မူလဆေးရည်ကျမ်းစာ (၂)
Vol. 19 Ch. 257
“မူလဆေးရည်ကျမ်းစာ...”
ပရိုင်မာ တစ်ဦးတည်း ရေရွတ်လိုက်မိသည်။ ဆေးရည်ဖော်စပ်ခြင်း လမ်းစဉ်၌ ကျွမ်းကျင်သူတစ်ဦးအနေဖြင့် ဤစာအုပ်ကို ကြည့်ရုံမျှဖြင့် သူမ တုန်လှုပ်ချောက်ခြားမှုနှင့် အံ့ဩကြည်ညိုမှုကို တစ်ပြိုင်နက် ခံစားလိုက်ရသည်။
ပရိုင်မာ၏ ရင်ခုန်သံများ မြန်လာ၏။ ဆန်ဒြာမျိုးနွယ်စုမှာ နော်ဇင်မြို့တွင် ရှေးအကျဆုံး မှော်ဆေးပညာ အထူးပြု မျိုးနွယ်စု ဖြစ်ပေသည်။ သို့သော်လည်း... သူမသည် ယခုကဲ့သို့သော စာအုပ်မျိုးကို တစ်ခါမျှ မကြားဖူးခဲ့ချေ။
‘မင်း တစ်ဘဝလုံး ရှာဖွေနေခဲ့တဲ့ အရာအားလုံးဟာ ဒီစာအုပ်ထဲမှာ ရှိနေတယ်...’ ဟု အမှောင်ထဲမှ အသံတစ်ခုက သူမကို ပြောနေသည့်အလား။
‘မူလ’ တစ်နည်းအားဖြင့် ‘ကမ္ဘာဦး’ ဆိုသည့် ဘွဲ့ထူးကို ပိုင်ဆိုင်ခွင့်ရှိသူများမှာ ‘ကမ္ဘာဦး စုန်းမကြီး လေးဦး’ မှလွဲ၍ အခြားမရှိပေ။
ဤသည်မှာ ဘာကို ဆိုလိုသနည်း။
ကမ္ဘာဦးစုန်းမကြီး လေးဦးမှာ တစ်ခါက အမြင့်ဆုံးသော စွမ်းအား၏ ပြယုဂ်များ ဖြစ်ခဲ့ကြသည်။ ဤသို့ဆိုလျှသ်... သူမရှေ့မှ ဤစာအုပ်သည်လည်း သမိုင်းတစ်လျှောက် အစွမ်းထက်ဆုံးသော ဆေးရည်ကျမ်းစာ ဖြစ်နေသည်လော။
ပရိုင်မာမှာ မှင်သက်သွား၏။ ဤစာအုပ်ကို လူငယ်က သူမအား ရိုးရိုးလေး ပေးလိုက်ခြင်းသာ ဖြစ်သည်။
‘ဒါမှမဟုတ်... စာအုပ်ဆိုင်ပိုင်ရှင်က ငါ ပိုပြီး အစွမ်းထက်ချင်နေတယ်ဆိုတာကို ကြိုမြင်နေပြီး၊ ငါ့အတွက် သင့်တော်တဲ့ နည်းလမ်းကို တိုက်ရိုက်ပေးလိုက်တာလား...’
သံသယဖြစ်ဖွယ် မရှိချေ။ စာအုပ်ဆိုင်ပိုင်ရှင်၏ ဤလုပ်ရပ်မှာ ဝါးပူဂစ်၏ အလိုတော် အတိုင်းပင် ဖြစ်ရမည်။
စိတ်လှုပ်ရှားမှုများနှင့်အတူ ပရိုင်မာ စာအုပ်ကို လှန်ကြည့်လိုက်ရာ သိပ်သည်းလှသော နိဒါန်းစာသားများကို တွေ့လိုက်ရ၏။ ချက်ချင်းပင်... အံ့ဩခြင်းနှင့် စိတ်ဝင်စားခြင်းများက သူမကို လွှမ်းမိုးသွားတော့သည်။
စာအုပ်ထဲတွင် ဆေးရည် ပါဝင်ပစ္စည်းများ၏ ပုံသဏ္ဌာန်၊ မြစ်ဖျားခံရာ၊ ဂုဏ်သတ္တိ၊ လုပ်ဆောင်ချက်၊ ရိတ်သိမ်းပုံ နည်းစနစ်များနှင့် အခြားအရာများစွာကို အသေးစိတ် အမျိုးအစားခွဲခြား ပြသထားသည်။ စနစ်တကျနှင့် အစီအစဉ်တကျ ပြုစုထားသော ဤစာအုပ်မှာ အမှန်တကယ်ပင် မယုံကြည်နိုင်လောက်သော မှော်ဆေးပညာ စွယ်စုံကျမ်းကြီး တစ်ခုပင် ဖြစ်သည်။
ထိုအချက်တစ်ခုတည်းနှင့်တင် ဤစာအုပ်မှာ ပရိုင်မာ ဖတ်ဖူးသမျှသော မှော်ဆေးပညာ စာပေအားလုံးကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ ပို၍ စိတ်လှုပ်ရှားစရာ ကောင်းသည်က... အတွင်း၌ ဖော်ပြထားသော ဆေးရည်ဖော်စပ်နည်းမျိုးစုံပင် ဖြစ်သည်။
“ဒါကို ဒီလိုလုပ်လို့ ရတာလား...”
“ဘုရားရေ... ဒါက တကယ့်ကို မယုံနိုင်စရာပဲ...”
“အင်... ကလေးရဲ့ အချင်းကို သုံးပြီး ဆေးရည်ဖော်စပ်ရတာလား၊ ဘယ်လောက်တောင် ကြောက်စရာကောင်းပြီး စိတ်မသက်မသာ ဖြစ်စရာလဲ... မဟုတ်ဘူး၊ အဲဒါက အဓိက မဟုတ်ဘူး... ဆေးရည်ဖော်စပ်ဖို့ အတွက် ကျိုးကြောင်းဆီလျော်မှု၊ ယုတ္တိဗေဒနဲ့ ခိုင်လုံမှုတွေ လိုအပ်တယ်... ငါက ဒီဆေးရည်ရဲ့ နောက်ကွယ်က နိယာမနဲ့ လုပ်ဆောင်ချက်တွေကိုပဲ ပိုပြီး အာရုံစိုက်သင့်တာ”
“ပြီးတော့ ဒါက... ဒီအပင်မျိုးကို ငါ တစ်ခါမှ မမြင်ဖူးဘူး... ကမ္ဘာပေါ်မှာ တကယ်ပဲ ဒီလိုအပင်မျိုး ရှိလို့လား... တကယ့်ကို စိတ်ဝင်စားစရာပဲ...”
ကိုယ်တိုင်ပင် သတိမထားမိဘဲ ပရိုင်မာ တစ်ယောက် စာမျက်နှာများကို တစ်ခုပြီးတစ်ခု လှန်ကြည့်နေမိသည်။ သူမ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှု၊ ကြောက်ရွံ့မှုနှင့် ထက်သန်မှု အမူအရာမျိုးစုံမှာ အလှည့်ကျ ပေါ်ပေါက်နေ၏။ နောက်ဆုံးတွင် သူမ စာမျက်နှာတစ်ခုတွင် ရပ်တန့်သွားပြီး သံသယများဖြင့် စိုက်ကြည့်နေမိသည်။
ထိုစာမျက်နှာပေါ်တွင် ပရိုင်မာ တစ်ခါမျှ မမြင်ဖူးသည့် ဆေးဖက်ဝင်အပင်တစ်ပင်ကို အသက်ဝင်နေ သကဲ့သို့ ရေးဆွဲထားသည်။ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ပရိုင်မာ ထိုအပင်၏ သစ်ရွက်ကလေး အနည်းငယ် လှုပ်ရှားသွားသည်ကို ရုတ်တရက် သတိပြုမိလိုက်၏။
‘...ငါ အမြင်မှားနေတာလား’
မျက်တောင်ကို အကြိမ်ကြိမ် ခတ်ကြည့်လိုက်သောအခါ... ထိုအပင်မှာ စာအုပ်ထဲမှ ‘ပေါက်ထွက်’ လာသည်ကို ပရိုင်မာ မြင်လိုက်ရသည်။ ထို့နောက်... ပုံရိပ်မှာ စာမျက်နှာပေါ်မှ ကွာကျလာပြီး အမည်မသိ သက်ရှိအပင်တစ်ပင်အဖြစ် ပြောင်းလဲသွားတော့၏။
ဤသည်က... သက်ရှိစာအုပ်ကြီးပင်...။
စာအုပ်ထဲရှိ ဆေးဖက်ဝင် ပစ္စည်းများ အားလုံးမှာ အသက်ရှိနေကြခြင်း ဖြစ်သည်။
စာအုပ်ကို ကိုင်ထားသော ပရိုင်မာ၏ လက်များမှာ အနည်းငယ် တုန်ရီလာ၏။ ထိုစဉ် လှေကားပေါ်မှ ဆင်းလာသည့် ခြေသံများကို ကြားလိုက်ရသဖြင့် သူမ စာအုပ်ကို ‘ဒုန်း’ ခနဲ အမြန် ပြန်ပိတ်လိုက်သည်။
ပရိုင်မာ လှည့်ကြည့်လိုက်သောအခါ လူငယ်မှာ မျက်နှာသေနှင့် မိန်းကလေးတစ်ဦးကို ခေါ်ဆောင်ကာ ဆင်းလာသည်ကို တွေ့လိုက်ရ၏။
လင်ကျဲ မွန်းကို ကုလားထိုင်တစ်ခုပေါ်သို့ ခေါ်ဆောင်လာပြီးနောက်၊ သူမ၏ ပုခုံးကို အသာအယာ ဖိကာ ထိုင်ခိုင်းလိုက်သည်။
“ဒါက ပရိုင်မာတဲ့၊ အသေးစိတ်ကိုတော့ နောက်မှ သူ့ကိုပဲ မေးကြည့်လိုက်တော့... ဘာပဲဖြစ်ဖြစ် သူက ငါ အခုလေးတင် ကယ်တင်ခဲ့တဲ့သူဆိုတော့ ခဏတော့ တို့ဆိုင်မှာ တူတူနေမှာပေါ့... သူနဲ့ တည့်အောင်ပေါင်းနော်”
သူက ဆိုသည်။
မွန်း မျက်တောင်ခတ်လိုက်ပြီး ပရိုင်မာကို ကြည့်လိုက်၏။ ထို့နောက် သူမ ချက်ချင်းပင် နားလည်သွားသည်။ ဤမိန်းကလေးမှာ ဤနေရာသို့ လမ်းမှန်ရောက်လာသည့် ဘိသိက်ခံ တစ်ဦးပင်။
“အွန်း...”
သူမ ခေါင်းညိတ်ပြလိုက်၏။
လင်ကျဲ စိတ်ကျေနပ်သွားကာ သူ၏ အားကိုးရသော လက်ထောက်လေး၏ ပုခုံးကို ပုတ်ပေးလိုက်ပြီးနောက်၊ တံခါးကို ပြုပြင်ရန် ထွက်ခွာသွားတော့သည်။
ပရိုင်မာ မွန်းကို စိုက်ကြည့်ရင်း လုံးဝ မှင်တက်သွား၏။
ဘိသိက်ခံ တစ်ဦးအနေဖြင့် ဝါးပူဂစ်၏ အရှိန်အဝါမှာ ပရိုင်မာ၏ ဝိညာဉ်အတွင်းပိုင်းအထိ စိမ့်ဝင်နေလေရာ ဤမိန်းမလေးထံတွင်... ဝါးပူဂစ်နှင့် ဆင်တူသည့် အရှိန်အဝါရှိကြောင်း သူမ ချက်ချင်း ခံစားလိုက်ရသည်။
‘မဟုတ်ဘူး... ဆင်တာ မဟုတ်ဘူး... ဒါက ဝါးပူဂစ်ရဲ့ အရှိန်အဝါ အစစ်အမှန်ပဲ...’
‘နေဦး... ဒီကောင်မလေးက ဝါးပူဂစ် အစစ်အမှန်ဆိုရင်...’
လင်ကျဲက ခုနက ပရိုင်မာကို သူ့လက်ထောက်နှင့် တစ်ခန်းတည်း အတူနေရမည် ဟု ပြောခဲ့သည်။ သူပြောခဲ့သည့် လက်ထောက်မှာ မွန်းမှလွဲ၍ အခြားမရှိပေ။
ဆိုလိုသည်က သူသည် ဝါးပူဂစ်၏ တမန်တော် မဟုတ်ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ဝါးပူဂစ်ကသာ သူ၏ လက်ထောက် ဖြစ်နေခြင်းပင်...။
‘ကမ္ဘာဦးစုန်းမကြီး တစ်ပါးက သူ့ရဲ့ လက်ထောက်တဲ့လား...’
ပရိုင်မာ၏ ဦးနှောက်မှာ တစ်ပတ်လည် သွားခဲ့၏။ သူမ၏ လောကအမြင် တစ်ခုလုံးမှာ လုံးဝ ပြောင်းလဲသွားပြီဟု သူမ ခံစားလိုက်ရလေတော့သည်။
...
တစ်ချိန်တည်းမှာပင် ငှားရမ်းထားသော ‘အမှောင် အဲ့လ်ဖ် လူသတ်သမား’ နှင့် အဆက်အသွယ် ပြတ်တောက်သွားသည့် ဂျရုမ်းမှာ စိုးရိမ်တကြီးဖြင့် လမ်းလျှောက်နေမိ၏။
“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ... ပရိုင်မာက အဲဒီစာအုပ်ဆိုင်နဲ့ ဘယ်လိုလုပ်ပြီး ပတ်သက်နေတာလဲ”
“ငါတို့ အခု ဘာဆက်လုပ်ကြမလဲ”
“အရင်က အီသာ ဖျက်ဆီးရေး အမြောက်တောင် ဖျက်ဆီးခံလိုက်ရတာ...”
ဂျရုမ်း၏ မျက်မှောင်များမှာ အတော်လေး ကြုတ်နေကာ နဖူးမှ ချွေးစေးများမှာလည်း တဒီးဒီး ကျနေ၏။ သူ အခန်းအတွင်း၌ စိုးရိမ်တကြီးဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိသည်။
ဂျရုမ်း၏ ရုပ်သွင်မှာ အထက်တန်းလွှာ တစ်ဦး၏ စံနှုန်းအတိုင်းပင်။ ပြောင်လက်နေအောင် ဖိကပ်ထားသည့် ဆံပင်၊ အဖျားနှစ်ဖက် ရှည်လျားသေးသွယ်သော နှုတ်ခမ်းမွေး၊ သပ်ရပ်သားနားသည့် ဝတ်စုံနှင့် ဘောင်မဲ့ မျက်မှန်တစ်ဖက် တို့ဖြင့် ပြည့်စုံလှသည်။
သို့သော် သူ၏ ကယောင်ကတမ်း လမ်းလျှောက်နေပုံနှင့် လက်နှစ်ဖက်ကို ဂနာမငြိမ် ပွတ်သပ်နေပုံတို့ကတော့ ခေါင်းပြတ်နေသည့် ယင်ကောင်တစ်ကောင်နှင့်ပင် ပိုတူနေတော့သည်။
ဂျရုမ်း၏ မျက်နှာအမူအရာမှာ ခန့်မှန်းရခက်လှပြီး မှိန်ဖျော့သွားသည့် ဆက်သွယ်ရေး ပုံဆောင်ခဲကို ခဏခဏ ငုံ့ကြည့်ကာ တစ်ဦးတည်း ရေရွတ်နေမိသည်။
“ပုံဆောင်ခဲထဲမှာ နောက်ဆုံးမြင်လိုက်ရတဲ့ ပုံအရဆိုရင် စာအုပ်ဆိုင်ပိုင်ရှင် ကိုယ်တိုင်လုပ်တာ မဟုတ်ဘူး... ဒါပေမဲ့ အဓိက မေးခွန်းက သူနဲ့ ပရိုင်မာက ဘယ်လို ပတ်သက်နေတာလဲ... ဘာလို့ သူ့ကို ကူညီရတာလဲဆိုတာပဲ...”
“ပရိုင်မာက အဲဒီလမ်းထဲကို တစ်ခါမှ မရောက်ဖူးဘူး၊ သူက စာအုပ်ဆိုင်ရဲ့ ဖောက်သည် မဖြစ်နိုင်ဘူး... စာအုပ်ဆိုင်ပိုင်ရှင်မှာ ကူညီစရာ အကြောင်းရင်း မရှိဘူး...”
“နေဦး... ချီးပဲ... အဲဒီအဲ့လ်ဖ် မျိုးနွယ် ခုနက ဘာပြောလိုက်တာလဲ... သူမက ပရိုင်မာကို စာအုပ်ဆိုင်ထဲ ရောက်သွားအောင် ကန်ထုတ်လိုက်တာ မဟုတ်ပါဘူးနော်... အဲဒါက ငါ့ကို ဒုက္ခရောက်အောင် တမင်သက်သက် လုပ်တာပဲ”
“တကယ်လို့ အဲဒီအတိုင်းသာဆိုရင် ငါက အဲဒီလူကို အကြီးအကျယ် စော်ကားမိလိုက်ပြီ...”
ဂျရုမ်း၏ မျက်နှာမှာ ပြာနှမ်းသွားကာ တုန်ရီနေသော လက်များဖြင့် သပ်ရပ်လှသည့် ဆံပင်များကို ထိုးဖွပစ်လိုက်လေတော့သည်။
***