အခန်း (၄၁၈-၄၂၀)
Vol. 30 Ch. 418-420
အပိုင်း(၄၁၈): မကောင်းဆိုးဝါး မျိုးနွယ်ဝင် လေးဦး ကျဆုံးခြင်း
ထိုစကားသံအဆုံးတွင် ၊
စူးချန်ကဲကို ဗဟိုပြုလျက် ရွှေရောင်တိမ်တိုက်များသည် တလိပ်လိပ်ရိုက်ခတ်ကာ ကောင်းကင်ထက်တွင် တောက်ပလာသည်။
စူးချန်ကဲ၏ အနီးတစ်ဝိုက်တွင် ပြင်းထန်သော စိတ်စွမ်းအားများ ကျဆင်းလာခဲ့သည်။
ထို့နောက် မဟာလမ်းစဉ်၏ နိယာမစည်းမျဉ်းများ ပြန့်နှံ့သွားသည်နှင့်အမျှ စူးချန်ကဲကို အခြေပြုကာ ၎င်း၏ စိတ်စွမ်းအား အသွင်ပုံရိပ်သည် ဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်အထိ ဆက်လက် ကြီးမားကျယ်ပြန့်လာသည်။
၎င်း၏လက်ထဲတွင် ကိုင်ဆောင်ထားသော လှံရှည်သည် နေတစ်စင်း၏ တောက်ပမှုနှင့်အတူ ထိန်ဝင်းစွာ တောက်ပနေသည်။
“သတ်!”
အမိန့်သံရွတ်ဆိုလိုက်သည်နှင့် တစ်ချိန်တည်းမှာပင် စူးချန်ကဲသည် ထိုနတ်ဘုရားအသွင်ပုံရိပ်ကို ထိန်းချုပ်ကာ နှိပ်ကွပ်လာခဲ့သည်။
ယခုအချိန်တွင် ၊
ဤနေရာ၌ ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေခဲ့သည်။
တစ်ဖက်၌ ၊ ကောင်းကင်ကြီးကို ဖုံးလွှမ်းထားသော လှံရှည်အရိပ်သည် အပျက်သဘောဆောင်သော အလင်းရောင်တစ်ခုနှင့်အတူ လေထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။
အခြားတစ်ဖက်တွင်၊ ကြီးမားသော ချီလင်သားရဲကောင်သည် အရာအားလုံးကို အရည်ပျော်ကျသွားစေနိုင်သည့် ချီလင်စွမ်းအားမီးလျှံနှင့်အတူ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
၎င်းသည် နဂါးငွေ့တန်းကို ပြာအဖြစ် လောင်ကျွမ်းစေနိုင်ပုံရသည်။
“ ငါ ဒီမှာကျရှုံးခဲ့ရင်တောင် ဘာဖြစ်လဲ!’
“ မင်းထက် တစ်လှမ်းစောပြီး ရောက်သွားတာပဲ ရှိတယ် ၊ မင်းလည်း သေချာပေါက် သေကိုသေရမှာပဲ !”
ချန်းဟွမ်းထျန်းသည် ရူးသွပ်စွာကြွေးကြော်လိုက်သည်။
သူသည် မွေးဖွားလာချိန်မှစ၍ ကျင့်ကြံလောကထဲသို့ လျှောက်လှမ်းခဲ့သည်။
သူ့တွင် ပန်းတိုင်တစ်ခုသာ ရှိသည်။
လူသားတို့၏ အုပ်စိုးမှုခေတ်ကို ချိုးဖျက်ပြီး ၊ တစ်ချိန်က မကောင်းဆိုးဝါးမျိုးနွယ်များနှင့် သက်ဆိုင်ခဲ့သည့် ဘုန်းတန်ခိုးကြီးမားခဲ့သော ခေတ်ကာလဆီကို ပြန်လည်ရောက်ရှိရမည်သာ။
သို့သော် ဤရည်မှန်းချက်ကြီးကို အောင်မြင်ရန်အတွက် အဟန့်အတားဖြစ်သည့် ဧရာမကျောက်တုံးကြီးနှစ်ခုရှိသည်။
ဤသည်မှာ ကွေးယွမ် သူတော်စင်နယ်မြေ နှင့် စူးချန်ကဲပင် ။
အကယ်၍ သူ၏ ခန္ဓာကိုယ်ဖြင့် မကောင်းဆိုးဝါးမျိုးနွယ်စုများကို ပြန်လည်မရှင်သန်နိုင်အောင် ဟန့်တားထားသော ကျောက်တုံးများကို အနိုင်ယူကာ ချေမှုန်းနိုင်လျှင်ဖြင့် ၊
သူ့ကိုယ်သူ စတေးဖို့ဆန္ဒရှိပေသည်။
သူပြောခဲ့သလိုပဲ စူးချန်ကဲမသေရင် ၊ သူတို့ သေဆုံးရပေမည်။
နောက်အခိုက်တန့်တွင် ။
တဖျပ်ဖျပ် ခတ်ကာ တောက်ပနေသော အလင်းတန်းနှစ်ခုသည် တခဏချင်း တိုက်မိသွားကြသည်။
အမှောင်စကြဝဠာထဲ၌ မွေးဖွားလာသော ကြယ်တစ်စင်းကဲ့သို့ ရောင်စဉ်အလင်းများ ထိန်လင်းစွာ ထွက်ပေါ်လာခဲ့သည်။
ဝုန်း ——!!
ထိပ်တိုက် တွေ့ဆုံခဲ့ကြသည့်အခိုက်တွင်၊ စကြဝဠာကြီး တစ်ခုလုံး တုန်ခါသွားပြီး မှော်သင်္ကေတများ တုန်ယင်စွာဖြင့် ရိုက်ခတ်သွားသည်။
ကောင်းကင်နှင့်မြေကြီးကြားရှိ နေရာလပ်သည် တန်ခိုးကြီးမားသော အဆိုပါစွမ်းအားများကြောင့် ကွဲအက်သွားခဲ့ရပြီး ၊ မိုင်သန်းပေါင်းများစွာ ရှိသော ဟင်းလင်ပြင်အလွှာတို့သည် တုန်ခါသွားပြီး အစိတ်စိတ်အမြွှာမြွှာ ဖြစ်ခဲ့ရသည်။
ဤတိုက်ပွဲ၏ နောက်ဆက်တွဲသည် မည်မျှအကွာအဝေးထိ လွင့်စင်သွားသည်ကိုတော့ မသိနိုင်ချေ။
“ သွေးအန်သံ…!”
ဤမျှ အင်အားကြီးမားသော ဖိနှိပ်မှုအောက်တွင် ၊ ချန်းဟွမ်းထျန်း၏ ရင်ဘတ်အရိုးများသည် ကျိုးပဲ့သွားခဲ့ရပြီး သွေးစများ စီးကျလာသည်။
သူ၏မူလ ချီလင်အသွေးတို့ကို လောင်မြိုက်ကာ ဆင့်ခေါ်ထားခဲ့သော ချီလင်သားရဲ၏ ပုံရိပ်သည် အချိန်မရွေး ပြိုလဲသွားနိုင်သကဲ့သို့ မတည်မငြိမ် ဖြစ်နေသည်။
“သတ်!”
“ဒုတိယအစ်ကိုတောင် မကြောက်တာ! ငါတို့ကလည်း ဘာလို့ကြောက်ရမှာလဲ!”
အခြားမကောင်းဆိုးဝါးမျိုးနွယ်ဝင် ပင်မမျိုးဆက်များက ကြွေးကြော်ခဲ့ကြသည်။
ပြိုင်ဘက်ကင်းသော ပါရမီရှင်များ ဖြစ်သည့်နှင့်အလျောက် သူတို့သည် သဘာဝအလျောက် ကိုယ်ပိုင်ဂုဏ်သိက္ခာများ ရှိပေသည်။
သူတို့သည် မကောင်းဆိုးဝါးမျိုးနွယ်များ ဖြစ်သော်လည်း ၊ မာန်မာနတော့ ရှိပေသည်။
သို့သော် ။
သူတို့အားလုံး ဝင်စွက်ဖက်ကြခဲ့သော်လည်း၊ အဆုံးတွင် စူးချန်ကဲသည် ရန်သူ၏ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော လုံးဝ ဖျက်ဆီးပစ်ခဲ့သည်။
စူးချန်ကဲသည် သူ့လက်ကောက်ဝတ်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းကာ လက်သီးတစ်ချက် လက်ဝါးတချက် ထိုးနှက်တိုက်ခိုက်လိုက်သည်။
အဆုံးမရှိသော ဖိနှိပ်စွမ်းအားများ ကျရောက်လာသည်။
“ ချန်းကူ ကျုံတန့်ထျန်း!”
တစ်ဖန် အလွန်ပြင်းထန်သော တိုက်ခိုက်ရေးနည်းလမ်းကို ထုတ်ဖော်ပြသခဲ့သည်။
တုန်တုန်ယင်ယင် ဖြစ်နေသော ကြယ်စင်များကြား ၊ အဆုံးမရှိသော နတ်တောင်ကိုးလုံး ကောင်းကင်တွင် ပေါ်ထွက်လာသည်။
တောင်ကိုးလုံးအဖြစ် စုဝေးဖွဲ့စည်းသွားသည်နှင့် ၊ စူးချန်ကဲသည် သူ၏ ညာလက်ဖြင့် ၎င်းတို့ရှိရာ ဦးတည်ဘက်ဆီသို့ နှိပ်ကွပ်ရန် ညွှန်ကြားလိုက်သည်။
ဘုန်း ! ဘုန်း ! ဘုန်း !
မြေကြီးတုန်ခါနေသော ဟောက်သံ ကိုးချက် တစ်ချက်ပြီးတစ်ချက် ထွက်ပေါ်လာသည်။
အဆိုပါ ပြင်းထန်သော စွမ်းအား၏ နှိပ်ကွပ်မှုအောက်တွင် မခံနိုင်တော့ဘဲ ၎င်းတို့၏ အသွေးအသားတို့သည် သွေးမှုန်များအဖြစ် ပျောက်ကွယ်သွားခဲ့သည်။
သို့သော် ဒါကလည်း သူတို့အလိုရှိသောဆန္ဒကို ဖြည့်ဆည်းပေးခဲ့ခြင်းသာ ။
ဧကရာဇ်လျှောက်လှမ်းတွင် ခြေချကတည်းက အရှက်တကွဲ ဖြစ်ရမှာထက် စစ်မြေပြင်မှာ သေဖို့က သူတို့ ဆန္ဒရှိသောအရာပင် ဖြစ်သည်။
ပရမ်းပတာ အလင်းများ တဟုန်ထိုး လျှံတတ်လာပြီး ၊ တောက်လောင်နေသော အလင်းမုန်တိုင်းကြီးသည် ဤနေရာတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
ကျန်လူများလည်း ထိုအလင်းမုန်တိုင်း၏ တိုက်ခတ်မှုအောက်တွင် ပါဝင်သွားခဲ့ပြီး လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့သည်။
သေသည်အထိ သူတို့ နားမလည်နိုင်ဖြစ်ခဲ့ရသည်။
သေမှာကြောက်လို့ ဘေးကနေ စောင့်ကြည့်နေပါတယ်ဆိုမှ ၊ ဒီလိုကပ်ဘေးထဲ အချောင်ပါသွားသတဲ့လား !
…….
အဝေးတစ်နေရာတွင် ၊
အမှောင်ရိပ်သားရဲဘုရင် ဦးဆောင်လာသော အရိပ်သားရဲတပ်သည်လည်း ထိုအလင်းမုန်တိုင်း၏ သက်ရောက်မှုကို ကြုံတွေ့ခဲ့ရသည်။
ကျင့်ကြံမှုအားနည်းသော အမှောင်ရိပ်သားရဲများသည် တိုက်ရိုက် သုတ်သင်ခံခဲ့ရသည်။
ရှိုက်ကြီးတငင် အော်ဟစ်သံများကြားတွင် အရာအားလုံးသည် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရချေပြီ။
“ဒါက သေချာပေါက် သူတော်စင်ခန္ဓာကိုယ် အုပ်စ်ိုးရှင်ဘုရင်ရဲ့ အငွေ့အသက်ပဲ “
အမှောင်ရိပ်သားရဲဘုရင်၏ သွေးနီရောင်မျက်နှာသည် အနည်းငယ် ဖျော့တော့သွားသည်။
“ဒါက လုံးဝကို ပြီးပြည့်စုံတဲ့ သူတော်စင် ခန္ဓာကိုယ် အုပ်စိုးရှင်ဘုရင်ရဲ့ အငွေ့အသက်ပဲ!”
“ တစ်ခုတောင် မဟုတ်ဘူး လေးခုတောင်!? တကယ်လို့ ငါသာ ရှေ့ဆက်သွားရင် သွားအသေခံတာပဲ မဟုတ်လား “
“ငါ ထွက်ပြေးရမယ်!”
သို့သော် ။
နောက်ဆက်တွဲ အကျိုးသက်ရောက်မှုသည် အလွန်ကို ကြောက်စရာကောင်းပေသည်။ နှစ်ကာလပေါင်းများစွာ ရှိနေခဲ့သော ဤကြယ်တာယာ ရှေးဟောင်းလမ်းသွယ်များသည်ပင် တုန်ခါသွားခဲ့ရသည်။
ကျူးထျန်းဓားဂိတ်တံခါး၏ ဝင်ပေါက်နှင့် ချိတ်ဆက်ထားသော ဧရိယာတစ်ခုလုံး လုံးဝပြိုကျသွားခဲ့ပြီး ၊ အဆုံးမရှိသော အပိုင်းအစများအဖြစ် ပြောင်းလဲကာ နေရာအနှံ့ ပြန့်ကျဲသွားခဲ့သည်။
“ဟင့်အင်း!ဒါ ဘယ်လိုဖြစ်တာလဲ!?”
အမှောင်ရိပ်သားရဲဘုရင်သည် ထိုမြင်ကွင်းကိုမြင်ပြီးနောက် သေချင်သွားသည်။
မူလက သူသည် လူသားမျိုးနွယ်ဝင် ကလေးပေါက်စကို လိုက်လံဖမ်းဆီးရန် တပ်ဖွဲ့ကြီးကို ဦးဆောင်ခဲ့သော်လည်း ၊ ရလဒ်အနေဖြင့် ဤမျှပြင်းထန်သော လှိုင်းတံပိုး၏ရိုက်ခတ်မှုကို ခံခဲ့ရသည်။
နောက်ဆုတ်ရမည့်လမ်းမှာ ပြတ်တောက်သွားခဲ့ပြီ ဖြစ်သောကြောင့် ရှေ့ကိုသာ ဆက်တိုးလာခဲ့သည်။
သို့သော် ရှေ့တွင် သူတော်စင်ခန္ဓာကိုယ် အုပ်စိုးရှင်ဘုရင်လေးဦး၏ သတ်ဖြတ်ခြင်းကိုခံရပေတော့မည်။
ယခုလို အသက်ရှင်နေနိုင်ဖို့ ဤအဆုံးမဲ့နှစ်များအတွင်း သူ့အသက်ကို ဂရုတစိုက် စောင့်ရှောက်ရခဲ့သည်။
အခု ဒီလိုနဲ့ပဲ သေရတော့မှာလား? !
သူ ဆန္ဒမရှိချေ ။
အမှောင်ရိပ်သားရဲဘုရင်၏ မျက်လုံးများက ရုတ်ချည်း အေးစက်တောက်ပသွားသည်။
“ကြည့်ရတာ ကိုယ့်ယုံကြည်ချက်ကို သစ္စာဖောက်ရတော့မှာပဲ…”
“ဒါပေမယ့် ဒီကောင်တွေက ငါ့အတွက် ဝန်ထုပ်ဝန်ပိုးပဲ၊ တကယ်လို့ ဒီကောင်တွေ ငါ့နေရာကိုဖော်ထုတ်ရင် ငါသေမှာ သေချာတယ်”
မိမိဘုရင်၏ အကြည့်ကို အာရုံခံမိပြီးနောက်၊
အမှောင်ရိပ် သားရဲတစ်စုသည် စိတ်လှုပ်ရှားလာကြသည်။
ဘုရင်၏မျက်လုံးထဲတွင် တရားမျှတမှုအတွက် သူ့ဆွေမျိုးများကိုပင် သတ်ပစ်မည့်ပုံပေါက်နေသည်။
“ဘုရင်ကြီး…”
ထိတ်လန့်နေသော အမှောင်ရိပ် သားရဲအုပ်စုတစ်စုကိုကြည့်ကာ လူသားတွေ၏ ပြောဆိုမှုအတိုင်း တုပကာ ဆိုလိုက်သည်။
“ဟမ်! ငါတို့ရဲ့မျိုးဆက်အတွက်၊ မင်းတို့ရဲ့ဘုရင် ဘေးကင်းရေးအတွက် “
“ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကို စတေးကြပါ!”
ဝုန်း ! !
ဧရာမ လက်သည်းကြီးသည် တိုက်ရိုက်ကျရောက်လာခဲ့သည်။
သူ့နောက်က အရိပ်မည်းအုပ်စုကြီးသည် ချက်ချင်းဆိုသလို အနက်ရောင် အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထို့နောက် အအမှောင်ရိပ်သားရဲဘုရင်သည် သူ့လက်အောက်ငယ်သားအားလုံး၏ အငွေ့အသက်များကို စုပ်ယူလိုက်သည်။
တစ်ချိန်တည်းမှာပင်။
သူ၏ ခန္ဓာကိုယ်ထဲမှ ထူးဆန်းကာ လွန်စွာသန့်စင်သော အမှောင်ထု၏ အငွေ့အသက်များ ထွက်ပေါ်လာသည်။
သူ့ခန္ဓာကိုယ်သည် အဆပေါင်းများစွာ ပို၍ကြီးမားလာသည်။
အချိန်အနည်းငယ်ကြာပြီးနောက်၊ အမှောင်ရိပ်သားရဲဘုရင်သည် ယုံကြည်ချက်များ ပြန်လည်ရရှိလာပုံရသည်။
“ ကြည့်ရတာ ၊ ငါ့မှာ အဆုံးမရှိတဲ့ စွမ်းအားတွေ ရှိလာခဲ့ပုံပဲ !”
“ဟွန်း ! ဒဏ္ဍာရီလာ သူတော်စင် ခန္ဓာကိုယ် အုပ်စိုးရှင်ဘုရင် ဟုတ်လား?”
အမှောင်ရိပ်သားရဲဘုရင်သည် ကြိမ်းဝါးလိုက်သည်။
“ မင်းနဲ့ တစ်ပွဲတစ်လမ်း စမ်းတာပေါ့ကွာ!”
မှန်၏ ။
အမှောင်ရိပ်သားရဲဘုရင်သည် ယခု သူသည် မည်မျှ ဉာဏ်အမျှော်အမြင်ရှိသည့်အပေါ် ဂုဏ်ယူနေလေ၏။
……
တစ်ချိန်တည်းမှာပင်။
စူးချန်ကဲ တည်ရှိရာနေရာ၌ ဗွာလန်ကျဲလို့နေသည်။
ရှေးဟောင်းလမ်းတစ်လျှောက် မရေမတွက်နိုင်သော အက်ကြောင်းများဖြင့် ကွဲအက်နေပြီး အချိန်မရွေး ပြိုကျနိုင်ပုံရသည်။
လူလေးယောက်မှာမူ ၊ အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။
ဝိညာဉ်သည်ပင် သဲလွန်စ မကျန် အပြီးတိုင် ပျက်စီးသွားခဲ့သည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်။
မှောင်မိုက်နေသော ကြယ်တာယာကောင်းကင်တွင် လက်ကို နောက်ပစ်လျက် အေးဆေးတည်ငြိမ်စွာ ရပ်နေသော ဝတ်ရုံဖြူ လူငယ်တစ်ဦး ရှိနေခဲ့သည်။
“ မဟာလမ်းစဉ်ဆိုတာ ဒါမျိုးဖြစ်မယ် “
ရုတ်တရက် ၊ စူးချန်ကဲက အေးစက်စွာ ရေရွတ်လိုက်သည်။
“ငါသာ မသန်မာဘူးဆိုရင် စဉ်းတီတုံးပေါ်က ငါးတစ်ကောင်ဖြစ်သွားလိမ့်မယ်”
“ဒါပေမယ့် သန်မာမယ်ဆိုရင် ၊ ဒေဝလောကတစ်ခုလုံးက ငါ့အပိုင်ပဲ”
ထိုစကားများဆိုပြီးနောက် ၊
စူးချန်ကဲသည် သူ့လက်ငါးချောင်းကို ဖွင့်လိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော ဝါးမျိုခြင်းဆိုင်ရာ စွမ်းအားများသည် သူ့လက်ဖဝါးတစ်လျှောက် သက်ဝင်စီးဆင်းနေသည်။
စုပ်ယူ သူတော်စင် ခန္ဓာကိုယ်၏ မွေးရာပါ မှော်စွမ်းအင်— ဒေဝတစ်ခွင် ဝါးမျိုခြင်း!
လူပေါင်းများစွာ၏ ကျန်ရှိသော စွမ်းအားများကို စုပ်ယူပြီးနောက်၊ သူ၏ သူတော်စင် ခန္ဓာကိုယ်အသွေးများကို ပြန်လည် မွေးမြူခဲ့ပေရာ သူ၏ သွေးချီစွမ်းအားသည် ပို၍ အားကောင်းလာသည်။
နောက်ဆုံးအနေဖြင့် ၊ ဒါကိုလည်း ပြန်လည်အသုံးပြုရမည် ဖြစ်သည်။
ထိုစဉ် ၊
စူးချန်ကဲသည် တစ်ခုခုကို သတိထားမိခဲ့ပုံရသည်။
ရယ်စရာကောင်းသော အရာတစ်ခုကို မြင်လိုက်ရသော အကြည့်များဖြင့် သူ့နောက်ကို လှမ်းကြည့်လိုက်သည်။
“မင်း ပုန်းနေတာကြာပြီ ၊ မင်း ထွက်မလာရင် မင်းကိုသတ်လို့ဆိုပြီး ငါ့ကို အပြစ်မတင်နဲ့နော်”
အပိုင်း(၄၁၉): မရိုက်ပါနဲ့ ! လျို့ဝှက်ချက်တစ်ခု ပြောပြမယ်
ထိုစကားကိုကြားလိုက်ရသည်နှင့် ၊
အမှောင်ထဲတွင် ပုန်းအောင်းနေသော အမှောင်ရိပ်သားရဲဘုရင်၏ အမူအရာမှာ ပြောင်းလဲသွားသည်။
“ ဘယ်သူလဲ!?”
သူသည် အာရုံခံနတ်အသိစိတ်ကို ဖြန့်ကျက်ကာ စူးစမ်းစစ်ဆေးကြည့်လိုက်သည်။
သို့သော် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေပြီး ၊ သူနှင့် စူးချန်ကဲကလွဲရင် မည်သူမှမရှိပေ။
ဒါပေမယ့် သူ့ခမျာ စောနလေးကမှ ရောက်လာတာလေ !
တဖက်က ဘယ်လိုလုပ်ပြီး သိသွားတာတုန်း!?
“ဟမ် ! ငါကတော့ သူတော်စင်ခန္ဓာကိုယ် အုပ်စိုးရှင်ဘုရင် လေးဦးရှိတယ်လို့ ထင်နေတာ ၊ လတ်စသတ်တော့ ကောင်လေးတစ်ယောက် ဖြစ်နေပါ့လား “
အမှောင်ရိပ်သားရဲဘုရင်၏ ပါးစပ်ထောင့်စွန်းတွင် အထင်အမြင်သေးသော အပြုံးတစ်ခု ရှိနေခဲ့သည်။
ဒါဆို စောနက ဒီလိုကလေးပေါက်စကို သူ ကြောက်နေခဲ့မိတာလား!?
သားရဲတစ်ကောင်ရဲ့ မျက်နှာ ပျက်ရပါပေဘိ!
“ငါ ဟေးအောက်ထျန်းရဲ့ လက်ရာကို ဒီနေ့ မင်းကို သိစေရမယ်!”
သို့သော် သူ့ခမျာ ဘာမှတောင်မလုပ်ရသေးခင်၊
ဘုန်း ! !
အပျက်သဘောဆောင်သော အလင်းတန်းတစ်ခုသည် ဟင်းလင်းပြင်အလွှာကို ဆုတ်ဖြဲလျက် သူ့ဆီသို့ တည့်တည့်မတ်မတ် ပြေးဝင်လာသည်။
၎င်းတွင်ပါရှိသော သူတော်စင်ခန္ဓာကိုယ် အုပ်စိုးရှင်ဘုရင်၏ အငွေ့အသက်တို့သည် ပူပြင်းတောက်လောင်နေသော ဥက္ကာခဲကြီးတစ်ခုလိုပင်။
သူ့ဆီသို့ ကျရောက်လာသည်နှင့် ပေါက်ကွဲသွားသော ကြောက်မက်ဖွယ် စွမ်းအားသည် သူ့အား အသက်ရှူကျပ်လုမတတ် ဖြစ်စေခဲ့သည်။
ရင်တစ်ခုလုံးကို ထိတ်လန့်သွားစေသည့် ခံစားချက်ကြောင့် အမှောင်ရိပ်သားရဲဘုရင်၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး အလောတကြီး ဆိုလေသည်။
“ ခဏ …ခဏ!”
“ငါ့မှာ ပြောစရာရှိတယ်!”
ဘုန်း ! !
သို့သော်၊ သူ့အား တုံ့ပြန်လိုက်သည့်အရာမှာ ပြင်းထန်သော ပေါက်ကွဲမှုကြီးတစ်ခုသာ ။
အမှောင်ရိပ်သားရဲဘုရင် မှ ဖွဲ့စည်းထားသော အမှောင်စွမ်းအင် အကာအကွယ်သည် သူတော်စင် ခန္ဓာကိုယ်အုပ်စိုးရှင်ဘုရင်၏ တန်ခိုးစွမ်းအားရှေ့တွင် စက္ကူကဲ့သို့ နုနယ်ကာ ခုခံနိုင်စွမ်းမရှိခဲ့ချေ။
သူ၏ အမှောင်စွမ်းအားသည် စုပ်ယူ သူတော်စင် ခန္ဓာကိုယ်ကို ဝါးမျိုနိုင်သည်မှာ အမှန်ပင်။ သို့သော် သာမန် သူတော်စင်ကိုယ်ထည်သာ ဖြစ်ရမည်။
ကောင်းကင်မီးတောက်ကဲ့သို့ နတ်မီးလျှံများသည် ကောင်းကင်သို့ ပျံတတ်သွားပြီး ၊ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်လှိုင်းတံပိုးများသည် အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားသည်။
လက်ရှိနေရာတစ်ခုလုံး တဟုန်ထိုး လှုပ်ခါသွားခဲ့သည်။
စူးချန်ကဲသည် သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
“ ငါ နားကြားမှားသလား…?”
“ လူကြိီးမင်း… ကျွန်တော်မျိုး အသက်ကို ခွင့်လွှတ်ပါ!”
ထိုစဉ် ၊
လူးလိမ့်ရိုက်ခတ်နေသော ဝိညာဉ်စွမ်းအင် မြူခိုးများကြား ပြုံးရယ်သံ တချက်ထွက်ပေါ်လာခဲ့သည်။
သာမန်လူသာဆို သိချင်စိတ်ကြောင့် ရပ်တန့်ကာ စူးစမ်းကြပေလိမ့်မည်။
ဒါပေမဲ့ စူးချန်ကဲက သာမန်လူလား!?
သူသည် သူတော်စင် ခန္ဓာကိုယ်များကို အသက်သွင်းလိုက်ရာ ပြိုးပြိုးပျက်ပျက် တောက်ပနေသော ရောင်စဉ်အလင်းများက သူ့လက်ဖဝါးတစ်လျှောက် ပြည့်နှက်လာခဲ့သည်။သူသည် လက်ကို မြှောက်တင်ကာ တောက်လောင်နေသော နတ်အလင်းများနှင့်အတူ ထိုလမ်းကြောင်းဆီသို့ ပစ်လွှတ်လိုက်သည်။
“ဟမ်! ဒီရှေးဟောင်းလမ်းကို ဝင်လာသူတိုင်း ငါ အကုန်သုတ်သင်ပြီးပြီ “
“ကြည့်စရာ မလိုဘူး၊ လူသားမဟုတ်မှန်း ငါသိတယ်”
စူးချန်ကဲသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး မှော်အခင်းအကျင်းများကို သူ့နောက်တွင် တည်ဆောက်လိုက်သည်။
ဝုန်း ! ဝုန်း ! ဝုန်း !
ဤတစ်ကြိမ်တွင်၊ အပျက်သဘောဆိုင်သော အလင်းတန်းများစွာသည် လေထဲသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။
နှိုးဆော်လိုက်သော ကြီးကျယ်ခမ်းနားသော ဝိညာဉ်စွမ်းအင်မုန်တိုင်းကြီးသည် ထိုနေရာတစ်ခုလုံးကို အပြီးတိုင် လွှမ်းခြုံသွားခဲ့လေတော့သည်။
ထိုထူးဆန်းသော အငွေ့အသက်သည် ပျက်သုန်းသွားပြီဖြစ်ကြောင်း အာရုံခံပြီးနောက်
စူးချန်ကဲသည် လှည့်ထွက်ရန်ဟန်ပြင်လိုက်သည်။
တစ်ဖန် စောနကအတိုင်း တူညီသော အသံဖြင့် ရှက်ရွံ့အားနည်းစွာ ထွက်ပေါ်လာခဲ့ပြန်သည်။
“ လူကြီးမင်း…”
စူးချန်ကဲ၏ ခြေလှမ်းများ ရပ်တန့်သွားကာ မျက်မှောင်ကြုတ်လိုက်ပြီး နောက်တစ်ကြိမ် ပြန်ကြည့်လိုက်သည်။
အမှောင်ထု၏ အငွေ့အသက် အနည်းငယ်သည် လူးလိမ့်ရိုက်ခတ်နေသော ဝိညာဉ်စွမ်းအင် အခိုးအငွေ့များကြား ထွက်ပေါ်လာသည်ကို သူမြင်လိုက်ရသည်။
များစွာသော သွေးချီစွမ်းအားများဖြင့် ဖွဲ့စည်းထားသော အမှောင်ရိပ်သားရဲကြီးသည် စောနက အမှောင်ရိပ်သားရဲဘုရင်ကြီးပင် ဖြစ်သည်။
စူးချန်ကဲ၏ကျပန်းတိုက်ခိုက်မှု အောက်တွင်၊ အသစ်နိုးထလာသော သားရဲကြီးဖြစ်ခဲ့သော်ငြားလည်း စူးချန်ကဲကို မယှဉ်နိုင်ခဲ့ပေ။
၎င်းအပေါ် ကြီးစွာသော အဟန့်အတားဖြစ်စေသည့် သူတော်စင် ခန္ဓာကိုယ်သာဆိုရင်ဖြင့် စကားနဲ့တောင် ဖော်ပြလို့ရနိုင်မည်မဟုတ်။
ထို့အပြင် ၊ သူသည်လည်း ကြောက်စရာကောင်းသည့်အချက်ကို အတည်ပြုနိုင်ခဲ့သည်။
အုပ်စိုးရှင်ဘုရင် သူတော်စင်ကိုယ်ထည်လေးခုစလုံးက လူတစ်ယောက်တည်းမှာပဲ မွေးဖွားလာသတဲ့လား!
အမှောင်ရိပ်သားရဲဘုရင်ခမျာ သူ့ကြမှ အဘယ့်ကြောင့် ယခုလိုကိစ္စမျိုးနှင့် ကြုံတွေ့ရသည်ကို အဖြေရှာလို့မရနိုင်ခဲ့ပေ။
စူးချန်ကဲကို ကြည့်နေသော သူ၏မျက်လုံးများက တစ်စုံတစ်ခုကို ပြောပြနေသလိုပင်: စောစောကတည်းက မင်းက အုပ်စိုးရှင်ဘုရင် သူတော်စင်ကိုယ်ထည်လေးခုစလုံးရဲ့ ပိုင်ရှင်လို့ ပြောလိုက်ရင် ငါက ဒီလိုလုပ်မလား!
ကျားစားဖို့ ဝက်ယောင်ဆောင်တဲ့ အပြုအမှုမျိုးက သိပ်မုန်းဖို့ကောင်းတာပဲ !
“ လူကြီးမင်း…စိတ်လျော့ပါဦး…”
အမှောင်ရိပ်သားရဲဘုရင်သည် သူ၏ ပါးစပ်ထောင့်တွင် အပြုံးတစ်ခုကို ဆင်မြန်းထားလေသည်။
သူ၏အပြုံးသည် သဘောကောင်းမနောကောင်းသည့် အပြုံးတစ်ခုဟု ယူဆထားသော်လည်း လူသားမျိုးနွယ်၏ မျက်လုံးထဲတွင် အတော်လေးကို ကြောက်စရာကောင်းနေသည်။
စူးချန်ကဲသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူ့အနေဖြင့် ၎င်းနှင့် အပိုစကားပြောရန် ဆန္ဒမရှိချေ။
“မင်းကိုယ်တိုင် လာပြီးအသေခံမှတော့”
ပြောရင်းဆိုရင်း ၊ သူ၏ ညာလက်ငါးချောင်းကို ဖြန့်လိုက်ပြီး သူ၏ခေါင်းထက်သို့ တင်မြှောက်လိုက်သည်။
ဝုန်း ! !
ထို့နောက်တွင် ၊ ကြောက်မက်ဖွယ်ကောင်းသော သူတော်စင် ခန္ဓာကိုယ်၏ ရောင်ဝါတို့သည် စူးချန်ကဲ၏ လက်ဖဝါးထဲတွင် သက်ဝင်လှုပ်ရှားလာခဲ့သည်။
တစ်ချိန်တည်းမှာပင်။
စူးချန်ကဲ၏ဆင့်ခေါ်သံကို တုံ့ပြန်သည့်အနေဖြင့် တောက်ပသော မှော်သင်္ကေတများ စုဝေးရောက်ရှိလာသည်။
၎င်းတို့သည် တစ်ခုနှင့်တစ်ခု ပံ့ပိုးထောက်ပံ့နေသကဲ့သို့ အဆုံးတွင် နေတစ်စင်းကဲ့သို့ ကြီးမားသော စွမ်းအားလုံးကြီးကို ဖန်ဆင်းခဲ့လေသည်။
စူးချန်ကဲသည် သူ့အား ရိုက်သတ်ဖို့ပြင်ဆင်နေမှန်း အမှောင်ရိပ်သားရဲဘုရင်အနေဖြင့် အဘယ့်ကြောင့်မသိရှိမည်နည်း။
နဂိုကတည်းက လွတ်နေသော ဦးနှောက်သည် ယခုအခါ ပို၍ပူထူလာခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ၊ ခေါင်းထဲတွင် အတွေးတစ်ခု ဝင်ရောက်လာခဲ့သည်။
“ လူကြီးမင်း၊ ကျွန်တော့်အသက်ကို ချမ်းသာပေးပါ၊ ကျွန်တော် ဒီရှေးဟောင်းလမ်းရဲ့ လျှို့ဝှက်ချက်ကြီးကို ပြောပြပေးနိုင်ပါတယ်!”
……..
တစ်ချိန်တည်းမှာပင်။
ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း။
“ ငါ့သားရဲ့ အသက်ကမ္မည်းတိုင် ကျိုးပဲ့သွားပြီ!!”
ခွင်းဖိန်၏ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များဖြင့် ပြည့်နှက်နေသော အဘိုးကြီးတစ်ယောက်၏ မျက်လုံးများသည် နီရဲတွက်နေကာ၊ သူသည် ဒေါသတကြီး ဟောက်လိုက်သည်။
ဤလူသည် ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းရှိ ရှေးဟောင်း ခွင်းဖိန်မျိုးနွယ်၏ မျိုးနွယ်စုအကြီးအကဲမှလွဲ၍ မည်သူဖြစ်မည်နည်း။
သူ၏ ကျင့်ကြံမှုသည် ရှေးမဟာဧကရာဇ်အဆင့်သို့ ရောက်ရှိထားသည်။
“ငါ့သားဟာလည်း ကွဲကြေသွားပြီ!”
“ငါ့သမီးရောပဲ!”
“ငါ့သား!!”
တန်ခိုးကြီးမားသော အရှိန်အဝါများရှိသည့် အခြားရှေးမဟာဧကရာဇ်မင်း သုံးပါးသည်လည်း အလားတူ အော်ဟစ်လာခဲ့သည်။
သူတို့၏ ဝန်းကျင်တွင် ရစ်ဝဲနေသော မကောင်းဆိုးဝါ စွမ်းအင်တို့သည် အထိန်းအကွပ်မရှိ ပေါက်ကွဲသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး ပျက်စီးကိန်းစိုက်ရသည်။
ဧကရာဇ်လျှောက်လှမ်းထဲသို့ ဝင်ရောက်ခြင်းသည် အသက်အာမမခံနိုင်မှန်း သူတို့သိသည်။
သို့သော်။
သူတို့သည် သားသမီးများနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီး အဖြေရှာရန် မည်မျှပင် ကြိုးစားခဲ့ပါစေ ၊ အကြောင်းပြချက် ရှာမတွေ့နိုင်ခဲ့ပေ။
ဆိုလိုသည်မှာ သူတို့အားလုံးသည် တစ်ချိန်တည်းမှာပဲ သေဆုံးသွားသည်ဟု ကောက်ချက်ချရပေမည်။
“ဘယ်သူလဲ!?”
“ငါ့သားကို ဘယ်သူသတ်တာလဲ”
“အများကြီး စဉ်းစားနေစရာမလိုဘူး…”
ရုတ်တရက် ၊ အသံတစ်သံသည် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
၎င်း၏ ရောင်ဝါသည် သူတို့ရှေးမဟာဧကရာဇ်မင်း လေးပါးထက် ပို၍ အားကောင်းသည်။
အံ့ဩထိတ်လန့်စွာဖြင့် ၊ အသံလားရာကို ကြည့်လိုက်ကြသည်။
ထျန်းချန် မကောင်းဆိုးဝါးအိုကြီး၏ မျက်လုံးများသည် ပူဆွေးမှု နှင့် ဒေါသကြောင့် နီရဲနေပြီး ၊ သွားများကို တင်းတင်းကြပ်ကြပ် အံကြိတ်ထားရင်း သူ့ခန္ဓာကိုယ်တစ်ခုလုံး ထိန်းမနိုင်သိမ်းမရ တုန်တုန်ယင်ယင်ဖြစ်နေသည်။
သို့သော် လူတိုင်း၏ အာရုံကို ပို၍ဖမ်းစားနိုင်ခဲ့သော အရာမှာ…
၎င်း၏လက်ထဲတွင် ဆုပ်ကိုင်ထားသော ကျိုးပဲ့နေသည့် ကျောက်စိမ်းပြားတစ်ခုသာ ။
“ ဒါက….”
ရှေးမကောင်းဆိုးဝါးဧကရာဇ်မင်းတစ်ပါးက မယုံကြည်နိုင်ဖြစ်ကာ ဆိုလိုက်သည်။
အသန်မာဆုံး ကိုယ်ခန္ဓာနှင့် တုနှိုင်းမဲ့ ရှေဦးဗီဇ ချီလင်အသွေးများကို ပိုင်ဆ်ိုင်ထားပြီး၊ ၎င်းတို့၏ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းတွင် ဒုတိယအထူးချွန်ဆုံးပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခံထားရသော လူတစ်ယောက်၏ အသက်ကမ္မည်းတိုင် ဖြစ်သည်။
“ သခင်ငယ် ချန်းဟွမ်းထျန်းရဲ့….အသက်ကမ္ပည်းတိုင်လည်း ကျိုးပဲ့သွားပြီ!”
အပိုင်း (၄၂၀): မိစ္ဆာနတ်ဘုရား စည်းတံဆိပ် ပြန်လည်ကောင်းမွန်လာခြင်း ၊ စစ်ပွဲတစ်ခု စတင်တော့မည်
ဤသတင်းသည် ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းရှိ လူများစွာအတွက် သံသယဖြစ်ဖွယ်ကောင်းသည်။
ဥပမာအားဖြင့်ဆိုရသော် ၊
ချန်းဟွမ်းထျန်းသည် စူးချန်ကဲလိုလူကိုတောင် ယှဉ်ပြိုင်နိုင်သည့် ထိပ်တန်း တည်ရှိမှုလူနည်းစုထဲက တစ်ယောက်အပါအဝင်ဖြစ်သည်။
သို့သော်။
ယခု သူသည် နားမလည်နိုင်စွာဖြင့် သေဆုံးသွားခဲ့ပြီး အကြောင်းရင်းကိုပင် ခြေရာခံ၍မရခဲ့ချေ။
“ဒါက စူးချန်ကဲပဲ…”
ရုတ်တရက်ဆိုသလို ၊ အက်ရှသော အသံတစ်ချက် ထွက်ပေါ်လာသည်။
အသံလာရားကို ရှာကြည့်လိုက်တော့ ၊ နီမြန်းနေသော မျက်လုံးများဖြင့် ထျန်းချန် မကောင်းဆိုးဝါးအိုကြီးကို တွေ့လိုက်ရသည်။
“ ထျန်းအာ(ချန်းဟွမ်းထျန်း) ရဲ့ နောက်ဆုံးစကားအရ သူတို့ စူးချန်ကဲကို အမဲလိုက်ဖို့ ပြင်ဆင်နေတယ်တဲ့…”
“ဒါပေမယ့် အဲ့နောက်ပိုင်း ဘာသတင်းမှ မကြားရတော့ဘူး…”
သူ၏ စကားလုံးတစ်လုံးချင်းစီတိုင်းက အေးစက်မှုများ အပြည့်ပါနေပြီး ၊ သူ့ခန္ဓာကိုယ်သည် ထိန်းမနိုင်သိမ်းမရ တုန်ယင်နေသည်။
“ ထျန်းအာ နဲ့ ငါတို့မျိုးနွယ်ဝင် ပါရမီရှင် တော်တော်များများ စူးချန်ကဲရဲ့ သတ်ဖြတ်တာကို ခံခဲ့ရတာဖြစ်မယ်…”
ဤစကားများထွက်လာသည်နှင့် တပြိုင်နက်၊
မူလကတည်းက အဆုံးစွန်ထိ ရောက်လုနီးပါးဖြစ်နေသော ဝမ်းနည်းပူဆွေးမှုနှင့် အမျက်ဒေါသတို့သည် နောက်ဆုံးတွင် လုံးဝပေါက်ကွဲသွားခဲ့သည်။
“ လတ်စသတ်တော့ စူးချန်ကဲ ဒင်းပဲ!!”
“ငါ့သားအတွက် တရားမျှတမှုရှာဖို့ ကွေးယွမ် သူတော်စင် နယ်မြေကို သွားမယ် “
“မှန်တယ်၊ ငါသေရမယ်ဆိုတောင် ငါ့သားအတွက် ဖြေရှင်းချက်တစ်ခုပေးရမယ်”
“ကျေးဇူးပြုပြီး ထျန်းလောင် အမိန့်ပေးလိုက်ပါ ၊ ငါတို့ ကွေးယွမ် သူတော်စင် နယ်မြေကို တိုက်ခိုက်ဖို့ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းရဲ့ တပ်ဖွဲ့ကြီးကို ကိုယ်တိုင်ဦးဆောင်ဖို့ ဆန္ဒရှိတယ်!”
ကျန်ရှိသော မကောင်းဆိုးဝါး မျိုးနွယ်ဝင် ရှေးမဟာဧကရာဇ်မင်းများကလည်း ထျန်းချန် မကောင်းဆိုးဝါးအိုကြီးကို ဦးညွှတ်လိုက်ကြသည်။
“ကျေးဇူးပြုပြီး ကွေးယွမ် သူတော်စင် နယ်မြေကို တိုက်ခိုက်ဖို့ အမိန့်ပေးပါ!”
သားသမီးကို လက်လွှတ်လိုက်ရသော ကြေကွဲဖွယ်ခံစားချက်များသည် မျိုသိပ်ထားရာမှ ဆည်ကျိုးသွားသော ရေကြီးမှုကဲ့သို့ ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည် ။
သို့သော် ထျန်းချန် မကောင်းဆိုးဝါးအိုကြီးသည် ခေါင်းကို ဖြည်းညှင်းစွာခါကာ ငြင်းဆိုခဲ့သည်။
“အချိန်မတန်သေးဘူး!”
“မင်းတို့ ကွေးယွမ် သူတော်စင် နယ်မြေကို လုံးလုံးအနိုင်ယူချင်ရင်၊ တိုက်မြေသုံးထောင်မှာ ရှိတဲ့ မကောင်းဆိုးဝါးမျိုးနွယ်တွေအားလုံး စုစည်းပြီး အပြင်းထန်ဆုံး ထိုးနှက်ချက်နဲ့အတူ အပြီးအပိုင် သုတ်သင်ရမယ်…”
ထျန်းချန် မကောင်းဆိုးဝါးအိုကြီးသည် တင်းကျပ်စွာ အံကြိတ်ရင်း ဆိုလိုက်သည်။
“ အမတ မကောင်းဆိုးဝါးဘိုးဘေးရဲ့ အမိန့်အဖြစ် မကောင်းဆိုးဝါးမျိုးနွယ်အားလုံးကို အမိန့်ထုတ်ပြန်ပြီး ၊ ရှေးမကောင်းဆိုးဝါးမျိုးနွယ် တရားစီရင်ရေးအဖွဲ့အမည်နဲ့ ကွေးယွမ် သူတော်စင် နယ်မြေကို တိုက်ခိုက်မယ်..”
“မဟုတ်ဘူး… လူသားမျိုးနွယ်အကုန်လုံး… ဒုတိယမြောက် လူသား-မကောင်းဆိုးဝါး စစ်ပွဲကြီးကိုဆင်နွှဲမယ်!”
ထိုစကားသံအပြီးတွင် ၊
ထျန်းချန် မကောင်းဆိုးဝါးအိုကြီး၏ လက်ဖဝါးထဲ၌ နိယာမတရားများသည် ကြီးကျယ်ခမ်းနားသော စွမ်းအင်လုံးတစ်ခုအဖြစ် စဉ်ဆက်မပြတ် စုဝေးသွားသည်။
ဝုန်း ! !
ထို့နောက် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ နတ်အလင်းတန်းသည် ကောင်းကင်သို့ တည့်တည့် ပစ်ခွင်းသွားသည်။
ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း၏ အထက် ကောင်းကင်ပြင်ကြီးသည် အပြောင်းအလဲများ ဖြစ်ပေါ်နေသည့်အပြင် နိယာမတရားများက လူးလိမ့်ရိုက်ခတ်နေကာ ကြီးကျယ်ခမ်းနားသော မကောင်းဆိုးဝါးစွမ်းအားများသည် အဆုံးမရှိ ပေါင်းစည်းသွားသည်။
အက်ကွဲသံ ၊ အက်ကွဲသံ !
ကောင်းကင်ယံ၌ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု နိုးထလာပုံရသည်။
ထုတ်လွှတ်လိုက်သော ရောင်ဝါတို့သည် ဟင်းလင်းပြင်အလွှာကို မှန်တစ်ချပ်ကဲ့သို့ ကွဲကြေသွားစေသည်။
ဝီ--!!
တစ်ချိန်တည်းမှာပင်၊ သန်းပေါင်းများစွာသော အလင်းတန်းများသည် အလင်းယိုင်ကာ ဟင်းလင်းပြင်တွင် လှိုင်းထသွားပြီး လျှို့ဝှက်ဆန်းကြယ်သော ပုံစံများဖြင့် ပြန့်ကျဲသွားသည်။
အလွန်တရာမျှ ကြီးမားသော တောင်တန်းကြီးတစ်ခုသဖွယ် ရောင်စုံအလင်းတန်းများ ဖြာထွက်နေသော ကျောက်စိမ်းစည်းတံဆိပ်တစ်ခုသည် ကောင်းကင်မှ ဆင်းသက်လာသည်။
ထိုကြီးမားသော စည်းတံဆိပ်ပေါ်တွင်၊ မဟာလမ်းစဉ်၏ နတ်သားရဲကောင်များကဲ့သို့ ထုလုပ်ထားသော ကြီးကျယ်ခမ်းနားသော ရုပ်ကြွ ကိုးခုရှိသည်။
သူတို့အားလုံး၏ ပါးစပ်များသည် ကျယ်ကျယ်ဟထားသည်။ ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါး စွမ်းအားများသည် ပင်လယ်သမုဒ္ဒရာကြီးသဖွယ် ၎င်းတို့၏ ပါးစပ်ထဲမှ ထွက်လာပြီး ဂုဏ်သတ္တိတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ၎င်း၏ သန့်စင်သော ရောင်ဝါသည် ဤကမ္ဘာကြီးက ခံနိုင်ရည်ရှိသည့် အတိုင်းအတာထက် ကျော်လွန်နေခဲ့သည်။
ဤစည်းတံဆိပ်သည် မကောင်းဆိုးဝါးမျိုးနွယ်စု၏ အမြတ်ဆုံးရတနာဖြစ်သည်။
ရှေးမကောင်းဆိုးဝါး တရားစီရင်ရေးအဖွဲ့၏ အမွေခံရတနာပစ္စည်း ၊ မိစ္ဆာနတ်ဘုရား စည်းတံဆိပ်!
“ နောက်ပိုင်းမျိုးဆက်ဖြစ်တဲ့ ချန်းဝူဝမ့် ၊ ကွယ်လွန်သူဘိုးဘေးတွေကို တောင်းပန်ပါတယ်!”
ရုတ်တရက် ၊ ထျန်းချန် မကောင်းဆိုးဝါးအိုကြီးသည် မိစ္ဆာနတ်ဘုရား စည်းတံဆိပ်ကို ရိုသေစွာ ဦးညွှတ်ကာ ဆိုလေသည်။
“ အမတ မကောင်းဆိုးဝါးဘိုးဘေးများရဲ့ အမိန့်အာဏာကို ကျွန်တော်တို့ မကောင်းဆိုးဝါးမျိူးနွယ်စုအားလုံးအပေါ် သက်ရောက်ပါစေ”
“ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း အနေနဲ့ ဒီဘဝမှာ အားလုံးကို စွန့်လွှတ်ဖို့ ဆန္ဒရှိပါတယ်!”
“ရှေးဟောင်းမကောင်းဆိုးဝါး တရားစီရင်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းပြီး မကောင်းဆိုးဝါး မျိုးနွယ်စုတွေရဲ့ မြင့်မြတ်တဲ့ဂုဏ်ကို ပြန်လည်ရယူဖို့ အားလုံးကိုဦးဆောင်ဖို့ ဆန္ဒရှိပါတယ်!”
မကောင်းဆိုးဝါးမျိုးနွယ်ဝင် ရှေးမဟာဧကရာဇ်မင်းတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
တစ်ယောက်နှင့်တစ်ယောက် မျှော်လင့်ချက်များ အပြည့်ဖြင့် စိတ်လှုပ်ရှားနေသည်ကို တွေ့နေရသည်။
ထို့နောက် သူတို့အားလုံးသည် မိစ္ဆာနတ်ဘုရား စည်းတံဆိပ်ကို ဦးညွှတ်ကာ တညီတညွတ်တည်း ပြောဆိုလိုက်ကြသည်။
“ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုစတေးပြီး ရှေးဟောင်းမကောင်းဆိုးဝါး တရားစီရင်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းကာ မကောင်းဆိုးဝါးမျိုးနွယ်စုရဲ့ ဘုန်းအသရေကို ပြန်လည်ဖန်တီးဖို့ ဆန္ဒရှိပါတယ် !”
“ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုစတေးပြီး ရှေးဟောင်းမကောင်းဆိုးဝါး တရားစီရင်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းကာ မကောင်းဆိုးဝါးမျိုးနွယ်စုရဲ့ ဘုန်းအသရေကို ပြန်လည်ဖန်တီးဖို့ ဆန္ဒရှိပါတယ်!”
……
မရေမတွက်နိုင်သော မကောင်းဆိုးဝါးမျိုးနွယ်ဝင် ရှေးမဟာဧကရာဇ်မင်းများ၏ အသံများ စုစည်းသွားပြီး မကောင်းဆိုးဝါးစွမ်းအားများ သွန်းလောင်းခဲ့လေရာ လူသတ်လိုသော စိတ်ဆန္ဒတို့သည် ကောင်းကင်သို့ ပစ်ခွင်းဝင်ရောက်သွားခဲ့လေတော့သည်။
မကောင်းဆိုးဝါးမျိုးနွယ်ဝင်များစွာ၏ မေတ္တာရပ်ခံချက်ကို ကြားပြီးနောက်၊ မိစ္ဆာနတ်ဘုရား စည်းတံဆိပ်၏ ဘေးတစ်ဝိုက်တွင် ရှိနေသော အလင်းရောင်သည် ပို၍ပင် တောက်ပလာခဲ့သည်။
နောက်ဆုံးတွင်၊ တစ်ကမ္ဘာလုံးကို အပေါ်စီးမှ ကြည့်ရှုနေသော မြင့်မြတ်သော မကောင်းဆိုးဝါးရုပ်သွင်တစ်ခုအဖြစ် စုဝေးဖြစ်ပေါ်လာခဲ့သည်။
“ဒီဟာက…!?”
မကောင်းဆိုးဝါးမျိုးနွယ်ဝင် ရှေးမဟာဧကရာဇ်မင်း တော်တော်များများက ထိုအသွင်ရုပ်ပုံကို သတိထားမိခဲ့သည်။
“ မဟုတ်မှလွဲရော ဒါ လူကြီးမင်းလား?!”
သူတို့၏ မျက်လုံးများသည် အလွန်အမင်း ထိတ်လန့်မှုကြောင့် အနည်းငယ် ကျုံ့သွားပြီးနောက်တွင် အဆုံးမဲ့ ပျော်ရွှင်မှုများက တစ်ပါတည်း လိုက်ပါခဲ့ကြသည် ။
မိစ္ဆာနတ်ဘုရား စည်းတံဆိပ်သည် အပြည့်အဝ ပြန်လည်ကောင်းမွန်လာပြီး သူတို့ကို တုံ့ပြန်ခဲ့သည်။
ရှေးဟောင်းမကောင်းဆိုးဝါး တရားစီရင်ရေးအဖွဲ့၏ သခင်ဟောင်း ၊ ၎င်း၏ စစ်မှန်သော ဝိညာဉ်သည် ယခုအခိုက်တွင် ပေါ်ထွက်လာသည်။
တိ့ကျွင်း မိစ္ဆာနတ်ဘုရား ။
ရှေးဟောင်းမကောင်းဆိုးဝါး တရားစီရင်ရေးအဖွဲ့ကို တည်ထောင်ခဲ့သော မြင့်မြတ်သော ပုဂ္ဂိုလ်။
၎င်း၏ အစစ်အမှန်ပုံစံမှာ ကောင်းကင်ကို လောင်ကျွမ်းစေပြီး နေကို ကိုက်စားသည့် ခြေကိုးချောင်းရှိသော ရွှေကျီးကန်းဖြစ်သည်။ သူသည် အလွန်တရာမျှ ဝေးကွာသောခေတ်ဦးတွင် မွေးဖွားလာပြီး ၎င်းတို့ မကောင်းဆိုးဝါးမျိုးနွယ်စု၏ ဒဏ္ဍာရီတွင် တုနှိုင်းမရှိသော မသေမျိုး သားရဲကောင်ဖြစ်သည်ဟု ဆိုကြသည်။
မရေတွက်နိုင်သော ဟိုးအရင်က ခေတ်ကာလတစ်ခုတွင် ။
တိ့ကျွင်း မိစ္ဆာနတ်ဘုရားသည် ရှေးဟောင်းမကောင်းဆိုးဝါး တရားစီရင်ရေးအဖွဲ့မှ ထွက်ခွာပြီး အခြားကမ္ဘာသို့ သွားခဲ့သည်။
အဆုံးတွင်၊ လူသား-မကောင်းဆိုးဝါး စစ်ပွဲဖြစ်ပွားသည့်တိုင် မည်သူမှ သူနှင့် အဆက်အသွယ်မရရှိခဲ့ကြပေ။
ယခုမူ၊ ကာလကြာရှည်စွာ ပျောက်ဆုံးနေခဲ့သော ရှေးဟောင်းမကောင်းဆိုးဝါး တရားစီရင်ရေးအဖွဲ့၏ သခင်သည် သူတို့အား တုံ့ပြန်လာခဲ့ပြီး၊ မကောင်းဆိုးဝါး မျိုးနွယ်ဝင်တိုင်းကို အနာဂတ်အောင်ပွဲ၏ ဘုန်းအသရေကို မြင်စေခဲ့သည်။
ယခုအချိန်တွင်။
တိ့ကျွင်း မိစ္ဆာနတ်ဘုရားသည် သူ့နှုတ်ခမ်းကို အနည်းငယ်ဖွင့်ဟလိုက်ပြီး ၊ ပတ်ဝန်းကျင်တစ်ခုလုံးကို ပဲ့ထင်ထပ်သွားသည့် စကားတစ်ခွန်းကို ပြောခဲ့သည်။
“ကောင်းပြီ”
ဝုန်း --! !
တခဏအတွင်းမှာပင် ၊ မိစ္ဆာနတ်ဘုရား စည်းတံဆိပ်မှ ပွင့်ထွက်လာသည့် ရောင်စဉ်တန်းများသည် နေ၏အလင်းရောင်ကဲ့သို့ ထွန်းလင်းတောက်ပနေသည်။
ကြီးကျယ်ခမ်းနားသော မကောင်းဆိုးဝါးစွမ်းအင်များ စုစည်းသွားပြီး နောက်ဆုံးတွင် ကြီးမားသော ရွှေအမိန့်တော်အဖြစ် ပြောင်းလဲသွားသည်။
တိ့ကျွင်း မိစ္ဆာနတ်ဘုရားသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည် ။
ဝှစ်——!!
မရေမတွက်နိုင်သော အလင်းတန်းများအဖြစ် အရပ်ရှစ်မျက်နှာရှိ လမ်းကြောင်းအားလုံးဆီသို့ ပြန့်ကျဲသွားခဲ့သည်။
အမတ မကောင်းဆိုးဝါးဘိုးဘေး၏ အမိန့် ။
မိစ္ဆာနတ်ဘုရား စည်းတံဆိပ်၏ အမွေဆက်ခံသော အရည်အချင်းများအရ ၊ ၎င်း၏ မှော်အစွမ်းသည် မကောင်းဆိုးဝါးမျိုးနွယ်ဝင် ဘိုးဘေးများ၏ အလိုဆန္ဒကို ပုံဖော်ကာ တိုက်မြေ သုံးထောင်ရှိ မကောင်းဆိုးဝါးမျိုးနွယ်စုဝင်တိုင်း၏ အသိစိတ်ထဲတွင် ထွက်ပေါ်လာပေလိမ့်မည်။
မကောင်းဆိုးဝါးမျိုးနွယ်ဝင်တိုင်း မက်ဆေ့ခ်ျတစ်ခုကို လက်ခံရရှိခဲ့သည်။
“ ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်ပြီး မကောင်းဆိုးဝါးမျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူရန် ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းကို အတူတကွ ချီတတ်ကြလော့!”
……..
ထိုမြင်ကွင်းကို ကြည့်ရှုနေသော ထျန်းချန် မကောင်းဆိုးဝါးအိုကြီး၏ ပျော်ရွှင်မှုမှာ ပြောမပြတတ်အောင်ပင်။
သူ့တစ်ကိုယ်လုံး တုန်ခါသွားသည့်အထိ ရယ်မောလိုက်သည်။
“ဟားဟား!”
“ကောင်းတယ်..ကောင်းတယ်!”
ထျန်းချန် မကောင်းဆိုးဝါးအိုကြီး၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုအချို့နှင့် ရူးသွပ်မှုအချို့ ရှိနေသည်။
“မရေမတွက်နိုင်တဲ့ ကာလတွေအထိ ပျောက်ကွယ်သွားခဲ့တဲ့ တိ့ကျွင်း မိစ္ဆာနတ်ဘုရားကတောင် ငါတို့ကို တုံ့ပြန်လာခဲ့ပြီ!”
“အခု ဟွမ်းကျီ နဲ့ စုမျဲ့တို့က ဧကရာဇ်လျှောက်လှမ်းရဲ့ အဋ္ဌမဂိတ်မှာ နိဗ္ဗာန နတ်ဘုရားကျောင်းကို တွေ့ရှိခဲ့ပြီးပြီ “
သူ၏လေသံမှာ စိတ်လှုပ်ရှားနေသည်။
“ စူးချန်ကဲ ဧကရာဇ်လျှောက်လှမ်းမှာ သေသွားရင် ကွေးယွမ် သူတော်စင် နယ်မြေလည်း ပျက်စီးသွားလိမ့်မယ်!”
“ဒီခေတ်မှာ မကောင်းဆိုးဝါးမျိုးနွယ်စုရဲ့ ဘုန်းအသေရ ပြန်လည်ရရှိစေမယ်”
ထျန်းချန် မကောင်းဆိုးဝါးအိုကြီး၏အမြင်တွင်၊ ဤကိစ္စ၏ရလဒ်ကို ဆုံးဖြတ်ထားပြီးဖြစ်သည်။
သူတို့၏ မကောင်းဆိုးဝါးတရားစီရင်ရေးအဖွဲ့၏ သခင်ဟောင်း တိ့ကျွင်း မိစ္ဆာနတ်ဘုရားသာ ရုတ်ချည်း ပျောက်ဆုံးမသွားခဲ့ပါက ၊ မကောင်းဆိုးဝါးမျိုးနွယ်စုသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဆင်နွဲခဲ့သော လူသား- မကောင်းဆိုးဝါး တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့လိမ့်မည် မဟုတ်ချေ။
ယခုအခါ ဘိုးဘေးများ၏ အကာအကွယ်ဖြင့်၊ မကောင်းဆိုးဝါးမျိုးနွယ်စုသည် အကြွင်းမဲ့ အသာစီးဖြင့် အနိုင်ရပေတော့မည်။