← Chapters

သေရာကနေ ပြန်ရှင်လာလိမ့်မယ်

Vol. 18 Ch. 246

သေရာကနေ ပြန်ရှင်လာလိမ့်မယ်

Vol. 18 Ch. 246

အဖော်သစ် ကြောင်ဖြူလေးကို ပွတ်သပ် ပေးပြီးနောက် လင်းကျဲက ကောင်တာပေါ်က အမှိုက်များကို အာရုံစိုက်လိုက်သည်။

ဥခွံများကို ရှင်းရတာ လွယ်ကူသော်လည်း ဂါဂွိုင်းရုပ်တုကတော့ ခေါင်းခဲစရာပင်။ အနုပညာလက်ရာ တစ်ခုကို ပြန်ပြင်ဖို့ဆိုတာ မလွယ်သလို တခြားသူများကို အကူအညီတောင်းပြန်လျှင်လည်း စိတ်တိုင်းကျ ဖြစ်လာမှာ မဟုတ်ချေ။

‘အဘိုး ဝယ်လ် နောက်တစ်ခါ လာလည်မှပဲ သူ့ကို ကိုယ်တိုင် ပြန်ပြင်ခိုင်းရတော့မယ်...’

"ဟူး... အဘိုးဝယ်လ်ကို တကယ်ပဲ အားနာမိပါတယ်"

လင်းကျဲက အပြစ်မကင်းသလို ခံစားနေရသည်။ ထိုရုပ်တုလေးမှာ ဤနေရာကို ရောက်လာတာ လအနည်းငယ်သာ ကြာသေးသော်လည်း ယခုမူ နှစ်ခြမ်းကွဲသွားခဲ့ပြီ ဖြစ်သည်။

လင်ကျဲ အဖြူလေးကို ပြန်မလိုက်ပြီး ချော့မြှူလိုက်၏။

"မင်းလည်း အလကား မနေနဲ့ဦး၊ ချစ်စရာကောင်းအောင် နေပြရမယ်... အင်း... ဆိုင်စောင့်ပေးမယ် ဆိုရင်လည်း ငါ မကန့်ကွက်ပါဘူး... မဟုတ်ရင် မင်းက အသုံးမဝင်သလို ဖြစ်နေမှာစိုးလို့"

"မြောင်..."

အဖြူလေးမှာ တစ်ကိုယ်လုံး တုန်ယင်နေရင်းနှင့်မှ ပိုမို ပီသလာသည့် ကြောင်မြည်သံနဲ့ ပြန်လည် အသံပေးရှာ၏။

လင်းကျဲက ကျေနပ်သွားပြီး အဖြူလေးကို မြေပြင်ပေါ် ပြန်ချပေးလိုက်ကာ ကြောင်အိပ်ရာ လုပ်ဖို့ ပစ္စည်းရှာရန် မြေအောက်ခန်းဆီ ဆင်းသွားတော့သည်။

...

ဂျိုးဇက်သည် စာအုပ်ဆိုင်မှ ပြန်လည် ထွက်လာခဲ့ပြီးနောက် ဦးစွာ အမိုးခုံး ဘုရားကျောင်းတော် သို့ သွားရောက်ကာ ထောက်လှမ်းရေးဌာန၏ အလုပ်များကို ကြီးကြပ်ပေးခဲ့သည်။ အရာအားလုံး ပြီးစီးမှသာ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် ဌာနချုပ်သို့ ပြန်လာခဲ့၏။

သူ ရောက်ရောက်ချင်းမှာပင် အစီရင်ခံစာသစ်တစ်ခုကို ရရှိလိုက်သည်။

"အမှန်တရား အသင်းတော် ရဲ့ ဆေးပညာဌာနမှူး မာဂရက် အမည်မသိ စွမ်းအားရှင်တစ်ဦးရဲ့ တိုက်ခိုက်ခံရတယ် ဟုတ်လား..."

ဂျိုးဇက် မျက်မှောင်ကြုတ်လိုက်၏။

"ငါ မှတ်မိသလောက်ဆိုရင် သူက ဆန်ဒြာ မျိုးနွယ်စု က မလား... ဒီမျိုးနွယ်စုက ရှေးဟောင်းဆေးပညာမှာ ကျွမ်းကျင်ပြီး လျှော့တွက်လို့မရတဲ့ သူတွေပဲ... သူတို့က အမြဲတမ်း အေးအေးဆေးဆေး နေတတ်တဲ့သူတွေပါ... ရန်သူမရှိနိုင်ဘူး ထင်တာပဲ"

ကလောက်က ဖိုင်တွဲကို ကိုင်ထားရင်း ခေါင်းညိတ်ပြလိုက်သည်။ သူ့ မျက်နှာက ပန်ဒါလို ဖြစ်နေသည်။ သဘာဝလွန် စွမ်းအားရှင် တစ်ယောက် ဖြစ်နေသော်လည်း မျက်ကွင်းညိုတာကိုတော့ သူ မရှောင်လွှဲနိုင်ရှာပေ။

"ဟုတ်ပါတယ် ဆရာ... အခင်းဖြစ်ပွားရာနေရာက အီသာလက်ကျန်တွေအရဆိုရင် တိုက်ခိုက်သူဟာ တားမြစ် နည်းလမ်း တစ်ခု ဖြစ်တဲ့ သွေးတံခါးကို သုံးသွားတာပါ... ကျွန်တော်တို့ အဲဒီ အစီအရင် ရောင်းချတဲ့သူတွေကို ဖမ်းဆီးထားပြီးပါပြီ... တိုက်ခိုက်သူက ဘလပ်ဖိစ် အဖွဲ့က ဖြစ်ဖို့ များပါတယ်"

ဂျိုးဇက်၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။

"ရောင်းတဲ့လူက ဇူအီကာကူ လား..."

သွေးကျိန်စာ မှော်ဆရာ ဇူအီကာကူမှာ ဖျက်ဆီးခြင်း အဆင့် မှော်ဆရာဖြစ်ပြီး ဘလပ်ဖိစ် အဖွဲ့ကို စတင်တည်ထောင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ သူသည် မီးတောက်ဓားလမ်းစဉ် အဖွဲ့၏ ထောက်ပံ့မှုကို ရထားသူဖြစ်ပြီး ကွန်ဂရိ၏ လူရေခွံစာအုပ် ပိုင်ရှင်လည်း ဖြစ်သည်။

လွန်ခဲ့သည့် ရက်ပိုင်းလောက်တုန်းက ဇူအီကာကူသည် စာအုပ်ဆိုင်ပိုင်ရှင်၏ ထောင်ချောက်တွင် မိခဲ့ပြီး ဂျိုးဇက် ဆင့်ခေါ်လိုက်သည့် ထိတ်လန့်စရာ ဖြစ်ရပ်များကြောင့် အရူးတစ်ယောက်လို ဖြစ်သွားခဲ့ရသည်။

သူ၏ နာမည်ကျော် နည်းစနစ်ကတော့ သွေးကို ကြားခံအဖြစ် သုံးပြီး တားမြစ်ဂါထာများကို အသုံးပြုခြင်း ဖြစ်သည်။

"ဒါဆိုရင် ဒီတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ရည်ရွယ်ချက်နဲ့ အဖွဲ့အစည်း တစ်ခု ရှိနေတာပေါ့... အချိန်ကို ကြည့်ရင် အရင်တစ်ခါကလို ဖြစ်ရပ်မျိုး ပြန်ဖြစ်တာပဲ... ငါတို့တွေ အမိုးခုံး ဘုရားကျောင်းတော် ကို ဝင်စီးနေတဲ့ အချိန်ကို ကြည့်ပြီး သူတို့က လှုပ်ရှားသွားတာပဲ"

"အခု အခြေအနေက ဘယ်လိုလဲ..."

ဂျိုးဇက်က မေးလိုက်၏။

ကလောက်က ပြန်ဖြေသည်။

"မာဂရက်ရဲ့ လက်ရှိ တည်နေရာကို မသိရသေးပါဘူး.. ဆန်ဒြာ မျိုးနွယ်စု ကတော့ တော်တော်လေး ဒေါသထွက်နေပြီး ကျွန်တော်တို့ မျှော်စင်ကိုရော၊ အသင်းတော်ကိုရောပါ အယုံအကြည် မရှိတော့ဘူးလို့ ပြောနေပါတယ်... သူတို့ရဲ့ ကိုယ်ပိုင်လူတွေကို လွှတ်ပြီး ရှာဖို့ ပြင်နေကြတယ်..."

ဂျိုးဇက်ရဲ့ မျက်နှာ ပျက်သွား၏။

"သူတို့က အရူးတွေလား... ဘလပ်ဖိစ် လို အဖွဲ့အစည်းမျိုးက မာဂရက်လို နောက်ခံရှိတဲ့သူကို တိုက်ခိုက်ရဲတယ်ဆိုတာ ကြိုတင် ကြံစည်ထားလို့ပဲ ဖြစ်ရမယ်"

"ဒါဟာ မီးတောက်ဓားလမ်းစဉ် ရဲ့ ခိုင်းစေမှု ဖြစ်ဖို့ များတယ်... သူတို့ရဲ့ ပစ်မှတ်က ဆန်ဒြာ မျိုးနွယ်စု ကိုယ်တိုင်လည်း ဖြစ်နိုင်တယ်... အခု သူတို့ရဲ့ လုပ်ရပ်က ရန်သူ့လက်ထဲကို ကိုယ့်ကိုယ်ကို သွားအပ်နေကြတာပဲ"

"ကျွန်တော် သူတို့ကို ပြောပြပြီးပါပြီ"

ကလောက်က ခါးသက်သက် ရယ်မောလိုက်၏။

"ဒါပေမဲ့ ဆရာသိတဲ့အတိုင်းပဲ၊ ဒီလို ရှေးဟောင်းမျိုးနွယ်စုတွေက ခေါင်းမာကြတယ်... သူတို့က အခုထိ ဝါပူးဂစ်ကိုပဲ ယုံကြည်နေကြတုန်းပဲ... သူတို့ရဲ့ စိတ်ကို ပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ"

ဂျိုးဇက်က အသက်ပြင်းပြင်းရှူလိုက်ရင်း ဆက်မေးလိုက်၏။

"ဇူအီကာကူ ကော... သူ့ဆီကနေ စကားရအောင် ဘာတွေ လုပ်ထားသေးလဲ..."

"ကျွန်တော်တို့ ဆေးတွေ သုံးပြီး စမ်းကြည့်ပါသေးတယ်... ဒါပေမဲ့ သူ့ကို အရူးတစ်ဝက်လောက် သက်သာတဲ့ အခြေအနေလောက်အထိပဲ ရောက်အောင် လုပ်နိုင်ခဲ့ပါတယ်... သတင်းအချက်အလက်တွေကတော့ အခြေခံလောက်ပဲ ရပါသေးတယ်... စစ်ဆေးမေးမြန်းမှုတွေက သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အပေါ် အရမ်း ဖိအားပေးနေလို့ သူ မခံနိုင်တော့တဲ့ အနေအထားမှာ ရှိနေပါတယ်"

ကလောက်က ဖြေသည်။

ထိုအချိန်တွင်ပင် လက်အောက်ငယ်သား တစ်ဦး ပြေးဝင်လာပြီး သတင်းပို့လိုက်၏။

"ဇူအီကာကူ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပါပြီ!"

"သူ မသေခင်မှာ ခဏ သတိပြန်ရလာပြီး သူ သေရာကနေ ပြန်လာပြီး လက်စားချေမယ်လို့ ကျိန်ဆိုသွားပါတယ်... သူက လူရေခွံစာအုပ်ထဲမှာ ရှင်ပြန် ထမြောက်ခြင်း ဂါထာကို သုံးသွားပုံရပါတယ်"

...

တစ်ချိန်တည်း၌... လင်းကျဲ တစ်ယောက် လွှတိုက်နေမှုကို ရပ်လိုက်၏။ အိမ်မက် သတ္တဝါတစ်ကောင် သူ့ အိပ်မက်ဘုံအတွင်း ကျူးကျော်ဝင်ရောက်လာသကဲ့သို့ ခံစားလိုက်ရသောကြောင့်ပင်။

...

ဇူအီကာကူသည် ဤအခြေအနေကို လုံးဝ လက်မခံနိုင်ပေ။ ဖျက်ဆီးခြင်း အဆင့် မှော်ဆရာတစ်ဦးအနေဖြင့် သူ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမှာ အမြဲတမ်း မြင့်မားခဲ့သည်။ သူသည် စွမ်းအားကိုသာမက ကိုယ်ပိုင် ဉာဏ်ရည်ဉာဏ်သွေးကိုလည်း အလွန်ပင် ယုံကြည်ထားသူ ဖြစ်သည်။

မှော်ဆရာ အဖွဲ့ဝင် ငါးဆယ်ခန့်ရှိသည့် အဖွဲ့အစည်းတစ်ခုကို တစ်ကိုယ်တော် တည်ထောင်ပြီး ကျော်ကြားလာအောင် လုပ်ဆောင်နိုင်ခြင်းမှာ မည်သူမဆို လုပ်ဆောင်နိုင်သည့် အရာမဟုတ်ပေ။ ဖျက်ဆီးခြင်း အဆင့် ရှိသူ အများစုမှာ တစ်ကိုယ်တော် လှုပ်ရှားသူများသာ ဖြစ်ကြပြီး အခြားသူများကို လေ့ကျင့်ပေးရန် သို့မဟုတ် လမ်းညွှန်ပေးရန် ဝန်လေးတတ်ကြသည်။

လူ ငါးဆယ်ကို လေ့ကျင့်ပေးနိုင်သည်ဆိုခြင်းက... ဇူအီကာကူမှာ လူ ၅၀၀ ၊ ၅၀၀၀ ကိုပင် လေ့ကျင့်ပေးနိုင်သည့် စွမ်းရည်ရှိကြောင်း သက်သေပြနေခြင်း ဖြစ်သည်။

ထိုကဲ့သို့သော အင်အားစုကို တည်ထောင်ရန် သူ့အတွက် အားစိုက်စရာပင် မလိုချေ။ သူကိုယ်တိုင်၏ စိတ်မပါမှုကြောင့်သာ မလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဘလပ်ဖိစ် အဖွဲ့ကို တည်ထောင်ပြီးနောက်တွင် ဇူအီကာကူသည် သဘာဝလွန် စွမ်းအားရှင် တစ်ထောင်ကျော်ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဧကရာဇ်တစ်ပါးကဲ့သို့ အဆင့်အတန်းကို ရရှိခဲ့သည်။ သူ၏ မာန်မာနမှာလည်း ပို၍ပင် ကြီးထွားလာခဲ့သည်။

ထို့အပြင်... မီးတောက် ဓားလမ်းစဉ် အဖွဲ့က သူ့ကို အထူးတလည် အသိအမှတ်ပြုခဲ့သည့် အပြင် လောကကြီး၏ အမှန်တရား ဟု ခေါ်ဆိုသောအရာများကိုလည်း လေ့လာခွင့် ပေးခဲ့သည်။ ထိုသို့ဖြင့် ဇူအီကာကူ တစ်ယောက် ကိုယ့်ကိုယ်ကို အသိဉာဏ်မဲ့သည့် လူအုပ်ကြီးထက် ပို၍ သာလွန်သည်ဟု ခံစားလာခဲ့ရသည်။

သို့သော်လည်း မကြာသေးမီက ဖြစ်ပွားခဲ့သည့် အပြတ်အသတ် ရှုံးနိမ့်မှုကြီးက သူ၏ မှော်ဆရာ ဂုဏ်သိက္ခာကို ရွှံ့နွံထဲသို့ အကြွင်းမဲ့ နင်းခြေပစ်လိုက်သကဲ့သို့ပင်။

ဂျိုးဇက်၏ ဖမ်းဆီးခြင်းကို ခံရပြီး လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် သို့ စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်ခံခဲ့ရသည့် ကာလတွင် ဇူအီကာကူ၏ စိတ်များမှာ အလွန်ပင် ဝေဝါးနေခဲ့သည်။ သူ၏ အတွေးများမှာ ရှုပ်ထွေးနေပြီး စိတ်ဓာတ်များ ပြိုကွဲနေသဖြင့် ပတ်ဝန်းကျင်တွင် မည်သည့် အရာများ ဖြစ်ပျက်နေသည်ကိုပင် သူ သတိမထားမိခဲ့ချေ။

မျှော်စင်က သူ့ကို ဆေးဝါးများ စတင်တိုက်ကျွေးပြီးနောက်မှသာ ဇူအီကာကူ၏ အသိစိတ်များ တဖြည်းဖြည်း ပြန်လည်ကြည်လင်လာပြီး ထွက်ပြေးရန် အခွင့်အရေး ရရှိခဲ့ခြင်း ဖြစ်သည်။

သူ ဖန်တီးထားသည့် လူရေခွံစာအုပ်တွင် ပါရှိသော စာမျက်နှာများမှာ ကလေးငယ်များ၏ အသားအရေဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး အလွန်ပင် ရှုပ်ထွေးသော လုပ်ငန်းစဉ်များ ပါဝင်နေပေသည်။ ဤစာအုပ်ထဲတွင် သူ၏ ဝိညာဉ်အစိတ်အပိုင်း အချို့ကိုပါ ထည့်သွင်းချုပ်နှောင်ထားသည် ဟုပင် ဆိုနိုင်သည်။

သတ်မှတ် ဂါထာ၊ အစီအရင်များနှင့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်မည်ဆိုလျှင် ဇူအီကာကူသည် ထိုလူရေခွံစာအုပ်ကို အသုံးပြု၍ သူ၏ အသက်ကို ဒုတိယ အကြိမ် ရှင်ပြန်ထမြောက်စေနိုင်မည် ဖြစ်သည်။

မှန်ပေသည်။ အရာအားလုံးမှာ သူ၏ အသိစိတ် ကြည်လင်နေမှုအပေါ်တွင် မူတည်နေသည်။ ဤတစ်ကြိမ်တွင်မူ သူ မျှော်စင် ကိုပင် ကျေးဇူးတင်ရမည် ဖြစ်သည်။

"ဟား ဟား ဟား... ငါ သေရာကနေ ပြန်လာပြီး မင်းတို့အားလုံးကို သတ်ပစ်မယ်..."

ဇူအီကာကူ၏ လည်ပင်းမှာ လိမ်ကောက်ပြီး ဦးခေါင်းမှာ တွဲလောင်းကျနေသော်လည်း အချုပ်ခန်း အပြင်ဘက်မှ ထိတ်လန့်နေသည့် သူရဲကောင်းများကို ကြည့်ကာ အရူးတစ်ယောက်လို ရယ်မောနေတော့သည်။

ဇူအီကာကူမှာ အသိစိတ်များ ပြန်လည်ရရှိနေပြီ ဖြစ်သော်လည်း စစ်ဆေးမေးမြန်းသူများ အမှတ်မှားစေရန်အတွက် ဆက်လက် ရူးသွပ်ဟန် ဆောင်နေခြင်း ဖြစ်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူ ခံစားခဲ့ရသည့် အရှက်ရမှုများကို သူ ဘယ်တော့မှ မေ့မည်မဟုတ်ပေ။

'မင်းတို့ စောင့်နေကြစမ်းပါ...'

လက်ရှိတွင် သူ့ထံ၌ ဘာမှမရှိတော့သော်လည်း ဖျက်ဆီးခြင်း အဆင့် ပုဂ္ဂိုလ် တစ်ဦး၏ စိတ်ဓာတ်နှင့် ဇွဲတို့ကို လျှော့တွက်၍ မရပေ။ သူ မကြာမီ အချိန်အတွင်း ပြန်လည် ထွန်းကားလာမည် ဖြစ်သည်။

ထိုအချိန်ကျလျှင် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်မှာ သူ့ ဒေါသကို ရင်ဆိုင်ရပေလိမ့်မည်။ သူ သူတို့ တစ်ဦးချင်းစီကို လိုက်လံ ရှာဖွေပြီး သူ နောက်တစ်ကြိမ် ဖန်တီးမည့် လူရေခွံစာအုပ်အတွက် ကုန်ကြမ်းပစ္စည်းများအဖြစ် အသုံးပြုပစ်မည် ဖြစ်သည်။

ထိုကဲ့သို့ တွေးတောရင်း ဇူအီကာကူ တစ်ယောက် မျက်လုံးများကို မှေးစက်ကာ သတိလစ်သွားတော့၏။

***

All Chapters