← Chapters

ထူးဆန်းသော ပိုးဥလေး

Vol. 18 Ch. 244

ထူးဆန်းသော ပိုးဥလေး

Vol. 18 Ch. 244

ခဏတာ ဆက်လက် စကားပြောပြီးနောက် လင်းကျဲ ထိုလူကြီးနှစ်ဦးကို နှုတ်ဆက်လိုက်သည်။ အမိုးခုံး ဘုရားကျောင်းတော် ကိစ္စမှာ နိဂုံးချုပ်သွားပြီ ဖြစ်သော်လည်း ဗင်းဆင့်နှင့် ဂျိုးဇက်တို့အတွက် လုပ်ဆောင်စရာများစွာ ကျန်ရှိနေပေသေးသည်။ ထို့ကြောင့် သူ့ဘက်က အလိုက်သိရပေမည်။

မွန်းမှာ အတော်လေး နွမ်းနယ်နေပုံရသည်။ သူမက လင်ကျဲ အနားသို့ လျှောက်လာကာ ကောင်တာပေါ်မှ လက်စွပ်ကို သတိထားမိသွား၏။

ယခင်က သတိမထားမိခဲ့သော်လည်း အနားသို့ ကပ်လာမှ မွန်း၏ အသားအရေမှာ သိသိသာသာ ပို၍ ဖြူလာသည်ကို သတိပြုမိလိုက်သည်။

ယခင်ကတည်းက မွန်းမှာ အသားဖြူသူဖြစ်သော်လည်း ယခုလောက်အထိ မဟုတ်ပေ။ ယခုမူ... သူမ၏ အသားအရေမှာ လရောင်ကဲ့သို့ ဖြူဆွတ်နေပြီး ကျောက်မျက်ရတနာများကဲ့သို့ပင် တောက်ပနေသည်။

လင်းကျဲ မွန်းကို ကြည့်ကာ အသည်းယားလာပြီး ပါးဖောင်းဖောင်းလေးများကို ဆွဲညှစ်လိုက်၏။ ၎င်းက မွန်းစကားစပြောချိန်နှင့် တိုက်ဆိုင်သွားသည်။

"အဲဒါကို မမ ဝတ်ကြည့်..."

မွန်းမှာ ပါးကို ဆွဲညှစ်ခံထားရသဖြင့် စကားကို ပြတ်သားစွာ မပြောနိုင်တော့ပေ။

"ဝတ်ကြည့်ရမယ် ဟုတ်လား..."

လင်းကျဲက မေးလိုက်ရင်း လက်စွပ်ကို ယူကာ ဝတ်ကြည့်လိုက်ရာ သူ၏ လက်သူကြွယ်နှင့် ကွက်တိ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း... ပြန်ချွတ်ရန် ကြိုးစားလိုက်သည့်အခါတွင်မူ ချွတ်၍ မရတော့ကြောင်း လင်းကျဲ သတိပြုမိသွားသည်။

နှစ်ကြိမ်၊ သုံးကြိမ်ခန့် အားစိုက်ဆွဲသော်လည်း မရသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

"ဒီလက်စွပ်က ချွတ်လို့ မရတော့ဘူးပဲ... ငါ ဒါကို မဆေးရသေးဘူးလေ... ဘုရားကျောင်းမှာ ဒီလောက်ကြာအောင် ထားထားတာဆိုတော့ ဘယ်လောက်တောင် ပိုးမွှားတွေ ရှိနေမလဲ မသိဘူး"

မွန်း၏ မျက်နှာလေးမှာ ချက်ချင်းပင် ညှိုးငယ်သွားတော့၏။ သူမ ပြောချင်သည်မှာ 'မဝတ်ကြည့်နဲ့' ဟု ဖြစ်သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။

မစ္စတာလင် တစ်ယောက် ချွတ်မရသည့် လက်စွပ်အား အတင်းဆွဲဖြုတ်နေသည်ကို မြင်လိုက်ရသောအခါ မွန်း၏ ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေသွားတော့သည်။

ဝါပူးဂစ်က ထိုလက်စွပ်ကို ပြန်လည်ရယူရန် သူမကို အထူးတလည် သတိပေးခဲ့ဖူးသည်။ ၎င်းမှာ ဝါပူးဂစ် ညဉ့်နက်ပိုင်းကို အုပ်စိုးစဉ်ကာလက လမင်းထံ ယုံကြည်စိတ်ချစွာ အပ်နှံခဲ့သော 'ပဋိညာဉ်လက်စွပ်' ပင် ဖြစ်သည်။ ထိုလက်စွပ်မှာ သူမ၏ အကာအကွယ်ကို လိုလားသူများနှင့် ပြုလုပ်ထားသော ကတိသစ္စာကို ကိုယ်စားပြုသည်။

ထို့နောက်တွင် အိမ်မက်များမှာ လက်တွေ့လောကသို့ ကျူးကျော်ဝင်ရောက်လာပြီး လမင်းမှာလည်း ကျဆုံးကာ စွမ်းအားများ အခိုးခံလိုက်ရသည်။ 'ပဋိညာဉ်' နှင့် 'လိုက်နာမှု' ဟူသော အဓိပ္ပာယ်များကို ဆောင်ကြဉ်းထားသည့် ထိုလက်စွပ်သည်လည်း နတ်ဘုရားတုကို ဆင့်ခေါ်သည့် ထုံးတမ်းစဉ်လာများတွင် မရှိမဖြစ် အရာတစ်ခုအဖြစ် သိမ်းပိုက်ခြင်း ခံလိုက်ရသည်။

'ဝါပူးဂစ်ည' ဆိုသည်မှာ ကမ္ဘာဦးစုန်းမကြီးများ၏ ကောင်းချီးနှင့် အကာအကွယ်ကို ဆိုလိုသော်လည်း ၎င်းကို ဝါပူးဂစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်၍ သူမ၏အမည်ကို အစွဲပြုထားခြင်း ဖြစ်သည်။ သို့သော် တတိယခေတ်ကတည်းက ဝါပူးဂစ်၏ အနွယ်ဝင်များမှာ သူတို့နှင့် ချိတ်ဆက်ထားသော ထိုကမ္ဘာဦး စုန်းမကြီးကို ရှာမတွေ့နိုင်တော့ချေ။

အမှောင်ခေတ် ကုန်ဆုံးသွားပြီးနောက်တွင် ကမ္ဘာဦးစုန်းမကြီးများသည် တစ်ဦးနှင့်တစ်ဦး လမ်းခွဲကာ အချို့မှာ ပျက်စီးသွားပြီး အချို့မှာမူ ထွန်းကားခဲ့ကြသည်။ ထိုစုန်းမကြီးများအား ကိုးကွယ်ရာ အဖြစ် သတ်မှတ်ထားကြသည့် သူများကသာလျှင် ယခုကဲ့သို့ ငြိမ်းချမ်းသောခေတ်တွင် ကမ္ဘာဦး စုန်းမကြီးများ၏ အရိပ်အယောင်ကို ဇွဲနပဲဖြင့် ဆက်လက်ရှာဖွေနေကြခြင်း ဖြစ်သည်။ ဒိုရစ်တို့၏ အိုင်းရစ် မျိုးနွယ်စု မှာလည်း ထိုအထဲမှ တစ်ခုပင်။

မွန်းတစ်ယောက် ဘာဆက်လုပ်ရမှန်း မသိတော့ချေ။ သူမက လင်ကျဲ၏ လက်သူကြွယ်တွင် တင်းကျပ်စွာ ဝတ်ဆင်ထားပြီးသား ဖြစ်နေသည့် လက်စွပ်ကိုသာ စိုက်ကြည့်နေမိ၏။ ထိုအရာက ပဋိညာဉ်မှာ စာအုပ်ဆိုင် ပိုင်ရှင်ထံ လွှဲပြောင်းသွားပြီဆိုသည့် အဓိပ္ပာယ်လော။

သာမန်အခြေအနေတွင် ထိုကဲ့သို့ ဖြစ်နိုင်ခြေမှာ သုညသာ ရှိသည်။ ရှေးဟောင်း လက်စွပ်မှာ ထူးခြားသည့် အမွေအနှစ်ပစ္စည်းဖြစ်ပြီး ကြိုတင် သတ်မှတ်ထားသည့် ကန့်သတ်ချက်များ ရှိပေသည်။ ယခင်က ပုပ်ရဟန်းမင်းကြီးများသည် ဤလက်စွပ်ကို အထွတ်အမြတ် အရာတစ်ခု အဖြစ် ကိုးကွယ်ကာ အထူး အခမ်းအနား ပွဲလမ်းသဘက်များတွင် ဝတ်ဆင်လေ့ရှိသော်လည်း မည်သူ တစ်ဦးတစ်ယောက်မျှ လက်စွပ်၏ အသိအမှတ်ပြုမှုကို မရရှိခဲ့ကြပေ။

ဝါပူးဂစ်သည် အနည်းငယ် ပျင်းရိသူဖြစ်သဖြင့် ကန့်သတ်ချက်များစွာ မထားရှိခဲ့သော်လည်း လက်စွပ်ကို ပိုင်ဆိုင်ဖွင့် ရဖို့ အတွက် စည်းမျဉ်းတစ်ခုတော့ သတ်မှတ်ခဲ့သည်။ ယင်းကား... ကိုင်ဆောင်သူထံတွင် ကိုယ်ပိုင် အိပ်မက်ဘုံတစ်ခု ရှိထားရမည် ဟူ၍...။

အိပ်မက်ဘုံဟူသည်မှာ သာမန်အားဖြင့် မည်သူမျှ မပိုင်ဆိုင်နိုင်သည့် အရာဖြစ်သည်။ ကမ္ဘာဦး စုန်းမကြီး လေးဦးမှလွဲ၍ မည်သူမျှ မပိုင်ဆိုင်နိုင်ခဲ့ကြချေ။

သို့သော်လည်း... မစ္စတာလင်မှာ အိပ်မက်ဘုံ တစ်ခုကို ပိုင်ဆိုင်ထားရုံမျှသာ မကပဲ ထိုနယ်ပယ်ကိုပါ အကြွင်းမဲ့ ထိန်းချုပ်နိုင်စွမ်းပါ ရှိနေခဲ့သည်။ ထို့ကြောင့်ပင် အချိန်မှီ သူမ တားဆီးဖို့ ကြိုးစားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း...

မွန်းတစ်ယောက် ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့၏။

‘မွန်းက ဒီလက်စွပ်ကို သဘောကျနေတာလား...’

လင်းကျဲ မွန်း၏ အကြည့်များကို သတိလိုက်မိ၏။ သူ လက်စွပ်ကို ပိုမို အားစိုက်ကာ ဆွဲဖြုတ်ဖို့ ကြိုးပမ်း လိုက်သည်။ သို့သော်လည်း ၎င်းက အလွန်ပင် ခိုင်မာနေဆဲ ဖြစ်သည်။

"မွန်းရေ... ဒီလက်စွပ်က အကြာကြီး ပစ်ထားခံရလို့ထင်တယ်... သံချေးတက် နေသလိုပဲ... ခဏနေရင် ဆပ်ပြာနဲ့ ချွတ်ကြည့်မယ်... ပြီးရင် မင်းကို ပေးမယ်နော်"

လင်ကျဲ မွန်းကို ချော့မောလိုက်၏။ လက်စွပ်တစ်ကွင်းကို ဝတ်ကြည့်ပြီးနောက် ချွတ်မရဘဲ တစ်နေခြင်းမှာ သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာ ဖြစ်သည်။ ပြဿနာတိုင်းတွင် အဖြေရှိစမြဲဖြစ်ပြီး လက်စွပ်က လက်ချောင်းတွင် ထာဝရ ကပ်နေမည် မဟုတ်ကြောင်း သူ ယုံကြည်သည်။

“...”

မွန်းကတော့ လင်ကျဲ ပြောနေသည့် အခြေအမြစ်မရှိသော စကားများကြောင့် ဆွံ့အသွားခဲ့၏။ အကယ်၍ ဤလက်စွပ်ကို ဆပ်ပြာနှင့် ချွတ်၍ရမည်ဆိုလျှင် သူဌေးလင်ထံတွင် ငွေတွေပုံနေလောက်ပြီ ဖြစ်သည်။ လင်ကျဲ၏ အဆင့်အတန်းအရ ဤလက်စွပ်၏ အဓိပ္ပာယ်ကို သေချာပေါက် သိထားပေလိမ့်မည်။

‘ဘော့စ်က တမင်သက်သက် လုပ်နေတာ... သူက လက်စွပ်ကို လိုချင်နေတာ သေချာတယ်... ငါ့ကို စချင်လို့ တိုက်ရိုက် မပြောတာပဲ...’

အကယ်၍ စာအုပ်ဆိုင် ပိုင်ရှင်က လက်စွပ်ကို လိုချင်လျှင် လက်ထောက် တစ်ယောက် အနေဖြင့် သူမဘက်က စွန့်လွှတ်ရုံသာ ရှိတော့သည်။

"မလိုပါဘူး... ဘော့စ်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်... ဒီလက်စွပ်က ဘော့စ်နဲ့ ပိုလိုက်ဖက်မယ်လို့ ထင်ပါတယ်"

"ကျွန်မ နည်းနည်း ပင်ပန်းနေလို့ အနားယူပါရစေဦး"

မွန်းက မျက်နှာသေလေးဖြင့် ပြောကာ အသာအယာ ဦးညွှတ်၍ ထွက်ခွာသွားတော့၏။

လင်းကျဲက ခေါင်းညိတ်ပြလိုက်ပြီး ထိုကလေးမလေး လှည့်ထွက်သွားသည်ကို ကြည့်နေမိသည်။ ထို့နောက် လက်စွပ်ကို ပြန်ကြည့်လိုက်၏။

'သူ စိတ်ဆိုးသွားတာလား မသိဘူး...'

'မွန်းလေးက တကယ်ပဲ ဒီလက်စွပ်ကို လိုချင်နေတာလား... ငါကမှ နားကြားလွဲပြီး ဝတ်ကြည့်လိုက်မိလို့ သူ့ရဲ့ စိတ်ခံစားချက်တွေကို ကစားနေတယ်လို့ ထင်သွားတာလား...'

'ဟူး... ကလေးတွေရဲ့ စိတ်ကို ခန့်မှန်းရတာ တကယ်ပဲ ခက်တာပဲ...'

လင်းကျဲကခေါင်းတခါခါနှင့် တွေးလိုက်မိ၏။

'ဒါမှမဟုတ်... ငါ ဂျိုးဇက်တို့နဲ့ စကားပြောတာ များသွားလို့ သူ့ကို ချီးကျူးဖို့ မေ့သွားလို့လား...'

'အင်း... ဒါလည်း ဖြစ်နိုင်တယ်... စာအုပ်ကဖေးကို တာဝန်ယူပေးတာရော အရာရာကို အဆင်ပြေအောင် လုပ်ပေးနေတာတွေရောက တကယ်ပဲ ချီးကျူးစရာပါ... ဒါကို မေ့သွားတာ ငါ့အမှားပဲ'

သို့သော်လည်း လောလောဆယ်တွင်တော့... လက်စွပ်ကိစ္စနှင့် ဤထူးဆန်းသည့် သတ္တဝါလေး၏ ဥကို အရင် ကိုင်တွယ်ရပေဦးမည်။

လင်ကျဲ ပိုးဥကို ကြည့်လိုက်သောအခါ ဥအတွင်းရှိ ပိုးကောင်လေးမှာ အနည်းငယ် ကျုံ့ဝင်သွားသကဲ့သို့ ခံစားလိုက်ရသဖြင့် သူ မျက်စိမှားသလားဟု တွေးလိုက်မိသည်။

"မကြောက်ပါနဲ့... မင်းကို ငါ ပြုတ်မစားပါဘူး"

လင်းကျဲ ပိုးဥကို အသာအယာ ပုတ်လိုက်ရာ ပိုးကောင်လေးမှာ ငြိမ်သက်သွား၏။ သူ မိမိကိုယ်ကိုယ် ကျေနပ်သွားမိသည်။ ဤသတ္တဝါလေးမှာ ကြောက်နေသော်လည်း... သူ့ စကားကို နားလည်ပြီး ငြိမ်သွားပုံအရ သူ့ကို ယုံကြည်သွားပုံရသည်ဟု ယူဆလိုက်သည်။

အမိုးခုံး ဘုရားကျောင်းတော်က ဤပိုးဥလေးကို အမွေအနှစ်ပစ္စည်း အဖြစ် ကိုးကွယ်ခဲ့သည်ဟု ဆိုသည်။ ၎င်းမှာ ပထမခေတ် သို့မဟုတ်... ဒုတိယခေတ်ကတည်းက ဆင်းသက်လာသည့် ဒဏ္ဍာရီလာ သတ္တဝါတစ်မျိုး ဖြစ်နိုင်သည်။ သို့သော်လည်း... ဘုရားကျောင်းတော်မှာ ထိုသတ္တဝါလေးကို သေချာ သားဖောက်ပေးဖို့ မကြိုးစားဘဲ လပြည့်ဝန်း အဆီအနှစ်တွေသာ ထုတ်လုပ်ပြီး ဘုန်းတော်ကြီးများ၏ ဦးနှောက်ဆေးဖို့ အသုံးချခဲ့သည်။

သို့သော်လည်း... ထိုအရာက လင်ကျဲ၏ ယူဆချက်များ သက်သက် ဖြစ်သည်။ ဤဥထဲမှ ဘာထွက်လာမည်ကို သူ သေချာ မသိချေ။ ထို့အပြင်... တစ်ကောင်ကောင် ထွက်လာခဲ့လျှင်လည်း သူ ဘာလုပ်ရမည်နည်း။ အိမ်မွေးတိရစ္ဆာန်အဖြစ် ထားရမည်လော။

'ထားပါတော့လေ... လောလောဆယ်တော့ ဒီတိုင်းပဲ ထားထားလိုက်မယ်'

လင်းကျဲ ဥကို ကျောက်ဂါဂွိုင်း ရုပ်တုဘေးတွင် ချထားလိုက်ပြီး လက်စွပ်ချွတ်ဖို့ ဆပ်ပြာရှာရန် အပေါ်ထပ်သို့ အပြေးတက်သွားတော့သည်။

***

All Chapters