အခန်း (၃၈၁-၃၈၅)
Vol. 28 Ch. 381-385
အပိုင်း(၃၈၁): သူတို့သည် အသက်ရှည်ခြင်းကို တောင့်တကြပြီး ၊ သူတို့သည် လွတ်လပ်မှုနှင့် ပျော်ရွှင်မှုကို တောင့်တကြသည်
“ သွေးအန်သံ…!”
နောက်အခိုက်အတန့်တွင် သွေးအန်သံကို ကြားလိုက်ရသည်။
တဟုန်းဟုန်း တိုက်ခတ်နေသော ဝိညာဉ်စွမ်းအင်မုန်တိုင်းထဲမှ လွင့်စင်လာခဲ့သော ခပ်မဲမဲ အရိပ်တစ်ခုကို လူတိုင်းတွေ့လိုက်ရသည်။
၎င်းဝတ်ဆင်ထားသော ချပ်ဝတ်တန်ဆာသည် ကွဲအက်နေပြီး ၊ ၎င်း၏ လက်နက်ဖြစ်သော ငွေရောင် ခက်ရင်းခွသည်ပင် ကျိုးပဲ့သွားခဲ့သည်။
ပြင်းထန်သော ဓားစွမ်းအင်များသည် ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို သွေးသံရဲရဲဖြင့် ပိုင်းဖြတ်ခဲ့ပေရာ ၊ သူ၏ အသက်ရှုနှုန်းမှာ ယခင်ကထက် အတော်လေး အားနည်းသွားပုံရသည်
“ မျိုးနွယ်စု အကြီးအကဲ!?”
ပင်လယ်မျိုးနွယ်စု၏ အမူအယာများသည် ကြောက်ရွံ့ထိတ်လန့်နေကြပြီး ၊ ၎င်းတို့သည် ဇီးကွက် ကို ကူညီရန် အပြေးအလွှား ရောက်လာကြသည်။
မိမိတို့ ယုံကြည်အားကိုးရသော အလွန်အစွမ်းထက်သည့် အကြီးအကဲသည် သူတို့မျက်စိရှေ့တွင် ရှိနေသော ထိုအနှီလူငယ်လေး၏ ထိုးနှက်ချက် တစ်ချက်တည်းဖြင့် ဤမျှ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။
ထိုမြင်ကွင်းကို ကြည့်နေသော စူးချန်ကဲ၏ ပါးစပ်ထောင့်သည် အနည်းငယ် ကွေးညွှတ်သွားသည်။
“ ကြည့်ရတာ မင်းခန္ဓာကိုယ်က အတော်လေး သန်မာပုံပဲ ၊ ငါ့ရဲ့ ဓားစွမ်းအင်ကို ခံယူပြီးတာတောင် အသက်ရှင်နိုင်သေးတယ် ၊ မင်းကိုယ်မင်း ဂုဏ်ယူသင့်တယ် “
ထိုစကားကို ကြားတော့ ၊ ပါရမီရှင်အချို့က နှုတ်ဆိတ်စွာဖြင့် တစ်ယောက်ကို တစ်ယောက် ကူကယ်ရာမဲ့ ကြည့်လိုက်ကြသည်။
တခြားသူသာ ထိုကဲ့သို့ စကားမျိုးပြောထွက်ဝံ့ပါက ၊ နားထင်သွေးရောက်နေသော အပြုအမှုအတွက် လှောင်ရယ်ခံရမှာ သေချာပေသည်။
သို့သော် စူးချန်ကဲ ဆိုပါက ၊ သူတို့သည် ၎င်းကို မှတ်ချက်ပေးနိုင်မည့် အရည်အချင်းမရှိသည်ဟု ဆိုရပေတော့မည်။
ထို့အပြင် စူးချန်ကဲ၏ ခွန်အားသည် အလွန့်အလွန် အားကောင်းပေသည်။ သူတို့သည် ဧကရာဇ်တစ်ပိုင်းနယ်ပယ် ပထမအဆင့်တွင်သာ ရှိသေးသည်။ သို့သော် စူးချန်ကဲသည် ဧကရာဇ်တစ်ပိုင်းနယ်ပယ် တတိယအဆင့်ထိ ရောက်ရှိနေပြီ ဖြစ်သည်။
ဒါ လုံးဝနှိုင်းယှဉ်စရာကို မရှိတာ!
“အဟွတ်…”
ဇီးကွက်သည် သွေးအနည်းငယ်ကို ထွေးထုတ်လိုက်ပြီး ၊ သူ့ကို မထူပေးထားသော လူများကို တွန်းထုတ်လိုက်သည်။
“ သွားစမ်း ၊ ငါ မင်းတို့ရဲ့အကူအညီ မလိုဘူး!”
သူ၏မျက်လုံးများသည် နီရဲနေပြီး ၊ သွေးကြောမျှင်များကို အတိုင်းသား မြင်နေရသည်။ ၎င်း၏ ခက်ထန်သော အမူအယာဖြင့် ပေါင်းစပ်လိုက်မည်ဆိုပါက အနည်းငယ် ရူးသွပ်သွားပုံပေါက်သည်။
“ခြေတစ်လှမ်းပဲ… တစ်လှမ်းပဲ လိုတော့တာကို…”
ဇီးကွက်သည် ရူးသွပ်စွာ အော်ဟစ်နေသည်။ သွေးများက သူ၏ပါးစပ်ထဲမှ အဆက်မပြတ် စီးကျနေသည်။
“ဘာလို့လဲ… ဘာဖြစ်လို့လဲ…!”
“ မင်းကများ ဘာမို့လို့ ငါ့ညီကို အသက်ပြန်မရှင်အောင် တားဆီးနေတာလဲ! ! “
ဝုန်း !!
ရုတ်တရက်။
ဇီးကွက်၏ ခန္ဓာကိုယ်ထဲမှ ပြင်းထန်သော သွေးချီစွမ်းအင်များ ထွက်ပေါ်လာသည်။
ထောင်ပေါင်းများစွာသော သွေးနီရောင်အလင်းတန်းများသည် ၎င်း၏ ဘေးပတ်ပတ်လည်တွင် ဝန်းရံနေသည်။ထောင်ပေါင်းများစွာသော မှော်နီသင်္ကေတများသည် လေထဲတွင် ပြည့်လျှံနေပြီး၊ ၎င်း၏ ပတ်ဝန်းကျင်တစ်ခုလုံးသည် သွေးငွေ့များဖြင့် ဖုံးလွှမ်းနေသည်။
ပင်လယ်မျိုးနွယ်စုဝင် ရှေးဟောင်းသားရဲနှစ်ကောင်သည်လည်း ထိုစွမ်းအား၏ သက်ရောက်မှုကို ခံစားမိပုံရသည်။
၎င်းတို့၏ဦးခေါင်းများပေါ်ရှိ ဦးချိုများသည် တစ်ချိန်တည်းမှာပင် အရှိန်အဟုန်ပြင်းစွာ တောက်ပလာခဲ့ပြီး ၎င်းတို့၏ ရောင်ဝါများသည်လည်း သိသိသာသာ မြင့်တက်လာသည်။
၎င်းတို့၏ပုံစံကို ကြည့်ရသည်မှာ စူးချန်ကဲနှင့် သေသည်အထိ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားပုံရသည်။
“မင်းညီကို အသက်ပြန်မရှင်အောင် တားစီးတယ်? “
စူးချန်ကဲသည် ထိုစကားထဲက အဓိကအချက်ကို ဖမ်းမိခဲ့ပြီး ၊ သူသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
“ဒါဆို ဒီကောင်က သူ့ညီကို အသက်ပြန်သွင်းဖို့ သွေးချီစွမ်းအင်တွေကို စုဆောင်းနေခဲ့တာလား…?”
စူးချန်ကဲ သဘောပေါက်သွားသည်။ တဖက်လူသည် သွေးသားသံယောဇဉ်ကြောင့် ဤကဲ့သို့ လုပ်ရပ်မျိုးကို လုပ်ခဲ့ပုံရသည်။
သို့သော် ယခုအချိန်တွင် သူတို့သည် ရန်သူများဖြစ်နေပြီ ဖြစ်ရာ ၊ ရန်သူများနှင့် ဆက်ဆံရာတွင် သူသည် သဘောဝအတိုင်း စာနာသနားလိမ့်မည် မဟုတ်ပေ ။
ဝုန်း !!
လှိုင်းလုံးများသည် ကောင်းကင်နှင့် ချိတ်ဆက် သွယ်တန်းထားသည့်အတိုင်း ရိုက်ခတ်လာခဲ့သည်။
ပင်လယ်မျိုးနွယ်စု ရှေးဟောင်း သားရဲကြီးနှစ်ကောင်သည် ဦိးစွာ တိုက်ခိုက်လာခဲ့သည်။ ပေတစ်သောင်းခန့် ရှည်လျားသော ပင်လယ်နဂါးကြီးသည် သူ၏ သွေးသံရဲရဲပါးစပ်ကို ကျယ်လောင်စွာ ဖွင့်လျက် မိုးခြိမ်းသံနှင့်အတူ စူးချန်ကဲဆီသို့ ပြေးဝင်တိုက်ခိုက်လေသည်။
ဝုန်း ဝုန်း !!
တစ်ချိန်တည်းမှာပင်၊ ရေဘဝဲကြီးသည်လည်း သူ၏ လက်တံများကို ဝှေ့ယမ်းလျက် လှိုင်းလုံးကြီးများကို ဖန်တီးနေပြီး စူးချန်ကဲကို ချေမှုန်းရန် ကြီးမားသော စွမ်းအားများကို သယ်ဆောင်လာသည်။
တစ်ဖက်တွင်၊ ဇီးကွက်သည် ကျိုးပဲ့နေပြီ ဖြစ်သော အသွားသုံးချောင်းပါ ခက်ရင်းခွကို သူ၏ လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်ထားသည်။
သူ၏ နောက်ဘက်တွင် လည်ပတ်နေသော အနီရင့်ရောင် ဆုံလည်ဘီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ ၎င်း၏ ပြင်းထန်သော ရောင်ဝါများသည် ဟင်းလင်းပြင် အနှံ့ မရေမတွက်နိုင်သော အက်ကြောင်းများကို ဖန်တီးပေးနေသည်။
လှိုင်းထန်လေထန် တိုက်ခတ်နေသည်မှာ ကြောက်စရာကောင်းပေသည်။
“ဒီကောင့်ကို သတ်နိုင်တာနဲ့…”
သူ့အသံသည် ခက်ထန်နေပြီး ၊ စူးချန်ကဲ၏ ဦးတည်ရာဘက်ကို ကြည့်ကာ ရမ္မက်လောဘများ တောက်လောင်နေသည့် အကြည့်များဖြင့် ဆိုလေသည်။
“ငါ့ညီလေး ပြန်လည် ရှင်သန်လာလိမ့်မယ်!”
မရေမတွက်နိုင်သော ဤနှစ်ကာလများ တစ်လျှောက် ဤသည်မှာ သူလုပ်ချင်သည့် တစ်ခုတည်းသော အရာမှာပင်။ သူ့ပိုင်ဆိုင်ထားသမျှ အရာအားလုံးကို စွန့်လွှတ်ရမည်ဆိုတောင် ၊
မိမိ၏ကျင့်ကြံမှုကို စတေးရမည်ဆိုတောင်!
သူ၏မှတ်ဥာဏ်ထဲက ညီဖြစ်သူသာ အသက်ပြန်ရှင်နိုင်မည်ဆိုပါက သူ့အသက်ကိုပင် ပေးဆပ်နိုင်သည်။
“ပင်လယ်နတ်ဘုရား ဒီရေကိုချိုးဖျက်ခြင်း!!
ဟောက်သံတစ်ခု ထွက်ပေါ်လာသည်။
ဘုန်း !
ဇီးကွက်သည် သူ့လက်ထဲက ခက်ရင်းခွကို စူးချန်ကဲဆီသို့ တိုက်ရိုက် ပစ်လွှတ်လိုက်သည် ။
ခက်ရင်းခွပေါ်တွင် နီမြန်းသော မှော်သင်္ကေတများသည် တဖျပ်ဖျပ် ခတ်လျက် တောက်ပနေပြီး ၊ ၎င်းမှ ထုတ်လွှတ်လိုက်သော နတ်အလင်းရောင်သည် အရာအားလုံးကို ဖြိုခွင်းနိုင်စွမ်းရှိပုံပေါ်သည်။
စူးချန်ကဲဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာနေသည့်တစ်လျှောက်လုံး ပင်လယ်ရေမျက်နှာပြင်ပေါ်ရှိ အလွန်အားကောင်းသော စွမ်းအင်တစ်ခုသည် နှစ်ပိုင်းကွဲထွက်သွားပြီး နောက်ဆက်တွဲအနေဖြင့် ကြီးမားသော လှိုင်းတံပိုးများကို ဖန်တီးနေသည်။
“ ဝေါင်း !”
“ ဝေါင်း !!”
တစ်ချိန်တည်းမှာပင် ၊ ရှေးဟောင်း ပင်လယ်သားရဲနှစ်ကောင်သည်လည်း ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများဖြင့် ပေါက်ကွဲထွက်လာကြသည်။
အဆုံးမရှိသော ပျက်သုန်းခြင်းရောင်စဉ်တန်းများ ထွက်ပေါ်လာပြီး ၊ ကောင်းကင်ယံမှ မိုးခြိမ်းသံများ ကျယ်လောင်စွာ ပဲ့တင်ထပ်လျက်ရှိသည်။
ဤကြောက်စရာကောင်းသော မြင်ကွင်းသည် လူကို အသက်ရှုရပ်လုနီးပါး ဖြစ်စေပြီး ၊ လူတိုင်း ထိုမြင်ကွင်းကို ဗြောင်ကျကျ ကြည့်နေကြသည်။
စူးချန်ကဲသည် ဧကရာဇ်တစ်ပိုင်း နယ်ပယ် ဒုတိယတန်းအဆင့်ရှိသော လူသုံးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို ရပ်တန့်နိုင်မည်လော။
ဤအခိုက်အတန့်တွင်၊ အချိန်များအားလုံးသည် နှေးကွေးသွားပုံရသည်။
လူတိုင်းသည် စူးချန်ကဲကို ဦိးတည်ကာ တိုက်ခိုက်လာသည့် ထိုကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှု သုံးခုကို စိုက်ကြည့်နေကြသည်။
ပေတစ်ရာ!
ပေငါးဆယ်!
ဆယ်ပေ!
နောက်ဆုံး တစ်ပေအထိ။
ပြိုးပြိုးပျက်ပျက် တောက်ပလွန်းသော နတ်အလင်းရောင်သည် စူးချန်ကဲ၏ တစ်ကိုယ်လုံးကို လုံးလုံးလျားလျား ဝါးမျိုတော့မည့်အခိုက်အတန့်တွင် အေးအေးလူလူ ရှိပုံပေါ်သော ရေရွတ်သံကို ကြားလိုက်ရသည်။
“နတ်ဓားမြစ်ကို ဖြတ်ကျော်ခြင်း ၊ နတ်ဘုရား သတ်ဖြတ်ခြင်း ဓား! “
“ဖြတ်!”
ရွှမ်း! !
မန္တာန်သံအဆုံးတွင်၊ ဓားသည် ချက်ချင်းထွက်ပေါ်လာသည်။
ကြောက်လန့်နေသော လူတိုင်း၏ အကြည့်များအောက်တွင် ၊
ပြိုးပြိုးပျက်ပျက် တောက်ပလွန်းသော နတ်အလင်းရောင်၏ အလယ်ဗဟိုချက်တွင် ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားတစ်ခု ရုတ်ချည်း ထိုးဖောက်သွားသည်။
ဓားအလင်းများသည် ကောင်းကင်ကို ဖြန့်ကျက်လျက် ၊ တိုက်ခိုက်မှု သုံးခု၏ လာရာလမ်းတည့်တည့် ပြေးဝင်သွားသည်။
ဓားအလင်းတန်း သုံးခုသည် ရန်သူ၏ တိုက်ခိုက်မှုကို ဖြိုခွင်းပစ်ခဲ့ပြီး ကြာပွင့်သဏ္ဍာန် ဓားအလင်းများကို ပွင့်လန်းလာစေသည်။
လူကို ပို၍ ကြောက်လန့်စေခဲ့သည်မှာ ၎င်း၏အထဲတွင် ပါရှိသော ပြင်းထန်လွန်းသော ဓားစွမ်းအင်သည် အရာအားလုံးကို အမှန်တကယ် သုတ်သင်ပစ်ခဲ့ခြင်းပင် ဖြစ်သည်။
ဇီးကွက်နှင့် ပင်လယ်သားရဲကောင်များရှိရာ အရပ်၌ ဓားကြာပန်းများက နေရာအနှံ့ ဖုံးလွှမ်းထားလေသည်။
“ ဖျက် ! “
စူးချန်ကဲသည် သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်ပြီး ၊ ဓားအစီအရင်တစ်ခုကို ရေးဆွဲလိုက်သည်။
ဝီ——!!
ရုတ်တရက် ၊ ထိုဓားကြာပန်းများသည် ပို၍ တောက်ပလာခဲ့သည်။
အက်ကွဲသံ!
ဝုန်း!
နောက်ဆုံးတွင်၊ ၎င်းတို့ တည်ရှိရာအရပ်၌ ဟင်းလင်းပြင်သည် မှန်တစ်ချပ်လို ကွဲအက်သွားပြီး ၊ ၎င်းတို့၏ ခန္ဓာကိုယ်များသည်ပင် တောက်ပနေသော အလင်းအပိုင်းအစများအဖြစ်သို့ ပြောင်းလဲကာ လွင့်ပျံသွားခဲ့သည်။
မိမိ၏ ခန္ဓာကိုယ်သည် အလင်းအပိုင်းအစများ အဖြစ်သို့ ပြောင်းလဲကာ လေထဲတွင် ကွယ်ပျောက်သွားသည့် မြင်ကွင်းကို ဇီးကွက်အနေဖြင့် ဒီတိုင်းစိုက်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
“ငါရှုံးသွားတာလား…?”
သေခါနီးအလို သူ၏ နောက်ဆုံးမှတ်ညဏ်အနေဖြင့် ။
သူမြင်လိုက်ရသည်မှာ နှစ်ပေါင်းများစွာ သွေးချီစွမ်းအင်များကို စုဆောင်းလာခဲ့သော ကျောက်စိမ်းဖြူ ပုလင်းလေးသည် တစ်စစီ ကွဲအက်သွားခဲ့ပြီ ဖြစ်သည်။
ထိုအရာသည် ညီဖြစ်သူကို ပြန်လည်ရှင်သန်စေလိုသည့် သူ၏ မျှော်လင့်ချက်ပင် ဖြစ်သည်။
“ ငါ သေလို့မဖြစ်ဘူး….”
“ ငါ ညီလေးကို ပြန်ပြီး အသက်သွင်းရဦးမယ်… သူ ခုထိ အပြင်လောကကို မသွားဖူးသေးဘူး…”
“ငါ သူ့ကို အပြင်လောကရဲ့ သမုဒ္ဒတစ်ခွင်လုံး နှံ့အောင်လည်ဖို့ ခေါ်သွားပေးမယ်လို့ ကတိပေးထားတယ်”
၎င်း၏ မျက်လုံးထောင့်မှ မျက်ရည်များက မရပ်မနား စီးကျလာသည်။
အမှန်စစ်စင်။
သူတို့ မျိုးနွယ်စု၏ ဘိုးဘေးသည် ဧကရာဇ်လျှောက်လှမ်းတွင် ရှုံးနိမ့်ခဲ့သူတစ်ဦး ဖြစ်ခဲ့ပြီး ၊ အဆုံးတွင် ဧကရာဇ်လျှောက်လှမ်း၏ နိယာမများသည် သူ့ကို ဝါးမျိုခဲ့သောကြောင့် သူသည် ဤရှေးဟောင်း ကမ္ဘာငယ်လေးတွင်သာ နေထိုင်ခဲ့ရသည်။
သူတို့မွေးလာကတည်းက သူတို့သည် ဤဧကရာဇ်လျှောက်လှမ်း၏ ကမ္ဘာငယ်တွင်သာ နေထိုင်ခဲ့ရပြီး ၊ အပြင်လောကကို တခါမျှ မမြင်ဖူးခဲ့ပေ။
ညီဖြစ်သူ၏ တစ်ခုတည်းသော အိပ်မက်မှာ ဤနေရာကနေ ထွက်ခွာပြီး အပြင်လောကကို လည်ပတ်ကြည့်ရှုရန်သာ ဖြစ်သည်။
သူသည် တစ်ချိန်က မြင်ကွင်းကို ပြန်မြင်ယောင်နေမိသည်။
“ကိုကို၊ အပြင်လောကမှာ ရှိတဲ့ ပင်လယ်သမုဒ္ဒရာကြီးက ဒီကဟာနဲ့ မတူဘူးလို့ ထင်လား”
လူငယ်လေးသည် မှိတ်တုတ် မှိတ်တုတ် လင်းလက်နေသော ကြယ်များကို ကြည့်နေခဲ့သည်။
“ တကယ်လို့ ကျွန်တော်တို့ အပြင်ထွက်ပြီး ကြည့်နိုင်ရင် ကောင်းမှာပဲ!”
သူ့ဘေးက အရပ်မြင့်မြင့် အမျိုးသားတစ်ဦးသည် သဘောကျစွာဖြင့် ခေါင်းညိတ်ပြနေသည်။
“စိတ်မပူနဲ့ ၊ ကိုကို မင်းကို ခေါ်သွားပေးမယ် “
……
“ကိုကို…ဘာလို့လဲ…ကျွန်တော်တို့ လူသားမျိုးနွယ်အပေါ် ရန်လိုစိတ်မရှိပါလျက်နဲ့…သူတို့က ဘာလို့ ကျွန်တော်တို့ရဲ့ ရင်းမြစ်ကို လုယူချင်နေကြတာလဲ…”
လူငယ်လေး၏ ပါးစပ်ထဲတွင် သွေးများစီးကျနေသည်။ သူ၏ အသက်ရှုနှုန်းသည် အားနည်းနေပြီး ၊ ရင်ဘက်တွင် သွေးများ စွန်းထင်လျက်ရှိသည်။
“ အမတ တစ်ပါးဖြစ်ဖို့အတွက်နဲ့ ….အရာအားလုံးကို လုယူတာ ….ထာဝရ ရှင်သန်ခြင်းက….ဒီလိုရယူပြီးမှ ဖြစ်မယ့် လမ်းစဉ်ဆိုရင် … တကယ်ပဲ ပျော်ဖို့ကောင်းရဲ့လား…?”
……
ဇီးကွက်၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။
၎င်းတို့၏ မျိုးနွယ်စုသည် ဤဧကရာဇ်လျှောက်လှမ်းထဲမှ လွတ်မြောက်ရန် မရေမတွက်နိုင်သော ကြိုးပမ်းအားထုတ်မှုများကို ပြုလုပ်ခဲ့သည်။
သို့သော် ပြင်ပကမ္ဘာကလူများသည် ထိုထင်ယောင်ထင်မှား လမ်းစဉ်ကို သက်သေပြရန်အတွက် ဧကရာဇ်လျှောက်လှမ်းထဲသို့ ဝင်ရောက်လိုကြသည်။
သူတို့ အမြဲတမ်းလိုချင်နေခဲ့သော လွတ်လပ်မှုသည် ၎င်းတို့အတွက် ရယ်စရာဖြစ်နေသည်။
ရယ်စရာပဲ !
သိပ်ကို ရယ်စရာကောင်းတာပဲ!
အပိုင်း(၃၈၂): ဖြတ်သန်းရာ ဂိတ်များ
ဇီးကွက်သည် သေခြင်းတရားကို ရင်ဆိုင်ရန် ပြင်ဆင်နေသကဲ့သို့ သူ၏မျက်လုံးများကို မှိတ်ထားသည်။
ထိုစဉ် ၊ လူငယ်တစ်ဦး၏ အသံသည် သူ့နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
“ လတ်စသတ်တော့ အဲ့လိုကိုး ၊ ဒါက မင်းရဲ့အမှတ်တရလား?”
“မင်းက ခံစားချက်ရှိတဲ့ မကောင်းဆိုးဝါးဖြစ်နေမယ်လို့ ငါမမျှော်လင့်ထားဘူး “
ထိုစကားသံကို ကြားတော့ ဇီးကွက်သည် မျက်လုံးပွင့်လာသည်။
သူသည် အသံလာရာဘက်ကို အံ့အားသင့်စွာ ကြည့်နေခဲ့ပြီး ၊ ထိုစကားပိုင်ရှင်မှာ စူးချန်ကဲ ဖြစ်နေခဲ့သည်။
သူ အနည်းငယ် စိတ်ရှုပ်သွားသည်။တဖက်လူ၏ ဓားစွမ်းအင်သည် သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ဖျက်ဆီးပစ်ခဲ့ပြီ မဟုတ်လော။
“စိတ်မပူနဲ့ ၊ ငါ့ဓားစွမ်းအင်ကြောင့် မင်းရဲ့စိတ်ဝိညာဉ်က လုံးလုံးလျားလျား ဖယ်ထုတ်ခံလိုက်ရပေမဲ့ မင်း သေချိန်မတန်သေးဘူး “
နတ်ဓားမြစ်ကို ဖြတ်ကျော်ခြင်း ဓားအစီအရင်၏ နတ်ဘုရား သတ်ဖြတ်ခြင်းဓား ဆိုသည်မှာ တစ်ပါးသူ၏ စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်နိုင်သည်။
စိတ်ဝိညာဉ်ကို ဖယ်ထုတ်ပြီးသည်နှင့် ၎င်း၏ အမှတ်တရများကို ကြည့်ရှုနိုင်သည်။ သို့သော် တန်ကြေးအနေဖြင့် ၎င်းတို့၏ခန္ဓာကိုယ်များသည် တစ်စစီ ပြိုကွဲသွားမည် ဖြစ်သည်။
တဖက်လူ၏ စိတ်ဝိညာဉ်သည် လေထဲတွင် လွင့်မျောနေသော အခိုက်အတန့်တွင် စူးချန်ကဲ၏ ဆင့်ခေါ်ခြင်းကို ခံခဲ့ရပြီး ၊ ၎င်းတို့သည် သူ၏ လက်ချောင်းထိပ်များဆီသို့ ညင်သာစွာ ဝန်းရံလာကြသည်။
“မင်းလို စိတ်ဝင်စားစရာကောင်းတဲ့ မကောင်းဆိုးဝါးတစ်ကောင်ကို တွေ့ဖို့ဆိုတာ ရှားတယ်”
“ သတ်ချင်သတ် မသတ်ချင်နေ ကြိုက်တာလုပ်နိုင်တယ်!”
ဇီးကွက်၏အသံသည် အေးစက်နေသည်။
“ဘာလို့ ငါနဲ့ ကစားနေဦးမှာလဲ!?”
တစ်ချိန်တည်းမှာပင် သူသည် အလွန်အရှက်ရမိသည်။
သူ၏ခန္ဓာကိုယ်သည် ဖျက်ဆီးခံခဲ့ရပြီး ၊ ယခု သူသည် လူသားမျိုးနွယ်၏ အကျဉ်းသား တစ်ယောက် ဖြစ်လာခဲ့ပြန်သည်။
တဖက်လူ၏စကားကို စူးချန်ကဲသည် ဒေါသမထွက်ဘဲ သူ့ညာဖက်လက်ကို တစ်ဖန် ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းဖြူ ပုလင်းတစ်လုံးသည် သူ့လက်ထဲတွင် ချက်ချင်းပေါ်လာသည်။
“ လတ်စသတ်တော့ မင်းရဲ့ ရတနာပုလင်းထဲမှာ နေရာတစ်ခု ရှိနေသေးတာပဲ ၊အထဲမှာ အိပ်နေတဲ့ ကောင်လေးက မင်းညီလေးမလား?”
ထိုစကားကိုကြားသည်နှင့် ၊ ဇီးကွက်၏ အမူအရာသည် သိသိသာသာပြောင်းလဲသွားသည် ။ သူသည် ဘာကိုမှ မကြောက်သော်လည်း သို့သော် ညီဖြစ်သူ တစ်ခုခုဖြစ်သွားမှာကိုတော့ သူ ကြောက်မိသည် ။
“ လူသား ၊ မင်းငါ့ကိုသတ်ချင်ရင် ငါ့ဆီလာခဲ့၊ ငါ့ညီကို လွှတ်လိုက်!”
စူးချန်ကဲသည် ခေါင်းတယမ်းယမ်းဖြင့် ပြုံးလေသည်။
သူသည် လက်ဖျောက်တချက်တီးလိုက်ပြီး ၊ ဇီးကွက်၏ဝိညာဉ်ကို ကျောက်စိမ်းဖြူ ပုလင်းထဲသို့ ထည့်လိုက်သည်။
“ ငါကိုယ်တော်က ကြင်နာတတ်တဲ့ နှလုံးသားရှိတယ် ၊ အနာဂတ်မှာ အပြင်လောကရဲ့ ပင်လယ်ပြင်ကို ကြည့်ရှုဖို့ မင်းတို့ညီအစ်ကိုနှစ်ယောက်ကို ငါ ခေါ်သွားပေးမယ်”
ထိုစကားများကိုကြားလိုက်ရချိန်တွင် ၊ ဇီးကွက်မှာ အံ့သြသွားသည်။
သူ့အား လက်နက်ဖြင့် တိုက်ခိုက်ခဲ့သော လူသားတစ်ယောက်က သူ၏ မြတ်နိုးရသော အလိုဆန္ဒကို ပြီးပြည့်စုံအောင် ကူညီပေးမတဲ့လား?
“ဒါပေမယ့် မင်းငါ့ကို ဘာလို့ကူညီတာလဲ…”
စူးချန်ကဲက ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး။
“ မတူညီတဲ့ ကမ္ဘာတွေကမှ ပိုစိတ်ဝင်စားဖို့ကောင်းတယ် “
သူသည် ဤနှစ်ကာလအတွင်း လူများစွာနှင့် တွေ့ဆုံခဲ့သည်။ အများစုမှာ မိမိ၏ ရာထူးအာဏာအတွက် ပြိုင်ဆိုင်ကြသည်။
ဤလမ်းသည် မိမိလျှောက်လှမ်းရမည့် လမ်းစဉ်မှန်း သိသော်လည်း ၊ သို့သော် ရေရှည်တွင် အသက်မပါသော လူတစ်ယောက် ဖြစ်သွားနိုင်သည်။
ဥပမာအားဖြင့်၊ မရဏခရီးစဉ် နှင့် ကျုံယုံ(ငရဲကိုးထပ်) ခရီးစဉ်တို့တွင် သူ့အား ဤကမ္ဘာ၏ ထူးခြားမှုကို အမှန်တကယ်မြင်တွေ့စေခဲ့သည်။
ယခု ဧကရာဇ်လျှောက်လှမ်းတွင် ထိုကဲ့သို့သောအရာကို ထပ်မံတွေ့လိုက်ရပေရာ ၊ သူ၏ စိတ်နှလုံးသားထဲတွင် ခံစားချက်တစ်ချို့ ဖြစ်ပေါ်လာခဲ့သည်။
“ မဟာလမ်းစဉ်ကို ကျင့်ကြံသူတိုင်းသည် လွတ်လပ်မှုဆိုတာ မရှိ “
“ လူသားကမ္ဘာ၏ အထက်တွင် အမတလမ်းစဉ် ရှိပေမဲ့၊ ကမ္ဘာပေါ်ရှိ ပြည်နယ်ကိုးခုတွင် စစ်မှန်သော လူသားတစ်ယောက်ဖြစ်ဖို့ကတော့ ခက်ပေသည် “
“ မဟာလမ်းစဉ်သို့ ဝင်ရောက်ပြီး အမတ တစ်ပါး ဖြစ်လာပေမည် ၊ အမတသည် လူ့လောကကြီးတွင် တည်ရှိသော စံနမူနာပေတည်း “
ဝုန်း !!
စူးချန်ကဲ၏ ခံစားချက်များ ငြိမ်သွားသည့်အခိုက်တန့်မှာပဲ ၊
ကောင်းကင်မှ ကျယ်လောင်သော ဟောက်သံတစ်ခုကို ကြားလိုက်ရသည်။ မရေမတွက်နိုင်သော မိုးကြိုးသွားများသည် ကောင်းကင်ယံတွင် ဝဲပျံနေသော နဂါးပြာများသဖွယ် နေရာအနှံ့ ထွက်ပေါ်လာသည်။
တဖျပ်ဖျပ် ခက်နေသော လျှပ်စီးကြောင်းအောက်တွင်၊ ကြီးမားသော တံခါးပေါက်ကြီးတစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
“ဒါ ဧကရာဇ်ဂိတ်ပေါက် လား …?”
ဝေဟင်အထက်တွင် ပြိုးပြိုးပြက်ပြက် တောက်ပနေသော မုခ်ဦးကို ကြည့်ရင်း လူတိုင်း ရင်ခုန်နေကြသည်။
ရှေးမှတ်တမ်းစာအုပ်များအရ ၊ ရှေးဟောင်း ကမ္ဘာငယ်လေးတိုင်းတွင် ဧကရာဇ်ဂိတ်ကို ဖွင့်နိုင်မည့် အထူးနည်းလမ်းများနှင့် လျှို့ဝှက်အခွင့်အရေးများရှိသည်။
မိမိရောက်ရှိလာသော ရှေးဟောင်းကမ္ဘာငယ်လေး၏ အသိအမှတ်ပြုမှုကို ရရှိသည်နှင့် ဧကရာဇ်ဂိတ်ပေါက်သည် ဆင်းသက်လာမည်ဖြစ်သည်။ ထိုဧကရာဇ်မုခ်ပေါက်ကို ဖြတ်ကျော်ပြီးသူတိုင်းသည် နောက်တစ်ဆင့်သို့ တတ်လှမ်းသွားမည် ဖြစ်သည်။
“ အဆင့် ၃၉,၆၇၉,၈၅၁ ကြယ်ကမ္ဘာ ၊စူးချန်ကဲ!”
“ ဧကရာဇ်လျှောက်လှမ်း၏ ပထမအဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တယ် “
“ မင်း နောက်တဆင့်ကို ဆက်သွားနိုင်တယ်”
ကျွီ —
ရုတ်တရက် တံခါးပေါက်သည် ဖြည်းညှင်းစွာ ပွင့်လာသည်။
လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုသည် သက်တံ့တံတားအဖြစ်သို့ ပြောင်းလဲသွားပြီး စူးချန်ကဲ၏ခြေအောက်သို့ ရောက်ရှိလာသည်။
လူသားကျင့်ကြံသူများသည် ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် အလိုလောဘများက တဟုန်းဟုန်း တောက်လောက်လာသည် ။
ဤသက်တံ့တံတားပေါ်သို့ လျှောက်လှမ်းလိုက်သည်နှင့် သူတို့သည် နောက်တဆင့်ကို တတ်လှမ်းနိုင်ပေတော့မည်။
သို့သော် သက်တံတံတားရှေ့တွင် ရပ်နေသော ဝတ်ရုံဖြူ ပုဂ္ဂိုလ်သည် ၎င်းတို့အတွက် ကျော်ဖို့မဖြစ်နိုင်သော တောင်ကြီးတစ်ခုလို ဖြစ်နေပြီး ၊ လုံးဝ မလှုပ်ရှားဝံ့ပေ။
သူတို့နှင့် စူးချန်ကဲ ကြားက ကွာဟချက်သည် မိုးနှင့် မြေကြီးအလားပင်။ မျက်စိစုံမှိတ်ကာ ရှေ့ဆက်တိုးခြင်းသည် မိမိကိုယ်ကို သတ်သေခြင်းပေတည်း။
“အိုး? ဒါဆို ငါက ဧကရာဇ်လျှောက်လှမ်းရဲ့ ပထမအဆင့်ကို အောင်မြင်ပြီပေါ့?”
စူးချန်ကဲသည် ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး တွေးဆလိုက်သည်။
ဧကရာဇ်လျှောက်လှမ်းသည် ကိုးဆင့်ရှိပြီး ၊ အဆင့်တစ်ခုချင်းစီတိုင်းက အန္တရာယ်များဖြင့် ပြည့်နှက်နေသည်။
နောက်ဆုံးအဆင့်ကို ဖြတ်ကျော်နိုင်သူသည် ဤလောက၏ ခေါင်းဆောင်ဖြစ်လာပြီး စစ်မှန်သော ကံကြမ္မာနှင့်အတူ မဟာဧကရာဇ်မင်းအဖြစ်သို့ ရောက်ရှိပေလိမ့်မည်။
ယခုအချိန်တွင်၊ လူသားကျင့်ကြံသူ ပါရမီရှင်တို့သည် ၎င်းတို့၏လောဘကို ဆက်လက် ထိန်းချုပ်နိုင်ခြင်း မရှိတော့ချေ။
“ စူးချန်ကဲက စောနလေးကမှ ကြီးကြီးမားမား တိုက်ပွဲဆင်နွဲထားတာဆိုတော့ ဝိညာဉ်စွမ်းအင်က သိပ်ကျန်တော့မှာ မဟုတ်ဘူး ၊ ဒါက ငါစောင့်နေခဲ့တဲ့ အခွင့်အရေးပဲ!”
တစ်စုံတစ်ယောက်က လှမ်းအော်လိုက်သည်။
လူအုပ်ကြီးမှာ ရုတ်တရက် အုံကြွလာသည်။
“မှန်တယ်! ငါတို့က အများကြီးပဲ၊ ငါတို့ အတူတူ တိုက်ခိုက်ရင် စူးချန်ကဲကို မနိုင်စရာလား”
တခြားတစ်ယောက်ကလည်း အော်ဟစ်ကာ ထောက်ခံလိုက်ပြီး ၊ သူ့ကိုယ်ပိုင် မှော်လက်နက်ကိုတောင် စတေးပစ်ခဲ့သည်။
စူးချန်ကဲသည် အမှန်တကယ်ပင် အလွန်အစွမ်းထက်လှသော်လည်း ၊ သို့သော် နောက်တဆင့်သို့ တတ်လှမ်းနိုင်မည့် ဧကရာဇ်ဂိတ်ပေါက်သည် သူတို့ရှေ့တွင် ရှိနေသည်။
ဤကဲ့သို့ အခွင့်အရေးကို မည်သူကများ လက်လွတ်ချင်မည်နည်း။
ထို့အပြင် ၊ ဘိုးဘေးဖြစ်သူများကလည်း စူးချန်ကဲကို တွေ့သည်နှင့် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုကာ လုံးလုံးနှိပ်ကွပ်ရန် မှာကြားခဲ့သည်။
ယခုအချိန်သည် သူတို့အတွက် အခွင့်အရေးကောင်းပင် ဖြစ်သည်။
“ သတ်!”
“ စူးချန်ကဲကို သတ် ၊ ဒါဆို ငါတို့ နောက်တဆင့် တတ်လှမ်းနိုင်ပြီ! “
လူအုပ်ကြီးသည် စူးချန်ကဲဆီသို့ ပြေးလာကြသည်။
စူးချန်ကဲသည် သူတို့အား ကယ်တင်ပေးခဲ့သည့် ကိစ္စကိုပင် ဂရုမစိုက်နိုင်တော့ချေ။
နောက်ထပ် အဆင့်ကိုတက်လှမ်းနိုင်မည် ဆိုပါက ၊ စူးချန်ကဲ နဲ့ ရန်သူ ဖြစ်ရမယ်ဆိုတောင် ဘာဖြစ်လဲ !?
“ အတင့်ရဲလိုက်တာ!”
နတ်ဖီးနစ်သည် အတော်လေး စိတ်ဆိုးနေသည်။ စူးချန်ကဲသည် သူ၏ သခင်ဖြစ်သည်။ သခင်ဖြစ်သူ၏ စီးတော်ယာဉ် အဖြစ် သူသည်လည်း နောက်တစ်ဆင့်သို့ တက်လှမ်းရန် အခွင့်အရေးရခဲ့သည်။
ဒီသကောင့်သားတွေကို လုယူခွင့်ပြုစရာလား?
“မင်း ဘာမှလုပ်စရာမလိုဘူး”
စူးချန်ကဲသည် သူ့ကို တိုက်ရိုက် တားစီးခဲ့သည်။
“ ပုရွက်ဆိတ်တွေရဲ့ စည်းလုံးမှု ဆိုတာ ဒါပဲ “
ချွင် !
ဓားသွားသံနှင့်အတူ ၊
ကောင်းကင်ဓားသည် လေကိုခွင်းလျက် စူးချန်ကဲ၏လက်ထဲသို့ ရောက်ရှိလာသည်။
နေရာအရပ်ရပ်မှ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ၊ မရေမတွက်နိုင်သော မှော်လက်နက်များသည် ကောင်းကင်ဘုံကိုတောင် ခြိမ်းခြောက်နိုင်သော စွမ်းအားများကို ဆောင်ကျဉ်းလျက် စူးချန်ကဲဆီသို့ ပြေးဝင်လာကြသည်။
တစ်ချိန်တည်းမှာပင် ၊ စူးချန်ကဲသည်လည်း သူ့ဓားကို မြှောက်ကာ ခုတ်လွှဲလိုက်သည်။
“ လရောင် စက်ဝန်း!”
ရွှမ်း!!
စူးရှတောက်ပသော ဓားအလင်းတန်းသည် ကောင်းကင်သို့ ပစ်ခွင်းသွားသည်။
မှောင်မိုက်စွာဖြင့် ရှိနေသော ပင်လယ်ရေမျက်နှာပြင်၏ အထက်တွင် ကြီးမားသော နေတစ်စင်း ထွက်ပေါ်လာပုံရပြီး ၎င်းမှ ရောင်ပြန်ဟပ်လာသော အလင်းရောင်သည် အရာအားလုံးကို တောက်ပသွားစေသည်။
မည်သည့်နေရာကိုပင် ကြည့်ကြည့် ၊ အဖြူရောင် ဟင်းလင်းပြင်ကိုသာ တွေ့ရပေမည်။
ဝုန်း ဝုန်း !!
အဖြူရောင်အလင်းတန်းများကြားတွင် ၊ စူးရှသော အသံတစ်ခုကို ထပ်မံကြားလိုက်ရပြန်သည်။
ဤသည်မှာ မရေမတွက်နိုင်သော မှော်လက်နက်များ၏ ကွဲအက်သံများ ဖြစ်ပြီး ၊ လူတို့ မသေဆုံးမီ ငိုကြွေးမြည်တမ်းသံများလည်း ပါဝင်နေသည်။
သို့သော် သိပ်မကြာခင်မှာပဲ ဓားစွမ်းအင်၏ လက်အောက်တွင် အရာအားလုံးသည် နတ္တိအဖြစ် ပျက်သုဉ်းသွားခဲ့လေပြီ။
…….
တစ်ချိန်တည်းမှာပင်။
ဤရှေးဟောင်းကမ္ဘာငယ်လေး၏ နေရာတစ်ခုတွင် ၊
မျက်ဝန်းတစ်စုံသည် အကန့်အသတ်မဲ့ ကျယ်ဝန်းသော အာကာသပြင်ကို ဖောက်ထွင်း၍ ဤနေရာရှိ ဖြစ်ပျက်သမျှ ကိစ္စတိုင်းကို စောင့်ကြည့်နေသည်။
“ဒီရှေးဟောင်းကမ္ဘာက မြင်းနက်တစ်ကောင် ထွက်လာပုံရတယ်”
“ ငါ သူ့အပေါ် လောင်းကြေးထပ်ရတာ တကယ်ကို ထိုက်တန်တာပဲ “
ထိုအနှီသူသည် နာမည်မရှိ၊ ခေါင်းစဉ်တစ်ခုသာ ရှိသည် - စောင့်ကြည့်သူ။
ထိုလူသည် ဤရှေးခေတ်ကမ္ဘာငယ်လေး၏ ကာကွယ်စောင့်ရှောက်သူ ဖြစ်သည်။
သူ၏ ကျင့်ကြံမှုသည် ဧကရာဇ်တစ်ပိုင်းနယ်ပယ် နဝမအဆင့်တွင် ရှိသော်လည်း၊ ဤရှေးဟောင်းကမ္ဘာငယ်လေး၏ အင်အားကို စုစည်းနိုင်ရုံသာမက မဟာဧကရာဇ်မင်းနှင့်ပင် ယှဉ်ပြိုင်နိုင်သည်။
အကယ်၍ သူအသိအမှတ်ပြုခဲ့သော မျိုးဆက်သစ်လူငယ်သည် မဟာဧကရာဇ်မင်းတစ်ပါးအဖြစ် အောင်မြင်နိုင်ခဲ့မည်ဆိုပါက ၊
သူသည် မဟာလမ်းစဉ်ထံမှ တုံ့ပြန်ချက်ကို လက်ခံရရှိပြီး အချိန်၏ အတားအစီးများကို ချိုးဖျက်ကာ နောက်ထပ်နယ်ပယ်ကို ထပ်မံ ဖြတ်ကျော်နိုင်မည် ဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ သူတို့သည် ရှေးဟောင်း ကမ္ဘာငယ်လေးများ၏ အုပ်ထိန်းသူများအဖြစ် ၎င်းတို့၏ အထောက်အထားများကို လုံးလုံးလျားလျား ဖယ်ရှားပစ်နိုင်ပြီး စစ်မှန်သော လွတ်လပ်မှုကို ရရှိနိုင်သည်။
“ ငါ ဒီဧကရာဇ်လျှောက်လှမ်းကို နှစ်ပေါင်းမရေတွက်နိုင်အောင် အုပ်ထိန်းခဲ့တာ၊ ဒီကောင်လေးက ငါ ဒီကနေထွက်သွားနိုင်မယ့် အခွင့်အရေးကောင်းတစ်ခု ဖြစ်လိမ့်မယ်….”
ရှေးဟောင်းကမ္ဘာငယ်တစ်ခုစီတိုင်းသည် မတူညီသောအဆင့်များကို ကိုယ်စားပြုသည်။
မတူညီသော ဧကရာဇ်ဂိတ်ပေါက်များကို ရွေးချယ်ကာ ဝင်ရောက်လာသူတိုင်းသည် မတူညီသော ကြယ်အပိုင်းအစများကို တွေ့ကြုံရမည် ဖြစ်သည်။
ဤကာလအတွင်း လူအများအပြားကို စိစစ်မည်ဖြစ်ပြီး ၊ အောင်မြင်သူတိုင်းသည် နောက်တဆင့်သို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။
နောက်ထပ် တွေ့ကြုံရမည့် အဆင့်ကို လေမုန်တိုင်းဂိတ်ပေါက် ဟု ခေါ်ဆိုသည်။
သူရဲကောင်းများသည် အာဏာအတွက် ပြိုင်ဆိုင်ကြမည် ဖြစ်ပြီး ၊ လေပြင်းများ တိုက်ခတ်မည့် အခြေအနေတစ်ရပ် ဖြစ်ကာ ရာနှင့်ချီသော လှေများသည် လက်ရှိရေစီးကြောင်းအတွက် ယှဉ်ပြိုင်ပေတော့မည်။
အပိုင်း(၃၈၃): ချီရွှမ် စစ်မှန်သူဆရာသခင်
ဘုန်း !
ဤကမ္ဘာငယ်အတွင်း ၊ စူးရှသော ဓားအလင်းတန်းတစ်ခုသည် ကောင်းကင်သို့ တည့်တည့်ပစ်ခွင်းသွားပြီး ထိတ်လန့်တုန်လှုပ်ဖွယ် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
သွေးအန်သံ!!
ကြက်သွေးရောင်ရေများ သယ်ဆောင်လာသော ရေလှိုင်းကြီးများသည် ကောင်းကင်နှင့် ချိတ်ဆက်တော့မည့်ဟန်ဖြင့် မြင့်မားစွာ ရိုက်ခတ်လာသည်။
ဟူ လာလာ !
ရုတ်တရက်။
မိုးပေါ်ထိ မြင့်မားစွာ ရိုက်ခတ်သွားသော ပင်လယ်ရေလှိုင်းများသည် အောက်သို့ တဖန် ကျရောက်လာသည်။ ထိုကြက်သွေးရောင် ပင်လယ်ရေလှိုင်းများကြားတွင် မရေမတွက်နိုင်သော လူရိပ်များကို ယောင်ဝါးဝါး မြင်နေရသည်။
“ ဓားသည် ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးမည် “
စကားသံအဆုံးတွင် ၊ စူးချန်ကဲသည် သူ့ဓားကို ထပ်မံ ဝှေ့ယမ်းလိုက်သည်နှင့် နောက်ထပ် ကြီးမားသော ဓားစွမ်းအင် မုန်တိုင်းသည် နေရာအနှံ့ လွင့်ပျံသွားလေသည်။
မရေမတွက်နိုင်သော ပါရမီရှင်များသည် သူ၏ဓားအောက်တွင် အသတ်ခံခဲ့ရသည်။
ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ၊
တောက်လောင်နေသော ဓားစွမ်းအင်များသည် တလိပ်လိပ် ရိုက်ခတ်လျက်ရှိသည်။
ပူပြင်းသော အပူချိန်အောက်တွင် ၊ ပင်လယ်ရေသည် တိုက်ရိုက် အငွေ့ပျံသွားပြီး မိုင်ထောင်ပေါင်းများစွာ ကျယ်ဝန်းသော ဧရိယာများကို လွှမ်းခြုံထားသော အဖြူရောင်ရေခိုးငွေ့များ အဖြစ်သို့ ပြောင်းလဲသွားသည်။
ရံဖန်ရံခါ သွေးနီပန်းများ ပွင့်ဖူးလေရာ ၊ ထူးခြားသော အလှတရားကို ပြသပေးနေသည်။
“ ဧကရာဇ်တစ်ပိုင်းအဆင့်ချင်း အတူတူ ကွာဟချက်က ဘာလို့ဒီလောက်တောင် ကြီးရတာလဲ?”
တလိပ်လိပ် ထကြွနေသော အဖြူရောင်ရေခိုးငွေ့များကြား ၊ ဒေါသသံများကို ကြားနေရသည်။
“ ငါ ဧကရာဇ်လျှောက်လှမ်းအဆုံးထိ မတတ်လှမ်းရသေးဘူး! “
“ ငါ မကျေနပ်ဘူး ၊ ဒါကို ငါ လက်မခံနိုင်ဘူး အားး အားး!”
ဘုန်း !!
ကြွေကျလာသော ကြယ်စင်များကဲ့သို့ အလင်းတန်းတစ်ခု ဖျက်ခနဲ့ တောက်ပသွားပြီး အသံသည် မိုးခြိမ်းသံအလား အရပ်ရပ်သို့ ပဲ့တင်ထပ်သွားလေသည်။
အဆုံးတွင် ၊ ထိုအသံသည် ဝါးမျိုခံလိုက်ရသကဲ့သို့ ရုတ်ချည်း ရပ်တန့်သွားသည်။
ဟူး——!!
ထို့နောက်တွင် ၊ လေတချက် ဝှေ့ယမ်းတိုက်ခတ်သွားလေရာ မြူငွေ့များသည်လည်း လေနှင့်အတူ လွင့်ပျံ့သွားလေသည်။
ဤနေရာတွင် အလျားသုံးပေရှိသော အပြာရောင် ဓားရှည်တစ်လက်ကို ဂုဏ်ယူစွာဖြင့် ကိုင်ဆောင်ထားသော ဝတ်ရုံဖြူ လူငယ်လေး တစ်ဦးသာ ရှိနေခဲ့သည်။
သူ၏ ဘေးပတ်ပတ်လည်တွင် အဆုံးမရှိသော ဓားစွမ်းအင်များက တဖျပ်ဖျပ်တောက်ပနေပြီး ၊ ရှာတွေ့ဖို့ မဖြစ်နိုင်သော မှော်သင်္ကေတ အက္ခရာပုံစံများကိုပင် နှစ်ခြမ်းကွဲသွားစေသည်။
ကောင်းကင်ဓားသည် အေးစက်စက်နိုင်သော အလင်းရောင်နှင့်အတူ တောက်ပနေသည်မှာ ထိတ်လန့်ဖွယ်ရာကောင်းပေသည်။
သို့သော် ပို၍ ထိတ်လန့်စရာအကောင်းဆုံး အရာမှာ ငွေဖြူရောင် ဓားသွားပေါ်တွင် သွေးများ စီးကျနေခြင်းပင်။
ဧကရာဇ်အလိုဆန္ဒများကို ပြင်းပြင်းထန်ထန် ထုတ်လွှတ်နေသည့် ဤသွေးစက်များသည် ဧကရာဇ်တစ်ပိုင်းအဆင့်ရှိ ပါရမီရှင်များ၏ အသက်သွေးများပင် ဖြစ်သည်။
သွေးစက်ကျသံ !
ရုတ်တရက် ဓားထိပ်ပေါ်ရှိ သွေးတစ်စက်သည် ပင်လယ်ထဲသို့ စီးကျသွားသည်။
ကြည်လင်သောပင်လယ်ရေသည် ဆေးနီများ၏ စွန်းထင်ခြင်းကို ခံလိုက်ရပုံပေါ်ပြီး ၊ နေရာအရပ်ရပ်တွင် ရိုက်ခတ်နေသော အနီရောင် လှိုင်းတံပိုးများအဖြစ်သို့ ပြောင်းလဲသွားသည်။
တစ်ချိန်တည်းမှာပင် ၊ မြူငွေ့များ နေရာအနှံ့ ပြန့်ကျဲသွားသည်နှင့် ပင်လယ်ရေ မျက်နှာပြင်ပေါ်က ပတ်ဝန်းကျင်သည် တဖြည်းဖြည်း ရှင်းလင်းလာခဲ့သည်။
“ ဒါက…..”
ဤကမ္ဘာငယ်လေး၏ တစ်နေရာမှ စောင့်ကြည့်သူသည် ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ခေါင်းတစ်ခုလုံး ထုံသွားပြီး တုန်လှုပ်သွားသည်။
အကန့်အသတ်မရှိ ကျယ်ပြန့်သော ပင်လယ်ရေပြင်သည် သွေးပင်လယ်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ကျင့်ကြံသူများ၏ ရုပ်အလောင်းများ တစ်စစီ မျောပါနေပြီး ၊ လှိုင်းလုံးကြီးများနှင့်အတူ ၎င်းတို့၏ ရုပ်ခန္ဓာတို့သည် တက်လိုက်ကျလိုက် လွင့်မျောနေသည်။
မရေမတွက်နိုင်သော ကျိုးပဲ့နေသော မှော်လက်နက် အပိုင်းအစများသည်လည်း ပင်လယ်ရေပြင်တွင် အလားတူ လွင့်မျောနေသည်။
၎င်းတို့သည်လည်း သခင်များနည်းတူ ဤအဆုံးမရှိသော ပင်လယ်ပြင်တွင် မြုပ်နှံခံခဲ့ရပြီး ခြေရာရာမကျန်၊ သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့လေသည်။
“ဘယ်သူရှိသေးလဲ?”
စူးချန်ကဲ၏ အေးစက်စက် လေသံသည် နေရာတိုင်းတွင် ပဲ့တင်ထပ်သွားသည်။
အမှောင်ထဲတွင် တိတ်တဆိတ် ကြည့်ရှုနေကြသော ပါရမီရှင်တချို့သည် ထိုစကားသံကို ကြားသည်နှင့် အမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး မည်သူမှ ရှေ့ဆက်မတိုးဝံ့တော့ပေ။
၎င်းတို့၏ အငွေ့အသက်များကို ချုပ်တည်းလိုက်ပြီး နေရာအရပ်ရပ်သို့ လျင်မြန်စွာ ဆုတ်သွားခဲ့သည်။
အခု သူတို့တွင် ရွေးချယ်စရာ သုံးခုရှိသည်။
ပထမအချက် : ရှေးဟောင်းအမွေအနှစ်များကို ရှာဖွေပြီး မိမိရောက်ရှိနေသော ကမ္ဘာငယ်လေး၏ အသိအမှတ်ပြုမှုကို ရယူမည်။
ဒုတိယအချက် : ဤလောက၌ ထာဝစဉ်ပိတ်မိ၍ လမ်းပျောက်သူ တစ်ဦး ဖြစ်လာမည်။ နောက်ဆုံးတွင် မျိုးပွားရှင်သန်ကာ ပင်လယ်မျိုးနွယ်စု ဖြစ်လာမည်။
တတိယအချက် : သစ်ပင်ကိုလှုပ်ဖို့ ကြိုးစားနေသော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ကိုယ့်အသက်ကို ထိုးကျွေးမည်။
ခဏအကြာတွင် ၊
ပတ်ဝန်းကျင်တစ်ခုလုံး တစ်ဖန် တိတ်ဆိတ်သွားခဲ့သည်။
နတ်ဖီးနစ်သည် စူးချန်ကဲကို သက်တံ့တံတားတစ်လျှောက် သယ်ဆောင်ကာ ဧကရာဇ်ဂိတ်ဆီသို့ ပျံသန်းသွားခဲ့သည်။
ကျန်ရှိနေခဲ့ကြသော ပါရမီရှင်များသည် ဖြေးဖြေးချင်း ပျောက်ကွယ်သွားသော ဂိတ်တံခါးကြီးကို ကြည့်ရင်း ရှုပ်ထွေးသော ခံစားချက်များဖြင့် ဤလောကတွင် ကျန်ရစ်နေခဲ့တော့သည်။
“အိုင်း…”
“ ဧကရာဇ်လျှောက်လှမ်းမှာတောင် …ဇာတ်ဆောင်က သူ ဖြစ်နေတုန်းပဲလား!?”
……..
ဂိတ်ပေါက်ထဲသို့ ဝင်ရောက်လာပြီးနောက်၊ တောက်ပသော ကြယ်တာယာ ကောင်းကင်ကြီးကို ထပ်မံ တွေ့ခဲ့ရပြန်သည်။
သို့သော်၊ ဤတစ်ကြိမ်တွင် ကြယ်ရောင်စုံသော ကောင်းကင်ကြီးသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားသည့်အတိုင်း အလွန်လျှို့ဝှက်ဆန်းကြယ်ပုံပေါက်သည်။
“ နောက်တစ်ဂိတ်ကို ဘယ်လိုဝင်ရမလဲ”
စူးချန်ကဲ တွေးဆလိုက်သည့် အခိုက်အတန့်မှာပင်။
ဝီ——
စူးရှသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ကြယ်ရောင်စုံသော ကောင်းကင်ကြီးတွင် အုံ့ဆိုင်းနေသော မြူခိုးများသည် ရုတ်ချည်း ထွက်ပေါ်လာခဲ့ပြီး ၊ စူးချန်ကဲ၏ ရှေ့မျက်နှာပြင် တစ်ခုလုံးကို လွှမ်းခြုံထားသည်။
တစ်ချိန်တည်းမှာပင် ၊ လျှို့ဝှက်ဆန်းကြယ်သော အသံတစ်ခု ထွက်ပေါ်လာသည်။
“ အငယ်လေး ၊ ငါ မင်းကို စောင့်နေတာကြာပြီ”
ထို့နောက် ချက်ချင်းပင်၊ မြူမှုန်များသည် နေရာအနှံ့ ပျံ့လွင့်သွားကာ စူးချန်ကဲ၏ရုပ်သွင်ကို လုံးဝ ဖုံးလွှမ်းသွားသည်။
မူလက ရှိနေသော ကြယ်ရောင်စုံသော ကောင်းကင်ကြီးသည် လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီး ၊ ဖြူဖွေးနေသော ဟင်းလင်းပြင်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
အကန့်အသတ်မရှိ ကျယ်ပြောလှသော ဟင်းလင်းပြင်ကြီးထဲတွင် ဇရပ်ငယ်တစ်ခုသည် ဘယ်အချိန်ကမှန်းမသိ ရောက်ရှိနေသည်။
ခပ်ဝါးဝါး ရုပ်သွင်ဖြင့် အဘိုးအိုတစ်ဦးသည် စစ်တုရင်စားပွဲရှေ့တွင် ထိုင်နေသည်။
“နှစ်ပေါင်းမရေမတွက်နိုင်အောင် ပိတ်လှောင်မှုကြီးက နောက်ဆုံးတော့ ပျက်သွားခဲ့ပြီပဲ “
ဂလောက် !
ပစ္စည်းတစ်ခု ပြုတ်ကျသံကို ကြားလိုက်ရသည်။
ဟင်းလင်းပြင်အတွင်း လှိုင်းဂယက်များ ရိုက်ခတ်သွားသည်ကို စူးချန်ကဲ ခံစားလိုက်ရပြီး ၊ သူသည် ဘယ်အချိန်ကမှန်းမသိ ဇရပ်ငယ်ထဲသို့ ရောက်ရှိလာကာ စစ်တုရင်ခုံရှေ့တွင် ထိုင်နေခဲ့သည်။
“အာကာသ ပြောင်းရွေ့မှု အစီအရင်… ? “
စူးချန်ကဲ အနည်းငယ် အံ့အားသင့်နေသည်။ ယခုအချိန်တွင် မြူခိုးများဖြင့် ဖုံးလွှမ်းနေသောကြောင့် တဖက်လူ၏ အသွင်အပြင်ကို သူ သဲသဲကွဲကွဲ မမြင်ရပေ။
ဧကရာဇ်တစ်ပိုင်းနယ်ပယ် နဝမအဆင့်!
သို့သော် တဖက်လူသည် မဟာဧကရာဇ်မင်း၏ မှော်ပညာနှင့် ယှဉ်နိုင်သော အာကာသဖွင့်နည်း မှော်အတတ်ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်သည်။
“ဟားဟား….”
အဘိုးအိုသည် ချိုသာစွာ ပြုံးရယ်လိုက်သည်။
“ မိမိ၌ ရှိသောအရည်အချင်းကို ကြွားဝါခြင်း မပြုရ ၊ ကြီးမြတ်သော ကိုယ်ကျင့်တရားသည် မိုက်မဲရာ ရောက်၏ “
“ ဧကရာဇ်လျှောက်လှမ်းကို ငါ အုပ်ထိန်းလာခဲ့တာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာခဲ့ပြီဆိုပေမဲ့ ငါ့အတွက် အသုံးမဝင်ခဲ့ဘူး”
စူးချန်ကဲ၏ အမူအရာသည် လေးနက်သွားသည်။
ဧကရာဇ်လျှောက်လှမ်းကို အုပ်ထိန်းရန် အရည်အချင်းပြည့်မီသော ပုဂ္ဂိုလ်ဆိုသည်မှာ ဧကရာဇ်လျှောက်လှမ်းတွင် သိုဝှက်စွာဖြင့် ရှိနေသည့် လျှို့ဝှက်ဆန်းကြယ်သော စောင့်ကြည့်သူ ဖြစ်သည်။
သူတို့၏ ကျင့်ကြံမှုသည် မှန်းဆ၍မရနိုင်အောင်ပင် မြင့်မားပြီး ၊ ရှေးယခင်က ကြီးမားသော အောင်မြင်မှုများကို ရရှိခဲ့ကြသူများ ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် ၎င်းတို့သည် အကြောင်းအမျိုးမျိုးဖြင့် စောင့်ကြည့်သူ အဖြစ် ရွေးချယ်ခံခဲ့သည်။
“ ကျွန်တော် စူးချန်ကဲ ၊ လူကြီးမင်းကို ဂါရဝပြုပါတယ် “
စူးချန်ကဲသည် မတ်တပ်ရပ်ကာ ချက်ချင်း ဦးညွှတ်လိုက်သည်။
ထိုကဲ့သို့သော စွမ်းအာရှင်ပုဂ္ဂိုလ်သည် လူသားမျိုးနွယ် တစ်ယောက်အပေါ် ကြီးကြီးမားမား ပံ့ပိုးကူညီပေးခဲ့ပြီး အခမ်းအနားအား စည်းကမ်းများနှင့်အညီ လုပ်ဆောင်ခဲ့သည်။
အဘိုးအိုသည် မုတ်ဆိတ်မွေးများကို ပွတ်သပ်ကာ ပြုံးပြသော်လည်း ၊ မြူမှုန်များ ဖုံးလွှမ်းနေသောကြောင့် သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။
သို့သော် အသံကို နားထောင်ရုံဖြင့် ၊ ၎င်းသည် အလွန်လေးစားထိုက်သော ပညာရှိတစ်ဦးဟု ထင်ရသည်။
“ငါ့ရဲ့ ဒီစစ်တုရင်ကစားနည်းက ဘယ်နှစ်နှစ်ကြာအောင် ပိတ်မိနေမှန်းကို မသိတော့ဘူး ၊ ဒါကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ မင်း သိလား”
စူးချန်ကဲသည် စစ်တုရင်စားပွဲပေါ်တွင် ချထားသော ကစားကွက်ကို ကြည့်လိုက်သည်။
အဖြူသည် အနက်၏ ဝိုင်းရံခြင်းကို ခံထားရပြီး သီးခြားမြို့၌ ပိတ်မိနေသကဲ့သို့ အထီးကျန်စွာဖြင့် အကူအညီမဲ့နေသည်။
အနက်သည် အားကောင်းပြီး စစ်မြေပြင်ကို လွှမ်းမိုးထားသည်။
၎င်းကိုကြည့်လျှင် ၊ အနက်သည် အနိုင်ရဖို့ သေချာသော်လည်း သို့သော် လက်တွေ့တွင် နှစ်ဘက်စလုံးက ရှေ့မတိုးနောက်မဆုတ် အခြေအနေဖြစ်နေသည်။
“ ကျွန်တော် နားမလည်ဘူး၊ လူကြီးမင်းကပဲ ညွှန်ပြပေးပါဦး “
သူသည် စစ်တုရင်အကြောင်း သိပ်မသိပေ။ ဤကစားကွက်၏ အဓိပ္ပါယ်ကို သူ တကယ်ကို နားမလည်ခဲ့ပေ။
အဘိုးကြီးသည်လည်း စိတ်မဆိုးခဲ့ချေ။
သူသည် အနည်းငယ်ပြုံးလိုက်ပြီး သူ့လက်ထဲက စစ်တုရင်ကို ကစားကွက်ပေါ်သို့ ချလိုက်သည်။
ရှေ့မတိုးနောက်မဆုတ် အခြေအနေမှ ရုတ်တရက် အသက်ဝင်လာခဲ့ပြီး ၊အဖြူသည် တန်ပြန်တိုက်စစ်ကို ဆင်နွဲနိုင်ခဲ့သည်။
“ ဘယ်အဆုံးသတ်မဆို မျှော်လင့်ချက်ဆိုတာ ရှိတယ် အခွင့်အရေးတစ်ခုပဲလိုတယ်”
“နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့ရတဲ့ အခွင့်အရေးက နောက်ဆုံးတော့ ရောက်လာခဲ့ပြီ “
ထိုစဉ် ၊ ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးလွှမ်းထားသော မြူခိုးများသည် လျင်မြန်စွာ ဆုတ်ခွာသွားပြီး ယခင်က ကြယ်တာယာ ကောင်းကင်ကြီးအဖြစ်သို့ တစ်ဖန် ပြောင်းလဲသွားသည် ။
အဘိုးအို၏ မျက်နှာကို ဖုံးကွယ်ထားသော မြူခိုးများသည်လည်း ဤအခိုက်အတန့်တွင်၊ လုံးဝပျောက်ကွယ်သွားခဲ့သည်။
သူ၏ မူလအသွင်အပြင်မှာ ဆံနွယ်ဖြူဖြူ ၊ အသားအရေများက နီမြန်းနေပြီး လင်းယုန်ကဲ့သို့ မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားကာ ထူးကဲသော စိတ်နေစိတ်ထား ရှိသည်။
“ငါ့နာမည်က ချီရွှမ် စစ်မှန်သူဆရာသခင် ၊ ငါက ချီထျန်း ဂိုဏ်းကပဲ ၊ အမတ ကျဆုံးခေတ်ကတည်းက ဒီမှာ ပိတ်မိနေခဲ့တာပဲ “
🍁T/N - စစ်မှန်သူဆရာသခင် & ဝိညာဉ်ရေးဆိုင်ရာ ဆရာသခင်
စကြာဝဠာ၏ အနတ္တကို နားလည်သူ၊ သဘာဝနဲ့ တသားတည်းရှိနေပြီး အရာအားလုံးကို သိရှိသူ ၊ တာအိုဘာသာ၏ လမ်းညွှန်ဆရာများအဖြစ် မှတ်ယူနိုင်သည် 🍁
“မင်း ၊ ငါနဲ့ စာချုပ်ချုပ်ဖို့ ဆန္ဒရှိလား?”
ချီရွှမ် စစ်မှန်သူဆရာသခင်သည် စူးချန်ကဲကို တောက်ပသော အကြည့်များဖြင့် စိုက်ကြည့်နေသည်။
သူ၏ အကြည့်မှာ အရုဏ်ဦးအလင်းကို မြင်တွေ့နေရသကဲ့သို့ပင်။
အပိုင်း(၃၈၄): အကျဉ်းကျနေတဲ့ ဝိညာဉ်အားလုံးကို လွတ်မြောက်စေချင်သတဲ့လား
“ ချီရွှမ် စစ်မှန်သူဆရာသခင် ?”
“ အမတ ကျဆုံးခေတ်?”
စူးချန်ကဲ မျက်မှောင်ကြုတ်သွားသည်။
အမတကျဆုံးခေတ်နှင့် ပတ်သတ်၍ သူ သိပ်နားမလည်ပေ။ ရှေးဟောင်းစာအုပ်များတွင် အချက်အလက် အနည်းငယ်မျှသာ သူ တွေ့ဖူးသည်။
ကမ္ဘာ့ကပ်စစ်ပွဲ၏ နှောင်းပိုင်း ။
ဒေဝလောကနှင့် အမှောင်ကမ္ဘာကြားက တိုက်ပွဲသည် အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့ပြီး ၊ ဒေဝလောကတစ်ခုလုံး လုံးလုံးလျားလျားထိခိုက်ခဲ့သည်။
မရေမတွက်နိုင်သော အမတလူသားသခင်များသည် အမှောင်ထုနှင့် ပြင်းထန်သောတိုက်ပွဲကို ဆင်နွှဲခဲ့ကြသည်။
မဟာလမ်းစဉ်တို့သည် ငိုကြွေးမြည်တမ်းလျက်၊ ကမ္ဘာပျက်လို့ နေပေရာ မရေမတွက်နိုင်သော အမတလူသားသခင်များ ကျဆုံးခဲ့ရသည့်အပြင် အမတဂိုဏ်းများသည်လည်း အမှောင်ထု၏ ဖျက်ဆီးခြင်းကိုခံခဲ့ရသည်။
ကြီးမားသော တန်ကြေးကို ပေးဆပ်ခဲ့ရပြီးနောက်တွင် ၊ အမှောင်ထုကို ခေတ္တတွန်းလှန်နိုင်ခဲ့သည်။
သို့သော် ထိုစစ်ပွဲ၏ အကျိုးဆက်အနေဖြင့် အမတ နယ်မြေတစ်ခုလုံး ပျက်စီးသွားပြီး ၊ အမတများစွာ ကျဆုံးခဲ့သည် ။ ဤသည်မှာ ပျက်သုန်းခေတ်ဖြစ်ပြီး အမတကျဆုံးခေတ်ဟုလည်း ဆိုနိုင်သည်။
သူ့ရှေ့က ထိုအဖိုးအိုသည် အမတကျဆုံးခေတ်မှ လွတ်မြောက်လာခဲ့သော ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး ၊ သူသည် မည်မျှကြောက်စရာကောင်းသည်ကို စကားနှင့်ပင် ဖော်ညွန်း၍မရနိုင်ချေ။
“ဒါပေမယ့် ဒီလူက ဘာကိုဆိုလိုတာလဲ?”
စူးချန်ကဲ မေးခွန်းထုတ်လိုက်သည့် အခိုက်မှာပဲ စနစ်၏ အသံမှာ ထွက်ပေါ်လာခဲ့သည်။
【 တင်း ! ရွေးချယ်စရာ မစ်ရှင်အသစ်
ရွေးချယ်ခွင့် ၁ - ချီရွှမ် စစ်မှန်သူဆရာသခင်
နှင့် ပူးပေါင်းပါ
ဆုလာဘ် : ရွှမ်ယွမ်တာအိုသစ်သီး
( သင့်၏ ကျင့်ကြံမှုအဆင့်ကို အကန့်အသတ်မရှိ ကျော်ဖြတ်နိုင်စေရန် ကူညီပေးနိုင်သည် ) ]
[ ရွေးချယ်ခွင့် ၂ - ချီရွှမ် စစ်မှန်သူဆရာသခင်
၏ အစီအစဉ်ကို တိတ်တဆိတ် နှောင့်ယှက်ပြီး ရှုံးနိမ့်အောင်လုပ်မည်
ဆုလာဘ်- ကောင်းကင်နှင့်မြေကြီး စစ်တုရင်ဘုတ်
(တားမြစ် ပစ္စည်း- စစ်တုရင်ဘုတ် ၁၉ ခု ၊ မထပ်သော ကစားပွဲ )]
စူးချန်ကဲ၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားသည်။
အကယ်၍ သူသည် မဟာဧကရာဇ်မင်း ဖြစ်လာသောအခါတွင် ကျင့်ကြံမှုအဆင့် ကန့်သတ်ချက်များကို လျစ်လျူရှုနိုင်သော ဤအသီးအနှံများထဲမှ တစ်ခုကို ရရှိပါက၊ သူသည် အမတအဖြစ် တိုက်ရိုက်ဖြတ်ကျော်နိုင်မည် မဟုတ်ပေလော။
သို့သော် ၊ သူသည် ထိုတားမြစ်ပစ္စည်းကိုလည်း လိုချင်ပြန်သည်။
ဓားသေတ္တာကိုးလက်သည် တားမြစ်ပစ္စည်း တစ်ခုဟု ဆိုလို့ရပေသည်။ ဧကရာဇ်လျှောက်လှမ်း၏ နှိပ်ကွပ်မှုအောက်တွင် အသုံးပြုရန် ခက်ခဲသော်လည်း ၊ သို့သော် ၎င်းသည် စူးချန်ကဲ၏ ဝှက်ဖဲများထဲမှ တစ်ခုဖြစ်သည်။
ဤကောင်းကင်နှင့်မြေကြီး စစ်တုရင်ဘုတ်သည် ဓားသေတ္တာကိုးလက်ထက် များစွာပို၍ အစွမ်းထက်မည်ဟု သူ ယူဆမိသည်။
“ ဆုလာဘ်ကို ဒီလောက်ထိ ရက်ရက်ရောရော ပေးနေတာ အကြောင်းအကျိုးသက်ရောက်မှုကလည်း အတော်လေး ကြီးရမယ် “
သူ သတိလက်လွတ်မဖြစ်ဝံ့ပေ။ အရင်ဆုံး အကြောင်းအရာကို ရှင်းရှင်းလင်းလင်း သိဖို့က သူလုပ်ရမည့် ပထမဆုံးအချက် ဖြစ်သည်။
“ လူကြီးမင်းပြောတဲ့ စာချုပ်ကို အသေးစိတ်ပြောပြပေးနိုင်မလား “
စူးချန်ကဲသည် စိတ်၏ မငြိမ်မသက်မှုကို ထိန်းချုပ်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ချီရွှမ် စစ်မှန်သူဆရာသခင်၏ နှုတ်ခမ်းသားများသည် အနည်းငယ် ကွေးညွှတ်သွားသည်။
“ဒီမေးခွန်းတွေပြီးရင် မင်း တစ်ခုခုကို နားလည်လာလိမ့်မယ်လို့ ယုံကြည်ပါတယ် “
“ ဧကရာဇ်လျှောက်လှမ်းက ကျင့်ကြံသူတိုင်း လိုက်စားတဲ့ စိတ်ကူးယဉ်လမ်းဆိုပေမဲ့လည်း ဒါပေမယ့် ဒါဟာ လွတ်လပ်မှုရဲ့ လှောင်အိမ်တစ်ခုလည်း ဖြစ်တယ် “
“ ဧကရာဇ်လျှောက်လှမ်း ကြယ်တာယာကမ္ဘာကြီးက ဘီလီယံနဲ့ချီ ကြီးမားတယ် ၊ ဒီထဲမှာ ဧကရာဇ်လျှောက်လှမ်းအတွင်း လမ်းပျောက်နေတဲ့သူတွေ ရှိရုံတင်မကဘူး ကမ္ဘာ့ကပ်စစ်ပွဲမှာ ကျဆုံးသွားခဲ့တဲ့ အပြစ်မဲ့ဝိညာဉ်တွေလည်း ပိတ်မိနေတယ် “
“ငါ ဒီကမ္ဘာကြီးထဲမှာ ပိတ်မိနေတာကြာပြီ၊ အဲ့ရဲ့နာကျင်မှုကို ငါ ကောင်းကောင်းကြီး သိတယ်...”
“ဒါကြောင့် ၊ ငါ့ရဲ့ ဘဝတစ်သက်တာ ဆန္ဒက ဧကရာဇ်လျှောက်လှမ်းရဲ့ အချုပ်အနှောင်ကို ချိုးဖြတ်ပြီး ဒီကမ္ဘာထဲက လူတွေကို လွတ်မြောက်စေချင်တယ်...”
ချီရွှမ် စစ်မှန်သူဆရာသခင်သည် သက်ပြင်းတစ်ချက်ချလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် သူရဲကောင်း တစ်ယောက်၏ ဆည်းဆာဝင်ချိန် ခံစားချက်များကို အတိုင်းသားမြင်နေရသည်။
“ဒါပေမယ့် ငါက အသက်ကြီးပြီ၊ အကူအညီမဲ့ခြင်းသာ ကျန်ရှိတော့တယ် !”
“ အိုင်း “
ချီရွှမ် စစ်မှန်သူဆရာသခင်သည် အကြောင်းအရာကို တစ်ဖန် ပြောင်းလိုက်သည်။
“ မင်းရဲ့ ပေါ်ထွက်မှုက အရုဏ်ဦးအလင်းရောင်လိုပဲ ၊ ငါ တောင့်တခဲ့တဲ့ဆန္ဒက နောက်ဆုံးတော့ ပြည့်စုံလာလိမ့်မယ် “
ထိုသို့ပြောပြီးနောက် ၊
ချီရွှမ် စစ်မှန်သူဆရာသခင်သည် စူးချန်ကဲအား လေးလေးနက်နက် ဦးညွှတ်ကာ ဆိုလေသည်။
“ ဧကရာဇ်လျှောက်လှမ်းရဲ့ အချုပ်အနှောင်ကို ချိုးဖျက်ပြီး လွတ်မြောက်အောင် ကူညီပေးမယ်ဆိုရင် အမတရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ကို နားလည်အောင် မင်းကို ကူညီမယ့်အပြင် ငါ့ဘဝရဲ့ ကျင့်စဉ်တွေကိုပါ အပ်နှံဖို့ ဆန္ဒရှိတယ်!”
“အကျဉ်းချခံထားရတဲ့ ဝိညာဉ်မှန်သမျှအတွက် လွတ်မြောက်ရာလမ်းကို ပေးဖို့ ငါ တောင်းဆိုတယ်!”
စကားလုံးတိုင်းက ဖြောင့်မတ်ခြင်းသဘောကို ဖော်ပြနေပြီး ၊ သူ၏ ထူးကဲသော စရိုက်သွင်ပြင်နှင့် ပေါင်းစပ်လိုက်မည်ဆိုပါက ဤပုဂ္ဂိုလ်သည် တကယ့်စစ်မှန်သော လူသားမျိုးနွယ်၏ ပညာရှိတစ်ဦးနှင့် တူပေသည်။
ထိုမြင်ကွင်းကို မြင်ပြီးနောက် စူးချန်ကဲသည် သူ့ကို ကူညီခဲ့သော်လည်း ၊ သို့သော် မျက်မှောင်ကုပ်လို့နေသည်။
“ လူကြီးမင်း၊ ဒီလိုလုပ်စရာ မလိုဘူး ၊ ကျွန်တော် စိတ်ထဲမှာ သေချာမှတ်ထားပြီး ဆုံးဖြတ်ချက်ချပါ့မယ် “
တစ်ဖက်သား၏စကားသည် မှန်ကန်သော်ငြားလည်း သို့သော် ဇာတ်လမ်းတစ်ခုလုံးကို သူ သေချာမသိသေးပေ။ အကယ်၍ ဖြစ်သလို ကောက်ချက်ချခဲ့မည်ဆိုပါက သူသည် လူမိုက်မဖြစ်ပေဘူးလား !
ချီရွှမ် စစ်မှန်သူဆရာသခင်သည် ထွေထွေထူးထူး ထပ်မပြောခဲ့ပေ။
သူသည် သက်ပြင်းချလိုက်ရင်း။
“မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ် “
“ နောက် ဧကရာဇ်ဂိတ် ဖွင့်တော့မယ်”
“မင်း တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာသင့်ပြီ ၊ နဝမမြောက် ဧကရာဇ်ဂိတ်ကို ဖြတ်ကျော်ပြီးရင် မင်း ဆုံးဖြတ်ချက်ချပြီးမယ်လို့ ငါ ယုံကြည်ပါတယ် “
ထိုစကားသံအဆုံးတွင် ။
ချီရွှမ် စစ်မှန်သူဆရာသခင်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ မြူခိုးငွေ့များ ပြန်လည်ထွက်ပေါ်လာပြီး ဇရပ်ငယ်တစ်ခုလုံးကို ဖုံးအုပ်သွားလေသည်။
ဟူး——!!
လေပြင်းတချက် ဝှေ့ယမ်းတိုက်ခတ်သွားလေရာ ၊ မြူခိုးများ ဖုံးလွှမ်းလျက်ရှိသော ဇရပ်ငယ်သည်လည်း ပျောက်ကွယ်သွားခဲ့လေသည်။
အဘိုးအို၏ အသံသာ ကျန်ရှိတော့သည် ။
“ငါ ပြောတဲ့ကိစ္စကို ၊ ကောင်လေး မင်း သေချာစဉ်းစားစမ်းပါ...”
နောက်ဆုံးတွင်မူ ၊ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အရာအားလုံးသည် ပုံရိပ်ယောင်တစ်ခုလို ဖြစ်နေခဲ့သည်။
“သခင်...”
ထိုအချိန်တွင်၊ နတ်ဖီးနစ်သည် စူးချန်ကဲကို စိုက်ကြည့်လျက် ဂရုတစိုက်ဖြင့် မေးလိုက်သည်။
“သခင်၊ ဘာလို့ ဒီတိုင်းရပ်နေတာလဲ...”
“တစ်ခုခု စိတ်ပူစရာရှိလို့လား...?”
ထိုအသံကို ကြားလိုက်ရမှသာလျှင် ။
စူးချန်ကဲ အသိပြန်ဝင်လာသည်။
“ဘာမှမဟုတ်ပါဘူး၊ နောက်ဂိတ်တစ်ခု ပွင့်သွားပြီ၊ အဲဒီကို မြန်မြန် သွားကြစို့ “
စောနက ဖြစ်ပျက်ခဲ့သမျှကို သူတစ်ယောက်တည်းသာ မြင်နိုင်ခဲ့ပုံရသည်။ ထို့ကြောင့် စူးချန်ကဲသည် တမင်သက်သက် ထုတ်ဖော်ခြင်းမရှိခဲ့ပေ။
“ဟုတ် “
နတ်ဖီးနစ်သည် မီးတောက်များဖြင့် တောက်လောင်နေသော သူ၏ အတောင်ပံများကို ခတ်ရင်း နောက်ဧကရာဇ်ဂိတ်ထဲသို့ ဝင်ရောက်သွားခဲ့လေသည်။
ခဏအကြာတွင်။
စူးချန်ကဲ နှင့် နတ်ဖီးနစ်တို့၏ အငွေ့အသက်များ လုံးဝ ပျောက်ကွယ်သွားသောအခါတွင် ကြယ်တာယာကောင်းကင်ကြီး၏ ဧရိယာတစ်ခွင်၌ မြူမှုန်များ တစ်ဖန်ပြန်လည်ရောက်ရှိလာသည်။
နောက်ဆုံးတွင် ၊ ဇရပ်ငယ်အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။
အဖြူဘက်မှအနိုင်ရတော့မည့် ကစားကွက်သည် ရုတ်ချည်းဆိုသလို ပြောင်းလဲသွားသည်။
အဖြူရုပ်များသည် တဖြည်းဖြည်း မည်းနက်သွားသည်။
မကြာမီ၊ အလယ်ဗဟိုရှိ အဖြူရောင်အကွက်တစ်ခုမှလွဲ၍ စစ်တုရင်ခုံတစ်ခုလုံးသည် မှင်ရည်ကဲ့သို့ မဲနက်သွားသည်။
တစ်ချိန်တည်းမှာပင် ချီရွှမ် စစ်မှန်သူဆရာသခင်၏ ခန္ဓာကိုယ်မှ အနက်ရောင် အငွေ့အသက်များ ပျံ့လွင့်ထွက်ပေါ်လာပြီး အတော်လေး ထူးဆန်းပေသည်။
“ငါမလိုလားတာမဟုတ်ဘူး...ဒါက ဒေဝလောကအတွက်ပဲ... သက်ရှိသတ္တဝါအားလုံးအတွက်”
သူ့အသံသည် အနည်းငယ် အက်ကွဲနေသည်။
“ ဧကရာဇ်လျှောက်လှမ်းရဲ့ ချုပ်လှောင်မှု.... ချိန်ခွင်... သေချာပေါက် ကျိုးရစေမယ်”
…….
တစ်ချိန်တည်းမှာပင်။
ဒုတိယဂိတ် ။
လေမုန်တိုင်းဂိတ်ပေါက် ။
ဤကမ္ဘာကြီးသည် ဆိတ်သုဉ်းသော မြေပေါ်တွင် ကျောက်ဆောင်များ ၊ အရိုးဖြူများစုပုံနေသော တောရိုင်းမြေနှင့်တူသည်။
လူ့အရိုးစုများ၊ သားရဲကောင်များ၏ အရိုးစုများနှင့် ကျိုးပဲ့နေသော ကြေး အပိုင်းအစများ ရှိသည်။
အပျက်အစီးများအဖြစ်သို့ ရှိနေသော်လည်း ၎င်းတို့သည် တစ်ချိန်က အလွန်အစွမ်းထက်ကြောင်း တွေ့မြင်နိုင်သည်။
အထူးသဖြင့် ၊ ခန္ဓာကိုယ် အစိတ်အပိုင်းများပေါ်တွင် လေ၏ တိုက်ခတ်မှုကြောင့် ခြောက်သွေ့သွားသော သွေးအစွန်းအထင်းများကို ကြည့်ရလျှင်ဖြင့် ဤနေရာတွင် မည်သို့သော ကြေကွဲဖွယ် တိုက်ပွဲမျိုး ဖြစ်ပွားခဲ့သည်ကို သိနိုင်သည်။
နှစ်ကာလပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ၊
ဤနေရာတွင် ကျန်ရှိနေသော ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် လူကို ထိတ်လန့်စေပြီး ၎င်းတို့၏ ခေါင်းတစ်ခုလုံးကို ထုံသွားစေသည်။
ဂျိန်း !!
ကောင်းကင်ယံတွင် လျှပ်စီးမိုးကြိုးများ တဖျပ်ဖျပ် ခတ်လျက် ၊ လေပြင်းများ ရုတ်ချည်းဆိုသလို တိုက်ခတ်လာသည်။
ဤကမ္ဘာကြီးရှိ သဲများ နှင့် ကျောက်ဆောင်များသည်ပင် လေနှင့်အတူ နေရာအနှံ့ လွင့်စင်သွားသည် ။
ဤကမ္ဘာတွင် ပုန်းအောင်းနေကြသော အချိန်ကာလ၏ တိုက်စားမှုအောက်တွင် လမ်းပျောက်ခဲ့သူများသည် မျှော်လင့်တကြီး စောင့်စားနေကြသည်။
၎င်းတို့၏ မျက်လုံးများသည် အလိုလောဘများဖြင့် တောက်လောင်နေသည်။
“ဝက်အသစ်လေးတွေ ရောက်ပြီလား...?”
“ဟဲဟဲ...မင်းတို့အားလုံး ငါတို့ကို အဖော်ပြုပေးရမယ်...!”
ထိုအသံများသည် သားရဲတစ်ကောင်၏ ဟောက်သံကဲ့သို့ပင်။ ထူးဆန်းသော အသွင်အပြင်များဖြင့် ၎င်းတို့သည် သားကောင်လာမည့်အချိန်ကို စောင့်ဆိုင်းနေသကဲ့သို့ ကျောက်တောင်ကြီးထဲတွင် ပုန်းအောင်းနေကြသည်။
ဝီ——
ထိုအချိန်တွင် ၊ ကောင်းကင်ယံ၌ လင်းလက်နေသော မရေမတွက်နိုင်သော နတ်အလင်းတန်းများ ထွက်ပေါ်လာသည်။
မှော်သင်္ကေတများက တဖိတ်ဖိတ်တောက်ပလျက်။
နောက်ဆုံးတွင်၊ ၎င်းတို့သည် ပြိုးပြိုးပျက်ပျက် တောက်ပသော ဂိတ်ပေါက်များအဖြစ်သို့ ပြောင်းလဲသွားသည်။
တဂျိန်းဂျိန်း မြည်ဟိန်းနေသော မိုးခြိမ်းသံ၏ အောက်တွင် ၊ တောက်ပနေသော ဂိတ်တံခါးများစွာ ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။
အထဲမှ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများကို ပိုင်ဆိုင်ထားကြသော ငယ်ရွယ်သူ ပါရမီရှင်အများအပြား ထွက်ပေါ်လာခဲ့သည်။
သူတို့အားလုံးသည် ပထမအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သော ထိပ်တန်းပါရမီရှင်များဖြစ်ပြီး ၊ အတော်တကာ့ အတော်ဆုံးဟု ဆိုရပေမည်။
ဧကရာဇ်လျှောက်လှမ်း၏ ပထမအဆင့်ကို ကျော်ဖြတ်နိုင်သည်ဆိုသော အချက်နဲ့တင် ၎င်းတို့သည် မည်မျှအစွမ်းထက်ကြောင်း သိနိုင်သည်။
လေမုန်တိုင်းဂိတ်ကဲ့သို့သော မရေမတွက်နိုင်သော အခြားလေမုန်တိုင်းဂိတ်များစွာ ရှိသေးပြီး ၊ မရေမတွက်နိုင်သော ပါရမီရှင်များထဲမှ အကောင်းဆုံးစွမ်းဆောင်နိုင်သူ တစ်ထောင်သာလျှင် နောက်ဂိတ်ပေါက်တစ်ခုကို ဝင်ရောက်နိုင်မည် ဖြစ်သည်။
လူထောင်ပေါင်းများစွာထဲမှ လူတစ်ထောင်ကိုသာ ရွေးချယ်သည်။ ဤအချိုးသည် တကယ်ကို ရက်စက်ပေသည်။
ဤမရေမတွက်နိုင်သော ပါရမီရှင်များထဲတွင် ၊ ထူးကဲသော အသွင်အပြင်ရှိသည့် ကြောက်စရာကောင်းသော လူများလည်း ရှိနေသည်။
၎င်းတို့ထဲတွင် ရှေးနဂါးမျိုးနွယ်စုမှ ထျန်းလုံ ဝူရှန်းအပြင် ရှေးမကောင်းဆိုးဝါး မျိုးနွယ်ဝင်များဖြစ်ကြသည့် သားမြေးများလည်း ပါဝင်သည်။
လူသားမျိုးနွယ်စု၏ ခေတ်ဟောင်း ဧကရာဇ်သားတော်များနှင့် တာအိုသားတော်များလည်း ရှိကြပြီး အားလုံးက ကြီးကျယ်ခမ်းနားလွန်းသည်။
တောက်ပြောင်သော ရွှေရောင်နဂါးဝတ်လုံကို ဝတ်ဆင်ထားသော ထျန်းလုံ ဝူရှန်းသည် ဝေဟင်အထက်တွင် ရှိနေပြီး ၊ သူ၏မျက်လုံးများက မိုင်တစ်ထောင်အတွင်းရှိ ဧရိယာတဝိုက်ကို ကြည့်ရှုစစ်ဆေးနေသည်။
“ နှမြောစရာပဲ ၊ စူးချန်ကဲ ဒီထဲမှာ မပါဘူးပဲ “
“ဒါပေမဲ့”
သူသည် အကြောင်းအရာကို ပြောင်းလဲလိုက်သည်။
“ ကွေးယွမ် သူတော်စင် နယ်မြေရဲ့ မျက်စံနှစ်မြွာပိုင်ရှင် ယဲ့လင်ထျန်းကိုတော့ အမဲလိုက်လို့ရပြီပဲ “
အပိုင်း(၃၈၅): ထိပ်တိုက်တွေ့ဆုံမှု
လေမုန်တိုင်းဂိတ်သည် ပါရမီရှင်များ၏ ပရမ်းပတာတိုက်ပွဲဝင်ရာ နေရာဖြစ်ပြီး ၊ စစ်မှန်သော သန်မာသူများကို ရွေးထုတ်ရာ နေရာလည်း ဖြစ်သည်။
ခေတ်အဆက်ဆက် ၊ ဧကရာဇ်လျှောက်လှမ်းသို့ ဝင်ရောက်သူများမှာ အလွန်ကို များပြားပေသည်။ စစ်မှန်သော သန်မာသူများကို ရွေးချယ်ရန် ဤနည်းလမ်းကို အသုံးမပြုပါက ၊ မဟာလမ်းစဉ်၏ အကျိုးခံစားခွင့်သည် အဓိပ္ပါယ်မဲ့သွားပေလိမ့်မည်။
ထို့နောက်တွင် ၊ အခွင့်အလမ်းတွေကို ပြိုင်ဆိုင်ရယူရန် ဂိတ်ခြောက်ခု ရှိသေးပြီး ၊ ဤကာလသည် သူတို့အတွက် ဖြတ်ကျော်ဖို့ရန် အချိန်ကောင်းတစ်ခုလည်း ဖြစ်ပေသည်။
အဓိကအင်အားစုဝင်များ၏ အစီအစဉ်အရ ၊ သူတို့အားလုံးသည် ကွေးယွမ် သူတော်စင် နယ်မြေရှိ ပါရမီရှင်များကို ရှာဖွေ၍ အမဲလိုက်ကြပေမည်။
တန်ကြေးသည် မည်မျှပင်ကြီးမားပါစေ၊ ပေးဆပ်ဖို့ အသင့်သာပင်။
နောက်ဆုံးတွင်၊ သူတို့သည် ဖြတ်သန်းရာ ဂိတ်တစ်ခုစီတိုင်းတွင် အတူတကွ စုရုံးကာ အခွင့်အရေးကို ရှာဖွေကြမည်ဖြစ်ပြီး ၊ အားကောင်းသော စည်းလုံးညီညွတ်မှုဖြင့် စူးချန်ကဲအား အပြီးတိုင် ဖျက်စီးပစ်ပေမည်။
တစ်ချိန်တည်းမှာပင်။
ဝေဟင်တွင် လက်ကို နောက်ပစ်လျက် အေးအေးလူလူ ရပ်နေသော ယဲ့လင်ထျန်းသည် တစ်စုံတစ်ခုကို သတိပြုမိခဲ့ပုံရသည်။
သူသည် မိုင်ထောင်ချီကွာဝေးသော နေရာကို တချက်လှမ်းကြည့်လိုက်ရာ ၊ ထျန်းလုံ ဝူရှန်း၏ အသက်မဲ့နေသော အကြည့်ကို ချက်ချင်းတွေ့လိုက်ရသည်။
“ရှေးနဂါးမျိုးနွယ်စု....ထျန်းလုံ ဝူရှန်း...?”
ဧကရာဇ်လျှောက်လှမ်းထဲသို့ မဝင်ရောက်မီ ၊ ကွေးယွမ် သူတော်စင် နယ်မြေသည် အဓိကအင်အားစုများ၏ အချက်အလက်များကို စုဆောင်းထားခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်သော စုမျဲ့ မှလွဲ၍ အခြားသူများ၏ ဇစ်မြစ်ကို သိထားကြသည်။
“ ချန်ကဲ ဆက်ခံသူကလွဲပြီး ငါ့ကို ဒီလိုကြည့်ရဲတဲ့လူ ရှိဦးမယ်လို မမျှော်လင့်ထားဘူး”
ယဲ့လင်ထျန်းသည် ခေါင်းတယမ်းယမ်းပြီး ပြုံးလေသည်။
“ ကြည့်ရတာ ၊ဒီနေ့တော့ ငါရဲ့ ရှေးဟောင်းမျက်စံနှစ်မြွာရဲ့ ဂုဏ်သတင်းကို သိအောင်လုပ်ရမယ်”
သူ၏ စကားသံအဆုံးတွင် ။
သူ့မျက်လုံးများသည် ပိုပို၍ အေးစက်လာသည်။ မဟာလမ်းစဉ်၏ လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်တို့သည် သူ၏ မျက်ဝန်းအစုံတွင် ဖြည်းဖြည်းချင်း နိုးထလာခဲ့ပြီး ဗလာကျင်းသော တွင်းနက်ကြီးအဖြစ်သို့ အသွင်ပြောင်းလဲသွားသည် ။
အကယ်၍ တစ်စုံတစ်ယောက်သာ ဤဗလာကျင်းသော တွင်းနက်ကြီးထဲသို့ အချိန်အကြာကြီး စိုက်ကြည့်နေပါက၊ ၎င်း၏ ဝိညာဉ်သည်ပင် ဝါးမြိုခံရနိုင်သည်။
“အို ၊ ကောင်းလိုက်တဲ့ မျက်စံနှစ်မြွာ! “
“ဒါပေမယ့်၊ ငါ့ရှေးနဂါးမျိုးနွယ်စုရဲ့ အသွေးအသားက မင်းထက် အားနည်းစရာလား!?”
ထျန်းလုံ ဝူရှန်းက အေးစက်စွာ ဆိုလိုက်သည်။
ဘုန်း !
ကြီးကျယ်ခမ်းနားသော နဂါးစွမ်းအင်သည် ထျန်းလုံ ဝူရှန်း၏ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လို့ လာခဲ့သည်။
ပွက်ပွက်ဆူလာသော နဂါးစွမ်းအင်များသည် အဆုံးတွင် ပေတစ်သောင်းခန့် မြင့်မားသော နတ်နဂါးအဖြစ်သို့ အသွင်ပြောင်းလဲသွားသည်။ ချွန်ထက်သော သွားနှင့် လက်သည်းများရှိပြီး ဤကမ္ဘာကြီးကို ဖျက်ဆီးနိုင်သော အရှိန်အဝါနှင့်အတူ သက်ရှိတစ်ကောင်အလား သွားလာလှုပ်ရှားနေသည်။
ထို့အပြင် ၎င်းတို့နှစ်ဦးလုံး၏ ပတ်ဝန်းကျင်တွင် ရှိနေကြသော ပါရမီရှင်များသည်လည်း ထိုကွဲပြားခြားနားသော ကြောက်မက်ဖွယ်ရာ ဖိနှိပ်စွမ်းအားနှစ်ခုကို ခံစားမိခဲ့သည်။
“ဒါရှေးနဂါးမျိုးနွယ်စု က ထျန်းလုံဝူရှန်း နဲ့ ကွေးယွမ် သူတော်စင်နယ်မြေက ယဲ့လင်ထျန်း!”
“အမ်... လေထဲမှာတင် တစ်ယောက်နဲ့ တစ်ယောက် စိုက်ကြည့်နေရုံနဲ ဒီလောက် ကြောက်စရာကောင်းတဲ့ ဖိနှိပ်စွမ်းအားကို ဖန်တီးနိုင်တာပဲ! “
“…….”
လူနှစ်ယောက် မျက်လုံးချင်းဆုံတွေ့နေသည့် အကြည့်များ၏ အလယ်၌ ရှိနေသော ဟင်းလင်းပြင်အလွှာများသည်ပင် တုန်ခါနေပြီး မမြင်နိုင်သော ပျက်သုန်းခြင်း မုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်နေခဲ့သည်။
ဝုန်း !
နှစ်ဖက်စလုံး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများဖြင့် ပေါက်ကွဲထွက်ပေါ်လာကြပြီး ထပ်တိုက် ဆုံတွေ့ကြသည်။
ပါရမီရှင်များသည် သတိလက်လွတ်မခံဝံ့ဘဲ နေရာအရပ်ရပ်သို့ အလျင်အမြန် ဆုတ်ခွာသွားကြသည်။
ဤကဲ့သို့ အင်အားကြီးသူများ၏ တိုက်ပွဲတွင် ကြားညပ်ခံရပါက ဆိုးရွားသော အကျိုးဆက်ကို ခံယူရနိုင်သည်။
……..
တခြားကမ္ဘာတွင် ။
ဤကမ္ဘာသည် ကြီးမားသော သစ်တောကြီးများ ရှိရာအရပ် ဖြစ်သည်။
သစ်ပင်များသည် မည်းနက်ကာ ကောင်းကင်ပမာ မြင့်မားသည်။
ကြည်လင်သော အပြာရောင်ကောင်းကင်ထက်တွင် မရေမတွက်နိုင်သော တန်ခိုးကြီးမားသော ပါရမီရှင်များစွာ ရှိနေသည်။
၎င်းတို့၏ခန္ဓာကိုယ်တစ်ဝိုက်တွင် နတ်အလင်းရောင်များ ရစ်ဝဲလျက် ရှိနေပြီး ၊အဆုံးမရှိသော လေပြင်းများ တိုက်ခတ်ကာ ဟောက်သံပြုနေသည်။
ဝင်ရောက်တိုက်ခတ်လာသော မုန်တိုင်းကြောင့် တောထဲရှိ သစ်ရွက်ခြောက်များသည် လေနှင့်အတူ လွင့်စင်လျက် ၊ ဤကမ္ဘာထဲရှိ သတ်ဖြတ်လိုသော အငွေ့အသက်များသည်လည်း ပို၍ပင်ပြင်းထန်လာသည်။
“ ကွေးယွမ် သူတော်စင် နယ်မြေ ၊ ရှေးဟောင်းသူတော်စင် ကိုယ်ထည်ပိုင်ရှင် လီဟောက်ထျန်း!”
“ ကြည့်ရတာ ဒီနေ့ ငါကံကောင်းပုံရတယ် “
ရွှေ- နီ စစ်ဝတ်လုံကို ၀တ်ဆင်ထားပြီး နီမြန်းသော ဆံနွယ်များဖြင့် လူတစ်ဦးသည် ဝေဟင်တွင် လက်ကိုနောက်ပစ်လျက် မတ်တပ်ရပ်နေသည်။
သူ၏အမည်မှာ ဟွမ်ထျန်းခွင်းလွင် ဖြစ်ပြီး၊ သူသည် ခေတ်ဟောင်း မဟာဧကရာဇ်မင်း ဟွမ်ထျန်း ဝူတောက်၏ တစ်ဦးတည်းသောသားဖြစ်သည်။
သူ့တွင် ဘိုးဘေးအနွယ် ဖီးနစ်အသွေးအသားများ ရှိပြီး ၊ သူ၏ကျင့်ကြံမှုသည် ဧကရာဇ်တစ်ပိုင်း နယ်ပယ် ဒုတိယအဆင့်သို့ ရောက်ရှိထားပြီး ဖြစ်သည်။ သူသည် ရှေးဖီးနစ်မျိုးနွယ်၏ အမွေဆက်ခံသော လျို့ဝှက်ပညာရပ်အားလုံးကို နားလည်ထားသော အသန်မာဆုံးနှင့် နောက်ဆုံးပါရမီရှင် တစ်ဦးလည်း ဖြစ်သည်။
တစ်ဖက်လူ၏ စကားများကို လီဟောက်ထျန်းသည် ဘာမှမထူးခြားသော အမူအရာဖြင့် နားထောင်နေသည်။
တဖက်လူ၏ ရောင်ဝါသည် အားကောင်းသော်လည်း သို့သော် စူးချန်ကဲထက် နိမ့်ကျနေဆဲပင် ။
“အမွှေးပြောင်ကြက်တစ်ကောင်ကများ အတော်သတ္တိရှိနေတာလား!?”
ဝုန်း !!
တစ်ချိန်တည်းမှာပင် ၊ လီဟောက်ထျန်း၏ ခန္ဓာကိုယ်မှ ကြောက်ခမန်းလိလိ ဖိနှိပ်စွမ်းအားများ ထွက်ပေါ်လာသည်။
သူတော်စင် ခန္ဓာကိုယ်၏ အသွေးတို့သည် ပွက်ပွက်ဆူလာပြီး ၊ လေထဲတွင် ပရမ်းပတာစွမ်းအင်များ လူးလိမ့်ရိုက်ခတ်သွားလေရာ အဖြူအမည်း ဆန့်ကျင်ဘက် အင်အားနှစ်ခုက အပြနအလှန် ထိုးဖောက်ဝင်ရောက်လာခဲ့သည်။
ဝီ—! !
အဖြူအမည်း အလင်းနှစ်ခုသည် ကမ္ဘာပေါ်ရှိ ယင် နှင့် ယန် ကို ကိုယ်စားပြုကာ အချင်းချင်း အပြန်အလှန် ပဲ့တင်ထပ်နေသည်။
ဤသည်မှာ ရှေးဟောင်း သူတော်စင် ခန္ဓာကိုယ်၏ ရူပါရုံဖြစ်သည့် အသက်နှင့် သေခြင်းဆိုင်ရာ ယင် ယန် ပုံကားချပ် ဖြစ်သည်။
ဟွမ်ထျန်းခွင်းလွင်သည် မှေးကြည့်နေပြီး ၊ သူ၏မျက်လုံးထဲတွင် မီးတောက်များက တဟုန်းဟုန်း တောက်လောက်လာသည် ။
သူ့နောက်တွင်၊ မီးလျှံများဖြင့် တောက်လောင်နေသော ဖိီးနစ်တစ်ကောင်သည် ၎င်း၏ အတောင်ပံများကို ဖြန့်ကျတ်လျက် ထွက်ပေါ်လာသည်။ ၎င်း၏ ကြီးမားသော အတောင်ပံများသည် ကောင်းကင်ပြင် အများစုကို ဖုံးလွှမ်းထားလျက် ရှိသည်။
မီးလျှံပင်လယ်ကြီးသဖွယ် ဆူပွက်လောင်မြိုက်နေပြီး ၊ ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းသော စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာသည်။
ဤကမ္ဘာတွင် ရောက်ရှိနေကြသော ပါရမီရှင်များသည် အရပ်ရပ်သို့ ဆုတ်ခွာသွားခဲ့ကြသည်။
၎င်းတို့နှစ်ဦး၏ မျက်လုံးထဲတွင် ကြောက်မက်ဖွယ်ကောင်းသော လူသတ်လိုသော ဆန္ဒများနှင့် တိုက်ခိုက်ရေး စိတ်ဓာတ်များဖြင့် ပြည့်နှက်နေသည်။
စစ်ပွဲကြီးမှာ မကြာခင် စတင်ပေတော့မည်။
……..
တစ်ချိန်တည်းမှာပင်၊ ဧကရာဇ်လျှောက်လှမ်း၏ အခြားသော လေမုန်တိုင်းဂိတ်အတွင်း၌ ။
ကြေးမုံမှန်ကဲ့သို့ ကြည်လင်တောက်ပသော ရေကန်ပြင်၏ အထက်တွင် မရေမတွက်နိုင်သော ပါရမီရှင်များစွာ ရှိနေသည်။
၎င်းတို့အနက်မှ လူနှစ်ဦးသည် ပြိုးပြိုးပြက်ပြက် တောက်ပနေသည်။
ဧရိယာတစ်ဝိုက်တွင် ဆီးနှင်းခဲ စွမ်းအားများ ဖုံးလွှမ်းထားသည်။
ဤနေရာရှိ ရေခဲပုံဆောင်ခဲ ဆူးချွန်များသည် ကောင်းကင်ပမာ ကြီးမားလွန်းလှသည်။
ဆီးနှင်းခဲများဖြင့် တည်ဆောက်ထားသော ဤကမ္ဘာထဲတွင် ဖြူဖွေးသော အမွေးမွဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ရှိနေသည်။
ဆီးနှင်းခဲမှော်သင်္ကေတများက သူမ၏ ဘေးပတ်ပတ်လည်တွင် တလိပ်လိပ် ရိုက်ခတ်နေပြီး၊ ထောင်ပေါင်းများစွာသော နှင်းခဲများအားလုံးကို ထိန်းချုပ်ထားသည်မှာ အင်အားကြီးမားသော ရေခဲဘုရင်မ တစ်ပါးကဲ့သို့ပင်။
သူမသည် ရှေးမကောင်းဆိုးဝါးမျိုးနွယ်ဝင် ရုံထျန်းမကောင်းဆိုးဝါးဘုရင်မျိုးနွယ်စုမှ ဆင်းသက်လာသူ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းမှ ရွှယ်ချင်းလျန် ။
သူမနှင့် မျက်နှာချင်းဆိုင်တွင် ။
နတ်အလင်းရောင်သည် ကောင်းကင်သို့ တည့်တည့်ပစ်ခွင်းလျက် ရွှေပန်းများ ပွင့်လန်းလာစေသည်။ အဆုံးမရှိသော ရောင်ခြည်များသည် ဤနေရာတစ်ခုလုံးကို ရွှေရောင်ပင်လယ်ပြင်ကြီးအဖြစ်သို့ လုံးဝ ပြောင်းလဲသွားစေခဲ့သည်။
ဤရူပါရုံသည် ကွေးယွမ် သူတော်စင် နယ်မြေ၏ မြင့်မြတ်သော ဘုရင် ကိုယ်ထည်ပိုင်ရှင် ပီချင်းရှ မှလွဲ၍ မည်သူရှိဦးမည်နည်း။
“ မကောင်းဆိုးဝါးဂိုဏ်းတွေ တကယ်ကို ရက်ရောတာပဲ”
ပီချင်းရှသည် သူမပါးစပ်ကိုအုပ်ကာ လှောင်ရယ်လိုက်ပြီး လျစ်လျူရှုသော အသံဖြင့် ဆိုလိုက်သည်။
“ဒါပေမယ့် ငါကတော့ အထင်သေးတုန်းပဲ..”
ဝုန်း !
တောက်လောင်နေသော နတ်အလင်းမုန်တိုင်းကြီးသည် မိုင်ထောင်ပေါင်းများစွာကို ပျံ့နှံ့သွားပြီး ကြီးကျယ်ခမ်းနားသော ရူပါရုံတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
နေ၊ လနှင့် ကြယ်တို့၏ ဆင့်ကဲဖြစ်စဉ်များ ဖြစ်ပေါ်လျက် အံ့ဖွယ်ကောင်းသော ရွှေပြည်ကြီး အဖြစ် ဖော်ဆောင်လျက်ရှိသည်။
ဤသည်မှာ မြင့်မြတ်သောဘုရင် ခန္ဓာ၏ ရူပါရုံ ဖြစ်သည့် နတ်ဘုရားဘုရင်တို့ စိုးစံရာမြေ ဖြစ်သည်။
………
ထိုကဲ့သို့သော ရူပါရုံမြင်ကွင်းများသည် လေမုန်တိုင်းဂိတ်ရှိ ကမ္ဘာတိုင်းတွင် ဖြစ်ပေါ်နေသည်။
ကွေးယွမ် သူတော်စင် နယ်မြေမှ စွမ်းအားရှင်များနှင့် အဓိက အင်အားစုများစွာမှ စွမ်းအားရှင်တို့ ထပ်တိုက် တွေ့ဆုံကာ တိုက်ပွဲဝင်နေကြသည်။
၎င်းတို့သည် ယခင်က အသက်ရန်ကြွေးများ ရှိခဲ့ဖူးပြီး ၊ ယခု ဧကရာဇ်လျှောက်လှမ်းတွင် ထပ်မံ တွေ့ဆုံခဲ့လေရာ အသေအကျေ တိုက်ခိုက်လျက်ရှိသည်။
ယွင်ရှင်းယန်၊ ပိုင်ဇစ်တို့ မောင်နှမနှစ်ဦး ၊ ကူလင်အာနှင့် အရိုးဖြူ ပင်လယ် ဘုရင်မ စသည့် စူးချန်ကဲ၏ နောက်လိုက်များသည် အဓိက အင်အားစုဝင်များ၏ အမဲလိုက်စာရင်းတွင် ပါဝင်ခဲ့သည်။
......
မိုးခြိမ်းသံများက ကောင်းကင်ပြင်အနှံ့ ဒေါသတကြီး ပေါက်ကွဲလို့နေသည်။
တိမ်ပင်လယ်ထိ တိုးဝင်နေသော အဆုံးမရှိ မြင့်မားသော တောင်ထွပ်ကြီးပေါ်တွင် ၊
ကြီးကျယ်ခမ်းနားသော အသွင်အပြင်ရှိသည့် လူတစ်ဦးသည် လက်ကိုနောက်ပစ်လျက် မတ်တပ်ရပ်နေပြီး ၊ သူ၏ နက်မှောင်သော ဆံနွယ်များနှင့်အတူ အဖြူရောင် ဝတ်ရုံထည်သည် လေနှင့်အတူ တဖျပ်ဖျပ် လွင့်ပျံနေသည်။
စူးချန်ကဲသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ဝေဟင်ထက်တွင် ရှိနေကြသော မရေမတွက်နိုင်သော ပါရမီရှင်တို့သည် ကြောက်လန့်တကြား နောက်ပြန်ဆုတ်သွားကြသည်။
မည်သူမှ သူ့အား လှည့်မကြည့်ဝံ့ပေ။
“ သေစမ်း! ဒီလေမုန်တိုင်းဂိတ်မှာမှ ဒီနတ်ဆိုးကောင် စူးချန်ကဲနဲ့ ဆုံရတယ်လို့ကွာ”
“ အဲ့ကောင်ကို သွားမရှုပ်နဲ့၊ မဟုတ်ရင် ငါတို့ စောစောစီးစီး လစ်ကုန်မယ်!”
ပါရမီရှင်များစွာသည် တုန်တုန်ယင်ယင် ဖြစ်နေကြသည်။ ထို့နောက်တွင် သူတို့အားလုံးသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ဤနေရာမှ ထွက်ခွာသွားကြသည်။
စူးချန်ကဲသည် သူတို့အား ရှင်းထုတ်ပစ်မည်ကို အတော်လေး ကြောက်နေကြသည်။
ပါရမီရှင်အုပ်စုတစ်ဖွဲ့သည် ဤနေရာမှ ထွက်ပြေးခဲ့ကြသော်လည်း ၊ ဤနေရာတွင် ဆက်ရှိရန် ရွေးချယ်ခဲ့သော သူများလည်းရှိသည်။
“ စူးချန်ကဲ ၊ မင်း ငါတို့မကောင်းဆိုးဝါး မျိုးနွယ်စုအပေါ် အကြွေးတင်ထားတာရှိတယ် ၊ ဒီနေ့ မင်းသွေးနဲ့ ပေးဆပ်ရမယ်!”
ဧကရာဇ်တစ်ပိုင်းနယ်ပယ် ဒုတိယတန်းအဆင့်ရှိသည့် မကောင်းဆိုးဝါးမျိုးနွယ်ဝင် တစ်ဦးသည် ဦးဆောင်ကာ ရှေ့သို့ ခြေတစ်လှမ်းတိုးခဲ့သည်။
သူသည် ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း မှ ဖာထျန်းမကောင်းဆိုးဝါးဘုရင်မျိုးနွယ်စုဝင် လေယွမ်ထျန်း ပင်။
သူ၏ ဘေးပတ်ပတ်လည်တွင် တူညီသော ရောင်ဝါများရှိသည့် မကောင်းဆိုးဝါးမျိုးနွယ်ဝင်များ ရှိပြီး ၊ တချက်ကြည့်ရုံဖြင့် ၎င်းတို့သည် ရှေးမကောင်းဆိုးဝါး မျိုးနွယ်၏ မျိုးဆက်များဖြစ်ကြောင်း ထင်ရှားသည်။
ပြင်းထန်သော မကောင်းဆိုးဝါးရောင်ဝါသည် ၎င်းတို့၏ ကိုယ်ထဲမှ ပေါက်ကွဲထွက်လာကြပြီး စူးချန်ကဲအား အသေသတ်လိုသော စိတ်ဆန္ဒများဖြင့် ပြေးဝင်လာကြသည်။
“ မကောင်းဆိုးဝါး မျိုးနွယ်စု?”
စူးချန်ကဲသည် မျက်ခုံးပင့်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“ငါးတသိုက်ကများ “
“ ကျုပ် စူးမျိုးရိုး ဒီမှာရပ်နေရင်တောင် ၊ မင်းတို့က ဘာများလုပ်နိုင်မှာလဲ”