← Chapters

ကျွန်တော် အိပ်မက်မက်နေတာ

Vol. 18 Ch. 240

ကျွန်တော် အိပ်မက်မက်နေတာ

Vol. 18 Ch. 240

ဝင်စတန်မှာ မယုံနိုင် ဖြစ်နေဆဲပင်။ သူ သိထားသလောက် လင်ကျဲ အမည်ရှိ စာအုပ်ဆိုင်ပိုင်ရှင်၏ စွမ်းအား အဆင့်မှာ အချက်အလက် စနစ်ထဲတွင် လျှို့ဝှက်ထားခြင်း ခံရသည်။ ထိုကဲ့သို့ လျှို့ဝှက်ဖိုင် တစ်ခုဖြစ်နေခြင်းကပင် သူသည် အခရာ အဆင့် များထဲတွင်ပင် ထိပ်ဆုံး၌ ရှိနေသည်ဟု အဓိပ္ပာယ် ရပေသည်။

သို့သော်လည်း... သူ ဤမျှအထိ စွမ်းအားကြီးမားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း...။ ငါးမိနစ်မျှသော အချိန်တိုအတွင်းမှာပင် အိပ်မက်ဘုံတစ်ခုကို ဖန်တီးခဲ့ပြီး အခရာ အဆင့် နှစ်ဦးကြားမှ သေကျေပျက်စီးစေနိုင်သော တိုက်ပွဲကို အလွယ်တကူပင် အဆုံးအဖြတ် ပေးလိုက်နိုင်ခဲ့သည်။

ထို့အပြင်... တိုက်ပွဲ၏ အဆုံးသတ်၌ ပေါ်လာခဲ့သည့် ဧရာမ အရိပ်ကြီးက အဘယ်နည်း။ ထိုအရာကို ပြန်စဉ်းစားမိတိုင်း ဝင်စတန်မှာ ကျောချမ်းသွားခဲ့၏။

အကယ်၍ ထိုအရာသာ အိမ်မက်ဘုံထဲမှာ ဖြစ်ခဲ့ခြင်း မဟုတ်ဘူးဆိုရင် အနည်းဆုံး ပေ ၃၀၀၀ (မီတာ ၁၀၀၀) လောက် ကြီးမားသည့် နတ်ဘုရားတုကြီး၏ ခန္ဓာကိုယ်ကြီးမှာ ကောင်းကင်ယံ နေရာ အတော်များများကို ဖုံးလွှမ်းသွားမှာ ဖြစ်သည်။ သို့သော်လည်း... အရိပ်ကြီး၏ လက်ဖဝါးနှင့် နှိုင်းယှဉ်လျှင်မူ ဘုရားတုကြီးမှာ လက်တစ်ဆုက်စာ အရွယ်အစားမျှသာ ရှိတော့သည်။

သူတို့အားလုံးမှာ နတ်ဘုရားတုနှင့် နှိုင်းယှဉ်လျှင် ပုရွက်ဆိတ်လေးများကဲ့သို့ သေးငယ်ကြသော်လည်း ထိုဧရာမ အရိပ်ကြီးနှင့် နှိုင်းယှဉ်လျှင်မူ ဖုန်မှုန့်လေးများမျှသာ ရှိပေတော့မည်။

‘ငါတို့ ဘယ်အချိန်မှာ အိမ်မက်ထဲ ရောက်သွားကြတာလဲ...’

‘ငါတို့ထဲက တစ်ယောက်မှတောင် ဘာမှ မသိလိုက်ကြဘူး... ထောင်ချောက်ဆင်ထားတဲ့ ဂါဘရီရယ် ဆိုတဲ့လူတောင် မသိလိုက်ဘူး... ဒါက တော်တော့်ကို ကြောက်စရာ ကောင်းလွန်းတယ်...’

‘အခရာ အဆင့် တွေကိုတောင် ချေမှုန်းပစ်နိုင်တဲ့သူက ဘယ်လိုလူမျိုးလဲ...’

ရာသီကာလမှာ ဆောင်းဦ အစမျှသာ ရှိသေးသော်လည်း ဝင်စတန် တစ်ယောက် တစ်ကိုယ်လုံး အေးစိမ့်သွားပြီး ခန္ဓာကိုယ် တုန်ယင်နေမှုကိုပင် မနည်း ထိန်းထားရသည်။ ကံကောင်းတာ တစ်ခုက... ထွက်ခွာသွားပြီဖြစ်သည့် ဂျိုးဇက် ထိုအရာကို မမြင်လိုက်ခြင်းပင်။

လက်ထဲရှိ ဆက်သွယ်ရေးစက်မှ အဆက်မပြတ် မြည်သံ ထွက်ပေါ်လာသောအခါမှ ဝင်စတန် သတိပြန်ဝင်လာ၏။ ဆက်သွယ်ရေးစက်ကို ဖွင့်လိုက်သည့်အခါ စတုတ္ထမြောက် အကြီးအကဲ ဆော်လမွန် ထံမှ ဗီဒီယို ဖုန်းခေါ်ဆိုမှု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ဝင်စတန် ချက်ချင်းပင် လက်ခံလိုက်ရာ လေးစားဖွယ်ကောင်းသော မျက်နှာတစ်ခု ပေါ်လာ၏။ ဆော်လမွန်သည် စကားမပြောဘဲ ပစ္စည်းတစ်ခုကို ယူပြလိုက်သည်။ ၎င်းမှာ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် က အမိုးခုံး ဘုရားကျောင်းတော် ဗဟိုဝတ်ပြုဆောင်ကို တိုက်ခိုက်နေသည့် မှတ်တမ်းပင် ဖြစ်သည်။

ထောက်ပံ့ရေးဝန်ထမ်းများ ပြောခဲ့သကဲ့သို့ပင် ရှေ့တန်းအဖွဲ့များ ဘုရားကျောင်းထဲသို့ ပြေးဝင်သွားပြီးနောက်တွင် အဆက်အသွယ် လုံးဝ ပြတ်တောက်သွားခဲ့သည်။

ငါးမိနစ်လုံးလုံး တိတ်ဆိတ်နေခဲ့ပြီးမှ ရုတ်တရက် အော်ဟစ်သံများနှင့် ဆူညံသံများ ပြန်လည် ဖြစ်ပေါ်လာကာ ထိုခြောက်ခြားဖွယ် တိတ်ဆိတ်မှုကြီး ပြိုကွဲသွားခဲ့သည်။

ဆော်လမွန်က ထိုမှတ်တမ်းကို ပြန်ဖွင့်ပြကာ အရှိန်လျှော့ပြီး ရပ်တန့်လိုက်၏။ စခရင်ထက်၌ ဘုရားကျောင်းမှာ တုန်ခါသွားပြီး ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်... ညကောင်းကင်ယံတွင် ဧရာမ အရိပ်ကြီး တစ်ခု ပေါ်လာ၏။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အလွန် ကြီးမားလွန်းလှရကား မြင်ကွင်းထဲ၌ပင် မဆံ့နိုင်ချေ။

ချက်ချင်းပင် အဆုံးမဲ့ စကြာဝဠာနှင့် ကြယ်ပင်လယ်ကြီးသည် ညကောင်းကင်ယံတွင် ပေါ်ထွန်းလာခဲ့၏။ အရိပ်ကြီးမှာ မပျောက်ကွယ်သွားမီ တစ်ခဏ၌ မှတ်တမ်းတင်ထားသည့် ကိရိယာဘက်သို့ တိုက်ရိုက် လှည့်ကြည့်နေသကဲ့သို့ ရှိသည်။

ဝင်စတန်မှာ ခဏတာ ထိတ်လန့်သွားပြီး ဗီဒီယိုမှာလည်း ထိုနေရာ၌ပင် ပြတ်တောက်သွား၏။

ဆော်လမွန်က မှတ်တမ်းကို ပိတ်လိုက်ပြီး မေးလိုက်သည်။

"ဝင်စတန်... ဒါ ဘာလဲဆိုတာ မင်း နားလည်လား..."

ဝင်စတန်က အတန်ကြာအောင် စဉ်းစားပြီးနောက်မှ ပြန်ဖြေလိုက်၏။

"အိပ်မက်ဘုံရဲ့ အက်ကြောင်းတစ်ခုပါ"

ဆော်လမွန်က ခေါင်းခါလိုက်၏။

"မဟုတ်ဘူး... ဒါက နတ်ဘုရားတစ်ပါးရဲ့ နယ်မြေပဲ"

ဝင်စတန် မျက်လုံးများ ပြူးသွား၏။ သူ ခေါင်းကို တူကြီးဖြင့် အထုခံလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ ဘာပြောရမှန်းပင် မသိတော့ချေ။

ဆော်လမွန်က ဆက်ပြောလိုက်၏။

"ငါတို့တွေ ဒီစစ်ဆင်ရေးကို အစကတည်းက စောင့်ကြည့်နေခဲ့တာ၊ ကုန်ကုန်ပြောရရင် ငါတို့ အားလုံးကို စောင့်ကြည့်နေခဲ့တာ... ဒီလို အခိုက်အတန့်မျိုးကို မှတ်တမ်းတင်နိုင်လိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး... ငါ့ရဲ့ ပုဂ္ဂိုလ်ရေးအရ ယုံကြည်ချက်ကို ပြောရမယ် ဆိုရင် အဲဒီ စာအုပ်ဆိုင် ပိုင်ရှင်က ဘယ်သူလဲ ဆိုတာ ငါတို့ခန့်မှန်းလို့ရပြီ ထင်တယ်”

အကယ်၍ ထိုပုဂ္ဂိုလ်မှာ နတ်ဘုရားတစ်ပါး မဟုတ်ခဲ့လျှင်တောင် အနည်းဆုံးတော့ နတ်ဘုရားတစ်ပါး၏ တမန်တော် ဖြစ်ပေလိမ့်မည်။

ဝင်စတန်က တုံ့ဆိုင်းစွာဖြင့် မေးလိုက်၏။

"ဒါဆို... ငါတို့ ဘာလုပ်သင့်သလဲ..."

"ဘာပဲရင်းရရင်းရ သူ့ကို စုံစမ်းပြီး သူ့ရဲ့ အကူအညီကို ရယူကြရမယ်... မီးတောက်ဓားလမ်းစဉ်နဲ့ ပတ်သက်ပြီး ကူညီနိုင်တာ သူပဲ ရှိလိမ့်မယ်"

...

ဂျိုးဇက် တစ်ယောက် ဘုရားကျောင်းအတွင်း အကြာကြီး လိုက်လံရှာဖွေပြီး နောက်ဆုံးတွင် ထောင့်တစ်နေရာ၌ ဂါဘရီရယ်နှင့် တူသည့် သံသယဖြစ်ဖွယ် အသားစိုင်တစ်ခုကို တွေ့လိုက်ရသည်။

၎င်းမှာ လူပုံသဏ္ဌာန် မဟုတ်တော့သော်လည်း ဝတ်စုံပေါ်တွင် ပါရှိသည့် မီးတောက်ဓားလမ်းစဉ် ၏ အမှတ်အသားကြောင့် ဂျိုးဇက်အနေဖြင့် ၎င်းမှာ ဂါဘရီရယ် ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

အခရာ အဆင့် နှစ်ဦး...။

တစ်ဦးမှာ မီးလောင်ကျွမ်းသွားပြီး နောက်တစ်ဦးမှာ အလောင်းပင် မကျန်တော့ဘဲ သေဆုံးသွားခဲ့ရသည်။ တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်...။

ဂျိုးဇက်သည် အကြွင်းအကျန်များနှင့် အဝတ်အစားများကို သိမ်းဆည်းရန် အမိန့်ပေးလိုက်၏။ အခရာ အဆင့် တစ်ဦး၏ ခန္ဓာကိုယ်မှာ သေဆုံးသွားလျှင်ပင် စိတ်ကူးမယဉ်နိုင်လောက်သည့် စွမ်းအားများ ကိန်းအောင်းနေဆဲ ဖြစ်သည်။ တိုက်ခိုက်ရေး လက်နက်များ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် ထိုအရည်အသွေးမြင့် ပစ္စည်းများကို သူ အလဟဿ အဖြစ်မခံနိုင်ချေ။

ဂျိုးဇက် နောက်သို့ လှည့်ကြည့်လိုက်သည့်အခါ ကုသမှုခံယူပြီးနောက် မနည်းလမ်းလျှောက်နေရသည့် ဗင်းဆင့်နှင့် အေးဆေး တည်ငြိမ်သည့် မွန်းတို့ကို တွေ့လိုက်ရ၏။

သူတို့နှစ်ဦးမှာ ယခုဖြစ်ပျက်ခဲ့သည့် အခြေအနေများအပေါ် ရယ်ရယ်မောမော စကားပြောနေကြသည်။ တစ်ခဏကြာပြီးနောက်... ဗင်းဆင့်က မေးလိုက်၏။

"ငါတို့ မစ္စတာလင်ဆီ အတူတူ သွားကြမလား... ငါတို့ အသက်ကို ကယ်တင်ပေးခဲ့ပြီး အခြား ပျက်စီးဆုံးရှုံးမှုတွေ မဖြစ်အောင် တားဆီးပေးခဲ့တဲ့အတွက် သူ့ကို ကျေးဇူးသွားတင်ရမယ်"

နောက်ဆုံး တိုက်ပွဲကို ပြန်စဉ်းစားကြည့်ပါက ကြောက်စရာ ကောင်းလွန်းလှသည်။ အကယ်၍ ၎င်းသာ အိပ်မက်ထဲတွင် မဟုတ်ပဲ လက်တွေ့လောကထဲတွင်သာ တိုက်ရိုက်ဖြစ်ခဲ့ပါက အကာအကွယ် အစီအရင်မှာ တိုက်ပွဲ၏ ပြင်းအားကို လုံးဝ ခံနိုင်ရည်ရှိမည် မဟုတ်ဘဲ အပြစ်မဲ့ပြည်သူများစွာ၏ အသက်ပေါင်းများစွာ ဆုံးရှုံးသွားပေလိမ့်မည်။

ယခင်တစ်ကြိမ်က မိုးနတ်ဘုရားကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများမှာလည်း တော်တော်လေး ဆိုးရွားခဲ့သည်။ ယခုတစ်ကြိမ်ကတော့... တကယ့်ကို ဥက္ကာခဲ ကျရောက်သကဲ့သို့ပင်။

ထိုတိုက်ခိုက်မှုများသာ လက်တွေ့လောကအတွင်း အမှန်တကယ် ဖြစ်ပေါ်ခဲ့ပါက နော်ဇင် မြို့၏ အခြေခံအုတ်မြစ်များကို အကြီးအကျယ် ပြုပြင်ရမည်ဖြစ်သလို လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် အနေဖြင့်လည်း ပျက်စီး ဆုံးရှုံးမှုများကို ရှင်းလင်းရန်အတွက် သူတို့၏ ရန်ပုံငွေများကို အမြောက်အမြား အသုံးပြုရပေလိမ့်မည်။

မစ္စတာလင် ဖန်တီးခဲ့သည့် အိပ်မက်ဘုံသည် ထိုကြီးမားလှသည့် ငွေကြေးဆုံးရှုံးမှုများကို တားဆီးပေးခဲ့သဖြင့် သူက သူတို့အတွက် တကယ့်ကို ကယ်တင်ရှင်ပင် ဖြစ်သည်။

မွန်းမှာ ခဏတာ တုံ့ဆိုင်းနေသော်လည်း မစ္စတာလင် နိုးနေလောက်ပြီဟု တွေးမိလိုက်၏။ ထို့ကြောင့် သူမက ခေါင်းညိတ်ကာ ဂျိုးဇက်၊ ဗင်းဆင့်တို့နှင့်အတူ စာအုပ်ဆိုင်သို့ လိုက်သွားလေသည်။ စစ်မြေပြင်တွင် ကျန်ရှိနေသော အပျက်အစီးများကိုမူ ထောက်ပံ့ရေးဌာနကသာ ဆက်လက် ကိုင်တွယ်သွားပေလိမ့်မည်။

သူတို့အဖွဲ့ စာအုပ်ဆိုင်နားသို့ ရောက်ရှိသွားချိန်တွင် အိပ်ယာဝင်ဝတ်စုံဖြင့် သမ်းဝေလျက် တံခါးမကြီးကို ဖွင့်နေသည့် လင်ကျဲကို တွေ့လိုက်ရသည်။ သူက မော့ကြည့်လိုက်ပြီး သူတို့ကို အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

"ဟေး... ရောက်လာကြပြီလား..."

လင်ကျဲ၏ မျက်တောင်များကို ခတ်လိုက်ရင်း သူ့ဘေးမှ ဖြတ်ပျံသွားသည့် ခြင်တစ်ကောင်ကို တွေ့လိုက်ရသဖြင့် လက်ဝါးဖြင့် လှမ်းရိုက်ကာ ဖမ်းလိုက်သည်။

"ညဘက်မှာ တဝှီဝှီနဲ့ လာနှောက်ယှက်တဲ့ ခြင်တွေက တော်တော်များတာပဲ... သက်ရှိအားလုံးမှာ ရည်ရွယ်ချက်တစ်ခုစီ ရှိကြပေမဲ့ ဒီအရှက်မရှိတဲ့ ခြင်တွေမှာတော့ ဘာရည်ရွယ်ချက်မှ မရှိဘူး... သူတို့ သေသွားလည်း ဘာမှ မထူးပါဘူး..."

ထို့နောက် သူက ရောက်ရှိလာသည့် လူသုံးဦးကို ကြည့်လိုက်ရင်း ထူးဆန်းသော မျက်နှာပေးဖြင့် ပြောလိုက်လေသည်။

"ဒါနဲ့... ကျွန်တော် ခုနက အရမ်းကို စိတ်ဝင်စားဖို့ကောင်းတဲ့ အိမ်မက်တစ်ခု မက်ခဲ့သေးတယ်ဗျ..."

“...”

ဂျိုးဇက်တစ်ယောက် တောင့်တင်း အေးခဲသွားခဲ့၏။ သို့သော်လည်း... ကြွယ်ဝလွန်းလှသည့် အတွေ့အကြုံများအရ... မစ္စတာလင်မှာ သူ့ ကိုယ်ပိုင် စွမ်းဆောင်ရည်ကို ပြန်လည်သုံးသပ်နေခြင်း ဖြစ်နိုင်သည်ဟု တွေးမိကာ အထူးပင် ဂရုတစိုက်ဖြင့် မေးမြန်းလိုက်၏။

"မစ္စတာလင်ကိုတောင် စိတ်ဝင်စားသွားစေတဲ့ အိမ်မက်မျိုးက ဘယ်လိုမျိုးပါလိမ့်..."

သို့သော်လည်း... လင်ကျဲက သူ မက်ခဲ့သည့် အိမ်မက်အကြောင်းကို ပြောမပြတော့ဘဲ အခြားသူများ၏ ထူးဆန်းနေသော အမူအရာများကို ကြည့်ကာ လျှို့ဝှက် ဆန်းကြယ်သည့် အပြုံးတစ်ခုသာ ပြုံးလိုက်သည်။

"ဘာမှသိပ်တော့ မဟုတ်ပါဘူး... ဒီတစ်ခါ ဖြစ်ပျက်သွားတာလေးက နည်းနည်း ထူးခြားနေလို့ ခင်ဗျားတို့ အပေါ် ကျွန်တော့်ရဲ့ အမြင်လည်း နည်းနည်း ပြောင်းသွားတယ် ဆိုပါတော့လေ... ဪ... ဆိုးတဲ့ဘက်ကတော့ မဟုတ်ပါဘူး... အပြင်မှာ တော်တော်အေးတယ်၊ အထဲဝင်ပြီး ဆက်ပြောကြရအောင်လေ"

ခေါင်းလောင်းသံလေး သာယာ ငြိမ့်ညောင်းစွာ မြည်သွားပြီးနောက် ဆိုင်တံခါးမကြီးကို အပြည့်အဝ ဖွင့်လိုက်၏။ လင်ကျဲက ပြုံးလျက် သူ၏ လက်ထောက်မလေးနှင့် ဂုဏ်သရေရှိ ဧည့်သည်နှစ်ဦးကို ဆိုင်ထဲသို့ အရင်ဝင်ရန် ဖိတ်ခေါ်လိုက်လေတော့သည်။

***

All Chapters