← Chapters

လက်ဆောင်နှစ်ခု

Vol. 18 Ch. 241

လက်ဆောင်နှစ်ခု

Vol. 18 Ch. 241

အချိန်မှာ နံနက် ၄ နာရီခွဲခန့်သာ ရှိသေး၏။ နော်ဇင် တစ်မြို့လုံးမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲ ဖြစ်သည်။ လမင်းကြီးမှာ ထိန်ထိန်သာနေဆဲ ဖြစ်ကာ ပြာလဲ့လဲ့ ကောင်းကင်ယံတွင် ကြယ်ပွင့်များ မှိတ်တုတ်မှိတ်တုတ် တောက်နေ၏။ လမ်းမများပေါ်တွင်လည်း နံနက်ခင်း မြူနှင်း ပါးပါးလေးများ ဝိုင်းဖွဲ့နေသဖြင့် ပို၍ပင် ရှေးဆန်ကာ ငြိမ်သက်အေးချမ်းနေပေသည်။ ထိုကဲ့သို့သော တိတ်ဆိတ် အေးချမ်းမှုကြောင့်ပင် တံခါးဖွင့်သံနှင့် ခေါင်းလောင်းမြည်သံတို့မှာ နံနက်ခင်း လေညင်းထဲတွင် ပို၍ သိသာထင်ရှားနေလေသည်။

ဂျိုးဇက်နှင့် ဗင်းဆင့်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ မစ္စတာလင်က ယခုလို အချိန်ကြီးတွင် ဆိုင်ဖွင့်ပေးသည်မှာ သူတို့ကို သီးသန့်စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း ရိပ်မိလိုက်ကြသည်။ ပုံမှန်ဆိုလျှင် စာအုပ်ဆိုင်သည် နံနက် ၇ နာရီ သို့မဟုတ် ၈ နာရီလောက်မှသာ ဖွင့်လေ့ရှိသည် မဟုတ်ပါလား။

ထို့အပြင်... မစ္စတာလင်က ဂါဘရီရယ်ကို သေတွင်းထဲ အလိုလို တိုးဝင်လာသည့် ဦးနှောက်မရှိသော ခြင်တစ်ကောင်နှင့် နှိုင်းယှဉ်ကာ ပြောဆိုခဲ့သည်။

ပို၍ အရေးကြီးသည်က သူပြောသွားသည့် 'စိတ်ဝင်စားစရာကောင်းသော အိမ်မက်' နှင့် 'ခင်ဗျားတို့အပေါ် အမြင်ပြောင်းသွားတယ်' ဆိုသည့် စကားများပင်။

ဖြစ်ပျက်သွားခဲ့သမျှက အထူးတလည် ရှင်းပြနေစရာ မလိုလောက်အောင် ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။ သူတို့အားလုံး မစ္စတာလင်၏ အိပ်မက်ဘုံထဲတွင် ရှိနေခဲ့ခြင်းပင်။

ဗဟိုဝတ်ပြုဆောင် ထဲသို့ စတင်ခြေချကတည်းက ဘုရားကျောင်းတော်ဝန်းအတွင်းရှိ လူတိုင်းသည် သူတို့ကိုယ်သူတို့ မသိလိုက်ဘဲ မစ္စတာလင်၏ အိပ်မက်ဘုံထဲသို့ ရောက်ရှိသွားခဲ့ကြခြင်း ဖြစ်သည်။ ထိုအခိုက်၌ သူတို့အားလုံးမှာ ဧရာမ အနက်ရောင် ပုံရိပ်ကြီး ငုံ့ကြည့်နေသည့် 'သဲပွင့်လေးများ' သို့မဟုတ် 'စစ်တုရင် နယ်ရုပ်လေးများ' သာ ဖြစ်နေခဲ့ကြသည်။

ပြန်စဉ်းစားကြည့်လျှင် အနက်ရောင် ပုံရိပ်ကြီး လက်ဝါးကို ဆန့်ထုတ်ကာ ဂါဘရီရယ်အား ချေမှုန်းလိုက်သည့် ပုံစံက စစ်တုရင်ခုံပေါ်မှ နယ်ရုပ်တစ်ခုကို ဖယ်ရှားလိုက်သည့် ပုံစံနှင့် အလွန်ပင် တူလှသည်။

ထိုနေရာရှိ လူတိုင်းမှာ မစ္စတာလင်၏ လက်ခုပ်ထဲ၌သာ ရှိနေခဲ့ကြပြီး သူက အရာအားလုံးကို စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲများ အတွင်း၌ သူတို့၏ ကြိုးစားအားထုတ်မှုကို မစ္စတာလင်က စိတ်ကျေနပ်ခဲ့သဖြင့် သူတို့အပေါ် အကောင်းမြင်သွားခြင်း ဖြစ်ပေလိမ့်မည်။

သမိုင်းမှတ်တမ်းများအရ 'ကမ္ဘာဦး စုန်းမကြီး' များမှအပ အခြားမည်သူမျှ အိပ်မက်ဘုံထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိခဲ့ကြောင်း အခိုင်အမာ သိရှိထားကြသည်။ ထိုနေရာမှာ အလွန် ကြောက်မက်ဖွယ်ကောင်းသည့် ချောက်နက်ကြီး တစ်ခု ဖြစ်ရုံတင်မကဘဲ စိတ်ကူးယဉ်၍မရနိုင်သည့် အင်အားကြီး သားရဲများ ကျက်စားရာ နေရာလည်း ဖြစ်ပေသည်။ ပိုမို၍ အစွမ်းထက်လေလေ အိပ်မက်ဘုံထဲသို့ ဝင်ရောက်ရန် ဝန်လေးလေလေ ဖြစ်သည်။

အိမ်မက်ဖမ်းစက် ကဲ့သို့သော မှော်ပစ္စည်းများမှာ ဖျက်ဆီးခြင်း အဆင့် ရှိသူများပင် အသုံးမပြုဝံ့သည့် တားမြစ်ပစ္စည်းများ ဖြစ်သည်။ ကိုယ်တိုင် အိပ်မက်ဘုံထဲသို့ ဝင်ရောက်ရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ချေ။ အဆင့်မြင့် စွမ်းအားရှင်များ၏ အီသာစွမ်းအင်မှာ အလွန် သိသာလှသဖြင့် မီးပုံ တိုးသည့် ပိုးဖလံများကဲ့သို့ အိပ်မက်ဘုံထဲမှ သားရဲများကို မိနစ်ပိုင်းအတွင်း ဆွဲဆောင်နိုင်ပေလိမ့်မည်။

အကယ်၍ ကံမကောင်း အကြောင်းမလှဘဲ မိမိ မယှဉ်နိုင်သော အရာတစ်ခုကို သွားရောက် နှောင့်ယှက်မိပါက ထိုနေရာတွင်ပင် အသက်ပျောက်သွားနိုင်ပေသည်။

ဒဏ္ဍာရီလာ အမှောင်ခေတ်ကာလများအတွင်းက အိမ်မက်များ လက်တွေ့လောကသို့ ကျူးကျော် ဝင်ရောက်မှုကြောင့် ဖြစ်ပေါ်ခဲ့သော ကြေကွဲစရာ ဖြစ်ရပ်များမှာ အလွန်ပင် ထိတ်လန့်စရာကောင်းလှသည်။ ယနေ့ခေတ်တွင်ပင် အိပ်မက်ဘုံ၏ အက်ကြောင်းများမှ ရံဖန်ရံခါ ထွက်ပေါ်လာတတ်သည့် အိမ်မက်သားရဲ တစ်ကောင်စ နှစ်ကောင်စသည်ပင် သူတို့အတွက် ခေါင်းခဲစရာ ဖြစ်နေရသည်။

မည်သည့် အသိဉာဏ်ရှိသူ မဆို အိမ်မက်သားရဲ ရာပေါင်း၊ ထောင်ပေါင်းများစွာကို တစ်ကိုယ်တည်း ရင်ဆိုင်လိုမည် မဟုတ်ပေ။

သို့သော်လည်း ယခုမူ... မစ္စတာလင်သည် အိပ်မက်ဘုံထဲသို့ အခက်အခဲမရှိ ဝင်ထွက်နိုင်ရုံတင်မကဘဲ ကိုယ်ပိုင် အိပ်မက်ဘုံတစ်ခုကိုပင် ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ သူက အိမ်မက်ကမ္ဘာတစ်ခုကို အမှန်တကယ် ဖန်တီးနိုင်စွမ်း ရှိသူပင်...။ မစ္စတာလင် ပိုင်ဆိုင်ထားသည့် စွမ်းအားများမှာ ယုံကြည်နိုင်စရာပင် မရှိတော့ချေ။

ဂျိုးဇက်သည် မစ္စတာလင်၏ ထူးခြားသော စွမ်းဆောင်ရည်များကို ယခင်ကတည်းကပင် ရိုးအီနေအောင် မြင်ဖူးသော်လည်း ယခုကဲ့သို့ ကိုယ်တိုင်ကိုယ်ကျ တိုက်ရိုက် တိုက်ခိုက်သည်ကို ကြုံတွေ့ဖူးခြင်းမျိုး မရှိခဲ့ပေ။ ယခင်က မစ္စတာလင်၏ ဉာဏ်ပညာကိုသာ အဓိက မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။

သို့သော်လည်း... ဤတစ်ကြိမ်တွင်မူ မစ္စတာလင်က အခရာ အဆင့် ပုဂ္ဂိုလ်ကြီး တစ်ယောက်ကို အိပ်မက်ဘုံ အတွင်း ပိတ်ကာ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖိသတ်လိုက်သည်ကို သူ မျက်မြင် တွေ့လိုက်ရခြင်း ဖြစ်သည်။

ဂျိုးဇက် အသက်ကို ပြင်းပြင်းရှူကာ တုန်လှုပ်နေသည့် စိတ်ကို တည်ငြိမ်အောင် ရင်ဘတ်ကို လက်ဖြင့် ဖိထားလိုက်သည်။ ဆိုင်ထဲသို့ ဝင်လိုက်ချိန်တွင်မှ ဂျိုးဇက် တစ်ယောက် ကောင်တာရှေ့တွင် ထိုင်ခုံတစ်လုံးတည်းသာ ရှိသည်ကို သတိရလိုက်သည် ။ မစ္စတာလင်မှာ စာအုပ်ဆိုင်ကို ဖောက်သည်များစွာ တစ်ပြိုင်နက် လာလေ့မရှိသဖြင့် ထိုင်ခုံမြင့် တစ်လုံးသာ ထားရှိခြင်း ဖြစ်ပေလိမ့်မည်။

ဆိုင်လက်ထောက်ဖြစ်သည့် မွန်းသည် ပုံမှန်အတိုင်းပင် လူတိုင်းအတွက် ရေနွေးကြမ်း ငှဲ့ပေးရန် ထွက်ခွာသွား၏။ ထို့ကြောင့် တစ်လုံးတည်းသော ထိုင်ခုံကို ဒဏ်ရာရထားသည့် ဗင်းဆင့်အား ပေးရန်သာ ရှိတော့သည်။

ထိုဖာသာ၏ မျက်နှာမှာ စာရွက်တစ်ရွက်ကဲ့သို့ ဖြူရော်နေဆဲပင်။ သူက ဤတိုက်ပွဲကြီးတွင် အဓိက စွမ်းဆောင်ခဲ့သူ ဖြစ်သည်။ အခရာ အဆင့် နတ်ဘုရားတုကြီးကို အပြတ်ရှင်းရန်အတွက် သူသည် ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ခဲ့ရပြီး နောက်ဆုံး၌ အသက်ကိုပင် ရင်းခဲ့ရသည်။

မည်သို့ပင် ဆိုစေ... နောက်ဆုံးရလဒ်မှာမူ အဆင်ပြေချောမွေ့ခဲ့ပေသည်‌။ ယနေ့မှစ၍ အမိုးခုံး ဘုရားကျောင်းတော် ဟူ၍ ရှိတော့မည်မဟုတ်ဘဲ သာသနာ နယ်မြေ ခုနစ်ခုကိုလည်း တဖြည်းဖြည်း အရှိန်ရလာနေသည့် နေမင်း ယုံကြည်ကိုးကွယ်မှု အဖွဲ့က ဆက်ခံတော့မည် ဖြစ်သည်။

ဗင်းဆင့် ကိုယ်တိုင်လည်း နေမင်း ယုံကြည်ကိုးကွယ်မှု အဖွဲ့ကို တိုးတက်ပြန့်ပွားအောင် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားသည်။

တစ်ချိန်တည်း၌... ဂျိုးဇက်မှာ ထောင့်တစ်နေရာတွင် ချထားသည့် နောက်မှီ ကုလားထိုင်ကို တွေ့လိုက်ရလေရာ တစ်မျိုးလေး ခံစားလိုက်ရသည်။ သူ ထိုထိုင်ခုံတွင် သွားထိုင်လိုက်ပြီး လက်တင်ခုံကို ပွတ်သပ်နေမိ၏။

စာအုပ်ဆိုင်ကို ပထမဆုံး လာခဲ့စဉ်က အခြေအနေကို ပြန်စဉ်းစားမိသည့်အခါ ဂျိုးဇက်၏ ကျောပြင်မှာ ချွေးစေးများ စေးကပ်လာတော့သည်။ ထိုစဉ်က မစ္စတာလင်သည် သူ့ကို အပြစ်အနည်းငယ်သာ ပေးခဲ့ပြီး ကန်ဒယ်လာ နတ်ဆိုးဓား ပြဿနာကိုလည်း ဖြေရှင်းပေးခဲ့သည်။ ကြည့်ရသည်က ထိုစဉ်တုန်းက မစ္စတာလင်မှာ စိတ်ကြည်လင်နေခဲ့ပုံ ရသည်။

မစ္စတာလင်နှင့် ပို၍ ရင်းနှီးလာလေလေ ဤစာအုပ်ဆိုင်ပိုင်ရှင်မှာ ခန့်မှန်းရ ပို၍ ခက်ခဲလေလေဖြစ်ကြောင်း ဂျိုးဇက် သိလာရသည်။

တံခါးအပြင်ဘက်တွင် ရပ်နေဆဲဖြစ်သည့် မစ္စတာလင်ကို ဂျိုးဇက် လှမ်းကြည့်လိုက်၏။ မစ္စတာလင်ကို အိပ်ယာဝင် ဝတ်စုံဖြင့် မြင်ရခဲလှသဖြင့် ယခုမြင်ကွင်းမှာ ပုံမှန် ကောင်တာနောက်တွင် စာဖတ်နေတတ်သည့် လူငယ်လေးထက် ပိုမို၍ လျှို့ဝှက်နက်နဲသည့် အငွေ့အသက်ကို ပေးစွမ်းနေသည်။

'မစ္စတာလင်ရဲ့ ရုပ်ဖျက်နိုင်စွမ်းက တကယ့်ကို အံ့ဩစရာပဲ'

ဂျိုးဇက် တစ်ကိုယ်တည်း တွေးနေမိသည်။

တစ်ချိန်တည်း၌... လင်ကျဲက တံခါးရှေ့ရှိ ဆိုင်းဘုတ်ကို လှန်လိုက်ပြီး ယခင်က ရေးထားသည့် '၃ ရက် ပိတ်သည်' ဆိုသည့် စာသားကို ဖျက်ကာ 'ဖွင့်ပြီ' ဟု ပြောင်းလဲလိုက်သည်။

ထို့နောက်... သူက ကောင်တာနောက်ဖက်ရှိ ထိုင်ခုံတွင် ပြန်ထိုင်လိုက်ပြီး ရေတစ်ငုံ သောက်လိုက်၏။

"ခင်ဗျားတို့ရဲ့ ကိစ္စတွေ အားလုံး ပြေလည်သွားပြီလား"

သူ အေးအေးဆေးဆေးပင် မေးလိုက်သည်။ ဗင်းဆင့်က လေးနက်သည့် အမူအရာဖြင့် ခေါင်းတစ်ချက် ညိတ်ရင်း ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့... အမိုးခုံး ဘုရားကျောင်းတော် ရဲ့ အကုသိုလ် အလုပ်တွေ ရှေ့ဆက်ခွင့် မရှိတော့ပါဘူး... ကျွန်တော့်ရဲ့ အာဃာတတွေလည်း ငြိမ်းသွားပါပြီ... ဒါပေမဲ့ ဒီကိစ္စတွေကြားမှာ အသက်ဆုံးရှုံးသွားခဲ့ရသူတွေကိုတော့ ဘယ်တော့မှ ပြန်မရနိုင်တော့ဘူးပေါ့လေ"

သူ့ လေသံက နောက်ဆုံးတွင် ဝမ်းနည်းသည့်ဘက်ကို ပြောင်းသွားခဲ့၏။ သူ၏ ဖခင်သဖွယ်ဖြစ်သည့် ဖာသာအိုကြီး တားရန့်စ် ဖြစ်စေ၊ ရော့ဒ်နီ၏ လှည့်ဖြားမှုကို ခံရပြီး သေတွင်းထဲ ရောက်သွားခဲ့သည့် လုပ်ဖော်ကိုင်ဖက်ဟောင်းများ ဖြစ်စေ... သူတို့အားလုံးကို ပြန်မရနိုင်တော့သလို သူ မြတ်နိုး တန်ဖိုးထားခဲ့သည့် ဘုန်းတော်ကြီး ဘဝဟောင်းကိုလည်း ပြန်မရနိုင်တော့ပေ။

ဂျိုးဇက်ကလည်း ဝင်ပြောလိုက်၏။

"အမိုးခုံး ဘုရားကျောင်းတော်က ထာဝရ အရှက်ရနေရတော့မှာပါ... ကျွန်တော်တို့ ဌာနဘက်ကလည်း သူတို့ရဲ့ မကောင်းမှုတွေ အားလုံးကို လူသိရှင်ကြား ထုတ်ဖော်သွားမှာ ဖြစ်သလို အပြစ်မဲ့သူတွေကို သတ်ဖြတ်မှု၊ ဝတ်ပြုသူတွေဆီက အမြတ်ထုတ်မှုနဲ့ ချမ်းသာပြီး သြဇာရှိသူတွေရဲ့ ပြစ်မှုတွေကို ခွင့်လွှတ်ပေးခဲ့တာတွေ အကုန်လုံးကို ဖော်ထုတ်သွားမှာပါ"

"သူတို့ စုဆောင်းထားတဲ့ ဓနဥစ္စာတွေထဲက တစ်ဝက်ကိုတော့ သိမ်းဆည်းသွားမှာဖြစ်ပြီး ကျန်တဲ့တစ်ဝက်ကိုတော့ ဒီစစ်ဆင်ရေးအတွက် ကုန်ကျစရိတ်တွေအဖြစ် နေမင်း ယုံကြည်ကိုးကွယ်မှု အဖွဲ့ကို လွှဲပြောင်းပေးသွားမှာပါ... ဘုရားကျောင်းတော်ရဲ့ အဆောက်အအုံတွေကိုလည်း သူတို့အဖွဲ့ကိုပဲ ပေးအပ်သွားမှာပါ"

'အင်း... ဒါက ရဲတွေ လုပ်လေ့လုပ်ထရှိတဲ့ ပုံစံပဲ'

'ဒါပေမဲ့ ဒီလောက် ပမာဏအများကြီးဆိုတော့...'

လင်ကျဲ ဗင်းဆင့်ကို ခိုးကြည့်လိုက်သည်။ မျက်နှာကို တည်ငြိမ်အောင် ထားထားသော်လည်း စိတ်ထဲတွင်မူ သူ ကြိတ်ကာ ကြံစည်နေပြီ ဖြစ်သည်။

'နောက်ထပ် အရေးကြီးတဲ့ ဖောက်သည်တစ်ယောက်တော့ ရပြီ... ဗင်းဆင့်က မကြာခင်မှာ နော်ဇင် ရဲ့ အကြီးမားဆုံး ဘာသာရေးအဖွဲ့အစည်းကြီးရဲ့ ခေါင်းဆောင် ဖြစ်လာတော့မှာဆိုတော့ သူ့ကို စာအုပ်တစ်ချို့ ဝယ်ခိုင်းသင့်တာပေါ့...'

'နောက်ပြီး ဝတ်ပြုသူတွေနဲ့လည်း ရင်းနှီးအောင် လုပ်ရမယ်... သူတို့ စာအုပ်မဝယ်ရင်တောင် စာအုပ်ကဖေးရဲ့ ပုံမှန်ဖောက်သည်တွေ ဖြစ်လာရင်ပဲ အဆင်ပြေပြီ...'

လင်ကျဲ၏ မျှော်လင့်တကြီး ကြည့်နေသည့် အကြည့်ကို သတိပြုမိသွားသည့်အခါ ဗင်းဆင့်မှာ အရိပ်အမြွက်ကို နားလည်သွားပြီး ဗဟိုဝတ်ပြုဆောင် ခန်းမထဲမှ သူတွေ့ရှိခဲ့ရသည့် အမွေအနှစ်ပစ္စည်းများကို ထုတ်လိုက်သည်။

တစ်ခုမှာ ငွေရောင်လက်စွပ် တစ်ကွင်းဖြစ်ပြီး အခြားတစ်ခုမှာ လက်ဖဝါးခန့် အရွယ်အစားရှိသည့် ထူးဆန်းသော အခွံမာ ပိုးဥတစ်လုံး ဖြစ်သည်။

ထိုအရာများကား အမိုးခုံး ဘုရားကျောင်းတော်၏ အထွတ်အမြတ် အမွေအနှစ် ပစ္စည်းသုံးခုအနက်မှ နှစ်ခုဖြစ်သည့် ရှေးဟောင်းလက်စွပ် နှင့် အိပ်စက်နေသည့် လမင်းရင်သွေးငယ် တို့ပင် ဖြစ်တော့သည်။

***

All Chapters