← Chapters

ရွံရှာဖွယ်ရာ

Vol. 18 Ch. 247

ရွံရှာဖွယ်ရာ

Vol. 18 Ch. 247

လင်းကျဲ တစ်ယောက် သူ့ အိပ်မက်ဘုံအတွင်းသို့ သတ္တဝါ တစ်ကောင် ရောက်ရှိလာကြောင်း ရုတ်တရက် ခံစားလိုက်ရ၏။

အိပ်မက်ဘုံကို တည်ဆောက်ပြီးကတည်းက ဤအိမ်မက်တစ်ခုလုံးမှာ သူ၏ ကိုယ်ပိုင် အခန်းတစ်ခုကဲ့သို့ ဖြစ်လာခဲ့သည်။ ထိုဘုံထဲသို့ ညဘက် အိပ်ပျော်နေချိန်မှသာ ဝင်ရောက်နိုင်ခြင်း မဟုတ်ဘဲ မည်သည့် အချိန်တွင်မဆို ပစ္စည်းများကို ထည့်သွင်းခြင်း သို့မဟုတ် ဖယ်ရှားခြင်းတို့ကို လုပ်ဆောင်နိုင်သည်။

ကန်ဒယ်လာ၏ တော်ဝင်ဓားနှင့် လူရေခွံ စာအုပ်တို့ အပါအဝင် မကြာသေးမီကမှ သူ စုဆောင်း ရရှိထားသည့် မှတ်စုများနှင့် အခြားသော ပစ္စည်းများကို အိပ်မက်ဘုံထဲသို့ သူ ထည့်သွင်းထားခဲ့သည်။

ထိုအိပ်မက်ဘုံ အတွင်း ဖြစ်တည်နေသည့် အချို့သောအရာများကိုမူ သူ ဖယ်ရှား၍ မရနိုင်ပေ။ သူ၏ ခန္ဓာကိုယ်သည်လည်း စိတ်ကြိုက် ဝင်ရောက်၍ မရဘဲ 'တရားမှတ်ခြင်း' ကဲ့သို့သော အလားတူ နည်းလမ်းများဖြင့်သာ ဝင်ရောက်နိုင်သည်။

သို့သော်လည်း သူ၏ အိပ်မက်ဘုံအပေါ် ထိန်းချုပ်မှုမှာမူ အပြည့်အဝ ရှိနေဆဲဖြစ်ပြီး အတွင်း၌ မည်သည့် အရာများ ဖြစ်ပျက်နေသည်ကို သူ အမြဲတမ်း သိရှိနေသည်။

ယခုလည်း စာအုပ်စင်ပေါ်တွင် သူ တင်ထားသည့် လူရေခွံစာအုပ်၏ လှုပ်ရှားမှုကို လင်းကျဲ အတိုင်းသား သိရှိနေသည်။ လေတိုက်ခတ်ခြင်း မရှိပါဘဲ ထိုစာအုပ်မှာ သိသိသာသာ လှုပ်ခါလာပြီး စာမျက်နှာများမှာလည်း အလျင်အမြန် ပွင့်လာနေသည်။

စာမျက်နှာများမှာ ပို၍ မြန်ဆန်စွာ လန်သွားကာ စာအုပ်ပေါ်ရှိ အရူးတစ်ယောက်၏ စကားများလိုမျိုး စာသားများမှာ သွေးစက်များ အဖြစ် အရည်ပျော်သွားကြသည်။ ထို့နောက်တွင်တော့ စာမျက်နှာများထဲမှ လတ်ဆတ်သော သွေးများ အရှိန်အဟုန်နှင့် စီးထွက်လာတော့၏။ ၎င်းတို့မှာ ကြမ်းပြင်ပေါ်သို့ ဖိတ်စင်သွားကာ တဖြည်းဖြည်းနှင့် အညှိအရွံများနှင့် လူပုံစံ ပေါက်လာတော့သည်။

"ဒီထူးဆန်းတဲ့ အိမ်မက်သတ္တဝါက ဘာလဲ..."

လင်းကျဲ လွှဲဆွဲနေတာကို ခေတ္တရပ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။ ယခင်က အိပ်မက်ဘုံထဲသို့ ဝင်လာခဲ့သည့် သတ္တဝါမှာ လူပုံစံ မဟုတ်သည့် အစိတ်အပိုင်းများ ပေါင်းစပ်ထားသည့် သတ္တဝါ တစ်ကောင် ဖြစ်သည်။ ထိုကောင်ကြီးသည်ပင် ကြောက်စရာ ကောင်းနေပြီ ဖြစ်သော်လည်း ယခုမူ သွေးများဖြင့် ဖွဲ့စည်းထားသည့် ပို၍ ထူးဆန်းသော အညှိအရွဲကောင်ကြီး ရောက်လာပြန်ပြီ ဖြစ်သည်။

'အိပ်မက်ဘုံထဲက သတ္တဝါတွေက များသောအားဖြင့် ရုပ်ဆိုးကြပေမဲ့ ဒီဟာကြီးကတော့ တကယ်ပဲ ရွံစရာကောင်းလွန်းတယ်'

လင်းကျဲ တွေးလိုက်မိသည်။ ၎င်းကို ကြည့်ရင်း ပြို့မတက်အောင် သူ မနည်း ထိန်းချုပ် နေရသည်။

ထို့အပြင်... ထိုသတ္တဝါကြီးမှာ လူရေခွံစာအုပ်ကို ကြားခံအဖြစ် သုံးပြီး သူ၏ အိပ်မက်ဘုံထဲသို့ စိမ့်ဝင် လာခြင်း ဖြစ်သည်။ ယခင်တစ်ကြိမ်ကနှင့် ခြားနားစွာပင် ထိုကောင်ကြီးကို လင်ကျဲ ချက်ချင်း သတ်ပစ်ချင်စိတ် ပေါက်နေသည်။

ဤကောင်ကြီးမှာ သူ၏ သန့်ရှင်းသပ်ရပ်သော အိမ်ထဲတွင် ပျံဝဲနေသည့် နွားချေး ပိုးထိုးကောင်ကြီး တစ်ကောင်လိုပင် အလွန် စိတ်အနှောက်အယှက် ဖြစ်စရာ ကောင်းလွန်းလှသည်။

လင်းကျဲ ထိုကဲ့သို့ တွေးနေစဉ်မှာပင် ထိုကောင်ကြီးမှာ စတင် လှုပ်ရှားလာသည်။ အစပိုင်းတွင် လမ်းပျောက်နေသကဲ့သို့ ခေါင်းကို ဟိုဟိုဒီဒီ ရမ်းကြည့်နေသည်။ ပြီးနောက် လူရေခွံစာအုပ်ကို ကောက်ယူကာ အောင်ပွဲခံသည့် ပုံစံမျိုးဖြင့် ကခုန်နေတော့သည်။

ထို့နောက်တွင်မူ... ၎င်းမှာ လင်းကျဲ ကော်ဖီစားပွဲပေါ်တွင် တင်ထားသော မှတ်စု စာရွက်များဆီသို့ သွေးလမ်းကြောင်းကြီး ချန်ထားခဲ့ကာ တရွေ့ရွေ့ လာနေတော့၏။

လင်းကျဲ ဆက်လက်၍ သည်းမခံနိုင်တော့ပေ။

သူ၏ သန့်ရှင်းလှသော အိမ်ထဲသို့ လူလေလွင့်တစ်ယောက် ဝင်လာသကဲ့သို့ ခံစားလိုက်ရသည်။ ညစ်ပတ်နံစော်နေသည့် သူခိုးတစ်ယောက်က သူ့ ကိုယ်ပိုင် ပစ္စည်းများကို လာရောက် ရှုပ်ယှက်ခတ်နေသလိုပင်။

၎င်းမှာ လူရေခွံစာအုပ်နှင့် ဆက်နွှယ်နေရုံတင်မကဘဲ ယုတ်မာသော အသွင်အပြင်လည်း ရှိသည်။ ယင်ကောင်၊ ခြင်တို့ ကဲ့သို့သော ပိုးမွှားများနှင့် ဘာကွာတော့မည်နည်း။

'ရိုက်သတ်ပစ်တာက အကောင်းဆုံးပဲ...'

ထိုသို့ တွေးလိုက်သည်နှင့် တစ်ပြိုင်နက် အိပ်မက်ဘုံအတွင်း၌ မမြင်ရသည့် စွမ်းအားတစ်ခု ထွက်ပေါ်လာကာ ရွံစရာ အကောင်ကြီးမှာလည်း မမြင်ရသော လက်ဝါးကြီးတစ်ဖက်ဖြင့် အပေါ်မှ ဖိချခြင်းကို ခံလိုက်ရတော့သည်။

သတ္တဝါကြီးမှာ သွေးများ နေရာအနှံ့ ဖိတ်စင်အောင် အသည်းအသန် ရုန်းကန်နေရှာ၏။ ထိုလုပ်ငန်းစဉ်အတွင်း ၎င်း၏ နှုတ်မှ တစ်ဗွက်ဗွက်နှင့် အသံများ ထွက်ပေါ်လာပြီး လူရေခွံစာအုပ်ကို လေထဲသို့ မြှောက်ပြလိုက်ပြန်သည်။

ထိုအရာက လင်းကျဲကို အံ့အားသင့်သွားစေ၏။ လူရေခွံစာအုပ်ပေါ်ရှိ သွေးစာများမှာ နောက်တစ်ကြိမ် ပြောင်းလဲသွားကာ စာသားများ ပြန်လည် ပေါ်လာသည်။

လင်ကျဲ စိတ်ထဲ၌ အတွေးတစ်ခုပဲ ပေါ်လာသည်။

'ဒီအကောင်က လူရေခွံစာအုပ်ကို အသုံးချနိုင်တာလား...'

ထိုကဲ့သို့ ယုတ်မာလှသည့် စာအုပ်ကို သုံးနိုင်သည့် မည်သည့် အရာမဆို သေချာပေါက် မကောင်းသည့် အရာပင် ဖြစ်ရမည်။

‘နောက်ပြီး သူ့ရဲ့ အပြုအမူကို ကြည့်ရတာ တစ်ခုခုကို ထုတ်သုံးဖို့ ကြိုးစားနေတာလား...’

'ငါ့ရဲ့ အိပ်မက်ဘုံ ပျက်စီးမသွားအောင် ဒီခြိမ်းခြောက်မှုကို အမြန်ဆုံး ဖယ်ရှားပစ်ရမယ်'

လင်းကျဲ တွေးလိုက်ပြီး ဖိအားကို ပို၍ တိုးလိုက်တော့သည်။

....

ဇူအီကာကူ တစ်ယောက် သူ လွတ်မြောက်သွားပြီဟု ထင်မှတ်ခဲ့သည်။ နောက်ဆုံးတွင် လူရေခွံစာအုပ်၏ အကူအညီဖြင့် ပြန်လည် ရှင်သန် ထမြောက်နိုင်ခဲ့ပြီ ဖြစ်သည်။ ထူးဆန်းလှသည့် ပတ်ဝန်းကျင်တစ်ခုတွင် မျက်လုံးပွင့်လာခြင်းကြောင့် ထိတ်လန့်သွားသော်လည်း ပတ်ဝန်းကျင်တွင် လူသူကင်းမဲ့ပြီး အေးချမ်းနေသည်ကို တွေ့ရသဖြင့် စိတ်သက်သာရာ ရသွားသည်။

ဇူအီကာကူ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်ရာ စာပေလေ့လာသူ တစ်ဦး၏ အိမ်သို့ ရောက်နေသည်ဟု ယူဆလိုက်၏။ တစ်နေရာလုံးမှာ မှတ်စုများနှင့် စာအုပ်များသာ ရှိနေပြီး အလွန်ပင် တိတ်ဆိတ်လှသည်။

"ဟား ဟား ဟား..."

ဇူအီကာကူ လူရေခွံစာအုပ်ကို ကောက်ယူရင်း အားရပါးရ ရယ်မောလိုက်၏။ တစ်ကိုယ်တည်း ရှိနေသဖြင့် ဘရိတ်ဒန့်ပင် ဆွဲလိုက်သေးသည်။

‘ဒါက နတ်ဘုရားတွေရဲ့ ကောင်းချီးပဲ ဖြစ်ရမယ်...’

သူ ယခု လုပ်ဖို့ လိုအပ်တာက လျှို့ဝှက် ဓမ္မ ထုံးတမ်း မျှော်စင်ကို လွတ်အောင် ရှောင်ပြီး မီးတောက်ဓားလမ်းစဉ် နှင့် ပြန်လည် ဆက်သွယ်ဖို့ပင်။ သူ ပြန်လည် ထွန်းကားလာဖို့ အချိန်သိပ်မလိုတော့ချေ။

ဇူအီကာကူ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် ဤနေရာ၏ ပိုင်ရှင်မှာ မည်သူဖြစ်ကြောင်းနှင့် သူ့အတွက် အကျိုးရှိမည့် သတင်းအချက်အလက်များ ရှိမရှိ သိရှိရန် ကော်ဖီစားပွဲဆီသို့ ဂရုတစိုက် လျှောက်သွားလိုက်သည်။

သို့သော်လည်း... ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက်တွင် ကြောက်မက်ဖွယ် ကောင်းသော ခံစားချက်ကြီးတစ်ခု သူ၏ အပေါ်သို့ ကျရောက်လာသည်။ တစ်စုံတစ်ယောက်က သူ့ကို စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရပြီး ဘေးအန္တရာယ်ကြီးတစ်ခု ကျရောက်တော့မည့် နိမိတ်ကို ရရှိလိုက်သည်။

ထို့နောက်တွင်တော့ တားဆီး၍ မရသော စွမ်းအားကြီးတစ်ခု ကျရောက်လာပြီး သူ့ကို အစိတ်စိတ်အမွှာမွှာ ချေမှုန်းပစ်လိုက်တော့သည်။

"ထောင်... ထောင်ချောက်ပဲ..."

ဇူအီကာကူ၏ ခန္ဓာကိုယ်အတွင်းရှိ အရိုးတိုင်းမှာ တစ်ပြိုင်နက်တည်း တုန်ခါသွားပြီး ထိုဖိအားအောက်တွင် ကျိုးပဲ့ကုန်တော့သည်။

သူ၏ မျက်လုံးများမှာလည်း ထိုစွမ်းအားကြောင့် ကွဲထွက်သွား၏။ သူသည် ဂါထာများစွာကို အသုံးပြုကာ ပြန်လည် ခုခံသော်လည်း ဤစွမ်းအားကြီးကို မယှဉ်နိုင်ကြောင်း သိလိုက်ရသည်။

ဇူအီကာကူ အညံ့ခံမှုကို ပြသသည့်အနေဖြင့် သူ တတ်ကျွမ်းသမျှသော ဂါထာအားလုံးကို လူရေခွံစာအုပ်ပေါ်တွင် အလျင်အမြန် မှတ်တမ်းတင်လိုက်၏။

"ကျွန်တော့်ကို ချမ်းသာပေးပါ..."

"ကျွန်တော် အရှုံးပေးပါတယ်..."

"ကျွန်တော့်ရဲ့ အသိပညာတွေ အားလုံးကို အရှင့်ဆီ လွှဲပြောင်းပေးပါ့မယ်..."

"ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့..."

သူ အော်ဟစ် အသနားခံတော့သည်။

သို့သော်လည်း... ထိုမမြင်ရသည့် စွမ်းအားရှင်မှာ သူ့ကို ဂရုမစိုက်ပေ။ ထိုအစား ဖိအားကိုသာ ပို၍ တိုးလိုက်သဖြင့် သူ နာကျင်စွာ အော်ဟစ်နေရတော့သည်။

နောက်ဆုံးတွင်တော့ သူ သေဖို့ အချိန်ကို စောင့်နေရုံမျှသာ တတ်နိုင်တော့၏။

ထိုအချိန်ကျမှသာ ဇူအီကာကူ တစ်ယောက် သူ အရေခွံခွာခဲ့သော ကလေးငယ်များ၏ အော်ဟစ်သံများကို ပြန်လည် ကြားယောင်လာတော့သည်။

သူ ကိုယ်တိုင် ထိုအပြစ်မဲ့ ကလေးလေးများကို သတ်ဖြတ်နေစဉ်ကလည်း သူတို့၏ အသနားခံသံများကို ယခုကဲ့သို့ပင် မကြားချင်ယောင်ဆောင်ခဲ့သည် မဟုတ်ပါလော။ ယနေ့တွင်မူ သူ မိမိ၏ လုပ်ရပ်များ အတွက် ပြန်လည် ခံစားလိုက်ရပြီ ဖြစ်သည်။

ဘုန်း...

ဖိနပ်တစ်ဖက်နှင့် ယင်ကောင်တစ်ကောင်ကို ရိုက်သတ်လိုက်သကဲ့သို့ပင် လူပုံသဏ္ဌာန် သွေးကောင်ကြီးမှာ သူ့အလိုလို ပေါက်ကွဲသွားကာ သွေးကွက်တစ်ခုအဖြစ် ပြန့်ကျဲသွားတော့၏။

လင်းကျဲ ရွံရှာသော အမူအရာဖြင့် ထိုသွေးကွက်များကို ရှင်းလင်းလိုက်ပြီးနောက် လူရေခွံစာအုပ်ကို ကောက်ယူလိုက်သည်။

ရွှတ်...

သူသည် စာအုပ်၏ စာမျက်နှာတစ်ခုကို လှန်ကြည့်လိုက်ရာ ထိုနေရာတွင် ရေးသားထားသည်မှာ... မှော်ဂါထာများ ဖြစ်နေသည်ကို တွေ့လိုက်ရလေတော့သည်။

***

All Chapters