အခန်း (၃၅၃-၃၅၇)
Vol. 26 Ch. 353-357
အပိုင်း(၃၅၃): အဖျက်ဓား
ရှီစစ်၏ ခန္ဓာကိုယ်ရှိ ရောင်ဝါတို့သည် အဆုံးစွန်ထိ ရောက်ရှိလာခဲ့သည်နှင့်အမျှ တဟုန်းဟုန်း တောက်နေသော ကောင်းကင်လမ်းစဉ်၏ မှော်စွမ်းအားတို့သည် ကောင်းကင်နှင့် မြေကြီးကြား တခဲနက် ပြည့်လျှံသွားခဲ့သည်။
ထိုအချိန် ၊ ရှီစစ်သည် ဝေဟင်တွင် ရှိနေသော ကောင်းကင်လမ်းစဉ်၏ အပိုင်းအစထံသို့ သူ၏လက်နှစ်ဖက်ကို လျှက်ကာ တရိုတသေ ဆိုလိုက်သည်။
“ကျွန်တော်က ကောင်းကင်လမ်းစဉ် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ ဆယ့်လေးယောက်မြောက် အဖွဲ့ဝင် ဖြစ်ပြီး ၊ ကောင်းကင်လမ်းစဉ်ရဲ့ အမိန့်ကို လက်ခံရရှိခဲ့ပါတယ် !”
“ဒီလူက တိုက်မြေ သုံးထောင်ရဲ့ ဟန်ချက်ညီမှုကို ချိုးဖျက်မယ့်သူပါ ၊ ကျေးဇူးပြုပြီး ကျွန်တော်မျိုးအား ရန်သူကို သတ်နိုင်ရန် ကူညီပေးပါ!”
ရှီးစစ်၏ စကားကြောင့်လား မသိ။
ကောင်းကင်လမ်းစဉ်၏ အပိုင်းအစသည် ရှီစစ်၏ စကားကို ပြန်လည် တုံ့ပြန်လာသည့်အတိုင်း နတ်တန်ခိုးစွမ်းအားများ တခဲနက် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
“ကောင်းကင်လမ်းစဉ်ရဲ့ အလိုဆန္ဒအပြင် အခု ကောင်းကင်လမ်းစဉ်ရဲ့ အပိုင်းအစလည်း ပါလာခဲ့ပြီပေါ့လေ...?”
စူးချန်ကဲ၏ အကြည့်များက လွန်စွာ လေးနက်နေပြီး ၊ သူ့၏ညာလက်ကို ဆန့်ထုတ်လိုက်သည်။
လှိုင်းထန်နေသော ဓားစွမ်းအင်များက သူ၏ လက်ထဲတွင် စုဝေးလာခဲ့ပြီး ၊ ဓားသည် နဂါးတစ်ကောင်၏ ဟောက်သံအတိုင်း တုန်လှုပ်မြည်ဟည်းနေသည်။
ကောင်းကင်ဓားသည် သူ့လက်ထဲတွင် တစ်ဖန် ပြန်လည်ထွက်ပေါ်လာခဲ့သည်။
ဝီ —
တစ်ချိန်တည်းမှာပင် ၊ ကောင်းကင်လမ်းစဉ်၏ အပိုင်းအစသည် ပို၍ တောက်ပလာခဲ့ပြီး ထောင်ပေါင်းများစွာသော ကောင်းကင်လမ်းစဉ်၏ မှော်သင်္ကေတများက ၎င်းတို့၏ ပတ်ပတ်လည်တွင် အားကောင်းသော အရာတစ်ခုအဖြစ် ဝန်းရံထားသည်။
“ဟားဟား ၊ အရင်က နားလည်မှုလွဲတာတွေ ရှိခဲ့ပေမယ့် အခု ဖြေရှင်းပြီးသွားပြီ ၊ စူးချန်ကဲ မင်း သေချာပေါက် သေရမယ်!”
ရှီစစ်က ရှုးသွပ်စွာရယ်မောရင်း ဆိုလိုက်သည်။
ကောင်းကင်လမ်းစဉ် ပစ္စည်းနှစ်ခု၏ ကောင်းချီးမင်္ဂလာပေးမှုအောက်တွင် ၊ ဤနေရာတစ်ခုလုံးသည် ကောင်းကင်လမ်းစဉ် အလိုတော်ဆန္ဒ၏ ကမ္ဘာအဖြစ် ပြောင်းလဲသွားခဲ့ပုံရသည်။
စူးချန်ကဲပင် မဆိုနှင့်။ မဟာဧကရာဇ်မင်းတစ်ပါး ကြွလာခဲ့ရင်တောင်မှ ၎င်း၏ ချုပ်လှောင်မှုကို မလွဲမသွေ ခံရပေမည်။
လေထုသည် အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့ပြီး စစ်ပွဲကြီး တစ်ပွဲ တစ်ဖန်ဖြစ်ပွားတော့မည့်အချိန် ၊
နောက်မြင်ကွင်းက လူတိုင်းကို ဆွံ့အသွားစေခဲ့သည်။
ဝီ! !
ကောင်းကင်လမ်းစဉ်၏ အပိုင်းအစသည် စူးချန်ကဲရှိရာ ဦးတည်ရာဆီသို့ ပြေးသွားကာ သူ၏ အနှိုင်းမဲ့ စွမ်းအားများဖြင့် ဖုံးအုပ်ပစ်ခဲ့သည်။
အရှိန်သည် အလွန် မြန်လွန်းပေရာ လေထဲတွင် ကျန်ရစ်ခဲ့သော အရိပ်သာလျှင် မြင်တွေ့ရပေမည်။
သို့သော် စူးချန်ကဲ၏ တုံ့ပြန်မှုသည်လည်း မနှေးကွေးခဲ့သလို ချက်ချင်းဆိုသလိုပင် ပြင်းထန်သော ဓားဆန္ဒများ ထွက်ပေါ်လာခဲ့သည်။
သိူ့သော် သူ့ဓားကို မလွှဲယမ်းခင် သူ့ရင်ထဲ ရင်းနှီးသော အသံတစ်ခုကို ကြားလိုက်ရသည်
“ကိုကို...စိတ်မပူနဲ့... ကျွန်မပါ..”
ထိုစကားသံကို ကြားသည်နှင့် စူးချန်ကဲ မျက်မှောင်ကြုတ်သွားခဲ့ပြီး ၊ သူ့အမူအရာမှာ ပို၍ပင် တုန်လှုပ်သွားခဲ့သည်။
ဤအသံကို သူအရမ်းရင်းနှီးသည်။
“ မော့ရန်ရှီး...?”
စူးချန်ကဲ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့သည်။
“ မင်းက...”
မော့ရန်ရှီးသည် သူ့မျက်စိရှေ့တွင် ပျောက်ကွယ်သွားသည်ကို သူ တွေ့မြင်ခဲ့ဖူးသည် ။
သို့သော် ယခု မော့ရန်ရှီးသည် သူ့ရှေ့တွင် အဘယ်ကြောင့် ထပ်ပေါ်လာသနည်း။
သို့သော် ဤတစ်ကြိမ်တွင် သူမသည် သိပ်မရှင်းပြခဲ့ပေ။
ကောင်းကင်ဘမ်းစဉ်၏ အပိုင်းအစမှ ထွက်ပေါ်လာသော လူပုံသဏ္ဍာန်သည် စူးချန်ကဲကို ပွေ့ဖက်ထားခဲ့သည်။
တဖက်လူ၏ ရန်လိုမှုကို မခံစားရသောကြောင့် စူးချန်ကဲသည် လုံးဝမခုခံခဲ့ပေ။
မော့ရန်ရှီးမှ စူးချန်ကဲကို ပွေ့ဖက်လိုက်သည့် အခိုက်အတန့်တွင် ၊ စူးချန်ကဲ၏ စိတ်ထဲတွင် ပုံရိပ်များ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာသည်။
“ဒါက....”
သူသည် ကျုံယုံ(ငရဲကိုးထပ်)သို့ စတင်ဝင်ရောက်လာကတည်းက ၊
မော့ရန်ရှီးသည် သူ့ကို တိတ်တဆိတ် ကူညီနေခဲ့မှန်း သိလိုက်ရသည်။
သူမသည် ကောင်းကင်လမ်းစဉ်၏ စတုတ္ထမြောက် သမီးတော်တစ်ပါး ဖြစ်ခဲ့သည်။
သို့သော်လည်း သူမသည် အတွင်းစိတ်ဝိညာဉ်နတ်ဆိုး၏ အန္တရာယ်ကို မမူရုံသာမက ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့နှင့် ရန်သူလုပ်ရန် ရွေးချယ်ခဲ့သည်။
သူမသည် ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ၏ ကျားစေ့များဖြစ်သော ပါရမီရှင် အများအပြားကို ဖျက်ဆီးရန် ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ခဲ့သည်။
နောက်ဆုံးတွင် လူဝင်စားမြစ်၏ အောက်ခြေသို့ပင် ခုန်ဆင်းကာ သူမ၏ ခန္ဓာကိုယ် ကွဲအက်သွားပြီး ဝိညာဉ်တစ်ခုသာ ကျန်ရှိတော့သည့်အထိ စူးချန်ကဲအတွက် ထိုကောင်းကင်လမ်းစဉ်၏ အပိုင်းအစကို ရယူပေးခဲ့သည်။
“မင်း...”
စူးချန်ကဲ၏ မျက်ဝန်းတစ်စုံသည် အနည်းငယ်တုန်လှုပ်နေခဲ့သည်။
“ဘာလို့ ဒီလောက်ထိ ကူညီခဲ့ရတာလဲ...?”
ထိုစကားကိုကြားတော့ မော့ရန်ရှီး၏ နောက်ဆုံးလက်ကျန် ဝိညာဉ်သည် စူးချန်ကဲ၏ မျက်နှာကို နူးညံ့စွာ ပွတ်သပ်လိုက်ရင်း
သူမ၏ အသံကို နားထောင်ကြည့်ပါက ၊ အလွန်အားနည်းနေပြီမှန်း သိနိုင်သည်။
“ ဘာလို့လဲဆိုတော့...”
မော့ရန်ရှီး၏ စိတ်ခံစားချက်များသည် စူးချန်ကဲအပေါ် သက်ရောက်မှုရှိခဲ့လေသလားမသိ။
လျှပ်တပြက် ၊ သူ့ရှေ့က ကွက်လပ်သည် လှုပ်ခါသွားခဲ့ပြီး သူ၏ မျက်လုံးများက အချိန်နှင့်နေရာကို ကူးပြောင်းဖြတ်ကျော်သွားခဲ့ပုံရသည်။
ကောင်းကင်ယံတွင် နှင်းပွင့်များ ကြဲလွှင့်နေသော ဤနှင်းကမ္ဘာကြီးထဲတွင် ၊
အဖြူရောင် ဝမ်းနည်းခြင်းအဝတ်အစားကို ဝတ်ဆင်ထားသော ပိန်လှီလှီ ကလေးမလေး တစ်ယောက်သည် အုတ်ဂူတစ်ခုရှေ့တွင် ဒူးထောက်ထိုင်ကာ အဖော်ကင်းမဲ့စွာရှိနေသည်။
နှင်းများက သူမ၏ ပခုံးပေါ်တွင် ဖြူဖွေးစွာကျရောက်နေပြီး သူမ၏ ပုံစံကို ပို၍ပင် ညိုးနွမ်းအောင် ပြုစားလို့နေသည်။
ကမ္ဘာကြီး တစ်ခုလုံး တိတ်ဆိတ်နေပြီး ၊ ကျဆင်းလာသော နှင်းပွင့်များသာရှိသည်။
သို့သော် ကလေးမလေး၏ ငိုသံကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။
ဖြူဖျော့ဖျော့ လက်ကလေးများဖြင့် သူမ၏ မျက်ရည်များကို သုတ်လိုက်ရင်း ဆိုရှာသည်။
“ကိုကိုရှိတဲ့ လောကကြီးကသာ အဓိပ္ပါယ်ရှိလိမ့်မယ်..”
……
“ကမ္ဘာကြီးက ကိုကို့ မေ့သွားရင်တောင် ရှီးအာ... ဘယ်တော့မှ မမေ့ဘူး...”
ဟူး—
လေနှင့် ဆီးနှင်းပွင့်များကြား ၊ ကလေးမလေး၏ ရုပ်သွင်သည် လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်။
တစ်ချိန်တည်းမှာပင်၊ မော့ရန်ရှီးသည် ဒေဝလောကတစ်ခုလုံး လူဇာတိခံယူခဲ့သည်။
“စူးချန်ကဲ “ နှင့် တွေ့ဆုံခဲ့ဖူးသော အမှတ်တရတိုင်းကို သူမ သိပေသည်။
အချိန်သာကုန်သွားသည် ။ သို့သော် အချိန်၏ စီးဆင်းမှုကို ဆန့်ကျင်နေသော ကောင်မလေးတစ်ယောက်တော့ ရှိပေသည်...
သူမ မည်မျှကြာကြာ လျှောက်လှမ်းခဲ့လေသလဲ...
နှစ်ပေါင်းမည်မျှ ကုန်ဆုံးသွားပြီလဲဆိုတာကိုပင် မသိနိုင်တော့ချေ ။
……
“ကိုကို... နောက်တစ်ခါတော့ ကိုကို ကျွန်မကိုရှာဖို့ အလှည့်ရောက်ပြီ...”
ကွဲအက်သံ——
ထိုစကားများအပြီးတွင် ၊ မော့ရန်ရှီး၏ရုပ်သွင်သည် ကောင်းကင်ထက်က ကြယ်စင်များသဖွယ် ၊
ကောင်းကင်လမ်းစဉ်၏ အပိုင်းအစများနှင့်အတူ ပျောက်ကွယ်သွားခဲ့လေသည်။
နောက်ဆုံးတွင်၊ တံဆိပ်ခတ်ခံထားရသော စွမ်းအားတစ်ခုက ကောင်းကင်ဓား၌ နိုးထလာခဲ့ပုံရသည်။
သို့သော် စူးချန်ကဲကတော့ ဂရုမစိုက်နိုင်ခဲ့ပေ...
သူသည် ပျက်စီးနေပြီ ဖြစ်သော မော့ရန်ရှီး၏ခန္ဓာကိုယ်ကို စူးစူးဝါးဝါး စိုက်ကြည့်နေမိသည်...
“ လတ်စသတ်တော့ ဒီလိုလား...?”
မည်သူမျှ သတိမထားမိလိုက်ကြသည်မှာ ၊
စူးချန်ကဲ၏ မျက်ဝန်းတစ်စုံတွင် ရေလှိုင်းကလေးများ ရိုက်ခတ်သွားသည်ကိုပင်။
အမည်မသိနိုင်သော အကြောင်းတစ်ခုခုက ပထမဦးဆုံးအကြိမ်အဖြစ် သူ့နှလုံးသားကို နာကျင်စေခဲ့သည်။
…….
ထိုအချိန် အပြင်ဘက်၌ ၊
အားလုံးက မျက်လုံးပြူး မျက်စံပြူးဖြင့် စူးချန်ကဲဘက်ကို စိုက်ကြည့်နေကြသည် ။
ကောင်းကင်လမ်းစဉ်၏ အပိုင်းအစသည် စူးချန်ကဲနှင့် ထိတွေ့လိုက်သည့် အခိုက်တန့်မှာပင်၊ သူ့ဟာသူ ပျောက်ကွယ်သွားပြီး စူးချန်ကဲ၏ ခန္ဓာကိုယ်ဖြင့် ပေါင်းစည်းသွားသည်ကို မြင်လိုက်ရသည်။
“ဒါ...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!?”
ရှီစစ်သည် အဆုံးတွင် သူ့စိတ်ထဲက ထိတ်လန့်ကြောက်ရွံ့များသည် ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့ရချေပြီ။
“ကောင်းကင်လမ်းစဉ်ရဲ့ အပိုင်းအစက ဘယ်လိုလုပ်ပြီး ဒီကောင့်ရဲ့ ခန္ဓာကိုယ်နဲ့ ပေါင်းစည်းသွားခဲ့တာလဲ”
“ဒါက မဖြစ်နိုင်ဘူး!”
“ ဒါ စည်းမျဥ်းစည်းကမ်းနဲ့ ဆန့်ကျင်နေတယ်!”
ရှီစစ်သည် စူးချန်ကဲကို လက်ညှိုးထိုးလျက် အော်ဟစ်လေ၏။
“မင်း ဘာမှော်အတတ်ပညာတွေ သုံးခဲ့တာလဲ၊ မင်း ကောင်းကင်လမ်းစဉ်ရဲ့ အပိုင်းအစကို တကယ်ကြီး ဝါးမျိုလိုက်တယ်ပေါ့!”
“မင်း ကောင်းကင်လမ်စဉ် ရဲ့ အပိုင်းအစကို ချက်ချင်း လွှဲပေးစမ်း မဟုတ်ရင် မင်း သေ...”
သို့သော် သူစကားမဆုံးမီ ၊ ရှီစစ်သည် အလွန်ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို ခံစားမိခဲ့သည်။
ဤအလွန်အေးစက်သော သတ်ဖြတ်လိုစိတ်သည် အဆုံးမရှိသော ရေခဲလှိုဏ်ဂူထဲသို့ ချက်ချင်း ကျရောက်သွားသကဲ့သို့ လူကို အေးခဲသွားစေခဲ့သည်။
ကောင်းကင်ဘုံ(ဒေဝလောက)၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပါဝင်သည့် စူးချန်ကဲ၏ မျက်ဝန်းတစ်စုံအောက်တွေ ရှီစစ်သည် မမြင်နိုင်သော ဖိအားတစ်ခုက သူ့လည်ချောင်းကို တင်းတင်းကျပ်ကျပ် ညစ်ထားသည်ကို ခံစားလိုက်ရပြီး ၊ စကားတစ်ခွန်းမှ ဆက်မပြောနိုင်ခဲ့ပေ။
စူးချန်ကဲသည် သူ့ကိုသတ်ဖို့ တကယ်ပင် စီစဉ်ထားကြောင်း သိလိုက်ရချေပြီ။
“ငါ.. ငါ...”
ရွှမ်း! !
မည်သည့်သတိပေးချက်မှမရှိဘဲ စူးချန်ကဲ၏ ကောင်းကင်ဓားသည် ရုတ်တရက် လွင့်ထွက်သွားသည်။
“ အဖျက်စွမ်းအား ဓား!”
ဤလွဲယမ်းလိုက်သော ဓားချက်သည် ကောင်းကင်ကို ဖွင့်လှစ်လိုက်သော အလင်းတန်းတစ်ခုလိုပင်။
အဆုံးမရှိသော ဗလာနိတ္ထိ အဖျက်အလင်းများနှင့် ထောင်ပေါင်းများစွာသော ဓားစွမ်းအင်တို့သည် ဤကမ္ဘာကို ဖျက်စီးပစ်တော့မည့် မြစ်ရေအဖြစ် အသွင်ပြောင်းလဲသွားခဲ့ပြီး ၊တဟုန်းဟုန်းတောက်နေသော ဓားဒီရေလှိုင်းသည် အရာအားလုံးကို ချေမှုန်းပစ်ပေတော့မည်။
ပြောမပြတတ်အောင် ဖျက်ဆီးပစ်လေသော ဓားအမှတ်အသားသည် အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။
ကောင်းကင်ကြီးပင် နှိပ်ကွပ်ထားသော ဓားစွမ်းအင်သည် တစ်ကမ္ဘာလုံးကို လွှမ်းခြုံထားလေသည်။
အဖျက်ဓားစွမ်းအင်ပါရှိသော ကောင်းကင်စွမ်းအားနှိပ်ကွပ်မှုသည် အလွန်အားကောင်းသော ကောင်းကင်လမ်းစဉ်၏ အလိုဆန္ဒကို ဖြိုခွင်းပစ်ခဲ့ပြီး ၊ ၎င်းအနေဖြင့် ပြန်လည်တိုက်ခိုက်ရန်ပင် အစွမ်းသတ္တိမရှိခဲ့ချေ။
အရာအားလုံးသည် ဓားစွမ်းအင်၏ သုတ်သင်ခြင်းကို ခံရပေတော့မည်။
ဥပဒေများနှင့် တာအိုစည်းချက်တို့သည် ဗလာနိတ္ထိဖြစ်ခဲ့ရသကဲ့သို့။
ဤကမ္ဘာပေါ်ရှိ အရာအားလုံးသည်လည်း တိတ်ဆိတ်ငြိမ်ကျသွားလေသည်။
အပိုင်း(၃၅၄): အင်အားစုအားလုံး အခွင့်ကောင်းယူကာ တိုက်ခိုက်ကြတော့မည်
ဤအဖျက်အလင်း၌။
မူလကရိုက်ခတ်နေသော လူဝင်စားခြင်းဆိုင်ရာ လှိုင်းလုံးကြီးများသည် ဤအင်အား၏ အစွမ်းသတ္တိကို ကြောက်ရွံ့နေသကဲ့သို့ တဖြည်းဖြည်း ငြိမ်ကျသွားသည်။
အကြောင်းတရားနှင့် အကျိုးကို စင်ကြယ်စေကာ ဗလာအဖြစ်သို့ ပြောင်းလဲစေသည်။
အချိန်တစ်ခုကြာပြီးနောက် ၊
ဝုန်း——!!
ပေါက်ကွဲသံသည် ကမ္ဘာအနှံ့ ပဲ့တင်ထပ်သွားသည်။
ကောင်းကင်သို့ ဆန်တက်လာသော အဖျက်မုန်တိုင်းနှင့်အတူ ၊ အခိုးအငွေ့နှင့် ဖုန်မှုန့် ထောင်ပေါင်းများစွာတို့သည် တလိပ်လိပ် ထကြွလို့လာသည်။
နေကဲ့သို့ တောက်ပနေသော ကောင်းကင်လမ်းစဉ်၏ စွမ်းအားများကို လုံးဝပျောက်ကွယ်သွားစေပြီး ၊ အရာအားလုံးကို ဖျက်ဆီးပစ်သည့် ဓားစွမ်းအင်များက အစားထိုးဝင်ရောက်ခဲ့လေသည်။
“ငါက ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ ဆယ့်လေးယောက်မြောက် အဖွဲ့ဝင်ပဲ”
ရှီစစ်၏ နာကျည်းသံသည် တစ်ဖန် ထွက်ပေါ်လာခဲ့ပြန်သည်။
သူ၏ ကံကြမ္မာဧကရာဇ်လက်နက်သည် စူးချန်ကဲ၏ ကြောက်ခမန်းလိလိ ဓားစွမ်းအင်ကို ခုခံကာကွယ်နိုင်ခြင်းမရှိခဲ့ပေ။
ဓားစွမ်းအင်သည် သူ့ကို တင်းကျပ်စွာ ရစ်ပတ်ထားပြီး ၊ ကံကြမ္မာ ဧကရာဇ်လက်နက်သည် သူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးနေသော်လည်း သို့သော် သူ၏စိတ်ဝိညာဉ်သည် ဓား၏ ကြောက်မက်ဖွယ်စွမ်းအားကို ခံနိုင်ရည်မရှိသလောက်ပင်။
“ မင်းငါ့ကို ဒီလိုဆက်ဆံတာ! ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ က မင်းကို ခွင့်လွှတ်မှာမဟုတ်ဘူး! !”
နာကျည်းသံနှင့်အတူ ၊ ရှီစစ်သည် ပြင်းထန်သော ဓားစွမ်းအင်၏ လက်ချက်ဖြင့် လုံးလုံးလျားလျား ကွဲကြေသွားခဲ့လေပြီ။
ဧကရာဇ်လက်နက်ကို ၀တ်ဆင်ထားသော သူ၏ ကိုယ်ထည်သာပင် ကျန်ရှိတော့သည်။
……..
အားလုံးငြိမ်သက်သွားပြီးနောက်။
လူတိုင်းသည် ရှက်ကိုးရှက်ကန်းဖြင့် ကျောက်အပျက်အစီးတွေကြားမှ တွားထွက်လာကြသည်။ သူတို့ရှေ့က မြင်ကွင်းသည် သူတို့၏ရင်ကို တုန်လှုပ်သွားစေခဲ့ပြီး စကားမပြောနိုင်သည့်အထိ ဖြစ်စေသည်။
လူဝင်စားမြစ်ကမ်းတစ်ခုလုံး လုံးဝပြိုကျသွားပြီး တွင်းနက်ကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။
အဆုံးမရှိသော လူဝင်စားမြစ်ရေသည်ပင် ခမ်းခြောက်သွားပုံရသည်။
ဧကရာဇ်လက်နက်ကို ဝတ်ဆင်ထားသော ရှီစစ်သည် လူဝင်စား မြစ်ထဲတွင် မှောက်လျက်သား လဲလျောင်းနေသည်။
ဧကရာဇ်လက်နက်၏ ကာကွယ်မှုအောက်တွင် သူ၏ခန္ဓာကိုယ်သည် လူဝင်စား မြစ်ရေ၏ တိုက်စားခြင်းကို မခံရပေ။
သို့သော် အသတ်ဓာတ်မရှိတော့သည်မှာ ကြာခဲ့ပြီပင်။ သူ၏ ဝိညာဉ်သည် ပျက်သုဉ်းသွားပြီး ခန္ဓာကိုယ်မှလွဲ၍ အခြားမည်သည့်အရာမျှ မရှိချေ။
“ လူဝင်စားမြစ်ရေ... လူဝင်စားနိယာမ ..အားလုံး အငွေ့ပျံသွားပြီလား...?”
ထာဝရအင်အားစု၏ ထိပ်တန်း လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ၎င်း၏ လေသံမှာ တုန်ရီနေပြီး သူ၏ တာအိုစိတ်နှလုံးသားပင်လျှင် တုန်လှုပ်ခဲ့ရသည်။
“ပြီးတော့... ဧကရာဇ်လက်နက်ကို ဝတ်ဆင်ထားတဲ့ အဲ့ဒီလူတောင် စူးချန်ကဲရဲ့ ဓားစွမ်းအင်ကို မရပ်တန့်နိုင်ခဲ့ဘူး!”
ဤကြောက်စရာကောင်းသော မြင်ကွင်းသည် သူ့အပေါ် တွင် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ အရိပ်တစ်ခုအဖြစ် ကျန်ရစ်နေခဲ့သည်။
မျိုးဆက်ဟောင်း စွမ်းအားရှင်များပင်လျှင် ထိုသို့လုပ်ဆောင်ရန် ခက်ခဲလိမ့်မည်ဟု သူ ယုံကြည်သည်။
သို့သော် လူတိုင်း၏ ထိတ်လန့်နေသော အကြည့်များဖြင့် ရင်ဆိုင်နေရသော စူးချန်ကဲသည် အရာအားလုံးကို ကျောပေးရပ်နေဆဲသာ။
ဆံနွယ်များက ပျံလွှင့်လျက် ၊ အဖြူရောင် ဝတ်ရုံစသည် လေနှင့်အတူ ကခုန်လို့နေကာ သူသည် ကောင်းကင်ကို မော့ကြည့်နေခဲ့သည်။
သူသည် ကောင်းကင်ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့သည်။
“ ဆုံးရှုံးလိုက်ရတဲ့ ခံစားချက်ဆိုတာ ဒါလား...?”
မျှောလွင့်နေသော ဆံနွယ်များက သူ၏ မျက်နှာကို ဖုံးလွှမ်းလို့နေပေရာ သူ့အမူအယာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ၊ သူသည် သူ့ကိုယ်သူ ကြားနိုင်လောက်သည့် အသံဖြင့် စကားတစ်ခွန်းကို ရေရွတ်နေခဲ့သည်။
“ တကယ်လို့ငါသာ ပိုပြီး သန်မာခဲ့ရင်...”
“ ကောင်းခဲ့မှာပဲ”
……..
တစ်ချိန်တည်းမှာပင်။
ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့။
ကျောက်စိမ်းပလ္လင်ပေါ်တွင် ထိုင်နေသော စန်းသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။
သူ၏ မျက်လုံးများသည် မယုံကြည်နိုင်စရာများနှင့် ပြည့်နှက်နေပြီး ၊ သူ့အသံပင်လျှင် ကြောက်ရွံ့မှုများက ကြီးစိုးထားသည်။
“ရှီစစ်....”
“သေပြီ!?”
ဝုန်း!!
တစ်ချိန်တည်းမှာပင်၊ အမျက်ဒေါသများ ပါဝင်နေသော စန်း၏ စိတ်ခံစားမှုကြောင့် တိမ်ပင်လယ်ကြား မိုးခြိမ်းသံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!?”
“ရှီစီကို ကောင်းကင်လမ်းစဉ်ရဲ့ စွမ်းအားနဲ့ ကာကွယ်ပေးထားရုံသာမက ဧကရာဇ်လက်နက် နှစ်ခုရဲ့ အကာအကွယ်ကိုလည်း ရရှိထားတယ်!”
စန်း၏ ပတ်ပတ်လည်တွင် နိယာမမုန်တိုင်းများ ဆက်လက် ဖြစ်ပေါ်လို့နေကာ ၊ သူသည် အလွန် ဒေါသထွက်နေခဲ့သည်။
“ရှီစစ်ရဲ့ ခွန်အားနဲ့သာဆို သန်မာလှပေတဲ့ မဟာဧကရာဇ်မင်းကိုတောင် ကိုင်တွယ်ဖြေရှင်းဖို့ လုံလောက်တယ်!”
“ဘယ်လိုဖြစ်ပြီး ရှုံးနိမ့်ခဲ့ရတာလဲ!?”
“ ဟားဟား...”
ထိုစဉ် ဆံပင်ကျစ်ထားသော မိန်းကလေးငယ်တစ်ယောက်က အချိန်အခါမသိဘဲ ထရယ်လေသည်။
ယင်းက စန်းကို ပို၍ ဒေါသဖြစ်စေခဲ့ပြီး ၊ သူသည်ဒေါသတကြီး မေးလိုက်သည်။
“ဝူ! မင်းဘာကိုဆိုလိုတာလဲ!”
“ မင်းက ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ရဲ့ အဖွဲ့ဝင်တစ်ဦးအနေနဲ့ ခုလို ကျရှုံးတာကို ဝမ်းသာနေတာလား?!”
ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခု လှိမ့်ဆင်းလာကာ ဟင်းလင်းပြင်သည်ပင် တုန်လှုပ်မြည်ဟည်းနေသည်။
သို့သော်လည်း ဝူ ဟုခေါ်သော မိန်းကလေးငယ်သည် လုံးဝဂရုမစိုက်ဘဲ ရယ်မောကာဖြင့် ပြန်ဖြေသည်။
“ကျွန်မ ပြောဖူးတယ်လေ ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ လိုသေးတယ်လို့ ၊ အစ်ကို မအောင်မြင်တာနဲ့ တခြားသူကို အပြစ်တင်စရာလား~”
“ ဧကရာဇ်လက်နက် နှစ်ခုရှိတာတောင် စူးချန်ကဲ တစ်ယောက်ကို မကိုင်တွယ်နိုင်ဘူး ၊ တခြားသူတွေတောင် သူ့အစား ရှက်မိတယ်~”
သို့သော် ဝူ က အကြောင်းအရာကို ပြောင်းကာ ပြောဆိုလိုက်သည်။
“ဒါပေမယ့် သူ့ကို အပြစ်တင်လို့လည်း မရဘူး ၊ စူးချန်ကဲမှာရှိတဲ့ လက်နက်က အဲဒီ ဧကရာဇ်လက်နက်နှစ်ခုထက် အများကြီး ပိုအစွမ်းထက်တယ်~”
ထိုစကားကိုကြားတော့ စန်းက မျက်မှောင်ကြုတ်လိုက်သည်။
“ မင်း ဘာကိုဆိုလိုတာလဲ”
“ရှီစစ်နဲ့ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲကနေတဆင့် အစ်ကို စန်း ရှင် မထင်မိဘူးလား ၊ စူးချန်ကဲလက်ထဲက ဓားက ဟိုးရှေးခေတ်က ကျန်ရစ်ခဲ့တဲ့ ကောင်းကင်လမ်းစဉ်ဓားနဲ့ အရမ်းဆင်တူတယ်လို့ မထင်ဘူးလား”
စန်း သည် ထိုစကားကြောင့် ရုတ်တရက် ထိတ်လန့်သွားပြီး ၊ ရှီစစ် နှင့် စူးချန်ကဲတို့၏ တိုက်ပွဲဖြစ်ရပ်ကို သူ့စိတ်ထဲတွင် လျင်မြန်စွာ ပုံဖော်လိုက်သည်။
ယခင်က စူးချန်ကဲလက်ထဲတွင် ကောင်းကင်ဓား ရှိနေသည်ကို သူ မသိခဲ့ရသည့် အကြောင်းရင်းမှာ သူသည် စူးချန်ကဲနှင့် တိုက်ရိုက် ဆက်သွယ်ခွင့်မရခဲ့သောကြောင့် ဖြစ်သည်။
စူးချန်ကဲကို တိုက်ရိုက် စူးစမ်းလေ့လာခဲ့ပါက ကွေးယွမ် သူတော်စင် နယ်မြေက ဘိုးဘေးများ ၏ တုန့်ပြန်မှုကို ခံရပေမည်။
ထိုအချိန်တွင်၊ ဝူ က ပြုံးပြီး ထပ်ပြောသည်။
“ကျွန်မအမြင်အရတော့ စူးချန်ကဲ ရဲ့ဓားက ဒဏ္ဍာရီလာ ကောင်းကင်လမ်းစဉ်ဓား ဖြစ်နိုင်ချေရှိတယ်~”
“ အဲ့ရှီစစ် အသုံးမကျတဲ့ အမှိုက်က မအောင်မြင်ခဲ့ဘူးဆိုပေမဲ့ အနည်းဆုံးတော့ အသုံးဝင်တဲ့ အချက်အလက်တော့ ပေးခဲ့တာပဲ”
ဝူ က ထပ်မံပြုံးလိုက်ပြီး ။
“ပြီးတော့ စူးချန်ကဲကလည်း ကျွန်မတို့ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ရဲ့ ဧကရာဇ်လက်နက်နှစ်လက်ကို လုယူသွားခဲ့တယ်”
“အနာဂတ်မှာ၊ ကျွန်မတို့ ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်းနဲ့ပူးပေါင်းပြီး စူးချန်ကဲကို တိုက်ခိုက်ဖို့ ဆင်ခြေရှိသွားပြီ..”
“ဒါဆို ကျောက်ခဲတစ်လုံးနဲ့ ငှက်သုံးကောင်ကို ပစ်သတ်နိုင်လိုက်တာပဲ ၊ စူးချန်ကဲလက်ထဲက ကောင်းကင်လမ်းစဉ်ဓားကို သိမ်းပိုက်နိုင်သလို တစ်ချိန်တည်းမှာပဲ ကွေးယွမ် သူတော်စင် နယ်မြေကိုလည်း နှိမ်နင်းနိုင်ပြီ...”
ထိုစကားများကို ကြားပြီးနောက် စန်း၏ ဒေါသများမှာ ပျောက်ကွယ်သွားသည်။
“ ထားပါတော့လေ ၊ အနည်းဆုံးတော့ အရမ်းအရေးကြီးတဲ့ အချက်အလက်တစ်ခု ရခဲ့တာပဲ”
“ ကောင်းကင်လမ်းစဉ်ရဲ့အမွေခံအတွက်၊ ငါတို့ ရှေးကောင်းကင်လမ်းစဉ် ရေကန်က ကောင်းကင်လမ်းစဉ်ရဲ့ အလိုဆန္ဒကိုပဲ အသုံးချရတော့မှာပဲ”
စန်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ အဲ့မှာအိပ်မောကျနေတဲ့ ကံကြမ္မာကို အနှောင့်ယှက်မဖြစ်စေဖို့ပဲ မျှော်လင့်ရတော့မယ်....”
…….
တစ်ချိန်တည်းမှာပင်။
ကျုံယုံ(ငရဲကိုးထပ်)၏ ခရီးစဉ်သည် လုံးဝ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
အခွင့်အလမ်းအားလုံးကို အခြေခံအားဖြင့် ကွေးယွမ် သူတော်စင် နယ်မြေ နှင့် ယောင်ချီ သူတော်စင်နယ်မြေတို့က လက်ဝါးကြီးအုပ်နိုင်ခဲ့သည်။
မော့ရန်ရှီးကြောင့် စူးချန်ကဲသည် မင်ဖုန်းဧကရာဇ်ဘုရင် မျိုးနွယ်ဝင်များအား အခွင့်အရေး တစ်စိတ်တစ်ပိုင်းကို ပေးအပ်ခဲ့သည်။
မကောင်းဆိုးဝါးမျိုးနွယ်နှင့် မရဏ အင်အားစုအဖွဲ့များသည် လုံးလုံးလျားလျား သုတ်သင်ခံခဲ့ရသည်။
နတ်ဆိုးအင်အားစုတပ်ဖွဲ့များသည်လည်း ပြင်းထန်သော ထိုးနှက်ချက်ကို ခံခဲ့ရသည်။
ထိုသတင်းကို ကြားသိလိုက်ရချိန်၌ အင်အားစုအများအပြား၏ ဘိုးဘေးများသည် ဒေါသတကြီး ဖြစ်ခဲ့ကြသည်။
“စူးချန်ကဲ!”
“ ကွေးယွမ် သူတော်စင် နယ်မြေ!”
“လူကို အရမ်းအနိုင်ကျင့်လွန်းတယ်!!”
၎င်းတို့ရှိရာ နယ်မြေတွင် ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများ ပေါက်ကွဲထွက်ပေါ်လာသည်။
ကြီးကျယ်ခမ်းနားသော အသွင်အပြင်များ ရုတ်တရက် ပျောက်ကွယ်သွားကြပြီး ၊ အဆုံးမဲ့ရှိသော အလင်းတန်းများသည် ကွေးယွမ် သူတော်စင် နယ်မြေထဲသို့ တန်းတန်းမတ်မတ် ကျရောက်သွားသည်။
သူတို့သည် တစ်ချိန်တည်းမှာပင် ကွေးယွမ် သူတော်စင် နယ်မြေကို တိုက်ခိုက်လို့ရမည့် အခွင့်အရေးကို ရယူချင်ကြသည်မှာ ထင်ရှားပေသည်။
အပိုင်း(၃၅၅): ကွေးယွမ် သူတော်စင် နယ်မြေရဲ့ အောက်ခြေကို စူးစမ်းချင်ကြတယ်
တစ်ချိန်တည်းမှာပင် မရဏကမ္ဘာ။
ငရဲနန်းတော်။
ဘုန်း !!
တစ္ဆေစွမ်းအင်များသည် ကောင်းကင်သို့ ပျံတက်သွားပြီး ၊ ထူထပ်ပြီး နက်မှောင်သောစွမ်းအင်များသည် ထောင်ပေါင်းများစွာသော တိမ်မည်းများကို ဖြစ်ပေါ်စေခဲ့ကာ ၊ ကြီးမားကျယ်ပြန်သောဧရိယာ တစ်ဝှမ်းလုံးကို လျင်မြန်စွာ ဖုံးလွှမ်းသွားခဲ့သည်။
ထို့နောက် ချက်ချင်းပင်၊ ကောင်းကင်တွင် လူးလွန့်နေသော အမှောင်အငွေ့အသက်များကြား ကြောက်စရာကောင်းသော တည်ရှိမှု ဖြစ်သည့် အသွင်သဏ္ဍာန်တစ်ခုထွက်ပေါ်လာခဲ့သည်။
ဤအသွင်သဏ္ဍာန်ကို မြင်လိုက်ရသူတိုင်း မရေတွက်နိုင်သော ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါများသည် ၎င်းတို့၏ ဦးရေပြားမှာ ထုံကျင်လျက် ၊ စိတ်နှလုံးသားတစ်ခုလုံး အေးစက်သွားသည်ကို ခံစားလိုက်ရသည်။
ငရဲနန်းတော်၏ ရှေးသခင်!
လွန်ခဲ့သည့် နှစ်ကာလများကတည်းက ၊ ဤရှေးနန်းဆောင်သခင်သည် ငရဲဘုရင်အတိဒုက္ခဘုံတွင် သူ၏ လွန်ကဲသောမှော်အစွမ်းဖြင့် မဟာဧကရာဇ်လေးပါးကို သတ်ပစ်ခဲ့သည်။
အဆုံးတွင်၊ သူ့ကို ငရဲဘုရင်ဟုပင် ခေါ်တွင်ခဲ့သည်။
ကွယ်လွန်သွားပြီဟု ယူဆခဲ့သော ငရဲဘုရင်သည် ငရဲနန်းတော်တွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်တစ်ခုကြောင့် ယနေ့ခေတ်တွင် ပြန်လည် ပေါ်ထွက်လာလိမ့်မည် ဟု သူတို့ ထင်မထားခဲ့ပေ။
တခြားတဖက်တွင်။
မြေအောက်ကမ္ဘာ ။
တစ္ဆေစွမ်းအင်များ စုပုံနေသော သမုဒ္ဒရာပေါ်တွင် အဆုံးမရှိသော အနက်ရောင် မြူခိုးများက ဖုံးလွမ်းထားသည်။
စုတ်ပြတ်သတ်နေသော အနက်ရောင် ဝတ်ရုံဝတ်ထားသည့် ရှေးအငွေ့အသက်များ လွှမ်းမိုးထားလေသော အဘိုးအိုသည် ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း အရိပ်အယောင်များ ပါဝင်သည့်အကြည့်များနှင့်အတူ မက်မွန် သစ်သား ချိုင်းထောက်ကို အမှီပြုလျက် လျှောက်လှမ်းလာသည်။သူ၏ ခြေအစုံအောက်တွင် အဆုံးမရှိသော သေခြင်းစွမ်းအားများက ဝန်းရံထားလျက်ရှိသည်။
မရဏကမ္ဘာ၊ ကူးတို့သူကြီး။
သူသည် ကမ္ဘာ့ကပ်ဘေးစစ်ပွဲကို တွေ့ကြုံခဲ့ဖူးပြီး တစ်ချိန်က အသန်မာဆုံးသော ပုဂ္ဂိုလ်များထဲက တစ်ယောက်ဖြစ်သည်။
သူ့လက်ထဲတွင် စုတ်ပြတ်သပ်လျက် ရှိနေသော အနက်ရောင် ချိုင်းထောက်ကို ကူးတို့ချောင်းဟု ခေါ်သည်။ သူ၏ မွေးရာပါ မှော်ပညာဖြစ်သည့် ဝိညာဉ်ကူးခြင်း သည် အလွန် သန်မာပေသည့် ထောင်ပေါင်းများစွာသော စွမ်းအားရှင်များကိုပင် ပို့ဆောင်နိုင်စွမ်း ရှိသည်။
သေသည်တိုင်အောင်၊ သူ၏ ဝိညာဉ်ကို မရဏမြစ် အနက်ရှိုင်းဆုံးအပိုင်းထိ လုံးလုံးလျားလျားပို့ဆောင်ခဲ့သည်။
ဝူ ဝူ ဝူ ——!!
တစ်ချိန်တည်းမှာပင်၊ အခြားဦးတည်ဘက် နေရာတစ်ခုတွင် အထီးကျန်ဆန်သော မှော်ပုလွေသံသည် အဆုံးမရှိသောနှစ်များ၏ တိတ်ဆိတ်မှုနှင့်အတူ လမ်းကြောင်းအရပ်ရပ်တွင် ပဲ့တင်ထပ်နေသည်။
တပ်မက်ခြောက်ပါးဗိမ္မာန် တည်ရှိရာ နေရာတစ်ဝှမ်းလုံး နတ်ဆိုးအငွေ့အသက်များဖြင့် ဖုံးလွှမ်းထားသည်။
အနက်ရောင် အဝတ်အစားကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် လှပသောမျက်နှာရှိသော်လည်း ၊ သူမတစ်ကိုယ်လုံးက အေးစက်မှုများဖြင့် ပြည့်နှက်နေသည်။
နတ်ဆိုးကမ္ဘာ ၊ တပ်မက်ခြောက်ပါးဗိမ္မာန်
လျုံ့ယွီ့နတ်ဆိုးသခင်မ
သူမသည် လွန်ခဲ့သော ကာလများစွာကတည်းက ရှေးမဟာဧကရာဇ်မင်း တစ်ပါး ဖြစ်လာခဲ့ပြီး ၊ ယခုအခါ သူမ၏ ကျင့်ကြံအဆင့်သည် နားမလည်နိုင်သော အဆင့်တစ်ရပ်ထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။လူအချို့က သူမသည် နောက်ဆုံးလက်ကျန် အမတ နယ်ပယ်သို့ ရောက်ရှိလာသည့် နတ်ဆိုးလောက၏ လူ့ဘီလူးများထဲမှ တစ်ဦး ဖြစ်သည်ဟု ထင်ကြေးပေးကြသည်။
တစ်ချိန်တည်းမှာ စွမ်းအားရှင်အများအပြား ထွက်ပေါ်လာခြင်းသည် တိုက်မြေ သုံးထောင်ရှိ သက်ရှိသတ္တဝါတို့၏ စိတ်နှလုံးကို အလွန်လေးလံစေခဲ့သည်။
သို့သော် ကိစ္စသည် ဒါနဲ့တင် မပြီးသေးမှန်း ထင်ရှားပေသည်။
ယောက်ရွှီတိုက်မြေ ။
မကောင်းဆိုးဝါးစွမ်းအင်များက လှိုင်းလေထန်အောင် လှုံ့ဆော်ပေးနေသည်။
ရှေးနဂါးမျိုးနွယ်စု ဘိုးဘွားပိုင်မြေတွင် ၊ ပေတစ်သောင်းရှည်လျားသော နဂါးသဏ္ဍာန်များသည် ကောင်းကင်သို့ ဆန်တက်နေကြသည်။
နတ်အလင်းရောင်ကဲ့သို့ အုံ့ဆိုင်းနေသော နဂါးရောင်ဝါများကြား ၊ ကြီးကျယ်ခမ်းနားသော အသွင်အပြင်တစ်ခုသည် သူ့လက်ကို နောက်ပစ်လျက် တည်ငြိမ်စွာရပ်နေသည်။
ထိုအနှီသူ၏ ထူးကဲသော စရိုက်သည် လောကအပေါ် မနှစ်မြို့ဟန်ရှိပြီး ၊ သူသည် ကောင်းကင်နှင့်မြေကြီး၏ အရှင်သခင်ကဲ့သို့သော ဂုဏ်သရေမျိုး ရှိပေသည်။
“ရှေးနဂါးမျိုးနွယ်၊ ထျန်းလုံ ချန်းခွင်!”
ခေတ်ဟောင်း လူအိုကြီး တစ်ဦးသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ငြိမ်ကျသွားသည်။သူသည် တချက်ကြည့်ရုံဖြင့် ထိုအနှီလူ၏ ဝိသေသလက္ခဏာကို အသိအမှတ်ပြုနိုင်ခဲ့သည်။
တစ်ချိန်က၊ ထျန်းလုံ ချန်းခွင်သည် ကွေးယွမ် သူတော်စင်နယ်မြေရှိ မဟာဧကရာဇ်မင်း ထျန်း နှင့် ယှဉ်ပြိုင်နိုင်သည့် တည်ရှိမှုတစ်ခုဖြစ်သည်။
အဆုံးတွင် ဧကရာဇ်ထျန်း နှင့် ကံကြမ္မာအတွက် တိုက်ပွဲဝင်ရန် မအောင်မြင်ခဲ့သော်လည်း ၊ သူ၏ အစွမ်းထက်လှသော ခွန်အားကို ဧကရာဇ်ထျန်းသည်ပင် အသိအမှတ်ပြုခဲ့ရသည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက် မည်မျှအစွမ်းထက်လာလိမ့်မလဲ ဆိုတာ စကားနှင့်ပင် ဖော်ပြ၍မရနိုင်ချေ။
တစ်ချိန်တည်းမှာပင်၊ ရှေးဖီးနစ်မျိုးနွယ်ဝင်များသည်လည်း အားမနည်းကြောင်း ပြသခဲ့သည်။
ဝုန်း ! !
ကောင်းကင်နှင့်မြေကြီးမှာ တုန်ခါလျက် ၊ စကြဝဠာကြီးသည်ပင် တုန်လှုပ်နေသည်။
ရှေးဖီးနစ်မျိုးနွယ်စု တည်ရှိရာ အရပ်တွင် ကောင်းကင်တစ်ခုလုံး လောင်ကျွမ်းသွားပြီး အနီရောင်တိမ်တိုက်များ အဖြစ်သို့ ပြောင်းလဲသွားသည်။
မီးလောင်ကျွမ်းနေသော ဥက္ကာခဲများကဲ့သို့ ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်လျက် ရှိသော မီးတောက်များသည် နေရာတိုင်းတွင်ရှိနေသည်။
ဖီးနစ်မျက်လုံးတစ်စုံသည် အနီရောင် တိမ်တိုက်များကြား ရုတ်တရက် ပွင့်လာသည်။
ထောင်ပေါင်းများစွာသော မီးလျှံများ တဟုန်ထိုး လောင်ကျွမ်းသွားပြီးနောက် နတ်ဖီးနစ်တစ်ကောင်သည် ကောင်းကင်တွင် ထွန်းတောက်ခဲ့သည်။
“အဲဒါက... နတ်ဖီးနစ် စစ်မှန်သောပုဂ္ဂိုလ်... ဟွမ်ထျန်း ဝူတောက် !”
သို့သော် ဤကိစ္စသည် ဒါနဲ့တင် မပြီးပြတ်သေးပေ။ ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်းသည်လည်း ဤအခွင့်အရေးကို လက်လွတ်လိမ့်မည် မဟုတ်ချေ။
ဝုန်း ! !
မကောင်းဆိုးဝါး စွမ်းအင်များဖြင့် စုစည်းထားသော တိမ်မည်းများကြား မိုးခြိမ်းသံများ ထောင်နှင့်ချီ ပေါက်ကွဲလျက် ကောင်းကင်ကြီးသည်ပင် အလွှာလိုက် ကွဲအက်သွားခဲ့ရသည် ။
ထောင်ပေါင်းများစွာသော မိုးခြိမ်းသံများအောက်တွင်၊ ဦးခေါင်းပေါ်တွင် ချိုကြီးတစ်စုံ ပါရှိသော ထွားကျိုင်းသော ခန္ဓာကိုယ်ရှိသည့် လူအိုကြီးတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာသည်။
ရှေးမန်နျုံမျိုးနွယ်စု၏ အကြီးအကဲ၊ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းကို အုပ်စိုးသူတွေထဲက တစ်ယောက်... မန်နျုံဟွမ်း!
……..
အင်အားကြီးမားသော ပုဂ္ဂိုလ်ခြောက်ဦးသည် မတူညီသော နေရာအသီးသီးတွင် ရှိနေသည်။
သူတို့၏ ရောင်ဝါသည် နေရာတစ်ခုလုံးကို လွှမ်းခြုံထားပြီး ၊ ထိုနေရာတွင် ရပ်ရုံမျှဖြင့် မတူညီသော ကမ္ဘာငယ် ခြောက်ခုရှိသကဲ့သို့ ကွေးယွမ် သူတော်စင် နယ်မြေ၏ ဦးတည်ရာဘက်ဆီသို့ ဖိနှိပ်ချုပ်ချယ်ထားသည်။
၎င်းတို့တစ်ဦးချင်းစီတိုင်းက ခေတ်ဟောင်း လူ့ဘီလူးကြီးများ ဖြစ်ကြပြီး ၊ လက်တချက် မြှောက်လိုက်ရုံဖြင့် အဆုံးမရှိသော စစ်ပွဲကို စတင်နိုင်ကြသည်။
သူတို့၏ ဖြစ်တည်မှုသည် ခေတ်ပြိုင် ပထမတန်းစား မဟာဧကရာဇ်မင်းကိုတောင် အနိုင်ယူနိုင်သည်။
ယခု သူတို့အားလုံးသည် ကွေးယွမ် သူတော်စင် နယ်မြေကို ဖိအားပေးရန် ပေါ်ထွက်လာကြသည်။
ကွေးယွမ် သူတော်စင် နယ်မြေသည် နက်ရှိုင်းသော အခြေခံအုတ်မြစ်ရှိကြောင်း သူတို့ သိထားကြသည်၊ ထို့ကြောင့် ဤလှုပ်ရှားမှုသည် ကွေးယွမ် သူတော်စင် နယ်မြေ၏ အောက်ခြေကို တူးဆွရန် ဖြစ်သည်။
“ဟူး... ဒီတစ်ခါတော့ ကွေးယွမ် သူတော်စင် နယ်မြေတော့ ဒုက္ခအကြီးအကျယ် ရောက်ပြီထင်တယ်”
“ဟုတ်တယ်၊ မဟာဧကရာဇ်ထက်သာလွန်တဲ့ တည်ရှိမှု ခြောက်ပါး ၊ ကွေးယွမ် သူတော်စင် နယ်မြေဆိုတောင် ဒီတစ်ခေါက်တော့ သူတို့ ခေါင်းကိုက်နေရလောက်ပြီ ထင်တယ်”
သို့သော် အချို့သောလူများက ဤသို့မထင်ကြပေ။
“ဒီကောင်တွေက တိုက်ခိုက်ဖို့ တွန်းအားပေးတာ ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ရေအနက်ကို စူးစမ်းဖို့ဆိုပေမဲ့...အဲ့တာနဲ့တင် မပြီးမှာကို စိုးရတယ် “
“အိုင်း! ဒီအကြောင်းကို သိချင်ပေမဲ့လည်း..သူတို့တွေ မတိုက်ဖို့ကို ဆုတောင်းတာက ပိုကောင်းလိမ့်မယ်... နောက်ထပ် ထာဝရ စစ်ပွဲကြီးသာ ထပ်ဖြစ်ရရင် ...”
“ တိုက်မြေ သုံးထောင်တစ်ခုလုံး ပြောင်းသလင်းခါသွားလိမ့်မယ် ...”
အခြားအင်အားစုများမှ ပုဂ္ဂိုလ်များသည် ပေမင်တိုက်မြေရှိရာ ဦးတည်ဘက်သို့ ရှုပ်ထွေးသော အမူအရာများဖြင့် ကြည့်နေကြသည်။
ကွေးယွမ် သူတော်စင် နယ်မြေ၏ အခြေခံအုတ်မြစ်သည် မည်မျှနက်ရှိုင်းသည်ကိုလည်း သူတို့ သိချင်မိသည်။
သို့သော်လည်း ဤစစ်ပွဲသည် ခေတ်ပြိုင်ကမ္ဘာကို ဖျက်စီးနိုင်သော စစ်ပွဲဟု မှတ်ယူလို့ရပေသည်။
ယောင်ချီတိုက်မြေ ။
လော့ရန်ယွီသည် ဘိုးဘွားပိုင်မြေရှေ့တွင် ဒူးထောက်လျက် ခေါင်းနှင့်မြေကို ဆောင့်ကာ တောင်းဆိုနေသည်။
“ဒီတစ်ခေါက် စူးချန်ကဲ ရဲ့ကျေးဇူးကြောင့်သာ ယောင်ချီ သူတော်စင်နယ်မြေအနေနဲ့ အခွင့်အရေးတွေ အများကြီးရနိုင်ခဲ့တာ...”
“အခု ကွေးယွမ် သူတော်စင် နယ်မြေ အခက်အခဲ ဖြစ်နေပြီ... ဘိုးဘေးတို့ ကူညီပေးဖို့ တောင်းဆိုပါတယ်...”
“ ကွေးယွမ် သူတော်စင် နယ်မြေကို ကူညီပေးပါ... စူးချန်ကဲကို ကူညီပေးပါ...!”
လော့ရန်ယွီသည် တစ်ဖန် ခေါင်းနှင့်မြေ ဆောင့်ချရန် ဟန်ပြင်လိုက်စဉ် ။
အားကောင်းသော စွမ်းအင်တစ်ခုက သူမကို တားစီးခဲ့သည်။
တစ်ချိန်တည်းမှာပင် ၊ လော့ရန်ယွီ၏ စိတ်ထဲတွင် အသံတစ်ခုထွက်ပေါ်လာသည်။
“အိုင်ယား..မင်းကတော့လေ ...ဘာမှစိတ်ပူမနေနဲ့...”
ထိုအသံတွင် နားမလည်နိုင်သော ခါးသီးမှုတစ်ခုရှိနေခဲ့သည်။
“ ကွေးယွမ် သူတော်စင်နယ်မြေက လူအိုကြီးတွေက တစ်လို့ ပြောရရင် ဘယ်သူမှ နှစ် မလုပ်ရဲဘူး “
“ဒီကောင်တွေ ကွေးယွမ် သူတော်စင် နယ်မြေရဲ့ အောက်ခြေကို သိချင်လို့ စည်းလုံးနေကြပေမဲ့ တကယ်တန်း အရေးမယူရဲဘူး...”
“ ကွေးယွမ် သူတော်စင် နယ်မြေအကြောင်း နည်းနည်းသိရုံနဲ့တင် ၊ ကွေးယွမ်ကို ပစ်မှားတာဟာ မဆင်မခြင် လုပ်ရပ်တစ်ခုဆိုတာ လူတိုင်း သိတယ် “
ထို့နောက် ၊ အသံပိုင်ရှင်သည် စကားခေါင်းစဉ်ပြောင်းလဲသွားခဲ့သည်။
ထိုပုဂ္ဂိုလ်သည် သူမ၏ အတွင်းစိတ်ကိုပင် ဖောက်ထွင်းမြင်နေရသကဲ့သို့ စူးစူးစိုက်စိုက် ကြည့်နေသလိုမျိုး လော့ရန်ယွီခံစားမိလိုက်သည်။
“ရန်ယွီ မင်းကတော့လေ...”
“ စူးချန်ကဲအတွက် နင်က ဘာဆိုင်လို့ စိတ်ပူနေတာတုန်း...”
“အာ...?”
လော့ရန်ယွီသည် ဆောလျင်စွာ ခေါင်းငုံ့လိုက်ပြီး သူမ၏ မျက်နှာပေါ်က နီမြန်းမှုများကို ဖုံးကွယ်ရန် ကြိုးစားလိုက်သည်။
“ စူးချန်ကဲ အဲ့ကောင်ကသာ ကျွန်မနဲ့ပြိုင်ဘက်ဖြစ်ထိုက်တယ်...မတော်လို့ သူ...”
သို့သော် သူမစကားမဆုံးခင် ယောင်ချီဘိုးဘွားပိုင်မြေအတွင်းက အသံသည် အဓိပ္ပာယ်ပါစွာဖြင့် သက်ပြင်းချလေသည်။
“ အိုင်း~”
“မိန်းကလေးတွေ ကြီးလာရင် ထိန်းလို့မရဘူးဆိုတာ အမှန်ပဲ ၊ ငါ မင်းကို စူးချန်ကဲကို ယူလာခိုင်းတာလေ ဘယ်လိုလုပ်ပြီး မင်းကိုယ်မင်း ပစ်ပေးလိုက်တာတုန်း?”
“ ငါ့ရဲ့ ယောင်ချီ သူတော်စင်နယ်မြေရဲ့ ဂုဏ်သိက္ခာတော့ နင့်ကြောင့် ပျက်ရချည်ရဲ့...”
အပိုင်း(၃၅၆): ငါ့ကွေးယွမ် သူတော်စင်နယ်မြေ ဆက်ခံသူရဲ့ လုပ်ရပ်ကို မင်းကို ဘာလို့ရှင်းပြရမှာလဲ
တစ်ချိန်တည်းမှာပင်၊ ကွေးယွမ် သူတော်စင် နယ်မြေရှိ ဘိုးဘွားပိုင်မြေတွင်
ကွေးယွမ် သူတော်စင်နယ်မြေ၏ ဘိုးဘေးအများအပြားသည် ဤနေရာတွင် စုရုံးနေကြသည်။
သို့သော် အင်အားစုကြီး ဖြစ်သည့် မဟာမိတ် ခြောက်ဖွဲ့သည် ၎င်းတို့၏ မျက်လုံးထဲတွင် ကလေးကစားစရာမျှသာဖြစ်ပြီး ၎င်းတို့၏ အမူအရာများမှာ အလွန်တည်ငြိမ်လျက်ရှိသည်။
“ ချန်ကဲတို့အဖွဲ့ စောနကပြန်ရောက်လာကြပြီ ၊ ဒီလူအိုကြီးတွေ ငါတို့ ကွေးယွမ် သူတော်စင် နယ်မြေကို တိုက်ခိုက်ဖို့ စည်းလုံးနေကြတာ ဒါတကယ့်ကို ဒေါသထွက်စရာပဲ”
ဖော့ကျွင်းဘိုးဘေးက အေးစက်သော လေသံဖြင့် ဆိုလိုက်သည်။
“ ငါ့အမြင်အရ၊ ငါတို့ နောက်ထပ် ထာဝရစစ်ပွဲကြီး စတင်ပြီး ဒင်းတို့ကို အပြီးအပိုင် ဖျက်ဆီးသင့်တယ်!”
“ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ကကောင်တွေလည်း ထိုနည်း၎င်းပဲ”
ပါ့ချန်ဘိုးဘေးက ဆိုပြန်သည်။
“ အဲ့ကောင်တွေက ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းကဟာတွေနဲ့ပူးပေါင်းဖို့ အလားအလာ များတယ် “
ဘိုးဘေးတော်တော်များများ သူသူကိုယ်ကိုယ် ဆွေးနွေးနေကြစဉ် ၊
အမြင့်ဆုံးပလပ်ဖောင်းပေါ်တွင် ထိုင်နေသည့် ရှေးဘိုးဘေးက ရုတ်တရက် ထဆိုလိုက်သည်။
“အခု ဧကရာဇ်လမ်းစဉ် စတော့မယ်၊ အရေးကြီးဆုံးက ချန်ကဲကို ဧကရာဇ် လမ်းကြောင်းပေါ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်စေဖို့ပဲ “
“ဒီကောင်တွေက ငါတို့ရဲ့ ကွေးယွမ် သူတော်စင် နယ်မြေကို ဝိုင်းပြီးတိုက်ခိုက်ဖို့ ကြံရွယ်နေမှတော့ “
“ဒါဆို ဘယ်လိုလူကို ပစ်မှားလို့ရမယ် ၊ ဘယ်လိုလူကို ပစ်မှားလို့မရဘူး ဆိုတာ သူတို့ကို ကောင်းကောင်းကြီး ပြပေးမယ် “
ထိုစကားသံများ၏ အဆုံးတွင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ကွေးယွမ် သူတော်စင် နယ်မြေရှိ ဘိုးဘေးများအားလုံးသည် ထိုစကားများကို ကြားလိုက်ရချိန်တွင် လေးနက်သော အမူအယာများဖြင့် ရှိနေကြပြီး သူတို့အားလုံးသည် အမြင့်ဆုံး တာအိုပလပ်ဖောင်း သုံးနေရာကို မျှော်ကြည့်လိုက်ကြသည်။
လူတိုင်း ဦးညွှတ်လျက် ။
“ ရှေးဘိုးဘေးအမိန့်ကို လိုက်နာပါ့မယ်! “
ဤသည်မှာ ကွေးယွမ် သူတော်စင် နယ်မြေမှ ပေးလိုသော ဖြေရှင်းချက်ပင် ဖြစ်သည်။
…….
အပြင်ဘက်တွင် ။
ကွေးယွမ် သူတော်စင် နယ်မြေမှ အချိန်အတော်ကြာ တုံ့ပြန်ခြင်းမပြုသည်ကို တွေ့လိုက်ရသဖြင့် ၎င်းတို့အနေဖြင့် သည်းခံနိုင်စွမ်း မရှိတော့ချေ။
တစ်ယောက်ကို တစ်ယောက် တိတ်တဆိတ် ကြည့်လိုက်ကြပြီးနောက် ၊
မန်နျုံဟွမ်းသည် စတင်ရှေ့ထွက်လာခဲ့ပြီး မိုးခြိမ်းသံအလား ထင်မှတ်ရသည့် ၎င်း၏ အော်ဟစ်သံသည် မိုင်ထောင်ပေါင်းများစွာ ပြန့်နှံ့သွားခဲ့သည်။
“ ကွေးယွမ် သူတော်စင် နယ်မြေ!”
“ မင်းတို့ သူတော်စင်နယ်မြေရဲ့ ဆက်ခံသူက ကျင့်ဝတ်ကို သွေဖယ်ပြီး ငါတို့ရဲ့ပါရမီရှင်တွေ အများကြီးကို သတ်ပစ်ခဲ့တယ်!”
“ လူကြီးတစ်ယောက်အနေနဲ့ မင်းတို့တွေ ထွက်ရှင်းပြသင့်တယ် မဟုတ်လား!?”
ထိုအသံကို ကြားလိုက်ရသည့် တိုက်မြေသုံးထောင်ရှိ လူတိုင်း ထိတ်လန့်သွားကြသည်။
၎င်းတို့သည် အဆုံးတွင် စိတ်မရှည်နိုင်တော့ဘဲ အစပြုဖို့ ဆုံးဖြတ်ခဲ့လေသလား။
သို့သော် ထိုအသံကြောင့် ဖြစ်ပေါ်လာသော အသံလှိုင်းများသည် ကွေးယွမ် သူတော်စင် နယ်မြေသို့ ချဉ်းကပ်လာသည့်အခိုက် ။
ဝီ——!!
ကွေးယွမ် သူတော်စင် နယ်မြေ၏ နက်နဲရာအရပ်မှ တောက်ပသော နတ်အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် အာကာသထဲတွင် ပျံ့နှံ့သွားသော အသံလှိုင်းသည် ရုတ်တရက် ရပ်တန့်သွားသည်။
ပြင်းထန်သော စွမ်းအားတစ်ခုကြောင့် ၎င်းသည် အေးခဲသွားကာ ရပ်တန့်နေပုံရသည်။
ဟွား--
ဤမျှအင်အားကြီးမားသော နှိပ်ကွပ်မှုအောက်တွင် ထိုအသံသည် အမှန်တကယ် ပျောက်ကွယ်သွားခဲ့ချေပြီ။
“အာကာသ(ရပ်ဝန်း) မဟာလမ်းစဉ်!”
အချို့သော ခေတ်ဟောင်း စွမ်းအာရှင်လူအိုကြီး၏ အမူအယာများသည် လေးနက်သွားသည်။
အသံကိုတောင် အေးခဲသွားစေနိုင်ပြီး၊ အာကာသတစ်ခုလုံးကိုပင် ထိန်းချုပ်နိုင်သော ဤလူ၏ စွမ်းအားသည် အလွန်ကို မြင့်မားသည် ဟု ဆိုရပေမည်။
ထိုကဲ့သို့သော စွမ်းရည်ကို ပိုင်ဆိုင်ထားသူသည် အလွန်အစွမ်းထက်သော ပုဂ္ဂိုလ်ဖြစ်သည်မှာ မလွဲမသွေပင်။
“ငါ့ကွေးယွမ် သူတော်စင်နယ်မြေ ဆက်ခံသူရဲ့ လုပ်ရပ်ကို”
“ ရှင်းပြဖို့ ဘယ်တုန်းကမှ မလိုအပ်ဘူး”
တစ်ချိန်တည်းမှာပင်၊ အဆုံးမဲ့ အာကာသတစ်ခွင်၌ မဟာလမ်းစဉ်၏ နက်ရှိုင်းသော အသံလှိုင်းများ ရိုက်ခတ်သွားပြီး ၊ အလွန်ပြင်းထန်သော ဖိနှိပ်စွမ်းအားများကို ကောင်းကင်မှ သွန်းလောင်းချလေသည်။
“မင်းကို ဘာလို့ရှင်းပြရမှာလဲ!?”
ဘုန်း !!!
ဤအခိုက်အတန့်တွင် ၊ အဆုံးမဲ့ ဖိနှိပ်စွမ်းအားများ ရုတ်တရက် ထွက်ပေါ်လာသည်။
ဤအသံနှင့်အတူ၊ မရေမတွက်နိုင်သော မိုင်များတစ်လျှောက် ပျံ့နှံ့သွားလေရာ တိုက်မြေ သုံးထောင်တစ်ဝှမ်းလုံး ပဲ့တင်ထပ်လို့သွားသည်။
လွန်စွာ ထိတ်လန့်တုန်လှုပ်နေပြီ ဖြစ်သော တိုက်မြေ သုံးထောင်ရှိ လူတိုင်းသည် ထိုစကားများကို ကြားလိုက်ရသည်နှင့် ပို၍ပင် ထိတ်လန့်သွားကြသည်။
သူတို့သည် ကွေးယွမ် သူတော်စင် နယ်မြေမှ ဖြေရှင်းချက်များကို အမျိုးမျိုးမှန်းဆခဲ့ကြသည်။
သို့သော် ကွေးယွမ် သူတော်စင် နယ်မြေ၏ ပထမဆုံးလှုပ်ရှားမှုမှာ ဤမျှကြီးစိုးပြီး တိုက်ရိုက်နည်းကို အသုံးပြုလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဤလူခြောက်ယောက်စလုံးသည် မြင့်မားသော စွမ်းရည် ၊ အင်အားတောင့်တင်းသော နောက်ခံများ ရှိကြသည့် တန်ခိုးကြီးမားသော စွမ်းအာရှင်များ ဖြစ်ကြသည်။
သို့သော် ကွေးယွမ် သူတော်စင် နယ်မြေ၏ တုံ့ပြန်မှုသည် ၎င်းတို့အား လုံးဝ အလေးအနက်မထားကြောင်း ပြသနေခဲ့သည်။
…….
အချိန်အတော်ကြာပြီးနောက်။
လိပ်သားစားလိုက်ရသော ၎င်းတို့သည် နောက်ဆုံးတွင် အသိပြန်ကပ်လာကြသည်။
T/N - လိပ်သားစား : ရှုံးနိမ့်မှုကို ခံလိုက်ရခြင်း
ပြင်းထန်သော အမျက်ဒေါသနှင့် အရှက်တရားတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲမှ ချက်ချင်းလက်ငင်း ဆောင့်တတ်လာပြီး ၊ မျက်လုံးထဲက ဒေါသမီးလျှံများသည် တဟုန်ဟုန်း တောက်လျက် ဒေါသအရှိန်ကြောင့် တစ်ကိုယ်လုံး တုန်ခိုက်နေသည်။
သူတို့၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ဖိနှိပ်စွမ်းအားများ ထွက်ပေါ်လာသည်။
သို့သော် ကွေးယွမ်၏ဘိုးဘေးသည် ဤအရာများကို မှန်းဆထားပြီးသားပင် ဖြစ်သည်။
၎င်းတို့ဘက်မှ စတင်မလှုပ်ရှားမီ ၊ အသံတစ်သံ ထပ်မံ ထွက်ပေါ်လာခဲ့သည်။
“မင်းတို့ ဒေါသထွက်နေမှန်း ငါသိတယ်”
“ဒါပေမယ့် ဒေါသမထွက်ခင် “
“ဒါ ဘာလဲဆိုတာ အရင်ကြည့်ကြည့်လိုက်ဦး”
ဒေါင်——!!
ရုတ်တရက် အလွန်ရှေးကျသော ခေါင်းလောင်းသံသည် ကွေးယွမ် သူတော်စင်နယ်မြေ၏ အနက်ရှိုင်းဆုံး အပိုင်းမှ ထွက်ပေါ်လာခဲ့ပြီး တိုက်မြေ သုံးထောင်တစ်ဝှမ်းလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။
ဝုန်း ! !
ချက်ချင်းဆိုသလို။
ကွေးယွမ် သူတော်စင်နယ်မြေရှိ ဘိုးဘွားပိုင်မြေတွင် အဆုံးမရှိသော သဘာဝ၏ ရှေးဦး ခရမ်းရောင် စွမ်းအင်များနှင့် ပရမ်းပတာ အလင်းတန်းများသည် ကောင်းကင်သို့ ဆန်တတ်သွားသည်။
ကောင်းကင်နှင့် သွယ်တန်းလိုက်သည့် အခိုက်အတန့်တွင် အလင်းရေတံခွန်များအဖြစ်သို့ အောက်သို့ ကျဆင်းလာခဲ့သည်။
“အဲဒါက…!”
မူလက ဒေါသထွက်နေခဲ့သော ရှေးခေတ်စွမ်းအားရှင် ခြောက်ဦးသည် ၎င်းတို့အပေါ် သို့ ရေအေးတစ်ပုံးကို သွန်းလောင်းလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
ဒေါသများက တစက်မကျန် ပျောက်ကွယ်သွားပြီး ၊ ယင်းအစား ခြေဖဝါးမှ ခေါင်းထိပ်အထိ ခိုက်ခိုက်တုန်သွားစေသော အအေးဓာတ်တစ်ခုက အစားထိုးဝင်ရောက်လာခဲ့သည်။
ထိတ်လန့် အံ့အားသင့်နေကြသော အကြည့်များအောက်တွင် ၊
ပမာဏများပြားလှသော ခရမ်းရောင်စွမ်းအင်များသည် အဆက်မပြတ် ရောယှက်လျက် ပြောင်းလဲဖြစ်တည်နေသည်။
နောက်ဆုံးတွင်၊ ၎င်းသည် ကြီးမားသော ရှေးဟောင်း ကြေးခေါင်းလောင်းအဖြစ်သို့ ပြောင်းလဲသွားသည်။
ကောင်းကင်ထက်ဝက်ကိုပင် ဖုံးလွှမ်းနိုင်ပုံရသော ထိုရှေးဟောင်း ကြေးခေါင်းလောင်းကြီးသည် အလွန်ကို ကြီးမားပေသည်။ ခေါင်းလောင်းကိုယ်ထည်ကို အမည်မသိပစ္စည်းဖြင့် ပြုလုပ်ထားပြီး အပေါ်တွင်ပုံစံမျိုးစုံ ထွင်းထုထားသည်။
ကြယ် ၊ နေနှင့်လ၊ တောင်နှင့်မြစ် ၊ ငှက်နှင့် သားရဲတိရစ္ဆာန်များစသည့် ပုံစံမျိုးစုံကို ထွင်းထုထားသည်မှာ မဟာလမ်းစဉ်၏ အဆုံးမရှိသော ရောင်ဝါတို့သည် ၎င်း၏ ကိုယ်ပိုင်ကမ္ဘာတစ်ခုကဲ့သို့ နဂါးငွေ့တန်းဂလက်ဆီပမာ ပျံ့လွင့်နေသည်။
မရေမတွက်နိုင်သော ရွှေဝါရောင်အစင်းလိုင်းများ၏ ရောယှက်မှုအောက်တွင် ၊ ထောင်ပေါင်းများစွာသော ပရမ်းပတာ အလင်းနှင့် ရှေးဦးစွမ်းအင်များသည် ၎င်းထံမှ ပျံ့နှံ့ထွက်ပေါ်လာသည်။
ကြီးမားသော ကြေးခေါင်းလောင်းကြီး၏ တစ်ဝိုက်တွင် ဖရိုဖရဲ မြူခိုးများ ဖြစ်ပေါ်လာခဲ့ပြီး သူ့ပတ်ဝန်းကျင်ရှိ ထိုဧရိယာတစ်ခုလုံးသည် လျှို့ဝှက်ဆန်းကြယ်သော အရာတစ်ခုအဖြစ် ပြောင်းလဲသွားသလိုပင်။
“ ဒါက ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ကံကြမ္မာဧကရာဇ်လက်နက်...”
“ ကွေးယွမ် ပရမ်းပတာခေါင်းလောင်း!!”
ချက်ခြင်းပင်၊ ထိုကြေးခေါင်းလောင်းကို မှတ်မိသူတိုင်း ကြောက်လန့်တကြား ထအော်ကြသည်။
“ဘာပြောတယ်??”
“ ဒါကို ကံကြမ္မာဧကရာဇ်လက်နက်လို့ ခေါ်လိုက်တာလား???”
အနီးအနားတွင် ရပ်နေသော အင်အားစုကြီးထဲက လူတစ်ယောက်သည် ထိုစကားကို ကြားလိုက်ရသောအခါတွင် ထိတ်လန့်သွားသည်။
ယခင်က ထာဝရစစ်ပွဲတွင် ကံကြမ္မာ ဧကရာဇ်လက်နက်ကို သူ မြင်တွေ့ဖူးသည်။ ၎င်းတွင်ပါရှိသော စွမ်းအင်သည် သာမန်ဧကရာဇ်လက်နက်များထက် ပိုမိုအားကောင်းသည်ဟု ဆိုနိုင်ပြီး အကြောင်း အကျိုးသက်ရောက်မှုနှင့် အချိန်၏ စွမ်းအားတို့လည်း ပါရှိသည်။
သို့သော် ကွေးယွမ် ရှိ ကွေးယွမ်ပရမ်းပတာ ခေါင်းလောင်းသည် သူ့ကို လုံးဝကွဲပြားသော ခံစားချက်ကို ပေးစွမ်းခဲ့သည်။
လေထဲမှာ တွဲလောင်းကျနေရုံနဲ့တင် ၊ ကောင်းကင်မှ အဆုံးမဲ့ ပရမ်းပတာ အလင်းတန်းများ ဆင်းသက်လာသည်။ ၎င်းကို ဝန်းရံထားသော ခရမ်းရောင်စဉ်များသည် ဒဏ္ဍာရီထဲက သဘာဝ၏ ရှေးဦး ခရမ်းရောင် စွမ်းအင်များ ဖြစ်မည်ကို ပြောစရာပင် မလိုချေ။
၎င်းပေါ်ရှိ မှော်သင်္ကေတများက အတိတ်နှင့် အနာဂတ်ကို ရောယှက်နေပုံရပြီး ၊ ၎င်း၏ ထွက်သက်တစ်ချက်က ကမ္ဘာကြီးကိုပင် ဖြိုခွင်းနိုင်သည် ။
ဤအရာကို ကံကြမ္မာ ဧကရာဇ်လက်နက်ဟု ခေါ်ဆိုလေသလော ?
သူ့အမြင်အရတော့ ၊ ဒဏ္ဍာရီထဲက စစ်မှန်သော အမတလက်နက်ကလည်း ဒီလိုပဲမဟုတ်ဘူးလား!
ဤကြီးကျယ်ခမ်းနားသော ရောင်ဝါကို ထိပ်တိုက်ရင်ဆိုင်ခဲ့သည့် ခေတ်ဟောင်း စွမ်းအားရှင် ခြောက်ပါးတို့သည် ပြောမပြတတ်လောက်အောင် ထိတ်လန့်သွားကြသည်။
ကိုယ့်တံတွေးကို မျိုချရင်း ဤမြင်ကွင်းကို မည်သို့ရင်ဆိုင်ရမည်ကိုပင် မသိနိုင်တော့ပေ။
တစ်ချိန်တည်းမှာပင်၊ ကွေးယွမ် သူတော်စင် နယ်မြေမှ အသံ ထပ်မံထွက်ပေါ်လာသည်။
“ကျုပ် ကွေးယွမ် သူတော်စင်နယ်မြေက တိုက်မြေသုံးထောင်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ “
“ ဒါ့ကြောင့် သေချာပေါက် တာအိုဝါဒီတွေရဲ့ ကြီးကြပ်မှုနဲ့ ဝေဖန်မှုတွေကို လက်ခံတယ် “
“ မကျေနပ်တာရှိရင် ပြောလို့ရတယ် ၊ ကွေးယွမ်အနေနဲ့ လက်ခံဖို့ သေချာပေါက် စဉ်းစားပေးမှာပေါ့”
ယခုအချိန်တွင် ဤလေသံထဲတွင် အဓိပ္ပါယ်တချို့ ပါရှိနေခဲ့သည်။
“ဘာလို့ ကိစ္စကို ဇာချဲ့နေတာတုန်း?”
ဤစကားများသည် ၎င်းတို့ကို သွေးအန်လုနီးပါး ဒေါသထွက်စေသည်။
မကျေနပ်တာရှိရင် ပြောလို့ရတယ်?
လက်ခံဖို့ စဉ်းစားပေးမယ်?
၎င်းသည် ဤအဓိပ္ပာယ်ကို အသွင်ဆောင်နေသည် မဟုတ်လော : ငါ့ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ပြသနာကို ငါ သိတယ် ၊ ဒါပေမဲ့ မပြောင်းလဲနိုင်ဘူး အဲ့တော့ ဘာဖြစ်ချင်လဲ?
ငါ့ ကွေးယွမ် သူတော်စင် နယ်မြေကို ဖိအားပေးဖို့ မင်းတို့အားလုံးက သိပ်ပြီးစည်းလုံးညီညွတ်နေတယ်ပေါ့?
ကောင်းပြီလေ ၊ ဒါဆိုလည်း ငါ့နောက်က ကွေးယွမ်ပရမ်းပတာခေါင်းလောင်း က သဘောတူလားဆိုတာ ကြည့်လိုက်ကြတာပေါ့!
အပိုင်း(၃၅၇): ခေတ်ဟောင်း စွမ်းအားရှင်ခြောက်ဦးကို ခြိမ်းခြောက်အကြပ်ကိုင်ဖို့ စီစဉ်နေသတဲ့လား
တစ်ဖက်လူ၏အပြုအမူကြောင့် သူတို့အကုန်လုံး စကားပင် ပြောမထွက်သည့်အထိ ဒေါသထွက်ခဲ့ရသည်။
သူတို့သည် စကားလုံးများစွာ ပြင်ဆင်ထားခဲ့ပါသော်လည်း ၊ ကွေးယွမ်ပရမ်းပတာ ခေါင်းလောင်း၏ ခြိမ်းခြောက်မှုအောက်တွင် ချက်ချင်းပါးစပ်ပိတ်သွားကြသည်။
လည်တွင်ဆို့နင့်ကာ ခေတ်ဟောင်းစွမ်းအားရှင်ခြောက်ဦးစလုံး စကားတစ်ခွန်းမှပင် မဟနိုင်ခဲ့ချေ။
လေထုသည် အနည်းငယ် ကသိကအောက် ဖြစ်နေပုံရသည်။
မူလက အုပ်လိုက်ချီတတ်ကာ ခြိမ်းခြောက်ခဲ့သူများသည် ချက်ချင်း ငြိမ်ကျသွားသည်။
အတွင်းစိတ်ထဲ၌ ၊
တစ်ယောက်ကို တစ်ယောက်ကြည့်ကာ လျှို့ဝှက်စွာ ဆက်သွယ်နေကြသည်။
ရှေ့သို့ထွက်ကာ ရင်ဆိုင်ဖို့ တစ်ယောက်ကိုတစ်ယောက် တိုက်တွန်းနေသကဲ့သို့ပင်။
သို့သော် မရေမတွက်နိုင်သော ခေတ်ကာလပေါင်းများစွာ နေထိုင်ခဲ့ကြသော ဤပုဂ္ဂိုလ်များသည် သူတို့၏ ဘဝကို အလွန်ပင် မြတ်နိုးကြသည်။
ကွေးယွမ် ပရမ်းပတာခေါင်းလောင်၏ ရိုက်သတ်ခြင်းကိုခံရပါက ၊ သူ့အတွက် တရားမျှတမှုကို မည်သူကများ ဆောင်ကျဉ်းပေးမည်နည်း ။
“ဟားဟား....”
ထိုအချိန်တွင်၊ မြေအောက်ကမ္ဘာမှ ကူးတို့သူကြီးက ထဆိုလေသည်။
“ ငါတို့က ဒဏ္ဍာရီလာ ချန်ကဲ ဆက်ခံသူကို လာပြီး နှုတ်ဆက်တာပါ ၊ ချန်ကဲဆက်ခံသူ ဘေးရန်ကင်းပြီး ကျန်းမာကြောင်းကို မြင်ရတော့”
“ ဒါဆိုလည်း ငါတို့ စိတ်ချပါပြီ “
ဤပြောဆိုချက်အပြီးတွင် ၊ ၎င်းတို့သည် ထိုစကားများကို နောက်ကနေ ထောက်ခံလိုက်ကြသည်။
“ဟုတ်တယ်၊ ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ချန်ကဲ ဆက်ခံသူအကြောင်းကို ကြားဖူးနေတာကြာပြီ ၊ ဒီနေ့ တွေ့လိုက်ရတော့ သူက တကယ်ကို ထူးကဲမှန်း သိလိုက်ရတယ်!”
“ ကွေးယွမ် သူတော်စင် နယ်မြေမှာ ဒီလိုဆက်ခံသူ တစ်ယောက်ရှိတာ ၊ ဒီခေတ်ရဲ့ ကံတရားက သေချာပေါက် ချန်ကဲ ဆက်ခံသူနဲ့ပဲ သက်ဆိုင်ရမယ် !”
“……”
မူလက ခြိမ်းခြောက်ရန် အုပ်လိုက်ချီတတ်လာသူများသည် ယခုအခါတွင် ‘ အထူးဂုဏ်ပြုရန် တတ်ရောက်လာကြသော ပုဂ္ဂိုလ်များ’ ဖြစ်လာကြသည်။
ယင်းက လေထုကို ပို၍ ထူးဆန်းသွားစေသည်။
သို့သော် ဤသည်မှာ ခေတ်ဟောင်းစွမ်းအားရှင် ပုဂ္ဂိုလ်ခြောက်ဦး၏ နှောင့်နှေးသော နည်းဗျူဟာတစ်ခု ဖြစ်ကြောင်း လူတိုင်းသိသည်။
ယာယီနောက်ဆုတ်ခြင်းသည် ဤကိစ္စကို လွယ်လွယ်နှင့် စွန့်လွှတ်သည် ဟု မဆိုလိုချေ။
ကွေယွမ်ဘုရားကျောင်းအတွင်း။
စူးချန်ကဲသည် သူ့လက်ကို နောက်ပစ်လျက် ကွေးယွမ်၏ နယ်မြေပြင်ပဘက်သို့ အပြုံးမပျက် ရပ်ကြည့်နေသည်။
“ဒီလူအိုကြီးတွေ ငါ့ကို တစ်ခါမှတောင် မတွေ့ဖူးတာ “
“ငါ့ကို သေလောက်အောင် ချီးမွမ်းပြနေတာ ၊ ဒါက ငါ ဧကရာဇ်လမ်းကြောင်းပေါ်မှာ တခြားအင်အားစုတွေရဲ့ ဝိုင်းဖိနှိပ်ခံရအောင် လုပ်နေတာ မဟုတ်လား?”
သို့သော် စူးချန်ကဲ အနေဖြင့် ဂရုမစိုက်ချေ။
ယခု ဧကရာဇ်လမ်းစဖွင့်လှစ်တော့မည်ဖြစ်သောကြောင့် နတ်ဆိုးတစ်သိုက် တစ်ဖန်ပြန်လည် သောင်းကျန်းလာပေတော့မည်။
…….
တစ်ချိန်တည်းမှာပင်၊ ကွေးယွမ် သူတော်စင် နယ်မြေရှိ ဘိုးဘွားပိုင်မြေ ။
ကွေးယွမ် သူတော်စင် နယ်မြေ၏ ဘိုးဘေး အများအပြားသည် ဆိုးသွမ်းသော အပြုံးများဖြင့် တစ်ယောက်ကို တစ်ယောက်ကြည့်နေကြသည်
“ အို ? အဲ့လိုဆိုမှတော့ “
ကွေးယွမ်ဘိုးဘွားပိုင်မြေမှ ထပ်မံ အသံထွက်ပေါ်လာခဲ့သည်။
“မင်းတို့အားလုံးက ငါ့ သူတော်စင်နယ်မြေရဲ့ ဆက်ခံသူထံ လာလည်ကြတာဆိုတော့ ဘာလို့ ဘာလက်ဆောင်မှ မယူလာကြတာတုန်း ?”
ထိုစကားသံအဆုံးတွင်၊ တိုက်မြေသုံးထောင်ရှိ လူတိုင်း အံ့အားသင့်သွားပြန်သည်။
ကိုယ့်ကိုယ်ကို နားကြားများမှားလေသလား ဟု ဇဝေဇဝါဖြစ်ကုန်ကြသည်။
“ကွေးယွမ် သူတော်စင် နယ်မြေက...ဒါ ခေတ်ဟောင်း စွမ်းအားရှင်ခြောက်ဦးကို ခြိမ်းခြောက်အကြပ်ကိုင်ဖို့ စီစဉ်နေတာလား?”
“ ဒီကွေးယွမ် သူတော်စင် နယ်မြေက ချန်ကဲ ဆက်ခံသူနဲ့ တစ်ပုံစံတည်းပဲ ! လုပ်ရပ်တိုင်းက အတော်ကို ဆန်းကြယ်ပါပေတယ်!”
“ ဒီလောက်ထိ အဆင်မြင့်တဲ့ ဆရာသခင်တွေကို နေ့ခင်းကြောင်တောင်ကြီး အပြစ်တင်ဝံ့တယ် ၊ ဒီလိုလုပ်ရပ်မျိုးကို ကွေးယွမ် သူတော်စင် နယ်မြေကပဲ လုပ်နိုင်လိမ့်မယ် “
“……”
လူတိုင်း၏ ရွန်းရွန်းတောက်ပနေသော အကြည့်များအောက်တွင် ၊ ဤခေတ်ဟောင်းစွမ်းအားရှင် ခြောက်ဦးသည် မည်သို့တုံ့ပြန့်မည်ကို သိချင်နေကြသည်။
တိုက်မလား?
သို့မဟုတ် အပေးအယူလုပ်ရန် ရွေးချယ်လေမလား?
“ ကွေးယွမ် သူတော်စင် နယ်မြေ..!’
“မင်းတို့ အရမ်းကြီးမလွန်ဖို့ ငါ အကြံပေးလိုက်မယ်!”
ငရဲဘုရင်၏ မျက်နှာမှာ အိုးဖင်အတိုင်း သုန်မှုန်နေပြီး ၊သူ့မျက်လုံးထဲက နာကြည်းမှုများသည် ပိုမိုပြင်းထန်လာသည်။
အကယ်၍ ဤကိစ္စကို အလျှော့ပေးခဲ့ပါက ၊ သူတို့ကိုယ်သူတို့ မျက်နှာပျက်စေရုံတင်မကဘဲ
မိမိ၏ အင်အားစုများသည်ပင် တခြားသူများ၏ ဝေဖန်တာကို ခံရပေတော့မည်။
“ ကြည့်ရတာ အပြောတမျိုး အလုပ်တမျိုး ထင်ပါတယ်!”
“ငါ့ ကွေးယွမ်ပရမ်းပတာ ခေါင်းလောင်းက ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေပြီး စိတ်ဓာတ်ကို အာဟာရဖြည့်ပေးနိုင်တဲ့ အာနိသင်လည်းရှိတယ် ၊ အဲ့တော့ အားလုံးကို ပေးသုံးခိုင်းကြည့်ပေးမယ်လေ”
“စိတ်ချ ၊ ပထမအကြိမ်အတွက် အခမဲ့ပေးသုံးခိုင်းမှာပါ “
ဒင်——!!
ရုတ်တရက်၊ ဒေဝလောကတစ်ခုလုံး ပဲ့တင်ထပ်သွားလေသော ခေါင်းလောင်းသံတချက် ထွက်ပေါ်လာခဲ့သည်။
ဝုန်း ! !
ချက်ခြင်းပင် ၊ ကွေးယွမ် ပရမ်းပတာခေါင်းလောင်းကြီးသည် ဗဟိုအဖြစ်ဖြင့် ရှိနေပြီး မရေမတွက်နိုင်သော မှော်သင်္ကေတတို့သည် ပြင်းထန်စွာ တသိမ့်သိမ့် ရိုက်ခတ်သွားကာ အဆုံးတွင် ဆူနာမီလှိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
တလိပ်လိပ် ရိုက်ခတ်နေသော လှိုင်းလုံးကြီးသဖွယ် ပေါက်ကွဲထွက်ပေါ်လာသော အသံသည် နေရာအရပ်ရပ်သို့ ပျံ့နှံ့သွားသည်။
၎င်းတို့ကြားတွင်၊ ပရမ်းပတာ အလင်းသည် အဖျက်စွမ်းအားများဖြင့် ပွင့်လန်းလာခဲ့ပြီး ၊ သဘာဝ၏ ရှေးဦးခရမ်းရောင်လေထုသည် အရာအားလုံးကို ဗလာအဖြစ်သို့ ချေမှုန်းပစ်နိုင်သကဲ့သို့ အဆုံးမရှိ စုဝေးနေသည်။
“မကောင်းတော့ဘူး!”
ထိုမြင်ကွင်းကို မြင်လိုက်ရသော ခေတ်ဟောင်း စွမ်းအားရှင်ခြောက်ဦးတို့၏ အမူအယာများမှာ သိသိသာသာ ပြောင်းလဲသွားပြီး သတိလက်လွတ် မဖြစ်ဝံ့ဘဲ အကာအကွယ်ပြုလုပ်ရန် ၎င်းတို့၏ ကိုယ်ပိုင်ကျင့်ကြံစွမ်းအားများကို အလျင်အမြန် အသက်သွင်းလိုက်သည် ။
မဟာလမ်းစဉ်၏ မှော်သင်္ကေတများသည် ရုတ်တရက် ဆင်းသက်လာခဲ့ပြီး တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ အဆုံးတွင် ၎င်းတို့ကို အကာအကွယ်အဖြစ် ဖုံးအုပ်ပေးထားသော အလင်းကန့်လန့်ကာ တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဝုန်း!!!
တစ်ချိန်တည်းမှာပင်၊ ကမ္ဘာမြေတစ်ခုလုံး တုန်ခါသွားသော အသံများ ထွက်ပေါ်လာပြီး ကောင်းကင်အလွန်က ကြယ်များကိုပင် လှုပ်ခါသွားစေသည်။
ကောင်းကင်ဘုံကိုးပါးအထက်တွင် တွဲလောင်းကျနေသော ကြယ်များသည် ဤပြင်းထန်သော စွမ်းအားကြောင့် တဖျပ်ဖျပ် ခတ်လို့နေသည်။
ဟွား၊ ဟွား ဟွား! !
ဤနောက်ဆက်တွဲဂယက်သည် မိုင်ပေါင်း သောင်းနှင့်ချီ ပျံ့နှံ့သွားခဲ့ပြန်သည်။
အဆုံးမဲ့ ပရမ်းပတာ အလင်းတန်းများသည် ကောင်းကင်၏ နက်ရှိုင်းရာမှ ဆင်းသက်လာသည်။
ထိုစဉ် လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေသည့် မြင်ကွင်းတစ်ရပ် ထွက်ပေါ်လာခဲ့သည်။
ထူထပ်ကာ လွင့်မျောနေသော တိမ်တိုက်များသည် တောက်လောင်နေသော ပရမ်းပတာ အလင်းရောင်ကြောင့် ပြိုကွဲသွားပုံရပြီး ၊ ထောင်ပေါင်းများစွာသော အလင်းတန်းများအဖြစ် ပြိုကျလာသည်။
ပရမ်းပတာအလင်းတို့သည် အကန့်အသတ်မရှိသလောက် ခရမ်းရောင်လေထုတို့မှာလည်း အဆုံးဟူ၍ မရှိ။
“ဂလု...”
စောင့်ကြည့်နေကြသော တိုက်မြေသုံးထောင်မှ လူများစွာသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ငြိမ်သက်စွာ ရပ်နေကြသည်။
ခေါင်းလောင်းသံတချက်တည်းနဲ့တင် ကောင်းကင်ဖြစ်စဉ်များကို ထိခိုက်စေနိုင်သည်။ နောက်တစ်ချက်သာ ထပ်မံမြည်တမ်းခဲ့ပါက မည်ကဲ့သို့သော ဖြစ်ရပ်များ ဖြစ်နိုင်မည်နည်း။
“ကြည့်ရရင်... ကွေးယွမ် ပရမ်းပတာခေါင်းလောင် က အခုရဲ့ ကွေးယွမ်သူတော်စင် နယ်မြေနဲ့တူတယ်... သက်တမ်းရင့်လာသမျှ ပိုပြီးသန်မာလာတယ်!”
ကွေးယွမ် ပရမ်းပတာခေါင်းလောင်သည် ကမ္ဘာ့ကပ်ဘေးတိုက်ပွဲတွင် အထင်ရှားဆုံး ရတနာတစ်ခု ဖြစ်ခဲ့သည်။
တစ်ချိန်က ကမ္ဘာ့ကပ်ဘေးတိုက်ပွဲတွင်
ကွေးယွမ် ပရမ်းပတာခေါင်းလောင်သည် အရေးပါသော အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ခဲ့သည်။
ကောင်းကင်လမ်းစဉ်၏ အတားအဆီးကို ကာကွယ်ပြီး ပြည်ပရန်သူသန်းပေါင်းများစွာကိုဖျက်ဆီးသည်။
ပထမ ခေါင်းလောင်းသံ တချက်မြည်တမ်းလိုက်သည်နှင့် ၊ သဘာဝ၏ ရှေးဦးလေထု ရောက်ရှိလာပြီး ပရမ်းပတာရောင်စဉ်များ ထွက်ပေါ်လာပေမည်။
ဒုတိယ ခေါင်းလောင်းသံ နှစ်ချက်မြည်တမ်းအပြီးတွင် ကောင်းကင်နှင့်မြေကြီးတို့သည် ပဲ့တင်ထပ်လျက် ဗလာနိတ္ထိသို့ ရောက်ပေမည်။
တတိယ ခေါင်းလောင်းသံ ထွက်ပေါ်လာက မဟာလမ်းစဉ်၏ တုန်ဟီးသံနှင့်အတူ လူဝင်စားခြင်းကို ဖြတ်ကျော်မည်။
စတုတ္ထ ခေါင်းလောင်းသံမြည်တမ်းထွက်ပေါ်လာပါက အကြောင်း အကျိုးတရားများ ပျက်သုန်းကာ သဘာဝတရား၏ မူလအစသို့ ပြန်လည်ရောက်ရှိသွားပေမည်။
…….
ဒါဆို ပဉ္စမခေါင်းလောင်းသံ ထွက်ပေါ်လာရင်ရော?
သူ မှတ်မိသလောက် ၊ မည်သူမှ မတွေ့ကြုံဖူးပေ။
မူလက တစ်လောကလုံး၏အမြင်တွင်၊ ကွေးယွမ် ပရမ်းပတာ ခေါင်းလောင်သည် ထိုကမ္ဘာ့ကပ်ဘေးစစ်ပွဲကြီးက ၎င်း၏ စွမ်းအားကို ကုန်ခန်းသွားစေကာ ငြိမ်သက်သွားခဲ့ပြီ ဟု ယူဆခဲ့ကြသည်။
သို့သော် ဤခေါင်းလောင်းသံတချက်အပြီးတွင် မည်သည့်သက်ရောက်မှုများကို သူတို့ မြင်တွေ့ခဲ့ရသနည်း။
ဒေဝလောကတစ်ခုလုံးကိုပင် ဖိနှိပ်ကြီးစိုးထားနိုင်သည့် အစွမ်းသတ္တိများကို လူပေါင်းများစွာ နောက်တစ်ဖန် မြင်တွေ့ခဲ့ရသည်။
T/N - ဒေဝလောက (ကောင်းကင်ဘုံများစွာ)
“အားလုံး စိတ်အခြေအနေကောင်းလာပြီလား”
ထိုအချိန်တွင်၊ ကွေးယွမ် ဘိုးဘွားပိုင်မြေမှ အသံ ထပ်မံထွက်ပေါ်လာသည်။
“မလုံလောက်သေးရင်၊ ကွေးယွမ် သူတော်စင် နယ်မြေက မင်းတို့အတွက် နောက်တချက် တီးပေးဖို့ ဆန္ဒရှိတယ်”
ထိုအသံကိုကြားလိုက်ရသည်နှင့် ၊ ခေတ်ဟောင်း စွမ်းအားရှင်ခြောက်ဦးစလုံး ရုတ်တရက် ထိတ်လန့်သွားကြသည်။
စောနက ခေါင်းလောင်းသံတချက်သည် သူတို့၏ဦးခေါင်းကို ထုံကျင်သွားစေသည့်အထိ လုံလောက်ပေသည်။
နောက်တစ်ကြိမ်?
ခေတ်ဟောင်းစွမ်းအာရှင် ခြောက်ဦးသည် တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်လိုက်ကြရင်း ဆုံးဖြတ်ချက် တစ်ခုကို အမြန်ချလိုက်သည်။
ဤကိစ္စသည် ရေရှည်စဉ်းစားဖို့ လိုအပ်ပေသည်။
ထျန်းလုံ ချန်းခွင်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ချက်ချင်းဆိုသလိုပဲ ရွှေရောင်နဂါးစွမ်းအင်ဖြင့် ထုပ်ပိုးထားသော အလင်းလုံးလေးသည် လေထဲကို ဖြတ်သန်းသွားပြီး ကွေးယွမ် သူတော်စင် နယ်မြေဆီသို့ ဦးတည်သွားခဲ့သည်။
“ဒါက ရှေးနဂါးမျိုးနွယ်စုအနေနဲ့ နှစ်သန်းပေါင်းများစွာ စုဆောင်းထားတဲ့ နတ်နဂါးရင်းမြစ် အရည်ပဲ ၊ ဒါကို ချန်ကဲ ဆက်ခံသူအတွက် လက်ဆောင်လို့ မှတ်ယူလိုက်ပါ “
၎င်း၏ စကားသံအဆုံးတွင် ၊ လောကတစ်ခွင် အာမေဠိတ်သံများ ထွက်ပေါ်လာခဲ့သည်။
နတ်နဂါးရင်းမြစ် အရည်!
၎င်းသည် မကောင်းဆိုးဝါးသားရဲများကို အမြင့်မြတ်ဆုံး နတ်နဂါးအသွေးအသားအဖြစ်သို့ ပြောင်းလဲပေးနိုင်ရုံသာမက၊ ၎င်းသည် လူသားကျင့်ကြံသူများ၏ သွေးကြောများကို သန့်စင်စေကာ ကျင့်ကြံမှုအပေါ် ကောင်းမွန်သော ရလဒ်ကို ရရှိစေနိုင်သည်။
ဒီလောက်တန်ဖိုးကြီးတဲ့အရာကို ထျန်းလုံ ချန်းခွင်က ကွေးယွမ် သူတော်စင် နယ်မြေကို ပေးဖို့ ဆန္ဒရှိသတဲ့လား
တစ်ယောက်က ဦးဆောင်ကာ ဤကဲ့သို့ ဆုံးဖြတ်ချက်မျိုးကို ပြုမှုခဲ့သည်ကို မြင်တော့ အခြားသော သူများကလည်း တုံ့ဆိုင်းမနေတော့ချေ။
သူတို့အားလုံးသည် လက်တချက် ဝှေ့ယမ်းလိုက်လေရာ ၊ နတ်အရာဝတ္ထုများစွာသည် ကွေးယွမ် သူတော်စင် နယ်မြေဆီသို့ ကျရောက်လာခဲ့သည်။
“ဒါက ရှေးဖီးနစ်မျိုးနွယ်စုရဲ့ ဖီးနစ်နှလုံးသားမီးတောက်ပါ၊ ချန်ကဲ ဆက်ခံသူအတွက် ကျွန်တော့်ရဲ့ လက်ဆောင်ပါ”
“ဒီ ဟေးဝမ်ကျောက်စိမ်းပုတီးစေ့က ကျွန်တော့်ရဲ့ မြေအောက်ကမ္ဘာက သေချာဂရုတစိုက် ဖန်တီးထားတဲ့ အရာပဲ၊ နေနဲ့လရဲ့ အနှစ်သာရတို့ ပါရှိတယ် ချန်ကဲ ဆက်ခံသူအနေနဲ့ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ် “
“ဒီကောင်းကင်မိုးကြိုးကတော့...”
……
ခေဆ်ဟောင်း စွမ်းအားရှင် ခြောက်ဦးသည် ၎င်းတို့၏ ‘လက်ဆောင်’များကို အသီးသီး ပေးအပ်ပြီးနောက် ၊ နောက်တဖန် ခြိမ်းခြောက်ခံရခြင်းမှ ကင်းဝေးစေခြင်းငှာ၊
အမြန်လူစုခွဲကာ ပြန်ပြေးကြလေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ၊ ကွေးယွမ် သူတော်စင် နယ်မြေသည် တိုက်မြေ သုံးထောင်ရှိ လူများအား ၎င်းတို့၏ လောကအမြင်ကို ပြန်လည်ဆန်းသစ်စေမှန်း သိနိုင်သည်။
ခေတ်ဟောင်း စွမ်းအားရှင်ခြောက်ဦးသည် တိုက်ခိုက်မှုကို မလုပ်ဆောင်နိုင်ခဲ့ဘဲ ယင်းအစား ကွေးယွမ် သူတော်စင် နယ်မြေ၏ အကျပ်ကိုင်ခြိမ်းခြောက်မှုကို ခံခဲ့ရသည်။
ဤသည်မှာ ရန်သူကို တန်ဖိုးကြီးစွာ ပေးဆပ်လိုက်ရသည်ပင် မဟုတ်လော။