← Chapters

ကြောင်ဖြူလေး

Vol. 18 Ch. 252

ကြောင်ဖြူလေး

Vol. 18 Ch. 252

ပရိုင်မာ ကောင်းကင်သို့ မော့ကြည့်လိုက်ရာ လျှပ်စစ်ဓာတ်အားလိုင်းပေါ်တွင် ရပ်နေသည့် ဆွဲဆောင်မှုရှိလှသော ခန္ဓာကိုယ်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။

သူမမှာ ကိုယ်ကြပ် သံချပ်ကာ အင်္ကျီကို ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည် အမှောင် အဲ့လ်ဖ် တစ်ဦးဖြစ်သည်။ သူမ၏ ညိုမှောင်လှသော အသားအရေမှာ ပုလဲကဲ့သို့ ချောမွတ်နေကာ ငွေရောင်ဆံကေသာကိုမူ မြင်းမြီးပုံစံ မြင့်၍ ကျစ်နှောင်ထားသည်။ သူမ၏ မျက်နှာထက်တွင် လှောင်ပြောင်သည့် အမူအရာ ရှိနေသော်လည်း၊ မျက်ဝန်းများထဲတွင်မူ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။

သူမ၏ လက်ထဲတွင် ငွေရောင်ဓားမြှောင်တစ်လက်ကို အသာအယာ ကစားနေပြီး၊ အေးစက်စက် ဓားသွားမှာ လေထဲတွင် တလက်လက် တောက်ပနေသည်။

သူမကား... 'အမှောင် အဲ့လ်ဖ် လူသတ်သမား' ပင်။ ထို့ပြင် သူမသည် 'ငရဲဘုံ အဆင့်' တစ်ဦးလည်း ဖြစ်သည်။

“ရှင်... ရှင်က ဘယ်သူလဲ။ ရှင် ကျွန်မ အစ်မကို တိုက်ခိုက်ခဲ့တာလား... သူ့ကို ဘာလုပ်လိုက်ပြီလဲ”

ပရိုင်မာ ထိတ်လန့်တကြား နောက်ဆုတ်ရင်း အော်ဟစ်လိုက်မိ၏။ သူမ ဝတ်ရုံထဲမှ ဆေးရည်ပုလင်း အချို့ကို အလျင်အမြန် ထုတ်ယူလိုက်၏။ တစ်ချိန်တည်းမှာပင် သူမဝတ်ရုံပေါ်တွင် လောင်းထားသည့် ကိုယ်ပျောက် ဆေးရည်မှာ အာနိသင် ကုန်ဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ထိတ်လန့်တကြား ဖြစ်သွားလေသည်။

ပရိုင်မာ၏ မျက်နှာမှာ စက္ကူတစ်စနှယ် ဖြူရော်သွား၏။ သူမသည် မှော်ဆေးပညာ သုတေသီတစ်ဦးသာ ဖြစ်သဖြင့် တိုက်ခိုက်ရေးပညာကို မတတ်မြောက်ချေ။ ငရဲဘုံအဆင့် သဘာဝလွန်စွမ်းအား ပိုင်ရှင်တစ်ဦးနှင့် ထိပ်တိုက်ရင်ဆိုင်ရခြင်းမှာ သူမအတွက် သေမိန့်ကို အတည်ပြုလိုက်ခြင်းပင်။

အမှောင် အဲ့လ်ဖ် မျိုးနွယ်ဝင် မိန်းကလေးလေးက အထင်အမြင်သေးစွာ ပြုံးလိုက်၏။

“မင်း ဘာမှ သိနေဖို့ မလိုပါဘူး.. သေမယ့်လူတစ်ယောက် လုပ်ရမှာက ငြိမ်ငြိမ်လေး လဲလျောင်းနေဖို့ပဲ”

ရုတ်တရက်ဆိုသလို သူမမှာ မူလနေရာမှ ပျောက်ကွယ်သွားခဲ့၏။

“အမေရေ...”

ပရိုင်မာ တစ်ယောက် မျက်လုံးများကို စုံမှိတ်လျက် စူးစူးဝါးဝါး အော်ဟစ်လိုက်၏။ ထို့နောက် သူမ၏ လက်ထဲရှိ ဆေးရည်ပုလင်းအားလုံးကို ရိုက်ခွဲလိုက်ရာ၊ ဆေးရည်များမှာ အငွေ့ပျံသွားပြီး လေထုထဲသို့ အလျင်အမြန် ပျံ့နှံ့သွားတော့သည်။

“သောက်ကောင်မ...”

အမှောင် အဲ့လ်ဖ် မျိုးနွယ်ဝင် မိန်းကလေးမှာ ဆေးမြူခိုးများ ထိတွေ့မည်ကို စိုးရိမ်သဖြင့် မူလနေရာသို့ အလျင်အမြန် ပြန်လည်ဆုတ်ခွာလိုက်ရ၏။

မြူခိုးများမှာ အနီးအနားရှိ နံရံများ၊ ကြမ်းပြင်ကို ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် တစ်ချို့ကို တိုက်စားသွားကာ အချို့ကိုလည်း အေးခဲ သွားစေခဲ့သည်။ အချို့နေရာများတွင်မူ အလိုအလျောက် ပေါက်ကွဲကာ မြေပြင်ကို ပြိုကျသွားစေ၏။

မာဂရက်၏ ညီမဖြစ်သူမှာ ဤမျှ အဆင့်မြင့်မားသည့် ဆေးရည်များကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သတင်းအချက်အလက်ထဲတွင် မပါရှိခဲ့ပေ။

သို့သော်လည်း... ဤသည်မှာ သူမ၏ နောက်ဆုံးလက်နက် ဖြစ်ပေလိမ့်မည်။ အမှောင် အဲ့လ်ဖ် မျိုးနွယ်မှာ မြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်ပြီးနောက် ထွက်ပြေးနေသည့် ပရိုင်မာကို ကြည့်ကာ ထပ်မံ၍ လိုက်လံ ဖမ်းဆီးတော့သည်။

ပရိုင်မာ တစ်ယောက် ပြေးလွှားနေရင်းမှ မျက်မှန်ကျမသွားအောင် တုန်တုန်ရင်ရင်ဖြင့် ထိန်းနေရသည်။ ယခုအချိန်တွင် သူမ ငိုချင်စိတ်ကို အောင့်ထားရ၏။ သူမ ခွန်အားတိုးဆေးရည်တစ်ပုလင်းကို မော့သောက်လိုက်ပြီး လမင်းဒိုင်ခွက် ပြသရာ လမ်းကြောင်းအတိုင်း ဆက်လက် ပြေးလွှားနေမိသည်။

‘စာအုပ်ဆိုင်... စာအုပ်ဆိုင်... အဲဒီစာအုပ်ဆိုင်က ဘယ်နားမှာလဲ...’

ပြေးလွှားရသဖြင့် သူမ၏ ခန္ဓာကိုယ်မှာ မောပန်းနွမ်းနယ်လာသည်။ ရုတ်တရက် ပရိုင်မာ နောက်ကျောဘက်မှ အေးစိမ့်စိမ့် ခံစားချက်ကို ရရှိလိုက်၏။ ဓားသွားတစ်ခုမှာ သူမ၏ ဂုတ်ပိုးကို သီသီလေး လွဲသွားသဖြင့် တစ်ကိုယ်လုံး ကြက်သီးများ ထသွားတော့သည်။

ထိုစဉ်မှာပင်... ဝေးကွာသော တစ်နေရာ၌ ဟောင်းနွမ်းနေသည့် အဆောက်အအုံတစ်ခုကို ဝေဝါးစွာ မြင်တွေ့လိုက်ရသည်။

ဆိုင်းဘုတ်မရှိသော စာအုပ်ဆိုင်...

ဖုန်တက်နေသည့် မှန်ပြတင်းနောက်ကွယ်မှ စာအုပ်များနှင့် တံခါးဝရှိ ခေါင်းလောင်းလေး..်

ဤနေရာကား လမင်းဒိုင်ခွက် ညွှန်ပြနေသော နေရာပင် ဖြစ်သည်။

ပရိုင်မာ၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်အလင်းရောင်များ ယှက်သန်းသွားပြီး အရှိန်ကို နှစ်ဆ မြှင့်တင်လိုက်၏။

စာအုပ်ဆိုင်နားသို့ ရောက်လာခဲ့လေပြီ...။

“မိပြီ... ကြွက်စုတ်လေး...”

ရုတ်တရက်အမှောင် အဲ့လ်ဖ် မျိုးနွယ်၏ အော်ဟစ်သံနှင့်အတူ ဓားသွားက လေကိုခွဲထွက်လာသည့် အသံကို ကြားလိုက်ရသည်။

ရွှစ်...

“အား...”

ပရိုင်မာ အစွမ်းကုန် ရှောင်တိမ်းခဲ့သော်လည်း ဓားမြှောင်မှာ သူမ၏ ပုခုံးကို ထိမှန်သွားခဲ့သည်။ ပြင်းထန်လှသည့် နာကျင်မှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ချွေးစေးများ ထွက်လာကာ ခြေလက်များ အားအင်ကုန်ခမ်း သွားတော့သည်။

ဘုန်း...

ထိုအရှိန်ကြောင့် ပရိုင်မာ တစ်ယောက် ရှေ့သို့ နှစ်ပတ်ခန့် လိမ့်သွားပြီး စာအုပ်ဆိုင်တံခါးကို ဝင်တိုက်ကာ ပွင့်သွား စေတော့သည်။

အမှောင် အဲ့လ်ဖ် မျိုးနွယ်မှာ သူမအနားသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာ၏။ ပရိုင်မာ၏ မျက်လုံးထဲတွင်မူ ထိုပုံရိပ်မှာ ဝေဝါးနေ၏။ သူမ၏ မျက်မှန်မှာ လွင့်စင်သွားပြီဖြစ်ရာ စာအုပ်ဆိုင် အတွင်းပိုင်းသို့သာ အားယူကာ တိုးဝင်နေမိသည်။

ဘုန်း...

အမှောင် အဲ့လ်ဖ် မျိုးနွယ်က ပရိုင်မာ၏ လက်ဖဝါးကို သူမ၏ ဖိနပ်ဒေါက်ချွန်ဖြင့် နင်းချလိုက်သည်။ ပရိုင်မာမှာ နာကျင်လွန်းသဖြင့် အော်ဟစ်ချင်သော်လည်း သွားကို တင်းတင်းစိကာ အသံကို အောင့်ထားလိုက်၏။

“နင် ဒီနေရာကို လာရှာနေတာလား... ဒီမှာ နင့်ကို ဘယ်သူက ကူညီနိုင်မှာမို့လို့လဲ... နင် ယုံကြည်နေတဲ့ ဝါးပူဂစ်က ရုတ်တရက် ပေါ်လာပြီး ကူညီလိမ့်မယ်လို့ ထင်နေတာလား”

အမှောင် အဲ့လ်ဖ် မျိုးနွယ်က လှောင်ပြောင်လိုက်၏။

မြောင်...

ရုတ်တရက် စာအုပ်ဆိုင်အတွင်းမှ ကြောင်အော်သံတစ်သံ ထွက်ပေါ်လာသည်။ အမှောင် အဲ့လ်ဖ် မျိုးနွယ်က ခေါင်းလှည့်ကြည့်လိုက်ရာ၊ စာအုပ်ဆိုင် ကောင်တာပေါ်တွင် ထိုင်နေသည့် ကြောင်ဖြူလေး တစ်ကောင်ကို တွေ့လိုက်ရ၏။ ထိုကြောင်လေးမှာ သူမအား ကြောက်မက်ဖွယ်ကောင်းသော အကြည့်များဖြင့် တိတ်ဆိတ်စွာ စိုက်ကြည့်နေလေသည်။

“မြောင်...”

ဆီးနှင်းကဲ့သို့ ဖြူဖွေးသော ကြောင်ကလေးမှာ အတော်ပင် ဝဝဖိုင့်ဖိုင့် ရှိလှပြီး ထိုင်နေပုံမှာ အလုံးကြီးတစ်လုံးနှင့်ပင် တူလှသည်။ ကြည့်ရသည်က အပြစ်ကင်းစင်ကာ ချစ်စရာကောင်းလှ၏။

ကြောင်ဖြူလေးက ခေါင်းကို တစောင်းစောင်းလုပ်ကာ ဝါဝါဝင်းဝင်း မျက်လုံးအစုံဖြင့် ကျူးကျော်သူနှစ်ဦးကို ချစ်စဖွယ် စိုက်ကြည့်နေသည်။ သို့သော် ယခုကဲ့သို့သော အခြေအနေမျိုးတွင်မူ ထိုအပြုအမူမှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းနေခဲ့သည်။

အမှောင် အဲ့လ်ဖ် မျိုးနွယ်၏ ခြေလှမ်းများမှာ ရပ်တန့်သွားပြီး မျက်မှောင်ကြုတ်လျက် ကြောင်ကို စိုက်ကြည့်နေမိ၏။ သူမ ရင်ထဲ၌ မကောင်းသော အတိတ်နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။

‘ဒါက သာမန်ကြောင်တစ်ကောင်ပါပဲ... ဒါပေမဲ့ ဘာလို့ တစ်ခုခု မှားနေသလို ခံစားနေရတာလဲ...’

သူမ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ဤစာအုပ်ဆိုင်မှာ... အမှန်တကယ်ပင် သာမန်ဆန်လှသည်။ ထူးခြားချက်ဟူ၍ လုံးဝမရှိဘဲ သာမန်စာအုပ်ဆိုင်များနှင့် ယှဉ်လျှင်ပင် ပို၍ စုတ်ပြတ်နေသေးသည်။ အလှဆင်ပစ္စည်းဟူ၍လည်း မရှိ၊ ပရိဘောဂဟူ၍လည်း မရှိ။ စာအုပ်များဖြင့် ပြည့်နှက်နေသည့် စင်တန်းကြီးများသာ ရှိသည်။

စာအုပ်ဆိုင်ထက် စာအုပ်သိုလှောင်ရုံနှင့်ပင် ပိုတူလှ၏။ ဆိုင်ရှင်သည် ဖောက်သည်ဆွဲရန် စိတ်ကူးရှိပုံပင် မရချေ။

အမှောင် အဲ့လ်ဖ် မျိုးနွယ်၏ အကြည့်များက ကောင်တာဆီသို့ ပြန်ရောက်လာသည်။ ယခုထိ ကြောင်ဖြူလေးမှာ အမြီးကို ယမ်းနေဆဲ ဖြစ်သော်လည်း ကောင်တာပေါ်ကနေတော့ ခုန်ဆင်းလိုက်ပြီဖြစ်သည်။ ကောင်တာပေါ်တွင်လည်း ထူးခြားသည့်အရာ ဘာတစ်ခုမှ မရှိပေ။

အလွန်အမင်း ဝဖြိုးသော ခန္ဓာကိုယ်ကြောင့် ကြောင်ဖြူလေး၏ ခြေလှမ်းများမှာ ယိုင်တိုင်တိုင်ဖြစ်နေ၏။ ထို့နောက်... အမှောင် အဲ့လ်ဖ် မျိုးနွယ် မိန်းကလေးထံသို့ မြောင်သံပေးကာ တအိအိ လျှောက်လာသည်။

အဲ့လ်ဖ် မျိုးနွယ်မှာ ရုတ်တရက် နောက်ဆုတ်ချင်စိတ် ပေါက်သွား၏။ သို့သော်လည်း သူမ၏ စိတ်ကို အတင်းထိန်းချုပ်ထားလိုက်၏။

ဖတ်...

သူမ ခေါင်းငုံ့လိုက်ပြီး ပရိုင်မာ၏ ပုခုံးတွင် စိုက်ဝင်နေသည့် ဓားမြှောင်ကို ဆွဲနှုတ်လိုက်၏။ ဓားသွားပေါ်တွင် လူးထားသော အဆိပ်ကြောင့် သွေးစွန်းနေသည့် ဓာပေါ်၌ အပြာရောင်အလင်းတန်းများ တလက်လက် တောက်ပနေသည်။

“အာ့...”

ပရိုင်မာ ညည်းတွားလိုက်ပြီး မျက်နှာမှာ စက္ကူတစ်စနှယ် ဖြူရော်သွားသည်။ သူမ ခန္ဓာကိုယ်ရှိ အဆိပ်မိနေသည့် လက္ခဏာများမှာ ထင်ရှားနေပြီ ဖြစ်သည်။ နဖူးတွင် ချွေးစေးများ ပျံနေပြီး လည်ပင်းတွင် အပြာရောင် သွေးကြောများ ပေါ်လာကာ အထက်သို့ တဖြည်းဖြည်း ဆန်တက်နေသည်။

အမှောင် အဲ့လ်ဖ် မျိုးနွယ်က ဓားမြှောင်ကို ပြောင်းပြန်ကိုင်လျက် ဆိုက်ဆိုက်မြိုက်မြိုက် လျှောက်လာနေသည့် ကြောင်ကိုသာ သတိကြီးစွာ စောင့်ကြည့်နေ၏။ သူမ၏ တာဝန်မှာ ပြီးဆုံးပြီဖြစ်၍ အခုပင် ထွက်သွား၍ ရပြီဖြစ်သည်။ သို့သော်လည်း ကြောင်တစ်ကောင်ကြောင့် ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြောင်း လူသိသွားပါက သူမ တည်ဆောက်ထားသမျှ ဂုဏ်သိက္ခာများ အားလုံး ရေစုန်မျောပေလိမ့်မည်။

‘ကြောင်တစ်ကောင်ပဲဟာ...’

သူမ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး၏။ သူမ၏ အကြည့်များက ရက်စက်ကြမ်းကြုတ်သွားကာ လက်ထဲမှ ဓားမြှောင်ထံမှ အေးစက်စက် အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုခဏအတွင်းတွင်ပင်... အီသာ စွမ်းအင်များမှာ ဓားသွားပေါ်တွင် စုစည်းသွားပြီး အလွန်ထက်မြက်သော အသွားတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေ၏။

ထို့နောက်... သူမ မည်သည့်အသံမျှ မထွက်စေဘဲ ပြတ်သားသော တိုက်ကွက်တစ်ခုကို ဆင်နွှဲလိုက်လေသည်။

ရွှစ်...

ရှေ့မှ ကြောင်ဖြူလေးမှာ ခေတ္တမျှ ရပ်တန့်သွားပြီးနောက် နှစ်ခြမ်းကွဲ သွားခဲ့၏။ ကြောင်၏ ဘေးပတ်ဝန်းကျင်ရှိ အရာဝတ္ထုများမှာမူ မည်သည့် ထိခိုက်ဒဏ်ရာမျှ မရရှိဘဲ နဂိုအတိုင်း ရှိနေဆဲပင်။ တိုက်ကွက်၏ အရှိန်ကို ကျွမ်းကျင်စွာ ထိန်းချုပ်ထားနိုင်ခြင်းမှာ ‘ငရဲဘုံ အဆင့်’ တစ်ဦး၏ အစစ်အမှန် စွမ်းအားကို ပြသနေခြင်းပင်။

***

All Chapters