အဖြူလေး
Vol. 18 Ch. 245
လင်ကျဲ ပျောက်ကွယ်သွားပြီးနောက်... ငြိမ်သက်နေသည့် ပိုးဥမှာ ဘယ်ညာ ယိမ်းထိုးလာကာ ဂါဂွိုင်းရုပ်တုပေါ်သို့ လဲကျသွားလေ၏။ ထိုအခါ ဂါဂွိုင်း၏ ထက်မြက်လှသော အတောင်ပံအစွန်းနှင့် ထိမိကာ ဥခွံမှာ ပေါက်ထွက်သွားတော့သည်။
ခရက်... ခရက်...
ငွေရောင် မျက်နှာပြင်ထက်ရှိ ဥခွံပေါ်တွင် အက်ကြောင်းလေးများ စတင်ပေါ်လာ၏။ အတွင်းရှိ အဖြူရောင် ပိုးလောင်းမှာ လူးလွန့်လာကာ ခေါင်းလေး ပြူထွက်လာသည်။ ထိုပိုးလောင်းတွင် လိမ်ယှက်နေသည့် အာရုံခံလက်တံများစွာ ပါရှိပြီး ခြေထောက်လေးများမှာလည်း သေးငယ်သည့် အာရုံခံ မျှင်ကလေးများလိုပင်။ ၎င်းမှာ တင်းကျပ်စွာ ခွေထားသဖြင့် အမွေးပွဘောလုံးလေးတစ်ခုနှင့်ပင် တူနေသေး၏။
ထို့နောက်...
ခန္ဓာကိုယ်ထက် အနည်းငယ် ပိုမို ကြီးမားသော ဦးခေါင်းထိပ်တွင် သွေးကြောများ ယှက်သန်းနေသည့် အဝါရောင် မျက်လုံးတစ်လုံး ပွင့်လာ၏။
အကယ်၍ ဗင်းဆင့် သို့မဟုတ် ဂျိုးဇက်သာ ဤနေရာတွင် ရှိနေခဲ့ပါက ဤသတ္တဝါမှာ နတ်ဘုရားတုနှင့် အလွန်ပင် ဆင်တူနေသည်ကို တွေ့မြင်ရပေလိမ့်မည်။ ၎င်းတွင် နတ်ဘုရားတုကဲ့သို့ ညစ်ညမ်းသော စွမ်းအင်များ မရှိခြင်း တစ်ခုတည်းသာ ကွဲပြား ခြားနားပေသည်။
ပိုးကောင်ကြီးမှာ အာရုံခံလက်တံများ တလှုပ်လှုပ်ဖြင့် ဥခွံထဲမှ ထွက်လာကာ ကျောက်ဂါဂွိုင်း ရုပ်တုပေါ်သို့ တွားတက်သွား၏။ ထို့နောက်... အာရုံခံလက်တံများဖြင့် ကျောက်ရုပ်တုကို ခိုင်မြဲစွာ တွယ်ကပ်လိုက်ကာ တစ်ခုလုံးကို လွှမ်းခြုံလိုက်တော့သည်။
ထို့နောက်တွင်တော့... ၎င်း၏ ပါးစပ်မှာ ပွင့်သွားပြီး ကျောက်ဂါဂွိုင်း၏ ဦးခေါင်းကို ကိုက်ခဲလိုက်ကာ လျှာနှစ်ခုဖြင့် ရုပ်တု၏ သွေးနီရောင် မျက်လုံးများကို ဖုံးအုပ်လိုက်လေ၏။
ပြွတ်... ပြွတ်...
ပိုးလောင်း၏ ခန္ဓာကိုယ်မှာ တစ်ခုခုကို စုပ်ယူနေသကဲ့သို့ တလှုပ်လှုပ် ဖြစ်နေ၏။ ကျောက်ဂါဂွိုင်းအတွင်းရှိ အဓိက စွမ်းအားများ၊ ပိုမို ရိုးရှင်းစွာ ဆိုရပါက ရုပ်တုအတွင်း ပေါင်းစပ်ထာသည့် ဝိညာဉ်ပေါင်း တစ်ထောင်နီးပါးမှာ ထိုသတ္တဝါလေး၏ ဝါးမြိုခြင်းကို ခံလိုက်ရတော့သည်။ ရုန်းကန်နေသည့် ဝိညာဉ်များ၏ ပုံရိပ်များကို ပိုးလောင်း၏ ခန္ဓာကိုယ်ပေါ်တွင်ပင် မြင်တွေ့နေရ၏။
ကျောက်ဂါဂွိုင်း၏ သွေးနီရောင် မျက်လုံးများမှာ ရဲရဲတောက်လာကာ ပြန်လည် စုပ်ယူရန် ရုန်းကန်နေသော်လည်း နောက်ဆုံးတွင် ၎င်း၏ ဦးခေါင်းမှာ ‘ဂျွတ်’ ဆိုသည့် အသံကျယ်ကြီးနှင့်အတူ ကျိုးပဲ့သွားကာ အလင်းရောင်များ မှိန်ကျသွားတော့သည်။
နောက်ဆုံး ဗိုက်ဝသွားသော အခါမှ... ပိုးလောင်းကြီးမှာ ဂါဂွိုင်းကို လွှတ်လိုက်၏။
ကျောက်ရုပ်တုကို စူးစမ်းသော အကြည့်ဖြင့် ခဏမျှ ကြည့်လိုက်ပြီးနောက် ၎င်း၏ ခန္ဓာကိုယ်မှာ စတင်ပြောင်းလဲလာတော့သည်။
ဟူး... ဟူး..
အရေပြားကို ဖောက်ထွက်၍ ခြေလက်လေးခု ထွက်ပေါ်လာကာ ဦးခေါင်းပေါ်တွင်လည်း ချိုနှစ်ချောင်း ပေါက်လာသည်။ ၎င်း၏ တစ်လုံးတည်းသော မျက်လုံးမှာလည်း နှစ်ခုအဖြစ် ကွဲထွက်သွားကာ နောက်ကျောတွင်လည်း ရှည်လျားသည့် အမြီးတစ်ခု ထွက်လာသည်။ နောက်ဆုံးတွင် ၎င်းသည် ကျောက်ဂါဂွိုင်် ထိုင်နေသော ပုံစံအတိုင်း အတိအကျ လိုက်တု၍ ထိုင်နေလိုက်တော့၏။
...
လင်းကျဲမှ လက်စွပ်ကို ချွတ်ဖို့ ကြိုးစားနေသော်လည်း မအောင်မြင်သေးပေ။ သူ အောက်ထပ်သို့ ပြန်ဆင်းလာသောအခါ အံ့ဩစရာတစ်ခုကို တွေ့လိုက်ရသည်။
ကောင်တာပေါ်တွင် ကြောင်တစ်ကောင် ထိုင်နေခဲ့သည် မဟုတ်ပါလား...။
"အမ်..."
စားပွဲပေါ်တွင် အကျအန ထိုင်နေသည့် ဆူဖြိုးဖြိုး အမွေးပွပွ အဖြူရောင် သတ္တဝါလေးကို ကြည့်ရင်း လင်ကျဲ ကြောင်အမ်းအမ်း ဖြစ်နေမိသည်။
ထောင်နေတဲ့ နားရွက်နှစ်ဖက်၊ လှုပ်ရမ်းနေတဲ့ အမြီးရှည်ကြီးနဲ့ သူထိုင်နေတဲ့ ပုံစံ...။
အင်း... သေချာပါတယ်။ ကြောင် တစ်ကောင်ပါပဲ။
ထို့နောက်တွင်တော့ ပျက်စီးသွားသည့် ကျောက်ဂါဂွိုင်း ရုပ်တုနှင့် စားပွဲပေါ်က ဥခွံအပိုင်းအစများကို သူ သတိထားမိသွားသည်။
လင်ကျဲ၏ စိတ်ထဲမှာ ထူးဆန်းသည့် မှတ်ချက် တစ်ခု ပေါ်လာ၏။
‘ဒီကြောင်က ပိုးဥထဲကနေ ပေါက်လာတာပဲ...’
‘မဟုတ်သေးဘူး... ဥထဲကနေ ကြောင်တစ်ကောင် ထွက်လာတာဆိုတော့ ဒီပိုးဥကို ကြောင်ဥလို့ ခေါ်ရမှာလား...’
လင်းကျဲ၏ နှုတ်ခမ်းများက အနည်းငယ် တွန့်သွား၏။ ဇီဝ ဗေဒနိယာမများအား အကြီးအကျယ် ချိုးဖောက်နေသည့် ဤဖြစ်ရပ်ကိုသာ ဒါဝင်မြင်လျှင် သင်္ချိုင်းထဲကနေ ပြန်ထွက်လာပြီး အသေအချာ စုံစမ်းစစ်ဆေးမှာ သေချာသည်။
‘ဒါပေမဲ့ ဒါက တခြားကမ္ဘာလေ... ငါတို့ ကမ္ဘာက ဒါဝင်ရဲ့ နိယာမတွေက ဒီမှာ သိပ်မလုပ်မဖြစ်ဘူး ထင်ပါတယ်...’
မည်သို့ပင် ဆိုစေ... သူ အပေါ်ထပ်ကို တက်သွားတုန်း မည်သည့် အရာများ ဖြစ်ပျက်ခဲ့သည်ကို လင်ကျဲ ခန့်မှန်းလို့ ရပေသည်။ ဥမှာ ကျောက်ဂါဂွိုင်းနှင့် မတော်မတ တိုက်မိသွားကာ နှစ်ခုစလုံး အထိအခိုက် ရှိသွားခဲ့ပုံ ရသည်။ ကျောက်ဂါဂွိုင်းကတော့ ဦးခေါင်းပိုင်း ကွဲအက်သွားပြီး ဥခွံကတော့ ပေါက်ထွက်သွားခြင်း ဖြစ်ပေသည်။ ထို့ကြောင့်ပင် ယခုလို ကြောင်လေး ထွက်လာခြင်း ဖြစ်သည်။
'ဒါနဲ့... ဒီဥက တကယ်ပဲ အဲဒီလောက် မာတာလား... '
'ဒါပေမဲ့... ဒီမှာက ကြောင်တောင် ဥဥနိုင်သေးတာပဲ... ဥခွံမာနေတာက သိပ်ပြီး အံ့ဩစရာ မဟုတ်တော့ပါဘူး...'
လင်းကျဲ သူ့ အရင်ယူဆချက်က မှန်ကန်သည်ဟု ခံစားလိုက်ရသည်။ ထိုအရာက အမိုးခုံး ဘုရားကျောင်းတော် ကိုးကွယ်ခဲ့သည့် ဒဏ္ဍာရီလာ သတ္တဝါတစ်မျိုးဆိုတာ သေချာသွားလေပြီ။
အတွေးပေါင်းစုံနဲ့အတူ သူ ကောင်တာဆီကို ဖြည်းဖြည်းချင်း တိုးသွားလိုက်၏။
အသွင်ပြောင်းလဲမှု ပြီးဆုံးခါစ ပိုးလောင်းလေးမှာအမြီးကို လှုပ်ယမ်းနေသော်လည်း လင်းကျဲ၏ ပြုံးဖြဲဖြဲ မျက်နှာကို မြင်လိုက်ရသည့် အခါမှာတော့ တစ်ကိုယ်လုံး တောင့်တင်း အေးခဲ သွားတော့သည်။
လင်းကျဲက လက်လှမ်းလိုက်ပြီး ကြောင်ဖြူလေး၏ ဂုတ်ကို ကျွမ်းကျင်စွာ ကုတ်ပေးလိုက်၏။ ထို့နောက် ခန္ဓာကိုယ်လေးကို မ ယူကာ သေချာ ကြည့်လိုက်သည်။
"အင်း... ဒီကြောင်က ကြည့်ရတာ တစ်မျိုးပဲ... မသန်မစွမ်း ဖြစ်နေတာလား မသိဘူး"
လင်းကျဲက မေးစေ့ကို ပွတ်ရင်း ရေရွတ်လိုက်၏။
"ဟမ်... ကြောင်လေးရဲ့ အဝါရောင် မျက်ဝန်းတွေထဲမှာ သူငယ်အိမ် မပါဘူးပဲ..."
ပိုးလောင်းလေးမှာ လက်သည်းတွေ ထုတ်ပြီး အသည်းအသန် ရုန်းကန်နေရှာ၏။
လင်းကျဲ လက်နှစ်ချောင်းကို သုံးရင်း ကြောင်ဖြူလေး၏ မျက်လုံးများကို အသာအယာ ဖိကြည့်လိုက်သည်။
"ဒီအခြေအနေက ဆရာဝန်နဲ့ ပြဖို့ လိုမလား... ဒါပေမဲ့ ဒါက သာမန်ကြောင်လည်း မဟုတ်တော့ တိရစ္ဆာန် ဆရာဝန်က ကူညီနိုင်ပါ့မလား..."
ပိုးလောင်းလေးမှာ လင်ကျဲ၏ စကားကို ကြားလိုက်ရလေရာ ဦးခေါင်းခွံ အတွင်း ပြင်းထန်သည့် စွမ်းအင်လှိုင်းတစ်ခု ရိုက်ခတ်သွားသလို ခံစားလိုက်ရကာ ထိတ်လန့်သွားခဲ့၏။ ၎င်းက သူ့ထံတွင် သူငယ်အိမ် ရှိကြောင်း သက်သေပြဖို့ အတွက် မျက်လုံးထဲ၌ အစက်ကလေးများဖြစ်အောင် အလျင်အမြန် ဖန်တီးလိုက်ရသည်။
"ဪ... သူငယ်အိမ်က သေးနေလို့ ငါမမြင်တာပဲ... ဒါပေမဲ့ နားရွက်တွေကလည်း ထူးဆန်းနေပါလား... နားပေါက်က ဘယ်မှာပါလိမ့်..."
လင်းကျဲက သူ့ 'ချို' နှစ်ခုကို ဆွဲညှစ်နေကြောင်း သိလိုက်ရသည့် ပိုးလောင်းလေးမှာ အသွင်အပြင်ကို နောက်တစ်ကြိမ် အလျင်အမြန် ပြောင်းလဲလိုက်ရပြန်သည်။
"ဪ... အမွေးရှည်တွေက ဖုံးနေတာကိုး..."
လင်းကျဲက နောက်တစ်ကြိမ် သဘောပေါက်သွားပြန်သည်။ ထို့နောက်... သူက ကြောင်လေး၏ ကျောကို ပွတ်သပ်ကြည့်လိုက်ရာ အသားအရေက အဆီပြန်ပြီး ချောမွတ်နေသလို ခံစားရတာကြောင့် သိပ်ပြီး ကိုင်လို့မကောင်းဘူးလို့ ယူဆလိုက်သည်။ သူ ကြောင်လေးကို ချိုင်းအောက်ကနေ မပြီး လေထဲ မြှောက်လိုက်သည်။
"ကြောင်လေးရေ... ဖေကြီးကို မြောင်လို့ တစ်ချက်လောက် အော်ပြပါဦး..."
လင်းကျဲက ပြုံးရင်း ဆိုလိုက်၏။
ဆူဖြိုးလှသည့် ပိုးလောင်းလေးမှာ ခြေလက်များကို လေထဲတွင် ရုန်းကန်ရင်း နောက်ဆုံးမှာတော့ ကြောင်အမ်းအမ်း အမူအရာနှင့် အသာအယာ အော်ပြလိုက်ရသည်။
“မြောင်...”
"အိုး... ချစ်စရာလေးပဲ..."
လင်းကျဲ ကြောင်လေးကို ပြန်ချလိုက်ပြီး မေးစေ့ကို ကုတ်ပေးလိုက်၏။
"အခုကစပြီး မင်းကို အဖြူလေးလို့ ခေါ်မယ်... မင်း စာအုပ်ဆိုင်မှာ နေလို့ရတယ်၊ ခဏနေရင် မင်းအတွက် အိပ်ရာလေး တစ်ခု လုပ်ပေးမယ်"
ထိုအရာကို ကြားလိုက်ရသည့်အခါ 'ကြောင်ဖြူလေး' ဟာ ဆတ်ခနဲ တုန်ခါသွားပြီး လင်းကျဲကို မော့ကြည့်လိုက်၏။
လင်းကျဲက တောက်ပသည့် အပြုံးနှင့် သူ့ကို ပြန်ကြည့်လိုက်သည်။
"အဖြူလေးရေ... မင်း လိမ်လိမ်မာမာ နေရမယ်နော်... ဒီဂါဂွိုင်းရုပ်တုကို ဖေကြီးနဲ့ ရင်းနှီးတဲ့ ဖောက်သည်တစ်ယောက်က လက်ဆောင်ပေးထားတာကွ... နောက်ဒါမျိုး မဖျက်ဆီးရဘူး... နားလည်လား... ခုတောင် ငါ စိတ်ဆိုးနေတာ...”
"ဒါပေမဲ့ စိတ်မပူပါနဲ့... မင်းဖေကြီးက ဒီလောက် ချစ်စရာကောင်းတဲ့ ကြောင်လေးကို ပြုတ်စားရက်တဲ့အထိ ရက်စက်တဲ့လူ မဟုတ်ပါဘူး"
လင်ကျဲ အဖြူလေး၏ ခေါင်းကို အသာအယာ ပွတ်ပေးလိုက်သည်။
"တကယ်လို့ ငါ တကယ်ကြီး စားချင်စိတ် ပေါ်မလာဘူးဆိုရင်ပေါ့လေ..."
အဖြူလေး၏ အမြီးလေးမှာ ကြောက်လန့်တကြား ထောင်တက်သွား၏။ လင်ကျဲ၏ လက်သူကြွယ်တွင် စွပ်ထာသည့် လက်စွပ်ကို မြင်လိုက်ရသည့် အခါတွင်တော့ အဖြူလေးမှာ အသာအယာ အော်မြည်လိုက်ရင်း ခေါင်းငုံ့ကာ အညံ့ခံသည့် ပုံစံ လုပ်လိုက်တော့သည်။
***