← Chapters

အခန်း (၃၇၁-၃၇၅)

Vol. 27 Ch. 371-375

အခန်း (၃၇၁-၃၇၅)

Vol. 27 Ch. 371-375

အပိုင်း(၃၇၁): ကပ်ဘေးကိုးပါး အမတရှင်ဧကရာဇ်

ထိုအဖြစ်အပျက်ကို အင်အားစုအများအပြား၏ ခေါင်းဆောင်များလည်း မြင်တွေ့ခဲ့သည်။

သူတို့အားလုံးသည် လေးလေးနက်နက် သက်ပြင်းချလျက် ၊ ယုန်ကို ဆုံးရှုံးလိုက်ရသော မြေခွေးတစ်ကောင်အတိုင်း ဝမ်းနည်းပူဆွေးနေလေ၏။

“ ဒီလောက်ထိ တန်ခိုးကြီးမားတဲ့ ကွေးယွမ် သူတော်စင် နယ်မြေ ...ဆက်ခံသူကိုပါ ထည့်တွက်လိုက်ရင်...”

“ဒီခေတ်ရဲ့ ကံတရားက ပြောစရာမလိုတော့ဘူး... သေချာပေါက် စူးချန်ကဲပဲ!”

သို့သော် ထိုစကားကို မထောက်ခံသူများလည်းရှိသည်။

“ ကွေးယွမ် သူတော်စင် နယ်မြေက ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းနဲ့ ရန်ဘက်ဖြစ်ရုံတင်မကဘူး ဒဏ္ဍာရီလာ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့နဲ့လည်း ရန်ဘက်တွေလို့ ဆိုလို့ရတယ်”

“ နတ်ဆိုးကမ္ဘာက တပ်မက်ခြောက်ပါးဗိမ္မာန်ကလည်း ဒီတစ်ခေါက် ဝင်မပါခဲ့ပေမယ့် ၊ သူတို့မှာ အကြံအစည်မရှိဘူးလို့တော့ ပြောမရဘူး”

ထိုသူတို့မှန်းထားသည့်အတိုင်း။

အင်အားစုသုံးဖွဲ့သည် မြေအောက်ကမ္ဘာ၏ အဆုံးသတ်ကိုမြင်ပြီးပြီ ဆိုတောင် ပြန်ဆုတ်ဖို့ကတော့ ခဲယဉ်းပေသည်။

ယင်းအစား သူတို့သည် သေချာအကွက်ချရန် စီစဉ်ခဲ့ကြသည်။

…….

တစ်ချိန်တည်းမှာပင်။

ဤဧကရာဇ်တိုက်ပွဲ၏ ရလဒ်ကို မြင်တွေ့ပြီးနောက်၊ အမှောင်ထဲကနေ ချောင်းနေသော အုပ်စုတို့သည် ဧကရာဇ်အရင်းအမြစ် ကျောက်များကို ထပ်မံ မတပ်မက်ဝံ့တော့ပေ။

ထောင်ပေါင်းများစွာသော ဧကရာဇ် အရင်းအမြစ် ကျောက်များကို ကွေးယွမ် သူတော်စင် နယ်မြေသာလျှင် ပိုင်ဆိုင်သွားခဲ့သည်။

အခြားသော အင်အားစုများအ‌နေဖြင့် ၊ မိမိတို့ ဂိုဏ်း၏ အခြေခံအုတ်မြစ်ကို အားကိုးလျက် သားစဉ်မြေးဆက်များ၏ ခွန်အားကို မြှင့်တင်ရုံသာတတ်နိုင်ခဲ့သည်။

သို့သော် သူတို့သည် ကွေးယွမ် သူတော်စင်နယ်မြေမှ ပေးဆပ်ရမည့် အကြွေးများကိုကောင်းကောင်းကြီး မှတ်ထားသည်။

၎င်းတို့အားလုံးသည် မိမိတို့၏ သားစဉ်မြေးဆက်များကို ဤစကားတစ်ခွန်းသာ ညွှန်ကြားခဲ့သည်။

“မင်းတို့ ဧကရာဇ်လောကကို ခြေချပြီး စူးချန်ကဲနဲ့ တွေ့ခဲ့ရင် ၊ မင်းတို့ ဘယ်လိုနည်းလမ်းပဲ သုံးသုံး”

“ အဲ့သကောင့်သားကို သေအောင် ရိုက်နှက်ပစ်ရမယ်!”

သို့သော် ဤအရာသည် ကွေးယွမ် သူတော်စင် နယ်မြေဘက်ကနေ အလိုရှိနေခဲ့သည့်အရာပင်။

ဒီထက်ပိုပြီး ကြီးမားသော အရာကို မျှော်လင့်နေသေးသည်ဟုတောင် ဆိုရပေမည်။

၎င်းတို့အားလုံးသည် စူးချန်ကဲ၏ ဓားသွေးကျောက်များသာ ဖြစ်ပေသည်။

ကွေးယွမ် ဘုရားကျောင်းအတွင်း။

စူးချန်ကဲသည် သူ့ရှေ့တွင် ရှိနေသော ဧကရာဇ် အရင်းအမြစ် ကျောက်များကို ရွှန်းလဲ့သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

“ ဒါက ဧကရာဇ် အရင်းအမြစ်ကျောက်ဆိုတာလား..”

အရွယ်အစားသည် လက်သီးပမာဏရှိသည်။

၎င်းမှ စိမ်းလန်းသော သစ်တောအုပ်ရောင် သို့မဟုတ် မှော်ဆန်ပြီးလှပသော တိမ်ပြာရောင်အလင်းကဲ့သို့ ရောင်စဉ်များ ဖြာထွက်နေသည်မှာ အတော်လေးကို လှပပေသည်။

မဟာလမ်းစဉ်၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ ပါဝင်ပြီး ကြွယ်ဝသော တာအိုစည်းချက်များ စိမ့်ဝင်နေသည်။

ဧကရာဇ် အရင်းအမြစ် ကျောက်များသည် သူ့မျက်စိရှေ့တွင် တောင်ကုန်းကြီးတစ်ခုသဖွယ် အစုလိုက်အပုံလိုက် ရှိနေသည်။

၎င်း၏အရေအတွက်သည် မရေမတွက်နိုင်သော ကြယ်ပွင့်များကဲ့သို့ များပြားပြီး ပြိုးပြိုးပျက်ပျက် တောက်ပနေသည်။

ယခင်ကတည်းက ခမ်းနားထည်ဝါသော ကွေးယွမ် ဘုရားကျောင်းသည် ဧကရာဇ်ရင်းမြစ် ကျောက်များမှ ဖြာထွက်နေသော အလင်းရောင်၏ ရောင်ပြန်ဟပ်မှုအောက်တွင် ပို၍ပင် လှပနေလေ၏။

သို့သော် ခန်းမအတွင်း၌ အနည်းငယ် ရယ်စရာကောင်းသော မြင်ကွင်းတစ်ခု ရှိနေခဲ့သည်။

တိ့ကျန့် မဟာဧကရာဇ်မင်း၊ ပိုင်ကျန့် မဟာဧကရာဇ်မင်း ၊ ဟွမ်ထျန်း မဟာဧကရာဇ်မင်း နှင့် ရွှမ်ယွီဧကရီတို့လေးဦးသည် တစ်ကိုယ်လုံး ဖုန်မှုန့်များ ပေကျံလျက် ဘေးတွင် ရပ်နေကြသည်။

ဧကရာဇ် အရင်းအမြစ်ကျောက်များကို စုဆောင်းရန်အတွက် ၎င်းတို့သည် ဧကရာဇ်လမ်းစဉ် ရေကန်မှ ဖွင့်လှစ်ထားသော ကမ္ဘာငယ်တွင် အပေါ်တူးအောက်တူးဖြင့် ကျောက်ဖော်ခဲ့ရသည်။

နောက်ဆုံးတွင် ခဲရာခဲစစ်ဖြင့် အားလုံးကို စုဆောင်းနိုင်ခဲ့သည်။ သို့သော် ဘိုးဘေးများသည် ၎င်းတို့အား ကျောက်များကို တစ်ခုမကျန် လွှဲပြောင်းခိုင်းခဲ့ပြီး တစ်ဝက်ကို စူးချန်ကဲအား ပေးကာ ကျန်တစ်ဝက်ကို ကွေးယွမ်၏ အခြားသော ထူးချွန်သူ တပည့်များထံ ဖြန့်ဝေခဲ့သည်။

သူတို့အတွက် တစ်ဖဲ့တောင် မကျန်ပေ။

စုတ်တီးစုတ်ပျက်ဖြစ်နေသော ရွှမ်ယွီဧကရီသည် ထိုမြင်ကွင်းကြောင့် မကျေမချမ်းဖြစ်လာခဲ့သည်။

သူမသည် လက်ပိုက်လျက် စူပုတ်ပုတ်ဖြင့် ထဆိုလေသည်။

“ ဒါက ဘာကြီးလဲ?”

“ငါတို့လေးယောက်စလုံး ဧကရာဇ်အရင်းအမြစ် ကျောက်တွေကို စုဆောင်းဖို့ ဘယ်လောက်တောင် ကြိုးစားခဲ့ရလဲ ခုတော့ ကြည့်ဦး တစ်တုံးတောင် မရလိုက်ဘူး “

“တကယ်ကို စိတ်တိုစရာပဲ.. နယ်မြေပြင်ပ စစ်မြေပြင်မှာဆို ဘယ်သူကများ ငါ့ကို ဒီလိုလုပ်ရဲမှာလဲ...”

သို့သော် သူမစကားမဆုံးခင် ၊

ရှေးဘိုးဘေး၏ အသံသည် ဟင်းလင်းပြင်တွင် ရုတ်တရက် ထွက်ပေါ်လာသည်။

“ ရွှမ်ယွီ ၊ ကွေးယွမ် ဘိုးဘေးပိုင်နက်ကို လာခဲ့စမ်း!”

“မင်းရဲ့အသိတရားက မလုံလောက်သေးဘူးပဲ “

ထိုစကားများ ထွက်ပေါ်လာသည်နှင့်။

ရွှမ်ယွီ ဧကရီသည် ချက်ခြင်းပင် မှုန်ကုတ်သွားပြီး အားနည်းသော အသံလေးဖြင့် တုံ့ပြန်ဖြေဆိုခဲ့သည်။

အခြားသော မဟာဧကရာဇ်မင်းသုံးပါးသည်လည်း လေထုမကောင်းသည်ကို ခံစားမိပြီး လှည့်ထွက်ခါနီးတွင် တားစီးခံလိုက်ရသည်။

“ မင်းတို့လည်း လာခဲ့ ၊ မင်းတို့နဲ့ပြောစရာရှိတယ် “

မဟာဧကရာဇ်မင်းသုံးပါးသည် တစ်ယောက်ကိုတစ်ယောက် ကူကယ်ရာမဲ့စွာဖြင့် ပြုံးကြည့်လိုက်ကြသည် ။မြှားဦးသည် သူတို့ဆီသို့ လှည့်လာခဲ့ပုံရသည်။

စူးချန်ကဲသည် ခေါင်းယမ်းကာ ပြုံးလိုက်သည်။

သူသည် ဧကရာဇ်အရင်းအမြစ် ကျောက်တစ်စိတ်တစ်ပိုင်းကို ယူကာ ရွှမ်ယွီဧကရီလက်ထဲသို့ ထည့်ပေးခဲ့သည်။

“ ရွှမ်ယွီမမ ၊ ဘိုးဘေးက ကျွန်တော့်ကို ဒီဧကရာဇ် အရင်းအမြစ် ကျောက်တုံးတွေ ပေးခဲ့တာဆိုတော့ ကျွန်တော့်သဘောအတိုင်း ပေးပိုင်ခွင့်ရှိတယ်”

“ ဒီဧကရာဇ် အရင်းအမြစ် ကျောက်တွေကို ဆရာတူအစ်ကိုနဲ့ ဆရာတူအစ်မတို့ အဆင်ပြေသလို ယူလိုက်ကြပါ “

မဟာဧကရာဇ်မင်းများသည် ကွေးယွမ် သူတော်စင် နယ်မြေ၏ တပည့်များ ဖြစ်ကြသောကြောင့် စူးချန်ကဲသည် ၎င်းတို့အား ဆရာတူမောင်နမများဟု ခေါ်ဆိုခြင်းသည် သင့်လျော်ပေသည်။

ပြီးနောက် စူးချန်ကဲသည် ၎င်းတို့အား ထပ်မံဦးညွှတ်လိုက်သည်။

“ စီနီယာအစ်ကိုအစ်မတွေက ချန်ကဲကို ဒီလောက်ထိ ဂရုစိုက်ကြတာ ၊ ကျွန်တော် ချန်ကဲ ပြိုင်ဘက်ကင်းတဲ့ မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်လာပြီး စီနီယာအစ်ကိုအစ်မတို့ရဲ့ မျှော်မှန်းချက်အတိုင်း အသက်ရှင်မှာပါ”

ထိုစကားကို နားထောင်ပြီးနောက် ။

၎င်းတို့သည် အံ့အားသင့်သွားကာ တစ်ယောက်ကို တစ်ယောက် ပြုံးကြည့်လိုက်ကြသည်။

သူတို့သည် ယုတ္တိမဲ့သူများမဟုတ်ပေ။

ကျောက်များကို လက်ခံပြီးနောက် စူးချန်ကဲအတွက် အခွင့်အရေးအချို့ကို ချန်ထားခဲ့ကာ နှုတ်ဆက်ထွက်ခွာသွားကြသည်။

ထွက်ခွာရန်ပြင်ဆင်နေသော တိ့ကျန့်မဟာဧကရာဇ်မင်းသည် ခေတ္တတုံ့ဆိုင်းသွားသည်။

သူသည် စူးချန်ကဲဘက်သို့လှည့်ကာ အပြုံးမပျက် ဆိုလိုက်သည်။

“ချန်ကဲ ၊ မင်းတစ်ယောက်တည်း ဧကရာဇ်လောကကို ဖြတ်ကျော်လာနိုင်မယ့်နေ့ကို ငါစောင့်မျှော်နေမယ်”

ထိုစကားများပြောဆိုပြီးနောက် ၊ တိ့ကျန့် မဟာဧကရာဇ်မင်းသည် ကွေးယွမ် ဘိုးဘွားပိုင်မြေဆီသို့ ပျံသန်းသွားခဲ့သည်။

ခဏအကြာတွင်၊

စူးချန်ကဲသည် အပြုံးမပျက် စကားတစ်ခွန်း ဆိုလိုက်သည်။

“ဟုတ်ကဲ့ “

သူ့အသံသည် ငြိမ်သက်နေသော်လည်း အဆုံးမရှိသော ယုံကြည်ချက်များဖြင့် ပြည့်နှက်နေပုံရသည်။

………..

ဤအခိုက်အတန့်တွင်မူ ၊ ကွေးယွမ် ဘုရားကျောင်းသည် တစ်ဖန် တိတ်ဆိတ်သွားခဲ့လေသည်။

စူးချန်ကဲသည် ဧကရာဇ်ရင်းမြစ်ကျောက် တစ်တုံးကို ကောက်ယူကြည့်လိုက်ရင်း ၊ သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

“ဧကရာဇ် အရင်းအမြစ် ကျောက် ၂၁၂၀ တုံးတောင် ကျန်သေးတာပဲ...”

“ဒါတွေကို တခါတည်းတိုက်ရိုက် စုပ်ယူရမှာလား?”

ပြင်ပကမ္ဘာက မဟာဧကရာဇ်မင်းများသာ ထိုစကားကိုကြားရင်ဖြင့် ဒေါသအထွက်လွန်ပြီး သွေးအန်သွားနိုင်သည်။

ဤသို့သော နတ်အရာဝတ္ထုများကို မိမိ၏ ဝိညာဉ်စွမ်းအင်ဖြင့် ဖြည်းဖြည်းချင်း ပြုစုပျိုးထောင်ပြီးမှသာလျှင် ဖြည်းဖြည်းချင်း စုပ်ယူရမည် ဖြစ်သည်။

စူးချန်ကဲမှ တခါတည်းတိုက်ရိုက် စုပ်ယူရန်လုပ်နေသည်ကို မြင်ပါက ဒေါသအလိပ်လိပ်ထွက်ကာ အော်ဟစ်ပေလိမ့်မည်။

ဒါ ဖြုန်းတီးနေတာ မဟုတ်လား!?

သို့သော် ဤနေရာတွင် ဧကရာဇ် အရင်းအမြစ် ကျောက်များ အများအပြား ရှိနေပြီး၊ ၎င်းတို့အားလုံးကို ဖြည်းဖြည်းချင်း ပြုစုပျိုးထောင်ရန်မှာ သဘာဝအားဖြင့် အချိန်များစွာ ကြာမြင့်ပေလိမ့်မည်။

စူးချန်ကဲသည် အထူးကိုယ်ထည်ကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ ၊ ဤအရာအားလုံးကို တိုက်ရိုက်စုပ်ယူလိုက်ရင်တောင်မှ အလဟဿဖြစ်မည် မဟုတ်ပေ။

သူသည် ဧကရာဇ်ရင်းမြစ်ကျောက် တစ်တုံးကို ဆုပ်ကိုင်လိုက်ပြီး သူ၏ စုပ်ယူ သူတော်စင် ခန္ဓာကိုယ်ကို အသက်သွင်းလိုက်သည်။

ဝါးမျိုခြင်းဆိုင်ရာ အငွေ့အသက်များ လုံးဝ ဖုံးလွှမ်းသွားပြီး ၊ ဧကရာဇ်ရင်းမြစ်ကျောက်သည်လည်း ရောင်စဉ်တန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

သူ့လက်ဝါးထဲက စုပ်ယူစွမ်းအား၏ ဝဲဂယက်အောက်တွင် သိပ်သည်းသော ရောင်စဉ်တန်းများသည် စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် စီးဝင်သွားသည်။

တစ်ချိန်တည်းမှာပင် စူးချန်ကဲသည် သူ့မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။

သူ့လက်ထဲတွင် ရှိနေသော စုပ်ယူစွမ်းအားမှာလည်း တဖြေးဖြေး ကြီးသထက်ကြီးလာသည်။

ထိုအရာများကို စုပ်ယူနေသည့် တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ထဲက စွမ်းအားတစ်ခုသည် ဖြည်းဖြည်းချင်း နိုးထလာခဲ့သည်။

နတ္ထိတရား နှင့် အကြောင်းအကျိုးတရားတို့၏ စွမ်းအားတို့သည် စူးချန်ကဲအား စက်ဝိုင်းကြီးတစ်ခုသဖွယ် ရစ်ပတ်ထားသည်။

ထိုအစွမ်းသတ္တိတို့၏ ထိန်းချုပ်မှုအောက်တွင်၊

များစွာသော သူတော်စင် ခန္ဓာကိုယ်တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၊ ဧကရာဇ် အရင်းအမြစ်ကျောက်များစွာ၏ စွမ်းအားတို့သည် စူးချန်ကဲ၏ ခန္ဓာကိုယ်အတွင်းသို့ ညင်သာစွာ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

သူ၏ ခန္ဓာကိုယ်သည် ဖြည်းဖြည်းချင်း တောက်ပလာခဲ့ပြီး ၊ ထိုစဉ် သူ့နောက်တွင် ခပ်ဝါးဝါး အသွင်သဏ္ဍာန်တစ်ခု ထွက်ပေါ်လာပုံရသည်။

တဖျပ်ဖျပ် ခတ်နေသော ရောင်စဉ်တန်းတို့သည် အမျိုးသမီးတစ်ဦး၏ သွင်ပြင်ကို ပုံဖော်လျက်ရှိသည်။

မှုန်ဝါးဝါး အရိပ်တစ်ခုမျှသာ ဖြစ်သော်လည်း ၊ သို့သော် သူမ၏ အရပ်အမောင်းကို ကြည့်ရလျှင်ဖြင့် ထိုအနှီအမျိုးသမီးသည် ကျက်သရေရှိသော အလှတရားကို ပိုင်ဆိုင်ထားသည် ဟု ဆိုနိုင်သည်။

ထိုအသွင်ပုံရိပ်သည် အနန္တတန်ခိုးရှင် ဧကရီတစ်ပါးကဲ့သို့ ကြီးကျယ်ခမ်းနားလှသည်။

သူမသည် စူးချန်ကဲကို စိုက်ကြည့်နေသည့် အခိုက် ၊

တောက်ပနေသော ရောင်စဉ်တန်းများကြား လျို့ဝှက်စွာ စောင့်ကြည့်နေသော သူမ၏ မျက်ဝန်းတစ်စုံသည် ဆောင်းဦးရေကဲ့သို့ နူးညံ့သိမ်မွေ့လာသည်ကို တွေ့မြင်နိုင်သည်။

“ ချန်ကဲ မင်းအရွယ်ရောက်လာပြီပဲ..”

“ အဲ့တုန်းက သူ့လိုပဲ....”

တစ်ချိန်တည်းမှာပင်။

မဟာဧကရာဇ်လေးပါးကို သွန်သင်ဆုံးမနေသော ရှေးဘိုးဘေးသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။

“ဒီရောင်ဝါ…”

“ ကပ်ဘေးကိုးပါး အမတရှင် ဧကရာဇ်...?”

အပိုင်း(၃၇၂): အမတနယ်မြေရှိ အတိတ်ကဖြစ်ရပ်

အမတရှင်ဧကရာဇ်။

မဟာလမ်းစဉ်၏ နတ်အတိဒုက္ခကပ်ဘေးကို ဖြတ်သန်းရန်လိုအပ်ပြီး ၊ ကံကံ၏ အကြောင်းအကျိုးတရားကို ကြုံတွေ့ခံစားရမည် ဖြစ်သည်။

သင်သည် မဟာလမ်းစဉ်၏ နတ်အတိဒုက္ခကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်လိုက်တိုင်း၊ နောက်ထပ် တွေ့ကြုံရမည့် မဟာလမ်းစဉ်၏ နတ်အတိဒုက္ခကပ်ဘေးသည် ပို၍ အားကောင်းလာပေလိမ့်မည်။

ဤနည်းဖြင့် ကြီးစွာသော နတ်အတိဒုက္ခကပ်ဘေး ကိုးပါးကို ဖြတ်ကျော်နိုင်ပါက ၊သင်သည် ကပ်ဘေးကိုးပါး အမတရှင်ဧကရာဇ်တစ်ပါး ဖြစ်လာမည် ဖြစ်သည်။

နောက်ဆုံးနှင့် ကြောက်စရာအကောင်းဆုံးသော အတိဒုက္ခကပ်ဘေးကို ဖြတ်ကျော်ပြီးမှသာလျှင် အမတဧကရာဇ်၏ ချုပ်နှောင်ခြင်းမှ လွတ်မြောက်ပြီး ပိုမြင့်မားသော နယ်ပယ်ကို ချိုးဖျက်နိုင်မည် ဖြစ်သည်။

ကပ်ဘေးကိုးပါး အမတရှင်ဧကရာဇ်ဟူသည် အမတနယ်ပယ်တွင် အကန့်အသတ်မရှိသော ထိပ်တန်းတည်ရှိမှုအဖြစ် သတ်မှတ်ခံထားရသည်။

ယခုအချိန်တွင်။

ထိုပုံရိပ်သဏ္ဍာန်သည် ရှေးဘိုးဘေး၏ စုံစမ်းစစ်ဆေးမှုကို အာရုံခံစားမိပုံရသည်။

သူမသည် လှည့်လာပြီး ရှေးဘိုးဘေးရှိရာ ဦးတည်ဘက်‌ဆီသို့ ရိုသေစွာ ဦးညွှတ်လိုက်သည်။

“ကျေးဇူးတင်ပါတယ် လူကြီးမင်း…”

တစ်ချိန်တည်းမှာပင် ၊

ရှေးဘိုးဘေး၏ စိတ်နှလုံးသားထဲတွင် နူးညံ့သိမ်မွေ့သော အသံတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် ကြယ်ပွင့်များအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်နှင့်မြေကြီးကြားတွင် ဖြည်းညှင်းစွာ ကွယ်ပျောက်သွားသည်။

ရှေးဘိုးဘေးသည်ပင် ၎င်း၏ ထိတ်လန့်မှုမှ ပြန်လည်ကောင်းမွန်လာရန် အချိန်ယူခဲ့ရသည်။

သူ့အား ထိတ်လန့်စေသည့်အရာမှာ ထိုအမျိုးသမီး၏ ကျင့်ကြံအဆင့်မဟုတ်ဘဲ သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ရောင်ဝါပင် ဖြစ်သည်။

“ ပြင်းထန်လိုက်တဲ့ သံသရာစက်ဝန်း စွမ်းအား…”

🍁 T/N - သံသရာစက်ဝန်း စွမ်းအား - ပြန်လည် ဝင်စားခြင်းဆိုင်ရာ အစွမ်းသတ္တိ 🍁

“မဟုတ်မှလွဲရော အမတနယ်မြေရဲ့ အဲ့က အမတမင်းဆက်များ ဖြစ်နိုင်မလား…”

သူ၏နားလည်မှုအရ၊ ဤကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသော သံသရာစက်ဝန်းစွမ်းအားကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်သူသည် ထျန်းလွင် အမတနယ်မြေရှိ သံသရာစက်ဝန်းအမတ မင်းဆက်မှလွဲ၍ အခြားမည်သူရှိနိုင်မည်နည်း။

သို့သော် ထိုအမျိုးသမီးသည် စူးချန်ကဲအပေါ် မကောင်းတဲ့စိတ်မရှိသည်မှာ သိသာထင်ရှားသည်။ယင်းအစား လွမ်းဆွတ်တောင့်တသည့် ခံစားချက်နှင့် ပိုတူသည်။

ရှေးဘိုးဘေးသည် သေချာတွေးဆပြီးနောက်တွင် ၊ သူ့ခေါင်းတစ်ခုလုံး ပူထူသွားသည်။

‌” ချန်ကဲ ဒီကောင်လေးရဲ့ အဖေက တားမြစ် စူးမိသားစုက ဆိုတော့..”

“သူ့အ​မေရဲ့မိသားစုက မဟုတ်မှလွဲရော…”

ရုတ်တရက်။

ရှေးဘိုးဘေး၏ စိတ်ထဲတွင် မှတ်ဥာဏ်တစ်ခု ဖျက်ခနဲ့ ထွက်ပေါ်လာခဲ့သည်။

တစ်ချိန်က၊ နတ်အမတ ချစ်သူစုံတွဲတစ်တွဲ၏ ဒဏ္ဍာရီပုံပြင်သည် အမတနယ်မြေတစ်ခွင်လုံး ပျံ့လွင့်သွားခဲ့ဖူးသည်။

သူတို့နှစ်ဦးသည် အမှောင်တွင်းနက်ထဲသို့ အတူတူ ဝင်ရောက်ကာ အမှောင်မင်းဆက်များကို အမြစ်ဖြုတ်ခဲ့သည်။

နောက်ပိုင်းတွင် ၎င်းတို့သည် ပရမ်းပတာ တားမြစ်ဇုန်ထဲသို့ အတူတူဝင်ရောက်ခဲ့ကြပြီး ၊ အထဲရှိ ထာဝရဖြစ်တည်မှုများကို ရင်ဆိုင်ခဲ့သည်။

သို့သော် တစ်ဖက်ရန်သူသည် တစ်စုံတစ်ခုကို တွေးပူနေပုံရကာ ပြန်မလုပ်ဝံ့ဘဲ အဆုံးတွင် ဒေါသတရားများဖြင့် အံကြိတ်ရင်းနဲ့သာ နေခဲ့ရသည်။

သူတို့သည် တားမြစ်ဇုန်တွင် အမတဘုရင်တစ်သိုက်ကိုပင် သတ်ပစ်ခဲ့ပြီး ၊ ဒဏ်ရာအနာတရမရှိဘဲ လွတ်မြောက်လာခဲ့သည်။

၎င်းတို့အနက်မှ ထာဝရဖြစ်တည်မှုများသည် ဒေါသတကြီး ပေါက်ကွဲခဲ့ကြပြီး ၊ အာဏာကို အလွဲသုံးစားလုပ်ကာ အခြားသူများကို အနိုင်ကျင့်နေသည် ဟူသောစကားဖြင့် အမတသခင်တရားစီရင်ရေးရုံးတော်သို့ တိုင်ကြားခဲ့သည်။

သို့သော် နောက်ဆုံးတွင်၊ အမတနယ်မြေ၏ ပြောရေးဆိုခွင့်ရှိသူဟု ကြွေးကြော်ထားသော အမတသခင် တရားစီရင်ရေးရုံးတော်ပင်လျှင် အဆိုပါ ကိစ္စတွင် ဝင်ရောက်မစွက်ဖက်ဝံ့ဘဲ ပြီးဆုံးသွားခဲ့ရသည်။

“ကြည့်ရတာ အဲ့နှစ်ဖက်အင်အားစုက ဆွေမျိုးတွေ ဖြစ်ပုံရတယ်…”

“အဲ့တုန်းက အမတနယ်မြေရဲ့ ဒဏ္ဍာရီလာ အမတစုံတွဲရဲ့ လုပ်ရပ်တွေကို လူတိုင်းသိကြတာပဲ”

“ အိုင်း….”

ရှေးဘိုးဘေးသည် သက်ပြင်းတစ်ချက်ချလိုက်ရင်း ရေရွတ်လိုက်သည်။

“ဒီလောက်အရေးကြီးတဲ့ကိစ္စကို မေ့သွားလိမ့်မယ်လို့ မထင်ထားဘူး”

“အသက်ကြီးပြီဆိုတော့လည်း မှတ်ညဏ်တွေက အဆင်မပြေတော့ဘူးပဲ”

ထိုအချိန်၊ ရှေးဘိုးဘေး၏ သွန်သင်‌ဆုံးမမှုကို အချိန်အတော်တန်ကြာ မတုံ့ပြန်ခဲ့သော ရွှမ်ယွီဧကရီသည် ခပ်တိုးတိုးလေသံဖြင့် ထဆိုလေသည်။

“ ရှေးဘိုးဘေး… ရှင်လည်း အသက်ကြီးနေပြီ… ကိုယ့်ဟာကို ကောင်းကောင်း အနားယူသင့်တာကို…”

ထိုစကားသံ ထွက်လာသည်နှင့် ။

တိ့ကျန့် မဟာဧကရာဇ်မင်း နှင့် အခြားမဟာဧကရာဇ်မင်းသုံးပါးတို့သည် မျက်လုံးပြူး မျက်စံပြူးဖြင့် ရွှမ်ယွီဧကရီအား ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။

ထိုအကြည့်ထဲတွင် ဖော်ပြနေသည်မှာ -

သတ္တိခဲ ! ရှေးဘိုးဘေးကိုတောင် ဒီလိုပြန်ပြောရဲတယ်ပေါ့ !

ထင်ထားသည့်အတိုင်း ၊ သတိပြန်ကပ်လာသော ရှေးဘိုးဘေး၏ မျက်လုံးများသည် ရွှမ်ယွီဧကရီထံသို့ ကျရောက်သွားသည်။

ထိုအကြည့်တချက်သည် ရွှမ်ယွီ ဧကရီကိုတောင် တုန်လှုပ်သွားစေခဲ့သည်။

သူမ စကားပြောမှားသွားမှန်း …ယခုလေးတင်မှ သိလိုက်ပုံရပေသည်….

“ဟုတ်တယ်!”

ရှေးဘိုးဘေး၏ လေသံသည် ပြုံးနေဟန်တူသော်လည်း ၊ သို့သော် လူကို ခေါင်းနားပန်းကြီးသွားစေသည့်အထိ ဖြစ်ခဲ့ရသည်။

“ငါက အသက်ကြီးနေပြီဆိုတော့ မှတ်ဉာဏ်မကောင်းတော့ဘူး ၊ ကွေးယွမ်သုတ္တန်ရဲ့ အဓိက အကြောင်းအရာက ဘာပါလိမ့်”

“အိုင်ယား ..ငါ မေ့သွားပြီ!”

“ကဲ အဲ့တာဆိုလည်း ရွှမ်ယွီ မင်း ကွေးယွမ်သုတ္တန်ကို အကြိမ် ၁၀၀,၀၀ကူးပြီး ပြစမ်း၊ အဲ့တာဆို ငါလည်း မှတ်မိလောက်တယ် !”

ထိုစကားကိုကြားလိုက်ရသည်နှင့် ‌ရွှမ်ယွီ ဧကရီ ခမျာ ဒူးများကွေးညွှတ်မတတ် ဖြစ်ခဲ့ရသည်။

ကွေးယွမ်သုတ္တန်သည် ကွေးယွမ် သူတော်စင် နယ်မြေ၏ မရေမတွက်နိုင်သော ဂိုဏ်းစည်းမျဉ်းများကို ရေးမှတ်ထားသော စာအုပ်ဖြစ်ပြီး စကားလုံးပေါင်း ရာထောင်ချီရှိသည်။

ဒါကို အကြိမ်တစ်သောင်း ကော်ပီကူးခိုင်းသတဲ့လား?

အဲ့လိုသာဆို ဘယ်အချိန်ကြမှ ရေးပြီးတော့မှာလဲ ?

“ရှေးဘိုးဘေး…”

ရွှမ်ယွီဧကရီမှ ရှင်းပြရန်ဟန်ပြင်နေတုန်း ၊

ရှေးဘိုးဘေးက ရုတ်​တရက်​ ထဆိုလိုက်သည်​။

“ဘာလဲ”

“မလုံလောက်သေးဘူးလို့ ထင်လို့လား”

“ဒါဆို အကြိမ် တစ်သိန်း ထပ်ထည့်!”

ရွှမ်ယွီဧကရီခမျာ ငိုမဲ့မဲ့ဖြစ်သွားသည်။

သူမအနေဖြင့် ဘယ်တော့မှ ရိုင်းစိုင်းသော စကား မပြောဝံ့တော့ပေ။

ဤမြင်ကွင်းတစ်ခုလုံးကို ဘေးကနေ ကြည့်နေကြသော မဟာဧကရာဇ်မင်း သုံးပါးတို့သည် ကိုယ်စီကိုယ်စီ ခေါင်းငုံ့ထားကာ အချင်းချင်း မျက်စပစ်လျက် တိတ်တဆိတ် ပြောဆိုနေကြသည်။

ဤသည်မှာ ၊

ရှေးဘိုးဘေးက တကယ်ကို အငြိုးကြီးတာပဲ!

ဝုန်း ဝုန်း !!

သို့သော် ထိုအချိန်တွင် ၊

မိုးခြိမ်းသံသည် ကောင်းကင်မှ ရုတ်တရက် ထွက်ပေါ်လာပြီး လျှပ်စီးကြောင်းများ တဖျပ်ဖျပ် ဝင်းလက်ကာ မြေကြီးများသည်ပင် တုန်ခါနေသည်။

ကောင်းကင်ကြီးသည် ကြီးမားကျယ်ပြန့်သော အဖြူရောင် လျှစ်စီးကြောင်း ပင်လယ်သမုဒ္ဒရာကြီးအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။

အလွန်ကြောက်စရာကောင်းသော မဟာလမ်းစဉ်၏ ဖိနှိပ်မှုသည် ဤကမ္ဘာမြေပေါ်သို့ ကျရောက်လာခဲ့သည်။

ကွေးယွမ်ဘုရားကျောင်းသည် ဗဟိုချက်တစ်ခုအနေဖြင့် ၊ ကြောက်မက်ဖွယ်ရာ ကောင်းသော အလိုဆန္ဒသည် စူးချန်ကဲရှိရာ ဦးတည်ဘက်သို့ ဆက်လက်စုဝေးလာနေသည်။

တိ့ကျန့် မဟာဧကရာဇ်မင်း နှင့်အခြားသူများ၏ မျက်လုံးထဲတွင် ဖုံးကွယ်ရခက်သော ထိတ်လန့်မှုများဖြင့် ထိုမြင်ကွင်းကို ကြည့်ရှုနေကြသည်။ သူတို့သည် ဤအလိုဆန္ဒနှင့် ရင်းနှီးလွန်းလှသည်။

“ဒါက ဧကရာဇ်အလိုဆန္ဒ…?”

ဤစွမ်းအားသည် ယခုလေးတင် မွေးဖွားလာခဲ့ခြင်းဖြစ်သည်မှာ ထင်ရှားသော်လည်း ၊ ၎င်းတွင် အဆုံးမဲ့ စွမ်းအားများ ပါဝင်နေပုံရသည်။

တကယ့် စစ်မှန်သော မဟာဧကရာဇ်မင်း တစ်ပါး နိုးထလာသကဲ့သို့ပင်။

စူးချန်ကဲသည် ဧကရာဇ်တစ်ပိုင်း နယ်ပယ်အဆင့်အား ဖြတ်ကျော်နေခဲ့သည်ကို သင် သိထားရမည်။

ဤအရာသည် ဒဏ္ဍာရီလာ မဟာဧကရာဇ် နယ်ပယ်အဆင့်နှင့် နည်းနည်းလေးမျှတောင် မနီးစပ်သေးပေ။

သို့သော်ငြားလည်း၊ ဤရောင်ဝါသည် ကွေးယွမ် သူတော်စင်နယ်မြေ၏ မရေမတွက်နိုင်သော တပည့်များအားလုံးကို တုန်လှုပ်သွားစေခဲ့သည်။

“ ချန်ကဲ ဆက်ခံသူက… ဧကရာဇ်တစ်ပိုင်း နယ်ပယ်အဆင့်ကို ဖြတ်ကျော်တော့မှာလား…?”

ကွေးယွမ် သူတော်စင် နယ်မြေမှ မရေမတွက်နိုင်သော တပည့်များနှင့် အကြီးအကဲတို့သည် ယခုအချိန်တွင် ဂူပိတ်ကျင့်ကြံနေရာမှ ထွက်လာကြသည်။

သူတို့အားလုံးသည် ကွေးယွမ်ဘုရားကျောင်းရှိရာ ဧရိယာဘက်ဆီသို့ လှမ်းမျှော်ကြည့်နေကြသည်။

ကောင်းကင်ထက်တွင် အဆုံးမရှိသော ရောင်စဉ်အလင်းတန်းများ ထွက်ပေါ်နေသည်မှာ စူးရှတောက်ပပြီး ထူးကဲလှသည်။

ကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ် အလိုဆန္ဒနှင့် ရောင်စဉ်အလင်းတို့သည် တစ်ခုနှင့်တစ်ခု သွယ်ယှက်လျက် နတ်ဗိမ္မာန်များ၏ အရိပ်များသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

ထာဝရဖြစ်တည်မှု ရှေးဟောင်းနတ်ဗိမ္မာန်တို့သည် ကောင်းကင်နှင့် တစ်သားတည်း ပေါင်းစပ်သွားပုံရပြီး ၊ ၎င်း၏ မျက်နှာပြင်မှ အလင်းများသည် တဖျပ်ဖျပ် ခတ်လျက် လင်းလက်နေသည်။

ကောင်းကင်တစ်ခုလုံးကိုပင် တုန်ဟည်းသွားစေသည့် ဖိနှိပ်မှုတစ်ခု ဝင်ရောက်လာခဲ့ပြီး အရာအားလုံးကို ဖြိုခွဲပစ်လိုက်သည်။

သို့သော် ဤဖြစ်စဉ်နဲ့တင် ပြီးမဆုံးသေးချေ။

ထိုအံ့သြဖွယ် ရောင်ဝါတို့သည် အဆက်မပြတ် တဟုန်ထိုး တောက်လောင်နေပြီး ထောင်ပေါင်းများစွာသော မှော်ဆန်သည့် ဖြစ်စဉ်များကို အဆက်မပြတ် ပုံဖော်နေခဲ့သည်။

ဒေဝလောကတစ်ခွင်လုံးရှိ သဘာဝတရား၏ သရုပ်သဏ္ဍာန်အလုံးစုံကို ဖော်ပြနေသဟန်နှင့်တူပေသည်။

…….

ထိုအချိန်တွင် ကွေးယွမ်သူတော်စင်ဧကရာဇ်သည်လည်း လူအုပ်ထဲတွင် မျက်လုံးပြူးမျက်စံပြူးဖြင့် ကြည့်ရှုနေသည်။

သူသည် ဤဖြစ်ရပ်များအပေါ် လုံးဝ မယုံကြည်နိုင်သော လေသံဖြင့် ထဆိုလေသည်။

“ ချန်ကဲ… တကယ်ပဲ သူတော်စင်ဧကရာဇ်အဆင့်ကို ဖြတ်ကျော်ပြီးခဲ့ပြီလား…?”

ဤစူးချန်ကဲ၏ ကျင့်ကြံမှုသက်တမ်းမှာ မည်မျှရှိဦးမည်နည်း။

ငါးနှစ်အတွင်းမှာတင် ၊ ၎င်းသည် ဧကရာဇ်တစ်ပိုင်း နယ်ပယ်အဆင့်ကို ချိုးဖျက်နိုင်တော့မည့် အနေအထားတစ်ရပ်ထိ ရောက်ရှိလာပြီ ဖြစ်သည်။

သူသည် အနှစ်တစ်ရာပြည့်အောင် လေ့ကျင့်ခဲ့သည်။ သို့သော် ဧကရာဇ်တစ်ပိုင်း နယ်ပယ်အဆင့် တံခါးဝကိုတောင် မရောက်နိုင်ခဲ့ပေ။

ဒါပေမဲ့ ဒီသကောင့်သား စူးချန်ကဲက ဧကရာဇ်တစ်ပိုင်း နယ်ပယ်အဆင့်ကို ဖြတ်ကျော်တော့မှာတဲ့လေ!

သူ့ခမျာ တွေးတိုင်းတွေးတိုင်း ၊ ရင်ကျိုးရပေသည်။

ဒါ သိပ်ရင်နာဖို့ကောင်းတာပဲ!

“ နှစ်အတော်ကြာအောင် ကျင့်ကြံလာတာ…ငါ ခွေးဖြစ်ဖို့လား….!”

အကယ်၍ အခြားသော သူတော်စင်ဧကရာဇ်များ ကြားမိပါက ၊ စိတ်ဆိုးလွန်းလို့ သွေးအန်နိုင်သည်။

သူသည် သူတော်စင်ဧကရာဇ် ဖြစ်လာရန် အနှစ်တစ်ရာ ကျင့်ကြံခဲ့ပြီး ၊ အရည်အချင်းရှိသော ပါရမီရှင်‌များထဲက တစ်ဦး ဖြစ်လာခဲ့သည်။

သူ့လိုလူက ခွေးဆိုပြီး ညည်းနေမှတော့ ၊ ဒါဆို သူတို့က ခွေးချေးထက်တောင် ပိုဆိုးနေပြီ မဟုတ်လား!?

ကွေးယွမ် သူတော်စင် နယ်မြေ၏ အမြင့်ဆုံး အကြီးအကဲများသည်လည်း တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ခါးသီးစွာ ပြုံးလိုက်ကြသည်။

နှစ်ဖက်စလုံး၏ မျက်လုံးများတွင် အကူအညီမဲ့နေသည့် အရိပ်အယောင်များကို မြင်တွေ့နေရသော်လည်း သို့သော် အားရကျေနပ်နေသည့် ခံစားချက်မျိုးဖြစ်ပေသည်။

“ နှစ်တွေတောင် တော်တော်ကြာခဲ့ပြီ…”

“ငါတို့ ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဘုန်းအသရေက နောက်ဆုံးတော့ ပြန်လည်တောက်ပလာခဲ့ပြီလား…?”

အပိုင်း(၃၇၃): ဤဆုတ်ယုတ်ခေတ်တွင် ပထမဆုံးသော အလင်းတန်း ဖြစ်ရမည်

တစ်ချိန်တည်းမှာပင်။

စူးချန်ကဲသည် တည်ငြိမ်သော အမူအယာ တင်ပျဉ်ခွေလျက်အနေအထားဖြင့် ရှိနေပြီး ၊ သူ၏ ဘေးပတ်ပတ်လည်တွင် နိယာမလှိုင်းများ ရိုက်ခတ်လှုပ်ရှားထကြွနေသည်။

ရိုက်ခတ်လှုပ်ရှားနေသော နိယာမလှိုင်းများကြား ဧကရာဇ်ရောင်ဝါများ တဖြည်းဖြည်း မြင့်တတ်လာသည်နှင့်အမျှ ၊ ၎င်းတို့သည် ကြီးကျယ်ခမ်းနားသော ပုံရိပ်သဏ္ဍာန်တစ်ခုအဖြစ်သို့ ပေါင်းစပ်သွားပုံရသည်။

ထိုကြောက်စရာကောင်းသော အသွင်ပုံရိပ်သည် ကျမ်းဂန်ကြီးများကို ရွတ်ဆိုနေပုံရသည်။

ဟူး!

ရုတ်တရက်။

တဖြည်းဖြည်းပြောင်းလဲနေသော လောကတစ်ထောင် မြင်ကွင်းများကြား စူးရှသော ရွှေရောင်အက္ခရာစာလုံးများ ပျံ့လွင့်ထွက်ပေါ်လာသည်။

၎င်းသည် မဟာလမ်းစဉ်၏ စည်းချက်နှင့်တူသလို တစ်ဖန် စိတ်အလိုဆန္ဒ၏ သရုပ်သဏ္ဍာန်နှင့်လည်း တူပေသည်။

ထိုမြင်ကွင်းကို ကြည့်ရှု‌နေကြသော ကွေးယွမ် သူတော်စင်နယ်မြေ၏ ဘိုးဘေးများစွာတို့သည်လည်း ထိတ်လန့်သွားကြသည်။

“ ချန်ကဲက ဧကရာဇ်မင်းတစ်ပါးရဲ့ အလိုဆန္ဒကို ဒီလောက်မြန်မြန် ဖွဲ့စည်းတတ်သွားပြီလား..”

တိုက်မြေသုံးထောင်၏ သမိုင်းကြောင်းကို ကြည့်ရလျှင်ဖြင့် ၊ ဧကရာဇ်အလိုဆန္ဒကို ဖွဲ့စည်းတတ်မြောက်ရန်မှာ ဧကရာဇ်နယ်ပယ်အဆင့်ကို အမှန်တကယ် ရောက်ရှိမှသာလျှင် ဧကရာဇ်အလိုဆန္ဒကို ဖွဲ့စည်းနိုင်မည့် အရည်အချင်းနှင့် ပြည့်မီပေမည်။

လမ်းတောင်မလျှောက်တတ်သေးဘဲ ပြေးတတ်ချင်နေသည်မှာ မဖြစ်နိုင်သော ကိစ္စသာပင်။

သို့သော် စူးချန်ကဲသည် ဧကရာဇ်တစ်ပိုင်း နယ်ပယ်အဆင့်ကို မအောင်မြင်သေးခင်မှာပဲ သူသည် ဧကရာဇ်အလိုဆန္ဒကို စတင်ဖွဲ့စည်း‌နိုင်ခဲ့ပြီ ဖြစ်သည်။ဤကဲ့သို့ဖြစ်စဉ်သည် မကြုံစဖူးဟု ဆိုနိုင်သည်။

“ ချန်ကဲက ခေတ်သစ်ကို ဦိးဆောင်မယ်ဆိုတာ သေချာတယ်”

ကွေးယွမ်ဘိုးဘေးများ၏ မျက်လုံးများမှာ အရောင်တောက်လာပြီး ၊ အနာဂတ်မြင်ကွင်းကို ကြိုတင်မြင်ယောင်နေကြပြီပင်။

စူးချန်ကဲ၏ ဘေးပတ်ပတ်လည်တွင် နတ်အလင်းရောင်များ သက်ဝင်စီးဆင်းနေသည်နှင့်အမျှ သူ့ခန္ဓာကိုယ်ရှိ ကမ္ဘာ့သစ်ပင်၏အရိပ်သည်လည်း ညင်သာစွာ ယိမ်းနွဲ့လို့နေသည်။

စူးချန်ကဲ၏ ပတ်ဝန်းကျင်တွင် မူလက ရှိနေခဲ့သော ပြောင်းလဲဖြစ်တည်နေသည့် ပုံရိပ်ယောင် သဏ္ဍာန်လေးများသည် ယခုအချိန်တွင် ပို၍ ထင်ရှားလာခဲ့သည်။

မဟာလမ်းစဉ်၏ မှတ်ညဏ်သည် စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲသို့ စမ်းရေအလား အဆက်မပြတ် စီးဝင်နေပြီး ၊ ၎င်းတို့သည် သူ၏အသိစိတ်ထဲတွင် တောက်ပနေသည့် အပိုင်းအစများ အဖြစ်သို့ ပြောင်းလဲသွားသည်။

အကန့်အသတ်မရှိ ကြွယ်ဝလွန်းသည့် ထိုကမ္ဘာကြီးသည် စူးချန်ကဲစိတ်ကူးထားတာထက် အများကြီး ပိုစိတ်လှုပ်ရှားစရာကောင်းနေခဲ့သည်။

ရင်းမြစ်ဖျက်စီးခြင်း တိုက်ပွဲ ၊ အချိန်ကာလ၏ ရှည်လျားသော မြစ်ရေစီးကြောင်းတွင် ဖုံးကွယ်ထားသော ထိုတားမြစ်စစ်ပွဲကြီး ပြီးဆုံးသွားခဲ့ပြီးနောက်တွင် ကမ္ဘာပေါ်တွင် အမတနယ်မြေ မွေးဖွားလာခဲ့ပြီး ထောင်ပေါင်းများစွာသော မျိုးနွယ်စုများ ထွက်ပေါ်လာကြသည်။

နှစ်ကာလများစွာကြာမြင့်ခဲ့ပြီးနောက်၊ အမှောင်ထုသည် တစ်ဖန်ရောက်ရှိလာခဲ့ပြီး ထောင်ပေါင်းများစွာသော မျိုးနွယ်စုများသည် အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရသည်။ ကောင်းကင်နှင့်မြေကြီးရှိ ဝိညာဉ်များအားလုံးသည်ပင် ဒုက္ခဆင်းရဲတွင်းထဲသို့ ကျရောက်ခဲ့ရသည်။

မျိုးနွယ်စုပေါင်းစုံမှ အင်အားကြီးမားသော သူရဲကောင်းများသည် ရှေ့ထွက်လာကြကာ ကမ္ဘာ့ကပ်ဘေး စစ်ပွဲကြီးကို ဆင်နွှဲခဲ့ကြသည်။

ထိုစဉ်က ဒေဝလောကတစ်ခွင်လုံး ကမောက်ကမ ဖြစ်ကာ ၊ ကမ္ဘာပျက်ခဲ့ရပြီး အရာအားလုံးသည် အပိုင်းပိုင်း ကွဲသွားခဲ့သည်။

ထိုစစ်ပွဲတွင် အမတနယ်မြေလည်း ပျက်စီးသွားခဲ့ရပြီး ၊ တိုက်မြေ သုံးထောင်နှင့် ဆက်သွယ်ထားသော အမတဘုံလမ်းကြောင်းသည်လည်း လုံးဝ ပြတ်တောက်သွားခဲ့သည်။

မြင်ကွင်းသည် ဤမျှတင်သာ​……

စူးချန်ကဲ၏ အသိစိတ်ထဲက ထိုကမ္ဘာကြီးသည် အဆုံးမရှိသော အမှောင်ထုက ဖုံးလွှမ်းသွားပုံရပြီး အရာအားလုံးသည် တိတ်ဆိတ်နေသည်။

ထိုစဉ်၊ ရုတ်တရက် လူငယ်တစ်ယောက်၏ ရေရွတ်သံကို ကြားနေရသည်။

“ တကယ့်စစ်မှန်တဲ့ ပြိုင်ဘက်ကင်းသူတစ်ယောက်အဖြစ် အောင်မြင်ချင်ရင် ၊ အမတကမ္ဘာရဲ့ အထက်ကို သွားဖို့လိုလိမ့်မယ်…”

“ငါ သန်မာရမယ်… အရာအားလုံးထက် သန်မာနေရမယ်…”

“ ဆုတ်ယုတ်နေပြီဖြစ်တဲ့ ဒီခေတ်ကြီးထဲမှာ လူတိုင်း တောင့်တကြတာက…..”

“အမှောင်ကို အလင်းပေးနိုင်မယ့် ပထမဆုံး အလင်းဖြစ်ဖို့ပဲ “

ဝီ!

ထိုစကားသံအဆုံးတွင် ၊

​ မူလက မှောင်မိုက်ကာ ဗလာကျင်းနေသော ကမ္ဘာကြီးသည် ဝင်းထိန်စွာဖြင့် တောက်ပလာခဲ့သည်။

ညအမှောင်ထဲတွင် တောက်ပနေသော သေးငယ်ပြီး အားနည်းသော မီးတောက်တစ်ခုလိုပင်။

အဆုံးမရှိသော ညအမှောင်ထဲတွင် ၎င်းသည် အလွန်အရေးမပါသည့် ပုံပေါက်သော်လည်း သို့သော် အဆုံးမရှိသော စွမ်းအားများ ပါရှိသည်။

၎င်းသည် သူ့ကိုယ်ပိုင်အလင်းရောင်ဖြင့် ဆက်ပြီး တောက်ပစေခဲ့သည်။

အမှောင်ထုအားလုံးကို လွင့်စင်သွားစေပြီး ဒေဝလောကတစ်ခုလုံးကို ထွန်းတောက်သွားစေသည်။

……

အပြင်တွင် ။

စူးချန်ကဲသည် ဉာဏ်အလင်းထဲ၌ လုံးဝ နစ်မြုပ်သွားခဲ့သည်။

ဤအခိုက်အတန့်တွင်၊ စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲရှိ ထူးဆန်းသော အင်အားတစ်ခုသည် ဖြည်းဖြည်းချင်း နိုးထလာခဲ့ပုံရသည်။

မူလက ဗလာကျင်းနေသောကမ္ဘာကြီးသည် ရှင်သန်တတ်ကြွမှုများနှင့် ပြည့်နှက်လာပြီး ၊ ပြင်းထန်သော ဧကရာဇ်အလိုဆန္ဒ၏ လက်အောက်တွင် ထိုကမ္ဘာကြီးသည် လုံးဝ နှစ်ခြမ်းကွဲသွားခဲ့သည်။

အထက်သည် ကောင်းကင် ၊ အောက်အရပ်သည် မြေကြီး ။

ပထမဆုံးထွက်သက်လေသည် ကောင်းကင်နှင့်မြေကြီးကြား ၊ ယင် နှင့် ယန် ကြားတွင် မွေးဖွားခဲ့ပြီး ဆက်လက် ကြီးထွားလာသည်။

ဤသည်မှာ ဧကရာဇ်အလိုဆန္ဒပင် ဖြစ်သည်။

မဟာလမ်းစဉ်ကဲ့သို့ပင် ၊ ဗလာကျင်းနေသည့်အရာမှ ရှိခြင်းတရားဖြစ်ပေါ်လာပြီး ၊ အားနည်းခြင်းမှစ၍ ပို၍ အားကောင်းလာသည်။

မဟာဧကရာဇ်မင်းတို့သည် မိမိကမ္ဘာကို အမှန်တကယ် ဖွဲ့စည်းနိုင်သည့်အထိ အလွန်အားကောင်းရမည် ဖြစ်ပြီး ၊ မဟာလမ်းစဉ်နှင့် အပြိုင် ယှဉ်ပြိုင်နိုင်ရမည် ဖြစ်သည်။

စူးချန်ကဲ၏ ဘေးပတ်ပတ်လည်တွင် စုဝေးနေသော ရောင်ဝါတို့သည် ပိုမို အားကောင်းလာပြီး ၊ ဧကရာဇ်အလိုဆန္ဒတို့ကို ဆက်၍ ဖော်ပြနေဆဲပင် ဖြစ်သည်။

ကောင်းကင်နှင့် မြေကြီးကြားတွင် မရေမတွက်နိုင်သော ထူးဆန်းသည့် ဖြစ်စဉ်များ ဖြစ်ပေါ်လာသည်။

ယင် နှင့် ယန် သည် ထိုက်ချီ ဖြစ်လာသည်။

🍁 T/N - ထိုက်ချီ ( စကြဝဠာအတွင်း၌ အရာခပ်သိမ်းကို ဖန်ဆင်းသည့် လုပ်ငန်းစဉ်)🍁

ဟုန်မုန်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်တီးခဲ့သည်။

🍁T/N - ဟုန်မုန် : ဖန်ဆင်းခြင်းမပြုမီ သဘာဝတရားတွင် အရေးကြီးသော နိယာမတရား 🍁

…..

ဧကရာဇ်အလိုဆန္ဒဖြင့် ပေါင်းစပ်ထားသော မဟာလမ်းစဉ်သည် မရေမတွက်နိုင်သော ရူပါရုံများဖြင့် ကြီးကျယ်ခမ်းနားလှသလို အထင်ကြီးလောက်စေသည့် ဖိနှိပ်မှုကြီးသည် လူတို့၏ စိတ်ကိုတောင် တုန်လှုပ်သွားစေသည်။

“ဧကရာဇ်အလိုဆန္ဒ... ဒါက ဧကရာဇ်အလိုဆန္ဒ ခြောက်မျိုးပဲ!”

“တစ်ချိန်တုန်းက တိ့ထျန်း အဲ့ကလေး ဧကရာဇ်တစ်ပိုင်းအဆင့်တုန်းက ဧကရာဇ်အလိုဆန္ဒ ဆယ့်သုံးမျိုးကိုပဲ နားလည်တတ်မြောက်နိုင်ခဲ့တယ်... ချန်ကဲက ဧကရာဇ်တစ်ပိုင်းအဆင့်ကိုတောင် မရောက်သေးဘဲ ခုလိုနားလည်တတ်မြောက်နေတာ....”

“ ချန်ကဲသာ ဧကရာဇ်တစ်ပိုင်းနယ်ပယ်အဆင့် ရောက်သွားရင် ...ဧကရာဇ်အလိုဆန္ဒ ဘယ်နှစ်ခုမြောက်ထိ နားလည်တတ်မြောက်သွားလိမ့်မလဲ....”

ဘိုးဘေးများစွာသည်ပင် စိတ်မကူးဝံ့ပေ။ ဧကရာဇ်အလိုဆန္ဒ ကိုးမျိုးကို ပေါင်းစပ်ဖွဲ့စည်းနိုင်ပါက ထိုသူသည် အနာဂတ်တွင် ပထမတန်းစား မဟာဧကရာဇ်မင်း တစ်ပါး ဖြစ်လာပေလိမ့်မည်။

ဧကရာဇ်တစ်ပိုင်း နယ်ပယ်အဆင့်တွင် အလိုဆန္ဒဆယ်မျိုး ပေါင်းစည်းနိုင်သူသည် တိုက်မြေသုံးထောင် တစ်ခုလုံး၏ သမိုင်းတွင် လူအနည်းငယ်မျှသာ ရှိသည်။

သို့သော် စူးချန်ကဲသည် ဧကရာဇ်တစ်ပိုင်း နယ်ပယ်အဆင့်ကိုတောင် မအောင်မြင်ကတည်းက ၊ သူသည် ဧကရာဇ်အလိုဆန္ဒကို ဖွဲ့စည်းနိုင်ခဲ့သည်။

ဒါစည်းမျဉ်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာပဲ!

…….

အခြားတစ်ဖက်တွင် ။

ကြောက်ခမန်းလိလိ ရူပါရုံတို့သည် ယောင်ချီသူတော်စင်နယ်မြေအတွင်း ပျံ့နှံ့ထွက်ပေါ်လျက်ရှိသည်။

ယောင်ချီ သူတော်စင်နယ်မြေ၏ မရေမတွက်နိုင်သော ဘိုးဘေးများသည်လည်း ထိုမြင်ကွင်းကို စေ့စေ့စပ်စပ် ကြည့်ရှုနေကြသည်။

“ဒါက ကွေးယွမ် သူတော်စင် နယ်မြေက လူ့ဘီလူးကောင်လေးပဲ ... ဒါ တကယ်ကို မယုံနိုင်စရာပဲ...”

“ အခြားမတော်တဆမရှိဘူးဆိုရင် ၊ ဒီခေတ်ရဲ့ ကံတရားက သေချာပေါက် အဲ့ကောင်လေးပဲ...”

ဝုန်း! !

သို့သော် ထိုအခိုက်တွင်၊ ယောင်ချီ သူတော်စင်နယ်မြေ၏ အနက်ရှိုင်းဆုံး အပိုင်းမှ တောက်လောင်သော နတ်အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ကောင်းကင်ဘုံကိုးပါးထက်ဝယ် လေနှင့် တိမ်များသည် ပြင်းထန်စွာ ရိုက်ခတ်လျက် ၊ အဆုံးမရှိသော ပရမ်းပတာ အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ ကျရောက်လာသည်။

ပို၍အံ့သြစရာကောင်းသည်မှာ ကောင်းကင်တစ်ခွင်လုံးကို တောက်ပစွာလင်းထိန်စေသည့် ထိုနက်အလင်းရောင်ထဲတွင် အကင်းမျှသာ ရှိ‌သေးသော ဧကရာဇ်အလိုဆန္ဒများ ရှိနေခြင်းပင်။

“ဟာဟား~ ငါတို့ရန်ယွီလည်း ကောင်းကောင်းကြီး လုပ်ပြနိုင်ခဲ့ပြီ ၊ သူလည်း စူးချန်ကဲထက် မပျော့ညံ့ဘူး”

“ဟုတ်တယ်၊ ရန်ယွီမှာ အလွန်ကောင်းတဲ့ သူတော်စင် ကိုယ်ထည်နှစ်ခုဖြစ်တဲ့ ဟွိုင့်တွိုင့်ခန္ဓာကိုယ် နဲ့ တာအိုအရိုး ရှိတယ် ၊ အောင်မြင်မှုကို ယှဉ်ရရင် သူမလည်း စူးချန်ကဲထက် မနည်းဘူးလို့ ငါယုံတယ် “

သို့သော် ကျေနပ်အားရနေသော ခံစားချက်ထက်။

ယောင်ချီသူတော်စင်နယ်မြေ၏ ဘိုးဘေးများစွာကို ထူးဆန်းသောခံစားချက်ဖြစ်စေခဲ့သည့်အရာမှာ ၊

လော့ရန်ယွီသည် ပွဲမှပြန်လာပြီးကတည်းက တံခါးပိတ်လေ့ကျင့်နေခဲ့ခြင်းပင်။

မဟာလမ်းစဉ်၏ အထွတ်အထိပ်ကို ရောက်ရှိကာ ထိုလူ၏ ဘေးနားတွင် ရှိနေရမည် ဟု ပါးစပ်ကနေ တတွတ်တွတ် ရေရွတ်နေသေး၏။

ဤအရာက ယောင်ချီ သူတော်စင်နယ်မြေ၏ ဘိုးဘေးများစွာကို မနေနိုင်အောင် သံသယဖြစ်စေသည်။

ဒါသူတို့အိမ်က နတ်ဘုရားမလေးတော့ သွေးဆောင်ခံလိုက်ရပြီ မဟုတ်လား?

……….

မကြာမီ ။

မြေကြီးတုန်ခါမှုအရှိန်သည် ရပ်တန့်သွားသည်။

ကွေးယွမ် သူတော်စင် နယ်မြေတွင် စုဝေးဖြစ်တည်နေခဲ့သော ဧကရာဇ်အလိုဆန္ဒတို့သည်လည်း သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့သည်။

မည်သည့်ဖြစ်ရပ်မှ မဖြစ်ခဲ့သည့်အတိုင်း ။

“ ကြည့်ရတာ ချန်ကဲ ညဏ်အလင်းထဲ ပြန်ပြီး နစ်ဝင်သွားပုံရတယ်”

“ ဒီတစ်ခေါက်လည်း ၊ ဒီကောင်လေး ငါတို့ကို ဘယ်လို အံ့သြစရာတွေ ယူဆောင်လာပေးဦးမလဲဆိုတာ တွေးမိတယ် “

ကွေးယွမ် သူတော်စင် နယ်မြေရှိ ဘိုးဘေးများ၏ မျက်လုံးများသည် မျှော်လင့်ချက်ရောင်ခြည်များဖြင့် တောက်ပစွာဝင်းလက်နေသည်။

တိတ်ဆိတ်နေသော တိုက်မြေသုံးထောင်သည်လည်း ဤအခိုက်အတန့်တွင် နိုးနိုးကြားကြား ဖြစ်လာခဲ့ပုံရသည်။ အမျိုးမျိုးသော ကောင်းကင်ဖြစ်စဉ်များသည် တစ်ကမ္ဘာလုံး နေရာအနှံ့ ဖြစ်ပေါ်နေသည်။

၎င်းတို့မှ ထွက်ပေါ်လာသော ရောင်ဝါတို့သည်လည်း အလားတူ ဧကရာဇ်အလိုဆန္ဒများပင် ဖြစ်သည်။

ဤသည်မှာ သိသာပေသည်။

အချို့သောအင်အားစုများ၏ တန်ခိုးကြီးမားသော ဘိုးဘေးများသည်လည်း ယခုလေးတင် ဖြစ်ပျက်ခဲ့သော ဖြစ်စဉ်များကို သတိပြုမိခဲ့ကြသည်။

သူတို့သည်လည်း မိမိတို့၏ သားစဉ်မြေးဆက်များအား ဧကရာဇ်လမ်းစဉ်ကို နားလည်စေခဲ့သည်။

သင်၏ ခွန်အားသည် ပိုအားကောင်းလေလေ၊ ဧကရာဇ်လျှောက်လှမ်းတွင် အောင်မြင်မှုရဖို့ အလားအလာ ပိုများလေလေပင် ဖြစ်သည်။

ဝုန်း ! ဝုန်း ! ဝုန်း !

ကမ္ဘာမြေတစ်ဝှမ်းလုံး ထိတ်လန့်တုန်လှုပ်ဖွယ် အသံများဖြင့် ပဲ့တင်ထပ်လျက် ရှိသည်။

တောက်လောင်နေသော မရေမတွက်နိုင်သော နတ်အလင်းရောင်များသည် ဤကမ္ဘာမြေ နေရာအနှံ့ သူသူကိုယ်ကိုယ် လွှမ်းခြုံလျက်ရှိသည်။

ယင်းစွမ်းအားတို့ကြောင့် ကမ္ဘာကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါနေပုံရပြီး ၊ အဆုံးမရှိသော နိယာမ စွမ်းအားတို့သည် တဟုန်ထိုး ရိုက်ခတ်နေသော သမုဒ္ဒရာတစ်စင်းလိုပင်။

အဖြူအမည်းနဂါးနှစ်ကောင်သည် တစ်ကောင်နှင့်တစ်ကောင် ယှက်နွယ်လှည့်ပတ်လျက် ၊ ပုလဲကို စောင့်ကြပ်နေသော နဂါးနှစ်ကောင်၏ အရှိန်အဟုန်ကို ဖော်ကြူးလျက်ရှိသည်။

တစ်ဖန် ၊ နောက်တစ်နေရာတွင် ကြီးမားသော ထိုက်ချီ ပုံကားချပ်တစ်ခုကဲ့သို့ ယင် ၊ ယန် စွမ်းအားတို့သည် ကောင်းကင်နှင့်မြေကြီးကြား ဝန်းရံပြည့်လျှံလျက်ရှိသည်။

တစ်ဖန် ၊ ရွှေတောင်ထွပ်ကြီး တည်ရှိရာ ဝန်းကျင်တစ်လျှောက်တွင် ရွှေရောင်အခိုးအငွေ့များက တလိမ့်လိမ့်လူးလိမ့်နေပြီး ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းများကို ဖန်တီးပြနေသည်။

တစ်ဖန် ၊ နောက်တစ်နေရာတွင် အဆုံးမရှိသော နတ်တန်ခိုးစွမ်းအားဖြင့် ဖွဲ့စည်းထားသော နတ်ဓားတစ်စင်းသည် ဝေဟင်ထက်တွင် လွင့်မျောနေပြီး ၊ ဓား၏ဟောက်သံသည် ကောင်းကင်ကို ဖွင့်လှစ်တော့မည်ဟု တန်ခိုးစွမ်းအားနှင့် တူပေသည် ။

အရုဏ်ဦးအလင်းရောင်သည် မှားယွင်းသော အတွေးအမြင်များကို ချိုးဖျက်လျက် ၊ ပါရမီရှင် လူတစ်စုသည်လည်း ဤကမ္ဘာမြေပေါ်သို့ ပေါ်ထွက်လို့လာခဲ့ချေပြီ!

အပိုင်း(၃၇၄): ဧကရာဇ်အလိုဆန္ဒ လေးဆယ့်ကိုးပါးကို စုစည်းနိုင်တဲ့ ‌ဆက်ခံသူ

အမျိုးမျိုးသော ရောင်စဉ်အလင်းတန်းများ ထွက်ပေါ်လာပြီး ကျယ်ပြောလှသော အာကာသကြီးကို လွှမ်းခြုံထားသည်။

ဤကဲ့သို့ ထိတ်လန့်စရာကောင်းသော ဖြစ်စဉ်များသည် လပေါင်းများစွာ ကြာမြင့်ခဲ့သည်။

ဤကာလအတွင်း ဒဏ္ဍာရီလာ ပါရမီရှင်များစွာသည် ဧကရာဇ်လျှောက်လှမ်းတွင် ၎င်းတို့၏ ခွန်အားကို ပြသရန် ဧကရာဇ်တစ်ပိုင်း နယ်ပယ်အဆင့်ကို ဖြတ်ကျော်ရန် ရွေးချယ်ခဲ့ကြသည်။

…….

ယနေ့တွင်၊

တိုက်မြေ သုံးထောင်သည် ထူးထူးခြားခြား တိတ်ဆိတ်နေသည်။

သို့သော် ရင်တဒိတ်ဒိတ်ဖြင့် စောင့်ဆိုင်းနေကြသူများ ရှိနေသည်။

ဝုန်း! !

ရုတ်တရက် ၊ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။

ကြီးကျယ်ခမ်းနားသော ရောင်ဝါများသည် ကောင်းကင်ပြင်တစ်ခုလုံးကို လုံးလုံးလျားလျား ဖုံးအုပ်ထားသည်။

တစ်ချိန်တည်းမှာပင်။

ဟောက်သံများနှင့်အတူ ၊ ကောင်းကင်ကိုတုန်လှုပ်စေသော အထိမ်းအမှတ်ကျောက်တိုင် ပုံစံရှိသည့် ဧကရာဇ်တံခါးသည် အတွင်းထဲကနေ ဖြည်းညှင်းစွာ ပွင့်လာသည်။

ဧကရာဇ်တံခါး၏နောက်ကွယ်တွင် ရှိနေသည်မှာ အဆုံးမဲ့ရှေးဟောင်းလမ်းတစ်ခုပင် ဖြစ်သည်။

မရေမတွက်နိုင်သော မဟာလမ်းစဉ်၏ မှော်သင်္ကေတများ စုဝေးနေပြီး၊ ကြီးမားကျယ်ပြန့်သော ဧကရာဇ်စွမ်းအားများက ကြယ်တာယာ ကောင်းကင်အောက်တွင် ပျံ့လွင့်လို့နေသည်။ ထိုအဆုံးမဲ့ ရှေးဟောင်းလမ်းသည်လည်း မည်သည့်အချိန်ကမှန်း မသိ ပျောက်ကွယ်သွားခဲ့ချေပြီ။

ဤသည်မှာ ဒဏ္ဍာရီထဲက မရေမတွက်နိုင်သော ပါရမီရှင်များကို မြှုပ်နှံထားသည့် နေရာပင်ဖြစ်သည်။

ဘုရင်များ ကျဆုံးရာနေရာ ၊

သွေးချောင်းစီးဆင်း‌ရာနေရာ ၊

အလောင်းများ ၊ သွေးများဖြင့် ဖွဲ့စည်းထားလေသော သွေးစွန်းသောလမ်း ဖြစ်သည်။ ဤသည်မှာ အားလုံးပြောကြသည့် ဧကရာဇ်လျှောက်လမ်းပင်။

“ဧကရာဇ်လျှောက်လမ်း ပွင့်ပြီ ဟေ့!!”

တစ်စုံတစ်ယောက်က အော်လိုက်သည်။

ရုတ်တရက်။

ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မုန်တိုင်းသည် နေရာပေါင်းစုံကို ဝင်တိုက်ခတ်သွားလေသည့်အတိုင်း တိုက်မြေ သုံးထောင်တစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့သည်။

ကောင်းကင်ဘုံကိုးပါးအထက်တွင် ထောင်ပေါင်းများစွာသော ကြယ်ပွင့်များသည် တဖျပ်ဖျပ် ခတ်နေပြီး ၊ ဤအခိုက်အတန့်တွင် အနက်ရှိုင်းဆုံး ပုန်းကွယ်နေခဲ့သည့် ရှေးဟောင်း အင်အားစုများလည်း နိုးထလာခဲ့ချေပြီ။

သူတို့ဟာ တစ်ချိန်က ကမ္ဘာကြီးကို လွှမ်းမိုးထားသူများ ဖြစ်ကြသည်။ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျင့်ကြံလာခဲ့ပြီး ၊ ဤရွှေခေတ်၏ ကံတရားအတွက် သို့မဟုတ် ဤကမ္ဘာကြီး၏ ခေါင်းဆောင်တစ်ဦးဖြစ်လာရန် တိုက်ပွဲဝင်ပေတော့မည်။

မူလက တံခါးပိတ်ကျင့်ကြံနေခဲ့ကြသော ပါရမီရှင်များသည်လည်း ယခုအချိန်တွင် ထွက်ပေါ်လာကြသည်။

သူတို၏ရောင်ဝါသည် အမြင့်ဆုံးအဆင့်တွင် ရှိသည်။ ထို့အပြင် ၎င်းတို့၏ ပတ်ပတ်လည်တွင် ဝန်းရံနေသော နတ်အလင်းများသည် ထိုသူတို့၏ အလွန်အစွမ်းထက်သော ကျင့်ကြံမှုကို ဖော်ပြနေသည်။

တိုက်မြေသုံးထောင်တစ်ခုလုံး ဆူပွက်နေပြီး၊ သန်းရာနှင့်ချီသော ပါရမီရှင်များသည် ဟစ်ကြွေးအော်မြည်လျက် ရှိသည်။

သူတို့သည် အဆုံးမရှိသော နှစ်များကို စောင့်ဆိုင်းရင်း အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကျင့်ကြံလာခဲ့ကြသည်မှာ ဤအခိုက်အတန့်အတွက် ဖြစ်သည်။

မရေတွက်နိုင်သော ပါရမီရှင်များသည် ၎င်းတို့၏ ကိုယ်ပိုင် စီးတော်ယာဉ်များကို ဆင့်ခေါ်ကာ ပျံသန်းထွက်ပေါ်လာကြသည်။

ဧကရာဇ်လျှောက်လမ်းသည် နဂါးတံခါးဟု ဆိုပါက ၊ ဒါဆို ပါရမီရှင်များသည် မြစ်ကိုဖြတ်ကူးနေသည့် ငါးကြင်းများ ဖြစ်ပေလိမ့်မည်။

ဧကရာဇ်လျှောက်လှမ်းထဲ ခြေချနိုင်သရွေ့ သူတို့သည် မဟာလမ်းစဉ်၏ အထွပ်အထိပ်နေရာကို အရောက်လှမ်းနိုင်ပေလိမ့်မည်။

ဤကမ္ဘာပေါ်ရှိ လူများ၏ အတတ်အကျကို မည်သူကများ ဆုံးဖြတ်မည်နည်း။

မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်လာရန် ၊ သမိုင်းတွင် နာမည်ချန်ထားခဲ့ရန် နှင့် လူအများ၏ ကိုးကွယ်ခြင်းကို ခံရရန် ၊ ဤသည်မှာ ကျင့်ကြံသူတိုင်း၏ စိတ်နှလုံးသားထဲက တစ်ခုတည်းသော အိပ်မက်ပင် ဖြစ်သည်။

…….

တစ်ချိန်တည်းမှာပင်။

လျို့ဝှက်နယ်မြေငယ်တစ်ခုတွင် ။

ဤနေရာတွင် ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း၊ ရှေးနဂါးမျိုးနွယ်စု၊ ရှေးဖီးနစ်မျိုးနွယ်စု နှင့် တပ်မက်ခြောက်ပါးဗိမ္မာန် အင်အားစုများအပြင် ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ လည်း ရှိသည်။

အင်အားစုကြီးငါးစု၏ ပူးပေါင်းကြံစည်မှုမှာ ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။

“ဧကရာဇ်လျှောက်လှမ်းက မရေမတွက်နိုင်တဲ့ ရှေးဟောင်း ကမ္ဘာငယ်လေးတွေနဲ့ ချိတ်ဆက်ထားတာပဲ ၊ အရင်က မျိုးဆက်ဟောင်းတွေဖြစ်တဲ့ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားရှင်တွေတောင် ဧကရာဇ်လျှောက်လမ်းမှာ မအောင်မြင်ခဲ့တာမျိုး ရှိခဲ့ဖူးတယ်”

“ဒါပေမယ့် မင်းတို့အနေနဲ့ အဲ့လောက်ထိ ကြီးကြီးမားမား သတိထားစရာမလိုဘူး”

ချန်ထျန်း မကောင်းဆိုးဝါးအိုကြီးက အေးစက်စွာ ပြောလိုက်သည်။

“မင်းတို့ တတ်နိုင်သမျှ မြန်မြန် ပြန်ဆုံကြဖို့ပဲ လိုအပ်တယ် “

“မင်းတို့က ဧကရာဇ်တစ်ပိုင်းအဆင့်ကို ဖြတ်ကျော်ပြီးခဲ့ပြီ ဆိုပေမဲ့ ဒါပေမဲ့ သတိလက်လွတ် ဖြစ်လို့မရဘူး အောင်မြင်အောင် လုပ်မှရမယ်!”

“ နားလည်ပြီလား !”

“ ဟုတ်! ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားပြီး စူးချန်ကဲကို ရှင်းပစ်မယ် “

အသံများသည် မိုးခြိမ်းသံကဲ့သို့ အရပ်ရပ်သို့ ပဲ့တင်ထပ်သွားသည်။

ထိုအသံပိုင်ရှင်များကို ကြည့်လိုက်မည်ဆိုပါက၊၎င်းတို့သည် ဧကရာဇ်တစ်ပိုင်းအဆင့် လူငယ် ဆယ်ဦးပင် ဖြစ်သည်။

၎င်းတို့အနက် လူငါးဦးသည် ဧကရာဇ်အလိုဆန္ဒ ကိုးမျိုးကို ကျွမ်းကျင်စွာ တတ်မြောက်ထားသည်။

၎င်းတို့အနက် ဧကရာဇ်တစ်ပိုင်းအဆင့် ပထမတန်း ငါးဦး ၊ ဒုတိယတန်းအဆင့် သုံးဦးနှင့် တတိယတန်းအဆင့် နှစ်ဦး ရှိသည်။

ဧကရာဇ်တစ်ပိုင်း၊ ဤနယ်ပယ်သည် အလွန်ထူးခြားပြီး အဆင့်ကိုးဆင့် ခွဲခြားထားသည်။

အဆင့်တစ်ခုချင်းစီတိုင်း၏ ကွာဟမှုက မိုးနှင့်မြေကြီးအလားပင်။

“မင်းတို့ စူးချန်ကဲရဲ့ တည်နေရာကို စောင့်ကြည့်ပြီးတာနဲ့ အလျင်စလို မလှုပ်ရှားကြနဲ့ “

ထျန်းလုံ ချန်းခွင်က ဆက်ပြောသည် ။

“ တခြား ဧကရာဇ်တစ်ပိုင်းအဆင့် အဖွဲ့ဝင်တွေနဲ့ သွားဆုံပြီး စူးချန်ကဲကို အတူတူတိုက်ခိုက်ကြရမယ် “

ဧကရာဇ်လျှောက်လှမ်းသည် ဧကရာဇ်တစ်ပိုင်းအဆင့် အရည်အချင်းပြည့်မီသူများသာ ဝင်ရောက်နိုင်သော နေရာဖြစ်သည်။

ထို့ကြောင့် အင်အားစုဝင်များသည် အစီအစဉ်တကျ ချမှတ်ခဲ့ကြသည်။

၎င်းတို့သည် သက်ဆိုင်ရာ အင်အားစုများမှ သူတော်စင်ဧကရာဇ်များကို စုဆောင်းခဲ့သည်။

ထို့နောက် ကျင့်ကြံရင်းမြစ်များနှင့် လျို့ဝှက်နည်းလမ်းများကို အသုံးပြုကာ ဧကရာဇ်တစ်ပိုင်း နယ်ပယ်အဆင့်အား လျင်မြန်စွာ ဖြတ်ကျော်စေခဲ့သည်။

ဤနည်းလမ်းသည် အခြေခံအုတ်မြစ်ကို သက်ရောက်မှုရှိစေကာ နောက်ထပ် မည်သည့်အောင်မြင်မှုမျိုးကိုမှ မဖြစ်ထွန်းနိုင်တော့ချေ။

သို့သော်။

စူးချန်ကဲ နှင့် ကွေးယွမ် သူတော်စင် နယ်မြေအပေါ် ဖျက်စီးပစ်လိုသည့် ၎င်းတို့၏ ဆန္ဒသည် အဆုံးစွန်ထိ ရူးသွပ်သွားခဲ့ပြီးဖြစ်ရာ ၊ အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ ရန်သူတစ်ထောင် ကို အနိုင်ရစေဖို့အတွက် ကိုယ့်ကိုယ်ကို နာကျင်စေသည့်နည်းလမ်းကို ရွေးချယ်ခဲ့ကြသည် ။

ဤကဲ့သို့ “ရေ” ဧကရာဇ်တစ်ပိုင်းအဆင့် အလုံအလောက် ရှိနေသရွေ့ စူးချန်ကဲသည် သေချာပေါက် သေရပေမည်။

ထိုအချိန်တွင် ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ မှ စန်း က ပြုံးပြုံးကြီး ထဆိုသည်။

“ဒါနဲ့တင် မလုံလောက်သေးဘူး “

ထိုစကားသံ ထွက်ပေါ်လာသည်နှင့်။

မတူကွဲပြားသော အင်အားစုအမျိုးမျိုး၏ ခေါင်းဆောင်များသည် စန်း ၏ ဆိုလိုရင်းကို နားမလည်ဟန်ဖြင့် ကြည့်နေကြသည်။

စန်းက ဆက်ဆိုသည်။

“စုမျဲ့ ၊ ထွက်လာပြီး နှုတ်ဆက်လိုက်ပါဦး “

ဝုန်း!

ရုတ်တရက် ၊ ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်စွမ်းအားများ ချက်ခြင်းဆိုသလို ကျရောက်လာပြီး ၊ ထိုဖိနှိပ်မှုအောက်တွင် နေရာတစ်ခုလုံး အနည်းငယ် တုန်လှုပ်သွားသည်။

ဧကရာဇ်တစ်ပိုင်းအဆင့် လူတစ်စုသည်ပင် ၎င်းတို့၏ ခြေထောက်များ အားနည်းသွားသည့်အတိုင်း အနည်းငယ်ယိုင်သွားခဲ့ပြီး ၊ မိမိ၏ စိတ်ဝိညာဉ်သည် ကြီးကျယ်ခမ်းနားသော တောင်တန်းကြီး၏ နှိပ်ကွပ်မှုကို ခံနေရသည့်အတိုင်း အသက်ရှုရန်ခက်ခဲလာသည်။

မတူကွဲပြားသော အင်အားစုများ၏ ခေါင်းဆောင်အများအပြားသည်လည်း လေးနက်သော အမူအယာများဖြင့် ရှိနေသည်။

သို့သော် ၎င်းတို့၏မျက်​လုံး​များသည် ထိတ်​လန့်​မှုများနှင့် ပြည့်နှက်နေသည်။

“ဘယ်လိုလုပ်ပြီး ဒီလောက်ထိပြင်းထန်တဲ့ ဧကရာဇ်တစ်ပိုင်းအဆင့် ရောင်ဝါတွေ ရှိနေတာလဲ...?”

အက်ကွဲသံ !

ယင်းစွမ်းအားကြောင့် ဟင်းလင်းပြင် အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။

ကာခ်!

နောက်ဆုံးတွင်၊ ၎င်းသည် လုံးဝပြိုကျပြီး ပြန့်ကျဲနေသော အပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားသည်။

သို့သော် လူတိုင်း၏ မျက်လုံးများသည် ထိုကြီးမားသော အက်ကွဲကြောင်းကို စိုက်ကြည့်နေကြသည်။

ထိုအက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာသူမှာ လူငယ်တစ်ယောက်ပင်။

ထိုအနှီလူသည် အပြာရင့်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ ငွေဖြူရောင် ဆံနွယ်များက ပြန့်ကျဲနေကာ နတ်အလင်းရောင်များက သူ၏ ပတ်ပတ်လည်တွင် ဝန်းရံလျက်ရှိသည်။

အဆုံးမရှိသော ဧကရာဇ်အလိုဆန္ဒတို့သည် ရွှန်းရွှန်းဝေလျက် သူ၏ ပတ်ဝန်းကျင်တွင် ကခုန်နေသည်။

သူ၏ မျက်ဝန်းတစ်စုံသည် နေရောင်ကဲ့သို့ တောက်ပနေပြီး ဤကမ္ဘာကြီးကို ငုံ့ကြည့်နေသကဲ့သို့ပင်။

“ စုမျဲ့ ၊ လူကြီးမင်းတို့ကို နှုတ်ဆက်ပါတယ်”

လူငယ်သည် ယဉ်ကျေးလိမ္မာမှုရှိသော အသွင်အပြင်မျိုးကို ထိန်းသိမ်းထားသော်လည်း ၊ သူ၏မျက်လုံးများက သူ၏မာန်မာနကို အတိုင်းသားပြသနေသည်။

ယင်းနှင့် နှိုင်းယှဉ်ပါက ၊ အင်အားစုခေါင်းဆောင်များသည်ပင် ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါကြောင့် ထိတ်လန့်တုန်လှုပ်သွားကာ အနည်းငယ်ပင် ထိန်းချုပ်နိုင်စွမ်းမဲ့နေသည်။

ကိုယ့်တံတွေးကို မျိုချရင်း အံ့အားသင့်စွာ ဆိုလိုက်သည်။

“ဧကရာဇ်အလိုဆန္ဒ ..ဆယ့်သုံးမျိုး!?”

ဤအရာများသည် အိမ်မက်တစ်ခုလိုမျိုး၊ အစစ်အမှန်မဟုတ်သည့် ခံစားချက်လိုမျိုး ခံစားလိုက်ရသည်။

တစ်ချိန်က ကျော်ကြားခဲ့သော မဟာဧကရာဇ်မင်းတစ်ပါး ရှိခဲ့ပြီး ၊ သူ့ဘဝတစ်လျှောက်လုံး ရှုံးပွဲမရှိဘဲ ကမ္ဘာကြီးကို စိုးမိုးထားခဲ့သည်။အဆုံးတွင် သူသည် အမတကမ္ဘာသို့ တက်လှမ်းနိုင်ခဲ့သည်။

ထိုပုဂ္ဂိုလ်သည် ကွေးယွမ် သူတော်စင် နယ်မြေ၏ ဒဏ္ဍာရီလာ တိ့ထျန်း မဟာဧကရာဇ်မင်းပင်။

စုမျဲ့သည်လည်း တိ့ထျန်း မဟာဧကရာဇ်မင်းကဲ့သို့ ဧကရာဇ်အလိုဆန္ဒ ဆယ့်သုံးမျိုးကို ပေါင်းစည်းနိုင်ခဲ့သည်။

“ဟားဟား...”

တခြားလူများ၏ အတွေးကို မြင်နေပုံရသော စန်းက ပြုံးကာ ဆိုလေသည်။

“ငါတို့ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ရဲ့ ကောင်းကင်လမ်းစဉ် အမွေဆက်ခံသူတွေကို တိ့ထျန်း မဟာဧကရာဇ်မင်းနဲ့ နှိုင်းယှဉ်စရာလား?”

“ လူငယ် တိ့ထျန်း ဒီမှာရှိနေရင်တောင် စုမျဲ့ကို မယှဉ်နိုင်သေးဘူး!”

စုမျဲ့သည် ရှေးဟောင်း ကောင်းကင်လမ်းစဉ်အလိုဆန္ဒကို အသုံးပြုကာ ၎င်းတို့ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များ၏ မူလရင်းမြစ် စွမ်းအားကို တစ်စိတ်တစ်ပိုင်း ပေါင်းစပ်ခြင်းဖြင့် မွေးဖွားလာသူဖြစ်သည်။

“ စူးချန်ကဲက တိ့ထျန်း မဟာဧကရာဇ်မင်းလောက် အစွမ်းထက်ပြီး ဧကရာဇ်အလိုဆန္ဒ ဆယ့်သုံးပါးမျိုးကို ပိုင်ဆိုင်ထားရင်တောင် သူ သေချာပေါက်ကို သေရမှာပဲ!”

……

တစ်ဖက်တွင် ၊

အချိန်အတော်ကြာ ဉာဏ်အလင်းရရှိပြီးနောက် စူးချန်ကဲသည် သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။

ထူးခြားဆန်းကြယ်သော ကောင်းကင်ဖြစ်စဉ်များသည်လည်း တဖြည်းဖြည်း ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။

၎င်းတို့သည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

“ဧကရာဇ်လျှောက်လှမ်း ဖွင့်ပြီလား?”

“ နှမြောစရာပဲ ၊ ဒီလောက်ထိ အချိန်ကြာကြာ ဉာဏ်အလင်းရပြီးတာတောင် ဧကရာဇ်တစ်ပိုင်း တတိယတန်းအဆင့်ပဲ ရောက်ရှိသေးတယ်...”

“ဧကရာဇ်အလိုဆန္ဒကလည်း လေးဆယ့်ကိုးမျိုးပဲ ပေါင်းစည်းနိုင်သေးတယ်...”

စူးချန်ကဲတစ်ယောက် သက်ပြင်းချနေသည်။

“ စီနီယာအစ်ကိုကြီး တိ့ထျန်းဆို အနည်းဆုံး ကိုးဆယ့်ကိုးမျိုးလောက် ရှိမယ်မလား?”

“ အိုင်း! ငါ ခုထိအားနည်းနေတုန်းပဲ !”

အပိုင်း(၃၇၅): ယုံကြည်ချက်ရှိရှိ ရှေ့ဆက်လျှောက်လှမ်းမည်

စူးချန်ကဲ၏ စကားကို တိ့ထျန်း မဟာဧကရာဇ်မင်းသာ ကြားမိပါက ၊ သူ မည်သို့တွေးမည်ကို သိချင်မိသည်။

တိုက်မြေသုံးထောင်၏ သမိုင်းတွင်။

ဧကရာဇ်တစ်ပိုင်း နယ်ပယ်အဆင့်တွင် မည်သူမျှ ဧကရာဇ်အလိုဆန္ဒ ဆယ်သုံးမျိုးထက် ပို၍ မစုစည်းနိုင်သေးပေ။

စူးချန်ကဲသည် လေးဆယ့်ကိုးမျိုး ပေါင်းစည်းနိုင်ခဲ့သည်။ ဤသတင်းသာ အပြင်ထွက်သွားရင်ဖြင့် လူတွေ၏ဟာသဖြစ်သွားမှာကို စိုးမိသည်။

အမှန်စစ်စင် ၊ လူသားများ၏ အသိဥာဏ်ထက်ကျော်လွန်သောအရာများသည် ဤကမ္ဘာကြီး၏ အမြင်တွင် ပုံကြီးချဲ့ကားထားသည်ဟု မှတ်ယူကြပေလိမ့်မည်။

စူးချန်ကဲသည် သူ့လက်ငါးချောင်းကို ဖြန့်လိုက်သည်။

အလိုဆန္ဒရောင်ခြည်တန်းသည် သူ၏လက်ထဲတွင် တဝဲလည်လည် တောက်ပနေသည်။

ရောင်ခြည်မျှင်တစ်ခုချင်းစီတွင် မပြီးပြည့်စုံသေးသော ကမ္ဘာငယ်တစ်ခု ပါဝင်နေပုံရသည်။

“အချိန်၊ နေရာ၊ အကြောင်းအကျိုး ၊ ကံတရား....”

ဤအရာများသည် ဤဧကရာဇ်အလိုဆန္ဒမှ စူးချန်ကဲ ခံစားမိသော မထင်မရှားနိယာမတရားများပင် ဖြစ်သည်။

ပြောရရင်လည်း ထူးဆန်းသည်။ ဤလောကနှင့် ပတ်သတ်၍ သူ၏ နားလည်နိုင်စွမ်းသည် သူ့အတွက် မွေးရာပါဖြစ်ပုံရသည်။

“ချန်ကဲ!”

ထိုအခိုက်အတန့်တွင် ၊

ခန်းမအပြင်ဘက်မှ ကြမ်းတမ်းကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

ဖော့ကျွင်းဘိုးဘေး နှင့် ကွေးယွမ် သူတော်စင် နယ်မြေ၏ ဘိုးဘေးများစွာတို့သည် ဟင်းလင်းပြင်ကို ဖြိုခွင်းလျက် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ ကွေးယွမ်ဘုရားကျောင်းရှေ့သို့ ရောက်ချလာသည်။

တံခါးဖွင့်ပြီး ထွက်လာသော စူးချန်ကဲ၏ ရောင်ဝါကို သူတို့ ကောင်းကောင်းကြီး ခံစားမိသည် ။

အားလုံး၏ အမူအယာများသည် အံဩနေဟန်ရှိပြီး ၊ ခေါင်းတစ်ခုလုံးကျိန်းသွားသလိုပင်။

ယခုအချိန်တွင် စူးချန်ကဲ၏ ရောင်ဝါသည် ယခင်ကထက် ပို၍ပြင်းထန်လာသည်။

သူ့ပတ်ဝန်းကျင်တွင် လွှမ်းခြုံနေသော ဧကရာဇ်တစ်ပါး၏ အရှိန်အဝါတို့သည် စူးချန်ကဲ၏ ရုပ်သွင်ကို ပို၍ ခံ့ညားပြီး ထူးကဲစေသည်။

“ ဖော့ကျွင်း မင်းသေချာခံစားကြည့်စမ်း.... ချန်ကဲမှာ ဧကရာဇ်အလိုဆန္ဒ ဘယ်လောက်တောင် ရှိနေမလဲ...”

ပါ့ချန်ဘိုးဘေးက ပထမဆုံးတုံ့ပြန်လာသည်။ သူသည် အစစ်အမှန်မဟုတ်သလို ခံစားမိသောကြောင့် ဖော့ကျွင်းဘိုးဘေးအား မေးမြန်းလိုက်ပုံရသည်။

“ ချန်ကဲကို ကြည့်ရတာ...”

“ဧကရာဇ်အလိုဆန္ဒ လေးဆယ့်ကိုးမျိုး....”

ထိုစကားများ ထွက်လာသည်နှင့် ။

ဘိုးဘေးများစွာတို့သည် မိမိတို့၏ အာရုံခံနတ်အသိစိတ်များကို ထုတ်လွှတ်ကာ အတည်ပြုလိုက်ကြသည်။

အတည်ပြုလိုက်တိုင်း ၊ တစ်ယောက်ပြီးတစ်ယောက် ထိတ်လန့်တုန်လှုပ်သော အမူအယာများ ဖြစ်ကုန်ကြသည်။

အဆုံးတွင် ၊ ၎င်းတို့၏ တုန်တုန်ယင်ယင် ဖြစ်နေသော တီးတိုးသံကို ကြားရပေလိမ့်မည်။

“၄၇....”

“၄၈....”

“၄...၄၉....!?”

တကယ်ပင် ဧကရာဇ်အလိုဆန္ဒ လေးဆယ့်ကိုးမျိုးတောင် စုစည်းနိုင်ခဲ့သည်။

ဘိုးဘေးတို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြပြီး ၊ သူတို့မျက်နှာပေါ်ရှိ ခံစားချက်များသည် ထိန်းချုပ်ရန် ပို၍ပင် ခက်ခဲလာကာ အနည်းငယ်ပင် ထိန်းမနိုင်သိမ်းမရ ဖြစ်နေပုံရသည်။

သို့သော် ကျေနပ်အားရမှုမျိုး မဟုတ်ဘဲ ၊ ယင်းအစား ကြောက်ရွံ့နေသော အရိပ်အမြွက်များ ရှိနေသည်။

“ဘိုးဘေးတို့... ချန်ကဲ ဘိုးဘေးတို့ကို စိတ်ပျက်စေမိပါတယ် “

စူးချန်ကဲသည် ထူးဆန်းသော လေထုကို ခံစားမိကာ ကမန်းကတန်း ဦးညွှတ်ပြီးဆိုလိုက်သည်။

သူသည် ဧကရာဇ်အလိုဆန္ဒ လေးဆယ့်ကိုးမျိုးသာ ပေါင်းစည်းနိုင်ခဲ့သည်။ သူ့အမြင်အရ၊ သူ၏ ကြိုးစားအားထုတ်မှုသည် ကွေးယွမ် သူတော်စင်နယ်မြေကို စိတ်ကျေနပ်မှု မပေးနိုင်ခဲ့သည် ဟု ထင်မှတ်ထားသည်။

“မဟုတ်ဘူး...”

ဖော့ကျွင်းဘိုးဘေးသည် စိတ်တည်ငြိမ်စေရန် ဖြည်းညှင်းစွာ အသက်ရှုသွင်းရှုထုတ် ပြုလိုက်ပြီး စူးချန်ကဲအား ဆိုလိုက်သည်။

“ ချန်ကဲ ၊ မင်း ငါတို့ကို စိတ်မပျက်စေခဲ့ဘူး “

“မင်းက ငါတို့ရဲ့ မျှော်လင့်ချက်ထက်ကို အပြည့်အ၀ ကျော်လွန်နေပြီး တိုက်မြေ သုံးထောင်ရဲ့သမိုင်းကိုတောင် ချိုးဖျက်ခဲ့တယ်လို့ ပြောရမယ် “

“ဘာလို့လဲဆို​တော့ ​တိုက်မြေ​သုံး​ထောင်​မှာ ဧကရာဇ်​တစ်​ပိုင်း နယ်ပယ်အဆင့်ရှိ အတော်ဆုံး ပါရမီရှင်တွေတောင် ဧကရာဇ်အလိုဆန္ဒကို အများဆုံး ဆယ့်လေးမျိုးပဲ စု‌စည်းနိုင်သေးတယ်...”

သို့သော် စူးချန်ကဲဘက်မှ တုံ့ပြန်မလာခင် ၊ ဖော့ကျွင်းဘိုးဘေးက အကြောင်းအရာကို ပြောင်းလဲပြောဆိုခဲ့သည်။

“ဒါပေမယ့် မင်း မဟာဧကရာဇ်မင်းတစ်ပါးအဖြစ် အောင်မြင်ချင်ရင် ၊ ဧကရာဇ်တစ်ပိုင်း နယ်ပယ်အဆင့်မှာ မင်းနားလည်ထားတဲ့ ဧကရာဇ်အလိုဆန္ဒအားလုံးကို ပေါင်းစည်းရမယ်...”

“တစ်ခါတုန်းက၊ ဧကရာဇ် အလိုဆန္ဒ ဆယ့်လေးမျိုးကို ပေါင်းစည်းနိုင်တဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ရှိခဲ့ဖူးတယ်...သူ့ရဲ့ အရည်အချင်းက တိ့ထျန်းထက်ကို ကျော်လွန်တယ်...”

“ သူ့ကို လူတိုင်းက ဒဏ္ဍာရီအသစ်တစ်ခု ဖန်တီးနိုင်မယ်လို့ ထင်ထားခဲ့ကြတယ်..ဒါပေမဲ့ သူက ဧကရာဇ်အလိုဆန္ဒတွေကို အောင်မြင်စွာ မပေါင်းစည်းနိုင်ခဲ့ဘဲ အဆုံးမှာတော့ ဧကရာဇ်တစ်ပါး ဖြစ်နိုင်မယ့် အရည်အချင်းတွေတောင် ဆုံးရှုံးသွားခဲ့တယ်...”

“မင်းအနေနဲ့ ဧကရာဇ်အလိုဆန္ဒကို ပိုပြီး နားလည်လေလေ၊ ပိုပြီး ခက်ခဲလေလေပဲ ၊ အလိုဆန္ဒ ဆယ့်လေးမျိုးဆိုတာတောင် အခက်အခဲက အတော်လေး ကြီးလွန်းနေပြီ...”

ဖော့ကျွင်းဘိုးဘေးသည် သူ့ စကားကို ရပ်တန့်လိုက်သည်။

စူးချန်ကဲကို ကြည့်နေသော ဘိုးဘေးများစွာ၏ မျက်လုံးများသည်လည်း အနည်းငယ် ရှုပ်ထွေးနေသည်။

စူးချန်ကဲသည် ဧကရာဇ်အလိုဆန္ဒ လေးဆယ့်ကိုးမျိုးကို စုဝေးနိုင်သည့်အပေါ် အလွန်ပျော်မိသည့်အလျောက် တစ်ဖန် စိတ်ပူမိပြန်သည်။

ဤမျှ များပြားသော ဧကရာဇ်အလိုဆန္ဒများကို စူးချန်ကဲသည် ၎င်းတို့ကို အောင်မြင်စွာ အတူတကွပေါင်းစပ်နိုင်မည်လော။

“ဟမ်! မင်းတို့က ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဆက်ခံသူအပေါ် ယုံကြည်မှု ဒီလောက်တောင်နည်းလား?”

ထိုစဉ်။

ကောင်းကင်ယံမှ အေးစက်စက်လေသံ ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ၊ ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်စွမ်းအားများလည်း ထွက်ပေါ်လာသည်။

အဆုံးမရှိသော မှော်သင်္ကေတများ ရိုက်ခတ်လှုပ်ရှားသွားပြီး အဆုံးတွင် ကိုယ်လုံးကိုယ်ပေါက် သေးသွယ်လှပသော မိန်းကလေးတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။

သူမသည် လှပသော ငယ်ရွယ်သူတစ်ယောက် ဖြစ်သော်လည်း ၊ သူမသည် လေပေါ်တွင် ရပ်နေရုံမျှဖြင့် သူမ၏ကြောက်ခမန်းလိလိ ဖိနှိပ်စွမ်းအားများသည် ကွေးယွမ် သူတော်စင် နယ်မြေ၏ အကာအကွယ် မှော်ဖွဲ့စည်းပုံကိုတောင် တုန်ခါစေသည့်အထိ ပြင်းထန်လွန်းသည်။

“ လုရှန်းဘိုးဘေး!?”

ရောက်ရှိလာသော ဘိုးဘေးသည် ကွေးယွမ် သူတော်စင် နယ်မြေ၏ ဂုဏ်သိက္ခာရှိ အမျိုးသမီးအကြီးအကဲ လုရှန်း ဖြစ်သည်။သူမ၏ ပုံစံသည် ငယ်ရွယ်ပုံပေါက်သော်လည်း သို့သော် သူမသည် ကျန့်ရှင်းဘိုးဘေး၏ စီနီယာအစ်မပင် ဖြစ်သည်။

သူမ၏ ကျင့်ကြံမှုသည် နားမလည်နိုင်သော အနေအထားတစ်ရပ်အထိ ရောက်ရှိနေပြီး ၊ ဤကမ္ဘာ၏ နားလည်နိုင်စွမ်းထက်ကို ကျော်လွန်နေပြီ ဖြစ်သည်။

“လုရှန်းဘိုးဘေးကို နှုတ်ခွန်းဆက်သပါတယ်”

စူးချန်ကဲသည် အပြစ်မပြုဝံ့ဘဲ ကမန်းကတန်း ဦးညွှတ်လိုက်သည်။

လုရှန်းဘိုးဘေးသည် အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး ၊ မူလက အေးစက်စက် မျက်နှာသည် ယခုအခါတွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခုကို ဆင်ယင်ထားသည် ။

သူမ၏ မျက်လုံးများသည် စူးချန်ကဲအား လုံးဝဖောက်ထွင်းကြည့်နေသကဲ့သို့ စိုက်ကြည့်နေသည်။

“ငါနိုးလာတာ မကြာသေးပေမဲ့ ဒါပေမဲ့ မင်းရဲ့အောင်မြင်မှုတွေနဲ့ လုပ်ဆောင်ချက်တွေကို ငါသိတယ်”

ယခုအချိန်တွင် လုရှန်းဘိုးဘေး၏ ရယ်မောသံကို ကြားနေရသည်။

“ ဧကရာဇ် အလိုဆန္ဒ လေးဆယ့်ကိုးမျိုးဆိုလည်း ဘာဖြစ်လဲ?”

“ တိုက်မြေသုံးထောင်မှာ ဘယ်သူကမှ အဲ့လောက်ထိ အများကြီး မစုဆောင်းနိုင်ဘူး၊ အဲ့တော့ အောင်မြင်ဖူးတယ်ဆိုတဲ့ ကိစ္စကလည်း သေချာပေါက် ဘယ်ရှိမတုန်း”

“ဒါပေမယ့် မဟာဧကရာဇ်မင်း ဆိုတာက မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ဖို့ပဲ”

“ ချန်ကဲ၊ ရဲရဲဝံ့ဝံ့ နဲ့ ယုံကြည်မှုရှိရှိ ရှေ့ဆက်သာလျှောက်လှမ်း ၊ ကွေးယွမ် သူတော်စင် နယ်မြေက မင်းအတွက် အားလုံးဖြေရှင်းပေးမယ်”

စာသားများသည် တိုတိုလေး ဖြစ်သော်လည်း အလေးချိန် ရှိနေသည်။

စူးချန်ကဲအပေါ် အဆုံးမရှိသောမျှော်လင့်ချက်တို့ကို ပြသနေသည်။

တစ်ဖန် စူးချန်ကဲအား လုံးဝယုံကြည်မှုရှိကြောင်းကိုလည်း ပြသနေသည်။

“ ချန်ကဲ ဘိုးဘေးကို စိတ်မပျက်စေရပါဘူး”

စူးချန်ကဲသည် လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

သူ့ကိုယ်သူလည်း ဘယ်သောအခါမှ ကျရှုံးလိမ့်မည်ဟု မတွေးထားခဲ့ပေ။

မဖြစ်နိုင်သော အရာကိုတောင် သူ ရအောင်လုပ် နိုင်သည်။

တိုက်မြေ သုံးထောင်တွင် ဘယ်သောအခါမှ မဖြစ်ခဲ့ဖူးသော ကိစ္စဆိုတောင် ၊

သူသည် လမ်းသစ်ဖောက်လုပ်မည့် ပထမဆုံးလူ ဖြစ်လာရပေမည်။

……..

တစ်ချိန်တည်းမှာပင်။

တိုက်မြေသုံးထောင် တစ်ခုလုံး ကမောက်ကမ ဖြစ်လို့နေသည်။

မရေမတွက်နိုင်သော ပါရမီရှင်များသည် ဧကရာဇ်လျှောက်လှမ်း ဂိတ်ပေါက်များကို အသီးသီး ဖြတ်ကျော်ဝင်ရောက်လာခဲ့သည်။

မရေမတွက်နိုင်အောင်ရှိသော ဂိတ်ပေါက်များသည် မရေမတွက်နိုင်သော ရှေးဟောင်းကမ္ဘာငယ်လေးများနှင့် ချိတ်ဆက်ထားပြီး ၊ ဧကရာဇ်လျှောက်လှမ်းပေါ်သို့ ခြေချလိုက်သည်နှင့် ၊ ပါရမီရှင်များသည် စမ်းသပ်မှုမျိုးစုံကို ကျော်ဖြတ်ကြရ‌ပေမည်။

အရှုံးသမားများအတွက် ထိုနေရာသည် ထာဝရ အနားယူရာနေရာ ဖြစ်သွားနိုင်သည်။

အောင်မြင်သူ ပါရမီရှင်များသည် နောက်ဆုံးလမ်းဆုံတွင် တစ်ဖန်ပြန်လည်တွေ့ကြရမည် ဖြစ်သည်။

အဆုံးတွင်၊ သူတို့သည် ကောင်းကင်ဘုံကို အံတုနိုင်သော အခွင့်အရေးများကို လုယူရန် နှင့် မိမိ၏ ဩဇာအာဏာကို ပြသရန် ကိုယ်စီကိုယ်စီ တိုက်ပွဲဝင်ကြပေလိမ့်မည်။

ထူးချွန်သောစွမ်းဆောင်ရည် ရှိသူများသည် ဧကရာဇ်စာရင်းတွင် စာရင်းသွင်းခံရပြီး သမိုင်းတွင်နိုင်မည့် အခွင့်အရေးကို ရရှိကြပေမည်။

……

ကောင်းကင်တောင် နတ်ဓားဂိုဏ်း။။

ကျန်းဝမ့်ချင်သည် သူ့ကျောပေါ်ရှိ ဓားရှည်ကို ဆွဲထုတ်လိုက်သည်။

အေးစက်သော ဓားသွားကိုယ်ထည်ပေါ်တွင် သူ၏ အေးစက်သောမျက်ဝန်းများက ရောင်ပြန်ဟပ်လျက်ရှိသည်။

“ စူးချန်ကဲ ၊ ဒီတစ်ခါတော့ ဘယ်သူက ပိုသာလဲဆိုတာ ဆုံးဖြတ်ကြတာပေါ့ “

ကျန်းဝမ့်ချင်သည် ကောင်းကင်တောင် နတ်ဓားဂိုဏ်းသို့ ပြန်ရောက်လာပြီးနောက် ၊

သူတို့ဂိုဏ်းတစ်ခုလုံး ထူးဆန်းသော အိပ်မက်တစ်ခုကို မြင်မက်ခဲ့သည်။

အိပ်မက်သည် ထွန်းတောက်လာသော ဒဏ္ဍာရီလာ ဓားသမားတစ်ယောက်၏ အကြောင်းသာ ဖြစ်သည်။

လူတော်တော်များများ နားမလည်သော်လည်း ၊

သို့သော် ကျန်းဝမ့်ချင် သိသည်။

ဤသည်မှာ သူ၏ ဆရာဘိုးဘေး၊ တစ္စေဓားအမတရှင် ကျန်းဝူတောက်၏ ဇာတ်လမ်းပင် ဖြစ်သည်။

“ဆရာဘိုးဘေးရဲ့ နောက်ဆုံးကျောင်းသား...”

“ ‌နောက်ဆုံးအချိန်ထိ သူ့ရဲ့နာမည်ကို ကမ္မည်းထိုးနိုင်ပါစေလို့ ကျွန်တော်လည်း မျှော်လင့်ပါတယ်”

ထိုစကားသံအဆုံးတွင် ၊

ကျန်းဝမ့်ချင်သည် သူ့ဓားကို မြှောက်ကာ ခုတ်ချလိုက်သည်။

ရွှမ်း! !

ပြင်းထန်သော ဓားအလင်းများ ထွက်ပေါ်လာပြီး ၊ ကောင်းကင်ပေါ်က ကြယ်များကိုပင် တုန်လှုပ်သွားစေခဲ့သော ကြောက်ခမန်းလိလိ ဓားအလင်းတန်းသည် ကမ္ဘာတဝှမ်းတွင် ပျံ့လွင့်လို့နေသည်။

ထိုဓားအလင်းသည် အာကာသကို တိုက်ရိုက်ဖြတ်တောက်ပြီး ၊ နေရာလပ်များတွင် ဓားစွမ်းအင်များဖြင့် ပြည့်နှက်သွားလေရာ အဆုံးတွင် လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။

ထို့နောက် ကျန်းဝမ့်ချင်သည် ဓားကို စလွယ်လွယ်ကာ ဧကရာဇ်လျှောက်လှမ်း ဂိတ်တံခါးဝထဲသို့ ဝင်ရောက်သွားခဲ့တော့သည်။

All Chapters