← Chapters

နွေးထွေးမှု

Vol. 18 Ch. 242

နွေးထွေးမှု

Vol. 18 Ch. 242

ဗင်းဆင့် အထွတ်အမြတ် အမွေအနှစ် ပစ္စည်းနှစ်ခုကို ကောင်တာပေါ်သို့ တင်လိုက်၏။

"ဒီပစ္စည်းနှစ်ခုက အမိုးခုံး ဘုရားကျောင်းတော် ရဲ့ ဗဟိုဝတ်ပြုဆောင် ခန်းမထဲမှာ ကိုးကွယ်ထားတဲ့ အမွေအနှစ်တွေဖြစ်တဲ့ ရှေးဟောင်းလက်စွပ် နဲ့ အိပ်စက်နေတဲ့ လမင်းရင်သွေး တို့ပဲ ဖြစ်ပါတယ်..."

"ရှေးဟောင်းဒဏ္ဍာရီတွေအရဆိုရင် ရှေးဟောင်းလက်စွပ်ဟာ လမင်းက သတ်မှတ်ပေးထားတဲ့ အဆင့် အမြင့်ဆုံး ဝတ်ပြုသူရဲ့ အာဏာစက် အထိမ်းအမှတ် ဖြစ်ပါတယ်"

"အိပ်စက်နေတဲ့ လမင်း ရင်သွေးကတော့ သူ့နာမည်အတိုင်းပဲ လမင်းရဲ့ ရင်သွေး၊ ဘုရားကျောင်းတော်ရဲ‌ေ မြင့်မြတ်တဲ့ ရင်သွေးပေါ့လေ... ဒါက လပြည့်ဝန်း အဆီအနှစ် တွေကို ထုတ်လုပ်ရာမှာ အဓိကအသုံးပြုတဲ့ ကုန်ကြမ်းပစ္စည်းလည်း ဖြစ်ပါတယ်"

လင်ကျဲကို ကြည့်နေသည့် ဗင်းဆင့်၏ အမူအရာက - ဒီလိုပစ္စည်းမျိုးတွေကို ဆိုင်ရှင် စိတ်ဝင်စားမယ်လို့ ကျွန်တော် ယုံကြည်တဲ့အတွက် အထူးတလည် သိမ်းဆည်းလာခဲ့တာပါ - ဟူသော အဓိပ္ပာယ်များ ပါဝင်နေသည်။

ဗင်းဆင့် ထိုပစ္စည်းနှစ်ခုကို ရှေ့သို့ တိုးပေးလိုက်ရင်း ဘေးနားရှိ ဂါဂွိုင်းရုပ်တုကို တစ်ချက် လှမ်းကြည့်လိုက်၏။

လင်းကျဲကတော့ အတော်လေး ဟောင်းနေသည့် ငွေလက်စွပ် (တစ်နည်းအားဖြင့် ဟောင်းနွမ်းစုတ်ပြတ်နေသော လက်စွပ်) နှင့် ၎င်းဘေးရှိ အလွန်လျှို့ဝှက်ဆန်းကြယ်လှသော (တစ်နည်းအားဖြင့် အသုံးမကျသော) ဥကြီးကို ကြည့်ကာ နှုတ်ခမ်းအနည်းငယ် တွန့်သွားသည်။

‘ဘုရားကျောင်းတော်ရဲ့ မြင့်မြတ်တဲ့ အမွေအနှစ်တွေ ဟုတ်လား...’

လင်ကျဲမှာ အောက်လမ်းပညာနှင့် ပတ်သက်သည့် အရာများကို အနည်းငယ် စိတ်ဝင်စားသော်လည်း ဘာသာရေးဆိုင်ရာ အမွေအနှစ် ပစ္စည်းများမှာ များသောအားဖြင့် အလွန်ထူးဆန်းတတ်သည်ကို သတိထားမိသည်။

ဥပမာအားဖြင့် ခရစ်ယာန်ဘာသာမှ မြင့်မြတ်သော ခွက်တော် ဆိုသည်မှာ အမှန်စင်စစ် ယေရှုနှင့် တပည့်ငယ်သားများ အသုံးပြုခဲ့သည့် ဝိုင်ခွက်မျှသာဖြစ်ပြီး၊ တူရင်၏ ရုပ်အလောင်းခြုံထည် ဆိုသည်မှာလည်း ခရစ်တော်၏ အလောင်းကို ပတ်ခဲ့သည့် အဝတ်စမျှသာ ဖြစ်ပေသည်။

ထို့ကြောင့်ပင် အမိုးခုံး ဘုရားကျောင်းတော်၏ အမွေအနှစ်များက ပို၍ ထူးဆန်းနေသည်မှာ အံ့ဩစရာတော့ မဟုတ်ချေ။

ကောင်းကွက်ကို ကြည့်ရလျှင် လက်စွပ်ကတော့ ရှေးဟောင်းပစ္စည်းတစ်ခုနှင့် တူသည်။ အကယ်၍ ၎င်းသာ ရှေးဟောင်း ပစ္စည်း တစ်ခု ဆိုပါက ဝယ်လ်ပေးခဲ့သည့် ကျောက်ဂါဂွိုင်း ရုပ်တုထက် ပို၍ တန်ဖိုးရှိနိုင်ပြီး အနည်းဆုံးတော့ အသုံးဝင်နိုင်ပေလိမ့်မည်။

‘ဒါပေမဲ့ ဒီဥကြီးက ဘာလဲ...’

လင်းကျဲ သူ့ရှေ့ရှိ 'ပိုးဥ' ကြီးကို စိုက်ကြည့်နေမိသည်။ ၎င်းမှာ အမြင့် ၁၀ စင်တီမီတာမှ ၁၅ စင်တီမီတာခန့် ရှိပြီး အနည်းငယ် ကြည်လင်သည့် ငွေမှင်ရောင် မျက်နှာပြင်ရှိကာ ထိတွေ့လိုက်လျှင် မာကျောသည်။ ၎င်း၏ အပေါ်မှ လိမ်ယှက်နေသည့် ပုံစံများမှာ ဝမ်းပိစ် (One Piece) ကားထဲမှ 'မိစ္ဆာသစ်သီး' (Devil Fruits) များနှင့်ပင် ဆင်တူနေသေးသည်။

လင်းကျဲ ၎င်းကို 'ပိုးဥ' ဟု အမည်တပ်ရခြင်းမှာ ၎င်းအတွင်း၌ အဖြူရောင် သက်ရှိတစ်ကောင် တလှုပ်လှုပ် ဖြစ်နေသောကြောင့်ပင်။ သူ မြင်ရသလောက်ဆိုလျှင် ၎င်းမှာ ဆူဖြိုးလှသည့် ပိုးကောင်ကြီး တစ်ကောင်နှင့် တူလှသည်။

၎င်း၏ ဝမ်းဗိုက်လေးမှာလည်း တစ်ခါတစ်ရံ လှုပ်လှုပ် လှုပ်လှုပ် ဖြစ်နေသေးသည်။ ကြည့်ရတာ ချစ်တော့ ချစ်စရာလေးပါပင်။

ဤမျှ ကြီးမားပြီး လှပသည့် ပိုးဥမျိုးမှာ ရှားပါးနိုင်သော်လည်း လင်းကျဲအတွက်တော့ ဘာမှ မသုံးမဝင်လှချေ။ ၎င်းကို ပြုတ်ပြီး ပရိုတင်းဓာတ်အဖြစ်လည်း စားလို့ မရချေ။

'ဗင်းဆင့်ရာ... ခင်ဗျား တကယ်ပဲ လောကဝတ် မသိတာပဲ'

'ခင်ဗျားက ဘာသာရေးအဖွဲ့တစ်ခုလုံးရဲ့ ခေါင်းဆောင် ဖြစ်နေပြီလေ... တကယ် ကပ်စေးနှဲတာပဲ... ကျုပ် အရိပ်အမြွက် ပေးလိုက်တာနဲ့ ခင်ဗျားရဲ့ လူတွေကို ငွေသားတွေအပြည့် ထည့်ထားတဲ့ သေတ္တာတွေ သယ်ခိုင်းသင့်တာပေါ့... အဲဒီနောက် သူတို့က ငါ့ရှေ့မှာ တန်းစီရပ်ပြီး သေတ္တာတွေကို ဖွင့်ပြလိုက်မယ်... အထဲမှာ ငွေစက္ကူတွေ အထပ်လိုက်နဲ့... ငါက ငြင်းမယ်... ဒါပေမဲ့ သူတို့က မဖြစ်စလောက် စေတနာလေး မလို့ လက်ခံပေးပါနဲ့ အတင်း တောင်းပန်... အဟမ်း ငါ နည်းနည်း အတွေးလွန်သွားပြီ...'

လင်းကျဲအနေဖြင့် တန်ဖိုးရှိသော အရာများကို လက်ဆောင်အဖြစ် လက်ခံရန် ဝန်မလေးပါချေ။ သို့သော်လည်း... တန်ဖိုး ဆိုရာတွင် ငွေကြေးတန်ဖိုးသက်သက်ကိုသာ ဆိုလိုခြင်း ဖြစ်သည်။ ယခင်က သူ ရရှိခဲ့သည့် ဒိုင်နိုဆောလိုလို နဂါးလိုလို နှလုံးသားမှာ ယခုအခါ လုံးဝ ခြောက်သွေ့၍ ကျောက်ဖြစ်သွားပြီ ဖြစ်သည်။ ရှေးဟောင်းပစ္စည်း စုဆောင်းသူများအတွက်ပင် တန်ဖိုး များစွာ မရှိတော့ချေ။ ထို့ကြောင့်ပင် လင်ကျဲမှာ ထိုနှလုံးသားနှင့် သေတ္တာတို့ကို နှမြောတသစွာဖြင့် မြေအောက်ခန်းထဲ၌သာ သိမ်းဆည်းထားခဲ့ရသည်။

‘ဟူး... ထားပါတော့လေ...’

‘နေမင်း ယုံကြည်ကိုးကွယ်မှု အဖွဲ့ကလည်း အခုမှ စတင်တည်ထောင်တာဆိုတော့ ငွေကြေး လိုအပ်ချက် ရှိမှာပါပဲ... ဗင်းဆင့် ဒီလိုလုပ်တာကလည်း သဘာဝကျပါတယ်... အနည်းဆုံးတော့ သူ ငါ့ကို သတိရပေးတာပဲလေ...’

လင်းကျဲ မိမိကိုယ်ကိုယ် ဖြေသိမ့်လိုက်သည်။ အခြားသူများကို အမှီပြုပြီး တစ်ညတည်းနှင့် ချမ်းသာလာရန်မှာ မဖြစ်နိုင်သည့် အရာပင်။

ထို့အပြင်... သေချာ ပြန်လည် စဉ်းစားကြည့်ရလျှင် သူ့ဘက်က လုပ်ဆောင်ပေးခဲ့သည်မှာ နည်းနည်းလေးသာ ဖြစ်သည်။ စကားလေး နည်းနည်းပြော၊ ရဲနှင့် ဆက်သွယ်ပေး၊ အားနည်းသည့် ရန်သူလေး တစ်ယောက်ကို နောက်ကွယ်မှ ဖယ်ရှားပေးရုံမျှလောက်သာ ဖြစ်သည်။ အများကြီး ကူညီခဲ့ရတာ မဟုတ်ပါချေ။

ဂါဘရီရယ်မှာ မိုက်ကယ်ထက်တောင် အားနည်းသေးသည်။ အနည်းဆုံးတော့ မိုက်ကယ်လေးမှာ သူ့ကို နှပ်ပတ်ချကာ ထွက်ပြေးနိုင်ခဲ့သေးသည်။ ဂါဘရီရယ်မှာမူ အိပ်မက်ဘုံထဲတွင်ပင် ချေမှုန်းခံလိုက်ရပြီ ဖြစ်သည်။

ဂျိုးဇက်နှင့် ဗင်းဆင့်တို့မှာ ရှေ့တန်းမှနေ၍ ရာဇဝတ်ကောင်များကို တိုက်ခိုက်ခဲ့ကြသူများ ဖြစ်ပြီး သူတို့၏ နွမ်းနယ်ပင်ပန်းနေသော ပုံစံများကို ကြည့်လျှင် ထိုလုပ်ငန်းစဉ်မှာ အလွန်ပင် ခက်ခဲကြမ်းတမ်းခဲ့ကြောင်း သိသာလှသည်။

ဆန့်ကျင်ဘက်အနေဖြင့် လင်းကျဲမှာမူ မိမိဆိုင်ထဲတွင်သာ သုံးရက်တိတိ အေးအေးဆေးဆေး အိပ်ပျော်နေခဲ့ခြင်း ဖြစ်ပြီး စိတ်ဝင်စားစရာ အိမ်မက်တစ်ခုကို မက်ခဲ့ရုံသာ ရှိသည်။

ထိုကဲ့သို့ တွေးကြည့်လိုက်တော့လည်း လင်းကျဲသည် မိမိ၏ တစ်ကိုယ်ကောင်းဆန်သော အတွေးများအတွက် အနည်းငယ် အားနာမိသွား၏။

လင်းကျဲ သူ၏ စိတ်မသက်မသာ ဖြစ်မှုများကို ဖုံးကွယ်လိုက်ပြီး ကျွမ်းကျင်သည့် ဆိုင်ရှင်တစ်ဦး၏ အပြုံးကို ပြုံးလိုက်သည်။

ထို့နောက် ဗင်းဆင့်ထံမှ လက်စွပ်နှင့် ပိုးဥကို လက်ခံယူလိုက်ရင်း...

"ခင်ဗျားရဲ့ စေတနာကို တကယ်ပဲ ကျေးဇူးတင်ပါတယ်... အမှန်အတိုင်း ပြောရရင် ကျွန်တော်က ဒီလို ပစ္စည်းမျိုးတွေကို အရမ်း စိတ်ဝင်စားတာပါ... ကျေးဇူးအများကြီး တင်ပါတယ်"

ဗင်းဆင့်မှာ ယခင်ကလည်း ဘုန်းတော်ကြီးတစ်ဦး ဖြစ်ခဲ့သလို ယခုလည်း ဘာသာရေးအဖွဲ့သစ်၏ လူကြီးတစ်ဦး ဖြစ်နေသည်ကို လင်းကျဲ သတိမူမိလိုက်မိသည်။ နတ်ဘုရား တစ်ပါး၏ ကောင်းချီးများ ပါဝင်နေသည်ဟု ယုံကြည်ထားကြသည့် ဤကဲ့သို့သော ပစ္စည်းများမှာ သူ့လို သာမန်လူ တစ်ယောက် အတွက် ဘာမှ မဟုတ်သော်လည်း ဘာသာရေး တစ်ခုအတွက်မူ အလွန်ပင် အရေးကြီးပေလိမ့်မည်။

တစ်နည်းဆိုရသော်... ဗင်းဆင့်သည် ဤအမွေအနှစ် ပစ္စည်းများကို အမိုးခုံး ဘုရားကျောင်းတော် ၏ တန်ဖိုးအရှိဆုံး အရာများဖြစ်သည်ဟု ယူဆထားခြင်း ဖြစ်ပေလိမ့်မည်။ လင်းကျဲ အနည်းငယ် စိတ်ပျက်မိသော်လည်း ဗင်းဆင့်၏ စေတနာနှင့် ကြိုးစားအားထုတ်မှုကို အချည်းနှီး မဖြစ်စေလိုပါချေ။

ဗင်းဆင့်က အလျင်အမြန်ပင် လက်ကာပြလိုက်၏။

"ကျေးဇူးတင်စရာ မလိုပါဘူးဗျာ... မစ္စတာလင်က ကျွန်တော့်ကို မြှောက်ပင့်လွန်းနေပါပြီ... ကျွန်တော်ကသာ မစ္စတာလင်ကို ကျေးဇူးတင်ရမှာပါ... ကျွန်တော် ဒီနေ့ ဒီလို အခြေအနေကို ရောက်လာတာဟာ မစ္စတာလင်ရဲ့ အကူအညီတွေကြောင့်ပါပဲ"

လင်ကျဲက မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက် ဗင်းဆင့်၏ ပုခုံးကို ပုတ်လိုက်ရင်း လေးနက်စွာ ပြောလိုက်သည်။

"ဗင်းဆင့်... ခင်ဗျားကို ခင်ဗျား ယုံကြည်ချက် ပိုရှိစမ်းပါ... ခင်ဗျား ဒီနေ့ ရရှိထားတဲ့ အောင်မြင်မှုတွေက ကျွန်တော်ရဲ့ အကူအညီကြောင့် မဟုတ်ပါဘူး... တရားမျှတမှုကို ရရှိဖို့ အတွက် မဆုတ်မနစ် ကြိုးစားအားထုတ်မှု၊ မယိမ်းယိုင်တဲ့ စိတ်ဓာတ်တွေကြောင့် ခင်ဗျား အတွက် သီးသန့်ဖြစ်တည်လာတဲ့ တောက်ပတဲ့ အနာဂတ်ကို ခင်ဗျား ကိုယ်တိုင် ရှာဖွေနိုင်ခဲ့တာပါ"

"ခင်ဗျားရဲ့ အတိတ်က စေတနာတွေကြောင့် ပထမဆုံး ဝတ်ပြုသူတွေကို ခင်ဗျား စုစည်းနိုင်ခဲ့တယ်... ခင်ဗျားရဲ့ ဂုဏ်သတင်းနဲ့ စကားလုံးတွေကို သုံးပြီး သူတို့ကို ယုံကြည်လာအောင် လုပ်နိုင်ခဲ့တယ်... ခင်ဗျားရဲ့ ကိုယ်တိုင်ကိုယ်ကျ အားထုတ်မှုရဲ့ အမိုးခုံး ဘုရားကျောင်းတော် ရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို ဖြိုဖျက်ပြီး နောက်ဆုံးမှာ အားလုံးကို အမြစ်ပြတ် ဖျက်ဆီးနိုင်ခဲ့တာပဲ"

"ဒါတွေအားလုံးက ခင်ဗျား ကိုယ်ပိုင်စွမ်းအားတွေ မဟုတ်ဘူးလား..."

“...”

ဗင်းဆင့် တစ်ယောက် ခဏတာ ဆွံ့အသွားပြီး လင်းကျဲ၏ တောက်ပသော အကြည့်များကို ပြန်လည် ကြည့်လိုက်မိ၏။ ရုတ်တရက်... သူ့ နှလုံးသား အတွင်း တစ်ခုခု တိုးဝင်လာသကဲ့သို့ ခံစားလိုက်ရ၏။

အလိလို ပြန်လည် ကုသနေမှုများ ပြီးဆုံးသွားပြီးနောက် ထုံထိုင်း ခြောက်သွေ့နေခဲ့သည့် သူ့ နှလုံးသားမှာ ခပ်ပြင်းပြင်း ခုန်သံ အချို့နှင့်အတူ အသက်ဝင်လာပြန်သည်။ သွေးသစ်များ စီးဆင်းလာသကဲ့သို့ ခံစားလိုက်ရပြီး စိတ်လှုပ်ရှားမှုများ တစ်ဖန် ပြန်လည်ဖြစ်ပေါ်လာသည်။ မှန်ပေသည်။ တစ်ချိန်က လက်လှမ်း မမီနိုင်ခဲ့သည့် ရော့ဒ်နီလိုလူမျိုးကိုပင် သူ ကိုယ်တိုင် သတ်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။

ဒုတ်... ဒုတ်...

ဖာသာ ဗင်းဆင့်ဘဝတုန်းက ချန်ထားရစ်ခဲ့သည့် ကြောက်ရွံ့မှု အရိပ်အယောင်များမှာ အလင်းသစ်တစ်ခု၏ အစားထိုးခြင်းကို ခံလိုက်ရသည်။

လင်းကျဲက ဗင်းဆင့်၏ အမူအရာ ပြောင်းလဲလာပုံကို ကြည့်ကာ ခေါင်းတစ်ချက် ညိတ်လိုက်သည်။

"အနာဂတ်မှာလည်း ခင်ဗျားရဲ့ လုပ်ရပ်တွေဟာ လူကောင်းတွေအတွက် အလင်းရောင်နဲ့ နွေးထွေးမှုတွေကို ပေးစွမ်းနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်... လူတိုင်းရဲ့ နှလုံးသားထဲမှာ ဘယ်တော့မှ မဝင်တဲ့ နေမင်း တစ်ပါး တစ်ပါး ဖြစ်လာပြီး ခင်ဗျားရဲ့ ဝတ်ပြုသူတွေကို အမိုးခုံး ဘုရားကျောင်းတော် ရဲ့ ဖိနှိပ်မှုဆိုတဲ့ ညဉ့်နက်ကြီးထဲကနေ လမ်းပြခေါ်ထုတ်သွားပေးပါ"

"ဒါကြောင့်ပဲ ခင်ဗျားကိုယ်ခင်ဗျား ယုံကြည်ချက်ရှိဖို့ လိုတယ်လို့ ကျွန်တော် ပြောတာပေါ့... ပုပ်ရဟန်းမင်းကြီး တစ်ယောက်ရဲ့ ဂုဏ်အင်္ဂါကို ပြစမ်းပါ... ခင်ဗျားဟာ အခုဆိုရင် မရေမတွက်နိုင်တဲ့ လူတွေ မော့ကြည့်နေရတဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်နေပြီ... ခင်ဗျားရဲ့ နောက်လိုက်တွေကို အဲဒီဂုဏ်အင်္ဂါကို ပြသရမယ်... မဟုတ်ရင် ခင်ဗျားကို ယုံကြည်တဲ့သူတွေရဲ့ မျှော်လင့်ချက်ကို ခင်ဗျား ဘယ်လို ဖြည့်ဆည်းပေးမလဲ"

"ဖာသာအိုကြီး တားရန့်စ်ကလည်း ကောင်းကင်ဘုံကနေ ခင်ဗျားကို စောင့်ကြည့်နေမှာပါ..."

ဗင်းဆင့် တစ်ယောက် ခန္ဓာကိုယ်အနှံ့ သွေးများ ဆူပွက်လာသကဲ့သို့ ခံစားလိုက်ရ၏။ မစ္စတာလင် ပြောတာ မှန်သည်။ သူသည် ယခုအခါ လူများစွာ၏ ယုံကြည်မှုနှင့် မျှော်လင့်ချက်များကို ပခုံးထမ်းထားရသူဖြစ်သည်။ ယခင်ကလို တစ်ယောက်တည်း မဟုတ်တော့ပေ။

သူ၏ လက်စားချေမှုက ဤနေရာတွင် ပြီးဆုံးသွားပြီ ဖြစ်သော်လည်း ရှေ့ဆက်ရမည့် လမ်းခရီးက ရှည်လျားလှပါသေးသည်။ သူ၏ ကယ်တင်ခြင်းခံရဖို့ စောင့်ဆိုင်းနေသူ များစွာ ရှိနေပါသေးသည်။ သူ နေမင်းတစ်ပါး ဖြစ်လာရမည်။

ဗင်းဆင့် နောက်သို့ လှည့်ကြည့်လိုက်သည့်အခါ ဂျိုးဇက်၏ အခိုင်အမာ အားပေးသည့် အကြည့်ကို တွေ့လိုက်ရ၏။ ထိုအကြည့်က မဆုတ်မနစ် မြင့်မြတ်သည့် မီးလျှံ ပင်လျှင် သူ့ကို အသိအမှတ်ပြုကြောင်း ဖော်ပြနေသည်။

စိတ်ဓာတ်များ ခိုင်မာလာပြီ ဖြစ်လေရာ ဗင်းဆင့်က ပြတ်သားစွာ ပြောလိုက်၏။

"မစ္စတာလင် ပြောတာ မှန်ပါတယ်... ကျွန်တော်ဟာ နေမင်း ယုံကြည်ကိုးကွယ်မှု အဖွဲ့ရဲ့ အရည်အချင်းရှိတဲ့ ခေါင်းဆောင်တစ်ယောက်၊ ဝတ်ပြုသူတွေရဲ့ နှလုံးသားထဲက လမ်းပြအလင်းရောင် တစ်ခု ဖြစ်လာစေရမယ်လို့ ကတိပေးပါတယ်"

လင်းကျဲမှာ ထိုစကားများကို ကြားရသဖြင့် ဝမ်းသာသွား၏။

"ကောင်းပြီ... ကျွန်တော် ပေးထားတဲ့ စာအုပ်နှစ်အုပ်ကိုလည်း သေချာဖတ်ပါ... ခင်ဗျား ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် အားကိုးရာမဲ့ပြီး လမ်းပျောက်နေတယ်လို့ ခံစားရရင် အဲဒီစာအုပ်တွေက ခင်ဗျားကို အကျိုးကျေးဇူးတွေနဲ့ အကူအညီတွေ အများကြီး ပေးပါလိမ့်မယ်"

***

All Chapters