← Chapters

ဆစ်ဗာ၏ လက်စွပ်

Vol. 18 Ch. 249

ဆစ်ဗာ၏ လက်စွပ်

Vol. 18 Ch. 249

လေထုထဲ၌ ဖြူလွလွ ပန်းပွင့်ဖတ်လေးများမှာ ဝဲပျံနေကြပြီး ဖြည်းညင်းစွာ ကျဆင်းနေသော နှင်းစက်လေးများနှင့် ရောယှက်နေကြသည်။

လင်ကျဲ မျက်လုံး ဖွင့်ကြည့်လိုက်သည့်အခါ ရှေ့တည့်တည့်၌ အဖြူရောင် ပိုးထည် ဝတ်ဆင်ထားသည့် ငွေရောင် ဆံကေသာပိုင်ရှင် မိန်းကလေး၏ ကျောပြင်ကို မြင်လိုက်ရ၏။ သူမသည် ခေါင်းကို အသာမော့ကာ ရှေ့ရှိ ဧရာမ သစ်ပင်ကြီးကို ငေးမောကြည့်ရှုနေ၏။

ပတ်ဝန်းကျင် ရှုခင်းမှာ အိပ်မက်တစ်ခုနှယ် လှပလွန်းသော်လည်း အမှန်စင်စစ်... ဤအရာအားလုံးမှာ အီသာ စွမ်းအင်ဖြင့် ဖန်တီးထားသော အာရုံအလင်းများသာဖြစ်ကြောင်း လင်ကျဲ နားလည်ထားပြီးဖြစ်သည်။ အကယ်၍ ဆစ်ဗာသာ အလိုရှိပါက ဤနေရာတစ်ခုလုံးကို စိတ်ကြိုက် ပြောင်းလဲပစ်နိုင်သလို ဖျက်ဆီးပစ်နိုင်စွမ်းလည်း ရှိသည်။

လင်ကျဲ မိမိနှင့် ရင်းနှီးပြီးသားဖြစ်သည့် ပန်းခင်းလမ်းလေးအတိုင်း ရှေ့သို့ လျှောက်လှမ်းသွားလိုက်၏။

ခြေသံကြားသဖြင့် ဆစ်ဗာမှာ လှည့်ကြည့်လာ၏။ ထို့နောက်... သူ့ကို ပြုံးပြသည်။ သူမ၏ ဦးခေါင်းပေါ်တွင် ဆင်စွယ်ရောင် ဆူးသရဖူတစ်ခု ဆောင်းထားပြီး နားရွက်နောက်တွင်လည်း လင်ကျဲနှင့် ပထမဆုံးအကြိမ် ဆုံတွေ့စဉ်က သူပေးခဲ့သော ‘အိုင်းရစ်’ ပန်းလေးကို ပန်ဆင်ထားသည်။

‘လှလိုက်တာ... ဘယ်နှစ်ကြိမ်ပဲ ကြည့်ကြည့်... ဒီမျက်နှာလေးကို မြင်ရရင် ငါ့မှာ ရင်သပ်ရှုမော ဖြစ်ရတာပဲ...’

လင်ကျဲ စိတ်ထဲမှ ကျိတ်၍ ချီးမွမ်းမိ၏။ သူ ဆစ်ဗာ၏ ဘေးနားသို့ လျှောက်သွားလိုက်ပြီး စိတ်အာရုံကို အသုံးပြုကာ နှင်းစက်များနှင့် ပန်းပွင့်ဖတ်များကြားတွင် အဖြူရောင် သစ်သားခုံတန်းရှည်တစ်ခုကို ဖန်တီးလိုက်သည်။

ထို့နောက် ခုံပေါ်တွင် ဝင်ထိုင်လိုက်ပြီး ဘေးနားရှိ လွတ်နေသောနေရာကို ပုတ်ပြကာ ထိုင်ရန် အချက်ပြလိုက်၏။

ဆစ်ဗာက အနည်းငယ် ပြုံးလိုက်ရင်း ဂါဝန်အနားသတ်ကို မကာ သူ့ဘေးတွင် ဝင်ထိုင်သည်။

“မင်းက အိပ်မက်ဘုံကို တည်ဆောက်တဲ့နေရာမှာရော၊ ပြောင်းလဲတဲ့နေရာမှာပါ ပိုပြီး ကျွမ်းကျင်လာပြီပဲ”

ခုံတန်းပေါ်တွင် မင်းသမီးလေး တစ်ပါးကဲ့သို့ ခန့်ညားစွာ ထိုင်နေသည့် ဆစ်ဗာကို ကြည့်ရင်း လင်ကျဲ တစ်ယောက် မိမိကိုယ်ကို ရိုမန် အားလပ်ရက် (Roman Holiday) ရုပ်ရှင်ထဲမှ မင်းသမီး အန် ကို ခိုးထုတ်လာသည့် သတင်းထောက် လိုမျိုး ခံစားနေရသည်။ လူ့လောကနှင့် မထိုက်တန်သည့် နတ်မိမယ်လေးတစ်ပါးကို သူကပဲ လူ့ဘုံထဲသို့ ဆွဲခေါ်လာမိသလိုပင်။

လင်ကျဲ ချောင်းတစ်ချက် ဟန့်လိုက်ပြီး ပြန်ပြောလိုက်၏။

“အတော်အသင့်ပါပဲ... အိပ်မက်ဘုံကို လက်တွေ့လောကထဲ ရောက်အောင် ဖန်တီးပြီး လက်တွေ့အပေါ် သက်ရောက်မှုရှိအောင် လုပ်ကြည့်ပြီးပြီ... အဲဒီခံစားချက်က ဘယ်လိုပြောရမလဲ... တကယ့်ကို အံ့ဩဖို့ကောင်းတယ်”

ဆစ်ဗာက ခေါင်းညိတ်လိုက်၏။

“အိပ်မက်ဘုံက လက်တွေ့လောကနဲ့ ထပ်တူကျသွားတဲ့အခါ အချိန်နဲ့ ဟင်းလင်းပြင် ခေါက်ချိုးဖြစ်တာ၊ ရောင်ပြန်ဟပ်တာနဲ့ ပုံပျက်တာတွေ ဖြစ်ပေါ်လာတတ်တယ်... အိပ်မက်ဘုံရဲ့ လွှမ်းမိုးမှုကို ခံရတဲ့သူတွေဟာလည်း အပြောင်းအလဲတွေကို ကြုံတွေ့ရပြီး သူတို့ရဲ့ အသိစိတ်တွေဟာ မင်းရဲ့အိပ်မက်အတိုင်း လိုက်ပါသွားလိမ့်မယ်... အိပ်မက်မက်နေသလိုမျိုးပေါ့”

သူမက ရှင်းပြသည်။

“ဒါပေမဲ့ အိပ်မက်ဘုံဆိုတာ အိပ်မက်ဘုံပါပဲ... တကယ်လို့ မင်းရဲ့ အိပ်မက်ဘုံက မတည်ငြိမ်ဘူးဆိုရင် အတွင်းပိုင်း လှုပ်ခတ်မှုတွေ ပိုများလာပြီး လက်တွေ့လောကနဲ့ ကွာဟချက်တွေ ပိုကြီးမားလာလိမ့်မယ်”

လင်ကျဲက စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်၏။

“နားလည်ပါပြီ”

ဆစ်ဗာ၏ ရှင်းပြချက်မှာ သူတွေးထားသည်နှင့် များစွာ နီးစပ်လှပေသည်။ အိပ်မက်ဘုံအတွင်း သူမြင်တွေ့ခဲ့ရသည့် ထူးဆန်းသည့် မြင်ကွင်းများမှာ အိပ်မက်ဘုံထဲသို့ အတင်းအဓမ္မ ဆွဲခေါ်ခြင်းခံရသူများ၏ မသိစိတ်က လွတ်လပ်စွာ ပေါက်ဖွားလာသော ပုံရိပ်များသာ ဖြစ်ပေလိမ့်မည်။

ဆစ်ဗာ၏ ရှင်းပြချက်ကြောင့် ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သည်ကို သူ ပိုမိုနားလည်သွားရသည်။

‘အဲဒီ လူကြီးလူကောင်းပုံစံနဲ့ လူတွေက ကလေးဆန်တဲ့ စိတ်ကူးယဉ်ရောဂါတွေ ရှိနေကြလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ’

အိပ်မက်ထဲမှ နိုးလာပြီးနောက် လင်ကျဲ ဂျိုးဇက်နှင့် ဗင်းဆင့်ကို ထူးထူးခြားခြား ကြည့်ခဲ့မိသည်မှာ ဤအကြောင်းကြောင့်ပင် ဖြစ်သည်။ သို့သော်လည်း သူတို့ကို သူ မလှောင်ပြောင်ရက်ပါချေ။ ယောက်ျားလေးဆိုသည်မှာ သေသည့်တိုင်အောင် ရင်ထဲတွင် ကလေးစိတ် ရှိနေတတ်သည်ကို သူနားလည်ပါသည်။

မွန်းအတွက်မူ ပို၍ ရှင်းပါသည်။ ထိုကလေးမလေးမှာ သူမကိုယ်တိုင် လမင်းကြီးဖြစ်လာပြီး တရားမျှတမှုကို ဖော်ဆောင်ချင်သည်ဟု ပြောထားပြီးသား ဖြစ်၏။

သူမက အိပ်မက်ထဲတွင် ‘Sailor Moon’ (လမင်းသမီးလေး) ဖြစ်နေခဲ့သည် မဟုတ်ပါလား။

လင်ကျဲ သူ့အထက်မှ မြင့်မားလှသော နဂါးသစ်ပင်ကြီးကို မော့ကြည့်ရင်း ပြောလိုက်၏။

“ကျွန်တော့်ရဲ့ ဖောက်သည်တစ်ယောက်က နဂါးနှလုံးသားတစ်ခု ပေးခဲ့တယ်... ဒါပေမဲ့...”

“ဒါပေမဲ့ မင်းက အဲဒီနှလုံးသားထဲက စွမ်းအင်အားလုံးကို စုပ်ယူလိုက်မိတယ် မဟုတ်လား...”

ဆစ်ဗာက ပြုံးလျက် ဝင်ပြောလိုက်၏။

လင်ကျဲ ခေါင်းညိတ်လိုက်မိပြီး တစ်ချိန်တည်းမှာပင် သက်ပြင်းတစ်ချက်ကို အသာချလိုက်မိသည်။ သူ၏ ထင်မြင်ချက်မှာ မှန်ကန်နေခဲ့လေပြီ။

ဆစ်ဗာက ဤအကြောင်းကို သိနေပြီး ဆိုးကျိုးမရှိဟုလည်း ယူဆရထားပုံ ရသည်။ ကြည့်ရသည်က သူ တွေးထားသည့် အတိုင်းပင် ပထမဆုံး တွေ့ဆုံစဉ်က သူမ ပေးခဲ့သော အသီးနှင့် ဤအသီးပင်မှာ နဂါးများနှင့် ဆက်စပ်နေမည်မှာ သေချာသည်။ ဤကမ္ဘာ၏ ကျောက်ဖြစ်ရုပ်ကြွင်းများမှာ ဒိုင်နိုဆောများ မဟုတ်ဘဲ ဒဏ္ဍာရီလာ နဂါးစစ်စစ်များ ဖြစ်နေချေပြီ။

သူ ထိုအသီးကို စားပြီးနောက် ခန္ဓာကိုယ်တွင် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ကာ နဂါးနှလုံးသားနှင့်လည်း ပဲ့တင်ထပ်ခဲ့သဖြင့် စွမ်းအင်များကို စုပ်ယူနိုင်ခဲ့ခြင်း ဖြစ်ပုံရသည်။

‘ငါ မင်းကို အထင်မှားခဲ့မိတယ် ဘလက်ကီရေ...’

ဆစ်ဗာမှာ လင်ကျဲကို တစ်ချက်ကြည့်ရုံဖြင့် သူ၏ ခန္ဓာကိုယ်မှ နဂါးမျိုးနွယ်စုဝင်များကဲ့သို့ အရှိန်အဝါများ ထွက်ပေါ်နေသည်ကို မြင်လိုက်ရသည်။ သူ၏ နက်မှောင်သော မျက်ဝန်းအိမ်ထဲတွင် ရွှေရောင်ဖျော့ဖျော့ အလင်းများ ခိုအောင်းနေပြီး၊ ပြင်းထန်သော နှလုံးခုန်သံနှင့်အတူ တစ်ဖက်လူကို ဖိနှိပ်နိုင်စွမ်းရှိသည့် စွမ်းအားများလည်း ကိန်းဝပ်နေပြီ ဖြစ်သည်။

သို့သော်လည်း လင်ကျဲကိုယ်တိုင်မူ ဤအချက်ကို သတိထားမိပုံမရသေးပေ။ အကယ်၍ လင်ကျဲသာ အလိုရှိပါက နဂါးအစစ်တစ်ကောင် ဖြစ်လာရန်မှာ မခဲယဉ်းလှတော့ချေ။

ထိုနဂါးနှလုံးသား ရောက်ရှိလာခြင်းမှာလည်း တိုက်ဆိုင်မှုတစ်ခုတော့ မဟုတ်တန်ရာ။

ထူးခြားဆန်းပြားသော အရာတိုင်းတွင် စီးဆင်းမှု ရှိစမြဲပင်။ ရေသည် နိမ့်ရာသို့ စီးဆင်းသကဲ့သို့၊ လူတစ်ဦး၏ ထူးခြားဆန်းပြားမှုမှာ အတိုင်းအတာတစ်ခုအထိ မြင့်မားလာပါက အခြားသော ထူးခြားဆန်းပြားမှုများမှာလည်း ထိုသူ့ထံသို့ ဆွဲဆောင်ခြင်း ခံရမည်သာ ဖြစ်သည်။

ဆစ်ဗာ စိတ်ဝင်တစားဖြင့် လင်ကျဲကို စိုက်ကြည့်နေမိ၏။ လင်ကျဲမှာ အကြည့်ခံရခြင်းကြောင့် အသားမနာသဖြင့် ရှက်ရွံ့မနေတော့ဘဲ စကားစကို ဆက်လိုက်သည်။

“ဒါနဲ့... ကျွန်တော် အိပ်မက်ဘုံကို ဆက်ပြီး ချဲ့ထွင်သင့်သလား”

သူ လူရေခွံစာအုပ်ကို ထုတ်ယူကာ အကြောင်းစုံကို ရှင်းပြလိုက်သည်။ ထို့နောက်...

“ကျွန်တော့်ရဲ့ အီသာစွမ်းအင်တချို့ကို သုံးပြီး ဒီမန္တန်တွေကို သင်ယူချင်တယ်၊ အဲဒါ ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးနိုင်မလား”

ဆစ်ဗာက မျက်တောင်နှစ်ချက်ခတ်လိုက်၏။ ပြီးနောက် သူမ၏ နှုတ်ခမ်းလေးများက လိမ္မာပါးနပ်သော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။

“မင်းက ဓားသိုင်းကိုတောင် မကျွမ်းကျင်သေးဘူး၊ အခု နောက်တစ်ခု ထပ်သင်ချင်ပြန်ပြီလား... သင်တန်းကြေးကရော ဘယ်မှာလဲ”

လင်ကျဲ ချွေးစေးများ ထွက်လာကာ အနေရခက်စွာဖြင့် ချောင်းဟန့်လိုက်မိ၏။

‘ငါ ဘာလို့ အဲဒီလို ပြောမိပါလိမ့်... အခု ငါက ပညာသင်တဲ့နေရာမှာ စိတ်မပါသလိုမျိုး ဖြစ်သွားပြီ...’

တစ်လုပ်စားလည်း အဆိပ်၊ နှစ်လုပ်စားလည်း အဆိပ် ဟူသော မူအတိုင်းပင်။ သို့သော်လည်း လင်ကျဲမှာ ဓားသိုင်းထက် မှော်ပညာကို ပို၍ စိတ်ဝင်စားမိသည်။ အရပ်သားတစ်ဦးအနေဖြင့် တိုက်ခိုက် သတ်ဖြတ်ခြင်းမှာ သူဝါသနာပါသော အရာမဟုတ်ပေ။

ဆစ်ဗာ၏ အပြုံးမှာ ပို၍ လှပလာ၏။

“ဒီလိုလုပ်ရအောင်... မင်းရဲ့ လက်ချောင်းက လက်စွပ်ကို ငါ့ကိုပေးလေ”

လင်ကျဲ ရောက်လာကတည်းက သူဝတ်ဆင်ထားသော လက်စွပ်ကို သူမ သတိပြုမိပြီးဖြစ်သည်။

ဝါးပူဂစ်၏ ပဋိညာဉ်လက်စွပ်...

တစ်နည်းအားဖြင့် အိပ်မက်ဘုံထဲတွင် ပုန်းအောင်းနေသည့် ကမ္ဘာဦးစုန်းမကြီး လေးဦးအနက် နှစ်ဦးမှာ လင်ကျဲနှင့် ထိတွေ့ဆက်ဆံပြီး ဖြစ်နေချေပြီ။

လင်ကျဲ လက်ကို မြှောက်ကြည့်လိုက်ရာ သူ ဝတ်ထားသော လက်စွပ်မှာ အိပ်မက်ဘုံထဲအထိ ပါလာသည်ကို တွေ့ရသည်။ သူ ပြန်ချွတ်ကြည့်လိုက်သောအခါ ဤနေရာတွင်မူ လက်စွပ်မှာ ချောင်နေပြီး အလွယ်တကူ ချွတ်၍ ရနေသည်။

သို့သော်လည်း... သူ ခေတ္တတွေဝေသွားသည်။ စိတ်ကောက်နေသော မွန်း၏ ပုံရိပ်မှာ သူ့မျက်စိထဲတွင် ပေါ်လာ၏။ ထိုကလေးမလေးမှာ ဤလက်စွပ်ကို အတော်လေး နှစ်သက်ပုံရပြီး လက်စွပ်ကိစ္စနှင့် ပတ်သက်၍ သူ့ကို စိတ်ကောက်ထားသေးသည်။

အကယ်၍ လင်ကျဲသာ ဤလက်စွပ်ကို ဘာမှမပြောဘဲ ပေးလိုက်ပါက မွန်း ပို၍ စိတ်ဆိုးသွားမည် ဖြစ်သည်။

“တခြားဟာ ပြောင်းတောင်းလို့ မရဘူးလား၊ ဒီလက်စွပ်က အရေးကြီးလို့ပါ”

လင်ကျဲက တောင်းပန်လိုက်ရာ ဆစ်ဗာမှာ ဇွတ်မတောင်းတော့ပေ။ ယင်းအစား သူမက လက်လှမ်းလိုက်ပြီး ခုံတန်းရှေ့မှ အိုင်းရစ်ပန်းတစ်ပွင့်ကို ခူးယူလိုက်၏။ ထို့နောက် ပွင့်ဖတ်များကို ခြွေချလိုက်ပြီး ကျန်ရှိသည့် ပန်းရိုးတံလေးကို လက်စွပ်တစ်ကွင်းအဖြစ် ကျွမ်းကျင်စွာ ပြုလုပ်လိုက်၏။

သူမက ထိုပန်းရိုးတံလက်စွပ်လေးကို လင်ကျဲထံ ကမ်းပေးရင်း ပြုံးရွှင်စွာ ပြောလိုက်၏။

“ကဲ... ဒါဆိုရင်လည်း ငါ့ရဲ့ လက်စွပ်ကိုလည်း ဝတ်ထားလိုက်ဦး၊ ဒါဆိုရင် ငါ မင်းကို မှော်ပညာ သင်ပေးမယ်”

“...”

သူမ၏ အပြုံးကို ကြည့်ရသည်မှာ ထူးထူးခြားခြား ပြဿနာမရှိဟု ထင်ရသည်။ ဓားသိုင်းသင်သလိုမျိုးပင် သူ့အတွက် အကျိုးရှိမည်ဟုသာ သူယူဆသည်။ ထို့ပြင် သူမ၏ တောင်းဆိုမှုကို တစ်ကြိမ် ငြင်းပယ်ပြီးဖြစ်ရာ ဒုတိယအကြိမ် ထပ်မံ ငြင်းပယ်ရန်မှာ ယဉ်ကျေးရာ မရောက်တော့ပေ။

“ကောင်းပါပြီ”

လင်ကျဲ လက်လှမ်းလိုက်သော်လည်း ဆစ်ဗာက သူ့လက်ကိုယူကာ သူမကိုယ်တိုင် ဝတ်ပေးလိုက်လေတော့သည်။

***

All Chapters