သဘောထားကြီးသည့် တမန်တော်
Vol. 19 Ch. 255
“ဟူး...”
လင်ကျဲ ပရိုင်မာကို ကုလားထိုင်ပေါ်တွင် တင်လိုက်ပြီးနောက် သူမအပေါ် ထိန်းချုပ်ထားမှုများကို ပြန်လည်ရုပ်သိမ်းလိုက်ကာ သက်ပြင်းချလိုက်၏။
သူ အကြည့်လွှဲလိုက်သောအခါတွင်မူ တောက်ပသည့် မျက်ဝန်းနက်တစ်စုံနှင့် ဆုံတွေ့လိုက်ရသည်။ အဆိပ်ဖြေဆေး သောက်ပြီးနောက် ပရိုင်မာ တစ်ယောက် သတိပြန်လည်လာပုံရသည်။
သူမသည် ဝိညာဉ်ကို ကျူးကျော်ခံရခြင်း၊ ချည်နှောင်ခံရခြင်းနှင့် ထိန်းချုပ်ခံရခြင်းတို့ကို အထင်အသား ခံစားခဲ့ရသည်။ ထိုအရာက သူမ ဘယ်လိုနည်းနှင့်မျှ မတွန်းလှန်နိုင်သည့် ခမ်းနားသော စွမ်းအားကြီးတစ်ခုပင်။ သူမ ငယ်စဉ်... ဖခင်ဖြစ်သူ လမ်းလျှောက်သင်ပေးခဲ့စဉ်ကကဲ့သို့ပင် ကျယ်ပြန့်သော ပုခုံးများနှင့် လက်မောင်းများက သူမ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားပြီး သန်မာသော လက်အစုံက သူမကို ဦးတည်ရာတစ်ခုသို့ လမ်းပြပေးနေသကဲ့သို့ပင်။
သူမ၏ ကိုယ်ပိုင်သွေးများကပင် ထိုသူ၏ အမိန့်တိုင်းကို နာခံနေခဲ့ကြသည်။
ထို့ပြင် ထိုလက်စွပ်...
သူမ၏ ဝိညာဉ်တစ်ခုလုံးကို တုန်လှုပ်စေသော ထိုလက်စွပ်...
သူမ ရှေ့တွင်ရှိနေသူမှာ ဝါးပူဂစ်ပင် သေချာပေါက် ဖြစ်ရမည်။
‘နေဦး... ဝါးပူဂစ်က ဘာလို့ ယောက်ျားလေး ဖြစ်နေရတာလဲ...’
ပရိုင်မာ ကြောင်တောင်တောင် ဖြစ်သွားခဲ့၏။
“နိုးပြီလား”
လင်ကျဲ ပရိုင်မာ၏ မျက်နှာရှေ့တွင် လက်ယမ်းပြရင်း မေးလိုက်သည်။
သို့သော်လည်း... သူမမှာ သူ၏ လက်သူကြွယ်မှ ငွေရောင်လက်စွပ်လေးကိုသာ ကြောင်စီစီဖြင့် အာရုံစိုက်ကာ ကြည့်နေခဲ့သည်။
“မနိုးသေးဘူးလား... အဲဒီတံခါးကို ကြည့်ပြီး ဘာဖြစ်ခဲ့လဲဆိုတာ ပြန်စဉ်းစားကြည့်ပါဦး... မိန်းကလေး...”
လင်ကျဲ ပျက်စီးနေသည့် တံခါးကို ညွှန်ပြရင်း စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
“အမိုးခုံး ဘုရားကျောင်းတော် ကိစ္စက အခုမှ ပြီးခါစရှိသေးတယ်၊ အခု ဒီလို အခြေအနေမျိုးနဲ့ ထပ်တိုးရပြန်ပြီ။ ဒါက နော်ဇင်မြို့လား ဒါမှမဟုတ် ဂေါ့သမ်စီးတီး လားကွာ...”
“ဒီတံခါးကို ရိုက်ခွဲသွားတဲ့လူကတော့ သတိထားနေပေတော့... ငါ သူ့ကို ပြန်ပေးဆပ်ခိုင်းရမယ်...”
(ဘာသာပြန် မှတ်ချက် ။ ဂေါ့သမ်စီးတီး (Gotham City) ဆိုတာက လင်းနို့လူသား ရုပ်ရှင်ထဲက အမှုအခင်းတွေ ပြည့်နေတဲ့ မြို့တော်ပါ၊ ဆရာဘက်ဖန်တွေ သိမယ် ထင်ပါတယ်)
...
လင်ကျဲ အတော်လေး ဒေါသထွက်နေမိသည်။ သူသည် အိပ်မက်ထဲတွင် ချောမော လှပသည့် မိန်းကလေး တစ်ဦးထံမှ မန္တန်များကို သင်ယူရင်း နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... ထိုချိုမြိန်သော အိပ်မက်မှာ ကျယ်လောင်သည့် ‘ဒုန်း’ ခနဲ အသံကြီးကြောင့် ပျက်ပြားသွားကာ ချက်ချင်း နိုးလာခဲ့ရသည်။ အောက်ထပ်သို့ ဆင်းလာသောအခါတွင်မူ သူ၏ ဆိုင်တံခါးကြီးမှာ ပျောက်ဆုံးနေလေပြီ။
တံခါးပျောက်သွားရုံတင်မကဘဲ သူ၏ ပိုင်နက်အတွင်း လူသတ်မှုတစ်ခု ဖြစ်ပွားလုနီးပါး ဖြစ်ခဲ့ပြီး၊ လူသတ်သမားမှာ သဲလွန်စမချန်ဘဲ ပျောက်ကွယ်သွားကာ သားကောင်သာ ကျန်ရစ်ခဲ့သည်။
မိမိအိမ်ရှေ့တွင် ဤကဲ့သို့ ကိစ္စမျိုး ဖြစ်ပျက်လာသည်ကို မည်သူကများ လက်ခံနိုင်ပါမည်နည်း။
တိုက်ခိုက်သူ၏ ယုတ်မာသော လုပ်ရပ်များကို ခေတ္တဘေးဖယ်ထားလျှင်ပင် လင်ကျဲအနေဖြင့် သူနှင့်အတူ သုံးနှစ်တိုင်တိုင် ရှိခဲ့သော တံခါးကြီးအတွက် ထိုက်တန်သည့် တရားမျှတမှုကို ရယူလိုလှသည်။
ပရိုင်မာမှာ အနည်းငယ် မှင်တက်သွားပြီးနောက် တံခါးဝတွင် စိတ်ကောက်နေဆဲဖြစ်သည့် ‘ကြောင်’ ကို မသိစိတ်က လှမ်းကြည့်လိုက်မိသည်။ ‘ကြောင်’ ဟု ခေါ်ဝေါ်ခြင်းမှာ ခေါ်ရလွယ်ကူစေရန်အတွက်သာ ဖြစ်၏။
လူငယ် ကျိန်းမောင်းနေသည့် တိုက်ခိုက်သူကိုတော့ ထိုကြောင်ကြီးက ဝါးမြိုပစ်လိုက်ပြီ မဟုတ်ပါလား။
သို့သော်လည်း... အဖြစ်အပျက်ကို တိုက်ရိုက်ကြည့်မည်ဆိုလျှင် တံခါးကို ရိုက်ခွဲလိုက်သူမှာ ပရိုင်မာကိုယ်တိုင်ပင် ဖြစ်သည်။ သူမ ပြေးလာသော အရှိန်နှင့် ဓားမြှောင်ဖြင့် အခုတ်ခံရမှုတို့ကြောင့် တံခါးကို ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကာ၊ တံခါးမှာ ပတ္တာများ ပြုတ်ထွက်သွားရုံတင်မကဘဲ အလယ်တွင် ချိုင့်ခွက်ကြီးတစ်ခုပါ ဖြစ်သွားရခြင်း ဖြစ်၏။
သို့သော်လည်း အခြေခံအကြောင်းရင်းမှာ တိုက်ခိုက်သူ၏ ရန်ပြုမှုကြောင့် ဖြစ်သဖြင့် အစစ်အမှန် တရားခံမှာ ‘အမှောင် အဲ့လ်ဖ် လူသတ်သမား’ ပင် ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
သို့သော်လည်း သူမ ရှေ့မှ လူငယ်ကမူ တရားခံ မည်သူမည်ဝါဖြစ်ကြောင်းကို ဆက်လက် မေးမြန်းနေဆဲ ဖြစ်သည်။
သေချာ စဉ်းစားကြည့်လျှင်... ဤသည်မှာ သိလျက်နှင့် မေးနေခြင်းမျိုး မဟုတ်ဘဲ တစ်စုံတစ်ခုသော အဓိပ္ပာယ်ကို သွယ်ဝိုက်ရည်ညွှန်းနေခြင်း ဖြစ်ကြောင်း သိနိုင်ပေသည်။
ပရိုင်မာ သတိမလစ်ခင် ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် စဉ်းစားကြည့်ရင်း ဉာဏ်စမ်းနေမိသည်။ ထိုခဏချင်းမှာပင် သူမ အဖြေကို သိသွားတော့သည်။
ထိုအမှောင် အဲ့လ်ဖ်မှာ ပရိုင်မာကို သတ်ရန် ငှားထားခံရသူ ဖြစ်သည်။ တစ်နည်းအားဖြင့် သူမ အဓိက အကြောင်းရင်း မဟုတ်ဘဲ အခြားတစ်ယောက်၏ ခိုင်းစေမှုကို ခံရသော လက်နက် မျှသာ ဖြစ်၏။ ထို့ကြောင့် အစစ်အမှန် တရားခံ မှာ သူမကို ငှားရမ်းခဲ့သူသာ ဖြစ်ရမည်။
ထို့ကြောင့်ပင် အစစ်အမှန် တရားခံမှာ ဝါးပူဂစ်ကို သစ္စာဖောက်လိုကြသည့် ဂျရုမ်းနှင့် သူ၏ မျိုးနွယ်စုဝင်များသာ ဖြစ်ပေလိမ့်မည်။
ထို့အပြင် ဤလူငယ်သည် အမိုးခုံး ဘုရားကျောင်းတော်အကြောင်းကိုပါ ထည့်သွင်းပြောဆိုသွားခဲ့ရာ သူမ အစ်မ၏ အခြေအနေနှင့် တိုက်ရိုက် ပတ်သက်နေသည်။
ဤသို့ဆိုလျှင် လူငယ်မှာ ဝါးပူဂစ် ကိုယ်တိုင် မဟုတ်လျှင်ပင် အနည်းဆုံးတော့ သူမ၏ တမန်တော် သို့မဟုတ် ကိုယ်စားလှယ်တစ်ဦး ဖြစ်ရမည်။ ဗေဒင်ဟောကိန်းက ပရိုင်မာကို နောက်ဆုံးတွင် ဤနေရာသို့ လမ်းညွှန်ခဲ့သည်။ ဤသည်မှာ... ဝါးပူဂစ်၏ အလိုတော်ကြောင့်လော။
ဤသို့ဆိုလျှင်... ညဉ့်ဦးယံကို အုပ်စိုးသည့် ဝါးပူဂစ်သည် သူမ၏ ဘိသိက်ခံများကို စွန့်ပစ်ခြင်း မပြုခဲ့ပါချေ။
စောစောတုန်းက စကားပြောနေစဉ်တွင်လည်း ဂျရုမ်းသည် စာအုပ်ဆိုင်အကြောင်း ကြားလိုက်ရသည်နှင့် အမှောင် အဲ့လ်ဖ် မျိုးနွယ်ကို ချက်ချင်း ပြေးခိုင်းခဲ့သည်။ သူမ ရှေ့မှ လူငယ်မှာ ဂျရုမ်းပင် ကြောက်လန့်ရလောက်သည့် နာမည်ကြီး အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက်လော။
ဤမျှ အစွမ်းထက်သူ၏ အကူအညီကို ရလျှင် အစ်မဖြစ်သူ ဘေးကင်းမှာ သေချာပါသည်။
ပရိုင်မာ တစ်ယောက် ရင်ခုန်သံများ မြန်လာရာ ဖြူရော်နေသော မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုကြောင့် ထူးဆန်းသည့် နီမြန်းမှုများ ပြန်လည် ပေါ်ပေါက်လာ၏။
“ကျွန်မကို ကယ်တင်ပေးခဲ့တဲ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်...”
သူမက သတိကြီးစွာ ထား၍ ပြောလိုက်သည်။ လင်ကျဲက ပရိုင်မာ ကိုင်ထားသည့် အဆိပ်ဖြေဆေး ပုလင်းခွံကို ပြကာ ချက်ချင်း စကားဖြတ်လိုက်သည်။
“မင်းကို ကယ်ခဲ့တာ ငါမဟုတ်ဘူး၊ မင်းကိုယ်တိုင် ကယ်ခဲ့တာ... ငါလုပ်ပေးခဲ့တာက မင်းရဲ့ ဒဏ်ရာကို သန့်စင်ပေးပြီး ပတ်တီးစည်းပေးခဲ့တာပဲ ရှိတယ်”
ထို့နောက်... သူက မိန်းကလေး၏ ခေါင်းကို အသာအယာ ပုတ်ပေးသလိုဖြင့် သူမ၏ နဖူးပေါ်တွင် သွေးစိမ်းများဖြင့် ရေးဆွဲထားခဲ့သည့် သင်္ကေတကို သဲလွန်စမကျန်အောင် ပွတ်တိုက် ဖျက်ဆီးပစ်လိုက်သည်။
မန္တန်တွေ ဘာတွေဆိုတာက... လူသိခံလို့ မဖြစ်ဘူးလေ။
“...”
ပရိုင်မာ တစ်ယောက် ခေါင်းပေါ်မှ နွေးထွေးလှသည့် လက်ဖဝါး၊ လက်ထဲမှ ပုလင်းခွံနှင့် လင်ကျဲ၏ တည်ကြည်သော မျက်နှာထားတို့ကို ကြည့်ကာ ရင်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရသည်။
ခုနက ဘာဖြစ်ခဲ့သည်ကို သူမ အပြည့်အဝ သိရှိထားပြီး၊ လင်ကျဲကလည်း သူမ သိနေသည်ကို သိမည်မှာ သေချာသည်။
ကြည့်ရသည်က... သူမကို အမှန်တကယ် ကယ်တင်ခဲ့ပါလျက်နှင့် သူမကိုယ်တိုင် ကယ်ခဲ့ခြင်းဖြစ်ကြောင်း အတင်းပြောနေခြင်းမှာ သူမ၏ ကြိုးစားအားထုတ်မှုနှင့် ဇွဲလုံ့လကို အသိအမှတ်ပြုပေးခြင်း၊ သူမ ဖော်စပ်ခဲ့သော ဆေးရည်များကို အသိအမှတ်ပြုပေးခြင်း ဖြစ်ပေလိမ့်မည်။
အစ်မဖြစ်သူ မာဂရက် မှလွဲ၍ မည်သူမျှ သူမကို ဤကဲ့သို့ အသိအမှတ်မပြုခဲ့ဖူးချေ...။
‘တကယ့်ကို ကြင်နာတတ်ပြီး သဘောထားကြီးတဲ့ တမန်တော်ကြီးပါပဲ...’
ရရှိလိုက်သော အသိအမှတ်ပြုမှုကြောင့် ပီတိဖြစ်နေစဉ်မှာပင် ပရိုင်မာ တစ်ယောက် မိမိနှင့် ဤသူစိမ်း လူငယ်ကြားမှ ခန္ဓာကိုယ်ချင်း ထိတွေ့မှုကို ရုတ်တရက် သတိပြုမိသွားသည်။
မိန်းကလေးမှာ မျက်နှာတစ်ခုလုံး နီမြန်းသွားကာ လက်များကို အယောင်ယောင်အမှားမှား ယမ်းခါလျက် အသံစူးစူးဖြင့် အော်ပြောလိုက်မိ၏။
“မ... မဟုတ်ပါဘူး... ရှင်သာ ဒီမှာ မရှိရင် ကျွန်မ အခုချိန်မှာ သေ... သေနေလောက်ပြီ... ဒါကြောင့် ကျွန်မ ရှင့်ကို ကျေးဇူးတင်ရမှာပါ... တကယ်ပဲ ကျေးဇူးအများကြီး တင်ပါတယ်”
ထိုသနားစရာ မိန်းမငယ်လေးမှာ လူမှုပတ်ဝန်းကျင်နှင့် ဝေးကွာနေသည်မှာ ကြာပြီဖြစ်သည်။ အပြင်မထွက်ဘဲ ဆေးရည်သုတေသနကိုသာ အာရုံစိုက်နေသူ ဖြစ်သည်။ သူမကို လောကကြီးနှင့် အဆက်ပြတ်နေသူ ဟုပင် ဆိုနိုင်သည်။
မာဂရက် မှလွဲ၍ ပရိုင်မာမှာ အခြားသူများနှင့် (အထူးသဖြင့် အမျိုးသားများနှင့်) မီတာ ၅၀ အတွင်းပင် အနီးကပ် မနေဖူးချေ။ ယခုကဲ့သို့ ဖင်ပုတ်ခေါင်းပုတ် အလုပ်ခံရခြင်းကြောင့် သူမမှာ ရှက်ကိုးရှက်ကန်းဖြစ်နေကာ ‘ထိကရုန်း’ ပင်လေးကဲ့သို့ပင် ကျုံ့ကျူံ့ကလေး ဖြစ်နေတော့သည်။
“စိတ်အေးအေးထားပါဦး... ဘာဖြစ်ခဲ့လဲဆိုတာ အရင်ပြောပြပါဦး...”
ပရိုင်မာ၏ စကားများမှာ အစီအစဉ်မကျဘဲ ထစ်ငေါ့နေသည်ကို တွေ့ရသဖြင့် လင်ကျဲ လက်ကို ပြန်ရုပ်လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့်ပင် ဆက်ပြောလိုက်သည်။
“ထားလိုက်ပါတော့၊ ငါပဲ မေးခွန်းမေးမယ်၊ မင်းက ပြန်ဖြေပေး... တတ်နိုင်သမျှ ရိုးရိုးရှင်းရှင်းနဲ့ တည့်တည့်ပဲ ဖြေနော်”
ပရိုင်မာက ခေါင်းညိတ်ပြလိုက်လေ၏။
***