← Chapters

အခန်း (၃၉၉-၄၀၃)

Vol. 29 Ch. 399-403

အခန်း (၃၉၉-၄၀၃)

Vol. 29 Ch. 399-403

အပိုင်း(၃၉၉): စူး မျိုးရိုးတစ်ယောက်တည်းနဲ့တင် သုတ်သင်နိုင်တယ်?

တခဏအတွင်းမှာပင်။

တောက်လောင်နေသော လက်သီးအလင်းသည် အနှိုင်းမဲ့ စွမ်းအားများကို ဆောင်ကျဉ်းလျက် ပါ့ဖန်း၏ မျက်နှာအနီးသို့ ရောက်ရှိလာခဲ့သည်။

ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအား၏ ရှေ့မှောက်တွင် ပါ့ဖန်း ဖွဲ့စည်းထားခဲ့သော ချီအကာအကွယ်သည် လုံးဝမှ အသုံးမဝင်ခဲ့ပေ။

စူးချန်ကဲ၏ လက်သီးနှင့် မထိတွေ့ခင်မှာပဲ ၎င်းသည် လေထုထဲတွင် လွင့်စင်သွားသော မြူခိုးများကဲ့သို့ ကွယ်ပျောက်သွားသည်။

ဝုန်း !!!

ရုတ်တရက်။

တုန်လှုပ်ချောက်ချားဖွယ်‌ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီးနောက် နိယာမလှိုင်းတံပိုးများကို လူးလိမ့်ရိုက်ခတ်သွားလေသည်။

၎င်း၏ကြောက်မက်ဖွယ် စွမ်းအားသည် ဤလောကတွင် ရှိနေသော ဝိညာဉ်စွမ်းအား နိယာမတရားများကိုပင် လုံးလုံးလျားလျား ဖယ်ထုတ်သွားခဲ့ပြီး ၊ လေဟာနယ်ဇုန်တစ်ခုအဖြစ် ဖန်တီးခဲ့လေသည်။

အဖြူရောင် အခိုးအငွေ့များ ထွက်ပေါ်လာပြီး ၊ တလိပ်လိပ် ရိုက်ခတ်ကာ ထိုဧရိယာတစ်ဝှမ်းလုံးကို ဖုံးလွှမ်းသွားသည်။

ထိုအခိုက်အတန့်မှာပင် ၊ လူတိုင်း ထိုနေရာကို လှမ်းကြည့်လိုက်ကြသည်။

ခဏအကြာတွင်။

အခိုးအငွေ့တွေ လွင့်စင်သွားသည်နှင့် ၊ ထိုနေရာရှိ မြင်ကွင်းကို ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့ရသည်။

လူတိုင်း မျက်လုံးပြုးကျယ်စွာဖြင့် ကြည့်နေကြပြီး ပါးစပ်အဟောင်းသား ဖြစ်လို့နေသည်။

စူးချန်ကဲ၏လက်သီးသည် ပါ့ဖန်း၏ မျက်နှာနှင့် နီးကပ်လာသည့် အခိုက်အတန့်တွင် ရပ်တန့်သွားခဲ့သည်။ သူ့လက်သီးတဝိုက်မှာ ဝိညာဉ်စွမ်းအား အခိုးအငွေ့များက တဝဲလည်လည်ဖြင့် ရစ်ပတ်ထားလျက်ရှိသည်။

တဖက်တွင် ။

ပါ့ဖန်းသည် နေရာတွင် ကြောင်အမ်းနေပြီး ၊ တုန်လှုပ်နေသော မျက်လုံးများဖြင့် မိန်းမောစွာ စိုက်ကြည့်နေသည်။

သူ၏ နောက်ကျောဘက်က ‌ဆံနွယ်ရှည်များသည် ဖြန်းကနဲ လွင့်ပျံသွားပြီး ၊ လေပြင်းတစ်ချက်သည် သူ့ပါးပြင်ကို ဖြတ်ကျော်သွားသည်။

သို့သော် သူ့နောက်တွင် အခြားမြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

လေပြင်းများကို သယ်ဆောင်လာသော မြူခိုးများ လွင့်စင်သွားခဲ့ပြီးနောက်တွင် ၊

ထိုနေရာသည် အလွန်အားကောင်းသော အင်အားဖြင့် ဝင်ကျုံးခြင်းခံလိုက်ရသကဲ့သို့ မြေကြီးများ ပြိုကျအက်ကွဲသွားခဲ့ပြီး နက်ရှိုင်းသော အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့သည်။

ဧရာမစပါးအုံးမြွေကြီး တစ်ကောင် မြေပြင်ပေါ်တွင် လူးလွန့်ကာ အဝေးသို့ ပြေးဝင်သွားသကဲ့သို့ အက်ကွဲကြောင်းများသည် မြေပြင်အနှံ့ ရွေ့လျားသွားကာ ပါ့ဖန်း၏ နောက်တွင် ရှိနေသော တောင်တန်းကြီး၏ အလယ်ဗဟိုချက်ထိ ထိုးဖောက်ဝင်ရောက်သွားသည် ။

“ဘယ်လိုလဲ?”

စူးချန်ကဲသည် အပြုံးမပျက် မေးလိုက်သည်။

ပါ့ဖန်းတစ်ယောက် ထိုမှသာလျှင် အာရုံပြန်ကပ်လာခဲ့သည်။

သူ စကားတစ်ခွန်းမှ မဟနိုင်ခဲ့ချေ။

စူးချန်ကဲ ထုတ်လွှတ်လိုက်သော စွမ်းအားသည် သူ၏ နားလည်ထားသည်ထက် ကျော်လွန်နေခဲ့သည်။

ပါ့ဖန်းသည် မည်သည့်အန္တရာယ်မှ မဖြစ်ခဲ့သည်ကို မြင်လိုက်ရသည်။

စူးချန်ကဲ၏ အသက်ချမ်းသာပေးမှုကို မြင်လိုက်ရသဖြင့် ဘေးတွင် ရပ်နေသော ပါ့ဝူမှာ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်သည်။

သို့ဆိုလျှင်တောင် ။

ပါ့ဝူသည် သူ၏ထိတ်လန့်မှုကို ဖုံးကွယ်ထား၍မရနိုင်ခဲ့ချေ။

ကြောက်ခမန်းလိလိ စွမ်းအားများ ပေါက်ကွဲထွက်ပေါ်ကာ အကြွင်းမဲ့ ထိန်းချုပ်ထားနိုင်သည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် စူးချန်ကဲသည် သာမန်လူတစ်ယောက် မဟုတ်မှန်း သိနိုင်သည်။

“ဒီလူက ငါတို့ ဘိုးဘေးတွေရဲ့ ဟောကိန်းထဲက ပုဂ္ဂိုလ်ဆိုတာလား ...?”

စူးချန်ကဲ နှင့် အသေးစိတ်ဆွေးနွေးရန် စဉ်းစားနေစဉ်မှာပဲ ၊

“ တင်ပြပါတယ်!”

ချန်း မျိုးနွယ် တပည့်တစ်ယောက်သည် ပျာပျာသလဲ ရောက်ရှိလာသည်။

“ဘိုးဘေး၊ မကောင်းတော့ဘူး ၊ ဟွမ်း မျိုးနွယ်စုတွေ ပုန်ကန်ပြီး ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ တပ်အပြည့်နဲ့ ချီတတ်လာတယ် “

ဤရုတ်တရက်ဖြစ်ပေါ်မှုသည် လူတိုင်းကို မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားရစေသည်။

ဟွမ်း မျိုးနွယ်စု ၊ သူတို့၏ လက်အောက်ခံလူမျိုးစုသည် အမှန်တကယ်ပင် ပုန်ကန်ခဲ့လေသလော။

“ လှုပ်ရှားမှုက မြန်သားပဲ “

စူးချန်ကဲသည် အားလုံးကို မျှော်လင့်ထားသည့်အတိုင်း ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

“ဒါပေမဲ့လည်း ကောင်းတာပဲ၊ ဒီကိစ္စကိုလည်း တစ်ချိန်တည်း ဖြေရှင်းလိုက်တာပေါ့”

………

တစ်ချိန်တည်းမှာပင် ။

ဟွမ်း မျိုးနွယ်စု၏ ဘိုးဘွားပိုင်မြေတွင်။

ထျန်းလုံ ဝူရှန်း နှင့် ရှေးနဂါးမျိုးနွယ်ဝင် ဧကရာဇ်တစ်ပိုင်းအဆင့် ပါရမီရှင်တို့သည် ဟွမ်း မျိူးနွယ် ဘိုးဘေးများနှင့် စကားပြောနေကြသည်။

“ဘယ်လိုလဲ၊ ခင်ဗျားသာ ကျွန်တော်တို့ကို သုံးချောင်းထောက်အိုးကို တစ်ခါသုံးခွင့်ပေးရင် ချန်း မျိုးနွယ်စု နဲ့ ထျန်း မျိုးနွယ်စုတွေကို ရှင်းပစ်ပေးနိုင်တယ်”

ထျန်းလုံ ဝူရှန်းသည် လက်ဖက်ရည်သောက်ရင်း ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

“ သူတို့ဘက်ကလည်း တခြားသူတွေနဲ့ အဆက်အသွယ်လုပ်ထားနိုင်တယ် ၊ အဲ့အချိန်ကြရင် ခင်ဗျားတို့ အောင်မြင်နိုင်မှာ မဟုတ်ဘူး”

ထိုစကားသံအဆုံးတွင် ။

ဟွမ်းမျိုးနွယ် ဘိုးဘေးများသည် မှုန်ကုပ်သွားကြသည်။ ထျန်းလုံ ဝူရှန်း၏ စကားများသည် သူတို့၏ ဟွမ်း မျိုးနွယ်စုအပေါ် လုံးဝ အထင်သေးလိုက်သလိုပင်။

“ ဟွန်း ၊ ငါတို့ ဟွမ်း မျိုးနွယ်စုရဲ့ အင်အားကို မင်းတို့ စိတ်ကူးကြည့်နိုင်မယ်မထင်ဘူး “

“ငါတို့ မင်းရဲ့အကူအညီကို မလိုဘူး ၊ ထျန်း မျိုးနွယ်စုနဲ့ ချန်း မျိုးနွယ်စုကို ငါတို့ဘာသာ ရှင်းထုတ်နိုင်တယ် ၊ ထွက်သွား!”

စေ့စပ်ညှိနှိုင်းမှု မအောင်မြင်သော်လည်း ထျန်းလုံ ဝူရှန်းသည် ဒေါသထွက်ခြင်းမရှိခဲ့ပေ။

ယင်းအစား ၊ သူ့ပါးစပ်ထောင့်တွင် လှောင်ရယ်သံတစ်ခု ထွက်ပေါ်လာသည်။

“ဒီလိုဆိုရင်လည်း ခင်ဗျားတို့ရဲ့ ရတနာကို လုယူတဲ့အပေါ် ကျုပ်တို့ကို အပြစ်မဆိုနဲ့ “

မူလက သူတို့သည် ဟွမ်းမျိုးနွယ်စု၏နယ်မြေထဲသို့ မှားယွင်းဝင်ရောက်ခဲ့ပြီး ၎င်းတို့ကို သတ်ပစ်ကာ အခွင့်အရေးကို ဆုပ်ကိုင်ထားချင်ခဲ့သည်။ သို့သော် သုံးချောင်းထောက်အိုးကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့သည်။

ထိုအရာသည် မည်သည့်အရာမှန်း မသိသော်လည်း သို့သော် သာမန်အရာမဟုတ်တာတော့ သေချာသည်။

“ငါ ထျန်းလုံ ဝူရှန်း မျက်စိကျတဲ့ပစ္စည်းဆိုရင် သေချာပေါက် ရအောင်ယူမယ်...!”

………

တစ်ချိန်တည်းမှာပင်။

ဟွမ်းမျိုးနွယ်စု၏ တပ်များ နီးကပ်လာသည်နှင့်အမျှ၊ သူလျှိုများထံမှ သတင်းရရှိထားသော ချန်း မျိုးနွယ်စု နှင့် ထျန်း မျိုးနွယ်စုတို့သည် စစ်ပွဲအတွက် အပြည့်အ၀ ပြင်ဆင်နေကြသည်။

ထျန်း မျိုးနွယ်စုခန်းမထဲတွင်။

“ မင်း ဘာပြောလိုက်တယ်!?”

“ငါတို့မျိုးနွယ်စုရဲ့ မြင့်မြတ်ပစ္စည်းကို ခိုးသွားတာက ဟွမ်း မျိုးနွယ်စုက ဟုတ်လား!?”

ချန်းလင်၏ တင်ပြမှုကို နားထောင်ပြီးနောက် ၊ ထျန်း မျိုးနွယ်ဘိုးဘေးသည် တွေးခေါ်လိုက်သည်။

“ အခု ဟွမ်း မျိုးနွယ်စုတွေ ကျူးကျော်လာပြီ ၊ကြည့်ရတာ အမှန်ဖြစ်ပုံရတယ်..”

“ဒါပေမယ့် မင်းပြောတဲ့လူမှာ အလွန်သန့်စင်တဲ့ ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရားရဲ့ အသွေးတွေ ရှိနေတယ် ဟုတ်လား?”

“မင်းကတောင် သူ့ပြိုင်ဘက်မဟုတ်ဘူးပေါ့?”

“ဘိုးဘေး... ကျွန်တော် လိမ်​​နေတယ်​လို့ ထင်​လို့လား...?”

ချန်းလင်၏ မျက်နှာပြင်တစ်ခုလုံး ရောင်ရမ်းနေပြီး နံရိုးများ မည်မျှပင် ကျိုးသွားလေသလဲမသိ။ သူ့ကို ကြည့်ရသည်မှာ အတော်လေးကို သနားစရာကောင်းနေသည်။

စူးချန်ကဲ၏ ရိုက်နှက်ခြင်းကို ခံနေရသော သူ့ပုံစံကို တွေးမိလေတိုင်း ၊ ချန်းလင်တစ်ယောက် ငိုခြိမ်းချချင်မိသည်။

အဲ့သကောင့်သားက လူမဟုတ်ဘူး!

သူ့ကို သတင်းပို့ခိုင်းတာ မပို့ပေးမှာလည်း မဟုတ်ဘူး ၊ တစ်ခွန်းလေးထပ်မေးရုံနဲ့ ခုလိုရိုက်နှက်စရာလား....

ထိုအချိန် ၊ ထျန်းမျိုးနွယ် ဘိုးဘေးသည် လော့ရန်ယွီအား ဦိးညွတ်လိုက်ပြီး ဆိုလိုက်သည်။

“ တကယ်လို့ အဲ့ဒီအမျိုးသားက ကျွန်တော်တို့ ထျန်းမျိုးနွယ်အပေါ် တိုက်ခိုက်လာခဲ့ရင် ..ကျေးဇူးပြုပြီး ကူညီစောင့်ရှောက်ပေးပါဦး”

“ စိတ်ချပါ “

လော့ရန်ယွီသည် ညင်သာစွာပြုံးလိုက်သည်။

“အဲဒီကောင်ကလွဲရင် ၊ ကျွန်မ ဘယ်သူ့ကိုမှ မကြောက်ဖူးဘူး”

ပြောရင်းတန်လန်း ၊ သူမ တွေးဆလိုက်သည်။

“ ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရားရဲ့ အသွေးအသား...”

“ဒီလောက် ထက်မြက်တဲ့ ပါရမီရှင်... တိုက်မြေ သုံးထောင်မှာ ဘယ်တုန်းကများ ပေါ်လာပါလိမ့်?”

…….

တဖက်တွင် ။

ချန်း မျိုးနွယ်စု၏ ပိုင်နက်။

ချန်း မျိုးနွယ်စုမှ မရေတွက်နိုင်သော လူများသည် ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး ၊ လက်နက်မျိုးစုံကို ကိုင်ဆောင်ကာ စစ်ချီရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

“လူကြီးမင်း၊ ချန်း မျိုးနွယ်ဝင် စစ်သည်တွေ အကုန်လုံးကို စုစည်းပြီးပြီ”

ပါ့ဝူသည် စူးချန်ကဲကို လေးလေးစားစား ဦးညွှတ်ကာ ဆိုလိုက်သည်။

“အချိန်မရွေး လူကြီးမင်းရဲ့ အမိန့်ကို နာခံဖို့အသင့်ပါပဲ “

ဤအခိုက်အတန့်တွင်၊ ချန်း မျိုးနွယ်စစ်သည်များအားလုံးသည် ၎င်းတို့၏ ခန္ဓာကိုယ်ထဲက ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရား၏ အသွေးများကို လှုံ့ဆော်ထားကြသည်။

ကမ္ဘာကြီးတစ်ခုလုံး စွမ်းအားများဖြင့် ပြည့်နှက်နေပြီး ကြီးကျယ်ခမ်းနားသော အသွင်အပြင်ကို ဖော်ဆောင်လျက်ရှိသည်။

သို့သော်လည်း ဤစိတ်အားထက်သန်နေသော ချန်း မျိုးနွယ်စစ်သည်များကို ကြည့်ရင်း သူသည် KFCဆိုင်ရှေ့ ရောက်နေသော ကြက်တစ်ကောင်အကြောင်း တွေးမိသည်။

သူသည် ခိုကိုးရာမဲ့ ခေါင်းယမ်းလိုက်ရင်း ဆိုလိုက်သည်။

“ဒီကိစ္စမှာ ခင်ဗျားတို့ ဒီမှာပဲ နေခဲ့လိုက် “

“ဟုတ်​​..ကျွန်တော်တို့..”

မူလက အထင်ကြီးစရာကောင်းသော ကြေညာချက်ထုတ်တော့မည့် ချန်း မျိုးနွယ်စစ်သည်များသည် နေရာတွင် ဆွံ့အသွားကြသည်။

ရန်သူကိုသတ်ဖို့ အပြင်ထွက်တိုက်ခိုက်သင့်တာ မဟုတ်ဘူးလား?

အိမ်စောင့်တွေက များမနေဘူးလား!?

သို့သော် စူးချန်ကဲသည် ၎င်းတို့ကို ပြန်လည် ရှင်းပြဖို့ ပျင်းလွန်းလှသည်။

သူသည် နတ်ဖီးနစ်ပေါ်သို့ ခုန်တတ်လိုက်ပြီး၊ ဘာမှမထူးခြားသော အမူအရာဖြင့် အောက်ကိုငုံ့ကြည့်လိုက်သည်။

“မင်းတို့က အရမ်းအားနည်းတယ် ၊ မလိုအပ်ဘူး”

“ ငါတစ်​​ယောက်​တည်းနဲ့​ လုံ​လောက်​တယ်​”

သူ၏စကားအဆုံးတွင်၊ နတ်ဖီးနစ်သည် ကြွေးကြော်အော်ဟစ်လိုက်သည်။

ဝုန်း !!

ထို့နောက် ၎င်း၏တောင်ပံများကို ဖြန့်ကျတ်လိုက်ရာ နတ်မီးပွားများ တောက်လောင်လာသည်။

ချန်း မျိုးနွယ်ဝင်များသည် ထွက်ခွာသွားလေသော မီးလျှံအတောင်ပံတစ်စုံအား ငေးကြည့်ရင်း နေရာတွင်သာ ကျန်ရစ်ခဲ့လေသည်။

“ဒီ... ဒီကောင်က ဒီလောက်ထိ မာနကြီးစရာလား!”

“ ဟုတ်တယ် ၊ ဟွမ်းမျိုးနွယ်ရဲ့ တပ်မှာ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ရှိတယ်၊ ဒါကို သူတစ်ယောက်တည်း သွားတယ်၊ ဒါ သွားအသေခံတာ မဟုတ်ဘူးလား?”

“ဒီလူကြီးမင်းက အရမ်းအစွမ်းထက်တယ်ဆိုပေမယ့် ဒီလိုအပြုအမူက မဆင်မခြင်လုပ်ရပ်တစ်ခုပဲ!”

“…”

ချန်း မျိုးနွယ်စုမှလူများသည် စူးချန်ကဲ၏

အပြုအမူကို မကျေနပ်ခဲ့ကြပေ။ တစ်ယောက်တစ်ပေါက် ပြောဆိုရင်း စူးချန်ကဲ၏ ညွှန်ကြားချက်ကို မနာခံရန် ဆုံးဖြတ်ခဲ့ကြပြီး တိုက်ခိုက်ရန်ပြင်ဆင်ခဲ့သည်။

“ ပါးစပ်ပိတ်ထားစမ်း ! လူကြီးမင်း ပြောရင်ပြောတဲ့အတိုင်းလုပ် !”

ပါ့ဝူ၏ အော်ဟစ်မှုသည် လူအုပ်ကြီးကို ငြိမ်ကျသွားစေခဲ့သည်။

“ ငတုံးကောင်တွေ ! စောနက တိုက်ခိုက်မှုမှာ အစကနေအဆုံး သူ့ခွန်အားကို တစ်စက်ကလေးမှ အသုံးမပြုခဲ့ဘူး ၊ ကျပန်း တိုက်ခိုက်ချက်ပဲ ရှိသေးတယ် “

ထိုစကားသံအပြီးတွင် ၊

မူလက မကျေမနပ်ဖြစ်နေသော ချန်း မျိုးနွယ်စုမှလူများသည် ပါးစပ်ပိတ်သွားကြပြီး ၊ စူးချန်ကဲ၏ လက်ချက်ဖြင့် ကျန်ရှိနေခဲ့သော ခြေရာများကို မသိစိတ်ကနေ လှမ်းကြည့်လိုက်ကြသည်။

ကောင်းကင်ကြီးတစ်ခုလုံး ပြိုကျလာမတတ် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားသည် ၊

၎င်း၏ ကျပန်းထိုးနှက်မှုသာလော!?

…….

တစ်ချိန်တည်းမှာပင်။

ချန်း မျိုးနွယ်စု၏ ဘိုးဘွားပိုင်မြေ အရှေ့ဘက်။

ချန်းကူ လွင်ပြင်။

မရေမတွက်နိုင်သော မိုင်ပေါင်းများစွာအထိ ဖြန့်ကျက်ထားသော ဧရာမစစ်တပ်ကြီး ရောက်ရှိလာခဲ့သည်။

စစ်သည်အားလုံးသည် လက်နက်အပြည့်အစုံ ၀တ်ဆင်ထားပြီး ၊ ၎င်းတို့အနက် အားနည်းဆုံးမှာ သူတော်စင်ဧကရာဇ် နယ်ပယ်အဆင့် ဖြစ်သည်။

၎င်းတို့ ရှေ့သို့ တညီတညွတ်တည်း ချီတတ်လာလေတိုင်း ဖုန်မှုန့်များ ထောင်းခနဲ့ ကြွတတ်လာပြီး ၊ ၎င်းတို့ကိုယ်ပေါ်မှ တောက်ပနေသော နတ်အလင်းများသည် တစ်ခုနှင့်တစ်ခု ပေါင်းစည်းသွားလေရာ ထိန်လင်းတောက်ပသော နေရောင်ခြည်ကဲ့သို့ပင်။

စစ်တပ်အတွင်းရှိ ထူးဆန်းသော သားရဲတိရစ္ဆာန်များသည် ဟောက်သံပြုလျက် ၎င်း၏ခြေရာလက်ရာများသည် မြေကြီးပေါ်တွင် ထင်ထင်ရှားရှား ကျန်ရစ်နေလေသည်။

ဝေဟင်အထက်တွင် ရှေးဟောင်း စစ်သင်္ဘောများ ထိုးဖောက် ဝင်ရောက်လျက်ရှိသည်။

စုဝေးလျက်ရှိသော ပြင်းထန်သော သွေးချီစွမ်းအားများက ကောင်းကင်တစ်ခုလုံးကိုပင် လွှမ်းခြုံထားနိုင်သည်။

ဤတပ်သား ထောင်ပေါင်းများစွာ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရား၏ အသွေးတို့သည် ခပ်ပါးပါးမျှသာ ဖြစ်သော်လည်း ၊ တစ်စုတစ်စည်းတည်း ပေါင်းစပ်သွားချိန်မှာတော့ ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခု ဖြစ်ပေါ်လာကာ ပြင်ပလောကကြီးကိုပင် ဖျက်ဆီးရန် လုံလောက်သည်။

ဤစစ်တပ်ကို ဦးဆောင်လာသူများသည် ဟွမ်း မျိုးနွယ် ဘိုးဘေးနှစ်ဦးဖြစ်ပြီး၊ ဧကရာဇ်တစ်ပိုင်းနယ်ပယ် စတုတ္ထအဆင့် ဟွမ်းယွီ နှင့် ဧကရာဇ်တစ်ပိုင်းနယ်ပယ် တတိယအဆင့် ဟွမ်းဟောက်တို့ဖြစ်သည်။

“အစ်ကိုကြီး ဘာတွေ တွေးနေလဲ မသိဘူး၊ ငါတို့ နှစ်ယောက်နဲ့တင် လုံလောက်ပြီ၊ ဒါကို ဒီလောက်များတဲ့ ချန်းကူနတ်ဘုရားစစ်တပ်ကြီးကို ပေးလွှတ်လိုက်တယ် “

“ဟားဟား.... ချန်း မျိုးနွယ်က ဆုတ်ယုတ်လာခဲ့တာ ကြာပြီ ၊ သူတို့ကိုယ်သူတို့ ချန်းကူနတ်ဘုရား မျိုးနွယ်စုလို့ ခေါ်ထိုက်သေးလား ၊ ဟာသပဲ!”

ဟွမ်း မျိုးနွယ်စု၏ ဘိုးဘေးနှစ်ဦးသည် အားမာန်အပြည့်ဖြင့် ရွှေသင်္ဘောပေါ်တွင် ဂုဏ်ယူဝံ့ကြွားစွာ ထိုင်နေသည်။

ရုတ်တရက်။

မိုးကောင်းကင်တစ်နေရာမှ ရယ်မောသံ တချက် ထွက်ပေါ်လာခဲ့သည်။

“ဒီလောက်ထိ အားနည်းတဲ့စစ်တပ်က ကိုယ့်ကိုယ်ကို နတ်ဘုရားစစ်တပ်လို့ ခေါ်ဝံ့သေးတာလား?”

“ဟွန်း! ငါ့လက်သီးစာ ကြည့်!”

အပိုင်း(၄၀၀): စောင့်သူတစ်ဦး ၊ လူတစ်သောင်း ဖြတ်ကျော်ရန် မဖြစ်နိုင်ချေ

ထိုစကားသံအဆုံးတွင် ၊

ကောင်းကင်ကြီးတစ်ခုလုံး အရောင်ပြောင်းလဲသွားပြီး နိယာမလှိုင်းတံပိုးများ ရိုက်ခတ်လှုပ်ရှားထကြွလာသည်။

ဝုန်း ! !

ကောင်းကင်ယံမှ ထိတ်လန့်ဖွယ်ရာ ကျယ်လောင်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထူထပ်သော တိမ်ပင်လယ်ကြီးသည် မှန်တစ်ချပ်ကဲ့သို့ တစ်စစီ ပြိုကျလာခဲ့ပြီး ပြင်းထန်သော ဖိနှိပ်စွမ်းအားများသည် မိုးကုပ်စက်ဝိုင်း တစ်နေရာမှ လှိမ့်ဆင်းလာသည်။

ဝီ—! !

တိမ်ပင်လယ်ကြီး အက်ကွဲသွားသည့် ဧရိယာ၌ ကြယ်တစ်ပွင့်ကဲ့သို့ ကြီးမားသော အလင်းလက်သီးကြီး တစ်လုံး ထွက်ပေါ်လာခဲ့သည်။

“ အတင့်ရဲလိုက်တာ! ငါ့ ဟွမ်းမျိုးနွယ်စုကို ဘယ်‌ကောင်ကများ တိုက်ခိုက်ရဲတာလဲ!?”

ထိုအငွေ့အသက်ကို ခံစားလိုက်ရသော ဟွမ်းယွီ နှင့် ဟွမ်းဟောက်တို့နှစ်ဦးမှာ ဒေါသထွက်သွားသည်။

သူတို့သည် လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ပြီး ၊ အလားတူ ၎င်းတို့၏ ကြီးကျယ်ခမ်းနားသော ဧကရာဇ်အလိုဆန္ဒများသည်လည်း နိုးထလာခဲ့သည်။

အလွန်ပြင်းထန်သော သွေးချီစွမ်းအားများနှင့် စိတ်စွမ်းအားများသည် ဤအခိုက်အတန့်တွင် တဟုန်ထိုး ထကြွလာခဲ့သညိ။

“ သာ့ဟွမ်း လက်သီး!”

“ ထျန်းဟွမ်း လက်ဝါး!”

တစ်ချိန်တည်းမှာပင်။

၎င်းးတို့နှစ်ဦးသည် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို ပြိုင်တူ စတင်ခဲ့သည်။

ဝုန်း ——!

တဟုန်းဟုန်း တောက်ပနေသော နတ်အလင်းရောင်များနှင့် အလင်းလက်သီးတို့ ပြင်းထန်စွာ တိုက်မိသွားကြသည်။

လုံးဝကွဲပြားသော တိုက်ခိုက်မှု သုံးခုသည် တစ်ခုနှင့်တစ်ခု ထိပ်တိုက် ဆုံတွေ့ခဲ့လေရာ ကြီးမားသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။

ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော အားပြင်းသော စွမ်းအင်လှိုင်းတံပိုးများသည် အရပ်ရှစ်မျက်နှာတစ်ခွင် ရိုက်ခတ်ပျံ့နှံ့သွားသည်။

အက်ကွဲသံ!

စစ်သင်္ဘောများတွင် စုဝေးဖွဲ့စည်းထားသော အလင်းကန့်လန့်ကာ အကာအကွယ်သည် စက္ကူများကဲ့သို့ ပျက်စီးလုနီးပါး ဖြစ်လာခဲ့သည်။

လှိုင်းတံပိုးများ ရိုက်ခတ်မှုကြောင့် အလင်းကန့်လန့်ကာ အကာအကွယ်များ ကွဲအက်သွားသည်နှင့် တစ်ချိန်တည်းမှာပင် တောက်ပသော နတ်အလင်းလှိုင်းများ၏ လက်ချက်ဖြင့် အငွေ့ပျံကာ ဖုန်မှုန့်များအဖြစ်သို့ လွင့်စင်သွားလေသည်။

ဒိုင်း! !

မုန်တိုင်း၏ နောက်ဆက်တွဲဂယက် အနေဖြင့် ၊ သေမင်းနတ်ဘုရား၏ အသက်ကို ရိတ်သိမ်းသော တံစဉ်သည် သေမျိုးလောကထဲသို့ ‌ကျရောက်လာသကဲ့သို့ ကမ္ဘာမြေအနှံ့ ပြန့်နှံ့သွားလေသည်။

သွေးအန်သံ!!

တခဏအတွင်းမှာပင် ၊ သွေးရေစက်များ နှင့် အရိုးနှင့်အသား ပေါင်းစပ်ထားသော အသွေးအသားများ ပွင့်လန်းသွားလေရာ အကန့်အသတ်မဲ့ မြေပြင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

ဟွမ်းမျိုးနွယ် တပ်စုကြီးသည် လေဖိအားနည်းရပ်ဝန်းမှ ဖောက်ထွင်းခံခဲ့ရပုံရသည်။

တစ်ချက်ကလေး ထိပ်တိုက်ဆုံတွေ့မိရုံဖြင့် ။

သောင်းနှင့်ချီသော လူများသည် မျှော်လင့်မထားသော ကပ်ဘေးကြီးကို ခံစားခဲ့ရပြီး သွေးအခိုးအငွေ့များ အဖြစ်သို့ ပြောင်းလဲကာ လေနှင့်အတူ မျောလွင့်သွားခဲ့လေသည်။

မတော်တဆ လွတ်မြောက်ခဲ့ကြသောသူများအနေဖြင့် ၊ ၎င်းတို့သည် အကာအကွယ် မှော်အတတ်များဖြင့် ထိန်းထားနိုင်ခဲ့သော်လည်း သို့သော် လှိုင်းတံပိုးများ၏ ရိုက်ခတ်မှုကြောင့် ရိုက်ချိုးခံလိုက်ရသည်။

“ အဟွတ် အဟွတ်...”

စူးချန်ကဲ၏လက်သီးဖြင့် ထိုးကြိတ်ခံခဲ့ရသော ဟွမ်း မျိုးနွယ် ဘိုးဘေးနှစ်ဦးသည်လည်း ဤအခိုက်အတန့်တွင် နာကျင်နေသော အမူအရာများဖြင့် မှောက်လျက်သားရှိနေသည်။

သူတို့၏ မုတ်ဆိတ်မွေးများမှာ မီးကျွမ်းလျက် ၊ အဝတ်များ စုတ်ပြဲနေပြီး ခန္ဓာကိုယ်တွင် ဒဏ်ရာဗလပွဖြင့် ရှိနေသည်။

သို့သော်၊ ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရားကိုယ်ထည်၏ ကောင်းချီးပေးမှုအောက်တွင် ၎င်းတို့သည် ဒဏ်ရာအပြင်းအထန် မရရှိခဲ့ပေ ။

မျက်စိရှေ့က မြင်ကွင်းသည် သူတို့ကို ဒေါသထွက်သွားစေသည်။

ချန်းကူနတ်ဘုရားတပ်ဖွဲ့မှ လူအယောက် ငါးသောင်းသည် လေထဲတွင် အငွေ့ပျံသွားခဲ့ရသည်။

“ငါပြောမယ်၊ မင်းတို့က ဒီလောက်တောင် အားနည်းနေတာ ဘယ်လိုလုပ်ပြီး ကိုယ့်ကိုယ်ကို နတ်ဘုရားတပ်ဖွဲ့လို့ ခေါ်ရဲရတာတုန်း”

စူးချန်ကဲ၏ စကားသံထွက်လာသည်နှင့် ။

ဟူး——

လေပြင်းတစ်ချက် ဝှေ့ယမ်းတိုက်ခတ်သွားသည်။

ကောင်းကင်ထက်တွင် ကျန်ရှိနေသေးသော တိမ်များနှင့် မြူခိုးများသည် လေနှင့်အတူ လွင့်စင်သွားပြီး ကောင်းကင်ပြင်ကို ကြည်လင်သွားစေသည်။

နောက်ဆုံးတွင် သူတို့သည် မိုးကောင်းကင်တွင် ရှိနေသော ရုပ်သွင်ကို မြင်လိုက်ရသည်။

၎င်း၏ တောက်လောင်နေသော နတ်မီးလျှံများဖြင့် ကောင်းကင်နှင့် နေမင်းကြီးကို ကွယ်ဝှက်ထားလေသော ဖီးနစ်ကြီးတစ်ကောင် ရှိနေပြီး ၊ ၎င်း၏ ပူပြင်းလှသော အပူချိန်သည် ကွက်လပ်ကိုပင် အရည်ပျော်စေနိုင်သကဲ့သို့ အပူလှိုင်းများကို ထုတ်လွှတ်နေသည်။

နတ်ဖီးနစ်၏ ကျောပေါ်တွင် နက်မှောင်သော ဆံနွယ်များက လေနဲ့အတူ ပျံ့လွင့်လျက် ၊အဖြူထည်ကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်သည် လက်ကိုနောက်ပစ်လျက် အေးဆေးတည်ငြိမ်စွာ ရပ်နေသည်ကို မြင်လိုက်ရသည်။

သူ့ ခန္ဓာကိုယ်တစ်ဝိုက်တွင် အားကောင်းသော နိယာမ မှော်သင်္ကေတများဖြင့် ဝန်းရံထားပြီး၊ သူ၏ အကြည့်သည် ဤကမ္ဘာကြီးကို အပေါ်စီးမှ ကြည့်ရှုနေသော နတ်ဘုရားတစ်ပါးကဲ့သို့ပင်။

“ ငယ်ရွယ်ပုံအရ ကြည့်ရတာ သူက ပြင်ပကမ္ဘာက ပါရမီရှင်တစ်ဦး ဖြစ်ရမယ် ၊ ငါ့ ဟွမ်း မျိုးနွယ်စုကိုများ တိုက်ခိုက်ရဲတဲ့အထိ အတော်သတ္တိရှိနေတယ်ပေါ့ ၊ သူ့ကို သတ်!!”

“ တိရစ္ဆာန်ကောင်၊ ငါ မင်းရဲ့အရေခွံတွေကို တစ်စစီ ဆွဲစုတ်ပစ်မယ် ၊ သေဖို့တောင်းဆို‌တဲ့အထိပဲ !”

သူတို့နှစ်ဦးသည် ခွန်အားအပြည့်ဖြင့် ‌ကြိမ်းမောင်းလိုက်ကြသည်။ ၎င်းတို့၏ဒေါသသည် ၎င်းတို့၏ ကျိုးကြောင်းဆီလျော်မှု စဉ်းစားဉာဏ်ကို ပျက်ပြားသွားစေသည့်အထိပင် ။

သူတို့သည် ချန်း မျိုးနွယ်စုကိုတောင် မတိုက်ခိုက်ရသေးခင် လူများစွာ ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။ သူတို့၏ အစ်ကိုကြီးအား သူတို့မည်သို့ ရှင်းပြရမည်နည်း။

“ ချန်းကူနတ်ဘုရား တပ်ဖွဲ့ ၊ ငါ့အမိန့်ကို နားထောင်၊ ဒီလူကို မင်းတို့အစွမ်းကုန် သတ်ပစ်ရမယ်!”

အမိန့်သံထွက်ပေါ်လာပြီးနောက် ၊

ကျန်ရှိနေကြသေးသော ထောင်ပေါင်းများစွာသော ချန်းကူနတ်ဘုရားတပ်ဖွဲ့ကြီးသည် စတင်လှုပ်ရှားလာခဲ့သည်။

၎င်းတို့၏ လက်နက်များကို အသီးသီးကိုင်ဆောင်လျက် ၊ ယင်းအပေါ်သို့ ၎င်းတို့၏ ကျင့်ကြံစွမ်းအားများကို လောင်းထည့်ပြီးနောက် မရေမတွက်နိုင်သော အလင်းတန်းများအဖြစ် ပြောင်းလဲကာ စူးချန်ကဲဆီသို့ ပြေးဝင် တိုက်ခိုက်လေသည်။

အသက်ရှင်ကျန်ရစ်ခဲ့သော စစ်သင်္ဘောများသည် မှော်ဖွဲ့စည်းပုံ သင်္ကေတအဖြစ် အသွင်ပြောင်းကာ ကြီးမားသော မှော်အစီအရင် ဖွဲ့စည်းပုံတစ်ခုကို ပေါင်းစပ်ဖန်တီးခဲ့သည်။

တစ်ချိန်တည်းမှာပင် ၊ ဟွမ်းယွီ နှင့် ဟွမ်းဟောက်တို့သည် ကြောက်စရာကောင်းသော စွမ်းအားများဖြင့် ပေါက်ကွဲ ထွက်ပေါ်လာခဲ့ကြသည်။

ဘုန်း ! ဘုန်း ! ဘုန်း !

နှလုံးခုန်သံ၏ စည်းချက်သံကဲ့သို့ ကောင်းကင်နှင့် မြေကြီးကြားတွင် မိုးခြိမ်းသံများ အဆက်မပြတ် ပေါက်ကွဲလို့နေသည်။

၎င်းတို့၏နောက်တွင် သွေးချီစွမ်းအားများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော ကိုယ်ထည်ကြီးသည် ကောင်းကင်ပမာ ပေထောင်ချီမြင့်ပေသည်။

“သူခိုးပေါက်စ ! သေလမ်းရှာနေတာပဲ!”

မည်သည့်အပိုစကားမှ မပြောဘဲ ၊ ၎င်းတို့နှစ်ဦးသည် စွမ်းအားအလုံးအရင်းဖြင့် စူးချန်ကဲဆီသို့ ပြေးဝင်သွားကြသည်။

“ ဒီအမှိုက်တွေကို မင်း ကိုင်တွယ်နိုင်တယ်၊ ဒီနှစ်ကောင်ကိုတော့ ငါ ဂရုစိုက်လိုက်မယ် “

စူးချန်ကဲ၏စကားကို နားထောင်ပြီးနောက် ၊ နတ်ဖီးနစ်သည် ညင်သာစွာ ခေါင်းညိတ်သည်။

နတ်ဖီးနစ်သည် မီးတောက်များဖြင့် တောက်လောင်နေသော ၎င်း၏ အတောင်ပံများကို ဖြန့်ကျတ်ကာ ဦိးမော့လိုက်သည်။ သူ့အတောင်ပံပေါ်က မီးတောက်များသည် ဘေးပတ်ပတ်လည်ရှိ ဟင်းလင်းပြင် နေရာလပ်များကို မီးမြိုက်ကာ တဟုန်းဟုန်း ထလောင်စေခဲ့သည် ။

ကျွီ !!!

နတ်ဖီးနစ်၏ ဟစ်ကြွေးသံနှင့်အတူ။

မီးလျှံများဖြင့် တောက်လောင်နေသော ၎င်း၏ အတောင်ပံကို ရိုက်ခတ်လိုက်တိုင်း ကြောက်မက်ဖွယ်ကောင်းသော နတ်အလင်း၏ ရောင်ပြန်ဟပ်မှုအောက်တွင် မီးတောက် လှိုင်းလုံးကြီးများ လှ်ိမ့်ဆင်းလာသည်။

မီးတောက်လှိုင်းလုံးကြီးများ လှိမ့်ဆင်းလာသည်နှင့် တပြိုက်နက် မီးပွားများသည် အဆုံးမရှိ ကျဆင်းလာသည်။

မရေတွက်နိုင်သော ဟွမ်းမျိုးနွယ် တပ်ဖွဲ့ဝင်များသည် မီးသွေးခဲများ အဖြစ်သို့ တခဏချင်း ပြောင်းလဲခံလိုက်ရလေသည်။

ဝုန်း ! ဝုန်း ! ဝုန်း !

တခဏအတွင်းမှာပင် ၊ မရေမတွက်နိုင်သော စစ်သင်္ဘောများသည် မီးပွားများ၏ ဖောက်ထွင်းမှုကို ခံရပြီး လုံးလုံးလျားလျား လောင်မြိုက်ခံလိုက်ရသည်။

“ အဲ့တိရစ္ဆာန်ကို အရင်သတ်!”

ဟွမ်းယွီ နှင့် ဟွမ်းဟောက်၏ မျက်လုံးများသည် နီရဲလာပြီး ၊ ၎င်းတို့သည် နတ်ဖီးနစ်ကို ဦးစွာသတ်ပစ်ရန် ဆုံးဖြတ်လိုက်ကြသည်။

ရွှမ်း!!

စူးရှတောက်ပသော ဓားအလင်းတန်းတစ်ခု ဖျက်ခနဲ့ ဝင်းလက်သွားပြီး ကောင်းကင်ယံမှ ကျဆင်းလာခဲ့သည်။

“ဟွန်း! သူခိုးပေါက်စ၊ ဒါဆိုလည်း မင်းကို အရင်သတ်ပစ်မယ်”

အေးစက်စွာ နှာမှုတ်လိုက်ပြီး ၊ ဟွမ်း မျိုးနွယ် ဘိုးဘေးနှစ်ဦးသည် လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်နှင့် တစ်ချိန်တည်းမှာပင် ၎င်းတို့၏ နောက်တွင် ရှိနေ‌ခဲ့သော အလွန်ကြီးမားသော ရုပ်သွင်ကြီး နှစ်ခုသည်လည်း အလားတူ လက်ဝါးရိုက်ချက်ဖြင့် တိုက်ခိုက်လာခဲ့သည်။

ဤကမ္ဘာကြီးကို သုတ်သင်တော့မည့်အတိုင်း ကြောက်ခမန်းလိလိ စွမ်းအားများကို ဆောင်ကျဉ်းထားသော လက်ဝါးရိပ်ကြီး၏အောက်တွင် ရှိနေသော စူးချန်ကဲ၏ အသွင်ပုံရိပ်သည် လွန်စွာ သေးငယ်ပုံပေါက်သည်။

သို့သော် သူသည် ဂရုမစိုက်ဟန်ဖြင့် ရှိနေဆဲပင်။

စူးချန်ကဲသည် သူ့ညာလက်ကို ဆန့်ထုတ်လိုက်သည်နှင့် ဓားရှည်သည် သူ့လက်ဖဝါးထဲသို့ ရုတ်တရက် ရောက်ရှိလာသည်။

လွန်စွာအားကောင်းသော ဓားစွမ်းအင်များဖြင့် ဝန်းရံထားပြီး အဆုံးမရှိသော နတ်အလင်းရောင်များကို ထုတ်လွှတ်ပေးလျက်ရှိသည်။

ဤအခိုက်အတန့်တွင် စူးချန်ကဲ၏ရောင်ဝါများသည် သိသိသာသာ မြင့်တက်လာပြီး ၊ ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရားကိုယ်ထည်၏ ကြောက်စရာကောင်းသော သွေးချီစွမ်းအားများနှင့် အတူ နတ်သတ်ဓား၏ ဓားဆန္ဒတို့သည် အချင်းချင်းပဲ့ထင်ထပ်လို့နေသည်။

ချက်ခြင်းပင်၊ စူးချန်ကဲသည် သူ့လက်ကို မြှောက်လိုက်ပြီး ရန်သူ၏ ရုပ်သွင်ကြီးနှစ်ခုလုံးကို ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

ကောင်းကင်ပြင် တစ်ခုလုံးကို လွှမ်းခြုံထားလေသော ဓားစွမ်းအင်တို့သည် ဤအခိုက်အတန့်တွင်၊ လုံးလုံးလျားလျား ပွက်ပွက်ဆူလာပြီး တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော ဓားအလင်းအရိပ်များ ထွက်ပေါ်လာသည်။

၎င်းတို့သည် တအိအိ လှည့်ပတ်နေသကဲ့သို့ နေရာတိုင်းတွင် ရှိနေသည်။

အဆုံးတွင်၊ ဓားစွမ်းအင် မြစ်တစ်စင်းသဖွယ် ပေါင်းစပ်သွားသည်။

ဝုန်း ဝုန်း !!!

မြစ်တစ်စင်းသဖွယ် ရှည်လျားသော ဓားစွမ်းအင်များနှင့် ရုပ်သွင်ကြီး နှစ်ခု ထိပ်တိုက်ဆုံတွေ့ခဲ့လေရာ ၊ ပေါက်ကွဲထွက်လာသော စွမ်းအားသည် ကောင်းကင်ကြီးပင်ပြိုကျလုမတတ် ဖြစ်ရသည်။

မရေမတွက်နိုင်သော ဓားအလင်းများသည် ရုပ်သွင်ကြီး နှစ်ခု၏ အသွင်အပြင်များကို တစ်စစီ ကွဲကြေသွားစေခဲ့ပြီး ၊ ၎င်းတို့အဖို့ ခုခံရန်ပင် အစွမ်းအစမရှိခဲ့ချေ။

ကြီးကျယ်ခမ်းနားသော ရောင်ခြည်အလင်းများ ပွင့်လန်းလာပြီး ၊ ဘေးပတ်ပတ်လည်တွင် မီးတောက်များက ကြယ်စင်များ ဝန်းရံထားသကဲ့သို့ တောက်လောင်နေသည် ။

စူးချန်ကဲ၏ နှိပ်ကွပ်မှုအောက်တွင် သိန်းနှင့်ချီသော တပ်ဖွဲ့ဝင်များသည် နည်းနည်းလေးမျှ ရှေ့ဆက်မတိုးနိုင်ခဲ့ချေ။

…….

တိုက်ပွဲဖြစ်ရာနေရာနှင့် အနီးကပ်ရှိနေသော ချန်း မျိုးနွယ်ဝင်များသည်ပင် စစ်ပွဲ၏ လှိုင်းတံပိုးရိုက်ခတ်မှုကို ခံစားခဲ့ရသည်။

သူတို့အားလုံးသည် ထိုဦးတည်ရာဘက်သို့ ထိတ်လန့်တကြား ကြည့်နေကြသည်။

“လူကြီးမင်းက သူတစ်ယောက်တည်းနဲ့ ဟွမ်း မျိုးနွယ်စုရဲ့ သိန်းသောင်းချီတဲ့တပ်ကြီးကို တကယ်ပဲ တိုက်နိုင်ခဲ့တာလား...?”

“ မလွဲနိုင်ဘူး … လေထဲမှာ သွေးနံ့တွေ ဒီလောက် ပြင်းပြင်းထန်ထန် ရနေတာ…သေဆုံးသူ အနည်းဆုံး လူပေါင်းသောင်းနဲ့ချီ ရှိလောက်တယ် …”

ပါ့ဝူ၏ အသံသည် အနည်းငယ် လေးလံနေပြီး၊ သူသည် အလွန် ထိတ်လန့်သွားပုံရသည်။

ထိုစကားလုံးများထွက်လာသည်နှင့် လူတိုင်း စကားနှင့်ပင် ဖော်ပြ၍မရနိုင်သော ထိတ်လန့်မှုမျိုးကို ခံစားလိုက်ရသည်။

ဤသည်မှာ “စောင့်သူ တစ်ဦး ၊ လူတစ်သောင်း ဖြတ်ကျော်ရန် မဖြစ်နိုင်ချေ “ဆိုသည့်အတိုင်းပင် မဟုတ်ပေလော။

အပိုင်း(၄၀၁): လူကြီးမင်းတို့ကို မရဏလမ်းကို ပို့ဆောင်ပေးမယ်

တဖက်တွင် ။

ထျန်း မျိုးနွယ်စု၏ နယ်မြေပိုင်နက်။

ထျန်း မျိုးနွယ်ဝင်စစ်သည်တို့သည် ဟွမ်း မျိုးနွယ်စု တပ် နှင့် အပြင်းအထန် တိုက်ခိုက်နေကြသည်။

ဘုန်း ! !

မိုးခြိမ်းသံများ ဟောက်သံပြုလျက် ၊ မရေမတွက်နိုင်သော နတ်အလင်းရောင်များက ကောင်းကင်ကို ရောင်ပြန်ဟပ်လို့နေသည်။

ကြီးကျယ်ခမ်းနားသော သွေးချီစွမ်းအားများဖြင့် ပြည့်နှက်နေသော ဓမ္မကာယရုပ်သွင်တို့သည် အချင်းချင်းတိုက်ခိုက်နေကြသည်။

လက်သီး၏ ထိုးနှက်ချက်နှင့် လက်ဝါးရိုက်ချက်တို့ ထိပ်တိုက်ဆုံတွေ့လေတိုင်း၊ ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေသကဲ့သို့ လှိုင်းတံပိုးများ ရိုက်ခတ်သွားသည်။

“ ချန်းကူနတ်ဘုရားစစ်တပ် !ဒီအယောင်ဆောင်တွေ အားလုံးကို သတ်ပစ် !”

“ဒီနေ့၊ ထျန်း မျိုးနွယ်စုကိုဖျက်ဆီးပြီး သက်သေပြမယ်! “

“ငါတို့ မျိုးနွယ်စုရဲ့ မြင့်မြတ်ပစ္စည်းကိုလည်း ခိုးယူသေးတယ်၊ ဒီလို အရှက်မဲ့တဲ့ စကားတွေ ထွက်ဝံ့သေးတယ်ပေါ့ ၊ သူတို့ကို သတ်ပစ်ကြ!!”

ထိတ်လန့်တုန်လှုပ်ဖွယ်ရာ တိုက်ပွဲသံများမှာ အဆုံးမရှိပေ။

ဒုန်း ဒုန်း!!

စစ်လက်နက် ပစ်ခတ်သံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည်။

ဟွမ်း မျိုးနွယ်စစ်တပ်သည် ထျန်းမျိုးနွယ် စစ်တပ်ထက် အဆများစွာ ကြီးမားသော်လည်း၊ သို့သော် ၎င်းတို့သည် နည်းနည်းလေးမှ ရှေ့ဆက်မတိုးနိုင်ခဲ့ပေ။

အကြောင်းရင်းမှာ အခြားမဟုတ်။

တခြားဧရိယာဘက်တွင် ။

တဟုန်းဟုန်းတောက်နေသော ဝိညာဉ်စွမ်းအင် သမုဒ္ဒရာထဲတွင် လှိုင်းထန်နေသကဲ့သို့ ပရမ်းပတာ အခိုးအငွေ့များ လူးလွန့်ရိုက်ခတ်လျက် ရှိသည်။

၎င်းတို့အနက် ။

နေရာတိုင်းတွင် ပရမ်းပတာ ရောင်စဉ်အလင်းများ ရောယှက်နေသည့် အခိုးအငွေ့များကြား လတစ်စင်း ထွက်ပေါ်လာပြီး ၊ ထိုဧရိယာတစ်ဝှမ်းလုံးကို တောက်ပသော လသော်တာဖြင့် ဖုံးအုပ်ထားလေသည်။

ဤသည်မှာ ဟွိုင့်တွိုင့်ခန္ဓာကိုယ်၏ ရူပါရုံဖြစ်သည့် ပင်လယ်ပြင်ပေါ်ရှိ တောက်ပသော လသော်တာ ပင် ။

“ ယောင်ကွမ်း -ပြာလဲ့ကောင်းကင် !”

ပရမ်းပတာ ရောင်စဉ်မြူငွေ့များကြား အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။

တခဏအတွင်းမှာပင် ၊ ရောင်စုံငါးသွယ် လှပနေသော တိမ်တိုက်များကြား လှပသောရုပ်သွင်သည် သူမ၏ ညာလက်ကို ဆန့်ထုတ်လျက် အသာယာ ဝှေ့ယမ်းလိုက်သည်။

တိမ်လွှာများသည် ချက်ခြင်း နှစ်ခြမ်းကွဲသွားပြီး ပြာလဲ့လဲ့ အလင်းရောင်များ ထွက်ပေါ်လာသည်။

ထို့နောက် ကောင်းကင်တခွင် ဖြတ်ကျော်လျက် ဟွမ်း မျိုးနွယ်စု ဘိုးဘေးနှစ်ယောက်ဆီသို့ တည့်တည့်မတ်မတ် ပြေးဝင်တိုက်ခိုက်ခဲ့သည်။

“ဟမ်! ဒီအမျိုးသမီးက ဘာကြောင့် ဟွိုင့်တွိုင့်ခန္ဓာကိုယ် နဲ့ တာအိုအရိုး နှစ်ခုစလုံး ရှိနေရတာလဲ?”

“ အပိုတွေ မပြောနဲ့ ၊ သူမကို ဖြုတ်ချနိုင်ဖို့ မင်း အစွမ်းကုန်ထုတ်သုံးတော့ !”

မူလက သူတို့နှစ်ဦးသည် အင်အားကြီးမားသောစစ်တပ်ကို ဦးဆောင်၍ ထျန်း မျိုးနွယ်စု၏ ဘိုးဘွားပိုင်မြေကို တစ်ရှိန်ထိုး ချေမှုန်းရန် စိတ်ကူးခဲ့ကြသည်။

သို့သော် တဖက်လူသည် ဤမျှ အင်အားကြီးမားသော ပြင်ပအကူအညီကို ဖိတ်ခေါ်ထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ ။

စိတ်တစ်ခုလုံး တုန်လှုပ်သွားပြီးနောက်။

၎င်းတို့နှစ်ဦးသည် လက်ကို တစ်ချိန်တည်း ဆန့်ထုတ်လိုက်သည်နှင့် ၊ ၎င်းတို့၏ နောက်တွင် ရှိနေခဲ့သော သွေးချီစွမ်းအား ဓမ္မကာယကိုယ်ထည်ကြီးသည်လည်း ခွန်အားအပြည့်ဖြင့် ပေါက်ကွဲထွက်လာခဲ့ပြီး တိမ်နှင့် မြူခိုးများကို ဖယ်ရှားနိုင်စွမ်းရှိသကဲ့သို့ ဧရာမ လက်ဖဝါးကြီးကို ဆန့်ထုတ်လိုက်သည်။

“ ဟွမ်းမျဲ့ တည်ဆောက်ပုံ ဖွဲ့စည်း!”

ဝီ--!!

တခဏအတွင်းမှာပင် ၊ လေထဲတွင် မှော်အက္ခရာ သင်္ကေတများစွာ စီးဆင်းသက်ဝင်လာခဲ့ပြီး လွန်စွာ တောက်ပသော ကြယ်တာယာ မှော်ဖွဲ့စည်းပုံတစ်ခုကို တည်ဆောက်ခဲ့သည်။

အဆုံးမရှိသော နတ်အလင်းများသည် ၎င်းပေါ်တွင် သက်ဝင်လှုပ်ရှားနေပြီး အဆုံးတွင် ရုတ်တရက် ပေါက်ကွဲသွားသည်။

ကောင်းကင်နှင့်မြေကြီးကြား ပဲ့တင်ထပ်လျက် မရေမတွက်နိုင်သော နီမြန်းသော ရောင်ခြည်တန်းများကို ပစ်လွှတ်လိုက်သည်။

ဘုန်း ! !

ထိုနီမြန်းသော ရောင်ခြည်တန်းများသည် အရာအားလုံးကို ဖျက်ဆီးပစ်လေသည်။

ပြာလဲ့လဲ့ ရောင်စဉ်တန်းများမှာလည်း အဆုံးမရှိပေ။

ရောင်နီ နှင့် ပြာလဲ့လဲ့ ရောင်စဉ်တန်းများ အဆက်မပြတ် တိုက်မိကြပြီး ပေါက်ကွဲသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာပြီး အလင်းအပိုင်းအစများအဖြစ် ပြန့်ကျဲသွားလေသည်။

အနည်းငယ် စိုးရိမ်ရဖွယ်ရှိသော အခြေအနေကြောင့် လော့ရန်ယွီသည် သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်သည်။

ထို့နောက်တွင်၊ သူမ၏ရင်ဘတ်မှ လွန်စွာ တောက်ပသော အဖျက်စွမ်းအားများပါရှိသော အလင်းရောင်တစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။

ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများကို စုစည်းထားသကဲ့သို့ ရွှေဝါရောင် မှော်သင်္ကေတများသည် သူမ၏ ဘေးပတ်ပတ်လည်တွင် တဝဲလည်လည် ရှိနေသည်။

“ကောင်းကင်ဘုံ ကပ်ဘေးအလင်း!”

ရေရွတ်သံအပြီးတွင် ။

တာအို အရိုးမှ ထွက်ပေါ်လာသော အဖျက်စွမ်းအား ရောင်စဉ်အလင်းများသည် နေရာလပ်များကို ဖြတ်ကျော်ဝင်ရောက်သွားသည်။

ဧကရာဇ်အလိုဆန္ဒ၏ ပံ့ပိုးကူညီမှုနှင့်အတူ ၊

ကောင်းကင်ဘုံ ကပ်ဘေးအလင်း၏ စွမ်းအားသည် အဆမတန် ကြီးမားလာပြီး ဟွမ်း မျိုးနွယ် ဘိုးဘေးနှစ်ဦး တည်ဆောက်ထားသော မှော်အခင်းအကျင်းမှာ တစ်စစီ ဖျက်ဆီးခံလိုက်ရသည်။

ဘုန်း ! !

နတ်အလင်းများ တသိမ့်သိမ့် ရိုက်ခတ်သွားခဲ့ပြီး မရေမတွက်နိုင်သော နိယာမတရားများ အပိုင်းပိုင်း ကွဲအက်သွားလေရာ အဆုံးမရှိသော မုန်တိုင်းကို လှုံ့ဆော်စေခဲ့သည် ။

“ သွေးအန်သံ......!”

ထိုမျှအင်အားကြီးမားသော တန်ခိုးစွမ်းအား၏ လက်အောက်တွင်၊ ဟွမ်း မျိုးနွယ်စု ဘိုးဘေးနှစ်ဦးတို့၏ ဓမ္မကာယကိုယ်ထည်များမှာ ကွဲကြေသွားရုံသာမက ၎င်းတို့၏ ပါးစပ်ထဲမှ သွေးများ အထိန်းအကွပ်မဲ့စွာ စီးကျလာခဲ့သည်။

“အမ်...! ဟွမ်းယွီ နဲ့ ဟွမ်းဟောက်တို့ ဘာဖြစ်သွားတာလဲ? “

“ ငါ့ ဟွမ်း မျိုးနွယ်စုရဲ့ သိန်းပေါင်းများစွာရှိတဲ့ ချန်းကူနတ်ဘုရားစစ်တပ်ရဲ့ ပံ့ပိုးမှုရှိနေတာတောင် ခုထိ ချန်း မျိုးနွယ်စုကို မသုတ်သင်ရသေးဘူးလား...!”

ဟွမ်း မျိုးနွယ်စု၏ အစီအစဉ်အရ၊

ဟွမ်းယွီ နှင့် ဟွမ်းဟောက်တို့ ဦးဆောင်သော ချန်းကူနတ်ဘုရား စစ်တပ်၏ အဓိကတပ်ဖွဲ့သည် ချန်းမျိုးနွယ်ဝင်များကို ဦးစွာ ချေမှုန်းပစ်မည်ဖြစ်သည်။

ထို့နောက် ၊ သူတို့နှင့် လာပူးပေါင်းပြီး ထျန်း မျိုးနွယ်ဝင်များကို အမြစ်ပြတ်သုတ်သင်ပစ်ပေမည်။

နောက်ဆုံးတွင်၊ စစ်တပ်တစ်ခုလုံးကို ပေါင်းစည်းလျက် ထျန်း မျိုးနွယ်စု၏ ဘိုးဘွားပိုင်မြေတွင် စခန်းချကာ ချန်းကူကြယ်ပေါ်ရှိ အခြားသော အင်အားစုများကို ဖယ်ရှားကာ ချန်းကူကြယ်ကို လုံးလုံးလျားလျား ပေါင်းစည်းမည်ဖြစ်သည်။

“ လူကြီးမင်းက ကျွန်တော်တို့အစား ပုန်ကန်သူတွေကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ပြီ ၊ အမြန် ! ပုန်ကန်သူတွေကို သတ်ပစ်ဟေ့!”

ဟွမ်းမျိုးနွယ်စု၏ ဧကရာဇ်တစ်ပိုင်း နယ်ပယ် တတိယအဆင့်ရှိ ဘိုးဘေးနှစ်ဦးသည် ဒဏ်ရာအပြင်းအထန် ရသွားသည်ကို တွေ့လိုက်ရသဖြင့် ထျန်း မျိုးနွယ်စုဝင်များ၏ တိုက်ပွဲဝင်စိတ်ဓာတ်မှာ အလွန်တတ်ကြွလာခဲ့သည်။

အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့သည်။

“ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင်... ငါတို့ရဲ့ ဟွမ်းမျိုးနွယ်စစ်သည်တွေ အကုန်လုံး အကြောင်းပြချက်မရှိ သေကြရလိမ့်မယ်...”

“ ငါတို့တွေ ဟွမ်းမျိုးနွယ်စစ်တပ်ရဲ့ အဓိက အင်အားစုအုပ်စုနဲ့ ပူးပေါင်းဖို့ နည်းလမ်းရှာရမယ်!”

ဟွမ်းမျိုးနွယ် ဘိုးဘေးသည် ချက်ခြင်းဆုံးဖြတ်ချက်ချလိုက်သည်။

“လူတိုင်း မြန်မြန် ဆုတ်ကြ!”

၎င်း၏အမိန့်သံနှင့်အတူ ၊

ကျန်ရှိနေကြသေးသော ဟွမ်း မျိုးနွယ် တပ်ဖွဲ့ဝင် နှစ်သောင်းကျော်သည် တုံ့ဆိုင်းခြင်းမရှိ ချက်ချင်း ၎င်းတို့၏ ကျင့်ကြံစွမ်းအားများကို အသက်သွင်းလျက် ထွက်ပြေးရန် ကြိုးစားခဲ့ကြသည်။

“ လူကြီးမင်းက တကယ်ကို ပြိုင်ဘက်ကင်းပါပေတယ်!”

“ တစ်ယောက်အားကို လူတစ်သောင်းဆိုတောင် အနိုင်ယူနိုင်စွမ်းမရှိဘူးဆိုတဲ့ စကားအတိုင်းပဲ !”

ဟွမ်းမျိုးနွယ်တပ်များ ရှုံးနိမ့်ပြီး ထွက်ပြေးသွားသည်ကို မြင်လိုက်ရသည်။

ထျန်း မျိုးနွယ်ဘိုးဘေးသည် လွန်စွာ စိတ်လှုပ်ရှားနေပြီး လော့ရန်ယွီကို မျက်နှာချိုသွေးလိုက်သည်။

ထိုစကားကို နားထောင်ပြီးနောက် ၊

လော့ရန်ယွီ၏ နှုတ်ခမ်းသားများသည် ခပ်ဖျော့ဖျော့ ပြုံးသွားလေသည်။

“သူသာဆိုရင်...”

“ ငါ့ထက်တောင် ပိုတော်နေဦးမယ်မလား?”

…….

တစ်ချိန်တည်းမှာပင်။

ချန်း မျိုးနွယ်စု၏ နယ်မြေတွင်။

“ လရောင်စက်ဝန်း!”

အေးစက်စက် ရွတ်ဆိုသံနှင့်အတူ ၊

ရွှမ်း ! !

စူးရှတောက်ပသော ဓားအလင်းသည် ကောင်းကင်ပြင် တစ်ခုလုံးကို ဖုံးလွှမ်းထားလေသည်။

ဓားအဟုန်သည် တိမ်တိုက်များကို လွင့်စင်သွားစေပြီး ၊ တစ်ချိန်တည်းမှာပင် မိုးနှင့်မြေကြား သဲမုန်တိုင်း နှင့် ကျောက်စရစ်ခဲများသည် နေရာအနှံ့ ပျံ့လွင့်သွားလေသည် ။

စကြဝဠာတစ်ခုလုံးကို လွှမ်းခြုံထားသော နတ်မီးလျှံများလည်း ရှိနေပြီး ၊ တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်များသည် ကြီးကျယ်ခမ်းနားသော ဓားစွမ်းအင်နှင့်အတူ ထပ်တူကျနေသည်။

ဝုန်း ! !

ထိတ်လန့်တုန်လှုပ်ဖွယ် အသံတစ်ခုသည် မိုင်ပေါင်းများစွာ ပျံ့နှံ့သွားသည်။

မူလက ဤနေရာသို့ ဦးတည်ကာ ချီတတ်လာသော ဟွမ်း မျိုးနွယ်စုမှ အခြားတစ်ဖွဲ့သည်လည်း ကမ္ဘာကြီးကို လှုပ်ခါသွားစေသည့် ထိုမုန်တိုင်းကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

၎င်းတို့၏ နှလုံးခုန်သံများ ပို၍ပင် မြန်ဆန်လာခဲ့ပြီး ကြောက်လန့်နေသော ငှက်ကဲ့သို့ မသိစိတ်ကနေ မျှော်ကြည့်လိုက်သည်။

“ တပ်ဖွဲ့ကြီးတစ်ခုက ငါတို့ ဟွမ်းမျိုးနွယ်စုရဲ့ အဓိကအင်အားစုနဲ့ တိုက်ခိုက်နေတာများလား......”

ထိုမေးခွန်းသံအဆုံးတွင် ။

ဝီ!!!

ဖြောင့်စင်းသော အလင်းတန်းတစ်ခု ဝင်းလက်သွားသည်။

အမှောင်မိုးကုပ်စက်ဝိုင်းမှ လွန်စွာထိန်လင်းသော ရောင်ခြည်စက်ကွင်းတစ်ခု ရုတ်ချည်း ပွင့်လာပုံရသည်။

ထို့နောက် ၎င်းသည် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်အထိ ကြီးမားလာသည်။

ခမ်းညာထည်ဝါသော တောက်ပမှုသည် ကမ္ဘာကြီးကို လုံးလုံးလျားလျား လွှမ်းခြုံသွားပြီး ၊ နောက်ဆုံးတွင် ကြီးမားကျယ်ပြန့်သော နေ့အလင်းရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

လွန်စွာ စူးရှလွန်းသောကြောင့် ငေးကြည့်မိသူတိုင်း မျက်လုံးများပူလောင်နာကျင်ရသည့်အထိပင်။

တောက်ပမှုသည် ပိုပို၍ ပြင်းထန်လာသည်နှင့်အမျှ အချိန်များရပ်တန့်သွားသကဲ့သို့ အရာအားလုံး အေးခဲသွားသည်။

အရာအားလုံးငြိမ်ကျသွားစဉ်။

ဘုန်း!!!

စုစည်းထားသော ဓားစွမ်းအင်သည် ရုတ်ချည်း ပေါက်ကွဲသွားသည်။

အဆုံးမရှိ ခံ့ညားထည်ဝါသော ဓားစွမ်းအင်များသည် ကောင်းကင်တွင် ပြန့်ကျဲနေသကဲ့သို့ ၊ တချက် လှုပ်ခတ်လိုက်ရုံဖြင့် ဓားစွမ်းအင် မှိုတိမ်တိုက်များ ဖြစ်ပေါ်လာသည်။

ထျန်း မျိုးနွယ်ဝင် စစ်သည်ဝင်များကို ဦိးဆောင်နေသည့် လော့ရန်ယွီသည် ထိုမြင်ကွင်းကို မြင်လိုက်ရချိန်မှာတော့ အလွန် အံ့အားသင့်သွားခဲ့သည်။

“ ဒီလောက်ကြောက်စရာကောင်းတဲ့ ဓားစွမ်းအင်... သူဖြစ်နိုင်မလား...?”

…….

ဓား၏နောက်ဆက်တွဲရလဒ်မှာ အလွန် ကြောက်စရာကောင်းပေသည်။

မိုင်ပေါင်းသောင်းချီဝေးသော ဟွမ်းမျိုးနွယ် ဘိုးဘွားပိုင်မြေမှာတောင် ကြွေကျလာသော ကြယ်တစ်စင်းကဲ့သို့ ထူးဆန်းသော ဖြစ်စဉ်မျိုးကို မြင်ခဲ့ရသည်။

ထျန်းလုံ ဝူရှန်းသည် မျက်မှောင်ကြုတ်လိုက်သည်။ ထိုကြောက်စရာကောင်းသော ဓားစွမ်းအင်သည် သူ့ကို ထိတ်လန့်စေသည်။

“ အတော်ကြောက်စရာကောင်းတဲ့ ဓားစွမ်းအင်ပဲ၊ မကြာသေးမီက ဧကရာဇ်လျှောက်လှမ်းမှာ အများကြီးကြားခဲ့ရတဲ့ ကောင်းကင်တောင် နတ်ဓားဂိုဏ်းက ပုဂ္ဂိုလ်များလား..”

ထျန်းလုံ ဝူရှန်းသည် တွေးဆကြည့်သည် ။

“ဒါမှမဟုတ်... ကွေးယွမ် သူတော်စင် နယ်မြေက... စူးချန်ကဲ...”

“မဖြစ်​ဘူး... ဘယ်​​ကောင်​​ရောက်​​ရောက်​ ငါတို့အတွက် ပြသနာကောင်ပဲ...”

သူ့မျက်လုံးများတွင် တောက်ပသော အလင်းတန်းတစ်ခု ဖျက်ခနဲ့ ဝင်းလက်သွားသည်။

“ အစီအစဉ်စမယ် ၊ အခု ဟွမ်းမျိုးနွယ်စုက အခွံပဲ ၊ သုံးချောင်းထောက်အိုးကို လုယူဖို့ ငါတို့ အတွက် အချိန်ကောင်းပဲ!”

“ အမိန့်အတိုင်းပါ !”

ထျန်းလုံ ဝူရှန်း နှင့် ရှေးဟောင်း နဂါးမျိုးနွယ်ဝင် ဧကရာဇ်တစ်ပိုင်းအဆင့် ပါရမီရှင်တို့သည် ချက်ချင်းပင် ၎င်းတို့၏ ကျင့်ကြံစွမ်းအားများကို အသက်သွင်းလိုက်ပြီး ဟွမ်း မျိုးနွယ် ဘိုးဘွားပိုင်မြေဆီသို့ ပြေးဝင်သွားကြသည်။

……..

တစ်ချိန်တည်းမှာပင် ၊ တလိပ်လိပ် ရိုက်ခတ်နေခဲ့သော ဓားစွမ်းအင်လှိုင်းများသည် တဖြည်းဖြည်း ငြိမ်သက်လာသည်။

လူတိုင်းအတွက် ၊ ၎င်းသည် အိပ်မက်ဆန်လွန်းပြီး လက်တွေ့မဆန်လွန်းပေရာ အချိန်အတော်ကြာ ကြောင်အမ်းနေကြသည်။

ဟူး——!!

လေညင်းတချက် ဝှေ့ယမ်းတိုက်ခတ်သွားသည်။

ကျန်ရှိနေသော ဓားစွမ်းအင်တို့သည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

သို့သော် မြင်ကွင်းတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်မှာတော့ နှလုံးခုန်ရပ်လုမတတ် ဖြစ်ခဲ့ရသည်။

ဟွမ်း မျိုးနွယ်ဝင်များပင် ဖြစ်စေ ၊ချန်း မျိုးနွယ်ဝင်များပင် ဖြစ်စေ သို့မဟုတ် မျိုးနွယ်စုနှစ်ခု၏ ဘိုးဘေးများသည်ပင် ကျောက်ရုပ်ထုကဲ့သို့ နေရာတွင် ထိတ်လန့်စွာရပ်နေကြသည်။

ဓားစွမ်းအင်ကြောင့် ချစ်ချစ်တောက် ပူနေသော မြေကြီးပေါ်တွင် ၊

မရေမတွက်နိုင်သော လက်နက်များနှင့် သံချပ်ကာများသည် နေရာတိုင်းတွင် ပြန့်ကျဲနေသည်။

၎င်းတို့ပေါ်တွင် ရှိနေသည့် နတ်တန်ခိုးများသည် ပျောက်ကွယ်သွားပြီမှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ၊ယခုတွင် သာမန်ကြေးသံသတ္တူများကဲ့သို့ပင်။

မရေမတွက်နိုင်သော အရိုးဖြူများသည် သဲများလွင့်နေသကဲ့သို့ လေနှင့်အတူ မျောလွင့်နေသည်။

ဖုန်မှုန့်များနှင့် အရိုးပြာများကို သယ်ဆောင်လာသော လေညင်းသည် ကမ္ဘာမြေအနှံ့ ပျံ့လွင့်သွားလေပြီ။

ထိုမြင်ကွင်းကို မြင်လိုက်ရသော ဟွမ်း မျိုးနွယ်ဝင်တိုင်း ခေါင်းကြီးသွားသည်။

နေရာအနှံ့ ‌မျောလွင့်နေသော ဖုန်မှုန့် နှင့် သဲများကြား သူတို့အတွက် အလွန် ရင်းနှီးနေသော အငွေ့အသက်များ ရှိနေခဲ့သည်။

ဟွမ်းမျိုးနွယ်ဝင်တစ်ဦးသည် တိုက်ခတ်လာသော လေညင်းတချက်ကို ရှုရှိုက်လိုက်ရာ ရုတ်တရက် သဘောပေါက်သွားသည်။

“ဒါ...ဒုတိယဦးလေးရဲ့ရနံ့ပဲ...!”

ထိုစကားများ ထွက်လာသည်နှင့် ။

လူတိုင်း အံ့အားသင့်သွားပြန်သည်။

ထောင်ပေါင်းများစွာသော ဟွမ်းမျိုးနွယ်စုတပ်ဖွဲ့ရဲ့ အဓိကအင်အားစုအားလုံး ပျောက်ကွယ်သွားပြီလို့ ဆိုလိုတာလား!?

“ လူကြီးမင်းအပေါင်းတို့”

“ကျုပ် စူးမျိုးရိုး ၊ ခင်ဗျားတို့ကိုလည်း မရဏလမ်းကို ပို့ဆောင်ပေးရမလား?”

အပိုင်း(၄၀၂): ကျုပ် စူးမျိုးရိုးနဲ့ ညှိနှိုင်းချင်တယ်? မင်းတို့က တန်လား!

တိတ်ဆိတ်ခြင်းဆိုသည့်အရာထဲ၌ ။

ဤအသံသည် ကြမ်းတမ်းကာ ကျယ်လောင်လွန်းပေသည်။

သို့သော် အခြားသူများ၏ ကြောက်ရွံ့မှုနှင့် နှိုင်းယှဉ်ကြည့်လျှင် ၊ လော့ရန်ယွီ၏ လှပသောမျက်ဝန်းတစ်စုံသည် လခြမ်းသဏ္ဍာန်သဖွယ် ကွေးညွတ်သွားပြီး ပျော်ရွှင်ခြင်းများ အစားထိုး ဝင်ရောက်လာခဲ့သည်။

ပြုံးရွှင်သော လေသံဖြင့် ရေရွတ်လိုက်သည်။

“ ဒါ စူးချန်ကဲ!”

တစ်ချိန်တည်းမှာပင်။

လေပြေတချက် တိုက်ခတ်သွားသည် ။

တိမ်တိုက်များကြားက လမင်းသဖွယ် တောက်ပနေသော ဝတ်ရုံဖြူရုပ်သွင်ကို လူတိုင်းမြင်လိုက်ရသည်။

လော့ရန်ယွီသာမက ထျန်း မျိုးနွယ်ဝင် တပ်ဖွဲ့မှ ချန်းလင် သည်လည်း စူးချန်ကဲကို ချက်ချင်းအသိအမှတ်ပြုခဲ့သည်။

“ဘို... ဘိုးဘေး! ကျွန်တော့်ကို ရိုက်တာ အဲ့ကောင်ပဲ!”

ချန်းလင်သည် ထိုကိစ္စ၏ အမှန်တရားအတွက် အနည်းငယ် စိတ်ရှုပ်ထွေးနေပုံရသည်။ သူသည် ထျန်း မျိုးနွယ်ဘိုးဘေး၏ လက်မောင်းကိုဆွဲကာ စူးချန်ကဲကို လက်ညိုးထိုးပြသည်။ သူ့ကို ကြည့်ရသည်မှာ အနည်းငယ် စိတ်လှုပ်ရှားနေပုံပေါ်သည်။

ဘိုးဘေးကို သူ့အတွက် ရပ်တည်ပေးစေချင်ပုံရသည်။

ဖြန်း! !

ယင်းအစား ထျန်းမျိုးနွယ်ဘိုးဘေးသည် သူ့ကို ပါးရိုက်ခဲ့သည်။

“ဟွန်း ! ဘယ်က မကောင်းဆိုးဝါးဝက်တုန်း? မင်းကများ ထျန်း မျိုးနွယ်ဝင်တစ်ယောက်လို ဟန်ဆောင်ဖို့ အတော်လေး သတ္တိရှိနေတယ်ပေါ့!”

“ လာစမ်း၊ သူ့ကို ဆွဲထုတ်သွားစမ်း!”

ဤအရာအားလုံးကို လုပ်ဆောင်ပြီးသည့်တိုင်အောင် ၊ ထျန်းမျိုးနွယ် ဘိုးဘေး၏မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေသေးသည်။

သူတို့ မျိုးနွယ်စုသည် သန်မာသူများ ဖြစ်ကြသော်လည်း ဦိးနှောက်မှာ ဗလာဖြစ်သည်။

ဒီသကောင့်သားလက်ချက်နဲ့ သူတို့ ထျန်းမျိုးနွယ်ဝင် တစ်ခုလုံး သုတ်သင်ခံရဖို့ နည်းနည်းပဲ လိုတယ် !

လက်ရှိအခြေအနေထက် စာရင် ၊ ဤအခိုက်အတန့်တွင်၊ သူတို့၏ အဖိုးတန်ဧည့်သည်တော်ကြီး လော့ရန်ယွီသည် စူးချန်ကဲကို တွေ့လိုက်ရသည်နှင့် မယားတစ်ယောက်အတိုင်း နူးညံ့သိမ်မွေ့နေလေ၏။

ဒါကို မြင်ပြီးတာတောင် မသိသေးဘူးလား!?

ကံကောင်းစွာဖြင့် ၊ စူးချန်ကဲသည် သူတို့ကို လျစ်လျူမရှုခဲ့ပေ။

ထျန်းမျိုးနွယ် ဘိုးဘေးမှာ ထိုမှသာလျှင် စိတ်သက်သာရာ ရပေတော့သည်။

စူးချန်ကဲသည် သူ့ရှေ့က စစ်သည် နှစ်သိန်းကျော်ကိုတောင် ဂရုမစိုက်ဘဲ လှမ်းနှုတ်ဆက်လိုက်သည်။

“ ရန်ယွီ၊ မတွေ့တာကြာပြီ”

သူသည် နွေဦးလေညင်းကဲ့သို့ ပေါ့ပါးစွာ ပြုံးပြလေသည်။

သို့သော် လော့ရန်ယွီ၏ မျက်လုံးထဲမှာသာ ထိုအတိုင်း မြင်ရသည်။

ဟွမ်းမျိုးနွယ် ဘိုးဘေးနှစ်ယောက်နှင့် ကျန်ရှိနေသေးသော တပ်ဖွဲ့ကြီးမှာဖြင့် သေလောက်အောင်ကြောက်နေပြီ ဖြစ်သည်။

နွေဦးလေညင်း အပြုံးဟူ၍ နည်းနည်းမှ မခံစားမိပေ။

၎င်းတို့ကို သေလမ်းပေါ်မပို့မီ နောက်ဆုံးသော “နူးညံ့သိမ်မွေ့မှု “ ဖြစ်သည်ဟု ဆိုရလျှင် ပိုကောင်းပေလိမ့်မည်။

“ ကောင်လေး... မင်းဘယ်​သူလဲ!!”

“ဘာလို့ ငါတို့ ဟွမ်းမျိုးနွယ်ကို သတ်ချင်ရတာလဲ”

ဟွမ်းမျိုးနွယ် ဘိုးဘေးနှစ်ဦးသည် ၎င်းတို့၏ ကြောက်ရွံ့မှုကို မျိုသိပ်ကာ စူးချန်ကဲအား ဒေါသတကြီး မေးခွန်းထုတ်လိုက်သည်။

သို့သော် စူးချန်ကဲသည် ၎င်းတို့ကို တချက်ကလေးတောင် လှည့်မကြည့်ခဲ့ပေ။

“သွားရအောင်၊ ကျွန်မတို့ ဒီကနေ ခပ်ဝေးဝေးနေရအောင်”

စူးချန်ကဲသည် အရေးယူဖို့ အဆင်သင့်ဖြစ်နေပြီမှန်း လော့ရန်ယွီ သိလိုက်သည်။ ထို့ကြောင့် သူမသည် ထျန်း မျိုးနွယ်ဝင်များကို ဤနေရာနှင့် ခပ်ဝေးဝေးမှာနေရန် အမြန်တောင်းဆိုလိုက်သည်။

“ ကောင်လေး၊ မင်း အရမ်းကြီးမလွန်လာဖို့ ငါ အကြံပေးချင်တယ် “

လေထုသည် အနည်းငယ် မူမမှန်သည်ကို သတိပြုမိလိုက်သော ဟွမ်းမျိုးနွယ် ဘိုးဘေးနှစ်ယောက်သည် တုန်တုန်ယင်ယင် ဖြစ်နေကြပြီး ၊ နဖူးပေါ်မှ ချွေးများက တဒီးဒီး စီးကျလာလေသည်။

သို့သော် ၎င်းတို့သည် အံကြိတ်လျက် စူးချန်ကဲကို ထပ်ပြောပြန်သည်။

“ ထျန်း မျိုးနွယ်စုက မင်းကိုဘာတွေပေးထားလဲ ဆိုတာ ငါမသိဘူး၊ ဒါပေမယ့် မင်း ဒီကိစ္စကို ဝင်မစွက်ဖက်ရင်...”

“ ငါတို့ဘက်က ချန်း မျိုးနွယ်စုထက် လေးဆပြန်ပေးမယ် ၊ အရင်ကကိစ္စတွေကိုလည်း မရှိသလို သဘောထားပေးမယ် ဘယ်လိုလဲ”

ထိုစကားကို ကြားတော့ ၊

စူးချန်ကဲသည် ရယ်မောလေသည်။

သူ့မျက်လုံးထဲက ဟာသတစ်ခုကို ကြည့်နေသည့်အတိုင်း ။

“ငါနဲ့ ညှိနှိုင်းချင်တာလား?”

သူ၏ အပြုံးသည် တဖြည်းဖြည်း မှိန်ဖျော့သွားပြီး ၊ ချောက်နက်ထဲက အအေးဓာတ်ကဲ့သို့ အေးစက်မှုများ အစားထိုးဝင်ရောက်လာသည်။

“မင်းတို့က တန်လို့လား?”

ထိုစကားသံအဆုံးတွင် ၊

စူးချန်ကဲ၏ လက်ထဲက ကောင်းကင်ဓားသည် လှုပ်ခါလာသည်။

ချက်ချင်းပင်၊ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်တစ်ခု ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ၊ စူးချန်ကဲသည် သူ့လက်ထဲက ဓားရှည်ကို မြှောက်လိုက်သည်။

နေရာအနှံ့ ပျံ့နှံ့နေသော ဓားစွမ်းအင်တို့သည် အဆုံးမရှိသော ဓားမြစ်ဆုံသဖွယ် စုဝေးသွားခဲ့သည်။ အကယ်၍ ဤမြစ်ရေကာတာကြီး ကျိုးပေါက်သွားပါက အရာအားလုံး ပြာဖြစ်သွားပေလိမ့်မည်။

ဤမြင်ကွင်းသည် ဟွမ်းမျိုးနွယ်ဝင် စစ်သည်များကို တုန်လှုပ်သွားစေခဲ့သည်။

ကောင်းကင်ဘုံမှ ဒဏ်ခတ်သည့်အလား အောက်မေ့ရသည့် ထိုဓားစွမ်းအင်တို့သည် သူတို့ကိုယ်သူတို့ အလွန်အရေးမပါသော ဖြစ်တည်မှုတစ်ခု အဖြစ် ခံစားရစေသည် ။

အဘယ်ကြောင့်ဆိုသော် စူးချန်ကဲသည် ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရား၏ အသွေးအသားများကို အထူး လှုံ့ဆော်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်၊ သူတို့၏ခန္ဓာကိုယ်တွင်းရှိ ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရား၏ အသွေးတို့သည် လုံးလုံးလျားလျား ဖိနှိပ်ခံထားရသောကြောင့် နည်းနည်းမှ မတွန်းလှန်နိုင်ခဲ့ပေ။

“ ကောင်လေး ငါအကြံပေး...”

ဟွမ်းမျိုးနွယ် ဘိုးဘေးနှစ်ဦး၏ စကားမဆုံးခင် ။

ရွှမ်း!!

ထို့နောက် လေကို ထိုးဖောက်ဖြတ်ကျော်သွားသော ဓားသွားသံတချက် ထွက်ပေါ်လာခဲ့သည်။

စူးချန်ကဲသည် ဓားကို သေသပ်စွာဖြင့် လျင်မြန်စွာ ဆွဲထုတ်လိုက်ပြီး ရှေ့တည့်တည့်သို့ ခုတ်ပိုင်းလိုက်သည်။

လေထဲတွင် ပျံ့နှံ့နေသော အဆုံးမရှိသော ဓားစွမ်းအင်တို့သည် ဆင့်ခေါ်ခံလိုက်ရပုံပေါ်သည်။

မှောင်မိုက်သောညတွင် လရောင် ဖြာကျလာသကဲ့သို့ ဝင်းလက်သွားသည်။

ဝုန်း ! !

တစ်ဖန်၊ အဆုံးမရှိသော ဓားအလင်းသည် ထိတ်လန့်ဖွယ်ကောင်းသော ဓားလှိုင်းတံပိုးများကို ရိုက်ခတ်သွားစေသည်။

ကမ္ဘာမြေတစ်ခုလုံးကို လွှမ်းခြုံထားပြီးသည်နှင့် တစ်ချိန်တည်းမှာပင် ဟွမ်းမျိုးနွယ်စု၏ မရေမတွက်နိုင်သော စစ်သည်များထံသို့ ချက်ခြင်းကျရောက်သွားခဲ့သည်။

သူတို့လက်ထဲရှိ မှော်လက်နက်များနှင့် ချပ်ဝတ်တန်ဆာများသည် တချက်ထိုးနှက်လိုက်ရုံဖြင့် ကျိုးပဲ့နေသော ကျောက်တုံးများကဲ့သို့ပင် ။ ဓားစွမ်းအင်၏ ချေမှုန်းခြင်းကိုခံလိုက်ရသည်နှင့် ၎င်းတို့၏ ခန္ဓာကိုယ်များသည် သွေးအခိုးအငွေ့အဖြစ်သို့ ပြောင်းလဲသွားပြီး အငွေ့ပျံသွားခဲ့ရသည်။

တခဏအတွင်းမှာပင်။

ဓားပေါင်းမြောက်များစွာ ‌ကျရောက်လာသည်။

ဟွမ်းမျိုးနွယ်စုမှ လူတိုင်း ၎င်းတို့၏ ကျင့်ကြံစွမ်းအားများကို အသုံးချ၍ အသည်းအသန် ရုန်းကန်လိုကြသည် ။

သို့ရာတွင်၊ အကြွင်းမဲ့ခွန်အား၏ ရှေ့မှောက်တွင် သူတို့သည် သူတော်စင်များဖြစ်လျှင်တောင် ပေါင်းပင်သာသာပင်။

ဝိညာဉ်နှင့် ခန္ဓာကိုယ်သည် ဖျက်ဆီးခံလိုက်ရပြီး ဖုန်မှုန့်များအဖြစ်သို့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ဝုန်း !

ထို့နောက်တွင် ၊ နောက်ထပ် ကြီးမားသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြန်သည်။

ဓားစွမ်းအင်သည် ခွင်းဖိန်၏ ကျောရိုးကဲ့သို့ အလျားလိုက်၊ ဒေါင်လိုက်ဖြင့် တစ်ခုနှင့်တစ်ခု ကန့်လန့်ပိုင်းဖြတ်လျက် အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားပြီး ၊ မြေပြင်ကြီး တစ်ခုလုံးကိုပင် နက်ရှိုင်းသော ဓားတွင်းနက်ကြီး အဖြစ်သို့ ချက်ချင်း ခွဲထုတ်ပစ်လေသည် ။

ပတ်ဝန်းကျင်တစ်လျှောက်တွင် ကျန်ရှိနေသေးသော စစ်သည်များသည်လည်း ဝါးမျိုခံလိုက်ရပြီး ပျောက်ကွယ်သွားသည်။

အဝေးကရပ်ပြီး စောင့်ကြည့်နေကြသော ချန်း မျိုးနွယ်စုမှလူများသည်ပင် ထိတ်လန့်တုန်လှုပ်နေကြသည်။

ဘာတွေဖြစ်နေမှန်း သူတို့ အတိအကျ မသိနိုင်ပေ ။

ဓားစွမ်းအင်များဖြင့် ဖွဲ့စည်းထားသော ကမ္ဘာကြီးသည် မိုး နှင့် မြေကြား ရုတ်ချည်း ပေါက်ကွဲသွားသည်။

သန်းပေါင်းများစွာသော ဓားမှော်သင်္ကေတများဖြင့် ဖွဲ့စည်းထားသော ဓားသည် လေပွေကဲ့သို့ အရာအားလုံးကို ဖြိုခွဲပစ်လိုက်သည်။

“ဒါ... ဘိုးဘေး... ပြောတော့ ဧကရာဇ်လျှောက်လှမ်းမှာ မဟာဧကရာဇ်မင်းတွေ မဝင်ရောက်နိင်ဘူးဆို...?”

ထျန်း မျိုးနွယ်ဝင်တစ်ဦးက တုန်တုန်ယင်ယင်ဖြင့် မေးလေသည်။

“ဒီလိုစွမ်းအားမျိုးကို... မဟာဧကရာဇ်မင်း မှ မဟုတ်ရင် ဘယ်သူများလုပ်နိုင်မှာလဲ..”

ထျန်း မျိုးနွယ် ဘိုးဘေးသည် ပြန်မတုံ့ပြန်ခဲ့ပေ။

သူသည် လူးလိမ့်ရိုက်ခတ်နေသော ဓားစွမ်းအင် လှိုင်းတံပိုးများကို စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။

ထို့နောက် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

“မဟုတ်ဘူး... အကယ်၍ ဧကရာဇ်အလိုဆန္ဒကို လုံလုံလောက်လောက် စုစည်းနိုင်ရင်... သူ့ရဲ့ ပေါက်ကွဲနိုင်တဲ့စွမ်းအားက မဟာဧကရာဇ်မင်းတစ်ပါးနဲ့ အနီးစပ်ဆုံးပဲ ...”

“ဒါပေမယ့် ဒီအပြုအမူက ထောင်ချောက်ထဲ လျှောက်လှမ်းနေသလိုပဲ... ဧကရာဇ်အလိုဆန္ဒ စုဆောင်းမှုများလေလေ... မဟာဧကရာဇ်မင်းဖြစ်လာဖို့ ခက်လေလေပဲ!”

“နောက်ဆုံးမှာ ကောင်းကင်လမ်းစဉ်ရဲ့ ငြင်းပယ်မှုကိုခံရလိမ့်မယ်!”

ထျန်း မျိုးနွယ်ဘိုးဘေးမှာ ဆက်မပြောတော့ဘဲ ရပ်တန့်လိုက်သည်။

သို့သော် တစ်ယောက်ယောက်သည် ကန့်သတ်မှုကို ချိုးဖျက်ပြီး မဖြစ်နိုင်တာကို ဖြစ်နိုင်အောင်လုပ်မည်ဆိုပါက။

ဒါဆို ထိုလူသည် ထာဝရစံချိန်ကို ချိုးဖျက်နိုင်သည့် ပထမဆုံး မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်လာပေလိမ့်မည်။

“... ကမ္ဘာက အသိအမှတ်ပြုထားတဲ့ ကန့်သတ်ချုပ်ချယ်မှုတွေ... ဒီခေတ်မှာ တကယ်ပဲ ကျိုးပျက်သွားချင်လည်း သွားလိမ့်မယ်!”

…….

ခဏအကြာတွင်။

လေနှင့် တိမ်တိုက်များကြား တဟုန်ထိုး ထကြွနေခဲ့သော ဓားစွမ်းအင်သည် တဖြည်းဖြည်း ငြိမ်သက်လာခဲ့သည်။

စူးချန်ကဲ ရှေ့တွင် ရပ်နေသော ဟွမ်း မျိုးနွယ် ဘိုးဘေး နှစ်ယောက်ကလွဲ၍ စစ်သည် နှစ်သိန်းကျော်၏ ဝိညာဉ်များသည် ကောင်းကင်နှင့် မြေကြီး၏ အစာအာဟာရအဖြစ် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

သို့သော် သူတို့နှစ်ယောက်သည် အဘယ့်ကြောင့် အသက်ရှင်နေသေးသနည်း။

အဘယ်ကြောင့်ဆိုသော် စူးချန်ကဲသည် ထျန်းရန် အာဏာရှင်နတ်ဘုရား သုံးချောင်းထောက်အိုးကို လျင်မြန်စွာရှာဖွေနိုင်ရန် ဟွမ်း မျိုးနွယ်စု၏ ဘိုးဘွားပိုင်မြေသို့ လမ်းပြနိုင်မည့် လူတစ်ဦး လိုအပ်သောကြောင့်ပင်။

ဟွမ်းမျိုးနွယ် ဘိုးဘေးနှစ်ဦးသည် အချိန်အတော်ကြာ စကားမဲ့လို့နေသည်။

ဤမြင်ကွင်းကို မည်သို့ဖော်ပြရမည်ကို သူတို့ မသိပေ။

“အခုတော့ ၊ ကျုပ်ဘက်ကနေ ညှိနှိုင်းရမယ့် အလှည့်ပဲ “

ထိုအချိန် ၊ စူးချန်ကဲ၏ အေးစက်သောစကားများက ၎င်းတို့အား လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိစေခဲ့သည်။

“ ကျုပ်ကို ဟွမ်းမျိုးနွယ် ဘိုးဘွားပိုင်မြေကို ခေါ်သွားပေးရင် ခင်ဗျားတို့ အသက်ရှင်နိုင်မယ်”

သို့သော်၊ သူတို့နှစ်ဦးသည် ချန်းကူနတ်ဘုရား တပ်ဖွဲ့ကြီးတစ်ခုလုံးကို ဆုံးရှုံးပြီးနောက် ၎င်းတို့၏ တာအိုစိတ်နှလုံးသားမှာ တုန်လှုပ်သွားခဲ့သည်။

၎င်းတို့ စိတ်ဝိညာဉ်ကမ္ဘာသည် လုံးဝ ပြိုကျသွားခဲ့ပြီ ဖြစ်သည်။

“ ဆုတောင်းလေ...”

“ကောင်းပြီ”

စူးချန်ကဲသည် ၎င်းတို့နှင့် ထပ်ပြီး ပြောဆိုရန် ပျင်းလွန်းလှသည်။

သူ၏လက်ဝါးနှစ်ဖက်ထဲတွင် ဝါးမျိုခြင်းဆိုင်ရာ နိယာမတရားများ နှိုးထလာသည်။

ချက်ချင်းပင်၊ သူသည် ဟွမ်းမျိုးနွယ် ဘိုးဘေးနှစ်ဦး၏ ဦးခေါင်းပေါ်သို့ ဖိကိုင်လိုက်သည်။

ဝုန်း !!

ကြောက်မက်ဖွယ်ကောင်းသော ဝါးမျိုစွမ်းအားသည် အမှောင်ဝဲဂယက် တစ်ခုသဖွယ် ချက်ချင်းပင် ပေါက်ကွဲထွက်လာပြီး ၎င်းတို့နှစ်ဦး၏ ဝိညာဉ်များကို လုံးလုံးလျားလျား စုပ်ယူဝါးမျိုသွားလေသည်။

တဖက်မှာ နည်းနည်းမှ ခုခံနိုင်စွမ်းမရှိခဲ့ပေ။

စူးချန်ကဲသည် ဟွမ်း မျိုးနွယ်ဘိုးဘေးနှစ်ဦး၏ ဝိညာဉ်များကို တိုက်ရိုက်စုပ်ယူကာ သန့်စင်ခဲ့သည်။

အတန်ကြာ စဉ်းစားပြီးနောက်၊ စူးချန်ကဲသည် ဟွမ်း မျိုးနွယ်စု၏ အစီအစဉ်အားလုံးကို လုံးလုံးလျားလျား ဖော်ထုတ်နိုင်ခဲ့သည် ။

“ လတ်စသတ်တော့ ဒီလိုလား ၊ ဟွမ်း မျိုးနွယ်က ဒါကို စဉ်းစားနေတာပဲ”

“ဒါပေမယ့်၊ ရှေးနဂါးမျိုးနွယ်စုက ထျန်းလုံ ဝူရှန်းလည်း ဒီကို ရောက်နေတာလား “

“ဟားဟား... အတော်ပဲ.. တခါတည်း ချက်စားရမယ် “

သို့သော် ထိုမြင်ကွင်းကို ကြည့်ရှုနေသော ပတ်ဝန်းကျင်က လူတိုင်း အံ့ဩနေကြသည်။

“ မျိုးနွယ်စု... မျိုးနွယ်စုခေါင်းဆောင်... ဒီအငွေ့အသက် ... မဟုတ်မှလွဲရော ဒဏ္ဍာရီလာ စုပ်ယူ သူတော်စင် ခန္ဓာကိုယ်လား...”

“ ဒါပေမယ့် ဒီလူကြီးမင်းမှာက ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရားရဲ့ အသွေးတွေ ရှိနေတာ မဟုတ်ဘူးလား…”

စူးချန်ကဲ၏ အပြုအမူများသည် သူတို့ နားလည်ထားသော အသိဥာဏ်ထက် ကျော်လွန်နေခဲ့သည်။

သို့သော် သူတို့ထက်စာရင် ။

လော့ရန်ယွီက ပို၍ပင် အလန့်တကြား ဖြစ်နေသည်။

စူးချန်ကဲသည် မွေးရာပါ သူတော်စင် တာအိုသန္ဓေသားလောင်း ကိုယ်ထည်ပိုင်ရှင် ဖြစ်သည်။

အခု သူက ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရားကိုယ်ထည် နဲ့ စုပ်ယူ သူတော်စင် ခန္ဓာကိုယ်လည်း ရှိနေသေးသတဲ့လား?

အနှိုင်းမဲ့ သူတော်စင်ကိုယ်ထည် သုံးခုရဲ့ ပိုင်ရှင် !?

အပိုင်း(၄၀၃): သတ်သေမလား ၊ ငါ ပို့ဆောင်ပေးရမလား

ခဏတာ ရှော့ခ်ရပြီးနောက် ၊

လော့ရန်ယွီသည် ချက်ချင်းဆိုသလို တည်ငြိမ်အောင်လုပ်နိုင်ခဲ့သည်။

ဤအကြောင်းကို သူမ မည်သူ့ကိုမှ ပြောပြမည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ ၊ စူးချန်ကဲသည် သူမ အချစ်ရဆုံးသူ ဖြစ်သည်။

မည်သည့်ကိစ္စရပ်မဆို ၊ စူးချန်ကဲ၏ လုံခြုံရေးက ပထမသာပင်။

“ ပြီးတော့...ဒါကလည်း ငါတို့ကြားက လျှို့ဝှက်ချက်တစ်ခုအဖြစ် ထားလို့ရတာပေါ့...”

လော့ရန်ယွီသည် ခေါင်းလေးငုံ့ကာ နူးညံ့စွာ ပြုံးလို့နေသည်။

တကယ်တန်းတွင် ၊ လော့ရန်ယွီသည် သူမ၏ အတိတ်ဘဝက အမှတ်တရများနှင့် ပတ်သတ်၍ မှုန်ဝါးနေခဲ့ပြီး ဘယ်ကလာသည်ကိုပင် မေ့သွားခဲ့သည်။

ယခုတွင်မူ ။

သူမသည် သူမမျက်စိရှေ့က လူကို မြတ်နိုးပြီး ၊လက်ရှိတွင် ကောင်းကောင်လုပ်ဆောင်ကာ သူနှင့်အတူ မဟာလမ်းစဉ်၏ အထွပ်အထိပ်သို့ ရောက်အောင်သွားပေမည်။

ဤအရာကသာလျှင် သူမလုပ်ချင်ဆုံး အရာပင် ဖြစ်တော့သည်။

“မင်း အရူးလိုလိုနဲ့ ဘာတွေရယ်နေတာတုန်း”

“လာ၊ ငါနဲ့အတူ ဟွမ်း မျိုးနွယ်စုဆီ လိုက်ခဲ့”

ထိုအချိန် ၊ စူးချန်ကဲ၏ အသံကြောင့် လော့ရန်ယွီမှာ အတွေးကမ္ဘာထဲမှ လက်ရှိကမ္ဘာဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

စောနလေးကမှ တစ်ခန်းရပ်ဆင်နွှဲပြီးခဲ့သော နတ်ဖီးနစ်သည် စူးချန်ကဲ ရှေ့သို့ရောက်ရှိလာခဲ့သညိ။

“အို~”

လော့ရန်ယွီသည် တုံ့ပြန်လိုက်ပြီး နတ်ဖီးနစ်ပေါ်သို့ အလျင်အမြန် ခုန်တက်လိုက်သည်။

ကောင်းကင်ယံ၌ တောက်ပသော မီးလျှံများနှင့်အတူ ၊

နတ်ဖီးနစ်သည် စူးချန်ကဲ၏ ညွှန်ကြားချက်ကို လိုက်နာခဲ့ပြီး ၎င်းတို့နှစ်ဦးကို သယ်ဆောင်ကာ ဟွမ်း မျိုးနွယ်ဘိုးဘွားပိုင်မြေဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

ထျန်း မျိုးနွယ်စု မှလူများသည် ပျောက်ကွယ်သွားသော လူနှစ်ယောက်၏ နောက်ကျောကို ဆွံ့အစွာဖြင့် ရပ်ကြည့်ရင်း ကျန်ရစ်ခဲ့လေသည်။

ဒါ ဘယ်လိုအခြေအနေပါလိမ့်?

သူတို့ရဲ့ အဖိုးတန် ဧည့်သည်တော်ကြီးက ပြန်ပေးဆွဲခံလိုက်ရတာလား?

ထိုအချိန် ၊ ချည်နှောင်ခံထားရသော ချန်းလင် က သတိထားပြီး ဆိုလေသည်။

“ဘိုးဘေး... အဲ့လူက ကျွန်တော်တို့ကို မစောင့်ဘဲ ဘာလို့ ထွက်သွားတာတုန်း...”

ထျန်း မျိုးနွယ် ဘိုးဘေးသည် ၎င်း၏စကားကို အာရုံစိုက်ဖို့ ပျင်းလွန်းသည် ။ သူသည် တခြားသူများကို အမိန့်ပေးလိုက်သည်။

“ သွားမယ် ၊ လူကြီးမင်းတို့ ကျန်ခဲ့တဲ့ ခြေရာကိုလိုက်ပြီး သွားကြမယ်

“ ဘိုးဘေး!ကျွန်တော့်ကို အရင်လွှတ်ပေးဦးလေ!”

“ အိုး၊ စကားမစပ်၊ ဒီကောင် ညဏ်တုံးလွန်းတယ် ကယ်ဖို့ မျှော်လင့်ချက်မရှိဘူး ၊ ​​သူ့ကို မြန်မြန်သာ မြေမြှုပ်လိုက် !”

“သူကို လွှတ်ပေးလိုက်ရင် ငါတို့ ထျန်းမျိုးနွယ်စုတစ်ခုလုံး ဘေးဒုက္ခ ရောက်လိမ့်မယ်!”

……..

တစ်ချိန်တည်းမှာပင်။

ဟွမ်း မျိုးနွယ်စု ဘိုးဘွားပိုင်မြေ။

မီးလျှံများက တဟုန်းဟုန်းတောက်နေပြီး ဝိညာဉ်စွမ်းအင်များက ဟောက်သံပြုလို့နေကာ ကောင်းကင်တစ်ခွင်လုံး မီးခိုးများဖြင့် ပြည့်လျှံနေသည်။

ဟွမ်း မျိုးနွယ်စု၏ ဘိုးဘွားပိုင်မြေကို ကာကွယ်ရန် ချန်းကူနတ်ဘုရား စစ်တပ်၏ ထိပ်တန်းတပ်ဖွဲ့များသည် ရှေးကျသော တိုက်ပွဲပုံစံကို ဖွဲ့စည်းနေကြသည်။

၎င်းတို့သည် ရှေးနဂါးမျိုးနွယ်ဝင် ဧကရာဇ်တစ်ပိုင်းအဆင့် ပါရမီရှင်သုံးဦးနှင့် အပြင်းအထန် တိုက်ပွဲဖြစ်နေကြသည်။

သွေးချီစွမ်းအားများဖြင့် ဖွဲ့စည်းထားသော ကောင်းကင်ပမာ မြင့်မားသည့် ဓမ္မကာယကိုယ်ထည်ကြီးသည် သူ့လက်ထဲက မှော်လှံဖြင့် ထိုးနှက်တိုက်ခိုက်‌နေသည်။

ပေါက်ကွဲထွက်ပေါ်လာသော လှိုင်းတံပိုးများကြောင့် အဆောက်အဦ အများအပြား ပြိုကျခဲ့သည်။

အနက်ရှိုင်းဆုံး နေရာတွင် ။

ရံဖန်ရံခါ ကျယ်လောင်သော ‌တုန်ခါသံများကို ကြားနေရသည်။

အားကောင်းမောင်းသန် ပုဂ္ဂိုလ်နှစ်ဦး အချင်းချင်း တိုက်ခိုက်နေကြပုံရသည်။

ဝုန်း !!

နတ်အလင်းရောင်များ ပေါက်ကွဲလျက် နေရာတိုင်း ပရမ်းပတာဖြစ်လို့နေသည်။

ထိုအားကောင်းမောင်းသန် လူနှစ်ယောက်သည် တိုက်ခိုက်နေရာမှ တပြိုင်နက် နောက်သို့ ဆုတ်ခွာသွားကြသည်။

“အဘိုးကြီး၊ ခင်ဗျား ကျုပ်ကို ဆက်ပြီး တားနေသေးရင် ခင်ဗျားသေရလိမ့်မယ်!”

ထျန်းလုံ ဝူရှန်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ၎င်း၏ ရောင်ဝါများသည် တဟုန်ထိုး တိုးလာပြီး နိယာမတရားက အကန့်အသတ်မရှိ အားကြီးလွန်းလှသည်။

ဝေါင်း !!

ထို့နောက် ချက်ချင်းဆိုသလိုပင် ၊ ကျယ်လောင်သော နဂါးဟောက်သံသည် ကောင်းကင်နှင့် မြေကြီးတစ်လျှောက် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

တခဏအတွင်း။

ကြီးမားသော နတ်နဂါးကြီးတစ်ကောင် ထွက်ပေါ်လာသည်။ ၎င်း၏ ခန္ဓာကိုယ်သည် ကောင်းကင်ကို ဖုံးအုပ်ကာ နေကို ပိတ်ဆို့ထားနိုင်သည့်အထိ ကြီးမားလွန်းပေသည်။

ထျန်းလုံ ဝူရှန်းသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ကောင်းကင်သို့ ပျံတတ်သွားပြီး နတ်နဂါးကြီး၏ အရိပ်အလယ်၌ ရပ်နေ၏။

တစ်ချိန်တည်းမှာပင်၊ နတ်နဂါးကြီး၏ ကြီးမားသော အသွင်အပြင်သည် သက်ရှိတစ်ကောင်ကဲ့သို့ သူ၏ ကြီးမားသော နဂါးမျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

မရေမတွက်နိုင်သော ရွှေအကြေးခွံအပိုင်းအစများသည် ကြောက်မက်ဖွယ်ကောင်းသော နတ်အလင်းများနှင့်အတူ ပေါက်ကွဲထွက်လာပြီး၊ တစ်ကမ္ဘာလုံးကို ဝါးမျိုချနိုင်သကဲ့သို့ သူ၏ ပါးစပ်ကို ကျယ်လောင်စွာ ဟ လိုက်သည် ။

“ယုတ်ညံ့ပြီး အရှက်မရှိတဲ့ မကောင်းဆိုးဝါး မျိုးနွယ်စုတွေ!”

“ ငါ့မျိုးရိုးရဲ့ မြင့်မြတ်ပစ္စည်းကို လုရဲတဲ့အထိ အတော်သတ္တိရှိနေတယ်ပေါ့!”

“ ငါဒီနေ့သေရမယ် ဆိုတောင် မင်းကို ငါသတ်မယ်! ”

ဟွမ်း မျိုးနွယ်စု၏ နောက်ဆုံး ဘိုးဘေးဖြစ်သည့် ဟွမ်းရှင်းသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူသည် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် တပြိုင်နက် လွန်စွာအားကြီးမားသော အရှိန်အဟုန်တစ်ခု ထွက်ပေါ်လာသည်။

ဟွမ်မျိုးနွယ်စု၏ အစွမ်းထက်ဆုံး ဘိုးဘေးတစ်ဦးအနေဖြင့်၊ သူ၏ ကျင့်ကြံမှုသည် ဧကရာဇ်တစ်ပိုင်းနယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိထားရုံသာမက ၊

ထျန်းရန် အာဏာရှင်နတ်ဘုရား သုံးချောင်းထောက်အိုးအတွင်းရှိ အငွေ့အသက်များကို ရေရှည်စုပ်ယူထားသောကြောင့်၊ သူ၏ ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရား၏ အသွေးတို့သည် ဟွမ်း မျိုးနွယ်စုတစ်ခုလုံးတွင် အကြွယ်ဝဆုံးဖြစ်သည်။

ဝုန်း !

သန်မာသူ နှစ်ဦး ထိပ်တိုက်ဆုံတွေ့ကြလေသည်။ ထျန်းလုံ ဝူရှန်းသည် ဧကရာဇ်တစ်ပိုင်းနယ်ပယ် တတိယအဆင့်တွင် ရှိသော်လည်း သို့သော် ရှေးကောင်းကင်ဘုံအာဏာရှင်နတ်ဘုရား၏ အသွေးစွမ်းအားအောက်တွင် သူသည် ခုခံနိုင်ဖို့ခဲယဉ်းနေဆဲပင် ဖြစ်သည်။

ဟွမ်းရှင်း၏လက်သီးချက်ကြောင့် ဖွဲ့စည်းထားသော နဂါးရုပ်သွင်သည် ကွဲလုမတတ်ဖြစ်သွားသည်။

“ သေစမ်း! ဒီလူကြီးက ငါထင်ထားတာထက် ပိုသန်မာနေတယ်”

ထျန်းလုံ ဝူရှန်း၏မျက်နှာမှာ ညိုမှိုင်းနေသည်။

“တစ်ဖက်က တိုက်ပွဲ ငြိမ်သွားပုံရတယ်...တကယ်လို့ အဲ့ကောင်သာ ရောက်လာခဲ့ရင် ဒုက္ခဖြစ်လိမ့်မယ်!”

သို့သော် ထျန်းလုံ ဝူရှန်းမှ အစွမ်းကုန်မပေါက်ကွဲမီ ၊

စူးချန်ကဲ ၏ ခပ်ဖျော့ဖျော့ရယ်သံကို ကြားလိုက်ရသည်။

“ခွေးချင်းကိုက်တဲ့ပွဲ ၊ ကြည့်ဖို့ အရည်အချင်းပြည့်မီလား မသိဘူး?”

ထိုစကားများ ထွက်လာသည်နှင့် ။

မူလက ထိပ်တိုက်ဆုံတွေ့နေခဲ့ကြသော တဟုန်းဟုန်း တောက်လောင်နေသော အလင်းတန်းများသည် တခဏချင်း ရပ်တန့်သွားသည်။

လေထုသည် အေးခဲသွားပြီး။

ကမ္ဘာကြီးသည် တိတ်ဆိတ်ငြိမ်သက်သွားသည်။

အရပ်ရပ်တွင် တိုက်ပွဲဝင်သူတိုင်း အံ့အားသင့်စွာဖြင့် အသံလားရာကို ကြည့်လိုက်ကြသည်။

ကောင်းကင်၌ တောက်လောင်နေသော မီးတောက်မီးလျှံများသည် တစ်လောကလုံးကို လင်းထိန်သွားစေသည်။

မကောင်းဆိုးဝါး အငွေ့အသက်များကို ဆောင်ကျဉ်းလာသော ပြင်းထန်သော အပူလှိုင်းသည် မိုင်ထောင်ချီအကွာတွင် ရှိနေသော အရပ်ထိ ပျံ့လွင့်သွားသည်။

“ နတ်ဖီးနစ်...? ရှေးဖီးနစ် မျိုးနွယ်စုက ကောင်လား...?”

“နေစမ်းပါ! ဒါ စူး....”

ထျန်းလုံ ဝူရှန်းသည် တစ်စုံတစ်ခုကို သတိရမိသွားပြီး သူ၏ မျက်နှာမှာ ဖြူဖျော့သွားသည်​ ။

“ စူးချန်ကဲ !?”

“သူ့ဘေးနားက ဒီမိန်းကလေးက....”

ထျန်းလုံ ဝူရှန်း၏ နှလုံးသားသည် ပင်လယ်အောက်ခြေသို့ နစ်မြုပ်သွားချေပြီ ။

“ ယောင်ချီ သူတော်စင်နယ်မြေ က လော့ရန်ယွီ!”

ဟွိုင့်တွိုင့်ခန္ဓာကိုယ် နှင့် တာအိုအရိုးကို ပိုင်ဆိုင်ထားသော ဤအံ့သြဖွယ်ကောင်းသော ပါရမီရှင်အကြောင်းကို မည်သူ မသိရှိမည်နည်း။

ယခု သူမသည် လူ့ဘီလူး စူးချန်ကဲ နှင့် လက်တွဲပြီး ဧကရာဇ်လျှောက်လှမ်းကို သိမ်းပိုက်ဖို့ စီစဉ်ထားလေသလော!?

ထျန်းလုံ ဝူရှန်းတစ်ယောက် အံ့အားသင့်နေစဉ်မှာပဲ ၊

နတ်ဖီးနစ်သည် စူးချန်ကဲ နှင့်‌ လော့ရန်ယွီတို့ကို သယ်ဆောင်ကာ လူတိုင်း၏ ရှေ့မှောက်သို့ ရောက်ရှိလာပြီး ဖြစ်သည်။

စူးချန်ကဲသည် နတ်ဖီးနစ်ပေါ်တွင် လက်ကိုနောက်ပစ်လျက် အေးဆေးတည်ငြိမ်စွာဖြင့် ရပ်နေပြီး ၊ သူသည် အောက်က လူများကို အပြုံးမပျက် ငုံ့ကြည့်နေသည်။

ဘေးတွင်ရပ်နေသော လော့ရန်ယွီသည် အေးစက်သောအမူအရာဖြင့် ရှိနေပြီး ၊ သူမရှေ့က ဤဝတ်ရုံဖြူအမျိုးသားမှ လွဲ၍ မည်သူမှ သူမမျက်လုံးများကို ဖမ်းစားနိုင်စွမ်းမရှိပုံရသည်။

စူးချန်ကဲသည် အပိုစကားတွေမပြောဘဲ သူသည် လက်နှစ်ချောင်း ထောင်လိုက်သည်။

“ ငါ ဒီကိုလာတာ ကိစ္စနှစ်ခုရှိတယ် “

သူသည် ဟွမ်း မျိုးနွယ် ဘိုးဘေးကို ဦးစွာ တစ်ချက်ကြည့်လိုက်သည်။

“မင်း၊ ထျန်းရန် အာဏာရှင်နတ်ဘုရား သုံးချောင်းထောက်အိုးကို ထုတ်ပေး ၊ ဒါဆို မင်းအသက်ရှင်မယ် “

ထို့နောက် သူသည် ထျန်းလုံ ဝူရှန်းကို ထပ်မံကြည့်ရှုလိုက်သည်။

“မင်းကတော့”

စူးချန်ကဲ၏ အပြုံးသည် ပို၍ အကျယ်တဝင့်ဖြစ်လာပြီး ဆိုလေသည်။

“မင်းကိုယ်မင်း သတ်သေမလား ဒါမှမဟုတ် ငါကိုယ်တိုင် ကူညီပြီးပို့ဆောင်ပေးရမလား?”

စူးချန်ကဲ၏စကားအဆုံးတွင် ။

မူလက တိတ်ဆိတ်နေသော နေရာသည် လုံးဝ အေးခဲသွားခဲ့သည်။

လူတိုင်း မျက်လုံးများပြူးကျယ်စွာဖြင့် ၊ အေးစက်သော သက်ပြင်းချရုံမှတပါး မရှိခဲ့ပေ ။

ဤသည်မှာ အတည်ငြိမ်ဆုံး လေသံဖြင့် ပြောဆိုလိုက်သော အလွှမ်းမိုးနိုင်ဆုံးသော စကားလုံးများပင်။

အထူးသဖြင့် ထျန်းလုံ ဝူရှန်း၏မျက်နှာပြင် တစ်ခုလုံး တိမ်မည်းများကဲ့သို့ အုံ့မှိုင်းသွားသည်။

သူသည် ဘိုးဘေးနဂါး၏ အသွေးသားများကို ပိုင်ဆိုင်ထားသူအလျောက် ရှေးမဟာဧကရာဇ်မင်း၏ သားစဉ်မြေးဆက် ဖြစ်ပြီး မဟာဧကရာဇ်ငယ် ဟုပင် ချီးကျူးခံထားရသည်။

စူးချန်ကဲ သကောင့်သားက သူ့ကို လူမြင်ကွင်းမှာ ကိုယ့်ကိုယ်ကိုသတ်သေဖို့ တောင်းဆိုသတဲ့လား!?

“ စူးချန်ကဲ!!”

ထျန်းလုံ ဝူရှန်း၏ မျက်လုံးများမှာ နီရဲလာသည်။

သို့သော် သူ့စွမ်းအားကို မထုတ်ရသေးခင်မှာပဲ ၊

“သံသရာစက်ဝန်း ဖန်ထျန်းလက်ဝါး !”

စူးချန်ကဲသည် လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ဝုန်း! ! !

ရုတ်တရက်၊ ပြန်လည်ဝင်စားခြင်းဆိုင်ရာ နိယာမတရားများဖြင့် ဖွဲ့စည်းထားသော ကောင်းကင်ပြင်တစ်ခုလုံးကို‌တောင် ဖုံးလွှမ်းထားနိုင်သည့် လက်ဝါးရိပ်ကြီးသည် အောက်သို့ ကျရောက်လာသည်။

“စူးချန်ကဲ မင်း...!”

ထျန်းလုံ ဝူရှန်းတစ်ယောက် တစ်ဖက်လူသည် ဤမျှထိ ဗိုလ်ကျကာ တန်းပြီးလက်ပါလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

သူ့အနေဖြင့် ပြန်လည်မတုံ့ပြန်ခင်နိုင်မှာပဲ တစ်ဖက်လူ၏ လက်ဝါးရိုက်ချက်ကို ခံလိုက်ရသည်။

ဝုန်း --!!

တုန်လှုပ်ချောက်ချားဖွယ် ပေါက်ကွဲသံသည် အရပ်ရပ်တွင် ပဲ့တင်ထပ်သွားခဲ့ပြီး၊ နောက်ဆက်တွဲအဖြစ် နိယာမလှိုင်းတံပိုးများ ကြမ်းတမ်းစွာ ရိုက်ခတ်သွားသည်။

“သခင် ဝူရှန်း!”

မကောင်းဆိုးဝါးဂိုဏ်းမှ ပါရမီရှင်များစွာသည် ဒေါသတကြီးဖြစ်ကာ ဝင်စွက်ဖက်ရန်ဟန်ပြင်လိုက်သည်။

ဟွား ! !

ပရမ်းပတာစွမ်းအားများဖြင့် ဝန်းရံထားသော တောက်ပသော ကြာတစ်ပွင့်သည် ကောင်းကင်ယံမှ ရုတ်တရက် ကျရောက်လာသည်။

ဝုန်း !!

ပွင့်ဖက်များ ပွင့်လန်းသွားသည်နှင့်အမျှ ၊ အဖျက်စွမ်းအားကြီးမားသော နတ်အလင်းတန်းများ တဟုန်ထိုး ပေါက်ကွဲထွက်လာပြီး ပြင်းထန်သော ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။

“သူက သူများတွေ နှောက်ယှက်တာကို မကြိုက်ဘူး”

“တောင်းပန်ပါတယ် မင်းတို့သေရတော့မယ်”

လော့ရန်ယွီ၏ အသံသည် အေးစက်လှသည်။ သူမသည် လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ကောင်းကင်ထက်တွင် ပရမ်းပတာစွမ်းအင်များဖြင့် ဖွဲ့စည်းထားသော ကြာပွင့်များက နေရာအနှံ့ ဖုံးလွှမ်းသွားသည်။

“ပေါက်ကွဲ !”

ထိုစကားသံအဆုံးတွင် ။

မရေမတွက်နိုင်သော ကြာပွင့်များ တစ်ခုပြီးတစ်ခု ပွင့်လန်းလာခဲ့သည်။

ဝုန်း !ဝုန်း !ဝုန်း !

ဆက်လက်ပြီး ၊ မရေမတွက်နိုင်သော တောက်လောင်နေသော အလင်းတန်းများ အဆုံးမရှိ ထွက်ပေါ်လာခဲ့သည်။

ဤပြင်းထန်သော တိုက်ခိုက်မှုအောက်တွင်၊ ရှေးနဂါးမျိုးနွယ်ဝင် ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားရှင်သုံးဦးသည် တခဏချင်း နှိမ်ကွပ်ခံလိုက်ရပြီး လုံးဝ ရှုံးနိမ့်သွားခဲ့သည်။

ယခုအချိန်တွင်။

စူးချန်ကဲသည် ချွေးအေးများ စီးကျနေသော ဟွမ်း မျိုးနွယ် ဘိုးဘေးကို ကြည့်ပြီး သရော်လိုက်သည်။

“ ကြည့်ရတာ ခင်ဗျားလည်း မလိုလားဘူးထင်တယ်”

“ဒါဆိုလည်း သေရုံပေါ့”

All Chapters