← Chapters

ငါ စာအုပ်ဆိုင်ကို သွားသင့်တယ်

Vol. 19 Ch. 259

ငါ စာအုပ်ဆိုင်ကို သွားသင့်တယ်

Vol. 19 Ch. 259

အင်ဒရူးသည် သူ့ ရှေ့မှ စာကြည့်စားပွဲကို စိုက်ကြည့်ရင်း အတန်ကြာအောင် စဉ်းစားနေမိ၏။ နောက်ဆုံးတွင် သူ၏ မျက်ဝန်းများမှာ လက်ခနဲ ဖြစ်သွားပြီး ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ...ငါ အလုပ်လေးတွေ ရှိနေသေးလို့ ခဏစောင့်ပေးဖို့ သူ့ကို သွားပြောလိုက်ပါ”

“ဟုတ်ကဲ့ပါ သခင်”

အစေခံက ရိုသေစွာဖြင့် ချက်ချင်း ထွက်ခွာသွား၏။

အင်ဒရူး တစ်ယောာက် သူ၏ ယူဆချက် မှန်ကန်ကြောင်း ၇၀ ရာခိုင်နှုန်းခန့် သေချာနေပြီဖြစ်သည်။ ခိုင်လုံသော အထောက်အထား မရှိသေးခြင်းသာ ဖြစ်သည်။

ပြီးခဲ့သည့် လပိုင်းအတွင်းမှာတုန်းက စောင့်ကြည့်ခံနေရပြီး လုပ်ပိုင်ခွင့်အချို့ ရပ်ဆိုင်းခံထားရသဖြင့် အင်ဒရူး အိမ်၌သာ နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုအချိန်အတွင်း သူ အမှန်တရား အသင်းတော် ဝန်ထမ်းအားလုံး၏ အဝင်အထွက် မှတ်တမ်းများကို စုဆောင်းခဲ့သည်။

ပတ်ဝန်းကျင်ရှိ လူများကို မယုံကြည်နိုင်သဖြင့် အင်ဒရူးသည် မှတ်တမ်းများကို နေရာအမျိုးမျိုးမှ ကိုယ်တိုင် ရယူခဲ့ပြီးမှ စနစ်တကျ ပြန်လည် စီစစ်ခဲ့ခြင်း ဖြစ်သည်။

ဤကာလအတွင်း ဝန်ထမ်းအားလုံး၏ လှုပ်ရှားမှုများကို နားလည်ပြီးနောက်တွင် ဝေဝါးနေသော ကွန်ရက်တစ်ခုမှာ တဖြည်းဖြည်း ထင်ရှားလာခဲ့သည်။ ထိုအထဲမှ အင်ဒရူး သဲလွန်စအချို့ကို ဖမ်းဆွဲမိခဲ့၏။

လောလောဆယ်တွင် သူသည် သူလျှိုဖြစ်နိုင်ခြေရှိသူများ၏ စာရင်းကို ပြုစုထားပြီးဖြစ်ကာ ဆက်လက် စုံစမ်းလိုသော်လည်း၊ စောင့်ကြည့်ခံနေရသဖြင့် မဖြစ်နိုင်သေးပေ။

အင်ဒရူးသည် ယခင်က သူ၏ အတွေးအခေါ် လုပ်ငန်းစဉ်များအပေါ်တွင် တစ်စုံတစ်ဦး၏ လွှမ်းမိုးမှုကို ခံခဲ့ရသည်ဟုပင် သံသယရှိနေသည်။

သို့မဟုတ်ပါက သူသည် မိုးနတ်ဘုရားနှင့် တိုက်ပွဲအပြီးတွင် လက်တွေ့လောကထဲသို့ ထွက်ပေါ်လာသည့် ကန်ဒယ်လာ၏ ဝိညာဉ်ပုံရိပ်ကို အဆင်အခြင်မဲ့ တိုက်ခိုက်ခဲ့လိမ့်မည် မဟုတ်ပေ။

မည်သို့ပင် ဆိုစေ... ထိုဆုံးဖြတ်ချက်ကြောင့် အမှန်တရား အသင်းတော်မှာ အထိနာခဲ့ရုံတင်မကဘဲ စာအုပ်ဆိုင်ပိုင်ရှင်ကိုလည်း အကြီးအကျယ် စော်ကားမိသလို ဖြစ်သွားခဲ့သည်။

ထိုအချိန်က သူ၏ အခြေအနေကို ဖော်ပြရလျှင် ‘ဆင်ကန်းတောတိုး’ ဆိုသည့် စကားလုံးမှာ အသင့်တော်ဆုံးပင်။

ယခုနောက်ပိုင်း... တစ်ယောက်တည်း စဉ်းစားချိန် ရလာမှသာ ထိုအချိန်က သူ၏ အတွေးအခေါ်နှင့် လုပ်ရပ်များအကြား အချိတ်အဆက် ပြတ်တောက်နေသည်ကို အင်ဒရူး သတိပြုမိတော့သည်။

သူသည် သူကောင်း မျိုးရိုးနောက်ခံ ရှိသော်လည်း၊ ဒုတိယဥက္ကဋ္ဌ ရာထူးအထိ ရောက်ရန် ကိုယ်ပိုင် အစွမ်းအစဖြင့်သာ တဖြည်းဖြည်း တက်လှမ်းလာခဲ့သူ ဖြစ်သည်။ နှစ်ပေါင်းများစွာအတွင်း သူသည် ကြီးလေးသော အမှား တစ်ခါမှ မလုပ်ခဲ့ဖူးချေ။ အလွန် အရေးကြီးသော ထိုအချိန်ကျမှ အကြီးအကျယ် မှားခဲ့ခြင်း ဖြစ်သည်။

ထိုအရာက ယုတ္တိရှိပါ၏လော။

သို့သော်လည်း... ထိုအချိန်ကမူ အင်ဒရူး မည်သည့်အရာမှ မှားယွင်းနေသည်ဟု မခံစားခဲ့ရပေ။

“အဲဒီအချိန်က တစ်ယောက်ယောက်က ငါ့ကို တိုက်ရိုက်ဖြစ်ဖြစ် သွယ်ဝိုက်ပြီးပဲ ဖြစ်ဖြစ် ထိတွေ့ခဲ့ပြီး ငါ့ကို တစ်နည်းနည်းနဲ့ လွှမ်းမိုးခဲ့တာ သေချာတယ်...”

“ပြီးတော့ အဲဒီလူဟာ နော်ဇင်မြို့ကို အမှန်တရား အသင်းတော်က စောင့်ကြည့်နေတာကို နှောင့်ယှက်နေတဲ့လူ၊ ပြီးတော့ ငါ့ရဲ့ အမိန့်ကို ကြားဖြတ်ဟန့်တားပြီး အပြင်မရောက်အောင် လုပ်ခဲ့တဲ့လူလည်း ဖြစ်ရမယ်...”

“ဒီအချက်တွေနဲ့ ကိုက်ညီတဲ့လူ ရှိရမယ်... သက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ ထိတွေ့မှုရှိနေပြီး၊ သံသယကင်းအောင် အခင်းဖြစ်ပွားရာနေရာမှာ မရှိဘဲနဲ့ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိနေတဲ့လူမျိုးပေါ့...”

“ဒါပေမဲ့ အဲဒီလူက ဘယ်သူလဲဆိုတာ ငါ ရှာမတွေ့သေးဘူး...”

အင်ဒရူး တစ်ယောက် သူ၏ ပါးလွှာလာသော ဆံပင်များကို ကိုင်ကြည့်လိုက်၏။ အသက်အရွယ် ရလာသော်လည်း မပျက်ပြယ်ခဲ့သော သူ၏ ဆွဲဆောင်မှုများမှာ ယခုအခါ လျော့ပါးလာသယောင်ပင် ခံစားလိုက်ရသည်။

“ငါသာ အီသာ စောင့်ကြည့်ရေး ကွန်ရက်ကို သုံးခွင့်ရမယ်ဆိုရင် အားလုံးက ပိုလွယ်သွားမှာပဲ....”

သို့သော် ထိုကာလအတွင်း အီသာ စောင့်ကြည့်ရေး ကွန်ရက်မှ အချက်အလက်များမှာလည်း ပြုပြင်ပြောင်းလဲခြင်း ခံထားရသဖြင့် ထိုစက်ယန္တရားကြီးမှာ လုံးဝ ယုံကြည်၍ မရနိုင်သော အခြေအနေသို့ ရောက်ရှိနေသည်။

“ဂျရုမ်းက ဘာလို့ ငါ့ဆီကို ရုတ်တရက် လာတွေ့တာလဲ... ငါတို့ အရင်က အပြန်အလှန် ဆက်ဆံရေးတောင် သိပ်မရှိခဲ့ပါဘူး...”

“မာဂရက် ကိစ္စလား... ဒါမှမဟုတ် အခြား...”

“ဘာပဲဖြစ်ဖြစ် သူကလည်း သံသယရှိသူ စာရင်းထဲမှာ ပါနေတာပဲ..”

ထိုခဏတွင် လျှပ်စီးလက်လိုက်သကဲ့သို့ သူ၏ စိတ်ထဲ၌ အလင်းတစ်ချက် ပွင့်သွားကာ ဝေဝါးနေသော အတွေးများကို ဖြတ်တောက်လိုက်သည်။

ဝန်ထမ်းအားလုံး၏ အဝင်အထွက် လမ်းကြောင်းများကို မှတ်တမ်းတင်ထားသော စာရွက်များမှာ သူ့ စိတ်ထဲ၌ ပုံဖော်ထားပြီးသား ဖြစ်သည်။ ဂျရုမ်း သွားလာခဲ့သော လမ်းကြောင်းကို ဖော်ပြသည့် မျဉ်းကြောင်းတစ်ခုမှာ စာရွက်ပေါ်မှ ကြွတက်လာပြီး အခြားအရာများထက် ထင်ရှားပေါ်လွင်လာ၏။

အင်ဒရူးမှာ မှင်တက်သွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏ လက်ထဲမှ ငှက်မွေးစုတ်တံမှာ မသိစိတ်ကပင် လှုပ်ရှားသွား၏။ စာရွက်ပေါ်တွင် မှင်ကွက်များ ဖြစ်သွားသည်ကိုပင် ဂရုမစိုက်နိုင်ဘဲ မျဉ်းကြောင်းများကို အသည်းအသန် ဆွဲလိုက်တော့သည်။

“ဒီမှာ... ဒီမှာ... သူက ဒီနေ့မှာ အီသာ စောင့်ကြည့်ရေး ကွန်ရက်ရဲ့ အလုပ်သမားခေါင်းဆောင်နဲ့ ထိတွေ့ခဲ့တယ်... ပုခုံးချင်း တိုက်မိရုံလေးပဲ ဆိုပေမဲ့ပေါ့... သူက အမိန့်ပေးတဲ့လူရဲ့ ဘေးမှာလည်း ခဏ ရပ်ခဲ့သေးတယ်။ ငါနဲ့ ကျတော့ရော... ဟုတ်တယ်... သူက ငါ့ရဲ့ ချစ်သူ ဆူဇန် ဆီကို အလှပြင်ဆေးရည်တွေ ပို့ပေးဖို့ တစ်ခါ ကူညီပေးခဲ့ဖူးတယ်”

ဘုန်း...

အင်ဒရူး တစ်ယောက် စားပွဲကို လက်ဖဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်ပြီး တည်ကြည်သော မျက်နှာထားဖြင့် စိုက်ကြည့်နေမိ၏။ ရှုပ်ထွေးပွေလီစွာ ဆွဲထားသည့် မျဉ်းကြောင်းပြပုံကြမ်းကို စိုက်ကြည့်ရင်း သူ အံကြိတ်လိုက်သည်။

“သေချာပြီ... ဒါကို သူကိုယ်တိုင် လုပ်တာမဟုတ်ဘဲ ဆန်ဒြာ မျိုးနွယ်စုရဲ့ ဆေးပို့တဲ့လူတွေကတစ်ဆင့် လုပ်တာပဲ.. ဆေးပို့တဲ့လူ ဟုတ်ချင်မှ ဟုတ်မှာ... ဂျရုမ်းကိုယ်တိုင် ခိုးကြောင်ခိုးဝှက်နဲ့ အစားထိုး ဝင်လာတာလည်း ဖြစ်နိုင်တာပဲ”

ထိုဆေးရည်များ၏ လွှမ်းမိုးမှုအောက်တွင် ရှိနေခဲ့သဖြင့် သူ၏ ယခင် လုပ်ရပ်များမှာ ထိန်းချုပ်ခြင်းနှင့် ကြိုးကိုင်ခြင်း ခံခဲ့ရသည်ဟု အင်ဒရူး ခံစားလိုက်ရသည်။

‘မိပြီ... ဂျရုမ်းက သူလျှိုပဲ...’

“ဒါဆို သူ အခု လာတွေ့တာက ငါ့ကို ဘာလုပ်ဖို့ ရည်ရွယ်တာလဲ”

အင်ဒရူး စာကြည့်ခန်း တံခါးဘက်သို့ လှည့်ကြည့်လိုက်ရာ တံခါးနောက်ကွယ်တွင် စောင့်နေသည့် ဂျရုမ်းကိုပင် မြင်ယောင်လာသကဲ့သို့ ခံစားလိုက်ရ၏။

ထိုခွေးကောင်မှာ မိမိကိုယ်မိမိ မုဆိုးဟု မှတ်ယူပြီး အင်ဒရူးကို သားကောင်အဖြစ် သတ်မှတ်ကာ လာရောက်ခဲ့ခြင်း ဖြစ်ရမည်ဟု အင်ဒရူး ခန့်မှန်းလိုက်သည်။

ယခုအချိန်တွင် ဂျရုမ်းမှာ သူ၏ အထက်လူကြီးကို လက်ဖဝါးပေါ်၌ တင်ကစားနေရသည်ဟု ထင်မှတ်ကာ ဝမ်းသာနေပေလိမ့်မည်။

သို့သော် အခြေအနေများမှာ ပြောင်းလဲသွားပြီ ဖြစ်သည်။

မုဆိုးနှင့် သားကောင်၏ အခန်းကဏ္ဍမှာ ပြောင်းပြန် ဖြစ်သွားလေပြီ။

သို့သော် အင်ဒရူးသည် ဂျရုမ်းကို ချက်ချင်း ဖော်ထုတ်ဖမ်းဆီးရန် မရည်ရွယ်ပေ။ ဂျရုမ်း၏ အပြစ်ကို သက်သေပြရန် ခိုင်လုံသော အထောက်အထားများ လိုအပ်နေသေးသည်။ ထိုသို့လုပ်လိုက်ခြင်းက ရန်သူကို သတိပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။

ဂျရုမ်း၏ နောက်ကွယ်တွင် ကြိုးကိုင်နေသူ တစ်ဦးဦး ရှိနေမှာ သေချာသည်။

လောလောဆယ်တွင် အင်ဒရူးအနေဖြင့် ဂျရုမ်း၏ အစီအစဉ်အတိုင်း လိုက်ပါကစားပေးရန် လိုအပ်သည်။

အင်ဒရူး စာအုပ်ဆိုင်ပိုင်ရှင် လျှောက်လှမ်းနေသည့် လမ်ကြောင်းကို သိရှိထားသည်။ သူသာ စာအုပ်ဆိုင်၏ ဖောက်သည်တစ်ဦး ဖြစ်လာနိုင်မည်ဆိုလျှင် စာအုပ်ဆိုင်ပိုင်ရှင်၏ မျက်နှာသာပေးမှုကို ရရှိနိုင်မည် ဖြစ်သည်...။

ယခုအခါ သူ စာအုပ်ဆိုင်ပိုင်ရှင်၏ အကူအညီကို ရယူလိုနေပြီ ဖြစ်သည်။

...

ဧည့်ခန်းအတွင်း မိနစ် ၂၀ ခန့် စောင့်ဆိုင်းပြီးနောက် ဂျရုမ်း တစ်ယောက် နောက်ကျမှ ရောက်လာသော အင်ဒရူးကို တွေ့လိုက်ရသည်။

အင်ဒရူးက လက်ကမ်းကာ ရယ်မောလိုက်ရင်း...

“စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်ဗျာ... အလုပ်လေးတွေ နည်းနည်း ရှုပ်နေလို့ပါ”

“ရပါတယ်ခင်ဗျာ... ဆရာရဲ့ ဧည့်ခန်းမှာ စောင့်ခွင့်ရတာပဲ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ”

ဂျရုမ်းက မတ်တတ်ရပ်ကာ အင်ဒရူး၏ လက်ကို ဆွဲကာ နှုတ်ဆက်ရင်း အပိုအလိုမရှိ ဖော်လံဖားလိုက်သည်။

တစ်ချိန်တည်း၌ လူမြင်ကွင်းမှ ပျောက်ကွယ်နေသည်မှာ ကြာပြီ ဖြစ်သည့် အင်ဒရူးကို သူ အကဲခတ်လိုက်သည်။ ကြီးမားသည့် ဆုံးရှုံးမှုများ ကြုံတွေ့ရပြီးနောက်တွင် အမှန်တရား အသင်းတော်၏ ဒုတိယဥက္ကဋ္ဌမှာ ယခင်ကလိုမျိုး မိမိကိုယ်မိမိ ယုံကြည်မှုရှိသည့် အရှိန်အဝါများ မရှိတော့ချေ။ သူသည် အသက် ၁၀ နှစ်ခန့် ပိုအိုသွားသယောင် ထင်ရသော်လည်း လက်တွေ့တွင်မူ ၎င်းမှာ သူ၏ ပို၍ တိကျသော ရုပ်သွင်ပင် ဖြစ်သည်။

‘ဒါပေမဲ့... ဒီလိုဖြစ်တာက ပိုကောင်းပါတယ်...’

ဂျရုမ်း စိတ်ထဲမှ တွေးလိုက်မိ၏။ ဤကဲ့သို့ ဆိုလျှင် လူအများက အင်ဒရူးမှာ ကျရှုံးမှုများ၏ ဒဏ်ကို မခံစားနိုင်ဘဲ မိမိကိုယ်ကိုယ် အဆုံးစီရင်သည့် လမ်းကို ရွေးချယ်သွားသည်ဟု ပို၍ ယုံကြည်ကြပေလိမ့်မည်။

ဂျရုမ်း တစ်ယောက် ဒုတိယဥက္ကဋ္ဌ အင်ဒရူးအပေါ် ရိုသေမှု ပြသရန်နှင့် သူ၏ အခက်အခဲများကို နားလည်ပေးသယောင် သရုပ်ဆောင်ရန်အတွက် ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။

သို့သော်လည်း... အမှန်တကယ်တွင်မူ သူသည် တိတ်တဆိတ် ဆေးရည်များကို ထုတ်လွှတ်နေခြင်း ဖြစ်သည်။

သူတို့နှစ်ဦးမှာ လက်ဆွဲနှုတ်ဆက်နေဆဲ ဖြစ်သည်။

‘အောင်မြင်သွားပြီ’

ဂျရုမ်း စိတ်ထဲမှ ကြိမ်ကာ ဝမ်းသာသွား၏။ ထို့နောက်... နတ်ဆိုးတစ်ကောင် တိုးတိုးလေး ပြောသကဲ့သို့ပင် စကားစမြည်ပြောရင်း သွယ်ဝိုက်သည့် သွေးထိုးမှုများကို စတင် ထည့်သွင်းပြောဆိုလိုက်တော့သည်။

“ခင်ဗျားကိုယ် ခင်ဗျား ဘာလို့ သက်သေမပြတာလဲ...”

“တကယ်တော့ အဲဒီစာအုပ်ဆိုင်ပိုင်ရှင်မှာ အစွမ်းအစ အများကြီး မရှိပါဘူး... ကန်ဒယ်လာရဲ့ ဝိညာဉ်ကို ဆင့်ခေါ်ပြီး လငပုပ် တမန်တော်နဲ့ ရင်ဆိုင်ခဲ့ပြီးကတည်းက သူ ဘာမှ ထပ်မလုပ်တော့ဘူးလေ... တကယ်တော့ သူကိုယ်တိုင် အခြေအနေတစ်ခုကို ဖြေရှင်းခဲ့တာ တစ်ခါမှ မရှိပါဘူး... ဒါက ကံကောင်းလို့ တိုက်ဆိုင်သွားတယ် ဆိုတာ ပိုပြီး သက်သေပြနေတာပဲ”

“အဲဒီခွေးကောင်ရဲ့ တည်ရှိမှုက နော်ဇင်မြို့တစ်ခုလုံးနဲ့ အမှန်တရား အသင်းတော်အတွက် ခြိမ်းခြောက်မှုတစ်ခုပဲ... အဲဒီစာအုပ်ဆိုင်ကို အမြစ်ပြတ် ချေမှုန်းပစ်ရမယ်...”

“အင်ဒရူး... ခင်ဗျားဟာ အမှန်တရား အသင်းတော်ရဲ့ အလင်းအောက်မှာ တောက်ပနေရမယ့်သူပါ... အခုလို အထင်လွဲခံရပြီး အလုပ်နားထားရမယ့်သူ မဟုတ်ပါဘူး... တကယ်လို့ ခင်ဗျားသာ အဲဒီ ယုတ်မာတဲ့ စာအုပ်ဆိုင်ပိုင်ရှင်ကို သတ်နိုင်မယ်ဆိုရင်၊ ခင်ဗျား ဆုံးရှုံးခဲ့သမျှ အရာအားလုံးကို သေချာပေါက် ပြန်ရမှာပါ...”

အင်ဒရူး မျက်လုံးများကို မှိတ်လိုက်ရင်း ရေရွတ်လိုက်၏။

“မင်းပြောတာ မှန်တယ်... ငါ စာအုပ်ဆိုင်ကို သွားသင့်တယ်”

***

All Chapters