မယ်!"

“......”

ဓားအရိပ်သည် သူ့ကို ယခုထက်ထိ သွေး‌ဆောင်နေဆဲပင် ဖြစ်သည်။

သို့သော် ကျန်းဝမ့်ချင်၏ အမူအယာသည် အရင်လို အေးစက်နေဆဲပင် ဖြစ်ပြီး ၊ ဓားစွမ်းအင်များကို သူ့လက်ထဲတွင် စုဝေးလိုက်သည်။

ကာခ် ကာခ်!!

ဘုန်း!

ဤမျှအားကောင်းသော ဓားစွမ်းအင်၏ အောက်တွင် ၊ မရေမတွက်နိုင်သော အက်ကြောင်းများသည် ထိုဓားအရိပ်ပေါ်တွင်

ထွက်ပေါ်လာခဲ့ပြီး နောက်ဆုံးတွင် ဖျက်စီးခံလိုက်ရသည်။

ကျန်းဝမ့်ချင်၏ မျက်နှာသည် လျစ်လျူရှုမှု အပြည့်ဖြင့်။

" ကောင်းလိုက်တဲ့ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့!"

ကျန်းဝမ့်ချင်၏ မျက်လုံးများသည် အေးစက်နေသည်။

"ငါ့ကိုများ လှည့်စားရဲတယ် ၊ သေသင့်တဲ့အကောင်တွေ!"

" ကြည့်ရတာ ဒီကောင်တွေ လွယ်လွယ်နဲ့ အရှုံးပေးမယ့်ပုံမပေါ်ဘူး "

" စူးချန်ကဲ မင်း ဖြတ်ကျော်နိုင်လိမ့်မယ် ငါ မျှော်လင့်ပါတယ် "

......

တစ်ချိန်တည်းမှာပင် ၊

ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ။

ရွှေချထားသော ကုလားထိုင်ပေါ်တွင် ထိုင်နေသော စန်းသည် ဓားအရိပ်နှင့် အဆက်အသွယ်ပြတ်သွားသည်ကို သတိပြုမိသည်နှင့် ဒေါသတကြီး သောင်းကျန်းလေတော့သည်။

ဝုန်း!

ရွှေအစအနများက နေရာအနှံ့ ပြန့်ကျဲသွားသည်။

စန်းသည် ဒေါသတကြီးဖြင့် မိမိ၏ ထိုင်ခုံလက်ကိုင်ကို လက်ဗလာဖြင့်ပင် ရိုက်ချိုးပစ်ခဲ့သည်။

"ကောင်းကင်လမ်းစဉ်ရဲ့ သားတော်လေးပါး...."

"အခုတော့ သုံးနိုင်တဲ့လူ တစ်ယောက်ပဲကျန်တော့တယ်...!"

တွေးရင်းဖြင့် ၊ စန်း၏ ဒေါသများသည် ပို၍ ပေါက်ကွဲလာခဲ့သည်။

မိမိ ဖန်တီးထားသော ကောင်းကင်လမ်းစဉ်၏ သားတော်လေးပါးသည် စူးချန်ကဲကို နည်းနည်းလေးမျှ မနှိပ်ကွပ်နိုင်ခဲ့သလို ၊ ဆက်တိုက် ရှုံးနိမ့်မှုများဖြင့် ကြုံတွေ့ခဲ့ရပြီး ၊ ကိစ္စများသည် သူထိန်းချုပ်ထားသလို ဖြစ်မလာခဲ့ချေ။

“ မဖြစ်ဘူး....”

"ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် အစီအစဥ်က ကျိန်းသေပေါက် ရှုံးနိမ့်ရလိမ့်မယ်... ကောင်းကင်လမ်းစဉ်ရဲ့ အမွေဆက်ခံသူတွေကို ကြိုပြီး နိုးထခိုင်းရမယ်..."

စန်းသည် အောက်ကလူကို အမိန့်ပေးလိုက်သည်။

" ကျုံ ၊ မင်ဖုန်း ဧကရာဇ်ဘုရင်မျိုးနွယ်စုက ကောင်းကင်လမ်းစဉ်ရဲ့ သမီးတော်ကို ဆက်သွယ်လိုက် ၊ အစီအစဉ် မစတင်ခင် သူမကို ငါချထားတဲ့ ကျားစေ့ အင်အားစုတွေနဲ့ ပူးပေါင်းပြီး အသင့်ပြင်ခိုင်းထားလိုက် "

"ဟုတ်​!"

ကျုံ သည် ချက်ချင်းဖြေကြားပြီးသည်နှင့် ပျောက်ကွယ်သွားခဲ့သည်။

ပတ်ဝန်းကျင်မှာ တစ်ဖန် တိတ်ဆိတ်သွားခဲ့ပြန်သည်။

စန်းက ထပ်‌ဆိုလိုက်သည်။

" အခု ကောင်းကင်လမ်းစဉ်ရဲ့ သားတော်တွေ တယောက်ပြီး တယောက် ဆုံးရှုံးနေတယ် ၊သူတို့နဲ့ လွှဲထားလို့ မဖြစ်တော့ဘူး.."

"ရှီစစ်"

ထို‌ခေါ်သံ၏ အဆုံးတွင် ၊

ဟင်းလင်းပြင် ကွက်လပ်ထဲတွင် လှိုင်းဂယက်များ ရိုက်ခတ်သွားပြီး လူငယ်တစ်ဦး ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

မြွေနက်သဏ္ဍာန် ခပ်ဆန်းဆန်း ဝတ်ရုံကို ၀တ်ဆင်ထားပြီး ၊ သူ့မျက်လုံးများသည် အေးစက်နေသည်။ ထို့အပြင် သူ့တစ်ကိုယ်လုံးက လွန်စွာ အားကောင်းသော ရောင်ဝါများဖြင့် ပြည့်နှက်နေသည်။

“အစ်ကိုစန်း "

ဝတ်ရုံနက် လူငယ်လေးသည် စန်းအား တလေးတစား နှု‌တ်ဆက်လိုက်သည်။

ရှီစစ်သည် ရှီစန်း သေဆုံးပြီးနောက် ကောင်းကင်လမ်းစဉ်မှ ထပ်မံ မွေးဖွားပေးခဲ့သော ကောင်းကင်လမ်းစဉ် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။

သူသည် ယခုမှ ရှင်ပြန်ထမြောက်လာသော်လည်း၊ ကောင်းကင်လမ်းစဉ် ရေကန်၏ ကောင်းချီးကြောင့် သူ၏ ကျင့်ကြံဆင့်သည် အလွန် တိုးတက်လာခဲ့သည်။

ပြင်ပကမ္ဘာအနေဖြင့် သူသည် တုနှိုင်းမဲ့ တည်ရှိမှုတစ်ရပ် ဖြစ်သည်ဟု ဆိုရမည်။

"ဘယ်လိုလဲ?"

စန်းသည် သူ၏ ဒေါသကို အရင်ထိန်းကာ ပြုံးရွှင်စွာဖြင့် မေးလိုက်သည်။

" ကောင်းကင်လမ်းစဉ် သုံးရပ်ကို ကျွမ်းကျင်တတ်မြောက်ခဲ့ပြီးပြီ ၊ ကောင်းကင်လမ်းစဉ် ရေကန်ရဲ့ ကောင်းချီးကြောင့် တာဝန်ကို ပြီးမြောက်ခဲ့သလို ကျွန်တော်ရဲ့ ကျင့်ကြံမှုက သူတော်စင် ဧကရာဇ်နယ်ပယ်ထဲကို ဝင်ရောက်လာခဲ့ပြီ "

"ကောင်းတယ် ၊ အစ်ကို မင်းကို တစ်ခုလုပ်ခိုင်းစရာ ရှိတယ် "

ရှီစစ်သည် တရိုတသေ ဦိးညွှတ်ကာ ဖြေလိုက်သည်။

" အစ်ကိုစန်း ၊ မိန့်ပါ "

"အခု ကျုံယုံ(ငရဲကိုးထပ်)ထဲကို ဝင်နိုင်မယ့် ဝင်ပေါက်က ပျောက်ကွယ်သွားပြီ ဆိုတော့ ငါ့ရဲ့ လက်ကျန်စွမ်းအားတွေကို သုံးပြီး မင်းအတွက် အာကာသလမ်းကြောင်းတစ်ခု တည်ဆောက်ပေးမယ်"

စန်း၏ မျက်လုံးများတွင် အဆုံးမရှိသော အေးစက်မှုများဖြင့် ဝင်းလက်တောက်ပနေသည်။ ယခုလို လမ်းကြောင်းဖောက်လုပ်ရာတွင် ကြီးမားသော ခွန်အားတစ်ခု လိုအပ်ပေသည်။

သို့သော် စူးချန်ကဲကို သတ်နိုင်သရွေ့တော့ ဤအရာများသည် ထိုက်တန်ပေသည်။

"မင်း အဲဒီထဲကို ဝင်ပြီး ကွေးယွမ် သူတော်စင် နယ်မြေရဲ့ စူးချန်ကဲကို သတ်ရမယ်!"

........

နောက်ထပ်လျှို့ဝှက်နေရာတစ်ခုတွင် ၊

ဖြစ်စဉ်တစ်ခုလုံးကို လျှို့ဝှက်ရတနာဖြင့် ကြည့်ရှုခဲ့ကြသော မကောင်းဆိုးဝါး မျိုးနွယ်ဝင်များ၏ မျက်နှာများမှာ ဖြူဖပ်နေကြသည်။ အထူးသဖြင့် လုံဟောက်၏ မျက်နှာသည် အေးစက်မှုများဖြင့် ပြည့်နှက်နေပါသည်။

သူသည် ထိုသော့ကိုရရန် အချိန်ကုန်ခံ ကြိုးစားခဲ့သော်လည်း ကျန်းဝမ့်ချင်၏ လုယူခြင်းကို ခံခဲ့ရပြီး နောက်ဆုံးတွင် စူးချန်ကဲ၏ လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။ ယင်းက သူ့ကို သေလုမတတ် ဒေါသထွက်စေခဲ့သည်။

"ဒီလူသားမျိုးနွယ်!

" ကိစ္စတွေက ဒီထိရောက်လာပြီ‌ဆိုမှတော့ အပိုတွေ ပြောနေလည်း အလကားပဲ"

အမှောင်ထဲတွင် ရှိနေသော အောက်ကျုံယန်က အေးစက်စွာ ပြောလိုက်သည်။

"အခု ငါတို့လက်ထဲမှာ သော့တစ်ချောင်း ရှိနေတယ်ဆိုတာ စူးချန်ကဲ သေချာပေါက် သိရမယ်"

" စူးချန်ကဲ လာခေါက်တာကို စောင့်မယ့်အစား မြွေကို တွင်းထဲရောက်အောင် မြှူစွယ်ဖို့ လက်ဦးလိုက်တာက ပိုကောင်းမယ်"

ထိုစကားကို ကြားတော့ ဖုန်းမုရှင်းသည် အနည်းငယ် မှုန်ကုတ်သွားသည်။

" ကွေးယွမ်က အခု အရမ်း အားကောင်းနေပြီ၊ ပြီးတော့ ယောင်ချီသူတော်စင် နယ်မြေနဲ့လည်း ပူးပေါင်းထားသေးတယ်"

" ကွေးယွမ်ကို အနိုင်ယူဖို့ဆိုတာ အလွန်ခက်ခဲတယ် "

"စိတ်မပူနဲ့၊ ငါတို့မှာ နည်းလမ်းရှိတယ်"

ငရဲနန်းတော်မှ ရှုံချီက ထ‌ဆိုလိုက်သည်။

"ကျုံယုံ(ငရဲကိုးထပ်)မှာ ငါတို့ပဲ ရှိတာမဟုတ်ဘူး ၊ တခြားလူမျိုးစုတွေလည်း ရှိတယ်မဟုတ်လား"

" ရွှယ့်ရှိုးလော့တွေက အင်အားတောင့်သလို သတ်ဖြတ်ခြင်း ပင်ကိုယ်ဗီဇရှိတဲ့ သူတွေပဲ ၊ သူတို့က အကောင်းဆုံး ကိုယ်စားလှယ်လောင်းတွေပဲ "

" ပြီးတော့ ၊ စတုတ္တသော့က ရွှယ့်ရှိုးလော့တွေရဲ့ လက်ထဲမှာ ရှိတယ် ၊ ဒါက စူးချန်ကဲရဲ့ အာရုံကို ဆွဲဆောင်နိုင်လိမ့်မယ် "

" စူးချန်ကဲကို အားနည်းသွားစေမယ့် ငါတို့ရဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင်ရုံသာမက ငါတို့အတွက် အတားအဆီးတွေကိုလည်း ရှင်းပစ်ရာ ရောက်တယ် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ မဟုတ်လား?"

ထိုစကားများကို ကြားပြီးနောက် မကောင်းဆိုးဝါး ဂိိုဏ်းခေါင်းဆောင်အချို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသော်လည်း ၊ သို့သော် သူတို့၏ အပြုံးများသည် အလွန်ထူးဆန်းပြီး အေးစက်ပေသည်။

......

သိပ်မကြာခင် ၊

နောက်ထပ်သတင်းတစ်ပုဒ်က ကျုံယုံ(ငရဲကိုးထပ်)တွင် ရှိနေကြသော ကျင့်ကြံသူအပေါင်းကို ထိတ်လန့်စေခဲ့သည်။

"ဘုရားရေ ၊ဒီမကောင်းဆိုးဝါး မျိုးနွယ်စုတွေ အလျင်လိုနေပြီလား ? တိုက်ပွဲကို အဆုံးအဖြတ်ပေးဖို့ သူတို့က ကွေးယွမ် သူတော်စင် နယ်မြေကသူတွေကို ဖိတ်ခေါ်လိုက်သတဲ့လား!?"

" တဖက်လူရဲ့ အနေအထားအရ ၊ ဒီတိုက်ပွဲက ကြောက်စရာကောင်းတဲ့ တိုက်ပွဲဖြစ်လိမ့်မယ်!"

"လွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းက မကောင်းဆိုးဝါး မျိုးနွယ်ဝင်တွေ အတော်လေးခံလိုက်ရတယ်မဟုတ်လား?"

" သူတို့ကဘယ်လိုဖြစ်ပြီး ကွေးယွမ်ကို စိန်ခေါ်ရဲတာလဲ?"

" မကောင်းဆိုးဝါး မျိုးနွယ်တွေရဲ့ စရိုက်က ကြမ်းတမ်းတယ် ၊ သူတို့လူတွေ ဒီလောက်အများကြီးသတ်ခံလိုက်ရတာ သူတို့ ဘယ်လိုလုပ်ပြီး လေကြီးလေကျယ်လုပ်နိုင်သေးတာတုန်း?"

“........”

ယခုပင် မကောင်းဆိုးဝါးဂိုဏ်း ခေါင်းဆောင်နှစ်ဦးဖြစ်သည့် လုံဟောက် နှင့် ဖုန်းမုရှင်း တို့သည် စစ်ဆင်နွဲရန် ဖိတ်ကြားခဲ့သည်။

စူးချန်ကဲတို့အား ရှိုးလော်မြစ်တွင် တိုက်ပွဲဆင်နွဲ၍ အောင်နိုင်သူကို ပြတ်ပြတ်သားသား အဆုံးဖြတ်ပေးကြမည် ဟု ထုတ်ပြန်ခဲ့သည်။

ဤတိုက်ပွဲတွင် ရန်ငြိုးအားလုံးကို အဆုံးသတ်မည် ဖြစ်သည်။

ကွေးယွမ် သူတော်စင် နယ်မြေ စခန်းချရာနေရာ၌ ၊

စူးချန်ကဲက ပြုံးလိုက်သည်။

"ဒီကောင်တွေ အတော်သတ္တိကောင်းတာပဲ"

" ကြည့်ရတာ အခြားအင်အားစုတွေရဲ့ အကူအညီကို ရခဲ့တာဖြစ်နိုင်မလား? မရဏကမ္ဘာက ဒါမှမဟုတ် နတ်ဆိုးကမ္ဘာကလား?"

မည်သို့ပင်ဆိုစေကာမူ သူ ဂရုမစိုက်။သူသည် တဖက်လူ၏ အင်အားကို လုံးဝ ချေမှုန်းပစ်ပေမည်။

စူးချန်ကဲက ထရပ်လိုက်ပြီး အမိန့်ပေးလိုက်သည်။

" ကွေးယွမ် သူတော်စင် နယ်မြေကလူတွေအားလုံးကို ခေါ်လိုက်တော့ "

" လော့နတ်ဘုရားမတို့လည်း အသင့်ပြင်ထားပါ"

"တကယ့်တိုက်ပွဲကြီး စတော့မယ် "

......

မှောင်မိုက်နေသော တောင်တန်းတစ်နေရာတွင်၊

"ငါတို့ ကောင်းကင်မိုးကြိုးဂိုဏ်းက မင်းနဲ့ ရန်ငြိုးရန်စ မရှိဘူး...

"ဘာလို့ ငါတို့ကို ဒီလိုလုပ်​တာလဲ...!"

ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များ သွေးအလိမ်းလိမ်းဖြင့် လက်တွေပျောက်ဆုံးနေသော အမျိုးသားတစ်ဦးပင် ဖြစ်သည်။ မော့ရန်ရှီးသည် ထိုအမျိုးသား၏ လည်ကို ဖမ်းချုပ်၍ မြှောက်ကိုင်ထားသည်။

ဂျိန်း! !

ကောင်းကင်တွင် မိုးခြိမ်းသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။

ပတ်ဝန်းကျင်တစ်ခုလုံး ဖျက်ခနဲ့ ဝင်းလက်သွားသည်။

အလောင်းကောင်များသည် အစုလိုက် အပြုံလိုက် ရှိနေပြီး သွေးအိုင်များဖြင့် ပြည့်နှက်နေသည်။

လေထဲတွင် သွေးညှီနံ့များဖြင့် ပြည့်နှက်နေပြီး လူကို မအီမသာ ဖြစ်စေသည်။

သို့သော် မော့ရန်ရှီးသည် လုံးဝ ဂရုမစိုက်ပေ။ သူမ၏ မျက်လုံးများသည် ရေခဲချောက်နက် သဖွယ် လူကို ကြည့်နေသော အကြည့်များက အလွန် တုန်လှုပ်စရာကောင်းပေသည်။

သူမ၏ လက်များကို အနည်းငယ် အားထည့်လိုက်သည်။

ကာခ် ဘုန်း!

သွေးပူများက သူမ၏မျက်နှာကို သွားစင်ခဲ့သည်။

ထိုအနှီလူမှာ သွေးအခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။

မော့ရန်ရှီးသည် သူမလက်​​ပေါ်တွင် ​စွန်းထင်း​နေ​သော ​သွေးများကို ဖယ်​ရှားလိုက်​သည်​။

သိပ်မကြာခင်က ရရှိခဲ့သော ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ၏ သတင်းကြောင့် သူမ၏ မျက်နှာမှာ မကြည်မလင် ဖြစ်နေခဲ့သည်။

"နိုးထခြင်း အစီအစဉ် စတင်တော့မယ် ၊ မင်း မကောင်းဆိုးဝါး မျိုးနွယ်စုတွေနဲ့ ပူးပေါင်းပြီး ကွေးယွမ် သူတော်စင် နယ်မြေကို အလဲထိုးရမယ်"

" နောက်ဆုံးကြရင် မင်းအနေနဲ့ ကောင်းကင်လမ်းစဉ်ရဲ့ အလိုဆန္ဒကို နှိုးဆော်ဖို့ လူဝင်စားမြစ်ကို သွားပါ ၊ ကောင်းကင်လမ်းစဉ်ရဲ့ အမွေဆက်ခံသူတွေကိုလည်း ကြိုတင်ပြီး နိုးထစေမယ်...."

" ဒီမှာရှိတဲ့ အချိန်နဲ့ အဖြစ်အပျက်တွေက တကယ်ကို ပြောင်းလဲသွားခဲ့တာပဲ..."

" ကြည့်ရတာ ငါ ဝင်စွက်ဖက်ခဲ့တာ များသွားလို့ အချိန်အပြောင်းအလဲ ဖြစ်စေခဲ့တာလား?"

မော့ရန်ရှီး တွေးတောလိုက်သည်။

ထို့နောက် သူမသည် အေးစက်သော လေသံဖြင့် အမိန့်ထုတ်လိုက်သည်။

"လူစု ! ငါအရင်က ခိုင်းထားတဲ့အတိုင်း အင်အားစုကြီး‌တွေကို အကုန် အမှုန့်ချေပစ်မယ်"

"ပြီးတာနဲ့ ရှိုးလော်မြစ်ကို သွားပြီး မကောင်းဆိုးဝါး မျိုးနွယ်ဝင်တွေကို အကုန်သတ်ပစ်မယ်!"

အပိုင်း(၃၁၉): မကောင်းဆိုးဝါးမျိုးနွယ်စု၏ လှည့်ကွက်

ရှိုးလော့မြစ် ၊

ဤနေရာသည် ကျုံယုံ(ငရဲကိုးထပ်)တစ်ခုလုံးတွင် အထူးဆန်းဆုံး နေရာတစ်ခုဖြစ်သည်။။

အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် သွေးမြူမှုန်များ၏ဒဏ်ကို တစ်နှစ်ပတ်လုံး ခံစားရသောကြောင့် ဖြစ်သည်။

ဤနေရာတွင် စီးဆင်းနေသော မြစ်ရေသည် နီမြန်းပြီး သွေးနံ့ရှိသည်။

အထူးသဖြင့် ရှိုးလော့မြစ်၏ အနီးတဝိုက်တွင် သွေးမြူမှုန်များ ထူထပ်စွာရှိပေရာ ၊တစ်စုံတစ်ဦးမှ မတော်တဆ ဝင်ရောက်လာပါက ဦးတည်ချက်ပျောက်ရုံသာမက ၊

အထဲက ထူးဆန်းသော သတ္တဝါများ၏ အမဲလိုက်ခြင်းကို ခံရကာ သေသွားနိုင်သည်။

သို့သော် ဤမျှအလွန်အန္တရာယ်များသော နေရာတစ်ခုဖြစ်သော်လည်း ၊

ယခု ဤနေရာတွင် အလွန်စည်ကားနေသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူတော်တော်များများ ဤနေရာတဝိုက်တွင် ရောက်ရှိနေကြသော်လည်း ၊ သို့သော် ၎င်းတို့သည် တစ်စုံတစ်ရာကို စောင့်ဆိုင်းနေပုံပေါ်ကာ အထဲကိုတော့ ခြေမလှမ်းဝံပေ။

" ကွေးယွမ် နဲ့ မကောင်းဆိုးဝါး မျိုးနွယ်စုဝင်တွေ မလာကြသေးဘူးလား?"

" အခုချိန်အထိ တစ်ယောက်မှကို မတွေ့သေးဘူး ၊ သူတို့ပြောတော့ ဒီနေရာမှာ ပြတ်ပြတ်သားသား တိုက်ပွဲဆင်နွှဲကြမယ်ဆို ?ဘာလို့တစ်ယောက်မှ ပေါ်မလာသေးတာတုန်း?"

ထိုစဉ် ၊ လူအုပ်ထဲတွင် အနက်ရောင် အဝတ်အစားများကို ဝတ်ထားသော လူသုံးလေးယောက်က ထဆိုလိုက်သည်။

"မနေ့ကပဲ မကောင်းဆိုးဝါးမျိုးနွယ်ဝင်တွေက အထဲကိုဝင်သွားကြပြီ "

" ကွေးယွမ်ကလူတွေပဲ ရောက်မလာသေးတာ ၊ကြည့်ရတာ ကွေးယွမ်ကလူတွေ ကြောက်သွားပြီနဲ့ တူတယ်!"

ပထမလူ၏ စကားကို နောက်တစ်ယောက်က ထောက်ခံကာ ဆိုပြန်သည်။

"ဟုတ်တယ် ၊ပြင်ပကမ္ဘာမှာ ကွေးယွမ် သူတော်စင် နယ်မြေက အရမ်းကို အံ့ဩဖို့ကောင်းတယ်လို့ ပြောကြပေမယ့် ငါ့အထင်တော့ သူရဲဘောကြောင်တဲ့ လူတသိုက်ပဲ!"

" ဟားဟား! မင်းကအခုမှသိတာလား?တစ်ယောက်မှ ထွက်မလာသေးတာ ဒါသူရဲဘောကြောင်တာပဲ !"

"ဟာဟားဟား၊ တကယ်ကို ရယ်စရာကောင်းတာပဲ ၊ ကွေးယွမ် သူတော်စင် နယ်မြေကို အခုကစပြီး လိပ်(သူရဲဘောကြောင်) သူတော်စင်နယ်မြေလို့ နာမည်ပြောင်းရတော့မယ် ထင်တယ်!"

“.......”

ထိုဝတ်ရုံနက် လူသားကျင့်ကြံသူများသည် မကောင်းဆိုးဝါးမျိုးနွယ်စုမှ လာဘ်ထိုးကြသူများ ဖြစ်သည်။

သူတို့ ဤကဲ့သို့ ပြောဆိုနေရခြင်းမှာ ကွေးယွမ်နှင့် ပတ်သတ်သော ကောလာဟလများကို ဖြန့်ချင်သောကြောင့် ဖြစ်သည်။

ဤနည်းလမ်းကို အရင်အသုံးပြု၍ ကွေးယွမ် သူတော်စင် နယ်မြေ၏ စိတ်ဓာတ်ကို လှုပ်ခါရန်ကြိုးစားနေခြင်းပင် ဖြစ်သည်။

ထင်ထားသည့်အတိုင်း ဆွေးနွေးပွဲကြီးသည် ပို၍ပြင်းထန်လာခဲ့သည်။

အမှန်တရားကို မသိသူတော်တော်များများက ၎င်းတို့၏ စကားကို ထောက်ခံခဲ့ကြသည်။

"ဟုတ်တယ်! ဘယ်လိုလုပ်ပြီး ခုထိ ကွေးယွမ်ကလူတွေကို မမြင်ရတာလဲ?"

"ချိန်းဆိုထားတဲ့ အချိန်တောင် ရောက်နေပြီမဟုတ်လား? ကွေးယွမ်က တကယ်ပဲကြောက်နေတာလား?"

“......”

အချိန်သည် တဖြေးဖြေး ကြာမြင့်လာသော်လည်း ၊ ကွေးယွမ်က လူတွေကိုတော့ တစ်ယောက်ကလေးမှ မတွေ့ရသေးပေ။

တီးတိုးသံများ ပို၍ ဆူညံလာခဲ့သည်။

ဂျိန်း!

ထိုစဉ် ၊ ကောင်းကင်ယံ၌ မိုးခြိမ်းသံတချက် ထွက်ပေါ်လာခဲ့သည်။

“မြန်မြန်ကြည့်ကြ...အဲ့ဒါက...!”

လူတစ်ယောက်က မိုးကုပ်စက်ဝိုင်း တစ်နေရာကို ထိတ်လန့်တကြား ညွှန်ပြလိုက်သည်။

မရေမတွက်နိုင်သော အလင်းစီးကြောင်းများက ကောင်းကင်ကို ဖြိုခွင်းကာ ၊ ဤနေရာဆီသို့ ဦးတည်လာနေသည်ကို မြင်လိုက်ရသည်။

အလင်းတန်းများမှ ဖြာထွက်လာသော ရောင်ဝါတို့သည် အလွန်အစွမ်းထက်ပြီး ၊ တစ်ခုနှင့်တစ်ခု သွယ်ယှက်နေကာ ကောင်းကင်ပြင်ကြီးကို လွှမ်းခြုံထားသည် ။

ပတ်ဝန်းကျင်တစ်ခုလုံး ထိန်လင်းနေပြီး၊ ကြောက်ခမန်းလိလိ ရောင်ဝါများက လူကို နှိပ်ကွပ်ရန် ဆင်းသက်လာသလိုပင်။

မျက်စိတမှိတ်အတွင်းမှာပင် ၊

သူတို့၏ ခေါင်းပေါ်တွင် အလွန်တောက်ပသော အလင်းတန်းတစ်ခု ရောက်ရှိလာခဲ့သည်။

သူတို့အားလုံးထံမှ ဖြာထွက်နေသော ရောင်ခြည်များ ဖြည်းဖြည်းချင်း လျော့နည်းသွားသည်နှင့်အမျှ၊ သူတို့အားလုံး၏ အသွင်အပြင်မှာ ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။

သူတို့အားလုံးသည် ငယ်ရွယ်နုပျိုသော သန်မာသူများ ဖြစ်ကြသည်။

အပေါ်မှ အောက်ကိုငုံ့ကြည့်သော သူတို့၏ မျက်လုံးများသည် နတ်ဘုရားတစ်ပါးမှ သေမျိုးလောကကို ငုံ့ကြည့်နေကြသလိုပင်။

အောက်ကို ငုံ့ကြည့်ရုံနဲ့တင် ၎င်းတို့၏ အဆုံးစွန်သော ဖိနှိပ်စွမ်းအားများကို ခံစားမိနိုင်သည်။

အထူးသဖြင့် ထိုနတ်ဘုရားများ၏ ခေါင်းဆောင်ပင် ။

စူးချန်ကဲသည် လက်ကိုနောက်ပစ်လျက် အေးအေးဆေးဆေး ရပ်နေသည်။ နတ်ဘုရားငယ်များ၏ နောက်ခံတွင် ရှိနေသော ၎င်း၏ အသွင်အပြင်သည် ဒေဝလောကရှိ နတ်ဘုရားအားလုံးကို အမိန့်ပေးနိုင်သည့် နတ်ဘုရား ခေါင်းဆောင်တစ်ပါးနှင့် တူပေသည်။

သူသည် အောက်ကလူများ၏ ထင်ကြေးများကို လျစ်လျူရှုထားပြီး ၊ မကောင်းဆိုးဝါးဂိုဏ်းမှ လာဘ်ထိုးထားသော လူသားကျင့်ကြံသူများကိုသာ အာရုံစိုက်ခဲ့သည်။

သူသည် တစ်နေရာကို ကြည့်ကာ သူ့လက်ညိုးများကို ဆန့်ထုတ်လိုက်သည်။

"ငါ့ ကွေးယွမ် သူတော်စင် နယ်မြေကို စော်ကားသူတိုင်း "

သူ၏ အေးစက်စက် အသံနှင့်အတူ ၊

သူ့လက်ချောင်းထိပ်တွင် ဓားစွမ်းအင်များက ရစ်ဝဲနေသည်။

နေမင်းအသေးစား ထွက်ပေါ်လာသကဲ့သို့ တောက်ပနေသည်။

"ကွပ်မျက်ခံရမယ် "

ရွှစ် ရွှစ် !

စူးချန်ကဲ၏ လက်ချောင်းထိပ်များမှ ဓားစွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။

၎င်းတို့သည် တစ်စုံတစ်ရာကို ခြေရာခံနေပုံရသည်။

ဓားစွမ်းအင်တို့သည် ယခင်က ကွေးယွမ် သူတော်စင် နယ်မြေအပေါ် စော်ကားပြောဆိုခဲ့သူများအား လုံးဝ အတိအကျ ပိုင်းခုတ်ပစ်ခဲ့သည်။

သွေးအန်သံ!!

အသွေးအသားများ ပေါက်ကွဲသံနှင့်အတူ ၊ သွေးများ လေထဲသို့ လွှင့်စင်သွားခဲ့သည်။

ရလဒ်မှာ နေရာတစ်ခုလုံး သွေးအိုင်များဖြင့် ပြည့်နှက်သွားခဲ့သည်။

ထိုလူတစ်စုသည် တုံ့ပြန်ချိန်တောင် မရလိုက်ဘဲ အသားတုံးဖြစ်ခဲ့ရသည်

ဤရုတ်တရက်ပြောင်းလဲမှုကြောင့် လူအုပ်ကြီးမှာ အံ့သြသွားကြသည်။

သို့သော် ဤလူအုပ်ထဲတွင် ရုပ်ဖျက်ပြီး အခြေအနေကို အခွင့်ကောင်းယူကာ တိုက်ခိုက်ရန် အသင့်စောင့်နေသော မကောင်းဆိုးဝါး မျိုးနွယ်ဝင်များလည်းရှိသည်။

"နာမည်ကြီးလှတဲ့ ချန်ကဲ ဆက်ခံသူက ဒီလောက်တောင် အာဏာပြရသလား!?"

" ဟုတ်တယ် ၊ ကွေးယွမ် အကြောင်း စကားတစ်ခွန်းနှစ်ခွန်းပြောတာနဲ့ လူကိုသတ်စရာလား?"

" ဘာချန်ကဲ ဆက်ခံသူတုန်း ၊ ငါ့အမြင်မှာတော့သူက အရူးတစ်ယောက်ပဲ!"

"......"

ထိုစကားများကို နားထောင်နေသော စူးချန်ကဲ၏ မျက်လုံးများမှာ အေးစက်နေသည်။

သူ့လက်ချောင်းများကို တစ်ဖန် လှုပ်ရှားလိုက်သည်။

ဝှစ် ဝှစ် !

နောက်ထပ် ဓားအလင်းများ ထပ်မံ ဝင်ရောက်လာခဲ့သည်။

၎င်းတို့သည် ကောင်းကင်ပေါ်မှ သက်ရှိ ရေနဂါးအတိုင်း ဟောက်လျက် ဆင်းသက်လာကြသည်။

နဂါးကြီး၏ ပါးစပ်ကို ဖွင့်လိုက်သည်နှင့် တခဏအတွင်းမှာပင် ထိုမကောင်းဆိုးဝါး မျိုးနွယ်စုဝင်များကို တိုက်ရိုက် မျိုချပစ်ခဲ့ပြီး ၊ ၎င်း၏ ကြောက်မက်ဖွယ်ရာ စွမ်းအားများသည် ကမ္ဘာမြေပြင်အထိ ထိုးဖောက်ဝင်ရောက်သွားသည်။

ဓားစွမ်းအင်များ ပျောက်ကွယ်သွားပြီးနောက် နေရာတွင် ချောက်ကြီးတစ်ခုသာ ကျန်ရှိတော့သည်။

ထိုအချိန်​တွင်​ လူအုပ်​ကြီးမှာ​ လုံးဝတိတ်​ဆိတ်​သွားသည်​။

လူအုပ်ကြီးသည် ကောင်းကင်ယံထက်က ၀တ်ရုံဖြူ ပုံရိပ်အား ကြောက်လန့်တကြားဖြင့် ကြည့်နေကြသည်။

ထိုအချိန် ၊

စူးချန်ကဲက ဖြည်းညှင်းစွာ ဆိုလိုက်သည်။

" မကောင်းဆိုးဝါး မျိုးနွယ်စု ၊ မင်းတို့ နောက်ကွယ်မှာ ဘာညစ်ပတ်တဲ့ လှည့်ကွက်တွေ လုပ်နေသလဲ ဆိုတာ ငါမသိဘူး "

စူးချန်ကဲ၏ အေးစက်သောအသံသည် တိတ်ဆိတ်နေသော ဤနေရာတွင် ပဲ့တင်ထပ်သွားသည်။

"ဒါပေမယ့် ငါ့ရဲ့ စိတ်ရှည်မှုကုန်သွားပြီ"

"မင်းတို့နဲ့ အပိုစကားတွေပြောဖို့ အချိန်မရှိတော့ဘူး "

"မင်းမှာ ဘယ်လိုလှည့်ကွက်မျိုးတွေ ရှိရှိ ၊ ဘယ်လောက်ပဲ ယုံကြည်မှုရှိပါစေ"

စူးချန်ကဲ၏ အသံသည် အေးစက်ပြီး ယုံကြည်မှုအပြည့်ရှိသည်။

"ငါ စူးချန်ကဲ တစ်ယောက်တည်းနဲ့တင် အနိုင်ယူနိုင်တယ်!"

ဤနေရာရှိ ဧရိယာတစ်ဝှမ်းလုံး ဆိတ်ငြိမ်သွားသည်။

အသံသည် မည်မျှအကွာအဝေးထိ ပျံ့သွားခဲ့လေသလဲ မသိ။

၎င်းတွင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း စွမ်းအားများ ပါဝင်နေပြီး ၊ လူတို့၏ စိတ်နှလုံးသားကို တုန်လှုပ်သွားစေသည်။

ဤစကားများသည် အောက်ကလူများကို ရည်ညွှန်းပြောဆိုခြင်း မဟုတ်သော်လည်း ၊

သို့သော် အောက်ကလူများအဖို့ ကောင်းကင်ကိုတောင် မော့မကြည့်ဝံ့သည့်အထိ ဖြစ်စေသည်။

သူတို့ တစ်ချက်ကလေး ကြည့်လိုက်ရုံဖြင့် ထိုပုဂ္ဂိုလ်အပေါ် စော်ကားမိမှာကို စိုးရသည်။

စူးချန်ကဲသည် ဤနည်းလမ်းဖြင့် ဖြေရှင်းရသည့် အကြောင်းရင်းမှာ မကောင်းဆ်ိုးဝါး မျိုးနွယ်စု၏ လှည့်ကွက်များကို သူ ကြိုသိနေခြင်းပင် ။

အခြားကျင့်ကြံသူများ၏ စကားဝိုင်းကို အခွင့်ကောင်းယူကာ တိုက်ပွဲမစခင် မိမိတို့၏ စိတ်ဓာတ်အပေါ် သက်ရောက်မှုရှိစေရန် ကြိုးပမ်းခဲ့သည်။

ဤကဲ့သို့ကိစ္စများအပေါ် အချိန်ဆွဲနေစရာ မလိုအပ်ပေ။

ပြင်းထန်သောနည်းလမ်းဖြင့် ကိုင်တွယ်လိုက်ခြင်းသည် အကောင်းဆုံးသော အဟန့်အတားနှင့် တန်ပြန်တိုက်စစ်ပင် ဖြစ်သည်။

"ရှိုးလော့မြစ်ကို သွားကြစို့ "

စူးချန်ကဲသည် အဖွဲ့ဝင်များကို ဦးဆောင်ကာ သွေးမြူမှုန်များထဲသို့ ဦးစွာ ဝင်ရောက်သွားခဲ့သည်။

သူ့နောက်က ကွေးယွမ်တပည့်သားများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

၎င်းတို့၏ မျက်လုံးများတွင် နက်ရှိုင်းသော လေးစားမြတ်နိုးမှုတို့ကို တွေ့မြင်နိုင်သည်။

ဒါကမှ သူတို့ ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဆက်ခံသူပင် !

ဘယ်အချိန်မဆို ၊ သူ၏ အသွင်အပြင်သည် တကယ်ကို ပြိုင်ဘက်ကင်းပေသည်။

"ဆက်ခံသူ အမိန့်ကို လိုက်နာလျက်ပါ !"

ကွေးယွမ်၏ တပည့်များသည် တညီတညွတ်တည်း တုံ့ပြန်လိုက်ကြသည်။၎င်းတို့၏ အသံများသည် ကောင်းကင်ကြီးကိုတောင် တုန်ခါသွားစေရုံသာမက ၊

ဟင်းလင်းပြင်အလွှာများပင်လျှင် အနည်းငယ် တုန်သွားစေသည်။

စူးချန်ကဲသည် သူတို့၏ အားမာန်သတ္တိကို အထွတ်အထိပ်သို့ မြှင့်တင့်ပေးခဲ့သည်မှာ သံသယမရှိပေ။

ယောင်ချီသူတော်စင်နယ်မြေရှိ တပည့်များပင်လျှင် အလားတူ ခံစားမိသည်။

ကွေးယွမ် သူတော်စင် နယ်မြေတွင် ဤမျှ တန်ခိုးကြီးမားသော ဆက်ခံသူတစ်ပါး ရှိခြင်းသည် အလွန်ကို ပျော်ရွှင်စရာကောင်းသည် မဟုတ်လော။

သူတို့အားလုံး တလိပ်လိပ် ရိုက်ခတ်‌လှုပ်ရှားနေသော သွေးမြူမှုန်များထဲ တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်သွားကြသည်။

သူတို့သည် စူးချန်ကဲ၏ ဦးဆောင်မှုအောက်တွင် ရလဒ်ကို ကြိုတင်မြင်တွေ့ထားပြီး ဖြစ်သည်။

အပိုင်း(၃၂၀): ရွှယ့်ရှိုးလော့၏ ထွက်ပေါ်မှု

ရှိုးလော့မြစ်ထဲတွင် ၊

မကောင်းဆိုးဝါး မျိုးနွယ်ဝင်များအပြင် ငရဲနန်းတော်နှင့် မြေအောက်ကမ္ဘာမှ အဖွဲ့ဝင်များသည်လည်း ဤလျှို့ဝှက်နေရာတွင် ငြိမ်သက်စွာဖြင့် ရှိနေကြသည်။

သူတို့ ခေါင်းဆောင်အချင်းချင်း တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည်။

"ဟားဟား၊ ငါတို့ချထားတဲ့ ငါးစာက အလုပ်ဖြစ်ပုံရတယ်"

လုံဟောက်က ထေ့ငေါ့ပြောလိုက်သည်။

" ဒီနေရာမှာရှိတဲ့ ရှေးဟောင်း သွေးနက်သားရဲတွေအားလုံးကို ရွှယ့်ရှိုးလော့မျိုးနွယ်စုက မွေးမြူထားခဲ့တာ ၊ အဲ့ကောင် ဒီရှေးဟောင်းသားရဲတွေကို သတ်နိုင်စွမ်းရှိရင်တောင်မှ ရွှယ့်ရှိုးလော် မျိုးနွယ်ရဲ့ လက်စားချေတာကို ခံရမှာ သေချာတယ်!"

"စတုတ္ထသော့က ‌ရွှယ့်ရှိုးလော့တွေရဲ့လက်ထဲမှာ ရှိတယ် ၊ ငါတို့ ဒီမှာတင် အခြေအနေကို စောင့်ကြည့်ပြီး အခွင့်ကောင်းယူလိုက်ရုံပဲ ဘာမှအားထုတ်စရာတောင် မလိုဘူး..."

"ဟုတ်တယ် ၊ သူတို့ ရှိုး‌လော့မြစ်ကို ရောက်နိုင်ရင်တောင်မှ အဲ့အချိန်လောက်ဆို မောပန်းနေလောက်ပြီ ၊ ငါ့ရဲ့ မြေအောက်ကမ္ဘာနဲ့ ငရဲနန်းတော်ကို အရေးယူဖို့ဆိုတာ စကားနဲ့တောင် ထည့်ပြောစရာမလိုဘူး"

.......

ကွေးယွမ်သူတော်စင်နယ်မြေရှိ တပည့်များ နယ်မြေထဲသို့ ဝင်ရောက်လာပြီးနောက် ၊

သွေးစွမ်းအင်များသည် နေရာအရပ်ရပ်မှ ထွက်ပေါ်လာပြီး ၊ တလိပ်လိပ် ထနေသော သွေးစွမ်းအင်များက သူတို့ကို တင်းတင်းကျပ်ကျပ် လွှမ်းခြုံထားသည်။

ခန္ဓာကိုယ်တစ်ကိုယ်လုံးကို သွေးအညှီအနံ့များဖြင့် လောင်းချိုးထားသလိုပင်။

"သတိထား ၊ ဒီနေရာက ထူးဆန်းတယ် "

စူးချန်ကဲသည် သူ့နောက်က တပည့်အားလုံးကို လှမ်းသတိပေးလိုက်သည်။

" အကာအကွယ် မှော်အတတ်ကို အသင့်ပြင်ထားကြ ၊ သတိမလွတ်စေနဲ့ "

စူးချန်ကဲ စကားပြောပြီးပြီးချင်း ၊ သူ့နောက်ကျောတစ်ခုလုံး ရုတ်ချည်း အေးစက်သွားသည်ကို ခံစားလိုက်ရသည်။

" ဆက်ခံသူ သခင် ၊ သတိထား!"

ကျင့်ကြံစွမ်းအား မြင့်မားသော တပည့်များသည် စူးချန်ကဲကို သတိပေးခဲ့ကြပြီး တစ်ချိန်တည်းမှာပင် သူတို့လည်း အလျင်စလို လှုပ်ရှားခဲ့သည်။

သို့သော် စူးချန်ကဲက ပိုမြန်သည်။

နောက်ကို လှည့်ကြည့်လိုက်သည်နှင့် တပြိုင်နက် သူ့လက်ချောင်းများမှ ပြင်းထန်သော ဓားစွမ်းအင်များ ထွက်ပေါ်လာခဲ့ပြီး ၊ ယင်းဓားစွမ်းအင်များသည် လေကို ခွင်းလျက် တောက်လောင်နေသော ဓားအလင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

ရွှမ်း!

အေးစက်လှသော ဓားအလင်းသည် စူးချန်ကဲဆီသို့ ဦိးတည်ကာ ပြေးလာနေ‌သော ထူးဆန်းသော သတ္တဝါကို ချက်ချင်း ခုတ်ပိုင်းပစ်ခဲ့သည်။

ဝူး!

သူတို့ အတွင်းပိုင်းထဲသို့ မဝင်ရောက်မီ ၊ ထိုစဉ် လူကို လန့်ဖျက်သွားစေသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် စူးချန်ကဲသည် သူ့လက်ကို မြှောက်ပြကာ သူ အဆင်ပြေကြောင်းကို ပြသခဲ့သည် ။ ဆက်လက်ပြီး သူတို့အားလုံး ထိုလမ်းကြောင်းအတိုင်း ဆက်လျှောက်လာခဲ့ကြသည်။

မြေပြင်ပေါ်တွင် ပြုတ်ကျနေသော သွေးဝက်အူချောင်းကဲ့သို့ အသားတုံးကို မြင်လိုက်ရပြီး ၊ ၎င်း၏ ထိပ်ဖျားတွင် ခရုပတ်အစင်းကြောင်းများ ရှိနေသည်မှာ လူကို အတော်လေး တုန်လှုပ်သွားစေသည်။

ပိုထူးဆန်းသည်မှာ စူးချန်ကဲ၏ အပြီးတိုင် ဖြတ်တောက်ခြင်းကို ခံလိုက်ရသော်လည်း ၎င်းသည် မြေပြင်ပေါ်တွင် ရုန်းကန်နေရဆဲပင် ဖြစ်သည် ။

စူးချန်ကဲသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

" ဒါ လျှာလား?"

စူးချန်ကဲ၏ စကားအဆုံးတွင် ၊

ပတ်ဝန်းကျင်တွင် ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။

ရိုက်ခတ်လှုပ်ရှားနေသော သွေးမြုမှုန်များကြား ထူးဆန်းသော အရိပ်မည်းတချို့သည်် အလွန်လျင်မြန်သော အရှိန်ဖြင့် လှုပ်ရှားနေကြသည်ကို မြင်လိုက်ရသည်။

.......

ဝေါင်း!!!

ရုတ်တရက် တိတ်ဆိတ်နေသော ဤနေရာတွင် နှလုံးရပ်လုမတတ် ဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

မရေမတွက်နိုင်သော အရိပ်မည်းများသည် စူးချန်ကဲနှင့် အခြားသူများဆီသို့ နေရာပေါင်းစုံမှ တိုက်ခိုက်လာသည်။

၎င်းတို့သည် သွေးနက်ရှေးသားရဲများ ဖြစ်ကြပြီး သို့သော် ၎င်းတို့၏ အသွင်အပြင်သည် တကယ်ကို ထူးဆန်းပေသည်။ ၎င်းတို့၏ ကိုယ်ပေါ်တွင် မည်သည့် ချပ်ဝတ်တန်ဆာမှ မပါဘဲ၊ တွန့်လိမ်နေသော အသားအရည်များသာ ရှိသည်။

သို့သော် စူးချန်ကဲသည် မြန်ဆန်စွာ တုံ့ပြန်ခဲ့ပြီး သူ့လက်ဝါးဖြင့် အေးအေးလူလူ ရိုက်ထုတ်လိုက်သည်။

ဝုန်း! !

ထို့နောက် ပြင်းထန်သော နိယာမစွမ်းအားများကို စုစည်းကာ နောက်ဆုံးတွင် ကြောက်မက်ဖွယ်ကောင်းသော ရွှေလက်ဝါးကြီး တစ်ခုကို ဖန်ဆင်းခဲ့ပြီး ရိုက်ချလိုက်သည်။

သို့သော် သွေးနက်သားရဲများသည် ၎င်းတို့၏ ကျောဘက်ရှိ ဆူးများဖြင့် အကာအကွယ်ယူလိုက်သည်။

"မင်းတို့က ငါ့ရဲ့ တိုက်ခိုက်မှုကို ကြိုတင်ခန့်မှန်းချင်သေးတယ်ပေါ့?"

" မင်းတို့ရဲ့ ဒီအကွက်က ဒီတစ်ခါတော့ သေချာပေါက် အလုပ်မဖြစ်ဘူး "

ဤသွေးနက်သားရဲများသည် ကြိုတင်သိမြင်နိုင်သော ထူးခြားသော စွမ်းရည်ကို ပိုင်ဆိုင်ထားကြောင်း စူးချန်ကဲ သိထားသည်။

ထို့ကြောင့် သူသည် တစ်ကွက်ချန်ထားခဲ့သည်။ သူ၏ ရွှေလက်ဝါးနှင့် ရိုက်ချလိုက်သည့် တစ်ချိန်တည်းမှာပင် နောက်လက်ဝါးနှင့် တိုက်ခိုက်ခဲ့သည်။

တစ်ဖန် ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင်ဝိညာဉ်စွမ်းအင်များ စုဝေးလာခဲ့ပြီး ၊ ထပ်မံ ဖန်တီးထားသော လက်ဝါးဖြင့် အခြားဦိးတည်ရာဘက်မှ တိုက်ရိုက် ရိုက်ချပစ်ခဲ့သည်။

ဘုန်း!!

ကျယ်လောက်သော ပေါက်ကွဲသံတို့သည် နေရာအနှံ့ ပဲ့တင်ထပ်သွားခဲ့လေသည်။ တဟုန်ထိုး တောက်လောက်နေသော ရွှေရောင် ဝိညာဉ်စွမ်းအားများသည် ထိုသွေးနက် သားရဲကောင် အုပ်စုကြီးအား အသားစ အဖြစ် တိုက်ရိုက်ပြောင်းလဲသွားစေခဲ့သည်။

ဤရုတ်တရက်ဆန်သော မြင်ကွင်းသည် လော့ရန်ယွီနှင့် ယောင်ချီသူတော်စင် နယ်မြေရှိ တပည့်များစွာကို ထိတ်လန့်သွားစေသည်။

စူးချန်ကဲသည် ထိုသားရဲကောင်အုပ်စုအား သူ၏ လက်ဝါးတစ်ချက်တည်းဖြင့် ဖြေရှင်းနိုင်လိမ့်မည် ဟု မမျှော်လင့်ထားခဲ့ကြပေ။

" ချန်ကဲ ဆက်ခံသူက ပိုပိုပြီး ကြောက်စရာကောင်းလာတာပဲ"

သူတို့သက်ပြင်းချလို့ မဆုံးခင် ၊

သွေးမြူမှုန်များက တစ်ဖန် အတတ်အကျ ဖြစ်လာခဲ့ပြန်သည်။

သူတို့‌ဆီသို့ ပိုမိုအားကောင်းသော ရောင်ဝါများက ချဉ်းကပ်လာပုံရပေသည်။

ထိုစဉ် အက်ကွဲသံပါသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

" မင်းတို့က ကျုပ်တို့ရဲ့ ရွှယ့်ရှိုးလော့ မျိုးနွယ်စုရဲ့ နယ်မြေထဲကိုလည်း ဝင်ရောက်လာသေးတယ် ၊ ကျုပ်တို့ ရွှယ့်ရှိုးလော့ မျိုးနွယ်ကနေ မွေးမြူထားတဲ့ သားရဲတွေကိုလည်း သတ်ပစ်သေးတယ် "

တစ်ချိန်တည်းမှာပင် ထူထပ်လာသော ခြေသံများကို ကြားလိုက်ရသည်။

"ဒါ ကျုပ်တို့ကို အခက်တွေ့အောင် လုပ်နေတာပဲ"

စကားသံအဆုံးတွင် ၊ သွေးမြူမှုန်ထဲတွင် ရှိနေခဲ့သော လူအားလုံးကို မြင်လိုက်ရသည်။

အသားအရေများက နီးမြန်းလျက် ၊ ဦးချိုတစ်စုံ ပါရှိပြီး ထူးဆန်းသော အသွင်အပြင်ရှိသည့် လူသားများပင် ဖြစ်သည်။

ဤလူများအားလုံးသည် ရွှယ့်ရှိုးလော့ မျိုးနွယ်ဝင်များပင် ဖြစ်သည်။

၎င်းတို့ထံမှ နိယာမအတက်အကျများကို မမြင်နိုင်သော်လည်း၊ ၎င်းတို့ထံမှ အဆုံးစွန်သော ရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုများကို ခံစားရသည်။

" ရွှယ့်ရှိုးလော့ ?"

စူးချန်ကဲ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

" နျုံမိုထျန်း ရဲ့ မှတ်ဉာဏ်အရ စတုတ္ထသော့က သွေးထောင်ချောက် ဆိုတော့ ...မဟုတ်မှလွဲရော သူတို့နဲ့ ပတ်သတ်နေတာလား?"

စူးချန်ကဲ တွေးနေစဉ် ၊

ရွှယ့်ရှိုးလော့မျိုးနွယ် အုပ်စုထဲမှ အဘိုးအိုတစ်ဦး ရှေ့ထွက်လာခဲ့သည်။ သူသည် ရွှယ့်ရှိုးလော့ မျိုးနွယ်စု၏ ယဇ်နတ်ဆရာပင် ဖြစ်သည်။

သူသည် ကွေးယွမ်က လူများကို ကြည့်ရင်း ပြုံးလေသည်။

" မဆိုးဘူး၊​ ဒီတစ်​ခါ​တော့ ဝက်​​တွေအများကြီးပဲ"

“အရည်အသွေးကောင်းတဲ့ ဝက်တွေ အများကြီး ကျန်သေးတာပဲ "

ရွှယ့်ရှိုးလော့ မျိုးနွယ်စုမှ ယဇ်နတ်ဆရာသည် အကြင်နာကင်းမဲ့သော အပြုံးဖြင့် ‌‌ဆိုလိုက်သည်။

" ကြည့်ရတာ ဒီတစ်ခေါက် ယဇ်ပူဇော်ပွဲက ချောချောမွေ့မွေ့ ဖြစ်လိမ့်မယ်"

" ယဇ်နတ်ဆရာ လူကြီးမင်း ၊ ဒီမျက်နှာဖြူကောင်လေးကို ကျွန်တော်ပဲ ကိုင်တွယ်လိုက်မယ် "

ထိုအချိန်တွင် ထွားထွားကျိုင်းကျိုင်း ရှိသော ရွှယ့်ရှိုးလော့မျိုးနွယ်ဝင် တစ်ယောက်က ထဆိုလိုက်သည်။

သူမျက်လုံးထဲတွင် စူးချန်ကဲသည် အရွယ်အစားသေးပြီး မျက်နှာဖြူ( ချောမောလှပသော) ကောင်လေးတစ်ယောက် ဖြစ်သောကြောင့် ခေါင်းဆောင်တစ်ယောက် ဖြစ်လာသည်ဟု ယူဆထားသည်။

သို့ဖြစ်ရာ ၊ တခြားသူများကလည်း အရည်အချင်းမရှိသော ငမိုက်သားများပင် ဖြစ်သည်ဟု ကောက်ချက်ချခဲ့သည်။

"ဒါဆိုလည်း မြန်မြန်ဖြေရှင်း၊ ငါတို့ ရိတ်ဖို့ကို စောင့်နေတဲ့ နောက်ဝက်တသိုက် ကျန်သေးတယ်"

ယဇ်နတ်ဆရာသည် အပိုစကားတွေ မပြောခဲ့ချေ။

သူ့ဘေးနားရှိ ဤရွှယ့်ရှိုးလော့သားသည်လည်း ၎င်းတို့၏ မျိုးနွယ်စုတွင် ထိပ်တန်း အင်အားကြီးမားသူ တစ်ဦးဖြစ်ပြီး ၊ သူ၏ ကာယစွမ်းအားသည် ပြင်ပကမ္ဘာ၏ သူတော်စင် ဧကရာဇ်နှင့်ပင် ယှဉ်ပြိုင်နိုင်သည်။

ကွေးယွမ် သူတော်စင်နယ်မြေ မှ တပည့်များသည် ထိုစကားကို ကြားသည်နှင့် ၎င်းတို့၏ အမူအယာမှာ ပို၍ ခတ်ထန်လာခဲ့သည်။

ရုတ်တရက် လီဟောက်ထျန်းသည် ရှေ့ထွက်လာခဲ့ပြီး အော်ဟစ်ပြောဆိုလိုက်သည်။

"လူရိုင်း တသိုက်ကများ အတင့်ရဲလိုက်တာ!"

သူသည် စူးချန်ကဲအား တရိုတသေ ခွင့်တောင်းလိုက်သည်။

" ချန်ကဲ ဆက်ခံသူ၊ ဒီတိုက်ပွဲကို ကျွန်တော်နဲ့ လွှဲလို့ရမလား?"

" ဟောက်ထျန်းညီလေး တစ်ယောက်တည်း တောက်ပလို့ ဘယ်ဖြစ်မလဲ ၊ ငါ ယဲ့လင်ထျန်း သဘောမတူဘူး "

ထိုစဉ် ပီချင်းရှကလည်း ရှေ့ထွက်လာခဲ့ပြီး ပြုံးရွှင်စွာ ဆိုလိုက်သည်။

"ဟုတ်တယ်၊ ကျွန်မက မိန်းမဆိုပေမယ့်လည်း အကိုဟောက်ထျန်းထက်တော့ မညံ့ပါဘူးနော်"

ယဲ့လင်ထျန်း နှင့် ပီချင်းရှတို့ နှစ်ယောက်စလုံးကလည်း စိတ်အားထက်သန်နေသော မျက်လုံးများဖြင့် စူးချန်ကဲကို ကြည့်နေကြသည်။

၎င်းတို့သည် တစ်ချိန်က ကွေးယွမ်၏ အဓိပတိ ခေါင်းဆောင်များ ဖြစ်ခဲ့ကြပြီး၊ သူတော်စင် ခန္ဓာကိုယ်၏ အသွေးအသားများကို ပိုင်ဆိုင်ထားသည် ။ ထို့အပြင် ခေတ်တစ်ခေတ်၏ ထိပ်တန်း စွမ်းအားရှင်များ အဖြစ် သတ်မှတ်ခံခဲ့ရသည်။

ဤခေတ်တွင် စူးချန်ကဲ ကဲ့သို့ တောက်ပသော နေတစ်စင်း ရှိနေပြီး ၊ ၎င်းတို့သည် ထောက်ကူပေးနိုင်သည့် ကြယ်တစ်ပွင့်သာ ဖြစ်နိုင်သည်။

သို့ဆိုတောင် သူတို့သည် စူးချန်ကဲ၏ ဘေးတွင် အတောက်ပဆုံးသော ကြယ်သုံးပွင့် ဖြစ်လိုသည်။

" ဒါပေါ့ "

စူးချန်ကဲက ပြုံးလေသည်။သူသည် ဆက်ခံသူတစ်ပါး ဖြစ်သည်နှင့်အလျောက် ဤလူများ၏ မော်ကြွားမှုကို သိသောကြောင့် သူတို့ကို မတားစီးခဲ့ပေ။

"ဒါပေမယ့် မြန်မြန် ‌ဖြေရှင်းနော် ၊ ငါတို့ ဒီငါးတသိုက်နဲ့တင် အချိန်ဖြုန်းနေလို့ မရဘူး "

စူးချန်ကဲ၏ ထိုစကားကြောင့် ရွှယ့်ရှိုးလော့ မျိုးနွယ်ဝင်များမှာ ဒေါသတကြီး ပေါက်ကွဲလာကြသည်။

သူတို့သည် ကျုံယုံ(ငရဲကိုးထပ်)တွင် ကြာရှည်စွာ နေထိုင်ကျက်စားလာခဲ့သူများ ဖြစ်သည်။ သူတို့အတွက် ဤကဲ့သို့ မောက်မာသော လူသားမျိုးနွယ်ကို ဒါပထမဆုံးအကြိမ် တွေ့လိုက်ရခြင်းပင် ဖြစ်သည်။

" ဟောက်ထျန်း၊ ချန်ကဲ ဆက်ခံသူကို စိတ်မပျက်စေရဘူး!"

‌ ကွေးယွမ် သူတော်စင်နယ်မြေ၏ ဘိုးဘေးများထံမှ အထူးလေ့ကျင့်မှုခံယူပြီးနောက်။

သူတို့သည် မိမိတို့၏ သူတော်စင် ကိုယ်ထည် သွေးသားများကို ကျွမ်းကျင်ကြပြီး အပြည့်အဝ အသုံးပြုနိုင်ခဲ့သည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် ၊ သူ့ခန္ဓာကိုယ်ထဲတွင် ထာဝရတည်ရှိနေသကဲ့သို့ အဆုံးစွန်သော ရောင်ဝါတစ်ခု နိုးထလာခဲ့သည်။

ပြင်းထန်သော ရောင်ဝါများ တဟုန်ထိုး ရိုက်ခတ်ထကြွလာသည်နှင့်အမျှ ၊ ကောင်းကင်နှင့် မြေကြီးသည် ကမောက်ကမ ပြောင်းလဲနေပြီး ရွှေရောင်လှိုင်းတံပိုးများ ရိုက်ခတ်လာခဲ့သည်။

ရွှေရောင်လှိုင်းတံပိုးများကြား စိမ်းလန်းစိုပြေသော အထိအတွေ့ရှိသည့် ကြာပန်းတစ်ပွင့် ထွက်ပေါ်လာခဲ့ပြီး ၊ ၎င်း၏ ပတ်ပတ်လည်တွင် ပရမ်းပတာ စွမ်းအင်များဖြင့် ဝန်းရံထားသည်။

ဤကမ္ဘာကြီးထဲသို့ အပြီးတိုင် မွေးဖွားလာသကဲ့သို့ အသတ်ဓာတ်တို့သည် အားမာန်အပြည့်ဖြင့် တတ်ကြွနေသည်။ အထူးသဖြင့် ညင်သာစွာ ယိမ်းနွဲ့နေသော ကြာပန်းစိမ်းတွင် ကောင်းကင်ကိုတောင် ဖျက်စီးပစ်နိုင်သည့် အစွမ်းသတ္တိများ ရှိပေသည်။

ရှေးဟောင်းသူတော်စင် ကိုယ်ထည် ၊ ပရမ်းပတာ ကြာပန်းစိမ်းရဲ့ ရူပါရုံ !

" အိုင်း ၊ ဟောက်ထျန်း အစ်ကို ကတော့ စင်ကို သူတစ်ယောက်တည်း သိမ်းသွားတော့မယ်"

ယဲ့လင်ထျန်း၏ သက်ပြင်းချသံကို နားထောင်ရင်း စူးချန်ကဲတစ်ယောက် မနေနိုင်ဘဲ ပြုံးမိလိုက်သည်။

"စိတ်ချ "

" ခဏနေ မကောင်းဆိုးဝါး မျိုးနွယ်စုတွေနဲ့ တိုက်ပွဲဆင်နွဲတဲ့အခါကြရင် မင်းကို ဖျော်ဖြေနိုင်မယ့် အခွင့်အရေးတွေ အများကြီး ပေးမယ် "

အပိုင်း(၃၂၁): အားလုံးကို သတ်ပစ်မယ်

ကြောက်ခမန်းလိလိ ရောင်ဝါများနှင့်အတူ ၊

ဤနေရာတစ်ခုလုံးကို နှိပ်ကွပ်ကာ လေထုကို အေးခဲသွားစေပြီး ရွှယ့်ရှိုးလော့ မျိုးနွယ်ဝင်တိုင်း၏ နှလုံးကို ရပ်လုမတတ် ဖိနှိပ်ချုပ်ကိုင်ထားသည်။

"ဒါ ဘယ်လိုဖြစ်တာလဲ...?"

" သေးငယ်တဲ့လူသား တစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက်ထိ ကြောက်ဖို့ကောင်းတဲ့ ဖိနှိပ်စွမ်းအားတွေကို ပေါက်ကွဲနိုင်ရတာလဲ?"

ရွှယ့်ရှိုးလော့သားများ၏ ကြောက်ရွံ့မှုထက်စာရင် ရွှယ့်ရှိုးလော့ယဇ်နတ်ဆရာမှာ လုံးဝ ဖြူဖျော့သွားသည်။

သူသည် ရွှယ့်ရှိုးလော့ မျိုးနွယ်စုတွင် ဗဟုသုတ အကြွယ်ဝဆုံး သူတစ်ယောက်ဟု သတ်မှတ်ခံထားရသည်။ သူ့လိုလူတစ်ယောက်က ရှေးဟောင်းသူတော်စင် ကိုယ်ထည်အကြောင်း အဘယ့်ကြောင့် မသိမည်နည်း။

"သေစမ်း! ရှေးဟောင်းသူတော်စင် ကိုယ်ထည်က ဘာလို့ဒီမှာပေါ်လာတာလဲ?"

" ရှေးဟောင်းသူတော်စင် ကိုယ်ထည်က အနှစ်တစ်ထောင်အတွင်း တွေ့ဖို့ခက်ခဲတဲ့ အရာမဟုတ်လား?"

ထိတ်လန့်သွားသည့် တစ်ချိန်တည်းမှာပင် သူ၏ခြေလမ်းများမှာ နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်ခွာသွားသည်။။

"တွေ့ပြန်တော့လည်း တကယ့်ဟာနဲ့မှ တွေ့စရာလား?"

ဤကဲ့သို့သော သူတော်စင်ခန္ဓာကိုယ်၏ ရောင်ဝါသည် ရွှယ့်ရှိုးလော့ မျိုးနွယ်ဝင်များကို ကန့်သတ်ချုပ်နှောင်နိုင်သည် ဟု ဆိုနိုင်သည်။

၎င်းတို့သည် ကျုံယုံ(ငရဲကိုးထပ်)တွင် နှစ်ပေါင်းကြာရှည်စွာ နေထိုင်လာခဲ့သူများ ဖြစ်သောကြောင့် ၎င်းတို့၏ ခန္ဓာကိုယ်သည် ယင်ဓာတ်တို့၏ ကူးစက်ခံရသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ သူတော်စင် ကိုယ်ထည်သည် ယင်ဓာတ်များကို ချုပ်တည်းနိုင်ရန်အတွက် အထူးဒီဇိုင်း ထုတ်ထားခြင်း ဖြစ်သည်ဟုဆိုရမည်။

သို့ဖြစ်၍ သူတို့အနေဖြင့် တဖက်လူ၏ သူတော်စင်ကိုယ်ထည် ကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းမရှိဟု ဆိုရပေတော့မည်။

" အတုလားအစစ်လား ဘယ်သူသိမလဲ! ငါ မင်းကို တစ်ချက်တည်းနဲ့ ထိုးသတ်ပြမယ်! “

မူလက စိန်ခေါ်ရန်အသင့်စောင့်နေသော ထိုရွှယ့်ရှိုးလော့သားသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူ့ကိုယ်ပေါ်ရှိ အစင်းကြောင်းများသည် တဖြည်းဖြည်း တောက်ပလာပြီး နောက်ဆုံးတွင် တစ်ကိုယ်လုံး နီမြန်းသွားခဲ့သည်။

သူ၏ နောက်တွင် သွေးများဖြင့် ရေချိုးထားသော ရှိုးလော့နှင့်တူသော ကြီးမားသော ပုံသဏ္ဍာန်တစ်ခု ထွက်ပေါ်လာခဲ့သည်။

၎င်း၏အသွင်သဏ္ဍာန်မှာ အလွန်ကို ကြောက်စရာကောင်းပေသည်။

ထို့နောက် ပြင်းထန်သော သွေးချီစွမ်းအားများသည် သူ၏ လက်ချောင်းထိပ်များပေါ်တွင် ရစ်ပတ်ဝန်းရံလို့ထားသည်။

ထို့နောက် လက်ငါးချောင်းကို ဆုပ်ကာ လက်သီးအဖြစ် ပြောင်းလဲပြီး လီဟောက်ထျန်းအား တိုက်ရိုက် ထိုးနှက်လိုက်သည်။

ဝေါင်း!!

တစ်ချိန်တည်းမှာပင် ၊ သူ့နောက်တွင် ရှိနေခဲ့သော ရှိုးလော့ရုပ်သွင်ကြီးသည်လည်း သူ၏ လက်သီးဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်လာခဲ့သည်။

မည်သည့်မှော်အတတ်မှ မပါဝင်သော်လည်း ၊ သို့သော် ဤလက်သီးသည် ကောင်းကင်နှင့် မြေကြီးကို ချိုးဖျက်ကာ စကြဝဠာကိုပင် ဖျက်ဆီးနိုင်စွမ်းရှိပုံရသည်။

ဤသည်မှာ ရွှယ့်ရှိုးလော့မျိုးနွယ်ဝင်များ၏ ကြောက်စရာကောင်းသော ကာယ စွမ်းအားပင် ဖြစ်သည်။

ရွှယ့်ရှိုးလော့မျိုးနွယ်ဝင်များသည် ၎င်း၏ တိုက်ခိုက်မှုကို မြင်တော့ ၊

ဝမ်းသာအားရ ကျေနပ်နေကြသည်။

"ဟားဟား၊ ဒါက အပြင်းထန်ဆုံး လက်သီး ထိုးနှက်ချက်ပဲ၊ ငါ့အထင်တော့ တစ်ချက်တည်းနဲ့ အဲကောင်လေးကို ရိုက်သတ်နိုင်လိမ့်မယ်!"

"အဲ့ကောင်လေးကို တစ်ချက်တည်းနဲ့ ရိုက်သတ်မယ်? ငါ့အထင်တော့ အဲကောင်လေးတင်မကဘူး သူနောက်က လူတသိုက်ကိုပါ သတ်ပစ်နိုင်လိမ့်မယ်!"

“......”

ရွှယ့်ရှိုးလော့မျိုးနွယ်ဝင်များသည် ထင်ကြေးမျိုးစုံဖြင့် လှောင်ပြောင်ရယ်မောနေကြသည်။

တဖက်လူက ပြင်းထန်‌တဲ့ ဖိနှိပ်စွမ်းအားကို ထုတ်လွှတ်ပြသနိုင်ရင်တောင် ဘာဖြစ်လဲ!

ဒေဝလောကမှာ ရှိတဲ့ မျိုးနွယ်စုတွေကြား အပျော့ညံ့ဆုံး ခန္ဓာကိုယ်ရှိတဲ့ လူသားတစ်ယောက်က သူတို့ကို ယှဉ်နိုင်မတဲ့လား?

သူတို့၏ ခန္ဓာကိုယ်များသည် ဒေဝလောကတစ်ခုလုံးတွင် အကောင်းဆုံး ဖြစ်သည်ဟု အဆင့်သတ်မှတ်ခံရနိုင်သည်။

သို့သော်လည်း လီဟောက်ထျန်းသည် နည်းနည်းမှ ဂရုမစိုက်ပေ။

သူ့လက်သီးဖြင့် ပေါ့ပေါ့ပါးပါး ထိုးနှက်လိုက်သည်။

ဝုန်း!!

ကြီးကျယ်ခမ်းနားသော စွမ်းအားများ၏ ကောင်းချီးပေးမှုအောက်တွင် ၊ မူလက ဝေဟင်ပေါ်တွင် ပွင့်လန်းနေခဲ့သော ကြာပန်းစိမ်းသည် တောက်ပသော နတ်အလင်းရောင်များဖြင့် ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။

တလိပ်လိပ် ရိုက်ခတ်နေသော ရွှေရောင်ခြည် အလင်းတန်းများ၏ ဆောင်ကျဉ်းမှုအောက်တွင် လီဟောက်ထျန်း၏ လက်သီးမှာ ဝင်ရောက်လာခဲ့သည်။

ရိုးရှင်းသော ထိုးနှက်ချက်တစ်ခု ဖြစ်သော်လည်း သို့သော် ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်စီးဖို့ထိ လုံလောက်ပေသည်။ ကြီးမားကျယ်ပြန့်သော လက်သီးအလင်းသည် အရာအားလုံးကို ‌အမှုန့်အဖြစ် ချေမှုန်းနိုင်စွမ်းရှိပုံပေါ်သည်။

ဘုန်း!

နောက်အခိုက်အတန့်တွင် ၊ နှစ်ဖက်လုံး၏ လက်သီးများ အားပြိုင်ခဲ့ကြသည်။

ကြီးမားသော မုန်တိုင်းဂယက် ဖြစ်ပေါ်စေခဲ့ပြီး၊ကောင်းကင်ပေါ်သို့ ဆန်တတ်သွားသော လက်သီးအလင်းသည် စကြဝဠာတစ်ခုလုံးကို ထိန်လင်းသွားစေသည်။

သွေးမြူမှုန်များဖြင့် ပြည့်နှက်နေသော ဤ ဧရိယာကြီးကိုပင် တိုက်ရိုက် ရှင်းလင်းပစ်ခဲ့ပြီး၊မူလပတ်ဝန်းကျင် မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့စေနိုင်ခဲ့သည်။

ဤရုပ်ခန္ဓာသည် အလွန်ပင် စွမ်းအားကြီးမားပြီး၊ ရွှယ့်ရှိုးလော့မျိုးနွယ်ဝင် သူတော်စင်ဧကရာဇ်တစ်ပါးနှင့်ပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည်။

လီဟောက်ထျန်း၏ တိုက်ခိုက်မှုအောက်တွင်၊ အရာအားလုံး အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားခဲ့ပြီး သွေးအမှုန်အမွှားများ အဖြစ်သို့ ပြောင်းလဲခဲ့ရကာ အသားစများ တစ်ခုပြီးတစ်ခု ကြွေကျလာခဲ့သည်။

ဤမြင်ကွင်းသည် ထိတ်လန့်စရာကောင်းပြီး လူတိုင်းကို ‌မှင်သတ်သွားစေသည်။

"ဒါ... တကယ်ကြီးလား? အဲ့လီဟောက်ထျန်းက ရွှယ့်ရှိုးလော့မျိုးနွယ်ဝင်ကို တစ်ချက်တည်းနဲ့ ထိုးသတ်လိုက်တယ်ပေါ့?"

"အိုင်း....တကယ့်ကို လူ့ဘီဘူးနယ်မြေပဲ ! စူးချန်ကဲတင် လူ့ဘီဘူးမဟုတ်ဘူး သူ့လူတွေကစ လူ့ဘီလူးတွေပါလား!"

ယောင်ချီ သူတော်စင်နယ်မြေက လူတိုင်း တအံ့တဩ ဖြစ်ခဲ့ရသည်။

သူတို့၏ အမြင်တွင် ၊ စူးချန်ကဲ ကဲ့သို့သော အနှိုင်းမဲ့ပါရမီရှင် တစ်ယောက်ကသာလျှင် ဤကြောက်စရာကောင်းသော သန်မာသူများကို အနိုင်ယူနိုင်လိမ့်မည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!?"

သို့သော် တုံ့ပြန်လာခဲ့ကြသော ရွှယ့်ရှိုးလော့ မျိုးနွယ်ဝင်များမှာ ထိတ်လန့်နေကြဆဲပင် ဖြစ်သည်။

မယုံကြည်နိုင်စွာဖြင့် ကြောင်အမ်းလို့နေသည်။

ရွှယ့်ရှိုးလော့မျိုးနွယ်ဝင်တိုင်း အလွန်သန်မာသော ခန္ဓာကိုယ်ရှိသည်။သို့သော် လူသားတစ်ယောက်၏ ပေါ့ပေါးပါးပါး ထိုးနှက်ချက်က သူတို့ ရွှယ့်ရှိုးလော့မျိုးနွယ်စုရဲ့ ထိပ်တန်း အရည်အချင်းရှိသူတစ်ယောက်ကို သတ်ပစ်နိုင်သတဲ့လား?

ဤမျှကြောက်စရာကောင်းသော လူ့ဘီလူးကောင်သည် ထိုဝတ်ရုံဖြူ မျက်နှာဖြူကောင်၏ လက်အောက်ငယ်သားဆိုတာကို သိထားရမည်။

လူအုပ်ကြီး၏ရှေ့တွင် ရပ်နေသော ဤဝတ်ရုံဖြူ ပုဂ္ဂိုလ်သည် မည်မျှတောင် တန်ခိုးကြီးမားလိုက်မည်နည်း။

လူ့ဘီလူးတွေကြားထဲက လူ့ဘီလူး?

သူတို့အနေဖြင့် ဆက်လက်ပြီး မမှန်းဆဝံ့‌တော့ပေ။

ကျုံယုံ(ငရဲကိုးထပ်)တွင် နှစ်အတော်ကြာအောင် နေထိုင်ခဲ့ပြီးနောက်တွင် ယခုလို အဆုံးသတ်မျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

" ယဇ်နတ်ဆရာ...ဘာလုပ်ကြမလဲ"

ရွှယ့်ရှိုးလော့ မျိုးနွယ်စုသည် ဤရုတ်တရက်အခြေအနေကို ရင်ဆိုင်လိုက်ရချိန်တွင် အနည်းငယ် ကြောက်ရွံ့သွားခဲ့သည်။

စူးချန်ကဲသည် အပြုံးမပျက် ကြည့်နေလေရာ ယင်းက သူတို့ကို ပို၍ ထိတ်လန့်သွားစေသည်။

သူ၏ လက်အောက်ငယ်သားသည် ရှေးဟောင်းသူတော်စင် ကိုယ်ထည်ပိုင်ရှင်တစ်ဦး ဖြစ်သည်။ ထို့ကြောင့် သူကိုယ်တိုင်လည်း သူတော်စင် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်မှာ သေချာပေါက်ပင်။

သူတို့ အဘယ်နည်းဖြင့် အနိုင်တိုက်နိုင်မည်နည်း။

အသက်နဲ့ရင်းပြီးတိုက်ရင်တောင် နိုင်လိမ့်မည်မဟုတ်။

"အရူးတွေ ၊ ပြေးကြဟေ့!"

ယဇ်နတ်ဆရာသည် ထိတ်လန့်တကြား အော်လိုက်သည်။

သူကိုယ်တိုင် ထိပ်ဆုံးက ထွက်ပြေးလေ၏။

မိမိတို့၏ ယဇ်နတ်ဆရာကိုယ်တိုင်က ထွက်ပြေးသွားသည်ကို မြင်လိုက်ရသဖြင့်၊ ရွှယ့်ရှိုးလော့ မျိုးနွယ်ဝင်တိုင်း ရှုံးနိမ့်သွားသော တပ်ဖွဲ့ကြီးကဲ့သို့ ကပျာကယာ ထွက်ပြေးလေတော့သည်။

"မင်းတို့ လွတ်မြောက်နိုင်မတဲ့လား?"

ဘေးကနေ ရပ်ကြည့်နေသော စူးချန်ကဲသည် အေးစက်စွာဖြင့် ရယ်မောလိုက်သည်။

သူသည် လက်တချက် ဝှေ့ယမ်းလိုက်သည်။

လေဟာပြင် ကွက်လပ်ထဲတွင် ဓားစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော တားမြစ်အစီအရင်တစ်ခု ပေါ်လာခဲ့သည်။

၎င်းသည် လမ်းကြောင်းအားလုံးကို အပြည့်အ၀ ပိတ်ဆို့ပစ်ခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်များသည် အချင်းချင်း ပဲ့တင်ထပ်လျက် ၊ ဓားမှော်သင်္ကေတများသည် ဤနေရာကို ကန့်သတ်ဓားစွမ်းအင် ဧရိယာတစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့သည်။

ရွှယ့်ရှိုးလော့မျိုးနွယ်ဝင်များ မည်မျှပင် ခုခံတိုက်ခိုက်ပါစေ ဖောက်ထွင်းနိုင်စွမ်းမရှိခဲ့ချေ။

"ဒါ ဘယ်လိုလုပ်ပြီးလဲ?"

ဤရွှယ့်ရှိုးလော့ မျိုးနွယ်ဝင်တိုင်း ယခင်လို မောက်မာခြင်း မရှိနိုင်တော့ချေ။ထို့အပြင် ၎င်းတို့၏ အသားအရေများမှာ နီမြန်းခြင်းမရှိတော့ဘဲ ၊

​ယင်းအစား ကြောက်လန့်မှုတို့ဖြင့် ‌အသားအ‌ရေတို့မှာ ဖြူဖျော့နေလေ၏။

သူတို့သည် ဤကျုံယုံ(ငရဲကိုးထပ်) လောကတွင် မုဆိုးများအဖြစ် အဓိကနေရာက ပါဝင်ခဲ့ကြသည် ။

ဤသွေးမြူမှုန်ကမ္ဘာကြီးသည် သူတို့၏ မွေးရပ်မြေ ဖြစ်ရုံသာမက လူသားမျိုးနွယ်၏ ထိပ်တန်းပါရမီရှင်များသည်လည်း သူတို့၏ သားကောင်များ ဖြစ်ခဲ့ရသည်။

ယခုမူကား ၎င်းတို့သည် ရှုံးနိမ့်ရုံသာမကဘဲ မလွတ်မြောက်နိုင်သည့် အပြင် အခြားသူများ၏ အမဲလိုက်ခြင်းကို ခံနေရလေပြီ ။

" ဟောက်ထျန်း နောက်ဟာကိုတော့ ငါပဲ ကိုင်တွယ်လိုက်မယ် "

စူးချန်ကဲက အေးဆေးတည်ငြိမ်စွာ ဆိုလိုက်သည်။

"ခဏနေ တိုက်ပွဲအကြီးကြီး လာတော့မယ်၊မင်း အားအပြည့်ဖြည့်ထားလိုက်ဦး"

"ဟုတ် "

လီဟောက်ထျန်းသည် လက်နှစ်ဖက်ကို သွယ်လျှက်ကာ နောက်သို့ ဆုတ်ခွာသွားခဲ့သည်။

စူးချန်ကဲသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

ဝုန်း!!

တစ်ချိန်တည်းမှာပင် အလွန်မြင့်မားသော ကြီးကျယ်ခမ်းနားသော အရှိန်အဝါသည် ဤနေရာတစ်ခုလုံးကို ချက်ချင်းလက်ငင်း လွှမ်းခြုံသွားခဲ့သည်။

မွေးရာပါ သူတော်စင်တာအို သန္ဓေသား နိုးထလာသည်နှင့် သူ့ခန္ဓာကိုယ်ထဲက ရှေးကောင်းကင်ဘုံ အာဏာရှင် နတ်ဘုရားကိုယ်ထည်၏ အသွေးအသားတို့သည် ကြောက်ခမန်းလိလိ ပွက်ပွက်ဆူလာသည်။

ကောင်းကင်ထက်တွင် ကမ္ဘာကြီး၏ စွမ်းအားများ တစ်ခုပြီး တစ်ခု စုဝေးလာခဲ့ပုံရသည်။

ယင်းစွမ်းအားများသည် ဤကမ္ဘာကြီး၏ ခံနိုင်ရည်စွမ်းအားထက် အတော်လေး အားကောင်းလွန်းပေသည်။

ရွှယ့်ရှိုးလော့မျိုးနွယ်ဝင်များအတွက် စကြဝဠာအစုအဝေးများသည် မိမိတို့ကို ညှဉ်းဆဲရန် ရောက်ရှိလာသကဲ့သို့ ခံစားရသည်။

ထိုစွမ်းအား၏ ရှေ့မှောက်တွင် အားကိုးရာမဲ့ ဖြစ်ရသည်။

" ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...?!"

ရွှယ့်ရှိုးလော့ ယဇ်နတ်ဆရာကြီး၏ ထိတ်လန့်တကြား အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"အဲဒီစစ်ပွဲကြီးပြီးကတည်းက ၊ ပြင်ပကမ္ဘာမှာ ဒီလို လူ့ဘီလူးတစ်ကောင် ဘယ်လိုလုပ် မွေးဖွားလာနိုင်မှာလဲ?"

"ဒါ လောကနိယာမတရားကို ဆန့်ကျင်နေတာပဲ!"

ဤယဇ်နတ်ဆရာသည်လည်း အချို့သောလျှို့ဝှက်ချက်များကို သိထားသည်မှာ ထင်ရှားပေသည်။

ယခုတွင် စူးချန်ကဲ၏ ကြောက်ခမန်းလိလိ စွမ်းအားသည် သူ့အသိဥာဏ်ထက်ကို ကျော်လွန်သွားခဲ့ပြီပင်။

သူတို့ စိတ်နှလုံးသားထဲက စိတ်ပျက်အားငယ်မှုနှင့် စွမ်းအားမဲ့မှုတို့ကို ခံစားနိုင်သည်။

" သွားပြီ ၊ ဒီနေ့ အဆုံးသတ်ပြီ ငါ ဒီလိုလူ့ဘီလူးတစ်ကောင်ကို စော်ကားမိခဲ့တာ ၊ ရွှယ့်ရှိုးလော့မျိုးနွယ်က အရည်အချင်းရှိသူတွေ အကုန်ပေါင်းရင်တောင် သူ့ရဲ့ ရန်သူ မဖြစ်နိုင်ဘူး"

ယဇ်နတ်ဆရာကြီးမှာ စိတ်ပျက်အားငယ်သွားသည် ။

သို့သော် သူသည် အသနားခံခြင်း မရှိခဲ့ပေ။

စူးချန်ကဲသည် သူတို့ကို ချမ်းသာခွင့် ပေးမည်မဟုတ်ကြောင်းကို သူ သိသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်တွင် စုဝေးဖြစ်တည်လာခဲ့သော စွမ်းအားတို့သည် အရာအားလုံးကို နှိပ်ကွပ်ရန် ဆင်းသက်လာခဲ့‌သည်။

ဝုန်း!

သွေးအန်သံ!

နောက်အခိုက်အတန့်တွင်မူ ၊ ရွှယ့်ရှိုးလော့ မျိုးနွယ်ဝင်များ အားလုံး ထိုစွမ်းအားကို ခုခံနိုင်စွမ်းမရှိခဲ့ဘဲ တစ်စစီ ဖောက်ခွဲခံလိုက်ရသည်။

အသွေးမှ အသားတုံးများအဖြစ် ပြောင်းလဲခံလိုက်ရပြီး ၊ ဤကြီးကျယ်ခမ်းနားသော စွမ်းအားသည် အရာအားလုံးကို လုံးလုံးလျားလျား သုတ်သင်ပစ်ခဲ့လေပြီ။

All Chapters