← Chapters

နော်ဇင်တွင် အမိုးခုံး ကျောင်းတော် မရှိတော့ပြီ

Vol. 18 Ch. 239

နော်ဇင်တွင် အမိုးခုံး ကျောင်းတော် မရှိတော့ပြီ

Vol. 18 Ch. 239

‘ဒါ မစ္စတာလင်ရဲ့ အသံမလား... ဒါဆိုရင်... ကောင်းကင်ယံကနေ ဂါဘရီရယ်ကို တစ်ချက်တည်းနဲ့ လှမ်းပြီး ချေမှုန်းပစ်လိုက်တဲ့ ဧရာမ အရိပ်မည်းကြီးက မစ္စတာလင်လား...’

ဂျိုးဇက် မှတ်မိသလောက်ဆိုလျှင် ထိုဝေဝေဝါးဝါး အနက်ရောင်အရိပ်ကြီးမှာ လက်တစ်ဖက်တည်းဖြင့် ဂါဘရီရယ်ကို ဖမ်းဆုပ်ကာ ဆွဲယူသွားခဲ့ခြင်း ဖြစ်သည်။ ဂါဘရီရယ်၏ အမူအရာမှာ အလွန်အမင်း ဝင့်ကြွားနေရာမှ တစ်ခဏ အတွင်းမှာပင် ထိတ်လန့် တုန်လှုပ်ခြင်း၊ ဒေါသထွက်ခြင်းနှင့် နောက်ဆုံး လုံးဝအားကိုးရာမဲ့သွားသည့် ပုံရိပ်ကို မျက်လုံးထဲမှ မထုတ်နိုင်အောင် သူ မှတ်မိနေခဲ့သည်။

သို့သော်လည်း ယခု၌ အရေးအကြီးဆုံးက မည်သည့် အရာများ ဖြစ်ပျက်နေသနည်း ဆိုခြင်းပင်။ တိတ်ဆိတ် အေးချမ်းနေမှုကို ဖြိုခွင်းလျက် ဆူညံသံများ တဖြည်းဖြည်း ထွက်ပေါ်လာ၏။ လျှို့ဝှးတမ်း မျှော်စင် မှ သူရဲကောင်းများ၏ ရင်းနှီးပြီးသား အသံအချို့ကိုလည်း ဂျိုးဇက် ကြားလိုက်ရသည်။ သူတို့သည်လည်း ဂျိုးဇက်ကဲ့သို့ပင် လက်ရှိအခြေအနေကို နားမလည်နိုင်ဘဲ ဇဝေဇဝါ အမူအရာများဖြင့် ရှိနေကြသည်။

ဂျိုးဇက် အံ့အားသင့်နေရာမှ သတိပြန်ဝင်လာပြီး ယဇ်ပလ္လင်ပေါ်မှ ရော့ဒ်နီ၏ မီးလောင်ကျွမ်းထားသော အလောင်းနှင့် ခြောက်သွေ့နေသည့် အချင်းတိုင်ကို လှမ်းကြည့်လိုက်သည်။ ထိုနှစ်ခုလုံးက လုံးဝ အသက်မဲ့ သွားသည့်ပုံ ရသည်။

ဂျိုးဇက် စစ်ဆေးကြည့်ရန် လက်လှမ်းလိုက်သော်လည်း တစ်ကိုယ်လုံး ယိုင်နဲ့သွားကာ မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားတော့သည်။

ထိုအခါမှသာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ အားအင်ကုန်ခမ်းနေပြီဖြစ်ကြောင်း သိလိုက်ရတော့၏။ ထိုအခိုက်၌ ဂျိုးဇက်မှာ သူ၏ ခန္ဓာကိုယ်ထဲတွင် ဘာဆို ဘာမျှမကျန်တော့ဘဲ တစ်စုံတစ်ယောက်က သူ၏ အသက်စွမ်းအင်အားလုံးကို ညှစ်ထုတ်လိုက်သကဲ့သို့ ခံစားနေရသည်။ တစ်ချိန်တည်းမှာပင် ပြင်းထန်သော နာကျင်မှုက တစ်ကိုယ်လုံးကို ထိုးနှက်နေခဲ့သည်။

ဂျိုးဇက်အတွက် ဤကဲ့သို့သော ခံစားချက်မှာ မစိမ်းလှပေ။ ရှိရှိသမျှ အီသာစွမ်းအင်အားလုံးကို အသုံးပြုပြီး ခန္ဓာကိုယ်၏ ကန့်သတ်ချက်များအား ကျော်လွန်နေသည့် လျှို့ဝှက်တိုက်ကွက်ကို သုံးလိုက်သဖြင့် ခန္ဓာကိုယ် ထိခိုက် ပျက်စီးသွားသည့် အခြေအနေမျိုးပင်။

တစ်ချိန်တည်း၌... အိမ်မက်မှ နိုးထလာစကဲ့သို့ ဖြစ်ပေါ်နေသည့် လက်တွေ့နှင့် ကင်းကွာလှသော ခံစားချက်မှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ဂျိုးဇက် စိတ်ငြိမ်သွားသည်နှင့်အမျှ သူ၏ ဦးနှောက်မှာ ပို၍ ကြည်လင်လာ၏။

အတွေးတစ်ခုက သူ့စိတ်အတွင်း ဖြစ်ပေါ်လာခဲ့သည်။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက အိမ်မက်များလော။

သို့သော်လည်း... ရော့ဒ်နီနှင့် နတ်ဘုရားတုမှာ အမှန်တကယ် သေဆုံးသွားပြီဖြစ်သလို သူ လက်ရှိ ခံစားနေရသည့် အားအင်ကုန်ခမ်းနေသည့် အခြေအနေမှာလည်း အရှိတရားပင်။ ဆိုလိုသည်က... ထိုဖြစ်ရပ်များအားလုံးမှာ ငြင်းဆို၍မရအောင် အမှန်တကယ် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။

အိမ်မက်သားရဲများနှင့် တိုက်ခိုက်ခဲ့သည့် နှစ်ရှည်လများ အတွေ့အကြုံများကို အခြေခံ၍ ခန့်မှန်းရလျှင်... သူတို့ အားလုံးသည် အိမ်မက်နှင့် လက်တွေ့လောကကြားရှိ အက်ကြောင်းတစ်ခုထဲသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ထိုနေရာရှိ အိမ်မက်ကမ္ဘာအတွင်း ဖြစ်ပျက်သမျှသည် လက်တွေ့လောကပေါ်သို့ တိုက်ရိုက် သက်ရောက်မှု ရှိနေခြင်း ဖြစ်သည်။

ထို့ကြောင့်ပင် ရော့ဒ်နီနှင့် ဘုရားတုတို့ သေဆုံးသွားခဲ့သလို သူကိုယ်တိုင်လည်း နောက်ဆုံး တိုက်ကွက် ဖော်ဆောင်မှုကြောင့် အားအင် ကုန်ခမ်းသွားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... အရာအားလုံးမှာ အိပ်မက်ဘုံအတွင်း၌သာ ဖြစ်ပျက်ခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာများမှာ ခန္ဓာကိုယ်များပေါ်တွင်သာ သက်ရောက်မှုရှိပြီး ပတ်ဝန်းကျင်ရှိ အဆောက်အအုံများနှင့် မြေပြင်တို့မှာမူ မည်သည့် ပျက်စီးမှုမျှ မရှိဘဲ ကျန်ရစ်နေခဲ့ခြင်း ဖြစ်သည်။

ဂျိုးဇက် ထိုအချက်ကို အတည်ပြုငရန် ဘေးသို့ အမြန်ကြည့်လိုက်၏။ သူထင်သည့်အတိုင်းပင် နတ်ဘုရားတု၏ ထိုးဖောက်ခြင်း ခံခဲ့ရသည့် ဗင်းဆင့်မှာ ရင်ဘတ်မှ သွေးများ ယိုစီးကျ၍ သတိလစ်နေသည်ကို တွေ့လိုက်ရသည်။

ထို့အပြင် မွန်း၏ ခန္ဓာကိုယ်ကိုလည်း လရောင်များက လွှမ်းခြုံထားဆဲ ဖြစ်သည်။ ထိုလရောင်များမှာ ပိုးချည်မျှင်များနှင့် တူကာ သူမကို ပိုးအိမ်တစ်ခုကဲ့သို့ ရစ်ပတ်ထား၏။

"ထောက်ပံ့ရေးဌာန... ထောက်ပံ့ရေးဌာနက လူတွေရှိလား... ဒီကိုလာပြီး ကူညီကြပါဦး"

ဂျိုးဇက် အပြင်ဘက်ရှိ လူများကို ကျယ်လောင်စွာ အော်ဟစ်ခေါ်လိုက်၏။ သူ၏ ဆက်သွယ်ရေး ကိရိယာမှာ အီသာစွမ်းအင်များကြောင့် ပျက်စီးသွားပြီ ဖြစ်သလို အီသာစွမ်းအင်မှာလည်း အလွန် နည်းပါးနေပြီဖြစ်သဖြင့် သူ၏ အသံကိုသာ အားကိုးရတော့သည်။

အပြင်ဘက်ရှိ သူရဲကောင်းများမှာ လက်ရှိအခြေအနေကို ဇဝေဇဝါ ဖြစ်နေကြသော်လည်း သူတို့မှာ စနစ်တကျ လေ့ကျင့်ထားသူများ ဖြစ်ကြသည်။ ဘာဖြစ်နေမှန်း မသိသော်လည်း လုပ်ဆောင်ရမည့် တာဝန်ကိုမူ သူတို့ သိကြသည်။ ထောက်ပံ့ရေးဌာနမှ ရှေးဦးသူနာပြု မှော်ဆရာများမှာ အလျှင်အမြန် ပြေးဝင်လာကြကာ ဗင်းဆင့်ကို ချက်ချင်း ကုသပေးကြတော့သည်။

ဂျိုးဇက်သည် အားအင်များကို ပြန်လည် စုစည်း နေစဉ်မှာပင် အပြင်ဘက် အခြေအနေကို မေးမြန်းကြည့်လိုက်၏။ သူ ခန့်မှန်းထားသည့်အတိုင်းပင် အိပ်မက်ဘုံထဲ၌ ထိခိုက်ခဲ့သူများမှာ လက်တွေ့လောကထဲတွင်လည်း ထိုဒဏ်ရာများအတိုင်း ရရှိထားကြသည်။

ယခုအခါ ... ဗဟိုဝတ်ပြုဆောင်ကြီး တစ်ခုလုံးမှာ ထူးဆန်းလှသည့် အိမ်မက်ဆိုးကြီးတစ်ခုမှ နိုးထလာသကဲ့သို့ ရှိနေခဲ့သည်။ အိပ်မက်ထဲ၌ အသတ်ခံရသူများမှာ မြင်မကောင်း ရှုမကောင်းအောင် ရုပ်ပျက်ဆင်းပျက် သေဆုံးနေကြသော်လည်း ပတ်ဝန်းကျင်ရှိ အဆောက်အအုံများမှာမူ နဂိုအတိုင်း အကောင်းပကတိ ရှိနေသည်။

“ဒါက မစ္စတာလင်ရဲ့ အိပ်မက်ဘုံလား...’

ဂျိုးဇက် အပြင်ဘက်သို့ ထွက်လာရင်း ကောင်းကင်ယံတွင် ငြိမ်သက်စွာ တောက်ပနေသည့် လမင်းကြီးကို ငေးကြည့်နေမိသည်။ ဘုရားကျောင်းတော် ဝင်းအတွင်းရှိ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် မှ ဝန်ထမ်းများမှာ အပြင်ဘက်တွင် ကျန်ရစ်နေခဲ့သည့် ဝန်ထမ်းများနှင့် အပြင်းအထန် ငြင်းခုံနေကြပြီး လူတိုင်း၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ လွှမ်းမိုးနေသည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ... ငါတို့ အထဲရောက်သွားတာ ငါးမိနစ်ပဲ ရှိသေးတယ် ဟုတ်လား..."

တိုက်ခိုက်ရေးဌာန အကြီးအကဲ ဝင်စတန်က ချွေးစေးများ ပြန်နေသည့် မျက်နှာဖြင့် အော်ဟစ်လိုက်၏။

"ငါးမိနစ်ပဲ ကြာတာ သေချာပါတယ်... ခင်ဗျားတို့ အထဲကို ရောက်ရောက်ချင်း အကာအကွယ် အစီအရင်ကို တည်ဆောက်ဖို့ အကြီးအကဲများ ကောင်စီကို ဆက်သွယ်လာတယ်... ပြီးတာနဲ့ ခင်ဗျားတို့တွေ အပြင်ပြန်ထွက်လာတာပဲ... ကျုပ်တို့တောင် ဘုရားကျောင်းထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ သိချင်လို့ စောင့်နေတာ"

စစ်ကူလွှတ်ရန် တာဝန်ယူထားသည့် ထောက်ပံ့ရေးဌာနမှ တာဝန်ခံက တောက်ပနေသည့် အကာအကွယ် အစီအရင်ကို လက်ညှိုးထိုးပြရင်း ပုခုံးတွန့်ပြလိုက်သည်။

"ခဏလေး... ငါတို့ တိုက်ပွဲစပြီး တော်တော်ကြာမှ အကာအကွယ် အစီအရင် တည်ဆောက်ဖို့နဲ့ ကောင်စီကို အကြောင်းကြားခဲ့တာ သေချာပါတယ်... နှစ်ဖက်စလုံးမှာ အချိန်စီးဆင်းမှုက ကွာခြားသွားတာလား... ဒါပေမဲ့ ဆက်သွယ်ရေးစက်တွေက ဆက်သွယ်မိနေတုန်းပဲလေ..."

"ဟုတ်တယ်... အဲဒီအချိန်က တစ်ခုခုတော့ ထူးဆန်းနေသလိုပဲ...ဒါပေမဲ့ ပေးတဲ့အမိန့်က လုပ်ထုံးလုပ်နည်းအတိုင်း ဖြစ်နေတာရယ်၊ အချိန်ကလည်း အရမ်းတိုတာရယ်ကြောင့် ကျုပ်တို့ ဘာမှ ထပ်မစဉ်းစားမိလိုက်ဘူး"

ထောက်ပံ့ရေးဌာန တာဝန်ခံက ဝေခွဲမရသော မျက်နှာဖြင့် ဆက်ပြောလိုက်၏။

"နောက်ပြီး အကာအကွယ် အစီအရင် တည်ဆောက်ဖို့ အမိန့်ပေးပြီး ခဏလေးအတွင်းမှာပဲ တိုက်ပွဲက ပြီးသွားလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး..."

“...”

ဝင်စတန်၏ တွေဝေငေးငိုင်နေသည့် မျက်နှာကို မြင်သောအခါ ဂျိုးဇက်က လျှောက်သွားပြီး သူ၏ ပုခုံးကို ပုတ်ပေးလိုက်သည်။

"အရမ်းကြီး စိတ်ညစ်မနေပါနဲ့ကွာ... အခုဖြစ်သွားတာ မစ္စတာလင်ကြောင့်ပဲ... သူ ငါတို့ကို ကူညီဖို့ ရောက်လာတာ"

ဝင်စတန် အံ့ဩသွား၏။

"မင်းနဲ့ အဆက်အသွယ် ရှိတဲ့ အဲဒီ စာအုပ်ဆိုင်ရှင်လား..."

ဂျိုးဇက်က ခေါင်းညိတ်ကာ သက်ပြင်းရှည် တစ်ချက် ချလိုက်သည်။

"တိုက်ပွဲမစခင်က ငါ မစ္စတာလင်ဆီ သွားလည်ခဲ့သေးတယ်... သူက ထောင်ချောက် တစ်ခု ရှိနေနိုင်တယ်လို့ ငါ့ကို သတိပေးခဲ့တယ်... ဒါပေမဲ့... အဲဒီထောင်ချောက်ကို သိရင်တောင်မှ ငါတို့မှာ စွမ်းအား မလုံလောက်တဲ့အတွက် နတ်ဘုရားတုနဲ့ တိုက်ခိုက်ပြီးတဲ့အခါ ငါတို့ရဲ့ အားအင်တွေ အားလုံး ကုန်ခမ်းသွားမှာ ဖြစ်တဲ့အတွက် ဆက်တိုက်ဖို့ နည်းလမ်းမရှိဘူးလို့လည်း သူက ပြောခဲ့တယ်။"

"မစ္စတာလင်က ဒီပြဿနာကို ကြိုမြင်ပြီးသားမို့ ငါတို့ အစွမ်းကုန် ကြိုးစားဖို့ပဲ လိုတယ်၊ ကျန်တာကို သူ တာဝန်ယူမယ် လို့ ပြောခဲ့တယ်... သူ ပြောတဲ့အတိုင်းပဲ ငါတို့ အားအင်တွေ ကုန်ခမ်းနေတဲ့အချိန်မှာ သူ ရောက်လာခဲ့တာပဲ"

ဂျိုးဇက်က ဝင်စတန်၏ ပုခုံးကို တစ်ဖန် ပုတ်လိုက်ပြန်၏။

"မစ္စတာလင် ရှိနေသရွေ့တော့ အဲဒီ ဂါဘရီရယ် ဆိုတဲ့ အကောင်လည်း အပိုင်းပိုင်းအစစ ဖြစ်သွားလောက်ပြီ... တိုက်ပွဲကတော့ ပြီးသွားပါပြီ"

ဂျိုးဇက် နောက်ဖက်မှ ဘုရားကျောင်းတော်ကို လှည့်ကြည့်လိုက်၏။ ဤကျောင်းတော်မှာ နော်ဇင် မြို့တွင် နှစ်ပေါင်းများစွာ အမြစ်တွယ်နေခဲ့ပြီး ဝတ်ပြုသူများနှင့် ဘုန်းတော်ကြီး ပေါင်းများစွာကို မည်ကဲ့သို့ ဆွဲဆောင် ဖျက်ဆီးခဲ့ကြောင်း မည်သူမျှ မသိနိုင်ချေ။ သို့သော်လည်း... ယခုအခါတွင်မူ အပျက်အစီးများဖြင့် ပြည့်နှက်နေသည့် လူသူကင်းမဲ့လှသော မြေရိုင်းပြင်တစ်ခုသာ ကျန်ရစ်တော့သည်။

"ဒီနေ့ကစပြီး နော်ဇင်မှာ အမိုးခုံးဘုရားကျောင်းတော် မရှိတော့ဘူး...”

***

All Chapters