မြောင်
Vol. 19 Ch. 253
“ဟူး...”
အမှောင် အဲ့လ်ဖ် မျိုးနွယ် သက်ပြင်းတစ်ချက် ချလိုက်မိ၏။ သူမ ဓားမြှောင်ကို ပြန်သိမ်းလိုက်ရင်း ခုနက ထိတ်လန့်သွားမိသည်မှာ ရယ်စရာကောင်းလှသည်ဟု တွေးနေမိ၏။
‘ကြောင်တစ်ကောင်ပါပဲ...’
သူမ အသက်ငင်နေသည့် ပရိုင်မာကို အာရုံမစိုက်တော့ဘဲ လှည့်ထွက်လိုက်ကာ ခြောက်မြှောင့်ပုံဆောင်ခဲတစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် အီသာစွမ်းအင်အချို့ကို ထည့်သွင်းလိုက်ရာ ပုံဆောင်ခဲပေါ်တွင် အလင်းတန်းများ ပေါ်လာပြီး လေထဲ၌ ဆက်သွယ်ရေး ဂါထာစက်ဝိုင်းတစ်ခု ဖြစ်ပေါ်လာတော့သည်။
လူသတ်သမားများသည် ခေတ်ပေါ်ဆက်သွယ်ရေး ကိရိယာများကို အသုံးမပြုကြချေ။ ကြားဖြတ်နားထောင်ခံရရန် လွယ်ကူသောကြောင့် ဖြစ်၏။ ယခုလိုမျိုး ရှေးကျသည့် ဆက်သွယ်ရေး ဆောင်ခဲများကို အသုံးပြုခြင်းမှာ အီသာစွမ်းအင် ပိုမိုကုန်ဆုံးစေသော်လည်း အန္တရာယ်ကင်းလှပေသည်။
တစ်ဖက်မှ အသံမှာ ချက်ချင်းပင် ထွက်ပေါ်လာ၏။
“တာဝန် ပြီးပြီလား”
အားအင်ကုန်ခမ်းနေသည့် ပရိုင်မာ၏ မျက်လုံးများမှာ ရုတ်တရက် ပြူးကျယ်သွား၏။ ဤအသံမှာ သူမ အလွန်ရင်းနှီးနေသော အသံပင် ဖြစ်သည်။
သူမ၏ ဝမ်းကွဲအစ်ကို ‘ဂျရုမ်း’ ပင် မဟုတ်ပါလား။
ပရိုင်မာ အံသွားကို တင်းတင်းကြိတ်လိုက်၏။ သူမ ထင်ထားသည့် အတိုင်း အမှန်ပင်...။ ပဋိညာဉ်ကို ဖျက်သိမ်းပြီး အကာအကွယ်ပေးမည့်သူသစ် ရှာချင်နေကြသည့် မျိုးနွယ်စုဝင်များမှာ ဤကိစ္စ၏ နောက်ကွယ်တွင် ရှိနေကြပေသည်။ အစ်မဖြစ်သူကို တစ်ခုခုလုပ်ခဲ့သူမှာလည်း သူတို့ပင် ဖြစ်ရမည်။
ထို့အပြင် ဂျရုမ်းသည် အမှန်တရား အသင်းတော်မှ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။ သူသည် တစ်ခါက ဆေးဝါးဗေဒဌာနမှူး နေရာအတွက် မာဂရက်နှင့် ယှဉ်ပြိုင်ခဲ့ဖူးသော်လည်း ရှုံးနိမ့်ခဲ့သည်။ သကောင့်သားမှာ ထိုအညှိုးကို ရင်ထဲမှာ အကြာကြီး တေးထားခဲ့သည်မှာ သေချာသည်။
အမှောင် အဲ့လ်ဖ် မျိုးနွယ်က ခေါင်းညိတ်လိုက်၏။
“သူ ငါ့ရဲ့ အဆိပ်လူးဓား မိထားပြီ၊ အခု ငါ့ခြေရင်းမှာ လဲနေတယ်... သူ့ရဲ့ ခန္ဓာကိုယ်အခြေအနေအရ နောက်ထပ် ၃ မိနစ်အတွင်းမှာ အသက်ရှူ ရပ်သွားလိမ့်မယ်”
“ကောင်းပြီ”
တစ်ဖက်လူက ပြန်လည်တုံ့ပြန်သည်။
“ဟမ့်... အိပ်မက်ဘုံထဲကနေ ဝါးပူဂစ်ကို ဆင့်ခေါ်ဖို့ ကြိုးစားတာလား... ဒီလိုလုပ်ရပ်က တကယ်ကို မိုက်မဲပြီး အန္တရာယ်များလွန်းတယ်... ဝါးပူဂစ် အိပ်ပျော်နေတာ နှစ်ပေါင်းထောင်ချီနေပြီ၊ သူ့ရဲ့ လုပ်ရပ်က ဘယ်လိုသတ္တဝါမျိုးကို ဆင့်ခေါ်မိမလဲ ဘယ်သူသိမှာလဲ... ဒီကောင်မက သူ့အစ်မလိုပဲ ဦးနှောက်မရှိဘူး”
အမှောင် အဲ့လ်ဖ် မျိုးနွယ်၏ နှုတ်ခမ်းများက တွန့်သွား၏။
“ဒါတွေက ငါနဲ့မဆိုင်ဘူး... နင် လုပ်ရမှာက ငါ့ကို အခကြေးငွေပေးဖို့ပဲ... တကယ်လို့ နင်သာ ကတိဖျက်မယ်ဆိုရင် နောက်တစ်ခါ ငါ့ဓားမှာ စွန်းမယ့် သွေးက နင့်သွေးပဲ ဖြစ်ရမယ်... နားလည်လား”
“ဒါပေါ့... ကျုပ် ကတိဖျက်ခဲ့ရင်တောင် ဘလပ်ဖိစ် ရဲ့ စီစဉ်သူက သူ့ဂုဏ်သိက္ခာအတွက် ကျုပ်ကို ကိုယ်တိုင် အပြစ်ပေးလိမ့်မယ်... ခင်ဗျား ဘလပ်ဖိစ်ကိုတော့ ယုံကြည်တယ် မလား”
“နားလည်ရင် ပြီးတာပဲ”
အမှောင် အဲ့လ်ဖ် မျိုးနွယ်က ဆိုလိုက်၏။
“ဒါနဲ့ ပြောရဦးမယ်၊ နင်တို့ ကိုးကွယ်နေတဲ့ ဝါးပူဂစ်က သိပ်ပြီး ဉာဏ်ကောင်းပုံမရဘူး... နင်တို့လည်း ငါတို့လိုပဲ ‘မျိုးနွယ်စုမယ်တော်’ ကို ပြောင်းပြီး ကိုးကွယ်သင့်တယ်”
ဂျရုမ်းက ရယ်မောလျက် ပြန်ပြောသည်။
“ဒါကိုတော့ ငါ ငြင်းပါရစေ... ပရိုင်မာရဲ့ ဆင့်ခေါ်မှုနဲ့ ဗေဒင်တွက်ချက်မှုတွေကိုက ကျရှုံးဖို့ ကံပါပြီးသားပါ... ခင်ဗျား မပြောခင်ကတည်းက ဒီရလဒ်ကို ကျုပ် ကြိုမြင်ပြီးသား... ဝါးပူဂစ်က နှစ်ပေါင်းထောင်ချီ အိပ်ပျော်နေတာ၊ အခုမှ ဘယ်လိုလုပ်ပြီး ရုတ်တရက် နိုးလာမှာလဲ... ပရိုင်မာတို့လို လူအ မျိုးတွေပဲ သူတို့ရဲ့ အချည်းနှီး ယုံကြည်ချက်တွေကို ဆုပ်ကိုင်ထားကြတာ”
အဲ့လ်ဖ် မျိုးနွယ်က မြေပြင်ပေါ်၌ ကျနေသည့် လမင်းဒိုင်ခွက်ကို ဖိနပ်ဒေါက်ဖြင့် ဆော့ကစားရင်း အမှုမဲ့အမှတ်မဲ့ ပြန်ပြောလိုက်သည်။
“မဟုတ်ဘူး၊ ပရိုင်မာ အောင်မြင်သွားပုံရတယ်... ဒါပေမဲ့ ကမ္ဘာဦးစုန်းမကြီးက သူ့ကို စုတ်ပြတ်သတ်နေတဲ့ စာအုပ်ဆိုင်တစ်ဆိုင်ဆီ လမ်းပြပြီး သေတွင်းထဲ ပို့လိုက်တယ်လေ... ဒါက ရယ်စရာမကောင်းဘူးလား”
ပရိုင်မာ တစ်ယောက်ကတော့ မြေပြင်ပေါ်တွင် ဝပ်ဆင်းနေပြီး တစ်ကိုယ်လုံး အေးစက်ထုံကျင်လာသည်။ အမှောင် အဲ့လ်ဖ် မျိုးနွယ်၏ စကားကို ကြားလိုက်ရသောအခါ သူမ၏ လက်ချောင်းလေးများမှာ လှုပ်ရှားမှု ရပ်တန့်သွားပြီး မျက်နှာထက်တွင် လုံးဝ မျှော်လင့်ချက်ကင်းမဲ့သွားသော အရိပ်အယောင်များ ပေါ်လာတော့သည်။
‘ဝါးပူဂစ်က ဘိသိက်ခံတွေကို တကယ်ပဲ စွန့်ပစ်လိုက်ပြီလား...’
သူမ နောက်ဆုံးလက်ကျန် ခွန်အားကို အသုံးပြု၍ ခေါင်းကိုမော့ကာ ရှေ့ရှိ ဟာလာဟင်းလင်း ဖြစ်နေသော နေရာကို စိုက်ကြည့်လိုက်၏။
ထို့နောက်... သူမ မြင်တွေ့လိုက်ရသည်မှာ... နှစ်ပိုင်းခွဲထွက်သွားသည့် ကြောင်ဖြူလေး၏ အသားတုံးနှစ်တုံးမှာ တွန့်လိမ်လှုပ်ရှားကာ ပြန်လည် ပေါင်းစည်းလာခြင်းပင် ဖြစ်သည်။
၎င်း၏ ကြောင်ပုံသဏ္ဌာန်မှာ ပျက်စီးသွားကာ မရေမတွက်နိုင်သည့် လောက်ကောင်များ စုစည်းထားသည့်အလား တွန့်လိမ်နေသည့် အသားခဲကြီးအဖြစ် ပြောင်းလဲသွား၏။ ခန္ဓာကိုယ်အောက်ခြေတွင် အာရုံခံလက်တံများစွာမှာ မရပ်မနား လှုပ်ရှားလာကာ တစ်ချိန်တည်းမှာပင် အလယ်တည့်တည့်၌ ကြီးမားသော အပေါက်ကြီးတစ်ခု ပွင့်လာသည်။ ဦးခေါင်းဟု ယူဆရသည့် နေရာတွင် ခန္ဓာကိုယ်နှင့် အရွယ်အစားတူလုနီးပါးရှိသော ဝါဝင်းသည့် မျက်လုံးကြီးတစ်လုံးလည်း ဖြစ်ပေါ်လာတော့၏။
ပရိုင်မာ တစ်ယောက် မှင်သက်သွား၏။ သေခါနီးအချိန် ဖြစ်သော်လည်း သူမ၏ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြင်းထန်စွာ ဖြစ်ပေါ်လာသည်။
သူမ၏ အထက်တွင်မူ ဂျရုမ်း၏ ရယ်မောသံမှာ ဆက်သွယ်ရေး ပုံဆောင်ခဲအတွင်းမှ ထွက်ပေါ်နေဆဲ ဖြစ်သည်။
“ဟား ဟား ဟား... ဒါက ငါတို့ရဲ့ ရွေးချယ်မှု မှန်တယ်ဆိုတာ သက်သေပြနေတာပဲ... အဲဒီကောင်မ သူ့ရဲ့ ယုံကြည်ချက်က ဘယ်ကို ဦးတည်သလဲဆိုတာ နောက်ဆုံးတော့ မြင်သွာပြီပေါ့... ဝါးပူဂစ်ကို ဘယ်နေရာမှာမှ မတွေ့ရဘူး... စာအုပ်ဆိုင်တဲ့လား... ဟား ဟား ဟား... နေဦး”
ဂျရုမ်း၏ ရယ်မောသံမှာ ရုတ်တရက် ရပ်တန့်သွားပြီး စိုးရိမ်တကြီး မေးလိုက်၏။
“ဘယ်လို စာအုပ်ဆိုင်လဲ”
အမှောင် အဲ့လ်ဖ် မျိုးနွယ်က မျက်မှောင်ကြုတ်လျက် သံသယဖြင့် ပြန်မေးသည်။
“ဘာကို ဘယ်လို စာအုပ်ဆိုင်မျိုးလဲလို့ မေးတာလဲ... အရမ်း သာမန်ဆန်တဲ့ ဆိုင်တစ်ဆိုင်ပါပဲ... ဒီစုတ်ပြတ်နေတဲ့ ဆိုင်မှာ ဆိုင်းဘုတ်တောင် မရှိဘူး၊ တံခါးမှာ ခေါင်းလောင်းလေး တစ်လုံးပဲ ရှိတာ...”
ဂျရုမ်း တစ်ယောက် စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီးနောက်၊ တုန်ရီခြောက်ခြားနေသော အသံဖြင့် အော်ဟစ်လိုက်လေ၏။
“ပြေးတော့...”
“ဟင်?”
အမှောင် အဲ့လ်ဖ် မျိုးနွယ်မှာ ကြောင်တောင်တောင် ဖြစ်သွား၏။ လက်ထဲမှ ဆက်သွယ်ရေး ဆောင်ခဲကို ကြည့်ကာ ဇဝေဇဝါ ဖြစ်နေမိသည်။ အလုပ်အပ်သူ အဘယ်ကြောင့် ဤမျှအထိ ထိတ်လန့်သွားရသည်ကို သူမ နားမလည်နိုင်ချေ။
သူမ ပုံဆောင်ခဲကို စိုက်ကြည့်နေစဉ်မှာပင် ပုံဆောင်ခဲ၏ အလင်းပြန် ပုံရိပ်ထဲ၌ လှုပ်ရှားမှု တစ်ခုကို တွေ့လိုက်ရသည်။
အဖြူရောင် အာရုံခံလက်တံများစွာနှင့် အလယ်တွင် မျက်လုံးကြီးတစ်လုံး ရှိနေသည့် အရာကြီးတစ်ခုက...
၎င်းမှာ နောက်ကျောဘက်မှ နေ၍ သူမကို တည့်တည့်စိုက်ကြည့်နေသည်။
ဝေါင်း...
သူမ လှည့်ကြည့်ရန်ပင် အချိန်မရလိုက်မီမှာပင်၊ ထိုသတ္တဝါကြီးမှာ သူမ၏ ဦးခေါင်းကို ဝါးမြိုလိုက်လေပြီ ဖြစ်လေတော့သည်။ ထို့နောက်.... ခေါင်းပြတ်နေသော ခန္ဓာကိုယ်မှာလည်း အဖြူရောင် အာရုံခံလက်တံများ၏ ဝါးမြိုခြင်းကို ခံလိုက်ရလေ၏။
ဂျွတ်... ဂျွတ်...
ဝါးစားသံများ ရပ်တန့်သွားပြီးနောက် အာရုံခံလက်တံများမှာ ပြန်လည် ကျုံ့ဝင်သွားပြီး လက်သည်းခြေသည်းများကို လျှာဖြင့် ပြန်လည် သန့်စင်နေသည့် ဝဖြိုးဖြိုး ကြောင်ဖြူလေးပုံသဏ္ဌာန်သို့ တစ်ဖန် ပြန်လည် ပြောင်းလဲသွားတော့သည်။
“မြောင်...”
***