← Chapters

အခန်း (၃၃၁-၃၃၅)

Vol. 24 Ch. 331-335

အခန်း (၃၃၁-၃၃၅)

Vol. 24 Ch. 331-335

အပိုင်း(၃၃၁): ပြင်းထန်သော တိုက်ပွဲ

ကောင်းကင်ထက်တွင် ဓားစွမ်းအင်များ တုန်လှုပ်မြည်ဟည်းနေသည်။

ဓားစွမ်းအင်သည် ဓားများကို တစ်လက်ပြီး တစ်လက် ပေါင်းစပ်ဖွဲ့စည်းသွားပြီး ၊ ၎င်းတို့သည် ရွှေဝါရောင် နဂါးအလား ဟောက်နေကြသည်။

တစ်ချိန်တည်းမှာပင် ဓားအလင်းများသည် ကွက်လပ်ကို ထိုးဖောက်ဝင်ရောက်ကာ တစ္ဆေစစ်သူကြီး ခုနစ်ဦးနှင့် မဟာ ယာမ ကိုးဦးတို့၏ တည်နေရာဆီသို့ မိုးရွာသလို ကျဆင်းလာသည်။

စစ်မြေပြင်ရှိ မရေမတွက်နိုင်သော လူများသည် ကောင်းကင်ကြီးကို မော့ကြည့်ကာ ထိတ်လန့်ကုန်ကြသည်။

ဤဓားစွမ်းအင်များသည် သူတို့အတွက် ကြီးမားသော ဖိနှိပ်မှုတစ်ခု ဖြစ်လာမည်ကို ကြောက်ရွံ့မိသည်။

ထို့အပြင် စူးချန်ကဲ၏ ဆင့်ခေါ်မှုအောက်တွင် ၊ ၎င်းတို့သည် သည်းကြီးမည်းကြီး ရွာချလာသော မိုးရေများကဲ့သို့ သိပ်သည်းစွာ ကျဆင်းလာ‌ကြသည်။

“မြန်မြန် ၊ ခံစစ်ပုံစံ ဖွဲ့စည်း!”

နှစ်ဖက်အဖွဲ့၏ ခေါင်းဆောင်နှစ်ဦးက ဟောက်လိုက်သည် ။စူးချန်ကဲသည် သူတို့၏ ဖွဲ့စည်းပုံကို တိုက်ရိုက်ချိုးဖျက်ရန် ကြံစည်နေသည်ကို အဘယ်ကြောင့် မသိရှိမည်နည်း။

ဝုန်း!

ထိုအချိန်တွင် ၊ ၎င်းတို့၏ ခန္ဓာကိုယ်မှ ခရမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။ ပြင်းထန်သော ခရမ်းရောင်အလင်းတန်းများထဲတွင် ထူးဆန်းပြီး အေးစက်သော အနက်ရောင် ရောင်ဝါများလည်း ရှိနေသေးသည်။

တစ်ချိန်တည်းမှာပင် ၊ သူတို့နောက်တွင် တစ္ဆေ ဘုရင်ကဲ့သို့ အားကောင်းသော တစ္စေပုံရိပ်များ ရှိနေခဲ့သည်။

ထို့နောက် သူတို့သည် လက်သင်္ကေတ တစ်ခုကို ပုံဖော်လိုက်သည်နှင့် တပြိုင်နက် ကွက်လပ်အထက်တွင် အလွန် ကြီးမားသော အနက်ရောင် ရောင်ခြည်စက်ဝန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

၎င်းသည် အတိုင်းအဆမရှိ ကျယ်ပြန့်လာပြီး ၊

ဧရိယာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

၎င်းသည် ကောင်းကင်ပြင်တွင် ရှိနေသော ထိုသိပ်သည်းလှသော ဓားအလင်းတန်းရှေ့တွင် ပိတ်ဆို့ထားသည်။

သို့သော် စူးချန်ကဲသည် ၎င်းကို ဂရုမစိုက်သော အမူအရာဖြင့် ကြည့်ကာ ပြုံးလိုက်သည်။

“ငါ့တိုက်ခိုက်မှုကို ရပ်တန့်ချင်တယ်ပေါ့?”

သူ့လက်ထဲမှ ဓားကို တစ်ဖန် ဝှေ့ယမ်းလိုက်ပြီး ဓားဖြင့် ခုတ်ချလိုက်သည်။

ရွှမ်း ! ! !

ဓားစွမ်းအင်သည် ကောင်းကင်သို့ တဟုန်ထိုး မြင့်တက်သွားပြီး ဟင်းလင်းပြင် ကွက်လပ်ကို ဖျက်ဆီးပစ်လိုက်သည်။

ဓားမြစ်တစ်စင်းသဖွယ် တောက်ပသော ဓားအလင်းတို့သည် ကောင်းကင်ယံမှ တိုက်ရိုက် ကျဆင်းလာခဲ့သည်။

ပြင်းထန်သော ဓားစွမ်းအင်များ၏ ဟောက်သံနှင့်အတူ လရောင်ဖြာကျလာသည့်အတိုင်း အဆုံးတွင် ကောင်းကင်တစ်ခုလုံးကို‌ လွှမ်းခြုံသွားလေသည်။

တစ္စေစစ်သူကြီး ခုနစ်ဦး နှင့် မဟာယာမ ကိုးဦး တို့မှာ သတိလက်မလွတ်ဝံ့ပေ။

သူတို့သည် လက်သင်္ကေတ မှော်အစီအရင်ကို ပို၍ အားထည့်လိုက်ကြသည်။ ဤလှုပ်ရှားမှုသည် အနက်ရောင် ရောင်ခြည်စက်ကွင်းကို ပိုမို ကြီးမားလာစေပြီး အအေးဓာတ်နှင့် အမှောင်ဓာတ်များ ပို၍ ပြင်းထန်လာသည်။

တစ္ဆေစွမ်းအင်များ စုဝေးလာပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် မိုးခြိမ်းသံညံလျက် ကမ္ဘာပျက်နေ့သဖွယ် ကောင်းကင်ကြီး၏ အရောင်တို့သည် ပြောင်းလဲသွားခဲ့သည်။

“သတ်!”

ခေါင်းဆောင် နှစ်ယောက်သည် တညီတညွတ်တည်း အော်ပြောလိုက်သည်။

တခဏချင်းမှာပင် ၊ အဆုံးမရှိ ကျယ်ပြန့်သော အနက်ရောင် ရောင်ခြည်စက်ကွင်းထဲမှ အနက် နှင့် အနီ ရောင်စဉ် အလင်းတန်းများ ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး စူးချန်ကဲ၏ ဓားနှင့် ဝင်တိုက်ခဲ့လေသည်။

ဘုန်း!

သို့သော် စူးချန်ကဲ၏ ဓားသည် အဆုံးမရှိသော နတ်တန်ခိုးစွမ်းအင်ကို ဆောင်ကျဉ်းထားသကဲ့သို့ တဖက်လူ၏ အဖျက်စွမ်းအား ရောင်ခြည်စက်ကွင်းကို ခွဲကာ အလယ်သို့ ထိုးဖောက်ဝင်ရောက်သွားသည်။

……

တခြားတစ်ဖက်တွင်။

လီဟောက်ထျန်း နှင့် လုံဟောက် တို့၏ တိုက်ပွဲသည်လည်း အရှိန်ပြင်းထန်လာသည်။

“ စူးချန်ကဲကို ကူညီချင်လို့လား?”

လုံဟောက်က လှောင်ပြောင်လိုက်သည် ။

“ ဆုတောင်းလေ!”

“ နတ်ဘုရားနဂါး ဆင်းသက်ခြင်း!”

လုံဟောက်၏ ကျယ်လောင်သော အော်သံနှင့်အတူ ၊ သူသည် ဝေဟင်ပေါ်သို့ ဆန်တတ်သွားကာ ကြွယ်ဝသော ရွှေရောင် နဂါးစွမ်းအင်တို့သည် သူ့ကို ရစ်ဝဲထားသည်။

ရွှေရောင် ဝတ်လုံသည် လေနှင့်အတူ တဖျပ်ဖျပ် ခတ်လျက် ၊ သူ၏ရုပ်သွင်ကို ပို၍ ခမ်းနားသွားစေသည်။

တစ်ချိန်တည်းမှာပင် နဂါးစွမ်းအင်များ တဟုန်ထိုး တိုးလာသည်နှင့်အမျှ ၊ ဧရာမ ရွှေနဂါးတစ်ကောင်သည် သူ့နားတွင် တဝဲလည်လည် ရှိနေပြီး အဆုံးတွင် သူ၏ လက်သီးဖြင့် ထိုးနှက်ခဲ့သည်။

ဝေါင်း! ! !

လက်သီးကို ရစ်ဝဲထားသော ရွှေနဂါးသည် ရန်သူကို ဖြိုခွင်းရန်ပြေးဝင်လာသည်။

လီဟောက်ထျန်းသည် အေးစက်စွာ နှာမှုတ်လိုက်ပြီး အလားတူ လက်သီးဖြင့် ပြန်လည် ထိုးနှက်ခဲ့သည်။

ရွှေရောင် တလက်လက်ဖြင့် တောက်ပနေသော လက်သီးစွမ်းအားတွင် သူတော်စင် ခန္ဓာကိုယ်၏ အငွေ့အသက်များ စုဝေးနေသည်။ကောင်းကင်နှင့်မြေကြီးကြားတွင် လွှမ်းခြုံထားသော နိယာမစွမ်းအားများ ထွက်ပေါ်လာသည်။

ဘုန်း! !

နှစ်ဦးစလုံး၏ ထိုးနှက်မှုသည် အပြင်းအထန် တိုက်မိပြီး ကောင်းကင်တစ်ခွင်လုံး ရွှေရောင်သန်းသွားသည်။

ဝုန်း!

ထိုအချိန်တွင်၊ လုံဟောက်သည် ဆက်ပြီး တိုက်ခိုက်လာခဲ့သည်။ ကောင်းကင်နှင့်မြေကြီးကြားတွင် လှိမ့်ဟောက်နေသော နောက်ထပ် ရွှေနဂါးကြီးတစ်ကောင် ထွက်ပေါ်လာခဲ့သည်။

“အခုပဲ!”

လုံဟောက်သည် သူ၏ လက်နှစ်ဖက်ဖြင့် မှော်စွမ်းအင်လုံးကို စုစည်းလိုက်ကာ ကောင်းကင်ပေါ်သို့ တိုက်ရိုက် ပစ်လိုက်သည်။

ရုတ်တရက် မြေကြီးကွဲအက်သံများကို ကြားလိုက်ရသည်။ တောက်ပသော နဂါးကြေးခွံများ နှင့် ပေထောင်ချီရှည်လျားသော ရွှေရောင်ခြေသည်း ငါးချောင်းရှိသည့် နဂါးကြီးသည် လုံဟောက်၏ အနီးတဝိုက်တွင် လှည့်ပတ်နေသည်။

သူ၏ ခေါင်းကို အပေါ်သို့ မြှောက်တင်ထားသည်မှာ ဤကမ္ဘာပေါ်ရှိ အရာအားလုံးကို လျစ်လျူရူကာ အလွန် ကြီးစိုးနိုင်သော ဖိနှိပ်စွမ်းအားများနှင့် ပြည့်နှက်နေသလိုပင်။

လုံဟောက်သည် သူ့လက်ဝါးကို ဆန့်ထုတ်လိုက်သည်နှင့် ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါသွားသည်။

ဝေါင်း!

တစ်ချိန်တည်းမှာပင်၊ သူ့ပတ်ဝန်းကျင်ရှိ နဂါးကြီးသည် ဟစ်ကြွေးလိုက်ပြီး လုံဟောက်၏ လှုပ်ရှားမှုနှင့်အတူ ၊ သူ၏ နဂါးခြေသည်းများကို မြှောက်တင်လိုက်သည်။

ထို့နောက် ဧရာမ နဂါးခြေသည်းများသည် လီဟောက်ထျန်းကို သတ်ရန် ပြေးဝင်လာသည်။

ကမ္ဘာပေါ်ရှိ အရာအားလုံးကို စုတ်ဖြဲပစ်နိုင်စွမ်း ရှိသော ဤရွှေလက်သည်းကြီး၏ ရှေ့တွင် လီဟောက်ထျန်းသည် အလွန်သေးငယ်နေပုံရသည်။

လီဟောက်ထျန်းသည် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ့မျက်နှာသည် အေးစက်နေပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်စွမ်းအားများက သူ့ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာကာ အဆုံးမရှိသော ဝိညာဉ်စွမ်းအားများက သူ့ကို ဝန်းရံထားသည်။

ကွက်လပ်ထဲတွင် ပြင်းထန်သော စွမ်းအားများ ပျံ့နှံ့ထွက်ပေါ်လာကာ အလွန် ကြီးမားကျယ်ပြန့်သော အဖြူအမည်း လမ်းစဉ်အဖြစ် ပြောင်းလဲခဲ့သည်။

ထာဝရ နိယာမတရားများ ပွင့်လန်းလာကာ အဖြူ နှင့် အမည်း ရောယှက်နေသည်မှာ ခမ်းနားထည်ဝါသော ကမ္ဘာကြီးအဖြစ် ဖန်ဆင်းပေးနေသည်။

ဤအရာထဲတွင် လောကရှိ ယင်နှင့်ယန်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် သက်ရှိအားလုံး၏ ပြန်လည်ဝင်စားခြင်း ဆိုင်ရာ အဓိပ္ပာယ်များ ပါဝင်နေပုံရသည်။

ဤသည်မှာ ရှေးဟောင်း သူတော်စင် ခန္ဓာကိုယ်၏ ရူပါရုံဖြစ်သည့် အသက်နှင့် သေခြင်းဆိုင်ရာ ယင် ယန် ပုံကားချပ် ဖြစ်သည်။

ဝုန်း!!

ကောင်းကင် တစ်ခုလုံး တုန်ခါနေပြီး ၊ ရွှေနဂါးကြီး၏ ခြေသည်းများ နှင့် အသက်နှင့် သေခြင်းဆိုင်ရာ ယင် ယန် ပုံကားချပ်တို့၏ တွေ့ဆုံမှုသည် ပတ်ဝန်းကျင်တစ်ခုလုံး ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ရသည်။

သို့သော် အသက်နှင့် သေခြင်းဆိုင်ရာ ယင် ယန် ပုံကားချပ်တို့၏ ပြင်းထန်သော စွမ်းအားအောက်တွင် ဧရာမ ရွှေနဂါးကြီးမှာ ဖြည်းဖြည်း ချင်း ဖျက်စီးခံခဲ့ရလေပြီ။

“ဝုန်း!”

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ၊ အဆုံးတွင် အစိတ်စိတ်အမြွှာမြွှာ အဖြစ် ပြောင်းလဲခံရကာ ပျောက်ကွယ်သွားတော့သည်။

“သွေးအန်သံ.....”

ပြင်းထန်သော တုံ့ပြန်မှုသည် လုံဟောက်၏ ခြေလှမ်းများကို နောက်ပြန်ဆုတ်သွားစေပြီး ပါးစပ်ထဲမှ သွေးများ အန်ထွက်လာခဲ့သည်။

“ ချီးပဲ ! ကွေးယွမ် မှာ ဘယ်လိုဖြစ်ပြီး ဒီလောက် အစွမ်းထက်တဲ့ လူ့ဘီလူးတွေ ရှိနေတာတုန်း!”

လုံဟောက်သည် ဤဖြစ်ရပ်အပေါ် လုံးဝ လက်မခံနိုင်ချေ။

……..

ထိုတိုက်ပွဲ၏ တခြားတစ်ဖက်တွင် ၊

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများ ပေါက်ကွဲကုန်ကြသည်။

ဖီးနစ်မီးလျှံများသည် အားကြီးသော စွမ်းအားတစ်ခု၏ ဖျက်စီးခြင်းကို ခံခဲ့ရပြီး မီးပွားများအဖြစ်သို့ ကောင်းကင်ယံမှ ကြွေကျလေသည်။

“ ယောင်ချီ သူတော်စင်နယ်မြေရဲ့ နတ်ဘုရားမ တစ်ယောက်အနေနဲ့ စူးချန်ကဲနဲ့ လက်တွဲလုပ်ဆောင်နေတာ နင့်ဂုဏ်သိက္ခာ ဘယ်မှာလဲ!?”

ဖုန်းမုရှင်းသည် ဤစကားများကို ပြောနေစဉ်အတွင်း သူမ၏ လက်များသည် ဆက်တိုက် လှုပ်ရှားနေပြီး မှော်အစီအရင် တစ်ခုကို လုပ်ဆောင်လိုက်သည်။ သူမ၏ မျက်လုံးထဲတွင် ဖီးနစ်မီးလျှံများက တဟုန်းဟုန်း တောက်လောင်နေကာ သူမလက်ကို မြှောက်လိုက်သည်နှင့် ဖီးနစ်တစ်ကောင် ဝင်ရောက်လာခဲ့သည်။

“ရယ်စရာ ကောင်းလိုက်တာ နင်လည်း မြေအောက်ကမ္ဘာ၊ ငရဲနန်းတော်တို့နဲ့ ပူးပေါင်းနေတာ မဟုတ်လား ၊ ငါ့ကို ပြောရအောင် နင်က တန်လို့လား?”

အရာအားလုံးကို ဖျက်စီးနိုင်ပုံရသော ပရမ်းပတာ စွမ်းအင်များသည် လော့ရန်ယွီ၏ ခန္ဓာကိုယ်ပေါ်တွင် တောက်လောင်လျက် ရှိသည်။

ဝုန်း!

လော့ရန်ယွီသည် သူမ၏ လက်ဝါးဖြင့် တဖက်လူကို ထိုးနှက်လိုက်သည်။ ပြင်းထန်သော ပရမ်းပတာ စွမ်းအင်များသည် လေဟာပြင်ကို ထိုးဖောက်၍ မုန်တိုင်းထန်သော လှိုင်းလုံးကြီးများ သဖွယ် လွန်စွာ အားကောင်းသော စွမ်းအားများကို ဆောင်ကျဉ်းလျက် ဖုန်းမုရှင်း၏ နေရာဆီသို့ ကျရောက်စေခဲ့သည်။

ရုတ်တရက် ဟင်းလင်ပြင်အလွှာများ တသိမ့်သိမ့် တုန်ခါသွားပြီး မမြင်နိုင်သော မုန်တိုင်းတစ်ခု လှုပ်ခတ်သွားသကဲ့သို့ ပြင်းထန်သော အင်အားတစ်ခု ဝင်ရောက်လာကာ မြေကြီးများ အက်ကွဲသွားသည်။

ကျွီ.....

တစ်ချိန်တည်းမှာပင်၊ ဖီးနစ်တစ်ကောင်၏ ဟစ်ကြွေးသံနှင့်အတူ ဖီးနစ်မီးတောက်ကြီးသည် အောက်သို့ ပြုတ်ကျလာခဲ့သည်။

ဖုန်းမုရှင်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီး သွေးများအန်လျက် အသက်ရှုသံမှာ နှေးကွေးလာသည်။

“ဒါက ဟွိုင့်တွိုင့်ခန္ဓာကိုယ်ဆိုတာလား...”

“ငါ့မှာလည်း သူတော်စင် ခန္ဓာကိုယ်ရှိရင် ..ခုလို ဖြစ်စရာလား!?”

ဖုန်းမုရှင်း ခံပြင်းနေစဉ် ၊ မိုးပေါ်မှ အသံတစ်ခု ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။

“ အလစ် တိုက်တယ်!”

ဖုန်းမုရှင်းသည် ကြောက်လန့်တကြား လှည့်ကြည့်လိုက်သောအခါတွင် ယုံမင်ဖီးနစ်သည် သူမနှင့် နီးကပ်လို့လာခဲ့ပြီ ဖြစ်သည်။

သူမအနေဖြင့် ရှောင်လွှဲရန် နည်းလမ်းမရှိခဲ့ပေ။

…….

ဝုန်း !

စူးချန်ကဲဘက်မှ ကျယ်လောင်သံ တစ်ခု ထွက်ပေါ်လာသည်။

သူတော်စင် ခန္ဓာကိုယ်၏ အဆုံးမဲ့ ရောင်ခြည်ကို ဆောင်ကျဉ်းထားသော ဓားအလင်းသည် အာကာသကို ထက်ဝက်ပိုင်းဖြတ်တော့မည့်အတိုင်း ကျရောက်လာသည်။

ဤမြင်ကွင်းသည် အတော်လေး တုန်လှုပ်စရာ ကောင်းပေသည်။

အပိုင်း(၃၃၂):ဒဏ္ဍာရီ ဆုံးပြီလား?

ဘုန်း!

တစ်ချိန်တည်းမှာပင် ကြောက်ခမန်းလိလိ ဓားစွမ်းအင်လှိုင်းများသည် နေရာအနှံ့ ပျံ့နှံ့သွားသည်။

တိုက်ပွဲကို တတ်နိုင်သမျှ မြန်မြန် အဆုံးသတ်ရန်အတွက် စူးချန်ကဲသည် သူ့ကိုယ်ပိုင် နည်းလမ်းဖြင့် ပြောင်းလဲထားသော ဓားစွမ်းအင်ကို အသက်သွင်းခဲ့သည်။

ဓားစွမ်းအင်၏ ရိုက်ခတ်မှုသည် ဤဧရိယာတစ်ခုလုံးကို တုန်လှုပ်စေရုံသာမက ကောင်းကင်ကြီး တစ်ခုလုံးကိုလည်း တုန်လှုပ်သွားစေခဲ့သည်။

မြင်ကွင်းသည် တစ်ဖန် တိတ်ဆိတ်ငြိမ်သက်သွားသည်။ အခိုးအငွေ့များကြားက ဝတ်ရုံဖြူ လူတစ်ယောက်ကို လူတိုင်း စိုက်ကြည့်နေကြသည်။

သူ၏ အဖြူထည် ဝတ်ရုံသည် အစွန်းအထင်း မရှိ။ သူ၏ အမူအရာသည် တည်ငြိမ်နေဆဲပင် ဖြစ်သည်။ ဤမျှအစွမ်းထက်သော ဓားကို အသုံးပြုခဲ့သော်လည်း သူ့အပေါ်တွင် မည်သည့် သက်ရောက်မှုမှ မရှိခဲ့သလိုပင်။

ယင်းက သူတို့၏ ဦိးခေါင်းများကို ထုံကျင်သွားစေသည်။

ဤထိတ်လန့်မှုကို ဖော်ပြရန်ပင် စကားလုံးမရှိ။

မြေအောက်ကမ္ဘာ၏ စစ်သူကြီး ခုနစ်ဦးနှင့် ငရဲနန်းတော်၏ မဟာယာမ ကိုးဦးတို့သည် မျိုးဆက်သစ် လူငယ်များကြားတွင် ထိပ်တန်းခေါင်းဆောင်များ ဖြစ်ကြပါသည်။

လူတစ်ယောက်ရဲ့ အောက် ၊ လူပေါင်းများစွာရဲ့ အထက် ဆိုသည့်အတိုင်း ၊

T/N - ဘုရင့်အောက် ၊ မှူးမတ်များရဲ့ အထက်(စကားပုံ)

ယခုမူ စူးချန်ကဲ၏ ဓားသည် ၎င်းတို့ကို လုံးလုံးလျားလျား သုတ်သင်ပစ်ခဲ့လေပြီ။

“ဒီစူးချန်ကဲ တကယ်ကို ရှုံးပွဲမရှိတာလား...?”

ဤအတွေးသည် မြေအောက်ကမ္ဘာနှင့် ငရဲနန်းတော်ရှိ ပါရမီရှင်များအားလုံး၏ စိတ်ထဲသို့ ဝင်ရောက်လာခဲ့သည်။မျှတမှုမရှိသော ဤတိုက်ပွဲကို စူးချန်ကဲသည် မှောက်လှန်ပစ်ခဲ့သည်။

“ စူးချန်ကဲ ၊ မင်းအထင် ပြီးသွားပြီလို့ ထင်နေလား!?”

ဤအချိန်တွင် အဆုံးမရှိသော လူသတ်လိုစိတ်များဖြင့် ပြည့်နှက်နေသော အေးစက်‌စက် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုအသံ၏ အဆုံးတွင် ၊

ကြောက်စရာကောင်းပြီး ထူးဆန်းသော ရောင်ဝါတစ်ခုသည် စူးချန်ကဲ ရှိရာအရပ်ဆီသို့ ပျံ့နှံ့လာကာ ဖုံးလွှမ်းသွားသည်။

တစ်ချိန်တည်းမှာပင်၊ တဖျပ်ဖျပ် တောက်ပနေသော မှော်သင်္ကေတများသည် တစ်ခုနှင့်တစ်ခုသွယ်ယှက်ကာ ရှုပ်ထွေးသော မှော်ဖွဲ့စည်းမှုပုံစံတစ်ခုကို ဖန်တီးခဲ့သည်။

မှော်ဖွဲ့စည်းပုံတွင် ရေးထွင်းထားသော ထူးဆန်းသော ပုံစံများသည် ဤကမ္ဘာကြီးကိုပင် ဖျက်ဆီးနိုင်သည့်အထိ ကြောက်ခမန်းလိလိ ရောင်ဝါဖြင့် ပေါက်ကွဲထွက်ပေါ်လာသည်။

“ဟားဟား! သိပ်ကောင်းတယ်၊ သူတို့ အောင်မြင်သွားကြပြီ “

ထိုမြင်ကွင်းကို ကြည့်နေကြသော မြေအောက်ကမ္ဘာနှင့် ငရဲနန်းတော်၏ ပါရမီရှင်များမှာ ဝမ်းသာအားရ ဖြစ်သွားကြသည်။

ကောင်းကင်-သတ်ဖြတ်ခြင်း မိစ္ဆာနတ်ဆိုးအခင်းအကျင်း !

ဤနောက်ဆုံး ဝှက်ဖဲသည် တန်ဖိုးအများကြီးပေးဆပ်ရသော်လည်း စူးချန်ကဲကိုသာ သတ်နိုင်သရွေ့ ထိုက်တန်ပေသည်။

ယခုအချိန်တွင်၊ အောက်ကျုံယန် နှင့် ရှုံချီ တို့သည် ကောင်းကင်-သတ်ဖြတ်ခြင်း မိစ္ဆာနတ်ဆိုးအခင်းအကျင်း ကို လုံးလုံးလျားလျား ပေါင်းစပ်ဖွဲ့စည်းခဲ့ပြီ ဖြစ်သည်။

ထူးဆန်းသော ရောင်ဝါများက သူတို့၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးလွှမ်းထားပြီး ၊၎င်းတို့သည် သေခြင်း၏ ပြယုဂ် ဖြစ်ပုံရသည်။

“ ချန်ကဲ ဆက်ခံသူ!”

အရိုးဖြူ ပင်လယ် ဘုရင်မသည် ဤထူးဆန်းသော မှော်စက်ဝိုင်း၏ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါကို ခံစားမိခဲ့သည်။

အဝေးကနေတောင် ခံစားသိရှိနိုင်သည်။ ဤမှော်စက်ဝိုင်း၏ အလယ်ဗဟိုတွင် ရှိသော စူးချန်ကဲသည် မည်သို့သော နှိပ်ကွပ်မှုမျိုးနှင့် ရင်ဆိုင်ရမည်ကိုပင် မတွေးဝံ့ပေ။

သူမသည် လက်သင်္ကေတတစ်ခုကို ဖော်ဆောင်လိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ စုစည်းလာခဲ့ပြီး နောက်ဆုံးတွင် အရိုးစုအိုင် အဖြစ်သို့ ပြောင်းလဲသွားသည်။

ထို့နောက် ကြီးမားသော ဦးခေါင်းခွံကြီးတစ်ခုသည် အရိုးစုအိုင်ထဲမှ ထွက်ပေါ်လာခဲ့သည်။

၎င်း၏ ပါးစပ်ကြီးကို ဖွင့်ကာ သူ၏ အဖြူရောင်အရိုးလက်တံကို ဆန့်ထုတ်လိုက်သည်နှင့် ၎င်း၏ ပတ်ပတ်လည်တွင် မှိန်ဖျော့ဖျော့ လင်းလာခဲ့ပြီး အတော်လေး ဆန်းကြယ်ပေသည်။

ရုတ်​တရက်​ ​မှိန်ဖျော့ဖျော့ အလင်းရောင်မှ ကြောက်စရာကောင်းသော ပေါက်ကွဲမှုကြီး ဖြစ်သွားခဲ့သည်။

သူရှေ့က မကောင်းဆိုးဝါး မျိုးနွယ်ဝင် တပည့်များသည် ခုခံနိုင်စွမ်းမရှိဘဲ အရိုးဖြူ အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။

တစ်ချက် ထိုးနှက်လိုက်ရုံဖြင့် မကောင်းဆိုးဝါး မျိုးနွယ်စု၏ ကာကွယ်ရေး မှော်ဖွဲ့စည်းပုံမှာ အက်ကွဲသွားခဲ့သည် ။

“ဒီမိန်းမ! သူမကို မအောင်မြင်စေနဲ့”

လူတိုင်း ရူးသွပ်နေကြပြီပင်။

မကောင်းဆိုးဝါး မျိုးနွယ်စု နှင့် မြေအောက်ကမ္ဘာ အပြင် ငရဲနန်းတော်၏ လူများသည် လုံးဝ ရူးသွပ်သွားခဲ့ကြပြီး ကွေးယွမ်က လူများကို တားစီးရန် ၎င်းတို့၏ ကျင့်ကြံဆင့်ကိုပင် တိုက်ရိုက် ဖျက်ဆီးပစ်ခဲ့သည်။

မြေပေါ်တွင် မရေမတွက်နိုင်သော ပေါက်ကွဲမှုများ ဖြစ်ပေါ်လျက် ၊ ကွေးယွမ် သူတော်စင် နယ်မြေ နှင့် ယောင်ချီ သူတော်စင်နယ်မြေတို့ကို ဆိုးရွားစွာ တိုက်ခိုက်လာကြသည်။

“ ဒီကောင်တွေ တကယ်ကို မုန်းစရာပဲ!”

“ဒါ ကိုယ့်ကိုယ်ကို ဖျက်ဆီးဖို့ထိ လုပ်နေကြတာမဟုတ်လား? ချန်ကဲ ဆက်ခံသူက ငါတို့ရဲ့မျှော်လင့်ချက်ပဲ ၊ ချန်ကဲ ဆက်ခံသူကို ကယ်တင်နိုင်မယ်ဆိုရင် ငါတို့ရဲ့ ဒီခန္ဓာကိုယ်ကို စတေးရလဲ ဘာဖြစ်လဲ!?”

“မှန်တယ်! တဖက်ကတောင် သူတို့ရဲ့ ကျင့်ကြံမှုကို ဖျက်စီးပစ်နိုင်တာ ငါတို့လည်း ဘာလို့ မလုပ်နိုင်ရမှာလဲ!?”

“…….”

ကွေးယွမ် သူတော်စင် နယ်မြေမှ တပည့်များသည် စူးချန်ကဲကို ကယ်တင်ရန်အတွက် ၎င်းတို့၏ ကျင့်ကြံမှုကို ကိုယ်တိုင်ဖျက်စီးတော့မည့် အချိန်တွင် စူးချန်ကဲက တားစီးခဲ့သည်။

“ဒီလိုလုပ်စရာ မလိုဘူး၊ အသေးစား လှည့်ကွက်လောက်တော့”

စူးချန်ကဲသည် ယုံကြည်မှုအပြည့်ဖြင့် ဆိုလေသည်။

“ငါ့အတွက်တော့ ဘာမှမဟုတ်ဘူး”

ဤစကားသည် လူတိုင်းကို ထပ်ပြီးအံ့အားသင့်စေသည်။

ဒီလိုအခြေအနေမျိုးမှာတောင် စူးချန်ကဲက ဒီလောက်ထိ ယုံကြည်မှုရှိနေသေးတယ်ပေါ့!?

“ လေကြီးလေကျယ် ၊ ဘယ်သူကရော မပြောတတ်မှာလဲ?”

အောက်ကျုံယန်သည် ရွဲ့စောင်းပြောလိုက်သည်။ ကောင်းကင်-သတ်ဖြတ်ခြင်း မိစ္ဆာနတ်ဆိုးအခင်းအကျင်းသည် မည်မျှ အစွမ်းထက်သည်ကို သူကောင်းကောင်း သိသည်။ စူးချန်ကဲ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ သူ ဒီနေ့ သေရမည်။

“သေစမ်း!!”

အောက်ကျုံယန် နှင့် ရှုံချီသည် ဒေါသတကြီး အော်လိုက်သည်နှင့် တစ်ချိန်တည်းမှာပင် အလွန် ပြင်းထန်သော စွမ်းအားများ ကျရောက်လာသည်။

အဖျက်စွမ်းအားများသည် အရှိန်အဟုန်ပြင်းစွာ ကျရောက်လာပေရာ စကြဝဠာတစ်ခုလုံး တုန်လှုပ်စေခဲ့ပြီး နိယာမတရားများ ပျက်သုဉ်းခဲ့ရသည်။

ဤကြောက်မက်ဖွယ်ကောင်းသော အင်အား ပေါ်လာသည်နှင့် တပြိုင်နက် ကျုံယုံ(ငရဲကိုးထပ်) တစ်ခုလုံး တုန်ခါသွားပုံရသည်။

လှိုင်းဒဏ်သည် မရေမတွက်နိုင်သော တောင်များကို ပြိုကျစေခဲ့ပြီး ၊ ရှိုးလောမြစ်ရေစီးကြောင်းပင်လျှင် ဤမျှ အင်အားကြီးသော အင်အား၏ ဖြိုခွင်းခြင်းကို ခံခဲ့ရသည်။

တိ့ရှစ်ချန်းနှင့် အပြင်းအထန် တိုက်ခိုက်နေသော မော့ရန်ရှီးသည် မျက်နှာပျက်သွားပြီး ၊ ဤကြောက်စရာကောင်းသော အဖျက်စွမ်းအားသည် သူမကို စိတ်မသက်မသာဖြစ်စေခဲ့သည်။

“ ကိုကို့ဘက်​ကလား ...”

သူမ နှုတ်ခမ်းများသည် အနည်းငယ် တုန်ခါသွားသည် ။

“ မဟုတ်မှလွဲရော အချိန်​နဲ့​နေရာ​ ပြောင်းသွားတာလား!?”

“မဟုတ်​ဘူး...ကိုကို ဘာမှမဖြစ်​နိုင်​ဘူး...”

မော့ရန်ရှီးသည် သူမ၏သွားများကို အံကြိတ်ကာ အားအင်အပြည့်ဖြင့် ရိုက်ချလိုက်သည်။ ပြင်းထန်သော နတ်ဆိုးစွမ်းအင်များသည် တဟုန်ထိုး တတ်လာခဲ့ကာ အဆုံးတွင် ကြီးမားသော လက်ဝါးကြီး တစ်ခု ဖြစ်လာစေပြီး တိ့ရှစ်ချန်းအား အဝေးသို့ လွှင့်စင်သွားစေသည်အထိ ရိုက်ချပစ်ခဲ့သည်။

ချက်ခြင်းပင်၊ မော့ရန်ရှီးသည် အလင်းကြောင်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး စူးချန်ကဲဆီသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။

တိ့ရှစ်ချန်းသည် သူ၏ ရင်ဘက်ကို ဖိကိုင်ထားကာ ပါးစပ်ထဲက သွေးများကို ထွေးထုတ်လိုက်သည်။

ထွက်ခွာသွားသော မော့ရန်ရှီးကို မကျေမနပ်ဖြင့် ကြည့်နေပြီး ၊ ပဟေဠိဖြစ်နေခဲ့သည်။

“ဒီအရူးမ ဘယ်ကိုပြေးသွားတာလဲ ! တကယ်ကို ရူးနေပြီပဲ !”

တစ်ချိန်တည်းမှာပင် သူနားမလည်ခဲ့ချေ။

စူးချန်ကဲသည် အလွန်ချောမောသည်ကို သူသိသော်လည်း ၊ သို့သော် မင်ဖုန်းဧကရာဇ်ဘုရင် မျိုးနွယ်စု၏ တော်ဝင်မင်းသမီးကြီးအား ယခုလို ပုန်ကန်မှု ဖြစ်စေသည့်အထိတော့ မဖြစ်သင့်ပေ။

……

စူးချန်ကဲဘက်တွင် ။

အဖျက်စွမ်းအားများဖြင့် ဖုံးလွှမ်းခံထားရသောဤဧရိယာတွင်၊ ထောင်ပေါင်းများစွာသော မှော်သင်္ကေတများ ပျက်စီးသွားပြီး မရေမတွက်နိုင်သော နိယာမတရားများ ဖျက်စီးခံခဲ့ရသည်။

တန်ခိုးကြီးမားသော ဧကရာဇ်မင်းပင်လျှင် ကြီးမားသော ဆုံးရှုံးမှု ဖြစ်သွားနိုင်သည်။

သို့သော် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ရင်ဆိုင်ရသော်လည်း စူးချန်ကဲ၏ အမူအရာမှာ အလွန်တည်ငြိမ်နေခဲ့သည်။

သူသည် ယခင်က အဆင့်(၇) ဧကရာဇ်မင်းအဆင့်ရှိ ရွှယ့်နု ကိုတောင် သတ်ခဲ့ဖူးသည်။

ထိပ်တန်း သူတော်စင် အဆင့်သာရှိသေးသော လူနှစ်ယောက်ကို သူ အဘယ့်ကြောင့် ကြောက်ရမည်နည်း။

စူးချန်ကဲသည် ကောင်းကင်ဓားကို ဟင်းလင်းပြင် သိုလှောင်ခန်းထဲမှ ဆွဲထုတ်လိုက်သည်။

သူ့ခန္ဓာကိုယ်ထဲတွင် ငြိမ်သက်နေခဲ့သော မွေးရာပါ သူတော်စင် ခန္ဓာကိုယ် သန္ဓေသားလောင်း၏ အသွေးအသားသည် ဤအခိုက်အတန့်တွင် လုံးဝ နိုးထလာခဲ့သည်။

စူးရှတောက်လောင်သော အလင်းရောင်သည် သူ့ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စုဝေးလာခဲ့ပြီး ၊ သူ့ခန္ဓာကိုယ်တွင်းရှိ ကြီးကျယ်ခမ်းနားသော ရောင်ဝါတစ်ခုသည် ကောင်းကင်သို့ တဟုန်ထိုး ဆန်တက်သွားသည်။

ထို့နောက် စူးချန်ကဲ၏ လက်ထဲတွင် အဖျက်ရောင်ခြည်များ ဖြည်းဖြည်းချင်း ရောက်ရှိလာခဲ့သည်။

သူ့ဘေးနားရှိ ရောင်ခြည်စက်ကွင်းသည် ဤနေရာတစ်ခုလုံးကို နေ့ခင်းဘက်သဖွယ် ပြောင်းလဲလိုက်သည့်အတိုင်း ဝင်းထိန်သွားသည်။

“ နတ်ဘုရား အဖျတ်စွမ်းအား အလင်း!”

စူးချန်ကဲ၏ ရေရွတ်သံနဲ့အတူ ၊ တောက်ပသော အဖြူရောင် အလင်းသည် နေရာအနှံ့ ပြန့်ကျဲသွားသည် ။

ဤဖြူစင်သော အလင်းရောင်သည် နတ်ဘုရား အဖျတ်စွမ်းအား အလင်းနှင့် မတူချေ။၎င်းတွင် ကြောက်စရာကောင်းသော အဖျက်စွမ်းအားများ ပါဝင်သော်လည်း

သို့သော် အရာအားလုံးကို ဘဝသစ်ဆီသို့ ပို့ဆောင်ပေးနိုင်စွမ်း ရှိသည်။

ဝုန်း !!

နေနှစ်စင်း ဆုံတိုက်မိသကဲ့သို့ ။

တောက်လောင်သော အလင်းရောင်တို့သည် တဟုန်ထိုး လှုပ်ခါသွားပြီး ၊ ကျုံယုံ(ငရဲကိုးထပ်) တစ်ခုလုံးကို ဝင်းထိန်သွားစေသည်။

အဆုံးမရှိသော အခိုးအငွေ့များ ထူထပ်စွာ ရှိနေပြီး ၊

ဝိညာဉ်စွမ်းအင်မုန်တိုင်းကြီးသည် ဤကမ္ဘာကြီးကို ဖျက်ဆီးပစ်လိုက်သည်။

ဤအချိန်တွင် အသံတွေအားလုံး လုံးဝတိတ်ဆိတ်သွားသည်။

ကမ္ဘာကြီးတစ်ခုလုံးတောင် ထူးဆန်းစွာဖြင့် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

……

“ အဟွတ် အဟွတ်.....”

သိပ်မကြာခင် ၊ တိတ်ဆိတ်သော ဤကမ္ဘာကြီးတွင် ချောင်းဆိုးသံတချက် ထွက်ပေါ်လာသည်။

အားလုံးက စူးချန်ကဲရှိရာ နေရာဆီသို့ လှမ်းကြည့်လိုက်သည်။

အပြေးအလွှား ရောက်လာခဲ့သော မော့ရန်ရှီးသည်လည်း ထိုနေရာကို စိုးရိမ်တကြီး ကြည့်နေလေသည်။

ကောင်းကင်နှင့် မြေကြီးကြားတွင် ဗလာနိတ္ထိ။

စူးချန်ကဲရပ်နေခဲ့သည့်နေရာတွင် ချောက်နက်ကြီး တစ်ခုသာ ရှိပြီး အက်ကွဲကြောင်းများသည် မိုင်ပေါင်းများစွာအထိ ပြန့်ကျဲနေသည်။

ထိုနေရာတွင် နက်ရှိုင်းသော ချောက်နက်ကိုသာ မြင်လိုက်ရပြီး ၊ လူသုံးဦးသည် အစအနမရှိ ပျောက်ကွယ်နေသည်။ ၎င်းတို့သည် မီးခိုးငွေ့များအဖြစ် ကြွေလွင့်သွားခဲ့ပုံရသည် ။

“မဖြစ်​နိုင်​ဘူး....”

မော့ရန်ရှီး၏ မျက်ဝန်းများသည်တုန်လှုပ်နေသည်။

ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးက ဒီလိုနေရာမျိုးမှာ ကြွေလွင့်သွားတယ် ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

သူ၏ နာမည်သည် ဒေဝလောက တစ်ခုလုံးကို ကြီးစိုးထားပေလိမ့်မည်။

ဒါပေမဲ့ ဘယ်လိုဖြစ်ပြီး...

“လူကြီးမင်း နှစ်ယောက်လုံး သေဆုံးသွားပေမယ့်...”

ငရဲနန်းတော်နဲ့ မြေအောက်ကမ္ဘာကလူများသည် ဤမြင်ကွင်းကို ကြည့်ရသည်မှာ အနည်းငယ် အဆင်မပြေသော်လည်း ၊ သို့သော် ပျော်ရွှင်မိသည် ။

သူတို့ကြောက်ရသည့် လူသည် သေဆုံးသွားခဲ့လေပြီ!

ဝုန်း !!

သို့သော် သူတို့၏စိတ်နှလုံးထဲက ပျော်ရွှင်မှုကို လုံးလုံးလျားလျား မထုတ်ပြရသေးခင်၊ ဝိညာဉ်စွမ်းအင် တစ်ခု၏ တုန်ခါမှု ထွက်ပေါ်လာခဲ့သည်။

ချောက်နက်ကြီးထဲတွင် အဖြူရောင်အလင်းတန်းတစ်ခုသည် အပေါ်သို့ ဆန်တတ်လာခဲ့သည်။

ဝေဟင်ထက်တွင် လက်ကို နောက်ပစ်လျက် တည်ငြိမ်စွာ ရှိနေသော ဝတ်ရုံဖြူ ရုပ်သွင်တစ်ခုကို မြင်လိုက်ရသည်။

သူ့နှုတ်ခမ်းသားများက အပြုံးမပျက် ရှိနေသည်။

သူ့ကိုယ်ပေါ်က အဝတ်အစားသည်

ယခုချိန်ထိ အစွန်းအထင်းမရှိ ဖြူဖွေးနေဆဲပင် ဖြစ်သည်။

အပိုင်း(၃၃၃): စူးချန်ကဲကို ဘယ်တော့မှ မနှောင့်ယှက်နဲ့

“ဒါ...ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!?”

မြေအောက်ကမ္ဘာမှ ပါရမီရှင်တစ်ဦးသည် စိတ်မထိန်းနိုင်ဘဲ ကျယ်လောင်စွာ ဟောက်လိုက်သည်။

ဤအရာသည် ဒဏ္ဍာရီလာ တားမြစ်ပညာရပ် ဖြစ်သည်။

မြေအောက်ကမ္ဘာ နှင့် ငရဲနန်းတော်တို့မှ ထိပ်တန်း ပါရမီရှင်နှစ်ဦးမှ ပူးပေါင်းကာ မိမိကိုယ်ကို စတေးခဲ့ကြသော်လည်း စူးချန်ကဲကို မသတ်နိုင်ခဲ့ပေ။

ဒါတင်မက တစ်ဖက်လူသည် အကောင်းအတိုင်း ရှိနေဆဲပင် ဖြစ်သည်။

ဒဏ်ရာတောင် မရဘူးတဲ့လား?

ထိုအချိန်တွင် စူးချန်ကဲသည် အောက်ဘက်က အင်အားစုလေးခုကို ငုံ့ကြည့်လိုက်သည်။

အေးစက်စက်အသံသည် ‌နေရာတစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့သည်။

“ အောက်ကျုံယန် ၊ ရှုံချီ သေပြီ”

“ ကျန်တဲ့လူတွေအားလုံးကို သုတ်သင်ပစ်!”

ဤစကားများသည် အင်အားစုလေးခု၏ ပါရမီရှင် တပည့်များကို လုံးဝကြောက်လန့်သွားစေသည်။

တစ်ချိန်တည်းမှာပင်၊ ကွေးယွမ် သူတော်စင် နယ်မြေ နှင့် ယောင်ချီ သူတော်စင်နယ်မြေမှ တပည့်များသည် တန်ပြန်တိုက်ခိုက်လာခဲ့သည်။

“သတ်! ဒီနေ့ ကျုံယုံ(ငရဲကိုးထပ်) ရှိတဲ့ အင်အားစု လေးခုက လူတွေအကုန်လုံးကို သတ်!!”

အင်အားစုကြီး လေးခု၏ တိုက်ပွဲဝင် စိတ်ဓာတ်တို့သည် ယခုအခိုက်အတန့်တွင် အကြီးအကျယ် ထိုးနှက်ခံခဲ့ရသည်။

သူတို့သည် ကွေးယွမ် သူတော်စင် နယ်မြေ နှင့်အဆုံးထိ ယှဉ်ပြိုင်ဖို့ကို မရွေးချယ်ဘဲ ယင်းအစား ထွက်ပြေးခဲ့ကြသည်။

“ သေစမ်း! ဒီကောင် စူးချန်ကဲ က ဘယ်လိုကောင်လဲ!”

လုံဟောက်၏ မျက်နှာသည် အေးစက်နေသည်။ ‌အောက်ကျုံယန် နှင့် ရှုံချီတို့၏ ပေါင်းစပ်တိုက်ခိုက်နည်းကို သူ ကောင်းကောင်းသိသည်။

သူတို့နှစ်ယောက်လုံးသည် မိမိအသက်ကို စတေးခဲ့သော်လည်း စူးချန်ကဲကို နည်းနည်းလေးမှ မခြိမ်းခြောက်နိုင်ခဲ့ပေ။

ဒါ လူ မဟုတ်ဘူး!

သူ လီဟောက်ထျန်းနှင့် ဆက်မတိုက်ဝံ့တော့ပေ။နဂါးစွမ်းအင်များကို အစွမ်းကုန် ပေါက်ကွဲလိုက်ပြီး မရေမတွက်နိုင်သော ရွှေနဂါးများစွာကို ပစ်လွှတ်လိုက်သည်။

ဝေါင်း!!

ကောင်းကင်ကို တုန်လှုပ်စေသော နဂါးဟောက်သံနှင့်အတူ ၊ လီဟောက်ထျန်း၏ ပတ်ဝန်းကျင်တွင် ရွှေနဂါးများစွာသည် ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများဖြင့် ထွက်ပေါ်လာပြီး သူ့ကို ချုပ်လှောင်ထားသည်။

လုံဟောက်သည် အလင်းတန်းတစ်ခု အဖြစ်ပြောင်းလဲကာ ထွက်ပြေးလေသည်။

သို့သော် သူ ပြေးထွက်ပြီး သိပ်မကြာခင်မှာပဲ ၊

စူးချန်ကဲ၏ ရယ်သံကို ကြားလိုက်ရသည်။

“ ဘာတွေလောနေတာလဲ ၊ ဆက်မကစားတော့ဘူးလား”

စူးချန်ကဲသည် လုံဟောက်၏ ရှေ့သို့ တခဏချင်း ရောက်ရှိလာသည်။ စူးချန်ကဲ၏ အရှိန်သည် အလွန် လျင်မြန်ပေရာ သူ တုံ့ပြန်ချိန် မရလိုက်ပေ ။

“မင်း....!”

လုံ‌ဟောက်၏ မျက်နှာသည် ထိတ်လန့်နေပုံရသည်။ စူးချန်ကဲသည် အရှိန်သည် အတော်လေး လျင်မြန်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ရှေ့သို့ ရောက်ချလာခဲ့သည်။

သူသည် မြေအောက်ကမ္ဘာနှင့် ငရဲနန်းတော်တို့နှင့် နှစ်ကြိမ်တိုင်တိုင် တိုက်ပွဲဆင်နွဲခဲ့သော်လည်း သို့သော် စူးချန်ကဲ၏ ခန္ဓာကိုယ်ရှိ နိယာမစွမ်းအားသည် အဆုံးမရှိဟု အဘယ်ကြောင့် သူ ခံစားရသနည်း။

စဉ်းစားဖို့ အချိန်မရခင်မှာပဲ စူးချန်ကဲက ပေါ့ပေါ့ပါးပါး ပြုံးကာ ဆိုလေသည်။

“ဒါမှမဟုတ် မင်းအသက်ကို ဒီမှာထားခဲ့ပြီးမှ သွားလေ”

ထို့နောက် သူ၏ လက်ဖဝါးထဲတွင် ပြင်းထန်သော အလင်းရောင်များ ပျံ့နှံ့ ထွက်ပေါ်လာသည်။

နိယာမစွမ်းအားများက သူ့လက်ဖဝါးထဲတွင် ရစ်ဝဲကာ ရှိနေသည်။

ဝုန်း! !

စူးချန်ကဲသည် သူ့လက်ဝါးကို ရိုက်ထုတ်လိုက်သည်နှင့် တသိမ့်သိမ့် ရိုက်ခတ်နေသော ရွှေရောင် ဝိညာဉ်စွမ်းအားတို့သည် လုံဟောက်အား တိုက်ရိုက် ဖိနှိပ်လိုက်သည်။

လုံဟောက်သည် နဂါးစွမ်းအင်များကို သူ့လက်ထဲတွင် စုဝေးစေပြီးနောက် အပေါ်သို့ မြှောက်ကာ ရိုက်ချလိုက်သည်။

“ နတ်နဂါး အဖျက် !”

နဂါးစွမ်းအင်များသည် လုံဟောက်၏ လက်ထဲတွင် အရူးအမူး ထွက်ပေါ်လာသည်။

ဝုန်း!

ကြောက်စရာကောင်းသော နိယာမ အတက်အကျ နှစ်ခုသည် ကွက်လပ်ထဲတွင် ပြင်းထန်စွာ တိုက်မိသွားသည်။

“အိုး၊ မင်းငါ့ကိုတားနိုင်မှာလား?”

စူးချန်ကဲသည် အနည်းငယ်ပြုံးလိုက်ပြီး သူ့လက်ကို ပိုအားထည့်လိုက်သည်။

ကျိုးအက်သံ !

ထိတ်လန့်တုန်လှုပ်ဖွယ် အသံတစ်ခုသည် ကမ္ဘာအနှံ့ ပဲ့တင်ထပ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ ထိုကြောက်မက်ဖွယ်ကောင်းသော ညှစ်အားကြောင့် ကောင်းကင်ကြီးပင် ပြိုကျမတတ်။ ကြောက်မက်ဖွယ် ဖိနှိပ်စွမ်းအားတို့သည် လုံဟောက်၏ နဂါးစွမ်းအင်များကို တစ်စစီ အက်ကွဲသွားစေသည်။

ဝုန်း! !

ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံများနှင့်အတူ ပြင်းထန်သော လေပြင်းမုန်တိုင်းတစ်ခု တိုက်ခတ်သွားခဲ့သည်။

လုံဟောက်၏ ခန္ဓာကိုယ်တို့သည် ကျိုးအက်သွားကာ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာပြီး အောက်သို့ ပြုတ်ကျလာခဲ့သည်။

သို့သော် လုံဟောက်မှ ထပ်ပြီး မလှုပ်ရှားမီ စူးချန်ကဲ၏ ရုပ်သွင်သည် ဖျက်ခနဲ့ လှုပ်ရှားသွားခဲ့သည်။

ရွှမ်း ! !

ကောင်းကင်ဓားသည် စူးချန်ကဲ၏ လက်ထဲတွင် ဘယ်ချိန်ကမှန်းမသိ ထွက်ပေါ်လာခဲ့သည်။

စူးရှသော ဓားသွားသံနှင့်အတူ ၊ အဆုံးမဲ့ဓားစွမ်းအင်တို့သည် လုံဟောက်၏ ခေါင်းကို ဖြတ်ခုတ်ချလိုက်သည်။

“မင်းကများ အတင့်ရဲလိုက်တာ!”

ရုတ်တရက်၊ လုံဟောက်၏နဖူးမှ အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့ပြီး နဂါးစွမ်းအင်များသည် တစ်ဖန် ပြန်လည်အားကောင်းလာခဲ့သည်။

ခဏအကြာတွင် အဘိုးအိုတစ်ဦး၏ အရိပ်သည် လုံဟောက်၏ ရှေ့တွင် ပေါ်လာသည်။

သူ့ခေါင်းပေါ်တွင် နဂါးချိုတစ်စုံရှိသည်။ သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း အရိပ်တစ်ခုတည်းနဲ့တင် ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်စွမ်းအားများကို ကောင်းကောင်းကြီး ခံစားမိနိုင်သည်။

“ဘိုးဘေး!”

လုံဟောက် ပျော်သွားသည်။ သူ မသေတော့မှန်း သိလိုက်သည်။

ထိုအချိန်တွင် ဘုန်းအာနုဘော်နှင့် ပြည့်စုံသော အသံတစ်သံသည် ထိုရုပ်သွင်ထံမှ ထွက်ပေါ်လာသည်။

“ဂျူနီယာလေး...”

“ အဘိုးကြီး...ကျုပ်ပြောလိုက်မယ် ..”

သို့သော် စူးချန်ကဲသည် တဖက်သားအား လုံးဝ လျစ်လျူရှုထားသည်။ သူကိုယ်တိုင် ဝင်ရောက် တိုက်ခိုက်နေပြီ‌ဆိုကတည်းက ထိုလူသည် သေချာပေါက် သေရမည်ပင်။

“ဒီနေ့ ကောင်းကင်ဘုရင် ကြွလာရင်တောင် သူ့အသက်ကို မကယ်နိုင်ဘူး!”

ဓားအလင်းသည် ဆက်လက်ကျဆင်းလာပြီး၊ အဖျက်စွမ်းအားများကို ဆောင်ကျဉ်းထားလေသော ဓားစွမ်းအင်တို့သည် ကောင်းကင်ယံမှ အေးစက်စက် လရောင် ဖြာကျလာသကဲ့သို့ ရောက်ရှိလာခဲ့သည်။

“ကောင်စုတ်လေး ! လူကြီးတွေကို ဘယ်လိုလေးစားရမယ် ဆိုတာ မင်းကို ဘယ်သူကမှ မ‌သင်ပေးမှတော့ ငါ ဒီနေ့ မင်းကို သင်ခန်းစာတစ်ခု သင်ပေးမယ် “

ရှေးဟောင်း နဂါးမျိုးနွယ်စု၏ ဘိုးဘေး သည် အလွန်အမင်း ဒေါသထွက်နေသည်။

လူတစ်ယောက်အောက် ၊ မရေမတွက်နိုင်သော လူများ၏ အထက် ဆိုသည့်စကားအတိုင်း သူသည် မရေမတွက်နိုင်သော လူများ၏ လေးစားမှုကို ခံရသော တည်ရှိမှုပင် ဖြစ်သည်။

ဂျူနီယာတစ်ယောက်က သူ့ရှေ့မှာ ခုလို မောက်မာရသလား !?

သူ အရေးယူဖို့ဟန်ပြင်လိုက်စဉ်။

ရုတ်တရက် နားမလည်နိုင်သော ကြောက်မက်ဖွယ် အင်အားတစ်ခုက သူ၏ စိတ်နှလုံးသားတစ်ခုလုံးကို လွှမ်းခြုံချုပ်ကိုင်ခဲ့သည်။

အချိန်နှင့်နေရာသည် ဤအခိုက်အတန့်တွင် လုံးဝ ရပ်တန့်သွားသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တို့သည် သူ၏ စိတ်နှလုံးသားထဲထိ ဝင်ရောက်ကာ စိုးမိုးထားသည် ။

ချက်ချင်းဆိုသလို ၊ မြင့်မြတ်သော လမ်းစဉ်၏ အသံသည် သူ့စိတ်ထဲတွင် ထွက်ပေါ်လာသည်။

“မင်းကရော ဘာကောင်လဲ?”

“ မင်းကများ စူး မိသားစုကို ဆုံးမရအောင် အရည်အချင်း ပြည့်မီလို့လား”

ထိုစကားများ ထွက်လာသည်နှင့်တပြိုင်နက်၊ ရှေးနဂါးမျိုးနွယ်စု၏ ဘိုးဘေးသည် အဆုံးမဲ့ပျက်သုန်းခြင်း အငွေ့အသက်များကို ရုတ်တရက်ခံစားလိုက်ရသည်။

သူ၏ စိတ်နှလုံးသား တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်လှုပ်နေပြီး ၊ ဤကြောက်စရာကောင်းသော ရောင်ဝါ၏ ရှေ့တွင် သူ ခုခံဖို့ရာ မစွမ်းဆောင်နိုင်ချေ။

“ခွင့်လွှတ်...”

သူ၏ စကားများ မဆုံးသေးခင် ။

သူ ကြားလိုက်ရသည်မှာ မြင့်မြတ်သောလမ်းစဉ်၏ အေးစက်သော နှာမှုတ်သံပင်။

“ဖျက်ဆီး”

တစ်ချိန်တည်းမှာပင်၊ နဂါးမျိုးနွယ်စုဝင် ဘိုးဘေး၏ အရိပ်သည် တဟုတ်ချင်း ပျောက်ကွယ်သွားသည်။

ရှေးနဂါးမျိုးနွယ်စု၏ ဘိုးဘွားပိုင်နယ်မြေအတွင်း၌ ၊ အဘိုးအိုတစ်ဦးသည် ရုတ်တရက် မျက်လုံးပွင့်လာသည်။

ဤသည်မှာ ရှေးနဂါးမျိုးနွယ်စု၏ ဘိုးဘေးပင် ဖြစ်သည်။

သူ၏ စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်လာသွားသည်နှင့် သူ့မျက်နှာသည် အလွန် ဖျော့သွားသည်။

သူသည် ကြောက်စရာကောင်းသော ပုဂ္ဂိုလ်တစ်ဦးကို စော်ကားမိခဲ့မှန်း သိလိုက်သည် ။

သူသည် ရှေးနဂါးမျိုးနွယ်တစ်ခုလုံးအား သတိပေးချက်ထုတ်ရန် ချက်ချင်းပြင်ဆင်လိုက်သည်။

“ ချန်ဝမ် ...” (ဘယ်တော့မှ / လုံးဝ )

သို့သော် စကားမဆုံးခင်။

သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ ထိုပုဂ္ဂိုလ်၏ ပျက်စီးခြင်း ရောင်ဝါသည် မိုင်ထောင်ပေါင်းများစွာကို ဖြတ်ကျော်ကာ သူ၏ ခန္ဓာကိုယ်အစစ်အမှန် ရှိရာ နေရာထိ ရောက်ရှိလာခဲ့သည်။

“သေ!”

တစ်ချိန်တည်းမှာပင် ထိုအသံသည် တစ်ဖန် ထွက်ပေါ်လာပြန်သည်။

ထိုရှေးနဂါးမျိုးနွယ်စု ဘိုးဘေး၏ ချက်ချာသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည် ။

သွေးအန်သံ ! !

ဘိုးဘေးသည် မြေပြင်ပေါ်သို့ လဲကျသွားသည်။

သူသည် စိတ်ငြိမ်းချမ်းမှု မရှိဘဲ မျက်လုံးဖွင့်လျက်သား သေဆုံးခဲ့ရသည်။

ဤနေရာ၏ အပြောင်းအလဲကို ရှေးနဂါးမျိုးနွယ်စုဝင် ဖြစ်သော တခြားဘိုးဘေးများလည်း သတိပြုမိကာ အပြေးအလွှား လာရောက်ခဲ့ကြသည်။

သို့သော် သေဆုံးနေပြီဖြစ်သော ဘိုးဘေးကို မြင်လိုက်ရချိန်တွင် မျက်မှောင်ကြုတ်သွားကြပြီး အမူအယာတို့သည် အေးစက်သွားသည်။

“ ဒါ ဘာဖြစ်တာလဲ”

“ လုံရွှမ်က ဘာလို့ ဒီမှာ ခုလိုနာကျင်စွာနဲ့ သေနေရတာလဲ”

ထိုအချိန်တွင်၊ ရှေးဘိုးဘေးတစ်ဦးက ဆိုလိုက်သည်။

“ဘိုးဘေး လုံရွှမ် စောနက သူ့ရဲ့ နတ်အသိစိတ် ထုတ်လွှတ်လိုက်တာလို့ ငါ ခံစားမိလိုက်တယ်”

“ မဟုတ်မှလွဲရော လုံဟောက် တစ်ခုခုဖြစ်သွားလို့လား”

လုံဟောက်သည် ဘိုးဘေး လုံရွှမ်၏ ဘိုးဘေးအနွယ်ဝင် ထိပ်တန်းပါရမီရှင်တစ်ဦးဖြစ်သည်။ထို့ကြောင့် လုံရွှမ်သည် သူ၏ ကိုယ်ပိုင်ဆန္ဒဖြင့် ကျုံယုံ(ငရဲကိုးထပ်) သို့ ဝင်ရောက်သွားခဲ့သည်။

ထိုအချိန်တွင် ရှေးနဂါးမျိုးနွယ်ဝင် ရှေးဘိုးဘေးတစ်ဦးက ဆိုလိုက်သည်။

“ ချန်ဝမ် ဆိုတဲ့ စကားလုံးကို လုံရွှမ် ပြောတာ ကြားလိုက်တယ်၊ မဟုတ်မှလွဲရော သူကိုယ်တိုင် တစ်ခုခု ဖြစ်နေပြီ ဆိုတာ သိလို့ လုံးဝ လက်စားချေပေးဖို့ ပြောတာလား?”

ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် ဘိုးဘေးများစွာသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ဆက်တိုက် ထင်ကြေးပေးပြီးနောက် ၊ ဤ ကောက်ချက်သည် မှန်ကန်သည်ဟု ယူ‌ဆခဲ့သည်။

“ဒါပဲ ဖြစ်ရမယ် “

“ငါ့ရှေးနဂါးမျိုးနွယ်စုကို ဘယ်ကောင်က လာရှုပ်ရဲတာလဲ ငါ မသိဘူး!”

ဘိုးဘေးများ၏ ခေါင်းဆောင်က လုံရွှမ်အား စိုက်ကြည့်ရင်း ကျိန်ဆိုလိုက်သည်။

“ ဒါပေမဲ့ စိတ်မပူနဲ့ မင်းကို သတ်တဲ့လူ ငါတို့သေချာ ဖော်ထုတ်မယ်!”

အကယ်၍ လုံရွှမ်သာ အသက်ရှုနေသေးပါက ၊

စိတ်ဆိုးလွန်းပြီး ထပ်သေ‌သွားနိုင်သည်။

သူပြောချင်သည်မှာ -

ဘယ်တော့မှ စူးချန်ကဲကို သွားပြီး မနှောင့်ယှက်နဲ့!

အပိုင်း(၃၃၄): ဒါက ကျုပ်ရဲ့ ဖြေရှင်းချက်ပဲ

မိမိ၏ ဘိုးဘေးသည် အခိုးအငွေ့အဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသဖြင့် လုံဟောက်မှာ မယုံနိုင်အောင် ဖြစ်သွားခဲ့သည်။

ဒါက သူသိပ်ရချစ်တဲ့ ဘိုးဘေးလေ!

သူ့ကို ထားခဲ့ပြီး ထွက်ပြေးသွားသတဲ့လား?

သူ့ကိုအန္တရာယ်ထဲ ပစ်ထားခဲ့ပြီတဲ့လား?

သွေးအန်သံ!!

ဝေဟင်တွင် ဖျက်ခနဲ့ ဝင်းလက်သွားပြီး ၊ ပြင်းထန်သော ဓားစွမ်းအင်များ၏ လှုပ်ရှားမှုအောက်တွင် သွေးပူများ လွင့်စင်သွားသည်။

ဤကမ္ဘာကြီးသည် ဇောက်ထိုးဖြစ်နေသကဲ့သို့ လုံဟောက် ခံစားမိလိုက်သည်။

“ဒါ...အဲဒါ...?”

လုံဟောက်၏ လည်ချောင်းမှ ညှစ်ထုတ်လိုက်သော အက်ရှရှ အသံမျိုး ထွက်လာခဲ့ပြီး၊ သူ့မျက်လုံးများသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည် ။

သူ့ခန္ဓာကိုယ်သည် အကောင်းအတိုင်းရှိနေသေးသည်။ သို့သော် ပျောက်နေသော တစ်ခုတည်းသော အရာမှာ သူ့ဦးခေါင်းပင် ဖြစ်သည်။

ရုတ်တရက် ဓားစွမ်းအင်သည် တစ်ဖန် ကျရောက်လာခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်တို့သည် သူ၏ နောက်ဆုံးလက်ကျန်ဝိညာဉ်ကို လုံးလုံးလျားလျား ဖျက်ဆီးပစ်လိုက်သည်။

အားလုံး ကောင်းကင်ကို မော့ကြည့်နေကြသည် ။ရှေးနဂါး မျိုးနွယ်စုဝင် ထိပ်တန်းပါရမီရှင် တစ်ယောက်က ဒီလိုနဲ့ သေသွားပြီလား?

သို့သော် အောက်ကလူများ၏ ထိတ်လန့်တုန်လှုပ်မှုထက်စာရင် စူးချန်ကဲသည် ထူးဆန်းသော ခံစားမှုမျိုးကို ခံစားခဲ့ရသည်။

“ထူးဆန်းလိုက်တာ၊ စောနက တစ်စုံတစ်ယောက်က ငါ့ကို တိတ်တိတ်လေး ကူညီပေးလိုက်သလိုပဲ “

စူးချန်ကဲ စဉ်းစားလိုက်သည်။

“ မဟုတ်မှလွဲရော ကွေးယွမ်ဘိုးဘေးတွေရဲ့ လက်ချက်လား?”

…..

အကန့်အသတ်မဲ့ ကွက်လပ်အပြင်ဘက်တွင်၊

အကန့်အသတ်မဲ့ စကြာဝဠာနှင့်

တစ်သားတည်း ဖြစ်နေပုံရသော ကြီးမားသောမျက်လုံးတစ်စုံ ရှိနေသည်။ ၎င်းသည် မိုင်ထောင်ပေါင်းများစွာကို ဖောက်ထွင်းဝင်ရောက်ကာ ကြည့်နိုင်ပုံရသည်။ ၎င်းတွင်ပါရှိသော အခြေခံမူများသည် ကောင်းကင်နှင့်မြေကြီး၏ မူလအစနှင့် ဆင့်ကဲဖြစ်စဉ်ဖြစ်ပုံရသည်။

ဤအမည်မသိသူမှ စကားပြောလိုက်သောအခါ စကြဝဠာတစ်ခုလုံးနှင့် ကြယ်ရောင်စုံသော ကောင်းကင်ကြီးပင်လျှင် နိယာမလှိုင်းများဖြင့် ဂယက်ထသွားသည်။

“အစကတော့ အဲ့ဒီကမ္ဘာမှာ ချန်ကဲ ဘယ်လိုနေလဲဆိုတာ ကြည့်ချင်ရုံပဲ “

“ ဒါပေမဲ့ ငါ့မြေးကို တစ်ယောက်ယောက်က အနိုင်ကျင့်နေတဲ့ပုံစံကို မြင်လိုက်ရမယ်လို့ ဘယ်သူက သိမှာလဲ ၊ စိတ်မထိန်းနိုင်ဘဲ သတ်မိလိုက်တယ်”

ထိုအနှီလူ၏ သက်ပြင်းချသံကို တစ်ဖန် ကြားလိုက်ရသည်။

“ အနာဂတ်မှာတော့ လွယ်ကူအောင် လုပ်ရမယ်၊ မဟုတ်ရင် အဲဒီလူအိုကြီးတွေ သိသွားခဲ့ရင် ငါ့ရဲ့ တားမြစ် စူးမိသားစုအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွယ်မှာကို စိုးရတယ်”

“ ကိစ္စကြီးကြီးမားမားတော့ မဟုတ်ပေမဲ့ ဒါပေမဲ့ ဒီကောင်တွေက အရမ်းစိတ်ပုတ်တယ်၊ လှည့်ကွက်အသစ်တွေနဲ့ အခွင့်ရေးယူဖို့ လုပ်နေကြဦးမယ်”

ရုတ်တရက် အသံ ရပ်တန့်သွားသည်။

“ ကျစ် ! ကွေးယွမ် အမတဂိုဏ်းက အဲ့‌ကောင်တွေ သတိထားမိသွားတာလား?”

“ သူက ငါ့ရဲ့ စူး မိသားစုက ကလေးလေ ၊ အခုတော့ ကြည့်ခွင့်တောင် မရှိတော့ဘူး ! အိုင်း ! နောက်တစ်ကြိမ်မှပဲ ငါ့မြေးလေးကို ကောင်းကောင်း လာတွေ့တော့မယ်”

အဆုံးမဲ့ ကောင်းကင်ကြီး၏ အနက်ရှိုင်းဆုံးတွင် အသံသည် ပျောက်ကွယ်သွားခဲ့ပြီး၊ တာအိုဝါဒီ၏ ကျက်သရေတို့သည်လည်း လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

မူလကရှိနေခဲ့သော နိယာမတရားများက ပြန်လည် ဝင်ရောက်လာကာ အရင်လို ထိန်းသိမ်းထားဆဲပင် ဖြစ်ပြီး အရာအားလုံးသည် ငြိမ်သက်လျက် ဘာမှမဖြစ်ခဲ့သလိုပင်။

သိပ်မကြာခင်မှာပင် ထိုမျက်လုံးကြီးမှာ ပျောက်ကွယ်သွားခဲ့သည်။

သို့သော် လုံးဝခြားနားသော ရောင်ဝါရှိသော မျက်လုံးတစ်စုံ ပွင့်လာခဲ့ပြန်သည်။

ထိုမျက်လုံးများသည် တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ လေးနက်နေသည်။

အချိန်အတော်ကြာပြီးနောက် ၊ အလွန်အမင်း မကျေမနပ်ဖြစ်နေသော အသံဖြင့် ထဆိုလေ၏။

“ အဲ့လူအိုကြီး ၊ တိုက်မြေ သုံးထောင်ရဲ့ ကိစ္စတွေကို ဝင်စွက်ဖက်ဖို့ အတော်လေး သတ္တိရှိနေတယ်ပေါ့ ၊ အဲ့ကောင်တွေ မသိလိုက်ဘဲ နောက်ထပ် ကျန်ရှိနေတဲ့ အမတနယ်မြေတွေ ပြိုကွဲသွားမှာကို ကြောက်နေတာလား”

သို့သော် သူ စိတ်အဆိုးဆုံးအရာမှာ ထိုကိစ္စမဟုတ်မှန်း သိသာသည်။

“အခု ချန်ကဲ က ငါ့ ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဆက်ခံသူပဲ ၊ အဲ့လူအိုကြီးက ခွင့်ပြုချက် မရှိဘဲ ဝင်စွက်ဖက်ရဲတယ် ၊ ငါတို့ ကွေးယွမ် သူတော်စင် နယ်မြေက သူ့ကို ကောင်းကောင်း ထောက်ပံ့ဖို့ မတတ်နိုင်မှာကို ကြောက်နေတာလား!?”

“ ဟွန်း ! တခြားအင်အားစုတွေသာ ဒီကိစ္စကို သိသွားရင် ကွေးယွမ်အမတဂိုဏ်းရဲ့ ဆက်ခံသူက အရမ်းနစ်နာခဲ့ရတယ်လို့ ဖြစ်ဦးမယ် ၊ ဒါ သိပ်ရှက်စရာကောင်းတာပဲ!”

“ ဘယ်ကောင်တွေ ထပ်ပြီး ဝင်စွက်ဖက်ရဲဦးမလဲ ဆိုတာ ငါ စောင့်ကြည့်လိုက်ဦိးမယ်!”

……

အင်အားစုကြီး လေးခုမှ ခေါင်းဆောင်များ အသီးသီးကျဆုံးပြီးနောက်

ကျန်ရှိလူများအနေဖြင့် ပြန်လည် ထူထောင်လာဖို့ဆိုတာ မဖြစ်နိုင်တော့ဘဲ ကွေးယွမ် သူတော်စင် နယ်မြေ၏ ထိပ်တန်း ပါရမီရှင်များ၏ လက်အောက်တွင် ရှုံးနိမ့်ခဲ့ရပြီး ထွက်ပြေးရုံသာ တတ်နိုင်ခဲ့သည်။

ဤနေရာတစ်ခုလုံး သွေးများ စွန်းထင်းလျက် ၊ အသားအပိုင်းအစများ ပြန့်ကျဲစွာဖြင့် ရှိနေသည်။

မရေမတွက်နိုင်သော မှော်လက်နက်များ အပိုင်းပိုင်း ကွဲကြေကာ သွေးနွှံထဲတွင် နစ်မြုပ်နေသည်။

ဖုန်းမုရှင်းကိုလည်း စူးချန်ကဲ မှ တိုက်ရိုက် နှိပ်ကွပ်ခဲ့သည်။ ရွှယ့်ရှိုးလော့ မျိုးနွယ်စုမှ သော့ကို သိမ်းဆည်းခဲ့ပြီး၊ ကျုံယုံ(ငရဲကိုးထပ်) တံခါးကို ဖွင့်နိုင်မည့် သော့လေးခုစလုံးကို စုဆောင်းနိုင်ခဲ့သည်။

“ စူးချန်ကဲ သေနာကောင်! မိန်းကလေး တစ်ယောက်ကိုတောင် အနိုင်ကျင့်တာ ဘာအရည်အချင်းရှိတုန်း!?”

ဖိနှိပ်ခံထားရသော ဖုန်းမုရှင်း၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းလျက် ၊ ရှေးအကျဆုံး ဖီးနစ်မျိုးနွယ်ဝင် အဖြစ် သူမ၏ ခန္ဓာကိုယ်သည် မည်မျှ သန့်စင်ပြီး မည်မျှတောင် အဆင့်အတန်းမြင့်သော သွေးအမျိုးအစားကို ပိုင်ဆိုင်ထားလေသနည်း။

ယခု သူမသည် အကျဉ်းသားတစ်ယောက် ဖြစ်နေသည်မှာ သူမကို လက်ခံဖို့ ခဲယဉ်းစေသည်။

သို့သော် စူးချန်ကဲသည် ၎င်းကို ဂရုမစိုက်ဘဲ သူ့ဘေးနားရှိ ယုံမင်ဖီးနစ် ကို ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်ပြီး ပြောလိုက်သည်။

“ မင်းပြောချင်တာက သူ့ခန္ဓာကိုယ်ထဲမှာ မင်းလိုအပ်တဲ့ ထာဝရ မီးလျှံ ရှိတယ်လို့ ဆိုလိုတာလား?”

ယုံမင်ဖီးနစ်သည် စူးချန်ကဲကို ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်ပြီး ဖြေလိုက်သည်။

“မမှားနိုင်ဘူး သခင် ၊ သခင်သာ သူ့မရဲ့ ထာဝရ မီးလျှံကို ကျွန်တော်ကို စုပ်ယူခွင့်ပြုရင် ကျွန်တော်ရဲ့ အသွေးအသားတွေကို ပြောင်းလဲပစ်နိုင်ပြီး ထာဝရ နတ်ဖီးနစ်တစ်ကောင်အဖြစ် ပြောင်းလဲနိုင်လိမ့်မယ်!”

ယုံမင်ဖီးနစ်သည် အတော်လေး စိတ်လှုပ်ရှားနေသည်။ သူသည် သူ့အိပ်မက်ထဲကအတိုင်း နတ်အလင်းရောင် တဖျက်ဖျက် တောက်ပလျက် ကောင်းကင်နှင့် မြေကြီးကိုတောင် တုန်လှုပ်စေနိုင်သော နတ်ဖီးနစ်တစ်ကောင် နောက်ဆုံးတော့ ဖြစ်လာနိုင်တော့မည်။

စူးချန်ကဲ အနည်းငယ် ခေါင်းညိတ်လိုက်သည်။ အသုံးမဝင်ဘဲ သေရမယ့်အတူတူ ပြန်လည်အသုံးပြုလိုက်တာက ပိုကောင်းပေမည်။

စူးချန်ကဲသည် ဖုန်းမုရှင်း၏ ခေါင်းပေါ်သို့ သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

ဝီ——

တစ်ချိန်တည်းမှာပင်၊ နက်မှောင်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အဆုံးမရှိသော ဝါးမျိုခြင်းဆိုင်ရာ မှော်သင်္ကေတများ သက်ဝင်လာခဲ့ပြီး နောက်ဆုံးတွင် ဖုန်းမုရှင်း၏ ခေါင်းကို ဖုံးလွှမ်းပစ်လိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော ဝါးမျိုခြင်း စွမ်းအားများ ထွက်ပေါ်လာသည်။ ထာဝရမီးလျှံသည် မိမိ၏ခန္ဓာကိုယ်ထဲမှ ဖြည်းညှင်းစွာ ထွက်ခွာသွားသည်ကို ဖုန်းမုရှင်း ခံစားလိုက်ရသည်။

သူမ၏ အမူအယာသည် ဖျော့တော့ကာ ထိတ်လန့်နေ၏။ ဤသည်မှာ သူမတို့ ရှေးဟောင်း ဖီးနစ်မျိုးနွယ်စု ၏ ထိပ်တန်းအမွေအနှစ် ဖြစ်သည်။

၎င်းသည် အနှိုင်းမဲ့ နတ်ဖီးနစ်၏ မူလရင်းမြစ် မီးတောက် ဖြစ်သည်။

စူးချန်ကဲ၏ လက်ဝါးထဲမှ ဝါးမျိုခြင်းစွမ်းအားများ ပို၍ အားကောင်းလာသည်နှင့်အမျှ ဖုန်းမုရှင်း၏ ခန္ဓာကိုယ်မှ တောက်ပသော အနီရောင်မီးတောက်များသည် ကြာနီမီးလျှံကဲ့သို့ တဟုန်းဟုန်း တောက်လောင်ကာ ထွက်ပေါ်လာသည်။

“ စူးချန်ကဲ!!!”

ဖုန်းမုရှင်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ ငါရဲ့ ထာဝရမီးလျှံကို ပြန်ပေး!!”

“ဟာသပဲ”

စူးချန်ကဲက ရယ်သည်။

“ ငါ့လက်ထဲရောက်လာတဲ့ ပစ္စည်းကို ပြန်ပေးဖို့ အကြောင်းပြချက်ရှိလို့လား?”

စူးချန်ကဲ၏ စကားအဆုံးတွင် ၊

ဝုန်း!ဝုန်း!ဝုန်း!

ရုတ်တရက် တောက်ပသော အလင်းတန်းငါးခုသည် ကောင်းကင်မှ ထွက်ပေါ်လာသည်။

အမှန်စင်စစ် အဆုံးမဲ့လမ်းသို့ ပို့ဆောင်ခံရချိန်တွင် တစ်ဦးစီတိုင်းက ၎င်းတို့ ဘိုးဘေးများ၏ အရိပ်ကို ဆင့်ခေါ်ခဲ့ကြသည် ။

ဖြာထွက်နေသော နေရောင်ခြည်ကဲ့သို့ လွန်စွာ တောက်ပပေသည်။

တစ်ချိန်တည်းမှာပင်၊ နတ်နဂါး တစ်ကောင် ဆင်းသက်လာသကဲ့သို့ တစ်ဟုန်ထိုး ဝင်ရောက်လာသော နဂါးစွမ်းအင်တစ်ခု ရှိသည်။

နောက်ထပ် မိုးခြိမ်းသံတစ်ခု ထပ်မံ ဖောက်ထွင်းဝင်ရောက်လာခဲ့ပြီး ကမ္ဘာကြီးကို စိုးမိုးထားသည်။

ကျန်နှစ်ခုသည် မှင်ကဲ့သို့ မဲနက်ပြီး အေးစက်သော အမှောင်စွမ်းအားများသည် နေရာအနှံ့ လွှမ်းမိုးထားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကြီးကျယ်ခမ်းနားသော မီးတောက်မီးလျှံများထဲတွင် အဖိုးအိုတစ်ဦး ထွက်ပေါ်လာပြန်သည်။

“ ဘိုးဘေး!”

ဖိနှိပ်ခံထားရသော ဖုန်းမုရှင်းသည် ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် အလွန် ပျော်ရွှင်သွားသည်။ ၎င်းတို့သည် သူမတို့၏ ဘိုးဘေးများပင် ဖြစ်သည်။

“ စူးချန်ကဲက ကျွန်မတို့ဖီးနစ်မျိုးနွယ်စုရဲ့ အဖိုးတန်ဆုံး ရတနာကို သိမ်းသွားတယ် ၊ ကျေးဇူးပြုပြီး ဘိုးဘေး ဆုံးဖြတ်ပေးပါဦး!”

ဖီးနစ်မျိုးနွယ်စု၏ ဘိုးဘေး သည် ထိုစကားကို ကြားပြီးနောက် သက်ပြင်းရှည် ချမိသည်။ ဖုန်းမုရှင်းသည် သူတို့၏ ဆက်ခံသူ တစ်ယောက်ဖြစ်သော်လည်း ယခု ဤအပြုအမှုသည် တခြားမျိုးနွယ်စု၏ ဘိုးဘေးများရှေ့ သူ့ကို မျက်နှာပျက်စေသည်။

သူသည် စူးချန်ကဲကို ကြည့်ပြီး ပြောလိုက်သော အသံသည် ဥပဒေတစ်ခု ပဲ့တင်ထပ်သွားသလိုပင်။

“ ချန်ကဲ ဆက်ခံသူက အမှန်တကယ်ပင် ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ် ၊ ကျွန်တော့် အကူအညီကို လက်ခံပေးလိုသော သဘောအားဖြင့် ဒီကိစ္စကို ဒီမှာတင် ထားပေးနိုင်မလား”

တခြား အင်အားစုကြီးလေးခု၏ ဘိုးဘေးများကလည်း တယောက်ပြီး တယောက် “ဖိအား” ပေးလာသည်။

“ငရဲနန်းတော်က လူတွေကို မင်း အလွတ်ပေးမယ်ဆိုရင် ရှုံချီ သေဆုံးမှုနဲ့ ပတ်သက်ပြီး ငါ လျစ်လျူရှုပေးမယ်!”

“ ငါ့ မြေအောက်ကမ္ဘာက အောက်ကျုံယန်အပေါ် အလုံးစုံ မြှုပ်နှံပြီး ပျိုးထောင်ပေးခဲ့တာ အခု သူ သေသွားတဲ့အပေါ် ချန်ကဲ ဆက်ခံသူအနေနဲ့ ဖြေရှင်းချက်ပေးသင့်တယ် မဟုတ်လား!?”

“ဟမ်! မင်း ငါ့ရှေးနဂါးမျိုးနွယ်စုဝင် လုံဟောက်ကို သတ်ခဲ့တဲ့အပေါ် မင်း ဖြေရှင်းချက် မပေးနိုင်သရွေ့ ဒီကနေ ထွက်သွားဖို့မစဉ်းစားနဲ့!”

“ စူးချန်ကဲ! ရှေးဟောင်းမန်နျုံမျိုးနွယ်စု ရဲ့ ဆက်ခံသူ နျုံမိုထျန်းကို သတ်ခဲ့တဲ့အတွက် မင်း တန်ကြေး ပေးဆပ်ရမယ်!”

အင်အားစုကြီး ငါးခု၏ ဘိုးဘေးများသည် တစ်ချိန်တည်းတွင် ဖိနှိပ်စွမ်းအားများ ထုတ်လွှတ်လေရာ ၊ ဤကြောက်မက်ဖွယ်ရာ ဖိနှိပ်မှုသည် ကမ္ဘာတစ်ခုလုံးကို တုန်ခါသွားစေသည်။

“ ဒီလူအိုကြီးတွေ!”

အမှောင်ထဲတွင် ပုန်းနေသော မော့ရန်ရှီးသည် ဒေါသတွေအပြည့်ဖြင့် ကြည့်နေသည်။ ၎င်းတို့သည် လျှို့ဝှက်နည်းလမ်းကို အသုံးပြုကာ စိတ်ဝိညာဉ်စည်းတံဆိပ်မှ တဆင့် သူမ၏ အစ်ကိုကို အနိုင်ကျင့်နေကြသည်။

သို့သော်လည်း သူမသည် ဝင်မစွက်ခဲ့ပေ။ ဖိနှိပ်မှု၏ ဗဟိုချက်တွင်ရှိနေသော စူးချန်ကဲသည် လက်ကို နောက်ပစ်ကာ အေးအေးဆေး‌ဆေး ရပ်နေသောကြောင့် ဖြစ်သည်။

သူ့အမူအရာသည် တဖက်လူအား လုံးဝဂရုမစိုက်သည့်အတိုင်း။

နောက်‌ဆုံးတော့ စူးချန်ကဲဘက်မှ စကားပြောလာသည်။

“အမှန်ပဲ ၊ ကျုပ် ခင်ဗျားတို့ရဲ့ မျိုးဆက်တွေကို သတ်ပစ်တဲ့အပေါ် ဖြေရှင်းချက်ပေးရမယ်”

ထိုစကားများသည် ဘိုးဘေးငါးဦးလုံးသာမက အနီးနားရှိ တပည့်များပင် အနည်းငယ် စိတ်ရှုပ်သွားစေသည်။

စူးချန်ကဲက လွယ်လွယ်နဲ့ အရှုံးပေးလိုက်ပြီလား!?

သို့ဆိုတောင် ဤအပြုအမှုသည် အဓိပ္ပာယ်ရှိပေသည်။ဘိုးဘေးငါးဦိးလုံး ရောက်ရှိလာသောကြောင့် သူ့မာနကို ချိုးနှိမ့်ထားဖို့ လိုပေတော့မည်။

ထိုအချိန်တွင် စူးချန်ကဲ၏ ကျယ်လောင်သောအသံကို ထပ်မံ ကြားလိုက်ရသည်။

“အရင်ဆုံး၊ ရှေးဖီးနစ်မျိုးနွယ် ခင်ဗျားရဲ့ မျိုးဆက်တွေက တကယ်ကို အားနည်းလွန်းတယ် ၊ စိတ်မပူနဲ့၊ ကျုပ် သူမဆီက အဖိုးတန်တာ ထုတ်ပြီးတာနဲ့ သတ်ပေးမယ်”

“ရှေးနဂါးမျိုးနွယ်စုကတော့? ငယ်သူကို အနိုင်ကျင့်တဲ့ လူအိုကြီးတွေ အတော်များသကိုး ၊ ကျုပ်သတ်ပစ်တော့ရော ဘာဖြစ်လဲ?”

“ ခင်ဗျားက ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းက ဘိုးဘေးလား? ခင်ဗျားမှာ နောက်ထပ် အမွေဆက်ခံသူတွေ ရှိသေးလား ကျုပ် အကုန်ရှင်းပစ်ပေးမယ် ၊ ပြီးတော့ အဘိုးကြီး ခင်ဗျားကတော့ အကြီးတစ်ယောက်ဖြစ်ပြီး အငယ်ကို အနိုင်ကျင့်နေတာ ရှက်စရာပဲ!’

“ ခင်ဗျားတို့က မြေအောက်ကမ္ဘာနဲ့ ငရဲနန်းတော်က ဘိုးဘေးတွေမလား? ကျုပ်ဆီက ဖြေရှင်းချက်တောင်းနေသေးတယ်ပေါ့?”

နေရာတွင် ဆွံ့အသွားကြသော ဘိုးဘေးများကို လျစ်လျူရှုလိုက်ရင်း စူးချန်ကဲ၏ အသံသည် ပတ်ဝန်းကျင်တစ်ခုလုံး ပျံ့နှံ့သွားသည်။

“ လူကို ကျုပ် စူးချန်ကဲသတ်တာ ၊ သူတို့တင် မဟုတ်ဘူး “

“ ခင်ဗျားတို့ရဲ့ လက်​ကျန်​တပည့်​တွေ​ကိုလည်း သတ်ပစ်ဦးမှာ!”

“ ဒါက ကျုပ်ရဲ့ ဖြေရှင်းချက်ပဲ!”

အပိုင်း(၃၃၅): နောင်တွင် ချန်ကဲ ဆက်ခံသူနဲ့ လျို့ဝှက်နယ်မြေထဲကို မသွားမိစေနဲ့

တိတ်ဆိတ်ငြိမ်သက်နေသော နေရာတစ်ခုလုံးတွင် စူးချန်ကဲ၏ အသံသည် ပဲ့တင်ရိုက်ခတ်သွားသည်။

လူတိုင်း နေရာမှာတင် အချိန်အကြာကြီး မလှုပ်မယှက်ဖြင့် ဆွံ့အနေကြသည် ။

နားကြားများမှာလေသလား ဟု ကိုယ့်ကိုယ်ကို မယုံကြည်နိုင် ဖြစ်နေကြသည်။

“ အတင့်ရဲလိုက်တာ!!”

“ သေချင်နေတာ!!”

“ လုပ်ရဲလား!?”

ဘိုးဘေးများသည် ဒေါသတကြီးဖြင့် ပထမဆုံး တုံ့ပြန်လာကြသည်။

သူတို့အားလုံးသည် ထိပ်တန်း အင်အားစု မျိုးနွယ်ဝင်များ ဖြစ်ကြပြီး ၊ အဆုံးမဲ့ နှစ်ကာလပေါင်းများစွာကို ဖြတ်သန်းလျက် မရေမတွက်နိုင်သော အခက်အခဲများကို ကျော်ဖြတ်ကာ အဆုံးတွင် အထွပ်အထိပ် ပုဂ္ဂိုလ်များ ဖြစ်လာခဲ့ကြသည်။

မရေမတွက်နိုင်သော လူပေါင်းများစွာသည် သူတို့အား လေးလေးစားစား ဆက်ဆံကြရသည်။

ယခုတွင် ၊ သူတို့သည် အငယ်တန်းတစ်ယောက်၏ ကဲ့ရဲ့ခြင်းကို ခံနေရသတဲ့လား!?

ဒါကို ဘယ်လိုလုပ် သည်းခံပေးနိုင်မလဲ?

ဤအခိုက်အတန့်တွင် ၎င်းတို့၏ အသိစိတ်သည် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

အကျိုးဆက်များကို ဂရုမစိုက်ဘဲ စူးချန်ကဲကို နှိပ်ကွပ်ရန် လက်ကို ဝှေ့ယမ်းလိုက်သည်။

စူးချန်ကဲတွင် ဝှက်ဖဲရှိနေမည်ဆိုတောင် ကိစ္စမရှိပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့အနေဖြင့် ဆန္ဒတစ်ခုတည်းသာ ရှိသည်။ သေရင်သေပါစေ ဘာအတွက်ကြောင့် ကြောက်နေရမည်နည်း။

သို့သော် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ရင်ဆိုင်ရသည့်တိုင် စူးချန်ကဲသည် သူ့လက်ကို နောက်ပစ်လျက် အေးအေးလူလူ မတ်တပ်ရပ်နေဆဲပင်။

သူ၏ ပါးစပ်ထောင့်တွင် အပြုံးတစ်ခု ရှိနေခဲ့သည်။

တဖက်သားသည် သိုင်းကျင့်ဝတ်ကို မလိုက်နာခဲ့သည်ကို လူတိုင်း တွေ့မြင်ပြီး ဖြစ်သည်။ သို့ဖြစ်၍ မိမိအိမ်က ဘိုးဘေး ဝင်စွက်ဖက်လာသည့်အပေါ် လွန်တယ်လို့တော့ ပြောလို့မရဘူး မဟုတ်လား?

မျှော်လင့်ထားသည့်အတိုင်း၊ ကောင်းကင်ထက်ဝယ် မဟာလမ်းစဉ်၏ ကြီးကျယ်ခမ်းနားသော အသံတစ်ခု ထွက်ပေါ်လာပြီး ကမ္ဘာအရပ်ရပ်သို့ ပျံ့လွင့်သွားသည်။

“ မင်းတို့တွေ ၊ငါ တကယ်သေပြီလို့ ထင်နေလား?”

ထို့နောက်တွင် ကြီးမားသော ဖိနှိပ်စွမ်းအားများကို သွန်းလောင်းချလေရာ နိယာမတရားများ ရပ်တန့်သွားပြီး အချိန်များလည်း ရပ်တန့်သွားသည်။

ဤကြောက်မက်ဖွယ်ကောင်းသော မဟာလမ်းစဉ်၏ ဖိနှိပ်စွမ်းအားများသည် ကျုံယုံ(ငရဲကိုးထပ်)၏ နိယာမများကိုပင် တိုက်ရိုက်လျစ်လျူရှုကာ စကြဝဠာထက်မှ ရုတ်တရက် ဆင်းသက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ အင်အားစု ငါးခု၏ ဘိုးဘေးများသည် ပုံရိပ်ယောင်ကမ္ဘာထဲသို့ ရောက်ရှိသွားခဲ့သည်။

၎င်းတို့၏ အာရုံငါးပါးသည် ချိတ်ပိတ်ခံလိုက်ရပုံပေါ်သည်။

မည်သည်ကိုမှ အာရုံမခံစားနိုင်တော့ဘဲ ဗလာပြင်ထဲသို့ ရောက်ရှိသွားသလိုပင်။

သူတို့အားလုံး ထိတ်လန့်တုန်လှုပ်နေစဉ် ကြီးကျယ်ခမ်းနားသော အသံသည် ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သည်။

“ပုရွက်ဆိတ်တစ်သိုက်ကများ ခုလို မောက်မာဝံ့သလား!?”

ထိုလေသံတွင် ဒေါသသံ အနည်းငယ် ပါဝင်‌သည်။

“ဒီနေ့ မင်းတို့နောက်ကွယ်က လူအိုကြီးတွေ ဝင်စွက်ဖက်ခဲ့ရင်တောင် မင်းတို့ သေရမှာပဲ!”

သူသည် တားမြစ် စူးမိသားစုရှေ့တွင် မျက်နှာပျက်ခဲ့ရသည်။ အကယ်၍ စူးချန်ကဲ၏ မျက်နှာ (ဂုဏ်သိက္ခာ)ကို ပြန်လည်မရယူပေးနိုင်ပါက ၊

မည်သူမဆို စူးချန်ကဲကို အနိုင်ကျင့်လို့ ရပေမည် ဟု လူတိုင်း ထင်ကြပေတော့မည်။

ဒီလိုသာဆို သူတို့ ကွေးယွမ်အမတဂိုဏ်းက အမတနယ်မြေမှာ ဘယ်မျက်နှာနဲ့ နေရတော့မလဲ!?

တစ်ချိန်တည်းမှာပင် ၊ ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့်

မဟာလမ်းစဉ်၏ စွမ်းအားသည် အဆုံးမဲ့ ပျက်သုန်းခြင်းများနှင့် ပြည့်နေသကဲ့သို့ တစ်ဖန် ပြောင်းလဲသွားသည်။

ထိုဘိုးဘေးများသည် ယခင်က မော်ကြွားလွန်းသော မာနတရားများကို လုံးဝ ဆုံးရှုံးလိုက်ရပြီး အဆုံးမဲ့ ကြောက်ရွံ့မှုက အစားထိုး ဝင်ရောက်လာခဲ့သည်။

ခမ်းနားထည်ဝါသော ဤရောင်ဝါ၏ ရှေ့တွင်၊ မိမိတို့သည် အမှန်တကယ်ပင် သေးငယ်သွားသလို ခံစားလိုက်ရသည်။

သေးငယ်သော ဖုန်မှုန့်များသည် စကြဝဠာအတွင်းရှိ အကန့်အသတ်မရှိသော ကြယ်များကို ပထမဆုံး မြင်တွေ့လိုက်ရသလိုပင်။

“ လူကြီးမင်း! ဒါ နားလည်မှုလွဲသွားတာပါ”

စူးချန်ကဲကို တိုက်ခိုက်ရန် ဦိးစွာ လှုပ်ရှားခဲ့သည့် ရှေးမန်နျုံ မျိုးနွယ်စု၏ ဘိုးဘေးက အရင် လက်နက်ချကာ ဒူးထောက်ရန်ဟန်ပြင်လိုက်သည်။

“လူကြီးမင်း...လူကြီးမင်း...ခွင့်...ခွင့်...”

သို့သော် ကြီးကျယ်ခမ်းနားသော ရုပ်သွင်သည် အေးစက်စွာ နှာမှုတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ၊ ကြီးမားသော လက်ဖဝါးကြီးသည် လူငါးဦးပေါ်သို့ တိုက်ရိုက် ဖိချပစ်လိုက်သည်။

တခဏချင်းမှာပဲ ဘိုးဘေးငါးဦး၏ အရိပ်များသည် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ၊

၎င်းတို့၏ ခန္ဓာအစစ်အမှန်သည် ရုတ်တရက် နိုးထလာသည်။

တစ်ချိန်တည်းမှာပင် သူတို့သည် စကားတစ်ခွန်းကို ထိတ်လန့်စွာ ဆိုခဲ့သည်။

“ လုံးဝ...!”

သို့သော် သူတို့သည် စကားနှစ်လုံးတည်းကိုသာ ထုတ်‌ပြောနိုင်ခဲ့သည်။

ထိုကြောက်စရာကောင်းသော စွမ်းအားသည် ၎င်းတို့၏ မူလခန္ဓာကိုယ်ကိုပင် ခြေရာခံနိုင်ခဲ့ပြီး၊ အဖျက်စွမ်းအားများသည် သူတို့ထံသို့ ရုတ်တရက် ကျရောက်လာသည်။

ချက်ချင်းဆိုသလို ဘိုးဘေးငါးဦးစလုံးကို လုံးဝ သုတ်သင်ပစ်ခဲ့သည်။

ဤဖြစ်စဉ်သည် အင်အားစုကြီး ငါးဖွဲ့ကို အထိတ်တလန့် ဖြစ်သွားစေသည်။

“ ဒါဘယ်လိုဖြစ်တာလဲ ၊ ငါတို့အင်အားစုရဲ့ ဘိုးဘေးက ဘာလို့ ရုတ်တရက် သေဆုံးသွားတာလဲ?”

သို့သော် နောက်ဆက်တွဲ အဖြစ်အပျက်က သူတို့ကို ပို၍ ကြောက်လန့်သွားစေသည်။

မည်သို့ပင် တွက်ချက်ပါစေ ၊အကြောင်းပြချက်ကို မှန်းဆ၍ မရခဲ့ချေ။

ရှေးနဂါးမျိုးနွယ်စုမှာမူ နှစ်ကြိမ်တိုင်တိုင် ဂိုးသွင်းခံလိုက်ရသောကြောင့် အတော်လေး ထိတ်လန့်နေကြသည်။

နေ့တစ်ဝက်‌တောင် မပြည့်သေးခင် ၊ ရှေးနဂါးမျိုးနွယ်စု၏ ထိပ်တန်း ဘိုးဘေးနှစ်ဦးမှာ တယောက်ပြီး တယောက် သေဆုံးသွားခဲ့သည်။

“ထပ်ပြီး ‘လုံးဝ’...?”

“လူသတ်ကောင်နဲ့ ပတ်သတ်နေတာ ဖြစ်နိုင်မလား?”

“အားးးး! လူကို အနိုင်ကျင့်လွန်းတယ် ၊ ကွေးယွမ်က ငါ့ နဂါးမျိုးနွယ်စုရဲ့ ဘိုးဘေးတွေကို သတ်ဖို့ ရတနာကျိန်စာလက်နက် တစ်ခုခုကို သုံးခဲ့တာ ဖြစ်မယ်!”

အနီးနားတွင် ရပ်နေကြသော ရှေးနဂါးမျိုးနွယ်ဝင် ဘိုးဘေးတို့၏ အမူအယာတို့သည် အတော်လေး ဒေါသထွက်နေကြပုံရသည်။

“ ဒါကို လက်စားမချေနိုင်သရွေ့ ငါ နဂါးမျိုးနွယ်ဝင် မဟုတ်ဘူး “

သူတို့၏ အမြင်အရ၊ ကွေးယွမ်သည် သူ၏ ရှေးနဂါးမျိုးနွယ်ဝင် ဘိုးဘေးနှစ်ဦးကို မကောင်းသော မှော်အတတ် တစ်ခုခုကို သုံး၍ သတ်ခဲ့သည်ဟု ယူဆခဲ့သည်။

အမြင့်ဆုံး စွမ်းအားရှင်တစ်ဦး ဝင်ရောက်စွက်ဖက်သည် ဟု ‌ဆိုရအောင်ကလည်း ၊

ယနေ့ကမ္ဘာတွင် ဤမျှလောက် အစွမ်းထက်သော ပုဂ္ဂိုလ်မျိုး မည်သို့ရှိနိုင်မည်နည်း။

နှစ်ပေါင်းများစွာ တိုးတတ်လာခဲ့သည်နှင့် အလျောက် ၊ အဆုံးတွင် မတည်မြဲခြင်း နိယာမတရားများကို တွေ့ကြုံခံစားရပြီးနောက်တွင် ထိုကဲ့သို့ တန်ခိုးကြီးမားသော စွမ်းအားရှင်တို့ ပျောက်ကွယ်သွားသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ဒီလောက်ထိ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေ အသက်ရှင်နေတုန်းတဲ့လား?

ဒါ လုံးဝ အဓိပ္ပာယ်မရှိဘူး!

…….

အဆုံးမရှိသော ကြယ်တာယာ ကောင်းကင်၏ အနက်ရှိုင်းဆုံး နေရာတွင် ၊

အားလုံးပြီးဆုံးသွားပြီးနောက် ၊

တိုက်မြေ သုံးထောင်ကို စောင့်ကြည့်နေသော မျက်ဝန်းတစ်စုံသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

သို့သော် သူ၏ သက်ပြင်းချသံကိုသာ ကြားလိုက်ရသည်။

“အင်း... ဒီကမ္ဘာငယ်လေးရဲ့ ကိစ္စတွေမှာ ထပ်ပြီး ဝင်စွက်ဖက်လို့ မဖြစ်တော့ဘူး”

“ အဲ့လူအိုကြီးတွေက ငါ့ရဲ့ ကွေးယွမ်အမတဂိုဏ်းကို ထပ်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်နေဦးမယ် “

“ အဲ့ကောင်တွေက စိတ်ပုတ်တယ် ၊ ဒါကို အသုံးချပြီး ငါ့ ကွေးယွမ်အမတဂိုဏ်းအပေါ် ထိခိုကိအောင် လုပ်ကြဦးမယ် ...”

“ ချန်ကဲ ... မင်း မြန်မြန် သန်မာလာရမယ်...*

တားမြစ် စူးမိသားစုနှင့် တူညီသော စကားလုံးများကို ပြောဆိုပြီးနောက် ၊ ထိုရုပ်သွင်မှာ ပျောက်ကွယ်သွားခဲ့သည်။

……

ကျုံယုံ(ငရဲကိုးထပ်) ကမ္ဘာတွင် ၊

အင်အားစုကြီး ငါးခု၏ တပည့်များသည် ဗလာကျင်းနေသော ကောင်းကင်ကြီးကို ငေးကြည့်နေကြပြီး အားလုံး မှင်တက်သွားကြသည်။

“ဘိုးဘေးတွေက...”

“သူတို့ ထွက်​​ပြေးသွားတာလား...?”

သူတို့ နှလုံးသားထဲက ကြောက်ရွံ့မှုကို မည်သည့်စကားလုံးနှင့် ဖော်ပြရမည်ကိုပင် မသိတော့ချေ။

ဤဘိုးဘေးများသည် ထာဝရ အင်အားစုများ၏ ထိပ်တန်း ဖြစ်တည်မှုများ ဖြစ်ကြသည်။

အခု ဘာအကြောင်းပြချက်မှ မရှိဘဲ ထွက်ပြေးသွားသတဲ့လား?

“ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ငါတို့ဘိုးဘေးက ဧကရာဇ်မင်းအဖြစ် နေထိုင်လာခဲ့တာ နှစ်ပေါင်းမရေမတွက်နိုင်အောင်ပဲ...”

ဖုန်းမုရှင်းသည် မယုံနိုင်လောက်အောင် ဖြစ်နေပြီး ၊ သူမတစ်ကိုယ်လုံး တုန်ယင်နေသည်။ဤမြင်ကွင်းသည် သူမ၏ နားလည်နိုင်စွမ်းထက် လုံးဝကျော်လွန်သွားသည်မှာ ထင်ရှားသည်။

“ ဘယ်သူ့မှာလည်း နောက်ခံကောင်းကောင်း မရှိလို့လဲ?”

စူးချန်ကဲသည် ဖုန်းမုရှင်း၏ ခန္ဓာကိုယ်မှ ထာဝရမီးတောက်ကို လုံး၀ စုပ်ယူလိုက်ပြီး ပြုံးပြုံးလေး ပြောလိုက်သည်။

“ဂုဏ်ယူပါတယ် မင်းသွားလို့ရပြီ”

ထိုစကားများသည် ဖုန်းမုရှင်း၏ နှလုံးသားတစ်ခုလုံးကို ဂျိန်းခနဲ့ တုန်ခါသွားစေပြီး ၊ စကားတစ်လုံးမျှ ထွက်မလာတော့ချေ။

ဝုန်း!!

စူးချန်ကဲ၏ လက်ဝါးမှ တောက်လောင်သော ပျက်သုန်းခြင်း အလင်းတန်းများ ထွက်ပေါ်လာပြီး ၊ ထောင်ပေါင်းများစွာသော နိယာမတရားများသည် ဖုန်းမုရှင်း၏ ရုပ်သွင်ကို လုံးဝ ဝါးမျိုပစ်လိုက်သည်။

ရောင်ခြည်ဝန်းသည် တဖြည်းဖြည်း လျော့နည်းသွားသည်နှင့်အမျှ ဖုန်းမုရှင်း၏ ရုပ်သွင်သည်လည်း လုံးဝ ပျောက်ကွယ်သွားခဲ့သည် ။

ထိုအချိန်မှစ၍ ကျုံယုံ(ငရဲကိုးထပ်) ခရီးစဉ်တွင် ထာဝရ အင်အားစုကြီး ငါးခုသည် လုံးဝ ကျဆုံးသွားခဲ့လေပြီ ။

ဤအချိန်တွင်၊ စူးချန်ကဲ၏အသံသည် အရပ်ရပ်သို့ ပဲ့တင်ထပ်လျက် ။

“ ဘယ်သူ့ကိုမှ အရှင်မထားနဲ့ အကုန်သတ်!”

ကွေးယွမ် သူတော်စင် နယ်မြေမှ တပည့်တို့သည် ၎င်းတို့၏ မှော်စွမ်းအားများကို အသက်သွင်းလိုက်ပြီး တိုက်ခိုက်လေတော့သည်။

“ ဆက်ခံသူ သခင်ရဲ့ အမိန့်အတိုင်း လူတိုင်းကို သတ်!”

ဆောင်းဦးလေ၏ ဝှေ့ယမ်းမှု တစ်ချက်တွင် ကြွေလွင့်သွားသော သစ်ရွက်ခြောက်များသဖွယ် သွေးများက နေရာအနှံ့ ဖုံးလွှမ်းလို့ထားသည်။

ဤမြင်ကွင်းကို ကြည့်ရှုနေသော အင်အားစုအသီးသီးမှ တပည့်များသည် အလွန် ထိတ်လန့်သွားကြသည်။

“ ဒီတစ်ခေါက် ကျုံယုံ(ငရဲကိုးထပ်)ခရီးစဉ်ရဲ့ ရလဒ်ကို ဆုံးဖြတ်ပြီးသွားပုံပဲ! “

“ အင်အားစုကြီး ငါးခုစလုံး ဖျက်ဆီးခံလိုက်ရပြီ ချန်ကဲ ဆက်ခံသူက စစ်ပွဲကို ပြောင်းပြန်လှန်ပစ်ခဲ့တာပဲ ...ဒါက ဒဏ္ဍာရီထဲက ဆက်ခံသူသခင်ရဲ့ ပုံစံဆိုတာလား?”

“အိုင်း! ဒီတခေါက်တော့ ဟင်းချိုပဲ သောက်နိုင်တော့မယ်!”

“…”

လူတိုင်း မဲ့ရွဲ့နေကြသည်။ အခွင့်အလမ်းကောင်းများစွာ ရှိသည့် ခရီးစဉ်တိုင်း စူးချန်ကဲရှိနေသရွေ့ သူ့အပိုင်သာ ဖြစ်ခဲ့ရသည်။

သူတို့အတွက် မည်သည့်အချိန်များမှ အခွင့်အရေးကောင်း ရရှိနိုင်တော့မည်နည်း။

All Chapters