← Chapters

မူလဆေးရည်ကျမ်းစာ

Vol. 19 Ch. 256

မူလဆေးရည်ကျမ်းစာ

Vol. 19 Ch. 256

လင်ကျဲမှာ မူလက သူ ပုံမှန် လုပ်နေကျ ဖြစ်သည့် လက်နှစ်ဖက်ဖြင့် မေးစေ့ထောက်သည့် ပုံစံမျိုး လုပ်ရန် ဟန်ပြင်လိုက်၏။ သို့သော်လည်း လက်တွင် သွေးများ စွန်းနေဆဲဖြစ်ကြောင်း သတိရသွားသဖြင့် တံတောင်ကို ဒူးပေါ်တင်ကာ အခြား အနေအထားတစ်ခုသို့ ပြောင်းလဲလိုက်ရသည်။

“မင်းနာမည်က ဘယ်သူလဲ... ပြီးတော့ မင်းရဲ့ အဆင့်အတန်းက ဘာလဲ”

အတန်ကြာ စဉ်းစားပြီးနောက် လင်ကျဲက စတင်ကာ မေးလိုက်သည်။

“ပရိုင်မာ... ပရိုင်မာ ဆန်ဒြာ ပါ”

ပရိုင်မာက ပြန်ဖြေ၏။

“ကျွန်မက လက်ရှိ ဆန်ဒြာ မျိုးနွယ်စုခေါင်းဆောင်ရဲ့ ဒုတိယမြောက် သားရဲ့ ဒုတိယမြောက် သမီးပါ... ကျွန်မရဲ့ အစ်မ မာဂရက် က အမှန်တရား အသင်းတော်ရဲ့ ဆေးဝါးဗေဒ ဌာနမှူးပါ”

လင်ကျဲ ခေါင်းညိတ်လိုက်၏။

‘အော်... ဆန်ဒြာ မျိုးနွယ်စုကပဲ... တော်ဝင် မိသားစုက နောက်ထပ် လူတစ်ယောက် ထပ်ပေါ်လာပြန်ပြီ... ဒါပေမဲ့ ဒီတစ်ခါက အမွေဆက်ခံမယ့်သူ မဟုတ်ဘဲ စွန့်ပစ်ခံထားရတဲ့ သနားစရာလေး ဖြစ်နေတာပဲ’

ခဏ စဉ်းစားပြီးနောက်မှ သူက ကိုယ့်ကိုယ်ကို မိတ်ဆက်လိုက်သည်။

“ငါက လင်ကျဲပါ၊ ဒီစာအုပ်ဆိုင်ရဲ့ ပိုင်ရှင်ပေါ့”

လင်ကျဲ စန်ဒြာ မျိုးနွယ်စုအကြောင်း သိနေခြင်းမှာ သူ သတင်းအချက်အလက် ကြွယ်ဝလွန်း၍ မဟုတ်ဘဲ၊ ‘ဆန်ဒြာ ဆေးဝါးလုပ်ငန်း’ မှာ အလွန်ပင် နာမည်ကြီးသောကြောင့် ဖြစ်သည်။ ထိုမျိုးနွယ်စုမှာ လူသိမခံဘဲ နေတတ်သော်လည်း လင်ကျဲပင် သူတို့အကြောင်း ကောလာဟလအချို့ကို ကြားဖူးသည်။

သူတို့မှာ အက်ရှ် ကုန်သည်ကြီးများ အသင်းနှင့် ကာလရှည်ကြာ လက်တွဲလုပ်ကိုင်နေသည့် အလွန် အမြတ်အစွန်းများသော လုပ်ငန်းတစ်ခု ဖြစ်သည်။ အဓိကအားဖြင့် အရည်အသွေးမြင့်ပြီး ဈေးကြီးသော ဆေးဝါးများကို ဆေးဆိုင်များ၊ ဆေးရုံများနှင့် သူကောင်းမျိုးနွယ်များထံ ဖြန့်ဖြူးပေးနေခြင်း ဖြစ်သည်။

ဤသို့ဆိုလျှင် ပရိုင်မာ၏ လက်ထဲ၌ အဆိပ်ဖြေဆေး ရှိနေခြင်းကို အလွယ်တကူ ရှင်းပြ၍ ရသွားပြီဖြစ်သည်။ သူမသည် ထိုမျိုးနွယ်စုတွင် မွေးဖွားလာသူဖြစ်ကာ ကိုယ်တိုင်လည်း ဆေးဝါးကျွမ်းကျင်သူ တစ်ဦး ဖြစ်ပေလိမ့်မည်။

‘အော်... သူ ခုနက သူ့အစ်မအကြောင်းကိုလည်း ထည့်ပြောသွားတယ်... ဒီကိစ္စက သူမအစ်မနဲ့ ပတ်သက်နေပုံရတယ်’

ထိုကဲ့သို့ တွေးရင်း လင်ကျဲ ဆက်လက်မေးမြန်းလိုက်၏။

“ကြားရသလောက် မင်းရဲ့အစ်မ မာဂရက် က မင်းကို ရန်သူတွေ ပစ်မှတ်ထားရတဲ့ အကြောင်းရင်း ဖြစ်လိမ့်မယ် ထင်တယ်”

ပရိုင်မာ နှုတ်ခမ်းကို တင်းတင်းစိကာ ခေါင်းညိတ်ပြလိုက်၏။

“အစ်မက တိုက်ခိုက်ခံရပြီး ပျောက်ဆုံးနေပါတယ်... ဒါက ဂျရုမ်းနဲ့ သူ့လူတွေရဲ့ လက်ချက်ဖြစ်မှာ သေချာပါတယ်... သူတို့က သူတို့ရဲ့ အကျိုးစီးပွားအတွက် အဟန့်အတား ဖြစ်နေသမျှ အရာအားလုံးကို ဖယ်ရှားပစ်ချင်နေကြတာ”

“အစ်မ အခု ဘာဖြစ်နေပြီလဲဆိုတာ ကျွန်မ မသိဘူး... ဒါပေမဲ့ အခြေအနေက တကယ်ကို စိုးရိမ်စရာ ကောင်းတယ်... မျိုးနွယ်စုအတွင်းက ပဋိပက္ခတွေကို ကျွန်မ သိပ်နားမလည်ဘူး... ဒါပေမဲ့ ကျွန်မ အစ်မကိုတော့ ကယ်မှဖြစ်မယ်”

လင်ကျဲ စိတ်ထဲမှ တွေးလိုက်မိ၏။

‘ငါလည်း မင်းတို့ မျိုးနွယ်စုထဲက ပြဿနာတွေကို ဘာမှမသိပါဘူး... မင်းတို့လို အထက်တန်းလွှာတွေကတော့ တကယ့်ကို နိတ်ရှ်လယ်ဗယ်ပဲ... ချောင်းမြောင်းတိုက်ခိုက်တာတွေ လုပ်ကြံသတ်ဖြတ်တာတွေနဲ့’

‘ဒါပေမဲ့... အဲဒါက အဓိက မဟုတ်ဘူး... အရေးကြီးဆုံးက ငါ့တံခါးကြီး ပျက်စီးသွားတာပဲ...’

“ဒါဆို မင်းကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ နောက်ကွယ်က လူက ဂျရုမ်းနဲ့ သူ့အပေါင်းအပါတွေပေါ့၊ ဟုတ်လား...”

လင်ကျဲ ကြင်နာသည့် အပြုံးကို ပြသရင်း ဆက်ပြောလိုက်သည်။

“ဒါဆို... ငါ့တံခါးကို ဖျက်ဆီးခဲ့တဲ့လူက သူတို့ပဲပေါ့”

မိမိရှေ့မှ လူငယ်၏ လေသံ ပြောင်းလဲသွားသည်ကို ခံစားမိလိုက်သဖြင့် ပရိုင်မာ တစ်ယောက် တံတွေးကို အနိုင်နိုင် မျိုချလိုက်ပြီး ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြလိုက်တော့သည်။

“ကောင်းပြီလေ... ငါက အမှန်တရား အသင်းတော်နဲ့ မိတ်ဖက်အဖြစ် လက်တွဲလုပ်ကိုင်နေတာ... အဲဒီကနေပဲ စုံစမ်းစစ်ဆေးမှုတွေကို စတင်ကြတာပေါ့”

လင်ကျဲ မတ်တတ်ထရပ်လိုက်ပြီး လက်ပေါ်တွင် ခြောက်ကပ်နေသည့် သွေးများကို ပွတ်တိုက်ဖယ်ရှားလိုက်သည်။

“မင်း အရင်ဆုံး လဲပြီး အနားယူနေလိုက်ဦး၊ ငါ့လက်ထောက် နိုးလာတဲ့အထိ စောင့်လိုက်ပေါ့... ဒါနဲ့... မင်း လောလောဆယ် အိမ်ပြန်လို့ ရမှာမဟုတ်ဘူးဆိုတော့၊ သူနဲ့ပဲ တစ်ခန်းတည်း အတူနေလိုက်ပေါ့”

“လောလောဆယ်တော့...”

လင်ကျဲသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး စင်ပေါ်မှ စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။

“ဆိုင်ထဲမှာ တခြား ဖျော်ဖြေစရာ ဘာမှမရှိဘူးဆိုတော့၊ မင်း ပျင်းရင် ဒီစာအုပ်ကို ဖတ်ကြည့်လို့ ရပါတယ်”

စန်ဒြာ မျိုးနွယ်စုဝင် တစ်ယောက် ဆိုသည့် အဆင့်အတန်းကို ထည့်သွင်း စဉ်းစားခြင်း အားဖြင့် လင်ကျဲ သူမ အတွက် ‘ဆေးဖက်ဝင်အပင်များ စွယ်စုံကျမ်း’ဟု အမည်ရသော စာအုပ်ကို ရွေးချယ်ပေးလိုက်သည်။

‘ဒီလောက် အထူကြီးဆိုရင်တော့ ပရိုင်မာ အချိန်ကုန်တာ သိမှာမဟုတ်တော့ဘူး’

...

ပရိုင်မာ စာအုပ်ကို ငေးငိုင်စွာ လက်ခံရယူလိုက်ပြီးနောက်... လှေကားပေါ်သို့ တက်သွားသော လင်ကျဲ၏ ကျောပြင်ကို စိုက်ကြည့်ရင်း ကြောင်တောင်တောင် ဖြစ်ကျန်ခဲ့သည်။

‘ပျင်းရင် စာဖတ်ပြီး အချိန်ဖြုန်းလို့ရတယ်တဲ့...’

သူ့ လေသံက ကလေးတစ်ယောက်ကို ချော့ပြောနေသလိုမျိုးပင်။

စာအုပ်ကို လက်ထဲတွင် ကိုင်ထားရင်း ပရိုင်မာ တစ်ယောက် သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ ထို့နောက် သူမ၏ မျက်ဝန်းများက ထောင့်တစ်နေရာတွင် အမြီးဖြင့် လေထဲ၌ စက်ဝိုင်းများ ဆွဲကာ စိတ်ကောက်နေသည့် ဝဖြိုးဖြိုး ကြောင်ဖြူလေးကို သတိကြီးစွာ လှမ်းကြည့်လိုက်၏။

ဤမျှ အပြစ်ကင်းစင်ပြီး စိတ်မကောင်းဖြစ်နေပုံရသည့် ကြောင်ကလေးမှာ လွန်ခဲ့သည့် မိနစ်ပိုင်းကမှ ‘ငရဲဘုံအဆင့်’ တစ်ဦးအား ချက်ချင်း လက်စတုံးပစ်လိုက်သည် ဆိုသည်မှာ ယုံကြည်ရန် ခက်ခဲလှသည်။

စောစောက ‘အမှောင် အဲ့လ်ဖ် လူသတ်သမား’ မှာ ပရိုင်မာကို ကြွက်စုတ်လေးဟု ခေါ်ခဲ့သော်လည်း၊ တကယ့်တကယ်တွင်မူ သူမကိုယ်တိုင်ကသာ ကြောင်တစ်ကောင်၏ ဖမ်းစားခြင်း ခံလိုက်ရသည့် ‘ကြွက်စုတ်ကလေး’ ဖြစ်သွားခဲ့ရသည်။

ယနေ့ည ကြုံတွေ့ခဲ့ရသည့် အသည်းထိတ်ရင်ဖို အခြေအနေများကို ပြန်တွေးကြည့်ရင်း ပရိုင်မာ တစ်ယောက် ဖြစ်ပျက်ခဲ့သမျှကို အနိုင်နိုင် အစာကြေအောင် ကြိုးစားနေရသည်။

ဤအဖြစ်အပျက်များ မတိုင်ခင်အထိ သူမသည် ဆေးဝါးသုတေသန စာပုံကြီးများအကြား ခေါင်းနစ်နေသည့် စာဂျပိုးမလေး တစ်ဦးသာ ဖြစ်ခဲ့သည်။ အစ်မဖြစ်သူ၏ စောင့်ရှောက်မှုအောက်တွင် ပျင်းရိဖွယ်ကောင်းသော်လည်း အေးချမ်းသော ဘဝကို ပိုင်ဆိုင်ခဲ့သူဖြစ်သည်။ တစ်နေ့တွင် ယခုကဲ့သို့ အသက်အန္တရာယ်နှင့် ရင်ဆိုင်ရလိမ့်မည်ဟု သူမ တစ်ခါမှ မတွေးဖူးခဲ့ချေ။

နောက်ထပ် အနည်းငယ်သာ နောက်ကျခဲ့လျှင် သူမ၏ ဘဝမှာ ဤနေရာမှာတင် ဇာတ်သိမ်းသွားပေလိမ့်မည်။ ဤလုပ်ကြံမှု၏ နောက်ကွယ်မှ တရားခံကိုလည်း မည်သည့်အခါမျှ သိရှိနိုင်မည် မဟုတ်ပေ။

“ငါက အားနည်းလွန်းသေးတာပဲ...”

ပရိုင်မာ တစ်ယောက် နှုတ်ခမ်းကို တင်းတင်းစိကာ စာအုပ်ကို လက်ဖဝါးဖြင့် ဆုပ်ကိုင်ထားမိ၏။ ဤသည်မှာ သူမ၏ ဘဝတွင် ခွန်အားကို ပထမဆုံးအကြိမ် တောင့်တမိခြင်း ဖြစ်သည်။ ဆေးရည်ဖော်စပ်ခြင်းဆိုင်ရာ ဗဟုသုတများကိုသာ နှိုင်းယှဉ်မည်ဆိုလျှင် ပရိုင်မာမှာ သူမနှင့် ရွယ်တူများအကြား ထိပ်ဆုံးတွင် ရှိနေသည်ဟု ဂုဏ်ယူဝင့်ကြွားနိုင်ပေမည်။

သို့သော်လည်း... ယခု သူမ ရင်ဆိုင်နေရသော ရန်သူများမှာ သူမနှင့် သက်တူရွယ်တူများ မဟုတ်ကြချေ။ ဂျရုမ်းသည် မျိုးနွယ်စုကို သစ္စာဖောက်ရန် ကြံစည်နေသည့် သစ္စာဖောက်အုပ်စု၏ ခေါင်းဆောင်ဖြစ်သည်။ ပရိုင်မာမှာ သူနှင့် ဆေးပညာ ဗဟုသုတများ ယှဉ်ပြိုင်နေရခြင်း မဟုတ်ဘဲ၊ သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးမည့် တကယ့်တိုက်ပွဲတွင် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

စောစောက ဖြစ်ပျက်ခဲ့သည့်အတိုင်းပင်၊ သူမ၏ ဆေးရည်များအားလုံးမှာ ‘ငရဲဘုံအဆင့်’ ရှိသော အဲ့လ်ဖ် မျိုးနွယ်ကို အနည်းငယ် နှောင့်နှေးအောင်သာ လုပ်နိုင်ခဲ့ပြီး၊ အသေးငယ်ဆုံးသော အနှောင့်အယှက်ကိုသာ ပေးနိုင်ခဲ့သည်။

ယခင်က ပရိုင်မာစည် သူမ၏ ဆေးရည်ဖော်စပ်မှု သီအိုရီ ဗဟုသုတများအပေါ်တွင် ယုံကြည်ချက် အပြည့်အဝ ရှိခဲ့သည်။ မှန်ကန်သော တွက်ချက်မှုများဖြင့်သာ ဤဆေးရည်များကို စနစ်တကျ အသုံးပြုနိုင်မည်ဆိုပါက ‘ငရဲဘုံအဆင့်’ တစ်ဦးကို ရင်ဆိုင်ရန် သို့မဟုတ် သတ်ဖြတ်ရန်မှာ လုံးဝ ဖြစ်နိုင်ခြေ ရှိပေသည်။

သို့သော်လည်း ဤအရာမှာ သီအိုရီအရသာ ဖြစ်နိုင်ခြင်းပင်...။

လက်တွေ့လောကက ရလဒ်ကို ပြသခဲ့ပြီး ဖြစ်သည်။ ငရဲဘုံအဆင့် နှင့် တကယ်တမ်း ထိပ်တိုက်တွေ့သောအခါ ပရိုင်မာ တစ်ယောက် ဆေးရည်ပုလင်းများကိုပင် ကောင်းကောင်းမွန်မွန် မထုတ်ယူနိုင်ခဲ့ဘဲ တစ်ချိန်လုံး ဖရိုဖရဲ ဖြစ်နေခဲ့ရသည်။

‘ငါ ပိုပြီး အစွမ်းထက်ချင်တယ်...’

ဤအတွေးမှာ ပရိုင်မာ၏ စိတ်ထဲတွင် အလွန်ပင် ထင်ရှားပြတ်သားနေ၏။ သို့သော် ထိုအတွေးမှာ ချက်ချင်းပင် ပြန်လည် လျော့ကျသွား၏။ ပိုမိုအစွမ်းထက်လာရန်မှာ ပြောသလောက် မလွယ်ကူလှပေ။

ယခု သူမ လုပ်နိုင်သည့် အရာက စာဖတ်ဖို့ပဲ ရှိတော့သည်။

ပရိုင်မာ စိတ်ပျက်လက်ပျက်ဖြင့် စာအုပ်ကို မလိုက်ပြီးနောက်၊ ရုတ်တရက် မှင်သက်သွားလေ၏။ လက်ထဲမှ စာအုပ်မှာ သူမ မျှော်လင့်ထားသလို မဟုတ်ပေ။

နက်ပြာရောင် စာအုပ်ချပ်ကြီးထံမှ လျှို့ဝှက်ဆန်းကြယ်ပြီး ရှေးကျသည့် အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။ ထူထဲပြီး မညီမညာဖြစ်နေသည့် စာအုပ်မျက်နှာဖုံးပေါ်တွင် ပရိုင်မာ တစ်ခါမှ မမြင်ဖူးသည့် ဆေးဖက်ဝင်အပင်တစ်ပင်ကို ရေးဆွဲထား၏။ ၎င်း၏ အောက်တွင်တော့ ကြေးနီရောင် စာသားများဖြင့် ‘မူလဆေးရည်ကျမ်းစာ’ ဟု ရေးသားထားသည်။

***

All Chapters