အခန်း (၄၁၃-၄၁၇)
Vol. 30 Ch. 413-417
အပိုင်း(၄၁၃): ကျောက်တံခါး
ကျန်းဝမ့်ချင်သည် ဓားစွမ်းအင် မဟာတံတိုင်း၏ သမိုင်းကြောင်းနှင့် ပတ်သတ်သော အကြောင်းအရာ များစွာကို ရှာဖွေတွေ့ရှိထားပြီး ပြီ ဖြစ်သည်။
ထကြွသောင်းကျန်းခဲ့သော အမှောင်ထုခေတ်တွင် ဓားစွမ်းအင်မဟာတံတိုင်းသည် လူသားမျိုးနွယ်၏ အကာအကွယ်များထဲမှ တစ်ခုဖြစ်ခဲ့သည်။
တစ်ခါတုန်းက။
ထိပ်တန်းဓားကျင့်ကြံသူများသည် ဤနေရာတွင် မရေမတွက်နိုင်သော အမှောင်ထု သားရဲတိရစ္ဆာန်များစွာကို ချေမှုန်းခဲ့ကြသည်။
ဤအမှောင်ရိပ်သားရဲသည် ထိုခေတ်က အမှောင်ထု၏ ထုတ်ကုန်တစ်ခု ဖြစ်သည်။
အမှောင်ရိပ်သားရဲသည် ၎င်း၏ ကိုယ်ပိုင်ရောင်ဝါဖြင့် ဟင်းလင်းပြင်ကို တိုက်စားနိုင်စွမ်းရှိသည့်အပြင် အာကာသအတွင်း သွားလာလှုပ်ရှားနိုင်ကာ ခုခံကာကွယ်ရန် ခဲယဉ်းသည်။
ပိုကြောက်စရာကောင်းသည်မှာ ၎င်း၏ ဆန်းကြယ်သောရောင်ဝါသည် ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်ထဲက မူလရင်းမြစ်ကို စုပ်ယူနိုင်သည်။
ထို့အပြင် သူ့လို မျိုးနွယ်တူဖြစ်ရန် ကူးစက်နိုင်သည်။
ဗွမ်း!!
ရုတ်တရက်
အသွေးအသားများ စုတ်ဖြဲသံကိုကြားလိုက်ရပြီး ၊ သွေးများက နေရာအနှံ့ လွင့်စင်သွားသည်။
“ ညီလေး မင်း...!”
အမှောင်ရိပ်သားရဲ၏ ကိုက်စားခြင်းကိုခံလိုက်ရသော ထိုအနှီကျင့်ကြံသူသည် အမှောင်ထုလှိုင်းဂယက်များထဲမှ တစ်ဖန်ပြန်လည် ထွက်ပေါ်လာခဲ့သည် ။
သူ၏ သွေးသံရဲရဲ ပါးစပ်ကိုဖွင့်ကာ မိန်ကလေးတစ်ယောက်၏ လည်ပင်းကို ကိုက်လိုက်သည်။
အမှောင်စွမ်းအားလှိုင်းများသည် သူ့ပါးစပ်မှတဆင့် ထိုအမျိုးသမီး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်စီးဆင်းသွားသည်။
အကိုက်ခံရသော အမျိုးသမီး၏ အသက်မှာ ချက်ချင်း ချုပ်ငြိမ်းသွားသည်ကို လူတိုင်း မြင်လိုက်ရသည်။
မူလက အနှိုင်းမဲ့ ဖြူစင်တောက်ပသော မှော်သင်္ကေတတို့သည် လုံးဝ ပျက်စီးသွားပြီး ထူးဆန်းသော အမှောင်ထု ရောင်ဝါများက အစားထိုး ဝင်ရောက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင်။
အမှောင်ရိပ်သားရဲကောင်များသည် ပိုပို၍များများလာပြီး လူများကို တစ်စနှင့်တစ်စ ကူးစက်သွားစေခဲ့သည်။
ဝေဟင်ထက်တွင် ရှိနေသော စူးချန်ကဲသည် ထိုမြင်ကွင်းကြောင့် မျက်မှောင်ကြုတ်သွားသည်။
“ မင်းတို့ သားရဲကောင်တွေ သေချင်နေတာပဲ!”
သူသည် လက်သီးဖြင့် ထိုးနှက်လိုက်သည်။
ဘုန်း !
တောက်လောင်နေသော လက်သီးအလင်းမှ စူးရှတောက်ပသော အလင်းတန်းတစ်ခု ထွက်ထွက်ပေါ်လာခဲ့ပြီး ၊ အလင်းလှိုင်းတံပိုးများသည် အရပ်ရှစ်မျက်နှာတစ်ခွင်လုံးသို့ ပျံ့နှံ့သွားသည်။
ဟွား!!
သို့သော်လည်း ၊ စူးချန်ကဲ၏ တိုက်ခိုက်မှုသည် ထူးဆန်းပြီး နားမလည်နိုင်သော အင်အားတစ်ခု၏ ဝါးမျိုခြင်းကိုခံရကာ ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားခဲ့သည်။
အက်ကွဲသံ! !
ထိုအချိန်တွင်၊ စူးချန်ကဲ၏ ရှေ့မျက်နှာစာရှိ ဟင်းလင်းပြင်မှ အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာကာ ထူးဆန်းသောအသွင်အပြင်ရှိသည့် အမှောင်ရိပ်သားရဲတစ်ကောင် ထွက်ပေါ်လာသည်။
၎င်းသည် ပေရာခန့်ကျော် ရှည်လျားသော အမှောင်သားရဲကောင်နှင့် တူပြီး ၊ ၎င်း၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ထူးဆန်းသော အမှောင်ရောင်ဝါများက ဝန်းရံထားကာ ၎င်း၏ဦးခေါင်းပေါ်တွင် လရောင်သမင်ချိုတစ်စုံ ရှိနေသည်။
အထူးသဖြင့် ၊၎င်း၏ ကြီးမားသော အတောင်ပံတစ်စုံသည် ဆိုးညစ်သော အရာတစ်ခုသဖွယ် ကောင်းကင်နှင့် နေကို ဖုံးအုပ်ထားသည်။
၎င်း၏ နီမြန်းသော မျက်လုံးများသည် အနှိုင်းမရှိသော လောဘတရားတို့ဖြင့် ပြည့်နှက်နေပြီး၊ ၎င်း၏ တံတွေးတစ်စက်သည် မြေပြင်ပေါ်သို့ ကျဆင်းသွားသည်နှင့် မြေသားများသည် ကလိုင်အဖြစ် တိုက်စားခံလိုက်ရသည်။
“ သူတော်စင် ခန္ဓာကိုယ်....သူတော်စင် ခန္ဓာကိုယ်......”
“မွှေးလိုက်တာ....စားချင်တယ်.....”
လူသားတစ်ယောက်၏အသံအတိုင်း တုပနေပုံရကာ အသံပြာပြီး တစ်ချိန်တည်းမှာပင် အလွန်ကို အဆင်မပြေဖြစ်နေပုံရသည်။
ဝေါင်း!!
နောက်အခိုက်တွင် ၊
အမှောင်ရိပ်သားရဲကောင်သည် သူ၏ သွေးသံရဲရဲ ပါးစပ်ကိုဟကာ စူးချန်ကဲဆီသို့ ရုတ်တရက် ပြေးဝင်သွားသည်။
စူးချန်ကဲက အေးစက်စွာ နှာမှုတ်လိုက်သည်။
ထို့နောက် သူသည် ဓားကို ညွှန်ကြားလိုက်သည်နှင့် ဓားအလင်းသည် ထိုဦးတည်ချက်အတိုင်း တိုက်ရိုက်ပြေးဝင်သွားသည်။
နောက်မြင်ကွင်းမှာ ထူးခြားဆန်းကြယ်သော ဖြစ်ရပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
အမှောင်ရိပ်သားရဲကောင်၏ ဘေးတစ်ဝိုက်တွင် တဝဲလည်လည်ရှိနေသော အမှောင်ထုရောင်ဝါများသည် နေရာအနှံ့ ဖြာထွက်သွားသည်နှင့်အမျှ ဟင်းလင်ပြင် ကွက်လပ်တွင် လှိုင်းဂယက်များ ရိုက်ခတ်သွားသည်။
ထိုအမှောင်ရိပ်သားရဲသည်လည်း လေထဲတွင် တခဏချင်း ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာသောအခါတွင် ၎င်းသည် စူးချန်ကဲ၏ ဦးခေါင်းထက်သို့ ရောက်ရှိနေပြီး ဟောက်သံပြုလိုက်သည်။
“ သခင်လေး၊ သတိထား!”
အရိုးဖြူ ပင်လယ်ဘုရင်မ က ကမန်းကတန်း သတိပေးလိုက်သည်။
သို့သော် စူးချန်ကဲ၏တုံ့ပြန်မှုမှာလည်း မနှေးကွေးပေ။ သူ့ခန္ဓာကိုယ်၏ ဘေးတစ်ဝိုက်တွင် နတ်အလင်းများ ထွက်ပေါ်လာပြီး ချက်ခြင်းပင် အခြားဦးတည်ရာဘက်သို့ ရှောင်ထွက်ခဲ့သည်။
အမှောင်ရိပ်သားရဲကောင်၏ သွေးသံရဲရဲ ပါးစပ်ကြီးသည် နေရာတွင်ကျန်ရှိခဲ့သော သူ၏ပုံရိပ်ကိုသာ ဖမ်းဆုပ်နိုင်ခဲ့သည်။
“ဓားအက္ခရာ၊ ဖြတ် !”
ထို့နောက် စူးချန်ကဲသည် သူ့လက်ကို မြှောက်လိုက်ပြီး နောက်တစ်ကြိမ် ထပ်ညွှန်ကြားလိုက်သည်။
မရေမတွက်နိုင်သော ဓားမှော်သင်္ကေတများစွာ ထကြွလှုပ်ရှားလာခဲ့ပြီး ၊ ထိုဧရိယာတစ်ဝိုက်တွင် ဓားစွမ်းအင်မုန်တိုင်းအဖြစ်သို့ ရုတ်ချည်းပြောင်းလဲသွားကာ အမှောင်ရိပ်သားရဲကို လုံးလုံးလျားလျား ဖုံးအုပ်ပစ်လိုက်သည်။
တစ်ချိန်တည်းမှာပင်၊ ဓားစွမ်းအင်မုန်တိုင်းထဲမှ မရေမတွက်နိုင်သော ဓားအရိပ်များစွာ ထွက်ပေါ်လာခဲ့သည်။ ထိုဓားအရိပ်များသည် အမှောင်ရိပ်သားရဲအား နေရာလစ်လပ်မကျန် ပိုင်းခုတ်ပစ်ခဲ့သည်။
ရွှမ်း ရွှမ်း !!
ဘုန်း ဘုန်း ဘုန်း !!
အဆိုပါ ပြင်းထန်သော ဓားစွမ်းအင်၏အောက်တွင် သားရဲကောင်၏ ကျယ်လောင်သောဟောက်သံကို ကြားလိုက်ရသည်။
အမှောင်ရိပ်သားရဲသည် အနက်ရောင် အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားပြီး လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့သည်။
သို့သော် ၊ လူတိုင်းက စူးချန်ကဲလောက် အစွမ်းထက်သူများ မဟုတ်ကြပေ ။
အမည်မသိ အကြောင်းအရင်းကြောင့် အမှောင်ရိပ်သားရဲကောင်များသည် ပိုပို၍ များပြားလာပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သားရဲတို့၏ သတ်ဖြတ်ခြင်းကို ခံရပြီး အလောင်းကောင်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။
“ ဟင့်အင်း... ဒီမိစ္ဆာကောင်တွေရဲ့ အစာဖြစ်ရတာထက် ဧကရာဇ်လျှောက်လှမ်းမှာ သေရတာ ပိုကောင်းတယ်!”
စိတ်ပျက်အားငယ်နေသော လူအချို့သည် ဓားများကို ထုတ်ကာ ၎င်းတို့၏နှလုံးသားတည့်တည့် ထိုးသွင်းလိုက်ကြသည်။
သို့သော် ထိုလုပ်ရပ်သည် မှားယွင်းပေသည်။သူတို့ သေဆုံးသွားရင်တောင်မှ ၊ သူတို့သည် အမှောင်ရိပ်သားရဲများ၏ ထိန်းချုပ်မှုကိုခံထားရသော ရုပ်သေးများ ဖြစ်လာမည်ဖြစ်သည်။
“မြန်မြန်! ဓားစွမ်းအင် မဟာတံတိုင်းဆီကို သွားကြ!”
ရုတ်တရက်ဆိုသလို၊ ကျန်းဝမ့်ချင်က ထအော်လိုက်သည်။
“ဒီကောင်တွေက အလွန်ဆိုးရွားတဲ့ အရာတွေပဲ ၊ ဓားစွမ်းအင် မဟာတံတိုင်း ရဲ့ အထူးစည်းမျဉ်းတွေသာလျှင် ဒီကောင်တွေကို ခုခံနိုင်လိမ့်မယ်!”
သူ စုဆောင်းရရှိထားသော အချက်အလက်များအရ ၊ ဓားစွမ်းအင်မဟာတံတိုင်းသည် အမှောင်ထုကို ဖိနှိပ်တွန်းလှန်နိုင်သော နေရာတစ်ခုဖြစ်သောကြောင့် ထိုဧရိယာသည် လူတိုင်းအတွက် လုံခြုံနိုင်သည်။
အမှောင်ရိပ်သားရဲများမှ ကူးစက်ခံလိုက်ရသော ကျင့်ကြံသူတစ်ဦးကို တိတ်တဆိတ် ချေမှုန်းပြီးနောက်၊ စူးချန်ကဲသည်လည်း ရုတ်တရက်ဆန်လွန်းသော ဖြစ်ရပ်ကြောင့် အံ့အားသင့်ခဲ့ရသည်။
“ ဝမ့်ချင် ၊ ရှောင်ကူ ငါတို့ သွားကြစို့!”
(T/N : ရှောင်ကူ - အရိုးဖြူ ပင်လယ် ဘုရင်မ)
နတ်အလင်းတန်း သုံးစင်းသည် ကောင်းကင်သို့ ပျံတတ်သွားပြီး ဓားစွမ်းအင်မဟာတံတိုင်းကြီးဆီသို့ ဦးတည်ခဲ့ကြသည်။
ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း၏ ပင်မမျိုးဆက်များသည်လည်း တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြပြီး တွန့်ဆုတ်မနေဝံ့ဘဲ ဓားစွမ်းအင်မဟာတံတိုင်းကြီးဆီသို့ ထွက်ခွာလာခဲ့ကြသည်။
“သေစမ်း... တစ်စုံတစ်ယောက်ကများ ဓားစွမ်းအင်မဟာတံတိုင်းကြီးရဲ့ စည်းတံဆိပ်ကို ဖယ်ပြီး.... ဖိနှိပ်ချုပ်လှောင်ထားခဲ့တဲ့ အမှောင်ရိပ်သားရဲကို လွှတ်ပေးလိုက်တာများလား?”
ချန်းဟွမ်းထျန်းသည် မျက်မှောင်ကြုတ်လိုက်သည်။ သူတို့သည် ဓားစွမ်းအင်မဟာတံတိုင်း နှင့်ပတ်သက်သော အချက်အလက်များစွာကို စုဆောင်းခဲ့သည်။
ကိုးကွေ့ဆယ်ရပ် ဓားဖွဲ့စည်းပုံသည် တုနှိုင်းမဲ့ လူသတ်လက်နက် ဖြစ်သည်။
ထို့အပြင် ဟိုးအနက်ရှိုင်းဆုံးတွင် ရှိနေသော ဧရာမ ကျောက်တံခါးကြီးမှာ ဖျက်စီးခြင်းနတ်ဆိုးလိုဏ်ဂူပင် ဖြစ်သည်။
“ကျောက်တံခါးကြီးကို ဖွင့်ပေးလိုက်တဲ့ကောင်က သေချာပေါက် ဆိုးယုတ်တဲ့ကောင် ဖြစ်ရမယ် !”
ချန်းဟွမ်းထျန်းတစ်ယောက် ဒေါသထွက်နေခဲ့သည်။ဤရုတ်ချည်းဆန်လွန်းသော အခြေအနေကြောင့် သူ၏မူလအစီအစဉ်မှာ လုံးဝ ပျက်ယွင်းသွားခဲ့သည်။
“ဘယ်သူလဲဆိုတာ သိတာနဲ့ အသေသတ်ပစ်မယ်!”
ရွှမ်း ရွှမ်း !
နှစ်ဖက်စလုံး တယောက်ပြီးတယောက် ဆုတ်ခွာခဲ့ကြသည်။
လူတိုင်း ဓားစွမ်းအင်မဟာတံတိုင်းကြီးဆီသို့ ဦးတည်ခဲ့ကြသည်။
သို့သော် ပါရမီရှင်တော်တော်များများသည် ဤလမ်းတစ်လျှောက် အမှောင်ရိပ်သားရဲများ၏ ကိုက်စားခြင်းကိုခံရပြီး အသက်ပျောက်ခဲ့ရသည်။
……..
သွေးသံရဲရဲ ပြင်ပကမ္ဘာနှင့် ယှဉ်ရင်။
ဓားစွမ်းအင် မဟာတံတိုင်းကြီး၏ အနက်ရှိုင်းဆုံး အပိုင်းတွင် အရပ်ရှည်ရှည် လူတစ်ယောက်သည် ပွင့်နေသော ကျောက်တံခါးကြီး၏ ရှေ့တွင် ရပ်နေသည်။
“ဟူး...တော်သေးတယ်၊ ငါ့မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ မှော်လက်နက်တွေ အလုံအလောက်ရှိလို့သာပေါ့၊ ပြီးတော့ ရောင်ဝါကို ဖုံးကွယ်နိုင်တဲ့ မှော်လက်နက်တွေရဲ့ ကျေးဇူးကြောင့်ပဲ... “
ထိုလူသည် သက်ပြင်းရှည်ချကာ ညည်းညူလိုက်သည်။
“ကံကောင်းထောက်မစွာနဲ့ အမှောင်သားရဲတွေ ငါ့ကို ရှာတွေ့မသွားဘူး...”
စကားပြောသူမှာ ပုကျုံတောင်မှ ဆင်းသက်လာသူ ထျန်းရှင် ဖြစ်သည်။
သူသည် ဓားစွမ်းအင်မဟာတံတိုင်းကို တစ်ချိန်လုံး ချောင်းနေခဲ့သည် ။
လွန်ခဲ့သောရက်အနည်းငယ်က ကျန်းဝမ့်ချင် နှင့် ခွင်းဖိန် ရှန်ကျွင်းတို့သည် ဤနေရာတွင် တိုက်ခိုက်ခဲ့ကြသည်။
ကျန်းဝမ့်ချင်သည် စူးချန်ကဲရောက်ရှိလာခြင်းကြောင့် ဓားစွမ်းအင်မဟာတံတိုင်းမှ ခေတ္တထွက်ခွာခဲ့သည်။
ဤသည်မှာ ရတနာများကို ခိုးယူရန် အခွင့်အရေးကောင်း တစ်ခုဖြစ်သောကြောင့် သူ့အနေဖြင့် လက်လွတ်မခံချင်သည်မှာ သဘောဝကျသည်။
ထို့ကြောင့် ချန်းခွင် ရတနာရှာအိမ်မြှောင်၏ ညွှန်ကြားချက်အရ သူသည် ဓားစွမ်းအင်မဟာတံတိုင်းအတွင်းရှိ ဧရာမကျောက်တံခါးကြီးဆီသို့ ရောက်ရှိလာခဲ့သည်။
ချန်းခွင် ရတနာရှာအိမ်မြှောင်၏ ညွှန်ကြားပြသမှုရှိနေသောကြောင့် သူသည် ဓားစွမ်းအင်မဟာတံတိုင်းနှင့် ပတ်သတ်သော အချက်အလက်များကို အသေးစိတ်စုဆောင်းရန် ပျင်းရိခဲ့သည် ။
ထို့ကြောင့် ကျောက်တံခါးကြီးကို ဖွင့်လိုက်သောအခါတွင် ချိတ်ပိတ်ခံထားရသော အမှောင်ထု သားရဲကောင်များစွာကို လွှတ်ပေးခဲ့မိသည်။
ယခုလို အကြင်နာကင်းမဲ့သော လုပ်ရပ်ကြောင့် အပြင်က တပည့်များအားလုံး ဒုက္ခရောက်ခဲ့ရသည်။
“အိုင်း...ဒါပေမယ့် ဒါက ငါ့အပြစ်ပြောလို့ မရဘူးလေ ၊ မဟာလမ်းစဉ်မှာ အားလုံးက ကိုယ့်အကျိုးစီးပွားအတွက်ပဲလေ မဟုတ်ရင် အထွတ်အထိပ်ကို ဘယ်လိုလုပ်ရောက်နိုင်မလဲ”
ထျန်းရှင်သည် ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည်။
“ပြီးတော့ အခု ဟိုနတ်ဆိုးကောင်က ဒီမှာ ရောက်နေပြီ၊ ငါ အရင်မရောက်ရင် ဘာမှကျန်တော့မှာမဟုတ်ဘူး “
သူ့ကိုယ့်သူ နှစ်သိမ့်လိုက်ရင်း၊ ဤအရာအားလုံးကို နောက်ကိုပို့ထားလိုက်သည်။
ထို့နောက် တေးသွားလေး တမြည်မြည် ဆိုညည်းရင်း ၊ ကျောက်တံခါးမကြီးထဲသို့ ဝင်ရောက်သွားခဲ့လေသည်။
လောကကြီးက ဘယ်သူသေသေ ငတေမာပြီးရော မဟုတ်လား!
အပိုင်း(၄၁၄): အင်းဆက်အုပ်စုတစ်စုက အချင်းချင်းပူးပေါင်းပြီး နဂါး တစ်ကောင်ရဲ့ ကံကြမ္မာကို သတ်မှတ်ဖို့ကြိုးစားနေတာလား ?
ဓားစွမ်းအင် မဟာတံတိုင်းကြီးသည် ကျောက်ကမ်းပါးများနှင့် တောင်ထိပ်ပေါ်တွင် တည်ရှိသည်။
၎င်းသည် တစ်ချိန်က အမှောင်ထုတပ်ဖွဲ့ကို တိုက်ထုတ်ရန် လူသားမျိုးနွယ်၏ အပြင်းထန်ဆုံး ခံစစ်များထဲမှ တစ်ခုဖြစ်သည်။
၎င်းကို သဘာဝအတားအဆီးပေါ်တွင် တည်ဆောက်ထားရုံသာမက အကောင်းဆုံးသော ထျန်းရွှမ်နတ်ဘုရားကျောက်တုံးများဖြင့်လည်း တည်ဆောက်ထားသည်။
မရေမတွက်နိုင်သော ခေတ်ကာလပေါင်းများစွာ ကုန်လွန်သွားသော်လည်း၊ ၎င်းတွင် သန်းပေါင်းများစွာသော နတ်တန်ခိုးများ စီးဆင်းနေပြီး တသီးတခြားတည်ရှိနေသော ကမ္ဘာကြီးကဲ့သို့ ဓားမှော်သင်္ကေတများက လွတ်လွတ်လပ်လပ် သက်ဝင်လှုပ်ရှားနေသည်။
ဓားစွမ်းအင် မဟာတံတိုင်းကြီးနှင့် ပိုပြီး နီးကပ်လေလေ၊ ၎င်း၏ ကြီးကျယ်ခမ်းနားသော အရှိန်အဝါကို ပို၍ ခံစားရလေလေ ဖြစ်သည်။
မြင့်မားသော မြို့ရိုးများသည် သဘာဝအတားအဆီးများကို ဖြတ်ကျော်ကာ ကြီးမားသော ကျောက်တုံးနဂါးကြီးအဖြစ် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားသည်။
ရှေးဟောင်းမြို့ရိုးများတွင် ခေတ်ကာလတစ်ခု၏ အငွေ့အသက်များ ရှိနေဆဲပင်ဖြစ်ပြီး ၊ စွန်းထင်းနေသော သွေးစက်များက ထိုခေတ်ကာလ၏ ဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်ကို ပြောပြနေပုံရသည်။
စစ်ပွဲတစ်ခုလုံးကို စောင့်ကြည့်နိုင်သည့် ကြေးညိုရောင် မီးပြတိုက်မျှော်စင်သည် အလွန်တရာမျှ ကြီးကျယ်ခမ်းနားပြီး ၊ ရှေးကျသော ကျက်သရေတစ်ခုကို ဝှက်ထားသကဲ့သို့ ဆန်းကြယ်သောခံစားချက်ကို ပေးစွမ်းနေသည်။
ကောင်းကင်ယံ၌ နတ်သက်တံများ အစီအရီ ဖြတ်သန်းလာကြသည်။
အမှောင်ရိပ်သားရဲအုပ်စုကို ရှောင်ရှားရန်အတွက် ဧကရာဇ်လျှောက်လှမ်း၏ ပဉ္စမအဆင့်တွင် ပါဝင်ခဲ့ကြသော ဧကရာဇ်တစ်ပိုင်းအဆင့်ရှိ ကျင့်ကြံသူတိုင်း ဤနေရာသို့ရောက်ရှိလာကြသည်။
ဓားစွမ်းအင် မဟာတံတိုင်း၏ အထက်ဝေဟင်မှ ဆင်းသက်လာနိုင်ပြီးမှသာလျှင် ၊
လူတိုင်း စိတ်သက်ရာရစွာဖြင့် သက်ပြင်းချနိုင်သည်။
ကြွယ်ဝသောဓားစွမ်းအင်သည် ဂုဏ်သတ္တိတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပုံရပြီး ၊ ကောင်းကင်နှင့် မြေကြီးတစ်လျှောက်ရှိ ဝိညာဉ်စွမ်းအားများအစား ဓားစွမ်းအင်များက အစားထိုး ဝင်ရောက်လာခဲ့သည်။
အဆုံးမရှိသော ဓားစွမ်းအင်များဖြင့် ဖွဲ့စည်းထားသော အလင်းကန့်လန့်ကာတွင် ကြီးမားသော အပေါက်တစ်ခု ရှိနေသည်။
အမှောင်ရိပ် သားရဲအုပ်စုသည် ထိုအပေါက်မှတဆင့် လွတ်မြောက်သွားပုံရသည်။
“ဓားစွမ်းအင် မဟာတံတိုင်းကလည်း ကြာရှည်မခံမှာကို စိုးရတယ်...”
စူးချန်ကဲသည် ထိုမြင်ကွင်းကို ကြည့်ရင်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
အချိန်များကုန်ဆုံးလာသည်နှင့်အမျှ ၊ ဓားစွမ်းအင် မဟာတံတိုင်းကြီး၏ စွမ်းအားများသည် ပျောက်ကွယ်လုနီးပါး ဖြစ်လာခဲ့သည်။
စူးချန်ကဲ၏ နတ်အသိစိတ်အာရုံအောက်တွင်၊
လေထုထဲတွင် ပျက်စီးနေသော မှော်အခင်းအကျင်း၏ အပိုင်းအစများ ရှိနေပြီး ဤနေရာရှိ ထုတ်ဖော်မပြောနိုင်သော လျို့ဝှက်ချက်များပင်လျှင် ပရမ်းပတာဖြစ်နေသည်ကို သူ ခံစားမိသည်။
“သွားမယ်၊ ဓားစွမ်းအင် မဟာတံတိုင်းအပြင်က မလုံခြုံဘူး၊ အတွင်းပိုင်းထဲကို ဝင်ရအောင်”
စူးချန်ကဲ၏ အမိန့်နှင့်အတူ ၊ ကျန်းဝမ့်ချင် နှင့် အရိုးဖြူ ပင်လယ် ဘုရင်မတို့သည် ဓားစွမ်းအင်မဟာတံတိုင်း၏ အနက်ရှိုင်းဆုံး အပိုင်းသို့ ဝင်ရောက်လာခဲ့သည်။
ရှင်သန်လိုသူများသည် စူးချန်ကဲ၏ နောက်သို့ လိုက်လာခဲ့ကြသည်။ တဖက်လူ၏ စွန့်ပစ်မှုကိုခံရကာ သေဆုံးသွားမည်ကို သူတို့ ကြောက်မိပေသည်။
……..
စူးချန်ကဲသည် အထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လာခဲ့သည်။
သူ့ရှေ့က မြင်ကွင်းသည် တစ်ဖန် ပြောင်းလဲသွားခဲ့သည်။
သူတို့သည် မြေအောက်ထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လာခဲ့ပုံရသည်။
ဤအချိန်တွင် ၊ သူတို့သည် ကြီးမားသော ပြပွဲခန်းမတစ်ခုထဲသို့ ရောက်ရှိလာခဲ့ပုံရသည်။
အတိုင်းအတာအရ ၊ နေရာသည် မီတာထောင်ပေါင်းများစွာ ကျယ်ဝန်းပေသည်။
ခန်းမကြီးထဲတွင် ကြီးမားသော ကျောက်စာတိုင် ဆယ်တိုင်က ထောက်တိုင်တစ်ခုအဖြစ် ရှိနေသည်။
“အဲဒါက...”
စူးချန်ကဲ၏ အကြည့်များသည် ကြီးမားသော ကျောက်တံခါးဆီသို့ ချက်ချင်းကျရောက်သွားသည်။
မူလက စည်းတံဆိပ်ခတ်ထားသော ကျောက်တံခါးသည် အထဲကနေ ပွင့်နေပြီး ၊ အထဲတွင် သန့်စင်သော အမှောင်ထုအငွေ့အသက်များ ကျန်ရှိနေသည်။
ထွေထွေထူးထူး မှန်းဆစရာပင်မလိုချေ။
ထိုအမှောင်ရိပ်သားရဲကောင်သည် ဤနေရာကနေ လွတ်မြောက်သွားခြင်း ဖြစ်ပေမည်။
“ဒါက... ကျူထျန်း ဓားဂိတ်တံခါးလား!?”
ကျန်းဝမ့်ချင်၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားသည်။
“ကျူထျန်း ဓားဂိတ်တံခါး ...? ဓားစွမ်းအင်မဟာတံတိုင်းရဲ့ အာကာသ တယ်လီပို့ဂိတ်လို့ဆိုတာလား?”
စူးချန်ကဲက ဆိုလိုက်သည် ။
ကျူထျန်း ဓားဂိတ်တံခါး။
အချက်အလက်စုံစမ်းစစ်ဆေးမှုအရ ၊ ၎င်းကို ကြီးမားသော အာကာသ တယ်လီပို့ဂိတ်ဟု သိထားသည်။
ထိုကာလတွင်၊ ဓားစွမ်းအင် မဟာတံတိုင်းကြီးကို လုံးလုံးလျားလျား မပျောက်ကွယ်သွားစေရန် အတွက် စဉ်ဆက်မပြတ် ပံ့ပိုးကူညီမှုများ ရှိရမည်ဖြစ်သည်။
အဆုံးမရှိသော အမှောင်ထုကိုရင်ဆိုင်ရာတွင် လူသားမျိုးနွယ်၏ စစ်မြေပြင် အရင်းအမြစ်များနှင့် ထောက်ပံ့ရေးပစ္စည်းများ လုံလောက်စွာမတတ်နိုင်ခဲ့ပါက၊ အစကတည်းက အနိုင်ရရန် အခွင့်အလမ်း ရှိခဲ့မည်မဟုတ်ချေ။
ထိုစစ်ပွဲအပြီးတွင် ၊ ကျူထျန်း ဓားဂိတ်တံခါးကို တံဆိပ်ခတ်ကာ အပြီးတိုင် ချိတ်ပိတ်ခဲ့သည်။
ထိုစစ်ပွဲ၏နောက်ဆက်တွဲ ရလဒ်အနေဖြင့်၊ ဤကမ္ဘာကြီးရှိ ထုတ်ဖော်မပြောနိုင်သော လျို့ဝှက်ချက်များသည် ဖရိုဖရဲဖြစ်ခဲ့ရပြီး အချိန်နှင့် နေရာတို့သည်လည်း ပြောင်းပြန်ဖြစ်ကာ မတည်မငြိမ်ဖြစ်ခဲ့ရသည်ဟု အချို့က ဆိုကြသည်။
ဓားစွမ်းအင် မဟာတံတိုင်းကြီး၏ ဓားသမားများသည် ထိုအမှောင်ထု သားရဲများကို သုတ်သင်ပြီးနောက်တွင် ၎င်းတို့၏ စိတ်ဝိညာဉ်နှင့် ဝိညာဉ် အကြွေးအကျန်များကို ကျူထျန်းဓားဂိတ်တံခါးဆီသို့ လုံးလုံးလျားလျား နှင်ထုတ်ခဲ့သည်ဟု အချို့က ဆိုကြသည်။
အထူးသဖြင့် ဧကရာဇ်လျှောက်လှမ်းကို ဖြတ်တောက်ပြီးနောက်၊ ကျူထျန်းဓားဂိတ်တံခါးရှိ နိယာမစည်းမျဉ်းများကိုလည်း အပြောင်းအလဲအချို့ ပြုလုပ်ခဲ့သည်။
တည်ငြိမ်မှုမရှိသော အချိန်နှင့်နေရာသည် အခြားသော ဧကရာဇ်လျှောက်လှမ်း ဂိတ်များနှင့်ဆက်စပ်နေပါက ၊ သင်သည်
ဧကရာဇ်လျှောက်လှမ်း၏ နဝမအဆင့်သို့ တိုက်ရိုက် ရောက်ရှိနိုင်ပေမည်။
သို့သော် လူတိုင်း ထိုနေရာကို လှမ်းကြည့်နေကြစဉ် ၊
ဘုန်း !
ရုတ်တရက်၊ ဓားစွမ်းအင် မဟာတံတိုင်းအပြင်ဘက်မှ ကြီးမားသော ပေါက်ကွဲသံ တစ်ခုထွက်ပေါ်လာသည်။
မြေငလျင်ကဲ့သို့ ပြင်းထန်စွာ လှုပ်ခတ်သွားသည်။
“ မကောင်းတော့ဘူး ! အမှောင်ရိပ်သားရဲကောင်တွေ လိုက်လာပြီ !”
နောက်ဆုံးဝင်ရောက်လာသော ဧကရာဇ်တစ်ပိုင်းအဆင့် ပါရမီရှင်တစ်ယောက်က ထိတ်လန့်တကြားဖြင့် အော်ပြောလိုက်သည်။
“ သေစမ်း! အခုသွားရမယ့်လမ်းက နှစ်ခုပဲရှိတယ်...”
“တစ်ခုက ဒီကျူထျန်း ဓားဂိတ်တံခါးကို ဝင်ရမယ်...”
“ဒုတိယက....”
ချန်းဟွမ်းထျန်းသည် အေးစက်စက်ပြုံးလိုက်သည်။
သူ၏ အေးစက်တောက်ပသော အကြည့်များဖြင့် စူးချန်ကဲကို လှမ်းကြည့်လိုက်သည်။
ယခု သူတို့သည် ကိုးကွေ့ဆယ်ရပ် ဓားအစီအရင်ကို အသက်သွင်းနိုင်စွမ်းမရှိသော်လည်း ၊
သို့ရာတွင် ဆန့်ကျင်ဘက်အနေဖြင့် ဓားလမ်းစဉ်အရာတွင် ထူးချွန်ထက်မြက်သော စူးချန်ကဲကတော့ လုပ်နိုင်ပေလိမ့်မည်။
တစ်ဖက်က ငြင်းရင်တောင် ကိစ္စမရှိချေ။ မည်သို့ပင်ဆိုစေကာမူ ၊ ဤအခြေအနေတွင် လုပ်နိုင်စွမ်းရှိသူများသည် မိမိကိုယ်ကို အနစ်နာခံကာ စေတနာ့ဝန်ထမ်း လုပ်ကြလိမ့်မည် မဟုတ်ချေ။
သို့ဖြစ်၍ ရေနစ်နေသူများ၏ မုန်းတီးမှုကို ခံရပေမည်။ ဤသည်က စူးချန်ကဲကို လူအများ၏ ဝေဖန်မှုပစ်မှတ် ဖြစ်စေရန် သူ့အတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်။
စိတ်ထဲတွင် သေချာတွက်ချက်လိုက်သည်။
ထို့နောက် ချန်းဟွမ်းထျန်းသည် စူးချန်ကဲအား လှမ်းဆိုလိုက်သည်။
“ စူးချန်ကဲ ငါသိထားတဲ့အချက်အလက်အရ ဓားစွမ်းအင်မဟာတံတိုင်းမှာ အလွန်ကိုအားကောင်းတဲ့ ဓားဖွဲ့စည်းပုံတစ်ခု ရှိတယ်၊ သူ့အမည်က ကိုးကွေ့ဆယ်ရပ်တဲ့ “
“ဒီဓားဖွဲ့စည်းပုံက ဓားစွမ်းအင်မဟာတံတိုင်းရဲ့ အမွေအနှစ်ပဲ ၊ သူ့မှာရှိတဲ့ ယန်ဓာတ် ဓားစွမ်းအင်က အမှောင်ထုကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်မယ်ဆိုတာ သေချာတယ် “
“ ချန်ကဲ ဆက်ခံသူက ဓားလမ်းစဉ်အရာမှာ ငါတို့တွေထက် ပိုပြီးသာလွန်တယ် ၊ ဒါ့ကြောင့် ဒီဓားဖွဲ့စည်းပုံကို အသက်သွင်းဖို့ မင်းက အသင့်တော်ဆုံးသူပဲ “
ထိုစကားသံအဆုံးတွင် ၊
လူတိုင်း စူးချန်ကဲအား မျှော်လင့်တကြီး စိုက်ကြည့်လိုက်ကြသည်။
သို့သော် ကျန်းဝမ့်ချင် နှင့် အရိုးဖြူ ပင်လယ်ဘုရင်မတို့သည် မှုန်ကုတ်သွားကြသည် ။
ယခု အမှောင်ရိပ်သားရဲများသည် ဓားစွမ်းအင်မဟာတံတိုင်း၏ အကာအကွယ် ဓားကန့်လန့်ကာကို ဖြတ်ကျော်ဝင်ရောက်လာပေတော့မည်။
စူးချန်ကဲမှ ကိုးကွေ့ဆယ်ရပ် ဓားဖွဲ့စည်းပုံကို ရှာမတွေ့ခင် ဤအကာအကွယ် ဓားကန့်လန့်ကာသည် မည်မျှကြာကြာခံနိုင်မည်ကို ဘယ်သူကများ အာမခံနိုင်သနည်း။
ဒါက တခြားသူတွေကို ကူညီဖို့ စူးချန်ကဲကို သွားသေခိုင်းတာပဲ မဟုတ်လား?!
မကောင်းဆိုးဝါးမျိုးနွယ် ပင်မဆက်ခံသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ဆက်လက်ပြီး၊ တောက်နေသော မီးတောက်ကို ယပ်ခတ်ပေးရမည်မှာ သူတို့ဝာာဝန်ပင်။
“ဟုတ်တယ်၊ ချန်ကဲ ဆက်ခံသူက ဓားလမ်းစဉ်အရာမှာ ပြိုင်ဘက်ကင်းတယ် ကိုးကွေ့ဆယ်ရပ် ဓားဖွဲ့စည်းပုံကို အသက်သွင်းဖို့က ချန်ကဲ ဆက်ခံသူသာလျှင် ဖြစ်နိုင်လိမ့်မယ်!”
ခွင်းဖိန် ရှန်ကျွင်းသည် ပြုံးကာဆိုလေသည်။
“လူသားမျိုးနွယ်တွေရဲ့ ရှေးစကားတစ်ခွန်းရှိတယ်၊ လုပ်နိုင်စွမ်းရှိလေ တာဝန်ပိုကြီးလေဆိုတာပဲ ၊ ချန်ကဲ ဆက်ခံသူအနေနဲ့ ဒီလို ဆုံးဖြတ်ချက်ချလိမ့်မယ်လို့ ငါ သေချာပေါက် ယုံကြည်တယ်”
“ဟားဟား! ချန်ကဲ ဆက်ခံသူက ဘယ်လောက်တောင် ကြီးမြတ်တဲ့ပုဂ္ဂိုလ်လဲ ? ဒီလိုတာဝန်မျိုးကို ချန်ကဲ ဆက်ခံသူတစ်ယောက်တည်းကသာ တာဝန်ယူနိုင်လိမ့်မယ်”
မေ့ထျန်းယွီ့က တခစ်ခစ်ရယ်လိုက်ပြီး ချစ်စဖွယ်ကောင်းသော အသံဖြင့်ဆိုလေသည်။
“ ကျွန်တော်မျိုးမတောင် ချန်ကဲ ဆက်ခံသူရဲ့ စိတ်ဓာတ်ကို သဘောကျသွားပြီ”
မကောင်းဆိုးဝါး အမျိုးအနွယ်ပေါင်းတို့၏ မြှောက်ပင့်ပြောဆိုမှုသည် အောင်မြင်ခဲ့သည်မှာ သံသယဖြစ်စရာမရှိပေ။
လူတိုင်း၏ အကြည့်များသည် ပို၍ပြင်းထန်လာပြီး ဤအခြေအနေကို သဘောတူရန် မျှော်လင့်နေသကဲ့သို့ စူးချန်ကဲကို စိုက်ကြည့်နေကြသည်။
“မင်းတို့ကောင်တွေ ဘာကြံနေမှန်း ငါတို့မသိဘူးလို့ထင်နေလား!?”
“မင်းတို့ အစကတည်းက စူးချန်ကဲကိုကိုင်တွယ်ဖို့ ကိုးကွေ့ဆယ်ရပ် ဓားဖွဲ့စည်းပုံကို သုံးဖို့ကြံနေခဲ့တာ ၊ ခုလို အပြောင်းအလဲမှာတောင် မင်းတို့ရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ တခြားသူကို စတေးခိုင်းနေတာပဲ!”
ကျန်းဝမ့်ချင်၏ မျက်နှာသည် အလွန်အေးစက်နေပြီး၊ သူ၏ ပတ်ဝန်းကျင်တွင် ရှိနေသော ဓားစွမ်းအင်များက ဟောက်သံပြုလို့နေသည်။
တရားမျှတမှုရှိခဲ့သော ဤကဲ့သို့သော နေရာမျိုးတွင် ထိုသကောင့်သားများသည် ယခုလို အရှက်ကင်းမဲ့သော အပြုအမှုမျိုးကို လုပ်ဆောင်ခဲ့သည်။
ဒါ ဓားစွမ်းအင် မဟာတံတိုင်းကြီးအပေါ် စော်ကားပြုမှုလိုက်တာပဲ မဟုတ်လား!?
“ စူးချန်ကဲက သဘောတူရင်တောင် ငါ ကျန်းဝမ့်ချင်က ...”
သို့သော် သူ့စကားမဆုံးခင်၊
စူးချန်ကဲသည် ဤကိစ္စကို သူကိုယ်တိုင် ဖြေရှင်းမည်ဖြစ်ကြောင်း ပြသကာ သူ့ပုခုံးကို လှမ်းပုတ်လိုက်သည်။
စူးချန်ကဲသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
သူသည် မကောင်းဆိုးဝါး ပင်မ မျိုးဆက်လေးဦးအပြင် ပတ်ဝန်းကျင်တွင် ရာနှင့်ချီရှိနေသော လူတိုင်းကို ကြည့်လိုက်သည်။
စူးချန်ကဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ဆိုလေသည်။
“မင်းတို့က လူအင်အားသုံးပြီး ၊ ငါ စူး မျိုးရိုးရဲ့ ကံကြမ္မာကို ဆုံးဖြတ်ချင်ကြတာလား?”
“ ဒါဆို မင်းတို့ အမှားလုပ်မိသွားပြီပဲ “
ထို့နောက် သူ့အပြုံးသည် အေးစက်သော အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
“ အင်းဆက်အုပ်စုတစ်စုက အချင်းချင်းပူးပေါင်းပြီး နဂါး တစ်ကောင်ရဲ့ ကံကြမ္မာကို သတ်မှတ်ဖို့ကြိုးစားနေတာလား ?”
“ဒါမှမဟုတ်”
“ ငါ မင်းတို့ကို မသတ်နိုင်ဘူးလို့ ထင်နေကြတာလား?”
အပိုင်း(၄၁၅): လူတိုင်းရဲ့ရန်သူ ၊ စစ်မှန်တဲ့ ဓားသမားဆိုတာ ဘာလဲ
ထိုစကားသံအဆုံးတွင် ၊
မဟာလမ်းစဉ်နိယာမတရား၏ မှော်သင်္ကေတများသည် စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲမှ တဟုန်းဟုန်း ထိုးတတ်လာသည်။
၎င်းတို့သည် ဆန်းကြယ်သော နွေဦးပမာ စူးချန်ကဲ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရစ်ဝဲနေသည်။
တစ်ချိန်တည်းမှာပင် သူ၏ ရောင်ဝါသည် လျင်မြန်စွာ မြင့်တက်လာခဲ့သည်။
ဘုန်း ဘုန်း ဘုန်း !
ဝိညာဉ်စွမ်းအားများသည် ကြမ်းတမ်းစွာ ပေါက်ကွဲထွက်လာပြီး ၊ မိုးခြိမ်းသံကဲ့သို့ အသံဗလံများကို ထုတ်လွှတ်ပေးနေလေ၏။
ကောင်းကင်တဝိုက် သက်ဝင်စီးဆင်းနေသော သွေးချီစွမ်းအားများက သူ၏ သန်မာလှသော ကိုယ်ကာယကို ပြသပေးနေသည်။
ထို့ထက်ပို၍ ကြောက်စရာကောင်းသည်မှာ၊
စူးရှတောက်ပသော ဓားစွမ်းအင်များသည် စူးချန်ကဲ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ၊ သူ့ ခန္ဓာကိုယ်တစ်ခုလုံး အလွန်တောက်ပနေသည်။
ဓားစွမ်းအင် မဟာတံတိုင်းတွင် မူလကတည်းက ရေးထွင်းထားခဲ့သော ဓားသင်္ကေတ အမှတ်အသားများသည် ၎င်း၏ ဆင့်ခေါ်ခြင်းကိုခံလိုက်ရပုံကာ တညီတညွတ်တည်း အသံပေးနေသည်။
မရေမတွက်နိုင်သော ဓားသင်္ကေတ အမှတ်အသားများသည် ဤခန်းမတစ်လျှောက် ပျံ့လွင့်နေပြီး ၊ အဆုံးမရှိသော ဓားဆန္ဒတို့သည် ကျောက်နံရံအထက်တွင် သက်ဝင်စီးဆင်းနေသည်။
“ဒါ... ဓားစွမ်းအင် မဟာတံတိုင်းကြီးက စူးချန်ကဲကို တုံ့ပြန်မှုပေးနေတာလား?”
ဤမြင်ကွင်းကြောင့် ကျန်းဝမ့်ချင်သည် ပြောမပြတတ်အောင် ထိတ်လန့်သွားခဲ့ရသည် ။
မူလက သူ၏တိုးတက်မှုသည် လုံလောက်ပြီဟု ထင်မှတ်ထားခဲ့သော်လည်း စူးချန်ကဲ၏ ဓားဆန္ဒသည် သူ့ထက် များစွာကြီးမားနေလိမ့်ဟု ထင်မထားခဲ့ပေ။
“ စူးချန်ကဲ! မင်းက မင်းရဲ့တာဝန်တွေကို ကျေပွန်အောင် မလုပ်ချင်တဲ့အပြင် ငါတို့ကို တိုက်ခိုက်ချင်သေးတာလား?”
ချန်းဟွမ်းထျန်း၏ မျက်နှာသည် အေးစက်နေသည်။ဤမျှ ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားစွမ်းအင် ပေါင်းစည်းမှုကြီးသည် သူ့အား အနည်းငယ် စိတ်မသက်မသာ ဖြစ်စေသည်။
“ ဟွန်း ! နာမည်ကြီးလှတဲ့ ချန်ကဲ ဆက်ခံသူက ခုလို သေးသိမ်တဲ့လူဖြစ်မယ်လို့ မမျှော်လင့်ထားဘူး၊ တကယ်ကို ရယ်စရာကောင်းတယ်”
“ဒီမှာရှိတဲ့ လူတော်တော်များများက မင်းတို့လို လူသားမျိုးနွယ်တွေပဲ ၊ မင်းက သူတို့ကို ကယ်ဖို့ဆန္ဒမရှိတဲ့အပြင် ဒီလိုလုပ်ရပ်မျိုး လုပ်ချင်သေးတာလား!?”
“……..”
မကောင်းဆိုးဝါးမျိုးနွယ်စုသည် မီးထဲသို့ လောင်စာထည့်လိုက်ပြန်သည်။
ပတ်ဝန်းကျင်ရှိ လူများ၏ မျက်လုံးများသည် စိတ်ပျက်အားငယ်မှု မှ ဒေါသအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
မှန်၏။ စူးချန်ကဲသည် အစွမ်းအစရှိပါလျက်နဲ့ ဘာကြောင့်များ သူတို့ကို ကယ်တင်ဖို့ ဆန္ဒမရှိသနည်း။
ထိုမြင်ကွင်းကို ကြည့်ရင်း ၊
စူးချန်ကဲသည် အေးစက်သော အပြုံးတစ်ခုအဖြစ် ပြုံးရယ်လိုက်သည်။
“ ဟာသပဲ”
ထိုစကားအဆုံးတွင် ၊
စူးချန်ကဲသည် သူ့လက်ကို မြှောက်ကာ ညွှန်ကြားလိုက်သည်။
ဟင်းလင်းပြင် ကွက်လပ်ထဲတွင် ရှိနေခဲ့သော အဆုံးမရှိသော ဓားစွမ်းအင်များသည် ဓားတစ်ချောင်း၏ အသွင်အပြင်အဖြစ် ပေါင်းစပ်သွားသည်။
ကောင်းကင်ထက်တွင် တွဲလောင်းအနေအထားဖြင့် ရှိနေပြီး ၊ ဓားကိုယ်ထည်တစ်ခုလုံး ဝင်းထိန်တောက်ပကာ လှုပ်ခါနေသည်။
စူးချန်ကဲတို့ သုံးယောက်မှလွဲ၍ မရေမတွက်နိုင်သော ဓားအရိပ်များသည် လူတိုင်းကို ချိန်ရွှယ်ထားသည်။
ဤမြင်ကွင်းသည် လူတိုင်း၏ အမူအရာကို သိသိသာသာ ပြောင်းလဲသွားစေပြန်သည်။
စူးချန်ကဲသည် သူတို့အားလုံးကို အရေးယူဖို့ တကယ်ကို အဆင်သင့်ဖြစ်နေပြီပင်။
သူတို့အားလုံးသည် အစမှအဆုံး မှားယွင်းစွာဖြင့် ကောက်ချက်ချခဲ့သော ကိစ္စတစ်ခုရှိပေသည်။
ဤသည်မှာ သူတို့နှင့် စူးချန်ကဲကြားက ကွာဟချက်သည် ချောက်ကြီးတစ်ခုလို ကြီးမားပြီး စကားလုံးများဖြင့် ပြောင်းလဲနိုင်သော အရာမဟုတ်သည်မှာ သေချာသည်။
“ စူးချန်ကဲ ငါအကြံပေးလိုက်မယ်...”
ချန်းဟွမ်းထျန်း၏ စကားအဆုံးထိ မစောင့်တော့ဘဲ စူးချန်ကဲသည် သူ၏ လက်ချောင်းများကို အပေါ်မှ အောက်သို့ နှိမ့်ချကာ ညွန်ကြားလိုက်သည်။
ထို့နောက် သူသည် မန္တာန်တစ်လုံးကို ပေါ့ပေါ့ပါးပါး ရေရွတ်လိုက်သည်။
“ ဖြတ် ! “
ထိုအခိုက်တွင် ၊ လေထဲတွင် ပေါက်ကွဲသံများ ဆက်လက်ဆိုသလို ထွက်ပေါ်လာသည်။
မရေမတွက်နိုင်သော ဓားအလင်းများသည် လေထုကို ဖောက်ထွင်းကာ လူတိုင်းဆီသို့ ချက်ခြင်း ကျရောက်လာသည်။
အထူးသဖြင့် ၊ ချန်းဟွမ်းထျန်း ဦးဆောင်သော ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း၏ ပင်မ မျိုးဆက်များထံ ပြေးဝင်သွားသော ဓားသွားအရေအတွက်မှာ အဆုံးမရှိသလိုပင်။
ဘုန်း ! ဘုန်း ! ဘုန်း !
ဓားအလင်း အရိပ်များသည် အဆုံးမရှိသော ဓားစွမ်းအင်မုန်တိုင်းကြီးကို ဆောင်ကျဉ်းကာ ဓားတောင်ထွပ်ကြီးသဖွယ် ဆင်းသက်လာသည်။
၎င်းတို့သည် တစ်ခုနှင့်တစ်ခု ပဲ့တင်ထပ်လျက် ကြီးမားသော ဓားကန့်လန့်ကာတစ်ခုအဖြစ် ချိတ်ဆက်သွားပြီး ဤနေရာရှိ မြေသားအစိုင်အခဲများကို ထက်ဝက် ခွဲပစ်ခဲ့သည်။
လှပသောဓားစွမ်းအင် မုန်တိုင်းကြီးသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာပြီး ၊ ထိုလူများကို ဓားပင်လယ်သမုဒ္ဒရာကြီးထဲတွင် လုံးဝနစ်မြုပ်သွားစေသည်။
စူးချန်ကဲ၏ ပတ်ဝန်းကျင်ရှိ ဓားစွမ်းအင်များသည် ဆက်လက် ထွက်ပေါ်နေသည်နှင့်အမျှ ၊
ဝေဟင်အထက်တွင် ရှိနေသော နတ်ဘုရားဓားများ၏ အသွင်သဏ္ဍာန်မှာ ပိုပို၍ များပြားလာသည်။
ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအား၏ ဖြတ်တောက်မှုအောက်တွင် ၊ စူးရှထက်မြက်သော ဓားသွားသံများပင် ထွက်ပေါ်နေပြီး တစ်ချိန်တည်းမှာပင် စူးချန်ကဲကို ဝန်းရံထားသော ဓားဆန္ဒမှာလည်း ပိုပို၍ အားကောင်းလာသည်။
ဓားမိုးများ သည်းထန်စွာ ရွာသွန်းလာသည့်အတိုင်း နေရာအနှံ့ ဖြတ်ကျော်ဝင်ရောက်လာခဲ့သည်။
ဘုန်း ! !
ထိုအချိန်တွင်။
ဓားစွမ်းအင် မဟာတံတိုင်း၏ အပြင်ဘက်မှ ကြီးမားသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
“မကောင်းတော့ဘူး ၊ ဓားစွမ်းအင် မဟာတံတိုင်းကြီးကို ကာကွယ်ထားတဲ့ ဓားအလင်းကန့်လန့်ကာ က ပြိုကျသွားပြီ !”
ကျန်းဝမ့်ချင်က ရုတ်တရက် ထအော်လိုက်သည်။
“ဒီမှာ အကြာကြီးနေဖို့ မသင့်တော်ဘူး ၊ ငါတို့ ကျောက်တံခါးထဲကို ဝင်ကြစို့ “
စူးချန်ကဲသည် ချက်ခြင်းဆုံးဖြတ်ချက်ချခဲ့ပြီး သူတို့နှစ်ယောက်နှင့်အတူ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
အထဲသို့ ဝင်ရန်ဟန်ပြင်လိုက်သည့်အခိုက်တွင် ၊
စူးချန်ကဲသည် သူ့လက်ဝါးကို ရိုက်ထုတ်လိုက်သည်။
များစွာသော ဓားအလင်းများကို မြစ်တစ်စင်းသဖွယ် သွန်းလောင်းချခဲ့သည်။
ဘုန်း !
တလိပ်လိပ် ရိုက်ခတ်နေသော ဓားစွမ်းအင် လှိုင်းတံပိုးများသည် ကျောက်စာတိုင် ဆယ်တိုင်ကို လုံးလုံးလျားလျား ဖြိုခွဲပစ်လိုက်သည်။
ဖုန်မှုန့်များကြား ၊ ကျယ်ဝန်းသော ခန်းမဆောင်ကြီးသည် ပြိုကျလာခဲ့သည်။
ဒီလူတွေက သူ့ကိုစတေးဖို့ကြံရဲမှတော့ ဒါဆို သူတို့အသက် ပြင်းမပြင်း ကြည့်ရမယ်မဟုတ်လား!
…….
ကျောက်တံခါးထဲသို့ ဝင်ရောက်လာပြီးနောက်၊
အထဲတွင် နေရာအဝန်းကျယ်ပြန့်ကာ မှောင်မိုက်နေသည်။
ပြာလဲ့လဲ့ တောက်ပနေသော လမ်းဆယ့်နှစ်သွယ် ရှိသည့် စကျင်ကျောက်များသည် ဟိုးအနက်ရှိုင်းဆုံး တစ်နေရာဆီသို့ ဦးတည်နေသည်။
ထုတ်ဖော်မပြောနိုင်သော လျို့ဝှက်ချက်များကို ပိတ်ဆို့ထားသကဲ့သို့ ထူးခြားဆန်းကြယ်သော မြူခိုးများက နေရာတစ်ခုလုံးကို လွှမ်းခြုံထားသည်။
“ဒီလမ်းဆယ့်နှစ်သွယ်ရဲ့ ဦးတည်ဘက်တွေက ကွဲပြားပုံရတယ် ၊ တစ်ခုနဲ့တစ်ခု မတူသလိုပဲ..”
စူးချန်ကဲသည် ညာဘက်အစွန်ရှိ လမ်းသွယ်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။
“ ဒီလမ်းမှာ အငွေ့အသက်တချို့ ရှိနေတယ်၊ ကြည့်ရတာ သိပ်မကြာသေးခင်ကမှ တစ်စုံတစ်ယောက် သွားထားပုံရတယ်”
ပြောစရာမလိုအောင်ပင်။ ဤလူသည် အမှောင်ရိပ်သားရဲကို လွှတ်ပေးခဲ့သော တရားခံ ဖြစ်ရမည် ။
သို့သော် စူးချန်ကဲကို ဇဝေဇဝါဖြစ်စေခဲ့သည်မှာ ဤကျူထျန်း ဓားဂိတ်တံခါးသည် မည်သည့်နေရာနှင့် အတိအကျ ဆက်သွယ်ထားသနည်း ။
၎င်းသည် အခြား ဧကရာဇ်လျှောက်လှမ်းများနှင့် ချိတ်ဆက်ထားသလော သို့မဟုတ် အလွန်အန္တရာယ်များသော နေရာနှင့် ချိတ်ဆက်ထားလေသလော။
“ ဘာဆက်လုပ်ကြမလဲ၊ အတူတူသွားချင်လား”
စူးချန်ကဲက ကျန်နှစ်ယောက်ဘက်ကို လှည့်ကြည့်ပြီး မေးလိုက်သည်။
ကျန်းဝမ့်ချင်သည် ခေါင်းယမ်းလိုက်ပြီး ဘယ်ဘက်အစွန်ဆုံးလမ်းဆီသို့ လျှောက်သွားလိုက်သည်။
ထို့နောက် သူက ဆိုသည်။
“မင်းနဲ့ငါက ဓားရေးလေ့ကျင့်ကြံတဲ့သူတွေပဲ၊ ဓားသမားဆိုတာ ဘာလဲ”
“ ဖြောင့်မတ်မှန်ကန်တဲ့ စိတ်ထားနဲ့ ကမ္ဘာအနှံ့ ပတ်တာဟာ မြစ်ထဲမှာ ကူးခတ်နေတဲ့ ငါးတစ်ကောင်လိုပဲ ၊ နဂါးဂိတ်ကို မခုန်နိုင်မှတော့ မြစ်ထဲမှာပဲ ပျောက်ကွယ်သွားရုံပဲ “
T/N - ဒဏ္ဍာရီလာပုံပြင်ထဲမှာ၊ မြစ်ဝါမြစ်အတွင်း ငါးကြင်းတစ်ကောင်က နဂါးဂိတ်ကို ခုန်ကျော်ပြီးနောက် နဂါးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပါတယ်
“ လမ်းစဉ်ကို သက်သေပြကာ ဧကရာဇ်ဖြစ်လာမည် ၊ ဤသည်က အမတလမ်းစဉ် ဖြစ်ပေသည် ၊ သို့သော် ဓားသမားတို့ လျှောက်လှမ်းမည့်လမ်း မဟုတ်ပေတည်း”
ကျန်းဝမ့်ချင်သည် ရှေ့သို့ဦးတည်ကာ တိတ်ဆိတ်ငြိမ်သက်နေသော ရှေးဟောင်းလမ်းပေါ်သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားခဲ့လေသည်။
နောက်ဆုံးတွင် သူသည် စူးချန်ကဲဘက်ကို လှည့်ကြည့်ကာ ဆိုလိုက်သည်။
“ ငါက ဓားသမားတစ်ယောက် ဖြစ်တဲ့အတွက်၊ သတ္တိရှိရှိနဲ့ ရှေ့ကိုတိုးသင့်တယ် ၊ဒါက ဓားသမားတစ်ယောက်မှာ ရှိသင့်တဲ့ စိတ်နှလုံးသားပဲ “
“ ငါ ကျန်းဝမ့်ချင်ရဲ့ ဓားလမ်းစဉ်က မင်းထက် အားမနည်းဘူးဆိုတာ ကမ္ဘာကို သက်သေပြမယ် “
ချွင်— !
ကျယ်လောင်သော ဓားသွားသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ၊ ကျန်းဝမ့်ချင်သည် ထိုက်ရှန့်ဝမ့်ချင် ဓားကို ဆုပ်ကိုင်ထားသည်။
ဓားမှ ရောင်ပြန်ဟပ်လာသော အေးစက်သော အလင်းရောင်သည် ညတာရှည်တွင် တောက်ပသော ကြယ်စင်များသဖွယ် ထိန်လင်းတောက်ပသွားသည်။
“ငါ ကျန်းဝမ့်ချင် “
စကားပြောရင်းဖြင့် ၊ ကျန်းဝမ့်ချင်သည် သူ့ဓားနှင့် ကောင်းကင်ကို တိုက်ရိုက်ချိန်ရွယ်လိုက်ရင်း
“ ငါလည်း မင်းလို လုပ်နိုင်တယ် “
“ ဓားတစ်လက်နဲ့ တိမ်ပင်လယ်ကို ခွဲထုတ်ကာ နဂါးငွေ့တန်းကို ချိုးဖြတ်မယ် “
ထိုစကားကို ပြောပြီးနောက် ၊ ကျန်းဝမ့်ချင်သည် ပြုံးလိုက်ပြီး ထိုရှေးဟောင်းလမ်းအတိုင်း အမှောင်ထု၏ အနက်ရှိုင်းဆုံး နေရာသို့ ဝင်ရောက်သွားခဲ့လေတော့သည်။
အရိုးဖြူ ပင်လယ် ဘုရင်မသည်လည်း ထိုနည်းတူစွာပင်။ နှုတ်ဆက်ပြီးနောက် သူမသည် တခြားလမ်းသွယ်ကို ရွေးချယ်ကာ ဝင်ရောက်သွားခဲ့လေသည်။
ပတ်ဝန်းကျင်သည် တစ်ဖန် တိတ်ဆိတ်သွားခဲ့ပြန်သည်။
စူးချန်ကဲသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
သူ့လက်ကို ကျောနောက်ကို ပစ်ထားရင်း။
အလယ်က လမ်းကို ခြေချရန် ရွေးချယ်ခဲ့သည်။
တိုက်မြေသုံးထောင်တွင် မရေမတွက်နိုင်သော ပါရမီများစွာ ရှိသည်။ သူတို့အားလုံးသည် မာနကိုယ်စီရှိကြပြီး ကိုယ့်လမ်းကို လျှောက်လှမ်းကြသည်။
တစ်ချိန်တည်းမှာပင်။
စူးချန်ကဲသည် ဧကရာဇ်လျှောက်လှမ်း၏ အဆုံးသတ်ကို မျှော်လင့်နေသည်။
ဧကရာဇ်တစ်ပါးဖြစ်လာရန် သက်သေမပြမီ ၊ တိုက်မြေသုံးထောင်ရှိ ထိပ်တန်းပါရမီရှင်များနှင့် တကယ့်ကို ရင်ခုန်စရာကောင်းသော တိုက်ပွဲကြီးတစ်ခု ဆင်နွဲရနိုင်သည်။
…….
စူးချန်ကဲ ထွက်သွားပြီး သိပ်မကြာခင် ၊
ဒါဇင်ချီရှိသော လူအစုဝေးသည် တံခါးအပြင်ဘက်မှ ဝင်ရောက်လာကြသည်။
“ စူးချန်ကဲ! သေချင်ဇိုးကောင် “
ခေါင်းမှခြေအဆုံး ဖုန်မှုန့်များဖြင့် ပေကျံနေသော ချန်းဟွမ်းထျန်းတစ်ယောက် အံကြိတ်လျက် ဒေါသတကြီး ရောက်ရှိလာသည်။
စူးချန်ကဲသည် သူမသွားခင် ဤနေရာကို လုံးလုံးလျားလျား ဖျက်စီးခဲ့ရုံသာမက အပြင်တွင်ရှိနေခဲ့သော ဓားစွမ်းအင်ကန့်လန့်ကာကိုတောင် ကွဲအက်သွားစေခဲ့သည်။
ရလဒ်အနေဖြင့် ၊ အမှောင်ရိပ်သားရဲကောင်များ အုပ်လိုက်ကြီး ရောက်ရှိလာသည်။ သူတို့သာ လုံလုံလောက်လောက် မသန်မာခဲ့ပါက ၊ ထိုနေရာမှာတင် ပွဲချင်းပြီး သေသွားနိုင်သည်။
ဝေါင်း! !
ရုတ်တရက် ၊ သူတို့နောက်က သားရဲဟောက်သံကို ကြားလိုက်ရသည်။
“ ရှုံးနိမ့်ဖို့ အချိန်မရှိဘူး၊ ငါတို့ ရှေ့ကို ဆက်သွားရမယ်!”
မကြာခင်မှာပဲ၊ ချန်းဟွမ်းထျန်းသည် မကောင်းဆိုးဝါး မျိုးနွယ်ဝင် ပင်မမျိုးဆက်လေးဦးနှင့်အတူ ၊ စူးချန်ကဲ လျှောက်သွားသော လမ်းကို ရွှေးချယ်ကာ ဝင်ရောက်ခဲ့သည် ။
အသက်ရှင်ကျန်ရစ်ခဲ့ကြသော အခြားတပည့်များအနေနှင့်လည်း ၎င်းတို့နှင့် မခွဲခွာဝံ့ဘဲ နောက်ကနေ လိုက်လာခဲ့ကြသည်။
အပိုင်း(၄၁၆): ငါ့ဝှက်ဖဲကို ပြပေးမယ်
သို့သော် အားလုံး ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ၊
သူတို့နောက်က ဟင်းလင်းပြင်ကွက်လပ်ထဲ၌ လှိုင်းတံပိုးများ ရိုက်ခတ်သွားသည်။
ကြီးကျယ်ခမ်းနားသော အမှောင်ထု၏ အငွေ့အသက်များ ထွက်ပေါ်လာပြီး အဆုံးတွင် ကြီးမားသော အမှောင်တွင်းနက်ကြီးတစ်ခုအဖြစ် ဖြည်းဖြည်းချင်း စုဝေးသွားသည်။
ဟွား !
အထဲမှ ကြီးမားထွားကျိုင်းသော အသွင်အပြင်၊ သွေးနီရောင်အကြေးခွံများ ပါရှိသော ပေရာချီမြင့်သည့် ဧရာမ အမှောင်ရိပ်သားရဲကြီး တစ်ကောင် ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
မြင့်မြတ်သော ဘုရင်တစ်ပါးကဲ့သို့ ကြွမြန်းလာသည်နှင့် မရေမတွက်နိုင်သော အမှောင်ရိပ်သားရဲများသည် လက်အောက်ခံလျက် ခေါင်းငုံ့ထားကြသည်။
၎င်း၏ နီမြန်းသော မျက်အိမ်တစ်စုံ၌ ပြင်းထန်သော အမှောင်ထု အငွေ့အသက်များ လူးလွန့်ရိုက်ခတ်နေပြီး စူးချန်ကဲလျှောက်သွားသော လမ်းကို စိုက်ကြည့်နေသည်။
“လူသားမျိုးနွယ်… ဓားသမား…”
အမှောင်ရိပ်သားရဲဘုရင်၏ ဝန်းကျင်ရှိ ရောင်ဝါသည် ပို၍ပြင်းထန်လာပေရာ ၊ တဟူးဟူး အုံကြွလာခဲ့သော အမှောင်မုန်တိုင်းကြောင့် ဟင်းလင်းပြင်အလွှာများသည်ပင် တုန်ခါသွားသည်။
အက်ကွဲသံ! !
အမျက်ဒေါသ လွန်ကဲခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပြီး ၊ အမှောင်ရိပ်သားရဲဘုရင် တည်ရှိရာ ဧရိယာတွင် ၎င်း၏ ကြောက်ခမန်းလိလိ စွမ်းအားများ ပြန့်ကျဲမှုကြောင့် ပြိုကျပျက်စီးခြင်းများ ဖြစ်ပေါ်နေသည်။
အနှစ်ငါးသောင်း!
အနှစ်ငါးသောင်းပြည့်ခဲ့ပြီ!
ဒီအနှစ်ငါးသောင်းအတွင်း သူ ဘယ်လို ရှင်သန်ခဲ့ရလဲ သိလား ?
ထိုနှစ်က သူတို့သည် လူသားမျိုးနွယ်၏ အပြင်းထန်ဆုံး ခုခံမှုတွေထဲက တစ်ခုဟု လူသိများသော ဓားစွမ်းအင် မဟာတံတိုင်းကြီးကို ဖျက်စီးပစ်နိုင်ရန် ခြေတစ်လှမ်းသာ လိုခဲ့သည်။
သို့သော် ထိုအချိန်တွင်၊ ချူးကျန့်ရှင်း ဟုခေါ်သော လူတစ်ဦးသည် အခြားသော ထိပ်တန်းဓားသမားများနှင့် ပူးပေါင်းလက်တွဲကာ မိမိ၏ စစ်မှန်သော အမတကျင့်ကြံစွမ်းအားကို အသုံးပြုကာ ဓားရင်းမြစ်ကို စတေးခဲ့သည်။
ထိုတိုက်ပွဲတွင်၊ ကိုးကွေ့ဆယ်ရပ် ဓားဖွဲ့စည်းပုံသည် နောက်ဆုံးအကြိမ်အဖြစ် ထွန်းတောက်ခဲ့သည်။
ဓားစွမ်းအင် မဟာတံတိုင်းကို တိုက်ခိုက်ရန် တာဝန်ရှိသော အမှောင်တပ်သားတို့သည် လုံးဝဖျက်စီးခံလိုက်ရပြီး ၊ ၎င်းသည် သူ့မျိုးနွယ်စု တစ်ခုလုံးကို ဆိုးရွားစွာ ထိုးနှက်ခဲ့သည်။
မိမိ၏ ကျင့်ကြံမှု တော်တော်များများကို ဖျက်ဆီးပစ်ခဲ့ရုံသာမကဘဲ ကျူထျန်းဓားဂိတ်တံခါးဆီသို့ နှင်ထုတ်ခံခဲ့ရသည်။ ဒါတင်မက ဤအနှစ်ငါးသောင်းအတွင်း အာကာသမုန်တိုင်းဒဏ်ကြောင့် ဝိညာဉ်စုတ်ဖြဲခံရသည့် ဝေဒနာကိုလည်း ခံစားခဲ့ရသည်။
“ဒီကောင်ကိုယ်ပေါ်ကနေ… အဲ့တုန်းက ချူးကျန့်ရှင်းရဲ့ အနံ့မျိုးရှိနေတယ် …”
အမှောင်ရိပ်သားရဲဘုရင်၏ လေသံသည် ဒေါသတကြီးဖြစ်နေပုံရသည်။
“ဆက်လိုက်၊ ဒီကောင် ဘာပဲဖြစ်နေဖြစ်နေ သေစေရမယ်!”
…….
စူးချန်ကဲ၏ အရှိန်သည် အလွန်လျင်မြန်သည်။ သူတော်စင် ခန္ဓာကိုယ်၏ ကောင်းချီးပေးမှုအောက်တွင် သူသည် နတ်အလင်းရောင်တစ်ခုအဖြစ်သို့ ပြောင်းလဲကာ လမ်းတစ်လျှောက် တည့်တည့်မတ်မတ် ဝင်ရောက်လာခဲ့သည်။
အာကာသနိယာမများဖြင့် ဖွဲ့စည်းထားသော လှေကားများသည် အဆုံးမရှိသော ဟိုးအနက်ရှိုင်းဆုံးနေရာအထိ ဆန့်ထွက်နေပုံရသည်။
ဘေးပတ်ပတ်လည်သည် ကြယ်တာယာ ကောင်းကင်၏ ပတ်ဝန်းကျင်အတိုင်း ဆင်တူသော်လည်း ၊ သို့သော် သူသည် အခြားကမ္ဘာတစ်ခုထဲသို့ ဝင်ရောက်လာခဲ့မှန်း ခံစားမိသည်။
“ဒီမှာ ရှေးကျတဲ့ အက္ခရာ အမှတ်အသားတွေ ရှိနေတာပဲ… အမှောင်စစ်ပွဲမှာ ပါဝင်ခဲ့တဲ့ ကျင့်ကြံသူတွေ ချန်ထားခဲ့ပုံပဲ…”
စူးချန်ကဲသည် သူ့ခြေအောက်တွင် တောက်ပကာ သက်ဝင်လှုပ်ရှားနေသော မှော်သင်္ကေတများကို ကြည့်ကာ စဉ်းစားနေသည်။ နှစ်များစွာကြာပြီးနောက်မှာတောင် ၎င်းတို့သည် နတ်တန်ခိုး အစွမ်းသတ္တိများကို ဆက်လက်ထိန်းသိမ်းထားနိုင်သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ထိုစစ်ပွဲတွင် ပါဝင်ခဲ့ကြသော ကျင့်ကြံသူတို့သည် မည်မျှ တန်ခိုးကြီးမားသည်ကို တွေ့မြင်နိုင်သည်။
သို့သော် ထိုအချိန်တွင် ၊
စူးချန်ကဲ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ပြင်းထန်သော သွေးချီ စွမ်းအားများက သူ့ဆီသို့ ပြေးဝင်လာသည်ကို ခံစားလိုက်ရသည်။
ခရမ်းရောင်လှိုင်းတံပိုးများသည် တောက်ပသော ခရမ်းရောင် ချီလင် အဖြစ်သို့ ပြောင်းလဲသွားပြီး ပြေးဝင်လာသည့် လမ်းတစ်လျှောက် အပျက်အစီးများစွာ ဖြစ်ပေါ်စေခဲ့သည်။
ပါရမီရှင်များစွာကို ဦးဆောင်လာသော ချန်းဟွမ်းထျန်းသည် အဝေးတစ်နေရာတွင် ရပ်နေသော စူးချန်ကဲကို သတိထားမိခဲ့သည်။
ယခင်က အရှက်တရားကို ပြန်တွေးမိကာ ၊ ချန်းဟွမ်းထျန်းမှာ ပို၍ ဒေါသတကြီး ဖြစ်လာခဲ့သည်။
“ စူးချန်ကဲ မင်း သေပေတော့!”
ဟောက်သံနှင့်အတူ၊ သူ၏နောက်တွင် ခရမ်းနှင့် ရွှေ ရောစပ်နေသော ဧရာမ ချီလင်တစ်ကောင် ထွက်ပေါ်လာသည်။
ထို့နောက် ပြင်းထန်သော ကောင်းကင်ဘုံ၏ တန်ခိုးစွမ်းအားများကို ဆောင်ကျဉ်းလျက် သူ့လက်ကို မြှောက်လိုက်ပြီး စူးချန်ကဲကို တိုက်ခိုက်လိုက်သည်။
သို့တိုင်အောင် စူးချန်ကဲသည် ဂရုမစိုက်သော ဒီဇိုင်းဖြင့် ရှိနေပြီး အေးဆေးတည်ငြိမ်စွာဖြင့် ကြည့်နေသည်။ သူ၏ ဘယ်လက်ကို ကျောနောက်ကို ပစ်ထားကာ ညာလက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ဘုန်း ! !
ချက်ချင်းဆိုသလို ၊ တစ်ခုနှင့်တစ်ခု တိုက်မိပြီး ကြောက်စရာကောင်သော အင်အားတစ်ခု အဖြစ် တိုက်ရိုက်ပေါက်ကွဲသွားသည်။
ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း၏ ပင်မ မျိုးဆက်လေးဦးသည်လည်း မဆိုင်းမတွ တိုက်ခိုက်လာခဲ့သည်။
“ ခွင်းဖိန် ဖိနှိပ်ခြင်း!”
“ ရှစ်မျက်နှာ ဝှေ့ယမ်းခြင်း!”
“ကောင်းကင်နှင့် မြေကြီးကို ဝါးမြိုခြင်း!”
“ရေခဲ ထောင်ချောက်!”
ထိပ်တန်းဝင် ပင်မ မကောင်းဆိုးဝါးမျိုးဆက်လေးဦးတို့သည် တစ်ချိန်တည်းမှာပဲ တိုက်ခိုက်လာခဲ့သည်။ ၎င်းတို့သည် စူးချန်ကဲကို တရှိန်ထိုး သတ်ပစ်လိုသည်မှာ ထင်ရှားသည်။
“ လာတာ ကောင်းတယ်!”
စူးချန်ကဲသည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏ မျက်လုံးထဲက တိုက်ပွဲဝင် စိတ်ဓာတ်သည် အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။
သူ့ခန္ဓာကိုယ်ထဲက သွေးချီစွမ်းအားများက ဟောက်သံပြုလို့နေသည်။
မကောင်းဆိုးဝါးမျိုးနွယ်စု၏ ရုပ်ခန္ဓာသည် ဒေဝလောကရှိ များပြားလှသော မျိုးနွယ်စုများကြားတွင် အသန်မာဆုံးသော တည်ရှိမှုဖြစ်သည်ဟု ဆိုကြသည်။
သို့သော် ယနေ့တွင် ၊ မကောင်းဆိုးဝါး ဘုရင်ဟု ခေါ်ဆိုသော ဤလူများသည် သူတော်စင် ခန္ဓာကိုယ်၏ တန်ခိုးစွမ်းအားကို ခံနိုင်ရည်ရှိမရှိ စမ်းကြည့်ချင်သည်။
“ ကောင်းကင်ကို ဖြိုခွဲခြင်း အာဏာရှင်လက်သီး!”
“သံသရာစက်ဝန်း ဖန်ထျန်းလက်ဝါး!”
“ လုံရှန့် ကောင်းကင်ကို ဖိနှိပ်ခြင်းလက်သီး!”
“ ကွေးယွမ် ပရမ်းပတာလက်ညိုး !”
“……..”
ဤသည်မှာ သူတော်စင် ခန္ဓာကိုယ်၏ သွေးချီစွမ်းအားများဖြင့် ပေါင်းစပ်ထားသော ထိပ်တန်း တိုက်စစ်စွမ်းရည်များ ဖြစ်သည်။ စူးချန်ကဲ၏ ထိုးချက်နှင့် ကန်ချက်တိုင်းသည် သူတော်စင် ခန္ဓာကိုယ်၏ ကြောက်မက်ဖွယ်စွမ်းအားများကို ပြသနေသည်။
ဤရှေးဟောင်းလမ်းပေါ်တွင် ပေါက်ကွဲသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်နေသည်။
သို့သော်၊ မေ့ထျန်းယွီ့သည် အမျိုးသမီးတစ်ဦး ဖြစ်သည်နှင့်အလျောက် သူမ၏ခံနိုင်ရည်မှာ အခြားသုံးယောက်ထက် အားနည်းသည်။
“ လွပ်လပ်စွာ ဖမ်းယူနိုင်သောလက်ဝါး!”
စူးချန်ကဲ လှုံ့ဆော်လိုက်သော ဝိညာဉ်စွမ်းအားများသည် တိမ်တိုက်ကို ဖြတ်၍ ထွင်းဖောက်လာသော နတ်ဘုရားတစ်ပါး၏ လက်ဖဝါးကဲ့သို့ ကောင်းကင်ကို ဖုံးအုပ်ထားသော လက်ဝါးရိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ၊ ယင်းလက်ဝါးရိပ်ကြီးသည် ကြီးမားသော ရေခဲတံတိုင်းကြီးကိုတောင် ကွဲအက်သွားစေသည်။
တစ်ချိန်တည်းမှာပင် ၊ မေ့ထျန်းယွီ့၏ ဦးတည်ရာသို့ တိုက်ရိုက် ကျဆင်းသွားသည်။
“ ဒါက ….”
မေ့ထျန်းယွီ့၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ စူးချန်ကဲ၏ ကြီးမားသော လက်ဝါးရိပ်ကြီး အောက်တွင် သူမ ခံစားလိုက်ရသည်မှာ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် ကွက်လပ်သည် တစ်ဖက်သို့ လျင်မြန်စွာ ကျုံ့သွားပုံရသည်။
ဤအခိုက်အတန့်တွင် ၊ နိယာမစည်းမျဉ်းများ အေးခဲလာပြီး လွတ်မြောက်ဖို့ နေရာမရှိအောင် လုပ်လိုက်သလိုပင်။
သို့သော် သူမတုံ့ပြန်လိုက်သည့်အခိုက်တွင် အရာအားလုံးသည် လုံးလုံးလျားလျား ဖိနှိပ်ခံလိုက်ရပြီး ဖြစ်သည်။
ပတ်ဝန်းကျင်က မြင်ကွင်းမှာ သိသိသာသာ ပြောင်းလဲသွားပြီး ၊ ရုတ်တရက် အသက်ရှူကြပ်လာသည်။
သံညှပ်နှင့်တူသော စူးချန်ကဲ၏ လက်ကြီးသည် မေ့ထျန်းယွီ့၏လည်မျိုကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည် ။
“ စူးချန်ကဲ၊ သူ့ကိုလွှတ်လိုက်စမ်း!”
ချန်းဟွမ်းထျန်းသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ မေ့ထျန်းယွီ့သည် သူတို့ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း၏ ထိပ်တန်းပါရမီရှင် ဖြစ်သည်။ သူမကို လက်လွှတ်လိုက်ပါက ၊ သူတို့အတွက် ဆုံးရှုံးမှုကြီးကြီးမားမား ဖြစ်သွားနိုင်သည်။
“ မင်းကများ ဒီလိုလေသံနဲ့ပြောရဲတယ်”
စူးချန်ကဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး။
“မင်း အတော်သတ္တိရှိနေတယ်ပေါ့”
ဘုန်း !!!
စူးချန်ကဲ၏ လက်ဖဝါးပေါ်တွင် ဝါးမျိုခြင်းဆိုင်ရာ နိယာမတရားများ တဖြည်းဖြည်း စုဝေးလာခဲ့သည်။ ချက်ချင်းဆိုသလို ၊ နက်မှောင်သော ဝဲဂယက်တစ်ခု ထွက်ပေါ်လာပြီး ၊နက်မှောင်သော သံခြေချင်းများစွာ ထွက်ပေါ်လာကာ မေ့ထျန်းယွီ့ကို လုံးလုံးလျားလျား ရစ်ပတ်သွားခဲ့သည်။
“ဒါကဘာလဲ…ဘာလို့ ငါ့စွမ်းအားတွေ ဝါးမျိုခံနေရတာလဲ…”
မေ့ထျန်းယွီ့၏မျက်နှာသည် ဖြူဖျော့နေပြီး စိတ်ပျက်အားငယ်စွာဖြင့် ရေရွှတ်လိုက်သည်။
“ငါ့ရဲ့ ကျင့်ကြံမှု၊ ငါ့ရဲ့ကျင့်ကြံမှုတွေ လုံးဝ ပျောက်ကွယ်သွားပြီ!”
သို့သော် ၊ စူးချန်ကဲသည် သူမအား ရိုင်းစိုင်းသော စကားများပြောထွက်လာမည်ကို အခွင့်အရေးမပေးခဲ့ချေ။
လက်ဖဝါးထဲရှိ စွမ်းအားများကို ပို၍ တိုးမြှင့်လိုက်သောကြောင့် ဝါးမျိုခြင်းဆိုင်ရာ နိယာမတရားများက မေ့ထျန်းယွီ့၏ တာအိုခန္ဓာကိုယ်ကို သုတ်သင်ပစ်ခဲ့ပြီး သူမ၏ ကိုယ်ထည်တစ်ခုလုံး လုံးဝပျက်စီးသွားခဲ့သည်။
ဤကြောက်စရာကောင်းသော မြင်ကွင်းကို လူတိုင်း ရွှံ့ရုပ်ထုများကဲ့သို့ ထိတ်လန့်တကြား ကြောင်အမ်းစွာဖြင့် ကြည့်နေမိသည်။
ဧကရာဇ်တစ်ပိုင်းနယ်ပယ် တတိယအဆင့်ရှိသော လူတစ်ယောက်ကို စူးချန်ကဲမှ တကယ်ပင် တိုက်ရိုက်ဝါးမျိုခဲ့လေသလော ?
“ဒါ… ဒါ… စုပ်ယူ သူတော်စင် ခန္ဓာကိုယ်?”
ရုတ်တရက် ၊ ချန်းဟွမ်းထျန်းသည် စိတ်မထိန်းနိုင်ဘဲ အော်ပြောလိုက်သည်။
သို့သော် စူးချန်ကဲ၏ ကိုယ်ထည်အမျိုးအစားမှာ မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း မဟုတ်ပေလော?
စူးချန်ကဲသည် ပတ်ဝန်းကျင်က ထိတ်လန့်တုန်လှုပ်နေသော အကြည့်များကို လျစ်လျူရှုလိုက်သည်။
ထို့နောက် သူ၏ညာလက်ငါးချောင်းကို ဖြည်းညှင်းစွာ ဖြန့်လိုက်သည်။
နှင်းခဲတစ်မှုန်ဖြင့် အသွင်ပြောင်းထားသော မြေခွေးဖြူတစ်ကောင်သည် သူ့လက်ဖဝါးပေါ်တွင် ပျံဝဲနေသည်။
“ဒီမြေခွေးရဲ့သွေးမှာ ထူးခြားမှု ရှိမယ်လို့ မမျှော်လင့်ထားဘူး ၊ ငါ့ကို ရေခဲလမ်းစဉ်နဲ့ ပတ်သတ်တဲ့ အသိပညာအချို့ကို ပေးစွမ်းနိုင်ရုံသာမက ငါ့ရဲ့ သူတော်စင် ခန္ဓာကိုယ် အသွေးအသားကိုလည်း အာဟာရဖြစ်စေတယ်”
“ အတော်ကောင်းတဲ့ ဖြည့်စွက်စာပဲ…”
သူသည် ထိုသို့ပြောရင်း ကျန်လူလေးယောက်ကို တချက် ကြည့်လိုက်သည်။
၎င်းတို့လေးယောက်သည် သူ့ကို မုဆိုးတစ်ကောင်အဖြစ် မြင်တွေ့နေရသည့်အတိုင်း ထိန်းမနိုင်သိမ်းမရ တုန်လှုပ်နေကြသည် ။
“ဒီမှာက ထုတ်ဖော်မပြောနိုင်တဲ့ လျို့ဝှက်ချက်တွေက ဖရိုဖရဲဖြစ်နေပြီး ပြင်ပကမ္ဘာနဲ့ တသီးတခြားတည်း ဖြစ်နေတယ် ၊ ဆိုတော့ ဒီနေရာမှာ ဘာဖြစ်သွားနိုင်လဲဆိုတာ ဘယ်သူမှ ခန့်မှန်းလို့မရဘူး “
စူးချန်ကဲသည် သူ့ကိုယ်သူ ပြုံးလိုက်ပြီး ။
“မင်းတို့သေပြီးတောင် ငါ့ရဲ့အချက်အလက်တွေ ပေါက်ကြားသွားမှာကို စိုးရိမ်နေစရာ မလိုဘူး၊ ငါ မင်းတို့ကို သတ်လိုက်တာကို ဘယ်သူမှ သိမှာမဟုတ်လို့ပဲ “
“ဟန်ဆောင်မနေတော့ပါဘူး ငါ့ကတ်တွေကို ထုတ်ပြရမှာပေါ့ “
“တကယ်တော့ ငါ့မှာ သူတော်စင် ခန္ဓာကိုယ် လေးခုတောင်ရှိတယ် “
ဝုန်း !!!
စူးချန်ကဲသည် ထိုစကားများ ပြောပြီးသည်နှင့် သူတော်စင် ကိုယ်ထည် လေးခု၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားလေးမျိုးစလုံးကို အသက်သွင်းလိုက်သည်။
ဟင်းလင်းပြင်တစ်ခုလုံး ပွက်ပွက်ဆူညံလာပြီး ၊ သွေးပင်လယ်ကြီးသည် စူးချန်ကဲကို ဗဟိုပြုကာ အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားသည်။
ကြီးကျယ်ခမ်းနားသော ရောင်ဝါလေးခုသည် ဟင်းလင်းပြင် ကွက်လပ်တစ်ခုလုံးကို ချုပ်တည်းထားပေရာ ကမောက်ကမဖြစ်နေပြီး ၊ ဘယ်နေရာကိုပဲကြည့်ကြည့် စူးချန်ကဲ၏စက်ကွင်းမှ မလွတ်ချေ။
……
တစ်ချိန်တည်းမှာပင်။
စူးချန်ကဲ၏ လျှောက်လှမ်းအတိုင်း လိုက်လာကြသော အအမှောင်ရိပ်သားရဲဘုရင်သည် ရှေ့မျက်မှာအရပ်မှ သူတော်စင် ခန္ဓာကိုယ်၏ အငွေ့အသက်များ လွှမ်းခြုံတိုးဝှေ့လာသည်ကို ခံစားလိုက်ရသည်။
“ရပ်!”
သူ့နောက်က အမှောင်ရိပ်သားရဲအုပ်စုကို ရပ်တန့်ရန် တားဆီးလိုက်သည်။
“ဒီ ရောင်ဝါက…. သူတော်စင်ကိုယ်ထည် အုပ်စိုးရှင်ဘုရင်…!?”
အမှောင်ရိပ်သားရဲဘုရင်၏ အသံပင်လျှင် တုန်ရီနေသည်။
“ ဘုရားရေ?...ငါပဲ မှားနေသလား!?”
“ သူတော်စင် ခန္ဓာကိုယ်တွေထဲမှာ အုပ်စိုးရှင်ဘုရင်လို့ ယူဆရတဲ့ ကိုယ်ထည်လေးခုရဲ့ ရောင်ဝါလေးမျိုး!”
အပိုင်း(၄၁၇): နောက်ဆုံး ရူးသွပ်မှု
“ဝေါင်း…”
ထိုအချိန်တွင်။
စိတ်မရှည်သော အကျင့်စရိုက်ရှိသည့် အမှောင်ရိပ် သားရဲတစ်ကောင်က ရုတ်တရက် ဟောက်လိုက်သည်။
‘သူခိုးကောင်က ရှေ့မှာ ၊ဘုရင်ကို ဘာကြောင့်တွန့်ဆုတ်နေသနည်း ‘ဟု မေးခွန်းထုတ်နေပုံရသည်။
ဖောင်း!!!
သို့သော်။
အမှောင်ရိပ် သားရဲဘုရင်သည် သူ၏ ကြီးမားသော ခြေသည်းများ နှင့် ရိုက်ချလိုက်သည်။
ကြီးကျယ်ခမ်းနားသော အမှောင်စွမ်းအင်များ ရုတ်ချည်း ထွက်ပေါ်လာသည်။ အဆိုပါ ကြောက်မက်ဖွယ်ကောင်းသော အင်အားအောက်တွင် ထိုအနှီသားရဲကောင်သည် ပါးပါးလှီးထားသော အသားအဖြစ်သို့ တိုက်ရိုက် ချေမှုန်းခံလိုက်ရသည်။
“ပါးစပ်ပိတ်ထားစမ်း! ဦးနှောက်မရှိတဲ့ကောင်တွေ!”
အမှောင်ရိပ်သားရဲဘုရင်သည် အော်ဟစ်လိုက်သည်။ ၎င်းကိုကြည့်ရသည်မှာ အလွန်ဒေါသထွက်နေပုံရသည်။
သူတော်စင် ခန္ဓာကိုယ်တို့၏ အုပ်စိုးရှင်ဘုရင်ဆိုသည်မှာ အဘယ်နည်း။
ဤအရာနှင့် ပတ်သက်၍ သူသည် နက်နက်နဲနဲ နားလည်ထားသည်။
အနှစ်တစ်သောင်း ရှားပါးပြီး ၊ဘုရင်ဖြစ်ဖို့ မွေးဖွားလာသော ဖြစ်တည်မှု ဖြစ်သည်။
ကောင်းကင်နှင့် မြေကြီး၏ မဟာလမ်းစဉ်ကို တုံ့ပြန်ရန်မွေးဖွားလာသူ ၊ တူညီသော ကိုယ်ထည်ကို ပိုင်ဆိုင်ထားချင်းအတူ အားလုံး၏ အထက်တွင် ရပ်တည်ရန်မွေးဖွားလာသူ ၊ သာမန် သူတော်စင် ခန္ဓာကိုယ်များကိုပင် အပေါ်စီးကနေကြည့်နိုင်ပြီး မရေမတွက်နိုင်သော သူတော်စင် ကိုယ်ထည်များကို ကွပ်ကဲနိုင်သည့် ပိရမစ်ထိပ်ဆုံးတွင်ရှိသည့် ဖြစ်တည်မှု ဖြစ်သည်။
သူတော်စင်ခန္ဓာကိုယ် အုပ်စိုးရှင်ဘုရင်၏ သန်မာမှုမှာ အကြွင်းမဲ့ဖြစ်သည်။
တစ်ခါတုန်းက အမှောင်စစ်ပွဲဆင်နွဲခဲ့စဉ်က ၊
တိုက်မြေ သုံးထောင်၏ မဟာလမ်းစဉ် နိယာမများသည် သူတို့ အမှောင်ထုအမတ ဧကရာဇ်မင်း၏ အမှောင်ရင်းမြစ်တိုက်စားမှုကြောင့် ပျက်စီးသွားခဲ့ရသည်။
ဥပမာအားဖြင့်၊ ကျင့်ကြံရာတွင် မရေမတွက်နိုင်သော ရင်းမြစ်များ လိုအပ်သည့် ရှေးဟောင်း သူတော်စင် ခန္ဓာကိုယ်များသည် အနှစ်တစ်သန်းတွင် တခါမျှပင် မရှိ ။သို့ဖြစ်၍ ကြီးကျယ်ခမ်းနားသော သူတော်စင် ခန္ဓာကိုယ်ကို မွေးဖွားရန်မှာ မဖြစ်နိုင်ပေ။
သို့သော်။
သူတို့အမှောင်တပ်သားများသည် ဓားစွမ်းအင် မဟာတံတိုင်းကြီးကို တိုက်ခိုက်ခဲ့စဉ်က။
သမိုင်းတွင် ပထမဦးဆုံးအကြိမ်အဖြစ် အပြည့်အဝ အောင်မြင်ထားသော ရှေးဟောင်း သူတော်စင် ကိုယ်ထည်တစ်ခု ထွက်ပေါ်လာဖူးသည်။
ကောင်းကင်လမ်းစဉ်၏ ချုပ်လှောင်မှု သံကြိုးများကို ချိုးဖျက်ခဲ့ပြီး ၊ ဒေဝလောကတစ်ခွင်လုံးကို ချုပ်ကိုင်နိုင်သည်။ သူ၏ ခန္ဓာကိုယ်သည် တုနှိုင်းမဲ့ပြီး ၊ သူ၏ လက်သီးတစ်ချက်က ကောင်းကင်ဘုံကို လှုပ်ခတ်နိုင်ခဲ့သည်။
သူတစ်ယောက်တည်းဖြင့်၊ ဓားစွမ်းအင် မဟာတံတိုင်း၏ အနောက်ဘက်ခြမ်းကို ကာကွယ်ခဲ့သည်။
လူတစ်သောင်းကျော်တောင် ဖြတ်ကျော်၍မရနိုင်သည့် ခုခံကာကွယ်သူဟု ဆိုရပေမည်။
ထိုစဉ်က၊ အမှောင်ထုသားရဲလေးကောင်အနက်မှ ငရဲဖားပြုတ်ဘုရင်သည် သူ့လက်သီး၏ထိုးနှက်မှုအောက်တွင် တစ်စစီဖြစ်ခဲ့ရသည်ကို အမှောင်ရိပ် သားရဲဘုရင်ကိုယ်တိုင် မျက်မြင် တွေ့ကြုံခဲ့ရသည်။
၎င်းသည် အပြီးတိုင် ဖျက်ဆီးခံလိုက်ရသောကြောင့် မူလအမှောင်ထုချောက်နက်ထဲတွင် ဘယ်သောအခါမှ ပြန်လည်မွေးနိုင်ဖွားတော့မည် မဟုတ်ချေ။
ယခုတွင် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ကိုယ်ထည်လေးမျိုး ပေါ်ထွက်လာခဲ့သည်။
နိုင်ရန် လုံးဝနည်းလမ်းမရှိချေ။
“ သေစမ်း ၊ ဒီတစ်ခေါက် ဧကရာဇ်လျှောက်လှမ်းထဲကိုဝင်တဲ့ လူသားမျိုးနွယ်တွေက ဒီလောက်တောင် ပုံမှန်မဟုတ်တဲ့လူတွေ ဖြစ်နေတာလား!?”
…….
တစ်ချိန်တည်းမှာပင်။
စူးချန်ကဲရှိရာနေရာ၌ ၊
အသက်ရှင်ကျန်ရစ်ခဲ့သော ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း၏ ပင်မမျိုးဆက်များအပြင် အခြားသော ပါရမီရှင်များသည်လည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။
ရှေးဟောင်း သူတော်စင်ခန္ဓာကိုယ် အုပ်စိုးရှင်ဘုရင်၏ ရောင်ဝါသည် အလွန်ပင် ကြောက်စရာကောင်းပြီး ၊ ဤကမ္ဘာကြီးကို ဖြိုခွဲပစ်ဖို့ လုံလောက်ပေသည်။
🍁T/N - စူးချန်ကဲပိုင်ဆိုင်ထားတဲ့ သူတော်စင် ခန္ဓာကိုယ်တွေက နာမည်တစ်ခုချင်းစီ ရှိထားသော်ငြားလည်း ၊ သာမန်သူတော်စင်ကိုယ်ထည်တွေရဲ့ အထက် ၊ ပြီးပြည့်စုံတဲ့ ဖွဲ့စည်းမှုဖြစ်လို့ သူတော်စင်ခန္ဓာကိုယ် အုပ်စိုးရှင်ဘုရင်လို့ သမုတ်ခေါ်ဆိုပါတယ် ၊ ခုချိန်ကစပြီး စာရေးဆရာက သူတော်စင်ကိုယ်ထည်လေးမျိုးကို တစ်မျိုးချင်းစီ မရေးဖွဲ့ဘဲ ပေါင်းပြီး ‘ သူတော်စင်ခန္ဓာကိုယ် အုပ်စိုးရှင်ဘုရင် ‘လို့ နာမ်စားသုံးပြီး ရေးသားထားတဲ့အတွက် မျက်စိမလည်ရအောင် ထပ်ရှင်းပြတာပါ ၊ {{ကိုယ်တွေဆို သုံးလေးခေါက်လောက် ဖတ်ပြီးမှနားလည်တယ်}}🍁
“ -ီးပဲ !-ီးပဲ !!”
ချန်းဟွမ်းထျန်း၏ စိတ်နှလုံးသားတစ်ခုလုံး ထိန်းမနိုင်သိမ်းမရ တုန်လှုပ်နေမိသည်။ သူ့ရှေ့က မြင်ကွင်းသည် သူ့စိတ်ကူးထားသည်ထက် များစွာကျော်လွန်နေခဲ့သည်။
တိုက်မြေသုံးထောင်သည် နှစ်ပေါင်းများစွာ တည်ရှိခဲ့ပြီး ၊ အများအားဖြင့် သူတော်စင် ခန္ဓာကိုယ် နှစ်မျိုးတည်းသာ ပိုင်ဆိုင်ကြသည်။
စူးချန်ကဲကတော့ တကယ်ကို တော်လွန်းပေသည်။ သကောင့်သားက သူများတွေထက် နှစ်ဆတိုးပြီး ပိုင်ဆိုင်ထားသတဲ့လေ!
ထျန်းလုံ ဝူရှန်း ကြုံတွေ့ခဲ့ရသော စိတ်ပျက်အားငယ်မှုသည် ဤနေရာတွင် ထပ်မံ ဖြစ်ပေါ်လာခဲ့သည်။
သူ့စိတ်ထဲတွင် မယုံကြည်နိုင်သော အတွေးတစ်ခုတည်းသာ ရှိသည်။
ကိစ္စများသည် ယခုအခြေအနေထိ ရောက်ရှိလာခဲ့ပြီဖြစ်ရာ ၊ သူတို့အားလုံး အစွမ်းကုန် ကြိုးစားပါက မျှော်လင့်ချက်ရောင်ခြည်နှင့်အတူ တိုက်ပွဲဝင်နိုင်ပေလိမ့်မည်။
“အတူတူ တတ်ကြမယ်!”
ချန်းဟွမ်းထျန်းသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ဆိုလိုက်သည် ။
“အားလုံး တတ် ၊ စူးချန်ကဲကိုသတ်ကြမယ် “
ထိုစကားသံအဆုံးတွင် ၊
ချန်းဟွမ်းထျန်း နှင့် မကောင်းဆိုးဝါးမျိုးနွယ်ဝင် ပင်မမျိုးဆက်သုံးဦးတို့သည် ချက်ချင်းဆိုသလို ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများဖြင့် ပေါက်ကွဲထွက်လာကြသည်။
ဘုန်း ဘုန်း --!!
ထို့နောက်တွင် ၊ လေထုထဲမှ ကြောက်လန့်ဖွယ်ရာ အသံများ ထွက်ပေါ်လာသည်။
တဟုန်ထိုး ထိုးတတ်လာသော ကြီးကျယ်ခမ်းနားသော မကောင်းဆိုးဝါး စွမ်းအင်များသည် မြင့်မြတ်သော ရှေးမကောင်းဆိုးဝါးနတ်ဘုရားများ၏ အသွင်ပုံရိပ်များအဖြစ် စုဝေးသွားသည်။
ကြီးမားကျယ်ပြန့်သော မကောင်းဆိုးဝါး စွမ်းအင် သမုဒ္ဒရာကြီးသည် စူးချန်ကဲဖွဲ့စည်းထားသော စက်ကွင်းနှင့် ယှဉ်ပြိုင်ခဲ့ပုံရသည်။
သို့သော်၊
အကြွင်းမဲ့အာဏာနှင့် ရင်ဆိုင်ရချိန်တွင်၊ သူတို့လုပ်သမျှအရာအားလုံးသည် အချည်းနှီးသာ ဖြစ်ခဲ့ရသည်။
အစွမ်းကုန်ကြိုးစားသော်လည်း စူးချန်ကဲကို နည်းနည်းလေးမှ မနှိပ်ကွပ်နိုင်ခဲ့ပေ။
“ခေါင်းမာလွန်းတယ်”
စူးချန်ကဲ၏ နှုတ်ခမ်းသားများသည် အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။ အုပ်စိုးရှင်ဘုရင် သူတော်စင်ကိုယ်ထည်လေးမျိုးဖြစ်ကြသော ရောင်ဝါများ၏ ဝန်းရံမှုအောက်တွင်၊
စူးချန်ကဲ၏ ဆံချည်မျှင် တစ်ချောင်းစီတိုင်းက ကြည်လင်တောက်ပနေကာ ၊ နဂါးနှင့်ဖီးနစ်သဏ္ဍာန် ဆင်ယင်ထားသော အဖြူရောင် ရွှေပိုးထည်စသည် လေမတိုက်ဘဲ သူ့အလိုအလျောက် လွင့်မျောနေပြီး ၊ ကြီးကျယ်ခမ်းနားသော ရောင်ဝါများကို ဖြန့်ကျတ်ထားလျက်ရှိသည်။
ပြီးပြည့်စုံသော ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရားကိုယ်ထည်အဖြစ် အသက်သွင်းပြီးနောက်တွင် ၊ စူးချန်ကဲတွင် ပြီးပြည့်စုံသော သူတော်စင်ကိုယ်ထည် လေးခု ရှိလာခဲ့ပြီဖြစ်သည်။
ပြီးပြည့်စုံသော ကိုယ်ထည်လေးခု၏ ပေါင်းစပ်မှုအောက်တွင် ၊ မည်သည့်အရာကများ ယှဉ်ပြိုင်နိုင်မည်နည်း။
စူးချန်ကဲသည် နောက်ဆုံးတော့ လှုပ်ရှားခဲ့ချေပြီ။
သူသည် သူ၏ ကျင့်ကြံစွမ်းအားကို လုံးဝအသုံးမချဘဲ သူ့လက်ဝါးကို ဆန့်ထုတ်လိုက်သည်။
ထို့နောက် ၊ သူ့ရှေ့မျက်နှာစာ ကွက်လပ်တွင် တဟုန်းဟုန်း တောက်လောင်နေသော ဝိညာဉ်စွမ်းအား သမုဒ္ဒရာကြီးသည် ကောင်းကင်နှင့် နေကို ဖုံးအုပ်ထားသော ရွှေရောင်နဂါးကြီးအဖြစ် ပြောင်းလဲသွားသည်။
ခမ်းနားလှသော ရွှေရောင်အလင်းတန်းများသည် နေရာအနှံ့ လွှမ်းခြုံသွားပြီး ၊ တောက်ပနေသော ရွှေရောင်အလင်းတန်းများက အမှောင်ကျနေသော ဤနေရာတစ်ခုလုံးကို လင်းထိန်သွားစေခဲ့သည်။
“ အစွမ်းကုန် တိုက်ခိုက်!”
ကြောက်မက်ဖွယ်စွမ်းအားကို ခံစားလိုက်ရသဖြင့်၊ ချန်းဟွမ်းထျန်းသည် သတိလက်လွတ်မဖြစ်ဝံ့ဘဲ အော်ဟစ်သတိပေးလိုက်သည်။
အခြား မကောင်းဆိုးဝါး မျိုးနွယ်ဝင် ပင်မမျိုးဆက်သုံးဦး၏ မျက်လုံးများသည် လျှပ်စီးလက်သလို လင်းလက်သွားသည်။
သူတို့၏ ခန္ဓာကိုယ်ထဲမှ မကောင်းဆိုးဝါးစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ၊ မိမိ၏ မှော်စွမ်းအားများကို အသုံးချကာ ပေတစ်ထောင်ရှည်လျားသော ဓမ္မကာယကိုယ်ထည်ကြီးကို ဖန်တီးခဲ့ပြီး ရွှေဝါရောင် နဂါးဆီသို့ ပြေးဝင်တိုက်ခိုက်ခဲ့သည်။
“ခွင်းဖိန် မှော်အတတ် ၊ ထွက် !”
ခွင်းဖိန် ရှန်ကျွင်းမှ ဟောက်သံပြုလိုက်သည်နှင့် သူ့ပတ်ဝန်းကျင်တစ်ခုလုံး ဝင်းထိန်တောက်ပလာပြီး နတ်အလင်းများသည် ကောင်းကင်သို့ ပျံတက်သွားသည်။
သူ့လက်ကို ဖြန့်လိုက်သည်နှင့် ၊
သူ့နောက်တွင် ရှိနေခဲ့သော ရွှေရောင်အလင်းများသည် ဧရာမ ခွင်းဖိန်တစ်ကောင်၏ အတောင်ပံတစ်စုံအဖြစ်သို့ ပြောင်းလဲသွားပြီး ရွှေရောင်အလင်း နှင့် သွေးချီစွမ်းအားများ ရစ်ဝဲနေသော ကမ္ဘာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
“ ကောင်းကင်လူဝံ မှော်အတတ် ၊ဖွင့်!”
ယွမ်ခုန်းသည်လည်း အလားတူ ကြွေးကြော်လိုက်သည်။
တဟုန်းဟုန်း ထတောက်လာသော သွေးချီစွမ်းအားများသည် ထုတ်ဖော်မပြောနိုင်သော လျို့ဝှက်ချက်ကိုပင် လှုပ်ခတ်သွားစေခဲ့ပြီး ကြောက်မက်ဖွယ်ရာ လှိုင်းတံပိုးများ ရိုက်ခတ်လာခဲ့သည်။
ကောင်းကင်ပမာ မြင့်မားသော လူဝံကြီးအဖြစ် တဖြည်းဖြည်း ပေါင်းစပ်ဖွဲ့စည်းသွားပြီး ၊ ၎င်း၏ ကြွက်သားအပြည့်ဖြင့် လက်မောင်းများသည် ကောင်းကင်ပြာကြီးကို အလွယ်တကူ စုတ်ဖြဲပစ်နိုင်ပုံရသည်။
“ရှေးမိကျောင်း မှော်အတတ်၊ ချုပ် !”
တစ်ဖက်တွင်။
အော့ကူသည် နောက်ကျောတွင် ဆူးတောင်များပါရှိသည့် ရှေးဟောင်းမိကျောင်းကြီး တစ်ကောင်ကို ပေါင်းစပ်ဖွဲ့စည်းလိုက်သည်။ ဤကမ္ဘာမြေတစ်ခုလုံးကို ဝါးမျိုနိုင်စွမ်းရှိသကဲ့သို့ ၎င်း၏ သွေးသံရဲရဲပါးစပ်ကြီးကို ဖွင့်ထားလေသည်။
သုံးယောက်သား ဘေးချင်းကပ်ရပ်နေကြပြီး၊ အားလုံးက စူးချန်ကဲ၏ ကျပန်းတိုက်ခိုက်မှုကို တန်ပြန်ရန် အစွမ်းထက်ဆုံး မှော်အတတ်ပညာများကို အသုံးပြုခဲ့ပြီး အသင့်အနေအထားဖြင့် စောင့်ကြိုနေသည်။
သာမာန်အားဖြင့် ၊အရှက်တကွဲ ဖြစ်ရသော်လည်း သို့သော် ယခုတွင် သူတို့တွင် ရှင်သန်လိုသည့် ဆန္ဒသာရှိပေသည်။
ဝုန်း ! !
မရေမတွက်နိုင်သော လျှပ်စီးကြောင်းများသည် အပျက်သဘောဆောင်သော အလင်းရောင်တစ်ခုနှင့်အတူ ပေါက်ကွဲထွက်လာသည်။
အသက်ရှင်ကျန်ရစ်သော တခြားလူများအနေဖြင့် ၊ အားနည်းသော ကျင့်ကြံသူများသည် ကြီးမားသော လှိုင်းတံပိုးများထဲသို့ တိုက်ရိုက် မျောပါသွားကာ ချက်ချင်းပင် ပျက်သုန်းခဲ့ရသည်။
“ ပြီးပြည့်စုံတဲ့ ကိုယ်ထည်လေးခုကို အမိန့်ပေးနိုင်တာ … ဒါ ငါ့ဆီမှာလျို့ဝှက်စွာနဲ့ ရှိနေတဲ့ ပထမဆုံး ဖွဲ့စည်းပုံကြောင့် ဖြစ်ရမယ်..”
“ ဖွဲ့စည်းပုံ လေးမျိုးကို တပြိုင်နက်တည်း အသက်သွင်းလိုက်တာ ဒီလောက်တောင် ကြောက်စရာကောင်းတဲ့ စွမ်းအားတွေ ရှိနေခဲ့တာပဲ…”
တိုက်ပွဲ၌။
စူးချန်ကဲသည် အခြားအရာများကို တွေးတောရန် အားလပ်ချိန်တောင် ရှိသေးသည်။
ထိုလူသုံးယောက်၏ အစွမ်းထက်ဆုံး မှော်အတတ်များကို ရင်ဆိုင်ရင်း ၊ သူသည် သက်တောင့်သက်သာရှိပုံရသည်။
စဉ်းစားပြီးနောက် ၊
စူးချန်ကဲသည် လက်ဝါးမှ လက်သီးအဖြစ်သို့ ပြောင်းလဲကာ ထပ်မံထိုးနှက်လိုက်သည် ။
အင်အားလေးမျိုး၏ ကောင်းချီးပေးမှုအောက်တွင် ၊ စူးချန်ကဲသည် မဟာဧကရာဇ်မင်း၏ ကိုယ်ခံပညာနယ်ပယ်နှင့် အကန့်အသတ်မရှိ နီးကပ်နေပြီဖြစ်သည်။
အမျိုးမျိုးသော ထူးခြားဖြစ်စဉ်များ ထွက်ပေါ်လာသည်။
ဘုန်း ! !
မူလကတည်းက ခုခံနိုင်စွမ်းကင်းမဲ့နေခဲ့သော မကောင်းဆိုးဝါး မျိုးနွယ်ဝင် ပင်မမျိုးဆက်သုံးဦးသည် စူးချန်ကဲ၏ တိုက်ခိုက်မှုကို နည်းနည်းမျှ မခုခံနိုင်ခဲ့ပေ။
သူ့လက်သီး၏ ထိုးနှက်မှုအောက်တွင် တိုက်ရိုက် လွင့်စင်သွားပြီး ၊ အသားနှင့်အရိုးများ ကွဲအက်ကာ သွေးပူများ စီးကျလာသည်။
“သွေးအန်သံ…”
“ဒုတိယအစ်ကို…”
အမှန်မှာ ၊ ဤလူသုံးဦးသည် အချိန်နှောင့်နှေးရန်အတွက်သာ တာဝန်ရှိခဲ့မှန်း သိလိုက်ရသည်။
ရှေ့တန်းတိုက်ခိုက်မှုအတွက် အမှန်တကယ် တာဝန်ယူခဲ့သူမှာ ချန်းဟွမ်းထျန်းသာ ဖြစ်သည်။
“ စူးချန်ကဲ ၊ သေလိုက်တော့!”
ချန်းဟွမ်းထျန်းသည် ကောင်းကင်ပမာ မြင့်မားသော ခရမ်းရောင် ချီလင်ကို ဖွဲ့စည်းလိုက်သည်။ ၎င်းတွင် ကောင်းကင်ဘုံကို ဖောက်ထွင်းနိုင်ပုံရသော ကြီးမားလှသော ဦးချိုတစ်စုံရှိသည်။
ဤရှေးဟောင်း ချီလင်သားရဲကို ဆင့်ခေါ်ရန်အတွက် ချန်းဟွမ်းထျန်းသည် သူ့ခန္ဓာကိုယ်ကို ကွန်တိန်နာ(ထည့်စရာ ပစ္စည်း)တစ်ခုအဖြစ် အသုံးပြုထားပုံရသည်။
စူးချန်ကဲနှင့်အတူ သေမည်ဟု ကတိပြုထားသော ၎င်း၏ မိုက်ရူးရဲဆန်မှုက သူ၏မူလရင်းမြစ်ကို ပေးဆပ်ရမည်ဆိုတောင် ဂရုမစိုက်ဘဲ ရုးသွပ်စွာပေါက်ကွဲခဲ့သည်။
“ ကောင်းကင်ဘုံကတောင် ငါ စူးမျိုးနွယ်ကို သေအောင်မလုပ်နိုင်ဘူး”
“သားရဲတစ်ကောင်ကများ ၊ မောက်လိုက်တာ!”
စူးချန်ကဲ၏ အမူအရာသည် အေးစက်သွားသည်။
သန်းပေါင်းများစွာသော ရောင်စဉ်တန်းများ ထွက်လာသကဲ့သို့ သူ့ဝန်းကျင်ရှိ ရောင်ဝါတို့သည် ပို၍ ပြင်းထန်လာခဲ့သည်။
“ အုပ်စိုးရှင် နတ်ဘုရားကြွမြန်းခြင်း !”